Wednesday, June 10, 2026

တစ်ကိုယ်ရေလမ်း


❝ တစ်ကိုယ်ရေလမ်း ❞
      ( အေးမင်းစော )

မိုးတွေ ရွာပြီ ဆိုလျှင် ကျွန်မ ငိုချင်သည် ။ ဘာကြောင့်များ အဲဒီ မိုးတွေဟာ ကျွန်မ သွားရာနောက် တကောက်ကောက် လိုက်ပြီး ရွာနေခဲ့တာလဲ ။ မိုးရေစက်များ၏ အေးမြလန်းဆန်းမှုကို ယခုအခါ မယုံကြည်ချင်တော့သလို ရှိသည် ။ လုပ်လက်စ အလုပ်တွေကို လက်စသတ်ပြီးချိန် လက်က နာရီကို ကြည့်တော့ ခုနစ် နာရီထိုးရန် ဆယ့်ငါးမိနစ်သာ လိုတော့၏ ။

ကျွန်မ ၏ ကျောရိုးသည် တောင့်တင်း ညောင်းညာ လျက်ရှိပြီး ကျောရိုးဘေးမှ ကြွက်သားများမှာလည်း အခိုးအငွေ့ များ ထွက်နေသလား ထင်ရအောင်ပင် ပူလောင် တင်းကျပ်လျက် ။ ကီးဘုတ် ပေါ်တွင် တစ်နေ. ကုန် ပြေးလွှား နေခဲ့ရသော ကျွန်မ လက်ချောင်းများက တစ်စစနှင့် မလှုပ်ရှားချင် လောက်အောင် ကိုက်ခဲနေပြီ ။ ကျွန်မ၏ လက်ဖျားထိပ်ကလေးများမှာ ပြားချပ်ထုံကျင်လျက် ။ အိမ် ရောက်ရင်တော့ ရေနွေး ခပ်ပူပူထဲမှာ လက် ချောင်းလေးတွေကို စိမ်ရဦးမှာပဲ ။ ပြီးလျှင် ကျွန်မ ရဲ့ လက်ချောင်းကလေးတွေ သန်မာစေဖို့အတွက် ဖော့လုံး လေးနှစ်လုံးကို ညှစ်ရဦးမည် ။ ထိုင်ခုံမှ မထခင် ခါးကို ဘယ်ညာ အသာ လှည့်ပြီးချိုးတော့ ကျွန်မ ကျောရိုးဆစ် များထဲမှာ ဖျိုးဖျိုးဖျစ်ဖျစ် အသံများ ကြားရ၏ ။ အခုမှ နည်းနည်း ပေါ့သွားသလိုပဲ ။

“ သီတာရေ ဒီနေ့တော့ ကိုယ် မလိုက်တော့ဘူးနော် ။ လာကြိုလိမ့်မယ် ”

ကျွန်မ လှည့်ကြည့်တော့ စံပယ် မျက်နှာပေါ်တွင် အပြုံးမြမြကို မြင်သည် ။

“ မိန်းမ ပျော်နေတယ်ပေါ့လေ ”

ကျွန်မက စလိုက်တော့ စံပယ်က ရယ်သည် ။ ယနေ့တော့ စံပယ်သည် အိမ်ကသဘောတူ ထားပြီးဖြစ်သော သူ့ ချစ်သူနဲ့ အတူ ပြန်ပေလိမ့်မည် ။

မေမေက ကျွန်မကို ဘာကြောင့်များ ယောက်ျား လေးတစ်ယောက် အဖြစ် မမွေးဖွားခဲ့တာလဲ ။ ထိုသို့ တွေးမိတော့ ကိုယ့် ကိုယ်ကိုယ် ပြုံးချင်ချင် ဖြစ်ရသည် ။ လူတွေဟာ ကိုယ် အဆင်မပြေတာ တစ်ခုကို ကြုံတဲ့အခါ တိုင်း ဒီလိုပဲ မဖြစ်နိုင်သည့်အရာ ၊ လက်လှမ်း မမီနိုင်သည့် အရာတွေကို မျှော်လင့်တမ်းတ တတ်ကြသလား ။ ဒါဟာ ကိုယ့်ရဲ့ ဖြတ်သန်းဆဲ အခြေအနေကို လက်မခံလိုခြင်းမှာ အခြေတည်ခဲ့သလား ။

ရုံးခန်း ထဲမှ အထွက် ပလက်ဖောင်း အစပ်တွင် ခြင်း တောင်းထဲမှ ထီးကို ထုတ်၍ ဖွင့်သည် ။ ထီးအဆစ်က ကျပ် နေသောကြောင့် ကျွန်မ အားနှင့် ဆွဲထုတ်လိုက်ရာ အဆစ်မှ ပြုတ်ထွက်သွားပြီး ရှေ့ပိုင်းက ပလက်ဖောင်း အစပ်သို့ ကျသည် ။ သွားပါပြီ ။ ထီးကို သေသေချာချာ ပြန်လုပ်ပြီး မိုးစက်တွေ အောက် ကျွန်မ တိုးဝင် လိုက်သည် ။ တစ်ခဏအတွင်းမှာပင် စိုရွှဲသွားသော ခြေထောက်တွင် အတွေ့အထိ တစ်စုံတစ်ရာ ကို ရသည် ။ အို ... ဖိနပ်ခေါင် က အတော် လှုပ်နေပြီ ။ ဘယ်အချိန်မှာ များ ပြတ်ထွက်သွားမလဲ ။ မိုးရယ် တိတ်ပါတော့ ။

လူတွေ အတွက် သူတို့ရဲ့ ဖြတ်သန်းမှုတွေက သူတို့ရဲ့ စိတ်ခံစားမှုတွေကို ပြဋ္ဌာန်းတတ်သလား ဆိုတာ ကျွန်မ သေသေချာချာ မသိပါ ။ ဒါပေမဲ့ မိုးရေစက်များကို ချစ်ခဲ့သော အချိန်ကာလ တစ်ခု ကျွန်မတွင် အမှန်တကယ်ပင် ရှိခဲ့ဖူးပါသည် ။ ကျွန်မ၏ ပျော်ရွှင်စရာ ငယ် ဘဝပေါ့ ။ မိုးတွေရွာပြီ ဆိုမှဖြင့် ကျွန်မ အိမ်ရှေ့ခြံစည်းရိုး အစပ်မှနေ၍ အိမ်ရှေ့ ရေမြောင်းလေးကို ငေးရီနေတတ်ခဲ့သည်လေ ။ ရေမြောင်းလေးထဲတွင် ငါးသေးသေးလေး များက စုန်ဆန်ကူးခတ်လျက် ။ ရေမြောင်းပေါ် အုပ်မိုး နေသော ပိန်းရွက်စိမ်းစိမ်းများက လေပြည်တွင် ဘယ်ညာ ယိမ်းနွဲ့လျက် ။ ပိန်းရွက်များပေါ်မှ မိုးရေစက်များ ရေမြောင်းထဲ လျှောကျ နေသည်မှာ ကြည့်၍ ကောင်းလှသည် ။ သို့ရာတွင် မကြာခင်မှာပင် မေမေ့ ခေါ်သံကို ကြားရတတ်စမြဲ ။

ထိုအခါ ကျွန်မသည် ခြံစည်းရိုး အစပ်ရှိ သရက် ပင်ကြီးဘေးတွင် အသာ ကွယ်နေလိုက်သည် ။ ဤသည်ကို သိသော မေမေက မိုးရေထဲ ထီးတစ်ချောင်းဖြင့် ဆင်း လာပြီး ကျွန်မကို ခေါ်လိမ့်မည် ။ မေမေက ကျွန်မ လက် တစ်ဖက်ကို ဆွဲထားသည် ။ ကျွန်မက လွတ်နေသည့် လက် တစ်ဖက်ဖြင့် မိုးရေများကို ခံယူ ဆော့ကစားသည် ။ ထိုစဉ်ကာလ ကျွန်မ အမှတ်ရဆုံးမှာ ထိကရုန်းပင်လေးများပင် ဖြစ်သည် ။

“ မေမေ အဲဒါ ဘာပင်လေးလဲဟင် ”

“ အဲဒါ ထိကရုန်းပင် လို့ ခေါ်တယ် ”

“ သူတို့က ဘာဖြစ်လို့ အဲဒီလို အိပ်ပျော် သွားတာလဲ မေမေ ”

“ အဲဒါ သူတို့ သဘာဝပေါ့ ”

“ သဘာဝ ဆိုတာ ဘာလဲ မေမေ ”

“ သဘာဝ ဆိုတာ အင်း .. ဗီဇပေါ့ ”

“ ဗီဇ ဆိုတာ ဘာလဲ မေမေ ”

မေမေသည် အမေးအမြန်း ထူသော ကျွန်မ ပါးကို အသာ ဆွဲလိမ်ရင်း ပြုံးနေခဲ့သည် ။ ခုတော့လည်း ဤသည်မှာ ထိကရုန်းပင်လေးများ၏ ပြင်ပသက်ရောက် မှုအပေါ် အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်မှန်း ကျွန်မ သိခဲ့ပါပြီ ။ တကယ်တော့ သစ်ပင်တွေ ဖြစ်ဖြစ် ၊ လူတွေ ဖြစ်ဖြစ် ပြင်ပ သက်ရောက်မှုကို တစ်နည်းမဟုတ်တစ် နည်းနဲ့ တုံ့ပြန်တတ်ကြတာ ဆန်းတာမှ မဟုတ်ဘဲလေ ။

ကျွန်မသည် ရုတ်တရက် လမ်းကလေးကို သတိရလာ၏ ။ ဒီလမ်းကို ကျွန်မ ဖြတ်ရပြန်ဦးမယ် ။ ကျွန်မ အတွက် သည့်ထက် ကောင်းတဲ့လမ်း ၊ သည့်ထက် လှပတဲ့ လမ်းကလေး တစ်ခုက ကြိမ်ခြင်းတောင်းနှင့်ထီးကို လက် ပြောင်းရင်း နေ့စဉ် ဖြတ်နေကျ တီဗွီ အရောင်းဆိုင် ရှေ့မှ အုတ်ခုံဆီ အကြည့် ရောက်သည် ။ တော်ပါသေးတယ် ။ ကောင်လေး မရှိဘူး ။ သူ ကျွန်မ နာမည်ကို ဘယ်လို သိသွားသလဲဆိုတာ ကျွန်မ အခုထိ စဉ်းစားမရနိုင် ။ တကယ်တမ်းကျတော့ ဒီခေတ်မှာ နာမည် တစ်ခု သိဖို့က သိပ်ပြီး ခဲယဉ်းလှတာ မဟုတ်ပါဘူးလေ ။ ရုံးက တစ်ယောက်ယောက်နဲ့ အဆင်ပြေအောင် ပေါင်းသင်းပြီး စုံစမ်းလိုက်ရင် ဖြစ်တာပဲ မဟုတ်လား ။ သူ ကျွန်မကို လိုက်ကြည့်နေတာ ဒီမှာ အလုပ်ဝင်ပြီး တစ်ပတ်ခန့် ကတည်းက ဖြစ်သည် ။ သူက အရောင်အသွေး မျိုးစုံ ရှိသော ဂျင်းဘောင်းဘီများ ၊ ဖိနပ်များနှင့် ပုံသဏ္ဌာန်မျိုးစုံ ရှိသော ရွှေလက်ပတ်ကြိုးများကို ထည်လဲဝတ်ဆင်တတ်သည် ။ လူကြီးဂိုက် ဖမ်းထားသော်လည်း သူ၏ ငယ်ရွယ်ပျိုမျစ်မှုကို သူ့ အပြုံးများနှင့် အသံက မဖုံးကွယ်နိုင်ရှာ ။

ပြီးခဲ့တဲ့ သောကြာနေ့ ကတော့ သူ ကျွန်မနောက် လိုက်လာပြီး စကားတွေ ပြောသည် ။ ကျွန်မ ဘာမှ မတုံ့ပြန်ဘဲ ကိုယ့်လမ်း ကိုယ်လျှောက်သည် ။ တစ်စစ နဲ့ ကားမှတ်တိုင်နား နီးလာချိန်တွင် သူက အတင့်ရဲစွာ ကျွန်မရှေ့မှ ပိတ်ရပ်ဖို့ ကြိုးစားလာသည် ။

“ မင်း တို့ရှေ့က အခု ဖယ်စမ်း ။ တို့ အော်လိုက်ရင် မင်း ဒုက္ခရောက်သွားမယ် ”

ကျွန်မ စကားအဆုံးမှာ သူက လက်ဖဝါးနှစ်ဖက် ဖြန့်ပြီး ပခုံးတွန့်ရင်း ကျန်ရစ်ခဲ့သည် ။ လူတစ်ယောက် အပေါ် မည်သည့်အခါကမျှ မာမာထန်ထန် မဆက်ဆံ ချင်တတ်ခဲ့သော ကျွန်မ ခုတော့ ဆက်ဆံခဲ့ရပြီ ။ ကောင်လေးသည် ရင်ခုန်တတ်စ အရွယ်၏ သာမန် ပြုမူမှ သဘောမျိုး ကျွန်မကို ကြိုးစားခဲ့ခြင်းလား ။ ဒါမှမဟုတ် လွယ်လွယ် ရမည် အထင်ဖြင့် ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့ခြင်းလား ။ ကောင်လေးရယ် မင်းမှာ ရှေ့ဆက်ရမှာတွေ အများကြီး ရှိသေးတယ် ။ တကယ်ဆို ဖြစ်ချင်းဖြစ် မင်း ဟာ ကိုယ့်ရဲ့ မောင်လေး တစ်ယောက် လိုသာ ဖြစ်သင့်တာ ။ ဥပမာအားဖြင့် ကိုယ့် အစ်မကြီး အလုပ်က ပြန်လာချိန်မှာ အလိုက်တသိ လာကြိုနေတတ်တဲ့ မောင်လေး တစ်ယောက် လိုပေါ့ ။

ကျွန်မ ကောင်လေး အကြောင်းကို စဉ်းစားမိတော့ သူ့ကို သတိရသည် ။ သူက ကျွန်မနှင့် မေဂျာတူ အတန်းတူ ဖြစ်သည် ။ သူက ကျွန်မ သူငယ်ချင်း ဥမ္မာ တို့နှင့် ခင်သည် ။ သည်တော့လည်း ကျွန်မ နှင့်ပါ ခင်မင်ခဲ့ ရသည်ပေါ့ ။ သူက မောင်နှမ လေးယောက်ထဲတွင် အကြီးဆုံး ဖြစ်သည် ။ မိဘနှစ်ပါးလုံး မရှိတော့သည့် နောက် သူတို့ မောင်နှမအားလုံး ဦးလေး ထံတွင် နေကြကြောင်း သိရသည် ။ မကြာခဏ ဆိုသလို ဦးလေး၏ ဝပ်ရှော့အလုပ်များကို ကူလုပ်ရင်း အတန်း နောက်ကျ တတ်သော သူ့ဘဝကို ကျွန်မ စာနာမိသည် ။ သူ ကျွန်မကို ချစ်နေခဲ့သလား ။ ဒါကို ကျွန်မ မသိပါ ။ သူ ကျွန်မကို မကြာခဏ ခိုးကြည့်နေတတ်ခဲ့ခြင်းကိုတော့ ကျွန်မ သိသည် ။

စာမေးပွဲ နောက်ဆုံးနေ့ ကတော့ ကျွန်မတို့အဖွဲ့ စားသောက်ဆိုင်တွင် ထိုင်ဖြစ်ကြသည် ။ ထိုနေ့က သူ သည် မည်သူ့ကိုမှ စကား ဟက်ဟက်ပက်ပက် မပြော ။ တစ်ချက်တစ်ချက် ကျွန်မကို မသိမသာ ခိုးကြည့်သည် ။ သည်လိုနဲ့ ထိုနေ့က ကျွန်မ ပြန်ဖို့ လုပ်တော့ သူ ကားမှတ် တိုင်ထိ လိုက်လာသည် ။

“ သီတာ ”

ကျွန်မ သူ့ကို လှည့်ကြည့်တော့ သူ့ လက်ထဲမှာ ဘောလ်ပင် တစ်ချောင်း ။ သူ့ မျက်နှာက ရှက်ရွံ့စွာဖြင့် ရှိနေသည် ။

“ ပြောလေ ”

“ ဟိုလေ ကျွန်တော့် ဘောလ်ပင်နဲ့ သီတာ့ ဘောလ်ပင် အမှတ်တရ လဲထားချင်လို့ ”

ကျွန်မက သဘောပေါက်စွာ ပြုံး၍ လွယ်အိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ယူပြီး အထဲမှ ဘောလ်ပင်ကို သူ့ အားပေးလိုက်သည် ။ ပြီးတော့ သူ ကမ်းပေးလာသော ဘောလ်ပင်ကို ပြန်ယူပြီး ပိုက်ဆံ အိတ်ထဲထည့် ဇစ်ပိတ် လိုက်သည် ။

“ သွားတော့မယ် ”

ကျွန်မ စီးရမည့် ကားလာ၍ နှုတ်ဆက်တော့ သူသည် ပလက်ဖောင်းပေါ်တွင် ကျွန်မကို ရပ်ကြည့်ငေး မောရင်း ကျောက်ရုပ် တစ်ရုပ်ပမာ ကျန်ရစ်သည် ။

အခုအချိန်မှာ သူ ကျွန်မကို သတိရနေဦးမှာလား ။ ကျွန်မ သေတ္တာ အောက်ဆုံးတွင် ယခုတိုင် သူ့ ဘောလ်ပင်လေး ရှိနေသေးသည် ။ သူ ဘယ်ဆီကိုများ ရောက်နေ ခဲ့ပြီလဲ ။ ကျွန်မ သိပ်ပြီး စိတ်ကူး ယဉ်နေပြီလား ။

လောကမှာ အချစ်ဆိုတာ အရေးကြီးသလား ။ အကယ်၍ တစ်ယောက် ယောက်က ထိုသို့ မေးလာခဲ့လျှင် ကျွန်မ မည်သို့မှ ဖြေတတ်မည် မထင်ပါ ။ တကယ်တော့ ချစ်ခြင်းမေတ္တာရဲ့ အဝေးက လူတစ်ယောက် အဖြစ် ကျွန်မ ကိုယ် ကျွန်မ သတ်မှတ်ထားခဲ့တာ ကြာခဲ့ပြီပဲလေ ။ တကယ်လို့သာ အခုအချိန် ကျွန်မမှာ ချစ်ခြင်းမေတ္တာ ရှိနေခဲ့သည်ဆိုလျှင် ထိုချစ်ခြင်းမေတ္တာသည် အဘွားနှင့် ညီမလေးတို့ အတွက်မှလွဲ၍ အခြား မည်သူမှ ဖြစ်နိုင်မည် မထင်ပါ ။

တြိဂံတစ်ခု၏ အနား သုံးဖက်တွင် အောက်ခြေ အနားသဖွယ် ရှိနေသော ကျွန်မအတွက် အဘွားနှင့် ညီမလေးတို့ကို ဖယ်ခွာရုန်းထွက်ရန်မှာ အတွေးနှင့်ပင် ပင်ပန်းလွန်းလှပါသည် ။ တစ်နေ့ တစ်နေ့ မျက်စိ အတော် မှုန်နေပြီ ဖြစ်သော အဘွားနှင့် အပျိုအရွယ် ညီမလေးတို့ကို အိမ်တွင် ချန်ရစ်၍ အလုပ် လုပ်နေရသည် မှာ ကျွန်မ အတွက် စိတ်မဖြောင့်နိုင်စရာပင် ဖြစ်သည် ။

ခုတလောမှာ လမ်းထဲ ပြောင်းလာသည့် လူသစ် အတော်များများကို ကျွန်မ ဘဝင်မကျ ။ လွန်ခဲ့သည့် သုံးလ လောက်က ပြောင်းလာသော မျက်နှာချင်းဆိုင် အိမ်မှ သင်္ဘောသား မိန်းမဆိုသူ၏ လျှပ်ပေါ်လော်လည် ဝတ်စားဆင်ယင်မှုများနှင့် အချိန်အားရှိသ၍ အိမ်တကာကိုလည်၍ သူတစ်ပါး အတင်းအဖျင်း ပြောတတ်မှုများ ။ ပြီးတော့ ကျွန်မတို့ ခေါင်းရင်းအိမ်သို့ လွန်ခဲ့သည့် တစ်လခန့်က ပြောင်းလာသည့် အရက်သမား ညီအစ်ကိုတစ်စုနှင့် ပတ်ဝန်းကျင်ကို အားမနာဘဲ ကက်ဆက်ကို တစ်နေ့လုံး အသံကုန် တင်၍ ဖွင့်တတ်ခြင်းများ ။ သူတို့ ပြောင်းလာတဲ့နေ့က ကျွန်မသည် အိမ်နီးနားချင်းကောင်း တစ်ဦးတလေများ ဖြစ်နိုင်မလား ဟူသော မျှော်လင့်စိတ် တစ်ဝက်ဖြင့် စောင့်ကြည့်နေခဲ့သည် ။ နောက်တစ်နေ့ ညနေစောင်း ကျွန်မ အလုပ်က ပြန်လာချိန် မှာတော့ သူတို့ ဇာတိပြပါပြီ ။

“ ညီမလေး ပြန်လာခဲ့ပြီလား ဟဲ ... ဟဲ ”

ပြီတီတီ ထူအမ်းအမ်း မျက်နှာပိုင်ရှင်၏ ပါးစပ်မှ ထိုးထွက်လာသော အရက်နံ့ကြောင့် ကျွန်မ လက်ကိုင် ပဝါဖြင့် နှာခေါင်းကို အမြန် ပိတ်ထားလိုက်ရသည် ။

လူတစ်ယောက် ၏ လုံခြုံမှုအတွက် ဦးနှောက် တစ်လုံးဟာ မည်မျှ အသုံးဝင်ပါသလဲ ။ အထူးသဖြင့် ကျွန်မလို မိန်းမတစ်ယောက် အတွက်တော့ ဦးနှောက်သည် အခါခပ်သိမ်း အကာအကွယ် ပြုနိုင်သည်ဆိုတာကို မသေမချာ ဖြစ်နေခဲ့တာကြာပြီ ။ ထို့အတွက်ကြောင့်ပင် ကျွန်မသည် ဦးနှောက် အပြင် အခြား တစ်စုံတစ်ရာကို လည်း ရယူပိုင်ဆိုင်ထားခဲ့ရသည် ။ ထိုအရာမှာ အခြား မဟုတ် ။ မောင်းချဓား တစ်လက်ပင် ဖြစ်သည် ။

ထိုဓားကို ကျွန်မ ပထမ အလုပ်ဝင်ခဲ့သော စတိုးဆိုင်ကြီး မှ ရရှိခဲ့ခြင်း ဖြစ်သည် ။ ထိုဆိုင်၏ ထုံးစံအရ နှစ်လ တစ်ခါ ဆိုသလို ငွေတန်ဖိုးတစ်ခု သတ်မှတ်၍ ထိုတန်ဖိုးထက် မကျော်သော မိမိကြိုက်ရာ ပစ္စည်း တစ်ခုကို ယူနိုင်ခွင့်ရှိသည် ။ ထိုအပတ်က ကျွန်မသည် အဘွားအတွက် မျက်နှာသုတ်ပဝါတစ်ထည် ဝယ်ချင်သည် ။ ပြီးတော့ ညီမလေးအတွက်လည်း လုံချည်လေး တစ်ထည်လောက် ဝယ်ပေးချင်သည် ။

ကျွန်မတို့ အတွက် သတ်မှတ်ထားသော ငွေက ခြောက်ရာဆိုတော့ ကျွန်မ စဉ်းစားရသည် ။ သူများတွေက ပစ္စည်းတွေယူဖို့ ရွေးနေသော်လည်း ကျွန်မမှာ စဉ်းစား ဆုံးဖြတ်၍ မရနိုင်သေး ။ ထိုစဉ်မှာပင် ကျွန်မ မျက်လုံးထဲ တစ်စုံတစ်ရာ ဝင်လာသည် ။ ကျွန်မ ထိုသတ္တုကိုယ် ထည် မည်းမည်းလေးကို ဆုပ်ကိုင်လိုက်သည် ။ ပြီးတော့ ကိုယ်ထည်ဘေးမှ ခလုတ်လေးကို ရှေ့သို့တွန်းထုတ် လိုက်သည် ။ ဖြောင်းခနဲ မြည်သံနှင့် အတူ ရှေ့သို့ အရှိန်ဖြင့် တိုးထွက်လာသော အသွားလေးလက်မခန့် ရှိမည့် ဓားသွား ။ ထိုဓားသွားသည် မီးရောင် အောက်တွင် တဖျပ်ဖျပ် ။

“ သီတာ ငါတော့ ဒီမိတ်ကပ်ဘူး ယူမယ် ။ နင်ကော ”

ရုတ်တရက် သူငယ်ချင်း၏ စကားကြားရချိန်မှာ ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည် ။

“ ငါ ဒါယူမယ် ”

“ နင်ကလည်းဟာ ကလေးမဟုတ် သူငယ်မဟုတ် ။ နင့်အဘွားအတွက် မျက်နှာသုတ်ပဝါ ယူမလို့ဆို ။ ဟိုမှာ အဆင်လေးတွေ လှတယ် ”

ကျွန်မသူငယ်ချင်းကို ဘာမှ ပြန်မပြောဘဲ ပြုံးနေခဲ့ ပါသည် ။ သူမ ကျွန်မအိမ်အပြန်ကို မသိဘဲလေ ။ ထို အချိန်မှစ၍ ကျွန်မ ပခုံးသိုင်းအိတ်၏ ဘေးအိတ်ထဲတွင် မောင်းချဓား တစ်လက်က ကိုယ်နဲ့ မကွာ ရှိနေခဲ့သည် ။

ခုဆို ထိုစတိုးဆိုင်က ပြောင်းလာခဲ့တာ လေးလ ရှိပြီ ။ ဤသို့ ပြောင်းလာခဲ့ရခြင်းမှာလည်း ယခု အလုပ်က ပို၍ ခံစားခွင့်ရှိသောကြောင့်ဟု ကျွန်မ ဖြေရပေလိမ့်မည် ။ အင်းလေ ... လောကကြီးမှာက သေဖို့ခက်သလို နေဖို့လည်း ခက်တာပဲ ။ ကျောင်းပြီစတုန်းက ကျွန်မသည် ယောင်နုနု ဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတတ်ခဲ့ ။ ကျွန်မသည် စာရင်းမကိုင်တတ် ၊ လက်နှိပ်စက် မတတ် ၊ ကွန်ပျူတာ မတတ် ၊ ထိုသို့ မတတ်ခြင်းသုံးပါးကို တတ်မြောက်ထားသော ကျွန်မ တစ်ခုခုတော့ တတ်ရပေတော့မည် ။

နောက်ဆုံးတော့ ကွန်ပျူတာသင်တန်းတက်ဖို့ ဆုံးဖြတ်လိုက်သည် ။ ထို့အတွက် မေမေ့ ဆွဲကြိုးလေးကို ငါးကျပ်တိုး နှင့် ပေါင်လိုက်ရသည် ။ အစပိုင်းတုန်းကတော့ အတိုးမှန်မှန်ပေးနိုင်ခဲ့သော်လည်း ခုတော့ မပေးနိုင်ခဲ့တာ ခြောက်လရှိပြီ ။ ခုဆို ဆုံးပြီထင်ပါရဲ့  ။ ယခု ကျွန်မ နားမှာ ပန်ထားတာ မေမေ့ရဲ့ နောက်ဆုံး နားကပ် ။ သည် တစ်ခုကိုတော့ ကျွန်မ တတ်နိုင်သမျှ ထိန်းသိမ်းရမည် ။

ကျွန်မ အိတ်ထဲမှာ လောလောဆယ် ငွေသုံးရာ .ကျော်ကျော်သာ ကျန်တော့သည် ။ ထိုငွေသုံးရာဖြင့် ကျန်ရှိနေသော ရက်သတ္တ နှစ်ပတ်ကို ဘယ်လိုများ ဖြတ် သန်းရပါ့မလဲ ။ ငွေ .. ။ လောကမှာ ငွေဆိုတာ အရေး တော့ကြီးတာပဲ ။ ခုဆို ကျွန်မသည် ထိုငွေအတွက် အချိန် ပိုဆင်းခဲ့ရပြီ မဟုတ်လား ။ ဒါပေမဲ့ သာမန်ရရှိနေကျ ငွေကြေးထက် အချိန်ပို ဆင်း၍ ပိုရလာသော ငွေကြေးသည် အိမ်အပြန် နောက်ကျစွာဖြင့် လမ်းကလေးအား ဖြတ်သန်းစဉ်ပေးရသော စိုးထိတ်ရမှု အရင်းအနှီးတွေနဲ့ လိုက်လျောညီထွေ ဖြစ်ပါရဲ့လား ။

တစ်ခါ တစ်ခါတော့ ကျွန်မလည်း ပုထုဇဉ် ပီသစွာ ချမ်းသာချင်သည် ။ ဒါပေမဲ့ ထိုချမ်းသာမှုသည် ကျွန်မ အတွက် ယုတ္တိရှိစွာ ချမ်းသာမှုမျိုးတော့ ဖြစ်ရမည် ။ ကျွန်မမှာ အခုအချိန် ငွေတွေ အများကြီးချမ်းသာခဲ့ရင် ပထမဆုံး အဘွားကို မျက်စိကုသပေးမည် ။ ပြီးတော့ ကျွန်မ ဘာလုပ်ဦးမလဲ ။ လူဆိုတာ ငွေ ရှိရင် ပိုပြီး အဆာကျယ် လာတတ်တာ အမှန်ပဲ နေမှာ ။ ဒီနှစ် ကျောင်းပြန် ဖွင့်ရင် ညီမလေး က ဆယ်တန်း တက်တော့မည် ။ သူ့ အတွက် စာအုပ်ဖိုး ဘာဖိုးညာဖိုး ။ ကျွန်မ မောလာသည် ။

ဒံပေါက်ဆိုင် ရှေ့ဖြတ်တော့ ကျွန်မ ဆာသလိုရှိ၏ ။ ကြည့်စမ်းပါဦး ... အလကား ပေးနေတဲ့ အတိုင်း လူတွေ ကြိတ်ကြိတ်တိုး နေလိုက်တာ ။ လူတွေဟာ မရှိဘူး မရှိဘူးနဲ့ ဒီလိုနေရာကျ အတော်သုံးနိုင်ကြတာပဲ ။ ကျွန်မတို့ ကြက်သားနဲ့ ဝေးနေတာ အတော် ကြာခဲ့ပြီ ။ ထမင်းဘူးထဲ နေ့စဉ် ပါလာတတ်သော ကြက်ဥ ၊ ဘဲဥနှင့် ပင်လယ် ငါးများကို ကျွန်မ ငြီးငွေ့ ချင်သလို ရှိ၏ ။ ဒါဆို ဘာချက် စားမလဲ ။ ဟင်းသီးဟင်းရွက်တွေကလည်း ဈေးကြီးတာပဲ ။ ခုဆို လက်သီးဆုပ်လောက် ကန်စွန်းရွက် တစ်စည်းကို ရှစ်ကျပ် ၊ တစ်ဆယ် ပေးနေရသည် ။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ ။ အသီးအရွက်တွေ ဈေးကြီးတော့လည်း ကျွန်မတို့ အိမ်နောက်ဖေး မြေကွက်လပ်ကလေးမှာ သီးပင်စားပင်တွေ ပိုစိုက်ဖြစ်တာပေါ့ ။

ကားဂိတ်မှာ လူတွေက များလိုက်တာ ။ ဒီနေ့ ကားခက ဘယ်လောက် တောင်းဦးမယ် မသိဘူး ။ ခုတော့လည်း ကျွန်မ မနှစ်သက်တတ်ခဲ့သော ဓာတ်ဆီနံ့ ၊ လူနံ့ ၊ ချွေးနံ့တို့နှင့် ကျွန်မ ရင်းနှီးကျွမ်းဝင်တတ်ခဲ့ပါပြီ ။ ဒါဆို ဟိုအနံ့ရော ။ မကြာခဏ ကျွန်မနှင့် ကားပေါ်မှာ တွေ့ဆုံ တတ်သော ချဉ်စူးစူး အရက်နံ့ နှင့် နီရဲရဲ မျက်လုံးများ ။

မကြာခင်မှာပဲ ကျွန်မဟာ လမ်းကျဉ်းလေး တစ်ခုကို ဖြတ်သန်းရဦးမည် ။ အဲဒီလမ်းအဝင်မှာတော့ ကျွန်မဟာ မျက်နှာကို ခပ်တင်းတင်းပြုံးရင်း လက်တစ်ဖက်က ပခုံးသိုင်း အိတ်ရဲ့ အပြင်ဘက် ဇစ်ပေါ် အသာ တင်လျက် ရှိနေလိမ့်မည် ။

ဟော .. ကားတစ်စီးလာပြီ ။ ဟုတ်တယ် ။ ဒါ ကျွန်မ စီးရမယ့်ကားပဲ ။ လူတွေကလည်း များလိုက်တာ ။  ကျွန်မ ထီးကို ခပ်မြန်မြန် ပိတ်ပြီး ခြင်းတောင်းထဲ ထည့်ရင်း ကား နောက်ဘက် ဆီ အပြေးသွားသည် ။ အို ... ဆင်းမယ့် လူလေး နှစ်ယောက် သုံးယောက်တောင် မစောင့်နိုင်ကြတော့ဘူးလား ။ လူတွေက အတင်းတိုးတက်နေလိုက်တာ ။ အဲဒီအထဲမှာ ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာပိုင်ရှင် တချို့ ယောက်ျားတွေက အဆိုးဆုံးပဲ ။ ကျွန်မ ရှေ့ကို တိုးရင်း ရုတ်တရက် လွတ်သွားသော အစွန်ဆုံး နေရာဆီ အတွင်းကလူတွေ ရွှေ့မလာခင် အမြန်ဝင်ထိုင်လိုက်သည် ။

ကားလေးသည် မိုးရေထဲတွင် တရိပ်ရိပ် ပြေးလွှားနေ၏ ။ လူနံ့ ၊ ချွေးနံ့နဲ့ ဓာတ်ဆီနံ့များ ။ ဟိုအနံ့ကိုလည်း ကျွန်မ ရနေသလိုပဲ ။ ထားလိုက်ပါလေ ။ ကိုယ်နဲ့ မနီးရင် ပြီးတာပဲ ။ တစ်နေ့တစ်နေ့ ကားစောင့်ရတာနဲ့ ကားပေါ် မှာ ကြာရတဲ့ အချိန်တွေကိုသာ စုပေါင်းလိုက်မယ်ဆိုရင် ကျွန်မ အသက်ဟာ နေ့စဉ် သုံးနာရီကျော်ကျော် အလဟဿ ကြီးလာ သလိုပဲ ။ ကား၏ အမြန်နှုန်းကြောင့် ရိပ်ခနဲ ဖြတ်ကျော်ခဲ့သော နီယွန်မီးများသည် အလင်းတန်းများ အဖြစ် ရှည်လျားဖြောင့်တန်းစွာ ကျန်ရစ်သည် ။ ဘေးမှ အမိုးတွေ ချထားသောကြောင့် ကားအတွင်း တစ်ခုတည်းသော မီးရောင်က ခေါင်းခန်းနှင့် ကပ်လျက် အပေါ် နေရာဆီမှ မှိန်ဖျော့စွာ ဖြာကျနေ၏ ။ နောက်ကတွယ်စီးလာသော လူများကြားမှ ဘယ်မှတ်တိုင် ရောက်ပြီလဲ သိရန် ကျွန်မ ကြိုးစား၍ ကြည့်သည် ။ ရေခဲဆိုင် မှတ်တိုင်တော့ ကျော်လာပြီ ။ ထိုအချိန်တွင် ကားက ရုတ်တရက် အရှိန်ဖြင့် ကွေ့ချလိုက်သော ကြောင့် ကျွန်မ ရှေ့အလယ်တန်း အစွန်းမှာ ထိုင်နေသော လူသည် တစ်ပတ်လှည့်၍ ငိုက်မျဉ်းနေရာမှ ကျွန်မ ပေါ်သို့ ပြိုကျလာသည် ။ အို ... ဆိုးရွားလိုက်တာ ။ ကျွန်မ အသက်ကို ကမန်းကတန်း အောင့်ထား လိုက်သည် ။ ခုနက ရနေတဲ့ အရက်နံ့က သူ့ဆီကပဲ ။ ကားက ပြန်ပြီး ငြိမ်သွားသော်လည်း သူ့လက်တစ်ဖက်က ပေါင်ပေါ် တင်ထားတဲ့ အိတ်အစွန်း လွတ်ရာ ကျွန်မ ဒူးပေါ်မှာ တင်းတင်းဆုပ်လျက် ။ ကျွန်မ ထိုလက်ကို ကြိမ်ခြင်းဖြင့် ခပ်ဆတ်ဆတ် တွန်းထုတ်လိုက်သည် ။

“ ဘယ်နှနာရီ ရှိပြီလဲဟင် ”

ရုတ်တရက် ကြားလိုက်ရသော အသံအက်ကွဲကွဲကြီး အဆုံး ကျွန်မ သူ့မျက်နှာဆီ ခပ်တင်းတင်း ကြည့်တော့ ချဉ်စူးစူး အရက်နံ့ဖြင့် ရောပြွမ်းသော ကြက်သွန်ဖြူနံ့နှင့်အတူ အရက်ခိုး ဝေနေသည့် အဆီပျံမျက်နှာက စပ်ဖြဲဖြဲ ။

အို ... ကျွန်မ ညာဘက် လက်သည် ယခုအချိန် ကတည်းက ပခုံးသိုင်းအိတ်ထဲရှိ အေးစက်မာကျောသော မောင်းချဓား၏ ကိုယ်ထည်ကို ဆုပ်ကိုင်ထားမိပေါ့ ။

▢ အေးမင်းစော
📖 မဟေသီ မဂ္ဂဇင်း
     ၂၀၀၀ ၊ မတ်လ

No comments:

Post a Comment