❝ အမြီးကောက် မျောက်လည်းမဟုတ် ❞
( မောင်သစ်ဦး - မြစ်ခြေ )
မတွေးတော့ဘူးလို့ စဉ်းစားထားပေမဲ့ တွေးနေမိတာကိုက ကိုမြင့်ချိုရဲ့ အပြစ်ပဲ ။ ဟုတ်တယ်လေ ။ စဉ်းစားကြည့်လည်း ထူးခြားသွားတာမှ မဟုတ်တာ ။ မိုးပြိုမှာ ကြောက်လို့ မိုးကို ခြေကန်အိပ်တဲ့ လင်းဆွဲတွေကမှ သူ့အကြောင်းပြချက်နဲ့သူ ။ မြေပြိုမှာ ကြောက်လို့ ခဏခဏ မြေကြီးကို ဆင်းစမ်းတဲ့ မျောက်တွေမှာလည်း သူ့အကြောင်းပြချက်နဲ့ သူ ။ အဟိတ်တိရစ္ဆာန်တွေမှာတောင် သူ့အကြောင်းပြချက်နဲ့ သူ ခိုင်ခိုင်လုံလုံနဲ့ စိုးရိမ်နေကြတာ ။ ကိုမြင့်ချိုတို့က ဝါးပက်လက်ကုလားထိုင်ပေါ် ထိုင်လိုက်ပြီ ဆိုတာနဲ့ ပြဿနာတွေက အစီအရီ ဝင်လာပြီ ။ တစ်ယောက်တည်းနဲ့ တက်နေတဲ့ ပြဿနာတွေ ။ အရပ်ကူလို့ မရ ၊ လူဝိုင်းလို့ မရ ။ အိပ်ရာဝင်ခါနီးပြီ ဆိုရင် ဟင်းခနဲ သက်ပြင်းချသံကြီးနဲ့ အဆုံးသတ်ပြီးမှ ဒီ ကုလားထိုင်ပေါ်က ထတာ ။ တစ်နေ့လည်း မဟုတ်ဘူး ၊ တစ်ရက်လည်း မဟုတ်ဘူး ။ မတွေးဘူး ဆိုတာကို တွေးမိနေတာ ခဏခဏ ဆိုတော့ မခေါ်လည်း ရောက်ရောက်လာနေကျ အလိုက်ကန်းဆိုး မသိ ဧည့်သည်လိုပဲ ။ ဒီကြားထဲ စဉ်းစားကို စဉ်းစားမှ ဖြစ်မယ် ဆိုတဲ့ နိစ္စဓူဝ ကိစ္စတွေ ၊ လစဉ်ကိစ္စ ၊ နှစ်စဉ်ကိစ္စ ၊ တစ်ဘဝလုံးစာ ကိစ္စတွေကလည်း ရှိနေသေးတော့ ခေါင်းကလည်း ပူ ၊ ဆံပင်ကလည်း ဖြူ ။
ဒီအရွယ် ဆိုရအောင်လည်း လေးဆယ့်ငါး ၊ ငါးဆယ် ဆိုတာ ကျားကျားလျားလျား မဟုတ်တောင် ထူထူထောင် ထောင်တော့ ရှိနေသေးတဲ့ ဥစ္စာ ။ ဒီလိုပဲ မိသားစုရှေ့ မားမားမတ်မတ် ရပ်လာခဲ့တာ နှစ်တွေ ကြာခဲ့ပေမဲ့ စိတ်ပျက်တယ် ဆိုတဲ့ အမူအရာကိုတော့ တစိုးတစိ မရှိခဲ့ဖူးပါဘူး ။
တစ်ခါတစ်ခါတော့ အလိုမကျတာလေးတွေ ရှိပေမဲ့ ကိုယ့်သားသမီးနဲ့ ကိုယ့်ဇနီး မယားပဲဟာ ။ ပြေပြေပျောက်ပျောက် ၊ ပြီးပြီးပျောက်ပျောက် ။ အိမ်ထောင်မှုဒုက္ခရယ်လို့ ၀, ကွက်ပြီး အပြစ်ပုံချဖို့ တကယ် မစဉ်းစားခဲ့ပါဘူး ။
လိုချင်မှု ဆိုတာကတော့ လူရယ်လို့မှ ဖြစ်လာရင် ရှိတတ်ကြတာချည်းပါပဲ ။ မိန်းမလုပ်သူကတော့ ငယ်ပေါင်းကြီးဖော်ပဲဟာ ကိုမြင့်ချို သက်ပြင်းလေးလေးချသလား ၊ သက်ပြင်းပေါ့ပေါ့ ချသလား ၊ သက်ပြင်းမျှဉ်းမျှဉ်း ချသလားဆိုတာ ကြည့်ပြီး တစ်မိနစ်ကို နှလုံးခုန်ချက် ဘယ်လောက်ရှိနေတယ်ဆိုတာကအစ သိနေခဲ့ပြီးပဲဟာ ။
သားသမီးတွေ ဆိုတာ ကတော့ ဘဝထဲမှာ လူပါးဝ ဝ နေရတုန်းအခိုက် ဆိုတော့ အရွယ်က အရိပ်အခြည်ကြည့်တတ်အောင် သင်ယူနိုင်စွမ်း မရှိကြသေးဘူး ။ ခေတ်ကာလ ဆိုတာကိုကလည်း သားအရိပ်အခြည် ၊ သမီးအရိပ်အခြည် ၊ ဇနီးမယားအရိပ်အခြည် ၊ အိမ်ထောင်ဦးစီးအရိပ်အခြည်ရယ်လို့ သိကြ မြင်ကြရအောင် အခွင့်အခါမှ မပေးတော့တာ ။
အိမ်ထောင်ကျပြီးစ ဆယ့်လေးငါးနှစ် အချိန်တွေတုန်းကတော့ ထမင်းဝိုင်းမှာ လင် မယားနှစ်ယောက် မျက်နှာချင်းဆိုင် လက်ဆုံစားရင် သားငယ်သမီးငယ်လေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ။ သားက ဒီဟင်းကြိုက်တယ် ။သမီးက ဟိုဟင်းကြိုက်တယ် ။ မေမေ့အကြိုက်နဲ့ ဖေဖေ့အကြိုက် ထွေလီကာလီဟင်းတွေ မရိုးရအောင် တစ်လှည့်စီ ချက်လို့ ။
ခုတော့ လင်မယားနှစ်ယောက်သာ ၀တ္တရားမပျက် ထမင်းဝိုင်းမှာ မျက်နှာချင်းဆိုင် လက်ဆုံစားရပေမဲ့ သားသမီးတွေကဖြင့် သိုက်သိုက်ဝန်းဝန်းနဲ့ ထမင်းစားပွဲမှာ လူ မစုံနိုင်ကြတာ ကြာပြီပေါ့ ။ သားသမီးတွေက ဘယ်သွားနေတုံးလို့ ဆိုတော့လည်း ဘယ်မှ သွားကြတာ မဟုတ်ဘူး ။ ဒီအိမ်မှာပဲ အတူတူနေကြတာပဲ ။ ဒီအိမ်မှာပဲ စားကြတာပဲ ။
သမီးအကြီးက ကျူရှင် တစ်ခုမှာ ဆရာမ ဝင်လုပ်နေ တော့ အတန်းက ညရှစ်နာရီ လောက်မှ ဖြုတ်လာ ။ အိမ် ရောက် ရေမိုးချိုး ၊ ပြီးတော့ ထမင်းစား ၊ ပြီးရင် ကျူရှင်က ယူလာတဲ့ စာတွေ အိမ်မှာစစ် ။ သားအလတ်က ကုမ္ပဏီတစ်ခုမှာ လုပ်တယ် ။ ညနေ ခြောက်နာရီလောက် ရုံးဆင်းပေမဲ့ ရုံးဆင်းပြီးပြီးချင်း အိမ်ပြန်မလာနိုင်သေးဘူး ။ ကွန်ပျူတာသင်တန်း ဆက်တက်နေတာ ။ ညကိုးနာရီလောက်မှ ပြန်လာတယ် ။
သမီးငယ်က ဆယ်တန်းဆိုတော့ မနက်မိုးမလင်းခင်က ကျူရှင် ၊ ကျူရှင်ပြီး ကျောင်း ၊ ကျောင်းပြီး ကျူရှင် ၊ ကျူရှင်ပြီး ကျူရှင် ။ ကိုမြင့်ချို ကိုယ်တိုင်လည်း ဒီဆယ်တန်းကို ဖြေခဲ့ရတာပါပဲ ၊ သူတို့ကျမှ ဘာကြောင့် ဒီလောက် အူယားဖားယားနဲ့ သွေးအပျက်ပျက် အလူးလူးအလဲလဲ ဖြစ်နေရတာပါလိမ့် ။ ဆယ်တန်းလေး အောင်ဖို့ ခင်းလိုက်ရတဲ့ ငွေတွေ ၊ ပေးလိုက်ရတဲ့ အချိန်တွေ ၊ ဆုံးရှုံးလိုက်ရတဲ့ အားလပ်မှုတွေ ။
စာပြီးရင် စာ ၊ စာပြီးရင် စာ တစာစာနဲ့ ကြက်တူရွေး အာဘော်မိနေတဲ့ လုံးလည်ချပ်ပျားနေ့တွေနဲ့ သမီးငယ်ခမျာ လွန်းထိုးလို့ ။ အသံ တွေလည်း ပြာလို့ ၊ အသား တွေလည်း စိမ်းလို့ ၊ နှုတ်ခမ်းတွေလည်း နီလို့ ။
ကိုယ်ကိုယ်တိုင်က ဝန်ထမ်းဆိုတော့ ညနေလေးနာရီ ရုံးဆင်း ၊ အိမ် ငါးနာရီလောက် ရောက် ။ ခဏနား ၊ ရေချိုး ၊ ထမင်းစား ၊ ပျင်းရင် လက်ဖက်ရည်ဆိုင် ခဏသွား ။ ဒီလိုပဲ ပျင်းလို့ သွားရင်း အပေါင်းနဲ့ အသင်းနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခုံလေးတွေမှာ ညည အမြစ်တွယ်လာတတ်တာလည်း ကြာပြီပေါ့ ။
စဉ်းစားကြည့်ရင်တော့ သမီးငယ် ဆယ်တန်းအောင်သွားရင် တစ်ချက်တော့ စိတ်အေးရမှာပဲ ။ ခက်တာက အခု ကျူရှင်ကို စက်ဘီးနဲ့ သွား နေရတာ အချိန်က သိပ် အံမကိုက်ချင်ဘူးတဲ့ ။ ဆိုင်ကယ် ဝယ်ခိုင်းနေပြီ ။ သမီးကြီး ကတော့ သူ ရတဲ့ လခလေးနဲ့ အိမ်မှာ ရှိတာနဲ့ ပေါင်းပြီး ဆိုင်ကယ်တစ်စီး ဝယ်ထားတာ အဆင်ပြေနေပြီ ။ သားလတ် ကလည်း သမီးကြီးလိုပဲ ဝယ်ထားပြီးပြီ ။ ကိုမြင့်ချို ကလည်း နဂိုလက်ဟောင်းလေး တစ်စီးဆိုတော့ အိမ်က ကျဉ်းကျဉ်း ဆိုင်ကယ်က သုံးစီး ။ လူနေအိမ်နဲ့ မတူဘဲ ဆိုင်ကယ် ဂိုဒေါင်နဲ့ တူတူလာတယ် ။
ကို မြင့်ချိုတို့ တုန်းကတော့ စက်ဘီးတစ်စီးရှိ ပြည့်စုံနေခဲ့ရတာ ။ သားသမီးတွေ လက်ထက် သုံးစီးလည်း မပြည့် စုံ ။ တစ်လောကလုံးလည်း ဘယ်နား ကြည့်ကြည့် ဆိုင်ကယ် ။ ကိုယ့်စခန်းကိုယ် သွား ၊ ကိုယ့်လုပ်ငန်းကိုယ် ဝင် ၊ ကိုယ့်လမ်းကိုယ်လျှောက် နေရတဲ့ နေ့တွေမှာ လူတွေက လမ်းပေါ်ချည်း ရောက်နေကြသလား မသိပါဘူး ။ အိမ်ကလည်း အိမ်နဲ့ မတူတော့ပါဘူး ။ တည်းခိုခန်း တစ်ခုလို ခဏနားနေဖို့ ။ တစ်ညအိပ်စက်ဖို့ အမှတ်သညာ အပေးခံထား ရသလိုပါပဲ ။
အခုလည်း သားလုပ်တဲ့ သူက ကွန်ပျူတာတစ်လုံး ဝယ်ခိုင်းနေပြန်ပြီ ။ ကွန်ပျုတာ သင်တန်းတက်နေပြီး ကိုယ်ပိုင်ကွန်ပျူတာ မရှိရင် သင်ထားသမျှက မေ့ကုန်မှာပေါ့တဲ့ ။ ဟုတ်တာပဲ ။ ဝယ်ချင်တာကတော့ အကုန်ဝယ်ပေးချင်တာပဲ ။ ဆိုင်ကယ်ရော ကွန်ပျူတာရော ဖြစ်နိုင်ရင် ကားတွေ တိုက်တွေရော ။
ကိုမြင့်ချို ဆိုတာ ခပ်ညံ့ညံ့ကြီးတော့လည်း မဟုတ်ပါ ဘူး ။ လူရိုသေ ရှင်ရိုသေ ။ ရပ်ကွက်လည်း အထင်ကြီး လေးစားခံရပြီးသားပါ ။ ကိုယ်ပိုင်အိမ် ရှိတယ် ။ ဝိုင်းရှိတယ် ။ ထိုက်သင့်သလောက် ရွှေလေးငွေလေးလည်း ဆင်ပေးထားနိုင်တယ် ။ ရာထူး အဆင့်ရှိတယ် ။ အိမ်အဝင်ဝမှာ ကိုယ့်နာမည်ကို ဝိုင်းဝိုင်းစက်စက် ထင်ထင်ပေါ်ပေါ် ချိတ်ထားရတာ နိမ့်နိမ့်ကျကျ မရှိလှပါဘူး ။ ရိုးသားစွာနဲ့ နေလာရတဲ့ သက်တမ်းတစ် လျှောက်မှာ ဦးထိပ်ထမ်းရွက် သယ်ပိုးလာခဲ့ရတဲ့ ဖြူစင်မှု ရလဒ်ပဲလေ ။
ဒါပေမဲ့ ဝါးကုလားထိုင်ပေါ်ထိုင်မိလို့ ဘာမှ မတွေးရ သေးခင် အရင်ရောက်ရောက်လာတဲ့ အတွေးတွေ ၊ အကြောင်းပြချက် မရှိတဲ့ အတွေးတွေ ။ ကိုမြင့်ချိုက ပက်လက်ကုလားထိုင် ပေါ်မှာ ပက်လက်လှန် ခေါင်းမော့ထိုင်မိလို့ ကောင်းကင်ကြီးကို မြင်နေရတာနဲ့ပဲ ကိုယ့်ထက် မြင့်တာတွေကို တွေးနေမိရတာလား ။
ကိုယ့်ထက် မြင့်တယ်လို့ ပြောနေရတာလည်း ခက်ပါတယ် ။ အခု ကိုမြင့်ချို စဉ်းစားနေမိတဲ့ သူတွေက တစ်ချိန်တုန်းက သူ့တပည့် ဖြစ်ခဲ့ဖူးတဲ့ သူတွေချည်းပဲ ။ အဲဒီအထဲမှာ တော်တော်များများက အခြေအနေ မြင့်မြင့်မားမား အဆင့်အတန်းကောင်းကောင်းမှာ ရောက်နေကြတာ ။ တချို့ တပည့်တွေကတော့ ကိုမြင့်ချို အပေါ် သိတတ်ပါရဲ့ ။
ကိုမြင့်ချိုက သူတို့ ဆရာဖြစ်ကြောင်း အသိအမှတ် ပြုကြတယ် ။ တချို့တပည့်တွေကျတော့ ကိုမြင့်ချိုဟာ သူတို့ ဆရာဖြစ်ကြောင်း ဖွင့်ဟဝန်ခံဖို့ ဝန်လေးနေကြတယ် ထင်ပါရဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုချိန်မှာ သူတို့က ကိုမြင့်ချို ထက် ရာထူး မြင့်နေတာဆိုတော့ ကိုမြင့်ချိုကို သူတို့ဆရာ ဆိုတာထက် သူတို့ထက် ရာထူးငယ်တဲ့လက်အောက် အရာရှိ တပည့်လို့ တွေးထားကြတဲ့ သူတွေကလည်း ရှိသေးတယ် ။
တစ်ခါတလေမှာ မှားနေမှန်း သိလျက်နဲ့ ပြန်လည် ပြောပြခွင့် မရဘဲ ခိုင်းတဲ့ အတိုင်းသာ လုပ်လိုက်ပါ ဆိုတဲ့ အချိုးမျိုးလောက် အောင့် သက်သက်နိုင်တာ မရှိလှဘူး ။ ဒါပေမဲ့ သူတို့ ချမ်းသာကြ တယ် ။ သားငယ်က ဆိုင် ကယ် ဆိုလည်း ဘယ်အမျိုး အစား မမေးဘဲ ပက်ခနဲဝယ် နိုင်ကြတယ် ။ သမီးက ကား ဆိုလည်း နောက်ဆုံးပေါ် ။ ဇနီးက တိုက်ဆိုလည်းအသစ်စက်စက် ။ ကွန်ပျူတာ ဆိုလည်း နိုင်ငံခြားကို တိုက်ရိုက်မှာမယ် ဆိုတာမျိုး ။
ကာလတွေသာ ရှည်ကြာလို့ နောက်ဆယ်နှစ် ကျော်ကျော် လောက်ဆို ပင်စင်သာ ယူရတော့မယ် ကိုမြင့်ချို ကတော့ လူရိုသေ ရှင်ရိုသေ အဆင့်က တက်မှာ မဟုတ်လောက်ပါဘူး ။ ဒီအတွေးတွေသာ တခြားသူ တစ်ဦးဦးက သိရင် ကိုမြင့်ချို တစ်ယောက် မုဒိတာ မပွားနိုင်ဘဲ ဝန်တိုမစ္ဆရိယတွေ များလိုက်တာလို့ ထင်ကြမှာပဲ ။ ဒါကြောင့် မတွေးချင်ဘူးလို့ ပြောတာပေါ့ ။ မတွေးလည်း ရောက်ရောက်လာတာ အခက်သားကလား ။
အဲဒီလို တွေးပြီး ပက်လက်ကုလားထိုင် ပေါ်မှာ စိတ်မောလူမောနဲ့ လန်ကျနေတုန်း ဟိုဘက် ကပ်လျက် အိမ်က သားအဖနှစ်ယောက် စကား ပြောနေတာ ကြားလိုက်ရတယ် ။ ဖအေလုပ်သူက ဆိုက်ကားသမား ၊ သားက ဆယ်နှစ်ကျော်ကျော်လောက် ရှိဦးမှာ ။ သားလုပ်သူက ကျောင်းမှာ အစမ်းစာမေးပွဲ ဖြေပြီးလို့ ရီပို့ကတ် ရတော့ အဖေကို ပြတာမှာ အမှတ်တွေက အခြေအနေ မကောင်းဘူး ထင်ပါရဲ့ ။ ဒါနဲ့ အဖေ လုပ်တဲ့ ဆိုက်ကားသမားက သားလုပ်တဲ့ ကျောင်းသားလေးကို ဆုံးမစကား ဆိုတာ ။
“ ငါ့သားရယ် မင်း ဖြေထားတာကလည်း အကုန်လုံး ကျနေတာပါလားကွာ ။ ငါ့ သား စာမကြိုးစားဘူး ဆိုတာ ဒီမှာ အဖြေ လာပေါ်နေတာပဲ ။ ငါ့သားက စာကြိုးစားမှ ဖြစ်မှာ ။ ငါ့သား စာမကြိုးစားရင် အဖေ့လို ဆိုက်ကားသမားပဲ ဖြစ်မှာပေါ့ ။ ငါ့သားက စာကြိုးစားမှ ပညာတတ်ကြီး ဖြစ်ပြီး အရာရှိ အရာခံကြီး ဖြစ်မယ် ။ ဟော ... ဟိုဘက်အိမ်က ဆရာကြီးကို ကြည့်စမ်း ၊ ရုံးကနေ ညနေဆို ပြန်လာ ၊ အိမ်ရောက်ရင် ကုလားထိုင်ကြီးပေါ် မှိန်းပြီး ဇိမ်ကိုကျလို့ ... ”
ကိုမြင့်ချို အဲဒီ စကား ကြားလိုက်ရတော့ ဆက်နား မထောင်နိုင်တော့ဘဲ ပြူးပြူးပြဲပြဲ အလန့်တကြား ထမိလိုက်မလို ဖြစ်သွားပေမဲ့ ကိုယ့်ဣန္ဒြေနဲ့ ကိုယ် ဆိုတော့လည်း မထရဲဘူး ။ ဒီလိုပဲ ဟန်ဆောင် နေလိုက်ရတယ် ။
⎕ မောင်သစ်ဦး ၊ မြစ်ခြေ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂ဝ၁၅ ၊ မတ်
No comments:
Post a Comment