❝ ငါ့ကို မတို့နဲ့ ❞
( ပီမိုးနင်း )
ဤဝတ္ထု၏ နာမည်သည် သမ္မာကျမ်းစာမှ ရရှိသော လက်တင်စကားတစ်လုံး ဖြစ်၏ ။ ယေရှုသည် သင်္ချိုင်းမှ ပြန်၍ ထရာ ၊ မေရီ - မက်ဒါလင် ခေါ် မိန်းမယုတ်ဘဝမှ သူတော်ကောင်း ဖြစ်လာသူ မိန်းမနှင့် အတွေ့တွင် ယေရှုက “ ငါ့ကို မထိနှင့် ” ဟု ဆို၏ ။ ရီဇော၏ ဆိုလိုရင်းကား ထိုသဘောနှင့်မတူ ကွဲပြားလေသည် ။ ထိုခေတ်အခါ၌ ဖိလစ်ပိုင် ကျွန်းသားများ၏ အခြေအနေမှာ လွန်စွာ ဆိုးညံ့၍နေ၏ ။
သို့ ဆိုးညံ့၍ နေခြင်းမှာ အခြားကြောင့် မဟုတ် ။ မည်သူ တစ်ဦးတစ်ယောက်မျှ ပြုပြင်ပြောင်းလဲခြင်းကို မပြုနိုင် ဟူသော အယူကြောင့် ဖြစ်၏ ။ ဖိလစ်ပိုင် မျိုးချစ်သူရဲကောင်း ရီဇော သာလျှင် ပြုပြင်ဝံ့သော သတ္တိအစွမ်း နှင့် အရည်အချင်း ရှိခဲ့လေသည် ။ သို့ဖြစ်လေရာ “ ငါ့ကို မတို့နှင့် ” ဟူသော စကားသည် ထိုဆိုးညံ့သော အခြေအနေတို့က ပြုပြင်ခြင်း မခံလိုသဖြင့် ပြောသောအနေနှင့် ရီဇော အသုံးပြုသော နာမည် ဖြစ်လေသည် ။
ထိုဝတ္ထုကို ယခု မြန်မာပြန်ဆိုလိုက်ခြင်းသည် ရီဇော ရေးသော ဝတ္ထုရင်းကို တိုက်ရိုက် ပြန်ဆိုခြင်း မဟုတ် ။ ရီဇော၏ အတ္ထုပ္ပတ္တိကို အင်္ဂလိပ်ဘာသာဖြင့် ရေးသော ရှားလပ်စ် အက်ဒွပ်ရပ်ဆယ်သည် ထိုအတ္ထုပ္ပတ္တိကျမ်း၌ ရီဇော ရေးသော ထိုဝတ္ထုကို အကျဉ်းချုပ် ထည့်သွင်း ဖော်ပြလိုက်ရာမှ ယခုတစ်ဆင့် မြန်မာပြန်ဆိုလိုက်ခြင်း ဖြစ်လေသည် ။ သို့ဖြစ်လေရာ ဤ ယခုတစ်ဆင့် ပြန်ဆို ရာ၌ ရီဇော၏ အတ္ထုပ္ပတ္တိကို ရေးသော ဆရာ၏ ထင်မြင်ချက်များနှင့် မှာကြားချက်များ ရောနှောပါဝင်၍ နေသည်ကို သတိနှင့် ဖတ်ကြရပေမည် ။
ဤဝတ္ထုသည် ဂျွန်ကရီဇော့စ်တိုမိုအီဘာရာခေါ် ဖိလစ်ပိုင်လူမျိုး ယောက်ျားပျို၏အကြောင်း ဖြစ်လေသည် ။ ၎င်း၏ ဖခင်သည် ကြွယ်ဝသူ တစ်ယောက် ဖြစ်သဖြင့် ဖိလစ်ပိုင်ကျွန်းကို အုပ်စိုးသော အုပ်ချုပ်သူ စပိန် လူမျိုးများ၏ လေးစားဂရုပြုခြင်းကို အထူးခံရသူ တစ်ယောက် ဖြစ်လေသည် ။ ဖိလစ်ပိုင်လူမျိုးများအပေါ်၌ လည်း များစွာ သြဇာရှိသူ ဖြစ်လေသည် ။ ဂျွန်သည် ငယ်ရွယ်စဉ်ကပင် ဥရောပတိုင်းသို့ ပညာသင် သွားခဲ့ လေသည် ။ ကြွယ်ဝသော ဖိလစ်ပိုင်လူမျိုးမှန်က မိမိတို့၏သားများကို ဥရောပတိုင်းသို့ ပညာသင်လွှတ်လေ့ ရှိကြသည် ။
အကြောင်းမူကား ဥရောပတိုင်း၌ ပညာသင်ကြားရခြင်းသည် ကြီးပွားခြင်း၏ အကြီးဆုံးသော နည်းလမ်း ဖြစ်လေသည် ။ ဥရောပတိုင်း၌ ဂျွန် ရှိနေစဉ် ၎င်း၏ ဖခင်သည် လွန်စွာဆိုးသွမ်းစော်ကား တန်ခိုးလည်း ကြီးမားလျက် မျက်ကြုတ်ရန်လိုအားကြီးသော ရသေ့ရဟန်း တစ်ယောက်နှင့် ခိုက်ရန်ဖြစ်မိလေ၏ ။ ခိုက်ရန်အချင်း ဖြစ်ပွားခြင်းမှာ မြေမှုနှင့် ပတ်သက်လေ၏ ။
ရသေ့ရဟန်း ဆိုသည်မှာ ဘုရင်ဂျီဘုန်းကြီး ရိုးရိုး မဟုတ် ။ အထူး တရားကျင့်ရသော ဂိုဏ်းလေးဂိုဏ်း အနက် တစ်ဂိုဏ်းအပါအဝင် ဖြစ်သော ရဟန်းတစ်မျိုးကို ဆိုလို၏ ။ ထိုဂိုဏ်းလေးဂိုဏ်းမှာ စင်စစ်အားဖြင့် တကယ့် သူတော်သူမြတ်များဟု အထင်ခံကြရလေရာ အခြား ရိုးရိုး ဘုရင်ဂျီဘုန်းကြီးများ ၊ သာသနာပိုင် ဂိုဏ်းအုပ် ဂိုဏ်းချုပ်များကိုမူ လောကီ ရဟန်းဟု ခေါ်လေ့ရှိကြလေသည် ။
အကြောင်းမူကား ထိုရဟန်းများမှာ အဆိုပါ လေးဂိုဏ်းဝင် လောကုတ္တရာ ရဟန်းများလောက် တရား သဖြင့် သာသနာ ပြန့်ပွားရေး အလုပ်ကိုသာ ရိုးရိုးလုပ်ကြသူများ ဖြစ်ကြလေသည် ။ သို့ဖြစ်လေရာ တရားကျင့် ပုဂ္ဂိုလ်ဖြစ်သော ရသေ့ရဟန်း ( ဝါ ) လောကုတ္တရာ ရဟန်းများမှာ သူတော်သူမြတ် အဖြစ်နှင့် လွန်စွာ တန်ခိုးကြီးကြလေသည် ။
တန်ခိုးကြီးသလောက် ဖောက်ပြန်ကာ ထိုရသေ့ ရဟန်းမှာ ဆိုးယုတ်၍ နေလေ၏ ။ ၎င်းတို့နှင့် အချင်း ဖြစ်ခြင်းများမှာလည်း အများအားဖြင့် မြေမှု ၊ မြေခွန် ၊ မြေခမှုများ ၊ တံစိုး လက်ဆောင်စားမှုများနှင့် ၎င်းတို့ကို မရိုမသေမှုများနှင့် ပတ်သက်မြဲ ဖြစ်တတ်လေသည် ။
ထိုရသေ့ရဟန်းများမှာ တရားကျင့် ပုဂ္ဂိုလ်များ ဖြစ်ရာ အပိုင်စားရသော မြေများ ရှိသဖြင့် ထိုမြေများကို ချခြင်း ၊ ငှားခြင်းများဖြင့် ပစ္စည်းဥစ္စာ ကြွယ်ဝကြလေရာ သာလွန်၍ ဘုန်းကြီးကြပြန်လေသည် ။
၎င်းတို့နှင့် အချင်းဖြစ်သူတို့မှာ ခုခံခြင်း တစ်စုံတစ်ရာ မပြုနိုင် ။ ရပ်ရွာဒေသမှ နှင်ထုတ်ခြင်းကိုသော် လည်းကောင်း ခံကြရ၏ ။ သေသည့်တိုင်အောင် အမျိုးမျိုးသော နည်းတို့ဖြင့် နှိပ်စက်ညှဉ်းပန်းခြင်းများကို သော်လည်းကောင်း ခံကြရလေရာ ၎င်းတို့၏ ကလဲ့စားချေခြင်းသည်လည်း လွန်စွာမှ လျင်မြန်ထက်မြက် စူးရှမြဲ ဖြစ်လေ၏ ။
၎င်းတို့ အုပ်ချုပ်ရသော နယ်များ၌ ၎င်းတို့ကို တစ်စုံတစ်ယောက် မရိုမသေ ပြုသည့်အခါ အများ မှတ်အောင် ဆုံးမလေ့ ရှိ၏ ။ ထိုဆုံးမခြင်းကား ပြစ်မှုတစ်ခုခုကို ဆင်ကာ အပြစ်ဒဏ်ပေးခြင်းဖြစ်ရာ အပြစ် မရှိသူ များစွာတို့မှာ အသက်သေဆုံးကြရလေသည် ။ အခါများစွာ သ,တ်ပြီး ကိုယ်ကို မြှုပ်၍ ခြေ ၊ လက် ၊ ဦးခေါင်းများကို မြို့ရွာ လူမြင်ကွင်းများ၌ ချိတ်ဆွဲ၍ ထားလေ့ရှိကြလေသည် ။
အီဘာရာ၏ ဖခင်နှင့် အချင်းဖြစ်ပွားသော ရဟန်း ကောင်း Father Damaso ဖာသာ ဒမာစိုး ခေါ်သူ ဖြစ်လေရာ အီဘာရာ မှာ အပြစ် မရှိဘဲလျက် ထောင်အကျဉ်း ခံရလေ၏ ။ ထောင်ထဲ၌ ထိုအမှုကို မစစ်မဆေးဘဲ ၎င်းအား ကြာမြင့်စွာ ချုပ်နှောင်၍ထားရာ တဖြည်းဖြည်း သား၏ နာမည်ကို တမ်းတရင်း ကိုယ်စိတ် ချုံး၍ သေဆုံး ရရှာလေ၏ ။ ( ဤကား တကယ့် အတ္ထုပ္ပတ္တိကို မှီ၍ ရေးသော ဝတ္ထု ဖြစ်လေ၏ ။ )
ဥရောပတိုင်း စပိန်ပြည်မှ ဂျွန် ပြန်၍ လာသော အခါ ဖခင် သေဆုံးကြောင်းကို သိလေ၏ ။ သို့သော်လည်း မတရားသဖြင့် သေရကြောင်း စိုးစဉ်းမျှ မသိရှာသဖြင့် ဖာသာဒမာစိုး ကို ကြည်ညိုလျက်ပင် ရှိလေ၏ ။ ဂျွန် လည်း ဥရောပတိုင်းမှ ပြန်၍လာရာ၌ မိမိ၏ တိုင်းပြည်နှင့် အမျိုးသားများမှာ ကောင်းမွန်သော အုပ်ချုပ်ခြင်းကို ရကြသဖြင့် ကြီးပွားတိုးတက်ကြတော့ မည်ဟု ယုံကြည်ကိုးစား၍ လာခဲ့၏ ။
သို့သော်လည်း ဆိုးရွားမှုတွေကို တစ်မျိုးပြီး တစ်မျိုး သိမြင်၍လာရ၏ ။ မိမိ၏ ဖခင် သေဆုံးရခြင်းမှာလည်း မတရား သေဆုံးရခြင်း ဖြစ်ကြောင်း သိစပြုလေ၏ ။ ထိုအခါ ဖခင် အတွက်ရော ၊ အမျိုးသား အတွက်ရော ပူပင်ခြင်းသည် ဂျွန်၏ စိတ်နှလုံးမှာ တောင်ကြီး ပိသလို ဖြစ်၍ လာလေ၏ ။ သို့သော်လည်း ဖာသာဒမာစိုး၏ အကြောင်းကိုကား မသိရသေးချေ ။
ဖိလစ်ပိုင်ကျွန်း၏ ဆိုးဝါးသော အခြေအနေတို့သည် အမျိုးမျိုးဖြစ်၍ နေလေ၏ ။ ထိုအခါ၌ ဆင်းရဲသော မိန်းမ တစ်ယောက် ရှိ၏ ။ ၎င်း၏ နာမည်ကား ဆီဇား ဟု ခေါ်၏ ။ ၎င်း၏ ယောက်ျားမှာ လူဆိုးလူမိုက် အသောက်သမား ဖြစ်၏ ။
၎င်းလင်ဆိုး၏ ရိုက်နှက်နှိပ်စက်ခြင်း ၊ ဖြုန်းတီးခြင်းများကို အမြဲ ခံ၍နေရ၏ ။ ၎င်းမှာ ယာဇီလီအို နှင့် ကရစ်စပင် ခေါ် သားကလေး နှစ်ယောက် ရှိ၏ ။ ထိုကလေး နှစ်ယောက်မှာ မနီးမဝေး ရွာတစ်ရွာ ဘုန်းကြီးကျောင်း၌ ခေါင်းလောင်းထိုးခြင်း ၊ တံမြက်လှည်းခြင်း စသည့် အခိုင်းအစေ အလုပ်များကို လုပ်၍နေလေ၏ ။
ညတစ်ည၌ ကလေးများ အိမ်ကို အလည်လာကြလိမ့်မည်ဟု သိရသဖြင့် မိခင်ဖြစ်သူသည် သားကလေးများ ကြိုက်တတ်သော ဟင်းလျာနှင့် ထမင်းကို ချက်ပြုတ်၍ ထား၏ ။ ထိုညစာမှာ မိမိ ကိုယ်တိုင် စိုက်သော ခရမ်းချဉ်သီးကို အိမ်နီးချင်းထံမှ တောင်း၍ ရသော တောဝက်သားခြောက် ၊ တောဝမ်းဘဲပေါင် တစ်ပေါင် ၊ မိမိကိုယ်တိုင် ရှာသော ငါးကလေးများ ၊ မိမိ ကိုယ်တိုင် ကြိတ်ဖွပ်သော ဆန်ဖြူထမင်း ဖြစ်ရာ မိမိ ကိုယ်တိုင်မှ မစားရက်ဘဲ သားကလေးများ ရောက်မှ အတူစားမည်ဟု စောင့်၍ နေ၏ ။
ထိုအခိုက် အမူးသမား လင်ယောက်ျား ရောက်၍လာပြီး အားရပါးရာ စားရာ ဆီဇာ မှာ မိမိကိုယ်တိုင် အစားခံရသကဲ့သို့ နာကျင်လေ၏ ။ စား၍ ဝသောအခါ အမူးသမားသည် သားကလေး နှစ်ယောက် အကြောင်းကို မေးဖော်ရ၏ ။
ထိုအခါ ဆီဇာမှာ ကျေနပ်လျက် ငါ့သားကလေး နှစ်ယောက် ဝလျှင် တော်ပြီ ၊ ငါ ညစာ မစားတော့ပြီဟု စိတ်ကို ပိုင်းလိုက်လေ၏ ။ အကြောင်းမူကား ကျန်ရစ်သော ညစာမှာ သုံးယောက်စာအတွက် မလောက်ကြောင်း တွေ့ရှိရလေ၏ ။
ကလေးများကား မပေါ်လာ ။ လင်ယောက်ျားလည်း အပျော်အပါး ထွက်၍ သွားလေ၏ ။ ထိုည၌ ကရစ်စပင် မှာ ကျောင်း၌ တစ်စုံတစ်ရာ ပျောက်သဖြင့် ဘုန်းကြီးက ခိုးမှုနှင့် စွပ်စွဲပြီး ပျောက်သောအရာကို ပြန်၍ မပေးလျှင် အသေသ,တ်မည်ဟု ပြော၏ ။ မိခင် ဖြစ်သူ အိမ်၌ မျှော်၍ နေစဉ် လေမုန်တိုင်းကျသဖြင့် သူငယ်ကလေး နှစ်ယောက်မှာ ခေါင်းလောင်းကို မရပ်မနား ထိုး၍ နေရလေ၏ ။ ခေါင်းလောင်းသံသည် မိုးကြိုး လျှပ်စစ်ကို ကွယ်ကာသည်ဟု အများအယူ ရှိကြလေ၏ ။
သို့ခေါင်းလောင်း ထိုးနေခိုက်တွင် ကျောင်းစောင့်သူ တက်၍လာပြီး ခေါင်းလောင်းကို ကောင်းကောင်း မထိုးဘူးလားဟု ပြောကာ အပြစ်ဒဏ်ပေးပြီး ကရစ်စပင် ကို ထပ်မံ၍ ခိုးမှုနှင့် စွပ်စွဲပြန်၏ ။ ဘာဇီလီအို ကို ခေါင်းလောင်း စင်ပေါ်၌ သော့ခတ်၍ ထားလေ၏ ။
ဘာဇီလီအိုသည် မိမိ၏ အစ်ကို အော်လျက် ပါသွားသည်ကို အသံကြားသဖြင့် သိရ၏ ။ မည်သူ့ နောက်သို့ ပါ၍ သွားသည်ဟု မသိရ ။ အော်သံ တဖြည်းဖြည်း ဝေးပြီး ပျောက်သွားသည်ကိုသာ ကြားလိုက်ရ၏ ။ ထိုအခါ ခေါင်းလောင်းကြိုးကို ဖြုတ်ပြီး ပြတင်းပေါက်မှ ထိုကြိုးဖြင့်ဆင်း၍ အိမ်သို့ ပြေးလာခဲ့လေ၏ ။ ကရစ်စပင် ကား မပေါ်လာတော့ပေ ။ ခိုးမှုနှင့် အသက်တိုင်အောင် သေနတ်ဖြင့် ဆုံးမခြင်းကို ခံရလေ၏ ။
နောက် သုံးလေးရက်လောက် ကြာသောအခါ အမှုထမ်းများသည် ဆီဇာ ထံသို့ ရောက်လာကြလေ၏ ။ ကရစ်စပင် ခိုးမှုအတွက် မိခင် ဆီဇာကို ဖမ်းပြီး လမ်းများ ပေါ်၌ အတင်းဆွဲခေါ်၍ သွားကြပြီးနောက် ထောင်ထဲကို ချကြလေ၏ ။ သားအကြီး သေဆုံးကြောင်း ဆီဇာသည် ထောင်၌ နေစဉ် သိရ၏ ။
ထောင်မှ လွတ်သောအခါ စိတ်နောက်၍ သွားလေ၏ ။ အိမ်ကို မပြန်ဘဲ ထင်ရာကို သွား၍ နေလေ၏ ။ သားငယ် ဘာဇီလီအို လိုက်၍ ရှာရာ တွေ့သောအခါ ဆီဇာသည် သားကို မမှတ်မိဘဲ ရန်သူ မှတ်ထင်ကာ ပြေး ၏ ။ သားက လိုက်၍ ဖမ်း၏ ။ နောက်ဆုံး၌ မိပြီးသွား၏ ။ ရင်ခွင်၌ အသက်ပျောက်၍ သွားလေ၏ ။
အီဘာရာ၏ အဖြစ်အပျက်သည် ဤ တကယ့် အတ္ထုပ္ပတ္တိနှင့် ယှဉ်၍ သွားလေ၏ ။
ဂျွန်သည် ဖခင် အဘယ်နည်းနှင့် သေသည့် အကြောင်းကို တဖြည်းဖြည်း သိ၍လာ၏ ။ မတရား သေရုံမက သင်္ဂြိုဟ်ထားသော အီဘာရာ၏ အလောင်းကိုပင် ဒါမာစိုး၏ အမိန့်အရ တူးဖော်၍ ရေထဲသို့ ပစ်လိုက်ကြောင်းကိုလည်း သိရ၏ ။
သို့သော်လည်း ထိုအရေး၌ ဖာသာဒါမာစိုး အဘယ်နည်း အဘယ်ပုံ ပါဝင်သည်ကို လည်းကောင်း ၊ မိမိ ကိုယ်တိုင်ကိုလည်း အလားတူ ပြုဖို့ရန် ဖာသာဒါမာစိုး ကြံ၍နေသည်ကို လည်းကောင်း သေချာစွာ မသိသေးပေ ။ အကြောင်းမူကား ဖခင် အီဘာရာ၏ အဖြစ်အပျက်ကို တစ်နေ့သ၌ သား သိလိမ့်မည် ၊ သိလျှင် ကလဲ့စားချေလိမ့်မည် ။ မသိမီက ၎င်းကို သုတ်သင်မှ ဖြစ်မည်ဟု ဒါမာစိုး အကြံပြု၍ ထားလေ၏ ။
ရီဇောသည် စပိန်လူမျိုး၏ အုပ်ချုပ်ခြင်း အောက်၌ မိမိ၏ အမျိုးသား ကြီးပွားလိမ့်မည်ဟု တစ်ရံရော အခါ၌ မှတ်ထင် ယုံစားခဲ့မိ၏ ။ သို့အတွက် စပိန်အစိုးရ၏ လက်အောက်မှာပင် အမျိုးသား ကြီးမြင့်ရေးဆိုင်ရာ အလုပ်များကို လုပ်ဖို့ ကြံစည်ခဲ့၏ ။ ရီဇောသည် ထိုအကြံများကို ဂျွန်၏ ဦးခေါင်းထဲသို ထည့်၍ ပေးလေ၏ ။ ပေးပုံကား ...
ဂျွန်သည် ထိုအခါ၌ မိမိ၏ အမျိုးသားများ အသိ အလိမ္မာ မရှိ ။ မှောင်အတိ ကျ၍ နေသည်ကို သိလေ၏ ။ ပညာရေးမှာလည်း တကယ့် ပညာကို ထိထိရောက်ရောက် ပေးသော ပညာရေး မဟုတ်ချေ ။ ကျောင်းဆရာကြီး တစ်ယောက်နှင့် ဂျွန် အတွေ့မှာ ထိုအခြေအနေ တို့ကို အောက်ပါ စကားများဖြင့် သိရလေ၏ ။
ဆရာကြီးမှာ တပည့်ကျောင်းသား ဘယ်လောက် များပါသလဲဟု ဂျွန်က မေး၏ ။
စာရင်း အရတော့ ၂ဝဝ ကျော် ရှိတာပဲ ။ တတ်တဲ့ ကျောင်းသားကတော့ အစိတ်လောက် ရှိပါတယ် ။
ဘယ်လိုဖြစ်လို့လဲ ။
ဆရာကြီးသည် ဝမ်းနည်းစွာ ဦးခေါင်းကို ခါလျက် ကျုပ်တို့လို ဆင်းရဲတဲ့ ကျောင်းဆရာများမှာ အခက်အခဲ အမျိုးမျိုးနဲ့ တွေ့ နေရပါတယ် ။ အထင်အမြင် သေးခြင်း ခံရတဲ့ အပြင် အခြား သြဇာအာဏာတွေကိုလည်း ကြောက်ရပါတယ် ။ ကျောင်းတက်ဖို့ နေရာမှာလည်း အခုလို ဘုန်းကြီး ရထားထားတဲ့ နေရာ နံဘေးမှာ ကျဉ်းကျဉ်းကျပ်ကျပ် နေရာကလေးများ ၊ အသံကျယ်ကျယ် စာအံကြပြန်လျှင်လည်း ဘုန်းကြီးက ဆူတယ်ညံတယ် ဆိုပြီး ကျွန်တော့် ကိုပင် ကြိမ်းမောင်းတာပဲ ။ သည်လို အခြေအနေမျိုးမှာ တပည့်များရော ၊ ဆရာရော ဘာမှ မသင်နိုင်ဘူးဟု ဆရာကြီးက ပြောလေ၏ ။
ဘုန်းကြီးမှာ အခြား မဟုတ် ၊ ဖာသာဒါမာစိုးပင် ဖြစ်လေ၏ ။ ထိုဘုန်းကြီးသည် ဆရာကြီးကို အမြဲ စော်ကားနေသူ ဖြစ်လေ၏ ။ ဆရာကြီးက ဆက်လက် ပြောသည်မှာ -
“ ကျုပ် လခကလေးကလည်း မဖြစ်စလောက် အဲဒီ မဖြစ်လောက်တဲ့ လခကလေးကို မြို့တော် သွားပြီး ထုတ်ဖို့ရန်မှာ ဘုန်းကြီးလက်မှတ် ပါရသေးတယ် ။ သူက လက်မှတ် မပေးရင် မထုတ်ရဘူး ။ သူ့မှာ သာသနာ ကလည်း သူ့ဘက်က ၊ အစိုးရရော ပြည်သူကရော သူ့ဘက်က သူ ပြောသမျှ လိုက်နာယုံကြည် ကြရတာပဲ ။ ဘယ်သူ မဆို သူ့ထံမှာ မျက်နှာရဖို့ ကြိုးစား ကြရတာ ။ သည်တော့ သူ စော်ကားတိုင်း ခေါင်းငုံ့ပြီး ခံရတော့ တာပဲ ။ မခံရင် သည်အလုပ်ကလေး ပြုတ်မှာကိုး ။ မခံနိုင်လို့ သူနဲ့ ဆန့်ကျင်ဘက် လုပ်ရင် ကျုပ်ကို အားလုံးက ကဲ့ရဲ့ရှုတ်ချကြမှာပဲ ။ ပညာရေးမှာ ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး ”
“ ကျုပ်ကို စပိန်လူမျိုး၏ ရန်သူ ။ သာသနာပ လူဆိုးလူယုတ် ထောင်လွှားစော်ကားသူလို့ ဆိုကြလိမ့်မယ် ။ ကျောင်းဆရာ ဆိုတာ ပညာတတ်ဖို့လည်း မလိုတော့ပါဘူး ။ စိတ်အားထက်သန်ရင်လည်း အလကားပါပဲ ။ ခေါင်းငုံ့ပြီး ခံနိုင်မှ အလုပ်ကျေပွန်သူ ဖြစ်တာ ။ ကျုပ်မှာ သည်အရပ်သား ဖြစ်တယ် ။ မိခင် တစ်ယောက် ကိုလည်း ပြုစုရသေးတယ် ။ ကိုယ်တိုင် နေရေးစားရေး ကလည်း ရှိတာကိုး ။ သည့်အတွက် လှိုင်းပုတ်ရာပါတဲ့ အသေကောင်လို မိမိကိုယ်ကို စွန့်လွှတ်ပြီး ထားရတော့တာပဲ ”
“ ကျုပ် ကျောင်းသားကလေးများကိုလည်း စာသင်ရာမှာ ရိုက်နှက် မသင်ချင်ဘူး ။ ရိုက်နှက်သင်ရင် ပညာကို မုန်းကြမှာပဲ ။ ပညာကို ချစ်အောင် ကြိမ်ကို မသုံးဘဲ ကြိမ်လုံးကို သိမ်းထားတယ် ။ သည်တော့ ဘုန်းကြီးက မင်း ကျောင်းသားများကို ဖျက်ဆီးမဲ့အကောင် ၊ ဝတ္တရား မကျေပွန်တဲ့ အကောင်တဲ့ ။ ပညာကို သွေးနဲ့ ပေးမှ ရတာလို့ ဆိုပြီး ရိုင်းစိုင်းတဲ့ ရှေးခေတ်စကားတွေကို အခိုင်အမာ လုပ်ပြီး ပြောတယ် ”
“ ရှေးဟောင်းဆိုရင် ကောင်းရတော့မယ် ဆိုတာ ကျနေတာပေါ့ ။ သည်အတွက် ကြိမ်ကို မသုံးရင် အလုပ်ပြုတ်အောင် ဆိုင်ရာကို စာရေးမယ် ပြောလို့ ပညာကို ချစ်အောင် လုပ်ရာမှာ အခုတစ်ဖန် မုန်းအောင် ကြိမ်လုံးကို သုံးရပြန်တယ် ”
“ သည့်အတွက် ကျောင်းမှာ စိတ်လက် ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ကြရမယ့်အစား သောကပရိဒေဝနဲ့ သင်ကြရတာမို့ ကျောင်းသားတွေလည်း လျော့ကုန်တာပဲ ”
“ ကျောင်းသားများလည်း နားမလည်တဲ့ စာတွေကို ကြက်တူရွေးလို ပင်ပန်းကြီးစွာ ကျက်ကြရတယ် ”
ဤကား ထိုအခါ သမယ၌ ရှိသော ဖိလစ်ပိုင် ပညာရေး အခြေအနေတည်း ။
ထိုအခါ ဂျွန်အီဘာရာက စိတ်မပျက်ပါနဲ့လေ ဟူ၍သာ ပြောကာ အားပေးရလေ၏ ။
ထို့နောက် ဂျွန်သည် ကောင်းမွန်သော ကျောင်း အဆောက်အအုံကို ဆောက်လုပ်လှူဒါန်းမည်ဟု စိတ် အကြံပြုလေ၏ ။
ကျောင်း အုတ်မြစ်ချဖို့နေ့ ရောက်သောအခါ ထို အခမ်းအနားကို ဂျွန် ကိုယ်တိုင် ဆောင်ရွက်ဖို့ရှိရာတွင် မထင်ရှားသူ တစ်ယောက်ထံမှ သတိပေးစာ တစ်ခုကို ရလေ၏ ။ ထိုစာမှာ ဂျွန်၏ အသက်ကို ရန်ရှာ၍နေသူ ရှိသည် ။ သတိထား ဟူသော စာ ဖြစ်လေ၏ ။
ထို သတိပေး စကားကို ဂျွန်သည် အမှတ်မဲ့ထား သော်လည်း အုတ်မြစ်ချသောအခါ၌ တူး၍ ထားသော မြောင်းထဲသို့ မိမိကိုယ်တိုင် ဆင်းရသောအခါ သတိပြုမိလေ၏ ။ အပေါ်သို့ မော်၍ ကြည့်မိလေ၏ ။ သို့ကြည့်ရာ အုတ်မြစ်ကျောက်မှာ မိမိ၏ ဦးခေါင်းတည့်တည့် အပေါ် ၌ ဆွဲ၍ထားသည်ကို မြင်ရသဖြင့် သတိနှင့် နေ၏ ။
သို့နေခိုက်တွင် သစ်သားအက်ကွဲသံကို ကြားရလေ၏ ။ ခဏအတွင်း အုတ်မြစ်ကျောက်ကြီး ပြုတ်၍ကျ၏ ။ သို့သော်လည်း ဂျွန်မှာ လျင်မြန်စွာ ရှောင်နှင့်သဖြင့် ဘေးမှ ထွက်၍ သွားလေ၏ ။
ထိုအုတ်မြစ်ချပွဲပြီး၍ ညစာစားပွဲ ကျင်းပကြရာ၌ ဖာသာဒါမာစိုးသည် ရှားသော ဧည့်သည် ဖြစ်လေ၏ ။ ဒါမာစိုးသည် ဂျွန်ကို သေကြောင်းကြံရာ မအောင်မြင်သည့်အတွက် ထိုညစာစားပွဲမှာ အလွန်ဒေါသဖြစ်ပြီး ဂျွန်၏ ကွယ်လွန်သွားသောအကြောင်းနှင့် ပတ်သက်၍ အဘယ်လိုမျိုးမှ ခံနိုင်ဖွယ်ရာ မရှိသော စကားတစ်ခွန်းကို ပြောလိုက်၏ ။
သို့ပြောလိုက်သောအခါ ဂျွန်သည် ဒါမာစိုး၏ လည်ကို ထ၍ညှစ်ပြီး ထိုးလိုက်ရာ ဒါမာစိုး လဲကျလေ၏ ။ ဂျွန်သည် အသေလုပ်တော့မည်ပြုရာ အခြား ဧည့်သည်များ ကြက်သေသေ၍ နေကြလေ၏ ။ သို့အတွက် ကပ္ပတိန် တီယာဂို၏သမီး မာရီကလာရားသည် ဝင်၍ ဖျဉ်လေ၏ ။ ၎င်းမိန်းမပျိုကား ဂျွန်၏ ရည်းစား ဖြစ်သဖြင့် ဂျွန် စိတ်ပြေ၍ သွားလေ၏ ။
သို့သော်လည်း တန်ခိုးကြီးသော ရဟန်း သူတော် သူမြတ်ကို စော်ကားမိသည် ။ ဂျွန်၏ အကြီးအကျယ် ပျက်စီးခြင်း ဖြစ်လေ၏ ။ ထိုပြစ်မှုထက် ကြီးသော ပြစ်မှု မရှိတော့ပေ ။ သာသနာ၏ကိုယ်စား အာဏာတန်ခိုး ကြီးမားသူ ရဟန်းတော်ကြီးကို ရန်ပြုခြင်းသည် မပြောဝံ့ လောက်အောင် ကြီးမားသော ပြစ်မှု ဖြစ်လေ၏ ။
ထိုနေ့၌ ဂျွန်သည် သာသနာမှ သပိတ်မှောက်ခြင်းကို ခံရလေ၏ ။ ထိုအပြစ်ဒဏ်သည် သက္ကရာဇ် ၁ဝဝဝ အတွင်း ဥရောပတိုက်တွင် ရှိခဲ့သော အခြေအနေမျိုး၌ ခံကြရသော သပိတ်ဒဏ်မျိုးနှင့် ခြားနားခြင်း မရှိချေ ။ ထိုအခြေအနေကား သာသနာမှ သပိတ်မှောက်ခံရသူများထက် ခံစားရသော ကြောက်မက်ဖွယ် ဆိုးရွားသော အခြေအနေ ဖြစ်လေသည် ။
၎င်းကို ကုဋ္ဌနူနာစွဲသူထက် ပိုမို၍ ရွံရှာသော ကပ္ပတိန် တီယာဂိုးသည်လည်း မိမိနှင့် ဂျွန် အဆက်အသွယ် မရှိရအောင် ပိတ်ပင်တားမြစ်လေ၏ ။ ၎င်းသည် စည်းစိမ် ဥစ္စာနှင့် တန်ခိုးရှိလျက် အုပ်စိုးသော စပိန်လူမျိုး အလိုတော်ရိ ဖြစ်၏ ။ အသိအလိမ္မာဉာဏ် အသိအမြင် မရှိဘဲ ပစ္စည်းဂုဏ်နှင့် မော်မောက်သော အလကားလူစား ဖြစ်၏ ။
မြန်မာပြည်၌ ယခုအခါ ရှိကြသော ရှေ့တွင် ဟိန်းဟောက်ကွယ်ရာ ဒူးထောက် အလိုတော်ရိ အမျိုးအစား ဖြစ်လေ၏ ။ ၎င်းသည် စပိန်နှင့် ပတ်သက်သမျှကို အမြဲကြီးကျယ်သည်ဟု ပြောဟော ၊ စပိန်ယောင် ပြေးလျက် အထက်တန်းစား၍နေသော ဖိလစ်ပိုင် အညံ့စား တစ်ယောက် ဖြစ်လေ၏ ။ ထိုကဲ့သို့သော အညံ့စား အဖြစ်မျိုးထက် အောက်ခံလူမျိုး ပညာမဲ့သော ဓနရှင်သည် အခြားသူများထက် ပိုမို၍ ရောက်တတ်လေ၏ ။
ထိုမျှလောက် ဆိုးရွားသော ခေတ်အခါ၌ ဂျွန်နှင့် မာရီယာကလာရားတို့၏ အချစ်မှာ မွှေးကြိုင်သောအချစ် ဖြစ်လေ၏ ။ ၎င်းတို့ ငယ်စဉ်က အတူတူ ကစားခဲ့ကြ၍ အတူတူ တစ်ပြိုင်တည်း ကြီးခဲ့ကြ၏ ။ ဂျွန်သည် စပိန်ကို ၇ နှစ်သွား၍ နေခိုက်မှာ မိမိချစ်သူသည် သစ္စာမဖောက် ။ တစ်နေ့နေ့၌ မာရီယာနှင့် ထိမ်းမြားရမည်ကိုသာ မျှော်၍ နေ၏ ။
မာရီယာ၏ ဖခင်သည်ကား ထိုမျှော်လင့်ချက်တွေကို အကုန် ခြေဖြင့် ချေဖျက်လိုက်ရုံမက လီနာရက် ခေါ် စပိန်လူမျိုးကလေး တစ်ယောက်နှင့် ထိမ်းမြားရန် စီမံလေ၏ ။ ထိုစပိန်လူမျိုးသည် ဖာသာဒါမာစိုး ဆောင်ကြဉ်း ၍လာသောသူ ဖြစ်လေ၏ ။ မာရီယာက အတန်တန် ခုခံငြင်းဆန်သော်လည်း မရ ။ ၎င်းနှင့် ထိမ်းမြားဖို့ရန် သေချာ၍ သွားလေ၏ ။
ဤအတွင်း ဘုရင်ခံချုပ်အသစ် ရောက်၍လာလေ၏ ။ ထိုဘုရင်ခံချုပ်မှာ ဂျွန်၏ ဖခင် ဘီဘာရာကြီး၏ မိတ်ဆွေဟောင်းကြီး ဖြစ်လျက် စိတ်သဘော ကောင်းသူလည်း ဖြစ်လေ၏ ။ ဖိလစ်ပိုင်ကျွန်း၌ ရသေ့ရဟန်းများ၏ စော်ကားခြင်းများကို နှိမ်နင်းလိုသောစိတ် ရှိသူ ဖြစ်၏ ။ သို့သော်လည်း နှိမ်၍ မရချေ ။ မိမိ မိတ်ဆွေ၏ သားကိုကား ၎င်းသူတော်သူမြတ်များ၏ ရန်မှ လွတ်အောင် ကြိုးစားမည်ဟု ကြံကာ လောကီရဟန်းဂိုဏ်းချုပ် ဆရာတော်ကြီးနှင့် တိုင်ပင်ကာ ဂျွန် အပေါ်၌ မှောက်၍ ထားသော သပိတ်ကို လှန်အောင် လုပ်၍ ပေးလေ၏ ။ ၎င်းဂိုဏ်းချုပ်နှင့် ရသေ့ရဟန်းများမှာ ကောင်းစွာ မသင့်ချေ ။
သို့ပင် သပိတ်လှန်သော်လည်း ကပ္ပတိန် တီယာဂိုး သည် ဖာသာဒါမာစိုးကို စော်ကားသော ဂျွန် အပေါ်၌ အခွင့်မလွှတ်နိုင် ။ တင်းမာ၍သာ နေလေ၏ ။ သူတော်သူမြတ်များသည် သပိတ်ထက် ဆိုးသော အပြစ်ဒဏ်ကို ပေးရန် ကြံ၍နေကြလေ၏ ။
တီယာဂိုးသည် မိမိ၏သမီးကို လီနာရက်နှင့် ထိမ်းမြားရေး အောင်မြင်ဖို့ရန် ဘုရားကို မီးပူဇော်ခြင်း ၊ မီးအိုးမီးပန်း ဖောက်ခြင်း ၊ ဆုတောင်းခြင်း စသည်တို့ဖြင့် ကြိုးစားလေ၏ ။
ဖိလစ်ပိုင်ထုံးစံမှာ မိန်းမပျိုများသည် လူကြီးမိဘ သဘောတူသူကို မငြင်းမဆန်ဘဲ ယူကြရ၏ ။ မာရီယာ မှာကား ကိုယ်တိုင် အကြီးအကျယ် မကျန်းမာသဖြင့် ထိမ်းမြားခြင်းကို မပြုရဘဲ နေလေ၏ ။
ထိုကဲ့သို့ မကျန်းမမာ ဖြစ်နေကြောင်းကို ဂျွန်အား သတင်းပေးပို့သူမှာ အေးလီးယား ခေါ်သူ ဖြစ်လေ၏ ။ အေးလီးယားသည် ထိုဝတ္ထု၌ အချုပ် ဖြစ်လေ၏ ။
ကျောင်း အုတ်မြစ်ချစဉ်က ဂျွန်အား သတိပေးသော သူသည် အေးလီးယား ပင် ဖြစ်လေ၏ ။ ၎င်းအား ဂျွန်သည် တစ်ရံသောအခါ၌ မိကျောင်းဘေးမှ ကယ်ခဲ့ဖူး လေ၏ ။ ၎င်းသည် သမ္ဗာန်သမား ဖြစ်သော်လည်း ပညာအရည်အချင်းနှင့် ပြည့်စုံသဖြင့် အလုပ်နှင့် မမျှအောင် အထက်တန်းစားစိတ် ရှိလေ၏ ။
ဤဝတ္ထု၌ ၎င်း၏ ဇာစ်မြစ် ပေါ်ပေါက်သည့်တိုင်အောင် အနည်းနည်း ပါဝင်ခဲ့လေ၏ ။ ၎င်းမှာ ထိုခေတ် သမယ၏ ဆိုးဝါးရက်စက်ခြင်းများကို များစွာ တွေ့ကြုံ ခံစားရသဖြင့် မိမိ၏ လူမျိုး၏ ဆင်းရဲဒုက္ခများ အကြောင်းကို အမြဲဆင်ခြင်ကာ တိတ်တဆိတ် မရပ်မနား အနည်းနည်း လှုပ်ရှားခြင်းများကို ပြု၍နေသူ ဖြစ်လေ၏ ။
ရီဇောသည် မိမိ ပြောဆိုလိုသော လှုပ်ရှားခြင်း စကားများကို ၎င်း အေးလီးယား နှုတ်သို့ သွင်း၍ ပေး၏ ။ ဤဝတ္ထု၌ ဤသူကား အဆူသမား ဖြစ်လေ၏ ။
၎င်းပြောသော အောက်ပါ အဖြစ်အပျက်များမှာ အမှန်ဖြစ်လေ၏ ။ ထိုအဖြစ်အပျက်များမှာ သက္ကရာဇ် ၁၉ဝဝ အတွင်းမှာ ဖိလစ်ပိုင်ကျွန်း၌ အမှန်တကယ် ဖြစ်ပျက်ခဲ့၏ ။ သို့သော်လည်း အမျိုးတစ်ဆက်ခန့် အတွင်း၌ ပြောင်းလဲခြင်းများ ဖြစ်၍ နေသည်ကို တွေ့ရှိရသူတို့ကား မယုံနိုင်အောင် ရှိပေလိမ့်မည် ။ ထိုထက် ဆိုးသော အရာများလည်း ဖြစ်ခဲ့လေသည် ။
သို့ဖြစ်ခြင်းမှာ အခြား ယဉ်ကျေးသော တိုင်းပြည်များ မသိမမြင်နိုင်အောင် ချောင်ကျ၍ နေခြင်းနှင့် ငါ့မင်းငါ့ချင်း အုပ်စိုးခြင်းများကြောင့် ဖြစ်လေ၏ ။
▬ အေးလီးယား၏ အတ္ထုပ္ပတ္တိ
နှစ်ပေါင်း ခြောက်ဆယ်ခန့်အခါက ကျွန်ုပ်၏ အဘိုးသည် မနီလာမြို့တော်ရှိ စပိန်ကုန်တိုက်ကြီး တစ်ခုတွင် စာရင်းကိုင်လုပ်ခဲ့ရာ တစ်နေ့သ၌ ကုန်တိုက်ကြီးကို မီးလောင်ရာ အကြီးအကျယ် ပျက်စီးလေ၏ ။ ကုန်တိုက်မှ သူဌေးအိမ် ၊ သူဌေးအိမ်မှ အခြား အဆောက်အအုံများသို့ မီးကူးလေ၏ ။
မီးရှို့သူ မပေါ်သဖြင့် ကျွန်ုပ်၏ အဘိုးကို မတရား စွပ်စွဲကြရာမှ အဘိုးမှာ ဆင်းရဲသူဖြစ်၍ ရှေ့နေကောင်း မငှားနိုင်သဖြင့် အပြစ်ရ၏ ။ ထိုအပြစ်မှာ မြင်းနောက်မှ ချည်၍ အဆွဲခံရပြီး လမ်းထောင့်များ၌ ကြိမ်ဒဏ်အပေး ခံရသော ဒဏ် ဖြစ်၏ ။ လူစုလူဝေးများကား တပျော်တပါး လိုက်၍ ကြည့်ကြ၏ ။
ကျွန်ုပ်၏ ပျိုရွယ်နုနယ်သော အဘွားသာ ကြင်နာသူ ရှိလျက် မစွန့်မခွာဘဲ လိုက်ပါ၍သာ နေလေ၏ ။ အခါများစွာ မဟာကရုဏာတော်၏ အရှင်ဖြစ်သော ထာဝရဘုရား ကျောင်းတော်များ အနီး၌ ကြိမ်ဒဏ်အပေး ခံရလေသည် ။
သို့ အပြစ်ဒဏ်ခံရသဖြင့် မြောမေ့၍ နေသောအခါကျမှ ချမ်းသာရာရလေ၏ ။ သေလျှင် ကောင်းဖို့ ရှိ၏ ။ သို့သော်လည်း မသေ ။ ထိုအခါ၌ ကျွန်ုပ်၏ အဘွားမှာ ကိုယ်ဝန်ရှိနေလေ၏ ။ အဘွားသည် မမာမကျန်း ဖြစ်၍နေသော လင်ယောက်ျားကို ပြုစုရင်း ကလေးအတွက်ရော ၊ လင်မယား နှစ်ယောက်အတွက်ရော တစ်အိမ်ပြီး တစ်အိမ် တောင်းရမ်းရ၏ ။ တောင်းရမ်းသော်လည်း မရ ။ မည်သူကမျှ အလုပ်လည်း မပေး ၊ မီးရှို့သော လူဆိုး တစ်ယောက်၏ မယားကို မည်သူမျှ မယုံမကြည် ။ ထိုအခါ အဘွားမှာ ပျိုရွယ်သူ ဖြစ်သည့်အလျောက် ပြည့်တန်ဆာ အလုပ်ကို လုပ်ရလေ၏ ။
ထိုစကားကို ဂျွန် ကြားသောအခါ ထိုင်ရာမှ ဒေါသနှင့် ထလေ၏ ။
အေးလီးယားက စကားဆက်၍ ပြောသည်ကား ဒေါသ မဖြစ်နှင့် သူတို့မှာ ထိုအခါ၌ အရှက်ကို မသိနိုင်ကြတော့ဘူး ။ အရှက်ဆိုသည်မှာ ၎င်းတို့နှင့် မဆိုင်ဟု ဆိုလောက်သော နိမ့်ကျသည့် အခြေအနေသို့ ရောက်၍ နေကြပြီ ဖြစ်၍နေပါသည် ။ ထိုနောက် ဆက်၍ ပြောသော အတ္ထုပ္ပတ္တိမှာ -
လင်ယောက်ျား ကျန်းမာသောအခါ လူထဲမှာ မနေနိုင်သဖြင့် သားအမိ သားအဖ သုံးယောက် တောထဲ တောင်ထဲကို သွားပြီးနေကြ၏ ။ မည်သူကမျှ မကြင်နာ မသနား ။ ၎င်းတို့ကလည်း လောကကြီး တစ်ခုလုံးကို မုန်း၍ နေ၏ ။ မိန်းမမှာ ကလေးမွေး၏ ။ မွေးသော ကလေးမှာ ကံကောင်းထောက်မသဖြင့် သေ၏ ။
ထို့နောက် မိန်းမဖြစ်သူ မကျန်းမာခိုက်မှာ ယောက်ျား ဖြစ်သူသည် စိတ်ပျက်၍ လည်မှ ကြိုးတပ်ပြီး ဘဝကို အဆုံးသတ်လေ၏ ။ ၎င်း၏ အလောင်းသည် သားအကြီးကလေး၏ ရှေ့၌ ပုပ်ပျက် ယိုယွင်းခြင်းသို့ ရောက်၏ ။ ၎င်း သားအကြီးကလေးမှာလည်း မကျန်းမမာသော မိခင်ကိုပင် ကောင်းစွာ မပြုနိုင် ၊ မစုနိုင်သေးသော အရွယ် ဖြစ်လေ၏ ။
နောက် လူများ သိသောအခါ ထိုမိန်းမသည် လင်ကို သတ်သော မိန်းမဖြစ်သည်ဟု စွပ်စွဲကြ၏ ။ လူဆိုးမယား ၊ ပြည့်တန်ဆာမ အဘယ်ပြစ်မှုမျိုးကို မပြုဝံ့ဘဲ ရှိမည်နည်း ဟူ၍ ပြောကြ၏ ။ မိန်းမက ငြင်းသော်လည်း မရ ။ ငိုလျှင် အမူလုပ်သည် ၊ ဘုရားကို တိုင်တည်လျှင် ဘုရားကို လိမ်သည် စသည်ဖြင့် စွပ်စွဲကြ၏ ။
သို့သော်လည်း ထိုအခါ၌ ကိုယ်ဝန် ရှိနေပြန်သဖြင့် ကလေး မျက်နှာမြင်ပြီးမှ ကြိမ်ဒဏ်ပေးကြလေ၏ ။ ကလေးမှာ ကျန်းမာသောကလေး ဖြစ်လေ၏ ။ ကလေးမျက်နှာ မြင်ပြီး၍ နှစ်လအကြာမှာ စိတ်ကျေနပ်လောက်အောင် အပြစ်ဒဏ်ကို ပေးကြလေ၏ ။
မိခင်ပျိုမှာ ကလေးနှစ်ယောက်နှင့် အခြားတစ်နယ်သို့ ပြေးရ၏ ။ သားအကြီးမှာ ငယ်စဉ်က အဖြစ်အပျက်များကို မှတ်မိသဖြင့် စိတ်နာပြီး လူဆိုးဓားပြ ဖြစ်၍ သွား၏ ။ ထိုအခါ ဘာလပ်ဟူသော ၎င်း၏ နာမည်ကို ကြားသမျှ လူတိုင်း ကြောက်ရွံ့ရ၏ ။ သားအငယ်မှာ နူးညံ့သိမ်မွေ့သူ ဖြစ်သဖြင့် မိခင်နှင့်အတူ နေ၏ ။ ၎င်းမှာ နူးညံ့သိမ်မွေ့ သောကြောင့် မီးရှို့သော သူ၏ သား မဟုတ်တန်ရာ အခြားသူ တစ်ယောက်ယောက်နှင့် ရသော သားဖြစ်ရာ၏ဟု အများ မှတ်ထင်ကြ၏ ။ လူအများ စွန့်ပစ်သော အစုတ်များကို ဝတ်၍ တော၌ ရသမျှသော အစာကို စားရ၏ ။
တစ်နေ့သ၌ မိခင် တောထဲသို့ မှိုနုတ်သွားရာ ပြန်မလာသဖြင့် သားငယ်သည် လိုက်လံ၍ ရှာရာ တစ်ခုသော နေရာ၌ ပက်လက်လဲ၍ သေနေသော မိခင်၏ အလောင်းကို တွေ့ရလေ၏ ။ အလောင်းမှာ မျက်လုံးကြောင်တောင် ပွင့်၍ နေသဖြင့် ထိုမျက်လုံးများနှင့် တည့်ရာနေရာကို ကြည့်ရာ သစ်ကိုင်းတစ်ခုမှာ ချိတ်၍ ထားသော ခြင်း တစ်ခုကို မြင်ရသဖြင့် သွား၍ကြည့်ရာ အစ်ကို ဓားပြ၏ ဦးခေါင်းဖြစ်၍ နေသည်ကို တွေ့ရှိရလေ၏ ။
၎င်း၏ ကိုယ်မှာ မြေမြှုပ်ခံရပြီး အင်္ဂါအစိတ်အပိုင်းများမှာ ထိုကဲ့သို့ လူများမြင်အောင် အဆွဲခံရလေ၏ ။ ကာလံသာ မှ ဆန်တိုတောမား ခေါ် အရပ်ကို သွားသူ တို့သည် အရွက်အခက် ၊ အသီးအပွင့် မသီးသော သစ်ပင်တစ်ပင်ကို တွေ့နိုင်ကြ၏ ။ ထိုသစ်ပင်သည် ထိုဦးခေါင်း ချိတ်၍ထားသော အပင် ဖြစ်လေ၏ ။
ညီဖြစ်သူကား အေးလီးယား၏ ဖခင် ဖြစ်လေ၏ ။ ၎င်းသည် စိတ်သဘော နူးညံ့သိမ်မွေ့သဖြင့် ၎င်း၏ အကြောင်းကို မသိသူမှန်က ချစ်ခင်ကြ၏ ။ တစ်ကိုယ်တည်း ရောက်ရာပေါက်ရာကို သွားရာ တာယာဘား ခေါ်သော အရပ်၌ သူဌေးတစ်ယောက်၏ အိမ်၌ အလုပ်သမား ဖြစ်၍နေလေ၏ ။
သို့ အလုပ်လုပ်ရင်း စုဆောင်းရာ ငွေရင်း အနည်းငယ် ရလေ၏ ။ ၎င်းမှာ ငယ်ရွယ်သူဖြစ်ရာ မိမိ၏ မိဘများ အကြောင်းကို မည်သူမျှ သိမည် မဟုတ် ။ ကြီးပွားအောင် ကြိုးစားဖို့သာ ရှိတော့သည်ဟု မျှော်လင့်ကိုးစား၍ နေလေ၏ ။ သို့နေခိုက်တွင် လူကုံထံ သမီးတစ်ယောက် နှင့် ချစ်ကြိုက်လေ၏ ။ သို့သော်လည်း မတော်တဆ အတိတ် အဖြစ်အပျက်များ ပေါ်လျှင် ခက်ချေရဲ့ဟု စဉ်းစားကာ မိန်းမပျိုအား မိမိကို ယူရန် မပြောဝံ့ဘဲ နေလေ၏ ။ သို့နေခိုက်တွင် ယဉ်ပါးမိသည့်အတွက် မိန်းမပျို၏ ဂုဏ်ကို ငဲ့ညှာကာ မိမိကို ယူရန် မရမက ပြောရလေ၏ ။
အကြင်လင်နှင့် မယား အဖြစ်သို့ ရောက်ကြသောအခါ မျိုးရိုးကို စစ်ရာတွင် အဖြစ်အပျက် ပေါ်ပေါက် သဖြင့် ၎င်းသည် တရားစွဲခံရလေ၏ ။ ခုခံခြင်းကို မပြု ။ အမှန်အတိုင်း ပြောပြဝန်ခံလိုက်သဖြင့် ထောင်ဒဏ် အပြစ်ပေးခံရလေ၏ ။ မိန်းမမှာ ယောက်ျားကလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အမြွှာဖွား၏ ။ ယောက်ျားကလေးမှာ အေးလီးယား ပင် ဖြစ်လေ၏ ။ မိခင်လည်း သေဆုံးလေ၏ ။
ထိုအခါ အမြွှာမောင်နှမ နှစ်ယောက်မှာ အဘိုး ဖြစ်သူနှင့် နေကြရလေ၏ ။ အဘိုးမှာ ကြွယ်ဝသူ ဖြစ်သဖြင့် လယ်ယာမိုးမြေ ပစ္စည်းဥစ္စာတို့နှင့် ချမ်းသာစွာ နေကြရလေ၏ ။
အေးလီးယား မှာ ဂျီဇွစ်ကောလိပ်၌ ပညာသင်ရ၏ ။ နှမ မှာ ကွန်ကောဒီးယား ကောလိပ်မှာ ပညာသင်ရ၏ ။ ကျောင်းမှ ထွက်ကြသောအခါ လယ်ယာ အလုပ်ဖြင့် ရိုးရိုး နေထိုင်ရန် စိတ်ကူးကြလျက် အဘိုး၏ ပစ္စည်းများကို အမွေခံယူကြလေ၏ ။
၎င်းတို့မှာ ချမ်းသာစွာ နေကြလေ၏ ။ နှမမှာလည်း ၎င်းချစ်သော ယောက်ျားပျို တစ်ယောက်နှင့် ထိမ်းမြားမည့်ဆဲဆဲ ရှိနေလေ၏ ။
တစ်ရံရောအခါ၌ အေးလီးယားသည် ဆွေမျိုး တစ်ယောက်နှင့် ငွေစကားများရာ ၎င်းဆွေမျိုးက ၎င်းအား မျိုးရိုးဇာတိ မစင်ကြယ်ကြောင်း ထုတ်ဖော်၍ ပြောလေ၏ ။ ထိုအခါ၌လည်း အဘိုးအို တစ်ယောက်သည် မောင်နှမ နှစ်ယောက်ထံ အစေခံဖြစ်၍ နေ၏ ။ ထိုအဘိုးအိုသည် အခြား အစေခံများက ပြောင်လှောင် ပြောဆိုကြသည့်အခါ မျက်ရည်နှင့် ညည်းတွား၍သာ နေ၏ ။
အေးလီးယား ပြောသမျှ ဆိုသမျှတို့ကို သည်းခံလျက် ၎င်းတို့ထံမှ မစွန့်မခွာဘဲ နေ၏ ။ အချင်းဖြစ်သော ဆွေမျိုးသည် ၎င်းအဘိုးကြီးကို သက်သေအဖြစ်နှင့် ရုံးသို့ ခေါ်၍ စစ်ဆေးရာ အမှန်အတိုင်း ပေါ်ပေါက်လာ လေ၏ ။ ထိုအဘိုးကြီးကား အခြားမဟုတ် ။ ၎င်းတို့ မောင်နှမ၏ ဖခင် ဖြစ်လေ၏ ။ ၎င်းအဘိုးကြီးသည် သားသမီး နှစ်ယောက်အတွက် ရတက်မအေးလှသဖြင့် အသက်တို၍ သွားရာ အေးလီးယားသည် ထိုအတ္ထုပ္ပတ္တိကို ၎င်း အဘိုးကြီး၏ နှုတ်မှ ကြားသိရလေ၏ ။
မောင်နှမ နှစ်ယောက်မှာ သင်္ချိုင်းဟောင်းမှ တူးဖော်၍ ရသော အသိုးအပုပ်တို့ဖြင့် ထပ်မံ လွှမ်းအုပ်ခြင်းကို ခံရသကဲ့သို့ ဖြစ်၍ နေကြရရှာလေ၏ ။ နှမဖြစ်သူ၏ ရည်းစားသည်လည်း နှမ၏ ရှေ့၌ပင် အခြား မိန်းမ တစ်ယောက်ကို ယူ၍ သွားလေ၏ ။ တစ်နေ့သ၌ နှမ ပျောက်၍ သွား၏ ။ လိုက်လံစုံစမ်းသော်လည်း မတွေ့ရပေ ။
နောက် ခြောက်လလောက် ကြာ၍ အင်းရေများ လျှံလျက် လယ်များမှာ ရေလွှမ်းမိုးစဉ် သတင်းတစ်ခုကို ကြားရလေ၏ ။ ထိုသတင်းကား ရင်ဘတ်မှာ ဓားစိုက်လျက်နေသော မိန်းမပျိုတစ်ယောက်၏ အလောင်းကို လယ်ပြင်၌ တွေ့ရသည် ဟူသော သတင်းဖြစ်လေ၏ ။ ရုပ်ပုံသဏ္ဌာန်ကို စုံစမ်းရာ ၎င်း၏ နှမပင် ဖြစ်၍နေသည်ကို သိရလေ၏ ။ အလောင်းကို မည်သူမျှ လာ၍ မယူဟု ကြားရလေ၏ ။
ထိုအခါမှစ၍ အေးလီးယားသည် လေလွင့်လျက်နေလေ၏ ။
အေးလီးယားသည် ထိုအကြောင်းကို ပြောပြီး ဆိတ်ငြိမ်စွာ သမ္ဗန်ကို ခတ်၍ နေလေ၏ ။
အေးလီးယား သည်ကား ဂျွန်ကို ပြည်သူ့ခေါင်းဆောင် အဖြစ်နှင့် စပိန်လူမျိုး၏ အုပ်ချုပ်ခြင်းကို အကြမ်းနည်းဖြင့် တိုက်ခိုက်ဖြိုဖျက်စေရန် ဆန္ဒရှိ၏ ။
ဂျွန်ကား အကြမ်း မလုပ်ဘဲ အမျိုးသားအား အသိဉာဏ် အလိမ္မာကို ပေးခြင်းဖြင့် လွတ်မြောက်ခြင်းကို ရစေဖို့ရန် ကြံလို၏ ။
၎င်းတို့ နှစ်ယောက် အချေအတင် ပြောသော စကားများသည် တိုင်းပြည်၏ အသံနှင့် ကောလိပ်ပညာသံ နှစ်သံ ငြင်းပုံနှင့် တူ၏ ။ ရီဇော၏ စိတ်၌လည်း ထိုအတိုင်း ဖြစ်ကာ အကြမ်းနည်းဖြင့် တော်မလား ၊ အနုနည်းနှင့် တော်မလား ဆိုသော ဆင်ခြေနှစ်ရပ်သည် အတိုက်အခံ ဖြစ်၍နေလေ၏ ။
ထိုအတွင်း ရသေ့ရဟန်းများသည် ဂျွန်ကို မကောင်း ကြံလျက် နေကြ၏ ။ သူပုန်မှု သင့်အောင် ကြံ၍ နေကြ၏ ။ ဂျွန်မှာ အပြစ် မရှိသော်လည်း ထိုအခါ၌ အဖမ်းခံရချေက လွတ်ဖို့ လမ်း မရှိတော့ပေ ။
အေးလီးယားသည် ထိုကဲ့သို့ ရဟန်းများ ကြံ၍ နေကြောင်း ဂျွန်အား ပြော၍ ပြ၏ ။
ထိုဝတ္ထု နောက်ဆုံး အခန်း၌ ဂျွန်သည် မာရီယာကလာရား၏ ပြတင်းပေါက်သို့ သမ္ဗန်နှင့် တိတ်တဆိတ် သွား၍ နှုတ်ဆက်ပြီး ထွက်ခွာသောအခန်း ဖြစ်လေရာ အတော်ပင် ကြေကွဲလောက်သော အခန်း ဖြစ်လေ၏ ။
ဂျွန် အပေါ်၌ ကျရောက်နေသော သူပုန်မှုမှာ မာရီယာကလာရား အား လွန်ခဲ့သော ၇ နှစ် အခါက ပေးခဲ့သော စာတစ်စောင်၌ ပါရှိသော စကားအနည်းငယ်ကြောင့် ဖြစ်လေ၏ ။ ထိုစကားများမှာ ဖိလစ်ပိုင်ကျွန်း အုပ်ချုပ်ခြင်း အခြေအနေနှင့် ပတ်သက်၍ မကျေမချမ်းသော စကားများ ပါရှိလေရာ မာရီယာသည် ထိုစာကို ရဟန်းများအား တမင် ပြသည်ဟု ဂျွန်သဘော ရရှိလေ၏ ။
မာရီယာကမူကား မိမိကို ပိုး၍နေသော ဆီးလဗျား ခေါ် ရသေ့တစ်ယောက် ထိုစာကို ခိုးယူသွားသည်ဟု ပြောလေ၏ ။ ၎င်းရဟန်းကလည်း မာရီယာသည် ကပ္ပတိန် တီယာဂိုး၏သမီး မဟုတ် ၊ ဖာသာဒါမာစိုး၏ တိတ်တိတ်ပုန်း သမီး ဖြစ်ကြောင်း ပြော၍ပြလေ၏ ။
ထို့နောက် မာရီယာမှာ ထိုအကြောင်းနှင့် ပတ်သက်၍ အပြစ်ကင်းကြောင်း သိရသောအခါ သမ္ဗန်နှင့် ပါစစ်မြစ်ကို ဆန်၍ ပြေးလေ၏ ။ သမ္ဗန်သမားမှာ အေးလီးယား ပင် ဖြစ်ရာ ထိုအခါတွင် အေးလီးယားသည် မိမိ အဘိုး၏ အတ္ထုပ္ပတ္တိကို ပြော၍ပြဟန် တူလေ၏ ။
သို့ပြေးရာ အစောင့်တပ်သားများသည် သမ္ဗန်များ နှင့် လိုက်ကြလေ၏ ။ အေးလီးယားသည် သမ္ဗန် ပေါ်မှ လှိမ့်၍ ဆင်း၏ ။ တပ်သားများသည် သေနတ်နှင့် ပစ်လျက် လိုက်ကြ၏ ။ အေးလီးယားကို ဂျွန်ဟု မှတ်ထင် ကြ၏ ။ နောက်ဆုံး၌ ပြေးသူ ရေထဲသို့ နစ်မြှုပ်သွားသည်ကို တပ်သားများ တွေ့ ကြရပြီး ရေထဲ၌ သွေးကို မြင်ရသည် ဟူ၍ ပြောကြလေ၏ ။
၎င်းနောက် တပ်သားများသည် သူပုန် ဂျွန်အီဘားရား မှာ ရေထဲတွင် သေနတ်ဒဏ်ရာနှင့် သေပြီဟု သတင်း လွှင့်ကြလေ၏ ။ ထိုသတင်းကို ကြားရသောအခါ မာရီယာကလားရား သည် သီလရှင်ကျောင်းသို့ ဝင်ကာ သီလရှင် လုပ်လေတော့သတည်း ။
▣ ကမ္ဘာကျော် ဖိလစ်ပိုင် မျိုးချစ်ခေါင်းဆောင် ဒေါက်တာ ဟိုဆေးရီဇော် ရေးခဲ့သော “ Noli Me Tangere ” ကို ပြန်ဆိုထားခြင်း ဖြစ်သည် ။
▢ ပီမိုးနင်း
📖 တိုးတက်ရေး မဂ္ဂဇင်း
အမှတ် ၇၁
ဖေဖော်ဝါရီ ၊ ၁၉၃၇
No comments:
Post a Comment