❝ မီးကိုလည်း လောင်စေသည် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
မှောင်ရိပ် မပြယ်သေး သော်လည်း အရာဝတ္ထု ၊ သက်ရှိ သတ္တဝါ စသည်များကိုကား ဝိုးတဝါးနှင့် ခပ်ထွေး ထွေး မြင်နေရပေပြီ ။ လင်းကြက်တို့၏ တွန်ကြော် ရင့်ကျူးသံသည် ရမ်းဘိုကုန်းရွာ အတွင်းမှာ ဆူလှယ်စီ ညံနေသည် ။ ရွာ၏ အရှေ့ဘက်ရှိ ထန်းတောအုပ်ကြီး ထက်တွင် မှေးပြယ်စ အရုဏ်ရိပ်သည် အလင်းရောင်နှင့် ရောနေ လေသည် ။ မိုးသား မည်းပြာပြာဝယ် ပန်းရောင်နုနု ခြယ်ထားသည်မှာ ရှုမော လိုက်ရသော ကိုဆေးရိုး အတွက် အားကို သစ်စေပေသည် ။ စိတ်ကို တက်ကြွလန်းဆန်းစေသည် ။
“ ရေဘူး မေ့သွားဦးမယ်နော် ”
မကျီးဒန်က တဲနောက်ဖေးဘက် မီးဖိုခန်း ဆီလောက်က နေ၍ လှမ်းအော်ကာ သတိပေးလေသည် ။ ကိုဆေးရိုး က ထမ်းပိုးပေါ်သို့ ထွန်ကို ပြောင်းပြန် တင်နေရင်းက ခါးမှာ ချိတ်ထားသော ရေဘူးကို စမ်းသပ်ကြည့် မိ၏ ။ ခါးတွင် ရေ အပြည့်ဖြင့် ချိတ်ထားသည့် ရေဘူးကို တွေ့ထိမိလေမှ ထွန်တုံးကို နေသားတကျ ဖြစ်အောင် ရွှေ့ပြောင်းလိုက်ပြီး နောက် ထွန်တုံးအလယ် ပေါက်ထဲသို့ ဓားမတိုကို စွပ်ချလိုက်သည် ။
“ ကျီးဒန်ရေ ... သွားမယ်ဟေ့ ”
“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ၊ ဓားတွေ ဘာတွေလည်း ကျနေခဲ့ဦးမယ်နော် ”
ကိုဆေးရိုးက နွားနှစ်ကောင်ကို တက်ခေါက် အချက်ပေး လိုက်၍ နွားနှစ်ကောင် ခြေကြွလိုက်သည်နှင့် တစ်ပြိုင်နက် အိမ်ဘက်သို့ မျက်နှာမူကာ လှမ်းအော်လိုက်လျှင် မကျီးဒန်က ပြန်လည် အသံပြုရင်း ဆက်တိုက် သတိပေးသည် ။ မကျီးဒန်၏ အသံသည် နောက်ဖေးဘက်မှ အိမ်ထဲ ဘက်သို့ ရောက်ရှိ လာကာ အသံပြတ် သွားပြီးနောက် တဲ တံစက်မြိတ် အောက်မှ ဆက်လက် ထွက်ပေါ်လာ ပြန်၏ ။
“ ရေဘူးကိုလည်း ထမ်းပိုးမှာ ချိတ်သွားရင် ဟိုယမ်းဒီယမ်းနဲ့ ထမ်းပိုးနဲ့ ရိုက်မိလို့ ကွဲနေဦးမယ်နော် ”
“ အေးပါဟ ... ခါးမှာ ချိတ်ထားပါတယ် ”
“ ထမင်းတော့ နည်းနည်း နေမြင့်မယ်နော် ။ ထမင်းကြမ်းကို ရောက်ရောက်ချင်း စားမပစ်နဲ့ ၊ ဆာနေဦးမယ် ”
မှာလိုက်သည်မှာ စုံပေ၏ ။ ကလေးလေး တစ်ယောက်ကို မှာနည်းမျိုးဖြင့် မကျီးဒန်က ဆက်လက်၍ တသီတတန်းကြီး မှာကြားနေချိန် ၌ ကိုဆေးရိုးမှာ လေးအိမ် ကျော်လောက် သို့ပင် ရောက်ရှိလာပေပြီ ။
ထမ်းပိုးပေါ် သို့ ထွန်ကို ပြောင်းပြန် တင်ထားသောကြောင့် ထွန်တုံးက ထမ်းပိုးပေါ် ရောက်နေ၍ ထွန်ဦးက မြေကြီးနှင့် တိုက်ခြစ် နေလေသည် ။ ထွန်တုံးနှင့် မြေကြီး ခြစ်မိသံသည် ရမ်းဘိုကုန်းရွာ၏ အိမ်ပေါက်စေ့ အနှံ့ ထွက်ပေါ်လာကာ တဂျစ်ဂျစ် ခြစ်တိုက်ဆွဲသံများသည် ဝေး၍ဝေး၍ လာသည်တွင် ရွာမှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက် ကျန်ရစ်ခဲ့လေသည် ။ ကိုဆေးရိုး၏ ထွန်မှာမူ ထွန်ဦးနှင့် မြေကြီး တိုက်ခြစ် ပွတ်ဆွဲသံ သာမက ထွန်တုံးထဲတွင် စွပ်လာသော ဓားမကလည်း တဂျောက်ဂျောက် အသံမြည်နေပေ၏ ။ အေးချမ်း၍ တိတ်ဆိတ်သော အချိန်မို့ ထိုအသံများသည်ပင် ကျယ်လောင်လှပေ၏ ။
ရွာတံခါးနားသို့ နီးကပ်လာလျှင် တံခါးနှင့် မျက်နှာချင်းဆိုင် အိမ်တစ်အိမ် ထက်မှ ရေသံ တဖြင်းဖြင်း သွန်ချနေသံကို ကြားရပေသည် ။ အအိပ် များသွားသောကြောင့် အိပ်ရာထ နောက်ကျသော လယ်သမား တစ်ယောက် ပေတည်း ။ ထိုအိမ်နှင့် ဘေးချင်းကပ်လျက် အိမ်တစ်အိမ်ထဲမှမူ ဆဲသံဆိုသံများ ထွက်ပေါ် နေ၏ ။
“ နက်ဖြန်မနက် သုံးဖို့ ဆိုပြီး ငါ ‘ သ ’ ထားခဲ့တဲ့ ထွန်သွားတွေကို နင့် လင်ငယ်ကို ပေးလိုက်လို့ ရှာမ တွေ့ တာပေါ့ဟ ” ဟူသော ယောက်ျားသံ သည် နံနက်ခင်း၏ အေးချမ်းသာယာခြင်းနှင့် မလိုက်ဖက်အောင် ပြင်းထန်သော ဒေါသကို ဆောင်နေပေသည် ။
“ ငါ့ လင်ငယ်ကို ပေးတာ မဟုတ်ဘူး ။ နင့်အဖေ တွေ ယူပြီး ဆော့တာ ။ အပင်း ထည့်ဖို့လည်း လုပ်ရ ၊ နွားလည်း ကျွေးရ အိုးလည်း ဖုတ်ရနဲ့ နင့် အဖေတွေကို ဘယ်သူ စောင့် ပြောနေနိုင်မလဲ ။ နင့်ဘာသာ နင် လွတ်ရာ မှာ သိမ်းထားပါလား ”
ယောက်ျား၏ ကြမ်းတမ်းသော အသုံးအနှုန်းကို မိန်းမက လွှသွားဖြင့် တိုက်ဖြတ် တုံ့ပြန်နေစဉ် ကိုဆေးရိုးမှာ ရွာတံခါးပေါက်ကို ဖြတ်ကျော်မိပေပြီ ။ သူ၏ နောက်ဘက်တွင်ကား ရုန့်ရန့်ရိုင်းရိုင်း ဆဲရေးတိုင်းထွာသံများသည် ဆက်၍ ဆက်၍ ထွက်ပေါ် လာကာ တဖြည်းဖြည်း ကိုဆေးရိုး၏ နားထဲမှ ပျောက်ကွယ်သွား လေသည် ။
မိုးကလေး တစ်ပြိုက် ရွာထားပြီးစမို့ လမ်းများ ဖုန်သိပ် နေသည် ။ မိုးသောက်ငှက်ကလေးများ၏ အသံသည် လယ်ထွက်ယောက်ျားတို့အား ဆီးကြိုနေပေသည် ။ မပီတွဲ့တွဲ့ တေးဖွဲ့လိုက်သံ သည် ကိုဆေးရိုး၏ ရင်ထဲတွင် ကြည်နူးသွားစေ၏ ။ ရွာပြင် ထန်းတော လမ်းကြားတွင် ရမ်းဘိုကုန်းရွာထဲမှ ထွက်လာသော ထန်းသမားများမှာ တသီကြီး တန်းနေပေ၏ ။ ရွာနှင့် တစ်ခေါ် သာသာ လောက်တွင် ရှိသော တာလမ်းကို ဖြတ်ကျော်မိ၍ လှည်းလမ်းတစ်ခုသို့ ရောက်သွားသော အခါတွင်ကား အခြား ရွာများမှ ထွန်များနှင့်ပါ ပေါင်းဆုံမိသည့်အတွက် လမ်းတစ်လျှောက်တွင် ထွန်ခြစ်သံ ၊ ထမ်းပိုးတုံး နှင့် ထွန်တုံး ဆောင့်မိသံ တို့ လွှမ်းမိုးနေလေ၏ ။
ငယ်ရွယ်သူတို့၏ သီချင်းဟစ်သံကလည်း လယ်ထွက်လမ်းကို တိုး၍ စိုပြည်စေသည် ။ ကိုဆေးရိုး အဖို့ကား သီချင်းဆိုမည့် အရွယ် မဟုတ်သည့်အတွက် ခပ်ကုပ်ကုပ် ခပ်အေးအေး သာ ထွန်နောက်မှ လိုက်ပါလာခဲ့သည် ။ အသက်ကို စစ်လိုက်လျှင် ငါးဆယ်တွင်းသို့ ခေါင်းပြူ ဝင်ရောက်နေသော ကိုဆေးရိုးမှာ တစ်ခါ တစ်ရံ၌ အတောမသတ် နိုင်အောင် တက်ကြွပျော်ရွှင်သော အခါတွင် သီချင်းကလေး ဘာကလေး ညည်း ချင်စိတ်များ ပေါ်ပေါက် ခဲ့၏ ။ ထိုအခါတွင် မိမိ၏ ကျိုးစ သွားများ ၊ မှုန်သီဝေသော မျက်စိ ၊ လျော့ပါးလာသော အသားအရေများက သတိပေး ဟန့်တားလာ လေ့ ရှိသဖြင့် ကလက်သော စိတ်ကို မျိုသိပ်လိုက်ရ၏ ။
“ ဪ ... ငါ့အသက် ငါးဆယ်တောင် ပြည့်တော့မှာပါကလား ”
ယင်းသို့ အသက်ကို တွက်စစ်မိလျှင် ၁၆ နှစ်သားက စတင်၍ ထွန်တုံးကိုင်ခဲ့ရသော ကိုဆေးရိုး ။ ထွန်ကို ဖက်၍ နွားနှင့် ရုန်းရသော ကာလ၏ ရှည်လျားခြင်းနှင့် ကာလ ရှည်လျားသော်လည်း တစ်စက်ကလေးမျှ ဘဝ အခြေအနေ မကောင်းမွန် မတိုးတက်ခြင်းတို့သည် ဖုံးမနိုင် ဖိမရ ပေါ်လာရတော့သည် ။
“ ကိုဆေးရိုးရေ ... မောင်းပါဗျို့ ”
မိမိ၏ နောက်မှ ကပ်လျက် တစ်စုံတစ်ယောက်က အော်လိုက်သောကြောင့် ကိုဆေးရိုးမှာ နောက်သို့ လှည့်ကြည့်မိ၏ ။ နောက်က လူ၏ နွားမှာ ကိုဆေးရိုးနှင့် ကပ်နေ၏ ။
နွားနှစ်ကောင်မှာလည်း ‘ ကန်ကြိုး ’ ကို ထမ်းပိုးကျစ်မှာ ရစ်ပြီးမှ ဆွဲထားသောကြောင့် ဦးခေါင်း မော့ထောင်ကာ တရှူးရှူး ဖြစ်နေသည်ကို တွေ့ရသဖြင့် မိမိ၏ နွားနှစ်ကောင်ကို နှင်တံဖြင့် တို့ပေး လိုက်ရသည် ။ ကိုဆေးရိုးမှာ နောက်က ထမ်းပိုးနှင့် ဝင်ဆောင့်မှာကိုလည်း စိုးရိမ်၏ ။ ရှေ့သို့ အားကုန် လှမ်းပါကလည်း တစ်ခုခုနှင့် တိုက်မိ၍ ထွန်ဦး ထောင်လာလျှင် ခြေဖျား ၊ ခြေဖမိုးတို့နှင့် ထိုးမှာ ကြောက်ရသေး၏ ။ သို့ကြောင့်လည်း ကိုဆေးရိုးမှာ စိတ်ထဲတွင် တထင့်ထင့်ဖြင့်သာ နွားနှစ်ကောင်၏ နောက်မှ လိုက်ပါလာခဲ့ရ၏ ။ ဘယ်ချက်များ နောက်က ထမ်းပိုးနှင့် ဝင်ဆောင့်မလဲ ၊ ဘယ်ကုန်း အတက်မှာများ ထွန်ဦးနှင့် ခြေဖမိုးတို့ သစ္စာနှံကြမည်လဲ ။ ရှေ့ရန် နောက်ရန်နှင့် နှစ်ဖက် ညှပ်နေသော ကိုဆေးရိုး၏ အဖြစ်သည် အမှန်မူ ကိုဆေးရိုး အတွက် မထူးဆန်းပါချေ ။ ဘဝ တစ်ခုလုံးကိုက သည်အဖြစ်နှင့် ထပ်တူထပ်မျှ ကျနေ၏ ။
သို့သော်လည်း ဘဝနှောင်အိမ် အတွင်းက ဒုက္ခမှာ ရိုးနေပြီ ထုံနေပြီ ဖြစ်ကာ လတ်တလော ကြုံနေရသော ထမ်းပိုး နှင့် ထွန်ဦး ကသာ ကိုဆေးရိုးအား ကျောချမ်းစေနိုင်တော့သည် ။ ထို့ကြောင့်လည်း ကိုဆေးရိုးမှာ ကြာရှည် ဒုက္ခ မခံနိုင် ၊ စိတ် အကျဉ်း မခံနိုင်တော့သည့် အတွက် နောက်သို့ ဆတ်ခနဲ လှည့်ကြည့်ကာ ရှေ့သို့ ကမန်းကတန်း ပြန်လှည့်ရင်း ပြောလိုက်ရ၏ ။
“ ဟဲ့ကောင်လေး ဘအောင် ၊ ကျော်သွား ကျော်သွား ”
ကိုဆေးရိုးက မိမိ၏ နွားနှစ်ကောင်ကို တုံ့နှေးအောင် ဆွဲပေးလိုက်လျှင် ဘအောင်က လမ်းကြောင်းဘေးသို့ ဖဲ့ဆင်း၍ ရိုးဖြတ်များကို နင်းဖြတ်ကာ ကျော်တက်သွားလေသည် ။
“ ဟင်း ... ”
ဘအောင် လွတ်လွတ်ကျွတ်ကျွတ် ကျော်တက်သွားမှ ကိုဆေးရိုးမှာ ဟင်းချလိုက်နိုင်၏ ။ သူ၏ ရင်ထဲတွင် ခဲလုံးကြီးကို ထည့်သိုထားရာက အန်ချ ထုတ် ပယ်ပစ်လိုက်ရသလို ပေါ့ပါးအေးချမ်း သွားလေသည် ။ ဤသို့ စိတ်လက် ပေါ့ပါးသွားလေသည်ဟု ထင်မိကာမှ မကြံတတ် မစည်တတ်နှင့် အိမ်သို့ ပြန်လှည့် သွားရကောင်း မလား ၊ နွားနှစ်ကောင်ပဲ မဲ ၍ ရိုက်ရ ကောင်း မည်လား ၊ ကိုယ့်ကိုယ် ကိုယ်ပဲ ဆဲရေးအပြစ် တင်ရမည်လား မသိသော အနှောင့်အယှက် တစ်ခုကို ထပ်မံ ရင်ဆိုင်ရလေ၏ ။
ရှားပင်ပေါင်းကို ကျော်မိသောအခါ ထွန်တန်းကြီးမှာ သစ်ပင် ပင်စည်ကြီးမှ ခက်လက်များ ဖြာထွက်သလို ခွဲဖြာထွက် သွားလေသည် ။ ကိုဆေးရိုးနှင့် အခြား ထွန်သုံးစင်းသာ အလှမ်းဝေးကွာ ကျန်ရစ်ခဲ့သည်တွင် ကိုဆေးရိုးမှာ မျက်စိ ရှင်းသွားကာ တိုး၍ စိတ်လက် ပေါ့ပါးသွားသည် ထင်လိုက်မိသည် ။ အရှေ့ မိုးကုပ်စက်ဝိုင်းဆီမှ နေလုံး ရဲရဲကြီးသည်လည်း ရေအောက်တွင် တစ်စုံတစ်ခုဖြင့် ဖိချုပ်ထား ခံရရာက အနှောင်အဖွဲ့ မှ လွတ်၍ ရေပေါ် သို့ အဟုန် ပြင်းစွာဖြင့် ခုန်တက်လာသော ကျီးအာသီးကြီးလို ခင်တန်းမည်းမည်း ထက်သို့ ဘွားခနဲ ပေါ်လာပြီး တရိပ်ရိပ် ကြွတက်လာစဉ် ကိုဆေးရိုး၏ မျက်လုံး အစုံသည် နွားနှစ်ကောင် ကြားမှ ထွန်တုံးဆီသို့ ရောက်သွားလေ၏ ။
“ ဟ ... သောက်ကျိုးနည်း ”
ကိုဆေးရိုး၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏ ။ မှေးသော မျက်လုံးအစုံသည် ပြူးလာ၏ ။ မျက်လုံးအိမ်၏ အပြင်ဘက်သို့ မောက်တက်လာလု မတတ် ပြူးကျယ်ကြွတက်လာကာ ပါးစပ်မှလည်း တုန်တုန်လှုပ်လှုပ် ရေရွတ်လျက် ပွင့်ဟနေလေ၏ ။ လယ်ဆီသို့ နွားနှစ်ကောင် ဆွဲမြဲ ဆွဲခေါ် သွားရာသို့ ကိုဆေးရိုးမှာ လိုက်ပါမြဲ လိုက်ပါလာရသော်လည်း စိတ်က ချီတုံ ချတုံ ဖြစ်နေ၏ ။
“ နောက်ကြောင်းကို ပြန်ပြီး ရှာရ ကောင်းမလား ၊ အိမ် ပြန်ပြီး အသစ်ယူရ ကောင်းမလား ”
နွားနှစ်ကောင်၏ ပခုံးထက်ရှိ ထမ်းပိုးပေါ် မှာ တင်ထားသော ထွန်တုံးတွင် ယမန်နေ့ကတည်းက တစ်မိုက်နှင့် လက် သုံးသစ် ရှိသော ထွန်သွား လေးချောင်းကို တပ်ထားခဲ့၏ ။ လယ်ပြင်သို့ အသွားတွင် မတော်တဆ ကျွတ်ကျမှာ စိုးသောကြောင့် သပ်များ ပင်းထားသေး၏ ။ သို့ပါလျက်နှင့် ပြုတ်ကျဖြစ်အောင် ပြုတ်ကျရခြင်းမှာ နွားတွေ အသွား ကြမ်း၍လော ။ မိမိ နမော်နမဲ့ နိုင်၍လော ။
“ ဟယ် ...... မထူးတော့ပါဘူး ”
ရှေ့တွင် လယ်ဘေးက ညောင်ပင်ကြီးကိုပင် လှမ်း မြင်နေရပေပြီ ။ အိမ်သို့ ထွန်သွား တစ်ချောင်း ပြန် လည် ယူငင်ရန်မှာ နွားနှစ်ကောင်ကို သယ်ဆောင်သွားမှ ဖြစ်မည် ။ နွားနှစ်ကောင် ကန့်လန့်ပါ နေကတည်းက တိုသော ဖြတ်လမ်းက သွား၍ မရ ။ နွားနှစ်ကောင်ကို လယ်ပြင်မှာ ထားပစ်ခဲ့ လျှင်လည်း နွားလွတ်တွေ ဝင်ဝှေ့လျှင် အလွန်ဆုံး ကျိုးရုံ သေရုံသာ ရှိမည် ၊ မသူတော်တွေ ဝင်ဆွဲ သွားပါမူ အသားသော်မျှ ၊ အရေသော်မျှ မရ လိုက်ဘဲ ကိုယ်ကျိုး တက်တက် နည်းချေမည် ။ ထို့ကြောင့် မပြန်တာဘဲ ကောင်းသည် ။
နွားနှစ်ကောင်နှင့် အတူ အိမ်ပြန်သွားက ဆွမ်းခံ ဝင်ချိန်လောက်မှ အိမ်သို့ ရောက်မည် ။ လယ်ပြင်သို့ လည်း ပြန်ရောက်ရော မွန်းလည်း တည့်ရော ။ ဒါထက် ဆိုးသည်ကား ၁၅ ပြားထက် မတန်သော ထွန်သွားကလေးအတွက် မကျီးဒန်သည် မဲ့ကာ ရွဲ့ကာဖြင့် မြည်တွန်တောက်တီး ထေ့ငေါ့ချေမည် ။ မကျီးဒန် ကို သည်ပုံ သည်အသွင်ဖြင့် ရင်ဆိုင်ရခြင်းထက် ဘီလူး နှင့် နပန်း သတ်လိုသည် ။ ထို့ကြောင့် ကိုဆေးရိုးက လယ်ကွက် ဘေးနား ဘီနားတွင် ထွန်သွား တိုတိုကလေး အဟောင်းအဆွေးကလေး ရှိလိုရှိငြား ဟူသော အားကိုးချက်ဖြင့် နွား နှစ်ကောင်ကို လယ်ထိပ် က ရေလွှတ်မြောင်းကလေး ကို ကျော်ချလိုက်သည် ။ သို့သော်လည်း ကိုဆေးရိုးမှာ ထွန်သွား အဟောင်းအမြင်းကို လယ် ပတ်ဝန်းကျင်တွင် ရှာမရချေ ။
နေလုံးသည် မြင့်တက်လာ ချေပြီ ။ နံနက်ခင်းက အအေးဓာတ် ဝင်ခဲ့သည့်အတွက် နေမှာ အခုအချိန် သိသိသာသာ ပူလေသည် ။ နေပူရှိန်သည် ကိုဆေးရိုး၏ ကျောပြင်ကြီးကို ထိုးဆွ သတိပေးလေမှ ကိုဆေးရိုးမှာ အချိန် မရှိတော့ကြောင်း သတိရကာ ထွန်သွား ရှာဖွေခြင်းကို ရပ်စဲ၍ ရှိသည့် ထွန်သွားဖြင့်ပင် သုံးသွား တိုက်တော့မည်ဟု ဆုံးဖြတ်ချက်ချ၍ နွားနှစ်ကောင် ရပ်ထားရာ ဘက်သို့ ခပ်သွက်သွက်လေး လှမ်းလာလေ၏ ။
ကဆုန်လပြည့်နေ့က ဆင်ရေချိုး မိုးကလေး ရွာအပြီးတွင် လေးစပ်စီ လိုက်ခွဲထားသဖြင့် ထွန်ရေးရပြီးသော မြေကြီးမှာ လွန်ခဲ့သော သုံးရက်က မိုး တစ်ပြိုက် ထပ် ရွာထားပြန်သည့် အတွက် ပွစိနေပေသည် ။ ခြေဖဝါးဖြင့် ဖိနင်း လိုက်တိုင်း ညက်ကြေ မှုန့်သွားသော အရသာကို ခြေဖဝါးက ခံစားရသည်မှာ နှစ်သက် စဖွယ်ပင် ။
လောလာပြီ ဆိုမှဖြင့် ကိုဆေးရိုးက နွားနှစ်ကောင်၏ နောက်ဘက်သို့ ရောက်အောင်ပင် မသွားတော့ဘဲ နွား နှစ်ကောင်၏ ရှေ့မှနေ၍ ထွန်တုံးကို မြေပေါ် သို့ ဆွဲချသည် ။
နွား နှစ်ကောင်ကလည်း သူတို့ ပခုံးပေါ် မှ ဝန်လေးကြီး မြေပေါ် သို့ မြန်မြန်ထက်ထက် ကျသွားအောင် အလိုက်သိစွာဖြင့် နောက်သို့ ဆုတ်ပေးကြသည် ။ ထွန်တုံးမှာ ထုံးစံ အတိုင်း ငါးပေါက် ဖောက်ထား၏ ။ ငါးသွား တိုက်ရိုး ထုံးစံ မရှိသော်လည်း သုံးသွား တိုက်နိုင်ရန် ၊ လေးသွား တိုက်နိုင်ရန် အတွက် အကွက်ချပြီး ဖောက်ထားခြင်းဖြစ်ရာ လေးသွားမှ တစ်ချောင်း ပြုတ်ကျ ကျန်ခဲ့သော အခါတွင် ကိုဆေးရိုးမှာ တစ်ဖက် ကပ်ပြီး တစ်ဖက် ဝေးနေသော ထွန်သွားကို ဖြုတ်ပြီး ဗဟို တည့်တည့်က အပေါက်မှာ တပ်လိုက် ရသည် ။ အမှိုက်များလည်း ဆွေးသင့်သလောက် ဆွေး၍ အောက်သင့်သလောက် အောက်ကုန်ပြီး ဖြစ်ကာ ယခင် တောရိုင်း ခွဲစဉ်က လေးစပ်စီ ရထားသော မြေပြင်ကို ဒီတစ်ခါ ထွန်ရာ၌ ထွန်ရေးရဖို့ကို အဓိကထားပြီး လေးသွား တိုက်ရပေမည် ။ သို့ရာတွင် အခြေအနေက ထွန်သွား သုံးချောင်းသာလျှင် ပေးအပ်လာသည့် အတွက် ကိုဆေးရိုးမှာ သုံးသွားဖြင့် ထွန်ရပေတော့မည် ။
ကိုဆေးရိုးက ထွန်ကို ပစ်ချခဲ့ပြီး နွားနှစ်ကောင်ကို လှည့်ကာ ထွန်ဦးကို ခွဝင်အောင် နောက်သို့ အဆုတ်ခိုင်းသည် ။ ထွန်ဦး နှင့် ထမ်းပိုးတုံး တည့်မတ်သော နေရာသို့ နွားနှစ်ကောင် ရောက်လာ လျှင် ထမ်းပိုးတုံး အလယ်တွင် ငုတ်ကလေး နှစ်ခု စိုက်ထားသော နွားဆီသို့ လက်လှမ်းလိုက်သည် ။
“ ဟာ ... ”
သတိမမူ၍ ဂူကို မမြင်ခြင်းပေတကား ။ အနှောင့်အယှက်များသည် တစ်ခုပြီး တစ်ခု ရောက်လာခဲ့၏ ။ ထမ်းပိုးတုံး၏ အလယ် တည့်တည့်တွင် ငုတ်ကလေး နှစ်ခု ရှိ၏ ။ ထိုငုတ်နှစ်ခု၏ ကြားတွင် ထန်းလက်ကို ကွေးဆက် ၍ လည်းကောင်း နဘူးနွယ်ကို ခွေရစ်၍ လည်းကောင်း “ ထွန်ညှင်းကွင်း ” ဟူ၍ ထမ်းပိုးကို လျှိုလျက် တပ်ထားမြဲ ဖြစ်၏ ။ ထို ထွန်ညှင်းကွင်းတွင် ကြိုးတစ်ပင်နှင့် တွဲလျက် တစ်တောင်ခန့် တစ်ထွာ ကျော်ကျော် ကလန့် တစ်ခု ရှိစမြဲ ဖြစ်ပေသည် ။ ထွန်ဦးနှင့် ထွန်ညှင်းကွင်း၏ ကြားတွင် ကလန့်ကလေးက ဝင်လျှိုကာ ထမ်းပိုး သွားရာသို့ ထွန်တုံးပါအောင် ချုပ်ထိန်း ထား၏ ။ ဒါ မရှိလျှင် တော်ရုံတန်ရုံ လျှော်သည် လည်းကောင်း ၊ နွယ်သည် လည်းကောင်း မြဲမြံအောင် ချုပ်ပိုး နိုင်ရန်မစွမ်းပေ ။
“ သေလိုက်ပါတော့ ငဆေးရိုးရယ် ကမြင်းမ သတိကလည်း ဘာဖြစ်မှန်း မသိဘူး ”
ယခုသော်ကား ထွန်တုံးနှင့် တေ့ချိတ် တွဲတော့မည် ပြုကာမှ ထမ်းပိုးတုံးတွင် ထွန်ညှင်းကွင်း မပါသည်ကို မြင်ရ၍ သိရတော့၏ ။ အရန်သင့် ဖြစ်နေရန် အတွက် နွေ ကတည်းက ကြိုတင်ပြီး ထွန်ညှင်းကွင်း ငါးခုကို လုပ်ထား၏ ။ ရိုးရိုး ထန်းလျှော် ၊ ဘူးလျှော်တို့ထက် ခိုင်မာသည် ဟူ၍ လယ်သမားများ အစဉ်အဆက် ယုံကြည်ကိုးကွယ်ခဲ့သော ခိုင်လည်း တကယ် ခိုင်၍ လယ်သမားများ သုံးစွဲခဲ့သော ထန်းလက်၏ ဘေး တစ်ဖက်တစ်ချက်မှာ ဆူးမပါသော ' ဇောင်းသား ' ( စောင်းသား ) များဖြင့် ချည်နှောင်ပြီး ရေနံချေး စိမ်ထားသည် ။ ယမန်နေ့ နေ့လယ်က နွားတင်းကုပ်ထဲမှ ထုတ်ယူ လာပြီး နှစ်ပင်လိမ် ကြိုးကလေး တစ်ချောင်း ကျစ် ကာ ဝါးသဲတုတ်ကလေးကို ကန့်လန့်လုပ် ပူးတွဲတပ်ဆင်ထားသည် ။
သို့သော် ကိုဆေးရိုးမှာ ထမ်းပိုးတုံးထဲတွင် ထွန်ညှင်းကွင်းကို စွပ်ထားရန် မေ့လျော့ကာ ထွန်ဦးကို ဆက်၍ ချည်နှောင်သည် ။ ထွန်တံကို တစ်ဖက်လိုက်ခြင်း ရှိ မရှိ စစ်ဆေးကာ ပရစ်နဖားမှ ငုတ်များကို အသစ် လဲလှယ်၏ ။ ထွန်ကိုင်းကိုလည်း အသစ် ထပ်တင်သည် ။ ထမ်းပိုးကြိုး ထမ်းပိုးကျစ် ပါ မကျန် အသစ်ထည့်၏ ။ သို့ရာတွင် ထွန်ညှင်းကွင်းကိုကား ထမ်းပိုးမှာ မစွပ်မိပေ ။
မနေ့က စေ့စေ့စပ်စပ် ပြုပြင်ထားပြီးပြီ ဟူသော စိတ်ချလက်ချ ရှိမှုကြောင့် ယနေ့နံက် ထပ်မံ မစစ်ဆေးမိပေ ။ သို့သော်လည်း ထန်းညှင်းကွင်းကား မပါ ။ ထန်းညှင်းကွင်း မပါသည် ကို တစ်လမ်းလုံး မမြင်ခဲ့ ။ ထမ်းပိုးပေါ် မှ ထွန်တုံးကို ဆွဲချစဉ်ကလည်း မမြင် ။ ထွန်သွားကို နေရာရွေး တပ်စဉ်ကလည်း မမြင်မိ ။ အားလုံး ပြီးစီးတော့မှ မြင် မိကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆဲရေးမိလေ၏ ။ ကိုဆေးရိုးက ဓားမတိုကလေးကို ကောက်ယူရင်း နေကို မော့ကြည့်လေသည် ။
“ အင်း ၉ နာရီ လောက်တောင် ရှိပြီ ။ တစ်စပ်မှ မရသေးဘူး ၊ ကောင်းပေ့ကွာ ” ဟူ၍ ရေရွက်မိလေ၏ ။
ယခုပင် ၉ နာရီ ထိုးနေပြီ ဆိုလျှင် ထွန်ညှင်းကွင်း သွား ခုတ်မှာနှင့် ထွန်ညှင်းကွင်း လုပ်နေမှာ နှင့်ဆိုလျှင် နာရီဝက်ခန့် ကြာပေမည် ။ သည်မျှ ပူလောင် ကြွေ့ ကြွေ့ကျွမ်း နေသော ရာသီ၌ ဆန်စက်မှ ဥဩမှုတ်သံ ထွက်ပေါ် လာချိန် ၁၂ နာရီ အထိသာ ထွန်နိုင်မည် ဖြစ်သဖြင့် ထွန်ချိန် ၂ နာရီ ခွဲသာ ကျန်တော့၏ ။ ယင်း ၂ နာရီခွဲ အတွင်း၌ ဆေးလိပ်သောက်နေ၍ မဖြစ် ၊ ရေငတ်နေလျှင် အလုပ် တွင်ကျယ်မည် မဟုတ် ။ နွားကိုပါ အနား မပေးဘဲ တစ်စပ်ပြီး တစ်စပ် ၊ တစ်ကွက်ပြီး တစ်ကွက် ထွန်ပါမှ ယခု နွားရပ်ထားသော ငါးယောက်စိုက် လယ် ၊ ဟိုဘက်က တစ်ကျိပ်စိုက် လယ်နှင့် သည့်ဟိုဘက်က ငါးယောက် ပျော့ပျော့ စိုက်ရသော လယ်ပိုင်းကလေး စသည်တို့ကို နှစ်စပ်စီပဲ ရနိုင်မည် ။
နွားကို အနား ပေးလိုက် ၊ လူက ထိုင်ပြီး ဆေးလိပ် ဖွာလိုက် ၊ ရေ သောက်လိုက် လုပ်နေလျှင် ငါးယောက်စိုက် လယ် အပြီးတွင် တစ်ကျိပ်စိုက် လယ်ကွက်မှာ တစ်ဝက်တစ်ပျက် ပဲ ထွန်နိုင်မည် ။ ထွန်ရေး ရသည် ၊ မရ သည်မှာ စင်စစ်အားဖြင့် အရေးမကြီးလှပေ ။ အရေးကြီးသည်မှာ မြေပေါ် တွင် ရှိနေသေးသော မိုး အစိုဓာတ်ကလေး ကွာ မသွားမီ မြေကြီးကို ထွန်သွားဖြင့် ခြစ်ထားနိုင် ဖို့က အရေးကြီး၏ ။ ထို့ကြောင့် ကိုဆေးရိုးမှာ လယ် တောင်ဘက်ရှိ ပေါက်ပင်ကုန်းတွင် ပေါက် နေသော ထန်းပင်ပေါက်စကလေးများ ဘက်သို့ ခပ်သွက်သွက် လှမ်းထွက်လာခဲ့၏ ။ လေသည် ပြင်းပြင်းကြီး တိုက်ခတ် မနေသော်လည်း လယ်ကွင်းပြင်ထဲ ဖြစ်၍ ကိုဆေးရိုး မျက်နှာမှာ စပ်ဖျဉ်း တင်းရင်းနေ၏ ။
နေပူရှိန် အောက်တွင် ရှုမဆုံးသော ကွင်းကြီးကို ကျယ်ပြောခြင်းက အပူကန္တာရကို ချဲ့ပေးနေ သလိုရှိ၏ ။ ကြည့်ရသည်မှာ ပို၍ ပူသည် ထင်ရ၏ ။ ထို့ထက်ပို၍ အပူရှိန် ရင့်သည် ထင်ရသော အရာမှာ မိမိ နည်းတူ မိုး အစဲတွင် ဆင်း ထွန်ကြသူများ လယ်ပွဲ အသီးသီး၌ ရှိကြပါလျက်နှင့် သီချင်း ဟစ်သံ ညည်းသံ မကြားရခြင်း ဖြစ်၏ ။
ကိုဆေးရိုးမှာ ဘယ်ကိုမျှ မကြည့်အားပေ ။ ထွန်ညှင်းကွင်း မြန်မြန် ခုတ်ပြီး ထွန်တုံးပေါ် တက်နိုင်ဖို့ကိုသာ စိတ်စော နေသဖြင့် ရွက်ဖျား လက်ခုပ် တစ်ဖောင်လောက် မြင့်သော ထန်းပင်ပေါက်စကလေး တစ်ပင်၏ အောက်ဆုံးမှ ဝါနေသော အလက် နှစ်လက်ကို ခုတ်ယူ ကာ ပေါက်ပင်ရိပ် အောက်သို့ ဆွဲယူခဲ့သည် ။ အရိပ်ထဲ ရောက်လျှင် ထွန်ညှင်းကွင်း လုပ်မည့် အလက်အတွက် အရွက်ကို ခုတ်ချလိုက်၏ ။ ထွန်ညှင်းကွင်း ချည်နှောင်မည့် လျှော် အတွက် ကျန်ထန်းလက်မှ ဇောင်းသားကို လှီးယူ လိုက်လေ၏ ။ တစ်ဖန် ကြိုးချည်မည့် နေရာကို ထစ်ပြန်၏ ။
“ ဗျို့ ... ကိုဆေးရိုး ၊ ဘာလုပ်သလဲဗျို့ ”
ပေါက်ပင်ကုန်း၏ တစ်ဖက် လယ်ကွင်းမှ အသံ ထွက်ပေါ် လာသဖြင့် ကိုဆေးရိုးက ချောင်းကြည့်လိုက်သည် ။
“ ဪ ... သာဖြိုးပဲ ”
ပေါက်ပင်ရိပ်တွင် ထွန်ကို လှည့်ကွေ့နေသော သာဖြိုး မှန်း သိလျှင်သိချင်း ထန်းလက်ကို ပြန်ငုံ့ကြည့်ပြီး ဆက်လက် ခုတ်ထစ်နေ၏ ။
“ ဘယ်နှစပ် ရပြီလဲဗျ ”
“ တစ်စပ်မှ မရသေးပါဘူး ကွာ ”
သာဖြိုးသည် ထွန်ကို အရိပ်စပ်တွင် ရပ်ထားခဲ့ပြီး ကိုဆေးရိုး အနားသို့ လျှောက်လာသည် ။ ကိုဆေးရိုးက မော့၍လည်း မကြည့် ၊ လုပ် နေသော အလုပ်ကိုလည်း ရပ်ဆိုင်းထားခြင်း မရှိဘဲ စကား တိုတိုဖြင့် သွက်သွက်ဖြေ၏ ။ သာဖြိုးက ကိုဆေးရိုး ညာဘက် ဘေးတွင် ဝင်ထိုင်ကာ ဆေးလိပ်ညှိသောက်နေ၏ ။
“ ဖိုးထွန်း အကြောင်း ကြားပြီလား ကိုဆေးရိုး ”
ဖိုးထွန်းမှာ ကိုဆေးရိုး လယ်ပွဲ၏ အောက်ဘက် လယ်ပွဲမှ လယ်သမား တစ်ယောက် ဖြစ်၏ ။
“ မကြားဘူးကွ ”
ကိုဆေးရိုးက ထွန်ညှင်းကွင်းကို လျှော်ဖြင့် စတင် တုပ်နှောင်ရင်း ဖြေ၏ ။
“ မနက်ကပဲ သူ့ကိုယ်သူ ကြိုးဆွဲချ သေသွားပြီ ”
“ ဟယ် ... ဘုရား ... ဘုရား ...”
ကိုဆေးရိုးမှာ ထိတ်လန့်တုန်လှုပ်သဖြင့် ဘုရား ကိုယ်တော်မြတ်ကို တလိုက် သော်လည်း လက်ကတော့ ထွန်ညှင်းကွင်းကိုသာ သဲသဲမဲမဲ ချည်နှောင်နေ၏ ။
“ စပါးက အထွက် နည်းရတဲ့ အထဲမှာ ကြွေးတွေက ဗရပွ စောင့်ရင်းဗျ ။ အဲဒီ ကြွေးသမားတွေကလည်း ကြာတော့ မစောင့်နိုင်တော့ဘူး ဆိုပြီး သူကြီး တိုင်လို တိုင် လုပ်ကြတော့ သူများ အပြော မခံချင်တာနဲ့ စပါးရောင်းဆပ် မကျေဘူး ၊ နောက် နွားတွေပါ ရောင်း ဆပ်လိုက်ရတယ် ”
“ အင်း ”
ဒိုင်းခေါင်းကုန်းရွာ နှင့် ပုရပိုက်တန်းရွာ မှာ ၄ မိုင် ကျော် ဝေးရုံ သာမက သူကြီး တစ်ပိုင်တည်းလည်း မဟုတ်သောကြောင့် ဒိုင်းခေါင်းကုန်း ရွာသား ဖိုးထွန်း၏ သတင်းကို ကိုဆေးရိုးက မကြားခဲ့သဖြင့် ယခုလို ပိုးစိုးပက်စက် ဖြစ်သည် ကြားလျှင် လုပ်လက်စ အလုပ်မှ လက်တွန့်သွားဖို့ ကောင်းသော်လည်း ကိုဆေးရိုးမှာ သာဖြိုး ပြောစကားကို နားမဝင်၍ လား ၊ လုံးစေ့ပတ်စေ့ ကြားလျက်နှင့် အလုပ်မှာ စိတ်စောနေ၍လား မသိ ။ ထွန်ညှင်းကွင်း ပြီးမြောက်ရေး အတွက်သာ ဖိ၍ လုံးပန်း နေ၏ ။ တစ်ချက်ကလေး အလုပ် မပျက်ပေ ။
“ ကျုပ်တို့ တားတယ်ဗျာ ၊ ဘယ်သူ ဘာပြောပြော အခြေ ပျက်အောင် မလုပ်နဲ့ ဆိုတာ မရဘူး ။ ဟော အခုတော့ လောလောဆယ် စားစရာ မရှိလို့ လှည်းရောင်းပြီး နွေစာ လုပ်နေရာက လယ်ထဲ ဆင်းဖို့ နွားမရှိလို့ လိုက်ဆွဲတော့ ဘယ်ကမှ မရဘူး ”
“ အေး ”
“ သူ့မိန်းမ ပြောတော့ မနက်က ဖိုးထွန်း အိပ်ရာက ထတော့ သူ့မိန်းမ မိနက်လည်း နိုးနေသတဲ့ ။ ခါတိုင်းလို နောက်ဖေး နောက်ဖီ ထွက်သွားတယ်ပဲ ထင်တာပေါ့ ။ အတော်ကလေး လင်းလာ လို့ သူပါ အိပ်ရာက ထ လာတော့မှ လားလား ... တင်းကုပ်ထဲမှာ ကြိုး တန်းလန်းနဲ့ သေနေတာ တွေ့ ရသတဲ့ဗျာ ”
“ ကံ ပေါ့ကွာ ”
ကိုဆေးရိုးက ထွန်းညှင်းကွင်းကို ပတ်လိုက် ၊ ထူးခတ်လိုက်ဖြင့် ငုံ့ လုပ်နေရာက ကံကို လွှဲချလိုက်သည် ။
သာဖြိုးက ဆေးလိပ် လေးငါးဆယ်ဖွာမျှ ဆက်၍ ဆက်၍ ဖွာ လိုက်ပြီးနောက်
“ ခက်တာပဲဗျာ ၊ အစစ အရာရာ တိုရေ ရှားရေ ချည်းပဲ ။ ကျုပ်တို့ စပါးကျတော့ သုံးရာဈေးတင် ပေးတာ နာသဗျာ ။ တောက် ငါးရာဈေးကလေးလောက် မှ မပေးချင်တော့ ” ဟု ဆက်လက် ညည်းတွား၏ ။
“ အေးကွ ... သုံးရာဈေးဆိုတော့ မမာလို့မှ ဆရာ မခေါ်ဝံ့ဘူးကွ ၊ ဆေးမြီးတိုနဲ့ မပျောက်မှသာ ခေါ်တော့တယ် ။ ဘယ် ခေါ်ဝံ့မလဲကွ ၊ ပိုက်ဆံဟေ့ ဆိုရင် ပုတ်ထဲ က စပါးကို လာထိတာကွ ၊ ငါးရာဈေးသာ ပေးရင် အခု စပါးသုံးရာ ကုန်မှ ဖြစ်မယ့် ကိစ္စကို စပါး နှစ်ရာတည်း ကုန်ရတော့ ဝမ်းစာ ကျန်နိုင်တယ်ကွ ။ မျိုး ထားနိုင်တယ် ၊ အခုတော့ ... ”
ကိုဆေးရိုးက တုပ် ချည်ရင်း ကုန်သွားသော လျှော်ပင် အစကို နောက် တစ်ပင်နှင့် ချည်နေရာက မော့မကြည့်ဘဲ ပြောပြီး တစ်ပိုင်းတစ်စ ရပ် ထား၏ ။
“ ဖြစ်မယ် မဖြစ်မယ်တော့ ဧကန် မသိဘူးဗျ ၊ မြို့နယ် အတွင်းရေးမှူးက မနေ့က ပြောလိုက်တာကတော့ ရှေ့နှစ် စပါးဈေး ငါးရာ မရ ရအောင် လုပ်ပေးမယ် ပြောတယ်ဗျ ”
“ ဟေ ဟုတ်လား ”
ကိုဆေးရိုးက လှည့်မေး၏ ။
“ ဟုတ်တယ်ဗျ ”
“ အင်း ... အင်း လုပ်စမ်းပါဦး ၊ ပြီးတော့ ဘာတွေ ပြောလိုက်သေးလဲကွ ။ ပေးစမ်းကွာ ဆေးလိပ်တစ်ဖွာ ”
“ သူက အစိုးရ နိုင်ငံခြား ဆန် ရောင်းလို့ရတာဟာ ဘယ်နှကုဋေ ဆိုလားဗျာ ၊ ကျုပ်တို့ ဆီကို ပေးရတာလည်း ပြောသဗျာ ။ ပြောပြီး နောက်ထပ် တိုး ပေးလည်း အစိုးရမှာ မနစ်နာဘူး ပြောသဗျ ။ သူ ပြောသလိုတော့ ပြောတတ်ပါဘူး ”
သာဖြိုးက ခေါင်းကြီး စောင်းကန်း စောင်းကန်း နှင့် ဆက်ပြောရာ ကိုဆေးရိုးက သာဖြိုးကို အားမလို အားမရ ကြည့် နေ၏ ။
“ အေးပေါ့ ၊ ပြောတတ်သလို ပြောစမ်းကွာ ”
“ ဟိုတုန်းက ပလကတ်လုံချည် တစ်ထည်ကို ခြောက်မူး ၊ အခု ၁၃ ကျပ် ဆိုတော့ အဆ ၂၀ လောက် တက်နေတယ်တဲ့ ”
“ ဟာ ဟုတ်တာပေါ့ကွ ဟိုတုန်းက ငွေ တစ်ကျပ် နဲ့ ဈေးသွားရင် အစုံ ဝယ်လို့ ရသကွ ။ အခုများကွာ ၊ ငွေ တစ်ဆယ်ကို နံတောင် မစွတ်ဘူး ”
ကိုဆေးရိုးက မဲ့ကာရွဲ့ကာ ဖြင့် ဝင်ရောက် ထောက်ခံပြီး ဆေးလိပ်ကြီးကို မဲ၍ ဖွာ လိုက်၏ ။
“ ဟိုတုန်းက ဝက်သား တစ်ပိဿာ သုံးမတ် ၊ အခု ၅ ကျပ်ခွဲ ၆ ကျပ် ၊ ရှစ်ဆ ကိုးဆ တက်နေတယ်ဗျ ။ ဒီ့ပြင်ဟာတော့ ၆ ဆ ၇ ဆက နေပြီး အဆပေါင်း နှစ်ဆယ်အထိ တက် နေတာတော့ မပြောဘဲနဲ့ ၊ စပါးဈေး ကျမှ ဟိုတုန်း ကထက် ငါးဆလောက်ကလေး တက်ပေးဖို့ ကျမှ ဘာဖြစ်မလေး ညာဖြစ်မလေး ငွေကြေး ဖောင်းပွမလေး ဆိုတာဟာ သဘာဝ မကျဘူးတဲ့ ဗျ ”
“ မှန်လိုက်လေ သာဖြိုးရာ ၊ ငါ့ကို ကြည့် ၊ ငါ့ကို ကြည့် ၊ ငါ့ လယ်ဟာ ဘယ်လောက်ပဲ မိုး ကောင်းကောင်း ရေ မှန်မှန် ၊ စပါး သုံးရာ့ငါးဆယ် ထက် မထွက်ဘူးကွာ ၊ သုံးရာ လျော့တဲ့ အခါလည်း လျော့သေး တယ် ။ လယ်ခွန်က ကိုးဆယ်ကွာ ။ မြေရှင်ကို သီးစားခ နှစ်ဆ ပေးရတာက တစ်ရာ့ရှစ်ဆယ် ၊ ရော ပေါင်းရင် စပါး တစ်ရာ ခိုက်မသွားဘူးလား ”
“ ဟုတ်သဗျို့ ”
“ စပါး နှစ်ရာ ကျန်တယ် ကွာ ၊ ကောက်စိုက်ခက တစ်ယောက် တစ်ကျပ်ခွဲ ၊ ၇၅ ကျပ် မနေလား ။ ပျိုးနုတ်ခက တစ်ရာ သုံးမတ် ၊ ငါးထောင်ကို သုံးဆယ့် ခုနစ်ကျပ်ခွဲကွ ။ ကောက်ရိတ်ခက တစ်ကျပ်ခွဲနှုန်းနဲ့ ၇၅ ကျပ် ကျသကွာ ။ မျိုးဖိုးက အစိတ်ပဲ ထားပါဦး ။ ဒါတင် ၂၀ဝ ကျော် ကျနေပါပကော ။ ကဲ နောက်နှစ် တလင်းကွင်း မတိုင်မချင်း စားဖို့ စပါး တစ်ရာကျော်ကျော်ပဲ ကျန်ပါရောလားကွ ”
ကိုဆေးရိုး ဆေးလိပ်ကို ကြားဖြတ် ဖွာလိုက်ပြီး ဆက်ပြောပြန်သည် ။
“ တကယ်လို့သာ စပါးဈေးကို ငါးရာဈေး ပေးရင် လယ်စရိတ် သီးစားခနဲ့ လယ်ခွန်တော်ကို စပါး တစ်ရာတည်းနဲ့ ပဲ လောက်တယ်ကွ ။ ဒါမှ ငါ့ နွားတွေရဲ့ လုပ်ခ ၊ ငါ့ အိမ်သားတွေရဲ့ လုပ်ခ ရပြီး တစ်နှစ်စာ ဝတ်ဖို့ ၊ စားဖို့ ”
“ ကဲ ကဲ ... ”
ကျောဘက်က အသံထွက် လာသဖြင့် ကိုဆေးရိုးက ချာခနဲ ကြည့်မိ၏ ။ မကျီးဒန် ပါတကား ။
“ ကိုအဝှာ .. ထွန်ရေးလည်း တစ်စက်မှ မရှိသေးပါကလား ၊ ပြည်စိုးကုန်းကျောင်းက ဆွမ်းစားခေါင်းလောင်း တောင် ထိုးနေပါပေါ့ ကလား ”
“ ဟ ... အမလေး ဟ ... နင့် အမေ့ကလွှားပဲ ”
ကိုဆေးရိုးမှာ အိမ်က ထွက်လာကတည်းက အဆင်မပြေလိုက်သည်မှာ လယ်ထဲ ရောက်သည် အထိ ဆက်၍ဆက်၍ အနှောင့်အယှက်များ တွေ့ရသဖြင့် အချိန် လင့်ခဲ့ရသည် ၊ မည်သူ့ကိုမျှ မပြော ၊ ရေ မသောက် အိမ်က ထုပ်ယူလာသော ထမင်းကြမ်းကိုမျှ မစားဘဲ ထွန်ရေးရအောင် အားခဲ ထားခဲ့၏ ။
ကြေကွဲစရာ အကြောင်းကို ကြားရသော်လည်း အလုပ် ဖင့်မှာ စိုး၍ မကြားယောင် ဆောင်ပေမယ့် ယခုမူ ဆွမ်းစားခေါင်းလောင်းထိုးသည့် အချိန် ဆယ့်တစ်နာရီ ခွဲထိ တိုင် နေသည်ကိုပင် မကျီးဒန် ရောက်မှ သိရတော့သည် ။
မကျီးဒန်ကို မော့၍ ကြည့်နေစဉ် ပေါင်လယ်ဆီမှ ပူလာသဖြင့် ထခုန်ရာ မီးခိုး တထောင်းထောင်းနှင့် ပန်းကန်ပြား တစ်ချပ်စာ လောက် အပေါက်ကြီးသည် စကားပြောရင်း ကျသော ဆေးလိပ်မီးပွား၏ ကောင်းမှုကြောင့် မီးရဲနေလေပြီ ။ ကိုဆေးရိုးက လုံချည်ကို ချွတ်၍ လုံးခြေ ပစ်နေစဉ် မကျီးဒန်က ရေရွတ်လိုက်၏ ။
“ သေခါနီးကာတောင်မှ မယားကြောင်း သားကြောင်း ပြောတဲ့လူ တစ်ကိုယ်လုံး လောင်ပါစေတော် ”
◾ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ဝတ္ထုတိုများ ပေါင်းချုပ်
No comments:
Post a Comment