❝ အစုန်မြစ်ထဲက ဆန်ရေ တစ်စက် ❞
( ဖြိုးပိုင် - နေရှင်နယ် )
ဆွမ်းခံရင်း ကိုရင်သာထူး စိတ်ထဲ ဒွိဟဖြစ်နေတယ် ။ ခြေထောက်က ကျောက်စရစ်ခဲလေးတွေ နင်းမိမှ သတိ ပြန်ဝင်လာတယ် ။ ဒွိဟ ဖြစ်နေရတဲ့ အကြောင်းကတော့ မနက်က အရုဏ်ဆွမ်းစားဆောင် ဘေးမှာ ပြောနေတဲ့ ရှစ်တန်းက ကိုရင်ကြီး နှစ်ပါးရဲ့ စကားတွေကြောင့်ပဲ ။ သူတို့ အချင်းချင်း တိုးတိုးတိုးတိုး ပြောနေကြတယ် ။ ဒီစကားကို ကိုရင်သာထူး ကြားဖြစ်အောင် ကြားလိုက်တယ် ။ ဒါကြောင့်လည်း ဆွမ်းခံနေကျ အိမ်တွေမှာ ဆွမ်းခံရင်း စိတ်က ဘူတာခြမ်းဘက် ရောက်နေတာပေါ့ ။ အတွေးထဲမှာလည်း ဒီချိန်ဆို ဘူတာဘက်ခြမ်းက ရပ်ကွက်အိမ်တွေမှာ ကိုရင်ကြီး နန္ဒိယ ဆွမ်းခံပြီးပြီလား မသိဟု တွေးနေမိရဲ့ ။ ခါတိုင်း ရက်တွေလို ကျောင်းနားက အိမ်လေးတွေ ဆွမ်းခံ ၊ ဈေးထဲဝင် ဆွမ်းခံပြီး ကျောင်းပြန်ကြွရ ကောင်းမလား ။ ဒါမှမဟုတ် ကိုရင်ကြီးတွေ ပြောသလို ဘူတာဘက်ခြမ်း အထိ ကြွလိုက်ရ ကောင်းမလား ။ ဇဝေဇဝါ ဖြစ်နေတယ် ။ မျက်စိထဲမှာလည်း မြင်ယောင်နေမိတယ် ။ မြင်ယောင်ဆို ဟိုတလောလေးကမှ ဆွမ်းစားဆောင်မှာ တာဝန်ကျထားတာကိုး ။
အဲဒီနေ့က ဥပုသ်နေ့ ။ ဘုန်းကြီးတွေ ၊ ဦးပဉ္စင်းတွေ ဆွမ်းစားပြီး ကိုရင်သာထူးတို့ ကိုရင်တွေ ဝိုင်းဖွဲ့မိကြတယ် ။ အဲဒီမှာ စ , တွေ့တာ ။ ကိုရင်ကြီး နန္ဒိယလေ ဆွမ်းဟင်းခွက်တွေဗျာ ။ ဝက်သား ၊ ကြက်သား အိုအစုံပါပဲ ။ ဟင်းကောင်းတွေချည်း လေးငါးခွက်လောက် ပါတယ် ။ ကျန်တဲ့ ကိုယ်တော်တွေကတော့ မသိ ။ အံ့ဩဟန်လည်း မပြကြပါဘူး ။ ကျောင်းရောက်တာ မကြာသေးတဲ့ ကိုရင်သာထူး အဖို့ ထူးဆန်းနေတယ် ။ ဒီကိုယ်တော်ကြီးက ဘုန်းကြီးလှ ချည်လားပေါ့ ။ ကိုရင်သာထူး တို့ဆို ကျောင်းရောက်တာ တစ်လနီးပါး ရှိပြီ ။ ကြက်ဥကြော်လေးတောင် မရဘူး ။ များသောအားဖြင့် ခရမ်းချဉ်သီး ငါးပိချက် ၊ ပဲပြုတ်လေး တစ်ခွက်က ပင်တိုင် ဆွမ်းဟင်းတွေပဲ ။ ခုလို ကိုရင်ကြီး နှစ်ပါး စကားတွေ ကြားလိုက်ရတော့ အားကျတာ လိုလို ၊ မနာလိုတာလိုလို ဖြစ်နေမိတာ အမှန် ။ နေနှင့်ဦးပေါ့ကွာလို့ စိတ်ထဲက ကြုံးဝါးထားခဲ့တယ် ။
••••• ••••• •••••
ကိုရင်သာထူး အဖေက ဒီမြို့လေးက စက်ရုံတစ်ခုက အောက်ခြေဝန်ထမ်း ။ ဇာတိ မြို့လေးမှာ ဘောက်အလုပ်လေးတွေ လိုက်လုပ်ရင်းက နေ အဖေ့ရဲ့အစ်ကို ဘကြီး ဖြစ်သူက သူ့ဆီလာခဲ့ကြ ဆိုလို့ ရောက်လာခဲ့ကြတယ် ။ ဘကြီး ဖြစ်သူက စက်ရုံ ည စောင့်ဝန်ထမ်း ။ စက်ရုံမှူးကို ပြောပေးပြီး စက်ရုံထဲ အလုပ် သွင်းပေးတယ် ။ စက်ရုံက လစာအပြင် ဆန်လေးပါ ပေးတော့ ကိုရင်သာထူးတို့ မိသားစုလည်း ဇာတိမြို့ထက် စာရင် အနည်းငယ် ချောင်လည်တာတော့ အမှန် ပဲ ။
ဒီလိုနဲ့ နေလာခဲ့ကြရင်း ကိုရင်သာထူး အတန်းပညာ ခုနစ်တန်း ရောက်တဲ့ နှစ်မှာ စက်ရုံက အောက်ခြေ ဝန်ထမ်းတွေ လူလျှော့တော့မှာလို့ ကြားလာရတယ် ။ တကယ်လည်း လူလျှော့တဲ့ အထဲ ကိုရင်သာထူး အဖေ ပါသွားခဲ့တယ် ။ စက်ရုံမှာ အလုပ် မရှိမှတော့ ဖားကန့် ဘက် တက် အလုပ်လုပ်မယ် ဆိုပြီး အဖေက ထွက်သွားတယ် ။ အမေကလည်း ငါးနှစ်အရွယ် ညီမလေးနဲ့ အတူ ဇာတိမြို့လေးကို ပြန်ဖို့ ဖြစ်လာတယ် ။ ကိုရင်သာထူးကို ပညာရေး တန်းလန်းမို့ ဘကြီး ဖြစ်သူက သူ့ဆီ ထားခဲ့ဖို့ ပြောလာတယ် ။ ဒါပေမဲ့ ဘကြီး မှာလည်း စက်ရုံမှာ ညစောင့်အလုပ်လေးနဲ့ ရပ်တည်နေရတာပင် ။
ဒီမြို့လေးမှာ ရှိတဲ့ ဘက အလယ်တန်းကျောင်းလေးမှာပဲ ဘကြီး ဖြစ်သူက လိုက် အပ်ပေးခဲ့တယ် ။ ဘက အလယ်တန်းကျောင်းလေးက ကျောင်းအပ်တာ အခမဲ့အပြင် နေစရာ စားစရာ ၊ ပုံနှိပ်စာအုပ် ၊ ဗလာစာအုပ်က အစ အကုန် ပံ့ပိုးပေးထားတယ် ။ ဒီလိုနဲ့ ဘက အလယ်တန်းကျောင်းလေးမှာ ကျောင်းအိပ်ကျောင်းစား နေရင်း မောင်သာထူး ကနေ ကိုရင်သာထူး ဖြစ်လာခဲ့တယ် ဆိုပါတော့ ။
••••• ••••• •••••
“ ကန်တော့ ဆွမ်းပါ အရှင်ဘုရား ”
သွားပြီ ။ ဒီနေ့တော့ စိတ်က ဟိုရောက် ဒီရောက် အတွေးတွေနဲ့ ခြေလှမ်းတွေက မမှန် ။ ခါတိုင်းဆို ခရမ်းသီးချက် ဖြစ်ဖြစ် ၊ ခရမ်းချဉ်သီးငါးပိချက် ဖြစ်ဖြစ် လောင်းနေကျ ဆွမ်းခံအိမ်ကတောင် ကန်တော့ဆွမ်း ဆိုပဲ ။ သပိတ်ထဲကို ငုံ့ကြည့်မိတော့ ပဲရေပွကြော်လေး တစ်ခွက်သာ နေရာယူထားပြီး ကျန် ဆွမ်းဟင်းခွက်လေးများကတော့ ဗလာ ။ အင်း ... ကျောင်းက ချက်ကျွေးတဲ့ ချဉ်ပေါင်ဟင်း ၊ ငရုတ်သီးကြော်တို့နဲ့ နှစ်ပါးသွားရတော့မယ် ထင်ပါရဲ့ ။
“ ဒကာမကြီး ဘယ်နှနာရီ ရှိပြီလဲ ”
“ တင်ပါ့ ရှစ်နာရီ မတ်တင်းပါ ဘုရား ၊ ကျောင်းချိန် နီးပြီနော် ။ ကိုရင်က စောစောမှ မကြွခဲ့ဘဲ ။ နောက်နေ့ စောစော ကြွခဲ့ဘုရား ”
ကြွတာကတော့ စောစောပါပဲ ။ စိတ်က ဟိုကြွရ မလို ၊ ဒီကြွရ မလို ဖြစ်ပြီး ချီတုံချတုံ အတွေးတွေနဲ့ နောက်ကျသွားတာ ဒကာမကြီးရေ ဟု စိတ်ထဲကနေ ပြန်ပြောလိုက်မိတယ် ။ ခြေလှမ်းတွေ ကတော့ ကျောင်းဆီ ပြန်ကြွဖို့ အသင့် အနေအထား ။ မကြွလို့လည်း မဖြစ်ဘူးလေ ။ တိုက်အုပ်ဦးပဉ္စင်းရဲ့ ကြိမ်က အကြောင်းသုံးပါး မရွေးဘူး ဆိုတာလည်း သိနေတယ် ။
ဟိုတလောရက်ကမှ သဲတောဝမ်းတွင်း ဘက်က လာနေတဲ့ သူငယ်ချင်း ဖြစ်သူ ကိုရင်ကံကောင်း ဆွမ်းခံပြန် ကျောင်းနောက်ကျလို့ အဆော် ခံထားရတာ ကိုယ်တွေ့ ။
“ ကိုယ်တော်တို့နော် ဆွမ်းခံတာလည်း ခံကြတာပေါ့ ။ မနက် ကျောင်းမတက်ခင် ရှစ်နာရီ မထိုးခင် ပြန်ကြွခဲ့ကြပါ ။ ဆွမ်းရရ ၊ မရရ ပြန်ကြွခဲ့ပါ ။ ကျောင်းကလည်း ချက်ထားတာပဲ ။ ဒီထက် နောက်ကျရင် တစ်ခါပဲ ဝမ်နင်ပေးမှာနော် ”
တိုက်အုပ်ဦးပဉ္စင်းရဲ့ စကားက ပြတ်သားကြောင်း ဆွမ်းခံပြန် နှစ်ရက်ဆက် တိုက် နောက်ကျတဲ့ သဲတော က ကျောင်းအိပ်ကျောင်းစား လာနေတဲ့ သူငယ်ချင်း ကိုရင် ဗြောတင်ခံပြီး သက်သေပြ သွားတယ် ။ ခုဆို အဲဒီ ကိုရင် ဆွမ်းခံရင်း လမ်းမှာ ဆုံရင် တောင် သုတ်သုတ်သုတ်သုတ် နဲ့ ခြေလှမ်းတွေက မပြေးရုံ တစ်မည် လှမ်းလို့ ။ အဲဒီ ကိုယ်တော်မှ မဟုတ်ပါဘူးလေ ။ ကိုရင်သာထူးတို့ ကိုယ်တော် ပေါက်စတွေလည်း ကာယကံရှင်လို အရိုက် မခံကြရပေမဲ့ တိုက်အုပ် ဦးပဉ္စင်း ကိုတော့ ကြောက်သွားကြတာ အမှန်ပဲ ။
“ ကိုယ်တော်တို့နော် အဓိက ကိုယ်တော်တို့ ပညာတတ်ချင်လို့ ဒီကျောင်းကို ရောက်လာကြတာ မဟုတ် လား ။ ဒီတော့ ပညာရေးကို အာရုံစိုက်ကြပါ ။ ပညာရေး ဒီ့ထက် မြင့်ဖို့ ၊ ပညာတွေ ဒီ့ထက် တတ်ဖို့ အားထုတ်ကြိုးစားနေစဉ် ကာလမှာ အစား ဆင်းရဲတာကိုလည်း မေ့ထားကြပါ ။ တပည့်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ကျောင်းအိပ်ကျောင်းစား ကျောင်းသား ကိုရင်တွေ အပြင် ပြင်ပက လာနေတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေး အစစ အရာရာ အဆင်ပြေ ချောမွေ့ဖို့ ကြိုးစားနေပါတယ် ။ ကိုရင်ကြီးတွေလည်း အသိပဲ ။ ဒါကြောင့် ကိုယ်တော်တို့ ဘက်က ဆွမ်းခံကြွလည်း ကျောင်းချိန်အမီလေး ပြန်ကြွပြီး ပညာရေးကို ကြိုးစားပေးစေချင်ပါတယ် ”
တိုက်အုပ်ဦးပဉ္စင်းရဲ့ စေတနာစကားတွေကို ခုနစ်တန်း ရောက်နေပြီ ဖြစ်တဲ့ ကိုရင်သာထူး နားလည်ပါတယ် ။ ဒါပေမဲ့ ဆွမ်းခံကလည်း မထွက်လို့ မဖြစ် ။ ဒါမှလည်း ဆွမ်းဟင်းကောင်းလေး ဘာလေးနဲ့ လျှာရင်း မြက်မှာ မဟုတ်လား ။ ကျောင်းသား အနေနဲ့ နေရတာထက် စာရင် ကိုရင် ဆိုတော့ ဆွမ်းလေးဘာလေး ခံ ၊ ကံကောင်းရင် ဝတ္ထုငွေလေးတောင် ကိုင်ရသေး ။ ဟုတ်တယ် ၊ ဈေးသူဈေးသား တော်တော်များများက ငါးကျပ်မျိုး ၊ တစ်ဆယ်မျိုး လှူကြတယ် ။ ကံကောင်းရင် အနေကြာတဲ့ ကိုရင်ကြီးတွေလို ဆွမ်းဟင်း ကောင်းကောင်း ဘုဉ်းရနိုင် တယ်ဆိုတဲ့ အတွေးနဲ့ပေါ့ ။ ကျောင်းက ဟင်းကောင်း ကျွေးကောင်း မကျွေးတာကိုလည်း နားလည်နေပြီ ။ ကိုရင် ကျောင်းသား စုစုပေါင်း တစ်ရာကျော်နီးပါး စားရေး သောက်ရေး အတွက် ဘုန်းကြီးက အစ ဦးပဉ္စင်းတွေ အဆုံး ပင်ပန်းကြပါတယ် ။
မနှစ်က ကျောင်းပိတ် ပိတ်ချင်း ကိုရင်သာထူး အလှူခံ လိုက်ခဲ့ဖူးတယ် ။ အနီးနား ပတ်ဝန်းကျင်က ရွာလေးတွေဆီ တစ်ညအိပ် ၊ နှစ်ညအိပ် အလှူခံ ထွက်တာပါ ။ ရွာတွေကလည်း လှူကြတယ် ။ ငွေအား မတတ်နိုင်ကြပေမဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန်က အစ ကလေးဝတ်အထည်ဟောင်း သစ်လေးတွေပါ လှူကြပါတယ် ။ အလှူခံလိုက်မိမှ နေပူမရှောင် ၊ မိုးရွာမရှောင် ရှေ့ကနေ ဦးဆောင်ကြွပြီး အလှူခံ နေတဲ့ ဆရာတော် ဘုရားကို ပိုပြီးလေးစား ကြည်ညိုမိတယ် ။
တကယ်တမ်းတော့ ကျောင်းသား ၊ ကိုရင် တစ်ရာ နီးပါးရဲ့ နေ့စဉ် စားစရိတ်က မလွယ်ဘူး ။ ဒါတောင် အပြင်က လာတက်တဲ့ ကျောင်းသူ ၊ ကျောင်းသားတွေရဲ့ ပညာရေးစရိတ်တွေ ရှိသေးတယ် ။ မြို့ပေါ် အလှူရှင် တချို့ရဲ့ အလှူငွေ ၊ ရွာတွေရဲ့ ထောက်ပံ့ လှူဒါန်းငွေတွေကြောင့်သာ ရပ်တည်နေနိုင်တာပင် ။
ဆွမ်းအတွက်က မပူရပေမဲ့ လူတစ်ရာနီးပါး နေ့စဉ် ဝဝလင်လင် စားရဖို့အရေး စီမံ ခန့်ခွဲနေရတဲ့ ဦးပဉ္စင်းတွေ မှာလည်း အတော်ခေါင်း ခြောက်ရမှာ ။ မနက် အရုဏ်ဆွမ်း အတွက်ကတော့ ရလာ သမျှ ဟင်းအားလုံးပေါင်း ရေနွေးနဲ့ ပြန်ရောပြီး အဆာပြေ ကျွေးတယ် ။ နေ့လယ်စာ ကတော့ ချဉ်ပေါင်ဟင်းနဲ့ ပဲဟင်းက ဒိုင်ခံပဲ ။ ဒီတော့ ကိုရင်သာထူး တို့လို ကိုရင်တွေ အနေနဲ့ အရုဏ်ဆွမ်းကို သွက်သွက်ကလေး ဘုဉ်းပေးရတယ် ။
ပြီးတာနဲ့ သင်္ကန်းလေး ရုံ ၊ ကျောင်းမတက်ခင် အချိန် ကလေးအတွင်း သုတ်သုတ်ကလေး ဆွမ်းခံထွက်ရတယ် ။ ဘယ်အိမ်က ဘာဆွမ်းဟင်း လောင်းတယ်ကွ ဆိုပြီး ကိုယ်တော်အချင်းချင်း သတင်းပြန် ပေးရတယ် ။ ဆွမ်းဟင်း ကောင်းကောင်း လောင်းတဲ့ အိမ် သတင်းကြားလို့ ကတော့ ရွှေပဲ ။ ဒါပေမဲ့ နောက်ကျလို့ ကတော့ ကန်တော့ဆွမ်းက များတယ် ။ ကိုရင် ဦးရေက များတာကိုး ။
အနီးအနား ရပ်ကွက်လေးတွေကလည်း စေတနာ သဒ္ဓါတရား အားကောင်းကြပါတယ် ။ ဆွမ်းနေ့တိုင်း လောင်းနေတာကိုက သဒ္ဓါ တရားကို လှမ်းမြင်နေရတာပဲ ။ စောကြွတတ်တဲ့ ကိုယ်တော်လေး တစ်ပါးနှစ် ပါးကိုတော့ ဟင်းကောင်း ကျွေးကောင်းလေးတွေ လောင်းကြပါတယ် ။ သံဃာ စေ့တော့ ဘယ်လောင်းနိုင်ကြမလဲ ။ အနီးနား ရပ်ကွက်နေ အများစုကလည်း လက်လုပ်လက်စားသမားက ခပ်များများ မဟုတ်လား ။
ဝတ်တာ ကြာနေပြီ ဖြစ်တဲ့ ကိုရင်ကြီးတွေကျ ဘယ် ရပ်ကွက် ၊ ဘယ်အိမ် ၊ ဘာ ဆွမ်းဟင်း လောင်းတတ်တယ် ဆိုတာကအစ သိနေကြတော့ ဆွမ်းဟင်းက ပေါများလှတယ် ။ ဆွမ်းဟင်းကောင်းလေးတွေ ပုံမှန်လောင်းတဲ့ အိမ်ဆို ကိုရင်ကြီးတွေက သိပြီးသား ။ ကိုရင်သာထူးတို့ လို ဝတ်တာ မကြာသေးတဲ့ ကိုရင်တွေ မှာတော့ ဟိုပဲ သွားရ မလိုလို ၊ ဒီပဲ လိုက်ရ မလိုလိုနဲ့ တစ်ခါတလေဆို ပဲပြုတ်နဲ့ သရက်ချဉ် တစ်ခွက်သာ ရတာပဲ ။ ဒါကြောင့် ကိုရင်သာထူး အနေနဲ့ မနက်ကရတဲ့ သတင်းလေး အရ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်တယ် ။ ဆွမ်းဟင်း ကောင်းကောင်း မဘုဉ်းရတာ ကြာပြီလေ ။
••••• ••••• •••••
ဒီမနက် ကိုရင်သာထူး အရုဏ်ဆွမ်းကို သွား မဘုဉ်းတော့ဘူး ။ အဆောင်လေး ထဲမှာ သင်္ကန်းကို အဆင်သင့် ရုံထားလိုက်တယ် ။ ဘေးက ကိုရင်တွေက မေးတော့လည်း မဆာလို့ , လို့ပဲ ဖြေလိုက်မိတယ် ။ သိပ်မကြာဘူး ၊ ကိုရင်ကြီး နန္ဒိယ သပိတ်လေး ပိုက်ပြီး ထွက်လာတယ် ။ နောက်နား ခပ်ခွာခွာကနေ အသာလေး ကပ်လိုက်သွားခဲ့တယ် ။
ပထမဆုံး ကိုရင်ကြီး နန္ဒိယ ဈေးထဲ ကြွတယ် ။ ဝတ္ထုငွေ အကြွေ အနည်းငယ် ၊ ဟင်းသီးဟင်းရွက်အချို့ လှူကြတယ် ။ ဆိုင်တစ်ဆိုင်မှာ ဆွမ်းဝင်ရပ်ရင်း ဆိုင်ရှင် ဈေးရောင်းနေလို့ စောင့်နေစဉ် ကိုရင်ကြီး နန္ဒိယကို ဈေး အထွက်ပေါက်ဘက် ကြွသွားတာ မြင်လိုက်ရတယ် ။
ဈေးအပြင်ဘက် ရောက်တော့ ကိုရင်ကြီးနန္ဒိယ အရိပ်အယောင်ကို မမြင်ရတော့ဘူး ။ ဒီကိုယ်တော် တယ် မြန်တာပဲဟု တွေးရင်း ဘူတာဘက်ခြမ်း အမြန် လိုက်ဖို့ ပြင်လိုက်တယ် ။
ဘူတာဘက်ခြမ်း ရောက်တော့ တစ်အိမ် နှစ်အိမ် ဆွမ်းဝင်ရပ်တယ် ။ ဟော တွေ့ ပါပြီ ။ ရှေ့မှာ သုတ်သုတ် သုတ်သုတ်နဲ့ ကြွနေတဲ့ ကိုရင်ကြီးနန္ဒိယ ။ ဆွမ်းခံအိမ် အကုန် ကြွပြီးပြီ ထင်ရဲ့ ။ ခြေလှမ်းတွေက မြို့ပြင် ကွက်သစ်တွေဆီ ဦးတည်နေတယ် ။ ကိုရင်သာထူး လည်း သွက်သွက်ကလေး ကြွရင်း အမီ လိုက်နေမိတယ် ။
ကွက်သစ် အစွန်အဖျား အရောက် ကိုရင်ကြီးနန္ဒိယကို တဲအိမ်လေး တစ်လုံးထဲ ဝင်သွားတာ တွေ့လိုက်ရပြန် တယ် ။ တဲအိမ်ကို သေချာ စူးစမ်းနေမိရင်း ဒီကိုယ်တော် ဆွမ်းခံအိမ်တွေ အတော်ပေါတာပဲလို့ တွေးလိုက်မိတယ် ။ လမ်းဘေး ရေအိုးစင်လေး လည်း ရှိတာမို့ ရေတစ်ခွက်ခပ် သောက်လိုက်ရင်း ကိုရင်ကြီး နန္ဒိယ ပြန်ထွက် အလာကို အကဲခတ်နေမိတယ် ။
“ ကိုရင်သာထူး ”
အလို ... ၊ ကိုရင်ကြီး နန္ဒိယက လက်ယပ် လှမ်းခေါ် နေပါ့လား ။ ဒီကိုယ်တော် ငါ လိုက်လာတာ ရိပ်မိသွားပြီလား မသိပါဘူးဟု တွေးရင်း ရင်တထိတ်ထိတ်ဖြင့် တဲအိမ်လေးဆီ လှမ်းလာခဲ့မိတယ် ။
“ လာ ကိုယ်တော် ကြွပါ ။ ခဏနားပါဦး ၊ ကျောင်းချိန် စောပါသေးတယ် ”
တဲအိမ်လေးထဲ ရောက်မှ ဘေးဘီကို ဝေ့ကြည့်လိုက်မိတယ် ။ ဘုရားစင်လေး တစ်ခု ၊ တစ်ယောက်အိပ် ခုတင်လေး တစ်လုံး ။ ကြောင်အိမ်လေး တစ်လုံးပေါ်မှာတော့ ဆွမ်းဟင်းခွက်လေး သုံးခွက်ကို အုပ်ဆောင်းလေးဖြင့် အုပ်ထားတာ တွေ့လိုက်ရတယ် ။ ဇလုံတစ်လုံး ထဲမှာလည်း ဆွမ်းဖွေးဖွေးလေးတွေက အငွေ့ တထောင်းထောင်း ထ , လို့ပါလား ။
“ ကိုရင်သာထူးက ဒီနှစ်ဝက်မှ ကျောင်းရောက်လာတော့ သိမှာ မဟုတ်ဘူး ။ ဒါ တပည့်တော် ဒကာမကြီး အိမ်လေ ။ ဒကာမကြီးကတော့ ခုလို မနက်ဆို အနှိပ်အနင်းလိုက်နေတာ များ တယ် ”
ကိုရင်ကြီးနန္ဒိယ စကားများကို နားထောင်ရင်း ကိုရင်သာထူး အံ့သြနေမိတယ် ။ ဆွမ်းစားဆောင် နားမှာ ပြောနေတဲ့ ကိုရင်ကြီး နှစ်ပါးရဲ့ စကားကို အမှတ်ရမိလိုက်တယ် ။ “ အေးကွ ဒီကိုယ်တော် ဥပုသ်နေ့ တစ်နေ့တည်း ဆွမ်းဟင်းကောင်းကောင်းရတာ မဖြစ်နိုင်ဘူး ။ ဒီကျောင်းမှာလည်း ဝတ်တာ ကြာပြီ ၊ တခြားနေ့တွေလည်း ရဖို့များတယ် တစ်ခုခုပဲ ” ဆိုတဲ့ စကား ။
“ တခြား ရက်တွေလည်း ရလောက်တယ် ။ ငါ သူ့နောက်က ကပ်လိုက်ပြီး ဆွမ်းခံအိမ်တွေ လိုက်ကြည့်ထားရမယ် ” ဆိုတဲ့ အတွေး ။
“ တပည့်တော်က ခု ဆယ်တန်း တက်နေတာလေ ။ တပည့်တော် ကိုးတန်းစ , တက်တဲ့နှစ်မှာ အဖေ ဆုံး တယ် ။ အဖေ မဆုံးခင် အဖေ့ကို ဆေးကုရ ဆေးဖိုးစရိတ်တွေနဲ့ မြို့ထဲဘက်က အိမ်ဝိုင်းလေး ရောင်းလိုက်ရတယ် ၊ ခု ကွက်သစ်ထဲ ဝိုင်းလေး ပြန်ဝယ်ပြီးနေကြတယ် ။ ကျောင်းထွက် အလုပ်လုပ်မယ် ပြင်တော့ ဆယ်တန်းလေးတော့ အောင်အောင်တက်ပါ သားရယ် ။ ဆယ်တန်း အောင်မှ အလုပ် လုပ်ရင်း အဝေးသင် ဆက် တက်ပါလို့ ဒကာမကြီးက ငိုပြီးပြောတယ် ။ ကျောင်း လခ တစ်ဝက်ကိုလည်း အမေ ဖြစ်အောင် ရှာပေးပါ့မယ်တဲ့ ကိုရင်ရယ် ။ တပည့်တော်တော့ အမေ့ကို သနားတဲ့ စိတ်နဲ့ ခုလို အမေ ဖြစ်စေချင်တာ ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားနေရတာပဲ ကိုရင် ”
ဘကကျောင်းက အလယ်တန်းကျောင်း ဆိုပေမဲ့ အထက်တန်းကျောင်း သွား တက်နေကြတဲ့ ကျောင်းသားကြီး ၊ ကိုရင်ကြီးတွေ ရှိတာ သတိထားမိတယ် ။
“ ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေရတာ ကျောင်းလခ တစ်ဝက် သက်သာသလို နေရေးစားရေးလည်း မပူရပါဘူး ။ ခုလို အိမ်မှာ ကျန်ခဲ့တဲ့ အမေ့ အတွက်သာ ..”
မျက်ရည်ကြည်လေးတွေ ဝေ့သီလာတဲ့ ကိုရင်ကြီး နန္ဒိယကို ကိုရင်သာထူး မကြည့်ရက်လို့ မျက်နှာလွှဲ နေမိတယ် ။
“ တပည့်တော် ဒကာမကြီးက ဥပုသ်ရက်တိုင်း ရှစ်ပါးသီလ ယူတယ် ။ ဒီနေ့လို နေ့မျိုးတွေ ကတော့ ကျောင်းက ကိုယ်တော်တွေနဲ့ အတူ ဆွမ်းဟင်းကောင်းလေးတွေ ဘုဉ်းဖြစ်တယ် ။ တခြားနေ့တွေတော့ အင်း ... တပည့်တော်တို့က စားကောင်း သောက်ကောင်း အရွယ်တွေ ဘာဟင်း ဖြစ်ဖြစ် ဘုဉ်းလို့ ရတယ်လေ ”
ကိုရင်ကြီးနန္ဒိယကို ကြည်နူးလေးစားစိတ်ကလေးဖြင့် ငေးကြည့်နေမိတယ် ။ တဲအိမ်လေးထဲက စားပွဲပေါ် တင်ထားတဲ့ ကိုရင်ကြီး နန္ဒိယရဲ့ သပိတ်လေးဆီ ကြည့်လိုက်မိတယ် ။ သပိတ်အဖုံး ပေါ်က သတ္တုဆွမ်းဟင်းခွက်လေးတွေ ထဲမှာတော့ ပဲပြုတ်ကြော် တစ်ခွက် ၊ ငရုတ်သီးကြော် တစ်ခွက် ၊ အသီးအရွက်ကြော်လေးက တစ်ခွက်ပေါ့ ။
⎕ ဖြိုးပိုင် ၊ နေရှင်နယ် ၊
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဧပြီ ၊ ၂၀၁၉
No comments:
Post a Comment