❝ အပြုံးတစ်ခု၏ နောက်ကွယ် ❞
⎕ ဘိုဘိုသန့်ဇင် ( မြိုင် )
သည်နေ့ သူနှင့် ကျွန်မ ချစ်သူသက်တမ်း သုံးလ ပြည့်ပါသည် ။ အထိမ်းအမှတ် တစ်ခုအဖြစ် လျှောက်လည်ကြရန် အတွက် ယမန်နေ့ ညက သူနှင့်ကျွန်မ ချိန်းဆို၍ ထားခဲ့ကြ၏ ။ တလှပ်လှပ် ခုန်နေသော ရွှေရင်အစုံကြောင့် ညက ကောင်းကောင်းပင် အိပ်၍ မပျော်ခဲ့ပါ ။ အောင်သွယ်တော်၏ ကောင်းမှုကြောင့် သူရော ၊ ကျွန်မရော ညဉ့်နှစ်နာရီကျော်မှ အိပ်ရာ ဝင်ကြရ၏ ။
ယနေ့နံနက် သူနှင့် တွေ့ ရတော့ စိတ်တွေက ပို၍ပင် လှုပ်ရှားရပြန်ပါသည် ။ ဘောင်းဘီရှည် မဝတ်ခဲ့နဲ့ ဆိုသော ကျွန်မ၏ စကားကို သူ အလေးထား၍ လိုက်နာခဲ့ ၏ ။ အနက်ပေါ်မှာ အဖြူကွက်လေးများ ဖော်ထားသော ယောလုံချည်နှင့် စပို့စ်ရှပ် အဖြူကွက်ကို ရိုးရိုးလေးပင် သူ ဝတ်လာပါသည် ။
အသားလတ်လတ် ၊ အရပ်မြင့်မြင့်နှင့် သူ့ပုံစံက ယခင်တွေ့ဖူးသမျှထက်ပင် ပို၍ ခန့်နေပါသည် ။ ကျွန်မကတော့ စိတ်လှုပ်ရှားလွန်း၍ လက်ဖဝါးနှစ်ဖက်ကို ခဏ ခဏ ပွတ်နေမိသည် ။ လက်ချောင်းလေးများကိုလည်း ကွေးလိုက်ဆန့်လိုက် လုပ်လုပ်နေမိပါသည် ။ ဘာရယ် မဟုတ်ပါဘဲ လက်ထဲက ဖုန်းကိုလည်း မကြာမကြာ ကိုင်ကိုင်ကြည့်မိပြန်၏ ။ သိကျွမ်းနေသည်မှာ ခြောက်လမျှ ကြာပြီးဖြစ်သလို ၊ စကားပေါင်း များစွာကိုလည်း ပြောခဲ့ဖူးပါလျက်နှင့် ယခုတော့ ဘာကစ၍ ပြောရမှန်း မသိအောင်ပင် ကျွန်မရင်က ခုန်၍ နေပြန်ပါသည် ။
“ တွေ့ဖူးသမျှထဲမှာ ဒီနေ့က အလှဆုံးပဲ သိလား ”
သူက အနားကပ်၍ ပြောလာခြင်းဖြစ်၏ ။ ကျွန်မ မနေတတ်၍ ခေါင်းကို ငုံ့ထားမိပါတော့သည် ။
“ ကြည့်ပါဦး ၊ ရှက်နေပုံကလည်း ချစ်စရာလေး ”
ကျွန်မက အဝတ်အစားကို တောက်တောက်ပြောင်ပြောင်ကြီး မဟုတ်ဘဲ အရောင် အေးအေးလေးကိုပင် ဝတ်ဆင်လာခဲ့၏ ။ ပါတိတ် ဝမ်းဆက်လေးနှင့် ရှက်နွဲ့နွဲ့ဖြစ်နေသော ကျွန်မကို ရွှန်းရွှန်းစားစား ကြည့်၍ သူက ထိုသို့ ပြောလိုက်ခြင်းဖြစ်ပါသည် ။ သူ့အပြော ၊ သူ့အကြည့်နှင့် သူ့အပြုံးကြောင့် ကျွန်မ ရင်က ပို၍ ခုန်လာပြန်တော့၏ ။
ရွှေတိဂုံဘုရားမှ ဆင်းလာပြီး အအေးဝင်သောက်ကြတော့ နေ့လယ်တစ်နာရီပင် ကျော်နေပြီဖြစ်သည် ။ စ,တွေ့စကကဲ့သို့ ယခုတော့ ရှိန်းမနေတော့ပါ ။ တစ်ဦးနှင့် တစ်ဦး စ,လိုက် နောက်လိုက် ၊ စကားများ ပြောလိုက်ဖြင့် နှလုံးသားချင်း ပို၍ နီးစပ် လာတော့၏ ။ ထီးတစ်ချောင်းကို နှစ်ယောက်အတူတူ ဆောင်းထားသော်လည်း မိုးရွာသလား ၊ နေပူသလားကိုပင် မေ့ချင်ချင်ဖြစ်သည် အထိ ကြင်နာရိပ်ဖြင့် အေးမြနေပါတော့သည် ။
••••• ••••• •••••
ဘာမှ မဝယ်ဘူး ။ လျှောက်လည်ရုံ သက်သက်ဟု ဆုံးဖြတ်ထားသော်လည်း ကုန်တိုက်ကို ရောက်သွားစဉ် မှာတော့ အင်္ကျီတစ်ထည်ကို ကျွန်မ တော်တော်လေး ကြိုက်မိသွားပါသည် ။ အင်္ကျီပေါ်က ဈေးနှုန်းကို ကြည့်လိုက်တော့ အမယ်လေး ... ဟုပင် လန့်၍ အော်လိုက်မိပါတော့သည် ။ သူများ ကြားသွားသလား ဆိုသော ပူပင်စိတ်ဖြင့် ကျွန်မ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ရသေးသည် ။ တကယ်တော့ အင်္ကျီ၏ တန်ဖိုးက တစ်သိန်းပင် မကျော်ပါ ။ ကိုယ့်အထွာနှင့်ကိုယ် တိုင်းလိုက်၍သာ ကျွန်မက မျက်လုံးပြူးသွား မိခြင်းဖြစ်ပါသည် ။ ကျွန်မတို့လို သာမန်လခစား အနေနှင့် ဆိုလျှင် လစာ၏ တစ်ဝက်ကျော်ကျော် ပေးမှ ၀တ်ရမည့် အင်္ကျီ ဖြစ်သည် ။ သို့ကြောင့် ကိုင်ကြည့်ပြီးမှ မသိမသာ ပြန်ချထားလိုက်ရပါသည် ။ ဒါကိုပင် ကျွန်မ ဘေးမှာ တစ်လျှောက်လုံး ရပ်နေသော သူက မဝယ်လည်း ဝတ်ကြည့်လို့ရတာပဲ ဆိုပြီး အတင်း ဝတ်ကြည့်ခိုင်းပါတော့သည် ။
“ သွားပါ ... စမ်းပြီး ဝတ်ကြည့်လိုက်ပါ ။ ဝတ်ပြီးရင် ဓာတ်ပုံရိုက်ပေးမယ် ”
ခပ်ပြုံးပြုံးပင် ဆိုလာပါ၏ ။ ကျွန်မ အတန်တန် ငြင်းနေလျက်ကြားကပဲ အင်္ကျီနှင့် အတူ ကျွန်မကို အဝတ်လဲခန်းထဲ အတင်းတွန်းပို့ပါတော့သည် ။
တန်းဖိုးကြီး အထည် ပီသပါပေသည် ။ ကျွန်မ ကိုယ်တွင် ဝတ်ကြည့်လိုက်သည်နှင့် ပြန်၍ မချွတ်ချင်အောင်ပင် ဤအင်္ကျီကလည်း ကျွန်မအပေါ်တွင် ဆွဲဆောင်လွန်းလှပါသည် ။ အဝတ်လဲခန်းတံခါးကို ခပ်ဟဟလေး ဖွင့်၍ သူ့ကို ပြမိတော့ -
“ အိုး ... မင်းနဲ့ အရမ်း လိုက်တာပဲ ... မိုက် ... ”
မိုက် ... ဆိုသော စကား ကို ခပ်ကျယ်ကျယ်လေး အော်၍ သူက ပြုံးကြည့်ပြီး ကျွန်မကို လက်မထောင်ပြပါသည် ။ ပြောပြီးတာနှင့် သူ့ မျက်လုံးတွေက ဘေးပတ် ဝန်းကျင်ကို အကဲခတ်နေ၏ ။ ထို့နောက် ကျွန်မ အနားကို တိုးတိုးလေးကပ်ပြီး -
“ စာရေးမတွေ လစ်တုန်း ကိုယ်တို့ ပြေးရအောင် ”
မျက်စပစ် ၊ မေးဆတ်၍ သူက တကယ် လုပ်တော့မည့် ပုံစံဖြင့် ပြောလာခြင်း ဖြစ်၏ ။ ဒိန်းခနဲ တိုးဝင်လာသော ရှက်ရွံ့စိတ်တွေနှင့် အတူ ကျွန်မ သူ့ကို အံ့သြထိတ်လန့်စွာ မော့ကြည့်လိုက်မိပါသည် ။ သူ တကယ် ပြောနေခြင်းလား ၊ အပျော်သက်သက် နောက်နေခြင်းလား ။ သူ့မျက်နှာမှာ အဖြေရှာ ကြည့်မိ၏ ။ ကျွန်မ ကိုယ်တိုင် ဝေဝေဝါးဝါး ဖြစ်နေမိသည် ။ ဝမ်းနည်း၍လည်း သွားမိပါသည် ။ အထိတ်တလန့် ဖြစ်နေသော ကျွန်မကို ကြည့်ပြီး ပြေးကြဖို့ကို သူက ထပ်ပြောပြန်ပါသည် ။
ကျွန်မသည် သာမန် မိသားစုက မွေးဖွားလာသော မိန်းကလေး တစ်ဦးသာ ဖြစ် ပါသည် ။ လှုပ်ရှားရုန်းကန်၍ ဘဝကို ဖြတ်ကျော်နေသော မိန်းကလေး တစ်ဦးလည်း ဖြစ်၏ ။ သို့သော် မရိုးသားသော အမှုကိုတော့ ကျွန်မ အင်မတန်မှ ရွံ့မုန်းပါသည် ။ အချောင်ရမည့် မည်သည့် အရာကိုမျှ မလိုချင်ပါ ။ မလုပ်ချင်ပါ ။ ထို့ကြောင့် အပြတ် ငြင်းပစ်ဖို့ သူ့ဘက် လှည့်လိုက်ချိန်တွင် သူသည် ကျွန်မလက်ကို အတင်းဆွဲ၍ ပြေးပါတော့သည် ။ တင်းတင်းဆွဲထားသော သူ့လက်အတွင်းမှ ကျွန်မ ဘယ်လိုမှ မရုန်းနိုင်ပါ ။ သူဆွဲပြေးရာ နောက်သို့သာ အင်္ကျီအသစ်ကြီး ဝတ်လျက် ကိုးရိုးကားရားဖြင့် ပါသွားပါတော့သည် ။ ကုန်တိုက်နှင့် တော်တော်လေး ဝေးဝေး ရောက်မှ တင်းတင်းဆွဲထားသော ကျွန်မလက်ကို သူက လွှတ်ချပေးပါသည် ။ သူ့မျက်နှာတွင်တော့ ကြည်နူးခြင်း ၊ ထိတ်လန့်ခြင်း ၊ တောင်းပန်ခြင်းနှင့် ကျေနပ်အားရခြင်း ။ ဘာဟုပင် မဝေခွဲနိုင်သော အမူအရာမျိုးစုံဖြင့် ရင်ခုန်နေဟန်ရှိ၏ ။ သူ့လက် လွတ်သွားလျှင် လွတ်သွားချင်း ကျွန်မသည် ဘာကိုမျှပင် မစဉ်းစားနိုင်တော့ပါ ။ ရှက်ရွံ့ မသတီစိတ်တွေဖြင့် ဒေါသများ အလိမ့်လိမ့် ထွက်လာပြီး သူ့ပါးကို “ ဖြန်း ” ခနဲ မြည်အောင် ရိုက်ချပစ်လိုက်မိပါတော့သည် ။ ကျွန်မလက် အစုံပါ ထူပူ၍ နာကျင်သွားပါသည် ။ သူကတော့ သူ့ပါးကို သူ့လက်နှင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လျက်မှ အားပါး ... ဟု တစ်ချက် အော်လိုက်၏ ။
“ ဘာလုပ်တာလဲ ၊ မင်း သိပ်ဆိုးတာပဲ ”
နာကျင်ဟန် တစ်စက်မျှ မပြဘဲ စပ်ဖြီးဖြီးပုံစံနှင့် သူက ပျော်ရွှင်နေပုံပင် ပေါက်နေ၏ ။
ဘယ်လိုလူလဲဟု တွေးတောမိလျက် ကျွန်မ ဘုရားပါ တ , လိုက်မိပါတော့သည် ။
“ လာလေ ငေးမနေနဲ့ .. ဆက်ပြေးမယ် ၊ တော်ကြာ အဖမ်းခံနေရရင် မင်းပဲ အထုပ်အထည်ကြီးနဲ့ မိမှာ နော် ။ ကိုယ်ကတော့ အေးဆေး ... လွတ်အောင်ထွက် ပြေးမှာပဲ ”
လက်တစ်ဖက်ကို ကမ်းလာရင်းမှ ပြုံး၍ပင် ပြောနေပြန်သေး၏ ။ ကျွန်မ သူ့ကို ကြည့်၍ ကြောက်လာမိပါ တော့သည် ။ သည်လို မရိုး သားတဲ့ ယောကျ်ားတစ် ယောက်က ငါ့ကိုလည်း မဖွယ်မရာ လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး ။ ထိုသို့ တွေးမိတော့ ကျွန်မ သူ့ဘေးက အလျင်အမြန်ပင် ရှောင်ခွာဖို့ ကြိုးစားမိတော့၏ ။ ခုနက သောက်ခဲ့ကြသော အအေးခွက်ထဲတွင် သူ တစ်ခုခုများ ထည့်ထားလေသလားဟု အတွေးဆက်လိုက်မိချိန်မှာ တော့ ကျွန်မ၏ ဦးခေါင်း တစ်ခုလုံးသည် မူးနောက် နောက်ကြီး ဖြစ်၍သွားပါ တော့သည် ။
••••• ••••• •••••
အမှန်က သူနှင့် ကျွန်မသည် ဖေ့စ်ဘွတ်ခ် ပေါ်မှ တစ်ဆင့် ချစ်သူတွေ ဖြစ်ခဲ့ကြခြင်း ဖြစ်ပါသည် ။ ယခင်က တစ် ကြိမ်တစ်ခါမျှပင် သူနှင့် အပြင်တွင် ချိန်းတွေ့ဖူးခြင်း မရှိခဲ့ပါ ။ ယနေ့မှ အပြင်တွင် ချိန်းတွေ့မိကြခြင်းဖြစ်၏ ။ သူ့ စိတ်နေစရိုက် အမှန်ကိုလည်း ယခုမှပင် သိလိုက်ရခြင်းဖြစ်သည် ။ ပရိုဖိုင်းမှာ တွေ့ရသော သူ၏ ယောက်ျားပီပီသသနှင့် ဖြူစင်ခံ့ညားဟန်ကို ကြည့်၍ ကျွန်မက ယုံကြည်မိခဲ့ခြင်း ဖြစ်ပါသည် ။ လွန်ခဲ့သော ခြောက်လခန့်ကမှ သူနှင့် ကျွန်မ စ၍ သိကျွမ်းခဲ့ကြခြင်းဖြစ်၏ ။ ထိုစဉ် ကတည်းက ကျွန်မ သူ့ကို သတိထား၍ စောင့်ကြည့်ခဲ့ပါသည် ။
သူ့ဘက်က “ ဟိုင်း ” ဆို သော နှုတ်ဆက်စကားလေး ဖြင့် ကျွန်မ နှလုံးသားထဲသို့ တစ်ဆင့်ချင်း တိုးဝင်ဖို့ ထိုစဉ် ကတည်းက ကြိုးစားခဲ့၏ ။ ဖေ့စ်ဘွတ်ခ် ပေါ်က လူတွေ၏ ထုံးစံအတိုင်း တစ်ရက်နှစ်ရက် ဆိုလျှင် သူ လက်လျှော့ သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူသည် ဇွဲကောင်းလှပါသည် ။ အစပထမတွင် သူ့ စာများကို ဥပေက္ခာပြု၍ reply မပြန်ဘဲ ဘာသိဘာသာပင် နေခဲ့လိုက်ပါသည် ။ နောက်ပိုင်း၏ နေ့ရက်များမှာတော့ ကျွန်မ၏ ဖုန်းကလေးသည် ဖိုးလမင်းလေး ဆိုလည်း ဟုတ် ၊ ကျေးစေတမန်လေး ဆိုလည်း ဟုတ်၍ လာပါတော့သည် ။
••••• ••••• •••••
တစ်ဦး အကြောင်းအား တစ်ဦး မျှဝေခဲ့ကြသည် ။ တစ်ဦး၏ နေရပ်နှင့် အလုပ်အကိုင်များကိုလည်း ပြောပြခဲ့ကြပါသည် ။ သူသည် မိဘနှင့် နေ၍ မောင်နှမသုံးယောက်တွင် အကြီးဆုံး ဖြစ်သည်ဟု သိထားရ၏ ။ ကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်နေကြောင်း ကိုလည်း သိခွင့်ရခဲ့ပါသည် ။ သူပြောသမျှ အရာအားလုံးသည် ကျွန်မ လေ့လာ၍ သိခဲ့ရခြင်းတော့ မဟုတ်ပါ ။ သူ ပြော၍သာ လေလှိုင်းမှ တစ်ဆင့် သိခဲ့ရခြင်းများ ဖြစ်၏ ။ ကျွန်မက ကျောင်းပြီး၍ အလုပ်ဝင်သည်မှာ လပိုင်းမျှသာ ရှိပါသေးသည် ။ အဖေ အမေနှင့် အတူ လူလွတ် မောင်နှမသုံးယောက်ဖြင့် ကြည့်မြင်တိုင်တွင် နေပါသည် ။ ကျွန်မတို့ မောင်နှမ သုံးယောက်က ကုမ္ပဏီဝန် ထမ်းများဖြစ်၏ ။ အဖေက ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် အကြီးတန်း စာရေးကြီး ဖြစ်ပါသည် ။ ကျွန်မတို့၏ ဘဝအခြေအနေ အားလုံးကို အမှန်တိုင်းပင် သူ့ကို ပြောပြမိခဲ့ပါသည် ။ အပြန်အလှန် စာတွေ ပို့ခဲ့ကြ၏ ။ ဓာတ်ပုံတွေ ပေးပို့ခဲ့ပါ၏ ။ မဆုံးနိုင်သော တွယ်တာမှုများဖြင့် အချစ် စစ်စစ်ဟု တွေးထင်၍ ပျော်ရွှင်မိခဲ့ပါသည် ။ သူ့ဘက်ကလည်း သူဘယ်လောက် ချစ်ကြောင်းများကို ကဗျာလေးတွေ ရေးရေးပြီး သူ့ဖေ့စ်ဘွတ်ခ်မှာ နေ့စဉ်တင်တတ်ပါ သည် ။ Morning ချစ် ဟု နံနက်အိပ်ရာမှ နိုးနိုးချင်း သူ့ ထံက စာလေးကို ဖတ်လိုက်ရခြင်းကပင် ကြည်နူးဖွယ်ရာ မင်္ဂလာတစ်ပါး ဖြစ်ခဲ့ပါသည် ။ အပြင်တွင် တစ်ခါမျှ မတွေ့ ဆုံကြသေးသော်လည်း သူ ဘာကြိုက်၍ ဘာမကြိုက် တတ်သည်ကို ကျွန်မ သိလာပါသည် ။ ကျွန်မဘက်က စာတစ်ကြောင်း ပို့လိုက်သည်နှင့် ဒါစိတ်ဆိုးနေတဲ့စာ ၊ ဒါ က သဝန်တိုနေတာ စသဖြင့် သူ့ဘက်ကလည်း ခွဲခြား၍ သိမြင်လာပြီဖြစ်ပါသည် ။
ချစ်သူသက်တမ်း သုံးလပြည့်သော ယနေ့တွင်တော့ အပြင်မှာ တွေ့ဖို့ ချိန်းဆိုမှုကို ကျွန်မက လိုက်လျောမိခဲ့ပါ၏ ။ အမှန်တော့ သူ့၏ လက်တွေ့စရိုက်နှင့် ဖေ့စ်ဘွတ်ခ်ပေါ်က စရိုက်ကို ယခုမှ ကျွန်မက ထိတ်လန့်တကြား သိခွင့်ရလိုက်ခြင်း ဖြစ်ပါသည် ။ သူ့တွင် ယခုကဲ့သို့ ကလိမ်ကကျစ်ဉာဏ်နှင့် မတော်လောဘ ရှိမှန်း သိ လိုက်ရတော့ ကျွန်မ၏ အသည်းနှလုံးတို့သည်လည်း ကျွမ်းသန္တာလန်၍ တစ်စစီပင် ကွဲကုန်သလို ခံစားလိုက်ရပါတော့သည် ။
ဘာလို့များ ကျွန်မ ချစ်တဲ့သူက ခုလိုမျိုး စိတ်စရိုက် ရှိရတာလဲ ။ ဘာလို့များ ကျွန်မက လူအရွေးကို တက်တက်စင်အောင် မှားယွင်းမိရတာလဲ ။ ကျွန်မ တွေးရင်းဖြင့် ဝမ်းနည်း၍ လာမိပြန်ပါတော့သည် ။
သူကတော့ ဂနာမငြိမ် ဖြစ်နေသော ကျွန်မကို ကြည့်၍ သည်နားမှာ ကြာကြာရပ် မနေဘဲ ဆက်ပြေးကြဖို့ ပြော နေပြန်သေး၏ ။ သူ့အတွက် ဒါမျိုးက လုပ်နေကျပင် ထင် ပါသည် ။ တစ်စက်ကလေးမျှ ရှက်သည့် ကြောက်သည့် အမူအရာ မရှိ ။ ဘာဆို ဘာမျှပင် တွေးပူနေဟန် မရှိ ။ ဖေ့စ်ဘွတ်ခ်ပေါ် ကနေ ဘယ်တော့မှ ရည်းစား မထားဘူးဟု ကြွေးကြော်ခဲ့မိသောကျွန်မ ။ သူနှင့် ချစ်မိပြီး နောက်တွင်တော့ သူ့ကိုယုံကြည်မိခဲ့၍ သူငယ်ချင်းတွေကို အိတ်သွန် ဖာမှောက် သူ့နှင့် ပတ်သက်သမျှ ပြောပြမိခဲ့သော ကျွန်မ ။ မှားလေပြီ ။ ယခုတော့ ကျွန်မ ချစ်သူဟာ ဖိုးတွမ်တီးကြီး ဖြစ်နေသည် ဆိုခြင်းကို ကျွန်မ သူငယ်ချင်းများကို မည်သို့ ပြောထွက်ဝံ့ပါမည်လဲ ။ မည်သို့ ပြောပြရက်ပါမည်လဲ ။ သူဟာ သည်လို အကျင့်တန်သူဟု ဘယ်လိုမှပင် ယုံကြည်ချင်စရာ မရှိပါ ။ သို့သော် လက်တွေ့ ကြုံနေပါလျက်မှ မယုံနိုင်သေးဘူး ဆိုလျှင်တော့ ကျွန်မသည် ရူးနေမှသာ ဖြစ်ပါလိမ့်မည် ။
“ ငါလေ … ငါ တကယ် ထင်မထားခဲ့ဘူး သိလား ။ နင့်မှာ ဒီလို စိတ်စရိုက် ရှိမှန်း တကယ်ကို ငါမသိခဲ့ဘူး ။ ငါလေ နင့်ကို အရမ်းချစ်ခဲ့မိ သလောက် အခုတော့ အရမ်း ရွံတယ် ၊ မုန်းတယ် ”
မုန်းတယ် ဆိုသော စကားကို မျက်ရည်များ စီးကျလျက်မှ ခပ်မာမာပင် ဆောင့်အော်လိုက်မိ၏ ။ ကြောင်၍ ကြည့်နေသော သူ့ကို ချာခနဲ လှည့်၍ ကျောခိုင်းကာ ထွက် ခဲ့ပါတော့သည် ။ သူက ထိတ်ထိတ်ပျာပျာ ပုံစံဖြင့် ကျွန်မ လက်ကို အတင်း ဖမ်းဆွဲပြီး ရှင်းပြဖို့ ကြိုးစားပြန်သေး၏ ။ ကျွန်မ လက်ကို အတင်း ဆောင့်ရုန်းပြီး ရှိသမျှ ခွန်အားနှင့် သူ့ကို တွန်းချပစ်လိုက်မိပါတော့သည် ။ ယခုအချိန်တွင် ကျွန်မ၏ ကိုယ်ထဲတွင် အရှက် ၊ ဒေါသနှင့် ဝမ်းနည်းခြင်းက လွဲ၍ ဘာဆို ဘာမျှ မရှိတော့ပါ ။
“ ငါ တောင်းပန်ပါတယ် ချစ်ရယ် ။ မင်းကို ပျော်စေချင်ရုံသက်သက်ပါ ”
သူက ညှိုးငယ်စွာ ထိုသို့ဆိုလျက် ကျွန်မ လက်ကို ဖမ်းဆွဲပြန်၏ ။ ရုန်းကန်၍ ငြင်းဆန် နေသည့် ကြားကပဲ ကျွန်မ လက်ထဲကို စာရွက် ကလေးတစ်ရွက် အတင်း ထည့်ပေးလာပါသည် ။
“ ငါမသိခဲ့လို့ နင့်ကို ချစ်ခဲ့မိတာ ။ ဒီဘဝတော့ ဒီမျှပဲ ။ ဘာမှ လာပြီး ရှင်းပြမနေနဲ့ ”
ကျွန်မ သူ့ကို အော်လိုက်မိပြန်၏ ။ သူ့ကို ကျောခိုင်း၍ ကျွန်မ ထွက်လာခဲ့လိုက်သည် ။ ဘေးနားကနေ ကပ်၍ လိုက်လာနေသော သူ့ကို မျက်စောင်းခဲလျက်မှ သူပေးလာသော စာရွက်လေးကို စိတ်ဆိုးဆိုးဖြင့် ဖြေကြည့်လိုက်ပါသည် ။
ကျွန်မ မျက်လုံးတွေ ပြာဝေသွားပါသည် ။ ဒိန်းခနဲ ဆို အလုံးကြီးကလည်း ရင်ညွန့် ဆီသို့ ပြေးတက်လာ၏ ။ စာရွက်ကို တစ်လှည့် ၊ သူ့ကို တစ်လှည့် ပြူးပြူးပြဲပြဲပင် သုံးလေးကြိမ်မက ကြည့်မိ ပါသည် ။ သူကတော့ ဘာမျှ မပြောဘဲ ပြုံး၍သာ ကြည့်နေ၏ ။ ပြုံးနေသော သူ့မျက်နှာကို ကြည့်၍ ကျွန်မ တလှိုက်လှိုက် ကြည်နူးလာမိပါသည် ။ မျက်ရည်များကလည်း ရစ်ဝဲ၍လာ၏ ။ ထို့ နောက် လက်နှစ်ဖက်ကို ဆန့် ကား၍ ထွေးပွေ့လိုဟန် ဖြစ် နေသော သူ့ရင်ခွင်ထဲသို့ ကျွန်မသည် တစ်ရှိန်ထိုးပင် ပြေးဝင်လိုက်မိပါတော့သည် ။
“ ကဲ .. ကဲ .. မှတ်ထား ... မှတ်ထား ... ၊ ဆိုးဦး ... ဆိုးဦး ... ”
မျက်ရည်များဖြင့် ငိုရှိုက် ရင်း သူ့ရင်ဘတ်ကြီးကို တဗုန်းဗုန်း ထုရိုက်နေမိပါတော့သည် ။ သူကတော့ ကျွန်မကို ကြင်နာစွာ ထွေးပွေ့ ထားလျက်မှ တဟားဟား အော်၍ပင် ရယ်နေတော့၏ ။
“ ငိုလိုက်ရယ်လိုက်နဲ့ ကောင်မလေးတစ်ယောက်ရှက် ... ရှက် ”
သူက ထိုသို့ စ,နောက်လေ သူ့ရင်ဘတ်ကြီးကို ကျွန်မက ထုရိုက်လေ ဖြစ်သည် ။ ကျစ်ကျစ်ဆုပ်ထားသော ကျွန်မ၏ လက်ထဲမှာတော့ အင်္ကျီ၏ ကျသင့်တန်ဖိုးကို ပေးချေပြီး ဖြစ်ကြောင်း ပြေစာရွက်လေးက တဆတ်ဆတ် တုန်၍ ခုန်နေပါတော့သည် ။
⎕ ဘိုဘိုသန့်စင် ၊ မြိုင် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၈
No comments:
Post a Comment