❝ မေ့တတ်သူ ❞
( ပီမိုးနင်း )
မောင်ကောင်း၏ စာလုံးစက်နှိပ်သော စာရေးမကလေး မေရီသည် မောင်ကောင်း၏ လက်ယာဘက်ရှိ စားပွဲပေါ်တွင် လက်ဖက်ရည်တစ်ခွက်နှင့် ဘီစကွတ်မုန့် များကို လာ၍ ချလေ၏ ။
“ ဪ … လက်ဖက်ရည်လာပလား ။ ၃ နာရီခွဲပြီ ”
“ ဟုတ်တယ် ၊ ကျွန်မ မေ့နေမိလို့ပါ ၊ ကိုကို ဘီစကွတ်မုန့်ကို ကြိုက်သလား ၊ တို့စ်ကို ကြိုက်သလားလို့ ကျွန်မ စောစောက မေးမလို့ပဲ ၊ ဒါနဲ့ မမေးမိဘူး ။ နို့ပေမဲ့ ဘီစကွတ်ကို မကြိုက်ရင်လည်း ခုချက်ချင်း ကျွန်မ လဲပေးနိုင်ပါတယ် ။ မကြာပါဘူး ၊ ကျွန်မ မေ့တတ်တာ တစ်ခုကို ဘယ်လိုလုပ်ရမလဲ မသိဘူး ”
“ ကိစ္စမရှိပါဘူးကွယ် ၊ နို့သော်လည်း ကိုကိုတို့ အလုပ်တော့ နေရာမကျတော့ဘူး ထင်တယ် ” ဟု ပြောလေ၏ ။
“ ဘာဖြစ်လို့လဲ ကိုကို ၊ ကျွန်မကို မထားနိုင်တော့ဘူးလား ဖြုတ်ပစ်မှာလား ”
“ ကိုကို့ စာအုပ်ဆိုင်မှာ အမှာစာ တစ်လလုံးနေလို့ တောင် စာတစ်စောင် မရောက်ဘူး ၊ ဒီတော့ ဆိုင်လခကြီးကို အလကား ပေးမထားနိုင်ဘူး ။ ရပ်ရမှာပဲ ”
“ ကျွန်မကိုကော မလိုတော့ဘူးပေါ့ ” ဟု မေရီက မေးလေ၏ ။
“ ငွေမှ မရဘဲ ၊ ဘယ့်နဲ့ လုပ်မလဲ မေရီ ” ဟု မောင်ကောင်းက ပြောလေ၏ ။
“ ကျွန်မ အင်မတန် မေ့တတ်တဲ့ အတွက် အလုပ်တွေ ရှုပ်ကုန်တယ် ထင်ပါရဲ့ ” ဟု မေရီက ပြောလေ၏ ။
“ နောက် တော်တော်ကြာရင် ၊ အမှာစာ တစ်စောင်မှ လာတော့မှာ မဟုတ်ဘူး ”
“ ကိုကို ဘာပြောတာလဲ ”
“ ကိစ္စမရှိပါဘူး ” ဟု မောင်ကောင်းက ပြောလေ၏ ။
“ ကိုကို ကျွန်မကို အလုပ်ဖြုတ်တော့မှာလား ”
( မောင်ကောင်း၏ စာအုပ်ဆိုင်မှာ အလုပ်လုံးလုံးကြီး ရပ်စဲရတော့မလို ဖြစ်၍ နေလေ၏ ။ )
“ ဒီလိုသာ နောက်တစ်လလောက် နေရရင် ဆိုင်းဘုတ် ဖြုတ်ဖို့ ရှိတာပဲ ၊ လှလှပပ ပြင်ဆင်ထားတဲ့ အလုပ်ခန်း ၊ ကိရိယာတန်ဆာပလာတွေကိုလည်း ရောင်းချစားရတော့မယ် ။ အမှန်အတိုင်းသာ ပြောရမှာဖြင့် ကိုကို့မှာ အလုပ်အကိုင် မရှိဘူး ။ အလုပ် မရှိရင် ငွေမရှိဘူးပေါ့ ”
“ ဪ ... ဒါထက် ခုမှ သတိရတယ် ။ မနက်က ဇမ္ဗူဒီပရုပ်ရှင်ကုမ္ပဏီက တယ်လီဖုန်းနဲ့ ကိုကို့ကို မေးတယ် ။ တိုက်ရှင်ကတော့ မဟုတ်ပါဘူး ။ သူ့စာရေးမကလေးက မေးတာပဲ ”
“ ဟုတ်ပြီ ဘာပြောသလဲ"
“ များများတော့ မပြောပါဘူး ။ ရုပ်ရှင်ကုမ္ပဏီ မန်နေဂျာ ကိုလှမောင်ထံ တယ်လီဖုန်းနဲ့ အကြောင်းကြားပါလို့ ကိုကို့ကို မှာတယ် ”
“ ဟုတ်သလား ၊ ဘယ်အတွက်ကြောင့် စောစောက ကိုကို့ကို မပြောသလဲ ”
“ ကျွန်မ မေ့နေလို့ပါ ” ဟု စိတ်လက် မကောင်းသော အမူအရာနှင့် ပြန်၍ ပြောဆိုလေ၏ ။
“ အဲဒါ ဒုက္ခပဲ ” ဟု မောင်ကောင်းက ပြောလေ၏ ။
“ ကျွန်မ မေ့တာဟာ သိပ်စိတ်မကောင်းဖြစ်တာပဲ ”
“ အေး ၊ အေး ၊ ဒါကိစ္စမရှိတော့ပါဘူး ” ဟု ပြောပြီး တယ်လီဖုန်းကို ကိုင်၍ ( ဟလို , ဟလို ) ဒါ ကိုလှမောင်လား ဟု မောင်ကောင်းက ပြောလေ၏ ။
“ ကျုပ်နာမည် မောင်ကောင်းပါ ။ ကိုလှမောင်ကို စကားပြောချင်လို့ပါ ”
“ ကိုလှမောင် အခု တိုက်မှာ မရှိဘူး ” ဟု စကားပြန်၍ပြောသေး၏ ။
“ သူ စောစောက တယ်လီဖုန်းနဲ့ သူ့ကို ခေါ်ဖို့ မှာထားတယ် ”
“ ဒီအကြောင်း ကျွန်မ ဘာမှမသိဘူး ၊ ရှင့်နာမည် ဘယ်သူ ၊ သူတော့ ကနေ့ မလာတော့ဘူး ၊ အိမ်ကို ပြန်သွားပြီ ။ ရှင့်နာမည်ကို ပြောစမ်းပါဦး ”
“ မောင်ကောင်းပါ ”
“ ဪ … ကိုကောင်းလား ”
“ ဟုတ်ကဲ့ ”
“ ရှင်ပို့ထားတဲ့ ဇာတ်ညွှန်းကြီး အကြောင်းလား ”
“ ဟုတ်တယ် ၊ ကိုလှမောင်က ဒီကနေ့မနက် စကားပြောချင်တယ်လို့ မှာထားလို့ပါ ”
“ ဟုတ်ပါတယ် ၊ မှာတာ ဒီကနေ့မနက် စကား ပြောဖို့ မှာတာပဲ ”
“ ဒီကနေ့ မနက်လား ”
“ ဒီကနေ့မနက် ကိုလှမောင်ကို တယ်လီဖုန်းနဲ့ စကားပြောဖို့မှာတာပဲ ။ အခု ကိုလှမောင် သွားပြီ ၊ ဒီကနေ့ မနက် ရှင်နဲ့စကားမပြောရတဲ့အတွက် အများကြီး စိတ်မကောင်းဖြစ်သွားတယ် ။ ရှင့်ဇာတ်ညွှန်းကိုလည်း သူ ဂရုမစိုက်တော့ဘူး ”
မောင်ကောင်းသည် မေရီ မေ့လျော့သည့်အတွက် ဒီလိုဖြစ်တာပဲ ။ ငါ့အလုပ် နေရာမကျအောင် ကြံဖန်ပြီး ဖြစ်တာပဲ ဟု တွေးကာ စိတ်ဆိုးလေ၏ ။ သို့သော် “ နက်ဖြန် သူနဲ့ စကားမပြောရဘူးလား ” ဟု မောင်ကောင်းက မေးပြန်လေ၏ ။
“ ပြောဖို့ခက်တယ် ကိုကောင်း ၊ ပြောလို့ရမယ် မဟုတ်ဘူး ၊ ကိုလှမောင်ဟာ လူဆန်းတစ်ယောက်ဖြစ်တယ် ။ သူ ကိုယ်တိုင် အင်မတန် စကားမှန်တဲ့သူ ၊ တခြားသူများလည်း သူ့လို စကားမှန်လိမ့်မယ်လို့ သူ ယုံကြည် ထားတာပဲ ၊ တွေ့ရမယ့်အချိန်မှာ တွေ့ရမှ ၊ စကားပြောရမယ့်အချိန်မှာ ပြောရမှ ကြိုက်တယ် ။ ဒီကနေ့ ရှင့်ကို စကားမပြောရလို့ ရှင့်ကို ယခုလို မှာသွားတယ် ။ သူ နောက်ဆုံးရေးတဲ့ စာကိုလည်း ရှင်မပြန်ကြားဘူး ။ ဒါကိုလည်း သူ စိတ်မကောင်းဘူး ၊ စိတ်ဆိုးတယ် ”
“ ဒါကို ကျုပ် စာပြန်လိုက်တာပဲ ”
“ ကျွန်မတို့ ပြန်စာ မရပါကလား ၊ ဒီကနေ့မနက် သူ တယ်လီဖုန်းနဲ့ စကားပြောတာ ရှင့်ကို နောက်ဆုံး အခွင့်အရေးပေးခြင်းပဲ ”
“ ဒါဖြင့် မနက်ဖြန် သူ့ကို တယ်လီဖုန်းနဲ့ ပြောပြရရင် မကောင်းဘူးလား ”
“ အကျိုးရှိမယ် မထင်ဘူး ကိုကောင်း ၊ နောက်ကျအားကြီးသွားပြီ ”
“ ဒီလိုဖြင့် ဒီအကြောင်းနဲ့ စပ်လို့ သူ့ကို ဘာမှ ပြောဖို့ မရှိတော့ဘူးပေါ့လေ ” ဟု ပြောပြီး နားထောင်နေသော တယ်လီဖုန်းကို ချိတ်လိုက်လေ၏ ။
“ နေရာကျရဲ့လား ” ဟု မေရီက မေးလေ၏ ။
မောင်ကောင်းသည် အများကြီး စိတ်မကောင်းဖြစ်၍ နေလေ၏ ။ မိမိ၏ အလုပ်ကို ပြန်၍ တည်ထောင်ရန် ငွေကြေး လို၍ နေရာ ၊ ထိုငွေရတော့မည့် အခါ၌ လွတ်၍ သွားသည့် အတွက် စိတ်အပျက်ကြီး ပျက်မိလေ၏ ။ ၎င်း သည် စိတ်ကို ချုပ်၍မရတော့ပေ ။ မေရီကို ချစ်၍ နေသော အချစ်စိတ်သည် ထိုခဏအတွင်း ပျောက်ကွယ်၍ သွားလေ၏ ။
“ နေရာမကျဘူး ၊ အလကားပဲ ၊ ဟို တယ်လီဖုန်း စကားဟာ ကိုလှမောင် ဒီကနေ့မနက် စကားပြောဖို့ မှာတာ ”
“ ကျွန်မလည်း သိပ်စိတ်မကောင်းဖြစ်တာပဲ ”
“ ဒီအပြင်လည်း အခြား တစ်ခု ရှိသေးတယ် ၊ ကိုကို ရေးလိုက်တဲ့ နောက်ဆုံးစာဟာ ကိုလှမောင်ဆီ မရောက် ဘူးဆိုပါကလား ။ ကိုကို ရေးပြီး မင်း အိမ်ပြန်တော့ ထည့်ဖို့ ကိုကို ပေးလိုက်တယ်မဟုတ်လား ”
“ ဟုတ်ပါတယ် ၊ ကျွန်မ သိပါတယ် ”
“ သိပြီးတော့ကာ မင်း စာတိုက်ကို ထည့်ဖို့လည်း မေ့နေတယ်မဟုတ်လား ။ အဲဒါ ပြီးတာပဲ ၊ ကိုလှမောင် စိတ်ဆိုးသွားပြီ ၊ ကိုကိုရေးတဲ့ ဇာတ်ညွှန်းကို ဂရုစိုက်တော့မှာ မဟုတ်ဘူး ”
( မေရီမှာ အသက်မရှူတတ်အောင် ဖြစ်၍သွားလေ၏ ။ ထို့နောက် ဒါ ကျွန်မ အပြစ်ပါပဲ ) ဟု ပြောလေ၏ ။
“ ဒါ ဟုတ်တာပေါ့ ”
“ ကိုကို ကျွန်မကို အလုပ်ဖြုတ်ပစ်တော့မလား ” ဟု ပူပင်သော အမူအရာနှင့် မေးမြန်းလေ၏ ။
မောင်ကောင်းသည် မေရီကို သေချာစွာကြည့်ပြီး ( အေး ) .. ဟု ပြောတော့မည် ဖြစ်ရာမှ ၎င်းစကားကို မပြောဘဲ ရပ်၍ထားလိုက်ရာမှ ...
“ ကိုကို တစ်ခု ခိုင်းဦးမယ် ၊ ဒီတစ်ခါ မေ့ရင်တော့ အပြီးပဲ ”
သို့သော်လည်း ၎င်း၏ အခြေအနေမှာ စိတ်လျှော့ရတော့မည့် အခြေအနေ မဟုတ်သေးပေ ။ စိတ်လက် လေးလံစွာနှင့်ပင် လမ်းဘက်ကို ကြည့်ရင်း အဘယ်ပုံ မိမိ၏ အလုပ်ကို အသက်သွင်းရမည်နည်းဟု စဉ်းစား၍ နေလေ၏ ။
နောက်တစ်နေ့သို့ ရောက်သောအခါ၌လည်း အားတက်စရာ မရှိ ။ ဆိုင်၏ အခြေအနေမှာ ဤအတိုင်းသာ နေလေ၏ ။ အလုပ်အကိုင်များမှာ မှောင်ကျ၍ နေလေ၏ ။ မေရီ မှာလည်း လွန်စွာစိတ်ပူလျက် အားငယ်နေဟန် ရှိလေ၏ ။ မေရီ အတွက်လည်း စိတ်မကောင်းဖြစ် မိလေ၏ ။ မနေ့က မေရီကို စိတ်ဆိုးမိသည့်အတွက် နောင်တရမိလေ၏ ။ ထို့နေ့နံနက်၌ အိမ်ရှင် ဦးဘအောင် လာကြောင်းကို ပြောဖို့ရန် မေရီ ဝင်၍လာသောအခါ ၊ ထားမြဲတိုင်းဖြစ်သော မျက်နှာထားနှင့် ပြုံးရွှင်စွာ ကြည့်လေ၏ ။
“ အိမ်ရှင်ဦးဘအောင်က ကိုကို့ကို တွေ့ချင်တယ်လို့ ပြောတယ် ”
မောင်ကောင်းသည် ညည်းညူလျက် “ လာပါစေကွယ် ” ဟု ပြောလိုက်လေ၏ ။
ဦးဘအောင်သည် ကြီးထွားဝတုတ်သော ကိုယ်နှင့် အခန်းထဲသို့ ရောက်၍ လာလေ၏ ။ ၎င်းမှာ ချမ်းသာကြွယ်ဝသော အသွင်ကိုဆောင်သူ ဖြစ်လေ၏ ။ မျက်နှာမှာ ဖောင်းပွ၍ နေ၏ ။ ပြေပြစ်သော အမူအရာ ရှိလေ၏ ။
“ ဘယ့်နှယ်လဲ မောင်ကောင်း ၊ ဒီကနေ့ ဘုရားပေါ် မှာ အစည်းအဝေး ရှိတယ် ဆိုပါကလား ၊ မင်း မသွားဘူးလား ”
“ အစည်းအဝေးတွေ ဘာတွေကို ဂရုမစိုက်နိုင်ဘူး ခင်ဗျာ ” ဟု မောင်ကောင်းသည် ပြောပြီး ဦးဘကောင်း ဟာ အစည်းအဝေးအကြောင်းကို မေးဖို့ရန် သက်သက် လာသည် မဟုတ် ။ အခြား အကြောင်းတစ်ခုခု ရှိတန်ရာသည်ဟု ရိပ်မိသဖြင့် “ ကိစ္စကိုဆိုပါဦး ဦးရယ် ” ဟု မေးလေ ၏ ။
“ ကိစ္စကတော့ အိမ်လခကိစ္စကလေးပါပဲ ၊ မထူးပါဘူး ”
“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ၊ အခုအတောအတွင်းမှာ မချောင်လည်သေးလို့ပါဗျာ ။ အချိန်နည်းနည်းကလေး ပိုပေးနိုင်ရင်နေရာကျမှာပဲ ” ဟု မောင်ကောင်းက ပြန်၍ ပြောလေ၏ ။
“ ဟောဟော ၊ နေရာကျမယ် မဟုတ်ဘူး ထင်တယ် ။ မဖြစ်ပါဘူး ”
“ ဦး ငွေဟာ မဆုံးပါဘူး ၊ ဦးကို ကျွန်တော် မလိမ်ပါဘူး ၊ အချိန်နည်းနည်းသာ ပိုတောင်းတာပါ ”
“ မောင့်စကားကို ဦးယုံပါတယ် ၊ ဦး မယုံလို့ မဟုတ်ပါဘူး ။ နို့သော်လည်း အလုပ်ဆိုတာ အလုပ်နဲ့တူမှ ကောင်းတာပေါ့ ။ မောင် ရေးတဲ့ ( ဆီနာရီရို ) ဆိုတာကော ရောင်းရပလား ”
“ အခုချက်ချင်းတော့ မရောင်းရသေးပါဘူး ”
ဦးဘအောင်က “ ဒီလိုကွဲ့ တူမောင်ရဲ့ ၊ ဦးမှာ ခြံကောင်း ၊ အိမ်ကောင်း ၊ ကားကောင်းနဲ့ ကန်တိုမင်မှာ နေတယ် ။ တစ်နှစ်ကို ငွေ ၁ဝဝဝဝိ တိတိ ကုန်ကျပါတယ် ။ မောင့်ဆီက ဦး ရစရာရှိတာကို ဆိုင်းရင် ၊ အခြား ဦး ငွေရစရာရှိတဲ့ လူများလည်း မောင့်လိုပဲ ဆိုင်းဖို့ ပြောကြလိမ့်မယ် ။ ဦး ငွေမရရင် ဦး နေရာကို လက်လွှတ်ရလိမ့်မယ် ”
“ ဒါတော့ ကျွန်တော် မကြံတတ်ဘူး ၊ ဦး မစောင့်နိုင်ရင် မရရုံဘဲရှိတာပဲ ” ဟု မောင်ကောင်းက ပြောလေ၏ ။
“ ဒီလိုဆို မောင် မှားတာပေါ့ ”
ဦးဘအောင်သည် ဝတုတ်သော လက်ညှိုးနှင့် စားပွဲကိုတီးခေါက်ကာ “ ဒီလိုကွဲ့ တူမောင်ရဲ့ ၊ ဦးမှာ နည်းလမ်းကလေးတစ်ခု ရှိပါတယ် ။ မောင့် ဇာတ်ညွှန်းဆိုတာကို ဦး စိတ်ထဲမှာနေရာကျဖို့ တစ်ခု အကြံရတယ် ။ ဒီဟာကို ဦး ဝယ်ချင်တယ် ၊ ငွေနှစ်ဆယ် ပေးမယ် ၊ ဘယ့်နှယ်လဲ သဘောကျရဲ့လား ”
“ ငွေနှစ်ဆယ်တည်းပဲလား ဦးရယ် ”
“ ငွေနှစ်ဆယ် နည်းသေးသလားကွဲ့ ။ ဒီဇာတ်ညွှန်း ဦးကို ပေးရင် ဒီငွေနှစ်ဆယ် အပြင် အိမ်လခတွေကိုလည်း ရှော်လိုက်မယ် ။ စိတ်ကို မဆုံးဖြတ်နဲ့ဦး ၊ ဦး ပြောတာကို သေသေချာချာ စဉ်းစားပြီးမှ ပြောပါ ။ ဒီကနေ့ည ၆ နာရီ အထိ မောင် ပြောဖို့ အချိန်ရပါသေးတယ် ။ ဒီဇာတ်ညွှန်းကို အပြီးအပိုင် ကျုပ်ကို ရောင်းလိုက်တယ်ဆိုတဲ့ စာကို ညနေ ၆ နာရီအတွင်း ရေးလိုက်ရင် ငွေနှစ်ဆယ် ပေးပြီး အိမ်လခတွေကိုလည်း ရှော်ပစ်လိုက်မယ် ”
ထိုကဲ့သို့ ပြောပြီး ထလေ၏ ။ သို့ရာတွင် “ ညနေ ၆ နာရီရောက် အောင် ၂ နာရီအချိန်လောက်မှာ ရေးလိုက်တာပေါ့ ” ဟု ပြောပြီး နှုတ်ဆက်၍ ထွက်သွားလေ၏ ။
ထိုဇာတ်ညွှန်းကို မောင်ကောင်းသည် နှစ်ဆယ် နှင့် ရောင်းဖို့စိတ်မကူး ။ နှစ်ရာသုံးရာလောက် ရမည်ဟု စိတ်ကူး၍ ထားလေ၏ ။ ယခုကား နှစ်ဆယ်နှင့် ပိုင်း ရတော့မည့် အနေသို့ ရောက်၍ နေလေ၏ ။ မောင်ကောင်း သည် တစ်ကိုယ်တည်း ထိုအကြောင်းကို စဉ်းစား၍ နေလေ၏ ။ ဦးဘအောင်အား နှစ်ဆယ်တည်းနှင့် ရောင်းရမည်ကို နှမြော၍ နေလေ၏ ။ သို့သော် နှစ်ဆယ်ကို မလိုချင်လျှင် တစ်စုံတစ်ရာရဖို့ မရှိကြောင်း တွေးမိလေ၏ ။ သို့သော် လုံးလုံး မရခြင်းထက် ၊ နှစ်ဆယ် ရခြင်းက တော်သေးသည်ဟု သဘောရလေ၏ ။
တစ်စုံတစ်ရာကို မြန်မြန်လုပ်ဖို့ ရှိ၏ ။ လှမောင် နှင့် မဖြစ်တော့သည့် အခြေအနေ၌ အခြား ယူမယ့်လူ တစ်ယောက်ကိုရှာဖို့ရန် အချိန်လည်း မရှိတော့ပေ ။ ထိုငွေ နှစ်ဆယ်ကို ရလျှင် အတော်အတန် အသုံးဝင်ဖို့ရှိသည်ဟု သဘောရလေ၏ ။ ဦးဘအောင် ဆီသို့ ဇာတ်ညွှန်းလွှဲအပ်သော စာကို ရေးပြီး ၊ စာအိတ်ထဲ၌ ထည့်၍ ပိတ်၏ ။ ထိုစာ၌ ကန်တိုမင်ရပ် ဦးဘအောင်၏ လိပ်ကို တပ်လေ၏ ။ ထို့နောက် စိတ်ပင်ပန်းသော လက္ခဏာနှင့် စာကို စားပွဲပေါ်သို့ ပစ်၍ချလေ၏ ။ ဤကိစ္စ မြန်မြန်ပြီး၍ သွားလျှင် မြန်မြန်အေးမည်ဟု တွေးမိလေ၏ ။
၎င်းနောက် အလုပ်ခန်းအပြင်သို့ ထွက်ခဲ့လေ၏ ။ မေရီလည်း ထီးကို ကိုင်ကာ ထွက်၍ လာလေ၏ ။ “ မေရီ လက်ဖက်ရည်သောက် သွားမလို့လား ” ဟု မေးလေ၏ ။
“ ဟုတ်ကဲ့ ကိုကို ခွင့်ပေးရင် ” ဟု ပြန်၍ ပြောလေ၏ ။
“ ကိစ္စ မရှိပါဘူး ၊ ဘယ်အခါမဆို သွားနိုင်ပါတယ် ”
“ ကျွန်မ ပြန်တဲ့အခါ နည်းနည်းနောက်ကျရင် ဆူမှာလား ”
“ ပြန်မလာရင်တောင် ကိစ္စမရှိပါဘူး ၊ သည်မှာလည်း လုပ်စရာမရှိပါဘူး ၊ ကိုကို ကိုယ်တိုင်လည်းသွား မလို့ပါဘဲ ။ ဪ ... ဒါထက် ကိုကို့မှာ စာအိတ်ခေါင်း မရှိဘူး ။ စားပွဲပေါ်မှာ စာတစ်စောင်ရှိတယ် ၊ ဒီစာကို ခေါင်းကပ်ပြီး မင်း အားရင် စာတိုက်မှာ ထည့်ခဲ့ပါ ၊ ဒီစာ အရေးကြီးတယ် ”
ထို့နောက် မောင်ကောင်းသည် ထွက်၍သွားလေ၏ ။ ထိုသို့သွားရင်း “ မေရီ မနေ့က ကိုကို စိတ်ဆိုးသွားတယ် ၊ စိတ်ဆိုးသွားတဲ့အတွက် ကိုကို စိတ်မကောင်းဘူး ” ဟု မောင်ကောင်းက ပြောလေ၏ ။
မေရီက “ ကိုကို စိတ်ဆိုးမယ် ဆိုရင် စိတ်ဆိုးထိုက်ပါတယ် ။ ကျွန်မ သိပ်မေ့တတ်တာပဲ ၊ အခု ဒီစာကိုတော့ မမေ့ပါဘူး ”
မောင်ကောင်း လက်ဖက်ရည်သောက်သော ဆိုင်သည်ကား ပျဉ်ထောင်တစ်ခု ခြား၍ ထားသောအခန်း ၂ ခု ရှိသည့် ဆိုင်ဖြစ်လေ၏ ။ ထိုဆိုင်သည် လက်ဖက်ရည် နှင့် စားကောင်းသောက်ဖွယ်များစုံလင်ခြင်း၌ဂုဏ်ယူ၍ အဆောက်အဦ ခမ်းနားခြင်းကား ဂုဏ်မယူပေ ။ ထိုဆိုင်သည်ကား ဒို့မြန်မာ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင် ဖြစ်လေ၏ ။
မောင်ကောင်းသည် ထိုဆိုင်၌ ထမင်းကြော်ကို စား၍ နေလေ၏ ။ သို့ အမှတ်တမဲ့ စားနေခိုက်တွင် တစ်ဖက်အခန်းမှ မိမိ ကြားနေကျဖြစ်သော အသံတစ်ခုကို ကြားမိလေ၏ ။
ထိုအသံကား “ ညာတာပေါ့ကွယ် ၊ ညာမှ လိုတာကို ရတာ ”ဟူသော စကားသံဖြစ်လေရာ ဦးဘအောင်၏ လေသံအပျော့စားဖြစ်ကြောင်းကို သိရလေ၏ ။
အခြားတစ်ယောက်က အဘယ်စကားကို ပြောသည်မသိ ၊ တိုးတိုးသက်သာပြောသည်ကိုသာ ကြားရလေ၏ ။
“ ငါလည်း ဒီကနေ့ မနက်ပဲ ညာခဲ့ရတယ် ၊ ငါနဲ့ သိတဲ့ စာရေးဆရာ ကောင်ကလေးတစ်ယောက်ပေါ့ ။ သူ့ ဇာတ်ညွှန်းတစ်ခုကို ငွေကလေး နှစ်ဆယ်တည်းနဲ့ ရလိုက်တယ် ။ လူအ,ကလေးပဲ ၊ ငါ့ဆီကို နွားကလေး တစ်ကောင်လိုပဲ ရောက်လာတယ် ။ နှစ်ဆယ်ထက် ပိုပြီး တန်တာပေါ့ ။ ဒီနွားကလေးဟာ သူ့ဟာ အဖိုးတန်မှန်း သူမသိဘူး ။ ဒီတနင်္ဂနွေတစ်ပတ် အတွင်းမှာ ဇမ္ဗူဒီပ လှမောင်ဆီ သွားရင် ငွေ ၂၅ဝ ၊ ၃ဝဝ လောက်တော့ ဘတ်ခနဲရတာပေါ့ ” ဟု ပြောပြီး ရယ်မောကြလေ၏ ။
“ ဒီလိုနွားကလေးမျိုးတစ်ကောင် လောက်ရမယ်ဆိုရင် လောကမှာ ဘာမှကြောက်စရာမရှိဘူး ”
မောင်ကောင်းသည် ကြာကြာကြီး ဆိုင်း၍ နေချေက ဦးဘအောင်၏ လည်ကို ညှစ်၍သ,တ်မိမှာ စိုးသော ကြောင့် ထမင်းအကြွင်းအကျန်များကို ပန်းကန်ပြား၌ ထားခဲ့ပြီး ထ၍သွားလေ၏ ။ ရှေးအခါက မောင်ကောင်း မှာ နွားဟူ၍ အခေါ်မခံခဲ့ရပေ ။ ယခုသည်ကား ထိုကဲ့သို့ အခေါ်ခံရသည့်အတွက် ဒေါသထွက်၍ လာလေ၏ ။ မိမိ နွားအခေါ်ခံရသည်မှာလည်း ဟုတ်မှန်သလို လိုရှိရာ သာလွန်၍ ဒေါသဖြစ်မိလေ၏ ။ မေရီ တစ်ယောက်သာ အားကိုးရာ ရှိတော့သည်ဟု စိတ်၌ တွေးမိလေ၏ ။ မေရီ သည် မေ့တတ်သူ ဖြစ်သည်မှာ အားကိုးရာတစ်ခုဖြစ်လေ၏ ။ ခါတိုင်းကဲ့သို့ မေ့၍နေလျှင် မျှော်လင့်ဖွယ်ရာ ရှိသေး၏ ။ ယခုလည်း မေရီတော့ မေ့မှာပဲဟု အောက်မေ့ကာ စိတ်ကို ဖြေလေ၏ ။ မောင်ကောင်းသည် အလုပ်တိုက်သို့ အဆောတလျင်သွားကာ လှေကားကို ပြေး၍ တက်လေ၏ ။ မေရီ ထွက်၍ သွားလေပြီ ။ စာလည်း ပျောက်၍သွားလေပြီ ။ မောင်ကောင်းသည် ကုလားထိုင်ပေါ်သို့ ကိုယ်ကို ပစ်ချကာ ထိုင်လေ၏ ။ ဦးဘအောင်သည် ပိုင်၍ သွားလေပြီ ။ ဦးဘအောင်ကြီး ပိုင်သွားလေပြီ ၊ စာကို စာတိုက်၌ ထည့်မိသည်နှင့် တစ်ပြိုင်တည်း မျှော်လင့်စရာမရှိတော့ပေ ။ မောင်ကောင်းသည် ဦးဘအောင်၏ စိတ်ကို ကောင်းစွာသိ၏ ။ စကားပျစ်ပျစ်ချွဲချွဲ ပြောတတ်လျက် မိမိ ပိုင်နက်ထဲသို့ရောက်သဖြင့် အုပ်မိသည့်အရာ တစ်ခုခုကို လွှတ်တော့မည်မဟုတ်ဟူ၍ သိလေ၏ ။ ထိုအတောအတွင်း ၎င်း၏ ဖောက်သည်များ အနက် တစ်ယောက် ပေါ်လာသဖြင့် နောက် တစ်နာရီ ၊ နှစ်နာရီ ဆိုင်၌ကြံ့ကြာ ၍နေလေ၏ ။ အတော်နေကျ၍ သွားလေ၏ ။ အတော် ကြီး ညနေစောင်းမှ တစ်ယောက်တည်း ကျန်ရစ်လေ၏ ။ ဆိုင်ကိုပိတ်ပြီး သွားတော့မည်အပြုတွင် တယ်လီဖုန်း ခေါင်းလောင်းသည် မြည်၍ လာလေ၏ ။ မောင်ကောင်းသည် တယ်လီဖုန်းကို နားထောင်လိုက်သောအခါ “ ဒါ ကိုကောင်းလား ” ဟူသော အသံတစ်သံကို ကြားရလေ၏ ။ လှမောင်၏ ရုပ်ရှင်တိုက်မှ စာရေးမကလေး၏ အသံ ဖြစ်ကြောင်းကို သိရလေ၏ ။
မောင်ကောင်းသည် “ ဟုတ်ပါတယ် ” ဟု ပြန်၍ ပြောလိုက်လေ၏ ။
“ ကျွန်မ ကိုလှမောင်စာရေးပါ ”
ထို့နောက် အသံသစ်တစ်ခုက “ ကိုကောင်းလား အခုပြောတာကို လှမောင်လေ ”
“ အိုး … ဪ ဟုတ်ကဲ့ ” ဟု မောင်ကောင်းက ပြန်၍ ပြောလေ၏ ။ ထို့နောက် လှမောင်က ဆက်၍ ပြောသည်ကား ၊ ခင်ဗျား သိသလား ၊ မသိဘူးလားဆိုတာတော့ ကျုပ်မပြောတတ်ဘူး ။ ကျုပ် ခင်ဗျားအတွက် ဘယ်တုန်းကမှ မလုပ်ဖူးတဲ့အရာ တစ်ခုကို လုပ်နေတယ် ။ ခင်ဗျား အလုပ်မှာ စနစ်လိုတဲ့ အတွက် ကျုပ်နဲ့ ခင်ဗျား မဖြစ်နိုင်တော့ဘူးလို့ ကျုပ်ပြောဖူးတယ်မဟုတ်လား ။ အခု ကျုပ် စိတ်တစ်မျိုး ပြောင်းသွားပြီ ။
( လှမောင်၏ အသံသည်ကား ထက်မြက်သွက်လက် ပြတ်သားသော အလုပ်အကိုင် အကြံအစည်သမားတို့၏ အသံ ဖြစ်လေ၏ ။ သို့သော်လည်း မိတ်ဆွေသင်္ဂဟများ အပေါ်၌ ထားသည့် ကောင်းမြတ်သောအသံ ဖြစ်လေ၏ ။ )
မောင်ကောင်းက “ အင်မတန် ကျေးဇူးတင်ပါတယ် ခင်ဗျာ ”
“ ကျုပ်ကို ကျေးဇူးမတင်နဲ့ ။ ခင်ဗျား လက်နှိပ်စက် ရိုက်တဲ့ စာရေးမကလေး မေရီကိုသာ ကျေးဇူးတင်ပါ ။ သူ အခုတင်ပဲ ကျုပ်ဆီကို ရောက်လာတယ် ။ ကျုပ် ကောင်မတွေ သူ့ကို ဆီးပြီး မတားတာ အံ့သြစရာပဲ ။ ဒီကောင်မတွေဟာ မြွေငန်းမတွေပဲ ။ သူတို့ မတားဆီးဘဲ ကျုပ်ဆီကို ဝင်ဖို့ အခွင့်ပေးလိုက်တာ အင်မတန် ထူးဆန်းတာပဲ ။ ဒီကောင်မတွေကို ကနေ့စပါယ်ရှယ် သင်ပြဖို့ ခေါ် ထားတယ် ။ ပြီးတော့လည်း ကျုပ်ကို ချော့ပြီး ပြောရှာတယ် ။ ခင်ဗျားကို နောက်ဆုံး စမ်းပါဦးတဲ့ ။ ကျုပ်တစ်ခါမှ အချော့မ ခံခဲ့ရဖူးပါဘူး ။ ချော့တာတော့ ကောင်းပါရဲ့ ။ မိန်းမချောကလေးပေကိုး ၊ အလွန်ချောတာပဲ ။ အလုပ်ထဲ မှာတော့ နေရာ မကျပါဘူး ။ ခင်ဗျာ့ ဇာတ်ညွှန်းအတွက် ကျုပ် ငွေ ၅ဝဝ လက်ငင်း ပေးမယ် ။ ကားပြရာမှာလည်း ငွေတစ်ရာမှာ အစိတ် ခင်ဗျား ရဦးမယ် ။ ပြီးတော့ ကောင်မလေးက ခင်ဗျား ဖြစ်ပျက်နေရတဲ့အကြောင်း အခက်အခဲတွေဟာ ခင်ဗျား အပြစ်မဟုတ်ပါဘူး ။ သူ့အပြစ်တွေပါလို့ ရှင်းလင်းပြီး ပြောရှာတယ် ။ ကျုပ် ပြောတဲ့ ဈေးကတော့ အခိုင်အမာပါ ။ ခင်ဗျားလည်း လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ် ”
“ ဟုတ်ကဲ့ ၊ ကိုလှမောင် ပြောပြတာဟာ လက်မခံနိုင်စရာအကြောင်းမှ မရှိပါဘဲ ။ ဒီဈေးနဲ့ ဆိုရင် ကိုလှမောင်ကို အများကြီး ကျေးဇူးတင်ပြီး လက်ခံပါတယ် ။ ဒါပေမဲ့ တစ်ခုက ခက်တယ် ”
“ ဘာခက်တာလဲ ”
“ ကျုပ် ဒီဇာတ်ညွှန်းကို ကိုဘအောင်ကြီးကို ရောင်းပြီးပြီ ၊ စာနဲ့ ရေးပြီး ရောင်းလိုက်ပါတယ် ”
“ ဒီလူနဲ့ ခင်ဗျား တစ်နည်းနည်းနဲ့ နေရာတကျ ပြန် ဖြစ်အောင် မစီမံနိုင်ဘူးလား ၊ သူ့ဆီက ပြန်ဝယ်ရင် မဖြစ်ဘူးလား ”
“ ကျုပ် နေရာကျအောင် လုပ်နိုင်ပါတယ် ” ဟု မောင်ကောင်းက ပြောလေ၏ ။ ( သို့ရာတွင် ဦးဘအောင် ထံမှ ပြန်ရရန် မျှော်လင့်ဖွယ် မရှိတော့ချေ )
“ ဒီမှာ ကိုကောင်း ၊ ခင်ဗျားကို တစ်ခုပြောချင်တယ် ၊ ခင်ဗျား ကောင်မလေးကို ခင်ဗျား ယူဖို့ အကြံပေးတယ်ဗျာ ။ သူ့ကို ယူပြီးတော့ တခြား ( တိုက်ပစ် ) တစ်ယောက်ကို ငှားတာပေါ့ ”
မောင်ကောင်းသည် ဟားဟားဟားဟားနှင့် စိတ် မပါ့တပါနှင့် ရယ်မောလိုက်ရလေ၏ ။
“ ဒီမယ် ကိုကောင်း ၊ ခင်ဗျား ဇာတ်ညွှန်းကို ပြန်ပြီး တစ်နည်းနည်းနဲ့ ရအောင် ဝယ်ယူ ။ ဒါပဲ ၊ ကျုပ်အချိန်မရဘူး ၊ တစ်ရက် နှစ်ရက်အတွင်း စကားပြန် ” ဟု ပြောကာ ကိုလှမောင်သည် တယ်လီဖုန်းကို ချလိုက်လေ၏ ။
မောင်ကောင်းသည် တယ်လီဖုန်းကို ပြန်၍ ချထားကာ ဒါက ခက်တယ် ။ ဦးဘအောင်ကြီး ဆီကိုလည်း စာနဲ့ ရေးပြီး ရောင်းထားပြီးပြီ ။ သူ့ဆီက ဒီဇာတ်ညွှန်းကို ပြန် ဝယ်လို့လည်းရမည် မဟုတ်ဟု တွေးတောကာ အကြံကျပ် နေလေ၏ ။
ဦးဘအောင် စာကို ရချင်မှ ရဦးမယ် ၊ သို့မဟုတ် တစ်နည်းနည်းနဲ့ ထိုစာကို ဦးဘအောင် မရမီ ကြားဖြတ်၍ ယူနိုင်ရင် ရချင်ရမှာပဲဟု အတွေး ထုတ်ပြန်လေ၏ ။ ထိုအကြံသည်ကား အားမရစရာကြီး ဖြစ်လေ၏ ။ သို့သော်လည်း စမ်း၍ ကြည့်လျှင် ဖြစ်ကောင်းဖြစ်မှာပဲဟု တွေးမိလေ၏ ။
စာတိုက်ကို တယ်လီဖုန်းနှင့် မေး၍ကြည့်ရာ ညနေ ၆ နာရီမှာ ထိုစာ ကန်တိုမင်ကို ရောက်မည်ဟု စာတိုက်မှ စကားပြန်လိုက်လေ၏ ။
အချိန်မှာ မီရုံရှိလေ၏ ။ ဦးဘအောင်၏ အိမ်သည် သားနားသောအိမ် ဖြစ်လေ၏ ။ သားနားသော ခြံကြီး အတွင်း ကျကျနန သားနားစွာဆောက်၍ ထားလေ၏ ။ တံခါးဝ၌ မောင်ကောင်းသည် ခဏမျှ ရပ်၍ နေလေ၏ ။ မောင်ကောင်းသည် အလည်ထွက်ရန် ကြံစည်နေသော အိမ်သားတစ်ယောက်ကဲ့သို့ မော်တော်ကားလမ်း၌ ရပ်ကာ ဟန်ဆောင်ပြီး ၊ စာပို့ကု,လားလာသောအခါ စာများကို ခံယူရန် စိတ်ကူးလေ၏ ။ ထိုအကြံသည် အစကပင် လွဲ၍ သွား၏ ။ အကြောင်းမူကား တံခါးကို ဝင်လျှင်ဝင်ချင်း စာပို့ကု,လားသည် စာပေးပြီး ပြန်၍ ထွက်လာသည်ကို မြင်ရလေ၏ ။ နောက်လမ်းနံဘေးရှိ သစ်ပင်များအကွယ်မှ အိမ်အထိ လျှောက်၍ သွားလေ၏ ။ ထိုစာများကို ဦးဘအောင် မရမီ ပြန်၍ ရလိမ့်ဦးမည်ဟု မျှော်လင့်၍ သွားလေ၏ ။ စာကို မရလျှင် ဇာတ်ညွှန်းကို ပြန်၍ ရောင်းရန် တိုက်တွန်းမည်ဟု ကြံစည်လေ၏ ။ ပန်းရုံများ အကွယ်မှ ချောင်း၍ကြည့်လေ၏ ။ မိမိရှေ့၌ ရှိသော ပွင့်၍ နေသော ပြတင်းပေါက်မှ သားနားစွာ ခင်းကျင်းထားသော အခန်းတစ်ခုကို တွေ့ ရလေ၏ ။ မကြာမီအတွင်း တံခါးကိုဖွင့်ပြီး ၊ အစေခံတစ်ယောက်သည် စာများကို လက်တွင် ပွေ့ပိုက်၍ ဝင်သွားလေ၏ ။ ထို့နောက် အခန်းထဲကို ဖြတ်သွားပြီး ပြတင်းပေါက်အနီး စားပွဲပေါ်၌ စာများကို ချ၍ ထွက်သွားသည်ကို မြင်လိုက် ရလေ၏ ။ ဤကား မိမိ၏ အချက်ဖြစ်သည်ဟု တွေးမိလေ၏ ။ မောင်ကောင်းသည် အသံမပြု ဆိတ်ငြိမ်စွာ ကျောက်ခဲလမ်းကလေးကို ဖြတ်ကူးပြီး ပြတင်းပေါက်မှ အခန်းထဲသို့ ဝင်သွားလေ၏ ။ ခြေနှစ်လှမ်းမျှ သွားပြီး စားပွဲပေါ်က စာများကိုယူ၏ ။ ထိုစာများအထဲမှ မိမိရေး သားထားသောစာကို ရွေးချဖို့သာရှိတော့လေ၏ ။ သို့ရာတွင် မရွေးရသေးဘဲ လက်ထဲတွင် စာတွေအကုန်လုံး စုကိုင်ထားမိရက်သားဖြစ်နေစဉ် ..
“ ဟား ဟား ဟား မင်း ရောက်လာတာ ဝမ်းသာတယ် ” ဟု ဦးဘအောင်၏ သဘောကောင်းသောအသံ ကို ကြားရလေ၏ ။
မောင်ကောင်းသည် နောက်သို့ လှည့်၍ကြည့်လေ ၏ ။ ၎င်း၏ ဖောင်းပွသောမျက်နှာသည် ခါတိုင်းကဲ့သို့ ရွှင်ပျသောအမူအရာရှိလေ၏ ။ အဲဒါ သူခိုးအတတ်ကို စ, သင်စလက်ပဲ ။
မောင်ကောင်းက “ သည်မှာ ဦးဘအောင်ရဲ့ မတော်ဘူးထင်တယ် ၊ အများကြီး မတော်တာဘဲ ။ ကျွန်တော့် စာကိုပဲ ပြန်ယူချင်တယ် ။ ကျွန်တော်ဟာ လူအ ၊ လူနုံ ဖြစ်တယ်ဆိုတာ သိပ်မှန်တာပါပဲ ။ နေ့လယ်စာ စားခိုက်မှာ ခင်ဗျား ပြောတဲ့ စကားကို ဟိုလက်ဖက်ရည်ဆိုင်မှာ ကျုပ်ကြားမိတယ် ။ သို့သော်လည်း ကျုပ်ကို လိမ်လို့ ရမယ်မဟုတ်ဘူး ”
“ ဒီစကားကို မသုံးပါနဲ့ ” ဟု ဦးဘအောင်က ပြောလေ၏ ။
ထိုအတွင်း အစေခံသည် ဝင်ရောက်၍ လာလေရာ ၎င်းအစေခံအား ပုလိပ်ကို တယ်လီဖုန်းနဲ့ ခေါ်လိုက်ရန် ပြောလေ၏ ။
ထို့နောက် မောင်ကောင်းဘက်သို့ လှည့်ကာ “ မင်း ဟိုစာတွေကို မင်းယူတဲ့ နေရာမှာ ပြန်ထားလိုက်ပါ ။ မင့် သဘောလေ သို့မဟုတ်ရင်လည်း မင်း ဒီစာတွေကို ယူပြီး ဒီပြတင်းပေါက်က ထွက်သွားနိုင်တယ် ။ သို့သော်လည်း မင်းထွက်သွားရင် နက်ဖြန်ခါ မင့်အလုပ်တိုက်ကို ပုလိပ်များလာလိမ့်မယ် ၊ ပုလိပ်များ လာရင် အင်မတန် ဆိုးမှာပဲ ”
မောင်ကောင်းသည် စာများကို စားပွဲပေါ်သို့ပစ်၍ ချ၏ ။
ဦးဘအောင်သည် ထိုစာများကို ကောက်၍ယူ၏ ။
“ ဦးဘအောင် ခင်ဗျား ကျုပ်စာကို ပြန်ပေးရင် ငွေဘယ်လောက်ယူမလဲ ”
“ တစ်ပြားမှ မယူပါဘူး ။ မင့်စာဟာ စာချုပ်ပဲ ၊ ဒီစာချုပ်ဟာ ဒီမှာရှိတယ် ။ ဒီစာချုပ်ကို မင်း မဖျက်နိုင်ပါ ဘူး ” ဟု စာများကို လက်နှင့်ပုတ်ကာ ပြောလေ၏ ။
“ ဒီလိုဖြင့် ခင်ဗျား လိမ်တာပေါ့ ”
“ ဒီစကားကို မသုံးပါနဲ့ ၊ ဦး မကြိုက်ဘူးလို့ ပြောတာပဲ ။ ဒီအလုပ်မှာ အလိမ်မပါဘူး ၊ ပစ္စည်းတစ်ခုကို လျှော့ဈေးနှင့် မင်းရောင်းရင် ဝယ်တဲ့လူက လိမ်တာလား အစက မသိဘူးလား ။ ငါက ဥပဒေအချက် ပိုင်နေတာ ” ဟု ပြောလေ၏ ။
မောင်ကောင်းက ပြုံးလေ၏ ။
“ မင်း ပြန်ချင်ပြီထင်တယ် ၊ မင်းပြန်ချင်ရင် ဦးမှာ ကားရှိတယ် ” ဟု ဦးဘအောင်က ပြောလေ၏ ။
“ ခင်ဗျားကား ဘာလုပ်ဖို့လဲ ” ဟု ပြောပြီး ပြတင်းပေါက်မှ ထွက်သွားလေ၏ ။ အိမ်ထောင့်သို့ ကွေ့၍ အသွားမှာ တစ်စုံတစ်ယောက်နှင့် တိုက်မိလေ၏ ။ အတိုက်ခံရသောသူသည် နောက်ကို ခုန်ကာ ဆုတ်၍ သွားပြီး လေးထောင့်သဏ္ဌာန်ရှိ ဖြူသော အရာတစ်ခု ၎င်း၏ လက်မှ မြေပေါ်သို့ လွတ်၍ကျလေ၏ ။ မောင်ကောင်း သည် အံ့အားသင့်လျက် “ မေရီ ၊ မင်း ဒီမှာ ဘာလာလုပ် နေသလဲ ” ဟု ပြောလေ၏ ။
“ ကိုကို့ စာအတွက် လာတာပါ ” ဟု ပြောပြီး ထိုစာကို ကောက်၍ ယူလျက် “ ကိုကို ဦးဘအောင်ထံ အပေးခိုင်းတဲ့ စာပါ ။ ကျွန်မ မေ့နေလို့ စာတိုက် မထည့်မိဘူး ။ သည့်အတွက် ကိုယ်တိုင် ယူလာတာပါ ။ သည်စာကို အိတ်ထဲ ထည့်ပြီး ကိုလှမောင်ဆီ သွားလို့ စာထည့်ဖို့ မေ့နေတယ် ”
“ မင်း စာတိုက်ကို မထည့်မိဘူးလား ”
“ မထည့်မိဘူး ”
“ တော်ပါသေးရဲ့ ၊ ငါ့ကို ပေးပါ ”
မေရီက စာကို ပေးလေ၏ ။
မောင်ကောင်းက စာကို ဆုတ်၍ ပစ်ပြီး မိမိ၏ အိတ်ထဲသို့ ထည့်လိုက်လေ၏ ။
“ အို ၊ ကိုကို ဒီစာကို ဆုတ်ပစ်သလား ”
“ ဆုတ်တာပေါ့ ” ဟု ကျေနပ်သောအသံနှင့် ပြန်၍ ပြောလေ၏ ။
“ ဒီလိုဖြင့် ကျွန်မ ကိုလှမောင်နဲ့ ကိစ္စဟာ ချောမောသွားတာပေါ့ ။ ဒီလိုဖြင့် ကျွန်မကို အလုပ်က မဖြုတ်တော့ဘူးလား ”
“ မင်း မေ့ရင် အလုပ်က ထွက်ရမယ်လို့ ကိုကို ပြောထားတယ်မဟုတ်လား ။ သို့သော်လည်း တခြား အလုပ် တစ်ခု ရစေ့မယ် ”
“ ဘာအလုပ်လဲ ကိုကို ”
“ ကိုလှမောင် အကြံပေးတဲ့ အလုပ်ပေါ့ ”
ထို့နောက် မောင်ကောင်းသည် မျက်နှာကို ပြုံးဖြဲဖြဲကြီးထားကာ “ မင်း ကိုကိုနဲ့ လက်ထပ်ရမယ်တဲ့ ” ဟု ထစ်ထစ်အအနှင့် ကိုလှမောင်၏ အကြံပေးချက်ကို ပြောပြလေ၏ ။
မေရီသည် ခေါင်းကလေး အောက်သို့ ငုံ့ပြီး မြေကြီးကို ခြေမနှင့်ခြစ်ကာ ရှက်မူရှက်ရာနှင့် ( ကိုလှမောင်က သူ့ကိုလည်း ဖိတ်ပါလို့ ကျွန်မကို မှာလိုက်တာ ဒါကို ... ) ဟု တိုးတိုးကလေး ပြောလေ၏ ။
မောင်ကောင်းသည် မေရီ၏ လက်ကို ဆွဲကိုင်ပြီး “ လာ သွားကြစို့ ၊ ဒီစာအကြောင်းကို လန်ချားပေါ်ကျမှ ပြောမယ် ” ဟု ပြောလေ၏ ။
လန်ချားပေါ်သို့ ရောက်သောအခါ “ မင်း စာကို ဟိုလူကြီးထံ မထည့်လိုက်သည့်အတွက် ကိုကို သိပ်ဝမ်းသာတာပဲ ” ဟု မေရီ၏ လက်ဖျားကလေးကို ကစားရင်း ဆုပ်နယ်ကာ ပြောလေ၏ ။
“ ကျွန်မလည်း သိပ်ဝမ်းသာတာပဲ ။ ဒီလိုဖြင့် ကိုလှမောင်နဲ့ ကိစ္စချောမောသွားတာပေါ့ ”
“ အေး ... ဒါ မင့်ကျေးဇူးပဲ ”
“ ကိုလှမောင်နဲ့ ကျွန်မနဲ့ အင်မတန် လေပေးဖြောင့် တာပဲ ၊ ကိုလှမောင်က သူ့ကို ဖိတ်ပါလို့ ကျွန်မကို ပြောတယ် ”
“ ငါတို့ မင်္ဂလာဆောင်ကိုလား ”
“ ဟုတ်ပါတယ် ၊ ကိုကိုနဲ့ မေရီနဲ့ မင်္ဂလာဆောင် ကိုပါတဲ့ ” ဟု နှုတ်ခမ်းကလေး စူကာ ငေါ့လိုက်ရင်း “ တယ် ၊ ထပ်တလဲလဲ ကြားချင်နေ မှတ်တယ် ” ဟု အံကို ခဲကာ မချင့်မရဲ မျက်နှာပေးကလေးနှင့် ပြောလိုက်သဖြင့် မောင်ကောင်း၏ နှလုံးနှင့် အတွေ့ကြီး တွေ့သွားကာ “ ဒီလို မျက်နှာပေးမျိုးတွေကြောင့် အလုပ်က ထုတ်မပစ်ရက်တဲ့ အပြင် ၊ မောင်ကောင်းကတော် ဆိုတဲ့ ရာထူးနဲ့ တစ်သက်လုံး ချီးကျူးပြီး ထားဖို့ ကြံထားရတာ ” ဟု အားပါးတရပြောရင်း မေရီအား ကျုံး၍ တအားဖက်လိုက်ရာ မေရီမှာ အင့်ခနဲ ဖြစ်သွားသည့်အပြင် မောကြီးပန်းကြီးနှင့် တအားဆွဲကာ ပြေးသွားလျက်ရှိသော လန်ချားကု,လား၏ လက်မှ လန်ချားလက်ကိုင်သည်လည်း လွတ်ထွက်၍ သွားသဖြင့် ၊ လန်ချားသည် ကျွမ်းဆောင့်ခါ သွားပြီး နှစ်ယောက်သား ဖက်ရက် လမ်းဘေးသို့ စင်ကျကာ ဖုတ်ဖက်ခါ၍ ထကြရင်း တစ်ယောက်ကို တစ်ယောက် ဖေးမထူတွဲလျက် မိမိတို့ပိုင် စာအုပ်ဆိုင်သို့ ရှေးရှုကာ သွားကြလေသတည်း ။
▢ ပီမိုးနင်း
📖 လက်ရွေးစင် မဂ္ဂဇင်း
ဇွန် ၊ ၁၉၃၉
No comments:
Post a Comment