Thursday, June 18, 2026

ရှက်တတ်သူ

❝ ရှက်တတ်သူ ❞
     ( ပီမိုးနင်း )

ဘသီသည် ကန်တိုမင်ရပ်ကွက် ပန်းခြံနှင့် အိမ်၏ လှေကားကို မရဲတရဲ တက်၍ သွားလေ၏ ။ ကြောက်ရွံ့သော အသွင်သည် ဆေးမင်နှင့် ရေးခြယ်သလို ၎င်း၏ မျက်နှာ၌ ပေါ်၍နေလေ၏ ။ ၎င်း အလိုရှိသော အရာကား ကမ္ဘာပေါ်၌ အချောဆုံးဟု ဆိုလောက်သော မိန်းကလေးကိုမှ ၎င်းသည် လိုချင်သော ထိုမိန်းကလေးကလည်း အူယားဖားယား ၎င်းကို ချစ်၍ ကြိုက်ချင်သော်လည်း ကြိုက်ကြောင်းကို အတိအလင်း လွယ်လွယ်ကူကူ ပြောမည့် မိန်းကလေး မဟုတ်ပေ ။ ဘသီသည် ၎င်း၏ ရှေ့သို့ ရောက်သည့် အခါတိုင်း ဒူးတုန်၍ နေလေ၏ ။

၎င်းသည် စိတ်သဘော အလွန်ကောင်းသူ ဖြစ်သဖြင့် အထက်အထက်က ရည်းစားဟူ၍ ထိလိုက်လျှင် ယားသလား ၊ ချိုငန်စပ်ရှား အရသာများလား ဟူ၍မှ မသိခဲ့ပေ ။ မိမိ ကိုယ်တိုင်လည်း ဘယ်သောအခါမျှ ရည်းစား ဆိုသည့် ဥစ္စာမျိုးနှင့် မျှော်လင့်ခြင်း မရှိခဲ့ပေ ။ သို့သော်လည်း မမျှော်လင့်ဘဲလည်း ဖြစ်တတ်၏ ။ မျှော်လင့်သော်လည်း ဖြစ်ချင်မှ ဖြစ်၏ ဟူသော စကားကဲ့သို့ မမျှော်လင့်သော ရည်းစားကို တွေ့၍ နေရလေ၏ ။ အသက် နှစ်ဆယ့်ကိုးနှစ် အရွယ်၌ မကြည်လွင် ခေါ်သော မိန်းမချောကလေးနှင့် သဘောဓာတ် တွေ့၍ နေလေ၏ ။

ဘသီသည် လွန်စွာ ရှက်တတ်၏ ။ နှိုက်ချင်ရက် လက်နှေး ဆို သကဲ့သို့ ဘသီသည် ရှက်အားကြီးသဖြင့် မကြည်လွင် နှင့် တွေ့သည့်အခါ ဘယ်ပုံ စ၍ ပြောရမည်ကို အိမ်ရှေ့ခန်း၌ ဘယ်ခြေညာခြေ ပြောင်းကာ ရပ်လျက် မကြည်လွင် ကို စောင့်ရင်း တွေး၍ နေလေ၏ ။

ဆယ်မိနစ်လောက် ကြာသောအခါ မကြည်လွင် ပေါ်၍ လာပြီးလျှင် ဖိုးရွှေလမင်း ကဲ့သို့ ပြုံးရွှင်စွာ ဘသီကို ကြည့်ပြီး

“ ကိုဘသီ မပေါ်လာတာ ကြာလှပါပကော ” “ ထိုင်ပါ ကိုဘသီ ” ဟု ပြောလေ၏ ။ မကြည်လွင်သည် အဘယ်အတွက် ဘသီ လာရောက်သည်ကို သိပြီး ဖြစ်လေ၏ ။

မကြည်လွင်သည် အရပ် မနိမ့်မမြင့် ကြည့်၍ ကောင်းရုံမျှရှိ၏ ။ မျက်လုံးများမှာ ကျယ်ဝန်းတောက်ပ လှပသော မျက်အိမ် ရှိလေ၏ ။ ၎င်း၏ အမူအရာမှာ မြဲမြံ တည်ကြည်လျက် ကြင်နာပုံရလေ၏ ။

လမ်း၌ ရပ်ဆိုင်း ရပ်ဆိုင်း လာသည်ကို ချစ်ခင် ကြင်နာသနားလျက် ရယ်ချင်သော အမူအရာနှင့် အိမ်ပြတင်းပေါက်မှ ရှုမြင်ရသဖြင့် ကြောက်တတ်သော သူ၏ စိတ်အသွင်ကို ထင်လင်းစွာ သိမြင်ပြီး ဖြစ်လေ၏ ။ ရောက်တော့မည် ၊ ရောက်တော့မည် ဟူ၍လည်း စိတ်စော၍ နေခဲ့လေ၏ ။

ဘသီသည် မရဲတရဲ ကုလားထိုင်မှာ ထိုင်၏ ။ မကြည်လွင်သည် မျက်နှာချင်းဆိုင် ထိုင်ကာ ဘသီကို ယပ်တောင်နှင့် ယပ်ခပ်၍ ပေးလေ၏ ။

အစေခံမကလေးကို ခေါ်ပြီး ရေခဲအိမ်ထဲမှ ဝင်တို တစ်ပုလင်းကို အယူခိုင်း၏ ။ ဝင်တိုနှင့် ဖန်ခွက် ရောက်၍ လာသောအခါ မကြည်လွင် ကိုယ်တိုင် ဖောက်၍ တိုက်လေ၏ ။

ဘသီသည် ဝင်တိုကို တဖြည်းဖြည်း သောက်ရင်း အဟင်း အဟင်း ဟု သုံးကြိမ်တိတိ ချောင်းဟန့်၏ ။ “ ဒီနေ့ သာယာလိုက်တာ ” ဟု မကြည်လွင် က ပြောလေ၏ ။

“ ဟုတ်ကဲ့ ” ဟု ဘသီက ပြန်၍ ဖြေ၏ ။

“ ဒီကနေ့ တစ်နေ့လုံး မိုးရွာမယ့် လက္ခဏာ မရှိဘူး ”

ဟု မကြည်လွင်က ပြော၏ ။

ဘသီက “ ဟုတ်ကဲ့ ” ဟု ပြန်၍ ဖြေ၏ ။

ထို့နောက် အတန်ကြာ စကားမပြောဘဲ နေကြလေ၏ ။

“ ကိုဘသီ ရှင်ကျွန်မကို တစ်ခုခု ပြောချင်တယ် ထင်ပါရဲ့ ။ ဘာကိစ္စနဲ့ လာသလဲ ” ဟု မကြည်လွင်က မေး၏ ။

“ ဟုတ်ကဲ့ ” ဟု ဘသီက ပြန်၍ဖြေ၏ ။ မကြည်လွင်က ပြုံးရယ်လေ၏ ။ “ အဟီး ” ဟု ဘသီက နှုတ်မှ မြည်လေ၏ ။

“ ပြောစရာ ရှိရင် ပြောပါ ၊ ကျွန်မ ဟောဒီမှာ ရှိပါ တယ် ” ဟု မကြည်လွင်က ပြုံးလျက်ပြောလေ၏ ။ ဘသီက “ ဟုတ်ကဲ့ ” ဟု ပြန်၍ ဖြေ၏ ။

“ အရေးကြီးတဲ့ ကိစ္စလား ” ဟု မကြည်လွင်က အားပေးသော အနေနှင့် စကားခင်း၍ ပေးပြီး ကော်ဇောကို ကွပ်၍ ထားသော ကတ္တီပါဖိနပ်ကလေးနှင့် တီးခတ်ကာ ပြောလေ၏ ။ မကြည်လွင်သည် စိတ်ရှည်သော မိန်းမကလေး ဖြစ်၏ ။ သို့သော်လည်း မည်သူမျှ အတောမသတ် စိတ်ရှည်၍ မနေနိုင်ပေ ။

ထိုအချိန်၌ ဘသီသည် တစ်စုံတစ်ရာ ပြောဖို့ ကြံလေသလားမသိရပေ ။ အကြောင်းမူကား ထိုအချိန်၌ မကြည်လွင်၏ ပီကင်းခွေးကလေးတစ်ကောင်သည် ထွက်၍ လာ၏ ။

၎င်း ပီကင်းခွေးကလေးသည် ဧည့်သည်ကို အကဲခတ်ရန် တိုး၍လာ၏ ။ ထိုအခိုက် ဘသီသည် ခြေထောက် ကို စတုတ္ထအကြိမ် ဘယ်ညာ ပြောင်းလိုက်ရာ ကိုးနံပါတ် ဖိနပ်ခုံကြီးနှင့် ပီကင်းခွေးကလေး၏ အမြီးကို နင်းလိုက် မိသဖြင့် အဆူကြီး ဆူလျက် အညံကြီး ညံလေ၏ ။

ဘသီသည် ရုတ်တရက် ထ၍ ခုန်လိုက်ရာ သုံး လေးလက်မ မြင့်ပြီး စားပွဲမှာလည်း လဲလုမတတ် ရှိလေ၏ ။ ဝင်တိုပုလင်းနှင့် ဖန်ခွက်သည် နတ်ပူးသလို ကကြလေ၏ ။ ဘသီ၏ ထိတ်လန့်သော အသံသည်ကား ဧည့်ခန်းသံနှင့်ပင် မတူအောင် ကျယ်လောင်ကြီးမားလေ၏ ။

မကြည်လွင်သည် မိမိ၏ ခွေးကလေးကို ခုန်၍ ကယ်လေ၏ ။ ထို့နောက် အတန်ကလေး ကြာသောအခါ အတန်ကလေး ငြိမ်၍ သွားလေ၏ ။ သို့သော်လည်း ဘသီ အတွက်မှာကား ကိစ္စဆုံးခန်းသို့ ရောက်လေ၏ ။ မပြောသော နှုတ်သည် ဆက်လက်၍ အလုပ်ကို မလုပ်နိုင်တော့ပေ ။ ကြောက်ကြောက်ရွံ့ရွံ့နှင့် စွန့်၍ လာရခြင်းသည် အကျိုးမဲ့ ဖြစ်၍ သွားလေ၏ ။ ဘသီသည် မပီမသ နှုတ်ဆက်ပြီး ဆင်း၍ သွားသောအခါ မကြည်လွင်မှာ စိတ်ပျက်လျက် ဩော် ဒုက္ခ ဒုက္ခ တစ်နေ့နေ့တော့ အရေးကြီးတဲ့ စကားသုံးခွန်းကို ဒီအရူးကောင်ဟာ ပြောနိုင်ကောင်း ပြောနိုင်ပါလိမ့်မယ်လေ ။ ဒီအကောင်ဟာ ဒါလောက်တောင် ရှက်ရသလား ၊ အသက်မွေး ကျပ်လှပါကလား ဟူ၍ ညည်းညူလေ၏ ။

••••• ••••• ••••• 

ဘသီသည် လမ်းကွေ့သို့ ရောက်လျှင် ရောက်ချင်း သူငယ်ချင်းမကလေး တစ်ယောက်နှင့် တိုးမိ တိုက်မိလေ၏ ။ ၎င်းသူငယ်ချင်းမကလေးသည် ငယ်ငယ်က ဘသီ နှင့် စားဘက် ၊ ကျောင်းနေဘက် ဖြစ်ခဲ့လေ၏ ။ တစ်ယောက်ကို တစ်ယောက် ရှက်ရမှန်း ကြောက်ရမှန်း မသိ အခက်အခဲ တွေ့သမျှ အရာရာတိုင်းကို တိုင်ပင်လေ့ ရှိလေ၏ ။

ဘသီသည် အခြား တရံဆံ မိန်းမများနှင့် စကားပွင့်ပွင့်လင်းလင်း မပြောဝံ့သော်လည်း ထိုသူငယ်ချင်းမကလေးနှင့် တွေ့သည့်အခါ၌မူကား အပြောင်အပျက်မှ စ၍ ထင်သလို ရဲရဲတင်းတင်း ပြောဝံ့သူ ဖြစ်လေ၏ ။

“ ဘာလဲအရူး ၊ နင် လမ်းကို ကြည့်မလျှောက်ဘူးလား ”

“ အလို မယ်တင့်ပါကလား ၊ ငါ နင့်ကို တွေ့ချင်လိုက်တာဟယ် ”

“ ဘာဖြစ်လို့လဲ ဘသီ ”

မယ်တင့်သည် စိတ်သဘော ထုံနာရိုးအသော မောင်တစ်ယောက်အား သွက်လက်သော နှမတစ်ယောက် ပြောဆိုသွန်သင်ဆုံးမသလို ပြောဆို ပေါင်းသင်း ဆက်ဆံသလို ပြောဆိုလေ့ရှိလေ၏ ။ ဆွေမျိုးစပ်မည် ဆိုလျှင်လည်း သုံးဝမ်းကွဲလောက် တော်စပ်လေ၏ ။ ဘသီ၏ စိတ်၌ အခြား မိန်းကလေးများအား မယ်တင့် ကို ပြောသကဲ့သို့ ပြောနိုင်လျှင် အင်မတန် ကောင်းမှာပဲဟု အခါခါ တွေးမိလေ၏ ။

“ ငါ နင့်ကို စကားတစ်ခု ပြောချင်လိုက်တာ ” ဟု ဘသီက ပြောလေ၏ ။

“ ဘာပြောချင်သလဲ ကိုယ်တော် ပြောနိုင်ပါတယ် ။ ဘယ်လိုဒုက္ခများ တွေ့လာရသတုံး ” ဟု စိတ်သဘော ကောင်းစွာနှင့် မယ်တင့်က ပြောလိုက်လေ၏ ။

“ ဒီလိုကွဲ့ မယ်တင့်ရဲ့ ၊ ငါတော့ သိပ်ပြီး ဒုက္ခဖြစ်နေတာပဲ ”

“ ဒီလိုဖြင့် နေဦး ၊ အိမ်ရောက်မှ အေးအေးဆေးဆေး လက်ဖက်ရည်သောက်ရင်း ပြော ။ လာ အိမ်ကို လိုက်ခဲ့ ” ဟု ပြောပြီး လက်မောင်းကို ကိုင်၍ ခေါ်လေ၏ ။ မယ်တင့်သည် နောက်ဖေးလမ်းရှိ သေးငယ်သော အိမ်ကလေး တစ်ခုသို့ ဘသီကို ခေါ်၍သွား၏ ။ ထိုအိမ်ကလေး၌ မယ်တင့်၏ အဖွားအေ ဖြစ်သော ဒေါ်အေး သည် ၎င်းတို့ကို ဆီး၍ နှုတ်ဆက်လေ၏ ။ မကြာမီ သုံးယောက်သား လက်ဖက်ရည် သောက်ကြလေ၏ ။ ကလေးကြီး တစ်ယောက်လောက် ကြီးသော အရုပ်ကြီး တစ်ခုသည် ဆင်းကားစက်ခုံပေါ်၌ ထိုင်၍ နေလေ၏ ။

မယ်တင့်သည် ထိုအရုပ်ကို ကြည့်ကာ ညည်းလည်း လက်ဖက်ရည်သောက်ဟု ပြောကာ ထ၍ ယူပြီး စားပွဲမှာ တင်၍ ထားလေ၏ ။

ထို့နောက် ဘသီအား ၊ “ ကိုင်း ... ဆိုတော့ဘယ်လို အရေးများတုံး ”

ဘသီသည် အဘွားအိုနှင့်လည်း ရင်းနှီးစွာ သိ၏ ။ မယ်တင့်ကို ယုံကြည်သကဲ့သို့ အဘွားအိုကိုလည်း ယုံကြည်၏ ။

ထိုနေ့၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းများကို ခပ်ဆိုင်းဆိုင်းပြော၍ ပြ၏ ။

“ ငါတော့ကာ ကြည်လွင်ကို စကားသုံးခွန်း ပြည့်အောင် ပြောနိုင်တော့မှာမဟုတ်ပါဘူး ” ဟု များစွာ စိတ်ပျက်သော အမူအရာနှင့် ပြောလေ၏ ။

“ သူ့ရှေ့ကို ငါ ရောက်တဲ့ အခါတိုင်း ဒူးတုန်ပြီး ပြန်ခဲ့ရတာပဲ ။ ပြောစရာ စကား ရှာလို့ မရဘူး ။ ဘယ်လို အစချီ ပြောရမှန်းလည်း မသိဘူး ”

“ အေး အေး … ငါ သိပြီ ၊ ကြည်လွင်တော့ အဟုတ် တော်တာပဲ ။ ကိုယ်တော်ကသာ အသုံးမကျလို့ ဒီလိုဖြစ်တာ ။ သို့သော်လည်း ငါ့ကို လာတိုင်ပင်တာ ကောင်းဖို့ ဖြစ်တာပဲ ။ အဘွားနဲ့ တွေ့တာလည်း နေရာကျဖို့ပဲ ။ ဘယ်လိုလုပ်ရမယ် ဆိုတာ ငါတို့ ပြောမယ် ၊ ဒီအလုပ်ဟာ ရုပ်ရှင် အလုပ်လိုပဲ ပထမဦး ဇာတ်တိုက်ရတာမျိုး ဇာတ်မတိုက်ဘူးလား ”

“ ဘယ်လို ဇာတ်တိုက်ရမှာလဲ ၊ မတိုက်ဖူးပါဘူး ”

“ အဲဒါကြောင့် ခွကျတာပေါ့ ။ လွန်းမောင်ဟာလည်း ဒီလိုပဲ ဇာတ်တိုက်ရတာပဲဟု ” မယ်တင့်က ပြောလေ၏ ။

လွန်းမောင်သည် မယ်တင့်၏ ရည်းစား ဖြစ်လေ၏ ။ အလွန်ကြီးမားထွားကျိုင်းလျက် လူမိုက်အသွင် ရှိလေ၏ ။ သူ့ရည်းစားနှင့် တွေ့သောအခါ၌ကား ဖယောင်း ဖြစ်၍ နေ၏ ။ ရည်းစား၏ လက်ထဲ၌ ဖယောင်း မဖြစ်သော ယောက်ျား မရှိပေ ။

“ လွန်းမောင်ဟာ သူ ပြောမယ့် စကားကို ရှေးဦး ပထမ ဇာတ်တိုက်ပြီးမှ ပြောတယ် ။ သူဇာတ်တိုက်တာဟာ သိပ်ကောင်းတာပဲ ။ မဟုတ်ဘူးလား ၊ အဘွား ။ အဘွား မီးဖိုချောင်ထဲက နေပြီးတောင် ကြားတယ် မဟုတ်လား ” ဟု မယ်တင့်က ပြောလေ၏ ။

“ တစ်အိမ်လုံး ကြားတာပဲဟဲ့ ၊ အိမ်နီးပါးချင်းတွေတောင် ကြားမလား မသိဘူး ” ဟု အဘွားကြီးက ထောက်ခံလေ၏ ။

“ ဟုတ်ကဲ့ လွန်းမောင် အသံဟာ သိပ်ကျယ်တာပဲ ။ အခု ဘဏ်တိုက်မှာ အလုပ်ကောင်း ရနေလို့ပေါ့ ။ မရရင် ပထမတန်း ဇာတ်လိုက်မင်းသား ဖြစ်မှာပဲ ။ သို့သော်လည်း ဒါက မဆိုင်ပါဘူး ။ အခု ဘသီ ကိစ္စက အရေးကြီးနေတာ ။ ဟောဒီ အရုပ်နဲ့ ဇာတ်တိုက်ရလိမ့်မယ် ။ ငါက အရုပ်အစား စကား ပြောပေးမယ် ”

“ အို …  ” ဟု ဘသီက အော်လိုက်လေ၏ ။

မယ်တင့်က “ ဟုတ်တယ် ဒီအရုပ်နဲ့ ဇာတ်တိုက်ရမယ် ။ ဘယ်လို ပြောရမယ် ၊ ဘယ်လို ဆိုရမယ် ဆိုတာကို မသိလို့ အခုလိုဖြစ်တာ ။ အခုချက်ချင်း ခံ့ခံ့ညားညား စကား သုံးလေးခွန်းကို ပြောတတ်ဖို့ ကျင့်ရင် ချက်ချင်း ဖြစ်မှာပေါ့ ။ ဟိုကောင်မက စကားကို စောင့်နေတာ ။ မိန်းမက ချစ်စကား ကြိုက်စကားကို စပြီး ပြောတယ်လို့ ဘယ်မှာ ကြားဖူးလို့လဲ ”

“ အဟုတ်ပဲလား ” ဟု ဘသီက မေးလေ၏ ။

“ အဟုတ်ပေါ့ ” ဟု မယ်တင့်က ပြန်၍ ပြောလေ၏ ။

“ မင်း ဘယ့်နှယ် သိသလဲ ”

“ အို မိန်းကလေးဆိုတာ ဒါမျိုးကို သိတာပေါ့ ၊ မကြောက်ပါနဲ့ ငါ ပြောတာကို ယုံပါ ”

ဘသီက “ အေး နေရာကျချင် ကျမှာပဲ ၊ ဇာတ်တိုက် ရတယ်ဆိုတာ ဟုတ်လိမ့်မယ် ထင်တယ် ” ဟု ပြန်၍ ပြောလေ၏ ။

••••• ••••• ••••• 

မယ်တင့်သည် ထိုင်ရာမှ ထလျက် “ ကိုင်း အခုပဲ စမယ် ၊ အဘွား ကြည့်နေစမ်း ၊ လိုများလိုရင် ပြောနော် အဘွား ၊ ငါက ကြည်လွင် လုပ်ပြီး ပြောမယ် ၊ နမ်းတော့ ဟိုအရုပ်ကို နမ်းနော် ”

ဘသီက ခေါင်းညိတ်လေ၏ ။

“ ကောင်းပြီ ၊ ဝင်လာရင် ဟောဒီ အရုပ်က ဒီကုလားထိုင်ပေါ်မှာ ထိုင်နေလိမ့်မယ် ။ ငါက အရုပ်နောက်က နေပြီး ကြည်လွင် အပြောနဲ့ ပြောမယ် ။ ကိုင်း ဘသီ ၊ မင်း ထွက်ပြီးတော့ တံခါးခေါက်ပြီး ဝင်လာ ”

ဘသီ ထွက်၍သွား၏ ။ မယ်တင့်လည်း အရုပ်ကို ပြေး၍ ယူပြီး ကုလားထိုင်ပေါ်မှာ တင်၍ ထား၏ ။

တံခါးမှ ခေါက်သံ ကြားရ၏ ။

“ ဘယ်သူလဲ ဝင်လေ ” ဟု မယ်တင့်က ပြော၏ ။ ဘသီသည် ဝင်၍ လာလျှင်လာချင်း ကြောင်ကို နင်းမိသဖြင့် ဆူညံ၍ သွားလေ၏ ။

မယ်တင့်က “ အလိုအလို ၊ ဒီလို ဂေါ်ဒါမ်ဘလယ်ဒီ ဆိုတဲ့ စကားတွေကို မသုံးပါနဲ့ ။ သုံးရင် ကြည်လွင်နဲ့ ပြောတဲ့ နေရာမှာ ဒီစကားမျိုးတွေကို ပြောမိလိမ့်မယ် ။ ဒီစကားတွေကို ပြောမိရင်ဒုက္ခပဲ ။ အဘွား ကြောင်ကို ကိုင်ထားပါ ။ ကိုင်း အခုပြန်ပြီး ဝင်ဦး ” ဟု မယ်တင့်က ပြောလေ၏ ။

ဘသီသည် တစ်ဖန် ပြန်၍ဝင်၏ ။ ဝင်လာပြီးသည့်နောက် ကုလားထိုင်ပေါ်ရှိ အရုပ်ဆီသို့ ဖြည်းဖြည်း သွားလေ၏ ။

“ မကြည်လွင် နေလို့ ကောင်းရဲ့လား ” ဟု မေးလေ၏ ။

“ ကောင်းပါတယ် ၊ ကိုဘသီ ဘယ်က လှည့်လာသလဲ ”

“ အိမ်က လာတာပဲ ”

“ ဪ အိမ်ကပဲလား … ပြောလေ လူပေါ ” ဟု မယ်တင့်က ပြောလေ၏ ။

“ ဒီကနေ့ သာယာတဲ့ နေ့မို့ မလွင့် ထံကို စိတ်သာသာယာယာနဲ့ ရောက်လာတာပဲ'

“ သိပ်အ,တာပဲ ၊ စကားရှည် မနေနဲ့ သာယာတဲ့ နေ့တွေ ဘာတွေ ၊ ပြောမနေနဲ့ ။ မကြည်ကို ချစ်လို့ လာတယ်လို့ပြောလိုက် ”

ဘသီသည် သက်ပြင်းရှူလေ၏ ။

“ မကြည်ကို ချစ်လို့ လာတယ် ၊ သိပ်ချစ်တာပဲ ”

“ မကြည်က ဘယ်လို သဘောရသလဲ ” ဟု မယ် တင့်က ထောက်၍ မေးလိုက်လေ၏ ။

“ မကြည်က ဘယ်လို သဘောရသလဲ ၊ ကျုပ်တော့ သိပ်ချစ်တာပဲ ” ဟု ဘသီက လိုက်၍ ပြောလေ၏ ။

“ ချစ်လို့ လက်ခံတာပေါ့ ကိုဘသီ ၊ အဟုတ်တကယ် ကျွန်မကို ချစ်သလား ၊ ချစ်ရင် .. ” ဟုပြောကာ ကုလားထိုင်ပေါ်က အရုပ်ကို ပွေ့ယူပြီး ဘသီ၏ အပါး သို့ကပ်ကာ ဘသီ နှုတ်ခမ်းနှင့် အရုပ်၏ နှုတ်ခမ်းကို တေ့လျက် “ အားရပါးရ နမ်းလိုက် ” ဟု တိုးတိုး ပြောလေ၏ ။

“ သေသေချာချာ ပီပီသသ နမ်းဟဲ့ ပေါတာရဲ့ ”

ဘသီသည် ပီပီသသ အသံကျယ်စွာ နမ်းလေ၏ ။ မယ်တင့်ကလည်း အရုပ်၏ ပါးတစ်ဖက်ကို နမ်းလေ၏ ။

“ အဲဒါမှ နေရာကျတယ် ၊ နင် တော်တော် အတတ် မြန်တဲ့ အကောင်ပဲ ၊ ဘွားဘွား နေရာကျရဲ့လား ”

“ ဘသီ ဆရာကောင်းနဲ့ တွေ့တော့ အင်မတန် တော်ပါကလား ” ဟု အမယ်ကြီးက ပြောလေ၏ ။

“ ကိုင်း ဘယ့်နှယ်ရှိစ ၊ နေရာကျရောမဟုတ်လား ။ ကိုင်း တစ်ခါ ထပ်ပြီးလုပ်ဦး ။ ကြောင်ကိုလည်း သတိ ထား ”

နောက်တစ်ကြိမ် ထပ်၍ ဇာတ်တိုက်ပြန်၏ ။ စကားပြောသံကော ၊ နမ်းရှုပ်သံကော လွန်စွာကျယ်လေ၏ ။ ဘသီကလည်း အားရဝမ်းသာနှင့် “ ဟစ်ဟစ်ဟူးရေး ” ဟု အော်လိုက်လေ၏ ။

“ ဘွားဘွား ဟုတ်ကဲ့လား ”

“ ဘွားဘွား မပြောတတ်ပေါင်ဟယ် ၊ နင်တို့ ကာလမှာ ဒီလိုပဲလား ”

“ ကိုင်း နေရာကျပြီ ၊ ကိုင်း လာ သွားရအောင် ” ဟု မယ်တင့်က ဘသီကို ပြောလေ၏ ။

“ ဘယ်သွားမလဲ ” ဟု ဘသီက မေးလေ၏ ။

“ ဘယ်ကို သွားရမလဲ ကြည်လွင့် ဆီကိုပေါ့ ။ အခု လေ့ကျင့်ပြီးခါစ ချက်ချင်း သွားပြောမှ ဖြစ်မှာ ၊ ကြာရင် မေ့သွားလိမ့်မယ် ”

“ မယ်တင့်ရဲ့ နေပါဦး ၊ အခုချက်ချင်း ဘယ့်နှယ် ဖြစ်ပါ့မတုန်း ”

“ ဒီပေါတာဟာ ဆင်ခြေဆင်လက် များလိုက်တာ ၊ ဟိုကောင်မကို နင် အခု သွားပြောမှ ဖြစ်မှာ ၊ မဟုတ်ဘူးလား ဘွားဘွားရဲ့ ”

“ ဟုတ်တာပေါ့ ၊ ခု ခဏကလေး ပြောရင် ပြီးသွားမှာပဲ ။ မယ်တင့်နဲ့ မသွားချင်ရင် အဘွား လိုက်ခဲ့မယ် ”

“ ဟုတ်လားအဘွား ၊ တကယ် လိုက်မယ်လား … ”

မယ်တင့်သည် အဘွားကို ဖက်၍ မေးလေ၏ ။

ဘသီက “ ကဲ လာသွားမယ် ” ဟု ပြော၏ ။

“ ကောင်းတာပေါ့ ၊ သူတို့ ခြံလည်း အင်မတန် သာယာတယ် ၊ လာသွားမယ် ” ဟု ပြောလေ၏ ။

သို့သော်လည်း မယ်တင့်၏ အတွေးသည် မှားလေ၏ ။ အကြောင်းမူကား ခြံထဲ၌ သာသာယာယာ မရှိပေ ။ အကြောင်းမူကား အထက်ဖော်ပြခဲ့သော ဇာတ်တိုက်ခြင်းအလုပ် အဆုံးနားသို့ ရောက်သောအခါ ကြည်လွင်သည် လွန်းမောင်နှင့် အတူ မယ်တင့် ၊ ဘသီ ၊ အဘွားအိုတို့ သုံးယောက်သား စု၍ နေသော ပြတင်းပေါက် အနီးသို့ ရောက်လာပြီး မတ်တတ်ရပ်၍ နေကြလေ၏ ။

လွန်းမောင်သည် မိမိ၏ ချစ်သူထံသို့ လည်ပတ်ရန် လာရောက်ခြင်း ဖြစ်လေ၏ ။

ကြည်လွင် သည်ကား မယ်တင့် နှင့်လည်း မိတ်ဆွေ ၊ လွန်းမောင်နှင့်လည်း မိတ်ဆွေဟောင်းဖြစ်၏ ။ သို့ဖြစ်လေရာ နှစ်ယောက်အတူ အဆိုပါ ပြတင်းပေါက် အနီးမှာ စကားပြော၍ နေလေ၏ ။

လွန်းမောင်သည် မိမိ ရည်းစားထံသို့ လာခြင်း ဖြစ်လေ၏ ။ မကြည်လွင်ကား ၎င်းတို့ နှစ်ယောက်စလုံး၏ မိတ်ဆွေဖြစ်ရာ ၊ သန်မာထွားကြိုင်းသော လွန်းမောင်နှင့် စကားပြောရင်း နှစ်ယောက်စလုံးကို တွေ့ဖို့ရန် လာခြင်း ဖြစ်လေ၏ ။

ထိုအတွင်း အိမ်ပြတင်းပေါက်မှ အသံတစ်ခု ထွက်၍ လာသည်ကို ကြားရလေ၏ ။

ထိုအသံသည်ကား ကျုပ်တော့ သိပ်ချစ်တာပဲ ဟူသော ဘသီ၏ အသံနှင့် ထက်သန်သော နမ်းရှုပ်သံ ဖြစ်လေ၏ ။ ၎င်းနောက် ချစ်လို့ လက်ခံတာပေါ့ ဟူသော မယ်တင့်၏ အသံ ဖြစ်လေ၏ ။

လွန်းမောင်က “ ဟင် ကြားရဲ့လား မကြည် ” ဟု အံ့အားသင့်လျက် ပြောလိုက်လေ၏ ။

“ ဟုတ်ကဲ့ ကြားရတယ် ”

“ ဒါ မယ်တင့် အသံ မဟုတ်လား ” ဟု လွန်းမောင်က တုန်တုန်ရီရီ အသံနှင့် မေးလေ၏ ။

“ ဒါ ရှင့်မယ်တင့်ရဲ့ အသံပေါ့ ၊ ပြီးတော့ ကိုဘသီရဲ့ အသံလည်း ပါတယ် ။ ကျွန်မရဲ့ ကိုဘသီရှင့် ။ သူ ကျွန်မဆီ လာတဲ့ အခါကျတော့ မခုတ်တတ်တဲ့ ကြောင် အခု ဘယ်လို ဖြစ်တာတုန်း ”

“ ဟုတ်တယ် ၊ ဧကန်ဒိဋ္ဌ သူတို့ ... ငါ သွားကြည့်ဦးမယ် ၊ အိမ်ပေါ်မှာ ရှိသမျှကို အကုန်ရိုက်ခွဲမယ် ”

ကြည်လွင်က ၎င်းကို ဆွဲ၍ ထားပြီး “ မလုပ်ပါနဲ့ သူများ အိမ်ကို ဒီလို တက်လုပ်ရင် ရှင် ဒုက္ခတွေ့ မှာပေါ့ ။ လာ တခြားကို သွားမယ် ။ နောက်မှ အေးအေးဆေးဆေး မယ်တင့်ကို မေးတာပေါ့ ။ သူတို့ ဘာလုပ်သလဲ ဆိုတာ ကို .. ။ လာ လာ နောက် မေးဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ် ”

လွန်းမောင်သည် စိတ်ဆိုးလျက်ပင် လျှော့၍ ပေးလေ၏ ။ စင်စစ်အားဖြင့် လျှော့၍ ပေးဖို့ ကြံစည်ခြင်း မဟုတ် ။ ထိုခဏအတွင်း၌ ထိုလမ်း အနီးအနားမှာ လူသွားလူလာတွေနှင့် ပုလိပ်တွေ ရှုပ်ပွေ၍ လာခြင်းကြောင့် ဖြစ်လေ၏ ။

“ ဒီ ဘသီ ဆိုတဲ့ အကောင်ကို ငါ ချမ်းသာ မပေးဘူး ” ဟု စိတ်၌ အောက်မေ့လေ၏ ။

၎င်းတို့ နှစ်ယောက် ထွက်သွား၍ အဝေးသို့ မရောက်သေးမီ ဘသီနှင့် မယ်တင့်သည် ယှဉ်လျက် လျှောက်၍ လာသည်ကို မြင်ကြရလေ၏ ။

ကြည်လွင်၏ အိမ်အနီးသို့ ရောက်သောအခါ “ ကိုင်း ပေါတာ မြန်မြန်သွား ။ ချက်ချင်း ပိုင်ပိုင်နိုင်နိုင် လုပ် ၊ စကားရှည်မနေနဲ့ ဆိုင်ရာကို ပြော ၊ အောင်ပါလိမ့်မယ် ” ဟု မယ်တင့်က ပြောလေ၏ ။

ဘသီကို ကြည်လွင်၏ အိမ်ဘက်သို့ တွန်း၍ ပို့ပြီး လမ်းထောင့်သို့ ရောက်သောအခါ လှေကားပေါ်သို့ ကြောက်ရွံ့ ကြောက်ရွံ့နှင့် ဘသီ တက်သည်ကို လှည့်ကြည့် လှည့်ကြည့်နှင့် သွားလေ၏ ။

ကြည်လွင်၏ အိမ်တံခါးသည် ပွင့်၍ လာလေ၏ ။ အိမ်ရှေ့ဧည့်ခန်းသို့ ဘသီ ရောက်၍သွား၏ ။ ယခုပင် ရောက်နှင့်သော ကြည်လွင်သည် ဘသီ၏ ထံသို့ မျက်နှာထား တစ်မျိုးနှင့် လာလေ၏ ။

“ မလွင် ကျုပ် မနေနိုင်တော့ဘူး ၊ ချစ်လို့ လာရတော့တာပဲ ၊ မလွင်က ဘယ်လို သဘောရသလဲ ”

မကြည်သည် ပါးစပ်ဟလျက် ငေး၍ နေလေ၏ ။ ထို့နောက် ဒေါသမီးလျှံလျက် ပါးစပ်ကို လျင်မြန်စွာ ပိတ်ပြီး အံကြိတ်လိုက်လေ၏ ။

“ ရှင် ကျွန်မကို အရူးလုပ်တာလား ၊ မျက်နှာပြောင် တိုက်တာလား ။ ရှင်လို ယုတ်မာတဲ့ လူမျိုးကို စကား မပြောချင်ဘူး ။ အခု ဆင်းသွားပါ ” ဟု လှေကားကို လက်ညှိုးညွှန်ကာ ပြောလေ၏ ။

“ ဘယ်သူ့ကို ပြောတာလဲ ကျုပ်ကိုလား မကြည် ၊ ကျုပ်ကို နှင်တယ်လား ”

“ ဟုတ်တယ် ရှင့်ကို နှင်တာပေါ့ ၊ အခု ဆင်းသွား ”

“ ဒီလိုဖြင့် မကြည် ကျုပ်ကို မလိုချင်တော့ဘူးပေါ့ ”

“ ရှင့်မျက်နှာ တယ်ပြောင်ပါကလား ၊ ရှင့်ကိုလား ကျွန်မ လိုချင်ရမှာ ”

ထိုအတွင်း ခွေးကလေးသည် ပြေး၍ လာလေ၏ ။

“ ရှင် အခု သွားရင်သွား ၊ မသွားရင် မျက်နှာကို ခွေးနဲ့ ကိုင်ပေါက်မယ်  ”

“ အောင်မယ်လေး ... ဒါလောက်တောင်လား ၊ ကျုပ်ဖြင့် သိပဲ မသိပေါင်ဗျာ ၊ ဒီလိုဆိုရင် သွားရတာပေါ့ ”

နောက် ၅ စက္ကန့်လောက် ကြာသောအခါ ၊ အိမ် အပြင်သို့ ရောက်၍ သွားလေ၏ ။

သို့သွားရာ လမ်းထောင့်ကိုမှ မရောက်သေးမီ တစ်စုံတစ်ယောက်နှင့် တိုးမိပြန်လေ၏ ။

“ ဟေ့ ဘသီ ၊ ငါကွ … ငါ့မျက်နှာကို ကြည့် ၊ မင့်ကို တွေ့ချင်လို့ ရှာနေတယ် ”

“ အို … ဟုတ်လား ”

“ ဟုတ်တယ် ၊ မင့်ကို စိစိညက်ညက်ကျေအောင် လုပ်ပြီး ဟောဒီဖိနပ်နဲ့ မင့်သင်္ချိုင်းပေါ်မှာ က , မလို့ ”

“ ဘာကိစ္စလဲ ”

“ ကိစ္စရှိလို့ပေါ့ ၊ မင်းဟာ အင်မတန် ယုတ်တဲ့ အကောင် ။ မင်း ကြောင်သူတော် ဖြစ်ကြောင်းကို ငါ အခုမှ သိတယ် ”

“ နေပါဦး … ” ဟု ဘသီက ပြောလေ၏ ။

ထိုအတွင်း လွန်းမောင်က ထိုးတော့မည်ဟန် ပြင်လျက် လိုက်သောကြောင့် ရှေ့သို့ စကားဆက်လက် မပြောနိုင်ဘဲ ပြေးလေ၏ ။

စောစောက ဘသီ မင်းသေချင်သလား ဟု တစ်စုံ တစ်ယောက်က မေးချေက ၊ သေချင်သည်ဟု ပြောပေလိမ့်မည် ။ သို့သော်လည်း မိမိအသက်ကို စောင့်ရှောက်ခြင်းတည်း ဟူသော သဘာဝစိတ်ရင်းသည် ကျွန်ုပ်တို့ အားလုံးမှာ အမြဲ ရှိလေ၏ ။

လွန်းမောင်၏ ကြီးမားသော ကိုယ်ခန္ဓာ အဆောက်အဦကြီးနှင့် လက်သီးလက်ရုံးကို မြင်သောအခါ ချာခနဲ လှည့်ပြီး ဖနောင့်နှင့် တင်ပါး တစ်သားတည်း ဖြစ်အောင် ပြေးရှာလေ၏ ။

၎င်းသည် အစွမ်းကုန် ပြေး၏ ။ အုတ်တံတိုင်း တစ်ခုကို ခုန်၍ အခြား ခြံတစ်ခုထဲသို့ မဝင်ချေက အမှန် မိဖို့ ရှိလေ၏ ။

ထိုခြံအတွင်း၌ မြက်ခင်းတစ်ခု ရှိလေ၏ ။ ၎င်းမြက်ခင်းအနီး၌ အိမ်ကလေး တစ်အိမ် ရှိလေ၏ ။ ထိုအိမ်၏ တံခါးမှာ ဟ၍ နေလေ၏ ။ ထိုအိမ်ထဲသို့ ပြေး၍ ဝင်လေ၏ ။ အသင့်ရှိသော သော့ကို အတွင်းမှ ခတ်လေ၏ ။ ထို့နောက် မတ်တတ်ရပ်ကာ ပင့်သက်ရှူ၍ နေလေ၏ ။

“ အိုး ... ” ဟု အော်သော အသံ တစ်ခုကို ကြားရလေ၏ ။

အံ့အားသင့်ခြင်း ၊ ဒေါသထွက်ခြင်း ရောစပ်လျက် ကြည့်နေသူကား ကြည်လွင် ဖြစ်လေ၏ ။

ထိုခြံသည် ကြည်လွင်၏ အိမ်ခြံဖြစ်ကြောင်းကို ဘသီသည် ကြောက်အားလန့်အားနှင့် မမှတ်မိပေ ။

သို့သော်လည်း လက္ခဏာအားဖြင့် ကြည်လွင်သည် ထိုနေရာသို့ ကြိတ်၍ ငိုရန် လာရောက်ခြင်းဖြစ်လေ၏ ။ ၎င်း၏ လက်ထဲ၌ ပဝါဖြူကလေးကို ကြေမွအောင် ဆုတ်၍ ထား၏ ။

“ ကိုဘသီ ရှင် ကျွန်မ နောက်ကို ဘာဖြစ်လို့ လိုက်လာသလဲ ၊ ရှင် တယ်ရဲပါကလား ။ ကျွန်မ ရှင့်ကို မကြည့်ချင်ဘူး ဆိုတာကို မမှတ်မိဘူးလား ”

“ အပြင်ဘက်မှာ ကျုပ်ကို သ,တ်ပြီး သင်္ချိုင်းပေါ်မှာ ခုန်ပေါက်ပြီး က , ချင်နေတဲ့ လူတစ်ယောက် ရှိတယ် ”

“ ဒီလူဟာ အများကောင်းကျိုးကို ဆောင်ချင်တဲ့ လူပေါ့ ။ ဘယ်သူများ ဖြစ်ပါလိမ့်မတုန်း ”

“ လွန်းမောင် ဆိုတဲ့ လူပေါ့ ”

“ ဪ … ကိုလွန်းမောင်လား ကျွန်မ သတိရပြီ ဒီလူဟာ ရှင့်ကို သ,တ်မယ်ဆိုရင် သ,တ်ထိုက်တာပေါ့ ။ သို့သော်လည်း တခြားနေရာမှာ သ,တ်ရင် ကောင်းမယ်လို့ ထင်တာပဲ ။ ကျွန်မဖေဖေက သူ့ခြံထဲမှာ သ,တ်တာ ဖြတ်တာများကို သိပ်ပြီး သဘောမကျချင်ဘူး ”

“ မကြည်လွင် ကျုပ် ဘာများ လုပ်မိလို့တုန်း ၊ ကျုပ် တွေးကြံလို့ မရနိုင်ဘူး ” ဟု ဘသီက ဝေတေတေ ဖြစ်ကာ ပြောလေ၏ ။

“ ရှင် ဘာလုပ်တယ် ဆိုတာ မသိဘူးလား ” ဟု ကြည်လွင်က ပြောပြီး စကားရပ်လိုက်လေ၏ ။

အကြောင်းမူကား လွန်းမောင်သည် အုတ်တံတိုင်းကို ကျော်၍ ဝင်ပြီး အိမ်ကလေး၏ တံခါးကို ထုရိုက်၍ နေလေ၏ ။

မကြည်လွင်က “ ဪ ၊ ကိုလွန်းမောင် ... ကိုလွန်း မောင် သူလည်း သနားစရာပါပဲ ။ ဟိုကောင်မနဲ့တော့ လွတ်တာပါပဲ ။ ဒီကောင်မဟာ ရှင့်လိုပဲ ယုတ်မာတဲ့ ကောင်မ ”

ဘသီသည် ပါးစပ်ဟလျက် အံ့သြ၍ ၎င်း၏ စိတ်ဉာဏ်အတွင်း အလင်းရောင်ကြီး ဝင်းခနဲ ပေါ်၍ လာလေ၏ ။

“ ဪ ဒါကြောင့်ကိုး ။ ငါ သိပြီ ပြတင်းပေါက်က ပွင့်နေတာကိုး ။ ဒီတော့ကာ ငါတို့ ဇာတ်တိုက်နေတာကို မကြည်လွင်တို့ ကြားရတာပေါ့ ။ ကျုပ် စိတ်ထဲမှာ ခြေသံတွေကို ကြားရတယ်လို့တောင် မှတ်ထင်မိသေးတယ် ။ ကျုပ် နားလည်အောင် ပြောပြနိုင်ပါတယ် ”

“ ရှင် ကတော့ကာ ဘာကို မဆို နားလည်အောင် ပြောပြနိုင်မှာပေါ့ ။ ကျုပ်က မကြားချင်ဘူး ”

“ မလွင် မယ်တင့်နဲ့ ငါ ပြောတာကို မယုံရင် မယ်တင့် အဘွားကြီး ရှိပါသေးတယ် ”

မလွင်သည် ဦးခေါင်းကို ခါလေ၏ ။

၎င်း၏ မျက်လုံးများမှာကား မျှော်လင့်ခြင်း၏ အလင်းရောင်ကလေး ပေါ်၍လာလေ၏ ။

လွန်းမောင် တံခါးကို ထုသောအသံများကို ဂရုမစိုက်ဘဲ ဇာတ်တိုက်ခြင်း၏ အကြောင်းကို အကုန်အစင် ပြော၍ ပြလေ၏ ။

မလွင်သည် စိတ်မပါ့တပါ ပထမ နားထောင်၏ ၊ ထို့နောက် စိတ်ဝင်စားသလိုလို ဖြစ်၍ လာလေ၏ ။ ထို့နောက် ဝမ်းမြောက်ရွှင်လန်းခြင်း ဖြစ်၍လာလေ၏ ။

“ အမယ်လေး ကိုဘသီရဲ့ ၊ ကျွန်မ ရှင်တို့ နှစ်ယောက်ကို သက်သက် အထင်လွဲတာပါပဲ ။ ကျွန်မ ဝန်ချတောင်းပန်ပါတယ် ၊ ခွင့်သနားပါ ကိုဘသီ ”

ဘသီသည် ဘာမပြော ညာမပြော မလွင်ကို ပွေ့ယူကာ အရှက်အကြောက်တွေ လွင့်စဉ်၍ သွားလေတော့ သတည်း ။

တံခါးကို လွန်းမောင် ထုသဖြင့် ၊ ပြုတ်၍ ကျတော့မည်ဆဲဆဲ ဖြစ်ကာမှ အချစ်၏ ရေကြောတွင် မျောမေ့၍ နေရာမှ သတိရ၍ လာကြလေ၏ ။

“ ကိုလွန်းမောင် ရှင်းပါပြီတော့ ၊ ဟောဒီမှာ ... ကိုဘသီ ပြောလို့ ရှင်းပါပြီ ။ ကိုလွန်းမောင် နားထောင်စမ်းပါဦး ”

လွန်းမောင်သည် တံခါးကို တိုး၍ ပြင်းစွာထုလေ၏ ။

“ ဟော မယ်တင့် လာပြီ ၊ ဟေ့ မယ်တင့် မြန်မြန်လာ စမ်းပါဦး ။ မယ်မင်းကြီးမ လုပ်စမ်းပါဦး ”

“ ဘာဖြစ်တာတုန်း ” ဟု မယ်တင့်က စ၍ မေးလေ၏ ။

“ မယ်တင့်ရေ ညည်း ကိုလွန်းမောင်ကို ပြောပြစမ်းပါဦး ။ အမှားကြီး မှားနေတော့တာပဲ ၊ ကိုလွန်းမောင်က ငါ့ကို ဘသီကို ညည်း ယူတော့မလို့ ထင်နေတယ် ”

“ ညည်း ကိုဘသီလား ၊ ဒီလိုဖြင့် ညည်းတို့ ချောချောမောမော ဖြစ် သွားတာပေါ့လေ ၊ ငါတော့ သိပ်ဝမ်းသာတာပဲ ။ ကိုလွန်းမောင် ဒီကို လာစမ်း ”

လွန်းမောင်သည် ငေး၍ နေလေ၏ ။ မယ်တင့်သည် မိမိကိုယ်ကို ဆန့်ခါ မတ်မတ်ကြီး ရပ်လျက် ၊ မျက်လုံးများ ဝင်းဝင်းတောက်လေ၏ ။ မြေကြီးကို ဖိနပ်နှင့် ဆောင့်လေ၏ ။

“ ကိုလွန်းမောင် ရှင် ရူးသလား ၊ အခု လာစမ်းပါ ”

လွန်းမောင်သည် အနားသို့ လာလေ၏ ။

“ ကိုဘသီ ဆိုတာ ကျုပ်မောင် ၊ ကိုဘသီကို လက်ဆွဲ နှုတ်ဆက်လိုက်ပါ ။ မှားပါပြီလို့ ဝန်ချလိုက်ပါ ”

“ အိုင်ဆေး ကိုဘသီ ၊ ကျုပ်ဟာ သိပ်ခွကျတဲ့ အကောင်ပဲ ၊ ကျုပ် မှားပါတယ်ဗျာ ”

“ မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား ဆိုကိုး ။ ကိစ္စမရှိပါဘူးဗျာ ”

▢  ပီမိုးနင်း
📖 မြန်မာ့အလင်း မဂ္ဂဇင်း
      ဇူလိုင် ၊ ၁၉၃၈ 

No comments:

Post a Comment