Tuesday, June 2, 2026

အပြုံး


❝ အပြုံး ❞
⎕ မောင်ပိုင် ( လေးမျက်နှာ )

အမှန်တော့ ခက်ခဲလှသည် မဟုတ် ။ နှုတ်ခမ်းလေးကို ကွေးညွှတ်၍ ပါးလေးကို ကျုံ့လိုက်လျှင်ဖြင့် အပြုံး ဆိုသည်ကို လွယ်လင့်တကူ ရနိုင်သည့် အရာပင်ဖြစ်သည် ။ ထို့ကြောင့် မှန်ရှေ့တွင် ရပ်နေမိသည့် ကျွန်တော် ကိုယ့်ပါးပြင်ကို ဖိ ၊ နှုတ်ခမ်းကို ဆွဲတင်ရင်း အပြုံးတစ်ပွင့် ဖြစ်အောင် လုပ်ဆောင်နေမိသည် ။ ကျွန်တော် ပြုံးရမည် ။ ပြုံးခြင်းသည် ပတ်ဝန်းကျင် အသိုက်အဝန်းအတွက် တန်ဖိုးရှိသည် မဟုတ်လား ။ တန်ဖိုးရှိ၍ အလုပ်ဖြစ်သည့် အတွက်ကြောင့် ကျွန်တော် ပြုံးရပါမည် ။

မိုနာလီဇာအပြုံး ကမ္ဘာကျော်သည် ။ ထိုမျှ မလိုအပ် ။ ကျွန်တော့်ပတ်ဝန်းကျင်အတွက် ကျေနပ်စရာ ဖြစ်လျှင် တော်တော်တန် သင့်တင့်ပြီ ။ သီလဝမင်းသား တစ်သက်တွင် သုံးခါသာ ပြုံးခဲ့သည်ဟု ဆိုသည် ။ ဤကဲ့သို့တော့ စာမတွင်ချင် ။ မခက်ခဲလှသည့် အပြုံးအတွက် ကတ်နေစရာ မလို ။ သို့အတွက် ကျွန်တော့် မျက်နှာတွင် အပြုံး ဆင်ယင်၍ အပြုံးများ ဝေငှရပါမည် ။

••••• ••••• •••••

၁ ။

ကျွန်တော့်ဘဝတွင် အားကျပြီး ချစ်ခင်မိသော မျက်နှာ ပိုင်ရှင် နှစ်ဦးနှင့် ဆုံတွေ့ဖူးသည် ။ သူတို့ နှစ်ဦးလုံးသည်ကား အမျိုးသမီးများ ဖြစ်သည် ။ ထိုအမျိုးသမီးနှစ်ဦး၏ မျက်နှာသည် ထူးခြားနေသည်ဟု ကျွန်တော် ထင်သည် ။ သူတို့ စကား ပြောရာတွင်လည်းကောင်း ၊ စိတ်ညစ်နေသည့် အခါတွင်လည်းကောင်း ၊ အိမ်တွင်းရေး မပြေလည်သည့်အခါ ရင်ဖွင့်သည့်အခါတွင် လည်းကောင်း သူတို့ မျက်နှာသည် ပြုံးနေသည်ဟု ကျွန်တော် မြင်သည် ။ အငိုမျက်လုံး အပြုံးမျက်နှာဟု ဆိုအပ်မည် ဖြစ်သော်လည်း သူတို့ ဟန်ဆောင်ပြုံးနေကြခြင်း မဟုတ်ချေ ။

ရုပ်တည်တည် ၊ ငိုငို ၊ ဒေါသဖြစ်ဖြစ် သူတို့ မျက်နှာသည် ဒီအတိုင်း ကြည့်လျှင်ပင် ပြုံးနေသည်ဟု မှတ်ရလောက်သည် ။ ကြည့်မိသူ၏ ရင်ထဲတွင် အေးချမ်းစေသည် ။ ကျွန်တော် အားကျမိသည် ။ မည်သည့်အချိန်တွင် ကြည့်ကြည့် ထိုသို့ ပြုံးနေသည်ဟု ထင်ရသော မျက်နှာပိုင်ရှင်မျိုး ဖြစ်ချင်သည် ။ ထို့ကြောင့်လည်း ကျွန်တော် ပြုံးမိသည် ။

“ ဟိတ်ကောင် ”

“ ဟင် ... ဗျာ ”

“ မင်းက ငါ့စကားကို ပြုံးတယ်ပေါ့ ဟုတ်လား ”

“ အဲ ... မဟုတ် ”

“ ဘာမဟုတ်တာလဲ မင်းက ငါအကော ခံရတာ ကျေနပ်နေတယ်ပေါ့ ။ အေး မင်းတို့လည်း ကြပ်ကြပ်သတိထား ၊ ငါနဲ့ တွေ့မယ် ၊ ခု ငါ ဆူခံရတာလည်း မင်းတို့ ညံ့လို့ကွ ”

မည်သို့မျှ မသက်ဆိုင် ။ သူမှား၍ သူ အဆူခံရပြီး ယခုမှ သူ့လက်အောက်က ကျွန် တော်တို့ကို အသားလွတ် ကြိမ်းနေခြင်း ဖြစ်သည် ။ သူ့ လက်အောက်က ဖြစ်နေ၍ ယခုလို ကျွန်တော်တို့ အဆူ ခံရသည်က ထူးဆန်းသည် တော့ မဟုတ် ။ အဘယ်သို့မျှ မတတ်နိုင် ။ မတတ်နိုင်၍ ခံရပေါင်း များနေခြင်းကြောင့်လည်း ထုသားပေသားကျနေပြီ ။ စိတ်ညစ်စရာ မလိုတော့ ။ အဆူအငေါက်ကို ခပ်ပြုံးပြုံး ခံရုံသာ ။

“ မင်း ငါ့ရှေ့က ထွက်သွားစမ်း ”

“ ဗျာ ”

“ အူတူတူ လုပ်မနေနဲ့ ၊ မင်းမျက်နှာ ဆက်ပြီး မကြည့် ချင်တော့ဘူး ”

အို ... ဒီလောက်ပြုံးနေသည့် မျက်နှာကို မကြည့်ချင်ဘူးတဲ့ ။ လူတွေ၏စိတ် ခန့်မှန်းရခက်သည်တဲ့ ။ ဟုတ်မည် ။ စိတ်ချမ်းသာပါစေတော့လို့ စေတနာနှင့် ပြုံးထားရသည်ကို ပြောရက်သည် ။

“ သွားကွာ သွား ၊ ငါ့ကို လှောင်သလိုလို ပြောင်သလိုလို လာမလုပ်နဲ့ ။ မင်းမျက်နှာ အချိုးကို ပြင်ထား ”

ကျွန်တော် သူ့ရှေ့က ထွက်ခဲ့သည် ။ ဂရုတစိုက်နှင့် လေ့ကျင့်ပြုံးနေသည့် ကျွန် တော့်မျက်နှာကို ပြင်ထားတဲ့ ။ ဒေါသထွက်ပြလိုက်ရ မကောင်းလား ။ ဘာခက်သည်မို့ ။ ဒေါသက ကိုယ် လည်း ပူလောင် ၊ သူလည်း ပူလောင်စေသည် ။ ထို့ကြောင့် အဘယ်အတွက် စိတ်မီးတောက်နေမည်နည်း ။

“ အမယ် ပြုံးစစနဲ့ ထွက်လာပါလား ၊ ဘာလဲ တို့ဆရာက ထုံးစံအတိုင်း မုန့်ဟင်းခါးခေါ်ကျွေးတာမလား ”

အခန်းအပြင်တွင် ရှိနှင့် နေကြသည့် လုပ်ဖော်ကိုင်ဖက်များက အထက်လူကြီး၏ အကြောကို သိပြီးမို့ ဆီး၍ ပြောသည် ။ ကျွန်တော်က တော့ဖြင့် ဘာမျှ ပြန်ပြောမနေတော့ပါ ။

“ အဟီး ...”

••••• ••••• •••••

၂ ။

ဝတ်ကောင်းစားလှများဖြင့် တက်ရောက်လာကြသည့် သူသူငါငါတို့၏ ဆင်ယင်တန်ဆာများက မီးအရောင်တို့နှင့်အတူ ပြိုးပြိုး ပြက်ပြက် နိုင်လှသည် ။ ကင်းဗတ်စပေါ် ဆေးရောင်များ မှောက်ကျလိုက်သည့်နှယ် အရောင်သွေးတို့ကလည်း စုံလင်လှသည် ။ သူတို့၏ မျက်နှာများတွင်လည်း အပြုံးတို့ တပ်ဆင်ထားကြသည် ။ မဲ့ပြုံး ၊ ခနဲ့ပြုံး ၊ လှောင်ပြုံး ၊ ရွဲ့ပြုံး ၊ ဟန်ဆောင်ပြုံးစသည့် အပြုံးအမျိုးအစားများ တည်ခင်းပြသထားသည့် ပြပွဲကြီးနှင့် တူလွန်းလှသည် ။

ယခု ပွဲသည်ကား ကျွန်တော်တို့၏ ဆူဆူငေါက်ငေါက် အထက်လူကြီး ရာထူး တိုးမြှင့်ခံရသည့် အတွက် ဂုဏ် ပြုပွဲ ပြုလုပ်သည့် အခမ်းအနား တစ်ခု ဖြစ်သည် ။ သူနှင့် သက်တူရွယ်တူများ ၊ ရာထူး တူများ ၊ လုပ်ဖော်ကိုင်ဖက်များ ၊ အခြားသော ဌာနများမှ ပုဂ္ဂိုလ်များ အစုံတက်ရောက် ကြခြင်း ဖြစ်သည် ။ သူ့အား သဘောကျသူများ ၊ သဘောမကျသူများ ရှိသော်လည်း ယခုပွဲကိုတော့ မဖြစ်မနေ တက်ရောက်ကြသည် ။ဒီမြို့ အတွက် အရေးပါအရာရောက်သူ ဖြစ်သွားလေပြီ ။

“ ဒါ ကျွန်တော်တို့ ရုံးက အားကိုးရတဲ့ စာရေးကြီး မင်းခန့် ၊ ကျွန်တော် ဆူငေါက်သမျှ ပေခံနေကြတဲ့သူတွေပေါ့ဗျာ ။ သူက ဒုဦးစီး အောင်ပြည့်လေ ၊ မင်း သိတယ်မလား ”

သူက တခြား တစ်ယောက်နှင့် ကျွန်တော့်ကို မိတ်ဆက်ပေးသည် ။ ကျွန်တော် ပြုံး၍ လက်ဆွဲနှုတ်ဆက်လိုက်သည် ။

“ တွေ့ရတာ ဝမ်းသာပါတယ်ဦးစီး ”

“ ဝမ်းသာပါတယ် ကိုမင်းခန့် ၊ ကိုမင်းခန့် အကြောင်း ကြားဖူးနေပါတယ်ဗျ ၊ အပြုံးချိုတယ်ဆို ”

အလို ဤမျှ ပေါက်မြောက်နေပြီလား ။ ကျွန်တော် ပိုပိုသာသာလေး ထပ်ပြုံးမိ ပြန်သည် ။

“ မဟုတ်ရပါဘူးဗျာ ၊ ပြုံးဖို့ ကြိုးစားနေတာပါ ”

“ ဘယ်လို ဘယ်လို ”

“ ဪ ... ဒီလိုပါဗျာ ၊ သိတဲ့အတိုင်း တစ်နေကုန် တစ်နေခန်း ရှာရဖွေရ ၊ လူမှုကိစ္စရေးတွေ ဆောင်ရွက်ရ ၊ အိမ်တွင်းရေးတွေ ဖြေရှင်းရနဲ့ တစ်နေ့တစ်နေ့ ငြီးငွေ့ပြီး ပျင်းစရာ ၊ စိတ်ပျက်စရာကောင်းပါတယ်ဗျာ ။ အဲဒါတွေကို သက်သာလို သက်သာငြား ကိုယ်တိုင်ရော ၊ တခြားသူတွေပါပေါ့ သက်သာအောင်လို့ ကြိုးစားပမ်းစား ပြုံးနေတာပါဗျ ”

“ ဟား ဟား ဟား ဟား ၊ ကိုမင်းခန့်ကတော့ လုပ်ရော့မယ် ”

“ ဟော ခုလေးတင် ကျွန်တော့် အပြုံးကြောင့် ခင်ဗျား မပြုံးဘဲ ဝါးလုံးကွဲ ရယ်ရပြီ မဟုတ်လား ”

“ ဟုတ်ပါ့ဗျာ ဟုတ်ပ ”

သူက ကျွန်တော့်ကို နှုတ်ဆက်ပြီး တခြားဝိုင်းကို ထွက်သွားသည် ။ ကျွန်တော် ကလည်း ကျွန်တော့် အထက် လူကြီးနောက်က တစ်ဝိုင်းပြီး တစ်ဝိုင်း လိုက်ပြီး ဧည့်ခံသည် ။ အပြုံးမျက်နှာဖုံး ကိုယ်စီနှင့်ပေါ့ ။ သူတို့ကလည်း လက်ဆွဲနှုတ်ဆက်ကြခြင်းနှင့်အတူ အပြုံးများ ပြန်ပေးကြသည် ။ သူတို့ အပြုံးများကိုဖြင့် အဓိပ္ပာယ် ကျွန်တော် မဖော်နိုင်ပါ ။ မုဒိတာ အပြုံးလည်း ဖြစ်နိုင်ပါသည် ။ မေတ္တာအပြုံးလည်း ဖြစ်နိုင်ပါသည် ။ ဣဿာမစ္ဆရိယ အပြုံးလည်း ဖြစ်နိုင်ပါသေးသည် ။ ပြောသာပြောရပါသည် ကျွန်တော့်အပြုံးသည်လည်း ကပ်ပါးအပြုံး ဖြစ်နေနိုင်ပါသေးသည် ။

••••• ••••• •••••

၃ ။

“ ယောက်ျား ပြုံးမနေနဲ့ ၊ ပြုံးနေလို့ ကိစ္စတွေက ပြေလည်သွားမှာ မဟုတ်ဘူး ”

မျက်နှာချိုနေခြင်း ၊ ပြုံး ထားခြင်းသည် ကိုယ်ဆောင် ရွက်မည့် ကိစ္စရပ်များအတွက် ခရီးတစ်ဝက် အောင်မြင်စေသည်ဟု ကျွန်တော် ယုံကြည် ထားသည် ။ မျက်နှာမြင် ချစ်ခင်နေပါက ကိုယ့်အတွက် လိုအပ်နေသည့် ငွေကြေး ချေးယူရလျှင်ပင် အလွယ်တကူ ရနိုင်သလို ၊ ဆပ်ရမည့်ရက် ပြန်လည် မပေးဆပ်နိုင်သေးလျှင်လည်း အလွယ်တကူ ပြော၍ ရနိုင်သည်မှာ အကြိမ်ကြိမ်သော ကိုယ်တွေ့တွေပင်ဖြစ်သည် ။

“ ရှင့်မျက်နှာက အပြုံးကို ခဏလောက် ချွတ်ထားစမ်းပါရှင် ၊ ဒါ ရုံးမှာ မဟုတ်ဘူး ၊ အထက်လူကြီးတွေနဲ့ ဆက်ဆံနေတာ မဟုတ်ဘူး ”

“ အေးပါကွာ အေးပါ ”

သားသမီး သုံးယောက် ရနေသည်အထိ ပေါင်းသင်း လာသည့် ဇနီးမယားက ကိုယ့်အကြောင်း နောကျေအောင် သိထားသည်မို့ ကိုယ့် ပါးနှစ်ဖက်ကို လက်နှင့် ဖျစ်လိုက်ပြီး ထိန်းလိုက်သည် ။ ဝါလကင်းလွတ်၍ ပွင့်လင်း ရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် ပေါင်းဖက်ကြသည့် လူမှုအရေးတွေက များလွန်းလှသည် ။ များသည်က ကိစ္စ မရှိသော်လည်း လကုန်ရန် အတွက်ကတော့ လိုသေး သည် ။ အိမ်က ပွားစီးထား သည့် သားသမီးရတနာနှစ်ဦး ကလည်း ကျောင်းပွဲ၌ က , ချင် ခုန်ချင်သည် ၊ လှူချင် တန်းချင်သည် ။ ထို့ကြောင့် လတ်တလောအတွက်သော် လည်းကောင်း ၊ လကုန်အထိ သော်လည်းကောင်း ဆက်နိုင် ရန်အတွက် လူတို့ဖန်တီး သည့် ငွေစက္ကူကို လူသား ကျွန်တော်က အမြန်အမြန် ရှာရတော့မည် ။

“ ငါ ကြံပါဦးမယ်ကွာ ၊ ရပ်ကွက်ထဲက လူတွေဆီ လည်း မသွားချင်ဘူး ၊ ရစရာ နေရာလေးတွေတော့ ရှိတယ် ၊ ဒါပေမဲ့ အလုပ်နဲ့ ပတ်သက်တော့ နာမည်အပျက်မခံနိုင်သေးဘူး ၊ စဉ်းစားလိုက်ပါဦးမယ် ”

“ စဉ်းစားရင်လည်း မြန်မြန်စဉ်းစား ၊ စဉ်းစားရင်း ရော့ ကလေးပုခက်ပါ လွှဲပေးထားဦး ”

ကျွန်တော့်တွင် ပိုင်ဆိုင်သည်က အပြုံးသာရှိသည် ။ ထိုအပြုံးနှင့် မည်သူ့ထံ သွားရပါမည်နည်း ။ လတ်တလော ရာထူးတိုးထား၍ စိတ်ကောင်းများ ဝင်နေသည့် အထက်လူကြီးထံ သွားရောက်၍ လစာ ကြိုထုတ်ပေးရန် ၊ ချေးပေးထားရန် ပြောဆိုလျှင်ဖြင့် ရနိုင်သည် ။

“ မိန်းမရယ် မပါပူနဲ့ ရုံးမှာ ငါက ဦးစီး မဟုတ်ပေမဲ့ အိမ်မှာတော့ ဦးစီးပါကွ ”

“ ရှင့် ဦးစီးက လစာပိုရလို့လား ဟင်း ၊ ပိုရှာနိုင်ရင်တော့ ပြော ”

ခက်သည် ။ ရုံးက အပို ဝင်ငွေလေး ရလျှင်ဖြစ်ဖြစ် ၊ တခြားသော ခွင်လေးများ တည့်လျှင်ဖြစ်ဖြစ် လက်ကလေးထဲ တံတွေးခန်းသည် အထိ ရေတွက်နေရလျှင် အနှီ မိန်းမတို့သည်ကား ယောက်ျား ပြောသမျှ “ ဟုတ်ပ ဟုတ်ပ ” ထောက်ခံနေတတ်ပြီး ယခုတော့ လင်ကို ဘုရားမဟုတ်တော့ ၊ လင်ကို မတရားပြောချင်လာသည်လား ။ သို့သော်လည်း မိန်းမတိုင်း ဒီသဘော ရှိသည်တော့ မဟုတ် ။ ထို သဘော မရှိသည့် ကျွန်တော့် ချစ်ဇနီး သဘောဖြူ ၊ အူစင်း၏ အတွင်းစိတ်ကို သိသည်မို့ အပြစ်မဆိုတော့ဘဲ ပြုံး၍သာ နေလိုက်ပါသည် ။

“ မနက်ဖြန်လည်း သွားရစရာ ရှိတယ်နော် ”

ဟုတ်ပေသား ။ မသွားမဖြစ် သွားစရာက ရှိနေပြန်သည် ။ သွားရလျှင်ဖြင့် လက်ထဲ ငွေကြေး အနည်းငယ် ရှိရန် လိုသလို ကျွန်တော့်မျက်နှာကို ပြင်ဆင်ရန် လိုသေးသည် ။

••••• ••••• •••••

၄ ။

တစ်ခါတုန်းက ကင်းခြေများတစ်ကောင် သွားနေသည်ကို ဖားတစ်ကောင်က စိတ်ဝင်တစား ကြည့်နေသည် ။ ခြေများလှသည့် ဒီကောင် မည်သည့် ခြေက စ,လှမ်း၍ မည်သို့ သွားနေသနည်းဟု ဖားက အတွေးဝင်ရင်း ကင်းခြေများကိုသာ အာရုံစိုက်နေ သည် ။ ကင်းခြေများ အဝေး ရောက်သွားသောအခါမှ သူ သွားရန် ပြင်လိုက်သည် ။ ထို အခိုက် သူခုန်၍ သွားရမည် လား ၊ သူ့ခြေထောက်များက လှမ်း၍ သွားရမည်လားဟု ဝေဝေဝါးဝါး ဖြစ်သွားသည်ဟူသော ကြားဖူးနားဝအကြောင်းလေးကို တွေးမိရင်း ပြုံးမိပြန်သည် ။

လုပ်ငန်းခွင် ၊ ပတ်ဝန်းကျင် ၊ ကိစ္စရပ်အထွေထွေ အတွက် ကျွန်တော် မဖြစ်မနေ ၊ အားတက်သရော ပြုံးရင်းဖြင့် ကျွန်တော့်အပြုံးသည် မည်သို့ ဖြစ်လာသည်ကို ကျွန်တော် မတွေးတတ်တော့ ။ ကိုယ့်အပြုံးသည် အပြုံးစစ်စစ် ဖြစ်ရဲ့လား ၊ တကယ် ချိုသောအပြုံး ဖြစ်ရဲ့လား ၊ ရိုးသားသန့်စင်သော အပြုံး ဖြစ်ရဲ့လား ၊ မဲ့ပြုံး ၊ ခနဲ့ပြုံး ၊ ရွဲ့ပြုံး ၊ လှောင်ပြုံး ၊ မထီပြုံး ၊ မချိပြုံးတွေလား ။ ဆိုင်တစ်ဆိုင်က ကောင်မလေးတွေလို ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေရန် အတွက် အပြုံးဖြင့် ဝန်ဆောင်မှုပေးနေသည့် အပြုံးလား ။ ခေါင်းက မျက်နှာ၏ အပြုံးကို မလိုက်နိုင်ဘဲ မူးဝေချင်လာသည် ။

“ ဟေ့လူ ခင်ဗျားမျက်နှာက ဘာဖြစ်တာလဲ ”

“ ဘာမှ မဖြစ်ပါဘူးဗျာ ၊ နည်းနည်းမူးလာသလားလို့ ”

“ မြေတော့ ချပြီးပါပြီ ၊ ပြန်ချင် ပြန်လို့ရပြီ ၊ သုသာန်အနံ့ကြောင့် ဖြစ်မယ်ဗျ ”

“ လိုက်ပို့တဲ့ သူတွေကလည်း များတာကိုး ၊ လူနံ့တွေရောကြောင့်လား မသိပါဘူးဗျာ ”

လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ၊ အားကိုးရသော မိတ်ဆွေ၏ ဇနီးသည် ဆုံးပါးသွားရသဖြင့် လိုက်ပို့ကြခြင်းဖြစ်သည် ။ မိတ်ဆွေကို နှုတ်ဆက် အားပေးစကား ပြောရန် ကြည့်လိုက်သည် ။ မျက်နှာ မကောင်း ။ သည်လို အချိန်တွင် မျက်နှာဘယ်လိုကောင်းလိမ့်မည်နည်း ။ ကျွန်တော်လည်း မျက်နှာပိုးသတ်စရာတော့ မလိုတော့ ။ မူးနောက်နောက် ဖြစ်နေခြင်းကြောင့် မျက်နှာက နွမ်းနေပြီဟု ကိုယ့်ကိုယ်ကို သိသည် ။

“ စိတ်မကောင်းပါဘူးဗျာ ၊ လွန်ဆန်လို့ မရတဲ့ တရား မဟုတ်လား ၊ ကျွန်တော်တို့ ခင်ဗျားတို့လည်း တစ်ချိန် ဒီ လမ်းကို လိုက်ရမှာ မဟုတ် လား ”

မိတ်ဆွေ၏ ပခုံးကို ဖက်ရင်း ပြောမိသည် ။ တစ်ချိန်တွင် ရှာဖွေသမျှ အကုန်ထားခဲ့ရပြီး ၊ ချစ်ခင်သူ ၊ မုန်းသူတို့နှင့် ဝေးရာသို့ သွားရမည်က အမှန် ။ မက်မောစရာ အဘယ်မှာ ရှိပါသနည်း ။ ထို မက်မောတွယ်တာစရာ မရှိ ၊ ခဏတာ ဆုံတွေ့ရသော လူ့ ဘဝ လာသခိုက်တွင် တစ်ဦး နှင့် တစ်ဦး အာဃာတတွေ နှင့် အမုန်းတွေ ပွားနေခြင်းက အကျိုးရှိမည် မဟုတ် ။ တစ်ဦးနှင့် တစ်ဦး မေတ္တာရှေ့ထား၍ ဆက်ဆံရမည် ။ ကျွန်တော့်လို အပြုံးဆင်ယင်သော မျက်နှာဖြင့် ဆက်ဆံပါလျှင် အဘယ်မှာ ကောင်းလိုက်ပါမည်နည်း ။ ထိုအပြုံးသည်လည်း ထားခဲ့ရမည်သာ ။ မသေခင်လေး ပြုံးနေရုံသာ ။

••••• ••••• •••••

၅ ။

မသေခင်လေး ပြုံးနေချင်သည့် ကျွန်တော့် စိတ်ဆန္ဒ ပြည့်ဝသွားသည်ဟုတော့ ကျွန်တော် ထင်မိသည် ။ ယခင်လို အထူးတလည် ကြိုးစားပမ်းစား ပြုံးနေစရာမလိုတော့ ။ စိတ် မပါ့တပါ ပြုံးနေစရာ မလိုတော့ ။ ကျွန်တော် ဆုံတွေ့ဖူးသော အမျိုးသမီးနှစ်ဦးလို ငိုလျှင်ပင် ပြုံးနေသည်ဟု ထင်ရသည့် မျက်နှာမျိုး ရပြီဟု ကိုယ့်ကိုယ်ကို တွေးသည် ။ ကျွန်တော့်မျက်နှာ မြင်လျှင် စိတ်ချမ်းသာကြမည် ။ ကျွန်တော် ငိုနေသည် ကိုပင် မြင်ရစေဦးတော့ စိတ် ကျေနပ်မှုတော့ ရကြမည် ။ တစ်ဖက်လူများ ပျော်ရွှင်ရန်အတွက် ကျွန်တော့်မျက်နှာ သည် ပြုံး၍နေပါပြီ ။

ကျောပူလာသည့် အတွက် ခုတင်ပေါ်တွင် လှဲလျောင်းနေရာမှ ခါးကို ဆန့်လိုက်သည် ။ အိမ်ရှေ့ခန်းဆီမှ ဇနီးသည်၏ အသံကို ကြားရသည် ။ ဧည့်သည်တွေ ရောက်လာကြသည် ထင်ပါ့ ။

“ ကြွကြပါရှင် ”

“ ဘယ်လိုဖြစ်တာတုံး‌ဗျ ”

အထက်လူကြီး၏ အသံနှင့်အတူ ကျွန်တော့်အခန်းထဲသို့ ဝင်လာကြသည် ။

“ မနေ့က ရေချိုးနောက်ကျတာလည်းပါမယ် ၊ ရေချိုး မှားသွားတာလည်း ဖြစ်မယ် ထင်ပါတယ်ရှင် ။ ပြီးတော့ ညက နည်းနည်း အေးစိမ့်စိမ့် ကို သူက စွပ်ကျယ်နဲ့ အိပ်မိ ပြီး အကြောင်း ဆုံသွားတာ ။ တော်သေးတယ် လေဖြန်း တာလေးပဲ ဖြစ်ပြီး ၊ နှုတ်ခမ်းရွဲ့ ပါးရွဲ့သွားလို့ ”

ကျွန်တော်ကတော့ အထက်လူကြီးကို ပြုံးပြလိုက်ပါသည် ။

“ အ ... အမ့် ... အမ့် ... အမ်း ...”

⎕ မောင်ပိုင် ၊ လေးမျက်နှာ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မေ ၊ ၂၀၁၈

No comments:

Post a Comment