Tuesday, June 2, 2026

လူ၏အကြံ ကံ၏အဖန်

❝ လူ၏အကြံ ကံ၏အဖန် ❞
        ( ပီမိုးနင်း )

ဖိုးမြိုင်သည် အိမ်ခေါင်းရင်း ဝင်းထရံ အကွယ်၌ ကပ်ကာ မန်ကျည်းပင် အရိပ်အောက် မြေပြောင်ပြောင်တွင် ဖျင်ကုလားထိုင်ကလေးမှာ ထိုင်လျက် မဂ္ဂဇင်း စာအုပ်ကို ဖတ်ဟန်ဆောင်၍ နေလေ၏ ။ ၎င်း၏ နားသည်ကား ဘာသံများကို ကြားမလဲဟု သတိထား၍ နေလေ၏ ။

ဒေါ်ကြူးသည် ကျယ်ကျယ်လောင်လောင် ပြောတတ်သူ ဖြစ်သဖြင့် တစ်စုံတစ်ရာကို ပြောလျှင် ကြားရမှာပဲဟု သိလေ၏ ။ လွှတ်၍ ထားသော အောင်သွယ် မမယ်ဆယ်သည် လွန်စွာ အဆွယ်ကောင်းသည့်ပြင် ဒေါ်ကြူးတို့ သားအမိနှင့်လည်း မနိုင်ရင်ကာ ဖြစ်၍ နေလေရာ ဒေါ်ကြူးသည် မမယ်ဆယ် တစ်ပတ်နှစ်ပတ် လှိမ့်လျှင် ဧကန်ပါမှာပဲဟု အားကိုး၍ နေလေ၏ ။

ဒေါ်ကြူး၏ သမီး မစောမေ မှာ ရုပ်လည်းလှ ဥစ္စာ လည်း ပေါ ၊ ဈေးနားလည်း နီး တိုက်လည်း ကြီးမို့ လိုချင်သူ များစွာ ရှိလေရာ ဖိုးမြိုင်မှာ ကပ်လျက် ယှဉ်လျက် ရှိသော အိမ်ကို တစ်ယောက်တည်း ငှား၍ နေရသောကြောင့် တစ်ကြောင်း ၊ တစ်ရပ်သား ဖြစ်သောကြောင့် တစ်ကြောင်း ၊ ရုံးစာရေးကလေး တစ်ယောက် ဖြစ်သောကြောင့် တစ်ကြောင်း မိမိထက် ထိုက်တန်သူ မရှိဟု ဖိုးမြိုင်၏ စိတ်၌ ယုံကြည်လေ၏ ။

တစ်ရပ်သား သနားကမား စာရေးစာချီကလေးများမှာ မျက်နှာပွင့်တတ်မြဲ ဖြစ်လေရာ ဖိုးမြိုင်၏ မျှော်လင့် ကိုးစားခြင်းမှာ ခိုင်လုံသော အခြေခံ ရှိသည်ဟု ဆိုနိုင်လေသည် ။ မမယ်ဆယ် ကလည်း မိမိ လှော်ရလျှင် ပေါ်မည် ၊ ကော်မည် ။ နှစ်ဖို့ မရှိဟု ဖိုးမြိုင် အားတက်လောက်အောင် ပြောသဖြင့် ဖိုးမြိုင်မှာ စောမေနှင့် ချောချောပြေပြေ မဖြစ်နိုင်ဖွယ်ရာ လမ်းမရှိဟု စိတ်ချ၍ နေလေ၏ ။

သို့သော်လည်း ကြားရသော စကားများမှာ များစွာပင် အားမရဖွယ်ရာ ဖြစ်သည်ကား အောက်ပါအတိုင်း ကျယ်လောင်စွာ ပြောသော စကားများ ဖြစ်လေ၏ ။

“ ဟေ့ ... မယ်ဆယ် ၊ ငါလည်း ငယ်ရာက ကြီးလာတဲ့ မိန်းမမို့ ပါးစပ်ဟ အူမကို အတိုင်းသား မြင်တတ်လွန်းလို့ ညည်းတို့ အလုပ်မျိုးဟာ တို့လိုမိန်းမမျိုးနဲ့ တွေ့ရင် ခွကျတာပဲ ။ ညည်းလာတာ သွားတာတွေကို ငါ နမော်နမဲ့ ကြည့်နေတာ မဟုတ်ဘူးအေ့ ။ သူ့ခမျာ မျှော်လင့်ချက်နဲ့ အလကား စိတ်ပင်ပန်းအောင် ညည်း လုပ်မနေပါနဲ့ ။ မဖြစ်နိုင်ဘူး ဆိုတာ အပြီးအစီး ပြောလိုက်ပါ ။ ညည်းလူ ဒီအိမ်ကို ဘာပြုလို့ တစ်ယောက် တည်း လာပြီး ငှားနေတယ် ။ ဘယ်ယုန် မြင်လို့ ဘယ်ချုံကို ထွင်တယ် ဆိုတာ အစကတည်းက သိပြီးသားပါ ။ အညှီရှိ ယင်အုံသတဲ့ ။ သွားလေသူ ကျောင်းဒကာရဲ့ အညှီတွေ ကျန်ရစ်တာကို ယင်မမည်းရိုင်းတွေ အုံလွန်း လို့ မောင်းချည်းပစ်နေရတယ် ဆိုတာ ညည်းအသိသား မဟုတ်လား ။ ဟော ... ဒင်းကလေးလည်း အညှီပဲ ။ ဒီတိုက်လည်း အညှီပဲ ။ လယ်ဧကလေး ထောင်လည်း အညှီပဲ ။ ပြောင်ပြောင်လက်လက် မြင်သမျှတွေဟာ အညှီတွေချည်း မှတ်လိုက်ပါ ။ စည်းစိမ်ရော ၊ လူရော အပ်ရတဲ့ အများထုံးစံကို လိုက်တဲ့ မိန်းမ မဟုတ်ဘူး ။ ငွေမက် တယ်လို့ ပြောချင်ပြော ။ ကျုပ်တို့ သားအမိ အိမ်ခြေ လယ်ခြေ ရွှေငွေပစ္စည်းရော အကုန်တွက်ရင် ဆယ်သိန်း ထက် မနည်းဘူး တန်တယ် ။ သည့်အတွက် တူနိုင်မှ တန်မယ် ။ မတူရင် မတန်နိုင်ဘူး ။ လူချင်း မပေးစားဘူး ။ ပစ္စည်းချင်းမှ ပေးစားမယ်လို့ ပြောလိုက်ပါ ။ ဒါတောင် ကျုပ်သမီး နွဲ့ရဆိုးရမယ့် လူမျိုးမှ ပေးစားမှာ ။ ကိုယ်ကလည်း အကုန်ခံရပြီး နောင်အလေလိုက်မှာ စိုးလို့ ချော့မော့ရမယ့် ရွယ်တူတန်းတူမျိုးကို ဘယ်တော့မှ မပေးစားဘူး ။ ကာလသား လူပျိုလူရွယ်တွေမှာ ရွှေထွက်တာ မဟုတ်ဘူး ။ တော်တော်ကြာရင် အတူတူပဲ ။ ကျုပ် မျက်နှာလွှဲ သွားရင် ငါ့သမီးကလေး လူစော်ကားမခံရဘူး ဆိုတာ စိတ်ချသွားချင်တယ် ။ ပစ္စည်းရှိလို့ ချောချောလှလှ ကလေးများနဲ့ ပေးစားတာဟာ ငါ့သမီးကို စော်ကားပါ ။ ဟောဒီ ပစ္စည်းများကို သုံးတော်ဖြုန်းတော်မူပါ ။ တစ်ခါ တစ်ခါ ရန်ကုန်မြို့သွားပြီး ဖတ်ဖတ်မောအောင် ပျော်တော်မူပါ ။ ပြီးတော့ ကျုပ်သမီးကလေးဖို့ မီးယပ်ပိန် ရောဂါ ထိုက်ထိုက်တန်တန် အမျိုးစစ်အမျိုးမှန်ကို လုံလုံလောက်လောက် ဝယ်ခဲ့ပါ ။ ပြီးတော့ ကျုပ်သမီးကလေး ရောဂါနဲ့ မြန်မြန်သေအောင် ဆေးကျွေးပြီး ပစ္စည်းတွေကို အမွေခံ စံချင်သလို စံရစ်တော်မူပါ ဆိုတဲ့ နည်းမျိုးဟာ ကျုပ်တို့နည်း မဟုတ်ဘူး ။ ယောက္ခမက သားသမက်လို့ အောက်မေ့ပေမယ့် သားမက်က အမေယောက္ခမလို သဘောထားရိုး ထုံးစံမရှိ ။ ပစ္စည်းရှိတဲ့ ယောက္ခမရှေ့မှာ ရုပ်ပွားတော်ကလေးများလို ကိုးကွယ်ချင်လောက်အောင် ကြောင်သူတော် လုပ်ပြီး ကွယ်ရာမှာ ထင်သလို ကျင့်တတ်တဲ့ ယခုကာလသားကလေးမျိုးနဲ့ ကျုပ်သမီးကလေးကို မပေးစားဝံ့ပါဘူး ။ မာမာမှ မပြောခဲ့တဲ့ သမီးကလေး အပေါ်မှာ လင်ဆိုပြီး သူစိမ်းပြင်ပြင်က မောက်မာမှာ အစစအရာရာ မညှာမတာ မချင်းမစား ပြုမူကျင့်ကြံ မှာတွေကို ကြောက်လွန်းလို့ပါ ။ ကျုပ်သမီးကို ပစ္စည်းရှိတဲ့ လူကြီးနဲ့မှ ပေးစားမယ် ။ လခကလေး ရှစ်ဆယ်တစ်ရာကို ကျုပ်တို့ မမက်ဘူး ။ နှစ်စဉ် လေးငါးသောင်း အဝင်ရှိသူမှာ တစ်လ ရှစ်ဆယ်တစ်ရာ ဘယ်နေရာမှာ သုံးရမလဲ ” ဟူသော စကားများ၏ ထက်သန်ပြင်းထန်သော လေသည် ဖိုးမြိုင်၏ နားအတွင်းသို့ ပဆုပ်ပနီ ဝင်၍ ထိုးသလို ဖြစ်၍ သွားလေ၏ ။

ဒေါ်ကြူးသည် တကယ့်အချစ်၏ အဖိုးထိုက်တန်ခြင်းကို နားမလည် ။ တကယ့်အချစ်သည် စိန်ရွှေရတနာ ဥစ္စာပစ္စည်းများနှင့် မနှိုင်းသာသော ရတနာတစ်ခု ဖြစ်ကြောင်း ၊ အချစ်သည် လောကဓာတ် တစ်ခုလုံး၏ အနှစ် ဖြစ်ကြောင်း မသိချေ ။ မိမိကိုယ်တိုင် ကျောင်းဒကာကြီးနှင့် လူကြီးမိဘက အရွယ်ချင်းမတူဘဲ ပေးစားသဖြင့် ယူခဲ့ရလေရာ မိမိ၏ဝါဒအရ သုခချမ်းသာခြင်း၏ အထွတ်အထိပ်သို့ ရောက်ခဲ့လေ၏ ။ သို့ဖြစ်သောကြောင့် မိမိ၏ သမီးချောကလေးကိုလည်း မိမိနှင့်အလား ဝမ်းဘဲ ၊ ကြက် ၊ ငှက် ၊ ငါးမြင်းရင်း ဝမ်းတွင်းသားကို အစား မခိုင်းဘဲ အမဲခြောက်ဖုတ် အရွတ်အရွဲကို ခဲစေဖို့ရန် ကြံစည်၍ နေခြင်းဖြစ်လေ၏ ။

ဒေါ်ကြူးမှာ အသက်ငါးဆယ်ကျော်ကလေးမျှ ရှိသော်လည်း လင်ပစ္စည်းကို ရခဲ့သော အချို့သော သမီးရှင် မိန်းမကြီးများလို လူပျိုချောကလေးများနှင့် အရောဝင်ကာ သမီးကို ကလပ်၌ မတင် ။ အများကြီး ဆင်ခြင်သူ ဖြစ်လေရာ အာကြမ်းခြင်း တစ်ရပ်က ခိုင်လုံသော ခံတပ်ကြီး ဖြစ်၍နေသဖြင့် မည်သူမျှ မကပ်နိုင်သည့် အထဲ ကိုဖိုးမြိုင်သည် တိုးဝင်တိုက်ခိုက်ရန် မမယ်ဆယ်ကို ဗိုလ်တင်၍ လွှတ်ခြင်း ဖြစ်လေ၏ ။ ထိုစကားများကို ကြားရသောအခါ အများကြီး စိတ်ပျက်ဖွယ် ဖြစ်သော် လည်း ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင် တမွတ် ကြယ်ကိုဆွတ် မလွတ်စတမ်း ရမြဲလမ်း ဟူသော စကားကို လက်ရုံးထားကာ အကြံဉာဏ် လုံ့လကို မလျှော့ ။ အားချင်းပြိုင် အနိုင်မယူ နိုင်လျှင် ပရိယာယ် ဉာဏ်အားဖြင့် အနိုင်ယူမည်ဟု ကြံစည်အားကိုးခြင်း ပြုလေ၏ ။

သို့ဖြစ်သောကြောင့် မမယ်ဆယ် ပြန်၍ လာသော အခါ “ ကျွန်တော် ကြားရတယ် မမယ်ဆယ် ။ သို့သော်လည်း အားငယ်စရာ မရှိပါဘူး ။ မမယ်ဆယ်၏ တာဝန်တော့ ပြေကုန်ပါပြီ ။ ကျွန်တော်၏ အစွမ်းသာ ကျန်ပါ တော့တယ် ” ဟု ပြောပြီး အနည်းငယ် ဉာဏ်ထုတ်လေ၏ ။

ဉာဏ်သည် နေရာတိုင်းမှာ လို၏ ။ လူတို့မှာ အခက်အခဲ၌ ဉာဏ်ကို အကြောက်သည် ဖုံးလွှမ်း၏ ။ လောကမှာ လူလောက် အဘယ်အရာမျှ အဖိုးမတန် ။ သိန်းသန်းကုဋေ ရွှေငွေဘဏ္ဍာတို့သည် အနိမ့်ဆုံးသော သုဘရာဇာ ဒွန်းစဏ္ဍားသား သူတောင်းစားအကလေးကလေး တစ်ယောက်လောက် မထိုက်မတန်ချေ ။ လူသည် ထိုပစ္စည်းတို့ကို ဖြစ်အောင်လုပ်သူ ဖြစ်၏ ။ သူတို့မှာလည်း လူ ငါလည်းလူ အတန်းတူ၏ ။ တစ်ခဏမျှ သူတို့မှာ ဥစ္စာစည်းစိမ် ပိုမိုများပြားခြင်းသည် ခြားနားခြင်းကို မဖြစ်စေလောက် ။ မီးရထားသင်္ဘောနှင့် ခရီးသွားခိုက်မှာ ချောင်သောနေရာနှင့် ကျပ်သောနေရာ ခြားနား သလောက်သာ ခြားနား၏ ။ ထို့ပြင်မှတစ်ပါး ခရီးသည် မှန်က တန်းတူသာ ဖြစ်ကြ၏ ။ ငါကြံရင် ခံနိုင်ရိုးလား ။ အခက်အခဲ ဟူသမျှမှာ အညှာရှိ၏ ။ နိုင်ကွက် တစ်ခုတော့ ရှိမြဲ ဓမ္မတာမို့ ။ ဉာဏ်စွမ်းသာ ပဓာန ။ လူစဆိုတာ ဉာဏ် သာလျှင် ဖြစ်သည်ဟု ပညာရှိများ ပြောကြ၏ ။ ဉာဏ် ရှိသမျှကို အကုန်သုံးလျှင် အောင်ရမည် ။ ဤလောကမှာ ဉာဏ်ကို ရာခိုင်နှုန်းတစ်ရာ အသုံးပြုသူ လွန်စွာ နည်း၏ ။ အဘယ်အတွက် မဖြစ်နိုင်ရမှာတုံး စသည်ဖြင့် တွေးကြံလေသတည်း ။

မမယ်ဆယ်နှင့် ထိုအကြောင်းကို တစ်နေ့သ၌ ပြောဆိုတိုင်ပင်ရာတွင် ပစ္စည်းပါရင် ကျိုးကျိုး ကန်းကန်း အိုအိုမင်းမင်း ပေးစားမည် ။ ယောက်ျားကို အဖိုးတန် သဘောထားပြီး မဝယ်ဘူး ။ ပစ္စည်းပါရင် အိုလေ သဘောကျလေ ။ သည်တော့မှ မြန်မြန်သေပြီး ပစ္စည်းကိုပိုင်မည် ဟူသော စကားများကို ဒေါ်ကြူး အသုံးပြုကြောင်း သိရလေ၏ ။

“ နို့ ကောင်မလေးကကော ”

“ ဒါတော့ကွယ် မင်းလည်း စဉ်းစားကြည့်မှပေါ့ ။ အမေလုပ်သူရဲ့ အလိုကို လိုက်နေရပေမယ့် ပျိုပျိုရွယ်ရွယ် ချောချောလှလှ လိုချင်မှာပေါ့ကွယ် ”

“ နို့ အဘိုးကြီးအိုများနဲ့ သူ့အမေက ပေးစားရင် ယူမှာလား ”

“ ဒါတော့ မပြောတတ်ဘူး ။ အမေ့စကားကို အင်မတန် နားထောင် ၊ အင်မတန်လည်း ကြောက်လေတော့ ယူချင် ယူမလား မသိဘူး ။ သူ့အမေ ပြောတော့ဖြင့် တော်ရာက နေပြီး မေးငေါ့နေတာပဲ ”

“ ဟုတ်လား ၊ ဒီလိုဖြင့် ကောင်မလေးက နည်းနည်းတော့ ”

“ ဒါကြောင့် အဒေါ် ပြောတာပေါ့ ။ ကောင်မလေးက လိုက်ရောချင်တယ် ။ ကောင်မကလေး အလိုအတိုင်း ဖြစ်ရင် နေရာကျပြီးသားပေါ့ ”

“ နောက်ဆုံးကျတော့ အဒေါ်ရယ် လူကြီးက ဘယ်လို ပညတ်စေကာမူ ကိုယ်သာ ပဓာနပါ ။ သံကွန်ချာ အုပ်ထားလို့ မရပါဘူး ။ ကျွန်တော့်အခန်း ပြတင်းပေါက်နဲ့ သူ့အခန်းနဲ့ တည့်နေတာပဲ ”

“ ဒါပေါ့ကွယ့် ၊ အဒေါ် ကြံပါ့မယ် ။ အေးအေးပေါ့ ။ မလောမဆော်ပါနဲ့ဦး ။ ပဗ္ဗတတောင်ခြေတဲ့ ။ သင်း ဘာမို့ လဲ ။ ကောင်မလေးကတော့ စိတ်ချပါပြီ ။ အဒေါ်နဲ့ သူ့ အမေနဲ့ ပြောနေတော့ မျက်စောင်းတခဲခဲနေတာ မင်း ထောက်ကြည့်မှပေါ့ ”

“ ကိုင်း ... ဘယ့်နှယ်ကြံမလဲ ။ ကျွန်တော် စိတ်ကူးရတာကို ပြောပြမယ် နားထောင်စမ်း ။ ကျွန်တော် လခ အပြည့်နဲ့ အခွင့်သုံးလ ရနိုင်တယ် ။ အခွင့်ယူပြီး ကျွန်တော့် အရပ်ကို ပြန်ဟန်ဆောင်ပြီး အဘိုးကြီးလူမမာ ဟန်ဆောင် လာခဲ့မယ် ။ ဒီအိမ်ကိုပဲ ပြန်ငှားမယ် ။ မယားသေပြီး စိတ်လက်မကောင်း ၊ ဆရာဝန်ကလည်း ပူတဲ့အရပ်ကို သွားနေရမယ်လို့ အမိန့်ချတဲ့ ပုံနဲ့ လာတာပေါ့ ။ ကွယ်လွန်သူ မယားပစ္စည်း ဆိုတဲ့ လက်ဝတ်လက်စားများလည်း တစ်သောင်းဖိုးလောက် ပါလာတဲ့ ပုံကိုပြရင် ပစ္စည်းရှိတဲ့ အဘိုးကြီးဆိုတာ ယုံမှာပဲ ။ ဓာတုဗေဒ စိန်တွေ ၊ သတ္တုရွှေတွေ လေးငါးဆယ်ဖိုး ဝယ်ရင် တစ်သောင်းခင်းလောက်တော့ အထင်ရောက်မှာပဲ ။

“ ဒီလိုဆိုရင် ချက်ချင်း နေရာကျမှာပေါ့ မောင်ရယ် ။ အိမ်ပေါ်ကိုတောင် ခေါ်တင်ပြီး ပြုစုထားမှာ ။ ပစ္စည်း ရှိလို့လား မသိဘူး ။ အင်မတန် ပစ္စည်းမက်တာပဲ ”

“ မက်လို့လည်း ရှိတာပေါ့ ။ တံငါဟာ ငါးကို ဘယ်မှာ ငြီးတယ်လို့ရှိမလဲ အဒေါ်ရဲ့ ။ ပစ္စည်းဆိုတာ ရလေလိုလေ ။ များလေ တောင့်တလေပဲ ။ ဒီလို မရောင့်ရဲနိုင်တဲ့ အတွက် ဆင်းရဲသားတွေ ခိုကိုးရာရကြတာပေါ့ ။ ပစ္စည်း ရှိသူတွေ ရောင့်ရဲပြီး ဘာမှ တိုးပွားအောင် မကြံကြ မစည်ကြဘဲ နေကြရင် အလုပ်ကြီးတွေ ၊ အကိုင်ကြီးတွေ ဘယ်မှာရှိမလဲ အဒေါ်ရဲ့ ။ အလုပ်ကြီးအကိုင်ကြီးတွေ မရှိရင် ဆင်းရဲသားတွေ ဘယ်မှာ အလုပ်ရနိုင်မှာတုံး ။ လူတွေဟာ ရောင့်ရဲတဲ့ စိတ် ရှိကြရင် လောကကြီးဟာ အခုလို မကြီးကျယ်ဘဲ အရိုင်းအစိုင်းများလို သစ်သီးဝလံ တောအမဲနဲ့ တဲထိုးပြီး နေကြတော့မှာပေါ့ အဒေါ်ရဲ့ ”

“ မင်း ပြောတာတော့ ဟုတ်ပါရဲ့ကွယ် ။ နို့ပေမဲ့ ဒီမိန်းမကြီးလို ပစ္စည်းမက်တာတော့ လွန်လွန်းအားကြီးပါတယ် ”

“ ပစ္စည်းမက်တာဟာ ကျွန်တော် ဟန်ကျဖို့ပေါ့ အဒေါ်  ”

“ ကြံစမ်းပါဦးကွယ် ၊ အဒေါ်လည်း တတ်နိုင်သမျှ ကူရတာပေါ့ ” ဟု ပြောပြီး ထွက်သွားလေ၏ ။

နောက်ရက်များမကြာမီ မောင်ဖိုးမြိုင် အခွင့်နှင့် မိမိ၏ အရပ်ကို ပြန်သွားပြီးနောက် တနင်္ဂနွေတစ်ပတ်လောက် ကြာသောအခါ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ကောက်ညှင်းဆိုင်းထုပ် ထုပ်၍နေသော ဒေါ်ကြူးသည် “ ခွေးကြည့်စမ်းပါ အမိရို့ ” ဟု ပြောသော အသံတစ်ခုကို ကြားရသဖြင့် ကြည့်လိုက်ရာ သားနားစွာ ဝတ်ဆင်သော အသက်ခြောက်ဆယ်ခန့်ရှိ အဘိုးအို တစ်ယောက်ကို မြင်ရလေ၏ ။ ၎င်းအဘိုးအိုသည် တုတ်ကောက်ကြီးကို ချည့်နဲ့သောလူများ ထောက်မှီပုံမျိုးနဲ့ ထောက်မှီကာ ပြုံးရွှင်သော မျက်နှာနှင့် ကြည့်၍နေလေ၏ ။ ၎င်းဝတ်ဆင်ပုံမှာ အဖိုးတန် သက္ကလတ်အင်္ကျီ ၊ မန္တလေး ပုဆိုးရှည် နံ့သာရောင် ခြေအိတ်မှာ ချောကလက်ရောင် ၊ ကျားပါးစပ် ဖိနပ်ဝါကြန့်ကြန့်အရောင် ၊ ပန်းရောင်ခေါင်းပေါင်း ရွှေမျက်မှန် ၊ စိန်လက်စွပ်ကြီးသော ရွှေနာရီကြိုး ၊ ရှပ်အင်္ကျီ ကော်လံ အထောင်အပြောင်ကို ဝတ်ဆင်သည့်ပြင် တုန်လှုပ်သော လက်တစ်ဖက်ကို မြှောက်ကာ ဦးခေါင်းမှာ ခပ်ယမ်းယမ်းနှင့် ရွှေလက်ပတ်နာရီကြိုးကို ကြည့်ပြီး “ အောင်မယ် ဆယ်နာရီ ကျော်သွားပြီကိုး ” ဟု အသံတုန်တုန်နှင့် ပြောရင်း ယိမ်းယိုင်ကာ ချည့်နဲ့နဲ့နှင့် ဒေါ်ကြူး၏ နေရာ အနီးသို့ ခြေတစ်ဖက် တရွတ်ဆွဲသလိုဟန်နှင့် ကပ်ရောက် လာပြီး ဒေါ်ကြူး၏ ကွပ်ပျစ်ပေါ်မှာ မောပန်းပုံကြီးနှင့် ထိုင်ချပြီးလျှင် ဖြူဖွေးမွှေးကြိုင်သော လက်ကိုင်ပဝါကို ထုတ်ကာ လည်ပင်းလက်ခုံရှိ ချွေးများကို တို့နှိပ်ကာ သုတ်လေ၏ ။

ဒေါ်ကြူးသည် ရှေးဦးပထမ ခက်ထန်သော မျက်နှာထားနှင့် ကြည့်၏ ။ နောက်တစ်စက္ကန့်အတွင်း စဉ်းစား သော အမူအရာနှင့် ကြည့်၏ ။ ဤအရွယ်မျိုးနှင့် ဤ ဝတ်ပုံများကို မမြင်ဖူးသဖြင့် အတွေးကြပ်ရပုံ ဖြစ်၍ နေ၏ ။ ထို့နောက်မှ ရန်ကုန်သားအစိုးရအရာရှိ အငြိမ်းစားလား ။ သူဌေးကြီး တစ်ယောက်ယောက်များပေလား ဟု စဉ်းစားပြီး အကြည်ညိုဝင်လေ၏ ။ ပဝါဖြူနှင့် ရေမွှေးနံ့ကို ရသောအခါ ပြုံးချင်၏ ။ လက်ပတ်နာရီကို မြင်သောအခါ သဒ္ဓါ၏ ။ စိန်လက်စွပ်ကို မြင်သောအခါ ကြင်နာ၏ ။ ရွှေနာရီကြီးကို ထုတ်ကြည့်ပြန်သောအခါ သဒ္ဓါ စိတ်ပေါ်၍ လာလေ၏ ။ နောက်နားသို့ ရွှေ့၍ ထိုင်ပြီး “ မောင်ကြီးက ဘယ်အရပ်ကလာလဲ ။ ကျွန်မ မမြင်ဖူးလို့ပါ ။ မောလာတာကိုး ။ ဟဲ့ ... စောမေ သမီးရေ ၊ ရေယူခဲ့ပါအေ ” ဟု ခေါ်လိုက်ရာ အခန်းထဲမှ စောမေ ထွက်၍ လာပြီး ရေကို ယူခဲ့လေရာ အဘိုးကြီးသည် ရေခွက်ကို လက်တုန်တုန်နှင့် ယူ၍ သောက်ပြီး စောမေ၏ မျက်နှာကို စိန်းစိန်းကြည့်ကာ ပြုံးလျက် “ သာဓု သာဓု ၊ ဘကြီး မောလာတယ် ။ မမာဘူး ” ဟု လေသင်တုန်းဖြတ်၍ လေမသန်သည့် လေးလေးတုန်တုန် အသံမျိုးနှင့် ခပ်ဆိုင်းဆိုင်း တစ်လုံးစီ ပြောလေ၏ ။

စောမေသည် ကြင်နာသော အမူအရာနှင့် အဘိုးကြီးကို တစ်စက္ကန့်မျှ ကြည့်ပြီး လှည့်သွားလေ၏ ။ ဒေါ်ကြူး သည်ကား လွန်စွာ ကြင်နာသည့် မျက်နှာထားနှင့် အဘိုးကြီးကို ကြည့်ပြီး “ ဘယ်အရပ်ပါလဲ ”ဟု မေးလေ၏ ။

အဘိုးကြီးက လက်ပြပြီး “ အားမရှိဘူး ၊ စကားပြောရရင် မောတယ် ။ ရန်ကုန်မြို့ကပါပဲ ။ စိတ်လက်မကောင်း သားမယားဆုံး ၊ ဒါနဲ့ အင်း .. ဆရာဝန်ကလည်း နည်းနည်း ပူတဲ့ တောအရပ်မှာ ဘာမှ မလုပ်ဘဲ နေရမယ် အမိန့်ချ လို့ ။ ဘကြီး တစ်လကိုး သီတင်း ဒီမြို့မှာ နေရဖို့ လာတာပဲ ။ တစ်ယောက်တည်း နေဖို့ အိမ်အားများ ရှိသလားလို့ လျှောက်ပြီး ကြည့်လာတယ် ။ မောတာနဲ့ ဝင်လာ ၊ ရေ တစ်ခွက်သောက်ရ ။ ဒီအရပ်က ရေအလွန် ကောင်းပါကလား ။ ဟင်း ... အမိတို့က ဘာများ လုပ်ကိုင်စားသလဲ ။ တင့်တင့်တယ်တယ် ရှိပေမင့်ကိုး ”

“ ဟုတ်ကဲ့ ၊ သွားလေသူ ကျေးဇူးရှင်ကြီးရဲ့ ။ ဘုန်းရိပ်ကံရိပ်ကို ခိုလှုံရစ်ရလို့ ။ တင့်တင့်တယ်တယ်ကလေး ဆိုတာလို နေရပါရဲ့ ။ မောင်ကြီးက ဒီမြို့မှာ ခေတ္တနေမလို့လား ”

“ အင်း .. တည့်ရင်လည်း လေးငါးလ ဆိုသလိုပလေ ။ ဥတုမိတ္တ သပ္ပါယ ဆိုတာလို ။ အသင့်အတင့် ညီညွတ်ရင်လည်း အတန်ကလေး ကြာကြာနေမယ် ကြံစည်ပြီး လာတာပါပဲ ။ ရန်ကုန်မြို့က ဆူဆူညံညံမို့ မင်းကတော် အနိစ္စရောက်ပြီးတာကလည်း သီသီကလေး မကြာလေတော့ စိတ်လက်မှ ချမ်းသာစေတော့လို့ အောက်မေ့ပြီး လွတ်ရာကို ပြေးလာတယ် ဆိုပါတော့လေ ။ စိတ်သောက အပြင် ကိုယ်ခန္ဓာမှာ ဇရာနဲ့ ဘယာ ဖိပြန်တော့ ပြေးမှ တော်မယ်လို့ အောက်မေ့ရာမှာ ဆရာဝန် အမိန့်ကလည်း အင်း ... အလိုက်သင့်ဆိုတာလို ဖြစ်နေတာနဲ့ ဦး ရောက် လာတာပဲ ။ အရေးပိုင် မောင်စတို့လည်း ဒီနယ်က ပြောင်းသွားတယ်လို့ ကြားပါကလား ”

“ မှန်ပါတယ် ။ တစ်လလောက် ရှိပါသေးတယ် ။ အခွင့်နဲ့ သွားနေတယ်လို့ ပြောကြတာပဲ ”

“ အင်း … ဦးတို့နဲ့ ကျောင်းနေဘက်ပလေ ။ ဦးက သီသီကလေးကြီး ။ ဒါထက် အားတဲ့အိမ်များ ... ” ဟု စကား အပြီးမသတ်ဘဲ နေလေ၏ ။

စောမေသည်ကား ခပ်လှမ်းလှမ်းမှ စီးစောင်းကြည့်ကာ အဘိုးကြီးနှင့် နှစ်ကြိမ်သုံးကြိမ် မျက်လုံးချင်း ဆိုင်မိလေ၏ ။

ကြူး “ အိမ်ရှိပါတယ် ။ နို့ မောင်ကြီးက ပစ္စည်းများ ဘယ်မှာ ထားခဲ့သလဲ ။ တစ်ယောက်တည်းပဲလား ”

“ ပစ္စည်းများကို မီးရထားရုံမှာ အပ်ထားခဲ့ကြောင်း ၊ ခိုင်းဖို့စေဖို့ လူတော့ အခပေးနိုင်လျှင် အဘယ်မှာမဆို ရနိုင်သည့် အတွက် မခေါ်ခဲ့ကြောင်း ၊ စိတ်စက်မကောင်းတော့ ထင်သလိုဖြစ်ပြီး တစ်ကိုယ်တည်း ထွက်လာခဲ့ကြောင်း ၊ ငယ်ငယ်က ပေါင်းခဲ့ပြီး အဘယ်အခါကမှ မခွဲဖူးတဲ့ မင်းကတော် အနိစ္စရောက်တော့ အသည်းနှလုံး ပြုတ်ထွက်ပြီး လူမှာ ဟောင်းလောင်းကြီး ဟာလာ ဟင်းလင်းကြီးလို ဖြစ်ပြီး လွင့်နေကြောင်း ” များနှင့် မောမောပန်းပန်း ဆွံ့ သလိုလို ထစ် သလိုလို တစ်ချက်တစ်ချက် ပါးကြောမေးကြောများ ဆွဲပြီး ဦးခေါင်းမှာ ဆတ်ခနဲ ဆတ်ခနဲ လုပ်ကာ ပြောလေ၏ ။

သို့ပြောရုံမက သွားလေသူ ဝတ်တဲ့ဆင်တဲ့ လက်ဝတ် လက်စား ၊ နားကပ် ၊ လည်တုံ ၊ စိန်ဘီး ၊ လက်ကောက် စသည်များကိုပင် မခွဲနိုင်လို့ ဆောင်လာရကြောင်းများ နှင့် ပြော၍ပြလေရာ ဒေါ်ကြူးတို့ သားအမိ နှစ်ယောက် ခေါင်းချင်းဆိုင်ကာ ကြည့်ကြလျက် သနားကြင်နာ စကားများကို ပြောကြလေ၏ ။

ကြူး “ ဒီပစ္စည်းတွေ မေ့လျော့ပြီး ပျောက်ရင် ဆုံးလိမ့်မယ် ။ လူဆိုးသူခိုးများနဲ့ တွေ့ရင်လည်း မောင်ကြီး ဒုက္ခဖြစ်လိမ့်မယ် ။ လူတိုင်းကိုလည်း မပြနဲ့ မောင်ကြီးရဲ့ ။ ဪ ... ဒုက္ခ ဒုက္ခ ။ မောင်ကြီး ဒီမှာနေ ။ ဘယ်ကိုမှ မသွားနဲ့ ။ ကျွန်မတို့ ကြည့်ပြီး စီမံမယ် နေမလား ” ဟု ပြောပြီး သမီးဘက်သို့ လှည့်ကာ “ ဪ …. အသက်ကလည်း ကြီး ၊ သောကအပူကလည်း တွေ့ ၊ မကျန်းမမာနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေရှာတာ ထင်ပါရဲ့ သမီးရယ် ။ ကြည့်မယ့် ရှုမယ့်လူ ဆွေမျိုးဉာတိ တစ်ယောက်မှ မရှိလို့ပဲလား ” ဟု စဉ်းစားရင်း ပြောလေ၏ ။

“ ရှိပါသော်ကောလေ ။ သို့သော်လည်း အရင်းအချာ မရှိ ။ ပစ္စည်းကို မက်တဲ့ တူတွေ ၊ သားတွေတော့ အင်မတန် များပေါ့ ။ သူတို့ ကြည့်ရှုမှာက မြန်မြန်သေ အမွေရအောင် ကြည့်ရှုကြမှာ ။ ဦး မြင်လို့ ရှောင်တာပဲ ။ ဦး ပစ္စည်း က ဘဏ်မှာ ကိုးသိန်းကျော် ၊ လယ်မြေဧက တစ်သောင်း ၊ တောင်တွင်းကြီးမှာ ဦး ဘယ်တူ ဘယ်သားကိုမှ မယုံဘူး ။ သေရင် ဘာပဲဖြစ်ဖြစ် ဦးပစ္စည်းအတွက် တူသားတွေ အဆိပ်ကျွေးသ,တ်မှာသာ စိုးတာပဲ ။ ပစ္စည်း ရှိတာလည်း မအေးဘူး မိန်းကလေးရဲ့ ။ အင်း .. ဦးကြီး အခု ပြေးနေရတာ ကြည့်တော့ အရင်းအချာရယ်လို့တော့ တစ်ယောက်မှ မရှိ ။ ဦး မသေမီ ဂရုစိုက်လို့ ဦး စိတ်ထဲမှာ ရင်းတယ် ထင်သူဟာ ဦး ပစ္စည်းကို ရမှာပဲ ” ဟု ပြောလေ၏ ။

“ ဒီလိုဖြင့် ဘယ်ကိုမှ မသွားနဲ့ မောင်ကြီး ။ ကျွန်မတို့က မောင်ကြီး ပစ္စည်းမက်လို့ မဟုတ်ဘူး ။ ကျွန်မတို့မှာလည်း ကျေးဇူးရှင် သွားလေသူ မရှိကတည်းက သားအမိ နှစ်ယောက်တည်း တစ်သက်စာ စားလို့ မကုန်ပါဘူး ။ အိမ်မှာ လူကြီးရယ်လို့ မားမားမတ်မတ် မရှိသည့်အတွက် အားငယ်ပြီး နေရာမှ ရှေးက ရေစက်ဆုံလို့ စွတ်စွတ်ရွတ်ရွတ် တွေ့လာတာပဲ ။ ကျွန်မလည်း ညက အိမ်ကို ဆင်ဖြူတော်ကြီး ဝင်တယ်လို့ အိပ်မက်တာနဲ့ဖြင့် ကိုက်နေတယ် ထင်တာပဲ ”

“ သာဓု သာဓု ။ ဘကြီးကလည်း အမိတို့ကို မြင်မြင်ချင်းပဲ ရိုးသားဖြူစင်ရဲ့လို့ အောက်မေ့ပြီး ဖွင့်ပြောတာပါ ။ ဘကြီး ကြာကြာ မနေပါဘူး ။ တော်တော်ကလေး ကျန်းမာလို့ ၊ သွားလေသူ မင်းကတော်အတွက် ပူတဲ့ မီးကလေးဟာ ပျောက်ပျောက်ပျက်ပျက် ဖြစ်လောက်ရင် ပြန်ရမှာပါ ။ တိုက်အလုံးသုံးဆယ်က အိမ်လခနဲ့ ထားတော့ အကုန်ပစ်လွှတ်ထားလို့လည်း မဖြစ်သေးဘူး အမိရဲ့ ”

ဒေါ်ကြူးသည် အဘိုးကြီး အပေါ်၌ ကြည်ညိုသဒ္ဓါ မေတ္တာဆပွား အများကြီး ဂရုစိုက်ကြည့်ရှု ဝတ်ကြီးဝတ်ငယ် ပြုလိုသော စိတ်အဟုန်တို့သည် နှလုံးသွေးပြွန်ဝမှာ ပလုံစီကာ ထကြွလျက် ဆေးပေါ့လိပ်ကြီးကို ကိုင်ကာ နေရင်း မေးထောက်ကာ ဝက္ကလိသည် မြတ်စွာဘုရားကို ဖူးမြော်ကြည်ညိုသည့်အလား ကြည်ညိုအားတက်၍ နေလေ၏ ။

သို့ကြည်ညိုရာတွင် ငါကလည်း မုဆိုးမ ။ သူကလည်း မုဆိုးဖို မသေမီ မင်းကတော်ရယ်လို့ အခေါ်ခံရဖို့ရန် ဖူးစာရေးနတ်များက ဖန်တီး၍ ပို့တာများ ဖြစ်လေသလား ။ သနားစရာ ။ ရုပ်ရည်က သားနားပုံ ။ ဇရာနဲ့ ဘယာကြောင့် အရောင်အဝါ မှေးမှိန်၍ နေရှာတဲ့ အသွင် ပါကလား ။ အခုအနေ သူ့မှာ တွေ့ကြုံ၍ နေရတဲ့ သောက အပူကလေးများ ပြောရုံမျှ ငါနဲ့တွေ့ပြီး မြန်မြန်ကြီး ဘဝကူးအောင် အတင်းအဓမ္မ လူးရလျှင် တိုက်အလုံး သုံးဆယ်နဲ့ ငွေကိုးသိန်းဟာ ပြုစုရယုယကျိုး နပ်မှာမို့ မအပ်မရာတဲ့ အမှုကို ဘယ်သူမှ ကဲ့ရဲ့စရာ မရှိပါကလား ။ သမီးကလေး စောမေနဲ့ ဆိုတာတော့ အိုဇာ လွန်းလှလို့ ။ သတီမှာ မဟုတ် ။ ဒီမှာနဲ့တော့ မသတီစရာ မရှိ ။ အမြင်စုတ် ရွှေထုပ်တဲ့ပဝါ ဆိုတာ ပစ္စည်းပေါတဲ့ အိုဇရာတို့ကို ဆိုလိုတဲ့ စကားပါပဲ ။ ဝတ်ပုံဆင်ပုံ စတိုင်ကျပုံကို ထောက်တော့ အမောက်စား အဘိုးအိုရဲ့ စိတ်ကတော့ ပျိုပုံရှိတာပဲ ။ အိမ်ပေါ်မှာ တင်ပြီး တွင်တွင်ကြီး ပြုရရင် တိုက်အလုံးသုံးဆယ်နှင့် ဘဏ်မှာရှိတဲ့ ငွေကိုးသိန်းဟာ ငါ့အတွက် ကျိန်းသေလို ဖြစ်၍ နေပါပေါ့ကလား စသည်ဖြင့် ဆင်ခြင်တွေးတော ။ အဘိုးအို လက်မလွှတ်ရအောင် တစ်ချက်လွှတ် ကြံစည်ခိုက်မှာ မမယ်ဆယ် ဝင်ရောက်၍ လာလေရာ အဘိုးအိုနှင့် မျက်နှာချင်းဆိုင် ထိုင်မိလေ၏ ။

မကြာမီ စောမေ နှင့် မမယ်ဆယ် တီးတိုးစကား ပြောကြရာ အကြောင်းမျိုးစုံကို သိရလေ၏ ။ အကြောင်းမူကား စောမေသည် ငယ်ရွယ်သူတို့ သဘာဝလျှို့ဝှက်ခြင်း မရှိဘဲ အဘိုးကြီး အကြောင်း ၊ ပစ္စည်း ပေါကြောင်း ၊ လက်ဝတ် လက်စား အဖိုးထိုက် အဖိုးတန်တွေ ပါ၍ လာကြောင်း ပြောလေလျှင် မမယ်ဆယ်သည် မောင်ဖိုးမြိုင်နှင့် မိမိ အတူ ကြံစည်သည့် ကိန်းတွေကို သတိရပြီး အဘိုးကြီကို အမှတ်တမဲ့ ဂရုစိုက်ကာ ကြည့်လေ၏ ။ မမယ်ဆယ်သည် ဖိုးမြိုင်၏ အချက်အလက်တွေကို ချက်ချင်း သိမြင်လေရာ ရယ်ချင်အားကြီးသောကြောင့် လျင်မြန်စွာ ပြန်၍ သွားလေ၏ ။

ထိုနေ့၌ပင် အဘိုးကြီး၏ ပစ္စည်းများကို မီးရထားရုံမှ သယ်ယူကြပြီး အိမ်၌ အဘိုးကြီးအား တခမ်းတနား နေရာပေး၍ ထားကြလေ၏ ။

••••• ••••• •••••

ဖိုးမြိုင်သည်ကား ရုပ်ရှင်ဒါရိုက်တာ ဖြစ်သော မိတ်ဆွေ တစ်ယောက်ထံမှ ရုပ်ပြောင်းရုပ်လွဲ အတတ်ကို လက်ထပ်သင်၍ လာရာ မိမိ၏ အခန်းထဲ၌ ရုပ်ပြောင်း ကိရိယာ စုံလင်စွာနှင့် မိမိ၏ ပထမနမူနာပုံစံ မပျက်စေရ အောင်သာ နေ့စဉ် သတိပြုရလေ၏ ။ ဤအလုပ်၌လည်း မိမိအတွက် သီးခြား အခန်းတစ်ခု ရခြင်းကြောင့် လည်းကောင်း ၊ ရေချိုးခန်းမှ စ၍ ဂုဏ်သရေရှိ လူကြီးပီစွာ လျှို့ဝှက်ရန် နည်းလမ်းတို့ဖြင့် စီမံထားရှိသည် ဖြစ်ရ ကား ရုပ်ပြောင်းတန်ဆာဆင်ခြင်း အလုပ်အတွက် လွယ်ကူလေ၏ ။ မမယ်ဆယ်လည်း နေ့စဉ် လာရောက်ပြီး အဘိုးကြီးနှင့် တွေ့ကြုံ အကျွမ်းတဝင်ဖြစ်၍ နေလေ၏ ။

တစ်နေ့သ၌ မမယ်ဆယ်နှင့် စကားပြောခိုက်မှာ အဘိုးကြီးက မျက်စပစ်လိုက်သည်ကို လည်းကောင်း ၊ မမယ်ဆယ်က တီးတိုးတစ်စုံတစ်ရာ ပြောလိုက်သည်ကို လည်းကောင်း စောမေသည် မီးဖိုဘက်မှ မြင်ရသဖြင့် ပြုံးကာ အဘိုးကြီးနဲ့ မမယ်ဆယ် တွေ့နေပြီဟု စဉ်းစားလေ၏ ။ မိမိ၏ မိခင်စိတ်၌ ကြံစည်သော အကြံကိုကား စောမေ မသိချေ ။ သို့မသိခြင်းကြောင့် မိမိ မြင်ရသော အကြောင်းကို မိခင်အား ပြော၍ပြရာ ဒေါ်ကြူးမှာ များစွာ မျက်နှာပျက်၍ သွားသဖြင့် စောမေ အံ့အားသင့်၍ နေလေ၏ ။

ထိုနေ့၌ မမယ်ဆယ် လာသောအခါ ဒေါ်ကြူးသည် သုန်မှုန်၍ နေလေ၏ ။ ဒေါ်ကြူး၏ စိတ်၌ မမယ်ဆယ်သည် မိမိ၏ ရန်သူဖြစ်၍ နေလေတော့သတည်း ။

သမီးက ပြောပြသဖြင့် မိမိကိုယ်တိုင်လည်း သတိထား၍ နေလေရာ အဘိုးကြီးနှင့် မမယ်ဆယ် များစွာ ရင်းနှီးသည့် အမူအရာများကို ကိုယ်တိုင် တွေ့မြင်ရလေရာ မခံမရပ်နိုင် ဖြစ်ပြီးလျှင် အဘိုးကြီး၏ ရှေ့တွင် မမယ်ဆယ်အား ဒေါ်ကြူးက အတိအလင်း ပြောသည်ကား ။

“ ဟေ့ .. မယ်ဆယ် ၊ ငါတို့မှာ သမီးအပျိုနဲ့ အရင်လည်း ညည်းက ဖိုးမြိုင် ဆိုတဲ့ အကောင်နဲ့ အောင်သွယ်လုပ်တယ် ။ အခုလည်း ညည်း ခဏခဏ လာတာကို ငါ မသင်္ကာဘူး ။ ညည်း ခဏခဏ မလာပါနဲ့ ” ဟု အတိအလင်း ပြောလိုက်လေ၏ ။

ဆယ် “ ဒီလောက်တောင်လည်း အိမ်ဂုဏ် မရောက်ပါနဲ့ရှင် ။ စည်းစိမ်ဥစ္စာဆိုတာ သင်္ခါရပါ ။ မလာနဲ့ ဆိုရင်လည်း မလာပါဘူး ” ဟု ပြောပြီး ထွက်၍ သွားသော နေ့မှစ၍ ဒေါ်ကြူးသည် အဘိုးကြီး တစ်ယောက်မှာ ပစ္စည်းတွေ အမြောက်အမြားပါသည့်အတွက် တန်းတန်းစွဲ အိမ်ပေါ်မှာ တင်ထားကြောင်း ၊ သမီးနဲ့ပဲ ဖြစ်မလား ၊ မအေနဲ့ပဲ ဖြစ်မလားဟု သေသေချာချာ သဲသဲကွဲကွဲ မသိရသေးကြောင်း စသည်ဖြင့် အနှံ့အပြား ပြောလေရာ ဒေါ်ကြူးတို့ အိမ်ကို ရောက်၍ နေသော အဘိုးကြီး ပစ္စည်း တစ်သိန်းကျော်ဖိုး ပါရှိသည် ဟူသော သတင်းသည် ပျံ့နှံ့၍ သွားလေ၏ ။

ထိုအခိုက်တွင် ဖိုးမြိုင်မှာ စုဆောင်း၍ ထားသော ငွေကလေးအနည်းငယ်မျှ မကုန်မီ စောမေကို အမိကြံကာ အိမ်ပေါ်သို့ အရောက် စွန့်စားဉာဏ်ဆင်၍ ရောက်ခဲ့သော်လည်း မအေကြီးက ကာဆီး၍ နေသဖြင့် ရုတ်တရက် အပေါက်အလမ်း မတည့်ဘဲ နေလေရာ မိမိကိုယ်ကို ဖိုးမြိုင် ဖြစ်ကြောင်း စောမေ သိအောင် အတိအလင်း ပြရလျှင် ကောင်းမလား ။ သို့ပြရာ စောမေက မိမိဘက်သို့ လုံးလုံးလျားလျား ပါလျှင် တော်၏ ။ မပါလျှင် ခွကျမလား စသည်ဖြင့် ဆင်ခြင်ကာ အဘယ်ပုံ ကြံရမည် မသိဘဲ နေလေ၏ ။ သို့ဖြစ်လေရာ မိမိ၏ ကြံစည်ပုံမှာ မချိန်ဘဲ ပစ်မိသလို ခြေလှမ်းလွန်၍နေသဖြင့် မဆုတ်သာ မတက် သာ လက်ရှိငွေကြေးကုန်မှာကိုလည်း စိုးရသော အခြေအနေသို့ ရောက်၍နေလေ၏ ။

ဒေါ်ကြူးကလည်း မကျန်းမမာ အဘိုးအိုကို မိမိ ကိုယ်တိုင် အထူးဂရုစိုက် ပြုစုသဖြင့် စောမေနှင့် နှစ်ယောက်တည်း တွေ့ဖို့ရန် အခွင့်မသာလှချေ ။ ထိုရည်ရွယ်ချက်သည် ဖိုးမြိုင်၏ ရဲတင်းသော ရည်ရွယ်ချက် ဖြစ်လေ၏ ။ အကြောင်းမူကား ပစ္စည်းကို မက်သော ဒေါ်ကြူး၏ အိမ်ပေါ်သို့ အရောက်တက်ကာ သမီးကို အနီးကပ် နူးခြင်းဖြင့် ဒေါ်ကြူး၏ ပစ္စည်းမက်သော ဂုဏ်မာနကို ချိုးရန် ရည်ရွယ်ရင်း ဖြစ်လေသတည်း ။

ယခုသည်ကား စောမေအား မိမိ မည်သူဖြစ်ကြောင်း သိသာအောင် ပြရန် ခက်၍ နေသည်မှာ ပြလိုက်၍ ပါလျှင်ကား တော်၏ ။ မပါလျှင်ကား နာကျင်စွာ အိမ်မှ ဆင်းရမည့် ဘေးနှင့် ရင်ဆိုင်ကြီးတွေ့၍ နေလေတော့သတည်း ။

မမယ်ဆယ် ကလည်း ဖိုးမြိုင်ကို ကူညီချင်သော်လည်း စောမေ၏ အပေါ်၌ အကဲခတ်၍ မရ ။ ဖိုးမြိုင် အပေါ်၌ အတော်အတန် မေတ္တာရှိခဲ့ဟန် ရှိသော်လည်း ရဲတင်းစွာ အိမ်ကို တက်၍ ကြံသော စဉ်းလဲဉာဏ်ကို သိသောအခါ အချစ်စိတ်ပျောက် အမုန်းစိတ် ရောက်လေမလားဟု စိုးရိမ်ဖွယ်ရာ ဖြစ်၍ နေလေသတည်း ။

သို့ဖြစ်လေရာ ဖိုးမြိုင်၏ အကြံမှာ ခုတ်ရာတလွဲ ပြတ်ရာတခြား ဖြစ်၍ နေသည်မှာ ကြိုးကွင်း အပစ်ကောင်းသော ကောင်းဘွိုင်မှာ ကြိုးကွင်းသည် ချိန်၍ ရွယ်သော စောမေကို မစွပ်မိဘဲ မိခင်ဒေါ်ကြူးကို စွပ်မိလျက် ဖြစ်၍ နေလေ၏ ။ အကြောင်းမူကား မိမိ အိမ်ပေါ်သို့ ရောက်၍ လာသော လာဘ်လာဘ ဥစ္စာတုံးကြီးကို မိမိကိုယ်ပိုင် ကျုံးဖို့ရန် စိတ်အာသာကြီး၍ နေသည်ကို သိရသဖြင့် မပေါ်မီ ပြန်၍ရုန်းရန် တစ်မျိုးကြံ၍ ကြိုးစားရပြန်လေ၏ ။ သို့ဖြစ်၍ တစ်နေ့သ၌ မိမိ၏ အခန်းထဲသို့ လက်ဖက်ရည်ကို ကိုယ်တိုင်လာ၍ ပေးသော ဒေါ်ကြူးအား “ ခက်နေပါပြီ ၊ စက္ကတေရီလုပ်တဲ့ အကောင်ဟာ ဘယ်အတွက် ငွေမပို့သလဲ မသိဘူး ။ တိုက်လခတွေကို အကုန် မြင်းလောင်း ကုန်ရော့သလား ။ ပြန်ပြီး ကြည့်ဦးမှ တော်မယ် ထင်တယ် ”

ဟု ညည်းလေ၏ ။

ထိုအခါ ဒေါ်ကြူးက “ ငွေအတွက်တော့ မောင်ကြီး ပူစရာ မရှိပါဘူး ။ စိတ်မချလို့ သွားချင်ရင်လည်း ကျွန်မ သွားပြီး စုံစမ်းပေးရတာပေါ့ ”

ထိုစကားသည် ဖိုးမြိုင် အတွက် မျှော်လင့်ချက်ကို ပေးလေ၏ ။ အကြောင်းမူကား ဒေါ်ကြူး သွားလျှင် စောမေနှင့် နှစ်ယောက်တည်း ကျန်ရစ်မည် ။ နှစ်ယောက်တည်း ကျန်လျှင် ကျိန်းသေမည် အမှန်ပေတည်း ။ ရန်ကုန်ကို ရှာမတွေ့တဲ့ လိပ်စာ တစ်ခုခု ပြောပြီး လွှတ်လိုက်ဖို့သာ လိုတာပဲ ။ စောမေကို ပိုင်ပြီးနောက် ဖြစ်ချင်သလို ဖြစ်စေတော့ ။ ပေါ်ပင် ပေါ်သော်ငြားလည်း ကိစ္စများဖို့ မရှိဟု အောက်မေ့ကာ ပြုံးလျက် စဉ်းစားပြီး “ အင်း ... သွားနိုင်ရင်လည်း ဒုက္ခအေးတာပေါ့ ။ သို့သော်လည်း ... ” ဟု ဘာကို ဆက်ရမှန်း မသိဘဲ နေလေ၏ ။

ဒေါ်ကြူးမှာ အဘိုးကြီး ပြောသော စကားများ မဟုတ်မမှန် အကြွားအ၀ါများ ဖြစ်လျှင် ငါ့ကို လွှတ်ဝံ့မည် မဟုတ် ။ ဟုတ်မှန်လို့သာ ငါသွားမယ် ဆိုတာကို ရဲရဲသဘောတူဝံ့တာပဲဟု တွေးတောကာ အားတက်ပြန်လေ၏ ။

“ ရန်ကုန်မှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း ဘာများ ကျန်သေးသလဲ ”

“ ရွှေ့ပြောင်းနိုင်တာကတော့ ကားသုံးစီးပါပဲ ။ မြင်းဇောင်းက မြင်းခြောက်ကောင် ရှိရဲ့ ။ ဒါတွေကတော့ စိတ်ချရပါတယ် ။ တိုက်လခများကို ခံဖို့ လွှဲထားခဲ့တဲ့ စက္ကတေရီသာ စိတ်မချရတာပဲ ”

“ စိတ်မချရင်လည်း ငွေကြေး တစ်လခလောက် ရှိမှာပေါ့ ။ တိုက်တွေကိုတော့ ရောင်းမပစ်နိုင်ပါဘူး ။ မီးရှို့ပစ်မှာလည်း မဟုတ်ပါဘူး ” ဟု ဒေါ်ကြူးက ပြက်ရယ်၍ ပြောလိုက်လေ၏ ။

“ တစ်လခစာ ဆိုတဲ့ ငွေကလည်း မနည်းဘူး ။ အင်း ... သွားနိုင်ရင်တော့ သွားစေချင်တာပဲ ” ဟု ဖိုးမြိုင်က ပြောလေရာ ဒေါ်ကြူးက အားရဝမ်းသာ “ သွားပါ့မယ် ” ဟု ဝန်ခံလေ၏ ။ သို့သော်လည်း သမီးနှင့် အတူ သွားဖို့ ရန် တိုင်ပင်ကြသော သားအမိ နှစ်ယောက်၏ စကားများကို ကြားရပြန်သောအခါ ဖိုးမြိုင်မှာ ခုတင်ပေါ်မှ ငေါက်ခနဲ ခေါင်းထောင်၍ ထပြီး ကြီးစွာသော စိတ်ပျက်ခြင်းနှင့် ဦးခေါင်းကို ကုတ်လေ၏ ။ ထိုအခါ ညဉ့်ဦးယံ အချိန်ဖြစ်၍ နေလေ၏ ။ သားအမိ နှစ်ယောက်မှာ ၎င်းညဉ့်သန်းခေါင် ရထားနှင့်ပင် ရန်ကုန်ကို လိုက်သွားရန် ပြင်ဆင်၍ နေကြလေ၏ ။

ဖိုးမြိုင်မှာ အဘယ်ပုံ ကြံရမည်ကို မသိတော့ချေ ။ စောမေကို ခေါ်မသွားပါနှင့်ဟု တားရမှာလည်း အခက် ။ မသွားဖို့ရန် ပြောပြန်လျှင်လည်း တစ်မျိုးမသင်္ကာမှာကို စိုးရ ။ အများကြီး ခွကျ၍ နေလေတော့သတည်း ။

ဖိုးမြိုင်မှာ အိမ်ပေါ်၌ အခက်အခဲကို အဘယ်ပုံ ရှင်းရမည်ကို အပြန်အလှန် လမ်းလျှောက်ရင်း စဉ်းစား၍ နေလေ၏ ။ ကျိန်းသေပြီဟု စိတ်ချရလုခမန်း ဖြစ်သော နောက်ထပ် ကျော့ကွင်းမှာ အထုံးငြိကာ ချောစွာ မမိ ၊ အထစ်ကြီး ထစ်၍ နေလေတော့သတည်း ။

သို့သော်လည်း ကံကြမ္မာတို့သည် ကြံစည်သော လူ၏ ဉာဏ်ကို ဖီလာပြုကာ မမျှော်လင့်သောနေရာမှ ဘွားခနဲ နို့တစ်မျှမပေးဘဲ ပေါ်လာတတ်ကြလေရာ ထိုအခက်အခဲကို ရှင်းလင်းရန် ရုတ်တရက် ပေါ်ပေါက်၍ လာသော အရာသည်ကား အခြားမဟုတ် ။

ငြိမ်ငြိမ်နေကြ ။ တိတ် အသံမထွက်စေနဲ့ ။ ဟောဒီမှာ မြင်ရဲ့လား ဟူသော အေးဆေးတင်းမာသော အသံနှင့် လှုပ်ရှားသံများ ဖြစ်ကြလေသတည်း ။

ဖိုးမြိုင်သည် ရပ်တွေကာ နားစိုက်၍ နေလေ၏ ။

“ ချမ်းသာပေးပါ မောင်တို့ရယ် ။ အဒေါ်တို့မှာ ဘာမှ မရှိပါဘူး ။ ကျီထဲက စပါးရှိပါတယ် ။ မိန်းမသားချည်းမို့ ဘာပစ္စည်းမှ အိမ်မှာမထား ။ တခြားမှာ အပ်နှံထားတာကို မောင်တို့ အသိသားပါ မောင်ရင်တို့ရယ် ။ ဟောဒီ သမီး လက်ကောက် ခြေကျင်းကလေးကလွဲလို့ ဘာမှ မရှိပါဘူး ”

“ သိတယ် အသာနေ ။ စကားမရှည်နဲ့ ။ ခင်ဗျားတို့ အိမ်က ဧည့်သည် ဘယ်မှာလဲ ။ ဧည့်သည် ရှိတယ် မဟုတ်လား ။ ဘယ်မှာလဲ ”

“ ရှိပါတယ် မောင်ရဲ့ ။ အိမ်ပေါ်မှာပါ ။ အဒေါ်တို့ သားအမိကို ချမ်းသာပေးပါ ။ ဧည့်သည် ပစ္စည်းများတော့ ရှိပါတယ် ”

မကြာမီ အိမ်ပေါ်သို့ တက်လာကြသော ခြေသံများကို ကြားရလေ၏ ။ ဖိုးမြိုင်မှာ ဆတ်ဆတ်တုန်၍ ကြံရာမရ ဖြစ်၍ နေလေ၏ ။ ထိုအခိုက်တွင် လူဆိုးများ အခန်းထဲကို ရောက်၍ လာကြလေ၏ ။

“ ငြိမ်ငြိမ်နေ ဘယ်မလဲ သော့ ။ ဒီမှာ မြင်ရဲ့လား ဘယ်မလဲ ရှိတာထုတ် ”

“ ပြပါ့မယ် ခင်ဗျာ ။ ချမ်းသာပေးပါ ခင်ဗျာ့ ” ဟု တုန်တုန်ယင်ယင် ဖြစ်လျက် သော့ကို ရှာလေ၏ ။

“ တယ် ဒီအဘိုးကြီးဟာ မြန်မြန်ဆို ဘာယောင်တောင်တောင် လုပ်နေသလဲ ” ဟု ပြောကာ လူဆိုး တစ်ယောက်က လည်ကို ကိုင်၍ ခါလိုက်ရာ နှုတ်ခမ်းမွေး အဖြူနှင့် မျက်ခုံးမွေးအဖြူကြား ပြုတ်၍ကျလေ၏ ။ လူဆိုးများလည်း အံ့အားသင့်၍ နေကြလေ၏ ။ တစ်ယောက် က “ ဟင် .. အရင် ဟိုဘက်အိမ် နေသွားတဲ့ စာရေးကြီး ပါလား ။ အို ... ဘာပဲဖြစ်ဖြစ် ထုတ်လေ မြန်မြန် ”

လူဆိုးများသည် သော့ကို ရ၍ သေတ္တာကို ဖွင့်၍ ကြည့်ကြလေရာ သေတ္တာငယ်ကလေးကို ရကြလေ၏ ။ ဖွင့်၍ ကြည့်ကြလေရာ တစ်သိန်းကျော်ဖိုးလောက် ခန့်မှန်းရသော စိန်ရွှေလက်ဝတ်လက်စားများကို တွေ့ရလေ၏ ။

“ ဟေ့...များလှချည်လား ။ ဟုတ်မှ ဟုတ်ပါ့မလား ” ဟု ပြောကာ တိုင်းဆ၍ ကြည့်ကြပြီးလျှင် တစ်ယောက်က “ ဟာ .. ဒါတွေ သတ္တုတွေ မဟုတ်လား ။ ပေါ့က ပေါ့နဲ့ ။ ဟင် ... ဓာတုဗေဒတွေ ။ ဟာ .. ဘာဖြစ်ဖြစ် မအေပေး ခွေးသား ။ မင်း စာရေးစိုးမြိုင် မဟုတ်လား ။ ခွေးမသား ။ ဒီဟာတွေ မမှန်ရင် နင့်ကို အသေစီရင်မယ် ။ ကိုင်း ... ကိုင်း ရော့ ဒါအမြည်း ။ မဟုတ်ရင် အသေ ” ဟု ပြောကာ လူဆိုးတစ်ယောက်က ဖိုးမြိုင်၏ နားထင်ကို ခြောက်လုံးပြူးဒင်နှင့် ဆောင့်လေရာ ဖိုးမြိုင်သည် ရှိခိုးရင်း ထိုင်၍ ချရာမှ ပက်လက်လန်၍ ကျသွားလေ၏ ။

မကြာမီ လူဆိုးများ ထွက်သွားကြရာမှ ဒေါ်ကြူးတို့ သားအမိသည် အိမ်နီးပါးချင်းများ ကြားအောင် ဟစ်အော်ပြီး ဖိုးမြိုင်ကို တက်၍ ကြည့်ရာ သားအမိနှစ်ယောက်မှာ အံ့အားသင်၍ နေကြလေ၏ ။ ဒေါ်ကြူးက “ ဟင် ... ဟို ခွေးသားပါကလား ။ ကြည့်စမ်း ဒင်းဉာဏ်ဆင်တာ ။ မအေနှမ ” စသည်ဖြင့် ပြောဆိုရေရွတ်ပြီး မကောင်းကြံလို့ ဘုရားပြတာ ။ ဒီအကောင်ကို အိမ်ပေါ်က ဆွဲချ စသည်ဖြင့် ပြောလေ၏ ။ ထိုအခိုက်တွင် လူအများ ရောက်လာကြရာ ဖိုးမြိုင်ကို ဝင်၍ ပွေ့သူမှာ မမယ်ဆယ် ဖြစ်လေရာ ဒေါ်ကြူးက “ ဟေ့ ... မယ်ဆယ် ညည်းပါ ကြံဖော်ကြံဖက် ။ ညည်း ငါတို့ကို မကောင်းကြံတာ ။ ကိုင်း အခု ဘယ့်နှယ်ရှိစ ညည်းလင်ကို ညည်း အခု ခေါ်သွား ” ဟု ကြိမ်းမောင်းပြောဆိုလေရာ မမယ်ဆယ် သည် မိမိ တစ်စုံတစ်ရာ မသိကြောင်းနှင့် ထုချေရင်း ဖိုးမြိုင်ကို တွဲကာ အိမ်ပေါ်မှ ချ၍ သွားရရှာလေသတည်း ။

နောက် ဖိုးမြိုင် ဆေးရုံမှ ဆင်းသောအခါ ဆေးရုံ၌ ထမင်းဟင်းပို့ကာ နေ့စဉ်မပြတ် ပြုစုရှာသော မမယ်ဆယ် အပေါ်၌ ကျေးဇူးဆပ်သော အနေဖြင့် မခွဲဘဲ မမယ်ဆယ် ကိုပဲ လုပ်ကျွေးသမှု ပြုပါတော့မည်ဟု ဝန်ခံကာ မုဆိုးမ အသက်လေးဆယ်ကျော် မမယ်ဆယ်၏ အိမ်ပေါ်သို့ အပြီးတိုင် တက်ရရှာပေတော့သတည်း ။

▢  ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
      ဧပြီ ၂၃ ၊ ၁၉၃၃

No comments:

Post a Comment