❝ မိုးကုတ်စက်ဝိုင်း၏ အစွန်း ❞
⎕ အဖြူရောင် ( ရွှေ )
ဝတ္ထုကား အဆုံးသတ်ပေတော့မည် ။ တိတ်ဆိတ် ငြိမ်သက်သော အခန်းတွင်း၌ ကျွန်မ၏ ကီးဘုတ် နှိပ်သံတို့သာ ပေါ်ထွက်လျက်ရှိ၏ ။ အာရုံ၌ ပေါ်သမျှ တို့ကို ခလုတ်နှိပ်ပုံဖော်ရင်း ထောင့်နေသောဝါကျများ ၊ အဓိပ္ပာယ် လွဲမှားစေသော အသုံးအနှုန်းများတွေ့လျှင် ဖျက်သော ခလုတ်ကို နှိပ်၍ ပိုလှပသော ဝါကျများကို ရှာဖွေရင်း ဝတ္ထုထဲ နစ်မြုပ်နေခဲ့ပါသည် ။
ထိုအချိန်မှာပင် “ အတော်ကြီးရေ ... အတော်ကြီး ... တံခါးဖွင့်ပါဦး ” ဟူသော အသံနှင့် တံခါးခေါက်သံ တဒိုင်းဒိုင်းကို အဖော်ပြုကာ သားငယ်လေး ရောက်လာ ခဲ့ပါသည် ။ “ အဒေါ်ကြီး ” ဟူသော အာလုပ်သံကို သဘောကျကာ သူ ခေါ်တတ်သလို “ အတော်ကြီး ” ဟု နောက်ပြောင်ခေါ်တတ်သော သားငယ်ကလေးက ကွန်ပျူတာဆော့လိုလျှင် ကျွန်မ၏ ရုံးခန်းကလေးသို့ လိုက်လာလေ့ရှိပါသည် ။
ထိုသို့သော ခေါ်သံကလေးကို ချစ်ခင်နှစ်လိုမြဲ ကျွန်မက သူကလေးကို လွမ်းစိတ်နှင့် ချက်ချင်းပင် တံခါးထဖွင့်ကာ ပါးနှစ်ဖက်ကို နမ်းရှုပ်ရင်း ...
“ ကိုကိုကော ”
“ ကိုကို နောက်မှာ လာလိမ့်မယ် ။ ညီလေးက ဂိမ်းဆော့မလို့ ”
အင်မတန် သွက်လက်ဖျတ်လတ်သော သားကလေးက ကျွန်မကို ပြန်ဖြေရင်း သူ ဆော့နေကျ ကွန်ပျူတာ ဆီသို့ သွားကာ ခလုတ်နှိပ်လိုက်ပါသည် ။ သို့သော်လည်း အင်ဗာတာနှင့် ဂျွိုင်းမထားလေတော့ ကွန်ပျူတာက မပွင့် ။ သို့နှင့်ပင် သူက ကွန်ပျူတာများကို တစ်ဆင့်ခံသုံးသည့် အင်ဗာတာနား ရောက်သွားကာ ..
“ မေမေက ကြိုးဖြုတ်ထားတာကိုး ”
ပြောလည်းပြော သူ့ကွန်ပျူတာကြိုးကို ပလပ် ပေါက်တွင်း တပ်လည်းတပ် ၊ ထိုသို့ လျှပ်စီးလက်သလို သူလုပ်လိုက်သော ခဏလေးမှာပင် တစ်ခန်းလုံး မှောင်အတိကျသွားခဲ့လေသည် ။ ဟားခနဲ သံရှည်ဆွဲ အော်ညည်းလိုက်သော ကျွန်မ၏ အသံက သူ၏ “ မေမေ ၊ ဘာဖြစ်သွားတာလဲ ” ဆိုသော အသံအောက် ပျောက်ခဲ့ရပါပြီ ။
“ မေမေ အမြဲတမ်း ပြောတယ် ၊ တစ်ခုခုကို လုပ်ချင်ရင် မေမေ့ကိုပြော ၊ ဇိုးခနဲ ဇတ်ခနဲ မလုပ်ရဘူး ပြောထားတာ ။ အခု ဘယ်လိုလုပ်မလဲ ၊ မေမေ့စာတွေ ပျက်ကုန်ပြီ ”
ကျွန်မ၏ နှမြောတသစိတ်တို့က ဒေါသအသွင် ကူးပြောင်းကာ ခပ်စပ်စပ်ကလေး အော်လိုက်မိပါ၏ ။
“ မီးပျက်လို့ အင်ဗာတာနဲ့ သုံးနေတာ ။ ဒါကြောင့် မလိုတဲ့ ကြိုးတွေ ဖြုတ်ထားတာပေါ့ ။ မေမေ မင်းကို စိတ်ဆိုးတယ် သိလား ။ မင်းလာတာနဲ့ မေမေ စိတ်ညစ်ရပြီ ”
ပြန်လင်းလာသော မီးအလင်းရောင်အောက်တွင် သူက ကျွန်မကို တွေတွေကြီး ရပ်ကြည့်ကာ ..
“ မေမေ ဘာလို့ save မလုပ်သလဲ ၊ အဲဒါ ညီလေးကြောင့် မဟုတ်ဘူး ။ မေမေ့ကြောင့် မေမေပဲ မမသူဇာလွင်ကို ပြောတယ်လေ ။ စာတစ်မျက်နှာပြီးတိုင်း save လုပ် ၊ အပြင်သွားမယ်ဆိုရင် save လုပ်ဆို မေမေ ပြောတာ ညီလေး ကြားတယ် ”
“ ဟုတ်တယ်လေ ၊ အခု မင်း ရောက်လာတော့ အပြင်မှာ တစ်ယောက်တည်း ရပ်နေရတယ်ဆိုပြီး မေမေ က ချက်ချင်း တံခါးလာဖွင့်ပေးတာ ။ တကယ်ဆို မေမေ့ကိုမေးပြီး လုပ်ရမှာ ကြည့်စမ်း ၊ ကိုယ့်အပြစ်ကို မတောင်းပန်တဲ့အပြင် ဝန်မခံဘဲ သူများကို ပြန်အပြစ် တင်နေသေးတယ် ။ မကြိုက်လိုက်တာ ”
“ မေမေသာ save လုပ်ထားရင် ဘယ်ပျက်မှာလဲ ၊ မေမေနော် မမသူဇာလွင် ကိုတော့ ပြောတတ်တယ် ။ သူများကို ပြောတယ်ဆိုတာ သူများအတွက်ပဲ မဟုတ်ဘူး ၊ ကိုယ်တိုင်ပါ လိုက်နာရတယ် ”
တရိပ်ရိပ် ဆူဝေလာသော နှမြောစိတ်တို့နှင့် ယူကျုံးမရ ဖြစ်နေသည့် ကျွန်မအတွက် သားငယ်လေး ပြောလိုက်သည့် စကားတစ်ခွန်းက အသိတရားရစေပါသည် ။ စကားတတ်လှသည့် ကလေးငယ်လေးကို ကြည့်ကာ ဒေါသစိတ်တို့ ဘယ်ရောက်ကုန်သည်မသိ ။
ပထမ တစ်မျက်နှာခန့် စာရွက်ပေါ်မှာ အကြမ်း ချရေးပြီး ကွန်ပျူတာနှင့် လက်ကရိုက်လိုက် ၊ စိတ်ကူးဖြင့် စာစီလိုက် ၊ ပြန်ဖတ်လိုက် ၊ ပြန်ဖျက်လိုက် ၊ ပြီးခါနီးဆဲဆဲ ဝတ္ထုလေးက ၁၄ ပွိုင့်နှင့် လေးမျက်နှာကျော် ၊ ငါးမျက်နှာနီးပါး ရှိနေခဲ့ပြီ ။ သူ့ကိုပြောရင်း ကွန်ပျူတာ ဖွင့်ပြန်ရှာတော့ မရတော့ ။ ကွန်ပျူတာကို သုံးရုံသာ သုံးတတ်ပြီး အသေးစိတ် နားမလည်သည့် ကျွန်မ အတွက် ပျက်သွားသော ဖိုင်ကို ပြန်မရှာတတ် ။ ထမင်းစားနားစဉ်က save ထားခဲ့သည့် စာဆယ့်ငါးကြောင်း လောက်သာကျန်ရစ်ခဲ့ပါ၏ ။ ပထမ တစ်မျက်နှာပဲ အကြမ်းချရေးထားသည် ဆိုတော့လည်း အားလုံးကို မမှတ်မိနိုင်တော့ ။ ထိုအချိန်မှာပဲ သားကြီး ရောက်လာခဲ့ကာ ...
“ မေမေ ၊ သား ရှာကြည့်မယ် ” ကျွန်မက စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေဆဲ ။
“ မရဘူး မေမေ ၊ back up ဖိုင်မှာ ဘာမှ မရှိဘူး ။ မေမေ အသစ်ပဲ ပြန်ရေးလိုက်တော့ပေါ့ ”
တည်ငြိမ်အေးဆေးသော သားကြီးနှင့် သွက်လက်ဖျတ်လတ်လွန်းလှသည့် သားငယ် စရိုက်မတူသော သားနှစ်ယောက်ကိုကြည့်ကာ ကျွန်မ အတွေးတို့က သားတို့ဆီမှာပဲ နစ်မြုပ်သွားခဲ့ပြီ ။ ဗီဇစိတ်၏ ပူနွေးလှုပ်ရှားမှုသည် လည်းကောင်း ၊ တည်ငြိမ်အေးဆေးမှုသည် လည်းကောင်း သားတို့၏ စရိုက်သွင်ပြင်ကို ခြားနားစေခဲ့ပါသည် ။
••••• ••••• •••••
မနှစ်တစ်နှစ် ဆီက ခရီးအထွက် များခဲ့ပါသည် ။ မိသားစုစီးပွားရေးလုပ်ငန်းက နယ်မြို့များမှာ ရှိလေသည်ဆိုတော့ ငွေစာရင်းများ စစ်ဆေးရန် ၊ လုပ်ငန်း အခြေအနေကြည့်ရန် ခဏတိုင်း ခရီးထွက်ဖြစ်ခဲ့ပါသည် ။ ထိုသို့ ခရီးထွက်ရလေတိုင်း သားနှစ်ယောက်က ကျွန်မ အမေနှင့် ကျန်ရစ်ခဲ့မြဲ ။
“ မေမေတို့ ခရီးသွားတုန်း ဖုန်းမဆက်ရဘူး ။ သားတို့ ဖုန်းခေါ်တုန်း မေမေတို့က အလုပ်များနေလား မသိ ၊ မနှောင့်ယှက်ရဘူး ” ဟူသော အဘွား၏ စကား ။ “ မေမေ အလုပ်လုပ်နေတာ သားသားတို့အတွက် ၊ သားသားတို့ စာကောင်းကောင်းသင်ဖို့ ၊ ကောင်းကောင်း နေရဖို့နော် ။ သားသားတို့ ဘွားဘွားတို့နဲ့ နေခဲ့နော် ။ မေမေ ငါးရက်ပဲကြာမှာ ” ဟူသော အမေ၏ စကားများဖြင့် စိတ်နှလုံးကို သိုဝှက်ကျန်ရစ်ရသည့် သားကလေးတို့ အဖြစ်က သနားစရာ ။ ထိုသို့သော စကားတွေ၏ အဓိပ္ပာယ်က “ ကစားစရာ လိုချင်ရင် ၊ ကျောင်းကောင်းကောင်း တက်ချင်ရင် ၊ ကောင်းကောင်းစားချင်ရင် ၊ ကောင်းကောင်းနေချင်ရင် ဒီလို နေရမယ် ” ဆိုသော ခြိမ်းခြောက်အကျပ်ကိုင်မှုတစ်မျိုးသာပင် ။ သားတို့ကို ခြိမ်းခြောက် အနိုင်ယူမိနေပါသလားဆိုသော ညှိုးချုံးစိတ်တို့နှင့်သွားရသော ခရီးလမ်းက စိတ်တွင်း ကြမ်းရှနေခဲ့ပါသည် ။ သို့သော်လည်း အလုပ်လုပ်မှ ရမည် ဆိုသော တာဝန်စိတ်၏ လွန်ဆွဲမှုနှင့် ခရီးတိုရှည် သွားဖြစ်ခဲ့သည်ပင် ။
ပြီးခဲ့သည့် မိုးတွင်းက ကျွန်မတို့ တောင်ကြီးကို ခရီးထွက်ဖြစ်ခဲ့ပါသည် ။ အသွားအပြန် ငါးရက်ဟု အစီအစဉ်ဆွဲထားသော်လည်း လွိုင်ကော် ရှိလုပ်ငန်းက အရေးပေါ်သည်ဆိုတော့ မူလအစီအစဉ်ကို ရက်တိုးကာ လွိုင်ကော် သို့ ခရီးဆက်ဖြစ်ခဲ့သည် ။ လွိုင်ကော် ရောက်၍ လုပ်ငန်းကိစ္စများ တိုင်ပင်ချိန် ၊ လုပ်ငန်းတိုးတက်မှု ကြည့်ရှုချိန်သည် မူလအစီအစဉ်အရ ရန်ကုန် ရောက်ရမည့်ရက် ဖြစ်နေခဲ့ပါသည် ။
သားတို့ကို သတိရစိတ်နှင့် တွေးစဉ်မှာပင် ဖုန်းမြည်သံ ထွက်ပေါ်လာခဲ့ပါသည် ။ သားငယ်ကလေးက မျှော်လင့်တက်ကြွသော လေသံကလေးနှင့် “ မေမေ ခု ဘယ်ရောက်နေပြီလဲ ၊ ဘယ်နှစ်နာရီ အိမ်ရောက်မှာလဲ ” ဟူသော အသံနှင့် တစ်ပြိုင်နက်ပင် “ မေမေ့ကို အဲလို မမေးရဘူးလို့ ဘွားဘွားက ပြောထားတယ်လေ ” ဆိုသော ဟန့်တားသံကို အဝေးတစ်နေရာမှ ပါးပါးလျလျ ကြားနေခဲ့ရပါသည် ။ သားကလေး၏ မျှော်လင့်ချက်ကို ချိုးဖျက်ကာ ပြောရမည့်အရေး နှုတ်ဆွံ့ နေသော်လည်း မပြောမဖြစ်မည့်တူတူ ...
“ မေမေ မပြန်ဖြစ်သေးဘူး သားရယ် ၊ အခု လွိုင်ကော်မှာ ”
ကျွန်မ စကားသံ မဆုံးလိုက်ပါ ။ အော်ဟစ် ငိုယို လိုက်သံနှင့်အတူ “ မေမေ ညာတယ် ၊ မေမေ ညာတယ် ” အသံများ ၊ “ ဘွားဘွား ပြောထားတယ်လေ ” အသံများ ၊ “ သားတို့အတွက် လုပ်နေတာမလား ” ဆိုသော ဖြေသိမ့်သံများ ဖုန်းလိုင်းတစ်လျှောက် စီးဆင်းလာခဲ့ပါသည် ။
မသိတတ်သေးသော အရွယ်လေးများကို အတင်း သိတတ်လာအောင် ခြိမ်းခြောက် အနိုင်ယူမိလေတော့ သားကလေးတို့က လိုက်ချင်သည်ဟုပင် မပူဆာတတ်တော့ ။ အေးအေးသက်သာ လက်ပြ နှုတ်ဆက်သော်လည်း ပြန်ချိန်ကိုတော့ဖြင့် မျှော်နေခဲ့ပါသည် ။ ကြိုးစား ဖြေသိမ့် ချော့မော့နေခဲ့သော ကျွန်မ၏ စကားများ အဆုံးတွင် သားငယ်ကလေးက …
“ မေမေ နားထောင်နော် ညီလေးတို့ သီချင်း ဆိုပြမယ် ။ ကိုကိုက recorder မှုတ်လိမ့်မယ် ” ထို့နောက်တွင်မတော့ မယုံကြည်နိုင်လောက်အောင်ပင် သီချင်းသံနှင့် တီးလုံးသံတချို့ ဖုန်းဆီမှ ထွက်ကျလာခဲ့ပါတော့သည် ။
... Mother how are you today ...
အလုပ်သဘောအရ ခရီးအမြဲထွက်ရသော်လည်း အစဉ်အမြဲ ကားမူးကာ ရောက်သည့်အရပ် ထိုးလှဲ အိပ်တတ်သည့် ကျွန်မကို သူ မေးလေ့ရှိသည့် “ မေမေ နေကောင်းလား ” ဆိုသည်ကို သီချင်းဖြင့် ဆိုပြနေခဲ့ပြီ ။
... Mother how are you today
Here is a note from your daughter
With me everything is ok
Mother, how are you today?
Mother, don't worry, I'm fine ...
တစ်ပိုဒ်လုံး ဆိုပြနေခဲ့သော်လည်း ကျွန်မ ရင်ကို အထိခိုက်ဆုံး စာသားသည် Mother how are you today ဆိုသော စာသားလေးတစ်ကြောင်းသာ ဖြစ်ခဲ့ပါသည် ။
ဖုန်းမှ ထွက်ပေါ်လာသော တေးသံနှင့် ဂီတကို နားခံရင်း လွမ်းဆွတ်သတိရစိတ်တို့က ကျွန်မနှလုံးကို နင်းခြေသိမ်းပိုက်ခဲ့ပြီတည်း ။ တလိမ့်လိမ့် စီးကျလာသော မျက်ရည်တို့ကို ကျွန်မ မသုတ်လို ၊ ဟန်မဆောင်လိုတော့ ။ တာဝန်ခံများပြောသော ငွေစာရင်းများ ၊ အသေးသုံး စာရင်းများကို လက်တော့ပ်နှင့် လိုက်မှတ်နေခဲ့သော ကျွန်မ၏ဘေး သူ့ အဖေနှင့် အတူ အလုပ်သမား လေးငါးယောက် ရှိနေခဲ့ပါသည် ။ စာရင်းတွက်ရင်း ၊ ရယ်ရင်း ၊ ပြောရင်း ဖုန်းသံတစ်ချက်နှင့် ပြောင်းလဲသွားသော ကျွန်မ၏ ဖြစ်အင်ကို အားနာ ကြသည်ထင့် ။ ဆေးလိပ်သောက်မလို ၊ ရေသောက်မလို နှင့် အသီးသီး နေရာမှ ထသွားကြပါသည် ။
ဆို့နင့်ကြေကွဲစိတ်တို့က လည်ချောင်းတစ်လျှောက် စုန်ဆန်နှောက်ကာ စကား ဆက်မပြောနိုင်လောက်အောင် ပူလောင်ခြောက်သွေ့ နေခဲ့သည် ။ တယ်လီဖုန်းကို သူ့အဖေဆီ ထိုးပေးရင်း ကျွန်မစိတ်တို့က ရန်ကုန်သို့ စုန်ဆင်းသွားခဲ့လေပြီ ။
ထိုစဉ်က သူ့အသက် ၇ နှစ် ၊ သူတို့ ကျောင်းမှ recorder မှုတ်နည်းသင်ပေးရာ ညီအစ်ကိုနှစ်ယောက် အိမ်မှာ အပြိုင်ကျင့်ကြရင်း ကြွားချင်ဇောနှင့် သူတို့ အမေဆီ ဖုန်းခေါ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည် ။ ထိုအဖြစ်ကို သူ မေ့သွားပြီလား သိချင်လှပါသည် ။
••••• ••••• •••••
ကျွန်မနှင့် ရင်းနှီးနီးစပ်သူတို့က ကျွန်မကို “ ပန်းပုထု တော်လှချည်း ” ဟု ရယ်မောကြပါသည် ။ ထိုသို့အပြောခံရအောင်ပင် သားကြီးက သူ့အဖေနှင့် ရုပ်ရည် စိတ်ဓာတ်တစ်ထပ်တည်းကျကာ သားငယ်လေးက ကျွန်မနှင့် တူခဲ့ပါသည် ။ အေးဆေးတည်ငြိမ်၍ မျိုသိပ်တတ်ခြင်းကို အမွေရသည့် သားကြီးက ကလေးတို့ သဘာဝ အဆော့သန်လှသော်လည်း အေးငြိမ်းသည်က သူ၏ မွေးရာပါစရိုက်ပင် ။
တစ်ခါတုန်းက သူတို့ညီအစ်ကို ဆော့ကစားသည့်နေရာနှင့် မလှမ်းမကမ်းတွင် ကျွန်မက ခလုတ်တိုက်ကာ အော်မိသည် ထင်ပါသည် ။ သားကြီးက “ မေမေ ” ဟု အသံပြုရင်း ကစားရာမှ မျက်လုံးလှန် မော့ကြည့်ကာ ဟန်မပျက်သော ကျွန်မကို မြင်လျှင် တပ်ဆင်လက်စ အရုပ်ကို ဆက်တပ်နေခဲ့သော်လည်း သားငယ်ကလေးက ပူနွေးလှိုက်လှဲသော လေသံနှင့် “ မေမေ ... မေမေ ... ဘာဖြစ်သွားလဲ ၊ ဘာဖြစ်သွားလဲ ” ဟု ပြေးလာခဲ့ပါသည် ။ ဘာမှ မဖြစ်သည်ကို မြင်ကာမှ ပါးကို ဘယ်ပြန်ညာပြန် နမ်းကာ “ သမီးလေးကို ဖေဖေကြီးက စိုးရိမ်လိုက်ရတာ ” ဟု ကျွန်မ သူ့ကို ပြောသည့်လေသံ ၊ လေယူလေသိမ်းအတိုင်း ပြောင်စပ်စပ် မျက်နှာပေးနှင့် ပြောလျှင် သားအမိနှစ်ယောက် တဟားဟား သဘော တကျ ရယ်မိကြသည် ။ ထွေးဖက်လုံးပွေ့မိကြသည် ။ အပြန်အလှန် နမ်းရှုပ်ရင်း နပန်းလုံးကြသည် ။ ခေါင်းအုံး နှင့် ပစ်ပေါက်ကြသည် ။ ကျွန်မက သွေးအေးနေလျှင် “ မေမေ လာ နပန်းလုံးကြမယ် ၊ သတ္တိရှိရင် လာလေ ” ဟု စိန်ခေါ်ရင်း သူ တတ်သလောက် အာရုံကလေးနှင့် ကျွန်မကို နှိုးဆွတတ်ပါသည် ။
မျက်လုံးလှန်ကြည့်ရင်း ကျေနပ်တတ်သူ သားကြီးကို ကျွန်မက တကူးတက ဆွဲခေါ်သိမ်းသွင်းရသော်လည်း သူကလေးကဖြင့် အထွေအထူး အားထည့်စရာမလို ။ သူ့တစ်ကိုယ်လုံး ချစ်ခင်လှိုက်လှဲ နွေးထွေးသည့် မေတ္တာ အကြည်ဓာတ်များဖြင့် ထုံမွှန်းနေခဲ့သည်ပင် ။
••••• ••••• •••••
သူကား ငယ်ပင်ငယ်သော်လည်း တစ်ခါတစ်ရံမှာတော့ ဦးဆောင်သူ ဖြစ်နေတတ်ခဲ့ပြန်ပါသည် ။ မြေး အဘွား ၊ မိသားစု ဝိုင်းထိုင်စားကြသည့် ထမင်းပွဲတွင် .. အဘွား ၊ အဖေနှင့် အမေကို မမေ့မလျော့ ဦးချပြီးမှ စားတတ်သူ သားကြီးကို ..
“ အလကားပြောတာ ကိုကို ၊ သူတို့ အရင် စားချင်လို့ လျှောက်ပြောနေတာ ဘာမှမဖြစ်ဘူး ။ ဘာဆံပင်မှ မဖြူဘူး ၊ ညီလေးကတော့ ကိုယ့်ဘာသာ အရင်ထည့်စားမှာပဲ ” ဟု မြှောက်ပင့်သွေးထိုးတတ်ပြန် ပါသည် ။ ၇၇ နှစ်ပြည့်ပြီးသော ရှေးရိုးစွဲအဘွား၏ ဆုံးမစကားများကို ၇ နှစ်သားကလေးက အာခံတော်လှန်ချင်ခဲ့သေးသည် ။ သူ ဘယ်လိုများ တွေးမိသလဲ ။ ကျွန်မကတော့ အံ့ဩ စိတ်နှင့်ပင် ပင့်သက် မရှုဖြစ်ခဲ့ ။
တစ်ခါတစ်ခါတော့လည်း ကွဲပြားခြားနားလွန်းသော သူတို့စရိုက်များကို အံ့အားသင့်မိကာ ဘယ်အရာကများ သူတို့ကို ကွဲပြားစေပါလိမ့်ဟု ဦးနှောက် ပူမတတ် စဉ်းစားမိရပါသည် ။ သူကား စရိုက်ထူးလှသူ ကလေးပင်တည်း ။ စိတ်ကူးအတွေးဆန်းများကို ဖန်တီးတတ်သူတည်း ။ အတူအိပ်လျှင် ပုံပြောပြီး ချော့သိပ်
.. အခြားသူစိမ်းတို့ ရင်မှာဖြင့် ကြက်ခြေခတ်တံဆိပ်ခပ် တတ်သည့် ကျွန်မအား ခရီးထွက်သည့်အခါတိုင်း တယ်လီဖုန်းထဲမှ ပုံပြောပြဖို့ မမေ့မလျော့ တောင်းဆိုတတ်သူသာတည်း ။ ချွဲနွဲ့သော အပြုအမူတို့ကို ညီလေး ကလေ ညီလေးကလေ အစချီလျက် ပြောတတ်ခဲ့သူ ။ သူ၏ လှုပ်ရှားတက်ကြွမှုများအား ရိုးသွားသည် မရှိ ၊ တစ်ခုပြီးတစ်ခု အသစ်အဆန်း ပေါ်ထွက်လာမြဲ ။ ထိုသို့သော အပြုအမူ အထူးအဆန်းများက မိခင်ဖြစ်သည့် ကျွန်မအတွက် ချစ်ခင်နှစ်လိုဖွယ် ဖြစ်မြဲဖြစ်နေသည့်တိုင် နှိပ်ချင်ပေလိမ့်မည် ။ ထိုသို့ တွေးမိပြန်လျှင် မိခင်ကျွန်မ အသည်းနှလုံး ဆတ်ဆတ်ခါမြဲ ။ လူတကာ၏ ငြိုငြင် ပြစ်တင်မှုကို သူကလေး ခံရပေတော့မည်ဟု တွေးမိလျှင်ပင် အသက်ရှူ ရပ်မတတ် ဖြစ်ခဲ့ရပါပြီ ။
အကြီးပေါ်၌ ပုံအပ်ပြီးဖြစ်သော ချစ်ခြင်းမေတ္တာကို သူ့အတွက် ဝေစုတစ်စု ရနိုင်စေရန် သဘာဝအလျောက် သိတတ်စိတ်များ၏ ကြိုးပမ်းမှုပေလော ။ အကြီးကား အရိပ်မရှိ တစ်ဖြောင့်တည်းတက်ရသည့် သစ်ပင်နှယ်အေးအေးလူလူ ရှိလွန်းပါ၏ ။ သူကလေးကဖြင့် အရိပ် ခိုရင်း အညွန့်ထောင် ခေါင်းမော့ရသည့် နွယ်ပင်ကလေး နှယ် ပူးကပ်လိမ်ယှက်လျက် တွယ်ငင် ရစ်နှောင်တတ် လွန်းပါ၏ ။
သူ ၆ နှစ်သားခန့်က အဖြစ်ကို သတိရမိပြန်သည် ။ ထိုနေ့က ဘယ်လိုမှ ချော့မော့ ၊ ဆူပူကြိမ်းမောင်း၍ မရနိုင်အောင် သူ ဆိုးသွမ်းနေခဲ့သည် ။ အကြောင်းအရာကို မမှတ်မိတော့သော်လည်း ဖြစ်စဉ်က ရုပ်ရှင် ပြကွင်း တစ်ခုနှယ် အစီအရီ အစဉ်တကျ ပေါ်လာခဲ့ပါသည် ။ သူ့ကို ဘယ်လိုပြောလို့မှ မရတော့သည့် အဆုံး ခါးပတ်ယူ၍ ခပ်စပ်စပ်ကလေး ရိုက်ထည့် လိုက်သောအခါ အံ့သြတကြီး မော့ကြည့်ရင်း ငြိမ်သက်သွားရာမှ ဗြုန်းခနဲ ငိုချလိုက်သည်က သဲမဲတကြီး ။ သူ၏ ငိုခန်းကား ပြောင်မြောက်ထူးခြားလွန်းခဲ့ပါသည် ။ လှိုက်လှိုက်လှဲလှဲကြီး ငိုချလိုက်ပုံက ကျွန်မ အသည်း နှလုံးကို ဆုပ်ကိုင်ခြေမွလိုက်သယောင် ငိုရင်းကြည့်သော သူ့ မျက်လုံးများက ကျွန်မကို နောင်တအခါခါ ရအောင် ပြုမူလေတော့သည် ။ ထိုသို့ အော်ဟစ်ငိုယိုရင်း “ မေမေ့ကို ရဲနဲ့ တိုင်ပြောမယ် ၊ ရဲနဲ့ တိုင်ပြောမယ် ” ဟု အဆက်မပြတ် အော်နေတော့သည် ။
ဘယ်လိုမှ မခံစားနိုင်သေးသည့်အဆုံး သူ့ ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ သူ့ မျက်ရည်များကို ကျွန်မ ပါးပြင်နှင့်ထိကပ် ခြောက်သွေ့ စေရင်း “ မေမေက သားကလေးကို ချစ်လွန်းလို့ ရိုက်တာ ၊ လိမ္မာစေချင်လွန်းလို့ ရိုက်တာ ၊ မငိုနဲ့ သားကလေးငိုရင် မေမေလည်း ငိုချင်လာပြီ ၊ မငိုနဲ့နော် ” ကျွန်မ၏ လေးနက်လှိုက်လှဲသော လေသံကို သူကလေး နားလည်ခဲ့ပါသည် ။ သားအမိနှစ်ယောက် အပြန်အလှန် ထွေးပွေ့ ကြရင်း ၊ အပြန်အလှန် နမ်းရှုပ်ကြရင်း ၊ နောင်ကို သည်လို မလုပ်တော့ဟု ပြိုင်တူ ပြောကြရင်း ငြိမ်းချမ်းမှု တည်ဆောက်နေဆဲ ရှေးရိုးစွဲ သူ အဘွားက ..
“ ဟင်း ... အဲလိုရိုက်ပြီး အဲလို ပြန်ချော့ ၊ ကလေးက ဘယ်တော့မှ ကြောက်မှာမဟုတ်ဘူး ” ဟူသည့် မှတ်ချက်ကို သူကလေးက ချက်ချင်းပင် “ သူများသား အမိ ချစ်နေတာကို ဘွားဘွားက မနာလိုဖြစ်နေတာ ” ဟုပြောရင်း တစ်ဆက်တည်း ကျွန်မဘက် ဗြုန်းခနဲ လှည့်ကြည့်ကာ “ မေမေက ညီလေးကို ရိုက်တော့ ညီလေးက စိတ်ဆိုးတာပေါ့ ။ စိတ်ဆိုးလို့ ပြောတာနော် ။ မေမေ့ကို ရဲမတိုင်ဘူး သိလား ” ပြာလဲ့သော မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အလေးအနက် ကတိပေးနေပြန်တော့ ကျွန်မမှာ ငိုအားထက် ရယ်အားသန်ရလေပြီ ။
ကျွန်မက သူတို့ကို လူကြီးအရာထား ပြောဆိုလျှင် ခေါင်းလေး တဆတ်ဆတ်ညိတ်ကာ အလေးအနက် မှတ်ယူတတ်ပါ၏ ။ သူ နားမလည်သည်များကို ပြန်လည်မေးရင်း သူဖြေချင်သလို ကျွန်မက ပြန်မဖြေလျှင် သူလိုချင်သည့်အဖြေ မရောက်မချင်း လှည့်ပတ်ကွေ့ ဝိုက်ကာ ဉာဏ်များတတ်ပြန်ပါသည် ။ “ ယဉ်ကျေးမှု သင်ခန်းစာ ” အောက်မှ ဆိုဆုံးမမှုများကို ရင်ထဲစွဲ အသေမှတ်ကာ မထောက်မညှာ ၊ မကြောက်မရွံ့ ပြောဝံ့သူကလေးကို တစ်ခါတလေ လက်မြှောက်ရပါ၏ ။
တစ်ရက်ဆီက ကျွန်မတို့သားအမိ စားသောက်ဆိုင်ကြီးတစ်ခုသို့ သွားကြပါသည် ။ ညနေခင်း လူကျချိန်ဖြစ်လေတော့ အမျိုးသားကြီး လေးဦး ထိုင်နှင့်သော စားပွဲနှင့် တစ်ဆက်တည်း စားပွဲမှာ နေရာရပါသည် ။ မှာထားသည်တို့ ရောက်လာ၍ စားခါနီး ထိုအမျိုးသားကြီးများထံမှ ကျယ်လောင် အောင်မြင်လွန်းလှသော လေချဉ်တက်သံကြီး ထွက်ပေါ်လာရာ ကျွန်မရင်ထဲ ထိတ်ခနဲ ခုန်သွားပါတော့သည် ။ ထင်သည့်အတိုင်းပင် ဇွန်းကို ဆောင့်ခနဲ ပြန်ချကာ ...
“ သူများ စားခါနီး သောက်ခါနီး ဘာလို့ ဒီလိုလုပ်ရတာတုံး ၊ တော်ပြီ ၊ ရွံ့တယ် ၊ မစားတော့ဘူး ”
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားကာ ကျွန်မလည်း ရင်ခုန်နှုန်း မြန်လာခဲ့ပေပြီ ။ သူ ကလေးကတော့ဖြင့် မျက်မှောင်အတွန့်ချုံ့ ၊ နှုတ်ခမ်း စူလျက် ဟိုဘက်ဝိုင်းကို အခဲမကြေ ကြည့်နေခဲ့သည် ။ နောက်တော့ လူကြီးရှက်တော့ ရယ်ဆိုသော စကားပုံလိုပင် ဟိုဘက်ဝိုင်းဆီမှ ရယ်မောသံနှင့်အတူ...
“ ဟာ ... ဒီကောင် မလွယ်ပါလားကွ ၊ အေးပါကွ နောက်မလုပ်တော့ပါဘူး ”
ထူပူနေဆဲ ။ ကျွန်မက သူတို့တွေ ကြားထဲ တစ်စုံတစ်ရာ ဝင်ပြောလိုက်ရနိုး စဉ်းစားရင်း အသာပဲ ငြိမ်နေလိုက်ပါတော့သည် ။ ကျွန်မ၏ အားနာစိတ်နှင့် ပြောသော တစ်စုံတစ်ရာကို သားကလေး အဓိပ္ပာယ် အကောက်လွဲမှာ စိုးသည်က အဓိက ပင် ။ သူကလေးက “ မေမေပဲ ပြောထားတာလေ ” ဟု ပြန်ပြောပေလိမ့်မည် ။ လူရေးလူမှု နားမလည်သေးသည့် ကလေးလေး၏ အမှတ်မြဲသော စိတ်ကို မရှုပ်ထွေးစေလို ။ အချိန်နှင့်နေရာကို ဆုံးဖြတ်ချင့်ချိန်နိုင်စွမ်းရှိသည့် အရွယ်ရောက်အောင် ကျွန်မ စိတ်ရှည်သည်းခံရပေလိမ့်မည် ။ ထိုညက မှန်တိုင်းလည်း မပြောရဘူး ဆိုသော သြဝါဒကို ဇာဂနာ၏ မှန်ကန်ရင် ကွဲတတ်တယ် ဆိုသည့် ဟာသလေးနှောကာ သူကလေးတို့ နားလည်အောင် တီထွင်ထားသည့် လုပ်ဇာတ်ပုံပြင် တစ်ခုနှင့် ညအိပ်ရာဝင် ဖြစ်ခဲ့ပါသည် ။
••••• ••••• •••••
ယခုလည်း ဝတ္ထုတစ်ပုဒ် ဆုံးရှုံးပျောက်ကွယ်၍ ဖြစ်လာရသည့် နှမြောတသစိတ်သည် သားကလေး ပြန်ပြောလိုက်သော စကားတစ်ခွန်းအောက်မှာ ပျောက်ရှ သွားခဲ့ပြီး ဖြစ်ပါ၏ ။ သူကလေး၏ စုပ်ယူနိုင်စွမ်းနှင့် ချက်ကျလက်ကျ အချိန်ကိုက် ပြန်လည်ဖြန့်ဝေပေး နိုင်စွမ်းကိုဖြင့် ဦးညွတ်ရလေပြီ ။
“ သူများကို ပြောတယ်ဆိုတာ သူများအတွက်ပဲ မဟုတ်ဘူး ။ ကိုယ်တိုင်ပါ လိုက်နာရတယ် ” သူ့ မှတ်ဉာဏ်အတွင်း သိမ်းဆည်းသိုမှီးမိလေသမျှ မထောက်မညှာ ၊ မကြောက်မဝံ့ ပြောတတ်လေသော သားကလေးသည် ကျွန်မ ရည်မှန်းထားသည့် ပန်းတိုင်ဆီသို့ တည့်မတ်စွာ သွားမည်လား ၊ ခြေချော်လက်ချော် လွဲချော်သွား မည်လား ။ ၈ နှစ်ကို ၆ လကျော်လာခဲ့ပြီးသော သား ကလေး၏ ငယ်ဘဝ ဖြစ်စဉ်ဖြစ်ရပ်များကို တစိမ့်စိမ့် တူးဖော်ဆန်းစစ်မိနေသည့် ကျွန်မအား သားကလေးသည် လင်းလက်တောက်ပသော အနာဂတ် မီးရှူးတိုင်ကို ကိုင်ဆောင်လျက် ပြုံးပြုံးကြီး စိုက်ကြည့်လျက်ရှိ ချေ၏ ။
ထို့အတူပင် ကျွန်မတို့ ဝန်းကျင်တွင် သားကလေး ကဲ့သို့သော ကလေးသူငယ်များစွာ ရှိနေခဲ့ပါသည် ။ အထူးသဖြင့် မိတ်ဆွေအတော်များများ၏ နှုတ်ဖျားမှ “ ခုခေတ်ကလေးတွေ တတ်ကို တတ်တယ် ၊ တို့ခေတ်နဲ့ တခြားစီပဲ ” ဟု ဖွင့်ဟဝန်ခံသံကို ကလေးအမေ ကျွန်မ မကြာခဏ ကြားဖူးခဲ့ချေပြီ ။
သို့ဆိုလျှင် သားတို့ ကဲ့သို့သော ကလေးငယ်များ၏ စိတ်ရောကိုယ်ပါ တိုးတက်ဖွံ့ဖြိုးခွင့်သည် မည်သူ့ထံ၌ တည်ပါသနည်း ။ အရွယ်အလျောက် ဖွံ့ဖြိုးခွင့် ၊ တီထွင်ဖန်တီးခွင့် ၊ ကိုယ့်ကြမ္မာ ကိုယ် စီရင်ခွင့် အစရှိသော လွတ်လပ်သည့် အမူအကျင့်တို့ကို ပေးအပ်မည့် ပတ်ဝန်းကျင်ကောင်းသည် သားတို့ အနာဂတ်အား လက်ကမ်း ကြိုပါစေသတည်း ဟူသော တိတ်တခိုး ဆုတောင်းဖြင့် ကျွန်မရင်သည် တုန်ယင်လှုပ်ရှားလျက် ရှိနေပါတော့ သည် ။ ။
⎕ အဖြူရောင် ( ရွှေ )
📖စုံနံ့သာ မဂ္ဂဇင်း
၂၀၁၄ ၊ ဇူလိုင်လ
No comments:
Post a Comment