❝ ပွဲစားကြီး ဆားတောင် ဦးသိန်းထွန်း ❞
ဆားတောင် ဦးသိန်းထွန်းနဲ့ စတင် တွေ့ဆုံ ဖြစ်ကြတာကတော့ ၁၉၉၈ ခု ၊ မေလ ၅ ရက်နေ့ ၊ မန္တလေးမြို့က နဒီမြန်မာ ဟိုတယ်မှာပါ ။
ကျွန်တော်က မှတ်ဉာဏ် ကောင်းလွန်းလို့ ဒါလောက် တိတိကျကျ မှတ်မိနေတာ မဟုတ်ဘူး ။ အဲသည်နေ့က ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကို မြို့မိမြို့ဖ လူကြီးလူကောင်းတွေနဲ့ စတင်ဖွဲ့စည်းတဲ့နေ့ ။ ဆားတောင် ဦးသိန်းထွန်းက ပရိယတ္တိ သာသနဟိတအသင်းကို ကိုယ်စားပြုလာပြီး အသင်းနာယက အဖြစ် တာဝန်ပေး အပ်ခံရကာ ထိပ်ဆုံးက စာမေးပွဲမှာ ခေါင်းဖြူဖြူကြီးနဲ့ သိသိသာသာ ထိုင်နေသူမို့ ကျွန်တော်က သတိပြုမိတာပါ ။
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ဖြစ်တည်လာပုံ ကလည်း ခေတ်ကာလ လိုအပ်ချက် အရပါပဲ ။
၁၉၈၈ ခုနှစ်မှာ စစ်တပ်က ဒုတိယအကြိမ် တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် နအဖအစိုးရက မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းတွေ ဖော်ဆောင်ပါတယ် ။ မြို့ထဲက သင်္ချိုင်းတွေကို မြို့ပြင်ထုတ်ပြီး သင်္ချိုင်းနေရာတွေမှာ ကန်ထရိုက် တိုက်သစ်တွေ ဆောက်ပါတယ် ။ မန္တလေးမြို့ရဲ့ သင်္ချိုင်းသစ်က မြို့နဲ့ ၁ဝ မိုင်လောက် ဝေးတဲ့ နေရာကို ရောက်သွားပါတယ် ။
စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ သမီး ၊ ဆေးပညာပါမောက္ခ ဒေါက်တာ ဒေါ်သန်းရင်မာက မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ တာဝန် ကျနေတယ် ။ ဆရာဝန်မကြီး တစ်ယောက် အနေနဲ့ နေ့စဉ် တွေ့မြင်နေရတာတွေကတော့ ဆင်းရဲသူ ၊ ဆင်းရဲသားတွေဟာ ကျန်းမာရေး လိုအပ်ချက်ကြောင့် မရှိ ရှိရာ လယ်ယာကျွဲနွား ပေါင်နှံချေးငှားပြီး ဆေးရုံလာတက်ရတယ် ။ ဆေးရုံပေါ်မှာ ကွယ်လွန်တာမျိုး ဖြစ်ရင် မိုင်ပေါင်းများစွာ ဝေးကွာတဲ့ သင်္ချိုင်းမှာ အလောင်း မြေကျဖို့ စရိတ်က အလွန်များတယ် ။ ဒါကြောင့် ဆင်းရဲသားတွေက ကိုယ့်မိသားစုဝင် တစ်ယောက် ဆေးရုံပေါ်မှာ အသက်ဆုံးရင် နောက်ဆက်တွဲ အလောင်းမြေကျ စရိတ်တွေကို ရင်မဆိုင်ရဲလို့ မျက်စိစုံမှိတ်ပြီး အလောင်းကို ဆေးရုံပေါ် ပစ်ပြေးကြတယ် ။
ဒေါက်တာ ဒေါ်သန်းရင်မာက သူ ကြုံတွေ့ရတာတွေကို မိခင်ဖြစ်တဲ့ လူထုဒေါ်အမာကို မကြာခဏ ပြောပြောပြတယ် ။ ဆင်းရဲသားတွေရဲ့ ဒုက္ခကို စာနာမိတဲ့ လူထုဒေါ်အမာက သည်ပြဿနာကို ဘယ်လို ဖြေရှင်းရမှာလဲ စဉ်းစားနေပါတယ် ။
နဒီမြန်မာ ဟိုတယ်ပိုင်ရှင် ဦးအောင်ခိုင် ကလည်း ဝန်ထမ်းတွေ နာရေး ကြုံရင် သင်္ဂြိုဟ်စရိတ် ခက်ခဲတာကို သိမြင်နေရလို့ ကူညီနိုင်မယ့် နည်းလမ်း ရှာဖွေနေတယ် ။ အဲသည်အချိန်မှာ ကျွန်တော်က လူထုဒေါ်အမာ အနီးမှာ သားသမီးလို နေနေချိန် ဖြစ်တယ် ။ စီးပွားရေးလုပ်ငန်းရှင် နဒီမြန်မာ ဦးအောင်ခိုင် နဲ့ ( ဆရာ မောင်စွမ်းရည် ၊ ကဗျာဆရာ မောင်ပေါက်စည်တို့ မိတ်ဆက်ပေးလို့ ) လည်း သိကျွမ်းတယ် ။ ဒါကြောင့် လူထုဒေါ်အမာ နဲ့ နဒီမြန်မာ ဦးအောင်ခိုင် ကို ဆုံတွေ့ဖို့ စီစဉ် ပေးပါတယ် ။
တရားစခန်း ဖွင့်ဖို့အတွက် လူထုဒေါ်အမာက တောင်စလင်းတိုက်ကို ခွင့်တောင်းရင်း တောင်စလင်းတိုက်ဆရာတော် ဦးတိက္ခ နဲ့လည်း ဆုံတွေ့ရတယ် ။ မန္တလေးမြို့မှာ လိုအပ်နေတဲ့ နာရေးကူညီမှုကိစ္စ ပြောဆိုမိရာက ဗြဟ္မစိုရ် လူမှု ကူညီရေးအသင်း ဖွဲ့စည်းဖို့ ဖြစ်လာတယ် ။
( ယခု တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံး ဖွင့်ဖို့ ငှားပေးထားတဲ့ မူလ နဒီမြန်မာ ဟိုတယ် စားသောက်ခန်းမမှာ ) ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကို ဖွဲ့စည်းကြပါတယ် ။ အသင်းရုံး အသုံးပြုဖို့ မြေနေရာကို ဆရာတော်ဦးတိက္ခက သူ့ကျောင်းဝင်း အတွင်းမှာ ချီးမြှင့်ပေးတယ် ။ အလှူငွေတွေ ရအောင် တရားဟောပေးတယ် ။
နဒီမြန်မာ ဦးအောင်ခိုင်က အသင်းပိုင် အဆောက်အအုံ ပီပီပြင်ပြင် မရှိခင်မှာ သူ့ဟိုတယ်ကို အသုံးပြုခွင့် ပေးတဲ့ အပြင် ဆူပါကပ်စတန် ကားတစ်စီးကို အသုဘယာဉ် လုပ်ဖို့ ပေးလှူတယ် ။ အသင်းကို မြို့မိမြို့ဖလူကြီးတွေ ၊ ဌာနဆိုင်ရာ တချို့က တာဝန်ရှိသူတွေနဲ့ စတင် ဖွဲ့စည်းလိုက်ပါတယ် ။
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းက အချိန်တိုတို အတွင်းမှာ အကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်လို့ ပြည်သူလူထုရဲ့ အားကိုးအားထား ခံရတယ် ။ ဒါကို အဲသည်အချိန်က တာဝန်ကျ စစ်တိုင်းမှူးက သဘောမကျဘူး ။ အသင်းဖျက်သိမ်းဖို့ အထိ လုပ်ဆောင်မှုတွေ ရှိလာတယ် ။
မြတောင်ဆရာတော်ကြီး ဦးသာသန ၊ မစိုးရိမ်ဆရာတော်ကြီး ဦးရာဇဓမ္မ တို့လို ဆရာတော်တွေက ရှေ့က ရပ်တည်ပေးလို့ အသင်းကတော့ ပျက်မသွားဘူး ။ ဒါပေမဲ့ စစ်တိုင်းမှူး အငြိုငြင် မခံဝံ့သူ တချို့ကတော့ အသင်းတာဝန်က နုတ်ထွက်သွားကြတယ် ။
အဲသည်လို ခက်ခဲတဲ့ အခြေအနေမျိုးတွေကို ပွဲစားကြီး ဆားတောင် ဦးသိန်းထွန်းက ကြံ့ကြံ့ခံ ပါဝင်ခဲ့ပါတယ် ။ ဗြဟ္မစိုရ်မှာ ၁၄ နှစ်လောက် အတူတူ လုပ်ဖော်ကိုင်ဖက်ချင်းတွေမို့ သူနဲ့ ကျွန်တော်က ရင်းနှီးတယ် ။
ယခုအခါ ပွဲစားကြီး ဆားတောင် ဦးသိန်းထွန်း က မန္တလေးကုန်စည်ဒိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတယ် ။ ပူပြင်းလှတဲ့ နွေတစ်ရက်မှာ သူ့အိမ်ကို ကျွန်တော် အလည် သွားတယ် ။ သူ့အိမ်က မန်ကျည်းပင်တွေ အရိပ်အောက်မှာမို့ အေးမြတယ် ။ ကျွန်တော်တို့ စကားစမြည် ပြောဖြစ်ကြတယ် ။
“ ကျွန်တော့်အဖေက ပွဲစားဗျ ၊ အမေက ရိုးရိုးအရပ်သူ ၊ မိဘတွေက ဆားတောင်မှာ နေကြတာ ၊ ရွှေတောင်မန်း ဆိုပြီး ကားပြေးတဲ့အလုပ် လုပ်တာ ၊ ကားလိုင်းနာမည်ကို ဗေဒင်ဆရာတွေ ဘာတွေနဲ့ မေးပြီး ပေးတာလည်း မဟုတ်ပါဘူး ၊ ကားသမားတွေက ကားဆေးသုတ်တဲ့ နေရာမှာ သူတို့ သဘောနဲ့ သူတို့ ရွှေတောင်မန်း ဆိုပြီး လက်ရေးနဲ့ ဆေးရေးတာက အတည် ဖြစ်သွားတာ ”
ဦးသိန်းထွန်း ပြောပြပုံနဲ့တင် သူ့မိဘရဲ့ ဓလေ့စရိုက်က ပေါ်လွင်နေတယ် ။ ဗေဒင် အားမကိုးဘူး ။
“ အဖေတို့က ဆားတောင်မှာ နေတုန်းပေါ့ ”
“ ဆားတောင်မှာ အဖေတို့က ပွဲရုံလည်း လုပ်တယ် ၊ လိုင်းပြေးတဲ့ ချက်ပလက်ဗိုက်ပူ ဘတ်စ်ကားက သုံးစီး ၊ ကုန်တင်တဲ့ လော်ရီက နှစ်စီးနဲ့ ကားပြေးတဲ့ အလုပ်လည်း လုပ်တယ် ”
ယခုအချိန်မှာ စစ်ကိုင်းမြို့နယ်က ဆားတောင်က မြို့ငယ် တစ်မြို့လို အထက်တန်းကျောင်း ၊ ဆေးရုံဆေးခန်းတွေနဲ့ ပြည့်စုံနေပါပြီ ။ အဲသည်အချိန်က အနေအထားကို ကျွန်တော် မေးတယ် ။
“ ဆားတောင်က မူလတန်းပဲ ရှိသေးတယ် ၊ ငါးတန်းကို ဘုန်းကြီးကျောင်းမှာ နေရတာ ၊ မူလတန်းကျောင်းအုပ်ဆရာမကြီးက ကျွန်တော် လေးတန်း အောင်တော့ မန္တလေး ပို့မယ့်ဟာ မပို့ပါနဲ့ ၊ အလယ်တန်း ရတော့မှာလို့ ပြောတာနဲ့ ဘုန်းကြီးကျောင်းသားဘဝ နေလိုက်ရတာ ၊ မန္တလေး ဘီဘီအိုအေ ( ဗုဒ္ဓဘာသာ မိဘမဲ့ကလေးများကျောင်း ) မှာ သီတင်းသုံးခဲ့တဲ့ ဦးပဉ္စင်းက ရွာလာ သီတင်းသုံးပြီး အင်္ဂလိပ်စာတို့ ၊ ပထဝီဝင်တို့ သင်ပေးတယ် ၊ ဦးပဉ္စင်းက ခေတ်အမြင် ရှိတယ် ၊ လက်နှိပ်စက်တောင် သင်ပေးတယ် ”
“ ဘယ်အချိန်မှ အလယ်တန်း ရလဲ ”
“ ခြောက်တန်းနှစ်မှာ အလယ်တန်းကျောင်း ဖြစ်တယ် ၊ ခုနစ်တန်းကျ အစိုးရစစ် ၊ ဘုန်းကြီးကျောင်းတုန်းက သင်ပေးတဲ့ ဦးပဉ္စင်း ကျေးဇူးနဲ့ အခြေခံ ကောင်းခဲ့တော့ အောင်တယ် ”
“ အထက်တန်းကျတော့ ဘယ်မှာ ဆက်တက်သလဲ ”
“ ၁၉၅၈ ခုနှစ်မှာ ရတနာပုံ ပုဂ္ဂလိက အထက်တန်းကျောင်း စဖွင့်တဲ့ နှစ် ၊ ကျွန်တော် ရှစ်တန်းမှာ မန္တလေး ပြောင်းထားတယ် ၊ မိဘတွေနဲ့ ရင်းနှီးတဲ့ ရွှေလင်းယုန် လက်ဖက်ခြောက်တိုက်မှာ ကျွန်တော် နေရတယ် ၊ အဖေတို့ အတွေးက ဘော်ဒါထားရင် အပေါက်စုံတယ် ၊ အပေါင်းအသင်း မှားနိုင်တယ် ဆိုပြီး မိတ်ဆွေအိမ်မှာ ထားတာ ”
ကျွန်တော်တို့ အတူတူ ထိုင်ပြီး စကားပြောနေရာ မလွန် ကြက်သွန်တန်းက ဆားတောင်ပွဲရုံ အဆောက်အအုံမှာ မနေဘူးလား ကျွန်တော် မေးပါတယ် ။
“ သူ့သားတွေကလည်း ကျွန်တော့်အရွယ် ရှိတော့ သူတို့ အိမ်မှာပဲ နေတယ် ၊ သူ့သားတွေနဲ့ တန်းတူ ထားပါတယ် ၊ ကျောင်းပိတ်ရက်ဆို ဆားတောင် ပြန်တယ် ၊ အိမ်က ကားတွေလည်း ထွက်နေတော့ သောကြာ ညနေဆို ပြန်တာပဲ ၊ ပြောရရင် မန္တလေးက ခြင်ကိုက်တာ မကြိုက်လို့ ပြန်တာ ”
သူက ရယ်ပါတယ် ။ ပြီးမှ ဆက်ပြောပါတယ် ။
“ တစ်နှစ်ခွဲလောက် နေပြီးမှ ဒီအိမ် ( ကျွန်တော်တို့ စကားထိုင်ပြောတဲ့ နေရာ ) ပြောင်းလာနေတာ ”
“ ဒီအိမ်ကြီးမှာ ဘယ်သူတွေ နေကြလဲ ”
“ ညအိပ်တဲ့ ကားသမားတွေ ၊ ပွဲရုံစာရေးတို့ နေကြတာ ၊ ကျွန်တော် ကိုးတန်းနှစ်မှာ အဖေတို့ စိတ်တိုင်းကျ နေပါ့မယ် ပြောပြီး ကိုယ့်အိမ်ကို ပြောင်းလာတာ ”
“ ၁ဝ တန်းအောင်လို့ တက္ကသိုလ် တက်တော့လည်း ဒီအိမ်ကပဲလား ”
“ ကျွန်တော် တက္ကသိုလ်ရောက်တာ ၁၉၆၂ ၊ ဆဲဗင်းဇူလိုင် အရေးအခင်းတွေ ကြုံလိုက်ရတာပေါ့ ”
“ မပါဘူးလား ၊ အဖမ်းမခံရဘူးလား ”
ဆားတောင် ဦးသိန်းထွန်းက ပြုံးပါတယ် ။
“ ပြောရဦးမယ် ၊ ရေနီမြောင်းထိပ်မှာ ထိုင်သပိတ်မှောက်နေချိန်မှာ ကျွန်တော်တို့ လွယ်အိတ်တွေကို ( သူငယ်ချင်း ) ကိုကျော်အေးကြီး ခဏ အပ်ထားပြီး ဆိုင်ကယ် စိတ်မချလို့ ကိုကျော်ဝင်းနဲ့ ဒီအိမ်ကို ဆိုင်ကယ် ပြန်ထားတာ ၊ ကိုကျော်အေးကြီးက အဖမ်းခံရတဲ့ အထဲ ပါသွားပြီး ကျွန်တော်တို့က လွတ်သွားတယ် ၊ အဲဒီတုန်းက ပါသွားရင် ဒီအချိန်မှာ နိုင်/ကျဉ်းတွေ ဘာတွေ ဖြစ်ပြီး ဘဝအလှည့်အပြောင်း ဖြစ်ချင် ဖြစ်မှာပေါ့ ”
သူက ရယ်ပါတယ် ။
“ တက္ကသိုလ်ပညာရေးက ဘယ့်နှယ်လဲ ”
“ ကျွန်တော့်ပညာရေးက စနစ်ဟောင်း နှစ်နှစ် ၊ အင်တာအေ ၊ အင်တာဘီ ၊ မေဂျာတွေ ခွဲတော့ ကျွန်တော်က လေယာဉ်ပျံ မောင်းချင်တာနဲ့ Physics ယူလိုက်တယ် ၊ ၁၉၆၆ ခုနှစ်မှာ ကျွန်တော် ဘွဲ့ရတယ် ၊ ကျွန်တော်က တက္ကသိုလ် ဆရာ ဖြစ်ချင်လာတော့ နောက်တစ်နှစ် ကွာလီဖိုင်း ထိုင်တယ် ”
“ အမ်အက်စ်စီ ဆက်တက်ဖြစ်သလား ”
“ ကွာလီဖိုင်း တစ်နှစ်တောင် ပြီးအောင် မတက်ပါဘူး ၊ စိတ်က လေပြီ ၊ ဟိုကြိုက်ချင် ၊ ဒီကြိုက်ချင်လေးတွေကလည်း ဖြစ်လာပြီး စာထဲ စိတ်မဝင်စားတော့ဘူး ၊ စာမေးပွဲ မဖြေတော့ဘူး ၊ ဘီအက်စ်စီဘွဲ့နဲ့ပဲ ပြီးသွားတယ် ”
“ အဲဒီခေတ်က ဘွဲ့ရ ဆိုရင် အရာရှိဖြစ်ဖို့ လွယ်တယ် ၊ အစိုးရအလုပ် ဝင်မလုပ်ဖြစ်ဘူးလား ”
ကျွန်တော်တို့ ခေတ်တုန်းက ( လခ ) Fourfifty ( ကျပ် ၄၅ဝ -၂၅ - ၇ဝဝ နှုန်း ) ဝန်ထောက်စကေး ၊ ဆောက်လုပ်ရေးက ခေါ်တယ် ၊ ဆောက်လုပ်ရေးရဲ့ တာဝန်ခံက ဗိုလ်မှူးကြီး ထင်ကျော် ။ အဲဒီတုန်းက ဝန်ကြီး မခေါ်ဘူး ၊ တာဝန်ခံ ခေါ်တာ ၊ သူက ဆားတောင်ဆက် ၊ တို့ဆားတောင်က ဟာတွေ မလျှောက်ကြဘူး ဆိုတာနဲ့ ကျွန်တော် သွားလျှောက်တယ် ”
ကျွန်တော် စိတ်ဝင်တစား နားထောင်နေပါတယ် ။
“ အင်တာဗျူး နောက်ဆုံးအဆင့် အထိ ကျွန်တော် ပါတယ် ၊ အင်တာဗျူး နဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေ ပြောတာကို ကျွန်တော်က နားဝင်နေတယ် ၊ အင်တာဗျူး ဆိုတာ တချို့က ပွင့်ပွင့်လင်းလင်း အမှန်ဖြေတာ ကြိုက်တယ်တဲ့ ”
ဆားတောင် ဦးသိန်းထွန်းရဲ့ အင်တာဗျူး အတွေ့အကြုံက စိတ်ဝင်စားစရာ ကောင်းပါတယ် ။
“ အင်တာဗျူးမှာ တို့ဆောက်လုပ်ရေးရဲ့ ဆောင်ပုဒ် သိသလားတဲ့ ၊ သိပါတယ် ၊ မြန်ကောင်းသက်သာပါလို့ ၊ ဒီကောင် ဘယ်ဆိုးလို့လဲပေါ့ ၊ ထိပ်ပြောင်ပြောင် မျက်လုံးပြူးပြူး အရာရှိကြီးက ဘယ်လို မြင်သလဲတဲ့ ၊ မဖြစ်နိုင်ပါဘူးခင်ဗျာ ဆိုတော့ တို့ အမြတ်တနိုး ဦးထိပ်ပန်ဆင်ထားတဲ့ ဆောင်ပုဒ်ကြီးတော့ မင်းနဲ့တင် ပျက်ပါပြီတဲ့ ”
ကျွန်တော်က ရယ်လိုက်တယ် ။
“ ဘာလို့ မဖြစ်နိုင်တာလဲ ပြောစမ်းကွာတဲ့ ၊ မြန်မြန် လုပ်ရင် မကောင်းနိုင်ပါဘူးလို့ ၊ စနစ်တကျ မဟုတ်ဘဲ တက်သုတ်ရိုက် လုပ်ရတဲ့ ဘယ်အလုပ်မှ စေ့စေ့စပ်စပ် ရှိနိုင်မှာ မဟုတ်ပါဘူး ၊ သက်သာချင်လို့ ပစ္စည်းကောင်း မသုံးရင်လည်း မကောင်းနိုင်ပါဘူးလို့ ဖြေလိုက်တယ် ၊ နောက်ဆုံး အဆင့်အထိ သုံးယောက်လား ပါတာ ၊ ကျွန်တော်က ပြုတ်တယ် ”
ဆားတောင် ဦးသိန်းထွန်းက ရယ်ပါတယ် ။
“ မြန် မကောင်း မသက်သာနဲ့ ပြုတ်ကော ၊ အဲဒီတုန်းက တက္ကသိုလ် ဆရာက ချက်ချင်း မခေါ်ဘူး ၊ ကုန်သွယ်ရေး ဝင်ရင် မန်နေဂျာပေးတယ် ၊ ကျောင်း ဆရာ ဝင်လုပ်ရင် အထက်တန်းပြ ပေးတယ် ၊ ဒါပေမဲ့ ဝင်မလုပ်တော့ဘူး ”
“ မိဘအလုပ် ဝင်လုပ်တော့တာပေါ့ ”
“ ကားလုပ်ငန်း အရင် ဝင်လုပ်တယ် ၊ အစိုးရက လေးလုံးစစ်ဆင်ရေး ဆိုပြီး လေးလုံး ဆိုတာ ကားက ဘီးလေးလုံးမို့ ကားအင်ဂျင်တွေက အကောက် အခွန်မဲ့ သွင်းတယ် ဆိုပြီး ကားမှန်သမျှ အကုန် ခေါ်ပြီး အင်ဂျင် တစ်လုံးကို ( ကျပ် ) ၂၁,ဝဝဝ ရိုက်တယ် ၊ ကျွန်တော်က ဘွဲ့ရခါစ ဆိုတော့ ကားတွေ ပြရတဲ့ ရုံးကို နေ့တိုင်း သွားကြည့်တယ် ၊ custom ( အကောက်ခွန် ) က လူတွေနဲ့ ရင်းနှီးလာတော့ ၁၉၆၄ အရင်က ပါကင်အင်ဂျင် စာရင်းပေါက်ရင် လွတ်တယ် ဆိုတာနဲ့ ရန်ကုန် ရုံးချုပ်သွားပြီး စစ်ဆေးခိုင်းတော့ ကားသုံးစီးက လွတ်တယ် ”
ဘွဲ့ရခါစ မိသားစုအတွက် လုပ်ခဲ့ရပုံကို သူက ကျေကျေနပ်နပ် ပြန်ပြောပြတယ် ။
“ ပွဲစား ဘယ်လို ဖြစ်လာတာလဲ ”
“ အဖေက ဆားတောင်မှာ နေတယ် ၊ ဆားတောင်မှာ ဝယ်လာတဲ့ ဂျုံ ၊ ပဲလုံးကြီး ခေါ်တဲ့ ဗီတူးတို့ သူ့ကုန်လေးတွေကို အဖေက မန္တလေးမှာ လာရောင်းတယ် ၊ လမ်းဘေးမှာ နမူနာထုပ်လေးတွေ ပြရောင်းတာ ၊ ကျွန်တော်က အဖေ့ ကြည့်ပြီး စိတ်မကောင်းဘူး ၊ ကိုယ်တိုင် ဒိုင် ဆင်းသင့်တယ် ဆိုပြီး စဆင်းတာ ”
“ အဖေ့ အားနာတာ ၊ သနားတာနဲ့ ဒီလောကထဲ ရောက်လာတာပေါ့ ၊ ကျွန်တော်က ကားပဲ စိတ်ဝင်စားတာ ၊ ဒါပေမဲ့ အဲဒီတုန်းက ကားတွေက ဓားပြလည်း ခဏခဏ အတိုက်ခံရတယ် ”
ကျွန်တော်က ကားနဲ့ ဓားပြကို စိတ်ဝင်စား နေတယ် ။
“ တစ်ခါကတော့ ကံတလူနားမှာ ကျွန်တော်တို့ကား ဓားပြတိုက် ခံရတယ် ၊ စိတ်ဝင်စားစရာ ကောင်းတာက ဆားတောင် စခန်းမှူး ကိုဝင်းမောင်က တက္ကသိုလ် သူငယ်ချင်း ၊ ကျွန်တော့် ဂျစ်ကားလေး တစ်စီး ရှိတယ် ၊ မ/၄၂ဝ ”
ဖိုးတွမ်တီး ( လိမ်လည်မှုပုဒ်မ ) လို့ ကျွန်တော်က ပြောတာ့ နှစ်ယောက်သား ရယ်ရတယ် ။
“ လူချင်း ခင်နေတော့ အဲဒီ ဖိုးတွမ်တီးလေးကို စခန်းမှူးက ယူယူ စီးတယ် ၊ ဓားပြတိုက်ခံရတဲ့ ကားအုံနာနဲ့ စခန်းမှူး သူငယ်ချင်းလို့ ဓားပြတွေက သိနေတယ် ၊ တစ်နေ့တော့ စခန်းမှူးရဲ့ တပည့်က လမ်းမှာ ရပ်ထားတဲ့ ကားကို ကြည့်တာ ၊ ဓားပြက သူ့ကြည့်တယ်ထင်လို့ ထွက်ပြေးတယ် ၊ မသင်္ကာလို့ ပြေးတဲ့ကောင် လိုက်ဖမ်းတော့ ဓားပြဖြစ်နေတယ် ၊ တိုက်သွားတဲ့ ပစ္စည်းတွေ ပြန်ရတယ်ဗျာ ”
“ ကားတော့ စိတ်ပျက်စပြုပြီပေါ့ ”
“ အစ်မက ကားလုပ်ငန်း ဆက်လုပ်တယ် ၊ ကျွန်တော်က ပွဲရုံလုပ်ငန်းကို ကိုယ်တိုင် ကြပ်ကြပ်မတ်မတ် လုပ်တယ် ၊ အောင်မြင်တယ်ဗျာ ”
မန္တလေး ကုန်စည်ဒိုင် ဥက္ကဋ္ဌအဖြစ် ဆက်ကာဆက်ကာ တာဝန်ပေးအပ် ခံရတဲ့ ပွဲစားကြီး ဆားတောင် ဦးသိန်းထွန်းက ပွဲရုံလုပ်ငန်း ကုန်ရောင်းကုန်ဝယ်ကို စိတ်မဝင်စားပါဘူး ။
သူ့မိဘတွေက ဇာတိရပ်ရွာ ဖြစ်တဲ့ စစ်ကိုင်းမြို့နယ်က ဆားတောင်မှာ အခြေချပြီး နေကြတယ် ။ ကုန်အရောင်းအဝယ် လုပ်သလို ခရီးသည်တင်ကား ၊ ကုန်တင်ကားလုပ်ငန်းလည်း လုပ်တယ် ။ မန္တလေးမှာ အိမ်ရှိပေမယ့် မိဘတွေက ဆားတောင်မှာပဲ နေတယ် ။ ဦးသိန်းထွန်း ဘွဲ့ရခါစမှာ ပွဲစားကုန်သည်အလုပ်ကို စိတ်မဝင်စားဘဲ ကားလုပ်ငန်းကိုသာ စိတ်ဝင်စားတယ် ။ ဝပ်ရှော့ဆရာနဲ့ တွဲပြီး ကားပြင်တယ် ။ ဒါပေမဲ့ သူ့ဖခင်က ဆားတောင်က မန္တလေးလာပြီး ကုန်စည်ဒိုင် လမ်းဘေးမှာ သီးနှံ နမူနာထုပ်လေးတွေ ခင်းပြီး ရောင်းချနေတာ မြင်တော့ သနားပြီး သူ ကုန်စည်ဒိုင်ဆင်းပြီး အရောင်းအဝယ် လုပ်ဖို့ ဆုံးဖြတ်ပါတယ် ။
“ ရယ်စရာလေး ပြောရဦးမယ် ၊ ဂျုံလောကက ဟိန္ဒူကု,လားတွေ များတယ် ၊ ကြက်တန်းက ကု,လားတွေနဲ့ ဂျုံဟိန္ဒူကု,လားတွေကို ကျွန်တော် အမြဲ မှားတာ ”
ပွဲစားကြီးက ပြောပြီး ရယ်တယ် ။
ပွဲစားဘဝ အခြေအနေကို ကျွန်တော်က မေးပါတယ် ။ သူ့ရှေ့က ဝါရင့် သမ္ဘာရင့် ပွဲစားကြီးတွေ ၊ စက်ပိုင်ကြီးတွေ ကုန်ပစ္စည်း စပ်ဟပ်ပုံ ၊ အရောင်းအဝယ် စကားပြောပုံ ပြုပုံလေးတွေကို မှတ်သား နမူနာယူရကြောင်း ဆားတောင် ဦးသိန်းထွန်း က ပြောပါတယ် ။
“ ကျွန်တော် အတုယူရတဲ့ ပွဲစားကြီးတွေက ဘကြီးမောင်တို့ ၊ စက်ပိုင်တွေထဲက ပွဲစားကြီး ဦးသိန်းရှောင်တို့ ၊ ဆရာကြီး ဦးမြသောင်းတို့ပေါ့ ၊ သူတို့တွေက အဝယ်သမားတွေ ၊ ဝယ်ချင်ပေမယ့်လည်း ဟန်လုပ်ပြီး မဝယ်ချင်သလို လုပ်နေတာ ၊ သူတို့ဆို အမြဲတမ်း ဂျုံဝယ်နေကျ ဖောက်သည်တွေ ၊ ဂျုံကလေး ကောင်းတယ်လို့ သွားပြောရင် ယူသေးပါဘူးဗျာ ၊ ရှိပါသေးတယ် ပြောတာ ၊ ဈေးပေါင်ကျိုးချိန်ကျမှ ခုနက ဂျုံလေး ရှိသေးလား လာမေးတာ ၊ လိမ်တာတော့ မဟုတ်ဘူး ၊ သူများ ထိခိုက်စေတာရယ်လည်း မဟုတ်ဘူး ။ အရောင်းအဝယ် သဘောအရ စကားကုန် မပြောတဲ့ သဘောပေါ့ ”
“ အဖေက ဆားတောင်မှာပဲ နေပြီး ကုန်လှမ်းပို့ပေးတာလား ”
“ အဖေက ဂျုံနဲ့ ကုလားပဲ လာလာ ရောင်းရာကနေ နောက်ကျ ကုန်ပို့ ပေးတယ် ၊ ကိုယ့်ကားနဲ့ တင်ပို့ပေးတာ ၊ မနက် ၇း၀၀ နာရီဆို ကိုယ့်အိမ်က ကားတွေ ရောက်ပြီ ၊ ကုန်တွေ တင်ပေးလိုက်တယ် ၊ ကိုယ့်ကုန် ရောင်းရင်းကနေ သူများကုန်ပါ ပွဲခစား ရောင်းပေးတာ ဖြစ်သွားတယ် ၊ ဂျုံ ၊ ကုလားပဲ စလုပ်တယ် ၊ အင်းတော်က မြေပဲဆန် ၊ အထက်မင်းလှက မတ်ပဲတွေ ရောက်လာတယ် ”
ပွဲရုံ ဖြစ်လာပုံကိုလည်း ကျွန်တော် မေးပါတယ် ။
“ သုံးလေးနှစ်နေတော့ နာမည်ရလာတယ် ၊ ဈေးကောင်းရတယ် ဆိုပြီး ဆားတောင်နယ် ပတ်ဝန်းကျင် ရွာတွေက သီးနှံတွေ လှမ်းပို့ကြတယ် ၊ သားပျောက်ကုန်း ဆိုတဲ့ ရွာက ဂျုံနာမည်ကြီးတယ် ၊ အဲဒီရွာရဲ့ ထူးခြားချက်က ရွာလယ်ကောင် လမ်းမကြီး ရှိတယ် ၊ လမ်းမြောက်ဘက်က ဝက်လက်မြို့နယ် ၊ တောင်ဘက်က စစ်ကိုင်းမြို့နယ် ၊ ရွာတစ်ရွာတည်း သူကြီးနှစ်ယောက် ရှိတဲ့ရွာ ”
ဆားတောင် ဦးသိန်းထွန်းက စကားကို ဖွယ်ဖွယ်ရာရာ နားထောင်ချင်စရာ ပြောတတ်ပါတယ် ။ အဲသည်အချိန်က ပွဲခနှုန်းတွေ အကြောင်းလည်း ပြောပြတယ် ။
“ ရောင်းတဲ့လူ ဆီက တစ်ရာခိုင်နှုန်း ၊ ဝယ်သူဆီက တစ်အိတ် ပြား ၃ဝ ရတယ် ၊ တရုတ်ဝယ်လက်တွေ ရောက်လာမှ ဝယ်သူက ပေးတဲ့စနစ် ပျက်သွားတာ ၊ ရောင်းသူက အိတ် ၁ဝဝ ရောင်းမယ် ဆိုပြီး ဈေးပြောင်းတော့ ၇ဝ ပဲ အပ်မယ် ဆိုတာမျိုး ဖြစ်လာရင် ပွဲစားက ဝယ်သူကိုယ်စား ပြောတဲ့အတိုင်း အပ်အောင် ပြောရတယ် ၊ ဒါကြောင့် ဝယ်သူကလည်း ပေးတာ ”
၁၉၇၇ ခုနှစ်မှာ ဆားတောင် ဦးသိန်းထွန်းက တက္ကသိုလ်ဆရာမ ဒေါ်တင်တင်အုန်း နဲ့ အိမ်ထောင်ကျပြီးနောက် ဆရာမကြီးက ရန်ကုန် ၊ မကွေး စတဲ့ မြို့တွေမှာ တာဝန်ထမ်းဆောင်ရတယ် ။
“ အဲဒီတုန်းက မကွေးကားတွေက နေ့လယ် ၁၁းဝ၀ နာရီ ကားထွက်တယ် ၊ ဟိုင်းလပ်ကားလေးတွေ ၊ ထုံးဘူးတန်းဂိတ်က ထွက်တာ ၊ ညနေ ၅းဝဝ နာရီ မကွေး ရောက်တယ် ၊ အဖိတ်နေ့ နေ့လယ်ဆို မကွေးသွားတယ် ၊ ဥပုသ်နေ့ည ပြန်လာတယ် ၊ စာရင်းတွေ လုပ်ပြီး လက်ထောက်တွေ လက်ထဲ အပ်ခဲ့တာ ၊ အဖေက ကျွန်တော့် အကြောင်းကို ဟာသလုပ် ပြောတယ် ၊ သူက မကွေးကို တစ်လမှ သုံးခေါက်ပဲ သွားတာပါ ။ တစ်ခေါက် သွားရင်တော့ ၁ဝ ရက်လောက် ကြာတယ်တဲ့ ”
ဦးသိန်းထွန်းနဲ့ ကျွန်တော် ပြိုင်တူ ရယ်လိုက်မိကြတယ် ။ သူတို့မိသားစုက အချင်းချင်း သံယောဇဉ်ကြီးကြတာ သိသာမြင်သာတယ် ။
“ တင်တင်အုန်းက အိမ်ထောင်ခွဲနေရင် ဆပ်ပြာခဲကအစ နှစ်ခဲ လိုတယ် ဆိုပြီး မန္တလေးတက္ကသိုလ် ပြန်ပြောင်းခဲ့တာ ၊ ၁၉၈၁ မှာ ပြောင်းလာတာ ”
ဆရာမကြီးက ရာထူးတက်ရေး ဘာရေးညာရေးတွေ ဦးစားမပေးဘဲ မိသားစုရှိရာ မန္တလေးကိုပဲ ပြောင်းရွှေ့နေထိုင်လိုက်တယ် ။ ကျွန်တော်က မခွဲနိုင်လို့ နေမှာပါလို့ ရယ်စရာ ပြောချင်ပေမယ့် မပြောတော့ပါဘူး ။ သူတို့ သားသမီးတွေ အကြောင်းပဲ ခေါင်းစဉ်ပြောင်း မေးတယ် ။ သူတို့ သားတွေက ပညာထူးချွန်ကြတယ် ။ ဘယ်လို ပြုစုပျိုးထောင်ခဲ့တာလဲ ။
“ သားသမီး ပြုစုပျိုးထောင်ရာမှာ သူတို့ကို လွတ်လပ်ခွင့် ပေးတယ် ၊ သားအကြီး ဆိုရင် ၁ဝ တန်း အောင်တော့ ဆေးမှတ်မီတယ် ၊ သူ့အမေက ဆေးကျောင်း တက်စေချင်တယ် ၊ မေမေလည်း ရှိနေတယ် ၊ တက်ပါ ပြောတယ် ၊ အမျိုးထဲမှာ ဆရာဝန် တစ်ယောက်တော့ ပါစေချင်တယ်တဲ့ ၊ သားကလည်း ဆေးတက္ကသိုလ်ဝင်ခွင့် တင်လိုက်တယ် ”
သူတို့ သားအကြီးဆုံးက အင်ဂျင်နီယာမို့ ဘယ်လို ဖြစ်တာလဲ ကျွန်တော် မေးတယ် ။
“ သားအဖနှစ်ယောက် ရန်ကုန် သွားကြတယ် ၊ ကျွန်တော်နဲ့ ကျတော့ ဖေဖေ သားက ဆေးကျောင်း မတက်ချင်ဘူး ၊ အင်ဂျင်နီယာ ဝါသနာပါတာလို့ ပြောတာနဲ့ သားအဖ နှစ်ယောက် ( ရန်ကုန် ) သထုံလမ်း သွားပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာကို ပြင်တယ် ၊ အိမ်ကျတော့ မိန်းမက ပြောတာ ခံရတာပေါ့ဗျာ ၊ ( ရယ်ရယ်မောမော ဆက်ပြောတယ် ) တော် ဘာကြောင့် လိုက်ပို့တာလဲပေါ့ ”
“ အဲဒါကြောင့် အင်ဂျင်နီယာ ဖြစ်သွားတာကိုး ”
“ သားက အင်ဂျင်နီယာ ဝါသနာပါတယ် ၊ MIT ( မန္တလေး နည်းပညာ တက္ကသိုလ် ) မှာ Roll One ( ခုံနံပါတ်တစ် ) ၊ ဒါထက်ကို ပေါက်မြောက်ရမှာ ၊ ၁၉၉၁ ခုနှစ် နိုင်ငံရေး မတည်ငြိမ်တော့ တက္ကသိုလ်တွေ ပိတ် ၊ ကျောင်းသားတွေ ဟိုပို့ ဒီပို့နဲ့ ပြည်ရောက်သွားတာ ၊ နောက်မှ MIT ဒုတိယအကျော့ ပြန်ရောက်တာ ၊ ဒုတိယသားက စံပြအင်ဂျင်နီယာ ၊ အငယ်ကောင်က ကွန်ပျူတာ ”
ယခုအခါ ဦးသိန်းထွန်းရဲ့ ဆားတောင်ပွဲရုံက လုပ်ငန်းပမာဏကို အများကြီး လျှော့ချထားလိုက်တာ တွေ့ရတယ် ။ ဘာကြောင့်လဲ ကျွန်တော် မေးတယ် ။
“ ဂျုံက ပိုးထိုးတော့ ဆေးအုပ်ရတယ် ၊ ရွှေတချောင်းနီးတော့ မြေကြွက်ကြီးတွေ လာတယ် ၊ ဆေးအုပ်တဲ့ အပုံထဲ ဝင်တော့ ဆေးထိသေပြီး ပုပ်တယ် ၊ အနံ့က လူသေအနံ့လိုပဲ ၊ ကိုယ့်မိသားစုနေတဲ့ အိမ်မှာပဲ သီးနှံတွေ သိုလှောင်ထားပြီး ဆေးအုပ်တယ် ၊ သားသမီးလေးတွေလည်း ရှိလာတော့ ကလေးတွေက ဆော့ရင်း ကစားရင်း ဆေးအုပ်ထားတာတွေနဲ့ ထိတွေ့တယ် ၊ ဒါကြောင့် အိမ်မှာ ကုန်မထားတော့ဘဲ လုပ်ငန်းကို လျှော့ချလိုက်တယ် ”
ဆားတောင် ဦးသိန်းထွန်းက ပွဲစားကုန်သည် အလုပ်ကို လျှော့ချပြီး ပရဟိတ ဘက်မှာ ပိုပြီး အချိန်ပေး လုပ်ကိုင်လာတာ တွေ့ရတယ် ။
မန္တလေး ပွဲစားကုန်သည် စက်ပိုင်များ ကထိန်တော်အသင်း ( ကုန်စည်ဒိုင် ) ဥက္ကဋ္ဌ ၊ ပရိယတ္တိသာသနဟိတအသင်း ဒုတိယဥက္ကဋ္ဌ တာဝန်တွေအပြင် မလွန် ဆန်လှူအသင်း ၊ စိန်ပန်း ရတနာပုံ မဟာစည်ရိပ်သာ ၊ ဆုထူးပန်အဘိဓမ္မာအဖွဲ့ ၊ ဇီဝိတဒါန သံဃဆေးရုံ ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့တွေမှာ သူ ပါဝင်လုပ်ဆောင် နေတာ တွေ့ရတယ် ။
“ လူမှုရေး ၊ ဘာသာရေး လုပ်တာ အမေ့ကျေးဇူးဗျ ၊ ကျွန်တော်က ကျောင်းပိတ်ရင် ရွာပြန်တယ် ၊ ရွာထဲမှာ အလှူအတန်းရှိရင် ရွာဓလေ့ ဝိုင်းကူလုပ်ကြတာ ၊ အမေက အိုးသူကြီး ဘိုးလေးပုကို ကျွန်မသားလေး ခိုင်းပါလို့ အပ်တော့ ကျွန်တော်တို့က ကြက်သွန်သင်တာတို့ ၊ ဝါတွင်း သီတင်းစဉ် ဆွမ်းလောင်းဖို့ ချက်ရ ပြုတ်ရ ၊ ဆွမ်းဟင်း ထည့်ဖို့ ဖက်ခွက် ထိုးရတော့ အများနဲ့ ပရဟိတ လုပ်တတ် ကိုင်တတ် ဖြစ်လာတာ ”
စာရေးဆရာမကြီး လူထုဒေါ်အမာ ဦးဆောင်နာယက အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှာ သူနဲ့ ကျွန်တော် စတင် ဖွဲ့စည်းစဉ်က စပြီး ၁၄ နှစ် အတူတူ လုပ်ကိုင်ခဲ့ကြတယ် ။
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း စတင် ဖွဲ့စည်းစဉ်က အဓိကကျတဲ့ နေရာမှာ ကျွန်တော် ပါဝင်ခွင့်ရခဲ့လို့ အထူးလေးစားထိုက်သူ နှစ်ယောက်ကို ကျွန်တော် တွေ့ခဲ့ရတယ် ။ တစ်ဦးကတော့ နဒီမြန်မာ ဦးအောင်ခိုင် ဖြစ်တယ် ။ သူက ဗြဟ္မစိုရ် ဖြစ်ပေါ်လာအောင် လူအား ၊ ငွေအား အများဆုံး စိုက်ထုတ်ခဲ့သူ ဖြစ်တယ် ။ ယနေ့ အသုံးပြုနေတဲ့ ဗြဟ္မစိုရ်စာလုံးဒီဇိုင်းက နဒီမြန်မာ ဦးအောင်ခိုင်ရဲ့ လက်ရာဖြစ်သလို အသင်းပေါ်ပေါက်လာအောင် သူက အထူးဝါယမစိုက်တယ် ။ အသင်းဖွဲ့ပြီးရင် နဒီမြန်မာ ဦးအောင်ခိုင်က ဥက္ကဋ္ဌလုပ်ဖို့ ရည်ရွယ်ထားပြီး လိပ်စာကတ်တွေတောင် အဆင်သင့် ရိုက်ပြီး ဖြစ်တယ် ။
ကိုယ်တိုင် ငွေစိုက် ၊ ကားလှူ ကမကထ လုပ်ပြီး ဖွဲ့တဲ့အသင်းမှာ ကိုယ်က ဥက္ကဋ္ဌဝင်လုပ်ရင် ရာထူးနေရာ မက်ရာကျလိမ့်မယ်လို့ ကျွန်တော် သတိပေးတော့ နဒီမြန်မာ ဦးအောင်ခိုင်က ဥက္ကဋ္ဌတာဝန် မယူတော့ဘဲ ကောလိပ်ကျောင်းအုပ်ဆရာကြီး အငြိမ်းစား ဦးသန်းဗိုလ် ကို ဥက္ကဋ္ဌ ခန့်ထားဖို့ ဆောင်ရွက်ပါတယ် ။ ရာထူး မမက်သူမို့ နဒီမြန်မာ ဦးအောင်ခိုင်ကို ကျွန်တော် လေးစားလိုက်ပါတယ် ။
အသင်းစဖွဲ့ချိန်မှာ အမေလူထုဒေါ်အမာက လူရိုသေရှင်ရိုသေ ပါမောက္ခ ဒေါက်တာခင်မောင် ၊ ပါမောက္ခဒေါ်လှမြတ် ၊ အုတ်သူကြီး အက်စ်ကေ ဦးကျော်ဌေး ၊ ငွေတာရီ ဦးထွန်းသိန်း ၊ ရွှေဘိုဒေါ်မိမိကြီး ၊ အရီးတောင်း ဦးကျော်သိန်း စတဲ့ မြို့မိမြို့ဖ လူကြီးတွေကို နာယကနဲ့ အမှုဆောင် တာဝန်ပေး ဖွဲ့စည်းပြီး စတင်တယ် ။ ပွဲစားကြီး ဆားတောင် ဦးသိန်းထွန်း ကိုလည်း နာယကအဖြစ် စတင် တာဝန်ပေးအပ် ခံရတယ် ။ ဒါပေမဲ့ ဆားတောင် ဦးသိန်းထွန်းက ဦးဆောင်လမ်းပြရတဲ့ နာယက မလုပ်ပါရစေနဲ့လို့ ပန်ကြားပြီး အမှုဆောင်အဖွဲ့ထဲကို ဆင်းကာ အလုပ်လုပ်ပါတယ် ။ သူ့ကိုလည်း ရာထူးနေရာ မမက်တတ်သူအဖြစ် ကျွန်တော်က လေးစားပါတယ် ။
ကျွန်တော်တို့ချင်း တွေ့ပြီး စကားစမြည် ပြောကြတဲ့အခါ ဘာကြောင့် နာယက ဆိုပြီး မှိန်းမနေတာလဲလို့ ကျွန်တော် မေးတယ် ။
“ ကျွန်တော် လေးစားတဲ့ ၊ ချစ်တဲ့ အမေမာတို့ ၊ ဆရာမကြီး ဒေါ်လှမြတ် တို့နဲ့အတူ ယှဉ်မထိုင်ရဲဘူးဗျ ” လို့ ဆားတောင် ဦးသိန်းထွန်းက ဖြေပါတယ် ။
ဆားတောင် ဦးသိန်းထွန်းရဲ့ သိမြင်လွယ်တဲ့ သင်္ကေတ တစ်ခုကတော့ တစ်ခေါင်းလုံး ဆံပင်တွေ ဖြူတာပါ ။ သူက ဟာသလည်း ကြွယ်သူမို့ “ ဆံပင် ဖြူတာ ကောင်းတယ်ဗျ ၊ ထမင်းဝိုင်းမှာ ထိပ်က ဝင်ထိုင်ပြီး ဦးဦးဖျားဖျား စားလည်း သူများ မကဲ့ရဲ့ဘူး ” လို့ ပြောပြီး ရယ်တယ် ။
ဆံပင်ဆေး မဆိုးဖူးဘူးလား ကျွန်တော် မေးတယ် ။
“ ကျွန်တော် ကျောင်းသားဘဝ ၊ ဆံပင်ညှပ်ဆရာ ကောင်လေးက သင်လက် ကတည်းက ကျွန်တော် ညှပ်လာတော့ ရင်းနှီးတဲ့ ဆံပင်ညှပ်ဆရာ ရှိတယ် ၊ ဆိုင် လူကျလာရင် သူက ကျွန်တော့်ခေါင်း ဆေးဆိုးလက်စ တန်းလန်းနဲ့ တစ်နာရီလောက် ပစ်ထားတာ ၊ ကြာကြာထားမှ စွဲတာလို့ လျှောက်ပြောတယ် ၊ ဆေးဆိုးတာ နှစ်နာရီ ကြာတယ် ၊ ဆေးဆိုးခက ၁ဝဝဝ ပေးခဲ့ရတယ် ၊ လေးငါးရက် ကြာတော့ အောက်စတွေ ဖြူလာတယ် ၊ ကျွန်တော် စဉ်းစားတယ် ၊ ဘာအရေးကြီးတာလဲ ၊ ဆံပင်က အရေးမကြီးဘူး ၊ မျက်စိနဲ့ သွား ကောင်းရမယ် ၊ ကျန်းမာရေး ကောင်းရမယ်ပေါ့ ”
ဆံပင်ဆေးမဆိုးတော့တဲ့အကြောင်းကို ဆားတောင် ဦးသိန်းထွန်းက ပြန်ပြောပြတယ် ။
“ အမှန် ပြောရရင် ဆံပင်ဖြူ ဆေးမဆိုးတာ ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင် ကို သဘောကျလို့ ၊ ဆရာက လူချောကြီးဗျ ၊ ကိုယ့်ကိုယ်ကိုယ် လည်း ချောတယ် ထင်မှာပါပေါ့ဗျာ ( ပြောရင်း ဟက်ဟက်ပက်ပက် ရယ်တယ် ) ”
တကယ်လည်း ဆားတောင်ပွဲစားကြီး ဥပဓိရုပ်က ခန့်ပါတယ် ။ သူ့ကို မြင်ရတာ အေးချမ်းတယ် ။ သူ့ဘဝ ခံယူချက်ကို ကျွန်တော် မေးတယ် ။
“ ကျွန်တော်က သောကကို get out လုပ်ပစ်နိုင်တယ် ။ အတိုက်အခိုက်လေးတွေ ရှိရင်လည်း အကုသိုလ် မဖြစ်စေနဲ့ ၊ မကောင်းတာ မလုပ်နဲ့ ၊ စိတ်ကို ဖြူအောင် ထား ၊ ကျွန်တော့်တိုက်ခိုက်သူတွေကို ကျွန်တော် မေတ္တာပို့တယ် ၊ နာမည်နဲ့ တပ်ပြီး မေတ္တာပို့တယ် ”
အများနဲ့ ဆက်ဆံလုပ်ကိုင်နေထိုင်ရသူ တစ်ယောက် အနေနဲ့ အဆင်မပြေတာတွေ တွေ့မှာပဲ ဆိုတော့ သူ ကြုံရပုံ တစ်ခုကို ဆားတောင် ဦးသိန်းထွန်းက ပြန်ပြောပြတယ် ။
“ ကျွန်တော်တို့ ဆားတောင်မှာ စာပြန်ပွဲတွေ လုပ်နေတာ ကျွန်တော့် အသက်နဲ့ အမျှပဲ ၊ အဖေကလည်း စာပြန်ပွဲ ဥက္ကဋ္ဌ လုပ်တော့ ဆရာတော်ကြီးတွေ ကျွန်တော် ပင့်ရပါတယ် ၊ မင်းကွန်းတိပိဋကဆရာတော်ကြီးကို ကားနဲ့ အပို့အကြို လုပ်ပေးရတယ် ၊ ကိုယ်ကလည်း တက္ကသိုလ်က ကျောင်းပြီးခါစ ၊ တိပိဋကဆရာတော်ကြီးက တကယ် သိမ်မွေ့တာ ၊ တစ်နေ့တော့ ကားလမ်းပေါ်မှာ အမူးသမား တစ်ယောက်က လဲနေတော့ ကျွန်တော်က ကွင်းမောင်းရတာပေါ့ဗျာ ၊ ပါးစပ်က နေပြီးတော့ ဒီကောင့်နှယ်ကွာ လမ်းပေါ် လာလဲနေတယ် ၊ ရိုက်စရာ ကောင်းလိုက်တာလို့ ပြောတော့ ဆရာတော်ကြီးက မင်း ရိုက်စရာ မလိုပါဘူး ၊ သူ့ဟာ သူကို လဲနေပါပြီ ၊ မင်းက အကုသိုလ် ယူမနေပါနဲ့တော့ ၊ လျစ်လျူရှု ထားလိုက်စမ်းပါလို့ ပြောတယ် ”
ဆားတောင် ဦးသိန်းထွန်းက ပြောပြရင်း ရယ်မောတယ် ။
“ ဒီအသက်အရွယ် အတွေ့အကြုံအရ အောင်မြင်ကြီးပွားတိုးတက်မှုမှာ စိတ်ရင်းက အင်မတန် အကျိုးပေးတာ ၊ သူများအပေါ် ဂျေ ( မနာလို မစ္ဆရိယစိတ် ) များလေ ကိုယ် ဒုက္ခတွေ့လေပဲ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့ရတာ အများကြီးပဲ ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်မှာပဲ အနီးအနား အိမ်တစ်အိမ်က ပီပါသံပြားကို ထုရိုက်နှက်တဲ့ အသံ တဒုံးဒုံးကို နားမခံသာအောင် ကြားနေရတယ် ။
“ အရပ်ထဲမှာ စက်မှုလက်မှုလုပ်ငန်းတွေ လုပ်တော့ လျှပ်စစ်မီးအား အတက်အကျ မမှန်ဘဲ ပြုတ်ပြုတ်ကျတယ် ၊ ဆူညံသံတွေပေါ့ဗျာ ၊ အိပ်နေတဲ့ ကလေးတွေ လန့်နိုးတယ်ဗျာ ၊ တချို့အိမ်တွေဆိုရင် သူတို့ နားထောင်တဲ့ ကက်ဆက်ကို လော်ကြီးနဲ့ ဖွင့်တယ် ၊ တချို့ဆိုရင် ကားတွေ ရပ်တာ မလွတ်မကျွတ် ရပ်တယ် ၊ သူများ အနှောင့်အယှက် ဖြစ် မဖြစ် ဂရုမစိုက်ဘူး ၊ ကျွန်တော် ထိထိရောက်ရောက် တိုင်နိုင်တယ် ၊ မတိုင်ဘူး ၊ သူတစ်ပါးအကျိုး ထိခိုက်အောင် မပြောနဲ့ ၊ မလုပ်နဲ့ ၊ မကြံနဲ့ ”
သူ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝကို ဆားတောင် ဦးသိန်းထွန်းက ပြန်သုံးသပ်တယ် ။
“ ကျွန်တော်က ကြွားတာ မဟုတ်ပါဘူး ၊ ကျွန်တော့် ဘဝခရီးက ခရောင်းတော မဖြတ်ခဲ့ရဘူးဗျ ၊ ဒီတော့ လောကမှာ အကောင်းမြင်ဝါဒ ပိုများပါတယ် ”
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈
No comments:
Post a Comment