❝ ကြေကွဲခြင်း အဘိဓာန် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ယမန်နေ့ညက မစို့မပို့ မိုးရွာထားသည့် အရှိန်ကြောင့် ယနေ့နံနက် အရုဏ်ဦးတွင် အိုက်စပ်စပ်ကြီး ဖြစ်နေသည် ။ မကျီးဒန်က ပြေကျနေသော ထဘီအထက်ဆင်ဖြင့် မျက်လုံးကို ပွတ်လိုက်ပြီး ကိုယ်တွင် ရင်ရှားလိုက်သည် ။ ပြီးလျှင် သစ်စေးကိုင်ထားသော ပခြုပ်နက်ကလေးထဲမှ ပွတ်ခုံ ၊ ပွတ်တံနှင့် မီးစာကို ယူပြီး တချောက်ချောက် ခတ်လိုက်၏ ။ မှို့တွင် မီးစွဲလာသော အခါ ဆေးလိပ်တိုကို ကူးလိုက်သည် ။ သည်ကမှ တစ်ဖန် မီးဖိုကို မီးမွှေးရမည် ။
“ ကိုဆေးရိုး ... ကိုဆေးရိုး ”
မီးမွှေးပြီး ရေနွေးအိုး တည်ထားခဲ့ကာ မကျီးဒန်က လာရောက်နှိုးနေခြင်းဖြစ်သည် ။
“ ကိုဆေးရိုး .... ထတော့လတော် ”
“ အေးပါဟ ”
“ အေးပါဆိုရင် ထ ... ”
“ ဟေ ... မောင်ဆေးရိုး ၊ ဟေ့ .. ဆေးရိုးတို့ ၊ ကျီးဒန်တို့ ထကြပါဦးဟ ”
မကျီးဒန်က ကိုဆေးရိုးကို မရမက လှုပ်နှိုးနေခိုက်တွင် အနောက်ဘက်အိမ်မှ ကိုဘအုန်း၏ အော်ဟစ်ခေါ်ငင်သံက ထွက်ပေါ်ဝင်ရောက်လာသဖြင့် မကျီးဒန်က ခပ်ကြမ်းကြမ်းကလေး အော်၍ နှိုးလိုက်ရ၏ ။
“ ကိုဆေးရိုး ... ကိုဆေးရိုး ၊ ကိုဘအုန်း ခေါ်နေတယ် ”
“ ဟေ ... မောင်ဆေးရိုး ထစမ်းပါဦးကွာ ၊ ကိုဘအုန်း နွားတွေ မရှိတော့ဘူးကွ ”
မီးစည်မီးခွက်နှင့် တုတ် ၊ ဓား ၊ လှံတံများ ကိုင်ဆောင်လာသော လူတစ်စုမှာ ကိုဆေးရိုးတို့ တဲရှေ့သို့ ရောက်လာပြီး လှမ်းခေါ်လိုက်သံဖြစ်၏ ။ ကိုဆေးရိုး ကလည်း ပုဆိုးကို ကပျာကယာ ပြင်စည်းလိုက်ပြီး ပုဆိုးတစ်ထည်ကို ခေါင်းပေါင်းကာ အိပ်ရာဘေးရှိ ကိုင်းခုတ်ဓားမကြီးကို ဆွဲယူထွက်လိုက်သွားလေသည် ။
ရမ်းဘိုကုန်း တစ်ဝိုက် ရွာနီးချုပ်စပ်များတွင် နွားသူခိုး ပူနေသည်မှာ ကြာပါပြီ ။ ရွာတိုင်းရွာတိုင်းတွင် ဆူးစည်းကို ထူအောင် ကာရံပြီး ကင်းစောင့်များလည်း ရှိသည့်ပြင် လယ်သမားတိုင်း လယ်သမားတိုင်းမှာလည်း နွားကို လုံခြုံအောင် စောင့်ရှောက်နေသည့် ကြားထဲမှ ခိုးယူသွားခြင်းကို ခံလိုက်ရပေသည် ။
“ လင်းကြက်တွန်ပြီးခါမှတောင် ကျုပ်ကိုယ်တိုင် ဆင်းပြီး နွားတွေကို အစာကျွေးပါသေးတယ်တော် ၊ ဟီး .. နွားတွေကို အစာကျွေးပြီး ရေနွေးတည်ပြီးတော့ ကိုဘအုန်းကို နှိုးတာပါပဲ ။ ကိုဘအုန်း အောက်ကို ဆင်းတော့ နွားတွေကို မတွေ့တော့ဘူးတော့် ”
နွားတင်းကုပ်အတွင်း မီးရောင်အောက်တွင် ကိုဘအုန်းမယား မဆွဲမိ က ဝိုင်းအုံလာသော အိမ်နီးချင်းများကို တိုင်တည်ပြောဆိုကာ ငို၍နေ၏ ။ မဆွဲမိ မှာ ဟောက်ပက်နေသော မျက်လုံးအိမ်အတွင်းမှ ညိုညစ်သော ပါးပြင်ပေါ်သို့ စီးကျလာသည့် မျက်ရည်များကို ထဘီနှင့် သုတ်ပစ်လိုက်ရင်း ကပိုကရိုကျလာသော ဆံပင်များကို လက်နှင့်သပ်ကာ နောက်သို့ လှန်ချလိုက်၏ ။
“ သိပ်လည်း ပူမနေပါနဲ့ဦး ဆွဲမိရယ် ၊ ခုနကတုန်းမှ ညည်း တွေ့သေးရင် ဒီနွားတွေ ဘယ်ကိုမှ ဝေးဝေး မရောက်သေးပါဘူး ။ လိုက်မယ့်လူတွေကလည်း လေး ငါးစု ခွဲပြီး လိုက်တာပဲ ”
“ ငါတော့ မထင်ပါဘူး အေးညွန့်ရယ် ၊ ဒီရွာနီးချုပ်စပ်မှာ ပျောက်သွားလေသမျှ နွားတွေဟာ ဘယ်တုန်းကများ ပြန်တွေ့တယ်ကြားဖူးသလဲ ။ မပျောက်နဲ့ ၊ ပျောက်ရင် အဆုံးချည့်ပဲ ”
မဆွဲမိ ကတော့ စိတ်နှလုံးကို ဒုံးဒုံးချလိုက်ပြီးဖြစ်သည် ။ ဟုတ်လည်း ဟုတ်၏ ။ သူခိုး ဆိုတာကလည်း အင်မတန် ဉာဏ်များသည် ။ အရှေ့ဘက်ကို ခြေရာချပြီး အနောက်ဘက်သို့ သွားတတ်၏ ။ အနောက်ဘက်ကို ခြေရာပြပြီး တောင်ဘက်သို့ လှည့်ကာ အနောက်ကို ပြန်လာသည့်အခါလည်း ပြန်လာတတ်သည် ။ ဘယ်သူကမျှ ကံသေကံမ မလိုက်တတ် ။ တွေ့လိုတွေ့ငြား ရမ်းဆလို့သာ လိုက်ကြရခြင်းဖြစ်သည် ။ စွတ်စွတ်ရွတ်ရွတ် တိုးမိ၍ ပြန်လည်ရရှိခဲ့သည်ဆိုတာက ရှားပါးလှပေ၏ ။
“ ကိုင်း .... ထစမ်းအေ ၊ ဆွဲမိ ... လာ အိမ်ထဲကို သွားရအောင် ”
အိမ်နီးချင်းမိန်းမများက ဖျောင်းဖျ ခေါ်ငင်သဖြင့် ထလိုက်သွားရသော်လည်း မဆွဲမိ၏ အသည်းမြွှာကား ဖြာဖြာစိပ်၍ ကွဲနေပြီဟု ဆိုရလောက်အောင် သောကမီး မောက်လျှံနေလေသည် ။ သည် နွားသာ အဖော် ၊ သည် နွားသာ သခင် ၊ သည် နွားသာ ထမင်းအိုး အဖြစ် အားထားနေရသော မဆွဲမိ အဖို့မှာ နွား မရှိလျှင် ငတ်ကိန်း ဆိုက်ရတော့မည်ပင် ။ သည် နွားနှင့် တောတက်၍ ထင်းခုတ်ရသည် ။ အိုးလုပ်ဖို့ မြေကို သည်နွားနှင့်ပဲ သယ်ပိုးဆောင်ယူရသည် ။ ထင်းခုတ်သွားရန် အဖော် မရှိသေးလျှင် သည် နွားနှင့် ကုန်စည်ပို့ဆောင်ရသော ကြေးငွေနှင့် ဈေးသုံးဖို့ရပြန်သည့်ပြင် အဓိကဖြစ်သော လယ်ကို သည်နွားနှစ်ကောင် မရှိလျှင် ဘာနှင့် လုပ်ကိုင်ရပါမည်လဲ ။
နွားသူခိုး ဆိုတာကလည်း ကိုဘအုန်းတို့ ၊ ကိုဆေးရိုးတို့လို လယ်သမားတွေသာ အဖြစ်များကြသည် ။ အရင်းအနှီး ဆို၍ တစ်ချင်ရွေးသားမျှပင် မရှိသော လယ်သမားများအဖို့ လယ်ခွန် နှစ်ဆ သီးစားခ ဆိုရုံ နှင့် ပြီးပြည့်စုံလာကြသည် မဟုတ် ။ နိုင့်ထက်စီးနင်း ခေါင်းပုံဖြတ် လုယူသော မြေရှင်၏ ကြာညောင်းစွာ နှိပ်စက်ခဲ့သည့် ဒဏ်ရာက ပျောက်ခြင်းမရှိသေးသည့်ပြင် နာလန်မျှပင် မထူနိုင်သေးချေ ။ သို့စဉ်တွင် မြေရှင်၏ အကူအမမှ ကင်းကွာခဲ့ရရာ အရင်းမဲ့ခဲ့ရသည် ။ ရန်သူပင် ဖြစ်သော်လည်း ရန်သူ၏ အကူအညီကို မရသောအခါ ကျပ်တည်းမှုတစ်မျိုးနှင့် ထပ်မံ ရင်ဆိုင် ရပြန်သည် ။ လက်သိပ်ထိုး၍ ကြေးကြီးကြီးနှင့် ချေးငှား ရသော ကြွေးမြီနှင့် အသစ်အသစ် ပေါ်ပေါက်လာသော ခေါင်းပုံဖြတ်များအောက်တွင် ထူးမခြားနားသော ဘဝ၌သာ ကျင်လည်နေရဆဲပင် ရှိသေး၏ ။ ထို့ပြင် အမဲသား ဆိုတာမျိုးက အမှုမီး လှုပ်ရှားနေသေးလျှင် အခြောက်လှန်းထားနိုင်သည့်ပြင် အခင်း ဖြစ်ရာနေရာမှ အဝေးသို့ ပြောင်းရွှေ့ရောင်းချနိုင်သည် ။ ခက်ခဲခြင်းတော့ မရှိပါ ။ နွားကို ခိုးယူရရှိဖို့သာ လိုပါသည် ။ လူ သုံးလေးယောက် ရှိလျှင် နွားတစ်ရှဉ်းကို ခိုးယူနိုင်သည့်အပြင် ငွေရကလည်း လွယ်ကူ၏ ။ စလင်းမြို့အနီးရှိ ရွှေတွင်းတူးတောကြီးမှာ ခိုးလာသော နွားများကို သိုဝှက်ထားရာ ၊ သတ်ဖြတ်ရာ အရပ် အဖြစ် သတင်းကြီးလှ၏ ။ လူအင်အား နည်းနည်းနှင့် နွားပျောက်ရှာသူများသာ ရွှေတွင်းတူးတောသို့ ဝင်မိလျှင် လူအဖြစ်နှင့် ပြန်မထွက်ရဘဲ အမဲသားတွဲ အဖြစ် နှင့်သာ ပြန်ထွက်ရတော့သည် ။ နွားခိုး၍ သ,တ်ရခြင်း၌ အရသာတွေ့သူများမှာ ဤမျှ ရဲတင်းလွန်းလှ၏ ။
ယခုလည်း မဆွဲမိ အဖို့မှာ ကြက်သောက်သော ရေကဲ့သို့သာ မှတ်ယူလိုက်ပြီးဖြစ်သည် ။ သို့ တစ်ထစ်ချ ယူဆထားလိုက်သောကြောင့်သာ မချိတင်ကဲ ပူပန်ရခြင်းဖြစ်ပေရာ နှမ်းကြဲ အပြီး ပျိုးခင်းထွန်စ အချိန်တွင် မည်သူက လာရောက် ပေးကမ်းမည့် ငွေကြေးကို မျှော်လင့်စရာရှိ၍ မပူပန်ရပါမည်နည်း ။ စင်စစ်သော်ကား လက်ကို ရိုက်ချိုးရုံသာမက ထမင်းအိုးပါ မှောက်သည်ဟု ဆိုရပေမည် ။
“ ဆွဲမိရေ .... တို့တော့ ရှားတောဘက်က နေပြီး ခြေရာဖြတ်ခံတာပဲဟ ။ ဒီလမ်းကသာ သူခိုးသွားရင် ညက ရွာထားတဲ့ မိုးနဲ့ ခြေရာခံလို့လွယ်တာပေါ့ဟ ။ ဒါပေမဲ့ အမှူးရွာ တောင်ဘို့ကိုသာ ကျော်သွားရော ၊ ခြေရာ မတွေ့ဘူးဟ ”
နေထန်းတစ်ဖျားခန့်တွင် ရောက်ရှိလာသော ကိုသာဒွန်းတို့ တစ်သုတ်နှင့် မရှေးမနှောင်းပင် ကိုကျော်ဦးတို့ အသိုက်ပါ ပြန်လည်ရောက်ရှိလာကြသည် ။ သူတို့ကလည်း ခြေရာခံ၍ မရခဲ့ပေ ။ ညနေ နေဝင်ရီတရောတွင် ကိုဘအုန်းနှင့် ကိုဆေးရိုးတို့ အသုတ်ပါ ပြန်လည်ရောက်ရှိလာကြသည် ။ လူတိုင်းပင် ချွေးသံအရွှဲသားနှင့် နုံးခွေပန်း ဟိုက်လာကာ ခြေပစ်လက်ပစ် ဖြစ်ကုန်ကြသည် ။ သူတို့၏ မသာယာသောမျက်နှာကို မြင်ရခြင်းအားဖြင့် မျှော်လင့်ချက် ကင်းပြီ ဖြစ်ကြောင်းကို သိလိုက်သော မဆွဲမိ မှာ ချုံးပွဲချ၍ ငိုတော့သည် ။
“ ဘယ့်နှယ်လဲဟေ့ ... မောင်ဘအုန်း ”
“ အင်း ... ကျုပ်တော့ စိတ်လျှော့လိုက်ပါပြီဗျာ ”
“ အို ... တဖြည်းဖြည်း စနည်းနာရင် တွေ့တန်ကောင်းပါရဲ့ကွာ ၊ စိတ်လျှော့တာက အလျင်လိုလှချည့်လားကွ ”
သတင်းလာမေးသော ဘကြီးစိန်က ကိုဘအုန်းကို နှစ်သိမ့်စကား ပြောကြားလိုက်ပြီး “ ဘယ့်နှယ်လဲကွ ၊ ပြောစမ်းပါဦး မောင်ဆေးရိုးရ ” ဟု ကိုဆေးရိုးဘက်သို့ လှည့်လိုက်ပြန်၏ ။
“ အခုအကောင်တွေဟာလည်း ခါတိုင်း ခိုးနေကျ အကောင်တွေပဲ ထင်တယ်ဗျ ။ ဒီပြင် ရွာတွေမှာလည်း ရွာ့ပြင်စည်းရိုးက နေပြီး ဖောက်ဝင်တာဆိုတော့ ဒီမှာလည်း ဒီလိုပဲဗျ ”
“ အေးဟေ့ ... ဟုတ်တယ် ၊ ဒါပေမဲ့ကွာ ငါ့အထင်တော့ ရွာခံလက်ထောက် ရှိတယ် ထင်တယ်ကွ ”
“ ဒါကတော့ ဘယ်သူ အမှန်ပြောနိုင်မလဲ ၊ ရှိချင်လည်း ရှိမှာပေါ့ ၊ မရှိချင်လည်း မရှိဘူး ”
ကိုဆေးရိုးက မသေချာသည့် အကြောင်းအရာ ဖြစ်နိုင်သည့် အချက်အလက်များနှင့် ဖြည့်စွက်လိုက် ပြန်ပြီး
“ ဒီလိုဗျ ... ဘကြီးစိန်ရဲ့ ၊ ကျုပ်တို့ လူသိုက်က အလယ်တံခါးက ထွက်တယ် ။ ကိုဘအုန်းတို့က စည်းရိုး အဖောက်ခံရတဲ့နေရာက စပြီး ခြေရာခံပြီး လိုက်တယ်ဗျ ။ တောင်ဘက် ထန်းတောထဲ ကျတော့ ဆေးရိုးရေ ၊ ဖိုးထွန်းရေ နဲ့ ကိုဘအုန်းတို့ လူသိုက်က လှမ်းခေါ် တော့ကို ။ အဲဒါနဲ့ ကျုပ်တို့က မိများ မိသလားလို့ အားရပါးရ သွားလိုက်တာ ၊ လက်စသတ်တော့ ကိုယ်တော်တွေက လူချင်းပေါင်းပြီး သွားဖို့ ခေါ်တာကိုးဗျ ။ ခိုးသွားတဲ့အကောင်တွေကလည်း ရဲတင်းလိုက်တာ ၊ တကယ့် လှည်းလမ်းကြောင်း ဖုံဖုံကလေးမှ သွားသဗျား ၊ ဘေးက ဖုန်မရှိတဲ့ မြေမာက မသွားဘူး ”
“ လူခြေရာက ဘယ်နှယောက်ရာလဲဗျ ကိုဆေးရိုး ”
“ ခြေရာကတော့ သုံးယောက်ပဲကွ ”
ရှားတောဘက်သို့ လိုက်သော လူသိုက်ထဲမှ သိန်းမောင်ကို လှည့်၍ အဖြေပေးပြီး ၊ ကိုဘအုန်း ဘက်သို့ လှည့်ကြည့်လိုက်မိသည် ။
ကိုဘအုန်းမှာ ယိုင်နဲ့သော တဲတိုင်ကို မှီကာ လဲ့လဲ့စင်သော မိုးပြာသို့ စိုက်ကြည့်နေသည် ။ ကိုဘအုန်း၏ စိတ်က ကူးချင်ရာကို ကူးနေမည် ။ သွားချင်ရာသို့ သွားနေမည် ။ သူတစ်ပါး နွားကိုပဲ ပြန်ခိုးရမလား ၊ ဓားပြပဲ တိုက်ရမလား ၊ နွားသူခိုး ဟု မိမိ မသင်္ကာသမျှ လူတွေကိုပဲ လိုက်သ,တ်နေရမလား ။ ကိုယ်ပဲ ကြိုးကြိုးကုတ်ကုတ် လုပ်ပြီး နွားအစား ရှာရမလား ။ တွေးချင် သလို တွေးနေပေလိမ့်မည် ။ သတိလက်လွတ်နေပေသည် ။ သူ့အာရုံက လဲ့ရည်စိုလွင့် မိုးကို လင့်နေရှာကြသည် ။ သူ၏ နှမ်းခင်းမှ နှမ်းပင်ပေါက် ကလန့်တင် ( ကန့်လန့်တင် ) ကလေးတွေဆီသို့ ရောက်၍ပဲ နေသလား ။ ကိုဘအုန်းက အသက်မဲ့သူ ကဲ့သို့ ငြိမ်သက်လွန်းလှတော့သည် ။ ကိုဘအုန်းကို ကြည့်ပြီး ကိုဆေးရိုးမှာ ဟင်းခနဲ ဆို့နင့်ငင်ကျပ်သော သက်ပြင်းတစ်ချက်ကို ရှိုက်ချလိုက်မိသည် ။
“ ခက်တယ်ဗျာ ... ခက်တယ် ”
ခိုကိုးစရာမဲ့သော သူတို့၏ ဘဝဝယ် မှီတွဲခိုကိုးရာကား ဆိတ်သုဉ်းလှပါဘိ၏ ။ လကွယ်ည၏ သန်းခေါင်ယံပမာ မိုက်မှောင်မွန်းပိတ်လှသော ခံစားရချက်မှ လင်းလက်သော ရောင်ခြည်ကို ရှာဖွေ၍ မရအောင် မိုက်မှောင်လှတော့၏ ။ သို့မို့ကြောင့်ပင် အရှုံးပေးသော အသံက ထွက်ပေါ်လာရ၏ ။
“ ကဲလကွာ ... ဆက်စမ်းပါဦး ”
ဘကြီးစိန်က ငြိမ်နေသော ကိုဆေးရိုးကို လှုပ်လိုက်မှ
“ အဲဒီ လှည်းလမ်းကြောင်းမှာ ချသွားတဲ့ ခြေရာ အတိုင်းကို သွားလိုက်တာ ထန်းတောထဲက ထွက်ပြီး ရှားပင်လယ် ၊ တောင်ပို့လယ်ကို ဖြတ်ပြီး မြောင်းပေါင် ပေါ်ကို တက်သွားပါရော ။ ခွာရာတွေကတော့ ခပ်သွက်သွက် နှင်သွားတာကို တွေ့ရတာပဲဗျ ။ မြောင်းပေါင်ပေါ်အတိုင်း ဆွဲသွားလိုက်တာ ဟင်းခုပ်ပင်ကို ရောက်တော့ အရှေ့လယ်ထဲ ဆွဲချသွားပြီး ခြေရာတွေ့ တစ်ချက် ပျောက်တစ်ချက်နဲ့ မွန်းတည့်လောက် ကျတော့ မင်းတဲရွာနားမှာ ခြေရာပျောက်သွားပြန်ပါရောဗျို့ ။ အဲဒါနဲ့ စမ်းတဝါးဝါးလိုက်လိုက်ကြတာ
ကြက်သကြိုင့် ရွာနားက မကျီးတောစပ်မှာ ခြေရာပြန် ပေါ်လာတာနဲ့ အားရ ဝမ်းသာဖြစ်ကြပြီး ဆက်လိုက် ကြပြန်ပါရော ။ တစ်ခါ ခြေရာက အနောက်ဘက်ကို ကွေ့သွားလိုက်တာ လယ်ကွက်တွေ ထဲမှာ ခြေရာ ပျောက်သွားပါရော ။ ရွာတွေထဲ ဝင်စုံစမ်း ၊ တောတန်း တွေ လျှိုတွေကို မွှေနဲ့ ဒီတင်ပဲ လမ်းပြတ်ခဲ့ရတာပါပဲ ဘကြီးစိန်ရယ် ”
ဟိုက်မောလျော့နည်းသော အသံဖြင့် ကိုဆေးရိုး က စကားစ သိမ်းလိုက်၏ ။ တစ်ဝိုင်းလုံးမှာလည်း ထန်ပြင်းသော သက်မချသံက လွှမ်းခြုံသွားတော့သည် ။ ပြီးလျှင် စကားဝိုင်းမှာ တိတ်ဆိတ်သွားကာ အတွေး ကိုယ်စီနှင့် ငေးမောနေကြသည် ။
“ ဟေ့ ... ဘိုနီတို့ ၊ ဖြူစူးတို့ရဲ့ ၊ အမျှဟဲ့ ... အမျှ ၊ နင်တို့တစ်တွေ ကောင်းရာမွန်ရာ ရောက်ကြပါစေဟဲ့ ”
တိတ်ဆိတ်ငိုင်ငိုက်နေသော ဝိုင်းမှာ မဆွဲမိ၏ ခုနစ်မောင်း တင်၍ ငိုလိုက်သံကြောင့် လှုပ်ရွသွားသည် ။
“ သားကြီးတို့ရေ ၊ နင်တို့ မရှိရင် ငါတို့ ဘယ်သူ့ကို ခိုင်းရဦးမှာလဲဟ ။ ဘိုနီရေ ၊ နင်တို့ စားတဲ့ နွားစာခေါင်းကို နင့်ချိုကြီးနဲ့ တဂွမ်ဂွမ် ခတ်လှည့်ပါဦးဟ ... ဟီး ”
ဘိုနီ မှာ ရွှေနီခေါ် အနီရင့်ရောင်ဖြစ်သည် ။ ကလေးကျင့် ကလေးကြံလည်း အင်မတန်ကြံတတ်သည် ။ နွားစာခေါင်းထဲတွင် အစာကုန်နေပါလျက်နှင့် နောက်ထပ် ထည့်မပေးလျှင် နွားစာခေါင်းကို ချိုနှင့် ခတ်၍ အသံပေးလေ့ ရှိ၏ ။ ဘိုနီ၏ အသံကို ကြား၍ လူဆင်းလာလျှင် မျက်လုံးကြီးကို အစွမ်းကုန် ပြူး၍ ဘယ်နွားကမှ မလုပ်စဖူးသော အကျင့်ဖြင့် ဂူးဂူးဟု ခေါင်းကို ညိတ်ကာ ညိတ်ကာ ခေါ်တတ်၏ ။ တစ်နည်းဆိုသော် စကားဖြင့် ပြောပြခြင်းပင် ဖြစ်လေသည် ။ ဒါကြောင့်ပင် မဆွဲမိမှာ ရင်သပ်အံ့သြ၍ ဘိုနီကို ချစ်ရ၏ ။
“ အမယ်လေးဟဲ့ ... သားသား ... သားက အမေ့ ကို ခေါ်တယ်လား ဟင် ... တတ်လှချည့်လား ”
မဆွဲမိကသာ သားဦးအမေလို ဘာမျှ ပြန်မပြောတတ်သေးသော သားနှင့် ဖက်၍ စကားပြောသကဲ့သို့ ဘိုနီ ကိုလည်း အူလှိုက်သည်းလှိုက် ချစ်သော ဝေဒနာက ဖြစ်ပေါ်လာရသည် ။ ပြီးတော့ ဆွမ်းစားခေါင်းလောင်း ထိုးချိန်ကျပါလျက်နှင့် သူ့ကို ထွန်ထဲက မဖြုတ်ပါလျှင် ခေါင်းသွက်သွက်ခါအောင် ယမ်း၍ ယမ်း၍ ပြသည် ။ နောက်မှ လူကိုလည်း ပြန်ကြည့် ပြန်ကြည့် လုပ်နေတော့၏ ။ ဤသို့ဆိုလျှင် ဘိုနီကို နွားပျင်း နွားပါးဟု ထင်ရချေတော့မည် ။ သို့ရာတွင် ဘိုနီ ကား နွားပါး နွားလိမ္မာသာ ဖြစ်၍ နွားပျင်းတော့ မဟုတ်ပါ ။ မရမက ကုတ်ကတ်တက်ရမည့် နေရာမျိုး ဆိုလျှင် ဘိုနီတို့ ခေါင်းမဖော်တော့ပြီ ။ စိုက်၍ ကုန်း၍ ဆွဲတော့သည် ။ “ သားရေ ... နောက်ကို လှည့်လှည့် ကြည့်မနေနဲ့ကွာ ၊ ကနေ့တော့ နေမြင့်တယ်ဟေ့ ” ဟု ကိုဘအုန်းက ပြောလိုက်လျှင် ဘိုနီ မှာ နောက်ကို လုံးဝ ပင် မကြည့်တော့ ။ လူစကားကိုပင် နားလည်ဟန် ရှိတော့သည် ။ ဒါတွေကြောင့်ပင် မဆွဲမိ က သား သား သားနှင့် ချစ်ရသည် ။ ယခုမူ ပို၍ မချိတင်ကဲ အသည်း ကွဲရတော့၏ ။
ဘိုနီ၏ အဖော်မှာ အလှည့်ဘက်မှ စာဥရောင် ဖြူစူးပင်ဖြစ်တော့သည် ။ ဖြူစူး က ဘိုနီလို မခရာတတ် သော်လည်း သူ့နေရာနှင့်သူ လိမ္မာသောကြောင့် ချစ်ရ ပြန်သည် ။ သူ့ကို လွှတ်ထားခိုက်တွင် တဲအပြင်ဘက် မီးဖိုမှာ ထမင်းအိုး ၊ ဟင်းအိုးကို ကျီးလှန်လျှင် လိုက်၍ ဝှေ့သည် ။ ပိုပြီးတော့ သနားစရာကောင်းတာ တစ်ခုက လှည်းထမ်းပိုးကြီး ထွန်ထမ်းပိုးကြီးတွင် ထမ်းပိုးကြိုး မပတ်မိ ၊ ထမ်းပိုးကျစ် မတပ်ဘဲ သူ့ကို မောင်းပါက ပခုံး နှင့် ထမ်းပိုးကို လွတ်မသွားအောင် ရုန်းတတ်ခြင်းပင် ဖြစ်သည် ။ လယ်တွေ ရိတ်ပြီး သိမ်းပြီး၍ နွားများ လွှတ်ချိန်ဆိုလျှင် ချုံတန်းတောအုပ်တစ်လျှောက်တွင် သိုဝှက်ထားသော ထန်းရည်အိုး စိမ်ရည်အိုးများကို လိုက်လံရှာဖွေ၍ ဖြူစူးက သောက်တတ်သည် ။ နွားများအဖို့ စိမ်ရည်နှင့် ထန်းရည်က ဆေးတစ်ပါးပင် ဖြစ်သောကြောင့် ဖြူစူး၏ ပါးစပ်မှာ မွှေးကြိုင်သော ရနံ့ရှိ၏ ။
ကြာတော့လည်း ထန်းရည်သမားများက ညည်းလာတော့သည် ။ ရွာထဲမှာ ထားလျှင် ယစ်မျိုးဘက်က ရှာဖွေ ဖမ်းဆီးမည့် ရန်ကြောင့် ရွာပြင်မှာ ထားပြန်တော့ ဖြူစူးကြီးက သောက်ပစ်သည် ။ ဖြူစူးကြီး ရှာမတွေ့ အောင် လုပ်ထားသည့် ကြားထဲကပင် ဖြူစူးကြီးက တွေ့၍ သွားသောအခါ အသောက်သမားတွေ ကျွက်ကျွက်ရိုက်ကြတော့သည် ။ ကိုဘအုန်းက ဖြူစူးကြီး၏ ထန်းရည်ဖိုး ၊ စိမ်ရည်ဖိုးကို လိုက်လံ လျော်ရ ၊ တောင်းပန်ရဖန်များလာသောအခါ ဖြူစူးကို အိမ်မှာပင် ထားတော့သည် ။ သည်လိုထားသည့် ကြားထဲမှ တစ်ညတွင် ကြိုးကို ချိုနှင့် ရစ်ကာ ဖြတ်ပြီး ဖြူစူးကြီး ပျောက်သွားရာ ကိုဘအုန်း မှာ တစ်ညလုံး ဒေါင်းတောက်အောင် ရှာသော်လည်း မတွေ့ ။
“ ဟ ... မောင်ဘအုန်း ”
“ ဗျိုး ... ”
“ မင်းကောင် အသောက်သမားကြီး မောင်ချစ် ကောက်ရိုးပုံ ဘေးမှာ လဲနေတယ်ဟ ။ သွားကြည့်ချေဦး ”
တစ်ညလုံး လိုက်လံရှာဖွေခဲ့ရသော သားငမိုက် အတွက် ခုမှ စိတ်အေးတော့သည် ။
“ ကိုဘအုန်း ၊ တစ်ညလုံး ခင်ဗျားအကောင်ကြီး လုပ်သွားပြန်ပြီဗျ ၊ အုန်းတောထဲက ဆွဲလာတဲ့ ထန်းရည် နှစ်မြူ ကုန်ရော ”
“ ဟေ့ ... ဘအုန်း ၊ ငါ ထန်းလျက် သုံးပိဿာ ထည့်ထားတာ ။ မြို့ထဲကမှာတဲ့ အရက်ချက်ဖို့ဟာ အခု မင်းအကောင်ကြီး သောက်သွားတာ တက်တက် ပြောင်ပါရောလားကွ ”
ရွာ၏ အနောက်ဘက် ချောင်းတိမ်ရှိ ယာများ ၊ ကိုင်းတောများ အတွင်းနှင့် ရွာအရှေ့ဘက် တောတန်း တစ်လျှောက်မှ စိမ်ရည်အိုးများကို တစ်ညလုံးလည်၍ သောက်ပစ်သော ဖြူစူး၏ ဒဏ်ကို ကိုဘအုန်း ခံရတော့သည် ။
“ ခင်ဗျားတို့ပဲ ကြည့်သွားကြပါတော့ဗျာ ၊ သူ့ကို အိမ်မှာ ချည်ထားတာဗျ ၊ ညက လူခြေတိတ်လောက်ကျမှ ကြိုးကို ဖြတ်ပြီး ထွက်သွားတာ ၊ ဟောဟိုမှာ .. ”
ကိုဘအုန်းက သက်သေခိုင်လုံစွာနှင့် အများ ကျေနပ်အောင် ပြလိုက်ရသည် ။ ဖြူစူးမှာ ဘယ်မျှပင် သောက်သောက် လဲစရာ အကြောင်း မရှိသော်လည်း ပဒိုင်းစေ့ကို လှော်၍ ခတ်ထားသော အိုးတစ်လုံးကို သောက်မိ၍သာ မူးလဲရခြင်းဖြစ်၏ ။ ပဒိုင်းစေ့ လှော်၍ ထောင်းခတ်ထားသောအရည်ကို သောက်မိလျှင် လူများမှာ ရူးသော်လည်း နွားအဖို့မှာ မူးရုံသာ ရှိသည် ။ မဆွဲမိ မှာ သားဖြစ်သူ ယစ်ထုပ် အနားတွင် တစ်နေ့လုံး ထိုင်၍ ကြည့်နေပြီး ပါးစပ်မှလည်း တတွတ်တွတ် မြည်တွန်တောက်တီးနေ၏ ။
“ ကိုင်း ... သောက်ဦးလေ ၊ ခုတော့ ဘာတတ်နိုင်သေးလဲ ၊ ကောင်းတယ်မဟုတ်လား ။ ကစော်သမား ၊ အရက်သမား ၊ ခုမှ မျက်လုံးကြီး ပြူးပြူးနေသလား ဟင် ”
ဒီလို မဆွဲမိက ဆိုပြန်တော့လည်း ဖြူစူးကြီးမှာ မဆွဲမိ ပြောတာကို နားလည်ဘိသည်သို့ မျက်လုံးကြီးကို လှန်ကာ လှန်ကာ ကြည့်နေ၏ ။
“ ဟေ ... ဖြူစူးရဲ့ ၊ ထန်းရည်တွေ ၊ စိမ်ရည်တွေကို ခိုး ခိုးသောက်လှည့်ပါဦး ... ဟီး ”
တအိအိ ရှိုက်ရင်းမှ ဖြူစူး အကြောင်းကို ပြန်လည် တွေးတောမိသဖြင့် မဆွဲမိက ဟစ်၍ ငိုလိုက်သည် ။ ကွေကွင်းရသည်၏ နောက်ပိုင်းတွင် စွဲမက်စရာ အတိတ်ကြောင်းကို ထားရစ်ခဲ့သူအဖို့ ပိုမိုကြေကွဲရ ၊ တသ နှမြောမိရသည် ။ မဆွဲမိက ဟစ်၍ ငိုလိုက်ပြီး တဟင်းဟင်း မြည်ကာ တစ်ချက်တစ်ချက် ရှိုက်နေသည် ။
“ ဟေ ... ဒါလောက်လည်း ပူပန်မနေပါနဲ့ဟာ ၊ ကံအကြောင်းတရားလို့သာ အောက်မေ့လိုက်ပေတော့ ဆွဲမိရာ ”
ဒါပဲ ။ ကံကိုချည်း ပုံချနေသဖြင့် စစ်ဘီလူး၏ ပါးစပ်မှ ငြိမ်းချမ်းရေး ကဲ့သို့ အနှစ် ကင်းမဲ့လာတော့သည် ။ တန်ဖိုးသည် ကင်းမဲ့၍ အနက်သည် မထင်တော့ ။ ကျက်မှတ်ထားပြီး စာတစ်ပုဒ်ကို ရွတ်ဆို သကဲ့သို့ ပေါ့ပျက်လာရ၏ ။ ကံ ကံမှ တစ်ပါး အခြား လက်သည်ကို ရှာဖွေ၍ မမြင်တတ် ၊ မတွေ့တတ်ကြ ။ အမှန်မှာလည်း ယုတ်သွမ်းသော လူ့ဆက်ဆံရေးကို ထင်မြင်သုံးသပ်နိုင်လောက်သည်အထိ မရင့်ကျက်ကြသေး ။ ရင့်ကျက်အောင်လည်း မည်သူကမျှ မပြသ မပို့ချကြ ။
ဤဆင်းရဲမွဲငတ်သော လူတန်းစား၏ ထူးကဲသော ဆေးဖက်ဝင်ပုံကို သိသည့်သူများက ဖြားယောင်း လှည့်ပတ်တိုင်းသာ ခံနေကြရသည် ။ လာခဲ့ ဆိုလျှင် လာတတ်သည် ။ သွားဟဲ့ ဆိုလျှင် သွားတတ်၍ ၊ အော်စမ်းဆိုလျှင် အော်တတ်ကြပါ၏ ။ စားကျက်တွင်း သို့ထုတ်မောင်းသော နွားအုပ်ဟူ၍ သဘောထားသော ကရုဏာရှင်တို့က ဒါ့ထက်ပို၍ ညွှန်ပြခြင်းလည်း မရှိ ။ ညွှန်ပြလိုသော စေတနာလည်း မရှိရကား သူတို့အဖို့ ကံတစ်ခုကိုသာလျှင် တရားခံ အဖြစ် မြင်နိုင် ကြခြင်းမှာ ဆန်းပါသလော ။ ဤရက်၏ နောက်ပိုင်းတွင်မူ ကြော့ကြမ်းစွာ ဆုံစည်းတတ်သော အဖြစ်များ က ဆိုးရွားလှပေသည် ။ လက်ကသုံးတောင်ဝှေး အားကိုးရသည့် နွားကြီးနှစ်ကောင် ပျောက်ဆုံးခဲ့သဖြင့် မဆွဲမိ မှာ တမှိုင်မှိုင်နှင့်သာ ရက်တို့ ကုန်ဆုံးခဲ့ရကာ ဝါဦး အမီ သပိတ်ရောင်းနိုင်ရန် အားခဲထားသမျှတို့သည် အလဟဿ ဖြစ်ကုန်ရသည် ။ နင်းနယ်ထားသော ရွှံ့စေးများမှာ နွားရေတွင်းဝယ် ခြောက်ကပ်ကုန် ကြသည် ။
ထွင်းပြီးခါစ အိုးများမှာ နေပူထဲတွင် အသွေ့လွန်ပြီး ကွဲအက်နေလေပြီ ။ ပုတ်လက်စ အိုးများမှာလည်း နောက်ထပ် ပုတ်၍ ရတော့မည် မဟုတ် ။ လုပ်လျက် တန်းလန်းနှင့် သွေ့ သယောင်း ကုန်ကြ၏ ။ အိမ်နီးနားချင်းများက ထမင်းဟင်း လာရောက်ပေးပို့ ၊ ချော့မော့ ကျွေးမွေးကြသော်လည်း မဆွဲမိ၏ ရင်ဝယ် ဟာ၍ နေ၏ ။ ထမင်းကို သူ မသိပေ ။ မကျီးဒန်တို့ တစ်တွေက သူတို့ တတ်သမျှ မှတ်သမျှဖြင့် ကံကို ပြကာ တရားချကြ၏ ။
ခုနစ်ရက်တိုင် ကြာခဲ့၏ ။ ပူပန်ခြင်း၏ အဟုန်သည် မဆွဲမိ၏ ခန္ဓာတွင် ထင်ဟပ်လာသည် ။ မျက်ကွင်းတို့သည် ဟောက်ပက်နက်ရှိုင်းလျက် ၊ ပါးရိုးတို့သည် ချွန်ထွက်ငေါနေ၏ ။ နေ့၏ မှတ်တိုင် နေခြည်သည် ပြုစဖြစ်လာ၏ ။ မဆွဲမိ မှာ အိပ်ရာထက်ဝယ် ပက်လက်ကလေး နေရာမှ ထထိုင်ပြီး နွားတင်းကုပ် ဘက်ကို ကြည့်လိုက်သည် ။
“ ဘိုနီတို့ ၊ ဖြူစူးတို့ရေ အမျှ .. အမျှ ”
မျက်ရည်တို့သည် လျှံကျယိုစီးလာကာ ခွက်ဝင် နေသော နားထင်ချိုင့်မှ ပါးရိုးပေါ်သို့ လိမ့်ကျလာ၏ ။
“ ဆွဲမိရေ... နင်တို့ နနီကြီး ပြန်လာပဟေ့ ၊ ဟော ... ဟုတ်တယ်ဟ ၊ ဆွဲမိ နနီ ... နနီ ”
“ အမယ်လေး ... သား သား ဘိုနီ ”
ဘိုနီမှာ နွားစာခေါင်းတွင်းဝယ် ခြောက်ကပ်နေသော ကောက်ရိုးစင်းများကို လျှာစောင်းထိုးကာ လျက်နေရာမှ မဆွဲမိ၏အသံကြောင့် မော့ကြည့်လိုက် သည် ။ မဆွဲမိက ဘိုနီ၏ လည်ပင်းကို ပြေး၍ ဖက်လိုက်ရာ ဘိုနီက အစာတောင်းစဉ်တုန်းက အသံမျိုးဖြင့် တဂူးဂူး မြည်လိုက်သည် ။
ကိုဘအုန်းတို့ နွားနီကြီး လွတ်ပြေးလာသည် ဟူသော သတင်းကြောင့် ရွာထဲမှ လူများ ပြေးလွှားရောက်ရှိလာကြသည် ။ မဆွဲမိ ကမူ ကွေကွင်းခဲ့ရသော သားငယ်အား ပိုက်ဖက်လျက် ပါးပြင်နှင့် ကြင်နာစွာ ဖိကပ်ထားရင်း လက်မှာ လည်ပျဉ်းသားကို ပွတ်သပ်ပေးနေသည် ။ သတင်းမေးရန် ရောက်ရှိလာသော လူများမှာ နွားတင်းကုပ်ထဲသို့ ရောက်ရှိလာကြ၏ ။ မဆွဲမိ က သူတို့ကို မမြင် ။ အားထားရသော သားကြီး၏ လည်ပင်းကို ပွတ်ပေးရင်းမှ ပခုံးပေါ်သို့ လက်က ရွေ့လျားလာကာ တဖြည်းဖြည်း ခေါင်းပေါ်သို့ ရောက်လာသောအခါ ဘိုနီက ခေါင်းကို ယမ်းပစ်သဖြင့် ငုံ့ကြည့် လိုက်မိ၏ ။ ဟုတ်သည် ၊ ဘိုနီ၏ ချိုကြားမှ စီးဆင်း လာသော သွေးတို့သည် နှာပေါ်မှ တစ်ဆင့် မြေပေါ်သို့ ကျလာသည် ။ မဆွဲမိ၏ လက်တွင်လည်း သွေးစတို့ စွန်းကျံနေ၏ ။
“ အမယ်လေး ... ဖြစ်ရလေခြင်း ဘိုနီရဲ့ ... ”
မဆွဲမိက ဟစ်၍ ငိုလိုက်စဉ်မှာပင် ဘိုနီ မှာ မချိမဆံ့ တစ်ချက် အော်၍ လဲကျသွားတော့သည် ။ မဆွဲမိ မှာ ဘိုနီ၏ လည်ပင်းပေါ်သို့ ပစ်လှဲချကာ ရှိုက်၍ ရှိုက်၍ ငိုနေသည် ။
“ မထူးတော့ပါဘူးဗျာ .. ကံအကြောင်းတရားပေါ့ ”
ဘယ်အချိန်က ရောက်လာမှန်း မသိသော ကိုဘအုန်း၏ အာလေးလျှာလေးသံကြောင့် မဆွဲမိ မော့ကြည့်လိုက်၏ ။
“ ဒီနွားဟာ ဝေးဝေးပဲ ရောက်သွားသလား ၊ နီးနီး မှာလားတော့ မသိဘူးကွ ၊ ဒါပေမဲ့ ဒါလောက်ကြီးတဲ့ ဒဏ်ရာနဲ့ ပြေးလာနိုင်တာကို ထောက်ရင် နှစ်တိုင်သုံးတိုင်ပဲ ဝေးရမယ်ကွ မောင်ဘအုန်းရ ”
လဲကျနေရာမှ မျက်ဖြူကြီး လန်နေသော ဘိုနီကို အုံကြည့်နေရာမှ ကိုထွန်းကျော် က ထင်မြင်ချက် ပေးလိုက်ခြင်းဖြစ်သည် ။ ဘိုနီ ကမူ မျက်လုံးအိမ်အတွင်းမှ မျက်ရည်များ ပြည်လျှံလိမ့်ဆင်းလာလေသည် ။
“ တတ်နိုင်ရင် လုပ်ကြပါဦး တော်တို့ရယ် ”
မဆွဲမိက လူအုပ်ကြီးကို မော့ကြည့် အကူအညီ တောင်းရာ
“ မရတော့ပါဘူး ဆွဲမိရာ ၊ ကံပဲပေါ့ ”
ဟုတ်ပါပြီ ။ ကုစားလို့ မရတော့ပါပြီ ။ မဆွဲမိ၏ သည်းလှိုက်အူလှိုက် ချစ်ရသော ဘိုနီက သူ့သခင်ရှိရာသို့ မချိမဆံ့ဒဏ်ရာကြီးနှင့် ပြေးလွားရောက်ရှိလာကာ ခေါင်းချလိုက်ပါပြီ ။ အသက်ရှူခြင်းသည် ရပ်ဆိုင်းလျက် မျက်ရည်တို့ ပြည်လျှံလိမ့်ဆင်းလာလေသည် ။ မမြင်ကွယ်ရာတွင် ဖြစ်ပျက်သွားတာကမှ ဖြေသိမ့်ပေသေး၏ ။ ယခုမူ မရောက် ရောက်အောင် ပြေးလာပြီးကာမှ မရှုမလှ သေဆုံးသွားရခြင်းမှာ မဆွဲမိ အဖို့ ရူးလုမတတ်ပင် ဖြစ်ရ၏ ။ အိမ်မှန်းရာမှန်း သိတတ် လိမ္မာခြင်းကပင် ပိုမို ကြေကွဲစရာ ဖြစ်ရပေသတည်း ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment