Saturday, June 13, 2026

အာဂလူပျိုကြီး

❝ အာဂလူပျိုကြီး ❞
      ( ပီမိုးနင်း )

လောကမှာ ငွေသည် အစွမ်းဆုံး အကောင်းဆုံးသော လက်နက်ဖြစ်သည် ။ လူ့ပြည်၌ ဖြစ်နိုင်သောအရာ မှန်က ငွေနှင့် ကြံလျှင် ဖြစ်ရမည် ။ တစ်နှင့် နှစ် ပေါင်း ခြောက် မဖြစ်နိုင်သလို နဂိုကပင် ဓမ္မတာသဘောတရားနှင့် ဆန့်ကျင်သဖြင့် မဖြစ်နိုင်သော အရာများမှ တစ်ပါး အခြား ဖြစ်နိုင်သော အရာမှန်လျှင် သမုဒ္ဒရာကိုပင် တောင် ဖြစ်အောင် လုပ်နိုင်သည် ။ မယ်လှ ကဲ့သို့သော အပျိုချောကလေးမျိုးကို ရဖို့ အလုပ်မှာ အဘယ် ပြောဖွယ်ရာ ရှိပါမည်နည်း ။ ဤရွာ၌ ငါလိုလူ မရှိ ၊ ငွေစဖြူဖြူကို ပေါက်ပေါက်ဆန်မန်း ကြဲသလို သုံးဖြုန်းနိုင်သော ငါတည်း ဟူသော မောင်မောင်စိုးသည် အဘယ်မျှပင် အရုပ်ဆိုးသည်ဟု အရပ်က ပြောကြစေကာမူ မယ်လှ ကို မကြာမီ ငါသည် အသာတကြည်နှင့် ရပေဦးတော့မည် တကား ။ လေလဟာပြင်ကျယ်ကို ပေငါးဆယ်တွင်းမှ ကပ်ကာ စက်သေနတ်နှင့် သေသေချာချာ ချိန်ပြီး အကြိမ် တစ်ရာပင် ပစ်သော်လည်း လွဲနိုင်ဖွယ်ရာ အကြောင်းရှိ၏ ။ ငွေတည်း ဟူသော အသပြာလက်နက်ဖြင့် အချောအညက် လောလောပြီး မက်လောက်သော မယ်လှကလေး ကို ပစ်၍ ဖမ်းခြင်း၌ကား လွဲချော်တိမ်းပါး မညားဘဲ နေရမည် မဟုတ်ပေတော့သည်တကား ။ ပျိုရခြင်းဖြင့် အိုရခြင်းတည်း ဟူသော ပြောင်းလဲခြင်း သဘောတရားကြီး၏ ဘေးမှ မောင်မောင်စိုး ခမျာမှာ မကွင်းသာ မရှောင်သာ သေဘေးကို ပြေး၍ မလွတ်သာသလို ဪ ဒုက္ခ ဒုက္ခ အချောဖြူဖြူ တောသူကလေးနဲ့ တွေ့ရဦးတော့မည် တကား ။ ဩော် မယ်လှ မယ်လှ ... ၊ မိမဲ့ဘမဲ့ ဆင်းဆင်းရဲရဲ ၊ သူများနည်းတူ မဝတ်ရ မစားရ ။ အရီးအိမ်မှာ ကျွန်ခံသလို နေရတဲ့ ဒုက္ခမှ ကယ်ဖို့ရန် သူတော်ကောင်း နတ်များက မင်းကိုကို ၊ မောင်မောင်စိုးကို ရန်ကုန်မြို့မှ ဤရွာသို့ လွှတ်လိုက်ခြင်းဟာ ရှေးရှေးက ဖူးစာချခဲ့တဲ့ ရေစက် ပန္နက်တဲ့ သစ္စာ ၊ မေတ္တာဆက် အရင်းပါသို့ ၊ မငြင်းသာအောင် ဖြစ်ရခြင်းကြောင့်ပဲ ဟု ကိုကိုစိုး စိတ်ထဲမှာ ဒိဋ္ဌလို့ စွဲရတော့မှာပါတကားဟု စသည်ဖြင့် ရန်ကုန်မြို့မှ အပျော်အပါး လည်ပတ်ရင်း ရောက်၍ လာသော သူဌေးသား လူပျိုကြီး မောင်မောင်စိုးသည် မိမိ တည်းခိုသော အိမ်ရှေ့မှ မှိုင်းစိုသော မန်ကျည်းပင်ရိပ် အောက်ရှိ ပက်လက်ကုလားထိုင်၌ ပက်လက်လှန်ကာ မျက်နှာကို သတင်းစာနှင့် အုပ်ကာ စဉ်းစား၍ နေလေ၏ ။ မောင်မောင်စိုးသည် လှိုင်မြစ် အနီး ထိုရွာငယ်ကလေးသို့ ရောက်လာသော နေ့မှာပင် မြစ်ကမ်းကိုင်းထဲတွင် အဘယ်အခါကမှ မတွေ့ခဲ့ရဖူးသော အချောဆုံးသော မယ်လှကို စ၍ မြင်ရလေ၏ ။ မြင်လျှင် မြင်ခြင်း ရင်တွင်း၌ ရူပါရုံ တည်းဟူသော မြားသည် ထွင်းဖောက်ကာ တိုးဝင်၍ သွားလေရာ နှုတ်၍ မရနိုင်အောင် ငြိနေခဲ့သဖြင့် ထိုရွာမှ မပြန်နိုင်အောင် ဖြစ်၍ နေလေ၏ ။

သို့ဖြစ်လေရာ ထိုရွာ၌ ကျောင်းဖွင့်၍ နေသော အင်္ဂလိပ်ကျောင်းဆရာ ကိုအုန်းဘေ၏ အိမ်၌ တည်းခို၍ နေလေ၏ ။

မယ်လှသည် လှလည်းလှ ၊ ယဉ်လည်းယဉ် ၊ မဆင်မပြင် တောရေ တောရုပ်နှင့်ပင် ။ အချောတွေ အပေါ် ၌ အုပ်၍နေလေရာ မျက်လုံးမျက်ခုံး နှာတံ နှုတ်ခမ်းတို့၏ ထင်ထင်ရှားရှား ထူးခြားခြင်းကို ထောက်လိုက်သော် မဂိုကပြား အင်္ဂလိပ်ကပြားမကလေးများလေလားဟု မှတ်ထင်ဖွယ်ရာ ဖြစ်၍ နေလေ၏ ။

မောင်မောင်စိုး မှာမူကား ငွေအသပြာပေါများ သဖြင့် ရုပ်ရည်ပင် မချောငြားသော်လည်း ရန်ကုန်မြို့၌ အလွန်တရာ မျက်နှာပွင့်သူတစ်ယောက် ဖြစ်လေရာ ၎င်း၏ အလုပ်မှာ မိန်းမတို့ကို တစ်ယောက်ပြီး တစ်ယောက် ယူခြင်းမှ တစ်ပါး အခြား မရှိချေ ။ သို့ဖြစ်လေရာ မြို့သူများကို ငြီးငွေ့စပြုသဖြင့် မြို့သူများလို ပြင်၍ ချောသည့် အပြင်ချော သက်သက် မဟုတ်ဘဲ အတွင်းရော အပြင်ရော ချောလှသည့် တောရိပ်တောရောင် ကမ်းသောင်ရေကြော ချောက်မြောင်တို့တွင် တောစပယ်ပန်းကလေးများလို ပွင့်၍ နေကြသော တောသူ အလှအချောကလေးများ၏ ထူးဆန်းဟန်ကို စူးစမ်းရန် ပေါက်ရောက်၍ လာခြင်း ဖြစ်လေ၏ ။ မြို့သူများမှာ အပြင်ချောတွေသာ များကြ၏ ။ အကြောင်းမူကား အမြင်လတ်အောင် အပြင်အဆင် တတ်ကြလေ၏ ။ တောသူကလေးများမှာ အပြင်အဆင် မတတ်သဖြင့် အမြင်မှာ မသပ်မရပ်သော်လည်း မီးယပ်ပူကပ်သူ နည်းပါးကြသည်ဟု မောင်မောင်စိုး မှတ်ယူ စွဲပိုက်၍ ထားလေ၏ ။

သို့ဖြစ်သောကြောင့် မယ်လှကလေး ကိုဖြင့် တကယ်ရမှ ဖြစ်မည် ။ မရသမျှ ရန်ကုန်ကို မပြန် ၊ ရဖို့ရန် လမ်းမခက် ။ ငွေစကိုပြလျှင် ငါ့ကို လွယ်လွယ်ကလေးနှင့် မက်မှာပဲဟု စိတ်ချကာ နေလေ၏ ။

မယ်လှ၏ အိမ်မှာ ကျောင်းဆရာ၏ အိမ်နှင့် မျက်စောင်းထိုး တဲကလေးသာသာမျှ ဖြစ်လေ၏ ။ နေ့စဉ်နေ့တိုင်း မယ်လှ မြင်အောင် ကိုယ်ရောင်ပြကာ ဈေးသည် လာတိုင်း ခေါ်ပြီး မယ်လှ မြင်အောင် ကလေးများအား သရေစာ ဝယ်၍ ကျွေး၏ ။ သရေစာများကိုလည်း ဈေးသည်များမှာ ပါသလောက်ကို အကုန်ဝယ်၏ ။ သို့ဖြစ်သောကြောင့် အနီးအပါး နေထိုင်ကြသူ မှန်က ကလေးလူကြီး မကျန် နေ့စဉ် ပျော်ပွဲစားရသလို ဖြစ်၍ နေကြလေ၏ ။ မယ်လှ မှာကား မိမိကို ပိုးပန်း၍ နေကြောင်း သိသဖြင့် မောင်မောင်စိုးကို မြင်တိုင်း မျက်စိစပါးမွှေး စူး၍ နေလေ၏ ။ ဤတွင် တစ်ဦးမေတ္တာ တစ်ဦး ဟူသော စကား၏ လွဲမှားခြင်းသည် ကောင်းစွာ ထင်ရှား လေ၏ ။ မယ်လှ၏ ဦးလေးနှင့် အရီးသည်ကား လှေငယ် တစ်စင်းနှင့် အရှာအဖွေ သွားကြရလေရာ မယ်လှမှာ အိမ်၌ တစ်ယောက်တည်း ကျန်ရစ်သဖြင့် အိမ်နီးချင်း မိန်းကလေးများကို အဖော်ပြု၍ နေရလေ၏ ။ သို့ဖြစ်လေရာ မောင်မောင်စိုးမှာ ကြံစည်ရန် လွယ်ကူသလို ဖြစ်၍ နေလေ၏ ။

မောင်မောင်စိုးသည် အိမ်နီးပါးချင်း အောင်သွယ်များနှင့် ကြံစည်လေ၏ ။ မယ်လှသည်ကား အမြဲ ငြင်းဆန်လေလေ မောင်မောင်စိုး အစွဲသန်လေလေ ဖြစ်လေ၏ ။ ငြင်းဆန်သည်မှာ အခြားကြောင့် မဟုတ် ။ မယ်လှမှာ ငယ်ငယ်က ချစ်ခဲ့သော ချစ်သူရည်းစားဦး မိမိကဲ့သို့ ဆင်းရဲသူ တစ်ယောက် ရှိလေရာ မောင်မောင်စိုးကို မချစ် ရုံမက မုန်းထား၍ နေသည့်အပြင် အကယ်၍ ငွေကို မက်ကာ တစ်ရပ်သားကို ယူချေက မိမိ တကယ် ချစ်သော ဆင်းရဲသူ မောင်တင်မောင် မှာ အဘယ်မျှလောက် သနားစရာ ကောင်းမည်ကို တွေးမိလေ၏ ။

မောင်တင်မောင်မှာ ရွာထဲတွင် အချောဆုံးသော ယောက်ျားကလေး ဖြစ်လေ၏ ။ မယ်လှ ကဲ့သို့ပင် ဆင်းရဲသော်လည်း မိခင်မုဆိုးမကြီးအား လက်ရုံးအားကိုး လုပ်၍ ကျွေးသူ ဖြစ်လေရာ တစ်ရွာလုံးပင် ချစ်ခင်ကြည်ဖြူလျက် သာဓု ခေါ်ကြလေ၏ ။ မယ်လှကလေးနှင့် မောင်တင်မောင်ကလေးများ တကယ် ညားကြရင် အင်မတန် ကြည့်ကောင်းမှာပဲ ဟူ၍ အများက ပြောကြ၏ ။ ၎င်းတို့ နှစ်ယောက် ချစ်ကြိုက်၍ နေကြကြောင်းကိုလည်း တစ်ရပ်လုံး အသိဖြစ်၏ ။ ၎င်းတို့ နှစ်ယောက်စလုံးမှာ ၎င်းတို့ နှစ်ယောက်နှင့်သာ တော်သဖြင့် ထိုရွာသား များထဲမှလည်းကောင်း ရွာနီးချုပ်စပ် အရပ်များရှိ ရွာသားများအထဲမှလည်းကောင်း မယ်လှကို လာရောက် ပိုးပန်းသူ မရှိ ။ အပိုးလာသော သူကြီးသား အောင်သာ ခေါ်သူ တစ်ယောက်သာ ပေါ်ပေါက်ခဲ့ဖူးလေရာ ၎င်းမှာ ရွာထဲရှိ မိန်းမကြီးများက အရူး လုပ်ကြ၏ ။ မောင်မောင်စိုး မှာမူ ရန်ကုန်သား ဖြစ်သောကြောင့် တစ်ကြောင်း ပေးနိုင်ကမ်းနိုင် ကျွေးမွေးနိုင်သူ ဖြစ်သောကြောင့် လည်းကောင်း အချို့သော အိမ်နီးပါးချင်းများက ၎င်းဘက်သို့ လိုက်ကြပါ သော်လည်း အများကမူကား သူ့မှာ ရည်းစားရှိမှန်း အသိသားနဲ့ ဒီအကောင်ဟာ ရုပ်နဲ့ လိုက်အောင် ဟော့ရမ်းပါကလား ။ ငွေပြရင် ရမယ် ထင်မှတ်တယ် စသည်ဖြင့် ပြောဆိုကဲ့ရဲ့ကြလေ၏ ။ အများကြည်ညိုသော ကျောင်းဆရာ၏ မျက်နှာကို မထောက်ကြလျှင် ၎င်းမှာ ဧကန်ချောက်ကျဖို့ ရှိလေ၏ ။

တစ်နေ့သ၌ ဆေးခင်းထဲတွင် မယ်လှနှင့် တင်မောင် နှစ်ယောက်တည်း တွေ့ကြလေ၏ ။

“ မယ်လှရယ် … နင်လည်း ဆင်းရဲ ၊ ငါလည်း ဆင်းရဲ ၊ ငါတို့နှစ်ယောက် ဖြစ်ကြရင် တဲကုတ်ကလေးနဲ့ နေရမှာကို ငါမြင်နေတာပဲ မယ်လှရယ် ။ ငါဖြင့် နင့်ကို သနားတာနဲ့ ဟိုလူနဲ့ပဲ ညားစေချင်တော့တာပဲ ” ဟု စိတ်ကို စမ်းကာ ပြောလိုက်လေ၏ ။

“ ကိုတင်မောင် ရှင်ဟာ … ဘယ့်နှယ်စကားကို ပြောတာလဲ ။ ငွေကို စုံမက်တဲ့ မိန်းမလို့ ကျွန်မကို မှတ်သလား ”

“ မှတ်လို့တော့ မဟုတ်ပါဘူးကွယ် ၊ နင့်ကို ချမ်းသာစေချင်လို့ ပြောတာပါ ၊ နင့်ကို သိပ်ပိုးနေတာပဲတဲ့ ”

“ ကိုတင်မောင် … ကျွန်မကို ချစ်ရင် ဒီစကားကို နောက်တစ်ခါထပ်ပြီး မပြောနဲ့ ။ ငွေဆိုတာ ရှိချင် ရှိလာမှာပဲ ၊ ထမင်းမငတ်လို့ နေမိုးလုံပြီး အဝတ်အစား အိပ်ရာခြင်ထောင်စုံရင် ကျွန်မ ဘာကိုမှ မလိုချင်ပါဘူး ”

“ ငါတော့ မင်းကို သားသားနားနား မထားနိုင်သမျှ မယူသေးဘူးလို့ အောက်မေ့တာပဲ ။ ဒါကြောင့် ဆိုင်းနေ တာ .. ”

မယ်လှသည် ထိုစကားကို မနှစ်လိုသော အမူအရာကို ပြလေ၏ ။

သို့သော်လည်း စဉ်းစားဆင်ခြင်တုံတရားနှင့် အတော်ပြည့်ဝသော မိန်းမကလေး ဖြစ်လေရာ အငိုလွယ်လို့ အရှိုက်ခက်သည် ဟူသော စကားကို သိသဖြင့် စကားပြန်၍ မပြောဘဲ နေလေ၏ ။

“ လက်ထဲမှာ ငွေလေးငါးရာ ရှိရင် ငါတို့ နှစ်ယောက် ရင်းနှီးပြီး တင့်တင့်တယ်တယ် နေနိုင်မှာပဲ ၊ ထားဝယ်က အဒေါ်ကလည်း ငါ့ကို မှာတယ် ၊ ထားဝယ် ငါးပိကို ရန်ကုန် တင်ပို့ပြီး ရောင်းရရင် အကျိုးရှိမှာပဲတဲ့ ။ ငွေ လေးငါးရာ လိုတာပဲ ၊ ရန်ကုန်မှာ အခန်းကလေး တစ်ခု ငှားပြီး ငါက ထားဝယ်ကို သွားပြီး ငါးပိတင် … မင်းက ရန်ကုန်မှာ နေပြီး ရောင်း ၊ ပျော်စရာလည်း ကောင်း မယ် ။ စီးပွားလည်း ဖြစ်မှာပဲ ။ တို့နှစ်ယောက်ထဲလား ကွယ့် ။ မသကာ ကူဖော်လောင်ဖက် အမေတစ်ယောက် ရှိမှာပေါ့ ။ အိမ်လခ တစ်လနှစ်ဆယ် အစိတ်ထားပါ တော့ကွယ် ။ ထမင်းဟင်း သရေစာဖိုးက တစ်နေ့ တစ်ကျပ် ငါးမတ်ပေါ့ကွ ။ အဝတ်အစား ဆိုတာလဲ အခုကာလမှာ ပြောင်ပြောင် လက်လက် သန့်သန့်ရှင်း ဝတ်ရဖို့ဟာ သိပ်ပြီး မကုန်ပါဘူး ၊ လှလို့ သန့်ရှင်းရင် ပြီးတာပဲ ။ အဖိုးတန်ကြီးတွေကို ဝတ်ဖို့ မလိုပါဘူး ၊ ငွေ ငါးရာ လောက်ရှိရင် ထားဝယ်ငါးပိ ကုန်ကူးနိုင်ပါတယ် ။ တစ်လ ရှစ်ဆယ် တစ်ရာ စာရေးစာချီထက်တော့ မဆင်းရဲပါဘူး ။ စာရေးစာချီက စတိုင် လုပ်ရလို့ ကျပ်လိမ့်ဦးမယ် ။ ငါတို့ ဆင်းရဲသားဘဝ ကူးသန်းရောင်းဝယ် စားရင် ဝင့်ဝါ မော်ကြွားစရာ ဘာမှ မရှိဘူး ။ လက်ဖက်ရည်ကြမ်းနဲ့ ပဲပြုတ်ကို မှန်မှန် စားသောက်ရရင် ကာဖီ လက်ဖက်ရည် ၊ ပေါင်မုန့် ၊ ထောပတ်ကို အားကျဖို့ မလိုပါဘူး လှရယ် ။ အဲဒီ ငွေလေးငါးရာ ရဖို့က ခက်နေတာပဲ ။ ငါလည်း စုတာပါပဲကွယ့် ၊ အရင်တလောတုန်းက အမေ မမာလိုက်တာက တော်တော် ကုန်သွားတယ် ။ သည့်အတွက် ကြာကြာကြီး ဆင်းရဲနေတာထက်ဖြင့် မလှ မြန်မြန် ချမ်းသာတာကို မြင်ချင်လို့ ပြောတာပါပဲ ”

“ မပြောပါနဲ့ ကိုတင်မောင်ရယ် … ကြိုးစားပြီး ရှာဖွေ စုဆောင်းရင် တစ်နေ့နေ့တော့ ရမှာပေါ့ ။ အဒေါ်လည်း အမြဲမမာနေတာမှ မဟုတ်ဘဲ အခုနေများ ငွေသုံးလေးရာများ ရရင် သိပ်ကောင်းမှာပဲ ။

“ ဟဲ့ ကောင်မလေးနဲ့ ကောင်ကလေး ... နင်တို့ ပြေးမလို့ တိုင်ပင်နေကြ တာလား ” ဟု ပြောသော အသံကို ကြားရသဖြင့် နောက်သို့လှည့်၍ ကြည့်လိုက်ရာ ကျောင်းဆရာ ကိုအုန်းဘေကို မြင်ကြလေ၏ ။

“ ဪ … ဆရာပါလား ။ ပြေးစရာ မလိုပါဘူး ဆရာရယ် ။ ကျွန်မတို့ကို ဘယ်သူမှ မဖျက်ပါဘူး ။ အလုပ်အကိုင် အကြံအစည်ကို တိုင်ပင်နေကြတာပါ ။ ဆရာ ဘယ်က လာတာလဲ ”

“ ငါ နင်တို့ကို လိုက်ရှာတာ ။ ထိုင်ကြဦး ငါ ပြောစရာရှိတယ် ” ဟု ဆရာက ပြောပြီး ထိုင်လေ၏ ။ ၎င်းတို့လည်း ထိုင်ကြ၏ ။

ကိုင်းပင်များသည် လေထဲတွင် စကားပြော၍ နေကြလေ၏ ။ လှိုင်းသံ ၊ ရေသံ ၊ ခပ်တက်သံတို့သည် လေထဲတွင် ညင်သာစွာ ဂီတသံမည်ကြလေ၏ ။

“ ဒီမှာ လဟဲ့ ။ ဆရာ့အိမ် တည်းနေတဲ့ ဟိုအကောင်ကို သိရဲ့ မဟုတ်လား ။ နင် ကျပ်ကျပ် သတိထားနေ ။ နင့်ကို အရကြံမလို့တဲ့ ငါကြားရတယ် ။ လူဆိုးတွေ ဘာတွေနဲ့ ပေါင်းပြီး အတင်း မရမက ကြံလိမ့်မယ် ” ဟု မယ်လှ၏ ဒူးကို လက်နှင့် တို့ကာ ပြောလေ၏ ။ ဆရာ ကိုအုန်းဘေသည် လက်တို့ ခြေတို့ စကားပြောတတ်ကြောင်း တစ်ရပ်လုံး သိလေ၏ ။

“ ကျွန်မကိုလား လုပ်ဝံ့ လုပ်စမ်းပါစေ ဆရာရယ် ။ အခု ထောင်ကျသွားမှာပေါ့ ”

“ ထောင်ကျတာက နောက်ဟဲ့ …. ၊ နင် အခု သတိထားနေဖို့ ဆရာက လာပြောတာ ”

“ သတိထားနေ ။ သူက ငွေပေါတဲ့ အကောင် ။ ငွေနဲ့ ကြံရင် ဖြစ်တတ်တာမျိုး ။ ပြီးတော့ ငွေများ တရားအောင် ဆိုတာရှိတယ် ။ တို့ရှေးမြန်မာမင်းများ လက်ထက်မှာလို မဟုတ်ဘူး ။ အခု ကု,လားမင်းခေတ်မှာ သက်သေဟာ အချုပ်ပဲ ။ သက်သေဆိုတာ ငွေပေးရင် ရတာပဲ ။ ကျမ်းဆိုတာတော့ အလကား ။ ရုံးတရားမှ ကျမ်းတရားတာ ။ ရုံးမတရားရင် ကျမ်းမတရားဘူး ။ ရှေးတုန်းကတော့ အမှုလည်း နည်းပါးတယ် ။ သည်တော့ ကျမ်းများလည်း တစ်ခါတလေမှ စူးရတော့ တယ်ပြီး ထက်တာပေါ့ ။ အခုကာလမှာ အမှုများ အားကြီးလွန်းလို့ ကျမ်းများလည်း ခဏခဏ စူးရတာနဲ့ တုံးကုန်ပြီး မစူးနိုင်ကြရှာဖူး သိလား ။ ငါနဲ့ ပတ်သက်ပြီး ရောက်လာတဲ့ ငါ့ဧည့်သည် ဖြစ်လေတော့ ဒင်း မဟုတ်တာ လုပ်ရင် အရပ်က ငါ့ကို ကဲ့ရဲ့မှာ ။ လူဆိုးတွေကလည်း သောက်ရ စားရ ၊ ပြီးတော့ ရန်ကုန်သားနဲ့ ပေါင်းရတော့ သူ့ဘက် ပါနေကြမှာ ”

“ ဘယ်က အကောင်တွေနဲ့ ကြံတယ်လို့ ကြားလဲ ဆရာ ”

“ အခုတော့ ဘယ်ကရယ်လို့ မပြောနိုင်သေးဘူး ။ သူ ဒီလို ကြံတယ် ကြားရလို့ ငါက လာပြောတာ အခုနေတော့ ၊ စိတ်ကူးရုံ ရှိသေးတဲ့ လက္ခဏာပဲ ။ နို့ပေမဲ့ စိတ်ကူးတဲ့ အတိုင်း အမှန် မပြောနိုင်ဘူးဟဲ့ ”

“ ဆရာ … ကျွန်တော်တော့ မှန်ရာကို ပြောမယ်နော် ။ ကျွန်တော်တို့မှာ မရှိ ပါးရှားတဲ့ အတွက် အခုလို နေကြသော်လည်း ကျွန်တော်တို့မှာ ကိစ္စ ပြီးပြီးသားလို့ ဆိုတာ အရပ်က သိပြီးသားပါ ။ တကယ်လို့ တစ်ခုခု ဖြစ်ရင် ကျွန်တော့် အသက်ကို မနှမြောပါဘူး ။ မယ်လှက သဘောတူလို့ ဖြစ်ရင် ကိစ္စမရှိဘူး ။ သူ ချမ်းသာတာကို ကျွန်တော် မြင်ချင်တာပဲ ။ မတော်မတရားတော့ ကြံဖို့ စိတ်မကူးပါစေနဲ့ ။ ငွေ မတရား စစ်မတိုက် ။ ဓားနဲ့ တရားစစ်တိုက်မယ် ။ လောကမှာ ဆင်းရဲတာဟာ ဆိုးလှ ပြီ ၊ ဆင်းရဲရာမှာ လူအစော်ကားခံရရင် သာဆိုးမှာပဲ ။ ကိုယ်ချစ်တဲ့ သူတစ်ယောက်နဲ့ ပတ်သက်ပြီး အစော်ကား ခံရရင်တော့ ဆရာရယ် ခံလိမ့်မယ် မထင်ပါနဲ့ ။ အသက်နဲ့ လဲဝံ့ပါတယ် ” ဟု တင်မောင်က ပြောလေ၏ ။

“ ဒီလူကြီး အသက် လေးဆယ်လောက်တော့ ရှိမှာပဲ ဆရာရဲ့ သူ့မှာ သားမယားတော့ ရှိမှာပဲ ။ ကျွန်မတို့ တောသူကလေးများကို တစ်ပတ်ရိုက်ရင် ရတယ်လို့ ထင်တဲ့ လက္ခဏာပဲ ”

“ သားမယားတော့ မရှိဘူး ။ လူပျိုကြီးပဲ ။ သို့သော်လည်း သူ့စိတ်ထဲမှာ မိန်းမဆိုတာ ငွေရှိရင် ရတာပဲ ။ အပိုင်ယူထားဖို့ မလိုဘူးလို့ စိတ်ကူးတဲ့ လက္ခဏာ ရှိတယ် ။ ဒီလူမျိုး အကြောက်ရဆုံးပေါ့ ။ သားမယား ရှိတဲ့ လူဟာ ဒီလို လူပျိုကြီးမျိုးလောက် မရက်စက်ဘူး ။ သတိထားကြဟေ့ ။ ဆရာ စိုးရိမ်လို့ ၊ မင်းတို့လည်း ကိစ္စရှိသေး ထင်ပါရဲ့ ၊ ဆရာ သွားဦးမယ် အေးအေး ” ဟု ပြုံးပြီး ထွက်၍ သွားလေ၏ ။

နှစ်ယောက်သား စကားပြောရင်း ဆရာနှင့် အတူ လိုက်၍ သွားကြလေ၏ ။ မယ်လှနှင့် တင်မောင်လည်း လိုက်၍ သွားရာ လမ်းတစ်လျှောက်လုံး ဆရာနှင့် တီးတိုး တိုင်ပင်ကြလေ၏ ။ အိမ်နှင့် မနီးအဝေးသို့ ရောက်သောအခါ ဆရာက တင်မောင်အား ဒီလိုဖြင့် မင်း ဒီက သွားပေရော့ ။ မင်းကို မြင်လို့ မကိုက်ဘူး ။ တစ်ခါမှ သူ မမြင်ဖူးသေးဘူး မဟုတ်လား ”

“ မမြင်ဖူးသေးပါဘူး ဆရာ ၊ ဒါထက် သူ့မှာ တော်တော် ငွေပါသလား ”

“ ငွေစက္ကူ အထပ်ကြီးတွေတော့ တွေ့တာပဲ ။ တော်တော် များမှာပဲ ”

“ ဆရာ တခြားကို လက်ထောက်များ မချလိုက်ပါနဲ့ ဆရာ

“ ဆရာ ဒါမျိုးကို မတတ်ဘူး ” ဟုပြောပြီး မယ်လှ နှင့် အတူတကွ စကားပြောရင်း သွားကြလေ၏ ။ မယ်လှ အိမ်သို့ ရောက်သောအခါ ဆရာက မောင်မောင်စိုးအား မျက်စပစ်၍ ပြလိုက်လေ၏ ။ ဧည့်သည်သည်ကား ပက်လက်ကုလားထိုင်၌ သတင်းစာဖတ်ရင်း မယ်လှကို မကြာခဏ မျက်စောင်းထိုး၍ ကြည့်လေ၏ ။ မယ်လှ သည်ကား ဆရာနှင့်အတူ စားပွဲမှာ ထိုင်လျက် စကားပြောရင်း ဧည့်သည်ကို တစ်ခါတစ်ခါ လှည့်၍ ကြည့်လေ၏ ။ အတန်ငယ်ကြာစွာ စကားပြောပြီးနောက် မယ်လှ ထွက်၍ သွားလေရာ ဧည့်သည်နှင့် ဆရာတို့ စကားပြော၍ ကျန်ရစ်ခဲ့ကြလေ၏ ။

“ တယ်ဟုတ်ပါလား ဆရာ ။ သေသေချာချာ ကပ်ကြည့်မှ တကယ် ဖြောင့်တာပဲ ” ဟု ဧည့်သည်က ပြောလေ၏ ။

“ ခင်ဗျားက သူပဲ မြင်ရသေးတာကိုးဗျ ။ ဥက္ကံ သုံးဆယ် အပျိုချောတဲ့ လှိုင်ဘောလယ် ဆိုတဲ့ စကားနဲ့ မကိုက်ဘူးလား … ကျုပ် ပြဦးမယ် ၊ ညဉ့်ကျရင် လာလိမ့် မယ် ၊ ဟိုက ကျုပ်ရဲ့ တူမတော် တစ်ယောက်ပါပဲ ။ တခြားတော့ မဟုတ်ပါဘူး ။ သို့သော်လည်း ခင်ဗျားတို့ကို လူကောင်းသူကောင်း မြို့သားနဲ့ ဆိုရင် … ” ဟု စကား အဆုံးမသတ်ဘဲ နေလေ၏ ။

မောင်မောင်စိုးသည် ဆရာ၏ မျက်နှာကို ကြည့်ကာ စကားမပြောဘဲ နေလေ၏ ။

ထိုညဉ့်၌ ဆရာနှင့် မောင်မောင်စိုးတို့ စကားပြော၍ နေကြလေ၏ ။

ထိုအခိုက်တွင် လက်ဆွဲခြင်းကလေး တစ်ခုကို ဆွဲလျက် မိန်းမပျိုတစ်ယောက်သည် ဆရာ၏ အိမ်ဘက်သို့ လျှောက်၍ လာလေရာ “ ဟော ဟော လာပြီ လာပြီ ကိုမောင်စိုး သေသေချာချာကြည့် ။ ကျုပ်မိန်းမရဲ့ တူမ ဝမ်းကွဲတော်တယ် ”

ထိုစဉ်အခိုက်တွင် မိန်းမပျိုသည် အနီးသို့ ရောက်၍ လာပြီး လသာမှန်အိမ် မီးရောင်အောက်၌ ရပ်ကာ “ ဦးလေး ဒေါ်ဒေါ် ဘယ်သွားသလဲ ” ဟု မေးလေ၏ ။

“ ဟဲ့ နင့် ဒေါ်ဒေါ် … မြို့ကို ဆင်းသွားတယ် မကြားဘူးလား ”

“ ဟင် ဒီလိုဖြင့် ကျွန်မ ဘယ့်နှယ်လုပ်ရမလဲ ။ ဘယ်တော့ ပြန်လာမှာတုန်း ဦးလေးရဲ့ … ” ဟု အသံ ခပ်အဲ့အဲ့နှင့် ပြောလေ၏ ။

မောင်မောင်စိုးသည် မျက်တောင် မခတ်ဘဲ တိုင်၏ အရိပ်အကွယ်မှ ကြည့်၍ နေလေ၏ ။

သူကလေးက နည်းနည်း အရပ်ကလေး မြင့်တယ် ။ ဟိုဒင်းကလေးက ဝိုင်းဝိုင်းကလေး ၊ သူက ခါးသေးလို့ ရင်ချီ ပဒုမ္မနီ ။ အဖြီးအလိမ်း ၊ သိပ် မတတ်ရှာဘူး ။ တတ်များ တတ်ရင် အပုံကြီး ဖြောင့်မှာပဲ ။ ဟိုဟာထက် သာမှာပဲ ။ သူက ဗမာချော ၊ ဟိုက မဂိုချော ။ တကယ်ဆိုတော့ ဗမာချောရင် ဘယ်လူမျိုး ချောတာနဲ့မှ မတူဘူး ။ နှာခေါင်းနည်းနည်း ပေါ်တယ် ။ နှုတ်ခမ်းမွေးတောင် စိမ်းရောင်ကလေးရှိရဲ့ ၊ အင်မတန် ကျန်းမာတဲ့ လက္ခဏာပဲ ။ တချို့ မိန်းကလေးများ နှုတ်ခမ်းမှာ အမွေး ကလေးများ ရေးရေး ရှိတတ်တယ် ။ ဒင်း ဒါမျိုးထဲကပဲ စသည်ဖြင့် တွေးရင်းတွေးရင်း မယ်လှ ကိုတောင် မေ့သလို ဖြစ်စပြုလာလေ၏ ။

“ နို့ ကျွန်မ လာတာ မှားနေပြီ ။ ကျွန်မ ရောက်မှ မြို့ကို သွားမယ်လို့ ပြောတယ် ”

“ နင်ရောက်ဖို့နေ့ တစ်နေ့ကဟဲ့ ။ သူလည်း အမျှော်သားပဲ ။ မပေါ်လာလို့ သွားတာ "

“ ကျွန်မက စောင့်နေလိမ့်မယ် ထင်တာကိုး ။ အိုင်ကလောင်မှာ တစ်ည အိပ်နေရတယ် ”

“ ကိုင်း ဒီလိုဖြင့် မတတ်နိုင်ဘူး ။ နင့်အဒေါ် ပြန်လာအောင် စောင့်မှပဲ ”

“ ဟင့်အင်း ကျွန်မ မစောင့်တော့ဘူး ” ဟု မောင်မောင်စိုးကို ရိပ်ခနဲ ကြည့်လေ၏ ။

“ နို့ နင် ဒီမှာ မအိပ်ရင် ဘယ်မှာ အိပ်မလဲ ”

“ ကျွန်မလေ မယ်လှတို့ အိမ်မှာ အိပ်မှာပေါ့ ”

ထိုအခါမောင်မောင်စိုးက စကားစကာ

“ မလှနဲ့ ဘာတော်သလဲ ”

“ ညီအစ်မ ဝမ်းကွဲပါ ”

“ အင်း ... အချောမျိုး အလှမျိုးပါကလားနော် ” ဟု မောင်မောင်စိုးက ပြောရာ မိန်းမပျိုသည် ရှက်ကိုးရှက်ကန်း အမူအရာနှင့် နှုတ်ခမ်းကို ပဝါကလေးနှင့် တို့သလိုလို လုပ်လေ၏ ။

“ အေး … မယ်လှမှာလဲ သူ့ အဒေါ်များ အောက်ကို သွားကြလို့ အဖော်မရှိဘူး ။ အတော်ပဲ ၊ အခု အိမ်ခေါင်းရင်းက မယ်စိန်တို့ မောင်နှမကို ခေါ်ပြီး အိပ်ရရှာတယ် ။ ဦးလေးတော့ အိမ်က နေပြီး မျှော်ရတာပဲ ။ ညကျ စန္နရီပတ္တရောင် လုပ်ရတာပဲဟေ့ ။ အေး အေး နင့်ညီမဆီ သွားလိုက်ဦး ။ ဟေ့ မယ်လှရေ နင့်အစ်မ လာလေရဲ့ ” ဟု ပြောပြီး မောင်မောင်စိုး ဘက်ကို လှည့်ကာ … “ သူတို့က တစ်ဖက်က တော်ကြတာ ။ မယ်လှနဲ့ တယ်ပြီး မရင်းဘူး ။ သင်းကလေးနဲ့က ပိုပြီး ရင်းတယ် ”

“ သူ့နာမည် ဘယ်သူ ဆရာရဲ့ ”

“ မယ်တိုး တဲ့ ။ ဆရာတို့က ချစ်လို့ ငတိုးလို့ ခေါ်ကြတယ် ”

“ အင်း ... နာမည်ကလည်း ချစ်စရာ အတိုးအပွား ဆိုတာပေါ့ဆရာ နာမည်ကောင်းကလေးပါပဲ ” ဟု မောင် မောင်စိုးက ပြောသောအခါ မယ်တိုးသည် အိမ်ရှေ့သို့ ရောက်၍ သွားလေ၏ ။

မယ်လှလည်း အိမ်တံစက်မြိတ် မီးရောင်၌ ရပ်ကာ မယ်တိုးလာသည်ကို ကုန်း၍ ကြည့်ပြီး မမတိုး တစ်ယောက်တည်းလားဟု သာယာသော အသံကလေးနှင့် မေးလေ၏ ။

ဟိုအသံက စီးသံ ။ သံလွင်သံ ၊ ဒီအသံက ခတ်ဖုံဖုံ ကလေးမြည်တဲ့ စောင်းပိုးကြိုးသံ ။ တစ်မျိုးအားဖြင့် သည်အသံက အဆန်းမို့ ထူးတာပဲ ။ ဟို အသံကတော့ မိန်းမ မှန်လျှင် အများရှိမြဲ အသံမျိုးမို့ ရိုးတဲ့အသံ ဖြစ်နေတာပဲ ။ သို့သော်လည်း … စသည်ဖြင့် … မောင်မောင်စိုး၏ စိတ်မှာ တွေးတောဆင်ခြင်ကာနေလေ၏ ။

ကျောင်းဆရာသည် ထိုအခါ၌ ငွေကြေး ပြတ်လပ်သောအခါ ဖြစ်လေ၏ ။ ဧည့်သည်ကလည်း မိမိမှာ ငွေ များစွာ ကျန်ရှိကြောင်း သိသာ မြင်သာ၏ ။ သို့ဖြစ်လေရာ ဆရာသည် ပက်လက်ကုလားထိုင်၌ ဆန့်ကာ တွန့်လိမ်ကာ ...

“ အင်း ဧည့်သည်တွေကလည်း ရောက် ။ ဆရာကတော် ဆိုတဲ့ မိန်းမကလည်း မပေါ်လာ ။ အိမ်မှာ ရှိစုမဲ့စု ငွေကိုလည်း အကုန် ယူသွား ။ ဒါမှ ကိစ္စများတာပဲ ” ဟု ညည်းညူလိုက်လေ၏ ။

“ မပူပါနဲ့ ဆရာရယ် ။ ကျွန်တော့် အတွက် ဝန်လေးသလား ”

“ ဒါကြောင့် မဟုတ်ပါဘူး ။ စာရေးကြီးတို့ ရန်ကုန်သားများက ရန်ကုန်ဓလေ့ အလိုက်သိစွာ ကိုယ့်ငွေနဲ့ သုံးနိုင်စွဲနိုင်မှ တစ်ရပ်တစ်ရွာမှာ ဧည့်သည် လုပ်တာ ။ ကျုပ်တို့ တောအရပ်မှာ ဒီလို မဟုတ်ဘူး ။ အိမ်သားမှာ အဘယ်လို ပြတ်လပ်မှုဝင်၍ပင် နေစေကာမူ ဧည့်သည်က ရောက်ချင် ရောက်လာတာပဲ ။ သည်အခါ ပေးစရာ မရှိ လျော်စရာရှိ ဆိုတာလို ကိုယ်တိုင် စားဖို့မရှိပေမဲ့ ဧည့်သည်ကျွေးဖို့တော့ ရှိအောင် ကြံရတာမျိုး စာရေးကြီးရဲ့ ကျုပ်မှာ အမှတ်သညာ တစ်ခု ရှိတယ် ။ ညဉ့်အခါ ဧည့်သည်တွေရောက်ရင် တစ်လကိုး သီတင်းအတွင်းမှာ ဆက်ပြီး ရောက်တာမျိုး ။ ပြီးတော့ စိတ်ညစ်စရာတွေလည်း ဖြစ်တတ်တယ် ။ အရင် ဒီလိုပဲ အိမ်မှာ ဆရာတို့လို ဧည့်သည် လူကုံထံ ရောက်ပြီး ညဘက်မှာ သားအမိနှစ်ယောက် ထန်းတပင်က ရောက်လာ ၊ နောက်တစ်နေ့ကြာတော့ သမီးက လင်နောက် လိုက်ပြေး ။ မြန်လိုက်တာ စာရေးကြီးရယ် ကျုပ်ဖြင့် အံ့ဩလို့ မကုန်နိုင်အောင် ဖြစ်တာပါပဲ ။ အင်း အခုလဲ ကိစ္စများ ပေါ်ချင်သလား မသိရဘူး ” ပြောလေ၏ ။

“ ဘာကိစ္စများ ပေါ်ရမှာလဲ ဆရာရဲ့ ။ ဆရာ့မှာ ငွေပြတ်နေသလား ”

“ ငွေဆိုတာတော့ စာရေးကြီးရယ် ... ဒါထက် ပျင်းစရာကောင်းလိုက်တာ မိန်းမများ မရှိရင် ဒီလိုချည်းပဲ ”

“ ဆရာတို့ အရပ်ကလည်း လည်စရာ ပတ်စရာ နေရာက အရှားသားကိုး ။ ညကျရင် မှောင်လို့ပဲ ။ ဘယ်များ သွားရပါ့ ” ဟု မောင်မောင်စိုးက ပြောလေ၏ ။

“ ဆရာက သင်းတို့ ဘယ်လိုများ နေကြသလဲ ။ ဘယ်သူ့များ ခေါ်အိပ်သလဲ မသိဘူး သွားကြည့်ရဦး မယ် ” ဟု ပြောကာ ထလေ၏ ။

ဧည့်သည်လည်း ကုလားထိုင်၌ လှုပ်လှုပ်ရှားရှား ဖြစ်လေရာ ဆရာက “ လာလေ စာရေးကြီးရယ် လမ်းလျှောက်ရအောင် ” ဟု ပြောလေ၏ ။

ထို့နောက် နှစ်ယောက်သား အိမ်မှ ထွက်လာကြလေရာ မယ်လှတို့၏ အိမ်သို့ ရောက်၍ သွားလေ၏ ။ မယ်လှနှင့် မယ်တိုးသည် ၎င်းတို့ကို ဝမ်းမြောက်ဝမ်းသာ ဧည့်ခံကြလေ၏ ။ အတန်ငယ်ကြာစွာ စကား ပြောကြပြီးနောက် မယ်တိုးက ဆရာ့အား “ ဦးလေး သူကြီးအိမ်က ကျွန်မ လာတာ တိုင်ရမယ်တဲ့ ဦးလေးရဲ့ ။ ဆယ်အိမ်ခေါင်း ကိုနိုးက လာပြောတယ် ။ မိန်းမကလေးများ တိုင်ရသလား ဦးလေးရဲ့ "

“ ဟယ် မဟုတ်တာ ၊ ဘာပြုလို့ တိုင်ရမှာလဲ ။ မကြားဖူးတာကို ”

“ ဟုတ်တယ် ဆရာရဲ့ ဘယ့်နှာလဲ မသိဘူး ။ ဆရာ သွားပြောဦးမှ ဖြစ်မယ် ” ဟု မယ်လှက ပြောလေရာ ဆရာကိုအုန်းဘေသည် ထ၍ သွားလေ၏ ။

ထိုအခါ အခြားအဖော် နှစ်ယောက်နှင့် မလှ ၊ မယ်တိုး ၊ မောင်မောင်စိုးတို့ အပြင် မည်သူမျှ မကျန်မရှိ ။ မောင်မောင်စိုးမှာ မြက်ထုံးကြီး နှစ်စည်းစပ်ကြားက အဘယ် မြက်ကို စားရမည် မသိသော မြင်းကြီး ပမာလို ဖြစ်နေလေ၏ ။ အကြောင်းမူကား မယ်လှက အတိအလင်း ကြည်ဖြူစွာ ဧည့်ခံ၏ ။ မယ်တိုးသည်ကား နောက်နားမှ ခပ်ခွာခွာ မထင်မရှား နေ၍ ပုဆစ်တုပ်လျက် ထိုင်ကာ မောင်စိုးနှင့် မယ်လှတို့၏ စကားများကို တစ်ချက်တစ်ချက် ထောက်ခံလေရာ ၎င်း၏ ထောက်ခံသော စကားများသည် အများအားဖြင့် မောင်မောင်စိုး ဘက်သို့ အရိပ်အငွေ့ ပါလေ၏ ။ သို့ဖြစ်လေရာ မောင်မောင်စိုးမှာ နှစ်ယောက်စလုံးကပင် လိုလားသလို ဖြစ်၍ နေရာ တစ်ညအတွင်း မိန်းမသုံးယောက် ခိုးသော လူများ အကြောင်းကို တွေးမိလေ၏ ။ သို့တွေးတောပြီး ရန်ကုန် မြို့မှာ ပျော်စရာ ကောင်းသည့် အကြောင်းတွေကို ပြောပြလေရာ မယ်လှက မိမိတို့ ညီအစ်မတော် နှစ်ယောက်မှာ လွန်စွာ ဆင်းရဲကြောင်း ၊ ရန်ကုန်မြို့မှာ ဘာကိုများ လုပ်ကိုင်စားသောက်၍ နေထိုင်ရလျှင် ကောင်းပါမည်နည်း ဟူသော အကြောင်းများကို မေးလေရာ မောင်မောင်စိုးက ညီအစ်မ နှစ်ယောက် ဆေးပြင်းလိပ်ကလေး ၊ ဆေးပေါ့လိပ်ကလေး ထောင်ပြီး နေလျှင် ဖြစ်နိုင်ကြောင်း ၊ ငွေငါးရာ တစ်ထောင်မျှ ရှိလျှင် ဖြစ်နိုင်ကြောင်းကို ပြောပြလေ၏ ။

မယ်လှက မယ်တိုးဘက်သို့ လှည့်ကာ …. “ ဘယ့်နှယ့်နေနေ ၊ မမလေးရယ် ။ ရန်ကုန်ကိုသာ သွားချင်တော့တာပဲ ။ ဒီမှာနေရာတာ သိပ်ပြီး ဆင်းရဲတာပဲ ” ဟု ပြောလေ၏ ။

တိုး ။  ။ “ ငွေငါးရာ တစ်ထောင်ပေးမည့် လင်ကို ရှာဦး ” ဟု ရယ်မောကာ ပြောပြီး မောင်မောင်စိုးကို ကြည့်ကာ

“ ဟုတ်တယ်ရှင့် ကျွန်မက ဒီလိုပဲ ပြောတတ်တယ် ။ သူကဖြင့် လူများပြောတာ ပါချင်တာပဲ ”

“ ငွေငါးရာ တစ်ထောင်တော့ မခက်ပါဘူးကွယ် ။ မင်းတို့ရဲ့ ဦးလေး ဆရာနဲ့ ပတ်သက်ပြီး အခုလို ခင်မင်နေမှ ဒါလောက် ငွေ အရေးမကြီးပါဘူး ”

တိုး  ။  ။ “ အရေးမကြီးတာက ကိစ္စ မရှိဘူးရှင့် ။ ကိုယ့်လက်ထဲမှာ ဘာမှ မပါမရှိဘဲ ရန်ကုန်မြို့ကြီးကို ရောက်ရင် ကြည့်မည့်လူ ရှုမည့်လူ မရှိ ၊ ဒုက္ခ တွေ့နေရင် မခက်ဘူးလား ။ စာရေးကြီးနဲ့ ဟော … အခုနေများ စိတ်ချရမယ် ဆိုလျှင် လိုက်ပါရဲ့ ။ သည်လောက် စိတ်ညစ်တာ ။ အခုလည်း စိတ်ညစ်လို့ အရီးများ ဆီက ထွက်လာတာပဲ ။ ကျွန်မ သူတို့ဆီမှာ ငွေခြောက်ရာ ရဖို့ ရှိတယ် ။ သူတို့ လက်ထဲမှာ ငွေအရှိသားနဲ့ မပေးချင်လို့ ညည်းငွေကို အတိုးနဲ့ ပေးပါ့မယ်အေ ။ ငါတို့အိမ် လိုက်ပြီး အေးအေးဆေးဆေး ပျော်ပျော်ပါးပါး နေပါ ဆိုလို့ ခိုကိုးရာမဲ့ကာ မိထွေးနဲ့ အဖေကို စွန့်ပြီး ထန်းတပင် လိုက်နေတယ်ရှင့် ။ သူတို့ဆီ ရောက်တော့ ငွေလည်း မရ ၊ ကျွန်ခံလို့သာ နေရတော့တာပဲ ။ အခုတော့ဖြင့် နှုတ်ကတိ စကား မှန်ရင် ဘယ်သူ့ကိုမှ မယုံတော့ ” ဟု မယ်တိုးက ပြောလေ၏ ။

ထိုအခိုက်တွင် ဆရာ ရောက်၍ လာပြီး စာရေးကြီး ငွေသုံးဆယ်လောက် လွယ်ရဲ့လား ။ ခဏ စာရေးကြီးရယ် ၊ ကိစ္စရှိနေလို့ဟု ပြောရာ မောင်မောင်စိုးသည် သားရေအိတ်ကို ထုတ်ကာ ရာတန် ဆယ်တန်တွေကို ညီအစ်မနှစ်ယောက် မြင်လောက်အောင် ထုတ်၍ ပြပြီး ငွေစက္ကူ သုံးချပ်ကို ထုတ်၍ ပေးလိုက်လေ၏ ။ ဆရာသည် ငွေ စက္ကူများကို ယူပြီး “ ကိုင်း စကား ပြောနှင့်ကြဦးနော် ၊ ကျုပ် သွားလိုက်ဦးမယ် နပေါက်ကလေး တစ်ရှဉ်း အချောင် ရမှာမို့ စာရေးကြီးရဲ့ ကျုပ် မကြာခင် ပြန်ပေးပါ့မယ် ”

“ ကိစ္စမရှိပါဘူး ဆရာ ။ ကျုပ်တို့မှာ ဒီလောက်ငွေ အရေးမကြီးပါဘူး ”

တိုး ။  ။ ငွေပေါတဲ့ လူများတော့လေ ပေးလို့ မကုန် လှူလို့ မကုန်ဘဲ ။ မရှိသူများမှာတော့လည်း ငတ်ကြမွတ်ကြ ။ ကျွန်မတို့ ရန်ကုန် ရောက်ရင် ဒုက္ခ မဖြစ်စေရဘူးလို့ စာရေးကြီး အာမခံဝံ့ပါ့မလား ”

“ ခံဝံ့ပါတယ်ဗျာ ။ လိုက်သာ လိုက်ခဲ့ကြပါ ။ အိမ်လခ အစိတ်ပေးရင် အခန်းတစ်ခု သားသားနားနား ရပါတယ် ။ အလုပ်အကိုင်တော့ မပူပါနဲ့ ”

လှ  ။  ။ အစ်မလေးရေ … ငါတော့ လိုက်သွားချင်တော့တာပဲ ။ ငါသိပ်ပြီး စိတ်ညစ်တယ် ။ အဒေါ်တို့က လင်မယားနှစ်ယောက် လှေနဲ့ တက်နဲ့ အရပ်ရပ် သွားပြီး ပျော်ပျော်ပါးပါး နေကြတယ် ။ ဒီမှာတော့ အိမ်ချည်း ထားခဲ့တယ် ။ အိမ်နီးပါးချင်း ကောင်းလို့ အခုလို နေရတာပဲ ”

“ ငါလည်း ဒီလိုလိုပဲ ၊ ညည်း တစ်ယောက်ထဲတော့ ငါ မထည့်ဝံ့ပါဘူး ။ ငါပါ လိုက်ရရင်ဖြင့် ... ”

“ ဝန်မလေးပါဘူး ခင်ဗျား ၊ ဘယ်နှစ်ယောက်မဆို လိုက်နိုင်ပါတယ် ”

တိုး ။  ။ “ ကျွန်မတို့က တောသူကလေးတွေရှင့် ။ တောင်မသိ မြောက် မသိနဲ့ မတော်တဆ ရောင်းစားရင် ဘယ့်နှယ်လုပ်မလဲ ။

“ မဟုတ်တာဗျာ ။ ရောင်းစားတဲ့လူမျိုးက ခေါင်းကြား ။ ကျုပ်တို့က ရိုးရိုးသားသား လူမျိုးပါ ”

“ အစ်မကြီးရေ ငါတော့ ဘယ့်နှယ်ဖြစ်ဖြစ် လိုက်ချင်ပြီ ။ ဟိုကျရင် စာရေးကြီး ကျွန်မတို့ကို ယောက်ျားပေးစားဖို့ စိတ်မကူးနဲ့နော် ။ ကျွန်မတို့ ရိုးရိုး လုပ်ကိုင်စားသောက်နေထိုင်ဖို့ လိုက်မှာ ။ စာရေးကြီး ငွေရင်း ထုတ်ပေးရလိမ့်မယ် ။ မောင်နှမလိုပေါ့ရှင် ။ ကျွန်မတို့လည်း ပြန်ဆပ်မှာပေါ့ ။ လပြန်ပေး ဆပ်ပါ့မယ်ရှင် ။ မယုံမရှိပါနဲ့ ”

“ ဒီလို … ကျုပ်က လူပျိုကြီးတစ်ယောက်တည်းရယ် ၊ ညီအစ်ကို မောင်နှမလည်း မရှိဘူး ။ ဟိုတယ်မှာ စားရတယ် ၊ သည်တော့ အစားအသောက် အနေအထိုင် မှစ၍ အင်မတန် ဆင်းရဲပါတယ် ။ သည်တော့ကာ မောင်နှမလို အစစအရာရာမှာ အားကိုးရရင် ပြီးတာပါပဲ ”

၎င်း၏ စိတ်၌ ထိုအချက်ကို သဘောတူလျှင် ၊ နှစ်ယောက်စလုံးကို မိမိပိုင်ပြီး ဖြစ်သည် ။ ဘယ်ယုံ မြင်လို့ ဘယ်ချုံ ထွင်တယ်ဆိုတာ ဒင်းတို့ ညီအစ်မလဲ သိမှာပဲ ။ သိလျက်နဲ့ လိုက်ရင် ငါအပိုင်ပေါ့ ၊ ဒင်္ဂါး တယ်စွမ်းပါ ကလားနော်ဟု စိတ်ထဲတွင် အောက်မေ့လေ၏ ။

လှ ။  ။ “ ဘယ့်နှယ်လဲ အစ်မလေး ၊ သွားမလား ”

တိုး ။  ။ “ ညည်း ဒီလောက် သွားချင်ရင် ငါတော့ လိုက်မှာပဲ ”

လှ ။  ။ “ ငါက စိတ်မြန်တယ်အေ့ ၊ နက်ဖြန်ဆို ပျက်ချင် ပျက်သွားမှာ ဘယ့်နှယ့်လဲ ”

“ ညည်းသဘော ... စာရေးကြီးသဘောလေ ။ လှေနဲ့ စုန်သွားတောင် ရောက်မှာပဲ ”

လှ  ။  ။ “ ဘယ့်နှယ်လဲ စာရေးကြီး ၊ ကျွန်မတို့တော့ လိုက်တော့မယ် ။ အခုညပဲ ”

“ အသင့်ပေါ့ဗျာ ၊ ကိုင်း ။ ဟိုကလေး နှစ်ယောက်ကော ”

“ အိပ်ကုန်ကြပါပြီ ”

“ ကိုင်း ဒီလိုဖြင့် လုပ်ကြ ။ ပြင်ကြ ”

“ ကျုပ်လည်း သွားပြင်လိုက်မယ် ” ဟု ပြေးပြီး အိမ်ပေါ်မှဆင်း၍ သွားလေ၏ ။ နောက်မကြာမီ ရေဆိပ်သို့ ရောက်၍ သွားကြလေ၏ ။

လှ ။  ။ “ ဒါထက် ကျွန်မတို့မှာ ငွေတစ်ကျပ်မှလည်း မပါဘူး ။ ရှင် ဟိုကျ ပေးမှာဖြင့် အခုပဲ စိတ်ချရအောင် ပေးထားပါလားရှင် ” ဟု ပြောလေရာ မောင်မောင်စိုးက “ စိတ်ချပါ မစိုးရိမ်ပါနဲ့ ” ဟု ပြောလေ၏ ။

ထိုအခိုက်တွင် မယ်တိုးသည် လှေသမားကို ခေါ်၍ လာပြီး “ ရှင်ဘယ်သူမှ မပြောနဲ့နော် ၊ ရှင် အခရရှင် ပြီးရော မဟုတ်လား ” စသည်ဖြင့် ပြောဆို၍ နေလေ၏ ။

“ ဟိုကျတော့ ရှင်ပစ်ထားရင် ကျွန်မတို့ ဒုက္ခဖြစ်နေမှာရှင့် ရှင်က ရန်ကုန်သားပါ ။ ကျွန်မတို့ တောသူကလေးတွေ ရန်ကုန်ကို အရမ်းလိုက် လိုက်သွားလို့ ဒုက္ခဖြစ်တာတွေ အများကြီး ကြားဖူးလို့ ပြောပါတယ် ။ ရှင့်ငွေ ရှင့်ငွေပေါ့ ” ဟု မယ်လှက ပြောလေ၏ ။

မကြာမီ လှေပေါ်သို့ ရောက်ကြလေ၏ ။ ပေါင်းမိုး ထဲတွင် သုံးယောက် အတွက် အိပ်ရာ ပြင်ကြလေ၏ ။ သုံးယောက်သား ပျော်ရွင်စွာ ထိုင်၍ စကားပြောကြလေ၏ ။ မောင်မောင်စိုးက သားရေအိတ်ထဲမှ ရာတန်စက္ကူ သုံးချပ် ထုတ်ပေးရာ မယ်လှက ရာတန်များကို ယူရင်း “ ဒါကြီးတွေ ဘယ့်နှယ့် သုံးမလဲ ။ အကြွေးပေးထားဦးမှပေါ့တော့ ၊ တကယ်ပဲ ၊ ကျွန်မတို့ တောသူကလေး နှစ်ယောက်က ရှင့်ကို တစ်ပတ်ရိုက်မယ် ထင်လို့လား ” ဟု ပြောကာ လက်ကို ဆွဲ၍ သားရေအိတ်ကို လုလေရာ သားရေအိတ် ပါ၍ လာလေ၏ ။

ငွေစက္ကူသုံးချပ် နှိုက်ယူပြီး အိတ်ထဲသို့ ထည့်လေ၏ ။ ထိုနောက် အတော်ညဉ့်နက်အောင် စကားပြောပြီး ယှဉ်၍ အိပ်ကြရာ ၊ မယ်တိုးမှာ အလယ်ကျ၍ နေလေ၏ ။ အတော်ကြာလျှင် မယ်လှ အိပ်ပျော်၍ သွားလေ၏  ။

“ နေပါဦးရှင့် အမယ်လေး မလုပ်ပါနဲ့ လှေသမားကြီး မြင်တယ်တော့ တကတဲ ” ဟု မယ်တိုး က ပြောလေ၏ ။

မောင်မောင်စိုး၏ လက်သည် မယ်တိုးကို ကျော်ကာ မယ်လှ၏ ပေါင်ပေါ်သို့ ရောက်လေ၏ ။ မယ်တိုးက “ ရှင် သိပ်ကဲတဲ့လူ ။ ဟောဒီ လက်က ဘာ အကမြင်း ထတာလဲ ၊ ရန်ကုန် ရောက်အောင်တောင် မဆိုင်းနိုင်တော့ဘူးလား ။ ပျော်အောင် အိပ် ။ ပျော်အောင် အိပ် ၊ မိုးလင်းရင် ရောက်ကရော ။ ရောက်ရင် ရှင်သဘောရှိ ။ အို ပြောတွင်းခြင်း ဆိုတွင်းခြင်း ၊ ရှင့်ကို ဒါကြောင့် အာဂလူပျိုကြီးလို့ ခေါ်ကြတာ ”

“ အေး နက်ဖြန်ခါကြမှ အာဂဖြစ်မယ် ”

“ ဘာဖြစ်လို့လဲရှင့် ရှင်က တယ်အာဂ ဖြစ်ချင်နေပါကလား ။ ကဝိ မဂ္ဂဇင်းထဲက အာဂတွေကို အားကျတယ် ထင်ပါရဲ့ ”

“ အချောဆုံး ညီအစ်မ နှစ်ယောက်စလုံးကို တစ်ညတည်း ဘုံးသွားတဲ့ လူပျိုကြီးကိုမှ အာဂလူပျိုကြီး မခေါ်ရင် ဘယ်လိုဟာကို ခေါ်မလဲ တိုးရဲ့ ။ ဟင် ” ဟု လက်ကစားလိုက်ရာ တိုးက “ အမယ်လေးတော့ ။ ဟော ကဲပြီ ကဲပြီ ။ ရှိကြီးခိုးရပါရဲ့ ဒါတော့ မတော်ဘူးနော် ။ ရှင်က သူဌေးမို့ ညီအစ်မ နှစ်ယောက်စလုံး ကြောရရင် ငွေကုန်ပစေ သဘောထားတာလား ။ ခဏဖို့တော့ မကြံပါနဲ့ ။ တောသူတွေပေမဲ့ ရန်ကုန်မှာ မျက်စိလည်မယ် မထင်ပါ နဲ့ ။ ရှင့်ကို တွေ့အောင် ရှာနိုင်တယ် ။ ဒင်းတို့ ညီအစ်မ ငွေကလေး သုံးလေးရာနဲ့ အသာ ထားလိုက်ရင် အေးမယ် မထင်ပါနဲ့ ။ စုံထောက် ကိုစံရှားကို ဒီငွေကလေး သုံးလေးရာ ပေးပြီး အရှာခိုင်းမယ် ” ဟု ပြောလေ၏ ။

သို့စုန်၍ သွားရာ အတော်ကြာသောအခါ လှေသမားကြီးက ထိတ်လန့်တကြား အော်လေ၏ ။

“ ဟဲ့ ... ဟဲ့ ကလေးမတွေ ။ ထဦး ထကြဦး ။ လှေ ရေဝင်တယ် ။ ဖာထားတာ ပွင့်သွားတယ် ။ ဟဲ့ ... ဟဲ့ ခုန်ချကြ ။ မဖြစ်ဘူး ” ဟု အော်လေ၏ ။ မောင်မောင်စိုးမှာ ရေမကူးတတ်ချေ ။ ညီအစ်မ နှစ်ယောက်မှာ မြစ်ဆိပ်ကမ်းသူများ ဖြစ်ကြလေရာ ရေထဲတွင် ဘောလို မျော၍ ပျောက်သွားကြလေ၏ ။ မောင်မောင်စိုးမှာ လှေကို တွယ်လျက် ကျန်ရစ်လေ၏ ။ လှေသမားကြီးသည်လည်း လှေကို မမြုပ်စေရအောင် တွယ်ကပ်ရင်း ရေများကို ပက်ထုတ်လေ၏ ။

မောင်မောင်စိုးမှာ သားရေသေတ္တာသာ လှေပေါ်၌ လှေအကန့် အောက်တွင် ငြိ၍ ကျန်ရစ်ခဲ့လေ၏ ။ ငွေ ထည့်သော သားရေအိတ်မှာ ချွတ်၍ ထားသော အပေါ် အင်္ကျီနှင့်အတူ ရေထဲတွင် နှစ်မြုပ်မျောပါ၍ သွားဟန်ရှိလေ၏ ။ အကြောင်းမူကား လှေ၌ စမ်းသပ်ရှာဖွေ၍ မတွေ့ရတော့ချေ ။

“ လှေဆရာကြီးရဲ့ ကယ်ပါဦး ကျွန်တော် ရေမကူးတတ်ပါဘူး ဆရာကြီးရဲ့ ခင်ဗျားလှေ မမြုပ်ပါစေနဲ့ ”

“ အို မကြောက်ပါနဲ့ ၊ လှေမမြုပ်စေရပါဘူး ။ တစ်ဆိတ် ကိုယ်ကို ဖော့ရင်း ကူပြီး ပက်စမ်းပါ ။ ကောင်မလေးတွေကော ”

“ မရှိဘူး ခင်ဗျာ ။ နစ်ကုန်ကြပလား မသိဘူး ”

“ ဟယ် ဒုက္ခပဲ ဧကန် နစ်ကုန်ကြပြီ ထင်တယ် ။ ပက်ပက် ပြီးမှ လိုက်ရှာမယ် ” ဟု ပြောရင်း လှေသမားကြီးသည် ရေများကို ပက်ထုတ်လေ၏ ။ ထို့နောက် လှေဦးရှိ ရွံ့များနှင့် ဖာ၍ နာရီဝက်ခန့်ကြာသောအခါ လှေထဲ၌ ရေများ ကုန်စင်၍ တစ်ဖန် ပေါ့ပါးစွာ ပေါ်လာလေ၏ ။ လှေသမားကြီးသည် မောင်မောင်စိုးကို လှေပေါ်သို့ ဆွဲ၍ တင်လေ၏ ။ ထို့နောက် “ တယ်မိုက်တဲ့ သူငယ်မတွေပဲ ။ လန့်ပြီး ခုန်ချကြတဲ့ လက္ခဏာပဲ ၊ ဘယ်မှာမှ မမြင်ရပါကလား ။ ဧကန် ရေနစ်ကြပြီ ထင်ပါရဲ့ ဒုက္ခပဲ ” ဟု ပြောလေ၏ ။ မောင်မောင်စိုးမှာလည်း ကြီးစွာ ပူပန်လျက် လှေသမားကြီးအား လိုက်လံရှာဖွေရန် တောင်းပန်လေ၏ ။ သားရေသေတ္တာမှာ လှေပေါ်၌ ရှိသေးသည်ကို တွေ့ရှိကြရလေ၏ ။

ထိုနောက် အတန်ကြာ ရှာဖွေရင်း မယ်လှ မယ်တိုး ဟု ခေါ်ကြလေ၏ ။ ဘာသံကိုမျှ မကြားရချေ ။ ထိုအခါ အနီးဆုံးသော ရွာ၌ ဆိုက်ကြပြီးလျှင် သူကြီးအိမ်ကို သွားပြီး အကျိုးအကြောင်းကို ပြောကြလေ၏ ။ တစ်ရွာလုံး လှေငယ်တက်စင်းများနှင့် လိုက်လံရှာဖွေကြရာ အဘယ်မှာမျှ မတွေ့ကြရတော့ချေ ။ မောင်မောင်စိုး မှာ သူကြီးအိမ်တွင် တစ်ညဉ့်လုံး မအိပ်နိုင်ဘဲ ပူပန်ကြီးစွာ ဖြစ်၍ နေလေတော့သည် ။ ငွေအတွက် ပူပန်ခြင်း မဟုတ် ၊ ညီအစ်မ နှစ်ယောက်အတွက် ပူပန်ခြင်း ဖြစ်လေ၏ ။

ထိုအခိုက်တွင် ချောင်ကျသော ရေဆိပ်တစ်ခု၌ လှေသမားကြီးသည် လှေငယ်ကလေးပေါ်မှာ ရှိသော မိန်းမပျိုနှစ်ယောက်နှင့် စကားပြော၍ နေလေ၏ ။

“ ဘယ့်နှယ်လဲ မောင်တင်မောင် ၊ မင်းတို့ချည်း သွားဝံ့ရဲလား ”

“ စိတ်ချပါလေ ။ ရော့ ခင်ဗျားကို ကတိထားတဲ့ ငွေတစ်ရာ ” ဟု ပြောပြီး သားရေအိတ်ထဲက ငွေစက္ကူ တစ်ချပ်ကို ထုတ်၍ ပေးပြီး “ မပြောနဲ့နော် ဘယ်သူမှ မသိစေနဲ့ ၊ နောင်လည်း ခင်ဗျားကို ကျေးဇူးဆပ်ပါဦးမယ် ” ဟု ပြောလေ၏ ။ ထို့နောက် မယ်လှဘက်သို့ လှည့်ကာ

“ မကြောက်နဲ့နော် ငါတို့ ရန်ကုန် ရောက်ပြီး မီရာသင်္ဘောနဲ့ ထားဝယ်ကို သွားမယ် ” ဟု တီးတိုး၍ ပြောလေ၏ ။

လှေသမားကြီးလည်း ၎င်းတို့ကို ကပျာကယာ နှုတ်ဆက်ပြီး မြန်မြန် သုတ်ကြပါ ပြော၍ ထွက်သွားလေ၏ ။ မယ်လှနှင့် မယ်တိုး ခေါ် မောင်တင်မောင်တို့သည် လှေကလေးနှင့် အမြန် စုန်ဆင်း၍ သွားကြလေသတည်း ။

နံနက်ခါ၌ မယ်လှနှင့် ၎င်း၏ အစ်မတော်သူ တစ်ယောက် ညက ကိုရွှေခဲလှေနှင့် ရန်ကုန်ကို အပြေးမှာ လှေနစ်၍ သေဆုံးကြောင်း ၊ ၎င်းတို့ကို တစ်ပြိုင်တည်း တစ်ညဉ့် တည်းခိုသော ရန်ကုန်သား မောင်မောင်စိုးမှာ အသက်ချမ်းသာကြောင်းနှင့် သတင်းများ ဖြစ်ပွားလေရာ မယ်လှ၏ ဆွေမျိုးများ ဒေါသ ဖြစ်ကြလျက် မောင်မောင်စိုးကို သ,တ်ရန်သွားကြသဖြင့် သူကြီးဖြစ်သူက မနည်းကြီး ကွယ်ကာရသောကြောင့် အသက်ချမ်းသာရာ ရရှာလေသတည်း ။

ထို့နောက် တင်မောင်ကို မမြင်ကြရသောအခါ ရပ်သူရွာသားများသည် သို့လော သို့လော အမျိုးမျိုး ထင်မြင် ပြောဆိုကြလေ၏ ။ ဆရာ ကိုအုန်းဘေသည်ကား မစဉ်းစားတတ်အောင် ရှိနေသော အမူအရာနှင့်သာ နေရှာလေတော့သတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၃ )

No comments:

Post a Comment