❝ ကတော်တစ်ပါး ❞
( ၁ )
( ဖူးသစ်မော် )
ရပ်ကွက်လမ်းထိပ် အရောက်တွင် ဖယ်ရီပေါ်မှ ဆင်းလျှောက်ရင်း စိတ်ကူး အစီအစဉ်တွေ ဆက်လုပ်နေမိသည် ။ သင်တန်း နှစ်လ သွားရမည် ။ သင်တန်း ပြီးလျှင် နယ်ရုံးခွဲတွေ ဆင်းရမည် ။ လုပ်ငန်းတာဝန်တွေ ၊ ခရီးစဉ်တွေ လောက်က ကိုမင်းသက် အတွက် စာဖွဲ့နေစရာ မဟုတ် ။ လူပျိုလူလွတ် ပီပီ သွားလာ လှုပ်ရှားနေရတာ ပျော်သည် ။ နောက်ဆံ တင်းနေရတာက အိမ်တွင် အဖော်မဲ့ အထီးကျန်နေရစ် ရှာမည့် အမေ ။
အရင် ခရီးတစ်ခု သွားခဲ့စဉ်က အိမ်ထောင်ကွဲ အစ်ကို့ အိမ်ကို အမေ သွားနေခဲ့ဖူးသည် ။ အစ်ကိုမင်းထက် က ပွဲရုံသူဌေး၏ တစ်ဦးတည်းသော သမီးနှင့် အိမ်ထောင်ကျပြီး ဆံထုံးနောက်ကို ယောင်ပါသွားသည် ။ ယောက္ခမ အလုပ်တွေကို ဦးစီး လုပ်ကိုင်ရသည် ။ သို့သော် သူ့ခြေသူ့လက် မဟုတ် ၊ အမေ ကလည်း ချွေးမလုပ် သူ၏ နေထိုင်မှု စရိုက်ကို မကြိုက် ။ ကိုမင်းသက် ခရီးထွက်ပြီး တစ်ရက်နှစ်ရက် အတွင်း အမေ အိမ်ပြန်ပြေးခဲ့ရသည် ။
“ ကိုယ့်အိမ်မှာ ကိုယ် လွတ်လွတ်လပ်လပ် နေတာပဲ ကောင်းပါတယ် ။ သူတို့အိမ်က ဧည့်သည်တွေ ၊ အလုပ်သမားတွေ နေ့ညမပြတ် တရုန်းရုန်းနဲ့ ၊ မင်းအစ်ကို့ မိန်းမပုံစံနဲ့လည်း မဖြစ်ပါဘူး ၊ ကြာကြာ နေရရင် အမေ အသက်တိုလိမ့်မယ် ”
အစ်ကို့အိမ်က ပွဲရုံ လုပ်ငန်းတွေ အခြေတည်ရာ ဌာနမို့ ဧည့်သည်တွေ ၊ အလုပ်သမားတွေ အချိန်ပြည့် ပျားပန်းခတ် နေတတ်သည် ။ လွတ်လပ်အေးချမ်းစွာ နေတတ်သော အမေ့စရိုက်နှင့် ဖီလာဆန့်ကျင်နေသည် ။ သည်အထဲ အစ်ကို့မိန်းမက ဗိုင်းကောင်းကျောက်ဖိ နေထိုင်တတ်သူ မဟုတ် ။ သားသမီးနှစ်ယောက် ရသည်အထိ အလှအပနှင့် အပျော်အပါး အသွားအလာ အလွန်များသူ ၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်တတ်သူဖြစ်သည် ။
အတွေး မဆုံးမီ အိမ်ရှေ့ ရောက်လာသည် ။ ခပ်လှမ်းလှမ်း ကတည်းက တောင်ဘက် မျက်နှာစာရှိ ဆိုင်ခန်းတွဲလေး တံခါးတွေ ဖွင့်ထားတာ သတိပြုမိသည် ။ အနားရောက်တော့ သပ်ရပ်သန့်ရှင်းနေတာ တအံ့တသြ တွေ့လိုက်ရသည် ။ အမေ ဘာစိတ်ကူးတွေ ပေါက်ပြီး လျှောက်လုပ်နေတာပါလိမ့် ။ အမေနှင့် ဓါတ်မတည့်လျှင် အမေပဲ စိတ်ဆင်းရဲရမှာ စိုးသောကြောင့် ဆိုင်ခန်းငှား လာသူတွေကိုပင် လက်ခံခဲ့သည် မဟုတ် ။
ဝင်းတံခါးကို ဖွင့်ဝင်လိုက်တော့လည်း ကိုယ့်ဝင်း ကိုယ့်အိမ်ကို အသစ်အဆန်းလို မြင်ရသည် ။ အိမ်ဝိုင်း တစ်ခုလုံး အမှိုက်တစ်စ သစ်ရွက်တစ်ရွက် မမြင်ရအောင် ပြောင်ရှင်းနေသည် ။ သူ စာထိုင်ဖတ်နေကျ နောက်မှီ တန်းလျားလေးက ဆိုင်ခန်း နောက်ရှိ မန်ကျည်းပင်ရိပ် အောက်တွင် အထားအသို ပြောင်းနေသည် ။ တန်းလျား ဘေးမှာ အမေ ထိုင်နေကျ ထန်းလက်ကုလားထိုင်လေး ။ ရေကန်နှင့် ကျောက်စည်တွေပါ လိုက်ကြည့်နေစဉ် အိမ်ထဲမှ အမေ ထွက်လာသည် ။
“ ရေတွေ ဘယ်သူတင် ပေးတာလဲ ၊ တစ်ဝိုင်းလုံးလည်း ရှင်းလင်းပြတ်သား နေပါလား ၊ ကျွန်တော် ပြန်လာရင် လုပ်မှာပေါ့ အမေရာ ၊ အလကား ပင်ပန်းဆင်းရဲအောင် ”
အမေက လမ်းလျှောက် ပုတီးစိပ်ရင်း ကြည်ကြည်လင်လင်ပြုံးသည် ။ ပင်ပန်း နွမ်းနယ်နေပုံတော့ မရှိ ။
“ အမေ ဘာမှမလုပ်ရပါဘူး သားရယ် ၊ မိစံလေး လျှောက်လုပ်နေတာ ၊ ရောက် ကတည်းက တစ်နေကုန် နားတယ် မရှိဘူး ၊ မော်တာ တစ်လုံးလို လည်နေတော့တာ ၊ တားရတာတောင် မောတယ် ၊ အခုလည်း မင်းစာအုပ်တွေ ထည့်သိမ်းထားတဲ့ အခန်းထဲ ဝင်ပြီး အလုပ်ရှုပ် နေလေရဲ့ ၊ အဟင်း ... ဟင်း ”
“ ဘယ်က မိစံလဲ အမေ ၊ ဒီရပ်ကွက်ထဲကလား ”
“ မဖွားစိန်တို့ ဘုရားပြို ရွာကပါ ၊ မနက်က မင်းရုံး သွားတော့ သိပ်မကြာဘူး မဖွားစိန် ရောက်လာတယ် ၊ ရွာမှာ အိမ်ဆိုင်ကလေး ဖွင့်ထားလို့ ဈေးဝယ်တက်လာတာ ၊ ငွေရင်းလေး နည်းနည်း လိုနေလို့ ဝင်လာသတဲ့ ၊ သူ လိုသလောက် အမေ ပေး လိုက်ပါတယ် ၊ ကောင်မလေး တစ်ယောက် ပါလာလို့ မေးကြည့်တော့ သူတို့ ရွာက မိဘမဲ့လေး သနားလို့ ခေါ် မွေးထားတာတဲ့ ၊ ကောင်မလေးက အပျိုပေါက်အရွယ် ၊ ရုပ်ကလေးကလည်း ရှိ ၊ မိဘတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးပြီး တစ်ရွာလုံးရဲ့ ခိုင်းဖတ် ဖြစ်နေရှာလို့ ၊ ကဲ မဖွားစိန် တစ်ပူပေါ်နှစ်ပူဆင့် လုပ်မနေနဲ့ ငါ့မှာ အဖေါ် မရှိလို့ အရင် ခေါ်ခဲ့သမျှ ကလေးမတွေ တစ်ယောက်မှ မမြဲဘူး ၊ မိစံလေး ငါ့ဆီ ထားခဲ့ ၊ သူလိမ္မာရင် ငါ့သမီးပဲ ၊ သမီး အရင်းလို မွေးမယ် ဆိုပြီး ခေါ် ထားလိုက်တာ ”
“ အရင် ကောင်မလေး တွေလို မဖြစ်ရင် ပြီးတာပါပဲ ၊ ကျွန်တော် သင်တန်းသွားရင် အမေ တစ်ယောက်တည်းမို့ တွေးပူနေတာ ”
“ ကောင်မလေးက သနားစရာ ချစ်စရာလေး ၊ ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်းပဲ ၊ တောသူမို့ အထူအထိုင်း မထင်လိုက်နဲ့ .. သားရေ ၊ သွက်လက်ထက်မြက်လိုက်တာများ မြင်ရုံနဲ့ အမေသိ တယ် ၊ တကယ့်အဖိုးတန် ကျောက်ရိုင်းတုံးလေး ၊ မင်း သင်တန်း သွားရင် ဘာမှ မပူနဲ့တော့ ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ မိစံလေးနဲ့ဆို .. အမေ့ အတွက် ပြည့်စုံပြီ ”
အမေ့မျက်နှာက ကျေနပ်ပီတိတွေနှင့် လပြည့်ဝန်းကြီးလို ဝင်းလက်တောက်ပနေသည် ။ ကိုမင်းသက် သဘောပေါက်စွာ ပြုံးလိုက်သည် ။ အဖေ ဆုံးပါးခဲ့ပြီးနောက် သား ယောက်ျားလေး နှစ်ယောက်နှင့် ကျန်ရစ်ခဲ့ရှာသော အမေသည် သူနှင့် သဘာဝချင်း တူသည့် သမီးမိန်းကလေး တစ်ယောက်ကို ငတ်မွတ်နေခဲ့တာ ကြာပြီ မဟုတ်လား ။ သူ အိမ်ထဲ ဝင်လာခဲ့ပြီး အဝတ်အစား လဲလိုက်သည် ။ စာအုပ်တွေ ထည့်သိမ်းထားခဲ့သော ထောင့်ခန်းဘက်ဆီ မှ သီချင်းညည်းသံသဲ့သဲ့နှင့် အတူ တဖုန်းဖုန်း တဖန်းဖန်း ရိုက်ခတ်သံတွေ ကြားနေရသဖြင့် အသာ သွားကြည့်လိုက်သည် ။ တထောင်းထောင်း ပျံဝဲနေသော ဖုန်ထုနှင့် စာအုပ်ပုံ ကြားတွင် တောရိုင်းစံပယ်လေးကို တွေ့လိုက်ရသည် ။ အသက် ဆယ့်လေးငါးနှစ် ကျော်လား နှစ်ဆယ်ဝန်းကျင်လား သူ မခန့်မှန်းတတ် ၊ ဆံပင် တိုတို အသား ညိုစိမ့်စိမ့် ၊ ခန္ဓာကိုယ် တောင့်တောင့်ခိုင်ခိုင်နှင့် ပါးကွက်ကျားထူထူ လိမ်းထားသော မျက်နှာဝိုင်း ဝိုင်းလေးက ကလေးဆန် နေသည် ။ ကိုမင်းသက်ကို မြင်တော့ ဆတ်ခနဲ တွန့်သွားပြီး မျက်လုံးစူးစူးကလေးဖြင့် မော့ကြည့်သည် ။ ရှက်ရွံ့ကြောက်လန့်ပုံတော့ မရှိ ။
“ အစ်ကိုက ... အမေ့သား ကိုမင်းသက် မို့လား ၊ စာအုပ်တွေ အများကြီးပဲ ၊ ဖုန်ခါပြီး ပြန်စီနေတာ ၊ ဒီစာအုပ်တွေ အစ်ကို ဝယ်ဖတ်တာလား ”
“ ငါအလုပ် မဝင်ခင်က အိမ်ရှေ့မှာ စာအုပ်အငှားဆိုင် ဖွင့်ခဲ့တာ ၊ အလုပ်ဝင်တော့ အိမ်မှာ အမေ တစ်ယောက်တည်း အလုပ်ရှုပ်နေမှာ စိုးလို့ ဖြုတ်သိမ်းထားခဲ့တာလေ ၊ မင်း နာမည်က မိစံ .. ဟုတ်လား ”
“ အမေဖွားစိန်တို့က အဲလို ခေါ်ကြတာ ၊ နာမည် အပြည့်က တိမ်ပွင့်စံ ”
“ ဟေ ... တိမ်ပွင့်စံ ”
ရယ်ချင်စိတ်ကို အတော် မျိုသိပ်ထားလိုက်ရသည် ။ ဒါတောင် သူ့မျက်နှာပေါ်က ချဉ်ပြုံးပြုံး အရိပ်ကို ငတိမက အတိအကျ မြင်လိုက်ဟန်တူသည် ။
“ သိပါတယ်နော် ၊ တောသူ အခြေအနေမဲ့က တိမ်ပွင့်စံ ဆိုလို့ ရယ်ချင်ပက်ကို ပြုံးစိစိ ဖြစ်နေတာမို့လား ၊ အမေတို့ မှည့်ခဲ့တာက တင်တင်ဝေတဲ့ ၊ အဲဒါ ကျွန်မ သူငယ်ချင်း ဝဠာမိုးမြင့်က နာမည် ပြောင်းပေးခဲ့တာ ၊ သူက တက္ကသိုလ်ကျောင်းသူနော် ၊ အဝှာလေ တီအိပ်အိုင်အာဒီ - သပ် ၊ ဝိုင်အီးအေအာ အက်စ် - ရီးယားစ် ၊ သပ်ရီး ယားစ် ရောက်နေပြီ ၊ ကျွန်မ မိဘတွေသာ စောစော မသေကြရင် ကျွန်မလည်း ဝဠာမိုးမြင့်လို တက္ကသိုလ် ရောက်နေပေါ့ ၊ ခုတော့ လေးတန်းတောင် မအောင်ဘဲ ကျောင်းထွက်ခဲ့ရတာ ”
“ ဪ ... ဒီလိုလား ၊ အင်္ဂလိပ်စာလုံးပေါင်းက ပါသေးနော် ၊ အဟင်းဟင်း ၊ မင်းသူငယ်ချင်းရဲ့ နာမည်ကလည်း ဝဠာမိုးမြင့် တဲ့လား .. ၊ နာမည်တွေကတော့ မြေကြီးပေါ်ကို မဆင်း ကြဘူးနော် ”
“ လူတွေက မြေကြီး ပေါ်မှာပါ ကိုယ်ကြိုက်သလို လူတိုင်း မှည့်နိုင်တာပဲ ၊ ရုပ်ရှင် မင်းသမီးတွေ သူဌေးသမီးတွေမှ ဒီလိုမျိုး မှည့်ခွင့်ရှိတာလား ၊ လူရော နာမည်ပါ နိမ့်ပါးနေမှတော့ စိတ်ဓာတ်ခွန်အား ဘယ်လိုလုပ် ရှိနိုင်တော့မှာလဲတဲ့ ၊ ဝဠာမိုးမြင့်က ပြောတယ် ၊ ကျွန်မလည်း အဲလိုပဲပေါ့ ”
“ ဟား ၊ မိုက်ချက်တော့ မင်းသူငယ်ချင်းရော မင်းရော တော်တော်ကြသားပဲ ၊ ဟုတ်ပါပြီ မတိမ်ပွင့်စံ ရယ် ၊ ကြိုက်သလို မှည့်ခွင့် ရှိပါတယ် ၊ သပိတ်ရောင် အသားနဲ့ နီဂရိုးတစ်ယောက်ကို ခင်မောင်ဖြူဝင်း မှည့်သလို လူရယ်စရာ မဖြစ်ရင် ပြီးတာပါပဲ ၊ အခု ဒီအိမ်ကို ကြွရောက်လာတာ ဝမ်းမြောက်စွာ ကြိုဆိုပါတယ် ၊ ငါ့အလုပ်က မကြာခင် သင်တန်းနှစ်လ သွားရမယ် ၊ မင်း ရောက်လာတော့ အမေ့အတွက် အဆင်ပြေသွားတာပေါ့ ၊ အမေ့ကို စောင့်ရှောက် နော် .. ၊ အမေစိတ်ဆင်းရဲ အောင် … မလုပ်မိပါစေနဲ့ ၊ အမိန့်ပေးတာ မဟုတ်ဘူး ၊ တောင်းပန်တာပါ ”
“ ကိုယ့်ကျေးဇူးရှင်ကို စိတ်ဆင်းရဲအောင် လုပ်ရမှာလား ၊ အမေ့ကို တွေ့တွေ့ချင်း ကိုယ့်အမေရင်းနဲ့ တွေ့ရသလို ခံစားရတာ ၊ အမေ့အတွက်ဆို ကျွန်မ အသက်နဲ့တောင် လဲပစ်နိုင်တယ် ၊ မယုံ စမ်းကြည့် ”
“ အားဟား ... ယုံပါတယ်ဗျာ ၊ ဟား .. ဟား .. ဟား ”
“ မရယ်ပါနဲ့အစ်ကိုရဲ့ ၊ ကျွန်မစကား ပေါ့သွားပါ့မယ် ”
ပုတီးစိပ်ရင်း အိမ်ထဲ ရောက်လာသော အမေပါ ရယ်သည် ။ အမေ ပြောသလို သွက်ရုံသာ မဟုတ် ၊ ထက်မြက်ရိုးရှင်းသူလေးလည်း ဖြစ်ပုံရသည် ။ ပြီးတော့ သူမ လက်စွမ်းပြထားသည့် ညစာကလည်း အတော် စားလို့ ကောင်းသည် ။ ဘက်စုံအား ထားလောက်သူမို့ အမေ့ အတွက် နောက်ဆံတင်းစရာ မရှိတော့ ။ ညပိုင်းတွင် သူက စာကြည့်ခန်းထဲဝင် ရုံးစာတွေလုပ် ၊ အမေနှင့် တိမ်ပွင့်စံ တို့က တီဗွီရှေ့ ထိုင်ကြသည် ။ မြန်မာစာတန်းထိုးတွေကို အမီ လိုက်ပြီး ကျွမ်းထိုး မှောက်ခုံ ဖတ်ပြနေသော တိမ်ပွင့်စံအသံကို ကြားနေရသည် ။ အမေက တသောသောရယ်သည် ။ အမေ့ ရယ်သံကို မကြားရတာ ကြာပြီ ။ အမေက မိစံကို အတော်ချစ်ဟန် တူသည် ။ ညအိပ်တော့လည်း အပေါ်ထပ်တွင် အတူ ခေါ်အိပ်သည် ။
စွဲမြဲနေသည့် အကျင့်အတိုင်း ကိုမင်းသက်က ဝေလီဝေလင်းအချိန် အိပ်ရာထသည် ။ အမေ့အတွက် စားစရာ တစ်ခုခု စီစဉ်ထားရမည် ။ အိမ်မှာ အဆင်သင့် မရှိလျှင် အပြင်ထွက်ပြီး ဝယ်တန် ဝယ်ရသည် ။ နောက်ဘက် အိမ်သာသို့ အထွက် မီးဖိုဆောင်ထဲမှ တတွတ်တွတ် ရွတ်ဖတ်နေသံ လိုလို ကြားရသည် ။ ကြည့်စမ်း ၊ ဒီကောင်မလေး ဘယ်အချိန်က ထပြီး အောက်ကို ဆင်းလာလိုက်ပါလိမ့် ။
“ ... စီအာအေဇက်ဝိုင် ခရေဇီး ၊ အရူး .. ဟုတ်ပေါင် ရူးသွပ်တာ ၊ အရူးအမူးနှစ်သက်တာတဲ့ ၊ အိုင် အန် တီ အီး အာ ဗွီ အိုင် အီး ဒဗလျူ ဗျူး ၊ အင်တာ ဗျူးတဲ့ ၊ ဒါက မေးထူးခေါ်ပြော ... အဲ ... တွေ့ဆုံမေးမြန်းတာတဲ့ .. ၊ နောက် တစ်ခုက အန် ယူ အာ အက်စ် အီး ... အယ် ... နတ် နတ်စမ ၊ သူနာပြုမ - - ၊ တီအေအိပ် စဝိုင် .. တက်စီး ... မှန်း ... ဟုတ်တယ် တက်စီး ... တက်စီး ... ”
မီးဖိုထဲတွင် အလုပ် လုပ်နေရင်း စာရွက် တစ်ရွက်ကို ကြည့်လိုက် ၊ မျက်စိမှိတ်ပြီး ရွတ်လိုက် လုပ်နေသည့် ငတိမကို ချောင်းကြည့်ပြီး စိတ်မထိန်းနိုင်တော့ ။ အား ပါးတရ ရယ်ချလိုက်သည် ။
“ ဟား ဟား ဟား ၊ တက်စီး ဟုတ်တာပေါ့ တက်စီးလို့ ရတဲ့ ကားပဲ ဟား ဟား ဟား ”
တိမ်ပွင့်စံ ခေါင်းကလေး ပြူထွက်လာပြီး ပြူးပြူးပျာပျာ ကြည့်သည် ။ အမယ် သနပ်ခါး ဘဲကြားတောင် လိမ်းထားပြီးပါလား ။
“ အစ်ကိုကလည်း လန့်လိုက်တာ ၊ အမေ နိုးသွားပါ့မယ် ”
“ ဟား ဟား ၊ ဆောရီးကွာ ၊ အစောကြီး ထပြီး ဘာတွေရွတ်ဖတ်သရဇ္ဈယ်နေတာလဲ ၊ ပြောစမ်းပါဦး ”
“ ပဲပြုတ်ထွက်ဝယ်ပြီး ထမင်းကြော်နေတာ ၊ ရေနွေးအိုးလည်း တည်ပြီးပြီ ၊ ဆောရီးက အက်စ် အို အာ အာ အိုင် ... အဲ ... ဝိုင်နော် ၊ တောင်းပန်တာ ၊ ခွင့်လွှတ်ပါ စိတ်မကောင်းပါဘူးပေါ့ ၊ ဟုတ်လား ... ဟင် ”
စကားမပြန်နိုင်အောင် ကျိတ်ရယ်နေသည့် သူ့ကို မျက်စောင်းလေး တစ်ချက် ပစ်လိုက်ပြီး ထမင်းကြော်အိုး ဆီ ပြေးမွှေသည် ။ ပြီးတော့ သုတ်ခနဲ ပြန်ရောက်လာသည် ။
“ အင်းဂလိပ်စာ ကျက်တာ ရယ်စရာလား ၊ ဟွန်း ”
“ ညည်းရွတ်နေတဲ့ အသံတွေက ရယ်အောင် ဆွနေတာကိုး ၊ နေပါဦး မတိမ်ပွင့်စံရဲ့ ၊ ဘာစိတ်ကူးနဲ့ ဒီ စာလုံးပေါင်းတွေ အော်ရွတ် နေတာလဲ ၊ ဒီအရွယ်ကြီးနဲ့ မရှက်ဘူးလားဟင်’ ”
“ ရှက်ပေါင်တော် ၊ ရွာမှာလည်း ဒီလိုပဲ သွားလာ လုပ်ကိုင်ရင်း ရွတ်တာပဲ ၊ ဒါမှ မှတ်မိမှာပေါ့ ၊ ဝဠာမိုးမြင့်က ပြောတယ် ။ မရှက်နဲ့ ရဲရဲသာ ရွတ်တဲ့ ၊ သူက ကျောင်းပိတ်ရက် ပြန်လာရင် ဝတ္ထုစာအုပ်တွေ ယူယူလာတယ် ၊ အဲဒီစာအုပ်တွေ ကျွန်မလည်း ဖတ်တယ် ၊ နင် ကျောင်းမနေရလို့ အားငယ် နေရင် ပိုဆိုးမယ် ၊ စာများများဖတ်ရင် စာတတ်တာပဲ ၊ ဗဟုသုတလည်း ရမယ်တဲ့ ၊ တစ်ခါတော့ မမသဒ္ဒါမောင် ရဲ့ဝတ္ထုလေ ကြယ်ကိုရံသော နေသုံးစင်းတဲ့ ၊ အဲဒီ ဝတ္ထုထဲ မှာ အင်းဂလိပ်စာလုံးတွေ အများကြီး ပါလာတာ .. ၊ ကျွန်မ နားမလည်တော့ ဝဠာမိုးမြင့်က ရွတ်ပြ ၊ ကျွန်မက စာရွက်နဲ့ လိုက်ရေးပြီး ကျက်တာ ၊ တော်တော်တောင် ရပြီ ၊ ဒါတွေ အကုန်ရရင် နောက် ထပ်စာလုံးတွေ အစ်ကိုက ရေးပေးနော် ”
ကိုမင်းသက် ရယ်ချင်စိတ်တွေ ပျောက်ပြီး သနားကရုဏာစိတ်တွေ ဝင်လာရ ပြန်သည် ။ သူ့ခမျာ ဘဝ အခြေအနေ အရ စာသင်ကျောင်းနှင့် ဝေးကွာခဲ့ရသော်လည်း နာကျင်ကြေကွဲ မနေနိုင် ၊ ရနိုင်သမျှ အခွင့်အခါလေးတွေကို ဖမ်းဆုပ်ကာ လေ့လာအားထုတ်လိုစိတ် ထက်ထက်သန်သန်ရှိနေရှာပါလား ။
“ အင်္ဂလိပ်စာ လေ့လာတာ အဲဒီလိုကြုံရာစကားလုံး တွေ အဆက်အစပ်မရှိ လျှောက်ကျက်နေလို့ မရဘူး ၊ အခြေခံက စပြီး စနစ်တကျ လေ့လာသွားနိုင်မှ တတ်မှာပေါ့ ၊ ဘာသာစကား တစ်ခုကို လေ့လာတဲ့အခါ word ဆိုတဲ့ စကားလုံးတွေက စရမှာ ၊ ပြီးတော့ spelling စာလုံးပေါင်း ၊ pronunciation အသံထွက် ၊ meaning အဓိပ္ပါယ် ၊ အဲဒီလို အဆင့်ဆင့် သွားရတယ် ၊ အစ်ကို သင်တန်း မသွားမီ self study ကိုယ်တိုင်လေ့ လာနားလည်နိုင်တဲ့ စာအုပ် ကလေးတွေ ရှာပေးထားခဲ့ မယ် ၊ မသိတာ ရှိရင် အမေ့ ကို မေး ၊ အင်္ဂလိပ်စာ တစ်ခုတည်း လှိမ့်နေလို့လည်း မ ဖြစ်ဘူး ၊ မြန်မာစာကိုပါ အဆင့်အတန်းရှိရှိ ဖတ်နိုင် ရေးနိုင်အောင် လေ့လာရမယ် ၊ အမေက အငြိမ်းစား အလယ်တန်းကျောင်းအုပ် ဆရာမကြီး ၊ သိလား ၊ အားတဲ့အခါ အမေ့ဆီမှာသင် ”
“ အယ် ၊ ဟုတ်လား ၊ အဟီးဟီး ပွတာပဲ ၊ အမေ့ ဆီမှာ သင်မယ်”
“ အေး ၊ ညည်းထမင်းကြော်က … တူးကုန်တော့မယ် ”
“ ဟေ့ ... ပလိစ် ... ပလိစ် ... မတူးနဲ့ဦးနော် ”
ကလေးတစ်ယောက်လို အော်ဟစ်ခုန်ပေါက် ပြေးဝင်သွားသော တိမ်ပွင့်စံကို လိုက်ကြည့်ရင်း ကိုမင်းသက် မျက်လုံးပြူးသွားသည် ။ သူမ ဝတ်ဆင်ထားသည့် ထမီက ဒဏ်ရာဒဏ်ချက်တွေ ချုပ်ရိုးစတွေ ဗရပွနှင့်ပါလား ။
••••• ••••• •••••
အိမ်ရှေ့ မရောက်မီ ခပ်လှမ်းလှမ်း ကတည်းက မီးရောင် တထိန်ထိန်ဖြင့် လူသူ စည်ကားနေသော ဆိုင်ကလေးကို တအံ့တသြ တွေ့ လိုက်ရသည် ။ တစ်ခါက သူ လုပ်ခဲ့ဖူးသည့် စာအုပ်ဆိုင် ကလေး ပြန်လည် အသက်ဝင်နေပုံက ရင်ခုန်ကြည်နူးစရာ ။ ဆိုင်ထဲတွင် သွက်လက်ပေါ့ပါးစွာ ပြောဆိုလှုပ်ရှားနေသော တိမ်ပွင့်စံမမ ကို မြင်ရသည် ။ သူ မျှော်လင့်ထားခဲ့သည့်အတိုင်း အမေ ဆင်ပေးထားသော အဝတ်အစားသစ်တွေနှင့် တသွေးတမွေး ဖြစ်နေသည် ။ ဧကန္တ ဒီကောင်မလေး လက်ချက်ပဲ နေမှာ ၊ လူသူ ရှင်းသွားချိန်တွင် ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည် ။
“ စာအုပ်ငှားချင်လို့ ... ခင်ဗျ ”
“ ရှင် ၊ အယ် အစ်ကို ... ပြန်လာပြီ အမေရေ အစ်ကို ပြန်လာပြီ အမေ ... အမေရေ ဟောဒီမှာ ”
“ ဟား …. တော်ပါတော့ ဂျမ်းတောမရ ၊ အသံပြဲကြီးနဲ့ စွတ်အော်နေ ၊ ပြောစမ်း ၊ ဒီကိစ္စ ညည်း အကြံအစည်မို့လား ၊ အမယ် စာအုပ်သစ်တွေတောင် တော်တော် တင်ထားပါလားဟင် ”
“ အဟီး … အမေ့ကို ဂျီတိုက် အကြံဉာဏ်တောင်း ပြီးလုပ်တာပေါ့ ၊ ဒီအတိုင်း ထားရင် စာအုပ်တွေ နှမျောစရာကြီး ၊ အသစ်တင်ရမယ့် စာအုပ်တွေကို အမေက လစ်စ်ရေးပေးတာ ၊ အယ်လ်အိုင်အက်စတီ - လစ်စ်လေ ၊ ဒီနေ့ စူပါတန်းဝင်အသစ် တွေ ၊ အက်စ်ယူပီအီးအာ စူပါလေ ”
“ ဟား ဟား ဟား ၊ ညည်းနဲ့ တွေ့မှပဲ ဒီလို ရယ်ရတော့တယ် ၊ စာလုံးတွေ ပေါင်းပေါင်းပြ မနေပါနဲ့ ၊ လူတကာကိုများ ဒီလို စာလုံးပေါင်း ပြနေလားဟင် ၊ ဘူးယိုမလို့ ထင်ကြမှာ မရှက်ဘူးလား ”
“ ဘူးယိုက ဘာလဲ ဟင် ၊ အင်္ဂလိပ်စာလုံးလား ”
“ ဟား ၊ ချက်ချင်းများ ကျက်တော့ဖို့လား ၊ ဘူးယို ဆိုတာ ဘိုရူးလို့ ပြောတာ ဂျမ်းတောရဲ့ ၊ တကယ်ရှားမှ ရှားပဲ ”
“ လူတကာကိုတော့ ပြောပါ့မလား အစ်ကိုရဲ့ ၊ အမေကလေ မြန်မာစာရော ၊ အင်္ဂလိပ်စာပါ သင်ပေးနေတာ ၊ တော်တော် တတ်နေပြီ ၊ ငါ့သမီး အဆင့်က ခြောက်တန်းအဆင့်လောက် ရောက်နေပြီတဲ့ အမေက ”
“ ဟုတ်ပါပြီဗျာ ၊ ခင်ဗျားလေး လင်ရပြီး ကလေး တွဲလောင်း ဖြစ်နေချိန်ဆို ဘွဲ့ရအဆင့် ရောက်လောက်ပါတယ် ၊ ကြိုးစား .. ကြိုးစား ”
“ အောင်မယ် ... အစ်ကို မယုံရင် လက်တွေ့ စမ်းကြည့်လေ ”
“ ယုံပါတယ် မမရယ် ၊ မစမ်းကြည့်ရဲပါဘူး ၊ ဟော အမေ ... နေကောင်းတယ် နော် ၊ ဒီဂျမ်းတော ဘူးယိုမနဲ့ နေရတာ အဆင်ပြေရဲ့လား အမေ ”
“ သမီးလေးနဲ့ နေရတာ အဆင်ပြေပါတယ် သားရယ် ၊ တစ်ချက်ကလေးမှကို မပျင်းရဘူး ၊ စာအုပ်ဆိုင်လေး ပြန် ဖွင့်ရအောင် ဆိုပြီး ပူဆာနေတာနဲ့ ခွင့်ပြုလိုက်ရတာ ၊ စာအုပ်သစ်တွေ ဝယ်တဲ့အခါ တောင်ဘက်က မမြခင်သမီးလေး မိစုထွေးက အဖော်လိုက်ပေးတယ်လေ ၊ သား အိမ်ထဲဝင် နားလေ ၊ ခရီးပန်းလာရင် ညအချိန်ကြီး ရေမချိုးနဲ့ ၊ ရေဖတ်လောက် တိုက်ပြီး ထမင်းစား ၊ အမေတို့က စားပြီးကြပြီ ၊သမီးလေး မိစံ ၊ ကိုးနာရီ ဆိုင်ပိတ်ရမယ်နော် ၊ အကျင့်လုပ်ပြီး စောင့်မဖွင့်နဲ့ ”
“ ဟုတ်ကဲ့ အမေ ၊ ကိုးနာရီ မထိုးမီကို ပိတ်မှာ ၊ အစ်ကိုနဲ့ စကားပြောချင်လို့ ”
“ အမလေး ... ဂေါက်တေးမ ၊ ငါ ခရီးပန်း လာတာ ၊ တော်ကီပွားဖို့ မစဉ်းစားနဲ့ ၊ မနေနိုင်ရင် ဆိုင် တံခါးတွေ ပိတ်ပြီး တစ်ယောက်တည်း လှိမ့်သိမ့်ပြောပေတော့ ”
“ အမေ ၊ အစ်ကိုက ကျွန်မကို ခေါ်တာ အမျိုးမျိုးပဲ ၊ ငတိမတဲ့ ၊ ဂျမ်းတောမတဲ့ ၊ ဘူးယိုမတဲ့ ၊ အရူးမ တောင်ပါသေး ”
“ ဟုတ်သားပဲ သားရယ် ၊ သူက အစ်ကိုလို့ ခေါ်တော့ ညီမလေးလို့ ပြန်ခေါ်ပေါ့ ၊ သူ့ခမျာ အလုပ်နဲ့လက် ပြတ်ရင် မနေနိုင်တဲ့ ကြားက မင်းကို သတိရနေတာ ၊ အစ်ကို့ အလုပ်က သင်တန်းတွေ ခဏခဏ တက်ရတာလား ၊ ဒီမှာပဲ နေလို့ မရဘူးလားနဲ့ တဖွဖွ မေးနေရှာတာ ... ၊ အဟင်း ဟင်း ”
“ ဪ .. အစ်ကိုကလည်း သတိရတာပေါ့ ၊ အမေ အဆင်ပြေမပြေ တွေးပူမိတိုင်း အမေ့ဘေးမှာ ဘူးယိုမလေး ရှိသဟ ဆိုပြီး အတွဲလိုက်ကို သတိရတာပါ ၊ အခုလည်း အမေ့ကို စိတ် အေးချမ်းသာ ကျန်းမာစွာ တွေ့ရမြင်ရလို့ တိမ်ပွင့်စံမမကို ကျေးဇူးရှင်မမ လို့တောင် ခေါ်လိုက်ချင်တာ ၊ နောက် တစ်ခု သတိရတာ ရှိတယ် ၊ အမေ နားမငြီးဘူးလားဟင် ၊ သူ့မိဘတွေ ပေးခဲ့တဲ့ နာမည် တင်တင်ဝေ အရရော ၊ အခု နာမည်တိမ်ပွင့်စံ အရပါ စနေ သမီးပဲ ၊ ကျွန်တော်က သောကြာသမီး မှတ်နေတာ ”
“ ဟယ် ... အစ်ကိုက တော်လိုက်တာ ၊ နာမည် သိရုံနဲ့ ဘာနေ့သမီး ဆိုတာ သိတယ်နော် ၊ အစ်ကိုက ဗေဒင်တတ်သားဟင် ”
“ ဒါလောက်ဟာ ဗေဒင် တတ်စရာ မလိုပါဘူး အရူးမရဲ့ ၊ နံသင့် အက္ခရာလေးတွေ သိထားရင် ရတာကို ၊ ဒါပေမယ့် ဒီဘက်ခေတ်မှာ နာမည်တိုင်း နေ့သင့်နံသင့် မမှည့်ကြတာ များတယ် ၊ တရားသေ မမှတ်နဲ့ ”
ထမင်းစားပြီးချိန်တွင် ကိုမင်းသက် က သင်တန်း ကာလနှစ်လစာပေါင်း ထုတ်ယူလာသည့် လစာငွေကို အမေ့ လက်ထဲ ထည့်ကာ ထိုင်ကန်တော့သည် ။ အမေက မျက်စိမှိတ် အာရုံပြုရင်း ဆုတွေ တသီကြီး ပေးသည် ။ မျက်စိ ပြန်အဖွင့်တွင် ကိုမင်းသက် ဘေးနားရှိ တိမ်ပွင့်စံကို ကြည့်ပြီး အမေ အားပါးတရ ရယ်လေတော့သည် ။
“ ဟင် .. ဂျမ်းတောမ ဘာကိစ္စ ငါနဲ့ လိုက်ပြီး ကန်တော့နေတာလဲ ”
“ အစ်ကို ကန်တော့တာ မြင်တော့ ကျွန်မလည်း ကန်တော့ချင်တာပေါ့ ၊ အိပ်ရာ ဝင်ခါနီးတိုင်း အမေ့ကို နှိပ်ပေးပြီး ကန်တော့နေကျကို ”
“ အေး ၊ အဲဒီအချိန်ကျ မှ ကန်တော့ပါလား ကျေးဇူးရှင်မမရဲ့ ”
“ မပြောပါနဲ့သားရယ် ၊ လူကြီးမိဘ ဆိုတာ ဘယ်အချိန် ကန်တော့ကန်တော့ မင်္ဂလာရှိပါတယ် ၊ သမီးက တကယ့် အရိုးခံလေးပါ ၊ ဒီခေတ်မှာ ရှားပါဘိနဲ့ ၊ အမေကတော့ ဒီမြင်ကွင်းလေး တကယ် ဖြစ်လာပါစေလို့ ဆန္ဒ ပြုတယ် ၊ ငါ့သား တစ်သက်လုံး စိတ်ချမ်းသာရမှာ ၊ အမေလည်း စိတ်ချမ်းသာရတာပေါ့ ၊ မင်းအစ်ကိုရဲ့ မိန်းမမျိုးတော့ ငွေကြေးတွေ ဘယ်လောက်ပဲ ချမ်းသာပါစေ ၊ စိတ်ချမ်းသာဖို့ ဝေးပါတယ် ၊ မင်း စဉ်းစားနော် ၊ နောက်ကျမှ နောင်တရတဲ့ အဖြစ်မျိုး အမေ မကြည့်ချင်ဘူး ၊အမေ ဒါပဲ ပြောချင်တယ် ”
ကိုမင်းသက် တွန့်လိမ် တွေဝေသွားသည် ။ အမေ ထသွားသည်အထိ ငူငူကြီး ဆက်ထိုင်နေမိသည် ။ အမေ့စိတ်ကို သူသိသည် ။ အမေက သည်အိမ်ကြီးတွင် သားသမီးမြေးမြစ်တွေနှင့် နွေးထွေး အေးချမ်းစွာ နေချင်သည် ။ အစ်ကိုမင်းထက် လို အချိန်တန် အိမ်ထောင်ကျပြီး ယောင်နောက် ဆံထုံး ပါမလာဘဲ ဆံထုံးနောက် ယောင်ပါသွားမှာကို တွေးကြောက်နေပုံရသည် ။ အတူ နေဖြစ်ပြန်လည်း အစ်ကို့ဇနီးမယားလို မိန်းမမျိုးကို အမေ လက်မခံနိုင် ။ တိမ်ပွင့်စံ လိုအမေ့ စိတ်တိုင်းကျ မိန်းမမျိုးမှ အမေနှင့် ဖြစ်မည်ဆိုသည့် သဘော ။ ဒီကောင်မလေး အပေါ် တိုတောင်းလှသည့်အချိန်ကာလလေးအတွင်း ချစ်ခြင်း မေတ္တာတွေ အတော်နှောင်ဖွဲ့သွားဟန် တူသည် ။ တိမ်ပွင့်စံ ကလည်း တကယ့် အရိုးခံ အဖြူထည်လေးကိုး ။ အတွေး ဖြတ်ပြီး ဘေးကို ပြန်ကြည့်လိုက်တော့ ပါးကွက်ကျားထူထူကြီးနှင့် တိမ်ပွင့်စံ ကို ကြောင်ငေးငေးလေး တွေ့လိုက်ရသည် ။
“ ညည်းက ဘာလုပ်နေတာလဲ ၊ တီဗွီတွေ ဘာတွေ မကြည့်တော့ဘူးလား ... ဟင် ”
“ အမေ မကြည့်ရင် ကျွန်မလည်း မကြည့်ချင်ဘူး ၊ ခုနက အမေ ဘာတွေ ပြောသွားတာလဲ ဟင် ၊ အစ်ကို့ ကို မကျေနပ်တာ ရှိလို့လား ၊ မိန်းမဆိုတာလည်း ပါတယ် ၊ မိန်းမတွေ ဘာတွေ ရှုပ်မိလို့လားဟင် ၊ အမေ မကြိုက်တာတွေ မလုပ်ပါနဲ့ အစ်ကိုရယ် ၊ အမေက အစ်ကို့ကို သိပ်ချစ်တာ ၊ နောင်ကို မရှုပ်တော့ပါဘူး ၊ ခုလည်း မရှုပ်ပါဘူး ၊ မလိုသူတွေ ဂုံးတိုက်တာ ဘာညာပြောပေါ့ ၊ ကိုယ့် အမေပဲဟာ ၊ မိန်းမလည် တွေ ဘာတွေနဲ့ တွေ့ရင် အစ်ကို ဒုက္ခရောက်မှာ စိုးလို့နေမှာ ၊ လူကြီး ဆိုတာ ကြိုသိတယ် အစ်ကိုရဲ့ ၊ ခေတ်ကာလ မိန်းမတွေက သိပ်လွယ်တာ မဟုတ်ဘူး ။ အစ်ကို ပညာတွေ ဘယ်လောက်တတ်တတ် ပညာရှိ သတိဖြစ်ခဲ ဆိုတဲ့ စကားအတိုင်း သတိမမူ ... သတိမမူ ... အဲ ... ဂူလား မြူလား တစ်ခုခုပဲ ... အဲဒါကို မမြင် ဖြစ်တတ်သတဲ့ ”
ကိုမင်းသက် ဝါးလုံးကွဲ ရယ်ချလိုက်သည် ။ တိမ်ပွင့်စံက နားမလည်သလို မျက်လုံးအပြူးသားလေးဖြင့် ငေးကြည့်နေသည် ။
“ အမေပြောတဲ့ စကား အဓိပ္ပာယ်လည်း မသိ ၊ ဂျမ်းတောမ ခေါ်တော့လည်း မကြိုက် ၊ ညည်းက ဆရာကြီး လုပ်ပြီး ငါ့ကို ဆုံးမနေလိုက်တာများ ၊ ပြောလိုက်တော့ အိုးနင်းခွက်နင်းနဲ့ ၊ ပြောစမ်း ပါဦး .. မမတိမ်ပွင့်စံရယ် ၊ ခေတ်ကာလမိန်းမတွေက ဘယ်လို မလွယ်တာလဲ ၊ မမက ကျွန်တော်မျိုးထက် ပို သိတယ်ထင်တယ် ၊ သတိမမူ ဂူလား မြူလား တစ်ခုခုပဲ ဟုတ်လား ၊ ဟား .. ဟား .. ဟား ”
“ အမေကတော့ ပြောတာပဲ ၊ မေ့နေလို့ပေါ့ ၊ သိတဲ့သူက ပြင်ပေးပါလား ၊ ကျွန်မများဆို ရယ်ဖို့ပဲ ကြည့်နေတာ ”
“ ကဲ ကဲ ၊ သတိမမူ ဂူမမြင်ပါတဲ့ဗျား ၊ ဆက်လက်ပြီး ဆုံးမသြဝါဒတွေ ခြွေပေးပါဦး ၊ နာယူမှတ်သားရအောင် ”
“ မလှောင်ပါနဲ့ ၊ ကျွန်မလို ဘာမှ မတတ်တဲ့ ဂျမ်းတောမက အစ်ကို့ကို ဆုံးမတတ်မှာလား ၊ အယ် ... ခုမှ သတိရတယ် ၊ အစ်ကိုက စာရေးဆရာ လုပ်ခဲ့သေးတယ်ဆို ၊ အစ်ကို သိမ်းထားတဲ့ မဂ္ဂဇင်းစာအုပ်တွေထဲမှာ အစ်ကို့ဝတ္ထုအတိုတွေ ဖတ်ရတယ် ၊ အမေက ပြောမှ သိရတာ ၊ အခု မရေးတော့ဘူးလားဟင် ၊ ကျွန်မသာ အစ်ကို့လို ရေးတတ်လို့ကတော့ တအားကြီးကို ရေးပစ်မှာ ”
“ ရေးပစ်လိုက်စမ်းပါ မမရယ် ၊ မမသာ စာရေးရင် ကလောင်နာမည်တောင် အထူး ရွေးနေစရာ မလိုတော့ဘူး ၊ တိမ်ပွင့်စံ ဆို ခွက်ခွက်လန် သွားမှာ သေချာတယ် ၊ ဒါမှမဟုတ် အခုခေတ်ထနေတဲ့ သျှင်မတို့ လုံမတို့နဲ့ အပြိုင် ဂျမ်းတောမ ဆိုပြီး ချ ၊ သိလား ၊ ပေါက်သွားရင် ငါတို့ကိုလည်း မေ့မသွားနဲ့ ဦး ”
“ သိပါတယ် ၊ ကျွန်မကို လှောင်နေတာ ၊ ကျွန်မကဖြင့် ဟိုရုံးတက်ရင်း စာအုပ် ငှားတဲ့ အစ်မကြီး မသဇင်တို့ ၊ မစနိုးတို့ ၊ ဟိုဘက်က မိစုထွေးတို့ လာရင် ကြွားလိုက်ရတာ ၊ ကျွန်မ အစ်ကိုကမှ တကယ် တော်တဲ့ စာရေးဆရာလို့ ၊ အလုပ်တစ်ဘက်နဲ့မို့ မဂ္ဂဇင်းတွေထဲမှာ ဝတ္ထုအတိုတွေ ရေးတာ ၊ အလုပ်သာ အားရင် ဟောဒီဝတ္ထု စာအုပ်တွေလောက်တော့ အသာလေးရယ် ... လို့ ”
“ အေး .. ၊ ညည်းကတော့ တကယ့်ဟာသပဲ ၊ ငါလည်း ရယ်ရတာနဲ့ မောပြီ ၊ ဟိုမှာ အမေ အိမ်ပေါ်တက်ပြီ ၊ လိုက်သွားတော့ ”
“ အမေက ဘုရားဝတ်ပြုဦးမှာ ၊ ခဏလေးနော် ”
လှစ်ခနဲ ပြေးထွက်သွားပြီး လှစ်ခနဲ ပြန်ရောက်လာသည် ။ သူ ကိုင်လာသည့် စာအုပ်ကို ကြည့်ပြီး ကိုမင်းသက် မျက်လုံးပြူးသွားသည် ။ ဆရာလင်းယုန်ကြီး ဘာသာပြန်ထားသည့် သေရွာပြန် စာရင်း ။
“ ဒီစာအုပ်က ညည်း ဖတ်နေတာလား ”
“ ဟုတ်ကဲ့ ”
“ ခုန်ပျံကျော်လွှားတွေက လုပ်လာပြီ ၊ ငါ ပေးထားတဲ့ အခြေခံ စာအုပ်ကလေးရော ”
“ အဲဒါ အမေကပါ သင်ပေးလို့ အကုန် ရပြီလေ ၊ အခု ဒီစာအုပ်ကို ဖတ်နေတာ ၊ ဘာသာပြန်ရေးတဲ့ ဆရာနဲ့ စာအုပ်နာမည် သေရွာပြန် စာရင်းပဲ .. ဖတ်တတ်တာ ၊ အင်္ဂလိပ်လို ကျက်ချင်လို့ ရေးပေးနော် ၊ ဒီနေ့ အမေ့ကို မေးဖို့ အချိန် မရှိတော့ဘူး ”
“ ညည်းကတော့ ကြာရင် ဂေါက်တော့မှာ ၊ စာဆိုတာ အဆင့်ဆင့် ဖတ်ရတယ်လို့ ပြောထားရဲ့သားနဲ့ ၊ မဂ္ဂဇင်းဂျာနယ်တွေ အရင် ဖတ်ပါ လား ၊ ဒီဝတ္ထုမျိုးက နောက်ခံ သမိုင်းကြောင်းတွေ သိမှ နားလည်ပြီး အရသာ ရှိမှာ မမရဲ့ ”
“ နားလည်ပါ့ ၊ ဒုတိယ ကမ္ဘာစစ်နာစီခေတ်က ချမ်းသလား ”
“ ဘာ.. နာစီခေတ်က ချမ်းသလား ... ဟား ဟား ဟား ဟား ၊ အေး ၊ ချမ်းလွန်းလို့ လောင်းကုတ်အင်္ကျီ အထူကြီးတွေ ဝတ်ထားတာ ဒီမှာ မတွေ့ဘူးလား ၊ နာစီခေတ်တော့ ငါ မသိဘူး ၊ နာဇီပဲ သိတယ် ၊ ဪ မိစံ ... မိစံ ၊ ညည်းနဲ့သာ တစ်သက်လုံး နေရရင်လေ ရယ်ရတာနဲ့ပဲ အသက်ရှည်မလား ၊ အူတက်သေမလား တစ်ခုခုတော့ သေချာတယ် ၊ ဟောဒီ စာလုံးက စာအုပ်နာမည် ၊ ဇာတ်ကောင်နာမည် နဲ့ အတူတူပဲ ၊ ရှင်းဒလားလို့ အသံထွက် ၊ ဟောဒီ အမှာစာထဲမှာလည်း အားလုံးပါတယ် ၊ ဒါက မူရင်းစာရေး ဆရာနာမည် ၊ သောမတ်စ် တွမ်ကော်နယ်လီ ၊ ဝတ္ထုနာမည် ရှင်းဒလားလစ္စ ဆိုတာ ဂျာမန်နာဇီတွေလက်ထဲက ရှင်းဒလား ကယ်တင်ပေးခဲ့တဲ့ ဂျူးလူမျိုးအကျဉ်းသားတွေရဲ့ စာရင်း ၊ အတိုချုပ်တော့ ရှင်းဒလားစာရင်းပေါ့ ၊ လူကြားသူကြား သွားပြီး နာစီခေတ်က ချမ်းသလား သွားလုပ်မနေနဲ့ဦး ၊ ငါနဲ့ အမေပါ ညည်းနဲ့ ရောပြီး ငပေါစာရင်း ဝင်နေဦးမယ် ၊ ဟား ဟား ”
( ရှေ့လဆက်ရန် )
▢ ဖူးသစ်မော်
📖 ရယ်စရာ မဂ္ဂဇင်း
မတ် ၊ ၂၀၁၅
No comments:
Post a Comment