Monday, June 22, 2026

အတွင်းတိမ်


❝ အတွင်းတိမ် ❞
    ( ညှို့ပြင်းရှ )

ညသည် တိတ်ဆိတ်လွန်း အားကြီးကာ နက်လွန်းနေသည် ။ ကျွန်မ ရင်သည်လည်း ပူသည်ထက် ပူလာကာ လောင်မြိုက်လွန်းနေသည် ။ မှောင်အတိကျနေသော အခန်းလေးထဲတွင် ကျွန်မသည် နာကျင်ခြင်းဆိုသည့် ဓားတစ်လက်က မရပ်မနား ခုတ်ဖြတ်နေသောကြောင့် ကျွန်မရင်ဘတ်ကြီးတစ်ခုလုံး မွမွကြေလျက် စုတ်ပြတ်နေရသည်မှာ အတော်ကြာလေပြီ ။

“ ဘာကြောင့် ဒီလိုဖြစ်လာရတာလဲ ”

ထိုမေးခွန်း၏ အဖြေကို ကျွန်မ အသည်းအသန် အဖြေထုတ်နေမိသော်လည်း ကျွန်မ ဆံပင်တွေသာ ဖွလွန်း၍ နွားခြေရာများကြားက ကောက်ရိုးပုံကြီးသဖွယ် ဖွာလန်ကြံသွားမည် ၊ အဖြေကတော့ တွေးလေ ဝေးလေ လိုက်လေ ပြေးလေ ဆိုသည့် အတိုင်းပင် ။

“ ချက် ... ချက် ... ချက် ”

အအေးလျှော့ထားသော အဲကွန်းအခန်းလေးထဲတွင် ရင်ဘတ်ထဲရှိ အပူရှိန်က အပြင်သို့ လာဟပ်နေသော ကြောင့် ကျွန်မခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံး ချွေးစေးများဖြင့် စေးကပ်နေလျက် ၊ နံရံပေါ်ရှိ တိုင်ကပ်နာရီ အတွင်းမှ စက္ကန့်လက်တံများသည် တိတ်ဆိတ်လွန်းနေသောည၏ အမှောင်ထုထည်များကြား ချောက်ချားဖွယ် မြည်လျက်ရှိသည် ။

“ အခုလို အခြေအနေက နေ အမြန်ဆုံး ဖောက်ထွက်နိုင်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ ”

ကျွန်မ ခေါင်းကို ဘယ်နှကြိမ်မြောက်မှန်း မသိ ယမ်းပစ်လိုက်မိကာ ထိုင်ရာမှ ထ ရပ်လိုက်သည် ။ အခုလို အချိန်မျိုးမှာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ မိန်းမအားလုံးထဲ အမှောင်ထု၏ မညှာမတာ ဝါးမျိုမှုအောက် ကျွန်မတစ် ယောက်တည်းသာ ဒီလို ချောက်ချားတုန်လှုပ်ဖွယ် အဖြစ်ဆိုးမျိုးနှင့် ကြုံနေရတာ များလား ၊ ကျွန်မ အပြင် ဘယ် မိန်းမတွေရော ကျွန်မလို အဖြစ်ဆိုးမျိုးနှင့် ကြုံနေနိုင်သေးသလဲ ။ ဟင့်အင်း ၊ ကျွန်မလို အဖြစ်ဆိုးမျိုးနှင့် ဘယ်မိန်းမမှ မကြုံပါရစေနှင့် ။

အမှောင်ထု၏ အလယ်မှ စမ်းတဝါးဝါးနှင့် ဖြတ် လျှောက်လာကာ ဝရန်တာ တံခါးကို တိုးဖွညင်သာစွာ တွန်းဖွင့်လိုက်သည် ။ ကျွန်မ ခန္ဓာကိုယ်လေး အမှောင်ထုမှ လွန်မြောက်ကာ အခန်း၏ အပြင်ဘက်သို့ ကျရောက် သွားလိုက်သည်နှင့် တစ်ပြိုင် နက် လတ်ဆတ်အေးမြသော လေညင်း၏ တေးသံသာလေးများက ကျွန်မ၏ ဆံစလေးများကြား ဝင်ရောက်ဆိုညည်း သွားကြကာ ကောင်းကင်ယံမှ ကြယ်ပွင့် လေးများကလည်း တဖျပ်ဖျပ် တလက်လက်နှင့် ကျွန်မအား ကခုန်ပြလျက် ဆီးကြိုနေသယောင် ထင်ရ၏ ။ ပေါင်းခြုံကြည့်ရလျှင် သာယာသောည၏ အလှကို ထင်ရှားပေါ်လွင်စေလျက် လူတစ်ယောက်၏ မနောကို ပေါ့ပါး ငြိမ့်ညောင်း စေအောင် ဆွဲဆောင်နိုင်စွမ်း ရှိလှသည်မှာ အမှန်ပင် ။ သို့သော် ၊ ကျွန်မ ခံစားနေရ သော ဝေဒနာ၏ အရှိန်က ဘယ်လောက်ပင် လှပအောင် ဆွဲဆောင်အားကောင်းလှသည့် အရာများပင် ဖြစ်ပါစေ ၊ မှုတ်ထုတ်ခြင်း ခံလိုက်ရသည့် ပူဖောင်းလေးများ အလား လွင့်ပါးသွားစေအောင် အင်အားပြင်းထန်လွန်းနေသည် မဟုတ်ပါလား ။

“ ဒီပေါ်ကနေ ခုန်ချပစ်လိုက်ရင် ကောင်းမလား ”

ဟင့်အင်း ၊ အဖန် ငါးရာ့ ငါး ကမ္ဘာ ခံရမယ့် အလုပ်ကို ငါ ဘယ်တော့မှ မလုပ်ဘူး ။ ဒီ လောက်မိုက်မဲတဲ့ မိန်းမတစ် ယောက် ဘယ်တော့မှ မဖြစ် စေရဘူး ။ ဟုတ်တယ် ။ ဘယ်လောက်ပဲ သေလောက်အောင် စိတ်ညစ်နေရပါစေ ၊ ငါမလုပ်ဘူး ။ မလုပ်ဘူး ။ ကျွန်မ အောက်သို့ ငုံ့ကြည့်နေရင်းမှပင် ခြေထောက်တစ်ဖက်သည် စိတ်၏ ဆောင်ရာနောက် ကောက်ကောက်ပါအောင် လိုက်ကာ အပေါ်သို့ မြောက်ကြွသွားသည် ထင်လိုက်ရသည့် တစ်ခဏ ကျွန်မ ရင်ထဲ ဗုံးကြီးတစ်လုံး ပစ်ခွဲချလိုက်သလို ဒိန်းခနဲ တုန်ဟည်းသွားရလျက် ခန္ဓာကိုယ်တစ်ခုလုံး အချိန်အတော်ကြာ ရေခဲရိုက်ထားသည့်နှယ် အေးစက်တောင့်တင်း သွားရလေသည် ။

ကျွန်မ ရပ်နေသည့် နေရာက လေးထပ်အမြင့် ရှိသည်ဖြစ်သောကြောင့် ကျွန်မ မိုက်မိုက်မဲမဲ ခုန်ချပစ်လိုက်လျှင် ကြက်ဥနှင့် နံရံကို ပစ်ပေါက်လိုက်သလို ကျွန်မ ဦးနှောက်တွေ တစ်စစီဖြစ်၍ စန့်စန့်လေး ဖြစ်သွားမှာ သေချာသလောက်ရှိသည် ။ ကျွန်မ ခြေထောက်တွေ အလိုလိုပင် နောက်သို့ ရွေ့လျားဖြစ်လာ၏ ။ မဖြစ်ဘူး ။ ဒီလိုစိတ် အခြေအနေမျိုးနှင့် ဒီလိုနေရာမျိုးမှာ အကြာကြီး ရပ်နေလို့ မဖြစ်ဘူး ။ မတော်လို့များ မကောင်းသည့်နတ်ဆိုးတစ်ကောင်က ဝင်ပူး၍ အောက်ကို ခုန်ချလိုက်မိမှဖြင့် ။ ဘုရား ... ဘုရား ။

••••• ••••• •••••

၂ ။

“ ဖေဖေကြီး ၊ ဖေဖေကြီး ၊ ဖေဖေကြီးကို ချစ်တယ် ”

“ သားသားလေး ၊ သားသားလေး ၊ သားသားလေးကို ချစ်တယ် ”

နံနက်ခင်းတစ်ခု၏ ခြေရာလေးတွေက ကျွန်မချစ်သောသူ နှစ်ယောက်၏ မျက်နှာလေးတွေပေါ် ခုန်ပေါက်ကစားကာ အပြုံးလေးတွေကြား လှပအသက်ဝင်နေ လိုက်ပုံများ ကမ္ဘာကျော်ပန်းချီကားများကပင် ဒူးထောက် အရှုံးပေးရလောက်အောင် မြင်ကွင်းလေးက လှပ၍နေသည် ။ ကျွန်မ ရှေ့တွင် မောင်က သားလေးကို ပေါင်မုန့် ကြက်ဥကြော်လေး ခွံ့ကျွေး လို့ ၊ သားလေးကလည်း မောင် ခွံ့ကျွေးသော ပေါင်မုန့် ကြက်ဥကြော်လေးကို အလိုက်သင့်ပင် စားလို့ ၊ သားလေးက ကျွန်မထက် မောင့်ကို ပိုချစ်သည် ။ မောင့်ကို ပို တွယ်တာသည် ။ မောင် ရှိလျှင် ကျွန်မအနား ဘယ်သောအခါမှ ကပ်သည်ရယ် မရှိ ၊ အစာ စားလျှင်လည်း မောင့် ခွံ့ကျွေးမှ ၊ အိပ်လျှင်လည်း မောင့်ကို တွယ်၍ အိပ်တတ်သည်ပင် ။ “ သားလေးရယ် ” ။ ကော်ဖီ ခွက်လေးကိုကိုင်လျက် သားလေး၏ အပြစ်ကင်းစင်လွန်းလှသည့် ချစ်စဖွယ် မျက်နှာနုနုလေးကို ငေးကြည့်နေမိပြီး ( တစ်ဖန် ) ကျွန်မဘဝ အတွက်ကောင်းကင်ကြီးနှင့် အလားတူသည့် ၊ မိန်းမတစ် ယောက်၏ အသည်းနှလုံးကို ဖြုတ်ခနဲ ကြွေအောင် ဖမ်းစား နိုင်စွမ်းရှိသည့် မောင့်မျက်နှာလေးကို သက်ပြင်းမောတွေ ကြားကနေ အချိန်အတော်ကြာ ငေးကြည့်နေမိလေသည် ။

“ အရမ်းချစ်တယ် မောင် ရယ် ”

မောင်နှင့် ကျွန်မ ချစ်သူသက်တမ်း ခြောက်လ အကြာမှာပင် တစ်ယောက်ကိုတစ်ယောက် ချစ်လွန်း၍ ၊ ဘယ်လိုမှ ခွဲမနေနိုင်လွန်း၍ မိဘတွေ အတန်တန် တားနေ သည့် ကြားမှပင် နှစ်ကိုယ်တူ တစ်ဘဝ တည်ဆောက်ခဲ့ကြ လေသည် ။ အခုဆို အိမ် ထောင်သက်တမ်း လေးနှစ် ရှိခဲ့ပြီ ဖြစ်ပြီး သားလေး အသက်ပင် သုံးနှစ်တစ်လ ရှိခဲ့လေပြီ ။ မောင့်ကို ချစ်သည့် ကျွန်မ၏ အချစ်တွေက အိမ်ထောင်သက်တမ်း ကြာလာသည်နှင့်အမျှ တစ်ပြားသားမှ လျော့ကျသွားခြင်း မရှိပါဘဲ ဆတက်တိုး၍ ပိုပိုချစ်လာခဲ့ရသည်မှာ မောင့်အပေါ်  ဖြစ်တည်နေသည့် ကျွန်မ၏ စိုးရိမ်ပူပန်မှုတွေက သက်သေပြ၍ နေခဲ့လေသည် ။ ကံဆိုးစွာပင် မောင့်ထံ၌ အလွန် ဆိုးဝါးလှသည့် အတွင်းတိမ် ရောဂါဆိုးကြီး စွဲကပ်နေပြီ ဆိုတာ သိလိုက်ရသည့်အချိန်က စ၍ နေ့စဉ်နှင့်အမျှ အပူမီးတွေကြား ဗျာများနေရသည့် အပူသည် မိန်းမဘဝသို့ ရုတ်ခြည်းရောက်ရှိသွားရပြီး ညစဉ်ညတိုင်း အိပ်ကောင်းခြင်း မအိပ်ရဘဲ ၊ သန်းခေါင်ယံ အချိန်တွင် ငုတ်တုတ်ထ , ထိုင် နေရသည့် အရူးမီးဝိုင်း အဖြစ်က ကျွန်မ၏ အသွေးအသား များအား စုပ်ယူစေလျက် အခုဆို ကျွန်မ အတော့်ကို ပိန်လှီသွားခဲ့ရပြီ ။ မောင်က တော့ သူ့ရောဂါနှင့်သူ အထာ ကျလျက် အအိပ်အစား မပျက် ၊ အပြုံး မပျက်ပင် ။

“ မောင့်ကို အဲဒီလိုကြီး မကြည့်ပါနဲ့ကွာ ။ မောင့် အတွက် ဘာမှ မစိုးရိမ်ပါနဲ့ ၊ မောင် အေးဆေးပါလို့ ပြော ပြီးပြီပဲ ။ မောင် အလုပ်ကိစ္စ အရေးကြီးနေလို့ သွားတော့ မယ် ။ သားလေးကိုပါ တစ် ခါတည်း ကျောင်းကို ဝင်ပို့ လိုက်မယ်နော် ”

မောင်က ပြုံးလျက် ဆိုပေမဲ့ ကျွန်မ မောင့်လို မပြုံးနိုင်တာ သိပ်များ လွန်နေခဲ့သလား ။ မောင်က ပြောပြီး သားလေးလက်ကို ဆွဲကာ ထမင်းခြင်းလေးကို ဆွဲလျက် ကျွန်မရှေ့က ထ , ထွက်သွားလေတော့ ကျွန်မအသည်းနှလုံးသည် မတန်မဆ ညပ်နေသည့် အပေါက်ကျဉ်းကျဉ်းလေးထဲမှ ဆွဲနုတ်ခြင်း ခံလိုက်ရသည့်နှယ် အင့်ခနဲ မြည်၍ ကျန်ရစ်ခဲ့ရလေသည် ။

••••• ••••• •••••

၃ ။

ဘယ်လို ခြေလှမ်းတွေနှင့် အခန်းထဲ ရောက်လာခဲ့ သလဲ မသိပါ ။ စိတ်နှင့် ခန္ဓာ ပြန်ကပ်ချိန်တွင် ကျွန်မသည် နံရံတစ်ခုလုံးတွင် ကပ်ထားသော မောင် နှင့် ကျွန်မ၏ ဓာတ်ပုံများကိုငေး၍ မျက်ဝန်းများ အသက်မဲ့နေခဲ့ပြီဖြစ်သည် ။ မောင်နှင့် လက်ချင်းချိတ်လျက် လျှောက်လည်ခဲ့သောပုံများ ၊ ထမင်းစားရင်း အပြန်အလှန် ခွံ့ကျွေးနေသော ပုံများ ၊ ဖျော်ရည်တစ်ခွက်ကို ပိုက်နှစ်ချောင်းဖြင့် သောက်နေသောပုံများ ၊ အပြန်အလှန် အနမ်းပေးနေသောပုံများ ၊ ချစ်စနိုးဖြင့် ပါးပြင်ကို လက်သီးဖြင့် ချိန်ထိုးနေကြသော ပုံများ ၊ ထိုဓာတ်ပုံများသည် ကျွန်မအိုင်ဒီယာဖြင့် ကပ်ထားခြင်း မဟုတ်ပါ ။ မောင် ကိုယ်တိုင် မြတ်မြတ်နိုးနိုး ကပ်ထားခဲ့သောပုံများ ဖြစ်ပါသည် ။ ဓာတ်ပုံများသည် မောင်နှင့် ကျွန်မ ချစ်သူဖြစ်နေချိန် အတွင်း ရိုက်ထားသောပုံများ သီးသန့် ဖြစ်သည် ။ မောင်နှင့် ကျွန်မ လက်ထပ်ပြီးသည့် နောက်ပိုင်း ရိုက်ထားသော ပုံဆို၍ မင်္ဂလာဆောင်ချိန်က ရိုက်ထားသောပုံများနှင့် မိသားစုပုံများက လွဲ၍ အခြား မရှိချေ ။ မောင်က ချစ်သူ ဖြစ်နေချိန်အတွင်း ရိုက်ထားသော ပုံများကို နံရံပေါ်တွင် တယုတယ ကပ်ထားခြင်းဖြင့် ကျွန်မတို့၏ ချစ်သူဘဝ ဘယ်လောက် ရိုမန့်တစ်ဆန်ကြောင်း သက်သေပြထားခဲ့သလို ၊ ကျွန်မကလည်း မင်္ဂလာဆောင်ချိန်က ပုံတွေနှင့် နောက်ပိုင်း သားလေးနှင့်အတူ ရိုက်ထားသော မိသားစုပုံများကို အယ်လ်ဘမ်နှင့် တရိုတသေ သိမ်းထားခဲ့ခြင်းဖြင့် ရိုးမြေကျ ဆိုသည့်အတိုင်း သစ္စာတည်ခဲ့ ပါသည် ။ ဆွတ်ပျံ့ကြည်နူး ဖွယ်ကောင်းသော ထိုအချစ် ၏ သင်္ကေတ ဓာတ်ပုံလေး များရှေ့တွင် ကျွန်မသည် အရုပ်ဆိုး အကျည်းတန်စွာ နာကျင်ကြေကွဲရလိမ့်မည်ဟု အနည်းငယ်မျှ သံသယ မဖြစ်ခဲ့ ။ အခုတော့ အံ့ဩစရာ ကောင်းလောက်အောင် ပင် ထိုဓာတ်ပုံများ ရှေ့တွင် ကျွန်မ နာကျင်နေရလေပြီ ။

“ ရိုမီယိုနဲ့ ဂျူးလိယက် ၊ လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက် ၊ ပြီးတော့ မောင်နဲ့ သဲနဲ့ ”

မောင်နှင့် ကျွန်မ လက် တစ်ဖက် ကိုယ်စီဖြင့် အသည်း ပုံလေးလုပ်ကာ ရိုက်ထားသော ပုံလေးဆီ အကြည့် ရောက်သည် ။ မောင် ပြောခဲ့သည့် စကားအား ပြန်ကြားလျက် မျက်ဝန်းအိမ်မှ အရည်များအောက်သို့ ပျော်ဆင်းလာ တာကို မတားဆီးနိုင် ၊ မောင့် ရောဂါ အခြေအနေကြောင့် ကျွန်မနှင့် မောင်၏ အချစ် ရေး ၊ ကျွန်မတို့ မိသားစုဘဝ ရှေ့ရေး ပြိုလဲပျက်စီးသွားမှာ ကျွန်မ လွန်စွာစိုးရိမ်မိပါ သည် ။ အထူးသဖြင့် မောင့်ကို သိပ်ချစ်သည့် သားလေး ၊ သားလေးအား တစ်စက်က လေးမျှ စိတ်မထိခိုက်စေလို ပါ ။ သားလေးကို အမြဲပြုံး ပျော်နေစေချင်သည် ။ သား လေး၏ ပျော်ရွှင်မှုသည် မောင့်အပေါ် လုံးဝ မှီတည် နေသည် ။ သည့်အတွက် မောင့်ရောဂါသည် ပိုဆိုး၍ မဖြစ် ၊ ပိုဆိုးလာလျှင် သားလေးကို မောင် ဂရုစိုက်နိုင် လိမ့်မည် မဟုတ် ၊ သည်လို ဖြစ်လာခဲ့လျှင် ကျွန်မဘဝသည် ထုခြေခြင်း ခံလိုက်ရသည့် မှန်တစ်ချပ်နှယ် ဖြစ်ချေပြီ ။ ကျွန်မသည် ခေါင်း ငိုက်စိုက်ချကာ ခြေလှမ်းတွေက ခုတင်ဆီ ရွေ့သည် ။ ကျွန်မ မျက်ဝန်းတွေသည် ခုတင်ပေါ်သို့ စူးစိုက်စွာ တည်ရှိသွားလေ၏ ။

“ မောင့်ကို အရမ်းချစ်လား ”

“ အင်း ၊ အရမ်းချစ်တယ် ။ သဲကိုရော အရမ်းချစ်လား ”

“ အရမ်းချစ် ၊ သေအောင်ချစ် ”

ခုတင်ပေါ်တွင် ပျော်ရွှင်ခြင်းတွေ အထွတ်အထိပ် ရောက်ကာ ချစ်ရည်လူးနေကြသော မောင်နှင့် ကျွန်မ၏ ပုံရိပ်က ပြက်ပြက်ထင်ထင် ပေါ်လာသည် ။ မောင် ရောဂါ မရသေးခင် အချိန်ကတော့ တစ်ယောက်နှင့် တစ်ယောက် အပေးအယူမျှကာ ပျော်ခဲ့ရ သလောက် ၊ ရောဂါရပြီး နောက်ပိုင်းမှာတော့ မောင့် အခြေအနေသည် အတော်ကို ပြောင်းလဲသွားခဲ့လေသည် ။ တစ်ခါတစ်ခါ ရေခဲရိုက်ထားသည့် အသီးတစ်လုံးလို ၊ တစ်ခါတစ်ခါ ဖျားနာနေသည့် လူနာတစ်ယောက် ဆန်ပြုတ်သောက်နေသလို ၊ မောင့် ခံစားမှုသည် ကုန်စိမ်းတန်းက ညိုးရော်နေသည့် အသီးအရွက်တွေလို ဖြစ်နေ သည် ။ စိတ်ဆန္ဒ ချည့်နဲ့စွာဖြင့် ဝတ္တရား တစ်ခုပမာ ဖြစ်နေသည့် ထိုအခြေအနေကို ရင်မဆိုင်ရဲ ၊ ရင်မဆိုင်လို ၊ မခံစားနိုင်ပါ ။ လင်နှင့်မယား ဇာတ်လမ်းတွင် အိပ်ရာပေါ်က သာယာကြည်နူးမှုသည် အခရာကျသည်ဟု ဆိုလျှင် မည်သူမှ ငြင်းနိုင်မည် မထင် ။သာယာသော လင်နှင့်မယား အတွက် အိပ်ရာသည် ချိုမြိန်မှုတွေနှင့် စီခြယ်ထားသည့် နန်းတော်တစ်ခုဟု တင်စားရမည်ဆိုလျှင် မသာယာသော လင်နှင့်မယား အတွက်မူ အိပ်ရာသည် ငရဲဟု ကျွန်မ သတ်မှတ်လိုက်ချင်သည် ။ ကျွန်မ ခုတင်ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည် ။ မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ ပူလောင်သောအတွေးတို့ကို ကြိုးစားဖယ်ထုတ်ပစ်ဖို့ အသည်းအသန် ရင်ဆိုင်နေရသည် ။ မောင်က ကျောက်ပွဲစား ၊ ကားပွဲစား ၊ မြေပွဲစား ၊ အရောင်းအဝယ်နှင့် ပတ် သက်၍ အကုန်လုပ်သည် ။ မျက်နှာထား ချိုကာ စကားပြော ကောင်းသော မောင့်အတွက် တစ်ခုနှင့် မဟုတ် တစ်ခုတော့ အရောင်းအဝယ်ဖြစ်ကာ ငွေဝင်သည် ။ အသုံးစရိတ်များကို ဖယ်ကာ ခြံဝင်းလေးတစ်ခု ဝယ်နိုင်ရန် ကျွန်မတို့ နှစ်ယောက် ကြိုးစားနေရသည် ။ မောင့်မိဘတွေ လက်ဖွဲ့အဖြစ် ပေးထားသော ဒီတိုက်ခန်းလေးထဲတွင် နေရခြင်းသည် ကျဉ်းကျပ်သည်ဟု မောင်ရော ကျွန်မပါ ခံစားမိသည် ။ ကျွန်မ အလုပ်တစ်ခု လုပ်မည် ကြံတိုင်း မောင်က ပေးမလုပ် ၊ အေးအေးဆေးဆေးပဲ နေခိုင်းသည် ။ သားလေး ရလာတော့ အလုပ် မလုပ်ရဖို့ ပိုပြီး သေချာသွားသည် ။ မောင့်အတွက် အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ရေးကိုပဲ ဂရုစိုက် နေထိုင်ခဲ့သော ကျွန်မအတွက် လက်ရှိ အခြေအနေသည် ချောက်ချားတုန်လှုပ်ဖွယ် ကောင်းလွန်းလှသည် ။ မောင့်ဝင်ငွေ ၊ မောင့်အလုပ်သည် မောင့်ရောဂါအခြေအနေ ကြောင့် အချိန်မရွေး တိုက်စားသွားနိုင်သည် ။ ထို့ကြောင့် သည်အတိုင်းနေ၍ မဖြစ် ၊ အလုပ် တစ်ခုခုကို မြန်မြန် အကောင်ထည်ဖော်နိုင်မှ ဖြစ်လိမ့်မည် ။

“ ဘာကြောင့်လဲ ၊ ဘာ ကြောင့်လဲ ”

ကျွန်မ မခံစားနိုင်တော့ ၊ လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ခေါင်းကိုမော့လျက် အသားကုန် အော်ပစ်လိုက်သည် ။ မျက်နှာကြက်သည် ဝုန်းခနဲ ပြိုကျလာသလိုပါပဲ ။

••••• ••••• •••••

၄ ။

ကျွန်မ၏ ခံနိုင်အားကို မညှာမတာ စမ်းသပ်သည့် အချိန်သို့ ရောက်ပြန်ချေပြီ ။ ထုံးစံအတိုင်း ကျွန်မသည် ရက်ရက်စက်စက်ဓားချက် တို့ဖြင့် လဲကျနေသည့် လူ တစ်ယောက် ၊ ရှိသမျှအားအင်တို့ကို ခက်ခက်ခဲခဲစုစည်းကာ မတ်တတ်ထ , ရပ်ရန် ကြိုးစားနေသည့် ပမာ ကျွန်မဦးခေါင်းသည် ခေါင်းအုံးနှင့် လွတ်လာသည် ။ ကွဲအက်နေသော မျက်ဝန်းတို့သည် နှစ်ခြိုက်စွာ အိပ်မောကျနေသော မောင်နှင့် သားလေးထံ ရောက်သည် ။ သားလေးက မောင့်ရင်ခွင်ထဲမှာ ၊ မောင်က သားလေးကို ဖက်ထား၏ ။ ကျွန်မ ပြုံးလိုက်မိသလား မသေချာပါ ။ မောင့်မျက်နှာကို ကျွန်မ အချိန်အတော်ကြာ စိုက်၍ ကြည့်နေမိသည် ။ ကျွန်မလက်သည် မောင့်ဆံပင်တွေပေါ် ကျရောက်သွားကာ နှုတ်ခမ်းသည် မောင့်နဖူးပြင်နှင့် ထိတွေ့သွား၏ ။ မောင်ကတော့ နှစ်ခြိုက်စွာ အိပ်မြဲပင် ။ ကျွန်မ ခုတင်ပေါ်မှ ဖွဖွလေးဆင်းလိုက်ကာ ရေခဲသေတ္တာဆီ ရောက်သည် ။ ရေခဲသေတ္တာထဲမှ ရေဘူးကို နှိုက်ယူမည် ဆဲဆဲ ကျွန်မလက်သည် ရေဘူးဆီတော့ ရောက်၏ ။ သို့သော် … မျက်လုံးတွေက ရေဘူးဆီ မရောက်ဘဲ ဘလက်လေဘယ် ပုလင်းဆီ ရောက်သွားသည် ။ တွေဝေနေသည့် ကြားမှပင် ကျွန်မ၏ လက်သည် မျက်လုံးတွေ၏ ဆွဲငင်အားကို မလွန်ဆန်နိုင်ဘဲ ဘလက်လေဘယ်ပုလင်းကို ယူလိုက်မိသည် ။ ညအိပ်ရာ မဝင်မီ မောင် သောက်တတ်သည့် လက်ကျန် ဘလက် လေဘယ် ဖြစ်သည် ။ သည် ညလည်း မောင်သောက်၏ ။ မောင့်အတွက် အမြည်းပင် ကျွန်မ လုပ်ပေးလိုက်သေးသည် ။ ကျွန်မ မသောက်တတ်ပေမဲ့ သောက်ကြည့် လိုက်ချင်သည့် စိတ်သည် ထိန်းမရ ၊ အားရပါးရမူးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပစ်လိုက်ချင်သည် ။ မောင် ပြောဖူးသည် ။ သောက်ပြီး အိပ်လျှင် အရမ်းအိပ်ပျော်ပါသည်တဲ့ ။ ဘလက်လေဘယ် ပုလင်းကို ထမင်းစားပွဲဆီ ယူခဲ့လိုက်သည် ။ ပြီးတော့ အချိုရည်ဘူးပါ ပြန်သွားယူလိုက်၏ ။ စားပွဲပေါ်တွင် ဖန်ခွက်များ အဆင်သင့်ရှိသည် ။ မောင် သောက်သလို ဖန်ခွက်ထဲ အနည်းငယ် ထည့်ကာ အချိုရည်နှင့် ရော၍ သောက်ကြည့်လိုက်သည် ။ အောင်မလေး ၊ ပူလိုက်သည့်ဖြစ်ခြင်း ၊ ရင်ဘတ်ကို လက်နှင့် ဖိထားရသည် ။ အန်လည်း အန်ချင်သွား၏ ။ ရေခဲသေတ္တာထဲက အချဉ်ထုပ်ကို ပြေးယူပြီး ဝါးလိုက်တော့မှ ပါးစပ်ဖျားက အခါးသည် ပျောက်သွားသလို ရှိကာ ရင်ထဲက အပူရှိန်သည်လည်း သက်သာသွားသလို ရှိသည် ။ သုံးခွက်တိတိ သောက်ပြီးချိန်တွင် လူက ဝေတေတေဖြစ်လျက် ဆက်သောက်၍ ဘယ်လိုမှကို မရတော့ချေ ။ တစ်စုံတစ်ယောက်က လာပြီး တွန်းနေသလို ခန္ဓာကိုယ် သည် သစ်ပင်အိုနှယ် ဖြစ်ချေ ပြီ ။ သို့သော် ... အသိအာရုံကား အနည်းငယ်မျှ ယိုင်ထိုး မသွား ၊ ယိုင်တိုင်တိုင် ခြေလှမ်းတို့ဖြင့် အိပ်ရာပေါ် ထိန်း၍ တက်လိုက်ချိန် ခြေ ထောက်သည် ဟန်ချက်ပျက်ကာ မောင့်ခြေသလုံးကို နင်းမိသွားသည် ။ မောင်များ နိုးသွားမလား စိုးရိမ်မိပေမဲ့ မောင် နိုးမလာပါ ။ တက်နင်းမိသည့် နေရာကို မောင်သည် လက်ဖြင့် ပွတ်ကာ ပြန်အိပ်သွားသည် ။ ကျွန်မသည် စောင်ကို ဆွဲခြုံလိုက်ကာ ဘေးတစောင်း အိပ်လိုက်သည် ။ ဘယ်လိုမှ မရ ၊ လည်ထွက်နေသည် ။ ပက်လက်ပြန်လှန်၍ ငြိမ်ငြိမ်လေး နေကြည့်သည် ။ သက်သာသလိုပါပဲ ။ သို့သော် မျက်နှာကြက်မှာ မိန်းမ တစ်ယောက်၏ ပုံက ထင်းလျက် ပေါ်လာသည် ။ အဲသည်မိန်းမကို ကျွန်မ ကောင်းကောင်းကြီး မြင်ဖူးနေသလို ရှိသည် ။ ဒါမှမဟုတ် အဲသည်မိန်းမသည် ကျွန်မကိုယ်တိုင်ပဲလား ။ မိန်းမသည် ရေပန်းအောက်တွင် ကိုယ်လုံးတီးဖြင့် ရေကို စိမ်ပြေနပြေ ချိုးနေသည် ။ ပြီးလျှင် ကိုယ်လုံးတီး ရေစက်လက်ဖြင့်ပင် ရေချိုးခန်းထဲမှ ထွက်ကာ မှန်တင်ခုံ ရှေ့ ရောက်သွားလေ၏ ။ မိန်းမသည် သူ့ဆံပင်များနှင့် ခန္ဓာကိုယ်ကို တဘက်ဖြင့် သုတ်ပြီးနောက် ၊ ရင်သားများကို အသေချာ သူ့လက်ဖြင့် ကိုင်ကြည့်နေသည် ။ ဟင့်အင်း ၊ မမြင်ချင်ဘူး ။ ပျောက်သွားပါတော့ ၊ အဲဒီမိန်းမကို မြင်ရတာ ကျွန်မရင်ထဲ ပူလောင်လိုက်တာ ။ ကျွန်မ မျက်လုံးတွေကို ခပ်တင်းတင်း မှိတ်ချလိုက်ပေမဲ့ မရပါ ။ မျက်လုံးတွေ ပြန်ဖြေချလိုက်ချိန်တွင် ထိုမိန်းမသည် ဆိုးခနဲဆတ်ခနဲ ပေါ်လာပြန်သည် ။ သည်တစ်ခါတော့ ထိုမိန်းမပျောက်သွားစေရန် ထပ်မံမကြိုးစားတော့ ။ ကိုယ်လုံးတီးဖြင့် မိန်းမသည် နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်ကာ မှန်တင်ခုံကို ကျောပေးလိုက်၏ ။ သူ၏ တင်သားများ အသေချာ မြင်ရစေရန် ဟိုဘက် သည်ဘက် လှည့်၍ အသေချာ ကြည့်နေသည် ။ ထို့နောက် ရှေ့သို့ ခြေနှစ်လှမ်း ပြန်တိုးကာ ဆံပင်တွေကို ကိုင်ကြည့်နေပြန်သည် ။

“ အရင်လို ပြည့်ပြည့် ဖြိုးဖြိုး ပြန်ဖြစ်လာအောင် အစားများများ စားရမယ် ။ ခန္ဓာကိုယ်လှအောင် လေ့ကျင့်ခန်း လုပ်ရမယ် ။ ဆံပင်ပုံစံလည်း ပြောင်းရမယ် ”

သည်စကားလုံးတွေကို အဲ သည်မိန်းမ ပြောနေသလား ၊ ကျွန်မကိုယ်တိုင်ပဲ ပြောနေ သလား မသေချာပါ ။ လှစ် ခနဲ ပျောက်သွားသော ထို မိန်းမကို မြင်လိုက်ရချိန် ကျွန်မ မျက်လုံးတွေထဲ မည်းမည်းအကောင်တွေက အစုလိုက် အပြုံလိုက် တိုးဝင်လာသလို ခံစားလိုက်ရသည် ။

••••• ••••• •••••

၅ ။

ပုဂ္ဂလိက ဆေးရုံတစ်ခု ရှေ့ ကားထိုးရပ်တော့ ကားဆရာအား ကျသင့်ငွေရှင်း ပေးလိုက်ကာ ကျွန်မသည် ကားပေါ်မှ စိတ်ကို အတည် ငြိမ်ဆုံးဖြစ်အောင် ထိန်း၍ ဆင်းခဲ့ပြီး ပိုက်ဆံအိတ်ကို လက်မှာ ချိတ်လျက် ကြွကြွ လေးပင် ဆေးရုံထဲသို့ ဝင်ခဲ့ လိုက်လေသည် ။

“ ကျွန်မ ရွှေထိပ်ထားနဲ့ တွေ့ချင်လို့ပါ ”

“ ခဏနော် ညီမ ၊ ထိုင်စောင့်ပါဦး ”

ကျွန်မက အပြုံးချိုချိုလေးဖြင့် ကောင်တာက အစ်မတစ်ယောက်ကို မေးတော့ အဲသည် အစ်မက သိပ်ပြီး မမှည့်သေးသည့် သရက်သီးတစ်လုံး၏ မျက်နှာမျိုးဖြင့် တုံးတိတိကြီး အဖြေပေးလေသည် ။ ဘယ်လိုပဲဖြစ်ဖြစ် မောင့် ရောဂါအတွက် သည်လို အပြုအမူလေးလောက်ကတော့ ဘယ်လိုမှ စာဖွဲ့ဖို့ မလိုချေ ။ အဓိကက မောင့်ရောဂါ သက်သာပျောက်ကင်းစေဖို့ အလေးထား ဆောင်ရွက်သွားရမည်ပင် ။ ထိုင်နေရင်းမှပင် ဘယ်လိုမှ မနှစ်မြို့သည့်ဆေးရုံ၏ ရနံ့က နှာခေါင်းထဲ တိုးဝင်လာတော့ ယောင်ယမ်းကာ နှာခေါင်းကို ပွတ်ခြေမိသွားရလေသည် ။ ကျွန်မရှေ့က တီဗွီကို ငေးလိုက်မိတော့ ဖန်သားပြင်ပေါ် တွင် မိန်းမနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မီးတောက်မျက်ဝန်းတွေနှင့် စိုက်ကြည့်နေကြကာ အပြန်အလှန် ပါးတွေ ရိုက်နေကြတာကို တွေ့ရ၏ ။ ပူလောင်နေရသည့် ကြားမှပင် စိတ်ပျက်စွာ အကြည့်ကို အခြားသို့ လွှဲပစ်လိုက်မိသည် ။

“ စိတ်ချမောင် ၊ မောင့် ရောဂါဆိုးကြီး အမြစ်ကနေ ပြတ်ထွက်သွားအောင် ကျွန်မ အစွမ်းကုန် ကြိုးစားသွားမယ် ။ မောင့်ကို ဘယ်တော့မှ အဆုံးရှုံးခံမှာ မဟုတ်ဘူး ”

မောင့်မျက်နှာကို မြင်ယောင်မိလျက် နာကျင် လောင်မြိုက်နေသည့် ကြားမှ အားတင်းကာ ပြုံးမိလေသည် ။ မောင် ဘယ်အချိန်လောက်ကများ ကျွန်မအသည်းနှလုံးကို စုတ်ပြတ်စေမယ့် ဒီရောဂါဆိုးကြီး စွဲကပ်လာခဲ့ရသလဲ ၊ နောက်ကျမှ သိခဲ့ရပေမဲ့ သေချာတာ တစ်ခုကတော့ သားလေးကို မွေးဖို့ သည် ဆေးရုံကို တက်ဖြစ်ခဲ့သည့် အချိန်ကတည်းက ဖြစ်မှာအသေချာပင် ။ အဲသည်တုန်းက ရွှေထိပ်ထားက ကျွန်မနှင့် မောင်၏ သားလေးအတွက် အနီးကပ် သူနာပြုအဖြစ် ပြုလုပ်ပေးခဲ့သူပဲ ။ မကြာခင် ကျွန်မအနား ရွှေထိပ်ထား ရောက်လာပေတော့မည် ။ ရွှေထိပ်ထားကို မောင့်ရောဂါ အခြေအနေနှင့် ပတ်သက်၍ အလုံးစုံ မေးရမည် ။ ရွှေထိပ်ထား ကရော ကျွန်မ မေးမည့် မေးခွန်းတွေကို ကြည်ကြည်ဖြူဖြူနှင့် ဖြေပေးနိုင်ပါ့မလား ။ ဘယ်လို မျက်နှာထား ၊ ဘယ်လို စိတ်ထားမျိုးနှင့် ကျွန်မ အနား ရောက်လာလေမလဲ ။ သည်လောက် ငယ်ဂုဏ်လေးနှင့် ချစ်စရာ ကောင်းသည့် မျက်နှာလေးကို ပိုင်ဆိုင်ထားပါလျက် ဘာကြောင့် မောင့်ရောဂါနှင့် ပတ်သက်ပြီး အဓိကကျသည့် အခန်းကဏ္ဍကနေ ပါဝင်နေခဲ့ရပါသလဲ ။ ဘာ ကြောင့် ကျွန်မ၏ ညတွေကို အိပ်စက်ခြင်းတွေနှင့် ကင်း လွတ်အောင် ဆောင်ကြဉ်း ပေးနေခဲ့ရပါသလဲ ။

“ နင် ယောက်ျားယူရင် နင်ယူမယ့် ယောက်ျားကို အတွင်းတိမ်ရောဂါ ဖြစ်နိုင်ခြေ ရှိ ၊ မရှိ အသေချာ ဆန်းစစ်ပြီးမှ ယူနော် ”

“ အမယ်လေး ၊ နင်သာ သေသေချာချာ ဆန်းစစ်နော် ။ နင်ယူမယ့် ယောက်ျားက ဒီ လောက် ချောတာ စိတ်မချရ ဘူး ”

ကျွန်မ အပျိုဘဝတုန်းက သူငယ်ချင်းဖြစ်သူကို ဆရာကြီးလုပ်ကာ ပြောခဲ့ဖူး သောစကားကို ပြန်သတိရ သွားကာ လေပူတစ်ချက်ကို “ ဟူး ” ခနဲ မှုတ်ထုတ်ပစ်လိုက်မိသည် ။ အတွင်းတိမ်ဆိုသည်မှာ ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်ကြား ဗန်းစကား အဖြစ် သုံးသည့် စိတ်ဓာတ် ညံ့ဖျင်းသေးသိမ်သည့် ယောက်ျား ၊ လော်လီဖောက်ပြား မျက်နှာများသည့် ယောက်ျား ၊ စကားမတည် အပြောသရီသည့် ယောက်ျား ၊ အတွင်းစိတ် နက်နက်နဲနဲ မရှိပါဘဲ အပေါ်ယံသာ တိမ်နေသည့် ယောက်ျားများကို ဆိုလိုရင်း ဖြစ်ပါသည် ။

ရယ်စရာတော့ အကောင်းသား ။ ကျွန်မ သူငယ်ချင်းယောက်ျားက ဘာရောဂါမှ မစွဲကပ်ပါဘဲ သာသာယာယာ ။ ကျွန်မ၏ မောင်သာ ထိုရောဂါဆိုး စွဲကပ်လာခဲ့သတဲ့ ။ သည် အခြေအနေကို ရောက်မှတော့ ထိုင်ခံစားနေ၍ မရ ၊ ကျွန်မ၏ ခံစားချက်တွေ သေကောင်ပေါင်းလဲ ဖြစ်ပြီး ဆုံးဖြတ်ချက်နှင့် လုပ်ရပ်တွေ မှားသွား၍ ဘယ်လိုမှ မဖြစ်ချေ ။ အဲသည်အတွက် ရွှေထိပ်ထားကို ပွင့်ပွင့်လင်း လင်း မေးရမည် ။ ရှေ့မျက်နှာ နောက်ထားပြီး အကူညီ တောင်းသင့်လျှင်လည်း တောင်းရမည် ။ ရုပ်ရှင်တွေထဲက လိုတော့ ဘယ်တော့မှ ညစ်ညမ်းစကားတွေ သုံးပြီး ကြမ်းကြမ်းရမ်းရမ်း မိန်းမကြမ်း လုပ်ပြသွားလိမ့်မည် မဟုတ် ၊ ပညာသားပါပါ လှလှပပ ကိုင်တွယ်ဖြေရှင်း သွားရန် အားလုံး စဉ်းစားပြီး ဖြစ်ပါသည် ။

⎕ ညှို့ပြင်းရှ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဧပြီ  ၊ ၂၁၁၉

No comments:

Post a Comment