❝ အဖြူရောင် တိမ်လေးတစ်မျှင် ❞
( အေထူးအောင် - အဏ္ဏဝါ )
ညီလေးသည် မြောင်းထဲတွင် ဖောင်ကလေးတစ်ခု ။ ဝဝကစ်ကစ် ညီလေး တခစ်ခစ် ရယ်နေလျှင် ကိုကို အလွန်ပျော်သည် ။ ညီလေးရယ်ဖို့ ကိုကို ဘာမဆို လုပ်ပေးချင်ပါသည် ။ ယခုအခါ ညီလေးသည် ဖောင်ကလေးတစ်ခု ဖြစ်ပါသည် ။ သို့သော် တခစ်ခစ် ရယ်နေလျက် လှုပ်ရွနေသောဖောင်ညီကလေးသာ ဖြစ်ပါသည် ။
••••• ••••• •••••
မေမေသည် ညီလေး၏ မေမေ ဖြစ်သည်ဟု ကိုကို ထင်ပါသည် ။ ဖေဖေသည်လည်း ညီလေး၏ ဖေဖေဖြစ်မည်ဟု ကိုကို ထင်ပါသည် ။ ဘွားဘွားကမူ ညီလေး၏ ဘွားဘွား မဟုတ်သည်မှာ သေချာပါသည် ။ ကိုကိုသည် ဘွားဘွား ဆိုသော အဘွားကြီး ညီလေးကို ချီမှာ သိပ်ကြောက်ပါသည် ။ သူ ချီလျှင် ညီလေး အရမ်းငိုပါသည် ။ ညီလေး ငိုသည်ကို ကိုကို မကြိုက်ပါ ။ ထို့ကြောင့် ညီလေးကို ကိုကို့လက်ထဲတွင်သာ အမြဲ ချီထားချင်ပါသည် ။ ဘွားဘွား မသိအောင် ညီလေးကို တိတ်တိတ်လေး ခေါ်လာရသည်ကို ကိုကို အရမ်းပျော်ပါသည် ။ ညီလေးသည် သည်နေ့တွင် ကိုကို့အတွက် ဖောင်ကလေးတစ်ခု ဖြစ်ပါသည် ။ မနက်ဖြန်တွင်မူ ငှက်လေးတစ်ကောင် ၊ အရုပ်လေးတစ်ခု ၊ တွန်းလှည်းလေးတစ်ခု စသဖြင့် ညီလေး ရယ်အောင် ကိုကို တစ်ခုခု ဖြစ်စေမည် ဖြစ်ပါသည် ။ ဖောင်ကလေးသည် ရေပေါ်တွင် လှုပ်လှုပ်ကလေး ဖြစ်ပါသည် ။ ဘယ်ညာသို့ တလှုပ်လှုပ်ယိမ်းခါနေပါသည် ။ အသံလည်း တခစ်ခစ် ထွက်ပါသည် ။ ရေမြောင်းလေးထဲက ဖောင်လေး ရယ်သည့်အခါ ကိုကိုပါ လိုက်ရယ်မိပါသည် ။ ဒူးခေါင်းမှ ရေများ ခါးနားသို့ ရောက်သည့်တိုင် ညီလေးကို ဆက်ပြီး တွန်းသွားပါသည် ။
“ ဟေ့ဟေ့ လာကြပါဦး ၊ ဒီမှာ ကလေးတွေ ရေနစ်နေပြီဟ ”
စူးစူးဝါးဝါး အသံများကို ကိုကို ကြားလိုက်ပါသည် ။ ထို့နောက် ကိုကိုနှင့် ညီလေးတို့ ရှိရာ ရေမြောင်းထဲသို့ လူများ အတင်းဆင်းပြေးလာကြပါသည် ။ သူတို့သည် ညီလေးကို ကိုကို့လက်ထဲမှ အတင်းလုယူသွားပါသည် ။ ညီလေးသည် ကိုကို့လက်ထဲမှ လွှတ်သွားသောအခါ ဗြဲ ဗြဲ အော်ငိုပါသည် ။ ညီလေး ငိုသောအခါ ကိုကိုပါ လိုက်ငို မိပါသည် ။ လူအုပ်ထဲမှ လူ အချို့သည် ကိုကို့ လက်ကို အတင်းဆွဲ ခေါ်ပါသည် ။ ကိုကိုသည် သူတို့နှင့် မလိုက် ချင်သောကြောင့် ပေကတ်ပြီး နေပါသည် ။ သို့သော် သူတို့သည် ကိုကို့ထက် အား ကောင်းကြပါသည် ။ ကိုကို့ ခန္ဓာကိုယ်လေးသည် မြေကြီးပေါ်တွင် တရွတ်တိုက် ပါသွားပါသည် ။ တခစ်ခစ်ရယ် နေသော ဖောင်ကလေး မရှိတော့ပါ ။ ငြိမ်သက်နေသော မြောင်းရေအေးအေးသည် ထိုလူအုပ်ကြီးကြောင့် နောက်ကျိသွားပြီ ဖြစ်ပါသည် ။
••••• ••••• •••••
ဘွားဘွားသည် ညီလေးကို အနှီးများဖြင့် ထုပ်ပိုးထားပါသည် ။ ညီလေးကို ကိုကိုကြည့်ပြီး သနားပါသည် ။ ညီလေးသည် အနှီးထုပ်လေးထဲတွင် အဆက်မပြတ် အော်ငိုလျက် ရှိပါသည် ။ ရေစိုနေသော အဝတ်တို့ကို မလဲမိသေးဘဲ ညီလေး နားတွင် ကိုကို လာထိုင်ပြီး စောင့်ကြည့်ပေးနေမိပါသည် ။
“ သွား သွား ... နောက် ညီလေးကို ဘယ်တော့မှ မချီနဲ့တော့ ”
ဘွားဘွားသည် ကိုကို့ကို အတင်း မောင်းထုတ်ပါသည် ။ ကိုကို အနောက်သို့ တဖြည်းဖြည်း ဆုတ်ပြီး အခန်းထောင့်နားမှာ သွားကပ်နေလိုက်ပါသည် ။ အေးနေသော ရေစိုအဝတ်တို့ကြောင့် ကိုကို့ တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ခါနေပါသည် ။ ဖေဖေနှင့် မေမေတို့ ပြန်လာသည်အထိ ကိုကို သည်နားတွင်ပဲ ရပ်နေမည်ဖြစ်ပါသည် ။ ညီလေးကို ဘွားဘွား တစ်ယောက်တည်းနှင့် လုံးဝ စိတ်မချသောကြောင့်မလှမ်းမကမ်းမှ စောင့်ကြည့် နေမည်ဖြစ်ပါသည် ။ အိမ်ရှေ့တွင် လှုပ်လှုပ်ရှားရှားအသံ များ ကြားရပါပြီ ။ ဖေဖေနှင့် မေမေတို့ ပြန်လာပြီထင်ပါသည် ။ သည်နေ့တွင် သူတို့ ပြန်လာတာ တော်တော်စောသည်ဟု ကိုကို ထင်ပါသည် ။ မေမေသည် အိမ်ပေါ်သို့ ကမန်းကတန်း ပြေးတက် လာပါသည် ။ ဖေဖေလည်း နောက်က အလောတကြီး ပြေးတက်လာသည်ကို ကိုကို သတိထားမိပါသည် ။ မေမေသည် ညီလေးကို ပြေးပွေ့ချီကာ ငိုပါသည် ။ ဖေဖေသည် ညီလေးနားတွင် ကပ်ကာ တဖွဖွ စုတ်သပ်သလို ချော့နေပါသည် ။ ဖေဖေနှင့် မေမေတို့ ကိုကို့ကို မတွေ့ သေးပါ ။ ကိုကိုသည် ဖေဖေတို့ ပြန်လာပြီဖြစ်သောကြောင့် ညီလေးကို စိတ်ချသွားပြီ ဖြစ်ပါသည် ။ ထို့ကြောင့် အဝတ်သွားလဲရန် ဟန်ပြင်ထ,သည့် အခါ ဖေဖေသည် ကိုကို့ကို သတိထားမိသွားပါသည် ။ ဖေဖေသည် ကိုကို့နားသို့ ဒေါကြီးမောကြီးနှင့် လာပါသည် ။ ကိုကို့နား ရောက်သောအခါ ကိုကို့နားရင်းကို ဖြောင်းခနဲ မြည်အောင် ရိုက်ချလိုက်ပါသည် ။ ကိုကို အော်ငိုပါသည် ။ မေမေသည် ကိုကို အော်ငိုသည်ကို မကြားဘူး ထင်ပါ သည် ။ ညီလေးကိုသာ ချော့မြှူသီချင်းဆိုသိပ်နေပါသည် ။
“ နောက်နှစ်ထိ စောင့်မနေနဲ့ ကြည်ပြာ ၊ မနက်ဖြန်ပဲ သူ့ကို မူကြိုပို့လိုက်တော့ ”
ဖေဖေပြောသော စကားတို့ကို ကိုကို နားမလည်ပါ ။ နားရင်းတွင် တဖျဉ်းဖျဉ်း နာကျင်နေသည်ကိုသာ ကိုကို သိပါသည် ။ ကိုကို့ကိုယ်လေးသည် ကြောက်လွန်း၍ တဆတ်ဆတ်တုန်ခါလျက် ရှိပါသည် ။
••••• ••••• •••••
ခုတလော ကိုကို မပျော်ရွှင်ပါ ။ ညီလေးကို အရမ်း လွမ်းပါသည် ။ မနက် အိပ်ရာထ , သည်နှင့် ကိုကိုသည် ညီလေးကို ကြာအောင် မတွေ့ရပါ ။ ဖေဖေ မောင်းသော ကားပေါ်သို့ တက်ပြီး မူကြိုဟု သူတို့ ခေါ်သည့် အိမ်တစ်အိမ်ကို သွားရပါသည် ။ မူကြိုတွင် ကိုကိုနှင့် ရွယ်တူလေး တွေရှိပါသည် ။ သို့သော် သူတို့ကို ကိုကို မခင်ပါ ။ တစ်နေ့လုံး ညီလေးကိုသာ ကိုကို သတိရနေပါသည် ။ ဖေဖေ အလုပ်သွား ၊ မေမေကျောင်းသွားလျှင် ညီလေးသည် ဘွားဘွား ဟု ဆိုသည့် အဘွားကြီးနှင့် ကျန်ရစ်နေခဲ့ပါသည် ။ ညီလေးသည် အဘွားကြီးလက်ပေါ်တွင် အမြဲတမ်း ငိုတတ်သည်ကို ကိုကို သိပါသည် ။ သို့သော် ဖေဖေနှင့် မေမေတို့ မသိပါ ။ တကယ်တော့ ဖေဖေ ခေါ်ခိုင်းသောကြောင့် အဘွားကြီးကို ဘွားဘွားဟု ခေါ်ရခြင်းဖြစ်ပါသည် ။ ကိုကို မခေါ်ချင်ပါ ။ ကိုကို့ တကယ့်ဘွားဘွားသည် ဤအဘွားကြီး မဟုတ် ပါ ။ တွေးရင်း တွေးရင်း ကိုကို ဘွားလေးကို သတိရလာပါသည် ။ ဤအဘွားကြီး မလာခင်က ဘွားလေးသည် ကိုကိုတို့ အိမ်တွင် နေခဲ့ပါသည် ။ သို့သော် ဤအဘွားကြီးလို ညီလေးကို ငိုအောင် မထားတတ်ပါ ။ ဘွားလေး လက်ထဲတွင် ညီလေး အလွန်ပျော်ခဲ့ပါသည် ။ ဘွားလေးသည် ညီလေးကို ထိန်းရင်း ကိုကို့ကိုပါ မုန့်တွေ အမြဲ ဝယ် ကျွေးတတ်ပါသည် ။ လမ်းတွင် အော်ရောင်းသည့် ဈေးသည် မှန်သမျှကို ကိုကို စားချင်လျှင် ဘွားလေးက ချက်ချင်း ဝယ်ကျွေးတတ်ပါသည် ။ သို့သော် ဘွားလေးသည် အိမ်တွင်ကြာကြာ မနေခဲ့ပါ ။ ဤသည်ကို ကိုကို စိတ်ဆိုးပါသည် ။ လေးထောင့်သေတ္တာရှည်ကြီးထဲတွင် ဝင်အိပ်ပြီး တစ်ခါမှ ပြန်မလာသည်ကို ကိုကို ဒေါသထွက်ပါသည် ။ ဘွားလေးသည် အရမ်းအိပ် ချင်လျှင် ကိုကိုတို့ အိမ်မှာ အကြိုက် အိပ်လို့ရပါသည် ။ ထိုသေတ္တာကြီးထဲ ဝင်အိပ် စရာ မလိုပါ ။ သို့သော် ဘွားလေး ကိုယ်တိုင်က ထို သေတ္တာကြီးထဲတွင် အိပ်ရ သည်ကို ကြိုက်သည်ထင်ပါ သည် ။ ဘွားလေး အိပ်ချင် အောင်လုပ်သော ထိုသေတ္တာ ကြီးကိုလည်း ကိုကို အလွန် မုန်းတီးမိပါသည် ။
ဘွားလေး ပြန်မလာသည့်အခါ ဤအဘွားကြီး ရောက်လာပါသည် ။ သို့သော် ဤအဘွားကြီးသည် ဘွားလေးလောက် ချစ်ဖို့ မကောင်းပါ ။ ကိုကို့ကို အချိန်တိုင်း ဆူပါသည် ။ မုန့်တွေလည်း ဝယ်မကျွေးပါ ။ ဖေဖေနှင့် မေမေ ပေးခဲ့သော ပိုက်ဆံများကို မုန့် မဝယ်ကျွေးဘဲ သူ့ခါးထဲက အိတ်လေးထဲ ထည့်ထည့် ထားတတ်ပါသည် ။ ကိုကိုက မေမေ့ကို ထိုအကြောင်း ပြန်ပြောပါသည် ။ ထိုအခါ မေမေက ဘွားဘွားကို တစ်ခုခု ပြန်မေးပါသည် ။ ဘွားဘွားသည် ကိုကို့ကို တစ်ချက် စွေကြည့်ပြီး မေမေ့ကို တစ်ခုခု ပြန်ပြောပါသည် ။ ပြီးတော့ သူတို့ တွေ တဟားဟား ရယ်ကြပါ သည် ။ နောက်နေ့တွင် ဘွား ဘွားသည် ကိုကို့ ဗိုက်ကြော ကို အတင်းလိမ်ဆွဲပါသည် ။ နောက်တစ်ခါ တစ်ခုခုပြန်တိုင်ပြောလျှင် အသေသ,တ် မည်ဟု ကြိမ်းဝါးပါသည် ။ ကိုကို ဘွားဘွားကို ကြောက် ပါသည် ။ ဘွားဘွား၏ မျက် နှာကြီးသည် ကိုက်စားတော့ မည့် စုန်းမကြီးနှင့် တူပါ သည် ။
နောက်နေ့များတွင် ကိုကို မုန့်မစားရသော်လည်း မေမေ့ကို ပြန်မပြောတော့ပါ ။ မုန့်မစားရသည်ထက် ဗိုက်ကြောအလိမ်မခံရဖို့က ပို အရေးကြီးပါသည် ။ ညီလေး ကိုတော့ ဘွားဘွားက ဗိုက်ကြောလိမ်မဆွဲပါ ။ သို့သော် တစ်ခါတလေ ညီလေး တအား ငိုလျှင် ဘွားဘွားက မချော့ဘဲ ညီလေး၏ ကျောကုန်းကို လက်ဝါးကြီးနှင့် ဖြန်းခနဲရိုက်ပါသည် ။ ထိုအခါ ညီလေးသည် အသံပျောက်သွားသည်ထိ ငိုပါတော့သည် ။ ထိုအခါမျိုးတွင် ဘွားဘွားကို ကိုကို တစ်ခုခုနှင့် ပြန်ရိုက်ပစ်လိုက်ချင်ပါသည် ။
“ ထူးသာ ဘာငိုင်နေတာလဲ ၊ သွား အရုပ်သွားဆက်စမ်း ”
ဆရာမ ဟူသည့် မိန်းမကြီးကိုလည်း ကိုကို မုန်းပါသည် ။ ကိုကို တစ်ခုခု စဉ်းစားတိုင်း သူက ရောက်ရောက်လာတတ်ပြီး ထိုသို့ အမြဲ လာလာဆူပါသည် ။ သူ ပြောသည့် အရုပ်များကိုလည်း ကိုကို မုန်းပါသည် ။ လေးထောင့်တုံးများကို ပြန့် ကျဲအောင်လုပ်ဖွပြီး ကိုကို တို့ကို ပြန်ဆက်ခိုင်းပါသည် ။ ကိုကို မကြိုက်ပါ ။ အစကတည်းက မဖွဘဲ ထားလျှင် ပြန်ဆက်စရာ မလိုပါ ။ တော်တော် အလုပ်ရှာသည့် မိန်းမကြီး ဖြစ်ပါသည် ။
မူကြိုရှေ့က ဖေဖေ့ကားကို ကိုကို မျှော်နေမိပါသည် ။ ဖေဖေ လာလျှင် ကိုကို အိမ် ပြန်ရပါသည် ။ ညီလေးကို ခဏ တွေ့ရပါသည် ။ သို့သော် အရင်တုန်းကလောက်တော့ ညီလေးကို ကြာကြာဖက်ထားခွင့် မရတော့ပါ ။ မူကြိုက မိန်းမကြီး ပေးသည့် စာအုပ်ပေါ်တွင် ဂေါ်လီလုံးလို အဝိုင်းများကို အကြာကြီး ရေးရပါသည် ။ ကိုကို မရေး ချင်ပါ ။ ကိုကိုသည် ညီလေး နှင့်သာ ဆော့ချင်ပါသည် ။ သို့သော် ဖေဖေနှင့် မေမေက ပေးမဆော့တော့သဖြင့် ကိုကို စိတ်ညစ်ပါသည် ။
ညဘက်များတွင်တော့ ဘွားဘွား မရှိပါ ။ ဖေဖေနှင့် မေမေသည် ညီလေးကို သူ တို့နှင့် အတူ ထားပြီး အိပ်ပါ သည် ။ ကိုကို့ အခန်းသည် သူတို့ အခန်းနှင့် ကပ်လျက် ဖြစ်ပါသည် ။ ထို့ကြောင့် ည သန်းခေါင် ကိုကို တစ်ရေးနိုး လျှင် ထိုအခန်းသို့ သွားပြီး ညီလေးကို ခိုးခိုးကြည့်ပါသည် ။ တခေါခေါ အိပ်ပျော်နေသော မေမေနှင့် ဖေဖေ သည် ကိုကို့ကို သတိမထား မိကြပါ ။ ထို့ကြောင့် တော်ပါ သေးသည် ။ ညီလေးကို အကြာကြီး ထိုင်ကြည့်ပြီး နောက်တစ်ခါ ပြန်အိပ်ချင်မှ ကိုကို အခန်းကို ပြန်ပြီး အိပ် ပါသည် ။ နေ့ဘက်များတွင် ညီလေးနှင့် ခွဲနေရသော ကိုကို့ အတွက် တစ်ရေးနိုးအချိန်သာ ညီလေးကို အားရပါးရ ကြည့်လို့ရခြင်း ဖြစ်ပါသည် ။ နှုတ်ခမ်းစူစူ ၊ ပါးဖောင်းဖောင်း ညီလေးကို ကိုကို တုန်နေအောင် ချစ်ပါသည် ။
••••• ••••• •••••
ခုရက်ပိုင်း ညီလေး၏ ပါးဖောင်းဖောင်းလေးတွေ တဖြည်းဖြည်း ပိန်လာသည်ဟု ကိုကို ထင်ပါသည် ။ ဘွားလေးတုန်းကလို ဘွားဘွား သည် ညီလေးကို နို့မှုန့်လည်း မှန်မှန် မတိုက်ဘဲ ဘေးအိမ်က အဘိုးကြီးနှင့်သာ စကားတွေ များနေပါသည် ။ ဤသည်ကို ကိုကို သိသော်လည်း မေမေ့ကို ပြန်မပြောရသေးပါ ။ ဗိုက်ဆာတိုင်း နို့မသောက်ရသော ကြောင့် ညီလေး ပိန်သွားတာ ဖြစ်နိုင်ပါသည် ။ ခုနောက်ပိုင်း ဘွားဘွားနှင့်လည်း မတွေ့ရတော့သောကြောင့် ဘွားဘွားကို မကြောက်တော့ပါ ။ ဘွားဘွားသည် မူကြိုထိ ကိုကို့ကို ဗိုက်ခေါက်လာဆွဲမည်ဟု မထင်ပါ ။ ထို့ကြောင့် မေမေ့ကို ညီလေး နို့မသောက်ရသည့်အကြောင်း ပြောပြရမည်ဖြစ်ပါသည် ။ ဖေဖေ့ကိုတော့ ကိုကို ပြောလို့ မဖြစ်ပါ ။ ဖေဖေသည် ဘွားဘွားကို ခေါ်လာခဲ့သူ ဖြစ်ပါသည် ။ ဘွားဘွား အကြောင်း မကောင်း ပြောသည်ကို ဖေဖေ လုံးဝ မကြိုက်ပါ ။ မေမေ့ကိုလည်း ဖေဖေ မသိအောင် ခိုးပြောရမည် ဖြစ်ပါသည် ။
••••• ••••• •••••
ကိုကို သည်နေ့ မူကြို မသွားရပါ ။ ဆရာမက မနေ့ က ပိတ်သည်ဟု ပြောလိုက် ပါသည် ။ ထို့ကြောင့် ကိုကို အလွန်ပျော်ပါသည် ။ ညီလေးနှင့် ကိုကို တစ်နေကုန် နေရတော့မည် ဖြစ်ပါသည် ။ သို့သော် ဘွားဘွားကြီးနှင့်အတူ ရှိနေသည်ကိုတော့ ကြောက်ပါသည် ။ မနေ့ညနေက ဘွားဘွား အကြောင်းကို မေမေ့ကို ပြောထားပါသည် ။ သူ ပြန်သိလျှင် ကိုကို့ကို ဗိုက်ကြောတွေ ဆွဲလိမ်တော့မည် ဖြစ်ပါသည် ။ သူ မသိပါစေနှင့်ဟု ကိုကို စိတ်ထဲ ကျိတ်ကာ ဆုတောင်းနေမိပါသည် ။
“ အကြီးကောင် ငြိမ်ငြိမ်နေနော် ၊ ပေါက်ကရ လုပ်ရင် ရိုက်မှာနော် ”
မေမေနှင့် ဖေဖေ အပြင် မသွားမီ ကိုကို့ကို ထိုသို့ပြော ပါသည် ။ ကိုကို ခေါင်းညိတ် လိုက်ပါသည် ။ ပြီး ဘွားဘွားကို ဖေဖေက တစ်ခုခု ပြောနေပါသေးသည် ။ ဖေဖေ ပြောသည့်စကားတို့ကို ခေါင်းတညိတ်ညိတ် နားထောင်ချင် ယောင်ဆောင်သော ဘွားဘွားကို ကိုကို အရမ်းမုန်းပါသည် ။ ရှေ့တွင် ပြောသမျှ နားထောင်ပြပြီး နောက်ကွယ်ရာတွင်မူ လုပ်ချင်ရာ လုပ်နေသော အဘွားကြီးဖြစ်ပါသည် ။ ဘွားဘွားသည် ဖေဖေနှင့် စကားပြောနေရင်း ကိုကို့ ဘက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေပါသည် ။ ဘာတွေ ပြောနေကြသည်လဲ ကိုကို မသိပါ ။ ကိုကို့အကြောင်း ပြောနေသည်ဟု ထင်ပါသည် ။ ကိုကို ကြောက်ပါသည် ။ ဘွားဘွား ကိုကို့ကို ဗိုက် ခေါက်တွေ လိမ်ဆွဲတော့မည် ဆိုလျှင် ထိုသို့ ကြည့်တတ်ပါသည် ။ မဟုတ်ပါစေနှင့်ဟု စိတ်ထဲ ဆုတောင်းနေမိပါ သည် ။
ဖေဖေနှင့် မေမေသည် ပြင်စရာရှိသည်တို့ကို ပြင်ပြီး သွားသည့်အခါ ကားပေါ် တက်၍ အိမ်မှ ထွက်သွားပါသည် ။ ညီလေးကို ပုခက်ထဲတွင် ချော့သိပ်ခဲ့ပါသည် ။ ခြံတံခါးကို လိုက်ပိတ်ပေးပြီး ဘွားဘွား အိမ်ထဲ ပြန်ဝင်လာပါသည် ။ ကိုကို ဘွားဘွား မျက်နှာကို မကြည့်ပါ ။ အိပ်နေသော ညီလေး၏ ဘေးတွင်သာ ထိုင်ပြီး ပုခက်ကို လှုပ်လွှဲပေးနေမိပါသည် ။ အိပ်ပျော်နေသော ညီလေးမှာ သိပ်ချစ်စရာကောင်းပါသည် ။ ပါးကလေးများ ပိန်လိုက် ဖောင်းလိုက်နှင့် အသက်ရှူနေပုံမှာ အရုပ်လေးတစ်ရုပ်လိုသာ ဖြစ်ပါသည် ။
“ အကြီးကောင် ...”
နောက်မှ ရုတ်တရက် ထွက်လာသော အသံကြောင့် ကိုကို့ကိုယ်လေး ဆတ်ခနဲ တုန်သွားပါသည် ။ ဘွားဘွား၏ အသံသည် ဘီလူးမကြီးလို ကြောက်စရာကောင်းလှ ပါသည် ။
“ ညီလေးကို ခဏကြည့်ထား ၊ ငါ ဈေးသွားဝယ်ရဦးမယ် ၊ ကြားလား ...”
လေသံက မာထန်ပြီး ကြောက်စရာကြီးဖြစ်ပါသည် ။ ဘွားဘွားတွင် အသံနှစ်မျိုး ရှိပါသည် ။ မေမေတို့ ၊ ဖေဖေတို့ ရှေ့ဆိုလျှင် သူ့လေသံက ပျော့ပျော့လေး ဖြစ်ပါသည် ။ မရှိလျှင်မူ အခုလို မာမာကြီးဖြစ်ပါသည် ။ တော်ပါသေးသည် ။ ဘွားဘွားသည် ကိုကို မေမေ့ကို ပြောထားသောကိစ္စ မသိသေးဘူး ထင်ပါသည် ။ ကိုကို့ကို ဗိုက် ခေါက်လိမ်မဆွဲပါ ။ ဈေးသွားတော့မည် ပြောပါသည် ။ ကိုကို သိပါသည် ။ ဈေးသွားသည်က နည်းနည်း ။ ဘေးအိမ်က အဘိုးကြီးနှင့် စကားများသည်က များများဖြစ်ပါသည် ။ သို့သော် ကောင်းပါသည် ။ သူ မရှိလျှင် ကိုကိုသည် ညီလေး ဘေးနားတွင် ညီလေးကို တဝကြီး အားရပါးရ ချစ်လို့ရပါသည် ။ ညီလေး အိပ်ရာနိုးလာလျှင် ညီလေး ပျော်အောင် ကိုကို တစ်ခုခု လုပ်ပေးဦးမည်ဖြစ်ပါသည် ။ ဈေးက တစ်သက်လုံး ပြန်မလာလျှင် ပိုလို့တောင် ကောင်းပါသေးသည် ။
••••• ••••• •••••
“ အင့် …. ”
ညီလေး အိပ်ပျော်နေသည်ကို ကြည့်ရင်း ကိုကိုပါ အိပ်ပျော်သွားမိပါသည် ။ ခု ညီလေးထ,မှပဲ ကိုကို လန့်နိုးပါတော့သည် ။ ကိုကို ဆတ် ခနဲ ကောက်ထ လိုက်ပါသည် ။ ညီလေးကို ပုခက်ထဲမှ ထုတ်ပြီး ကိုကို တတ်သော သီချင်းလေးများနှင့် ချော့ မြှူလိုက်ပါသည် ။ သို့သော် ညီလေးသည် ဘာဖြစ်သည် လဲ မသိပါ ။ ကိုကို့ ကိုယ်ပေါ် တွင် နေနေရင်းက တဗြဲဗြဲ ငိုနေပြန်ပါသည် ။ ညီလေး ငိုသည်ကို ကိုကို မကြည့်ရက်ပါ ။ ထို့ကြောင့် ညီလေးကို ကုပ်ပေါ်တင်ပြီး မြင်းလိုလုပ် စီးခိုင်းကာ အိမ်ထဲပတ်ပြေးပါသည် ။
“ မြင်းကြီးစီးမယ်ဟေ့ တစ်ကလုတ် တစ်ကလုတ် ... ရို့ရို့ ”
သည်နေ့ ညီလေး ဘာဖြစ်သည်လဲ မသိပါ ။ ကိုကို နှင့် နေနေရသော်လည်း တဗြဲဗြဲ သာ အော်ငိုနေပါသည် ။ ထို့ကြောင့် ညီလေးကို ကုပ်ပေါ် မှပြန်ချပြီး ပုခက်ထဲ ပြန်ထည့်ကာ လွှဲပေးနေမိပါသည် ။ ဘွားဘွားကို ကိုကို မျှော်နေမိပါသည် ။ ခုထိ ပြန်မလာသေးပါ ။ သူ ပြန်လာလျှင် ညီလေး ဘာကြောင့် ငိုသည်ကို သိနိုင်လောက်မည် ထင်ပါသည် ။ မနက်ကတည်းက ထွက်သွားသည်မှာ နေ့လယ်သို့ပင် ရောက်တော့မည် ဖြစ် ပါသည် ။ ဗိုက်တွေလည်း ဆာလှပြီ ဖြစ်ပါသည် ။ ဪ .. သိပါပြီ ။ ညီလေး လည်း ဗိုက်ဆာသောကြောင့် ငိုနေသည် ဖြစ်ပါမည် ။ ကိုကို မီးဖိုထဲ ပြေးသွားလိုက်ပါသည် ။ နို့ဘူးထားသော နေရာကို ကိုကိုသိပါသည် ။ နို့ဘူးကို ယူပြီး ညီလေးဆီကို အမြန်ပြန်လာပါသည် ။ ထို့နောက် ပုခက်ထဲမှ ပြန်ထုတ်ပြီး ညီလေးကို ရင်ခွင်မှာ ပိုက်လိုက်ပါသည် ။ နို့ဘူးကို ကိုင်ပြီး ညီလေးကို တိုက်ပါသည် ။ အဲ့ခနဲ တစ်ချက်အသံ ထွက်လာပြီး ညီလေးသည် နို့ဘူးကို အငမ်းမရ စို့ပါသည် ။ အခု ညီလေး မငိုတော့ပါ ။ နို့ဘူးလေးကိုသာ တပြွတ်ပြွတ် စို့နေပါပြီ ။ ကိုကို အလွန် ပျော်ပါသည် ။
••••• ••••• •••••
တော်တော်ဆိုးသော အဘွားကြီးဖြစ်ပါသည် ။ ဈေးသွားမည်ဆိုပြီး ခုထိ ပြန်မလာ သေးပါ ။ ဘေးက အဘိုးကြီး အိမ်ကို ရောက်နေပြီထင်ပါသည် ။ ညီလေးကို နို့တိုက်ပြီးပါပြီ ။ ပုခက်ထဲတွင် ပြန်သိပ် လိုက်ပါပြီ ။ ညီလေး ပြန်အိပ် ပျော်သွားပြီ ဖြစ်ပါသည် ။ ကိုကို ဗိုက်ဆာလာပါသည် ။ ထို့ကြောင့် မီးဖိုချောင်ထဲကို သွားလိုက်ပါသည် ။ ထမင်းစားပွဲပေါ် အုပ်ဆောင်းအောက် တွင် မေမေ စားစရာတွေ ထားခဲ့ပါသည် ။ တကယ်ဆို ဘွားဘွားက ကိုကို စားဖို့ ပြင်ဆင်ပြီးမှသာ စားရပါသည် ။ ကိုယ့်ဘာသာ စားတာကို မေမေတို့ မကြိုက်ပါ ။ အခုမူ ဘွားဘွားကို မစောင့်နိုင်တော့သောကြောင့် ကိုယ်တိုင်ပဲ ခူးခပ်စားလိုက်ပါသည် ။ ဘာမှ ခက်သည် မဟုတ်ပါ ။ ပန်းကန်စင်ပေါ်က ပန်းကန် တစ်ချပ်ယူပြီး ထမင်းနှင့် ဟင်းကို ထည့်စားလိုက်ရုံ သာဖြစ်ပါသည် ။ ဘာကြောင့် ဘွားဘွား ပြင်ပေးပြီးမှ စားခိုင်းသည်လည်း ဆိုသည်ကို ကိုကို နားမလည်ပါ ။
ထမင်း စားနေရင်း ကိုကို တွေးနေမိပါသည် ။ ဘွားဘွားသာ အခုလို အမြဲတမ်း အိမ်မှာ မရှိတော့လျှင် သိပ်ကို ကောင်းမည်ဖြစ်ပါ သည် ။ ညီလေးကို ကိုကို ထိန်းနိုင်ပါသည် ။ ကိုကို တစ်ယောက်တည်း စောင့်ရှောက်နိုင်ပါသည် ။ ဘွားဘွားကို မလိုပါ ။ သို့သော် ဖေဖေက ဘွားဘွားမှ ဘွားဘွား ဖြစ်နေသည်က ခက်ပါသည် ။ ဘွားဘွားကြောင့် ညီလေး ဒုက္ခရောက်နေရသည်ကို ဖေဖေက ဘာကြောင့် မသိရသည်ကိုလည်း ကိုကို စိတ်တိုပါသည် ။ ကိုကို စဉ်းစားပါ သည် ။ မူကြိုတွင် အရုပ်ဆက်သည်ကပင် လွယ်ပါဦးမည် ။ ဘွားဘွား အိမ်မှာ မရှိတော့အောင် မည်သို့ လုပ်ရမည်ကို စဉ်းစားရသည်ကမူ တော်တော်ခက်ပါသည် ။ ကိုကို ခေါင်းတွေ မူးလာပါသည် ။ ထမင်းကိုပဲ ကုန်အောင် ဆက်စားလိုက်ပါသည် ။ ထို့နောက် ပန်းကန်ကို ဘေစင်တွင် ဆေးပြီး သူ့နေရာတကျ ပြန်ထားလိုက်ပါသည် ။
ထမင်းစားပြီး တစ်ခုခု ထပ်စားချင်လာပါသည် ။ မေမေတို့ မရှိတုန်း ရေခဲသေတ္တာအပေါ်ထပ်က ချောကလက် ရေခဲမှုန့်ကို စားရင် ကောင်းမယ်ဟု ကိုကို စဉ်းစားမိပါသည် ။ မေမေတို့ ရှိလျှင် တစ်ပတ်လုံးနေမှ တစ်ခါ နှစ်ခါပဲ စားခိုင်းသော ချောကလက်ရေခဲမှုန့်ကို ကိုကို သိပ်ကြိုက်ပါသည် ။ ဘွားဘွား ပြန်မလာတုန်း လေး စားထားမှဖြစ်ပါမည် ။ သို့မဟုတ်လျှင် ဘွားဘွား ပြန် တိုင်ပြောပါက ကိုကို အရိုက် ခံရမည်ဖြစ်ပါသည် ။
ရေခဲသေတ္တာအပေါ်ထပ်က ကိုကို့ အရပ်နှင့် မမီပါ ။ ထို့ကြောင့် ကိုကို့အခန်းထဲက ခုံပုကလေးကို ပြန်ယူရပါသည် ။ ခုံပုကလေးကို ခုပြီးမှသာ ကိုကို မီပါသည် ။ ရေခဲမှုန့်ကို ကိုကို ယူလိုက်ပါသည် ။ ထို့နောက် ခွက်ထဲကလော်ထည့်ပြီး မြန်မြန်စားရပါသည် ။ ခိုးစားရသောကြောင့်လား မသိပါ ၊ ရေခဲမှုန့် သည် အေးစိမ့်ပြီး ချိုမြနေပါသည် ။ စားပြီးသောအခါ ရေခဲသေတ္တာကို ပြန်ပိတ်ပြီး ခုံပုကလေးကို အခန်းထဲ ပြန်ထည့်လိုက်ပါသည် ။ ထို့နောက် ညီလေးနားသို့ ပြန်ကာ ညီလေးကို စိုက်ပြီး ကြည့်နေမိပါသည် ။ ညီလေးသည် နို့ဝ,သွားသောကြောင့် ထင်ပါသည် ။ ပါးစပ်ထဲက လေလေး တဖူးဖူးမှုတ်ပြီး အားရပါးရ အိပ်ပျော်နေသည်မှာ အရုပ်ကြီးလို ချစ်စရာကြီး ဖြစ်ပါသည် ။ ညီလေးကိုသာ ကိုကို တစ်ယောက်တည်း ကြည့်ခွင့် ၊ ထိန်းခွင့်ရလျှင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲဟု ကိုကို တွေးမိပါသည် ။ ဘွားဘွား ရှိနေ၍ ကိုကို ညီလေးနားကို ကြာကြာ ကပ်ခွင့်မရခြင်း ဖြစ်ပါသည် ။ ဘွားဘွား မရှိအောင် ကိုကို တစ်ခုခု လုပ်ချင်ပါသည် ။ တကယ် ရှိစေချင်ခဲ့သော ဘွားလေးကျ မရှိဘဲ မရှိစေချင်သည့် ဘွားဘွားကျ ရှိနေသည်ကို ကိုကို သဘောမကျပါ ။ ဘွားဘွားသာ ဘွားလေးလို သေတ္တာရှည်ကြီးထဲ သွားအိပ်နေလျှင် သိပ်ကောင်းမည် ဖြစ်ပါသည် ။ ဘွားဘွားကို သေတ္တာရှည်ကြီးထဲ သွားအိပ်ခိုင်းလိုက်ပါဟု မေမေ့ကို ပြောပြလျှင် ကောင်းမည်ထင်ပါသည် ။ သို့သော် မဖြစ်နိုင်ပါ ။ ကိုကိုက ဘွားဘွား အကြောင်း မေမေ့ကို ပြောပြတိုင်း မေမေတို့က သေချာလည်း နားမထောင်ကြပါ ။ ထို့ကြောင့် ကိုကို စိတ်ညစ်နေခြင်းဖြစ်ပါသည် ။ သေတ္တာရှည်ထဲ ဘွားဘွားသွားအိပ်ဖို့ ကိုကို တစ်ခုခုတော့ လုပ်ပေးချင်မိပါသည် ။
ဪ ... သေတ္တာရှည် ဆိုမှ ကိုကို သတိရပါသည် ။ ဖေဖေ တစ်ခါတုန်းက ပြောခဲ့ဖူးသော စကားတစ်ခုကို ဖြစ်ပါသည် ။ ကိုကိုတို့ ထမင်းစားနေတုန်း ဖေဖေပြောခြင်း ဖြစ်ပါသည် ။
“ ကြောင်အိမ်ပေါ်က အဲဒီဘူးကို သွားမဆော့နဲ့နော် အကြီးကောင် ၊ သွားဆော့လို့ ဘူးထဲကဟာတွေ ပါးစပ်ထဲ ရောက်ရင် ဘွားလေးလို သေတ္တာရှည်ကြီးထဲ သွားအိပ်ရလိမ့်မယ် ၊ ကြားလား ”
ဘာကို ဆိုလိုမှန်း မသိ သော်လည်း သေတ္တာထဲတွင် အိပ်သည့် အကြောင်းတော့ ပါသည် ဆိုသည်ကို ကိုကို ပြန်သတိရပါပြီ ။ ထို့ကြောင့် ကိုကို မီးဖိုထဲ ပြေးသွားလိုက် ပါသည် ။ ကြောင်အိမ်ပေါ်ကို လှမ်းကြည့်လိုက်ပါသည် ။ တွေ့ပါပြီ ။ ဖေဖေပြောသောဘူး ။ ခုထိ ရှိနေပါသေးသည် ။ ဘူးထဲကဟာများသည် ဘာများလဲ ကိုကို မသိပါ ။ ဖေဖေ ပြောသည်ကတော့ ထိုဟာများ ပါးစပ်ထဲရောက်လျှင် သေတ္တာရှည်ကြီးထဲ ဝင်အိပ်ရသည်ဆိုသည့် အကြောင်းသာ ဖြစ်ပါသည် ။ ထို့ကြောင့် ကိုကို အကြံ တစ်ခုရပါသည် ။
သည်အကြံကိုမူ အရုပ်ဆက် သလောက်တောင် ခက်ခက် ခဲခဲ မစဉ်းစားဘဲ တွေးမိလိုက်ခြင်းဖြစ်ပါသည် ။
••••• ••••• •••••
ကြောင်အိမ်သည် တော် တော်မြင့်ပါသည် ။ ရေခဲ သေတ္တာအပေါ်ထပ် ထက်ကို ပိုမြင့်ပါသည် ။ ဘူးသည် ကြောင်အိမ်၏ အပေါ်ဆုံးထပ်တွင် ဖြစ်သည်မို့ ခုံပုကလေးဖြင့် မရတော့ပါ ။ ခုံကြီးကြီးကို ခု,မှသာ ရမည်ဖြစ်ပါသည် ။ ကိစ္စမရှိပါ ။ ထမင်းစား စားပွဲက ခုံကိုအောက်တွင် ထားပြီး အပေါ်က ခုံပုကလေးကို ထပ်ဆင့်လိုက်လျှင်တော့ ကိုကို့အရပ်နှင့် မီလောက်ပါသည် ။ ခုံပု ကလေးကို အခန်းထဲက ပြန် ယူလိုက်ပါသည် ။ ဘွားဘွား ကို အိပ်စေချင်သောကြောင့် သာ လုပ်နေရခြင်းဖြစ်ပါသည် ။ သွားလိုက် သယ်လိုက်နှင့် ပင်ပန်းပါသည် ။ ခုံအကြီးကြီးကို မ,ရသည်မှာ ပိုဆိုးပါသည် ။ ခုံအကြီးကြီးသည် အလေးကြီးဖြစ်ပါသည် ။ သို့သော် တရွတ် တိုက်ဆွဲပြီး ကြောင်အိမ်နားသို့ ရွှေ့လိုက်နိုင်ပါသည် ။ ခုံပုကလေးကို ခုံကြီးပေါ်တင်လိုက်ပါသည် ။ ကိုကို ချွေးများပင် ထွက်လာပါပြီ ။ မောလည်း မောပါသည် ။
အပေါ်ကို သတိထားပြီး တက်ရပါသည် ။ အရေးထဲ ခုံပုကလေးက လှုပ်တုတ်လှုပ်တုတ် ဖြစ်နေပါသည် ။ အငြိမ်မနေပါ ။ သို့သော် ကံ ကောင်းစွာပင် ခုံပုကလေး ပေါ်ကို ကိုကို ရောက်အောင် တက်လိုက်နိုင်ပါသည် ။ကြောင်အိမ်ပေါ်က ဘူးကို လှမ်းယူလိုက်ပါသည် ။
“ ကလုံးကလွမ်း .. ”
ဘူးသည် ကိုကို့လက် နှင့်ထိပြီး အောက်သို့ ပြုတ်ကျသွားပါသည် ။ ကောင်းပါသည် ။ ကိုကို ယူစရာပင်မလိုဘဲ အောက်သို့ကျသွားသည့်အတွက် ပိုလို့ပင် သက်သာပါသေးသည် ။ ကိုကို အောက်ကို ပြန်ဆင်းလိုက်ပါသည် ။ အဆင်းကမူ အတက်လောက် မခက်ပါ ။ လွယ်လွယ်လေး ဖြစ်ပါသည် ။
အောက်ကို ပြန်ရောက်သည့်အခါ ဘူးကို ကောက်ယူပြီး ကြည့်လိုက်ပါသည် ။ ဘူး ပေါ်တွင် အကောင်ပုံလေးများကို တွေ့ပါသည် ။ ကိုကိုတို့ မူကြိုက နံရံတွင် ကပ်ထားသော အကောင်ပုံလေးများနှင့်ပင် ခပ်ဆင်ဆင်တူပါသည် ။ ကြည့်ရသည်မှာ ကြွက်ပုံလေး ဖြစ်မည်ထင်ပါသည် ။ ပုရွက်ဆိတ်ပုံလေးလည်း ပါ,ပါသည် ။ တခြား အကောင်များ ကိုတော့ ကိုကို မသိပါ ။ ဘာ အကောင်များလဲ ဆိုသည်က အရေးမကြီးပါ ။ အရေးကြီးသည်က ဘွားဘွားပါးစပ်ထဲသို့ ဘူးထဲကဟာများ ထည့်ရန်ဖြစ်ပါသည် ။ ဘူးပေါ်တွင် ခလုတ်လေးတစ်ခု ရှိပါသည် ။ ဘာခလုတ်လေးလဲ ကိုကို မသိပါ ။ ထို့ကြောင့် နှိပ်ကြည့်လိုက်ပါသည် ။ ရှူးခနဲဆိုပြီး အငွေ့များထွက်လာပါသည် ။ ဖေဖေပြောသည့် ဘူးထဲက ဟာများ ဖြစ်မည်ထင်ပါသည် ။ အငွေ့များသည် သံပရာသီးနံ့လို မွှေးတေးတေးလေးဖြစ်ပါသည် ။
ဘွားဘွား ပါးစပ်ထဲ ရောက်အောင် ဘယ်လိုလုပ်ရမည်ကို ကိုကို စဉ်းစားမိပါပြီ ။ ဘွားဘွားသည် ထမင်းစား ပြီးတိုင်း သံပရာရည် သောက်တတ်ပါသည် ။ သူသောက်နေကျ သံပရာရည်ကို ရေခဲသေတ္တာထဲတွင် ထည့်ထားတတ်ပါသည် ။ ထိုသံပရာရည်ထဲသို့ ဘူးထဲက အငွေ့ များကို ဖျန်းထည့်ထားလိုက်မည်ဆိုလျှင် သူ့အလိုလိုရောက်သွားမည်ဖြစ်ပါသည် ။ ကိုကို ပျော်ပါသည် ။ ဘွားဘွားကို မကြာခင် သေတ္တာရှည်ကြီးထဲ အိပ်ခိုင်းရတော့မည် ဖြစ် သည့်အတွက် ကိုကို အလွန် ပျော်ပါသည် ။
ရေခဲသေတ္တာကို သွားဖွင့်ကာ ဘွားဘွား၏ သံပရာရည်ခွက်ကို ယူလာလိုက်ပါသည် ။ ထို့နောက် ဘူးက ခလုတ်လေးကို နှိပ်ပြီး အငွေ့ များကို ဖျန်းထည့်လိုက်ပါသည် ။ အငွေ့များ ဝင်သွားသော်လည်း သံပရာရည်ခွက် သည် ပြည့်မလာသောကြောင့် တော်ပါသေးသည် ။ အကယ်၍ ပြည့်သွားသော် ဘွားဘွားက သူ့သံပရာရည်ခွက်ကို ကိုင်သည်ဟု ဆိုကာ အဆူခံ ၊ ဗိုက်ကြော လိမ်ဆွဲခံထိဦး မည်ဖြစ်ပါသည် ။ ခုတော့ ဘွားဘွား မသိနိုင်လောက် တော့ပါ ။ ခွက်ကို ရေခဲ သေတ္တာထဲ ပြန်ထည့်လိုက် ပါသည် ။ ဘူးကို ကြောင်အိမ်ပေါ် ပြန်တင်ရပါဦးမည် ။ ဖေဖေ သိသွား၍ နားရင်းအုပ် ခံရမည်ကို ကိုကို သိပ်ကြောက်ပါသည် ။
ယူတုန်းကလိုပင် ပြန်ထားရသည်ကလည်း မလွယ်ပါ ။ ခုံပုလေးက လှုပ်လှုပ်နေသည်မို့ တက်ရ ခက်ပါသည် ။ သို့သော် ကိုကို မရ, ရအောင် တက်ပါသည် ။ ပင်ပန်းသည်က အရေးမကြီး ၊ ဖေဖေ မသိဖို့ကသာ အရေးကြီးပါသည် ။ ခုံပေါ်တက်ပြီး ဘူးကို ပြန်ထားလိုက်နိုင်မှသာ ကိုကို စိတ်အေးသွားပါသည် ။ ယခု အခါ ဘူးသည်လည်း ကြောင်အိမ်ပေါ်မှာ ၊ ခုံကြီးကြီးသည်လည်း ထမင်းစားပွဲမှာ ၊ ခုံပုကလေးသည်လည်း ကိုကို့ အခန်းထဲမှာ ။ အားလုံးကို နေရာတကျ ပြန်ထားပြီးပြီ ဖြစ်ပါသည် ။ ထို့ကြောင့် ညီလေးနားသို့ ပြန်သွားလိုက်ပါသည် ။ ညီလေးသည် ခုချိန်ထိ အိပ်နေဆဲ ဖြစ်ပါသည် ။
••••• ••••• •••••
“ အမယ်လေး အမယ်လေး ညီလေးကို ကြည့်ခိုင်းထားတာ သင်းက လာအိပ်နေတယ် ၊ ဟဲ့ အကြီးကောင် ၊ အကြီးကောင် ... ”
ညီလေးမျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး နောက်တစ်ခေါက် အိပ်ပျော်သွားသည် ထင်ပါသည် ။ ဘွားဘွား ပြန်လာမှသာ နိုးပါသည် ။ ဘွားဘွားသည် အထုပ်ကြီး ၊ အထုပ်ငယ်ဆွဲကာ ပြန်လာပါသည် ။ ကိုကို့ ကိုလည်း တဖျစ်တောက်တောက် ဆူပါသည် ။
“ ဈေးဝယ်ရတာ မောရတဲ့အထဲ နင်တို့က တစ်မျိုး ၊ အမောကို မပြေဘူး ၊ ဗိုက် တောင် ဆာနေပြီ ။ နင့်ညီရဲ့ နို့ မှုန့်ကို ပတ်ဝယ်နေရတာ တစ်ဈေးလုံး ရှာလို့ကို မရဘူး .. တကတဲ ။ နို့မှုန့်ဖြစ် ပြီးရောပေါ့အေ ၊ ခုတော့ နင်တို့အမေကိုက အဖြစ်သည်းတာ .. ”
အထုပ်များကို ကြမ်းပြင်ပေါ်ပစ်ချပြီး ဆူဆောင့်နေပါ သည် ။
“ အကြီးကောင် နင် ထမင်းစားပြီးပြီလား ”
ကိုကို ခေါင်းပြန်ညိတ်ပြလိုက်ပါသည် ။
“ အင်း ၊ ဒါမျိုးကျရတယ် ၊ မီးဖိုတွေလည်း ဘာတွေ ဖွထားလဲ မသိဘူး ”
ဘွားဘွားသည် ပြော ပြောဆိုဆို မီးဖိုထဲ ဝင်သွားပါ သည် ။ သူ ဗိုက်ဆာသည်ဟု ပြောနေသည့်အတွက် ထမင်းစားတော့မည်ထင်ပါသည် ။ ဘွားဘွားမသိအောင် ကိုကို နောက်က လိုက်ချောင်းကြည့်ပါသည် ။ ဟုတ်ပါသည် ။ ထမင်းစားပွဲတွင် ဘွားဘွား ထမင်းစားနေပါပြီ ။ ကိုကို ဆက်ပြီး ချောင်းနေလိုက်ပါသည် ။ ဘွားဘွားသည် ထမင်းကို အငမ်းမရ စားပါသည် ။ သူ တကယ်ဗိုက်ဆာနေသည် ထင်ပါသည် ။ သို့သော် ကိုကို ဘွားဘွားကို မသနားပါ ။ နည်းတောင် နည်းပါသေးသည် ။ ထမင်း စားပြီးသည့်အခါ သံပရာရည် သောက်မသောက်ကို ကိုကို သိချင်ပါသည် ။ ထို့ကြောင့် ထမင်းစားပြီးသည်အထိ စောင့်လိုက်ပါသည် ။ တံခါး နောက်ကွယ်လေးက ပုန်းပြီး ကြည့်နေသည်မို့ ဘွားဘွား ကိုကို့ကို မမြင်ပါ ။
အရင်နေ့များကလို ဖြစ် ပါသည် ။ ဘွားဘွားသည် ထမင်းစားပြီးသည့် အခါ သံပရာရည်ကို သောက်ပါ သည် ။ အငွေ့များ ဖျန်းထည့် ထားသည်ကို သိသည့်ပုံပင် မပေါ်ပါ ။ တဂွိဂွိကို သောက်နေခြင်းဖြစ်ပါသည် ။ ကိုကို စိတ်ချပါပြီ ။ ညီလေးနားသို့ ကိုကို ပြန်လာပါသည် ။ ညီ လေး နိုးနေပါပြီ ။ မျက်လုံး လေးများကို ဖွင့်လိုက်မှိတ် လိုက် လုပ်နေပါသည် ။ ညီ လေးကို ပုခက်ထဲမှ ချီထုတ် လိုက်ပါသည် ။ အဲ့ခနဲတစ် ချက် အသံထွက်လာပါသည် ။
“ အကြီးကောင် ညီလေးကို ခဏထိန်းထားဦး ၊ ငါဒီမှာ ပန်းကန်တွေဆေးရဦးမယ် ကြားလား ”
“ ဟုတ်ကဲ့ ဘွားဘွား ”
ညီလေးအသံကို ဘွားဘွား ကြားသွားသည် ထင်ပါသည် ။ ကိုကို့ကို ထိုသို့ လှမ်းပြောသည့်အတွက် ကိုကို ပြန်ပြီး အသံပြုလိုက်ပါသည် ။
ကိုကို ညီလေးကို အိမ်ထဲမှ ခေါ်ထုတ်ပြီး ခြံထဲသို့ ဆင်းလာလိုက်ပါသည် ။ သည်နေ့ ညီလေးကို ဘာလေး လုပ်ခိုင်းလျှင် ကောင်းမလဲ ကိုကို လျှောက်တွေးမိပါသည် ။ ဟုတ်ပြီ ။ ညီလေးကို ကိုကို ငှက်လေးတစ်ကောင် လုပ်ခိုင်းပါမည် ။ ထို့ကြောင့် ညီလေးကို ကုပ်ပေါ် တင်ကာ ခြံထဲပတ်ပြီး ပြေးနေမိပါသည် ။ ညီလေးသည် ကိုကို့ ကုပ်ကိုစီးရင်း လေထဲတွင် ပျံနေသည့် ငှက်ကလေး ဖြစ်ပါသည် ။ ငှက်ကလေးသည် ကိုကိုနှင့် နေနေရသည့် အချိန်တိုင်း တကျိကျိ ရယ်နေပါသည် ။ ညီလေးရယ်ဖို့ ဆိုလျှင် ကိုကို ဘာမဆို လုပ် ပေးမည် ဖြစ်ပါသည် ။
ခြံထဲ ပတ်ပြေးလို့ ဝ , သည့်အခါ ကိုကိုလည်း မောလှပါပြီ ။ ညီလေးကို အိမ်ထဲသို့ ပြန်ခေါ်လာလိုက်ပါသည် ။ ပုခက်ထဲ ပြန်မထည့်ခင် နို့ဘူးလေး တိုက်ပါဦးမည် ။ ငှက်ကလေးလုပ်ရသောကြောင့် ညီလေးလည်း ဗိုက်ဆာနေလောက်ပြီ ထင်ပါသည် ။ ဗိုက်ဆာသည်ဆိုမှပင် သတိရသည် ။ ဘွားဘွားသည် မီးဖိုထဲက ခုထိ ပြန်ထွက်မလာသေးပါ ။ သံပရာရည် သောက်ပြီး သေတ္တာရှည်ကြီး ထဲများ ဝင်အိပ်သွားပြီလား မသိပါ ။ သိချင်လာသောကြောင့် ကိုကို မီးဖိုထဲသို့ ပြန်သွားလိုက်ပါသည် ။ ညီလေး နို့ဘူးလေးကိုလည်း မီးဖိုထဲတွင် တစ်ခါတည်း ဖြည့်ခဲ့ရပါမည် ။ မနက်က ညီလေး သောက်ထားသောကြောင့် နို့ဘူးက ကုန်လုနီးပါး ဖြစ်နေပါပြီ ။
••••• ••••• •••••
ဖေဖေသည် ကိုကို့ကို ညာပါသည် ။ ဖေဖေ ပြောတာ မှန်လျှင် ဘွားဘွားသည် သေတ္တာရှည်ကြီးထဲ ဝင်အိပ်နေရမည် ဖြစ်ပါသည် ။ ခု တော့ တခြားစီ ဖြစ်ပါသည် ။ ဘွားဘွားသည် ပန်းကန်ဆေးမည်ပြောပြီး ဘေစင် ဘေးတွင် အိပ်နေပါသည် ။ ပန်းကန်များကိုလည်း ပြီး အောင် ဆေးမထားပါ ။ ထို့ပြင် ကြမ်းပြင်ပေါ်တွင်ပင် ထမင်းပန်းကန်က ထမင်းစေ့များနှင့် ပြန့်ကျဲနေပါသေးသည် ။ ဘေစင်နားတွင် ညစ်ပတ်နေပါသည် ။ ပိုဆိုးသည်က ဘွားဘွား ဖြစ်ပါသည် ။ သွားတိုက်ပြီး ပါးစပ် ပြန်မဆေးထားဘူးထင်ပါသည် ။ ပါးစပ်ထဲမှ သွားတိုက်ဆေး အမြှုပ်များ တစီစီ ထွက်နေပါသည် ။ တကယ် ညစ်ပတ်သည့် အဘွားကြီးဖြစ်ပါသည် ။ အိပ်ချင်တာကိုများ မီးဖိုထဲက ကြမ်းပြင်ပေါ်တွင် လာအိပ်နေရပါသေးသည် ။ မေမေ ပြန်လာမှ ပြန်ပြီး တိုင်ပြောရပါမည် ။ ဘွားဘွား ပန်းကန် မဆေးတာ ၊ ကြမ်းပြင်ပေါ်မှာ အိပ်နေတာ ညစ်ပတ်ပတ် အကုန်လုံးကို ပြန်တိုင်ပြောမည် ဖြစ်ပါသည် ။ ခုတော့ သူ့ကို နှိုးမနေတော့ပါ ။ သေတ္တာရှည်ကြီးထဲ မဟုတ်တောင် ခုလို မီးဖိုထဲ ခဏ အိပ်နေလည်း မဆိုးပါ ။ အနည်းဆုံးတော့ သူ ထ , မလာလျှင် ညီလေးကို ကိုကို တစ်ယောက်တည်း ထိန်းရမည်မို့ ပိုလို့ပင် ကောင်းပါသေးသည် ။
နို့ဘူးထဲ နို့မှုန့်ဖျော်ထည့်ပြီး ညီလေးကို နို့မှုန့်ပြန်တိုက် ပါသည် ။ ကိုကို တိုက်သည့် နို့ဘူးကို စို့နေသည့်ပုံလေးက ချစ်စရာလေး ဖြစ်ပါသည် ။ ခဏနေလျှင် ညီလေး ပြန် အိပ်သွားမည် ဖြစ်ပါသည် ။ ကိုကိုကတော့ မအိပ်ချင်တော့ပါ ။ အိပ်နေမည့် ညီလေးကိုပဲ ဘေးနားက ထိုင်ကြည့်နေမည် ဖြစ်ပါသည် ။ ကိုကိုသည် ညီလေးကို ကမ္ဘာပေါ်တွင် အချစ်ဆုံးဖြစ်ပါသည် ။ မေမေ့ကိုတောင် ညီလေးလောက် မချစ်ပါ ။ ဖေဖေ့ကိုတော့ ဟိုးအရင်က ကိုကို ချစ်ပါသေးသည် ။ ခုတော့ မချစ်တော့ပါ ။ ကိုကို့ကို လိမ်ပြောသည့် အတွက် ပိုလို့တောင် မချစ်တော့ပါ ။ ဘွားဘွားကိုတော့ ကိုကို မုန်းပါသည် ။ ကမ္ဘာပေါ်တွင် အမုန်းဆုံးဖြစ်ပါသည် ။
⎕ အေထူးအောင် ၊ အဏ္ဏဝါ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၂၀
No comments:
Post a Comment