❝ ဓားသမား ❞
( ပီမိုးနင်း )
လမ်းအခွင့်သည် လူကောင်းကို သူခိုး ဖြစ်စေနိုင်၏ ဟု အင်္ဂလိပ်စကား တစ်ခု ရှိလေသည် ။ ဤစကားသည်ကား လွယ်ကူစွာ ရနိုင်လျှင် သူခိုး လူဆိုးများသာ မဟုတ် လူကောင်းများလည်း ယူတတ်ကြသည်ဟု ဆိုလိုသော စကား ဖြစ်လေသည် ။
ရောင်ဖြူသည် ဓားနှင့် အသက်မွေးသူဖြစ်သည် ဟု မိမိကိုယ် မိမိ ကျော်ကြားအောင် ပြုလေ၏ ။ လူအများ ကလည်း ထိုအကြွားကို ယုံကြည်ကြဟန် မရှိပေ ။ ထိုအခါသည်ကား မွန်နှင့်မြန်မာ အရေးတော်ပုံများ ရှုပ်ထွေးများပြားသော အင်းဝပျက် ခေတ်အခါ ဖြစ်လေ၏ ။
၎င်းခေတ်အခါ သယမ၌ ဓားရေး လှံရေး အရာ၌ အစွမ်းကောင်းသူတို့သည် ဗိုလ် ဖြစ်လျက် နောက်လိုက် နောက်ပါများနှင့် တန်ခိုးအာဏာ သြဇာထွန်းတောက် လက်ရုံးရည်ပြောင်မြောက်ကြသဖြင့် လမ်းအခွင့် သင့်သည့်အခါ သေးငယ်သော နယ်ကလေးများတွင် ဘုရင် တစ်ဆူ ဖြစ်နိုင်သော ခေတ်အခါ သမယပေတည်း ။ သို့ဖြစ်လေရာ ဓားရေးလှံရေး ၊ ဆင်ရေးမြင်းရေး တတ်များကို လိုလားတတ်မြောက်အောင် ကြိုးစားသူများ လွန်စွာ ပေါများကြလေ၏ ။ ထိုအတတ်များကို သူ့ထက်ငါ သင်ပေးသော ဆရာများလည်း အနယ်နယ် အရပ်ရပ်မှာ ရှိကြ၏ ။ တတ်မြောက်သော သူများသည်လည်း မိမိတို့၏ အစွမ်းကို ပြရန် နေရာတိုင်းမှာ အခါအခွင် သင့်သလောက် အစွမ်းကို ပြရန် ကြိုးစားကြလေ၏ ။ ထိုကဲ့သို့ တစ်စုံတစ်ယောက်က အစွမ်းပြလိုသည့်အခါ ယှဉ်ပြိုင်၍ မပြဝံ့သော သူများမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ကြရလေ၏ ။
အကြောင်းမူကား ထိုအခါသမယ၌ သူသူ ငါငါ ဓားရေး လှံရေးကို အနည်းအများ တတ်ကျွမ်းကြသည့်အပြင် သူရဲကောင်းအတတ်ကို လေ့ကျင့်သောခေတ် ဖြစ်သောကြောင့် ရဲရင့်သူများလည်း ပေါများကြလေသည် ။ ဂုဏ်တုဂုဏ်ပြိုင် တစ်ယောက်ထက် တစ်ယောက် သာအောင် သတ္တိအစွမ်း ပြိုင်ကြသည့်အခါ ထိုသတ္တိ အစွမ်းကို ပြဖို့ရန် ရဲရင့်သော စိတ်သည် ပေါ်ပေါက်မြဲ ဖြစ်လေ၏ ။ ကျွန်ုပ်တို့ ယခုခေတ်အခါ၌ ဒိုင်ဗင်များ ထစဉ်က သူသူ ငါငါ ဒိုင်ဗင်ထိုးရာမှ ရဲစွမ်းသတ္တိ ရှိသကဲ့သို့တည်း ။
အလားတူစွာ ထိုခေတ်အခါ၌လည်း ယခုအခါ ဥရောပတိုက်သားများ တစ်ယောက်နှင့် တစ်ယောက် မခံချင်စရာအရေးပေါ်ပေါက်သည့်အခါ မင်းနှင့် ငါ ဓားချင်း ယှဉ်၍ ခုတ်မည် ၊ သေနတ်ချင်းယှဉ်၍ ပစ်မည် ဟူသော အလေ့သည် ထိုအခါကပင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်လေသည် ။ ယခုမှသာ မသိသူ အချို့က ဥရောပတိုင်းသားများသာ ထိုအစွမ်းသတ္တိရှိသည်ဟု မှတ်ထင်ကြလေသည် ။ အထူးသဖြင့် မိန်းမများ၏ ရှေ့ ချစ်သူရည်းစားများ၏ ရှေ့၌ ထိုအစွမ်းသတ္တိကို သာလွန်၍ ပြတတ်ကြလေ သည် ။ မပြဝံ့သော သူများကား လူဖျင်းလူနုံ ဖြစ်ကာ သရော်ပြောင်လှောင်ခြင်းကို ခံရတတ်ကြလေသည် ။
ရောင်ဖြူသည် ဓားတစ်လက်နှင့် အသက်မွေးသည် ဆိုရာ၌ ဓားလှံ အတတ်ကို ဉာဏ်ပူဇော်ခ ယူ၍ သင်ပြသော ဆရာတစ်ယောက် ဖြစ်သည်ဟု ဆိုလိုလေ၏ ။ ထိုအခါသမယ၌ ရောင်ဖြူ တစ်ယောက်သာ ရှိသည် မဟုတ်ပေ ။ ၎င်းသည် ထိုအတတ်၌ အထူးကျွမ်းကျင်သူလည်း မဟုတ်ပေ ။ ဗိုလ်လဘန်း ခေါ် မွန်လူစွမ်းကောင်း တစ်ယောက်၏ ကျေးဇူးကြောင့် ထိုအလုပ်ဖြင့် အချောင် မလွယ် အသက်မွေး၍ နေသူဖြစ်လေ၏ ။ ဗိုလ်လဘန်း သည်ကား ထိုအတတ်များ၌ အင်းဝပြည် တစ်ပြည်လုံးမှာ လည်းကောင်း ၊ ဟံသာဝတီ မွန်ပြည်နယ်မှာ လည်းကောင်း ပြိုင်ဘက် မရှိသော လူစွမ်းကောင်း တစ်ယောက် ဖြစ်လေ၏ ။
ထိုအခါ ဗိုလ်လဘန်း၏ နာမည်သည် လူဟူသမျှ နှုတ်ဖျား၌ရှိလေ၏ ။ ယောက်ျားများ စုဝေး၍ နေသော နေရာဟူသမျှ၌ ဗိုလ်လဘန်း၏ ထူးခြားသော အစွမ်း သတ္တိကို ပြောဆိုကြလေ၏ ။ အမှန်အတိုင်းလည်း ပြောကြ၏ ။ ကဲလွန်ပိုမို၍လည်း ပြောကြလေ၏ ။
ရောင်ဖြူသည် ဗိုလ်လဘန်း၏ တပည့်ရင်း ဖြစ်သည်ဟု ကြွားဝါပြောလေ့ရှိ၏ ။ စင်စစ်မှာသော်ကား ၎င်းသည် ဟံသာဝတီနယ်၌ ဓားရေး လှံရေး အတတ်ကို အတော်အတန် တတ်မြောက်သော သူများနှင့် အထက် ကျော်ကာရီက ပေါင်းသင်းခဲ့ရသဖြင့် ထိုအတတ်များကို အမြင်နှင့် အကြားသာသာ ရရှိခဲ့လေ၏ ။ ဗိုလ်လဘန်းကို ကား တစ်ကြိမ်တစ်ခါမျှ တွေ့ဖူးသူ မဟုတ်ပေ ။ ထိုအခါ၌ မြန်မာများသည် ဗိုလ်လဘန်း ကဲ့သို့ လူစွမ်းကောင်း ဖြစ်အောင် အားကျမခံ ကြိုးစား၍ နေကြလေ၏ ။
ရောင်ဖြူသည် ဟံသာဝတီမှာ နေစဉ် ထိုအတတ်များနှင့်ပတ်သက်၍ ဗဟုသုတ အမြင်အကြား အတော်ကလေး များသောအခါ အင်းဝပြည်၌ ထိုအတတ်များကို လွန်စွာ လိုလားနေသည်ကို ကြားသိရသဖြင့် အင်းဝမြို့ အစွန်အနား ခြံတစ်ခု၌ နေထိုင်ကာ တပည့်တပန်းများကို သင်ပြဟန် လုပ်၍ နေလေ၏ ။ အတော်ကလေး နာမည်ရလေ၏ ။ ထိုနာမည်ကား အဟုတ်တကယ် ဓားစွမ်း လှံစွမ်း ပြ၍ ရသော နာမည် မဟုတ် ။ ဗိုလ်လဘန်း၏ တပည့်ရင်း ဟူ၍ မိမိကိုယ်ကို မရှက်မကြောက် ကြေညာထားခြင်းကြောင့် ဖြစ်လေ၏ ။
ဗိုလ်လဘန်း၏ အံ့ဖွယ်သော နာမည်အစွမ်းဖြင့် ရောင်ဖြူ မျှော်လင့်သည်ထက် ပိုမို၍ အောင်မြင်လေ၏ ။ အနီးအပါးရှိ ယောက်ျားပျိုကလေးများသည် ရှေးဦး ပထမ ၎င်း၏ ကျောင်းကို စိတ်အားထက်သန်စွာ ရောက်လာကြလေ၏ ။ သို့သော်လည်း တဖြည်းဖြည်း ၎င်း အကြောင်းကို သိကြလေ၏ ။ သို့သိကြသောအခါ တပည့်များသည် ဆုတ်ယုတ်နည်းပါး အသွားအလာ မရှိတော့ပေ ။ ထိုအခါ ရောင်ဖြူသည် ဓားရေးလှံရေး ဆရာ အဖြစ်မှ ဓားတုံးလှံကျိုး ဆရာ အဖြစ်သို့ အတိအလင်း အထင်အရှား မရောက်သော်လည်း လူငယ်များ စုဝေးသည့် နေရာ ဟူသမျှတို့၌ ဓားတုံးလှံကျိုးဆရာ အဖြစ်သို့ ရောက်၍ နေလေတော့၏ ။ ရောင်ဖြူမှာ ဆင်းရဲစ ပြုလေ၏ ။ အသွင်အပြင် အားဖြင့်လည်း စုတ်နုပ်၍ လာလေ၏ ။
၎င်း၏ အခြေအနေသည် အဆိုးဝါးဆုံးသော အခြေအနေသို့ ရောက်၍ လာလေ၏ ။ ထိုအခါ လူကောင်းကို လူဆိုး ဖြစ်စေနိုင်သည့် လမ်းအခွင့် တစ်ခုကို တွေ့ရှိရလေ၏ ။ သို့တွေ့ရှိခြင်းမှာ ကံအားလျော်စွာ တွေ့ရှိရခြင်း ဖြစ်လေ၏ ။ တွေ့ရသောနေရာကား ဘိုးမင်းလှိုင် ထန်းရည်ဆိုင် ဖြစ်လေ၏ ။ ထန်းရည်ဆိုင် ဆိုသည်ကား ယခုကာလ ဆိုင်မျိုးကဲ့သို့ အတည်တကျ ဆိုင်မဟုတ် ။ အသောက်အစား ဝါသနာပါသူများ အားလပ်သည့် အခါ အပျင်းပြေ လာရောက်ကာ ကွပ်ပျစ်နှစ်ခု အပေါ်၌ ထိုင်ကြ လျက် သောက်ရင်း စားရင်း အာလာပသလ္လာပ ဆွေးနွေးခြင်း ၊ မင်းစိတ်စိုးစိတ် ပေါက်သူတို့ကလည်း တိုင်းရေး ပြည်ရေး စကားများကို ပြောဆိုရင်း စစ်တုရင်ထိုးခြင်း စသည်များကို လုပ်သော တင်းကုပ်ကြီးနှင့် ဘိုးမင်းလှိုင်၏ အိမ်သားတစ်စု သီးခြား နေထိုင်သော ၊ ဆက်လျက်ရှိသော နေရာကလေး တစ်ခုဖြစ်လေ၏ ။
ရောင်ဖြူသည် ညနေချမ်းအခါ ထိုဆိုင်သို့ လာပြီးလျှင် ကျောင်း စာရေး ဘိုးအ ၊ ဗိသုကာ မောင်နိုး ၊ အထည်သည် ဇံရပ်တို့နှင့် ထန်းရည်ကို မြည်းကာ အလှည့်ကျ စစ်တုရင် ထိုး၍ နေလေ့ ရှိလေ၏ ။
မိုးဦးအခါ ညနေစောင်း အချိန် နေ့တစ်နေ့၌ သားနားစွာ ဝတ်ဆင်သော ယောက်ျားပျိုတစ်ယောက် ထိုဆိုင်သို့ ရောက်၍ လာလေ၏ ။ ထိုသူငယ်မှာ မင်းစိုးရာဇာများ ဖြစ်လေသလားဟု မှတ်ထင်လောက်အောင် တောက်ပြောင်လေ၏ ။ အလွန်ခက်ထန်သော အမူအရာလည်း ရှိ၏ ။ ၎င်းသည် ဆေးကုန်သည် တစ်ယောက်၏ သားဖြစ်ရာမှ အမွေကလေး ရသဖြင့် ကြွားဝင့်၍ နေသူ ဖြစ်၏ ။ ၎င်းမှာ ဗဟုသုတ အကြားအမြင် များစွာ မရှိ ။ မင်းဆွေမင်းမျိုးတို့၏ နောက်လိုက်နောက်ပါ အပေါင်း အဖော် ဖြစ်ခဲ့လေ၏ ။ သို့ဖြစ်လေရာ မင်းစိတ်စိုးစိတ် ပေါက်လျက် မင်းစိုးတို့၏ အတုခိုးကာ မိမိကိုယ်ကိုလည်း မင်းစိုးအရာရှိဟု ထင်လေ၏ ။
၎င်းသည် ခံ့ခံ့ညားညား ဆိုင်ထဲသို့ ဝင်၍ လာလေ၏ ။ ရောင်ဖြူသည် ကျောင်းဖွင့်စ အခါမှစ၍ လူကြီးလူကောင်းများနှင့် ပေါင်းသင်းခဲ့ရာ အဘယ်လို လူသည် လူကြီးလူကောင်း ဖြစ်သည်ကို မြင်ရုံနှင့် သိ၏ ။ လူစွမ်း လူစ လူရိပ်လူကဲကိုလည်း အတော်အတန် ရိပ်မိလေသည် ။
ထိုနေ့၌ ရောင်ဖြူသည် ငွေကြေး ပြတ်လပ်သဖြင့် များစွာအကျပ် တွေ့၍နေ၏ ။ ဂိုက်ဟန်ပါပါနှင့် ဝင်၍ လာသော ထိုယောက်ျားပျိုကို မြင်သောအခါ အလိုလို ဒေါသဖြစ်၍ နေတော့၏ ။ ယောက်ျားပျို၏ အမည်မှာ တိုးအောင် ဖြစ်လေ၏ ။
“ ဟေ့ ဒီနေရာမှာ ဘယ်သူမှ လာပြီး ဗိုလ်လုပ်ရတဲ့ နေရာ မဟုတ်ဘူး ၊ အေးအေးဆေးဆေး ပျော်ပျော်ပါးပါး လာပြီး စားသောက်ကြတဲ့ နေရာဖြစ်တယ် ” ဟု ရောင်ဖြူက ပြောလိုက်လေ၏ ။
တိုးအောင် ။ ။ “ ခင်ဗျား ကျုပ်ကို ပြောသလား ” ဟု ရောင်ဖြူ ဘက်သို့ လှည့်၍ မေးလေ၏ ။
ရောင်ဖြူသည် မိမိ၏ လက်၌ရှိသော နတ်ရုပ်ကို စစ်တုရင်ခုံပေါ်၌ ဆောင့်၍ ချ၏ ။ တိုးအောင်ကို ဦးခေါင်း မှ ခြေဖျားသို့ တိုင်အောင် ကြည့်လေ၏ ။ ပါးသောနှုတ်ခမ်းများကို တင်းကျပ်စွာ စိလေ၏ ။
“ ငါ မင်းကို တစ်ကိုယ်လုံး မြင်ရပြီ ၊ မင်း ဟန်ပန်ဟာ မင့်ထက်ပိုပြီး ထင်ရှားတာကို ငါ တွေ့ရတယ် ”
ရောင်ဖြူသည် ကိုယ်ပေါက်ကိုယ်ရောက် မကြီးပေ ။ ဟောင်းနွမ်းသော မဲပုဆိုးကို ဝတ်၏ ။ သို့သော်လည်း ၎င်းသည် အဘယ်လို အစွမ်းရှိသည်ကို တိုးအောင် မရိပ်မိပေ ။ တိုးအောင်သည် ရောင်ဖြူ ရှိရာသို့ စကား မပြောဘဲ တိုက်ရိုက်တူရူ လာပြီး ဘာမပြော ညာမပြော နာရင်းကို အုပ်ပြီး
“ အဲဒါ နောက်ကို လိမ္မာဖို့ ဆုံးမတာ ” ဟု ပြောလေ၏ ။
ထိုအခါ လှုပ်လှုပ်ရှားရှား ဖြစ်၍သွားလေ၏ ။ ရောင်ဖြူသည် ရုတ်တရက် ခုန်၍ထ၏ ။ ၎င်း၏ အဖော်များလည်း ၎င်းကို ဆွဲ၍ ထားကြလေ၏ ။ သို့သော် ရောင်ဖြူသည် စိတ်ကို ချုပ်၍ ထားလေ၏ ။
“ မင်း တယ်စော်ကားပါကလား ” ဟုပြောပြီး မိမိ၏ အဖော်များအား
“ ခင်ဗျားတို့ အတွေ့ အမြင်တော့ သင်း အတော် သူရသတ္တိ ရှိတဲ့ ယောက်ျားပဲ ၊ မင်းသတ္တိကို မင်း အားကိုးပြီး လုပ်လိုက်တယ် မဟုတ်လား ၊ လူစွမ်းကောင်းဟာ တစ်သမတ်တည်း အစွမ်းပြရလိမ့်မယ် ၊ နောက်ကို မဆုတ်ရဘူး ”
ဟု ပြောလေ၏ ။ ထိုအတောအတွင်း ထန်းရည် သောက်သူ၏ အခန်းဘက်မှ မိန်းမသုံးယောက် ပြေးဝင်၍ လာကြလေ၏ ။ တစ်ယောက်မှာ အထူး ချောမောလှပသော မိန်းမပျိုကလေးဖြစ်လေ၏ ။ တိုးအောင်သည် ၎င်းတို့ကို မြင်သောအခါ အံ့အားသင့်၍ နေလေ၏ ။ ထို့နောက် မိမိကိုယ်ကို ဆန့်ကာရပ်ကာ ယောက်ျားကောင်း စွမ်းရည်ကို ပြလိုသော အမူအရာနှင့် နေလေ၏ ။ ထိုအတွင်း ရောင်ဖြူက မိမိ၏ အဖော်များအား တိုးအောင် ဘယ်ကိုမှ မသွားစေရအောင် မှာပြီး အနီးအပါး၌ ရှိသော မိမိ၏ ခြံသို့ သွားလေ၏ ။ ရောင်ဖြူသည် ခံ့ခံ့ညားညား ထွက်၍ သွားလေရာ ဤအကောင်ကား လူစွမ်းကောင်း မဟုတ် ၊ လူစွမ်းကောင်းတို့ မည်သည် ဝင့်ဝါခြင်း မရှိ ၊ ငါ တတ်သလောက် ဓားအစွမ်းနှင့် သူ့ကို နိုင်နိုင်မှာပဲဟု စိတ်ချက်လက်ချ တွေးတောလေ၏ ။
တိုးအောင်က “ ခင်ဗျားတို့ လူဟာ လောကကို အတော်ငြီးငွေ့ တယ်ထင်တယ် ” ဟု မိန်းမများ ကြားအောင် ပြောလိုက်လေ၏ ။ ထိုစကားသည် မိမိ ကိုယ်ကို တွေ့ရသည့် အခြေအနေမှ ပြန်၍ မဆုတ်မခွာနိုင်အောင် ပြုလုပ်ထားသော စကားဖြစ်လေ၏ ။
မိန်းမများနှင့် ဆိုင်ရှင်သည် လည်းကောင်း ၊ ရောင်ဖြူ၏ အဖော်များသည် လည်းကောင်း ပွဲကောင်းကို ကြည့်ရတော့မည်ဟု မျှော်လင့်လျက် စိတ်အားထက်သန်၍ နေကြလေ၏ ။ တကယ် အစွမ်းကောင်းသော သူများသည် ထိုပွဲမျိုး၌ လျှော့၍ ပေးရိုး မရှိဟူသော အကြောင်းကို သိကြလေ၏ ။
ရောင်ဖြူ၏ မိတ်ဆွေ တစ်ယောက်က “ မောင့်ကို
သူ သနားလို့ မသ,တ်ရင် မောင်ချမ်းသာမှာပဲ ၊ သူလည်း ဒါနဲ့ အသက်မွေးတဲ့ ယောက်ျား တစ်ယောက်ပဲ ” ဟု ပြောလိုက်လေ၏ ။
“ ဘာနဲ့ အသက်မွေးတယ် ”
ရောင်ဖြူ၏ အဖော်များသည် တီးတိုးစကားပြောကြပြီး ဗိသုကာ လုပ်သူက ဦးခေါင်းကို ညင်သာစွာ ခါလေ၏ ။
“ မောင် မသိဘဲကိုး ၊ မသိတာ ဆိုးတာပေါ့ ၊ ခု မောင် ရိုက်လိုက်တဲ့ သူဟာ သည်နယ်တစ်ဝိုက်မှာ ဓားရေးလှံရေး အင်မတန် ကောင်းတဲ့ ဆရာတစ်ဆူပဲ မောင်ရင် ” ဟု ပြောလိုက်လေ၏ ။
ထိုစကားကို ကြားရသောအခါ မောက်မာသော တိုးအောင်သည် သိမ်ဖျင်း၍ သွားသည့် အသွင်ရှိလေ၏ ။
“ ဓားရေးလှံရေး ဆရာ တစ်ဆူတဲ့လား ၊ ဒီလိုတော့ ဘယ်မှာလုပ်လို့ ဖြစ်မှာတုန်း ၊ ဒီလို ဆရာများဟာ များများ မရှိဘူး ၊ သေသွားရင် တစ်ယောက် လျော့သွားမယ် ၊ ကျုပ် မသ,တ်နိုင်ဘူး ”
“ သွားပြီး စမိတာက ခက်တယ် ”
“ သူ့နာမည် ဘယ်သူတဲ့လဲ့ ”
“ ဆရာကိုရောင်ဖြူတဲ့ ဟောဟို အနားက ခြံမှာနေတယ် ”
တိုးအောင်သည် အသက်ထက် အရှက်ကို မကြောက်တော့ပေ ။ ဆိုင်ထဲက သူငယ် တစ်ယောက်ကို လမ်းပြရန် ခေါ်ပြီး ရောင်ဖြူ၏ ခြံသို့ သွားလေ၏ ။
ရောင်ဖြူနှင့် တွေ့ကြလေ၏ ။ ရောင်ဖြူသည် ဓားကို လက်ထဲ၌ ကိုင်ဆ၍ နေလေ၏ ။ ဓားဦး ဓားသွားကို လက်နှင့် စမ်းသပ်၍နေလေ၏ ။
“ ဪ … ထိုင်လေ ” ဟု ပြောပြီး ဓားကို နံရံမှာ ထောင်လျက်
“ ကိုင်း … ကိစ္စကို ဆိုစမ်းပါဦး ” ဟု ပြောလေ၏ ။
“ ဒီလိုပါဆရာ ကျွန်တော် မသိလို့ပါ ”
“ မသိရင် သိအောင် ပြရတာပေါ့ ” ဟု ရောင်ဖြူက ပြန်၍ ပြောလေ၏ ။
“ ဒီလိုပါဆရာ ၊ ဆရာ ဓားအတတ်ကို သင်ပေးတဲ့ ဆရာ ဖြစ်ကြောင်း မသိရလို့ပါ ၊ ယခု ဖြစ်ပျက်ခြင်းဟာ မတော်တဆ ဖြစ်ရတာပါ ” ဟု ပြောလေ၏ ။
“ ကျုပ် ဆရာ ဖြစ်ကြောင်းကို နဖူးမှာ စာကပ်ထား ရမှာလား ၊ ဓားဆရာ မဟုတ်တဲ့ လူများကို မင်း ဒီလိုပဲ လိုက်ပြီးစော်ကားနေမှာလား ”
“ ကျွန်တော် ဆရာနဲ့ ခိုက်ရန် မဖြစ်နိုင်ဘူး ၊ ဒါတော့ မတော်ဘူး ” ဟု တိုးအောင်က ပြောလေ၏ ။ တိုးအောင်သည် ထိုစကားကို ပြောပြီးသည့်နောက် မိမိ သူရဲဘောနည်းကြောင်းကို မြင်ရကြားရသည့် မိန်းမတွေ သိတော့မည်ဟု တွေးမိလေ၏ ။ ထိုအတွင်း လူစုလူဝေး မိန်းမတွေ ရောင်ဖြူ၏ ခြံထဲသို့ ဝင်ရောက်၍ လာကြလေ၏ ။ ယနေ့ ဓားပွဲကို ကြည့်ရတော့မည်ဟု အားကိုး၍ လာကြလေ၏ ။
“ ကျွန်တော် တောင်းပန်ဖို့ လာပါတယ် ဆရာ ” ဟု တိုးအောင်က ခပ်တိုးတိုး ပြန်၍ ပြောလေ၏ ။
“ ဟာ … ဘုန်းကြီးထိပ် ခေါက်ပြီးမှ ကန်တော့တာလား ”
ထိုအခိုက် တိုးအောင်သည် ရောင်ဖြူ နေရာ အခန်းကို ကြည့်လေရာ စုတ်နုတ်ဆင်းရဲကြောင်းကို တွေ့ရှိရလေ၏ ။ ၎င်း၏ အဝတ်အစားမှာလည်း ညစ်နွမ်းကြောင်းကို သိရလေ၏ ။ လာရောက်သော မိန်းမ ယောက်ျားများသည် ၎င်းတို့၏ အပါးကို မကပ် ၊ ခြံအဝင်ဝနားမှာသာ ကပ်၍ နေကြလေ၏ ။
“ ကျွန်တော် စော်ကားတဲ့ အတွက် ဆရာ့ကို လျော်ကြေး ပေးပါ့မယ် ” ဟု တိုးအောင်က ပြောလေ၏ ။ ရောင်ဖြူသည် တိုးအောင်ကို စိုက်ကာ ကြည့်၍ နေလေ၏ ။
“ ဆရာ ဉာဏ်ပူဇော်ခ ယူပြီး ဓားရေးလှံရေးကို သင်ပေးသူ ဖြစ်ပါတယ် ။ ကျွန်တော်လည်း တပည့်လို အောက်မေ့ပြီး ဉာဏ်ပူဇော်ပါတယ် ၊ တောင်းပန်ရင် ကြေရပါတယ် ဆရာ ”
“ ဪ … တောင်းပန်ရင် ကြေရသကိုး ” ဟု ပြောပြီး ဆိတ်ငြိမ်၍ နေလေ၏ ။
“ ကိုင်း ... ဗျာ ဘယ်လောက်များ ဉာဏ်ပူဇော်မှာလဲ ”
“ ငွေသားတစ်ဆယ် ” ဟု တိုးအောင်က ပြန်၍ ပြောလေ၏ ။
ထိုအခါ ရောင်ဖြူက အိမ်တွင်းသို့ ဝင်ပြီး ဓားနှစ်စင်းကို ယူ၍လာလျက် မြေပေါ်၌ စိုက်ကာ
“ ကြိုက်ရာ ဓားကိုယူ ၊ ဟိုပရိသတ်တွေ ကြည့်ချင်လှပြီ ” ဟု ပြောလေ၏ ။
တိုးအောင်သည် ပုန်းရှောင်၍ ပြေးဖို့ရန် ခက်သည်ကို လည်းကောင်း ၊ ယှဉ်ပြိုင်၍ သ,တ်ဖို့ရန် သာ၍ ခက်သည်ကို လည်းကောင်း တွေ့ရှိရလေ၏ ။ သို့ဖြစ်လေရာ
“ ငွေသား ဆယ့်ငါးကျပ်သား ယူပါခင်ဗျား ” ဟု ပြောကာ ရောင်ဖြူ၏ လက်ကို ဆုပ်ကိုင်လေ၏ ။
“ ကျုပ်ပါးဟာ တစ်ဆယ်တန် ဆယ့်ငါးကျပ်တန် ပါးမဟုတ်ဘူး ၊ အင်မတန် ဝေးသေးတယ် ” ဟု ရောင်ဖြူ က ပြန်၍ ပြောလေ၏ ။
ထိုအခါ တိုးအောင်က မငြင်းနိုင်အောင်
“ ကိုင်း … ငွေသား တစ်ရာယူပါ ” ဟု အပြီးအပိုင် ပြောလိုက်လေ၏ ။ အကြောင်းမူကား တိုးအောင်သည် အမွေရပြီးစ ဖြစ်သောကြောင့် ငွေကို ရေလို သုံး၍ နေသူ ဖြစ်လေ၏ ။ ထိုအခါ ရောင်ဖြူ၏ ကြောက်မက်ဖွယ် ကောင်းသော မျက်နှာသည် စဉ်းစားသော မျက်နှာ အဖြစ်သို့ ရောက်၍ လာလေ၏ ။ ဤသည်ကား မတွေးမခေါ် မမျှော်လင့်ဘဲ ပေါ်ပေါက်၍ လာသော အကြောင်းအရာ ဖြစ်လေသည် ။ ငွေသားတစ်ရာ ဆိုသည်မှာ တစ်ပိဿာ ပဲ ။ ယခုအခါမှာ တစ်နှစ်လုံး ရှာလို့ ငွေသားတစ်ရာ ရမှာ မဟုတ်ဘူး ။ ငါးဆယ်မျှ ရလျှင် ပါးတစ်ဖက်သာ မဟုတ် နှစ်ဖက်စလုံး စုံ အရိုက်ခံချင်၍ နေသော အခိုက်အခါ ဖြစ်သည် ။ ဤနည်းလည်း ရပေါက်ရလမ်းနည်း တစ်ခု ဖြစ်ပါကလား စသည်ဖြင့် တွေးပြီး ချောင်းဟန့်လိုက်လေ၏ ။
“ မင်း နားလည်တယ် မဟုတ်လား ။ ဒီအရာမျိုးမှာ လျော်ကြေးယူလို့ မကိုက်ဘူး ၊ သို့သော်လည်း ဒဏ်ရိုက်တယ် ဆိုရင် တော်လိမ့်မယ် ထင်တယ် ၊ ငွေတစ်ရာ ဒဏ်ရိုက်တယ် ဆိုရင် မင်း စော်ကားသည့် အတွက် လုံလောက်ပြီဟု ငါထင်တယ် ”
ထိုအခါ တိုးအောင်သည် ရောင်ဖြူ ကို ခေါ်၍ ချက်ချင်းအတူ သွားကြလေ၏ ။ ခြံဝ၌ စောင့်၍ နေသော လူများ၏ အနီးသို့ ရောက်သောအခါ အသာနေကြဦးဟု ပြောသော အနေနှင့် လက်ပြ၍ သွားလေ၏ ။
ထိုနေ့မှစ၍ ရောင်ဖြူ၏ စိတ်မှာ အကြံတစ်မျိုး ပေါ်၍သွားလေ၏ ။ ငွေရလမ်း အသစ်တစ်ခုကို စ၍ တွေ့လေ၏ ။ ထိုခေတ်အခါသမယသည် လူစွမ်းကို ပြရသော ခေတ်အခါ ဖြစ်လေရာ ထိုလမ်းဖြင့် ငွေရဖို့ရန် အင်မတန်ကြီး လွယ်ကူ၍ လာလေ၏ ။ ထိုလမ်းကို အသုံးမပြုဘဲ မနေနိုင်တော့ပေ ။
နောက်တစ်လအတွင်း ထန်းရည်ဆိုင်သို့ လာသောသူများကို သုံးကြိမ်တိုင်တိုင် ရန်စလေ၏ ။ ရန်စသည့် အခါတိုင်း ဓားကြိမ်းကြိမ်း၏ ။ သို့သော်လည်း ဓားရေးကို တစ်ခါမျှ မပြခဲ့ရပေ ။ ရှေးအခါက ရောင်ဖြူသည် နူးညံ့သိမ်မွေ့ ပကတိလူကောင်းဖြစ်ခဲ့၏ ။ တိုးအောင် နှင့် တွေ့ပြီး ကတည်းက စ၍ ခက်ထန်သော အသွင်ကို ဆောင်ခဲ့လေ၏ ။ ၎င်း၏ ရန်မူခြင်းကို ခံရသော သူများသည် အခါတိုင်း ၎င်း၏ အိမ်သို့သွားကာ တိုးလျှိုးကြရလေ၏ ။ တစ်ရံတစ်ခါ၌ကား ထိုကဲ့သို့ သွားရောက် တိုးလျှိုးတောင်းပန်ဖို့ရန် ကျောင်းစာရေး ဘိုးအ က အကြံပေးရလေ၏ ။ သို့သော်လည်း အဘယ်ပုံ အေးချမ်းခြင်း ဖြစ်သည်ကား မည်သူမျှ မရိပ်မိကြပေ ။ ရောင်ဖြူ ငွေကြေးကို အခါတိုင်းထက် ပိုမို၍ သုံးနိုင်သည်ကား ၎င်း၏ ကျောင်းမှာ ဉာဏ်ပူဇော်ခတွေ တိုး၍ ရသည်ဟု မှတ်ထင်ကြလေသည် ။
ရောင်ဖြူသည် မိမိ၏ အကြံ၌ လွန်စွာပါးရည် နပ်ရည် ရှိလေ၏ ။ မိမိလောက် စွမ်းရည်သတ္တိ ရှိပုံ မရသူများအား မိမိကို စတင်၍ ရန်စအောင် လုပ်၏ ။ ထိုသူများသည် ငွေကြေးပေါများလျက် အေးအေးဆေးဆေး လူများ ဖြစ်သည်ကိုလည်း တင်ကြို၍ သိတတ်သော ဉာဏ်ရှိလေ၏ ။ ထိုကဲ့သို့သော ရိုးရိုးသားသား ငွေကြေးပေါများလျက် အစွမ်းသတ္တိ မရှိသူများသည် မြောက်မြားစွာ တွေ့ကြုံနိုင်သော လူမျိုး မဟုတ်ကြပေ ။ တစ်လလျှင် ထိုလူမျိုးကို နှစ်ကြိမ်သုံးကြိမ်ထက် ပိုမို၍ မတွေ့နိုင်ပေ ။ ရောင်ဖြူ သည်ကား သုံးကြိမ်ပင် မတွေ့ရစေကာမူ နှစ်ကြိမ်လောက် တွေ့ရလျှင် ကျေနပ်၍ နေသူ ဖြစ်လေသည် ။ သို့သော်လည်း ငွေအရ လွယ်မှန်းကို သိသောအခါ လောဘသည် တိုး၍ လာလျက် သတိ ကင်းလွတ်စ ပြုလေ၏ ။
ရောင်ဖြူသည် ထိုနည်းဖြင့် ထိုအလုပ်ကို အတန် ကြာ ချောချောမောမော လုပ်ကိုင်၍ နေခဲ့လေ၏ ။ သို့သော်လည်း နောက်ဆုံး၌ အမှားကို လုပ်မိလေသည် ။
တစ်နေ့သ၌ မွန်းလွဲအချိန် မျက်နှာဝိုင်းဝိုင်း အသားညိုညို မွန်လိုလို မြန်မာလိုလို အဝတ်အစား လွန်စွာရိုးသားသော လူတစ်ယောက်သည် ထန်းရည်ဆိုင်ကလေးသို့ ရောက်၍လာလေ၏ ။ ထိုလူသည် ထန်းရည်ဆိုင်ထောင့် ခုံကလေး တစ်ခုမှာ ထိုင်လျက် ထန်းရည်အိုး ထဲမှ ထန်းရည်ကို ကုန်းကာ ခပ်၍ သောက်စပြုလေ၏ ။
ရောင်ဖြူသည် မိမိ၏ နေရာမှ ထလျက် ထိုသူကို အကဲခတ်ကာ ကြည့်၍ နေလေ၏ ။ ရောင်ဖြူ၏ စိတ်၌ ထိုသူသည် ဧကန် ကြောက်တတ်သူဖြစ်သည်ဟု အတွေး ရလေ၏ ။ ပွဲစားကုန်သည်လို လူစားမျိုး ဖြစ်သည်ဟု သဘောရ၏ ။ သို့သော်လည်း ဆိုင်ရှေ့၌ ၎င်း၏ ကြီးမားခံ့ညားသော မြင်းကို မြင်ရသဖြင့် လူကုံထံမျိုး ဖြစ်ကြောင်းကို သိလေ၏ ။
ရောင်ဖြူသည် ဆေးလိပ်တိုကို မီးညှိကာ အခန်းကို ဖြတ်ပြီး ၎င်းလူ၏ အနား၌ ရှိသော မီးဖိုကလေး တစ်ခုသို့ သွားလေ၏ ။
ထန်းရည်သောက်၍ နေသူသည် ထန်းရည်ကို နောက်တစ်ကြိမ် ကုန်း၍ ခပ်လေ၏ ။ ရောင်ဖြူသည် မီးစာနှင့် ဆေးလိပ်ကို မီးညှိပြီး လှုပ်ခါလိုက်တာ မတော်တဆလိုလို မီးဖွားများသည် ထန်းရည်သောက်၍ နေသူ၏ ကျောထက်သို့ ကျ၍ သွားလေ၏ ။ ထိုကျသော မီးဖွားများ အထဲတွင် မီးစာမှ မီးခဲတို့လည်း ပါရှိလေ၏ ။ ထိုအခါ ထန်းရည် သောက်သူသည် ရုတ်တရက် မတ်တတ်ထပြီး ရောင်ဖြူ၏ မျက်နှာကို စိုက်ကာ ကြည့်၍ နေလေ၏ ။
ရောင်ဖြူက “ ခင်ဗျား ကြည့်ပုံ တယ်ထူးပါကလား ” ဟု ပြောလိုက်လေ၏ ။
မျက်နှာဝိုင်းဝိုင်းနှင့် လူက “ ထူးတာပေါ့ဗျာ ၊ ခင်ဗျားက ကြည့်မှ မကြည့်ဘဲကိုး ”
“ ခင်ဗျားက ဒီနေရာမှာ လာပြီး ထိုင်တာကိုး ၊ မီးနားမှာ ထိုင်ရင် မီးလောင်တတ်တယ် ဆိုတာ မသိဘူးလား ၊ ကျုပ်လည်း ခင်ဗျားလို သောက်ပြီး မူးနေတဲ့ လူပဲ ကြည့် မနေနိုင်ဘူး ” ဟု ရောင်ဖြူက ပြောလေ၏ ။
“ ဒါတော့ ခင်ဗျား ခွပြောတာပဲ ၊ ကျုပ် ကျောကုန်း ပေါ်မှာ လာပြီး တမင် မီးညှိတာကိုး ” ဟု မျက်နှာဝိုင်းဝိုင်းနှင့် လူက သာယာညင်းပျောင်းသောအသံနှင့် ပြောလိုက်လေ၏ ။
ရောင်ဖြူက “ ခင်ဗျား အင်မတန် ခွကျတာပဲ ၊ ခင်ဗျား ဒီနေရာမှာ ထိုင်နေတဲ့အတွက် ကျုပ်က မီးဖိုထဲကို တောင် တွန်းချမယ် ဆိုရင် ကျုပ် လွန်မှာ မဟုတ်ဘူး ၊ ကျုပ် တွန်းမချတာကို ခင်ဗျား ကျေးဇူးတင်ဖို့ ကောင်းတယ် ၊ အခုတော့ ကျေးဇူးမတင်တဲ့ အပြင် ခင်ဗျား ရန်စကား ပြောနေတာကိုး ”
“ ရန်စတာက ကျုပ် မဟုတ်ဘူး ၊ ရန်စတာက ခင်ဗျား ” ဟု မျက်နှာဝိုင်းက ပြန်၍ ပြောလေ၏ ။ ၎င်း၏ ညိုသောမျက်နှာမှာ သွေးရောင်တောက်၍ လာ၏ ။ မျက်နှာလည်း ရှုံ့၍ လာလေ၏ ။
“ ဪ … ခင်ဗျား ရန်ဖြစ်ချင်တာကိုး ၊ ရန်ဖြစ်ချင်ရင် ကျုပ်မှာ ဓားနှစ်စင်း အသင့်ရှိတယ် ”
ထိုစကား၏ အဓိပ္ပာယ်ကို မျက်နှာဝိုင်းသည် ချက်ချင်း နားလည်လေ၏ ။ အကြောင်းမူကား ထိုခေတ် အခါသမယ၌ ဓားချင်း ယှဉ်၍ ခုတ်သော အလေ့သည် အနယ်နယ်မှာ ခေတ်စား၍ နေလေ၏ ။ ထိုအခါသမယ၌ ဤနည်းဖြင့် အရပ်ရပ်မှာ လူစွမ်းကို ပြကြလေသည် ။
ထိုအလေ့ကို အစိုးရများသည် ပိတ်ပင်တားဆီး၍ မရပေ ။ အကြောင်းမူကား တန်ခိုးလွန်စွာ မကြီးသော မင်းပြိုင် စိုးပြိုင်ကလေးတွေ ပေါ်ပေါက်၍ နေလေသည် ။
မျက်နှာဝိုင်းသော ထိုလူ၏ မျက်လုံးများသည် ပြူးကျယ်၍ လာလေ၏ ။
“ ခင်ဗျား ကျုပ်နဲ့ ရန်ဖြစ်ချင်တယ် ထင်ပါရဲ့ ” ဟု ၎င်းက ပြန်၍ ပြောလိုက်လေ၏ ။
ရောင်ဖြူသည် ရယ်လေ၏ ။
“ တကယ် လူစွမ်းလူစ ရှိတာ ဟုတ် မဟုတ် ကျုပ် မြင်ရင် သိတာပဲ ၊ ကျုပ် အချိန်ဖြုန်းတဲ့ လူစား မဟုတ်ဘူး ၊ ခုဆိုရင် ချက်ချင်းမှ ကြိုက်တာ ”
“ ဒါတော့ လွန်ပြီလို့ ထင်တယ် ” ဟု မျက်နှာဝိုင်းက ပြောလေ၏ ။ ၎င်းသည် များစွာ စိတ်နောက်၍ သွားသည့် လက္ခဏာ ရှိလေ၏ ။ ၎င်းနောက် စကားဆက်လျက်
“ ဟုတ်တယ် ဒါတော့ အမှန် လွန်တာပဲ ၊ ကျုပ် ဒီလို စကားမျိုးကို ခံတဲ့ လူစား မဟုတ်ဘူး ” ဟု ပြောပြီး အခြား ထန်းရည်သောက်သူများဘက်သို့ လှည့်ကာ
“ ဒီလူဟာ အင်မတန် လွန်တဲ့လူပဲ ၊ ကျုပ်ကို တမင် စော်ကားတာ ခင်ဗျားတို့ အသိပဲနော် ” ဟု ပြောလိုက်လေ၏ ။
ရောင်ဖြူသည် စူးရှသော အသံနှင့် ပြောလိုက်သည်ကား
“ ခင်ဗျား အခုတောင် ဟောင်တုန်းပါကလား ၊ နှုတ်သီးကို ပိတ်ပြီး အုပ်မှ အဟောင် ရပ်လိမ့်မယ် ထင်တယ် ”
“ ဒီလောက်တောင် ပင်ပန်းခံဖို့ မလိုပါဘူး ၊ ခင်ဗျား ဆီက ဓားကိုလည်း မလိုပါဘူး ၊ ကျုပ် မြင်းပေါ်မှာ ကျုပ် ဓားရှိပါတယ် ” ဟု စိတ်မပါ့တပါ ပြန်၍ ပြောလိုက်လေ၏ ။
ထိုစကားသည် ရောင်ဖြူ ၊ မတွေးမခေါ်သော စကား ဖြစ်လေ၏ ။ ၎င်းစကားကို ကြားရသောအခါ ရောင်ဖြူ မျက်နှာ ပျက်လုခမန်း ဖြစ်၍ သွားလေ၏ ။
ထို့နောက် ကျောင်းစာရေး ဘိုးအ ၊ ဗိသုကာ မောင်နိုး ၊ အထည်သည် ဇံရပ်တို့ ရှိရာသို့ “ ခင်ဗျားတို့ ဒီလူကို ကျုပ်အိမ် ဘယ်မှာ ရှိတယ် ဆိုတာကို ပြောလိုက်စမ်းပါ ” ဟုပြောပြီး ဆိုင်ထဲမှ ထွက်၍ သွားလေ၏ ။
ထုံးစံအတိုင်း ရောင်ဖြူ၏ အိမ်သို့ မျက်နှာဝိုင်းနှင့် ဧည့်သည်သည် ရောက်၍ လာလေ၏ ။ ခါတိုင်း ပြောဆိုမြဲ လေပြောက်မျိုးနှင့် ဆီး၍ စကား ပြောလေ၏ ။ မျက်နှာဝိုင်းသည် လွန်စွာ ဝမ်းနည်းသော အသွင်ကို ပြလေ၏ ။ ဝမ်းနည်းအားကြီးသဖြင့် စကားပင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်၍ နေလေ၏ ။
“ ရန်ဖြစ်ဖို့ မတော်ပါဘူးခင်ဗျား ၊ ကျုပ် စကားပြောတာ လွန်သွားပါတယ် ခင်ဗျား ၊ ကျုပ်နဲ့ ခင်ဗျား ဓားရေး ယှဉ်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ခင်ဗျား ၊ ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ပါဘူး ” ဟု မျက်နှာဝိုင်းက တောင်းပန်လေ၏ ။ ထိုစကားကို ပြောပြီးနောက် မျက်နှာဝိုင်းသည် ပြုံးရယ်လိုက်ရာ ခွေးစွယ်နှစ်ချောင်း ပေါ်၍ လာလေ၏ ။ ထိုအတွင်း ရောင်ဖြူက မိမိ ပြောနေကျ ဖြစ်သော ငေါ့လုံး နှင့်
“ ကျုပ် ဓားသိုင်းဆရာ ဖြစ်တာ အများသိဖို့ နဖူးမှာ စာဆွဲထားရမှာလား ” ဟု ပြောလိုက်လေ၏ ။
သို့သော်လည်း ထိုစကားသည် အခါတိုင်းကဲ့သို့ တန်ခိုးသတ္တိ မရောက်ကြောင်းကို ချက်ချင်း သိရလေ၏ ။ အကြောင်းမူကား မျက်နှာဝိုင်း၏ အမူအရာ မျက်နှာထားမှာ ပြောင်းလဲ၍ သွားလေ၏ ။ ဓားသိုင်းဆရာ ဟူသော စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်တည်း စိတ်လက် အေးချမ်း သွားလေ၏ ။
“ ခင်ဗျား ဓားသိုင်းဆရာလား ၊ ဓားသိုင်းဆရာ ဖြစ်ရင် တော်တာပေါ့ ”
မျက်နှာဝိုင်းသည် ကိုယ်ကို ဆန့်၍ ရပ်လိုက်လေ၏ ။ ရောင်ဖြူ၏ အခန်း ပတ်ပတ်လည်ကို လှည့်၍ ကြည့်လေ၏ ။ ဓားသိုင်းဆရာ ဖြစ်သည့် အထိမ်းအမှတ်များကို တွေ့ရလေ၏ ။ ၎င်း၏ အမူအရာမှာ ယောက်ျားကောင်း အမူအရာ ပေါ်၍ လာလေ၏ ။
“ ဪ … ဒီဟာ ခင်ဗျားကျောင်းကို ၊ ဒီလိုဖြင့်ရင် သင့်ပေါ့ ၊ ကိုင်း ဘယ်အချိန် ဘယ်နေရာမှာ အလိုရှိသလဲ ၊ ကျုပ်လည်း ထန်းရည်အိုးကလေး အပြီးသတ်လိုက်ပါ ရစေဦး ” ဟု ပြောပြီး ပြန်တော့မလို လုပ်လေ၏ ။
ထိုအခါ ရောင်ဖြူသည် ခါတိုင်းကဲ့သို့ မဟုတ်တော့ပေ ။ မျက်နှာပျက်၍ သွားလေ၏ ။ မျက်နှာဝိုင်း၏ ပခုံးပေါ်သို့ လက်ကို တင်ကာ
“ နေပါဦးဗျ ၊ ခင်ဗျား ဘယ့်နှယ် စကားတွေကို ပြောတာတုန်း ၊ ဘယ်အဓိပ္ပာယ်မျိုးကို ခင်ဗျား ကောက်တာတုန်း ” ဟု ရောင်ဖြူက ပြောလေ၏ ။
“ ဒီအဓိပ္ပာယ်ပေါ့ ”
မျက်နှာဝိုင်း၏ မျက်လုံးများသည် ရွှင်ပျသော အမူအရာနှင့် ဝင်းလက်၍ သွားလေ၏ ။ အိမ်၏ အခြေအနေကို ကြည့်ပြီး စိတ်လက်ကြည်လင် ရွှင်ပျသကဲ့သို့ ရှိလေ၏ ။
“ ကျုပ်တို့ ခင်ဗျားတို့မှာ တခြားအရပ်သား ရိုးရိုး တစ်ယောက်နဲ့ ဓားရေး ပြိုင်ရမယ် ဆိုရင် အင်မတန် ကြီးလေးတဲ့ အပြစ် ဖြစ်မှာပဲ ၊ မတော်တဆ တစ်ခုခု ဖြစ်သွားမယ် ဆိုရင်လည်း တာဝန် မကင်းပေဘူး ၊ ခင်ဗျားနဲ့ ကျုပ်နဲ့ ဆိုတော့ကာ ဓားသိုင်းဆရာချင်းလည်း ဖြစ်တယ် ၊ ခင်ဗျားလည်း ဓားသိုင်းဆရာ ၊ ကျုပ်လည်း ဓားသိုင်းဆရာ ၊ တွေးပြီး ကြောက်စရာ ဘာမှ မရှိပါဘူး ၊ ဘယ်သူပဲ သေသေ ကိစ္စများမယ် မဟုတ်ပါဘူး ” ဟု မျက်နှာဝိုင်းက ပြောလေ၏ ။ ရောင်ဖြူသည် ကျောကို မြွေတက်သကဲ့သို့ ကြောက်ရွံ့စ ပြုလေ၏ ။ ၎င်းသည် ဓားသိုင်းဆရာ ဖြစ်သော်လည်း ကြက်ဆူတောမှာ မင်းမူ၍ နေသည်ကို ကိုယ်တိုင် သိလေ၏ ။
ရောင်ဖြူသည် မျက်နှာဝိုင်းကို သေသေချာချာ ကြည့်လေ၏ ။ ငါ သည်လောက်တောင် အထင် လွဲလေရော့သလား ။ မျက်နှာဝိုင်းမှာ ကြောက်စိတ်လုံးလုံး မရှိသည်ကို လည်းကောင်း ၊ အလုံးအရပ် အသင့်အတင့် ကောင်းသူဖြစ်သည်ကို လည်းကောင်း လက်တံခြေတံ ရှည်လျားသည်ကို လည်းကောင်း ကျစ်လျစ်သော အသွင် ရှိသည်ကိုလည်းကောင်း ပွတ်တိုင်ကဲ့သို့သော ခြေသလုံးများရှိသည်ကို တွေ့ မြင်ရလေ၏ ။
“ ခင်ဗျားလည်း ဓားသိုင်းဆရာပဲလား ” ဟု ပြောလျက် ကြောင်တောင်တောင် ငေးကာ မျက်နှာဝိုင်းကို ကြည့်ကာ နေလေ၏ ။
“ နည်းနည်းလည်း ထင်ရှားတဲ့ ဓားသိုင်းဆရာ ပါပဲ ။ ကျုပ်က ဗမာ မွန်စပ်ဖြစ်ပါတယ် ၊ ဟံသာဝတီက ဗိုလ်လဘန်း ဆိုတာ ခင်ဗျား ကြားဖူးရဲ့ မဟုတ်လား ”
ရောင်ဖြူသည် အံ့ဩမေ့မော၍ နေလေ၏ ။
“ ဗိုလ်လဘန်း အစစ်ပဲလား ”
“ အစစ်ပါပဲ ၊ ဘယ်အခါမဆို အလိုရှိရင် အသင့်ပါပဲ ”
“ တစ်ဆိတ် နေပါဦး ဆရာ ၊ ကျွန်တော် လူမှားလို့ပါ ”
“ သိုင်းဆရာ အသေးအဖွဲများ သိဖို့ရန် ကျုပ် ဗိုလ်လဘန်း ဖြစ်ကြောင်းကို နဖူးမှာ စာကပ်ထားရမှာလား ”
“ ကျုပ်ဆရာနဲ့ ဓားရေး မပြိုင်နိုင်ဘူး ၊ ဆရာလည်း ကျုပ်နဲ့ ပြိုင်ဖို့ စိတ်ကူးထဲမှာ မထည့်နိုင်ပါဘူး ၊ ကျုပ် ဒုက္ခတွေ့မှာပေါ့ ”
“ ဒါတော့ အရေးမကြီးပါဘူး ၊ ခင်ဗျား သေမှာက ကျိန်းသေပါ ” ဟု မျက်နှာဝိုင်းက ပြန်၍ ပြောလေ၏ ။ ရောင်ဖြူသည် မျက်လုံးဝိုင်းလျက် မိမိ၏ ရှေ့၌ တင်းမာစွာ ရပ်၍နေသော မျက်နှာဝိုင်းကို ကြည့်၍ နေလေ၏ ။ ၎င်းလူသည် အစဦး၌ လွန်စွာ သိမ်မွေ့ဟန် ရှိသော်လည်း ယခုသည်ကား ကြောက်မက်ဖွယ်အသွင်ကို ဆောင်၍နေလေ၏ ။
ရောင်ဖြူက “ ကျွန်တော် တောင်းပန်ပါတယ် ဆရာ ” ဟု ပြောလေ၏ ။
“ ခင်ဗျား အသုံးမကျတဲ့ လူပဲ ၊ မိမိကိုယ်ကို မိမိ ကာကွယ်နိုင်မယ့် လူမှန်းကို ခင်ဗျား မသိလို့ ကျုပ်ကို အရမ်းစော်ကား ရန်စပြုတာပဲ ၊ အခု ဆိတ်ကွယ်ရာမှာ တောင်းပန်ရင် အေးမယ် ထင်သလား ၊ အခု ခင်ဗျား ထောင်ချောက်မှာ ခင်ဗျား မိနေတယ်လို့ ထင်တယ် ၊ ခင်ဗျား ဘုရားတရား ကိုသာ အောက်မေ့တော့ ၊ ကျုပ်တော့ အသင့်ပဲ ၊ ကျုပ် အချိန်ကို ဖြုန်းမယ့် လူစား မဟုတ်ဘူး ၊ အခုဆို ချက်ချင်းမှ ကြိုက်တာ ”
“ သည်းခံပါဆရာ ၊ လျော်ကြေး ပေးဆို ပေးပါ့မယ် ”
“ ကျုပ်ကို ခင်ဗျားက လျော်ကြေး ပေးမှာလား ၊ ဘယ်လိုများ ပေးမယ်လို့ ကြံပါသလဲ ”
“ ငွေ နှစ်ဆယ့်ငါးကျပ် ဆိုရင် ... ”
“ ဘာရမလဲ ခင်ဗျား ငွေငါးဆယ် ပေးရင်တောင် ကျုပ် မကျေနိုင်ဘူး ၊ ငွေတစ်ရာ ဆိုရင် ခင်ဗျား အပြစ်ဒဏ် ပြေလောက်မှာပဲ သို့သော်လည်း .. ”
“ ကျွန်တော် ပေးပါ့မယ်ခင်ဗျား ” ဟု တောင်းတောင်းပန်ပန်ပြောလေ၏ ။ ထိုငွေသည် မိမိ၏ မရိုးမသားသော ဉာဏ်စွမ်းဖြင့် ရ၍ထားသော ငွေအကုန် ဖြစ်လေ၏ ။
မျက်နှာဝိုင်း၏ မျက်လုံးတို့သည် တိုး၍ ပြူး၏ ။
“ ငွေတစ်ရာလား ကောင်းပြီလေ ။ ခင်ဗျား စော်ကားတဲ့ အပြစ်ဒဏ်ပဲ ခင်ဗျား မှားကြောင်းကို ဝန်ခံတဲ့အတွက် အသက်ကို ချမ်းသာပေးလိုက်တာပါ ၊ ကျုပ်ဟာ လူကောင်း တစ်ယောက်ပါ ၊ ကျုပ် လူတစ်ဖက်သားကို သနားညှာတာတတ်ပါတယ် ။ ကျုပ် ခင်ဗျား ငွေတစ်ရာကို ယူပြီး ဟံသာဝတီမှာ အလှူ လုပ်မလို့ပါ ”
မသက်မသာသော စိတ်ကား မပြေပျောက်ဘဲ နေလေ၏ ။ လေးလံသောစိတ်များနှင့် ငွေများကို ထုတ်၍ ပေးလေ၏ ။ သို့သော်လည်း ရောင်ဖြူသည် မိမိ၏ ငွေတစ်ရာ မပြည့် ကိုးဆယ်သာ ရှိသည်ကို တွေ့ရှိရလေ၏ ။ ဗိုလ်လဘန်းသည်ကား သနားတတ်ရုံမဟုတ် စိတ်သဘောလည်း ကြီးသူ ဖြစ်လေ၏ ။ လိုသော ငွေများကို မတောင်းသည့် အပြင် ရောင်ဖြူအား ချက်ချင်း အသုံးလိုက သုံးဖို့ရန် ငွေသုံးကျပ် ကိုပင် ပေးခဲ့လေ၏ ။
ရောင်ဖြူစိတ်၌ လပေါင်း အတော်များစွာ ဉာဏ် အလုပ်ဖြင့် စုဆောင်းခဲ့ရသော ငွေကလေးသည် အကုန်အစင် ပြောင်၍ သွားလေရာ များစွာ နှမြော ယူကျုံးမရ ဖြစ်လေ၏ ။ သို့သော်လည်း အလားတူနည်းဖြင့် ထိုငွေကို ပြန်၍ ရလိမ့်ဦးမည်ဟု အောက်မေ့လေ၏ ။ သို့သော်လည်း နောင် ထိုနည်းမျိုးကို အသုံးပြုရာ၌ လူမြင်တိုင်း အထင်မသေးရအောင် သတိထားမည်ဟု စိတ်အကြံပြုမိလေ၏ ။ အကြောင်းမူကား အထင်သေးခြင်းကြောင့် ရသမျှသော ငွေကလေး ဆုံးပါး၍ သွားသည်ကို စဉ်းစားမိလေ၏ ။ သို့ဖြစ်လေရာ မျက်နှာကို ရဲရဲထားလျက် ထိုအလုပ်ကိုပင် ဆက်လက်၍ လုပ်လေ၏ ။ ထန်းရည် ဆိုင်မှာ ပင့်ကူအိမ်၌ ပင့်ကူသည် ထိုင်ကာ ယင်ကောင်ကို စောင့်နေသည့်အလား မှားယွင်း၍ ပင့်ကူအိမ်ကို ဝင်ရောက်ကာ တိုးမိသော ယင်ကောင်များကို စောင့်၍ နေလေ၏ ။
ရောင်ဖြူသည် တနင်္ဂနွေ နှစ်ပတ်လောက် မပြတ်မလပ် ကြိုးစား၍ စောင့်သော်လည်း တစ်စုံတစ်ယောက်မျှ မပေါ်လာခဲ့ပေ ။ ထို့နောက် တစ်နေ့သ၌ ညနေအချိန် လူတစ်ယောက်သည် လေဟုန်ပမာ ဆိုင်ထဲသို့ ဝင်ရောက်၍ လာလေ၏ ။ ၎င်းအသံသည် ထန်းရည်ဆိုင်ရှင်ကို ခေါ်ရာ၌ အတော်ပင် ပြင်းထန်ကြမ်းကြုတ်လေ၏ ။
ရောင်ဖြူသည် ထိုသူ၏ အသံကို ကြားရသောအခါ အံ့သြ၍ သွားလေ၏ ။
“ သည်အရပ်မှာ ရောင်ဖြူ ဆိုတဲ့ အကောင် တစ်ယောက် ရှိသလား ၊ သိုင်းဆရာလို့ သူ့ကိုယ်သူ ခေါ်တယ် ၊ ဘာအသုံးကျတဲ့ သိုင်းဆရာလဲ ”
ရောင်ဖြူသည် ထိုင်ရာမှ ရုတ်တရက် ထပြီး တောင်ကို ပြေးတော့မလို ၊ မြောက်ကို ပြေးတော့မလို လုပ်ရင်း ခုန်လိုက်ရာ မေးသူ၏ ရှေ့သို့ စုံရပ်လျက် ကျလေ၏ ။
“ ရောင်ဖြူ ဆိုတာ ကျုပ်ပါပဲ ”
မေးသောသူသည် အဝတ်အစား ခံ့ညားစွာ ဝတ်လျက် ရောင်ဖြူကို ခက်ထန်သော မျက်နှာထားနှင့် ကြည့်လေ၏ ။
“ မင်းလား ရောင်ဖြူ ဆိုတဲ့အကောင် ” ဟု ဧည့်သည်က မေးလေ၏ ။ ဆိုင်ထဲရှိ ထန်းရည် သောက်၍ နေသော သူများသည် ၎င်းကို စိုက်၍ ကြည့်ကြလေ၏ ။
“ ဒီလူတော့ ဒုက္ခတွေ့ တော့မှာပဲ ၊ ဓားဆရာရဲ့ ဓားဦးမှာ လာပြီး မှောက်တဲ့ လူပဲ ” ဟု စသည်ဖြင့် သနားကရုဏာစကား ပြောကြလေ၏ ။
ထိုအခါ ဧည့်သည်က “ လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ ကျုပ်ဆီကို ဓားအတတ် သင်ဖို့ရန် မြန်မာလူမျိုး လေးယောက် လာတယ် ၊ ဒီလေးယောက်စလုံးပဲ မင်းကို ငွေပေးခဲ့ရတဲ့ သူတွေ ဖြစ်တယ် ၊ မင်း သူတို့ကို ခြိမ်းခြောက်ပြီး ငွေကို လိမ်ယူတဲ့ အကောင်လို့ သိရတယ် ။ ဒီအတွက် သူတို့ မခံချင်လို့ ကျုပ်ဆီကို ဓားအတတ် သင်ဖို့ လာတာ ၊ ဒီလူလေးယောက်ကို သေသေချာချာ စစ်ဆေးကြည့်တဲ့ အတွက် ခင်ဗျား အကြံကို သိရတယ် ၊ ခင်ဗျား သူတို့ကို တမင် ရန်စပြီး ငွေကို လိမ်ယူတဲ့လူ ၊ သည့်အတွက် ဓား အတတ်၏ ဂုဏ်သရေကို စောင့်ရှောက်ချင်တဲ့အတွက် ခင်ဗျားကို ကျုပ် လာပြီး စုံစမ်းတာပဲ ” ဟု ဧည့်သည်က ပြောလေ၏ ။
ထိုအခါ ရောင်ဖြူက မျက်နှာ ဖြူရော်လျက် “ ခင်ဗျား ဘယ်သူလဲ ” ဟု မေးလိုက်လေ၏ ။
“ ခင်ဗျား သိအောင် ပြောရမှာဖြင့် ကျုပ် တခြားလူ မဟုတ်ဘူး ၊ ကျုပ် ဗိုလ်လဘန်းပဲ ”
ထိုအတွင်း မျက်နှာဝိုင်းဝိုင်းနှင့် လူက ငြိမ်ငြိမ်သက်သက် ဝင်၍ လာသည်ကို ရောင်ဖြူ မြင်လျက်
“ နို့ ဟိုဟာက ဘယ်သူလဲ ”
မိမိ အရင်က ကြောက်ရွံ့ဖူးသော မျက်နှာဝိုင်း၏ မျက်နှာကို ကြည့်ကာ မေးလိုက်လေ၏ ။
ဧည့်သည်သည် နောက်ကို လှည့်၍ ကြည့်ကာ
“ ဒါက ကျုပ်တပည့်ပေါ့ ၊ ကြားရတဲ့ သတင်းများ ဟုတ်သည် မဟုတ်သည်ကို သိရအောင် ရက်သတ္တ နှစ်ပတ်လောက်က ကျုပ် သူ့ကို ခင်ဗျားထံ စုံစမ်းဖို့ လွှတ်လိုက်တယ် ၊ ခင်ဗျား သူ့ကို ကျော မီးနဲ့ ရှို့ပြီး ရန်စတယ် မဟုတ်လား ၊ အဲဒီ လူကို စရာမှာ ဒီရောင်ဖြူ ဆိုတဲ့ အကောင် မှားသွားတာပေါ့ ” ဟု ပြောပြီး ရပ်လျက် မိမိ လက်၌ ရှိသော ကြိမ်လုံးနှင့် ရောင်ဖြူအား အချက်ပေါင်း များစွာ ရိုက်နှက်လေ၏ ။
▢ ပီမိုးနင်း
📖 မြန်မာ့အလင်း
ဧပြီ ၊ ၁၉၄၀
No comments:
Post a Comment