❝ အက်စ်ကေ ဦးကျော်ဌေး ❞
အက်စ်ကေ ဦးကျော်ဌေး ကို ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းရဲ့ နာယက လူကြီး အဖြစ် ကျွန်တော် စတင် တွေ့ဆုံဖူးတာပါ ။
၁၉၉၈ ခုနှစ်မှာ လူမှုကူညီရေးအသင်း စတင် ဖွဲ့စည်းကြတော့ ဦးလေး ဦးကျော်ဌေးက မန္တလေးမြို့ရဲ့ မြို့မိမြို့ဖ လူကြီး တစ်ယောက် အနေနဲ့ ပါဝင်လာတာ ဖြစ်တယ် ။ သူ့ ထူးခြားချက်ကတော့ အသံသြဇာနဲ့ ပြည့်စုံတယ် ။ စကားပြောရင် မာတယ် ၊ ထန်တယ် ၊ ပြတ်သားတယ် ။ မှန်တဲ့ ဘက်မှာ ရဲရဲဝံ့ဝံ့ ရပ်တည်တယ် ။
ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကို စတင် ဖွဲ့စည်းကြစဉ်မှာ အသင်း အမှုဆောင်တွေ လုပ်ငန်းလမ်းကြောင်း တိမ်းစောင်းမှု မဖြစ်အောင် ထိန်းကျောင်းဖို့ အတွက် အမေ လူထုဒေါ်အမာ က ဦးဆောင်နာယက အဖြစ် ပါဝင်ပြီး ဂုဏ်သိက္ခာရှိတဲ့ မြို့မိမြို့ဖ လူကြီးတွေက နာယကအဖွဲ့ဝင် အဖြစ် တာဝန်ယူပေးခဲ့ကြတယ် ။
“ သေသူတွေ အတွက် အလှူရှင်တွေက ရည်ရွယ် ပေးလှူထားတဲ့ ငွေတွေကို ရှင်သူတွေက မစားမိဖို့ ” ဆိုတဲ့ အဆုံးအမ အပါအဝင် နာယကကြီးတွေရဲ့ အဆုံးအမ အတိုင်း အမှုဆောင်တွေက နာခံခဲ့လို့ ဂုဏ်သတင်း ကောင်းခဲ့ပါတယ် ။
ယခုအချိန်မှာတော့ အမေ လူထုဒေါ်အမာ လည်း ကွယ်လွန်သွားပြီ ။ မြို့မိမြို့ဖလူကြီးများ အားလုံးလည်း ပါဝင် ဆောင်ရွက်ခြင်း မရှိတော့ဘူး ။ စာရေးသူ ကိုယ်တိုင်လည်း ဆက်လက် ပါဝင်ခြင်း မပြုတော့ပါဘူး ။
နှစ်ဦးစလုံး အသင်းအဖွဲ့ တစ်ခုမှာ အတူ ပါဝင်မှု မပြုကြတော့တဲ့ အချိန်ရောက်မှ ဦးလေး ဦးကျော်ဌေးရဲ့ ဘဝလမ်းကြောင်းကို ကျွန်တော် ရေးသားဖို့ စီစဉ်တယ် ။ မန္တလေးမြို့ ၈၄ လမ်းမှာ ရှိတဲ့ သူ့ရဲ့ နေအိမ်ကို သွားရောက်ပြီး အေးအေးလူလူ စကားစမြည် ပြောခဲ့ကြတယ် ။
“ ၁၂၉၁ ခု ၊ နယုန်လပြည့်ကျော် ၄ ရက် ၊ တနင်္ဂနွေနေ့မှာ မွေးတယ် ”
ဦးလေး ဦးကျော်ဌေးက သူ့မွေးနေ့ကို ပြောတယ် ။ သူ့နာမည်က ကျော်နဲ့ စတာမို့ နေ့သင့်နံသင့် မဟုတ်ဘူး ။
အဲဒီကိစ္စ မေးတော့ သူတို့ ညီအစ်ကိုတစ်တွေ အားလုံးကို ကျော်တွေချည်း အမည် မှည့်တဲ့အကြောင်း သိရတယ် ။ ကျော်ရှိန် ၊ ကျော်အေး ၊ ကျော်မြင့် ၊ ကျော်ဆင့် ၊ ကျော်အေး ၊ ကျော်လင်း ၊ ကျော်ဝင်း ၊ ကျော်မင်း ၊ ကျော်သင်း ဆိုတဲ့ အမည်တွေ ရွတ်ပြတယ် ။ နှမ နှစ်ယောက်က ခင်လှိုင် ၊ ခင်ဆိုင် ။
“ ကျွန်တော့်ကို စဉ့်ကူးမြို့နယ် ကျွန်းတော်ရွာမှာ မွေးတယ် ။ ငါးနှစ် သားလောက်မှာ ဘုန်းကြီးကျောင်း ရောက်သွားပြီး ဘုန်းကြီးကျောင်းသား အဖြစ် စာသင်တယ် ။ ရှစ်နှစ်သား လောက်မှာ ကိုရင်ဝတ်တယ် ၊ ဘုန်းကြီးက အင်မတန် တော်ပါတယ် ။ ဘုန်းကြီးက တောသာသနာပြုပေါ့ ၊ တောသားတွေကို ကြီးပွားအောင် လုပ်ပေးနိုင်တဲ့ ဘုန်းကြီးပေါ့ ”
ကျွန်တော့် စိတ်ထဲက အဲဒီ ဆရာတော်ကို လေးစားမိပါတယ် ။ ဦးလေး ဦးကျော်ဌေးက ဆရာတော် မန္တလေးကို သွားရောက်ပြီး စာပေပရိယတ္တိ ဆည်းပူးစဉ်က အင်္ဂလိပ်စာ ၊ ဟိန္ဒီစာပေတွေ ကိုလည်း သင်ယူလာခဲ့တဲ့ အကြောင်းကို ပြောပြတယ် ။ ဆရာတော်ရဲ့ ဘွဲ့အမည်ကို မေးတော့ ဦးဉာဏ လို့ ဖြေတယ် ။
ဘုန်းကြီးက ဘယ်လို ဆုံးမသလဲ ဆိုရင် “ မင်းတို့တွေ အမြင်ကျယ်အောင် မြို့ကို ပြောင်းကြ ၊ ကိုယ့်မိသားစု ကိုလည်း မြို့ခေါ်နိုင်အောင် ကြိုးစား ” အဲဒါ အဓိကထား မှာတယ် ၊ ကျွန်တော်တို့ကို သစ်တန် တွက်နည်းလို သင်္ချာတွေ ဦးစားပေး သင်တယ် ”
“ ဦးလေးဌေး ဘယ်အရွယ် လောက်မှာ မြို့ကို ရောက်သလဲ ”
“ အသက် ၁၄ နှစ်လောက်မှာ မန္တလေးမြို့ကို ရောက်ပါတယ် ။ ငါးဆူတိုက် ဆရာတော်ကြီး ဦးသောဘိတ ဆီမှာ အပ်ပေးပါတယ် ။ သင်္ဂြိုဟ် ၊ သဒ္ဒါတက်ပြီး ပရိယတ္တိ စာပေသင်ပါတယ် ”
ဦးလေး ဦးကျော်ဌေးက ပြောလက်စကားကို ခဏနားတယ် ။
“ ဘာဖြစ်လာသလဲ ဆိုတော့ စာကျက်လို့ မရဘူး ။ လေရောဂါ ဝင်လာတယ် ။ ပရိယတ္တိစာပေကို ကောင်းကောင်း မကျွမ်းတော့ ဘုန်းကြီးစာ မတတ်ဘဲ ရဟန်းဝတ်နေဖို့ မသင့်ဘူး ။ လူထွက်မယ် စိတ်ကူးတယ် ။ ဒါပေမဲ့ အဖေက လူထွက်ခွင့် မပြုဘူး ”
သူ့ဘဝကို စိတ်ဝင်စားမိတယ် ။
“ ရဟန်းခံပြီးမှ ထွက်ပါတဲ့ ၊ ၁၉ နှစ်သား ရဟန်းခံပြီးတော့ ထွက်တယ် ။ ဆရာတော်က မထွက်စေချင်ဘူး ။ ဒါပေမဲ့ မနေလို့ လူထွက်မယ် ဆိုရင် တောကို မပြန်နဲ့ ၊ မြို့မှာပဲ နေဖို့ အထပ်ထပ် မှာတယ် ။ တောမှာ နေလို့ မကြီးပွားနိုင်ဘူး ။ မင်းက ကံကောင်းလို့ ကောက်ရမယ့် ကံ ပါရင်တောင်မှ ကျပျောက်မယ့်သူ မရှိဘူး ”
ကျွန်တော်တို့ ပြိုင်တူ ရယ်မောမိကြတယ် ။
“ လခစား မလုပ်နဲ့ ၊ လက်မှုပညာ မသင်နဲ့ ၊ အရောင်းအဝယ်ပညာကို သင်ဖြစ်အောင် သင် ၊ ဒါကို ထပ်ကာထပ်ကာ ပြောတယ် ၊ ကျွန်တော် လူထွက်တယ် ဆိုပါတော့ ”
“ လူထွက်ပြီးတော့ ဘယ်မှာ နေသလဲ ”
“ အဘိုး ၊ အဘွားတွေက မန္တလေးမှာ ရှိမ္မကားပွဲရုံ ဆိုပြီး ဖွင့်ထားတယ် ။ အဲဒီမှာ အလုပ် ဝင်လုပ်တယ် ။ အရောင်းအဝယ် ပညာသင်တယ် ၊ ပြီးတော့ ဒေါ်အုန်းမေရဲ့ ပွဲရုံကို ပြောင်းတယ် ။ ကျက်သရေဆောင် ဆရာကြီးဦးသင် ဆီမှာ စာရင်းကိုင်ပညာ သင်တယ် ”
“ ဘာတွေ လုပ်ရတာလဲ ”
“ ပွဲရုံက ပဲမျိုးစုံ ၊ ကုန်မျိုးစုံ ရောင်းတော့ ကျွန်တော်က ကုန်စည်ဒိုင် ဆင်းရပါတယ် ။ အဲဒီအချိန်က ကုန်စည်ဒိုင်က ပန်းဆိုးတန်း နားမှာ ရှိတယ် ။ နောက်ကျ ပဲလှော်ချောင် ပြောင်းတယ် ”
“ နောက်ကျတော့ ... ”
“ ကုန်သည်လုပ်ပြီး ပဲဝယ်ဖို့ ကသာ ရောက်ပါတယ် ၊ ကသာမှာ နေရင်းနဲ့ ထိုင်တဲ့ လက်ဖက်ရည်ဆိုင်က ထီလည်း ရောင်းတယ် ။ အမျိုးသမီး နှစ်ယောက်က ထီဆိုင်ကို ဝင်လာပြီး ထီထိုးတယ် ၊ သူတို့က ဘာပြောလဲ ဆိုတော့ အတိတ်က အပျိုကြီး နှစ်ယောက် လင်ငယ်ဝယ်ရန်တဲ့ ”
ဦးလေးဌေးက ပြောရင်း ရယ်တယ် ။
ကျွန်တော်ကလည်း အပျိုကြီးက လင်ဝယ်ရန် မဟုတ်ဘဲ လင်ငယ် ဝယ်ချင်ရတာလဲ တွေးပြီး ပြုံးမိတယ် ။
“ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း ဦးဘလွန်း ကလည်း လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေတာ ၊ သူတို့ နှစ်ယောက် သွားတဲ့ အခါကျတော့ လူပျိုကြီး နှစ်ယောက် မယားငယ် ဝယ်ရန် ဆိုပြီး ထီထိုးပါတယ် ၊ ထီထိုးတော့ ကံအားလျော်စွာ နှစ်ယောက် ငါးသောင်း ( ကျပ် ၅၀,၀၀၀ ) ဆုပေါက်တယ် ”
“ အဲဒီခေတ်က ငါးသောင်း ဆိုတာ အများကြီးပဲ ၊ အသက် ဘယ် အရွယ်လဲ ”
“ ၂၇ နှစ်လောက်ပါ ၊ နှစ်သောင်းခွဲ ( ကျပ် ၂၅,၀၀၀ ) စီ ခွဲယူပြီး အဲဒီ အရင်းလေးနဲ့ ပွဲကုန်း လမ်းမတန်းမှာ မြေဝယ်ပါတယ် ။ ပေ ၃၀ ပတ်လည်လောက်ကို ရှစ်ထောင် ( ကျပ် ၈၀၀၀ ) ပေးရတယ် ။ အောင်ချမ်းသာပွဲရုံ ဆိုပြီး ပွဲရုံ ဖွင့်တယ် ။ ရွာက မိသားစုတွေ အားလုံး မြို့ကို ပြောင်းဖို့ ခေါ်ယူပါတယ် ”
“ ဦးလေးဌေး အိမ်ထောင် မကျသေးဘူးနော် ”
“ မကျသေးဘူး ၊ အားလုံး မန္တလေး ခေါ်ယူတာ ၊ သူတို့ ယခုလည်း ရှိတယ် ၊ ကြီးပွားကြပါတယ် ၊ အဖေက မြို့ ရောက်လာပြီး အရောင်းအဝယ်ကို သိသွားတော့ တောင်သူက ပန်းသကိုးကွတဲ့ ”
ဦးလေး ဦးကျော်ဌေး ပြုံးတယ် ။
“ ပွဲရုံလည်း အောင်မြင်ပါတယ် ၊ တော်တော်လေး ကြီးပွား သွားတော့ ကျွန်တော်က အုတ်လုပ်ငန်း ပြောင်းလုပ်တယ် ၊ အက်စ်ကေ အုတ်လုပ်ငန်း လုပ်တာ ”
“ အက်စ်ကေလို့ ဘာကြောင့် အမည် ပေးတာလဲ ”
“ ကသာက ဦးစိန်နဲ့ ကျွန်တော်နဲ့ ရှယ်ယာ လုပ်ပါတယ် ၊ ဦးစိန် ဆီက ပညာသင်ယူပြီး လုပ်တယ် ၊ စစချင်း သန်လျက်မှော် မှာ ငါးနှစ်လောက် လုပ်တယ် ၊ ပြီးတော့ ပုသိမ်ကြီးမြို့နယ် သရက်တစ်ပင်ရွာ ကို ပြောင်းလုပ်တယ် ၊ နောက်မှ တံငါတောင်ရွာ မှာ ပြောင်းလုပ်တယ် ”
“ ဆရာတော်တွေရဲ့ လမ်းညွှန်မှုကြောင့်ပေါ့ ”
“ ဟုတ်ပါတယ် ၊ ၁၉၅၉ - ၁၉၆ဝ မှာ မန္တလေးခရိုင် လက်ကားအသင်း မှာ အတွင်းရေးမှူး တက်လုပ်ရတယ် ။ ထိန်းသိမ်းပြီး အောင်မြင်အောင် လုပ်ခဲ့ပါတယ် ”
“ အဖွဲ့အစည်းတွေထဲ လုပ်ခဲ့တာတွေ ပြောပါဦး ”
“ မန္တလေး ဘိုးဘွားရိပ်သာကြီး အနေနဲ့ ခုနစ်နှစ်လောက် လုပ်တယ် ။ မဟာမုနိဂေါပက ငါးနှစ် ၊ မစိုးရိမ်တိုက်သစ် ဥပဋ္ဌာက အဖွဲ့မှာ အရေးအခင်း မဖြစ်ခင်က စပြီး ခုထိ လုပ်နေတယ် ။ အခု ကျွန်တော် ဥက္ကဋ္ဌပါ ။ မဟာစည် ရတနာပုံ သာသနာ့ရိပ်သာ မှာလည်း နာယက ၊ ပရိယတ္တိအသင်း တွဲဖက်အတွင်းရေးမှူး လုပ်ခဲ့ပါတယ် ”
“ ဗြဟ္မစိုရ် မှာလည်း တော်တော်ကြာကြာ နာယက လုပ်ခဲ့တယ် ”
“ အသင်းစဖွဲ့တဲ့ ၁၉၉၈ ခုကနေ ၂၀၁၂ ခု အထိ ”
မန္တလေးမြို့က သင်္ချိုင်း တစ်ခု ဖြစ်တဲ့ ကြာနီကန် သုသာန်ဝင်းထဲမှာ ဦးလေး ဦးကျော်ဌေးက သစ်ပင်တွေ စိုက်ပေးခဲ့တာကို ကျွန်တော် သတိရလို့ အဲဒီ အကြောင်းကို မေးမြန်းပါတယ် ။
“ တစ်ခါက နာရေးရှင် အမျိုးသမီးလေး တစ်ယောက်ဟာ နေပူပူ အောက်မှာ ဝမ်းနည်း ပူဆွေး ငိုကြွေးနေတာ တွေ့တော့ သူ့ခမျာ ရင်ထဲက အပူ ၊ နေအပူနဲ့ ပင်ပန်းရှာပါတယ် ဆိုပြီး သုသာန်ထဲမှာ ကုက္ကိုပင်တွေ စိုက်ပြီး ဒါန ပြုခဲ့တာ ”
ဦးလေး ဦးကျော်ဌေး စိုက်ပျိုး ပေးခဲ့တဲ့ ကုက္ကိုပင်တွေက ယခုအခါ ကြီးထွားနေပါပြီ ။
“ အိမ်ထောင်ကျတာ ဘယ်အချိန်လဲ ”
“ အသက် ၃၂ နှစ်မှာ အိမ်ထောင်ကျတယ် ။ ငါးစို့တိုက် ဆရာတော်က ဆိုဆုံးမတာ သိပ်တော်ပါတယ် ။ ကိုယ့် ခြေထောက်ပေါ် ကိုယ် မရပ်နိုင်ဘဲ အိမ်ထောင် မပြုနဲ့တဲ့ ။ ဆရာတော်ရဲ့ ဆုံးမတာ နာခံလို့ ကျွန်တော် ကြီးပွားချမ်း သာတာပါ ”
“ ကိုယ်က ပွဲရုံလုပ်ငန်း ကျွမ်းကျင်ပြီးသား ၊ ဘာကြောင့် အုတ်လုပ်ငန်းကို ရွေးတာလဲ ”
“ ကုန်သည်လုပ်ရင်း ကသာကို ရောက်တော့ ဦးစိန် လုပ်နေတဲ့ အုတ် လုပ်ငန်းထဲ သွားတယ် ။ အုတ်စိမ်းတွေ နေလှန်းထားတာ ကြည့်တော့ ကြည်နူးပြီး တွက်ကြည့်တော့လည်း စီးပွားရေး ဖြစ်ပါတယ် ။ ဦးစိန် ကလည်း သူ သင်ပြပေးမယ် ဆိုတာနဲ့ လုပ်တာ ။ သူ ကလည်း စောင့်ရှောက်ပါတယ် ”
“ ထီပေါက်တာ ဘဝအတွက် အလှည့်အပြောင်း ဖြစ်သလား ”
“ ဖြစ်ပါတယ် ။ အများ ကျေးဇူးပါ ၊ ထိုးသားတွေရဲ့ ပိုက်ဆံကို ကျွန်တော် ရတာကိုး ၊ သူတို့ကို ကျွန်တော် မေတ္တာပို့ပါတယ် ”
“ ကျွန်တော် ကြားဖူးသလောက် ထီပေါက်တဲ့ လူတွေက နောက်ဆုံးမှာ မကြီးပွားဘဲ ဖြစ်သွားကြတယ် ”
“ ကျွန်တော်နဲ့ အတူ ပေါက်တဲ့ လူက အိမ် မရှိသေးဘူး ။ ကား ဝယ်စီးတယ် ၊ တစ်မျိုးစီပေါ့ ။ ကျွန်တော်ကတော့ ဆရာတော်တွေရဲ့ ဆိုဆုံးမမှုကြောင့် ကျိုးနွံတယ် ။ အရင်းအနှီး ဖြစ်အောင် သုံးရမယ် ဆိုတာ သိတော့ မြေအရင် ဝယ်တယ် ။ အိမ်ဆောက်တယ် ။ လုပ်ငန်း အရင်းအနှီးထဲ ထည့်တယ် ။ ကျွန်တော် ကတော့ မိသားစု အကုန်လုံး ကြီးပွားတယ် ”
⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
No comments:
Post a Comment