Friday, June 19, 2026

ရွှေငါး

❝ ရွှေငါး ❞
( ပီမိုးနင်း )

“ ဟော တက္ကစီတစ်စီး ဆိုက်လာတယ် ။ ဘယ်သူများပါလိမ့် ၊ ဩော် ကြီးကြီးလှဖြူပါကလား ကိုလှဖေ ”

ထိုအခါ လှဖေက ရယ်လျက် “ မကောင်းမှုကံများဟာ တစ်ခါတည်း ဘယ်တော့မှ မလာဘူး ။ သုံးဦး သုံးဖလှယ် ဆုံလာတတ်တယ် မြမေ ၊ ရှေးဦးပထမ ငါ အလုပ်ပြုတ်တယ် ၊ သည့်နောက် ငါ့ဘိုင်စကယ် ဘီးပေါက်တယ် ၊ အခု ကြီးကြီးလှဖြူ အိမ်ကို ရောက်လာတယ် ၊ ငါတို့မှာ သိပ်ဟုတ်နေတာပဲ ” ဟု လှဖေက စိတ်ဆိုးစွာ ပြောလေ၏ ။

“ ဒါတော့ မတတ်နိုင်ဘူးရှင် ... ကြီးကြီးလှဖြူကို စိတ်ဆိုးအောင် လုပ်လို့ မဖြစ်ဘူး ။ လာသွားပြီး တံခါးဖွင့် ပေးရအောင် ” ဟု ဆိုပြီး မြမေသည် အိမ်ပေါ်မှ ပြေးဆင်းကာ အိမ်ရှေ့တံခါးကို ဖွင့်၍ ပေးကြလေ၏ ။ လှဖေသည် စိတ်မပါ့တပါနှင့် ဆင်း၍ လာပြီး ဧည့်ခန်း၌ ကြီးကြီးလှဖြူကို တွေ့ရလေ၏ ။

ကြီးကြီးလှဖြူ ဆိုသော မိန်းမကြီးသည် ကိုယ်ပေါက်ကိုယ်ရောက် ကြီးကျယ်၏ ။ ကိုယ်ပေါက်ကိုယ်ရောက် ကြီးကျယ်သည့်အတိုင်း ဥစ္စာကြေးငွေလည်း ပေါများကြွယ်ဝ၏ ။

ဥစ္စာကြေးငွေ ပေါများခြင်းသည် ကြီးကြီးလှဖြူနှင့် အထူးမသင့်မလျော်သောအရာ ဖြစ်သည်ဟု လှဖေ၏ စိတ်၌ လည်းကောင်း ၊ အခြား အသိအလိမ္မာရှိသူတို့၏ စိတ်မှာ လည်းကောင်း အတွေးရကြလေ၏ ။ အကြောင်းမူကား ကြီးကြီးလှဖြူသည် ရုပ်ရည်လှပသူ ဟူ၍ အလျှင်းပင် မပြောနိုင်ပေ ။ ကိုယ်ပေါက်ကိုယ်ရောက် ကြီးသော အပျိုကြီး ဘုတ်ထိုင်းများနှင့် ပါးရိုးမေးရိုးကြီးသူများ ကို လည်းကောင်း ၊ မောင်းမဲ အပြစ်တင်တတ်သောစိတ် ကြီးမားသော သူများကိုသော် လည်းကောင်း ၊ နှစ်သက် သဘောကျတတ်သူများသာလျှင် ကြီးကြီးလှဖြူကို ချစ်ခင်ကြပေလိမ့်မည် ။ လှဖေ၏ စိတ်ထဲ၌ ကြီးကြီးလှဖြူ ဆိုသော မိန်းမကြီးသည် လောက၌ ပို၍ နေသော မိန်းမကြီး တစ်ယောက်ဟု မှတ်ထင်လေ၏ ။ သို့သော်လည်း အတိအလင်း ဖွင့်ပြောလျှင် မကောင်းတတ်သဖြင့် ဖွင့်၍ မပြောဘဲ သည်းခံလျက်နေလေ၏ ။

ကြီးကြီးလှဖြူသည် လှဖေအား ခြေဆုံးခေါင်းဆုံး စိုက်ကြည့်ပြီးနောက် “ လှဖေ နင် အလုပ်ရသလား ” ဟု မေးလိုက်လေ၏ ။

လှဖေက “ မရသေးဘူး ” ဟု ပြန်၍ ပြောလေ၏ ။ ကြီးကြီးလှဖြူက စိတ်မကောင်းသည့် အမူအရာကို ပြလေ၏ ။

ထိုအခါ မြမေက ဝင်၍ “ ဒါ သူ့အပြစ် မဟုတ်ပါဘူး ၊ သူ ရအောင် ကြိုးစားနေတာပဲ ။ လုပ်တဲ့ တိုက်က ဒေဝါရီ ဖြစ်သွားတာကို ” ဟု ပြောပြလေ၏ ။

“ လှဖေလို အကောင်ကို အသုံးပြုမှ ဒေဝါရီ မဖြစ်ဘဲ နေနိုင်ပမလား ” ဟု ပြောသော အနေသို့ ရောက်အောင် မေးငေါ့လိုက်လေ၏ ။ ထို့နောက်မှ “ ဒါပေမဲ့ ငါ အလုပ်အကြောင်းကို ပြောဖို့လာတာ မဟုတ်ပါဘူး ” ဟု ဆို၍ မြမေဘက်သို့ လှည့်ကာ “ မြမေ ငါ့ကို ကျေးဇူးတစ်ခု ပြုမလား ” ဟု မေးလိုက်လေ၏ ။

“ ဟုတ်ကဲ့ ကျွန်မ ပြုပါ့မယ် ၊ ဘာမဆို ခိုင်းပါ ” ဟု မြမေသည် စိတ်လက်ပါလေဟန်နှင့် စိတ်အားထက်သန်စွာ ပြောလိုက်လေ၏ ။

“ ငါ နှစ်ရက်သုံးရက် မော်လမြိုင်ကို သွားမလို့ ၊ ငါ မရှိတဲ့အခိုက်မှာ ရွှေလှကို အပ်ခဲ့ချင်တယ် ”

“ ဪ ရွှေလှကိုလား ”

“ ကြီးကြီးမိတ်ဆွေ ဖြစ်ရင် ၊ ကျွန်တော်တို့ရဲ့မိတ်ဆွေ ပေါ့ ။ သို့သော်လည်း ကျွန်တော်တို့မှာ အိပ်ရာနေရာ ခန်းနား အပိုမရှိဘူး ” ဟု လှဖေက ပြောလေ၏ ။ ကြီးကြီးလှဖြူက “ ငါ့အစေခံမဟာ တခြား သွားနေတယ် ၊ ရွှေတောင်ကလည်း စိတ်မချရဘူး ၊ အမြဲ မူးယစ်နေတာပဲ ၊ ဒါကြောင့် ရွှေလှကို တနင်္လာနေ့အထိ မင်းတို့ဆီမှာ ငါ အပ်ပြီး ထားခဲ့ချင်တယ် ။ နေ့စဉ်နေ့တိုင်း သူ့ကို ရေအသစ် လဲပေးရလိမ့်မယ် ။ ပြီးတော့ကာ ပေါင်မုန့်အစ အနများများ ပေါ်ရလိမ့်မယ် ” ဟုပြောလိုက်ရာ လှဖေမှာ ကြားရသောစကားများကို စိတ်ထဲ၌ မသဲကွဲသောအမူ အရာနှင့် “ ဒီရွှေလှဟာ ဘာလူမျိုးလဲ ၊ သူဟာ မြန်မာလူမျိုး ဟုတ်ဟန် မတူပါဘူး ” ဟု ဆိုလေ၏ ။

ကြီးကြီးလှဖြူက စားပွဲပေါ်၌ တင်၍ ထားသော ထူးဆန်းသော အထုပ်ကြီးကို ပြကာ “ ရွှေလှဟာ ဒါပဲ ” ဟု ပြောပြီး အထုပ်ကြီးကို ထ၍ ဖြေလေ၏ ။ သို့ဖြေလိုက်သောအခါ ဖန်ပုလင်းတစ်လုံးနှင့် တစ်ခု ပေါ်၍လာလေ၏ ။

ထိုအခါ လှဖေ၏ စိတ်ထဲ၌ သက်သာရာရလျက် “ အိုး ” ဟုအော်ပြီး “ ကျွန်တော်က ရွှေလှ ဆိုတာ ပေါက်ဖော်လား ၊ ခေါ်တောလားလို့ မှတ်တယ် ” ဟု ပြုံး၍ ပြောလိုက်လေ၏ ။

ကြီးကြီးလှဖြူသည် ငါးကလေးကို နှစ်သက်လှသော မျက်နှာနှင့် ကြည့်ကာ အင်မတန် နားလည်တဲ့ငါး ၊ ငါ့လက်ထဲ ရောက်တာ တနင်္ဂနွေတစ်ပတ် ရှိသေးတယ် ။ ငါ့အသံကို မှတ်မိပြီ … ရွှေလှ ၊ ရွှေလှ ဟောကြည့်စမ်း မျက်တောင်ခတ်တယ် ၊ ငါ့အသံကို နားလည်လို့ပေါ့ ၊ သူ့ကို အစာမှန်မှန် ကျွေးရင် သူ ဘာမှ အနှောင့်အယှက် ပေးမှာ မဟုတ်ဘူး ” ဟု ပြောပြလေ၏ ။

“ ကျွန်တော်တို့ အစာမှန်မှန် မကျွေးရင် သူ ဘယ်လို အနှောင့်အယှက်ပေးမလဲ ”

“ သူဟာ ပုရွက်ဆိတ်ဥများကို အင်မတန်ကြိုက်တယ် ”

“ အဲဒါ ခက်တာပဲ ၊ ကျွန်တော်တို့မှာ ပုရွက်ဆိတ်မွေးထားတာလည်း မရှိဘူး ” ဟု ညည်းလိုက်သဖြင့် မြမေ က စကားဖာလို၍ “ ကိစ္စမရှိဘူး ကြီးကြီးလှဖြူ ၊ ကျွန်မတို့ အထူးပဲ ဂရုစိုက်ပါ့မယ် ။ ကြီးကြီး လက်ဖက်ရည် သောက်ပါဦးလား ” ဟု ကြားဝင်၍ ပြောလေ၏ ။

“ ငါ မသောက်နိုင်ဘူးကွယ် ၊ ရထားမီအောင် သွားရမယ် ။ တနင်္လာနေ့ ၇ နာရီနဲ့ ရှစ်နာရီ စပ်ကြားမှာ ရွှေလှကို ငါလာခေါ်မယ် ။ လှဖေ ငါပြန်လာတဲ့ အခါကျတော့ကာ မင်း အလုပ်ရနေတာကို ငါတွေ့ရလိမ့်မယ်လို့ ထင်တယ် ။ မင်းတို့ အရွယ်ဟာ အားလပ်နေရင် မကောင်းဘူး ” ဟု ပြောပြီး တံခါးမှ ထွက်၍ သွားလေ၏ ။

မြမေသည် မိမိ၏ ကြီးကြီးကို မော်တော်ကားပေါ်သို့ ပို့ပြီး ပြန်၍လာသောအခါ လှဖေ တစ်ယောက်တည်း တစ်စုံတရာစိတ်ဆိုးလျက် တဖျစ်ဖျစ် ပြောဆို နေသည်ကို တွေ့ရလေ၏ ။

“ တိတ်တိတ်နေပါ ကိုလှဖေရယ် ၊ ရွှေလှ ကြားသွားလိမ့်မယ် ”

လှဖေက “ ရွှေလှ ကြားပြီး လန့်သေသေ ” ဟု ပြန်၍ ပြောလေ၏ ။

“ ရှင် ပြောတာတော့ ဟုတ်ပါရဲ့ ။ သေသေပြောတာ လွယ်တယ် ၊ သေရင် ဘယ်လိုဖြစ်မယ် ဆိုတာ သိရဲ့လား ၊ ကြီးကြီးလှဖြူဟာ ကျွန်မတို့ကို တစ်ပြားတစ်ခြမ်းမှ ပေးတော့မှာ မဟုတ်ဘူး ။ ရွှေငါး တစ်ကောင်အတွက် ဘာ ဒုက္ခပူစရာ ရှိသလဲ ။ အရင်လက သူ ယူလာတဲ့ မျောက်တစ်ကောင်လို မဆော့ပါဘူး ။ အဲဒီ မျောက်ဟာ ကျုပ် ဇာဘော်လီ အကောင်းဆုံးကို ဆုတ်ပစ်တယ် ။ ဒါနဲ့ ကိုလှဖေ ရှင် မြို့ထဲကို သွားရင် ပုရွက်ဆိတ်ဥကလေးများ ဝယ်မလာနိုင်ဘူးလား ။ ဘားနပ်ဘရားသားတိုက်မှာ ရောင်းတယ် ထင်တယ် ”

လှဖေက တစ်စုံတရာ ပြန်၍ မပြောပေ ။

ဤအရာအားလုံးသည် သောကြာနေ့မှာ ဖြစ်ပွားလေ၏ ။ စနေနေ့နှင့် တနင်္လာနေ့မှာ ရွှေလှသည် ပြတင်းပေါက်အနီး စားပွဲတစ်ခု ပေါ်၌ နေရလေ၏ ။ ထိုကဲ့သို့ နေရသဖြင့် နေရောင်ခြည်နှင့် လေကောင်းလေသန့်ကို ရလေ၏ ။ ရွှေလှသည် အသိအလိမ္မာရှိသော ငါး ဖြစ်သော်လည်း အတော်ပျင်းသော ငါးဖြစ်သည်ကို တွေ့ရလေ၏ ။ မိမိ အပါးသို့ ရောက်လာသော စားကောင်းသည့် အရာများကိုသာ စားလျက် နံဘေးပတ်ပတ်လည်ကို ဂရုမစိုက်ဘဲ ၊ တစ်ချက်တစ်ချက် အမြီးကို အနည်းငယ် လှုပ်ခါ ရေပေါ်၌ ပေါလောသာ နေလေ၏ ။ သို့သော်လည်း ဒန်းဆိုး၍ ထားသော ငါးမှာ သည်လောက်သာ တတ်နိုင်မှာပဲဟု မြမေ သိလေ၏ ။ ထိုကဲ့သို့ ပျင်းသော ဧည့်သည်ကို ဖျော်ဖြေရခြင်း အလုပ်သည် မြမေ၏ တာဝန် ဖြစ်လေ၏ ။ အကြောင်းမူကား လှဖေက ပါးဟက် အနေအထား အရုပ်ဆိုးသည် ။ ၎င်းပြင် မိမိ ချိုးရေကို မိမိ ပြန်၍ သောက်သည် ။ အလကားအကောင်ဟု ပြောကာ ရွှေလှကို မုန်းထားလေ၏ ။

သို့အတွက် လှဖေသည် တနင်္လာနေ့ညနေ၌ မြို့ထဲမှာ ပုရွက်ဆိတ်ဥ ရှာရာ မတွေ့သဖြင့် ပြန်အလာတွင် မြမေက ဖက်ကာငိုလေ၏ ။ ထိုသို့ ဖက်ကာ ငိုပြီး “ ကျုပ် တို့ အင်မတန်ကံဆိုးတာပဲ ၊ ဒုက္ခကြီး တွေ့ပြီ ” ဟု ပြော လေ၏ ။

လှဖေမှာ မျက်လုံးပြူးသွားကာ ၊ “ မြမေ ၊ ဘာဖြစ် သလဲ ” ဟု မေးလိုက်လေ၏ ။

“ ရွှေလှသေပြီ ”

“ ဟင် သေပြီလား ၊ ဘာဖြစ်လို့ သူသေသလဲ ”

“ ဘာဖြစ်လို့ သေသလဲ မသိဘူး ၊ တစ်နေ့လုံး နေကောင်းဟန်မတူဘူး ၊ မလှုပ်တလှုပ်နဲ့ ရေပေါ်မှာ ပေါလော ပေါ်နေတာပဲ ။ ပါးစပ်ကိုလည်း မကြာမကြာ ဟတယ် ။ အခုညနေ လက်ဖက်ရည်တိုက်ဖို့ သွားတော့ကာ ဗိုက်ကလေးပူပြီး ပက်လက်လန်နေတာ တွေ့ရတယ် ။ ပေါင်မုန့်အစအနတွေဟာ သူနဲ့ မတည့်ဘူးထင်တယ် ၊ လာကြည့်ပါလား ”

ရွှေလှ၏ အလောင်းကို လှဖေသည် သွား၍ ကြည့်လေ၏ ။ သွား၍ ကြည့်ပြီးသောအခါ “ ကမ္ဘာပေါ်မှာ ရွှေငါးတစ်ကောင် လျော့သွားတာပေါ့ ” ဟု ပြောလေ၏ ။

“ သနားစရာကောင်းတဲ့ အကောင်ကလေး ၊ ကျုပ် သူ့ကို ချစ်တောင်နေပြီ ။ ဒါထက် ကိုလှဖေ ၊ ကြီးကြီးလှဖြူ တော့ကာ စိတ်ဆိုးတော့မှာပဲ ”

လှဖေသည် ကြီးကြီးလှဖြူကို လုံးလုံးကြီး မေ့၍ နေလေ၏ ။

မြမေက ဆက်လက်၍ “ သူ ကျုပ်တို့ကို ခေါ်တော့မှာ မဟုတ်ဘူး ” ဟု ဆိုလေ၏ ။

“ ဒါ တို့အပြစ် မဟုတ်ဘူး ၊ သူ လာထားတာ ”

“ ကျုပ်တို့ အပြစ်တော့ မဟုတ်ပေဘူး ၊ ကျုပ် သိသလောက်ဖြင့်ရင် ကျုပ် အစာ ကျွေးအားကြီးလို့ပဲလား မသိဘူး ။ ကိုလှဖေ ခြောက်နာရီထိုးခါ နီးပြီ ၊ ကြီးကြီးလှဖြူ ရောက်တော့မယ် ။ ရောက်ရင် သိပ်ပြီးဒေါသဖြစ်မှာပဲ ”

နှစ်ယောက်သား မသာမယာသော အခြေအနေကို တွေးတောကာ စိတ်ညစ်၍ နေကြလေ၏ ။ ထို့နောက် မြမေက “ ကိုလှဖေ ” ဟု ခေါ်လိုက်လေ၏ ။

“ ဘာလဲကွာ ”

“ ကျုပ်အကြံရပြီ ၊ တခြားက ရွှေငါးတစ်ကောင် ရှာရအောင် ”

လှဖေ၏ မျက်နှာမှာ ပွင့်လင်းလာပြီး “ အကောင်းသားပဲ ” ဟု ပြောလေ၏ ။

“ ကျုပ် ရွှေလှကို ခြံထဲမှာ မြှုပ်နှံသင်္ဂြိုဟ်မယ် ။ ရှင်က မြို့ထဲပြေးပြီး အသစ်တစ်ကောင် ဝယ်တာပေါ့ ။ ကြီးကြီးလှဖြူ ဒီငါးကို ရတာ တနင်္ဂနွေ တစ်ပတ်သာ ရှိသေးတယ် ။ တခြားငါးနှင့် လဲထားရင် သူ မှတ်မိမှာ မဟုတ်ဘူး ။ အရွယ်ချင်း ခပ်တူတူသာ ရအောင်ရှာခဲ့ ။ ဒါ ကျုပ်တို့ အကျိုးအတွက် သက်သက် မဟုတ်ဘူး ။ ကြီးကြီးလှဖြူ အတွက်လည်း ဖြစ်တယ် ။ ကြီးကြီးလှဖြူ ရွှေလှ သေတာ ကြားရင် ရင်ကွဲလိမ့်မယ် မြန်မြန်သွားပါ ”

လှဖေ ထိုအကြောင်းကို စဉ်းစားနေစဉ် ဆိတ်ငြိမ်၍ နေကြလေ၏ ။ တိုး၍ စဉ်းစားလေ ဤအကြံကောင်းလေလေ ဖြစ်ကြောင်းကို သိရလေ၏ ။ ကြီးကြီးလှဖြူအား ၎င်း၏ အချစ်တော် ရွှေလှ သေကြောင်းကို ဝန်ခံရမည့် အကြောင်း တွေးလိုက်သောအခါ ကြောက်ဒူးတုန်လေ၏ ။ အကြောင်းမူကား ကြီးကြီးလှဖြူသည် အဘယ်ကဲ့သို့ ပြောမည် ၊ အဘယ်ကဲ့သို့ လုပ်မည်ကို သိလေ၏ ။

မြမေ ပြောသကဲ့သို့ ရင်ကွဲ၍ သေမည်ဆိုသော စကားကိုကား မယုံကြည်ပေ ။ သို့သော် အကြီးအကျယ် အမျက်ထွက်မည်ကိုကား သိလေ၏ ။ ထို့အပြင် မိမိမှာ အလုပ်မရှိသူ ဖြစ်ရာ အငြိုးထား၍ နေသဖြင့် အထင်အမြင် သေး၍ နေခိုက်ဖြစ်လေရာ ၊ သူ့ငါးကို သ,တ်မှုနှင့် စွပ်စွဲလိမ့်မည်ဟု အမှန်သိလေ၏ ။

မြမေ၏ အကြံမှာ ခက်ခဲခြင်း တစ်ခု ရှိသည်ကို တွေ့ရှိရသဖြင့် လှဖေက “ ဘယ်မှာ ရွှေငါးကို ဝယ်ရမလဲ ငါတော့ ရွှေငါး ရောင်းတာကို မမြင်ဘူး ”

“ အို ဘယ်မှာမဆို ရတာပေါ့ ၊ ဘားလမ်း တိရစ္ဆာန် ရောင်းတဲ့ ဆိုင်တွေမှာ ရှိမှာပေါ့ ။ မြန်မြန်သွားပါ ကိုလှဖေ အချိန်မရှိဘူး ”

လှဖေသည် ဖန်အိုးကို ကိုင်လျက် ၊ အပေါ်အင်္ကျီ မပါ ရှပ်စွပ်ကျယ်ကို ဝတ်ကာ ပြေးသွားလေ၏ ။ ဘားလမ်း တိရစ္ဆာန်ငှက်တွေ ရောင်းသော ဆိုင်များကို ဝင်၍ ကြည့်လေ၏ ။ ရွှေငါးရှိသလားဟု မေးသောအခါ ရွှေငါးကို မေးသူ တစ်ဦးတစ်ယောက်မျှ မရှိသောကြောင့် ရောင်းဖို့ အသင့်မထားကြောင်း ၊ အဘယ်တိရစ္ဆာန်ဆိုင်မှာ မှ မေး၍ မရသောအခါ ကု,လားပုလိပ်တစ်ယောက်ကို တွေ့သဖြင့် ပုလိပ်များတော့ အကုန် သိတတ်တာပဲ ။ ပုလိပ် မသိတာမရှိဘူး ။ ပုလိပ်ကို ရွှေငါး မေးရမှာ အတော် ထူးဆန်းတာပဲ ၊ ထူးဆန်းပေမဲ့ကာ ၊ အချိန်ကလည်းနည်း အင်မတန်ကြီးလေးတဲ့ အရေးလည်း ဖြစ်နေတော့ကာ ၊ ပုလိပ်ကိုပဲ မေးရမှာပဲ ဟု စိတ်ကူးမိလေ၏ ။

ပုလိပ်မှာ ကု,လားပုလိပ် မဟုတ် ၊ ဗမာပုလိပ် ဖြစ်၍ နေလေ၏ ။ ထိုပုလိပ်အား “ ရွှေငါး ဘယ်မှာ ရနိုင်သလဲ ” ဟု မေးလေ၏ ။

ပုလိပ်က ခါးထောက်ကာ မတ်မတ်ရပ်လျက် “ ရွှေလား ငါးလား ၊ စောသေးတယ် ထင်တယ် ၊ အိမ်ကို ပြန်လိုက်ဦး ” ဟု ဆိုလေ၏ ။

မိမိကို လှောင်သည် ထင်သဖြင့် လှဖေကလည်း မတ်မတ်ရပ်ကာ “ ကျုပ် ရွှေငါးကို ဝယ်ချင်လို့ မေးတာ ကျုပ် အရီး တစ်ယောက်က ရွှေငါးကို ချစ်တယ် ။ ဒါကြောင့် ဒီအရီးကို လက်ဆောင်ပေးချင်လို့ ရွှေငါးကို ဝယ်ဖို့ မေးတာ ။ ခင်ဗျားတို့ ပုလိပ်ဆိုတာ ဘာမဆို သိတယ် ထင်လို့ ကျုပ်မေးတာပဲ ” ဟု ခပ်ထန်ထန်ပြော လိုက်လေ၏ ။

လှဖေသည် ပုလိပ်၏ အသိဉာဏ်နှင့် ပတ်သက်၍ အထင်ကြီးလွန်း မိလေ၏ ။ ပုလိပ်သည်ကား နားမလည် သဖြင့် နောက်တောက်တောက် ပြောလိုက်ရာ ယခုမှ သေသေချာချာစဉ်းစားပြီးလျှင် “ ဒီအရပ်မှာ ဘယ်သူမှ ရောင်းတာ မတွေ့ဘူး ။ ဖရေဇာလမ်းမှာ မေးရင် ရကောင်း ရလိမ့်မည် ၊ ဘာမဆို ဖရေဇာလမ်းမှာ ရှိတာပဲ ” ဟု ပြောလေ၏ ။

နောက်များမကြာမီအတွင်း ဖရေဇာလမ်းသို့ ရောက်သွားလေ၏ ။ ဖရေဇာလမ်း ဆိုင်များမှာ ရွှေငါးကို ကြည့်လေ၏ ။ ရွှေငါးမှ တစ်ပါး ဘယ်အရာမျိုးကို မဆို ရနိုင်သည်ဟု မှတ်ထင်လေ၏ ။ စားပွဲကုလားထိုင် ဖိနပ် ၊ နာရီကြီးငယ် ၊ ထီး ၊ ဦးထုပ် စသည်တို့ကို ရနိုင်သည် ကိုတွေ့ရ၏ ။ ရွှေငါးကား မရှိပေ ။ ထို့နောက် အခြားလမ်း များကို လိုက်၍ရှာလေ၏ ။ ထိုလမ်းများ၌လည်း ဆာဟာရသဲကန္တာရတွင် ရေခဲကို ရှာ၍ မရသလို ရွှေငါးကို ရဖို့ ရန် ခဲယဉ်းနေလေ၏ ။

ထိုနည်းဖြင့် အချိန်သည် ကုန်၍ သွားလေ၏ ။ ထို့နောက် စိတ်ပျက် မောပန်းလေးလံလျက် အိမ်ကိုပြန်လေ၏ ။ ရွှေငါးကို ရဖို့ရန် အခြားသူများ ရှာကြံနိုင်သည်ထက် ပို၍ ရှာကြံလေ၏ ။ နောက်ဆုံး၌ အကြံကို လျှော့လိုက်ရလေ၏ ။

ကုသိုလ်ကံသည် ဤမျှလောက် ဆိုးဝါးလျက် ရွှေငါး တစ်ကောင်ကိုမှ မပြလိုအောင် ဖြစ်၍ နေလေရာ “ ရှာလို့ ကျေးဇူးမရှိပါဘူး ” ဟု အောက်မေ့လျက် ကြီးကြီးဒေါ်လှဖြူအား အဘယ်ပုံ ချော့မော့ပြောဆိုရမည်ကိုသာ ကြံစည်လေတော့သတည်း ။

စိတ်လက်လေးလံစွာနှင့် အိမ်သို့ ပြန်၍လာရာ လူ အသွားအလာ ရှုပ်ယှက်ခတ်သော လမ်း ခွတစ်ခုသို့ ရောက်လေ၏ ။ ထိုနေရာ၌ ရပ်ကာ ဘယ်ညာ ဝဲယာတို့ကို ကြည့်လျက်နေလေ၏ ။ မော်တော်ကား ၊ ရထားများ ရှုပ် ယှက်ခတ်သဖြင့် မဖြတ်မကူးမီ စဉ်းစား၍ နေလေ၏ ထိုအတွင်း ကြီးကြီးလှဖြူအား စိတ်ပြေအောင် ပြောဖို့ အကြံများ ပပျောက်၍ သွားလေ၏ ။ အကြောင်းမူကား ၎င်း၏ ဝေ၍နေသော မျက်လုံးများသည် အိမ်မြင့်မြင့် ရှင်းရှင်းလင်းလင်း တစ်ခုကို မိမိ၏ ရှေ့လမ်းတစ်ဖက်တွင် မြင်ရလေ၏ ။ 

ထိုအိမ်၏ အောက်ထပ် ပြတင်းပေါက်၌ စားပွဲပေါ်၌ တင်ထားသော ဖန်အုပ်ကြီး တစ်ခုကို မြင်ရလေ၏ ။ ထိုဖန်အုပ်ကြီးရှိ ရေထဲ၌ ရွှေငါးသုံးကောင် ကူး၍ နေသည်ကို တွေ့ရလေ၏ ။

“ ဟာတွေ့ပြီ ” ဟု အော်ပြီး လှဖေသည် ကျောက်တိုင်ကဲ့သို့ မတ်စွာရပ်လျက် မျက်လုံးများ ထွက်လုခမန်း ဖြစ်ကာ ကြည့်၍ နေလေ၏ ။ ရွှေငါးများသည် ( ဒိုင်နိုဆော ) တိရစ္ဆာန်များကဲ့သို့ တိမ်မြုပ်ပျောက်ကွယ်၍နေဟန်ရှိသော ဤကမ္ဘာလောကကြီး၌ ရွှေငါးများကို တွေ့ရခြင်းသည် စိတ်မှာ အတော်ကြီး လှုပ်ရှားခြင်းကို ဖြစ်စေလေ၏ ။ သို့အတွက် ငြိမ်သက်စွာ ရပ်လျက် ပြတင်းပေါက်ကို ကြည့်၍ နေလေ၏ ။ သို့ကြည့်၍ နေခိုက်တွင် ကြီးကြီးဒေါ်လှဖြူ ဒေါသနှင့် ဆူပူနေသည်သို့ ထင်ယောင်မြင်ယောင်ဖြစ်လေ၏ ။ မြမေသည် မျှော်လင့်ယုံကြည်သော စိတ်နှင့် မိမိအား စောင့်စား၍ နေသည်ကို ထင်မြင်လေ၏ ။ ထို့နောက် ရှေ့သို့ တစ်လှမ်း တိုး၍ သွား၏ ။ ထို့နောက် စိတ်ပျက်၍ ရပ်လေ၏ ။

“ ဘာစိတ်ပျက်စရာ ရှိသလဲ ၊ သွား တောင်းရင် ဘာဖြစ်ဖို့ ရှိသလဲ ” ဟု စိတ်ကိုတင်းကာ တွေးလေ၏ ။ ထိုကဲ့သို့ တွေးရင်း ဖျတ်လတ်သော အမူအရာနှင့် လမ်းကို ကျော်၍ သွား၏ ။ တံခါးသို့ ရောက်အောင် လှေကားသုံးထစ်ကို နင်း၍ တက်ရ၏ ။ ၎င်းပြင် လျှပ်စစ်ခေါင်းလောင်းခလုတ်ကို နှိပ်လေ၏ ။ ထို့နောက် ခြေသံများကို ကြားရပြီး တံခါးပွင့်လာလေ၏ ။ ထို့နောက် လူတစ်ယောက် ထွက်၍လာလေ၏ ။

ထိုလူသည် ကြီးထွားခိုင်ခံ့သောလူ ဖြစ်လေ၏ ။ ရင်အုပ်ကျယ်၍ ပြူးကြောင်နက်မှောင်ထူထဲသော မျက်လုံးမျက်ခုံးရှိ၏ ။ နှုတ်ခမ်းမွေး ရိုးပြတ်ငုတ်တိုကလေးများ ရှိ၏ ။ အင်္ကျီမှာ ရှပ်စွပ်ကျယ်အင်္ကျီနှင့် ကာကီ ဘောင်းဘီတို ဝတ်၍ထား၏ ။ ခုံမရှိသော ကင်းဘတ်စ် ဖိနပ်ဖြူစီး၏ ။ လက်များမှာ လက်ဝှေ့ထိုးသော အိတ်ကို စွပ်၍ ထား၏ ။ ၎င်း၏ မျက်နှာမှာ ချွေးထွက်သလို စွတ်စို၍ နေ၏ ။ အသက်လည်း မြန်မြန်ရှူရှိုက်နေလေ၏ ။

ထိုလူကြီးသည် လှဖေအား မျက်မှောင်ကြုတ်၍ ရှုတ်ချသည့် အမူအရာနှင့် ကြည့်ကာ ၊ “ ဆိုစမ်း ၊ ဘာအလို ရှိသလဲ ” ဟု မေး၏ ။

လှဖေသည် အတော်ကလေး ရွံ့၍ သွား၏ ။ သို့အတွက် ချောင်းဟန့်ကာ ပြုံးချိုသောမျက်နှာနှင့် ထားလိုက်၏ ။ သို့သော်လည်း စကားပြောသောအခါ မူလ မိမိ ကြံရွယ်သည်ထက် တိုတောင်းစွာ “ ကျွန်တော် ခင်ဗျား ရွှေငါး တစ်ကောင်ကို ရောင်းမလား မေးမလို့ပါ ” ဟု ပြောလိုက်လေ၏ ။

လက်ဝှေ့သမားက အံ့အားသင့်လျက် မျက်ခုံးများကို ချီလိုက်လေ၏ ။ ၎င်းသည် လှဖေကို စူးစိုက်စွာ ကြည့်လေ၏ ။ ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့တည်း ။

“ ကျုပ် ရွှေငါး တစ်ကောင်ကိုလား ” ဟု မယုံမကြည်သော အမူအရာနှင့် မေးလေ၏ ။

“ ကျုပ် တောင်းတာဟာ အရူးတောင်းတာလိုပဲ ။ ကျုပ် သိပါတယ် ” ဟု ရှက်ကန်းကန်းနှင့် ပြောလေ၏ ။

“ သို့သော်လည်း ကျုပ် ရန်ကုန်မြို့ထဲမှာ ရွှေငါးကို လှည့် ရှာနေတယ် ။ ဘယ်မှာမှ မတွေ့ဘူး ၊ အခုနေ တစ်ကောင် လောက်ရရင် အင်မတန် ကောင်းတာပဲ ဒီအတွက် ရမလားလို့ … ” ဟု ပြောလေ၏ ။

လက်ဝှေ့သမားသည် စိတ်ဆိုးလျက် မျက်နှာနီ၍ နေလေ၏ ။ လက်ဝှေ့ထိုးသောအိတ်နှင့် မျက်နှာကို ပွတ်ရင်း လှဖေကို ဘယ်လိုလူများ ဖြစ်ပါလိမ့်ဟု စဉ်းစား ကြည့်နေလေ၏ ။

ထို့နောက် “ နေပါဦး ၊ ဒီရွှေငါးကို ဘာအတွက် အလိုရှိတာလဲ ၊ မွေးချင်လို့လား ၊ စားဖို့လား ၊ သို့မဟုတ် ရွှေငါးအစွဲ ရှိလို့လား ၊ မေးတာကို စိတ်မဆိုးပါနဲ့ ၊ ကျုပ် သိချင်လို့ပါ ။ ရှေးအခါက ဒီလို လာတောင်းလာသူ မရှိဖူးဘူး ” ဟု ပြောလေ၏ ။

လှဖေသည် စကား မပြောနိုင်ဘဲ ဆိုင်းငံ့၍ နေလေ၏ ။ အကြောင်းမူကား လှဖေသည် မည်သူ့ကိုမျှ မိမိ၏ အတွင်းရေး ကိစ္စများကို ပြောပြလေ့ရှိသည် မဟုတ်ပေ ။ သို့သော် ရွှေငါးကို လိုချင်သော အရေးသည် ကြီးလေးလှသည်လည်းတစ်ကြောင်း ၊ လက်ဝှေ့သမား ပြောပုံ ဆိုပုံကို သဘောကျသလိုလို ရှိသည်လည်း တစ်ကြောင်း ၊ မိမိ ရွှေငါး လိုချင်ခြင်း၏ အကျိုးအကြောင်းကို ပြော၍ ပြမှ ဖြစ်မည်ဟု စဉ်းစားမိကာ ပြောပြလိုက်လေ၏ ။

လက်ဝှေ့သမားသည် သတိနှင့် နားထောင်လေ၏ ။ အကျိုးအကြောင်းကို ကြားသိရသောအခါ အောင် မြင်ကြီးမားသော အသံနှင့် လမ်းတစ်လျှောက်လုံး မြည်၍ သွားအောင် ရယ်မောလိုက်လေ၏ ။ ထိုရယ်မောသံကို လမ်းမောင်း၍ သွားသော မြင်းတစ်ကောင် ကြားရသော အခါ ထိုမြင်းသည် ထိတ်လန့်၍ ခုန်ပေါက်လေ၏ ။ သို့ ရယ်မော၍ ပြီးသောအခါ မျက်လုံးမျက်နှာကို လက်အိတ်နှင့် ပွတ်ပြီး “ မင်း တော်တော် ရဲတဲ့ အကောင်ပဲ ၊ မင့် စိတ်ကို သဘောကျတယ် ။ မင်း ရွှေငါးကို ရစေမယ် ၊ သို့သော်လည်း မင်း လက်ဝှေ့ ထိုးနိုင်ရဲ့လား ” ဟု လှဖေ မမျှော်လင့်သော စကားကို ပြောလေ၏ ။

“ ဪ …. ဒီလိုလား နည်းနည်းတော့ ထိုးနိုင်ပါတယ် ”

“ အေး ငါလည်း မင်းရုပ်ရည် မြင်ကတည်းက လက်ဝှေ့ထိုးမယ့်လူပဲ ဆိုတာ သိတယ် ။ မင်း ရွှေငါးကို လိုချင်ရင် ငါနဲ့လက်ဝှေ့ထိုးရဦးမယ် ”

လှဖေသည် ပါးစပ်ဟကာ ငေး၍ ကြည့်နေလေ၏ ။

“ ကျုပ်က ဘီ-အို-စီ မှာ အလုပ်လုပ်တယ် ။ အလုပ်တော်တော်များများတယ် ။ ညဘက်ကို အိမ်ပြန်တဲ့ အခါ နည်းနည်းလေ့ကျင့်တယ် ။ ကျုပ်အိမ်က အစေခံနဲ့ တစ်ပွဲနှစ်ပွဲကစားလေ့ရှိသည် ။ ဒါပေမဲ့ သူ့လက်စွမ်းကို ကျုပ် အကုန်သိပြီ ၊ ထိုးရတာ မကောင်းတော့ဘူး ။ ဒီကနေ့ ည တစ်မိနစ် အတွင်းမှာ သူ ( နောက်ကောက် ) ဖြစ်သွား တယ် ။ သည့်အတွက် ကျုပ်လည်း ပျင်းတယ် ၊ မလေ့ကျင့်ရတော့ဘူး ။ ဒီဒုက္ခအတွက် မင့်ကို နတ်များ နှိုးဆော်ပြီး လွှတ်လိုက်တာပဲ ။ ဒါကြောင့် ရွှေငါးကို လိုချင်ရင် လုပ်ယူရလိမ့်မယ် ။ ဒီအလုပ်ဟာ လက်ဝှေ့ထိုးတဲ့ အလုပ်ပဲ ”

ခဏမျှ ဆိတ်ငြိမ်၍ နေကြ၏ ။

ထို့နောက် လှဖေက “ ကောင်းပါပြီ ” ဟု မရဲတရဲ ပြောလိုက်လေ၏ ။

“ မင်း ရွှေငါးကို တကယ် လိုချင်နေတာပဲ ၊ ငါအခုမှ သိတယ်ဝင်လေ ” ဟု လက်ဝှေ့သမားက ပြောလေ၏ ။

အိပ်မက်ထဲမှာကဲ့သို့ အခန်းတွင်းကို လှမ်းနင်း၍ ဝင်ခဲ့ပြီးနောက် အတော်ကြီးသော အခန်းထဲသို့ လက်ဝှေ့သမား၏ နောက်သို့ လျှောက်၍ လိုက်သွားလေ၏ ။ အခန်းကြီးမှာ ပြတင်းပေါက်တွေ ပွင့်လျက် အတော် ကျယ်သော နောက်ဖေးခန်းကြီး ဖြစ်လေ၏ ။

ကုလားထိုင်များ စားပွဲများကို နံရံသို့ကပ်၍ ထားသဖြင့် အခန်းကြီး အလယ်၌ ကျယ်သော နေရာကွက်လပ် တစ်ခု ဖြစ်၍နေလေ၏ ။ အခန်း၏ ထောင့်တစ်ခု၌ ကုလားထိုင် တစ်ခုပေါ်တွင် ကြီးခိုင်သန်မာသော ယောက်ျားကြီးတစ်ယောက် မောပန်း၍ ပက်လက်လန် လဲနေသည်ကို တွေ့ရလေရာ စိတ်ထဲမှာ အအေးမိသလို ဖြစ်သွားလေ၏ ။ ၎င်းလူသည် မျက်လုံးကြီးများ ချာလည်လည်နှင့် အသက်ရှူသံမှာ မချိမဆံ့ ရှူရသည်ကို သိရလေ၏ ။ ထိုမျှလောက်ကြီးခိုင်သော လူကြီးကို ထိုးလှဲထားတဲ့ လက်ဝှေ့သမားသည် သာမည လက်ဝှေ့သမား မဟုတ်ဘူးဟု လှဖေ တွေးလေ၏ ။

“ တော်တော် သက်သာပလားဟေ့ တိုးမင်း ၊ မင်း ခေါင်းကို ရေဘုံဘိုင်အောက်မှာ ခံလိုက် ၊ အခုပဲ ပျောက်သွားလိမ့်မယ် ။ ငါ မင့်ကို မလိုတော့ဘူး ။ ဟောဒီ မိတ်ဆွေတစ်ယောက်က ဝင်ပြီးကူတယ် ” ဟု လက်ဝှေ့သမား က ပြောလေ၏ ။

လဲ၍ နေသောသူသည် ရဲရင့်လျက် အခန်းထဲမှ ထွက်၍သွားသောအခါ လက်ဝှေ့သမားက “ သူလည်း အရင်က တော်တော် ထိုးတဲ့လူပဲ ၊ သို့သော် နည်းနည်း နှေးတယ် ” ဟုပြောပြီး လက်အိတ်နှစ်ခုကို လှဖေအား ပစ်၍ ပေးလေ၏ ။

“ ရော့ ဒီဖိနပ်ကို ဝတ် ၊ တော်လိမ့်မယ် ထင်တယ် ၊ ဝတ်လေ ... အသင့်ရှိပလား ”

နောက်မိနစ် အနည်းငယ်မျှသည် လှဖေ အတွက် ဝီခေါ်၍ နေသော အချိန်ဖြစ်လေ၏ ။ လှဖေသည် ကျောင်းမှာ နေစဉ်က အတော်ကောင်းသော လက်ဝှေ့သမား ဖြစ်လေ၏ ။ သို့သော် မြမေနှင့် ညားပြီးသည့် နောက် မြမေက “ ရှင့်ရှေ့နှာခေါင်းပေါ်ပေါ်ကလေးဟာ ချိုင့်များသွားရင် ကျုပ် ရင်ကျိုးရချည်ရဲ့ ” ဟု ပြောသော ကြောင့် ၊ လက်ဝှေ့ထိုးခြင်းအလုပ်ကို စွန့်ပစ်၍ ထားလေ၏ ။

ယခုအခါ၌ကား ထိုကဲ့သို့ စွန့်ပစ်ထားခြင်းသည် မှားလေစွတကား ဟု တွေးမိလေ၏ ။ အကြောင်းမူကား ထိုသူသည် ဘောင်းဘီတိုနှင့် ကျားသစ်လားဟု မှတ်ထင် ရလောက်အောင် ကြမ်းကြုတ်လေ၏ ။ ၎င်းသည် လှဖေ ၏ ဦးလေးအရွယ်လောက်ရှိလေ၏ ။ သို့သော်လည်း အထိုးကောင်းသော လက်ဝှေ့သမား ဖြစ်လေ၏ ။ မြင်း ကန်သကဲ့သို့ ပြင်းထန်လေ၏ ။ ၎င်း၏ ကိုယ်မှာ ကျောက်ခဲနှင့် ရာဘာ စုပေါင်းထားသကဲ့သို့ မှတ်ထင်လေ၏ ။ သို့ဖြစ်၍ လှဖေမှာ အင်မတန် မြန်ဆန်ခြင်း ကြောင့်သာ စလျှင်စချင်း ဇီဝိန်ချုပ်ငြိမ်း ပျောက်ကွယ်ခြင်းသို့ မရောက်ဘဲ နေရလေတော့သတည်း ။

ပထမပွဲ၌ မသေမပျောက်ဘဲ ကျန်ရှိသည်မှာ အလွန်တရာ ခြေထောက် မြန်ခြင်းကြောင့် ဖြစ်လေ၏ ။ ဒုတိယပွဲ၌ လှဖေသည် ယောက်ျားပီပီ ကြိုးစားလေ၏ ။ တစ်ခါတစ်ခါ လှဖေ ထိုးလိုက်သော လက်ချက်သည် တော်ရုံတန်ရုံ နွားများ လဲလောက်သော လက်ချက် ဖြစ်လေ၏ ။ သို့သော်လည်း ၎င်းထိုးသော အချက်များသည် ကျောက်တိုင်ကို ထိမှန်သကဲ့သို့ ဖြစ်လေ၏ ။ ထိုကဲ့သို့ ထိုးသည့်အခါ ဝီခေါ်လျက် ပြန်၍ လာသော လက်သီးသည် သံတူကြီးများလားဟု မှတ်ထင်ရလေ၏ ။ နောက်ဆုံး၌ ကံအားလျော်စွာ လှဖေသည် နောက်သို့ ပက်လက် လန်၍ အယိုင်လိုက်တွင် ပင့်မြှောက်သော လက်သီးနှင့် ထိုသူ၏ မေးကို ထိုးမိလေရာ ၎င်းလူသည် နောက်လန်၍ လဲလေ၏ ။

လှဖေသည် သတိမထားဘဲ ထပ်မံ၍ ထိုးရန် ခုန်၍ အသွားတွင် သံတုံးကြီးကဲ့သို့သော လက်သည် အဘယ်က ထွက်လာသည်မသိ ၊ လှဖေကို ထွက်၍ ထိုးလိုက်လေ၏ ။ ထိုးလိုက်သော အသံသည် လမ်းမမှာ ကြားလောက်သော အသံ ဖြစ်လေ၏ ။ ထိုအခါ လှဖေသည် ပေါက်၍ လဲခါနီးသော ဂျင်ကဲ့သို့ ယိမ်းယိုင်၍လည်ပြီး နံရံကိုမှီလျက် ကျလေ၏ ။ မျက်စိထဲ၌ ကြယ်တာရာတွေ ၊ လျှပ်စစ်တွေ ၊ မီးပန်းတွေ ပွင့်သလို မြင်ရလေ၏ ။ ထို့ နောက် အခန်းသည် မှောင်ကျ၍ သွားလေ၏ ။

အနှစ်တစ်ရာလောက် ကြာသည်ဟု လှဖေ၏ စိတ်၌ ထင်ရလောက်သောအခါ လှဖေသည် ရယ်မောသော အသံတစ်ခုကို ကြားပြီး မျက်တောင်များကို ခတ်လေ၏ ။ မိမိကို ထိုးသောသူသည် မိမိ၏ မျက်နှာကို စိတ်ပူစွာ ဂရုစိုက်လျက် ကြည့်နေသည်ကို တွေ့ရလေ၏ ။

“ ကိစ္စမရှိဘူး ၊ မင်း တော်တော် လျင်တဲ့လူပဲ ၊ ကျုပ်မှာ အင်မတန် အကျိုးရှိသွားတယ် ။ ရွှေငါးကို ယူပေတော့ ၊ လာလေ ဘီယာသောက်ရအောင် ”

လှဖေက “ ကျေးဇူးပဲဗျာ ” ဟု ပြောပြီး နှစ်ယောက်အတူ သောက်ကြလေ၏ ။ ဘီယာသောက်သဖြင့် လှဖေ အတော်ကလေး နေကောင်းသွားသည်ကို တွေ့ရလေ၏ ။

“ နောက်တစ်လ ကြာရင် တွေ့ရအောင် ... ဒီ တစ်ခါကျရင် ကျုပ်ကို လှလှကြီး နိုင်မှာပဲ ၊ မင်းနာမည် ဘာခေါ်သလဲ ၊ ဘာလုပ်စားသလဲ ”

“ ကျုပ်နာမည် လှဖေပါ ၊ ယခုတော့ကာ ကျုပ် ကုမ္ပဏီ ပျက်သွားတယ် အလုပ် မရှိဘူး ”

“ ဒီလိုဖြစ်ရင် ကျုပ်တို့ ဘီအိုစီမှာ စတိုးကီပါ လိုနေတယ် ။ မန်နေဂျာနဲ့ ကျုပ်နဲ့ အင်မတန်ခင်တယ် ၊ ကျုပ် ပြောရင် ပြီးရော ၊ မနက်ဖြန်ခါကို ဆက်ဆက်လာခဲ့ ”

လှဖေက ဘီယာကို ဂျိုက်ခနဲ သောက်ပြီး ကျေးဇူးတင်ကြောင်းကို ပြောလေ၏ ။

“ ကိစ္စမရှိပါဘူး ၊ ကျုပ်က ကျေးဇူးတင်ရမှာပါ ။ ဒီကနေ့ည ကျုပ်မှာ ဘယ်လောက် အကျိုးရှိတယ် ဆိုတာ အမှန် မသိဘူး ။ ဒီမေးမှာ တစ်ချက် ထိသွားတာ အင်မတန် ကျေးဇူးတင်တယ် ၊ ကိုင်းရော့ ” ဟု ဆိုပြီး ရွှေငါးနှင့် ဖန်အိုးကို ပေးလေ၏ ။

မောပန်းလျက် စိတ်တက်ကြွ၍ နေသော လှဖေသည် ရွှေငါးနှင့် ဖန်အိုးပိုက်ကာ ထိုနေ့ညနေ မိမိ၏ အိမ်ကို ဝင်လေ၏ ။ သို့ဝင်၍ သွားသောအခါ မြမေနှင့် ကြီးကြီးလှဖြူ ထိုင်၍ စကားပြောနေသည်ကို တွေ့ရလေ ၏ ။

ကြီးကြီးလှဖြူက မိမိ ပေါင်ပေါ်မှ ကြောင်နက်တစ်ကောင်ကို ကိုင်မြှောက်ရင်း “ လှဖေ နင် အလုပ်ရပလား ၊ မြမေက ရွှေလှကို ကိုလှဖေ သူငယ်ချင်းများဆီ သွားပြီး ပြနေကြောင်း ငါ့ကို ပြောပြနေတယ် ”

“ ဟုတ်ကဲ့ ဘီအိုစီမှာ အလုပ်နေရာကျပြီ ... ”

ထိုအခါ ကြီးကြီးလှဖြူက “ ငါလည်း မော်လမြိုင်က ဟောဒီ ကြောင်နဲ့ ကျီးကို လက်ဆောင်ရလာတယ် ။ ငါ ကြောင်များကို အင်မတန် ချစ်တတ်တယ် ။ ကြောင် နဲ့ ငါးကို အိမ်တစ်အိမ်တည်းမှာ မွေးလို့ နေရာ မကျဘူးဆိုတာ ငါသိတယ် ။ ကြောင်က အမြဲ ရန်ရှာနေမှာပဲ ၊ ငါးကလည်း အမြဲ ကြောက်နေမှာပဲ ” ဟုပြောလျက် အလွန်ကြီးသော ဆုကို ပေးသော အနေဖြင့် “ ဒီအတွက် ငါ ရွှေငါးကို မြမေ အပိုင်ပဲ ယူပေတော့လို့ ငါ ပေးရအောင် လာတယ် ” ဟု ပြောလေ၏ ။

မြမေသည် ထိုစကားကို ကြားရသောအခါ စကား မပြောနိုင်အောင် ရှိလေ၏ ။ အတန်ကြာမှ အလွန်ဝမ်းသာသော အမူအရာနှင့် ထကာ ကျေးဇူး အထူးတင်ကြောင်းကို ပြောလေ၏ ။

ကြီးကြီးလှဖြူ ပြန်၍ သွားသောအခါ လှဖေသည် မိမိ အပင်ပန်းခံပြီး ရွှေငါးကို အသက်တဖျား ရှာရသည်မှာ အကျိုးမဲ့ ဖြစ်တော့တာပဲဟု ပြောပြီး အားရပါးရ ရယ်ကြလေ၏ ။

▢  ပီမိုးနင်း
📖 မြန်မာ့အလင်း မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၁၉၃၈ 

No comments:

Post a Comment