❝ အနိုင်အရှုံး ပုစ္ဆာ ❞
( ဦးဆွေ - ဒဿနိက )
၁ ။
အဲဒီနေ့ မနက်က ဆိုင်ကို အစောကြီး ရောက်လာတာက ဒေါက်တာ နှစ်ယောက်ပဲ ။ ဆိုင်ပေါက်ဝ ရောက်တာနဲ့ မောင်ရွှေ အဖျော်ဆရာဆီကို လှမ်းအော်လိုက်တယ် “ ဒေါက် တူး ” ။
ဒါဆို ပုံမှန်သောက်နေကျ ဒေါက်တာ ဌေးမောင်နဲ့ ဒေါက်တာ စိုးဝင်းတို့ ရောက်လာပြီ ဆိုတာ အဖျော်ဆရာက သိပြီးသား ။ မောင်ရွှေက စားပွဲကို သုတ်ပေး ၊ လက်ဖက်ရည်အကြမ်း ပန်းကန်တွေကို ချပေး လုပ်နေလိုက်တယ် ။ သူတို့ ထိုင်တဲ့ဝိုင်းမှာ အကျင့်က တစ်မျိုး ၊ ဒီဆရာဝန်နှစ်ယောက်က လက်ဖက်ရည်ကို အရင် သောက်ပြီးမှ ကျန်တဲ့မုန့် မှာစားတာ ၊ ပြောင်းပြန် ။ သူတို့ ပုံမှန် ထိုင်နေကျထဲက ကျန်တဲ့ သူတွေကတော့ အဲလို မဟုတ်ဘူး ။ အသားညိုညို စကားသွက်သွက်နဲ့ ရုံပိုင်ကြီး ကိုရဲလွင်က မုန့်တီသုပ်တို့ ၊ ထမင်းကြော်တို့ အရင် မှာစားပြီးမှ လက်ဖက်ရည် မှာတာ ။ အသားဖြူဖြူ အရပ်ခပ်ပျပ်ပျပ်နဲ့ ပြုံးချိုချို မျက်နှာပေးရှိတဲ့ တရားသူကြီးဦးအုန်းမြင့် ကျတော့တစ်မျိုး ။ ဆိုင်ရောက်တာနဲ့ မုန့်ဟင်းခါး ဘူးသီးကြော်ပဲ ၊ ပြီးမှ လက်ဖက်ရည် ပုံမှန်သောက်တယ် ။ ကိုရွှေက ဒီဆိုင်မှာ စားပွဲထိုးခေါင်းဆောင် ဆိုတော့ သူ့ဆိုင် လာတဲ့ ဖောက်သည် အားလုံးရဲ့ စရိုက်လေးတွေကို သိထားတယ် ။ ပြီးတော့ ဒီဆရာတွေ ဝိုင်းကို ကိုရွှေက ဘေးက မယောင်မလည်နဲ့ နားထောင်လေ့ရှိတယ် ။ စာပေအကြောင်းတွေ ၊ နိုင်ငံရေးအကြောင်းတွေ ၊ ဘောလုံး အကြောင်းတွေကို တစ်ယောက် အမြင် တစ်မျိုးနဲ့ ပြောကြတာ နားထောင်လို့ အင်မတန် အရသာရှိတာကလား ။
ဟိုဆရာဝန် နှစ်ယောက်ကို လက်ဖက်ရည်ခွက် ချပေးပြီးလို့ မကြာပါဘူး ရုံပိုင်ကြီး ရောက်လာတာပဲ ။ ကိုရွှေ ကို လှမ်းကြည့်တော့ ကိုရွှေ က ခေါင်းညိတ်ပြလိုက်တယ် ။
“ ထမင်းကြော်တစ်ပွဲ ရုံပိုင်ကြီး စားမယ် ” လို့လည်း အော်လိုက်တယ် ။ ဒါဆို သိပြီ ။ ထမင်းကြော်နဲ့ မတ်ပဲကြော်နဲ့ ချရမယ် ဆိုတာ ။ ကိုရွှေ သူတို့ ဝိုင်းနား မယောင်မလည် ကပ်သွားတယ် ။
“ ဘယ်လိုလဲ ညက ကြည့်လိုက်တယ် မဟုတ်လား ၊ ကလေးတွေ တော်လိုက်တာ ဗျာ ။ ကျော်ဇင်ဖြိုး ဆိုတဲ့ ကလေးလက်ကို ရွှေချထားဖို့ ကောင်းတယ် ”
“ ဟုတ်တယ် ရုံပိုင်ကြီးရ ၊ ဒီကလေး ကယ်သွားတာ မနည်းဘူး ။ ဒိုင်ကလည်းဗျာ ပယ်နယ်တီ နှစ်လုံးကို ဆက် တိုက် ပေးသွားရတယ်လို့ ”
“ ဟေ့လူတွေ မှားနေပြီ ၊ အဲဒါ အရန်ဂိုးသမားလေဗျာ ကျော်ဇင်ဖြိုး မဟုတ်ဘူးဗျ ”
ဒေါက်တာစိုးဝင်းက ငြိမ်နားထောင်နေရင်းက ဝင်ပြောတယ် ။
“ အဲ ဟုတ်သားပဲ ၊ ကျွန် တော်က စွဲနေလို့ဗျို့”
အဲဒီအချိန်မှာ တရားသူကြီး ဝင်လာတာပဲ ။
“ စောလှချည့်လားဗျ ၊ ဘာလဲ U-23 အကြောင်းနဲ့ စဖွင့်နေတာလား ” လို့ ထိုင်ထိုင်ချင်း လှမ်းမေးလိုက်တယ် ။ သူနဲ့ ပါလာတဲ့သူက ကိုရွှေတို့ ရပ်ကွက်ထဲက ကိုလှမောင် ။ အီလက်ထရောနစ်ပစ္စည်းဆိုင်က လူ ။
“ ဟေ့ မြီးရှည် ရတယ် မဟုတ်လား ၊ တစ်ပွဲပေး ” လို့ ကိုရွှေကို လှမ်းမှာတယ် ။ တရားသူကြီးကတော့ ထုံးစံ အတိုင်းပေါ့ ။ ကိုလှမောင် ဒီဝိုင်းရောက်လာတာကို ဆရာဝန် နှစ်ယောက်ကတော့ သိပ်ကြည်ပုံ မရဘူး ။ ဒါပေမဲ့ ယဉ်ကျေးမှုအရတော့ ပြုံးပြလိုက်ကြတာ တွေ့တယ် ။
“ ဘာပဲပြောပြော ဖိုင်နယ်တက်သွားတဲ့အထိ ရှုံးပွဲမရှိ ဆိုတာရယ် ၊ ကလေးတွေ အားကြိုးမာန်တက် ကန်တာ ကိုတော့ သဘောကျတယ်ဗျ ”
“ ဒါပေမဲ့ ဖိုင်နယ်မှာ ထိုင်းနဲ့တွေ့မှာနော ” လို့ ရုံပိုင်ကြီးစကားကို ကိုလှမောင်က ထောက်လိုက်တယ် ။ တရား သူကြီးက ခဏစဉ်းစားသလို လုပ်နေရင်းက -
“ ထိုင်းနဲ့ တွေ့ဖို့ကတော့ သေချာသလောက်ပဲလေ ။ ထိုင်းခြေကလည်း ကောင်း တယ် ၊ နည်းစနစ်ပိုင်းလည်း ကောင်းပါတယ် ” လို့ ချိန်ချိန် ဆဆပြောသည် ။
ရုံပိုင်ကြီးနဲ့ ဆရာဝန် ကိုဌေးမောင်က -
“ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကလေးတွေလည်း မညံ့ပါဘူးဗျ ။ ကျုပ်တို့ကတော့ ကိုယ့်မြန်မာပဲ အားပေးရမှာပဲ ”
ဒေါက်တာစိုးဝင်းကတော့ အေးအေးလေးနဲ့ ဝင်ပြောပါတယ် ။
“ အေးလေ ထိုင်းနဲ့ ကမ္ဘောဒီးယားပွဲ အဖြေ ကြည့် ရဦးမှာပဲ ”
“ ကမ္ဘောဒီးယား လောက်တော့ ထိုင်းက ဂိုးပြတ်နဲ့ နိုင်မှာ သေချာပါတယ် ဒေါက်တာရယ် ” လို့ ကိုလှမောင်က ပြန်နှက်တယ် ။
နားထောင်နေတဲ့ ကိုရွှေ ကိုယ်တိုင်ကလည်း ထိုင်း ဘယ်လောက်ကောင်းကောင်း ကိုယ့်မြန်မာဘက်ကိုပဲ အားပေးချင်သူ မဟုတ်လား ။
“ ကျွန်တော်တို့ မြန်မာက ဖိုင်နယ်က စောင့်နေပြီးသားပဲလေ ။ ဘယ်သူတက်တက်ပေါ့ ၊ ဟုတ်ဘူးလား ဆရာတို့ ” လို့ မနေနိုင်မထိုင်နိုင် ဝင်ပြောမိသွားတယ် ။
သူတို့ဘက်က စစ်ကူ စကားမို့လားမသိ ဒေါက်တာ ဌေးမောင်က ကိုရွှေ့ကို လက် ညှိုးထိုးပြီး ပြုံးပြုံးကြီး ။ ကိုလှမောင် ကတော့ မျက်စောင်းစူးစူး တစ်ချက်ထိုးကြည့်လိုက်သေးတယ် ။
••••• ••••• •••••
၂ ။
ကိုရွှေ ကိုလှမောင် အကြောင်း စဉ်းစားနေတယ် ။ လူက အသားဖြူဖြူ ၊ လူပုံနွဲ့နွဲ့ မိဘလက်ထက်ကတည်းက ချမ်းသာလာသလားတော့ မသိဘူး ။ ဆီစက်တစ်လုံးကလည်း ရှိသေး ၊ အီလက်ထရောနစ်ဆိုင်နဲ့ ဆိုတော့ ကိုရွှေ တို့ ရပ်ကွက်ထဲက ခေါင်ထဲမှာပါတယ် ။ သူ့သမီး အလတ် တစ်ယောက်က ရှေ့နေမို့ တရားသူကြီးနဲ့ တွဲပါလာတာ ဖြစ်ပုံရတယ် ။
လူက ငွေရှိတော့ ပြောတာဆိုတာကအစ နည်းနည်း မောက်မာသလိုလေ ။ ဟို ဆရာဝန်နှစ်ယောက်နဲ့ သိပ် မကြည်တာလည်း မပြောနဲ့ ။ ဟိုနှစ်ယောက်က အစိုးရ ဆရာဝန်ကို မလုပ်ဘူး ။ သူတို့ ကိုယ်ပိုင်ဆေးခန်းနဲ့ သူတို့ ။ ဆင်းရဲနွမ်းပါးတဲ့သူ ဆိုရင် ဇီဝိတဒါန လုပ်သေးတာ ။ ကိုလှမောင်နဲ့ ဘယ်ချက်တစ်ချက်မှာ သွားငြိမယ်မှန်းတော့ ကိုရွှေ မသိဘူး ။
“ ဟေ့ကောင်လေး ငါ ခေါ်နေတာ ကြာပြီ ၊ ကြောင်ကြောင်ကြီး ရပ်ပြီး ဘာတွေ စဉ်းစားနေတုံးဟ ၊ ကောင်လေး မရိုးတော့ဘူးနော် ဟဲ ဟဲ ”
ဘယ်သူ ရှိရမလဲ ကိုရွှေတို့က ဆရာစိုးလို့ ခေါ်တဲ့ ဦးစိုးလှိုင်ကြီး ၊ လူပျော်လူနောက်ကြီးပါ ။ တစ်လမ်းလုံး တစ် ရပ်ကွက်လုံးနဲ့ သူ မသိတဲ့သူ လည်း မရှိဘူး ၊ အဆင်မပြေ တဲ့သူလည်း မရှိဘူး ။ သူ ငယ်ငယ်တုန်းက တွဲဖက် ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာ လုပ်ခဲ့ဖူးတယ်လို့ ပြောသံ ကြားတာပဲ ။ ကိုရွှေ တို့လည်း သူများခေါ်သလို ဆရာစိုး လို့ပဲ လိုက်ခေါ်ကြတာပါ ။
“ လုပ်ပါဦးဟ ပုံမှန်လေးနဲ့ ပဲပလာတာနဲ့ ”
“ ဟုတ် ဟုတ်ကဲ့ဆရာစိုး ”
“ ဟေ့ ဆရာစိုးဟေ့ ၊ ပဲ တစ်ပွဲပါတယ် ”
ဆရာစိုးကို တစ်လှည့် ၊ အဖျော်ဆရာ ဘက်ဆီကို တစ်လှည့် အော်လိုက်တယ် ။
တစ်ဆက်တည်း မရှင်းရသေးတဲ့ စားပွဲပေါ်က ပန်းကန်ခွက်ယောက်တွေ ရှင်းဖို့လည်း ပြောလိုက်ရသေးတယ် ။ စောစောက ရုံပိုင်ကြီးတို့ ဝိုင်းလေ ။
“ ဘယ်သူ့ဝိုင်းလဲကွ တန်တော့ ဒေါက်တာဌေးမောင်တို့ ဝိုင်းပဲဖြစ်မယ် ။ ငါ လမ်းထိပ်မှာ တွေ့ခဲ့သေးသကွ ”
“ ဟုတ်တယ် ဆရာစိုး ၊ ဘောလုံးပွဲအကြောင်း ပြောရင်း ထ,သွားကြတာ ။ ဆရာစိုး နောက်ကျနေတာကိုး ”
“ အေး ဟုတ်တယ်ကွ ၊ မင်းတို့လမ်းထဲကပဲ ကိုမြင့် ကြည် နေမကောင်းလို့ ဝင် မေးနေတာနဲ့ ”
စားပွဲထိုးလေး လာချပေးတဲ့ လက်ဖက်ရည်ကို ယူပြီး ကိုရွှေ ချပေးလိုက်ပါတယ် ။
“ နေဦးကွ ၊ U - 23 အကြောင်းလား ၊ တို့မြန်မာကလေးတွေ ဖိုင်နယ် တက် သွားပြီလေ ၊ နေဦး ဒီနေ့ ထိုင်း နဲ့ ကမ္ဘောဒီးယား မင်းတို့ ဆိုင်မှာ ပြမှာ မဟုတ်လား ”
“ ပြမှာပေါ့ ဆရာစိုးရ အချိန်ကောင်းပဲဥစ္စာ ”
ကိုရွှေနဲ့ ဆရာစိုး စကား ကောင်းနေတုန်းမှာပဲ ကောင် လေးတစ်ယောက် ရောက်လာတယ် ။
“ ကိုလှမောင်က ဆရာစိုး အပြန်ကျ သူ့အိမ် ဝင်ပါဦး တဲ့ ၊ အဲဒါ ပြောခိုင်းလိုက်လို့ ” လို့ လာပြောတယ် ။
ဆရာစိုးက သိပ်အလေးအနက်တော့ ထားဟန် မတူပါဘူး ။ “ အေး .. အေး ” လို့ပဲ ပြီးစလွယ် ပြန်ပြောလိုက်တယ် ။ သူ့ ပြောင်နေတဲ့ နဖူးကို လက်ကိုင်ပဝါနဲ့ ထုတ် ပွတ်နေတာပဲ ။ ဆရာစိုးက အခုတော့ ပင်စင်စားပါ ။ ဇနီးသည်ကလည်း မရှိတော့ အိမ်မှာ သမီးတွေနဲ့ နေတယ် ။ သမီးတွေကလည်း ပညာတတ် ၊ အလိမ္မာလေးတွေ ဆိုတော့ အိုကံ ကောင်းတယ်လို့ ဆိုရမှာပေါ့ ။ သမီးကြီးတစ်ယောက်က ဆေးမကုရတဲ့ ဒေါက်တာ တဲ့ ၊ တစ်ယောက်ကတော့ ဆေးကုရတဲ့ ဒေါက်တာဆိုလား ကိုရွှေလည်း ဂဃနဏ မသိပါဘူး ။ ကိုရွှေက ရှစ်တန်းလောက်အောင်နဲ့ ရွာက မြို့တက်လာတဲ့ဥစ္စာ ။ ဒါပေသိ ဆရာစိုးက ပရဟိတ လုပ်ငန်းတွေလုပ်တာ ၊ ရပ်ကွက်က သူ့ကိုချစ်တာ ၊ လေးစားတာတော့ သိတယ် ။
ဒီနေ့မှ ဆိုင်က လူပိုကျတယ် ။ ကိုရွှေက စားပွဲထိုး ခေါင်းဆောင်ဆိုတော့ ငွေက သူပဲ ရှင်းရတာ များတယ် ။ ဆရာစိုးနဲ့ ကြာကြာ စကား မပြောလိုက်ရပါဘူး ။
“ အစ်ကို နံပါတ် ၅ က ၂ဝဝ ပြန်မယ် ” လို့ ပြောတဲ့ စားပွဲထိုးကောင်လေးကို ကောင်တာက ငွေ ၂၀ဝ ပြန် အမ်းပေးတုန်း ဆရာစိုးက “ မောင်ရွှေရေ ရှင်းမယ်ဟေ့ ” ဆိုပြီး လှမ်းခေါ်တယ် ။
“ လာပြီ ဆရာ ”
“ အစက အေးဆေးဆေး ဆေး ထိုင်ဦးမလို့ကွ ၊ ကိုလှ မောင်က ဘာကိစ္စလည်း မသိ ခေါ်ခိုင်းနေလို့ ”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာစိုး ”
ဆရာစိုးလည်း ကိုလှမောင်တို့ တိုက်ဘက်ကို စိုက်စိုက်စိုက်စိုက်နဲ့ ထွက်သွားတော့တာပါပဲ ။
••••• ••••• •••••
၃ ။
အားလုံး ထင်ထားတဲ့ အတိုင်းပဲ ထိုင်းက ကမ္ဘောဒီးယားကို ငါးဂိုးပြတ် နိုင်လိုက်တယ် ။ တကယ့်ကို အပြတ်အသတ်ပါ ။
မြန်မာနဲ့ ထိုင်း ဖိုင်နယ် ကန်ရမယ့်နေ့ ရောက်လာပါပြီ ။ ကိုရွှေတို့ ဘောစိကလည်း ဘောလုံးဝါသနာအိုး ။ ဆိုင်ရှေ့မှာတောင် ကိုရွှေ့ကို စာရေးခိုင်းထားတာ ။ “ စိတ် တိုင်းကျကဖီး ။ ယနေ့ မြန်မာ နှင့်ထိုင်း ဗိုလ်လုပွဲ လာကြည့်မည့် ပရိသတ်များအား လက်ဖက်ရည် အခမဲ့တိုက်မည် ” ဆိုတဲ့ စာကိုပေါ့ ။
မနက်ကတည်းက ဆိုင်မှာ လူစုံနေကြပြီ ။ ဆရာဝန် စားပွဲမှာလည်း လူစုံတက်စုံ ရောက်နေပြီ ။ အဲဒီအချိန်မှာ နောက်ထပ် ရောက်လာတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်က ထ , အော်တယ် ။ လက်ခုပ်တောင် နှစ်ချက် သုံးချက် တီးလိုက်သေး ။ အရပ်ပုပု ဝဖိုင့်ဖိုင့် ထိပ်ပြောင်ပြောင်နဲ့ ပုဂ္ဂိုလ် ။ တခြားသူ ဟုတ်ရိုးလား ၊ ဆရာစိုး ပေါ့ ဆရာစိုး ။ သူ့ဘေးမှာ ကိုလှမောင်က မျက်နှာတည်နဲ့ ရပ်လို့ ။
“ ကဲ လက်ဖက်ရည်ဆိုင် ထဲက ပုဂ္ဂိုလ်များခင်ဗျာ ၊ ဒီနေ့ ကန်မယ့် ထိုင်းနဲ့ မြန်မာပွဲကို ကျွန်တော် ထိုင်းဘက်က တစ်ဂိုးကျော ပေးပါတယ်ဗျား ။ လောင်းချင်တယ်ဆိုရင်တော့ လက်ဖက်ရည်တစ်ခွက် ၊ ဗီးဂတ်စ်တစ်လိပ်က စပြီး လောင်းကြေး လက်ခံပါတယ် ။ ငွေရေးကြေးရေး ကတော့ ဟောဒီမှာ ကိုလှ မောင် ပါပြီးသားပဲ ၊ ခင်ဗျား တို့ သိကြတဲ့ အတိုင်းပါ ။ ဘောလုံးပွဲ မစမီ နာရီဝက် အထိ လာလောင်းနိုင်ပါတယ်ဗျ ဒါပါပဲ ” ဆိုပြီး ထိုင်ချသွားတယ် ။ ဒေါက်တာ ဌေးမောင် က မျက်နှာနီစပ်စပ် တန်းဖြစ်လာပြီး -
“ ဒီလူ ဆရာစိုး ဘာကြောင်တာလဲဗျ ” လို့ ဝိုင်းထဲမှာ ပြောပြီး မတ်တတ်ထရပ်တယ် ။ ဒေါက်တာစိုးဝင်း နဲ့ ရုံပိုင်ကြီးက ဆွဲလို့ ပြန်ထိုင်သွားတယ် ။ တခြား စားပွဲတွေကလည်း ကျွက်စီကျွက်စီ အသံတွေ ထွက်လာကုန်ကြပြီ ။
အဲဒီအချိန်မှာ ကိုလှမောင်က ထ , ပြောတယ် ။
“ ခင်ဗျားတို့ပဲ မြန်မာ အားပေးမယ်ဆို ၊ U - 23 ကောင်းလှချည့်ရဲ့ဆို ။ ရှိုင်းကိုကိုတို့ ၊ ကောင်းဆက်နိုင်တို့ ၊ စည်သူအောင်တို့ ၊ ကျော်ဇင်ဖြိုးတို့ ကောင်းလှတော်လှဆို ။ လောင်းချင်ရင် လာခဲ့ကြပေါ့ဗျာ ဟဲ ဟဲ ”
မထီတရီ မျက်နှာပေးနဲ့ ပြောတာ ။ ပထမဆုံး ထ , လာတာက ဆိုင်ပိုင်ရှင် ကိုခင်မောင်ဝင်းပဲ ။
“ ဟေ့လူ ခင်ဗျား တကယ်ပြောလာလား ”
“ တကယ်ပေါ့ဗျ ၊ ကျုပ်က ကလေးမှ မဟုတ်တာ ”
“ သေချာတယ်နော် ”
“ သေချာပေါ့ဗျာ ”
လက်ဖက်ရည်ဆိုင်ထဲက လူတွေက သူတို့ကို ပွဲကြည့်သလို ကြည့်ကြလို့ ။
“ ကိုင်း သေချာရင် ကျုပ်က တစ်ပုံးဗျာ ... ဒါပဲ ”
“ ရပါ့ဗျာ ၊ အားလုံး ကြားတယ်နော် ”
ကိုလှမောင်က ပြန်အပြော ဆရာစိုးက အားလုံးကို အားနာသလို အကြည့်မျိုးနဲ့ကြည့်ပြီး ...
“ ကိုခင်မောင်ဝင်း အပျော်လောက် ကောင်းပါတယ်ဗျာ ” လို့ ဝင်ပြောသေးတယ် ။ မရတော့ဘူး ။ ပွဲက ကြမ်းနေပြီ ။ ကိုလှမောင်က ယူခိုင်းလို့ စာရွက်နဲ့ ဘောပင်နဲ့ ကိုရွှေ ယူပေးလိုက်တယ် ။ဆရာစိုးက မှတ်လို့ ။ မျက်နှာတော့ သိပ်မကောင်းဘူး ။ အဲဒီမှာ တရားသူကြီးက တစ်စခန်းထတာပဲ ။
“ ဟေ့လူတွေ ခင်ဗျားတို့ လုပ်တာ ဥပဒေနဲ့ မညီဘူးနော် ”
ဆရာစိုး ပျာခနဲ ဖြစ်သွား တယ် ။
“ မဟုတ်ပါဘူး ဦးအုန်းမြင့်ရာ ကျွန်တော်နဲ့ ကိုလှမောင် တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ဘာလုပ်ဖူးတဲ့သူတွေ မှတ်လို့ ။ ဒါ အပျော်ဆိုပြီးလုပ်တာပါ ။ ပွဲကြည့်ကောင်းအောင်ပေါ့ ”
ရုံပိုင်ကြီး ကိုရဲလွင် ကလည်း စိတ်က ခတ်ဆတ်ဆတ်ရယ် ။
“ ကျုပ်က ငွေမလောင်းဘဲ လက်သီးတစ်ချက်ကြေး လို့ လောင်းချင်တာဗျ ။ ဟိုလူ ကိုလှမောင့် မျက်ခွက်ကို ထိုး ပစ်ချင်တာ ဆရာစိုး အားနာ လို့သာ ။ ဒီလူကလည်းဗျာ ဘယ်လိုလုပ်ပြီး ကိုလှမောင်နဲ့ သွားတွဲရလဲ မသိပါဘူး ”
ဒေါက်တာစိုးဝင်း ကတော့ လေပျော့လေးနဲ့ပဲ ဖြေသိမ့်ပါတယ် ။
“ နေပါစေ ရုံပိုင်ကြီးရာ ကိုယ် ဝင်မပါစမ်းပါနဲ့ ။ ကဲ ကဲ ပြန်ကြရအောင် ၊ ကျွန်တော်တို့ ထိုင်တာလည်း ကြာပြီ ”
“ ဟေ့ မောင်ရွှေ ရှင်းမယ်ဟေ့ ”
ကိုရွှေ အနား သွားရပ်တော့ ပိုက်ဆံထုတ်ရှင်းတယ် ။ မျက်နှာတွေကတော့ ဘယ်သူမှ ကြည်သာလှတယ် မဟုတ်ပါဘူး ။
••••• ••••• •••••
၄ ။
အမှန်တော့ မြန်မာအသင်းထက် ထိုင်းက ခြေအသာစီး ရှိတယ် ဆိုတာ ကိုရွှေ စားပွဲထိုး တစ်ယောက်တောင် သိပါတယ် ။ ဆိုင်မှာ ရှိတဲ့ ဂျာနယ်တွေ ဖတ်တာ ဆိုတော့လည်း နိုင်ငံတကာပွဲအတွေ့ အကြုံတွေ ထိုင်းဘက်က ပို များတာလည်း သိပါရဲ့ ။ ဒါပေမဲ့ မြန်မာလေ ၊ မျိုးချစ်စိတ်လေ ။ နောက် ကလေးတွေကလည်း အရမ်း ကြိုးစားကြတာ မျက်မြင်ပဲ ။ မျှော်လင့်ချက်ကတော့ ထားမိတာပေါ့ ။
ပွဲစပြီ ။
ကိုယ့်အိမ်မှာကိုယ် TV ကိုယ်စီ ရှိကြတာပါပဲ ။ ဒါပေ မဲ့ LED Board ထောင်ထား တာ သွားကြည့်လို့ကြည့် ။ လက်ဖက်ရည်ဆိုင်မှာ ကြည့် သူကြည့် ၊ ဘီယာဆိုင်မှာ ကြည့်သူကြည့်ပေါ့ ။ ပထမ ပိုင်း ပြီးသွားတဲ့အထိ ကောင်းမှ ကောင်း ၊ ကျော်ဇင်ဖြိုး ဆိုတဲ့ ဂိုးသမားလေးကလည်း ကာကွယ်နိုင် ၊ ဦးကြည်လွင် ဆိုတဲ့ နည်းပြလည်း ကောင်းလို့ ထင်ပါ့ ။ တစ်ဖက်နဲ့ တစ်ဖက် သရေပဲ ။ ပထမပိုင်းပြီး အားလပ်ချိန်မှာ ထိုင်းဘက်က ဘယ်လိုနည်းစနစ်ကောင်းကြောင်း ကိုလှမောင်နဲ့ ဆရာစိုးက အာပေါင်အာရင်းသန်သန် ပြောနေပေမဲ့ ကိုလှမောင်ရဲ့လုပ်ငန်းတပည့် တစ်ယောက် နှစ်ယောက်က လွဲလို့ ထောက်ခံမယ့်သူ မရှိပါဘူး ။
ရုံပိုင်ကြီးတို့ ဝိုင်းကတော့ တစ်ခုခုကို ကြိုသိထားတဲ့ ပုံ မျိုး ။ ဘောလုံးပွဲ အကြောင်း သိပ်စကား မစဘူး ။ အရင် စကားဖောင်နေအောင် ပြောတဲ့ ဝိုင်းက တိုးတိုးညင်သာ ကျိတ်ကျိတ်နဲ့ ပြောနေတော့ ကိုရွှေ တောင် ကြားထဲက မဆီမဆိုင် မနေတတ် သလိုကြီး ။ ဒါနဲ့ အနား သွားကပ်ပြီး -
“ ဆရာတို့ ဘာလိုသေးလဲ ” လို့ သွားမေးလိုက်တယ် ။
ရုံပိုင်ကြီးက “ တို့ကို လက်ဖက်သုပ် တစ်ပွဲပေးကွာ ” လို့ ထပ်မှာတယ် ။ ကိုရွှေ လက်ဖက်သုပ်ပွဲ သွားချတော့ ဒုတိယပိုင်း ပြန်စလို့ ကွင်းထဲ ဝင်နေကြပြီ ။ အခုမှ သတိထားမိတယ် ။ ဆရာစိုးနဲ့ ကိုလှမောင်တို့ ဝိုင်းမှာ လက်ဖက်ရည်ခွက် မတွေ့ဘူး ။ စမူဆာ နဲ့ ကော်ပြန့်ကြော်ပဲ တွေ့တယ် ။
အရင်က ဆရာစိုး မို့ ဆိုင်ထဲဝင်လာရင် ဟိုဝိုင်းက နှုတ်ဆက် ၊ ဒီဝိုင်းက နှုတ် ဆက် ၊ ဆရာစိုးက ဟာသ လည်း ရှိတော့ တဝါးဝါး တဟားဟား နေကြတာ ။ အခု တော့ ဆရာစိုး ဟာသပြော လည်း ရယ်မယ့်သူ မရှိဘူး ။ ကြာတော့ ဆရာစိုး ကိုယ်တိုင် ငေါင်းစင်းစင်းကြီး ဖြစ်လို့ ။
ဒုတိယပိုင်းစလို့ သိပ်မကြာပါဘူး ။ ထိုင်းက တစ်ဂိုး စ , သွင်းတယ် ။
ကိုလှမောင်နဲ့ ဆရာစိုးက “ ဂိုးဂိုးပြီကွ ” လို့ ထ , အော်တယ် ။ သူတို့ဝိုင်းနဲ့ ကပ် လျက်ဝိုင်းက လူငယ်လေး တစ်ယောက် ကတော့ “ တောက် ” ဆိုပြီး သူတို့ နှစ်ယောက်ကို မကျေမချမ်း ကြည့်နေလေရဲ့ ။ ဆရာစိုးနဲ့ ကိုလှမောင် ကတော့ ကလေးတွေလို လက်ဖဝါးချင်းတောင် ထရိုက်လိုက်ကြသေးတယ် ။
တရားသူကြီးက စိတ်မသက်မသာနဲ့ လှမ်းကြည့်တယ် ။
“ နောက်တန်း လိုတာပါဗျာ ” လို့လည်း ဘေးက ဒေါက်တာစိုးဝင်းကို ပြောလိုက်သေးတယ် ။ မကြာပါ ဘူး နောက်ထပ် တစ်ဂိုး သွင်း လိုက်ပြန်ပြီ ။ ကိုရွှေတို့ဆိုင်ရှင် ကိုခင်မောင်ဝင်းမျက်နှာ ပိုမည်းလာတယ် ။ အော်ဟစ်နေတဲ့ ကိုလှမောင်နဲ့ ဆရာစိုး ကို မဲပြီး စားပွဲထိုးလေးကို လှိမ့်ငေါက်နေရော ။ ကိုရွှေ သိတာပေါ့ ။
“ ဒါမှ ထိုင်းကွ ” လို့ ကိုလှမောင်အော်သံ မဆုံးသေးဘူး “ ဟေ့လူတွေ သိပ်မဆူနဲ့ဗျာ ၊ အာရုံပျက်တယ် ”
ရပ်ကွက်ထဲက လူငယ်အုပ်ဘက်က အသံထွက်လာ တယ် ။
ဆိုပါတော့ ၊ ပွဲပြီးတော့ ထိုင်းက သုံးဂိုး ၊ မြန်မာက ဂိုးမရှိ ။ ကိုလှမောင်တို့ လွတ် လွတ်ကျွတ်ကျွတ်ကို နိုင် သွားပြီပေါ့ ။ ပွဲပြီးလို့ တစ်ဆိုင်လုံးမှာ ရှိသမျှလူတွေ ကြေကွဲနေချိန်မှာ ကိုရွှေလည်း ဘာထူးလဲ စိတ်ထဲမှာတစ်မျိုး ကြီး ။ ဆရာစိုး နဲ့ ကိုလှမောင် သုတ်သုတ်လေး ထွက်သွားကြတယ် ။
“ ဟိုလူ နှစ်ယောက်တော့ လစ်ပြီဗျ ”
“ ကောင်းပါတယ် ရုံပိုင်ကြီးရာ ။ တော်ကြာ ကလေးတွေ ပေါက်ကွဲကုန်ရင် မကောင်းဘူး ”
“ ဒီလူတွေကို ခေါင်းထဲ ထည့်မနေပါနဲ့ဗျာ ။ အလကား မျိုးချစ်စိတ် မရှိတဲ့သူတွေ ”
ဒေါက်တာဌေးမောင် က မျက်နှာနီနီနဲ့ ဝင်ပြောတယ် ။ ကိုရွှေတို့ ဒီနေ့ ဆိုင်သိမ်း နောက်ကျတယ် ။
••••• ••••• •••••
၅ ။
နောက်တစ်နေ့ မနက် စောစောပဲ ဆရာစိုး ရောက် လာပါတယ် ။ ကိုလှမောင် တော့ မပါဘူး ။ ပြုံးပြုံး ပြုံး ပြုံးနဲ့ သူ့ နဂိုဟန်အတိုင်း ဝင် လာပြီး ဝိုင်းပေါက်စေ့ လိုက် နှုတ်ဆက်တယ် ။
တခြားဝိုင်းတွေ မပြောနဲ့ ဆရာဝန်တို့ ဝိုင်းကတောင် ဟက်ဟက်ပက်ပက် ပြန် မပြောဘူး ။ ရုံပိုင်ကြီးကဆို မျက်နှာတောင် တခြားဘက် ကို လှည့်လိုက်လို့ ။ ဆရာစိုး က ကိုရွှေ ကို ခေါ်ပြီး လက် ဖက်ရည် မှာတယ် ။ ညက သူနဲ့ ကိုလှမောင် အတော်လေး နိုင်လိုက်တဲ့အကြောင်းလည်း ပြောတယ် ။ ကိုရွှေ ကတော့ စားပွဲထိုးလေ ၊ နားမထောင်ချင်လို့ ဘယ်ရမလဲ ။
ဒါပေမဲ့ ရပ်ကွက်ထဲမှာ ဒီလောက် လူချစ်လူခင်ပေါ တဲ့ ဆရာစိုး ၊ နှုတ်ဆက်ချင်တဲ့ သူတောင် မရှိတာ ၊ မမြင်ချင်ယောင် ဆောင်သွားကြတာတွေကို တွေ့တော့ တစ်မျိုး ကြီးပဲ ။ ဆရာစိုးကိုယ်တိုင်လည်း သူ့လိုပဲ ခံစားရဟန် တူရဲ့ ။ ဆိုင်မှာ ကြာကြာ မထိုင်ပါဘူး ၊ ပိုက်ဆံ ရှင်းပြီး လေးတိလေးကန်နဲ့ ပြန်သွားတာပဲ ။ မျက်နှာလည်း ညှိုးလို့ ။
“ ဒီလူက သူ နိုင်တယ် ထင်နေတာဗျ ”
ဒေါက်တာ ဌေးမောင့် အသံ ၊ အားလုံးက ဝိုင်းရယ်ကြတယ် ။
ကိုရွှေ မဖြစ်စလောက် ဦးနှောက်လေးနဲ့ စဉ်းစား ကြည့်တယ် ။ ညက ပွဲမှာ ဆရာစိုးတို့ နိုင်သွားတာလား ၊ ရှုံးသွားတာလားလို့ပါ ။
⎕ ဦးဆွေ ၊ ဒဿနိက ၊
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၅
No comments:
Post a Comment