❝ ရိုးမရှိုက်သံ ❞
( မောင်ခြိမ့် )
နော်စေးဖောသည် သမီးကလေးကို ချီပိုးရင်းက ခြေတံရှည် အိမ်ကလေးအောက်သို့ ဆင်းလာခဲ့သည် ။ အိမ်ကလေးက လူကြီးခြေသလုံးခန့် မျောက်ချောပင်ပေါက်များနှင့် ဆောက်ထားပြီး လက်ခုပ်တစ်ဖောင်မက မြင့်သည် ။ အမိုးက စိတ်ဝင်စားစရာ ကောင်းသည် ။ ကြသောင်းဝါးများကို ထက်ခြမ်းခွဲပြီး အဆစ်တွေ ထုတ်ထားသည် ။ အိမ်၏ အခြင်တန်းများပေါ်တွင် ဝါးခြမ်းနှစ်ခြမ်းကို ပက်လက်လှန်ပြီး အပေါ်ကနေ ဝါးခြမ်းတစ်ခြမ်း မှောက်လိုက်သည် ။ ဤသို့ဖြင့် ဝါးခြမ်းနှစ်ခြမ်းကို ပက်လက်လှန်လိုက် တစ်ခြမ်းမှောက်လိုက်နှင့် ဆက်ကာ ဆက်ကာ မိုးပြီးသွားသောအခါ လုံခြုံသော အိမ်အမိုးတစ်ခု ဖြစ်သွားတော့သည် ။
ပြီးတော့ ကြသောင်းဝါး ကိုပင် ထု၍ ခြေ၍ ထရံရက်ပြီး အခင်းခင်းသည် ။ အောက်ခံဆင့်တန်းတွေက စိပ်တော့ လူနင်းခံကာ သုံးလေးငါးနှစ်တော့ ကောင်းကောင်းအဆင်ပြေသည် ။ အကာကျတော့ အင်ဖက်များကို ဓနိတံကဲ့သို့ ပျစ်ပြီး ကာထားသည် ။ ဟိုးအရင် အင်ပင်ကြီးတွေ တောထနေအောင် ပေါက်တုန်းကတော့ အင်ဖက်ကောင်းကောင်းကြီးတွေနှင့် အိမ်မိုးလေ့ ရှိကြသည် ။ ယခုမူ အင်ပင်တွေရော ကျွန်းပင်တွေရော သစ်ငို ၊ မျောက်ချော ၊ တမလန်း ၊ သင်းဝင် ၊ ပိတောက် စသည့် အပင်တွေ မရှိတော့ ။
ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက် အမြဲတမ်း စိမ်းညို့နေသော တောင်ပြန်လေတွင် တစ်အုပ်ကြီး နွဲ့နေ ယိမ်းနေသော ဝါးတောကြီးတွေလည်း မျိုးသုဉ်းတော့မည် ။ ဝါးပိုး ၊ ကြသောင်း ၊ ဝါးနက် ၊ ဝါးဖြူ ၊ မျှင် ၊ ခရင် ၊ တင်း စသည့် အမျိုးအမည် စုံလှသည့် ဝါးတွေ ရှားကုန်ပြီ ၊ ဝါးရုံတောများနှင့် ဒွေးရောယှက်တင် ထူထပ်စွာပေါက် လေ့ရှိသည့် တောငှက်ပျောရိုင်းပင်များလည်း ကွယ်ပျောက်ခဲ့ပြီ ။
နော်စေးဖော၏ အိမ်လှေကားမှာလည်း မမြင်ဖူးသူတွေအတွက်တော့ အထူးအဆန်းပါပဲ ။ ဝါးပိုးဝါးကြီး တစ်လုံးကို ဆယ့်ငါးဒီဂရီလောက် စောင်းထောင်ပြီး အိမ်၏ အထက်ဆင့်ကို မှီထားသည် ။ ထို ဝါးပိုးဝါး၏ အဆစ်ထိပ်နားမှာ အထစ်တွေ ဖော်ထားသည် ။ သို့ဖြစ်ရာ အိမ်ပေါ်ကိုပဲ တက်တက် အိမ်အောက်သို့ပဲ ဆင်းဆင်း ထို ဝါးပိုးဝါး အထစ်တွေကို နင်း၍နင်း၍ တက်ရ ဆင်းရစမြဲ ။ နော်စေးဖောတို့ အတွက်ကတော့ ရိုးနေပါပြီ ။ ကျွမ်းကျင်သော ဆပ်ကပ်သမားတွေလိုပဲ ထင်းစည်းကို ထမ်းရင်း ၊ ရေအပြည့်နှင့် ဝါးကျည်တောက်တွေကို ကျော မှာ ပိုးရင်း ၊ ဖရုံသီး ၊ ဖရဲသီး ၊ ပြောင်းဖူး ၊ ပိန်းဥ ၊ တောင်ယာစပါး စတာတွေကို သယ်ယူရင်း အေးအေးဆေးဆေး တက်နိုင်ဆင်းနိုင်ပါ၏ ။ ယခုလည်း ကလေးကို ပိတ်စ နှင့်ပတ်၍ ဘေးတိုက်လွယ်ရင်း သက်သက်သာသာပဲ ဆင်းလာခဲ့တာဖြစ်သည် ။
နော်စေးဖောသည် ဟိုဟိုဒီဒီ ကြည့်နေရာမှ သူတို့လို တဲအိမ်ကလေး တစ်လုံးဆီ အကြည့်က ရောက်သွားသည် ။ တောင်တန်းကြီးကို နောက်ခံထားပြီး ထိုတဲအိမ်ကလေးဆီကနေ မီးခိုးတန်းတစ်ခုက ပဝါစကလေး လေမှာ လွင့်နေသလိုမျိုး လွင့်တက်နေတာ မြင်ရသည် ။ သူတို့ ရွာကလေးမှာ အိမ်ပေါင်းကိုးအိမ် ရှိသည် ။ သူတို့ ရွာသည် တကယ်တော့ ရွာမဟုတ် ။ ပဲခူးရိုးမ၏ တောင်ခြေတွင် ကွမ်းခြံ ၊ ငှက်ပျောခြံ ၊ ပိန်းဥ ၊ ပြောင်းဖူး ၊ ရွှေဖရုံ စသည့် စိုက်ခင်းတွေ လာလုပ်ရာမှ ခြံစောင့်ယာစောင့် တဲကလေးတွေ စုပေါင်းနေကြရင်းက ရွာလိုလို ဘာလိုလို ဖြစ်လာတာပဲ ဖြစ်သည် ။ ပြောရလျှင် ရွာယောင်ဆောင် ထားသော တဲစုကလေးပါ ။
••••• ••••• •••••
နော်စေးဖောသည် ကောင်းကင်ပေါ်သို့ မော်၍ ကြည့်သည် ။ တိမ်သားထူထူက ကာဆီးထားသဖြင့် နေ ခြည်မှေးမှေးကလေးကို မြင်ရသည် ။ ခန့်မှန်းခြေ အားဖြင့် ညနေသုံးနာရီ လောက်တော့ ရှိလိမ့်မည် ။ အိမ်ပေါ်မှာ ထမင်းအိုးတစ်လုံး တည်ပြီးပြီ ။ လယ်ပုစွန်လုံးရောရာ နှင့် ထည့်ထားသည့် ငါးပိရည်အိုး ကျိုထားခဲ့ပြီ ။ မီးဖိုချောင် နောက်ဘက် ရေကပြင်ပေါ်မှာ ထောင်ထားသော လူတစ်ရပ်လောက် မြင့်ပြီး ယောက်ျားကြီးပေါင်လုံး လောက်တုတ်သည့် ဝါးကျည်တောက်ခြောက်လုံးမှာလည်း ရေ အပြည့်ရှိသည် ။ ငရုတ်သီး အတွက်ကတော့ ပူစရာ မရှိ ၊ မီးဖိုပေါ်မှာ တွဲလဲဆွဲထားသော ကျပ်ခိုးစင်ပေါ် က ဝါးခြမ်းထဲမှာ ရှိသေးသည် ။
သံတောင်ကြီးမြို့ဘက်သို့ တက်သွားသော ယောက်ျားဖြစ်သူ ကလိုထူး ဒီညနေ ပြန်ရောက်မည်ဟု မှာထားတာ သွားသတိရသည် ။ အပြန်မှာ သံတောင်ကြီး ဈေးထဲက လက်ဖက်ခြောက်ရယ် ၊ ဆားရယ် ၊ ဟင်းချိုမှုန့် ရယ် မှာထားတာ ဝယ်မှ ဝယ်လာပါ့မလား မသိ ။ ကလိုထူးက အရက် မမူးရင်တော့ တကယ့် လူကောင်းပါ ။ အဲ ... တောအရက်ကလေး နည်းနည်း ဝင်သွားရင်တော့ သွေးဆိုးချင်သည် ။ သမီးကလေးအတွက် သိုးမွေးအင်္ကျီကလေး ဈေးပေါပေါရရင် ဝယ်ခဲ့ဖို့လည်း မှာလိုက်သေးသည် ။ ကလိုထူးနှင့် သူ့သူငယ်ချင်း သုံးယောက် နှစ်ည သုံးညအိပ်ပြီးတော့ လည်ထားသော ချေသားကျပ်တိုက် ၊ မျောက်သားကျပ်တိုက်နှင့် တောကြောင်ကြီးတစ်ကောင် လည်း သံတောင်ကြီး ဈေးမှာ ရောင်းဖို့ ပါသွားသည် ။ သို့ဖြစ်၍ မှာလိုက်သော ပစ္စည်းကလေးတွေ စုံစုံစေ့စေ့ ဝယ်နိုင်လောက်ပါ၏ ။
နော်စေးဖောတို့ အဖေ လက်ထက်တုန်း ကတော့ ဟောဒီ ရိုးမကြီး တစ်ဝိုက်မှာ တောကောင်တွေ အလွန်ပေါ သည် ။ တစ်ညလောက် အမဲလိုက် သွားလျှင် ပြောင် ဖြစ်ဖြစ် ၊ ဆတ်ဖြစ်ဖြစ် တစ်ကောင်တော့ ကျိန်းသေရ သည် ။ အခုလို ချေတို့ ၊ မျောက်တို့ ၊ တောကြောင်တို့ ဆိုတာ ကာလသားပေါက်တွေ အပြင်းပြေ တောလိုက်လို့ ရသည့် အကောင်တွေပဲ ဖြစ်သည် ။ အခုတော့ဖြင့် ဟင်းစား အဖြစ်သာ အသုံးပြုခဲ့သော ၊ အပျော်သဘော တောလိုက်ခဲ့သော အကောင်ငယ်လေးကိုပင် ခက်ခက်ခဲခဲ ရှာဖွေဖမ်းဆီး၍ ကိုယ်တိုင် မစားရက် မစားနိုင်ဘဲ ရောင်းချ၍ ဝမ်းရေးကို ဖြေရှင်းနေရပြီ ။
ဟိုးတစ်ချိန်တုန်းက ပေါများခဲ့သော ကျားတွေ ၊ ဆင်တွေဆိုတာ အဝေးကြီးသို့ ပြေးကြပြီ ။ စားစရာပေါသော တောတွေ တောင်တွေ ဆီသို့ ပြောင်းရွှေ့ကုန်ကြ ပြီ ။ သို့သော် ခုတစ်လောမှာ ကလိုထူး နှင့် သူငယ်ချင်းတွေက ငှက်ပျောတောနှင့် ပြောင်းခင်းအစပ်မှာ ကျင်းကြီး တစ်ကျင်း တူးကြသည် ။ ဆယ်ပေလောက် နက်သည့် ကျင်းကြီးထဲမှာ ဝါးချွန်တွေ ထောင်ကြသည် ။ ကျင်းကြီး၏ အပေါ်မှာ ဝါးကပ်ကျဲကျဲ ပိတ်ပြီး မြေမှုန့်တွေ ၊ သစ်ရွက်ခြောက်တွေ ခင်းထားတာ မြင်ရသည် ။ သူတို့တစ်တွေ ဘာအကြံနှင့် လုပ်နေကြတာမှန်း နော်စေးဖော မသိ ။ ကလိုထူး က နော်စေးဖော ကိုလည်း ဘာမှမပြော ။ သို့သော် အရေးတကြီး မှာထားတာတော့ ရှိသည် ။
••••• ••••• •••••
နော်စေးဖောမှာ အချိန်တွေ ပိုနေသည် ။ ကလိုထူးတို့ ပြန်ရောက်မည် ဆိုလျှင်တောင် ညမိုးချုပ်မှ ရောက်လိမ့်မည် ။ ဒီခရီးနှင့် ဒီခရီး အကွာအဝေးကို နော်စေးဖော တွက်တတ်နေပါပြီ ။ သို့ဖြစ်၍ အိပ်ပျော်နေသော သမီးကလေးကို လွယ်ရင်းနှင့် ပြောင်းခင်း အစပ်ဆီ ရောက်လာခဲ့သည် ။ ပြောင်းခင်း၏ ဘယ်ဘက်ဆီတွင် တောင်ကုန်းကလေး ရှိသည် ။ ပေငါးရာလောက် မြင့်လိမ့်မည် ။ သစ်ကြီးဝါးကြီး မရှိ ၊ ချုံပုတ်ကလေးတွေသာ ဟိုမှာတစ်ကွက် ဒီမှာတစ်ကွက် ရှိပြီး ဒက်ပေါက်နေသော ဘုန်းကြီးကျောင်းသား၏ ခေါင်းနှင့် အလွန် တူလေသည် ။ ထို တောင်ကုန်းလေးသည် တောင်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားကာ သက်ငယ်ပင်တွေ ၊ အင်ပင်ပေါက်တွေ ၊ ဝါးရုံတွေရှိသော မြောင်းကလေး အဖြစ် ပုံစံပြောင်းသွားသည် ။ မြောင်ကလေးနှင့် ဆက်သွားသည် ။
မြောင်ကလေး ထဲတွင် စမ်းပေါက်ကလေးရှိသည် ။ တပေါင်းတန်ခူးလများ ရောက်လျှင်တော့ ရေထွက်မ ကောင်းတော့ဘဲ ခန်းတော့မယောင် ဖြစ်သွားတတ်သည် ။ သို့သော် အမြဲလိုလို ရေဓာတ်အစိုဓာတ် ရှိ၍ ဂုံမင်း ၊ ဇရစ် ၊ ဖလံတောင်ဝှေး စသည့် အပင်တွေ ပေါက်တတ်သည် ။ ပြီးတော့ တောသဖန်းပင်ကြီးလည်း ရှိသည် ။ အသီးမှည့် များကို တောကောင်တွေ စားပြီး သဖန်းသီး အစိမ်းများကို တော့ နော်စေးဖောတို့ တဲစုက အိမ်ရှင်မတွေ ခူးကာ ဝါးကျည်တောက်ထဲ ထည့်ပြီး ဆားရည်စိမ်ကြသည် ။ ငါးပိ ရည်နှင့် အလွန် လိုက်ဖက်သော အတို့အမြှုပ် တစ်ခုဖြစ် သည် ။
နော်စေးဖောသည် ယာခင်းစပ်ကလေးမှာ ရပ်ပြီး တို့စရာ တစ်ခုခု ခူးရန် စဉ်းစားနေသည် ။ လူတစ်ရပ်ခန့် ချုံပင်တွေ ကြားထဲ တိုးဝင်ရန်မှာ ကလေးတစ်ဖက်နှင့် တော့ မလွယ် ။ တစ်နှစ် မပြည့်တတ်သေးသော သမီးကလေးတို့ ဆူးခြစ်မိမှာ စိုးရသည် ။ ချုံကိုင်းနှင့် ငြိမှာ ကြောက်သည် ။ သမီးကလေးကလည်း အိပ်ပျော်နေပြီ ။ သို့ဖြစ်၍ လွယ်ထားသော ပိတ်စကလေးကို ကွင်းလုပ်၍ မြယာပင်ပေါက်၏ ကိုင်းမှာ အသာ ချိတ်ထားခဲ့ပြီး ချုံစပ်ထဲ ဝင်လာခဲ့သည် ။ သမီးကလေးကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ ရှိသည် ။ မြေပြင်နှင့် တစ်တောင်ခန့်သာ မြင့်သဖြင့် ပြုတ်ကျမှာ ကိုလည်း စိုးရိမ်ရန်မရှိ ။ ပြီးတော့ တို့စရာ ဝင်ခူးမှာကလည်း အကြာကြီး မဟုတ် ။
••••• ••••• •••••
လက်ထဲမှာ ဖလံတောင်ဝှေး ဆယ်ချောင်းခန့် ချိုးအပြီးမှာ ရှေ့လက်တစ်လံခန့် ဖက်သွတ်တွေကြားမှာ ထိပ်ဖူးညိုညို ကလေးတွေနှင့် မှိုတစ်မြုံကို လှမ်းတွေ့ လိုက်ရသည် ။ နော်စေးဖောသည် ဝမ်းသာစိတ်ကြောင့် ရင်တွေ တဒိတ်ဒိတ် ခုန်နေသည် ။ မှိုသည် ဆန်ကော တစ်ချပ်စာ မဟုတ် ၊ ဖျာတစ်ခင်းစာ မက ၊ ကြည့်လေရာရာမှာ မှိုတွေ မှိုတွေ ။ မိမိ တစ်ယောက်တည်း ရှိမှန်း သိသာပေမယ့် တခြားသူ လာပြီး လုယူမည့်အလား တွေ့ သမျှ မှိုတွေကို နုတ်၏ ။ လက်မှာ မဆံ့တော့ မြေပြင်မှာပင် ပုံ၍ပုံ၍ထားသည် ။
ကလိုထူးက မှိုဟင်း အလွန်ကြိုက်သည် ။ သို့ဖြစ်၍ မှိုဟင်းချက်ကလေးနှင့် ပိန်းဥစေးစေးကလေးကို အရည် သောက်ကလေး ချက်ပြီး ငရုတ်သီးစပ်စပ် ငါးပိရည်ဖျော်ကလေးကိုသာ စားလိုက်ရလျှင် ၊ ဝမ်းသာအားရ မှိုနှုတ် နေချိန်မှာပင် ‘ ထိုင်း ... ထိုင်း ... ထိုင်း ... ထိုင်း ... ’ ဟူသော ပေါက်ကွဲသံတွေကို ကြားလိုက်ရပြီး ဝါးခေါက်သံ ဟေး ဟေး ဟူး ဟူး အော်သံတွေပါ ဆူညံနေတာ ဆက်၍ ဆက်၍ ကြားရသည် ။
တောင်လေအဝှေ့တွင် မီးခိုးနံ့တွေ လှိုင်၍နေသည် ။ ခူးလက်စ မှိုတွေ လွတ်ကျသည် ။ ဖျတ်ခနဲ မတ်တတ်ရပ်ပြီး ထမီကို တင်းတင်းပြင်ဝတ်သည် ။ ထိုအချိန်မှာပင် မြေပြင် သိမ့်သိမ့်တုန်သွားသည် ။ ချုံနွယ်တွေ သစ်ပင် ဝါးပင်တွေ တဖျောင်းဖျောင်း တဖျစ်ဖျစ် ကျိုးကြေသံတွေ ကြားလိုက်ရပြီး မြောင်ကလေး၏ ဟိုမှာဘက်ကနေ ယာခင်းအစပ်ဆီ တဝေါဝေါ တောတိုး ပြေးလွှားသံတွေ ကပ်၍ပါလာသည် ။
တထိန်းထိန်း အသံတွေက သေနတ်သံတွေ မဟုတ် ၊ ဗုံးပေါက်သံတွေ မဟုတ် ။ မီးပုံကြီး ဖို၍ အဆစ်ပိတ် ဝါးစိမ်းတွေကို ထည့်၍ တောခြောက်သံတွေသာ ဖြစ်သည် ။ တဟေးဟေး တဟူးဟူး အော်သံတွေသည် ယာခင်းရှင်တွေက အော်သည့် အသံတွေ ဖြစ်သည် ။ ဧကန္တ ပြောင်းခင်း ၊ ဖရုံခင်း စသည့် ယာတွေကို ဝင်စားသည့် တောဆင်ရိုင်းတွေကို ခြောက်လှန့်မောင်းထုတ်သံတွေ ဖြစ်ပြီး တောကြီး သိမ့်သိမ့်တုန်အောင် ၊ တောင်ကြီးပဲ့တင် ဟီးအောင် မြည်သံတွေက တောဆင်ရိုင်းတွေရဲ့ ပြေးလွှားသံတွေပဲဖြစ်ကြောင်း တော၏ သမီးပျို နော်စေးဖော သိလိုက်ပါပြီ ။
••••• ••••• •••••
နော်စေးဖောသည် ရှေ့ကနေ ကာနေ ၊ ကွယ်နေ ၊ တားဆီး နေသော ချုံပင်ချုံကိုင်းတွေကို အမှုမထား ဆူးခက်တွေ နွယ်ပင်တွေကို ဂရုမစိုက် ။ ကမူချိုင့်ဝှမ်း သစ်ငုတ်တွေကို အမှု မထားဘဲ အားသွန်၍ ပြေးသည် ။ ရှေ့တွင် ကာဆီးနေသော ချုံကိုင်းတွေက မျက်နှာကို ၊ ကိုယ်ကို ၊ လက်ကို ရိုက်ခတ်သည် ။ ဟန့်တားသည်ကို အရေးမထားဘဲ အားနှင့်အင်နှင့် ပြေးသည် ။ ချိုင့်ဝှမ်းကို လွှား၍ ကျော်သည် ။ သူ့စိတ်ထဲမှာ နာသည် မရှိ ကျင်သည် မရှိ ။ ဘာပဲဖြစ်ဖြစ် သူ အမှုမထား ။ သူ့အာရုံက မြရာပင်ကိုင်းကလေးမှာ ချိတ်ထားသော သမီးကလေး …… သမီးကလေး ဆီသို့ ။
မြင်ရသော မြင်ကွင်းကို နော်စေးဖော မယုံနိုင် ။ အံ့အားကြီးသင့်ပြီး ကြည့်နေမိသည်မှာ ကျောက်ရုပ်ပမာ သို့ ။ သမီးကလေးသည် ဘယ်တုန်းက နိုး၍ လှုပ်ရင်း ရှားရင်း မြေပြင်ပေါ်သို့ ကျနေသည်မသိ ။ ငုတ်တုတ်ကလေး ထိုင်ပြီး လက်နှစ်ဖက်ကို ဝှေ့ရမ်းပြီး တစ်ခစ်ခစ် ရယ်နေသည် ။ သမီးကလေး၏ ဘေးမှာတော့ ဆင်မကြီး တစ်ကောင်က တွေတွေကြီး ရပ်၍ တကျည်ကျည် တကျာကျာ အော်ရင်း နှာမောင်းကြီးကို မြှောက်ထားသည် ။ ဆင်မကြီးနားမှာ ဆင်ပေါက်စလေးတစ်ကောင်က ဆင်မကြီး၏ နို့ကို စို့လိုက် သမီးကလေး လက်ကို သူ့ နှာမောင်းကလေးနှင့် တို့ထိလိုက်နှင့် ဆော့ကစား နေတာ မြင်လိုက်ရသည် ။
ဆင် ငါးကောင် ခြောက်ကောင်က ဆင်မကြီး၏ ဘေးမှာ ဝိုင်းထားရင်း ခွာတရှပ်ရှပ်နှင့် ရှိနေသည် ။ နော်စေးဖောသည် ဆင်ကို မကြောက်စတမ်း ပြေးလွှားသွားပြီး သမီးကလေးကို ဝင်၍ ပွေ့ချီကာ တရှိုက်မက်မက် နမ်းလိုက်သည် ။ ပြီးတော့ လွတ်ထွက်သွားတော့မည့်အလား ရင်ခွင်ထဲ ထည့်၍ တအား ဖက်ထားသည် ။
ထိုစဉ်မှာပင် မြောင်ကလေး၏ အောက်ဘက်မှ ၊ တချို့ တောင်ကုန်း၏ ဘေးဘက်မှ ၊ တချို့ ညာသံပေး၍ အော်ဟစ် ပြေးလာနေသော လူအုပ်ကြီးကို မြင်ရသည် ။
အလို ... ပြေးတက်လာသော လူအုပ်ကြီး၏ ရှေ့မှာ ပိဿာစီး လှံတံကြီးကို မြှောက်ကာမြှောက်ကာ ပြေးလာနေသူ ကလိုထူး မဟုတ်လား ။ ဘယ်အချိန်က ပြန်ရောက်နေ၍ လူအုပ်ကြီးနှင့် အတူ ဆင်ရိုင်းတွေကို ခြောက်လှန့် မောင်းနှင်နေတာပါလိမ့် ။ နော်စေးဖောသည် သမီးကလေးကို ရင်ခွင်ထဲမှာ တင်းတင်းကြီး ပိုက်၍ မှင်တက်မိသူပမာ မလှုပ်မရှား ငြိမ်သက်၍ နေသည် ။
“ စေးဖော ... စေးဖော .. လာခဲ့ လာခဲ့ ... ဒီဘက်ကို လာခဲ့ ။ နင် ရပ်နေတဲ့ လမ်းကို ဖွင့်ပေးလိုက် ဖယ်ပေးလိုက် ။ ဆင်တွေ အဲဒီလမ်းအတိုင်း ပြေးပါစေ ။ ဟေ့ကောင်တွေ လာကြ လာကြ အော်ကြကွ ၊ ဟစ်ကြကွ ၊ ဆင်တွေကို ခြောက်ကြကွ ”
နော်စေးဖောသည် ဆင်မကြီးကို တစ်လှည့် ဆင်ကလေးကို တစ်လှည့် ကြည့်ပြီး စဉ်းစားနေသည် ။
“ စေးဖော ... မြန်မြန်လာခဲ့ မြန်မြန်လာခဲ့ ”
ကလိုထူး ၏ အော်သံက တောင်စဉ်တောင်တန်းတွေကို သိမ့်သိမ့်တုန်အောင် ဟိန်း၍ ထွက်ပေါ်လာနေသည် ။
••••• ••••• •••••
ဆင်မကြီးသည် နှာမောင်းကို မြှောက်၍ လေထဲက ခွာနံ့ကိုခံရင်း ငြိမ်နေသည် ။ ရင်ဘတ် အောက်မှာတော့ ဆင်ကလေးက ထိုးဝှေ့ ဆော့ကစားနေသည် ။ လူအုပ်ကြီး၏ ဝါးကလတက် ခေါက်သံ အော်သံတွေက ပို၍ပို၍ ဆူညံနေသည် ။
နော်စေးဖောသည် သတိတစ်ချက် ဝင်လာသည် ။ သူ ရပ်နေတာက ပြောင်းခင်းနှင့် ငှက်ပျောတော၏ အစပ်မှာ ။ ထိုငှက်ပျောတောနှင့် ပြောင်းခင်း၏ ကြားကနေ တက်သွားလျှင် ပြေလျောသော ခင်တန်းကို ရောက်မည် ။ ထိုမှတစ်ဆင့် ဆက်သွားလျှင် တောင်ကုန်းကို ကျော်ဖြတ်ပြီး တောင်၏ အခြားတစ်ဖက်သို့ သွားလည့်လမ်း ။ ထိုလမ်း၏ တစ်နေရာတွင် ကလိုထူးနှင့် သူ၏ သူငယ်ချင်းတွေ တူးထားသော ကျင်းကြီး ရှိသည် ။ ကျင်းထဲမှာတော့ ထက်မြချွန်ရှသော ဝါးချွန်တွေရှိသည် ။ ကျင်းကြီး ရှိမှန်း မည်သူမှ မသိရအောင် မြေမှုန်တွေ ၊ သစ်ရွက်ခြောက်တွေ ခင်းထားသည် ။ လွန်ခဲ့သည့် လေးငါးရက်က ဤလမ်းကို မလျှောက်ရန် ၊ မသွားရန် ကလိုထူး က မိမိကို သတိပေးထားသည် ။
နော်စေးဖော နားလည်လိုက်ပါပြီ ။ တောတွေ ပြုန်းနေပြီ ။ တောင်တွေ ကတုံး ဖြစ်နေပြီ ။ ဆင်တွေ အစာရှာရ ခက်နေကြပြီ ။ သည်တော့ လူတွေ၏ စိုက်ခင်းယာခင်း တွေဆီ လာ၍ စားကြပြီ ။ ဒါကို လူတွေက သူတို့၏ အကျိုးစီးပွားကို ဖျက်သည် ဆိုပြီး ဆင်တွေကို သ,တ်ကြသည် ။ အငြိုးကြီးကြီး ထားကြသည် ။ ဆင်တွေ ဘက်ကတော့ မစဉ်းစားကြ ။
တောတွေပြုန်း၍ တောင်တွေ ကတုံးဖြစ်တာ ဆင်တွေကြောင့်လား ၊ လူတွေကြောင့်လား စဉ်းစားသင့်ကြပြီ ။ နော်စေးဖောသည် သံတောင်ကြီး အထကတွင် တက္ကသိုလ် ဝင်တန်းအထိ ကျောင်းနေခဲ့ဖူးသူ ဖြစ်သည် ။
သဘာဝ သစ်တောများ ထိန်းသိမ်းရေး စိမ်းလန်းစို ပြည်ရေး အတွက် လာရောက် ဟောပြောပွဲများကို နား ထောင်ခဲ့ဖူးသည် ။ သို့ဖြစ်ရာ သမီးကလေးကို ချီပိုးရင်း ဆင်မကြီး အနားသို့ ကပ်လာခဲ့သည် ။ ဆင်မကြီးက နော်စေးဖောကို နှာမောင်းဖြင့် ပွတ်သပ်၍ ကြိုသည် ။ ဆင် ကလေးက နော်စေးဖော၏ ခါးကို နှာမောင်းကလေးဖြင့် တို့သည် ။
ရွာသားတွေ မရှိသည့် ဘက် ၊ လမ်းမကောင်းသည့် ဘက် ၊ ဘေးအန္တရာယ် ကင်းသည့်ဘက်သို့ လက်ညှိုးညွန် ကာ သွား ... သွား ... သွား .. ဟု ပြောသည် ။ ဆင်မကြီး ဦးခေါင်းကို ယမ်း၍ နော်စေးဖော ရပ်နေခဲ့သည့် နေရာဆီ ဦးလှည့်သည် ။ ရွာသားတွေ၏ တောခြောက်သံက ပို၍ ပို၍ညံလာသည် ။ နီးလာသည် ။
နော်စေးဖောသည် သူ ရပ်နေသည့် လမ်းက လုံးဝ ဖယ်မပေး ။ တခြားလမ်းသို့ သွားဟု အသံကုန်အော်သည် ။ ဆင်မကြီးက တဖြည်းဖြည်း နော်စေးဖော ဆီ တိုးလာပြီ ။ နှာမောင်းကြီးမြှောက်၍ ကျည်ခနဲ ကျည်ခနဲ စူးစူးရှရှ မြည်သည် ။ နော်စေးဖောသည် အသည်းတွေ အူတွေ ပြောင်းဆန်အောင် ကြောက်နေသည် ။ သို့သော် သူ ဖယ်မပေး ။ တောခြောက်သည့် လူတွေရန်က လွတ်အောင် ဆင်အုပ်ကြီး ပြေးလာစဉ်က ထိုဆင်မကြီးသည် သမီးကလေး၏ ဘေးမှာ ရပ်ပြီး ဆင်နင်းမည့် ဘေးက ကာကွယ် ပေးထားခဲ့တာ သူ့မျက်မြင် ဖြစ်သည် ။
သို့အတွက် နော်စေးဖောသည် ဆင်မကြီး၏ နားရွက်ကို ကပ်၍ “ ဒီလမ်းကို မလာနဲ့ မလာနဲ့ ၊ ဟိုဘက်လမ်းက မြန်မြန်သွား ” ဟု အော်သည် ။ ထိုစဉ်မှာပင် “ စေးဖော ဘာလုပ် နေတာလဲ လာခဲ့ လာခဲ့ ၊ အဲဒီလမ်းက သွားပါစေ သွားပါစေ ” ဟု ကလိုထူး က လှမ်းအော်ရင်း လှံကြီးကို မြှောက်၍ ပြေးလာနေသည် ။
ထိုစဉ်မှာပင် ဆင်အုပ်ကြီး၏ ခေါင်းဆောင် ဖြစ်သည့် ဆင်မကြီးက ‘ ကျည် ’ ခနဲ အသံအကျယ်ဆုံး အော်ပြီး နော်စေးဖော ညွှန်ပြသော လမ်းဆီ ပြေးသည် ။ ဆင်ကလေး က သူ့နောက်က လိုက်သည် ။ သူတို့ နောက်က ဆင်အုပ်ကြီး ပြေး၍ လိုက်သည် ။ သူတို့၏ ခြေသံတွေက တောလုံးညံ၏ ။ တောင်အလုံး သိမ့်သိမ့်တုန် နေသည် ။
တဖြည်းဖြည်း ဝေး၍ဝေး၍ သွားသော ဆင်အုပ်ကြီးကို ကြည့်ပြီး နော်စေးဖော မျက်ရည်တွေတွေ ကျနေသည် ။ ပြီးတော့ သမီးကလေးကို တင်းတင်းဖက်ရင်း ရှိုက်ကြီးတငင် ငိုချလိုက်တော့သည် ။
အနားသို့ ရောက်လာသော ကလိုထူးသည် နော်စေးဖောကို နားမလည်သလို တစ်ချက် ကြည့်ပြီး လှံကြီးကို မြေပြင်ပေါ်သို့ အားနှင့် ထိုးစိုက်ချလိုက်သည် ။
နေဝင်တော့မည် ဖြစ်၍ ဆည်းဆာသည် တဖြည်း ဖြည်း မှုန်၍မှိုင်း၍ လာသည် ။ ဆောင်းဦးပေါက် ရာသီပေ မို့ တောင်ခိုးနှင့် နှင်းငွေ့ တို့က တောင်စွယ်တောင်တန်းကြီးတွေအပေါ် အိ၍အိ၍ ကျလာနေသည် ။ မကြာခင် ပိန်းပိတ်အောင် မှောင်ချေတော့မည် ။ ။
⎕ မောင်ခြိမ့်
📖Faces မဂ္ဂဇင်း
၂၀၁၅ ၊ ဇန်နဝါရီလ
No comments:
Post a Comment