Thursday, June 25, 2026

တရားပွဲက အပြန်


❝ တရားပွဲက အပြန် ❞ 
     ( ငြိမ်း - ရွှေလီ )

ပြလမ်းတိုလေးထဲမှာ ဒီနှစ်ထပ်တိုက်ကလေး ပေါ်လာတာ လေးငါးလလောက်ပဲ ရှိသေးတယ် ။ ပေနှစ်ဆယ် ရှစ်ဆယ် နှစ်ဖက်လမ်းပေါက် ဝင်းထဲမှာ အစက ထရံကာ ကပ်မိုး အိမ်အိုကြီး တစ်လုံး ရှိခဲ့တယ် ။ သွားလမ်းလာလမ်း ပိုသာတဲ့ ဟိုဘက်လမ်းကို မျက်နှာပြု ဆောက်ထားတာ ။ အခု မန္တလေးမြို့သစ် မြေကွက်တွေ ဝယ်လက် ( ဖြူ ) တွေ လိုက်လာပြီး ဈေးကောင်းတွေ ပေးကြတော့ အဲဒီဘက်ခြမ်း ပေနှစ်ဆယ် ပေလေးဆယ်ကို သိန်းသုံးရာနဲ့ ရောင်းပြီး ဒီဘက်ခြမ်းမှာ လာဆောက်ကြတာ ။

အိမ်ရှင်အဘိုးကြီးနဲ့ အဘွားကြီးက အသက် ခုနစ်ဆယ်ကျော် ရှစ်ဆယ် နီးနီးတွေ ၊ ကြည့်ရတာတော့ ကျန်းကျန်းမာမာ ပုံစံပါပဲ ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လကျော် လောက်ကတော့ အဘိုးကြီး ရုတ်တရက် သွေးတိုးအတက် များပြီး လေဖြတ်သွားလို့ ဆေးရုံ ပို့လိုက်ရပါရော ။ အိမ်မှာ အတူနေတဲ့ သားနဲ့ ချွေးမရယ် ၊ သမီးမုဆိုးမနဲ့ သားတစ်ယောက် ၊ သမီးတစ်ယောက်ရယ် ၊ အားလုံး ပျာယာပျာယာနဲ့ အိမ်နဲ့ ဆေးရုံ ပြေးကြလွှားကြ ဖြစ်ကုန်တယ် ။ သုံးရက် နေတော့ မရတော့ဘူး ဆိုပြီး အဘိုးကြီးကို အိမ်ပြန်ယူလာကြတာ ညကျတော့ ဆုံးသွားပါတယ် ။

သူတို့ အသင်းဝင်ထားတဲ့ မြို့နယ် နာရေးအသင်းကို အကြောင်းကြားလိုက်တော့ ချက်ချင်းလို ကားရောက်လာပြီး စတီးခုတင်နဲ့ အဲယာကွန်းစက်နဲ့ အလောင်းပြင်ပေးတယ် ။ အဝေးက သားသမီးတွေ ရောက်လာအောင် စောင့်ရဦးမှာကိုး ။ နောက်တော့ ရောက်လာကြ ၊ အော်ဟစ်ငိုကြ ။ သုံးရက် အရ မသာချတော့ မြို့ထဲက မိတ်ဟောင်းဆွေဟောင်းတွေ လာကြနဲ့ ၊ အတော်လေး စည်ပါတယ် ။ ရက်လည်ဆွမ်းကျွေး ပြီးတော့ သားသမီးတွေ အကုန် မပြန်ကြဘဲ အမေ စိတ်ပြေလက်ပျောက် ဖြစ်အောင် ဆိုပြီး သမီး သမက် တစ်စုံနဲ့ မြေးမ တစ်ယောက်ရယ် ၊ သမီး အငယ်ဆုံးနဲ့ မြေးယောက်ျားလေး တစ်ယောက်ရယ် နေခဲ့ကြတယ် ။ သား တစ်ယောက် ၊ ချွေးမ တစ်ယောက် ၊ သမီး သုံးယောက် သမက် တစ်ယောက် ၊ မြေး ငါးယောက်နဲ့ အဘွားကြီးလည်း သွားလေသူကိုတောင် သိပ်မလွမ်းအားရှာတော့ဘူး ။

အဲဒီ နာရေးအသင်းမှာပဲ လစဉ်ကြေး နှစ်ထောင် ထည့်ထားတော့ အသင်းကားက ညစဉ် ရှစ်နာရီမတ်တင်းဆို တရားပွဲ သွားဖို့ အကြို ရောက်လာလေ့ရှိတယ် ။ မန္တလေး မှာက တစ်နေရာ မဟုတ် တစ်နေရာ ညစဉ် တရားပွဲတွေ ရှိတော့ သားအမိတွေ တရားနာ လိုက်ကြတယ် ။ လမ်းထဲက တချို့ မိန်းမတွေရောပေါ့ ။ ည ဆယ်နာရီ လူခြေတိတ်စလောက်ဆို စီစီညံညံ ရယ်မောသံတွေနဲ့ ပြန်ရောက်လာတတ်ကြတယ် ။ ကောင်းပါတယ် ။ လူသေထားတော့ တရားနဲ့ ဖြေရတာပေါ့ ။

▢  ငြိမ်း ( ရွှေလီ )
📖 မဟေသီ ရုပ်စုံမဂ္ဂဇင်း
      ဖေဖော်ဝါရီ  ၊ ၂၀၁၅

No comments:

Post a Comment