❝ မိုးရွာထဲ မှာ လောင်သောမီး ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“ အင်းဟယ် ၊ ဟင်းနော် .. ဟိုကောင်ကြီးဟာ ဘာများ ဒါလောက် အငတ်သဲနေရတာလဲ ”
လယ်ကွင်းကြီး တစ်ခုလုံးမှာ စိုမှိုင်း နေပေသည် ။ မီးသွေးမှုန်များ လုံးတက်လာသလို တစ်လိပ်ပြီး တစ်လိပ် တစ်ခဲပြီး တစ်ခဲ လွင့်တက်လာသော မိုးသား တိမ်စိုင်များသည် ရှုလိုက်တိုင်းတွင် ရေဖွေးဖွေးနှင့် ထွန်ရေးငင်နေသူများ ၊ သီချင်းတကြော်ကြော်ဖြင့် ကောက်စိုက်နေသူများ ၊ တဟားဟားနှင့် အလုပ်လုပ် နေရင်း ပွဲကျနေသော ပျိုးနုတ်သမား စသည်များဖြင့် ပြည့်ဖုံးနေသော လယ်ကွင်းပြင်ကြီးထက်ဝယ် ပြေးလွှား အုပ်ဆိုင်းနေချေသည် ။
“ တယ် … ဒီနွားကလေးဟာ ”
ကိုဆေးရိုးမှာ ထွန်ကို ထောင့်ဝင် အပစ်လိုက်တွင် အတိုင်ဘက်မှ နွားကြီးက ပျိုးခင်းကို လှမ်းပြီး လျှာကြီးဖြင့် ဟပ်သည့် အတွက် လှမ်းမာန်၍မှ မဆုံးသေးမီ ၊ အလှည့်ဘက်မှ နွားကလေးက တစ်ဖန် ထွန်ကို လှည့်ကွေ့ရင်း သည်ပျိုးပင် ဝါဖန့်ဖန့်များကို ရှူးခနဲ လှမ်း ဟပ်လိုက်ပြန်သည့် အတွက် နှင်တံကို မြှောက်မိုး၍ ရွယ်လိုက်မိလေ၏ ။
နှင်တံကို ရိပ်ခနဲ မြင်လျှင် အလှည့်ဘက်က နွားမှာ ကျောကြီးကော့ပြီး ခက်သွက်သွက် လှမ်းသွားလေသည် ။ တစ်ဖက်နွားက ခက်သွက်သွက် လှမ်းသွားသော်လည်း ကျန်သည့်အတိုင်ဘက်က နွားမှာ မှန်မှန်သာ သွားမြဲ သွားနေပေ၏ ။
“ တယ် ... ဒီနအိုကြီးဟာ နာတော့မှာပဲ ”
အတိုင်ဘက်က နွားအိုကြီးမှာ အပြစ် မရှိပေ ။ သို့ ရာတွင် ကိုဆေးရိုး၏ နှင်တံဖြင့် ရွယ်မြှောက်ကြိမ်း မောင်းခြင်းကိုခံလိုက်ရသည် ။ တစ်ဖက် နွားက အရိုက် ခံရမှာ စိုးသဖြင့် ဗိုက်ကို ရေပြင်နှင့် ထိအောင် ကော့ပြီး ပြေးသွားသည့်အတွက် မှန်မှန်သွားနေသော နွားက ထမ်းပိုးထမ်း မညီဘဲ နောက်ကျနေခဲ့ရခြင်းဖြစ်သည် ။ မည်သို့ပင် ဖြစ်စေ နွားကြီးမှာ ကြိမ်တံဖျားနှင့် အရွယ်ခံရသောအခါတွင် ခြေလှမ်းသွက်သွက်ဖြင့် ရှေ့သို့ တိုးသွားလိုက်ရာ အရှိန်လျော့သွားသော အလှည့် နွားကလေး၏ ရှေ့သို့ ရောက်သွားပြန်လေ၏ ။ ထမ်းပိုးသည် ညီ၍ မနေဘဲ ညာဘက်က ရှေ့သို့ ရောက်၍ ဘယ်ဘက်က နောက် ကျန်နေခဲ့လေ၏ ။ ထမ်းပိုးထမ်း မညီသောကြောင့်လည်း ထမ်းပိုး အလယ်ဗဟိုတွင် ချိတ်ထားသော ထွန်ဦးမှာ တစ်ဖက်သို့ စောင်းသွား ချေတော့သည် ။ ထွန်ဦးမှာ အမြဲတမ်း ထွန်သွားမည့် နေရာသို့ တည့်မတ်စွာ ချိန်ရွယ်နေရပေမည် ။ မတည့်သည့် အချိန်သည် ထွန်ကြောင်း ကောက်ကွေ့ သွားချိန်တည်း ။
ကိုဆေးရိုးမှာ အစိုထွန် ဖြစ်သောကြောင့် နောက်ကျိနေသော ရေကို ဖောက်ထွင်း မမြင်သာပေ ။ သို့ရာတွင် ထွန်ကြောင်း ကောက်သွားပြီ ဆိုတာကို နားလည်သည် ။ အဘယ်ကြောင့်ဆိုသော် သူသည် ထွန်ကြောင်း အသစ်ခွဲစဉ်က ထွန်ကြောင်း၏ ညာဘက် အစွန်တွင် တိုင်တစ်တိုင်ကို စိုက်ထူထားပစ်ခဲ့ကာ ထိုတိုင်သစ် မစိုက်မီကလည်း ခွဲကြောင်း နှစ်ခုကြားသို့ မဝင်မီ မှတ်တိုင် တစ်တိုင်ကို စိုက်ထူပစ်ခဲ့ပြီးမှ ခွဲကြောင်းကို ပိတ်၍ ခွဲကြောင်း အသစ် တစ်ခု ထပ်ဖွင့်ခဲ့သည့် အတွက် ယခု ခွဲကြောင်း နှစ်ခုကို ပိတ်သောအခါတွင် ထွန်တုံးနှင့် တစ်ပြေးတည်း တန်းနေရမည့် မှတ်တိုင်ဟောင်းသည် ထွန်ဦးနှင့် တည့်နေသည်ကို တွေ့ရ၏ ။ အစိုပဲ ထွန်ထွန် ၊ အခြောက်ပဲ ထွန်ထွန် ကိုဆေးရိုးက သိသည် ။ လက်လေးလုံးလောက်ကလေး ကောက်သွားတာ ကိုပင် သိသည် ။ လုပ်သက်မှာလည်း နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ မဟုတ်လား ။ သို့ရာတွင် အစိုထွန် သည့်အခါ၌ မှတ်တိုင် စိုက်ရခြင်းမှာ သတိလစ်ပြီး မှားယွင်းသွားမှာ စိုးသောကြောင့်ဖြစ်သည် ။
အခြောက်ထွန်သောအခါ၌ ထွန်ကြောင်းကိုသာ ကြည့်ပြီး ထွန်နေပါက ထွန်ကြောင်းသည် ထွန်ကြောင်း အဟောင်းနှင့် ဝေးမှန်းမသိ ဝေးသွားတတ်၏ ။ တစ်တုံးစာ ချန် ခွဲသော ခွဲကြောင်းသည် စွေမှန်းမသိ စွေသွားတတ်သည် ။ ထို့ကြောင့် အခြောက်ထွန်မှာပင် ရှေ့တည့်တည့် ကန်သင်းပေါ်မှာ ရှိသော မြက်ပင်ကလေးဖြစ်ဖြစ် ကမူကလေး စသည်ကိုပဲ ဖြစ်ဖြစ် ထွန်ဦးနှင့် မှန်းဆချိန်ရွယ်ပြီး မောင်းရ၏ ။ ဒါမှသာ ထွန်ကြောင်းမှာ မျဉ်းပစ်ထားသလို ဖြောင့်နေ၏ ။
ရေထဲမှာ ထွန်ရသော အစိုထွန်ကား ခွဲကြောင်း အသစ်ခွဲလျှင် ဝဲဘက်မှာ မြင်ရသော မှတ်တိုင်ဟောင်းကို ကြည့်ပြီး မှန်းရသည် ။ ကန်သင်းပေါ်က တစ်ခုခု ကို ထွန်ဦးနှင့် ချိန်ပြီး မကောက်အောင် မောင်းရ၏ ။ ခွဲကြောင်းပိတ်သည့် အခါတွင် မိမိ၏ ညာဘက်မှာရှိ သော မှတ်တိုင်ဟောင်းကို ထွန်တုံးအစွန်းနှင့် ချိန်ပြီး ယူရသည် ။
ထို့ကြောင့် နွားနှစ်ကောင် ကသိကအောက် လုပ်လိုက်သည့်အတွက် တစ်တောင်ထက် မနည်း ထွန်ကြောင်း ကောက်သွားသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ကိုဆေးရိုးမှာ နွားကြီး၏ ကြိုးကို တောက်ပေး လိုက်၏ ။ သူက နွားကြီး တုံ့သွားလျှင် ထမ်းပိုးညီကာ ထွန်ကြောင်း ဖြောင့်သွားလိမ့်မည် ထင်သည် ။ သို့ရာတွင် အတိုင်ဘက်က နွားကြီးတို့ သွားလျှင် အလှည့်ဘက်က နွားကလေးက ထုံးစံအတိုင်း ကွေ့ရမည် ထင်ပြီး ရှူးခနဲ ကွေ့လိုက်ရာ
“ ကဲဟာ ကဲဟာ … ”
ကိုဆေးရိုးက စိတ်မရှည်တော့ပေ ။ မောကလည်း မော ၊ ထမင်းကလည်း ဆာသဖြင့် သုံးလေးချက်မျှ ဆက်ရိုက်လေ၏ ။ နွားကလေး အရမ်း ကွေ့လိုက်သည့် အတွက် ညာဘက်မှာ ထွန်တုံးအစွန်နှင့် ညီနေရမည့် မှတ်တိုင်သည် ကိုဆေးရိုး၏ ကျောဘက်သို့ ရောက်သွားလေ၏ ။ မှတ်တိုင်ကျောဘက်သို့ ရောက်နေစဉ် စိတ်ဆိုးဆိုးနှင့် အလှည့်ဘက်မှ နွားငယ်ကို မဲရိုက် လိုက်ရာ တစ်ချက် ရိုက်တိုင်း နွားကလေးက ဝုန်းခနဲ ပြေးလိုက်ဖြင့် လျှောက်ပြေးသည့် အတွက် မှတ်တိုင် နှစ်တိုင်မှာ ရွှံ့ထဲတွင် နစ်မြုပ်သွားလေ၏ ။ ဆက်၍သာ ရိုက်လိုက်ဦးမည် ဆိုလျှင် အလှည့်ဘက်က နွားကလေးသည် လှည့်ပတ် ပြေးနိုင်သလောက် ပြေးနေပေလိမ့်မည် ။ အတိုင်ဘက်က နွားကြီးသည်လည်း ရှေ့ခြေနှစ်ချောင်းကိုသာ ရွှေ့ပြောင်းလျက် လှည့်လိုက်နေ ပေလိမ့်မည် ။ သို့ရာတွင် အတိုင်ဘက်က နွားမှာ အန္တရာယ် တစ်ခုရှိ၏ ။ အဆက်မပြတ် လှည့်ပေးနေရ လွန်းလျှင် လက်ယာဘက်က နောက် ခြေထောက်သည် ထွန်သန်နှင့် ချိတ်မိပြီး ကျိုးသွားတတ်သည် ။
အကယ်၍သာ ဒေါသအလျောက် အတိုင်ဘက်က နွားကို ဆက်လက်၍ ရိုက်နေပါက အလှည့်ဘက်က နွားသည် ကြောက်ကြောက်နှင့် နင်းကန်ပြီး ပြေးနေပေမည် ။ သို့ပြေးနေစဉ်၌ အောက်က ရွှံ့ပျော့ထဲတွင် ထွန်သွား လေးချောင်းကို တည့်တည့်ဆွဲခြင်း မဟုတ်ဘဲ ကွေ့ကောက် ဆွဲနေသည့်အတွက် တောင်ဆုပ်ခန့် ရှိသော ထွန်သွားတွေ ကျိုးကုန်နိုင်သည် ။ ထို့ ပြင် ရွှံ့ထဲတွင် မြုပ်သွားသော မှတ်တိုင် ၂ ချောင်းကို အချိန်မီ ပြန်မဆယ်ပါက ကျိုးပဲ့ကုန်မည် ။ ထိုတုတ် အကျိုးများက ညှောင့်ဖြစ်ပြီး လူနှင့် နွားကို စူးလျှင် မသက်သာလှ ။
ကိုဆေးရိုးက အလှည့်ဘက်မှ နွားကလေးကို အခဲမကျေဖြစ် နွားနှင့် ဖက်ပြီး မမိုက်ရဲသဖြင့် လက်လျှော့လိုက်ရသည် ။ “ ကန်ကြိုး ” နှင့် နှင်တံကို ထွန်ကိုင်းတွင် တွဲချိတ်ပစ်ခဲ့ပြီး မှတ်တိုင်တွေကို လိုက်လံ ရှာဖွေရ၏ ။ နွားကလေးကို အလျှော့ပေးလိုက်သည့် တိုင်အောင် ကိုဆေးရိုး၏ ညို့သကျည်းတွင် အနာ အဆာများ ရရှိနေပေပြီ ။ ကိုဆေးရိုး ညို့သကျည်း ပေါ်မှ ဒဏ်ရာဒဏ်ချက်ကား ထွန်တုံးကို ဖောက်ထွက် နေသော ထွန်သန်နှင့် ဆောင့်မိခြင်းဖြစ်သည် ။ ညာဘက် ညို့သကျည်းမှာ ၂ ချက် ၊ ဘယ်ဘက် ညို့သကျည်း မှာ ၅ ချက် ၊ အချို့သော ဒဏ်ရာမှာ သွေးစို့နေ၍ ဒဏ်ရာ အချို့မှာ ညိုမည်းနေပေပြီ ။
“ ဟင်း ... ”
ကိုဆေးရိုးသည် မှတ်တိုင် ၂ ချောင်းကို ရေဆေးပြီး ထွန်သန်ပေါ်သို့ ပစ်တင်လိုက်ရင်း ညည်းလိုက်မိလေ၏ ။ ဒေါသဖြစ်နေတုန်းက မနာသော်လည်း ညို့သကျည်း နှစ်ဖက်မှာ တဖြည်းဖြည်း နာလာတော့သည် ။ ညို့သကျည်းက နာလာသဖြင့် နွားကလေးကို ပို၍ စိတ်ဆိုးလာပြန်လေသည် ။ ကိုယ်ကျွေးမှ စားရ၍ ကိုယ်လုပ်သလို ခံရသည့် နွားကို ထွန်သွား ကျိုးမှာ စိုး၍ ၊ ညို့သကျည်းနာ၍ အလျှော့ပေးရခြင်းမှာ မခံချင်စရာပဲ မဟုတ်ပါလား ။
“ တောက် ... ဟင်း ”
ထို့ကြောင့်လည်း တောက်တစ်ချက်ကို ခေါက်ကာ နေကို မော့ကြည့်သည် ။ နေကို မမြင်ရသေးပေ ။ ခန့်မှန်းခြေအားဖြင့် ထန်းတစ်ဖျားသာသာမှာပင် ရှိပေလိမ့်ဦးမည် ။
လေတဟူးဟူး တိုက်ခတ်နေသည် ။ နေမှာ လုံးဝ မပွင့်ဘဲ ကောင်းကင် တစ်ခုလုံး အုံ့မှိုင်းနေ၏ ။ ဒီအချိန်သည် အင်မတန်မှ ထွန်လို့ယက်လို့ ကောင်းသော အချိန်ဖြစ်သည် ။ နွားကလည်း မမောသေး ၊ လူလည်း မမောသေး ။ သို့ရာတွင် ညို့သကျည်းမှာ ကျိန်းစပ် နာကျင်နေသည့်အတွက် ကန်သင်းပေါ် တက်၍ နားရပေဦးမည် ။ နက်ဖြန်ဆိုလျှင် အနိမ့်ပိုင်းက လယ်တွေ ကို စိုက်ဖို့ ကောက်စိုက်စည်းကို ရက်ချိန်းပေးသွားပြီးပြီ ။
ကိုဆေးရိုးမှာမူ စိုက်ရမည့် လယ်များကို ကြမ်းပေါင် မရိုက်ရသေး ။ ကြမ်းပေါင်ရိုက်၍ သမန်းညှိရန် ဝေးစွ ၊ ထွန်စရာပင် လယ်သုံးကွက် ကျန်သေးသည် ။ ဒီနာနေသော ညို့သကျည်းနှင့် ပြီးစီးအောင်မှ ထွန်နိုင်ပါမည်လား ။ ညို့သကျည်း နာရခြင်းမှာ အလှည့်ဘက်က နွားဝါ ကောက်ရိုးမွေး ကြောင့် ဖြစ်သည် ။ နက်ဖြန် စိုက်မည့် လယ်နက်များကို ယနေ့မှ ‘ သမန်းမပြန် ’ နိုင်လျှင် ကောက်စိုက်စည်းခေါင်းနှင့် စကားများရမည် ။ ကောက်စိုက်မ ပါးစပ်ပေါင်း သောင်းခြောက်ထောင်နှင့် ရန်ဖြစ်ရတော့မည် ။ တရားခံကား အလှည့်ဘက်က နွားဝါကလေးကြောင့်ဖြစ်သည် ။ နွားဝါ ကောက်ရိုးမွေး မည်သည် ဘယ်တော့မျှ အသုံးမကျဘူးဟု ဆိုရိုးရှိသည် မဟုတ်လား ။
“ ဟ မြွေ မြွေ ”
ကိုဆေးရိုး၏ ကျောဘက်ရှိ ပျိုးခင်းထဲမှ ထွက်ပေါ်လာသော အသံဖြစ်သည် ။ ကိုဆေးရိုးက ဆေးလိပ်ကို ပါးစပ်မှတပ်၍ မီးညှိရန် ဟန်ပြင်နေရာက ပျိုးခင်းဘက်သို့ လှည့်ကြည့်၏ ။ ပျိုးနုတ်သမား တစ်ယောက်သည် မတ်တတ်ရပ်နေကာ အခြားသော ပျိုးနုတ်သမား ဆယ်ယောက်မှာ မတ်တတ်ရပ်နေသူအား ထိုင်လျက်က မော့ကြည့်နေကြသည် ။
မတ်တတ်ရပ်နေသော ပျိုးနုတ်သမား၏ ခါး၌ နှီးစည်းတစ်စည်း ထိုးထားသည် ။ ထိုသူအား မော့ကြည့်နေသော ပျိုးနုတ်သမားများမှာ အချို့ပျိုးပင်တွေကို ကိုင်လျက် ၊ အချို့ နှီးပင်တွေကို ပါးစပ်မှာ ကိုက်ကာ လက်က နှီးတစ်ပင် ကိုင်လျက် ၊ အချို့မူကား ပျိုးစည်းကို ကိုင်လျက် ။
“ မြွေဝင်သွားတယ်ကွ ”
မတ်တတ်ရပ်နေသော ပျိုးနုတ်သမားက ထပ်၍ ပြောလိုက်လျှင်
“ ဟ ... ဘယ်ဘက် ဝင်သွားလဲ ”
“ ဟေ ... မြွေ ဟုတ်လား ”
စသည်ဖြင့် တစ်ယောက် တစ်ခွန်း ပြောကာ နုတ်လက်စပျိုးပင်ကို လွှတ်ပြီး ထရပ်သူ ရပ်၏ ။ ခါးကြီး ကုန်းပြီး ပျိုးခင်းထဲသို့ မျက်လုံးငုံ့ကာ ကြည့်သူ ကြည့်၏ ။ မိမိ၏ ခြေရင်းသို့ မြွေများ တိတ်တဆိတ် ရောက်ပြီလားဟု ပေါင်ကြားထဲ ငုံ့ကြည့်သူက ကြည့်၏ ။
“ ဘသော်ရာ … နောက်မနေစမ်းပါနဲ့ကွာ ”
ကိုဆေးရိုးက ထော့နင်းထော့နင်းဖြင့် ပျိုးခင်းဆီသို့ လျှောက်လာကာ မတ်တတ်ရပ် နေသော ပျိုးနုတ်သမားအား လှမ်းပြောသည် ။
“ နောက်တာ မဟုတ်ဘူးဗျာ ၊ ကျုပ် ခြေထောက်နား က ပွတ်သွားတာ ။ အမြီးကလေးကို မြင်လိုက်ရတယ် ”
“ ဒါမျိုးတွေ ငါက ဖြစ်လာတာပါ ဘသော်ရာ ”
ကိုဆေးရိုးက ပျိုးခင်းကန်သင်းတွင် ရပ်၍ ပြောလိုက်လေ၏ ။ မှန်ပေသည် ။ ပျိုးရင့်မည် ၊ ပျိုးခင်းကလည်း အချီးဆွဲမည်ဆိုလျှင် ကိုဆေးရိုး လူပျိုဘဝက ပျိုးနုတ်လိုက်စားစဉ်က ယင်းသို့ပင် လုပ်ခဲ့လေ့ရှိ၏ ။
ပျိုးခင်းတစ်ခင်း၏ သက်တမ်းသည် ၄၅ ရက် ကျော်ပါက နုတ်၍ မကောင်းတော့ပေ ။ အမြစ် ခိုင်နေသောကြောင့် တအားဆွဲနုတ်ရသည် ။ လူပင်ပန်း သလောက် အလုပ်လည်း မတွင်ပေ ။ ပျိုးခင်းတစ်ခင်းသည် ပျိုးသက် ၄၅ ရက် မကျော်မီတော့ နုတ်ရပါ၏ ။ သို့ရာတွင် ကောက်ပင်၏ အရင်းတွင် ရွှံ့တွေညွန်တွေ ဖုံးကာ ကောက်တစ်ဖုတ်ကို ဆွဲနုတ်လိုက်တိုင်း ရွှံ့ခဲကြီးတွေ ကပ်ပါလာပြီး ‘ အချီးဆွဲ ’ လျှင်လည်း အလုပ် မတွင်ပေ ။ ပျိုးနုတ်သမား လက်မောင်း ပြုတ်ကျတော့ မတတ် ပင်ပန်းသလောက် နုတ်၍ ရရှိသော ပျိုးဆုပ် နည်းပါးလှသည် ။ မျိုးသက်ရင့်၍ အမြစ်ခိုင်သော ပျိုးခင်းနှင့် အချီးဆွဲသော ပျိုးခင်းထဲတွင် သာမန် ဈေးနှုန်းမျိုးဖြင့် နုတ်ရလျှင် မည်သည့် ပျိုးနုတ်သမားမျှ အချိန်ကုန် လူပန်းခံ ထိုင်မနေချင်ကြပေ ။
ကိုဆေးရိုးလည်း ပျိုးနုတ်သမား ဘဝတွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်၏ ။ အချီးဆွဲသော မျိုးသက်ရင့်သော ပျိုးခင်းနှင့် ကြုံလျှင် ပျိုးတစ်ဆုပ်လောက် နုတ်လိုက် ၊ ထပြီး ဆေးလိပ်သောက်လိုက် ၊ ရေသောက်လိုက် ၊ ဟိုလျှောက်လျှောက် ဒီလျှောက်လျှောက်ဖြင့် ယီးတီးယားတား လုပ်နေလား နေ၏ ။ သို့မဟုတ်လျှင် အချင်းချင်းကို ခဲဖြင့်ပေါက်ပြီး စနေတတ်၏ ။
ပျိုးသက်ရင့်သော ပျိုးခင်းရှင် ၊ အချီးဆွဲသော ပျိုးခင်းရှင်များသည် ပျိုးနုတ်စည်းခေါင်းကို ကပ်ထားသော အခါများ၌ ပျိုးနုတ်စည်းခေါင်းက ပျိုးနုတ်သမားများကို ချွေးသိပ်သော စကား ၊ သည်းခံဖို့ စကား များ ကြိုတင် ပြောလေသည် ။ ပျိုးနုတ်သမားမှာ ဈေး ပို၍လည်း မရ ၊ ရိုးရိုးနှုန်းနှင့် နုတ်ရအောင်ကလည်း မတွင်ကျယ်သော ပျိုးခင်းမျိုးတွင် ဆက်ပြီး အချိန် မဖြုန်းလိုပေ ။ သို့ရာတွင် စည်းခေါင်းကို ကြောက်ရသေးသည် ။ ကျွန်နှင့် သခင် ၊ တပည့်နှင့် ဆရာလို ပြားပြားဝပ် မကြောက်ရပေမယ့် သူနိုင်သော ဘက်က နေပြီး ပျိုးနုတ်ခကို ရှောရှောရှူရှူ မပေးဘဲ အနိုင်ကျင့်နိုင်သော အကွက်ရှိသောကြောင့် ကြောက်ရသည် ။ မိမိ တစ်ဦးတည်း ထပြန်လျှင် တစ်ခါတစ်ရံ၌ ပျိုးခင်းရှင် ကို အားနာရ၏ ။ ပျိုးခင်းရှင်ကို အားမနာရလျှင် စည်းခေါင်းကကွက်မှတ်ထားမည်ကို ကြောက်သောကြောင့် တစ်ညီတည်း ထပြန်အောင် လုပ်နည်းမှာ “ ဟ ... မြွေ … မြွေ ” ဟု အော်လိုက်ခြင်းပင် ။
မြွေဝင်သွားတာတွေ့လို့ ပြန်သည် ဆိုလျှင် စည်းခေါင်းရော ပျိုးခင်းရှင်ပါ မည်သို့မျှ အပြစ်မပြောနိုင် ပေ ။ ထို့ကြောင့် “ ငါတို့ လုပ်လာတာပါကွာ ” ဟု ကိုဆေးရိုးက ပြောလိုက်ခြင်း ဖြစ်ပေသည် ။
“ ဒါမျိုးတွေ ငါက ဖြစ်လာတာပါ ဘသော်ရာ ” ဟု ပြောအပြီး၌ ကိုဆေးရိုးက လုံချည်ကို မ၍ ညို့သကျည်းကို မြှောက်ပြလေသည် ။
“ သမန်းပြန်တာလည်း ထွန်သန်နဲ့ ဆောင့်မိလို့ ကွဲပြဲပြီး စိတ်ညစ်နေရတဲ့ အထဲမှာ ”
“ ဪ ... မြွေဝင်သွားလို့ မြွေဝင်သွားတယ် ပြောတာပဲဗျ ”
ဘသော်က ခပ်ဆတ်ဆတ် ပြန်ဖြေ၏ ။
“ ဟ မြွေဝင်တယ် ဆိုရအောင် ငါ့ ပျိုးခင်းနားမှာ ချုံပုတ်လည်း မရှိ ၊ ဘာလည်း မရှိနဲ့ ဘယ်က မြွေလာပြီး ဝင်မှာလဲ ”
ကိုဆေးရိုးမှာ ဝဋ်လည်ခြင်းသာ ဖြစ်၏ ။ ပျိုးခင်း ထဲသို့ ပျိုးခင်း ပတ်ပတ်လည်ရှိ စိုက်ခင်းများထဲမှ ရေတွေ စိမ့်ဝင်ပြီး ပျိုးပင်တွေ အချီးဆွဲသောကြောင့် အညစ် ခံရခြင်း ဖြစ်ပေသည် ။
မဟုတ်မမှန် ပြောပြီး မိမိက သူတစ်ပါးအပေါ်မှာ ညစ်ခဲ့သော နည်းဟောင်းကြီးဖြင့် အခြားတစ်ယောက်က မိမိကို လာရောက် လူလည် လုပ်သောအခါ ကိုဆေးရိုးမှာ ခံပြင်းလှသည် ။ ခံပြင်းသောကြောင့်လည်း ဘသော်၏ အလိမ်ပေါ်အောင် ကြိုးစားနေခြင်းဖြစ်၏ ။
“ ကဲပါကွာ ဒီတစ်နှစ်တော့ သည်းညည်းခံလိုက်ကြပါကွာ ”
ကိုဆေးရိုးက ပျိုးနုတ်သမားများ ဘက်သို့ လှည့်ပြီး တောင်းပန်ရာက ဘသော်ကို တောင်းပန်လိုက် ပြန်သည် ။
“ ငါ့ညီလည်း သည်းညည်းခံပါကွာ ၊ ဒါမှ ဆက်ပြီး မနုတ်ချင်ဘူး ဆိုရင် ပြန်ပါ ။ ငါ မင်းတို့ စည်းခေါင်းကို မတိုင်ပါဘူးကွာ ”
“ ဘာဗျ … မြွေဝင်သွားလို့ မြွေဝင်သွားတယ် ပြောတဲ့ဥစ္စာ ။ ကျုပ် ပြန်ချင်မှ ပြန်မှာပေါ့ ”
“ တယ် … ဒီကောင် ခွကျတဲ့ အကောင်ပါလား ကဲ ... ကဲ ”
နွားနှင့် အဆင်မပြေသောကြောင့် ခံစားရသော ဒေါသရှိန်သည် ကိုဆေးရိုး၏ ရင်တွင်း၌ ငြိမ်ဝပ်သွားခြင်း မရှိသေးပေ ။ နောက်ထပ်၍ သည်းခံနိုင်စရာ မရှိသော ကိစ္စတစ်ရပ်ကို ကိုဆေးရိုးမှာ ထပ်မံ ရင်ဆိုင် နေရပေပြီ ။ ဘသော်မှာ ကိုဆေးရိုး၏ ညီငယ် တစ်ယောက် အရွယ်မျှသာ ရှိသေး၏ ။ သို့သော်လည်း ဒေါသကို ချုပ်တည်းကာ ပျိုးခင်းထဲသို့ ဆင်းလိုက်သည် ။
“ မင်း ပြောတဲ့အတိုင်း မြွေ ရှိရိုးမှန်ရင် ငါ့ကို ကိုက်ပါစေကွာ ”
ကိုဆေးရိုးက ပျိုးပင်များ ကြားသို့ တိုးဝင်လိုက် ၏ ။ ပျိုးခင်းထဲဝင်ပြီး ခြေချရခြင်းမှာ မကောင်းလှပေ ။ ခြေချသော နေရာတိုင်း၌ ပျိုးတစ်ဖက်စာမျှသော ပျိုးပင်များမှာ နင်းခြေပစ်ခံရလေသည် ။ ပျိုးပင်တွေ ပျက်စီးချင်လည်း ပျက်စီးစေတော့ ။ ကိုဆေးရိုးက ဘသော်ကို မခံချင်ဇောဖြင့် ခြေတစ်လှမ်းလှမ်းလိုက် ၊ ပျိုးပင်တွေကို လက်ဖြင့်သပ်ပြီး အခြေရှင်းအောင် လုပ်လိုက်နှင့် ဘသော် ပြောသော မြွေကို ရှာဖွေနေလေ၏ ။ တစ်လမယ်ဝင် ထမင်းအိုးတစ်လုံးကျက်မျှ ကြာမြင့်သွားသည် ။ မြွေကိုကား မတွေ့ရပေ ။
“ ကဲ … ဘယ်မလဲ မြွေ ”
ပျိုးခင်းများ ကြားမှ ထွက်လာကာ ဆက်လက် နုတ်နေသော ပျိုးနုတ်သမားများ အနီးတွင် ရပ်၍ ကိုဆေးရိုးက မေးလိုက်လေသည် ။ ဘသော်မှာ ကန်သင်းပေါ်တွင် အေးအေးဆေးဆေး ထိုင်လျက် ပြောင်းဖူးဖက် ဆေးလိပ်အသေးတစ်လိပ်ကို ဖွာရှိုက်နေသည် ။
“ မင်း ပြောတဲ့ မြွေလည်း မတွေ့ပါလား ဘသော် ”
“ ခင်ဗျား ဒီဘက်က ရှာတုန်းမှာ ဟိုဘက်ကို မြွေက ရှောင်နေမယ်ဗျာ ၊ ဟိုဘက်ကိုလည်း ခင်ဗျား ရောက်ကရော မြွေက ဒီဘက်ကို လာနေမယ်ဗျာ ၊ ကဲ ဘယ်လိုလုပ်ပြီး တွေ့မလဲ ”
“ ကဲ တော်တော် ဘသော် ၊ တော်တော့ ။ မင်းကို ငါ ဆက်မပြောတော့ဘူး ”
ကိုဆေးရိုးမှာ မျက်နှာကြီး မည်းသွားကာ အသံ တုန်ကြီးဖြင့် ပြောမိလေ၏ ။ မိမိက ပျိုးခင်းထဲမှာ နင်းပြီး မြွေရှာနေစဉ်က လူနှင့် လွတ်အောင် ရှောင်ပြေးပါက မြွေလျှောက်ပြေးသည့် လမ်းကြောင်းတစ်လျှောက်ရှိ ပျိုးပင်များ လှုပ်ရှားနေရပေမည် ။ ယခုသော်ကား ပျိုးပင်များလည်း မလှုပ်ပေ ။ များသောအားဖြင့် မြွေသည် နောက်က လူလာလျှင် ရှေ့သို့သာ ပြေးလေ့ရှိ၏ ။ နောက်သို့ ပြန်လှည့်လာခဲသည် ။ မြက်ရိတ်လျှင် တစ်စပ်တည်းသာ သိမ်းရိတ် ၊ ဘယ်တော့မှ မြွေမကိုက်ဘူး ဟူသော လယ်သမားလက်စွဲ စကား ရှိသည် မဟုတ်လား ၊ သို့ရာတွင် ဘသော် ကမူ မြွေ နောက်ပြန် လာသော် ဟူသော အသုံးအနှုန်းဖြင့် ငြင်းဆန်နေပေ၏ ။
ထို့ကြောင့်လည်း ကိုဆေးရိုးက ဘသော်ကို စကား ဆက်မပြောရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏ ။ သို့သော်လည်း ရန်မလိုသော စကားကို ကိုဆေးရိုးက ဆိုလေခါမှ ဘသော်သည် ရန်လိုသော အရိပ်အယောင်ကို ဖော်ပြလာလေသည် ။
“ ခင်ဗျား တော်တိုင်း တော်ရမှာလားဗျ ။ ကျုပ် ပါးစပ်နဲ့ ကျုပ်ပြောတာ ”
“ အေး … ပြော … ပြော ”
ကိုဆေးရိုးက ဘသော်ကို လှည့်မကြည့်ဘဲ ပျိုးခင်းကို ကျောခိုင်းလိုက်လေ၏ ။ ညီလောက်အရွယ် ၊ သားလောက်ရွယ်နှင့် ဖက်ပြိုင်ပြီး ရန်ဖြစ်ရန်မှာ ခွေး နှင့် ဖက်ကိုက်ရသလို မိမိ သာလျှင် ဂုဏ်နိမ့်ကျသည်ဟု ထင်သောကြောင့်လော ၊ သို့တည်းမဟုတ် ပင်ကို စိတ်အတိုင်း တမင်သက်သက် သည်းခံခြင်းပေလော မသိ ။ ကန်သင်းရိုးအတိုင်း ညောင်ခြေထောက်ပင်ကြီး ဆီသို့ လျှောက်လာခဲ့ပေသည် ။ ညောင်ခြေထောက်ပင်၏ အခေါင်းထဲ၌ မိုးမစိုအောင် ညောင်ရွက်ဖြင့် ပတ်ထားသော ဖက်ဖြူဆေးလိပ်များ ရှိသည် ။ ညောင်ပင် ပါးပျဉ်းကြား၌ ထွန်နှင့် ပတ်သက်သော ချို့ယွင်းချက် များ ပေါ်ပေါက်လာလျှင် ပြုပြင်ရန် ဓားမတိုကလေး တစ်ချောင်းကို ထောင်ထား၏ ။
“ ဟေ့ … ငကြွက် ၊ မပြန်သေးဘူးလားကွ ။ ငါ တော့ မြွေကိုက်မှာ ကြောက်တယ်ဟေ့ ”
ညောင်ခေါင်းထဲမှ ဆေးလိပ်ထုပ်ကို ဆွဲယူလိုက်စဉ် ဘသော်၏ အသံသည် လေဟုန်ကို စီး၍ ညောင်ပင်အောက်သို့ လွင့်ပျံလာလေ၏ ။
“ ဘာကွ ၊ မြွေ မရှိပါဘူး ပြောမှာပေါ့ကွ ၊ သူ့မျိုး အချီးဆွဲကြီးတွေကို လူတိုင်း ဟင့်အင်တောင် ဖြစ်နေမှ အေး ဟုတ်တယ် ၊ ဘာဖြစ်လဲ ”
ကိုဆေးရိုးသည် ပါးပျဉ်းကြားက ဓားမတိုကို ဆွဲလျက် ခုန်ထလိုက်သည် ။ ချက်ချင်းပင် ပျိုးခင်းကို မျက်နှာမူကာ ကန်သင်းတစ်လျှောက် ပြေးလာခဲ့လေ၏ ။
“ ငါ့ ပျိုးခင်းထဲမှာ မြွေပွေး ဆယ်ကောင်လောက် ရှိတယ် ၊ ဘာဖြစ်လဲဟေ့ ။ အချီးဆွဲတော့ မင့်အပူလား ”
ဘသော်သည် ပါးစပ်ကြီးကို ဖြဲလျက် ငေးကြည့်နေစဉ် ကိုဆေးရိုးက ဓားမတိုကို ကိုင်မြှောက်၍ ချဉ်းကပ်လာလေ၏ ။
“ ခင်ဗျာ့ကို ကျုပ် ဘာပြောသလဲဗျ ”
“ အေး ... မင်း ငါ့ကို ဘာမှ မပြောဘူး ၊ လုပ်ချင်လို့ လုပ်တာဟေ့ ”
ကိုဆေးရိုးသည် ကိုယ်ရှိန်သတ်ကာ ဘသော် ရှေ့သို့ တစ်လှမ်းချင်း တိုးလာရာက ဝမ်းခေါင်းသံကြီးဖြင့် အော်၏ ။ သူ၏ လက်ထဲမှ ဓားမတိုသည် ဘသော်၏ လည်ပင်းကို ချိန်ရွယ်ထားကာ ဖျတ်ခနဲ လေထဲတွင် လှုပ်ရှားသွားလေသည် ။
“ ရီးဆေးရိုး … ရီးဆေးရိုး ”
လှအောင်သည် ကိုဆေးရိုး၏ ခါးကို ပြေးဖက်ရင်း အော်လိုက်သည့် အတွက် ကိုဆေးရိုး ရော လှအောင်ပါ ပျိုးခင်းကန်ပေါင်ပေါ်မှ စိုက်ခင်းရေပြင်ထဲသို့ လုံးထွေးကျသွားလေ၏ ။ ဘသော် မှာ လူတစ်ဖက်သားကို စော်ကားရန်စတတ်ရုံသာ စတတ်၏ ။ တစ်ဖက်လူ၏ ရန်ပြုခံရသော အခါတွင်မူ ကြက်သေ သေနေလေသည် ။
“ လှအောင် လွှတ်စမ်းကွာ ... ကျောင်းမှန်းကန်မှန်း သိသွားအောင် ”
ကိုဆေးရိုးကား လူးထဲထရင်း အော်၏ ။
“ ကိုဆေးရိုး … လွန်မယ် လွန်မယ် ”
ပျိုးနုတ်သမားများသည် ကိုဆေးရိုးနှင့် ကိုလှအောင်ထံသို့ ဝိုင်းလာကာ ကိုဆေးရိုးအား တောင်းပန်ကြ၏ ။
“ ကျုပ်တို့ တောင်းပန်ပါတယ်ဗျာ ... သည်းခံပါ ”
“ ဟကောင်တွေရ ငါ ဒါထက် တိုးပြီး သည်းခံရဦးမှာလားဟ ”
“ ဟုတ်ပါတယ်ဗျာ ၊ ကိုဆေးရိုးရဲ့ပျိုးခင်း မကုန်မချင်း ၊ နေမဝင်မချင်း ကျုပ်တို့ နုတ်သွားပါ့မယ်ဗျာ ၊ တော်ပါတော့ ”
“ မဟုတ်ပါဘူးကွာ ၊ လူမမှတ်သား ဆိုးလွန်းလို့ပါ ”
ကိုဆေးရိုးမှာ တော်တော်နှင့် ဒေါသ မပြေနိုင်အောင် ဖြစ်နေလေသည် ။ သည်းခံနိုင်သရွေ့ သည်းခံပြီးမှ ပေါက်ထွက်လာရသော ဒေါသတိုင်းသည် ဒီ အတိုင်းချည်း ဖြစ်၏ ။ ကိုဆေးရိုးက ဓားနှင့် မခုတ်ရသည့် တိုင်အောင် စိတ်ရှိလက်ရှိ ဖနောင့်နှင့် ပေါက်လိုက်ချင်သည် ။ သို့ပေမဲ့ ကျန် ပျိုးနုတ်သမားများ ဝိုင်း တောင်းပန်နေသည့်အတွက် ဓားမတိုကို ခါးထိုးကာ လယ်ကွက်ထဲသို့ ဆင်းခဲ့လေ၏ ။
“ မိမစစ် ဖမစစ်ကလေး ဟင်း ”
ကိုဆေးရိုးက နွားနှစ်ကောင် ရပ်ထားခဲ့သော နေရာသို့ ရောက်လာကာ ကန်ကြိုးနှင့် နှင်တံကို ထွန်ကိုင်းမှ ဖြုတ်ယူရင်း ဘသော်ကို ရည်ရွယ် ဆဲလိုက်လေသည် ။
“ ဟင်း တောက် .. တောက် ... ”
ခါတိုင်းဆိုလျှင် ယင်းသို့ အသံပေး မောင်းလိုက်လျှင် နွားနှစ်ကောင်မှာ ထွန်ကို ရွေ့ရုံမျှသာ ပျင်းတိ ပျင်းတွဲ ဆွဲရုန်းလေ့ရှိသည် ။ ယခုသော်ကား အလှည့်ဘက်က နွားဝါမှာ စောစောက အပြစ် ရှိထားခြင်းနှင့် ယခု မောင်းလိုက်သော ကိုဆေးရိုး၏အသံ မာကြမ်း ခက်ထန်ခြင်းကြောင့် အလန့်တကြား ဆွဲရုန်းလိုက်ရာ အတိုင်ဘက် နွားကြီးထက် ‘ ထမ်းပိုးထမ်း ’ ပိုသွားကာ ယိုင်သွားလေ၏ ။
“ တယ် …. ဒီနွားဟာ သေချင်ပြန်ပြီ ထင်တယ် ”
ကိုဆေးရိုးမှာ နွားနှင့် ရန်ဖြစ်ပြီးလျှင် လူ ၊ လူနှင့် ရန်ဖြစ်ပြီးလျှင် နွား စသည်ဖြင့် ဆူလှယ်ရန် ဖြစ်ရတော့မလို ဖြစ်နေလေ၏ ။ ထို့ကြောင့်လည်း စိတ် ဆိုးဆိုးနှင့် မြှောက်လိုက်မိသော နှင်တံကို ဖြည်းဖြည်းသာသာ အောက်သို့ ချလိုက်ပြီး “ သွားပါ သားကလေး ရာ ၊ ကောင်းကောင်း သွားပါကွာ ” ဟု ဆိုကာ ကြိုးနှစ်စကို ခပ်ရွရွ လှုပ်ပေးလိုက်ရသည် ။
နွားနှစ်ကောင်သည် တအိအိဖြင့် ထွန်တုံးကို ဆွဲ ရုန်းသွားလေ၏ ။ သို့စဉ်တွင် တဟူးဟူး တိုက်ခတ်နေသော လေထဲတွင် မိုးစက်မိုးပေါက်ကလေးများ ရောနှော ပါဝင်လာလေသည် ။
“ ဟင်းဟင် .. အင်းဟဲ့ ”
ကိုဆေးရိုးက သံမှန်ဖြင့် အသံပေးကာ မှတ်တိုင်ကို စိုက်လိုက် ၊ ထွန်သွားတွင် ငြိပါလာသော ရွှံ့များကို ခြေဖြင့် ထိုးချလိုက် အလုပ်များနေပေသည် ။ ပျိုးခင်း ကန်သင်းပေါင်နား ကပ်ကွေ့ ပြီး ခွဲကြောင်းအသစ် ခွဲကာ မောင်းလာချိန်ဝယ် ကိုဆေးရိုး မျက်နှာမူမိရာ အနောက်ဘက် တောတန်းကလေးဘေးမှ ဘွားခနဲ ထွက်ပေါ်လာသော မကျီးဒန်ကို မြင်ရလေ၏ ။ မကျီးဒန်၏ခေါင်းပေါ်၌ ထမင်းထုပ်ကို တင်ထား၏ ။ စောစောက မိုးမှာ မိုးဖွဲကလေးများ တစ်ပေါက် နှစ်ပေါက် ပါဝင်လာရာက မိုးလုံးသည် စိပ်လာ၏ ။ ကြီးလာ၏ ။ ချက်ချင်းပင် မိုးသည် အော်လျက် သည်းထန်စွာရွာ ချလိုက်လေသည် ။ ကိုဆေးရိုးသည် မိုးထဲ၌ ကတိမ်းကပါး လျှောက်လာနေသော မကျီးဒန် ကိုသာ စိုးရိမ်ကြီးစွာ မျှော်ကြည့်လျက် ထွန်တုံးနောက်က ကပ်လိုက် လာရာ ထွန်ကိုင်းနှင့် ရင်ဘတ်နှင့် အင့်ခနဲ နေအောင် ဝင်တိုးမိမှ နွားနှစ်ကောင်ကို လှမ်းကြည့်မိသည် ။ နွား နှစ်ကောင်သည် ကန်သင်းကို ခေါင်းဆိုက်ပြီး မြက်တွေကို အားပါးတရ စားနေသည်ကို တွေ့ရ၏ ။
“ တယ် … သေတော့မှာပဲ ”
ကိုဆေးရိုးသည် ကျောကွဲသွားအောင် ရိုက်ချင်၏ ။ နွားနှစ်ကောင် ကန်သင်းပေါ် တက်ပြေးလျှင် ထွန်ကျိုးသွားမှာ စိုးသောကြောင့် ကန်ကြိုးကို တအားကန်ပြီး ဆောင့်ဆွဲလိုက်ရာ တံတောင်ဆစ်ဆီမှ ပူခနဲဖြစ် သွားသဖြင့် လှည့်ကြည့်မိလေသည် ။ ခါးမှာ ထိုးထား သော ဓားမတို၏ အသွားက အပေါ်လှည့်နေသဖြင့် တံတောင်ဆစ်ကို ခုတ်မိခြင်းဖြစ်လေသည် ။ မိုးရေထဲမို့ သွေးချက်ချင်း မထွက်သော်လည်း ဒဏ်ရာဟက်တက်ကြီးမှာ ဖွေးဖွေးဖြူနေလေ၏ ။ ကိုဆေးရိုးသည် ဓားကို ကန်သင်းပေါ် ပစ်ချကာ နွားနှစ်ကောင်ကို နောက်ဆုတ်ခိုင်းပြီး ထမ်းပိုးတုံးမှ ချွတ်ကာ တအား လွှဲ၍ လွှဲ၍ တစ်ကောင်ပြီးတစ်ကောင် ရိုက်လေတော့သည် ။
“ ဘာဖြစ်လို့ ရိုက်နေရတာလဲ ”
ကျောဘက်မှ မကျီးဒန်၏ အသံ ပေါ်လာလျှင် ကိုဆေးရိုးက နွားနှစ်ကောင်ကို လွှတ်ပြီး ကန်သင်းပေါ် တက်လာလေ၏ ။
“ နွားတွေက တော့်ကို ဘာလုပ်လို့ ဒါလောက် ရိုက်ရတာလဲ ”
" အဲဒါကြောင့် ရိုက်တာ ... အား ... ”
ပြောပြောဆိုဆို မကျီးဒန်ကို ခြေထောက်ဖြင့် ပိတ်ကန်လိုက်ရာ လူကို မကန်မိဘဲ ညောင်မြစ်ကို ကန်မိသဖြင့် ကိုဆေးရိုးမှာ ပုံလျက် လဲကျသွားလေ၏ ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment