Tuesday, June 16, 2026

အပင်ပေါ် ကျတဲ့ အရိပ်


❝ အပင်ပေါ် ကျတဲ့ အရိပ် ❞
           ( ကိုစက်ဖေ )

ဘလေးက ကျွန်တော့်ကို မြင်တော့ အားရဝမ်းသာ ဖြစ်သွားပုံရသည် ။ ခုံရှည်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ရာမှ ခြေထောက် ချလိုက်ပြီး မှောက်ထားသည့် ရေနွေးခွက်ကို ဖြည့်ရင်း ကြို၏ ။ ရာသီဥတုမှာ အတော်ပူသည် ။ ဘလေး၏ အပေါ်ပိုင်းမှာ ဗလာကျင်းလျက် ။ စွပ်ကျယ်အရာကြီးက အသားညိုညို ပေါ်တွင် အထင်းသား ။

“ ဖိုးသုခ ၊ မောင် ပြန်လာတာ အတော်ပဲကွာ ။ ကိစ္စတစ်ခု ခိုင်းစရာ ရှိတယ် ”

“ ဘလေး ကလည်းဗျာ .. ထိုင်တောင် မထိုင်ရသေးဘူး ၊ ခိုင်းမယ်ကြံတယ် ။ ဘယ်တုန်း ကတည်းက တွေးထားလဲ မသိပါဘူး ”

ပါးစုန့်ကြီးတွေ ပေါ်အောင် ပြုံးတော့ ဘလေး၏ ပွေးမျက်လုံးကလေးများ ပိတ်သွား၏ ။ ယပ်တောင် တလွှားလွှား ၊ ရေနွေးခွက် တကားကားနှင့် ချွေးတွေ ရှိ နေပေမဲ့ ဘလေးမှာ အပြုံးမပျက် ။ ဘလေးနှင့် မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်ရုံသာ ရှိသေးသည် ။

“ မောင့်ကို ခိုင်းတာ အရေးကြီးလို့ပါကွာ ၊ ကိုကျီးဆီ ထောင်ဝင်စာ သွားတွေ့ စမ်းပါဦး ။ ခြေထောက်ကို ထယ်စူးထားလို့ ဘလေး မသွားနိုင်ဘူး ။ သူ အမှုရင်ဆိုင်နေရတုန်းက ရောက်ပေမဲ့ ထောင်ကျ ကတည်းက တစ်ခါမှ မရောက်ဖြစ်ဘူးကွ ။ သူ့မယား မဘိန်လည်း ပေါ်မလာတော့ ဘလေး စိုးရိမ်တာပေါ့ ”

ဘလေးက ဦးကျီး အပေါ် သွေးမတော် သားမစပ် စိုးရိမ်ရှာသည် ။ ဦးကျီး ဆိုတာ စာလို ရေးလျှင်ဖြင့် ဦးကြီးလို့ ရေးရမည် ။ သူ့မယား ဒေါ်ဘိန်ကို ရေးလျှင်လည်း ဒေါ်ပိန်ဟု ရေးရမည်သာ ။ ရေးတော့ အမှန် ဖတ်တော့ အသံ ။ ဦးကျီးတို့လင်မယားနှင့် ဘလေးမှာ ကစားဖက်တွေဟု သိရသည် ။ ငယ်ပေါင်း ဆိုတော့လည်း ခင်ရှာမည် ။ ဦးကျီး ထောင်ကျသွားရသည်မှာ နည်းသည့်အမှု မဟုတ် ။ ဓားပြမှု ဖြစ်သည် ။ ပေါင်းတည် ၊ ပေါက်ခေါင်း နှင့် ပြည်မြို့နယ် သုံးခု ဆုံရာ တြိဂံနေရာလေးတွင် မိုးကြိုးပစ်ရွာ ရှိ၏ ။ ထိုရွာလေးသည် မြို့နယ် သုံးခုလုံးနှင့် မလှမ်းမကမ်း နေရာတွင်ရှိ၏ ။ လမ်းပန်း မပေါက်သဖြင့် သွားရလာရ ခက်ခဲသည် ။ ဘလေး ခပ်ငယ်ငယ်က ထင်းတိုက် ၊ သစ်ခုတ် သွားနေကျနေရာ ။ ယခုတော့ ဘာတောမျှ မကျန်တော့ကြောင်း ကြားရသည် ။ ဘလေး အိမ်သို့ အိမ်လည် လာစဉ်က ဦးကျီးကို မြင်ဖူးသည် ။ လူပုံ ခပ်အေးအေးနှင့် တပြုံးပြုံးသာ နေတတ်သည် ။ နာမည်ကြီး ဓားပြ တစ်ယောက်ဟု ထင်ရက်စရာ မရှိ ။ ဘလေးက အထူးဧည့်သည်တော် တစ်ယောက်လို ဧည့်ခံနေပေမဲ့ အရီးလေး ဘွားရီ မျက်စိမျက်နှာ ပျက်နေပုံကို အမှတ်ရမိ၏ ။

“ အရီးလေးရော ဘယ်သွားလဲ ဘလေး ”

“ တောင်ပိုင်းမှာ ဝက်ပေါ်လို့ သွားဝယ်တယ်လေ ။ ထောင်ဝင်စာ သွားတွေ့ ရင် အကြော်အလှော်လေး ပါသွားအောင်လို့ ဘလေးရယ် အဝယ် ခိုင်းလိုက်တာ ။ မောင် အိမ်မှာ ထမင်းစားလေ ။ မောင့်အရီးလေး ပြန်လာရင် … ဝက်ဝမ်းတွင်းသား ချက်လိမ့်မယ် ”

“ နေပါစေတော့ ဘလေးရာ ။ အစ်မ ( အမေ ) က သူ ချက် တာကို အရင် မစားရင် စိတ် ကောက်လိမ့်မယ် ။ အိမ်ပြန်ဦးမယ် ဘလေး ၊ ထောင်ဝင်စာကို ဘယ်တော့ သွားပေးရမှာလဲ ”

“ နက်ဖြန်ခါကွ ၊ စောစောလာခဲ့ ”

ဘလေးကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည် ။ ဦးကျီး၏ သတင်းစကားများကို ဘလေးဆီမှ အမြဲလိုလို ကြား ရတတ်သည် ။ ဦးကျီးက လူ ပုံ အေးသလောက် မူးလာလျှင် သွေးဆိုးလွန်းသည် ။ ဦးကျီး ငယ်ငယ်က ထန်းရည်မူးမူးနှင့် ဆွမ်းဆန်ခံ ကြွလာသည့် ဆရာလေး တစ်ပါးကို နှောင့်ယှက်ပုံမှာ စာတင်လောက်၏ ။ ထန်းပင်ပေါ်မှ ဆင်းလာပြီးလျှင် ဆရာလေးကို ဓားနှင့် ထောက်သည် ဆို၏ ။ ထိုစဉ် ကျော်ကြားလှသည့် မေဆွိ၏ “ ဟုတ်ကဲ့ ကိုကို ” သီချင်းအား ဆရာလေးကို အဆို ခိုင်း၏ ။ သည်အတိုင်း မဆိုခိုင်း ၊ စာသားပြင်ကာ ဆိုခိုင်း၏ ။ အသက်အန္တရာယ် ကြောက်လှသဖြင့် ဆရာလေး ခမျာ မျက်ရည်စက်လက်နှင့် ဆိုရရှာသည် ။ ဦးကျီးက တိုင်ပေးသည် ။ “ ကိုကို မကြိုက်ဘူး ကတုံးမတုံးနဲ့ဆို ” ဟု တိုင်ပေးလျှင် ဆရာလေးမှာ “ ဟုတ်ကဲ့ ကိုကို ” ဟု ဟာမိုနီ လိုက်ပေးရသည် ။ ရပ်ရွာကလူတွေ ကြောက်ကြောက်နှင့် ဝိုင်းတားမှ ဆရာလေးမှာ သက်သာရာ ရရှာ၏ ။ နောင်တွင် မိုးကြိုးပစ်ရွာဆီ အလှူခံပုဂ္ဂိုလ်များ ကြွရောက်သည်ဟု မကြားရတော့ ။ လူမိုက် ကြီးလာတော့ ဓားပြဖြစ်သည် ။

မိုက်ဂုဏ်ကလည်း ရွာနီးချုပ်စပ်မက ထင်ရှားစေမည့် အကြောင်းရင်းကလည်း ရှိသည် ။ တစ်ခါက လက်ပံရှည်သို့ ကြက်တိုက် သွားကြသည် ။ ဦးကျီး၏ ကြက် အသာရလာသဖြင့် တစ်ဖက် ရွာက ညစ်သည် ။ ဦးကျီး အကြောင်းကို ကောင်းစွာ မသိသဖြင့် ရန်စလာကြသည် ။ ထိုစဉ် ဖင်ခုထိုင်ထားသည့် အုတ်ခဲကို လေထဲသို့ မြှောက်ကာ ခြေနှင့် ကန်ချိုးပြ၏ ။ နောက်တော့ လက်ဆ ၊ ခြေဆ ပြင်းလာကာ တစ်ကိုယ်တော် ဓားပြတိုက်သည် ။ လူဆိုး ၊ လူတေ များလွန်းသော အရပ် ဖြစ်သည့် အလျောက် တပည့်တပန်းလည်း တဖြည်းဖြည်း များလာ၏ ။ ပုံမှန် ဓားပြမှု သာမက ထမင်းထုပ် လုလည်း ဦးကျီး၏ အမည်ကို သုံးကြသည် ။ ကြက်တွေ ၊ ဝက်တွေ လုလျှင်လည်း “ ဆရာကျီးတပည့်ကွ ၊ ဘာမှတ်လဲ ” ဟု ကြိမ်းလိုက်လျှင် အလိုလို နောက်ဆုတ်သွားသည်အလျောက် ဦးကျီး၏ သတင်းကား တစ်စထက် တစ်စ မွှေးလာခဲ့တော့သည် ။ အသေးအမွှား ကိစ္စများကို ဦးကျီး အကုန်အစင် သိနိုင်မည် မထင် ။ သို့သော် ကိစ္စ တစ်ခု ပေါ်တိုင်း ဦးကျီး၏ အမည်မှာ သင်းကျန်နေခဲ့လေသည် ။

အထူးသဖြင့် ဦးကျီးအား ဖမ်းရန်လာသည့် ရဲနှစ်ဦးအား ဦးကျီး၏ တပည့်များက အဖွဲ့လိုက် ရိုက်နှက်ကာ လက်နက် လုထားလိုက်သည့် ဖြစ်ရပ်နောက်တွင် ဦးကျီးသည် ဟိုးဟိုးကျော် ဓားပြကြီး တစ်ယောက် ဖြစ်လာခဲ့သည် ။

နောက်ဆုံး မြို့နယ်ရဲများ ဝိုင်းမှ ဦးကျီး အဖမ်းခံရသည် ။ တပည့်တပန်း ဆယ်ဦးလောက်မှာလည်း ပြေးသူ ပြေး ၊ မိသူ မိ ၊ ထက်ဝက် လောက်တော့ ထောင်ကျကုန်၏ ။ မနက်ဖြန်ခါတော့ ဘလေးကိုယ်စား သွားတွေ့ ရပါဦးမည် ။ မှတ်မိချင်မှ မှတ်မိပါလိမ့်မည် ။ ကျွန်တော်နှင့် မှတ်မှတ်ရရ နှစ်ကြိမ်သာ ဆုံဖူးထား၏ ။ ဓားပြကြီးမို့ ရွံ့သဖြင့် ခပ်ဝေးဝေးကသာ ကြည့်ဖူးသည် ။

ပြည် ထောင်ကို ရောက်တော့ သူလို ကိုယ်လို ထောင်ဝင်စာ တွေ့မည့် သူတွေက တန်းစီနေ၏ ။ ဟိုလျှောက်လွှာ ၊ သည်ထောက်ခံချက် ဖြည့်နေရသဖြင့် နံနက် ဆယ်နာရီဝန်းကျင်ရောက်မှ တွေ့ ခွင့်ရသည် ။ ထောင်ဘူးဝ ဘေးရှိ အခန်း တစ်ခုတွင် တွေ့ခွင့်ရသည် ။ လူချင်း မထိရ ။ ကြားမှာ သံဆန်ခါတစ်ချပ် ခြားထားသည် ။ အနီး ဝန်းကျင်တွင် ကျွန်တော် ကဲ့သို့ ထောင်ဝင်စာ လာတွေ့သူ ငါးဦးကို တွေ့ရသည် ။ တစ်ဦးနှင့် တစ်ဦး နီးလွန်းသဖြင့် ဘာပြောပြော အကုန်ကြား နေရ၏ ။ အနီးမှာ ထောင်ကျ ကောင်လေး တစ်ဦးကို မိခင် ဖြစ်သူက လာတွေ့ပုံရသည် ။

“ ငိုမနေစမ်းနဲ့ ၊ လူကြားထဲမှာ ကျက်သရေကို မရှိဘူး ။ အမေ့ကို လူတွေ ဝိုင်းကြည့်နေတာ မရှက်ဘူးလား ဟမ် ။ ပြီးတော့ ဘာမှ မပါဘဲ ကျုပ်ကို လာတွေ့တော့ရော ဘာထူးမှာလဲ ။ အထဲမှာ ဝက် မရှိရင် သေဖို့ပဲရှိတယ် ”

“ နောက်တစ်ခါ ပါအောင် ယူခဲ့ပါမယ်ဟယ် လူလေးရယ် ၊ အဆင်ပြေလား အမေ သိချင်လို့ပါ ”

သားအမိနှစ်ယောက် ပြောနေသည့် မြင်ကွင်းကြောင့် အတော်လေး နှုတ်ဆိတ်နေမိ သည် ။ “ အထဲမှာ ဝက်မရှိ ရင် ” ဆိုသော စကား နားမလည်မိ ။ ကျွန်တော့်ထက် နည်းနည်း ငယ်ပုံရသော ကောင်လေးမှာ စကားပြော ရိုင်းလှသည် ။

“ ဝက်ဆိုတာ ပိုက်ဆံကို ပြောတာ ကောင်လေး ၊ ခါးပိုက်နှိုက်စကားကွ ။ ဒါနဲ့ မင်းက ကိုလေးသာအေးရဲ့ တူ မဟုတ်လား ”

ပြောပြောဆိုဆိုနှင့် ဦးကျီး ရောက်လာ၏ ။ မြင်ရတော့ အနည်းငယ် အံ့သြမိသည် ။ အသားတွေ ဖွေးလျက် ဝဝဖြိုးဖြိုးနှင့် သက်သောင့်သက်သာ ရှိပုံရသည် ။ မြင် ဖူးသည့် အပြုံးမျက်နှာမှာ မပြောင်းလဲ ။ တစ်ဖက်က ပြောနေသည့် ကောင်လေး အသံ ဆိတ်သွားသည် ။ ကောင်လေးသာမက အနီး ဝန်းကျင်မှ စကားပြောနေ သည့် ထောင်ကျများ အား လုံးလိုလို တိတ်သွားသဖြင့် ဦးကျီးမှာ အရှိန် တစ်ခုခု ရှိနေပုံပင် ။

“ ကျွန်တော့်ကို ဘလေး သာအေးက လွှတ်လိုက်လို့ပါ ။ ဝက်သားကြော်နဲ့ ပိုက်ဆံ ပါ ပေးလိုက်တယ် ။ ထောင်ဝန်ထမ်းတွေကို အပ်ထားပါ တယ် ”

“ ကိုလေးက ဘယ်လောက် ထည့်ပေးလိုက်လို့လဲ ”

ဘလေးကို တရင်းတနှီး ကိုလေးဟု ခေါ်ပုံရ၏ ။

“ ငါးထောင်ပါခင်ဗျ ”

“ ငါးထောင် ထည့်ပေးရင် ငါ့ဆီကို လေးထောင်ပဲ ရောက်လိမ့်မယ် ။ ပြီးတော့ ထောင်ထဲမှာ ပိုက်ဆံကိုင်လို့ မရတော့ ကော်ဖီမစ် အထုပ် လေးဆယ်ပဲ ရမှာကွ ။ အထဲ မှာ ကော်ဖီက ပိုက်ဆံပဲ ။ ထောင်ထဲကို ပိုက်ဆံပို့ချင် ရင် လွှဲခ ၂ဝ ရာခိုင်နှုန်းပေးရတယ် ။ ဓားပြဆီက ဆက် ကြေး ကောက်တာပေါ့ကွာ ” ဟု ပြောဆိုရင်း သဘောကျ ဟန်နှင့် တဟဲဟဲ ရယ်နေ သေး၏ ။

“ ငါ နေကောင်းတဲ့ အကြောင်းနဲ့ အခက်အခဲ မရှိတဲ့အကြောင်း ကိုလေးကိုပြောလိုက်ပါကွာ ၊ ငါ လွတ်ရင်လည်း လာတွေ့ပါဦးမယ် ”

စကားသိပ်မပြောလိုသဖြင့် တွေ့ချိန် ဆယ့်ငါးမိနစ် မကုန်ခင်မှာပင် နှုတ်ဆက်ပြီး ပြန်လှည့်လာခဲ့သည် ။ သည် အသိုင်းအဝိုင်းကြီးက စိတ် ပျက်စရာ ကောင်းလှ၏ ။ လူ အချင်းချင်း ကြည့်သည်ကပင် နံနက်စောစော ကျောက်ခဲကို ခလုတ်တိုက်မိ သကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည် ။ ဘလေးကတော့ ဘယ်ရေစက်ရယ်မသိ ၊ သည်လူကို အတော် ခင်မင်ရှာ၏ ။

ကျွန်တော် ဘွဲ့ရပြီး နောက် ပညာရေးလောကတွင် အခြေချ အလုပ် လုပ်ဖြစ်သဖြင့် နယ်ကို တစ်နှစ်လျှင် တစ်ကြိမ်လောက်သာ ပြန်ဖြစ်သည် ။ ခွင့်ရက်ကလေးများ လုကာ ပြန်ရသဖြင့် ကြာကြာလည်း မနေနိုင် ။ အစ်မနှင့် အဖေ့ကို ပို အချိန်ပေးရသဖြင့် ဘလေးတို့ အတွက် အရင်လို အချိန် မပေးနိုင် ။ ပညာရေး ဝန်ထမ်းဘဝနှင့် တာဝန်ကျရာ ပြောင်းရသဖြင့် ဘလေးတို့နှင့် အလှမ်းဝေးခဲ့ရသည် ။ ၁ဝ နှစ်ခန့် ကြာမှ ပေါက်ခေါင်း မြို့နယ်ရှိ ရွာထောင်သို့ ပြောင်းမိန့်ကျခဲ့သဖြင့် ဝမ်းသာအားရပင် အထုပ်လေး ဆွဲကာ ပြန်လာခဲ့ရသည် ။ အစ်မနှင့် အဖေကတော့ ပျော်ရှာသည် ။ ရွာကို ပြန်ရောက်တော့ ဘလေးမှာ ကောင်းကောင်း မမာ ။ လယ်လည်း မလုပ်နိုင်တော့သဖြင့် လယ် ငှားထားလိုက် ရသည် ။ ပေါက်ခေါင်းက ဝယ်လာသည့် ဣစ္ဆိတံ မုန့်ကလေး သွားကန်တော့တော့ ယခင်ကတိုင်း ပြုံးပြုံးကြီး ကြို ရှာသည် ။ သားထောက် သမီးခံ ကလည်း မရှိသဖြင့် ကျွန်တော့်ကို သားအရင်း ဖွယ် ချစ်ခင်ရှာသည် ။

ဘလေးမှာ အိုစာလှပြီ ။ လေဖြန်းထားသဖြင့် လမ်း ကောင်းကောင်း မလျှောက်နိုင် ။ စကားပြောလျှင် မနည်း နားထောင်ရသည် ။ သို့သော် ဘလေးမှာ ချို့တဲ့ဟန် မရှိ ။ လုပ်နိုင်ကိုင်နိုင်စဉ်ကပင် မဝယ်နိုင်သည့် အပေါ်စက် အောက်စက်များ အိမ်ပေါ်သို့ ရောက်နေသည် ။ အရီးလေး မှာလည်း အသက်ကြီးမှ ရွှေဆွဲကြိုး ဗိုက်ခေါက်ထိနှင့် ကိုးရိုးကားရား နိုင်လှသည် ။

“ အောင်မယ် ၊ ဘလေးတို့ ကြည့်ရတာ ပြေလည်နေပုံပဲဗျာ ။ အရီးလေးလည်း အသက်ကြီးမှ ပါတိတ်ထဘီ ကျပ်ချွတ်နဲ့ တယ်လှနေပါလား ” ဟု မေးရာ အရီးလေး က မဖြေ ။ ပြောင်းဖူးဖက်လိပ်ကို ဖွာရင်း တစ်ဖက်သို့ ပြုံးပြုံးကြီး လှည့်သွားလေ၏ ။

“ ကိုကျီးကို မှတ်မိသေးလား မောင် ”

အဆက်အစပ် မရှိ မေး သဖြင့် နားဝေတိမ်တောင် ဖြစ်ရသည် ။ အတန် စဉ်းစားပြီးမှ အမှတ်ရသည် ။

“ ဪ … ဘလေး ပြောတာ ဟိုလူ မဟုတ်လား ၊ ဓားပြလေ ။ ကျွန်တော်တောင် ထောင်ဝင်စာ သွားပေးရသေးတယ်လေ ဘလေးရဲ့”

“ အေးကွ ၊ မောင် ပြောတာ ဟုတ်တယ် ၊ ကိုကျီး အခု ဓားပြ ဟုတ်တော့ဘူး ။ ထောင်က ထွက်ပြီး ပြောင်းလဲသွားတယ်ကွ ။ အရင်အလုပ်တွေလည်း မလုပ်တော့ဘူး ။ အတော်လည်း ကြီးပွားနေတယ် ”

ကျွန်တော်က ကျောင်းဆရာ ။ လူတစ်ယောက် ပြောင်းလဲသွားသည်ဟု အသံကြားလျှင် အလိုလို ဝမ်းသာ၏ ။

“ တကယ်လား ဘလေးရာ ၊ ကြားရတာ ယုံတောင် မယုံဘူး ”

“ မောင်ကလည်း ဘာ မယုံစရာ ရှိလို့လဲ ။ အခု ဘလေးကို အဲဒီ ကိုကျီးပဲ တစ်လ ဆန်တစ်အိတ်နဲ့ ငွေတစ်သိန်း ထောက်တယ်လေ ။ ဘလေး အလုပ် မလုပ်လည်း စားစရာ ရှိပြီ ။ မောင့်လုပ်စာ မျှော်လို့ကတော့ ဒီလို ဖြစ်လာမှာကို မဟုတ်ဘူး ”

ဘလေး ပြောတော့ ကျွန် တော် စိတ်မကောင်းဖြစ်ရ သည် ။ ကျွန်တော် ရသည့် လစာကို မည်မျှပင် ခြိုးခြံစေကာမူ တစ်လ ငါးသောင်းပို ရန် မလွယ် ။ အစ်မနှင့် အဖေကို ရောက်သလောက် ပေးဖြစ်သော်လည်း ဘလေးနှင့် အရီးလေး အတွက် မုန့်ပဲမှ လွဲ၍ မရောက်ဖြစ် ။ မရောက်နိုင် ။

“ ဘလေးရယ် ၊ အဲဒီလိုတော့ မပြောနဲ့ဗျာ ။ ကျွန်တော့်မှာ ကွမ်း ၊ ဆေးတောင် မသုံးဘဲ ချွေတာလိုက်ရတာ ။ တစ်လတစ်လ ဘယ်လောက်မှလည်း မပိုဘူး ။ ရွာခံတွေက ထမင်းကျွေးလို့ လစာနည်းနည်း ပိုတာ ။ ကျောင်းဆရာပဲ ဘလေးရာ ။ မြေဖြူကလည်း စားမရဘူး ။ ပြီးတော့ ဘလေးတို့ပဲ ကျောင်းဆရာ ဖြစ်စေချင်လွန်းလို့ ဒီလမ်းကို တွန်းလွှတ်ခဲ့တာ ဟုတ်ဘူးလား ”

အရီးလေးက မနေသာ၍ ထင်၏ ။ ကျွန်တော့်ဘက်ကို လှည့်ရင်း ပြောသည် ။ ဣစ္ဆိ တံ မုန့်ထုပ်လေးကို ချက်ချင်း စားတော့မယောင် ပြုသည် ။ အထုပ်တော့ မဖြေသေး ။

“ မောင် ကတော့လေ ငယ်ငယ်က အတိုင်းပဲ ။ မင်း ဘလေးက ချစ်လို့ စ , နေတာပါ ။ ကြည့်ပါဦး ၊ မျက်ရည်တွေ ဝိုင်းလို့ ။ ငါတို့ သုခမောင်ရဲ့ အလုပ်ကလေးက ပိုက်ဆံ မရပေမဲ့ ကလေးတွေကို ပညာသင်ပြီး ပြုပြင်ပေးတဲ့ အလုပ် မဟုတ်လား ကိုသာအေးရဲ့ ။ တော် လုပ်တာနဲ့ ကျုပ်တို့ ကလေး စိတ်မကောင်း ဖြစ်နေပြီ ”

ဘလေးက အိမ်နံရံကို အားပြု ထ , ရင်း ကျွန်တော့် အနီးမှာ လာထိုင်သည် ။

“ ဘလေးက စ , တာပါ မောင်ရယ် ”

လူကြီးတွေမှာ အသက် သုံးဆယ်အရွယ် ကလေးကြီးအား ချော့နေရပုံကို တွေးမိသဖြင့် အပြောင်းအလဲ ဖြစ်စေရန် အာရုံပြောင်းရသည် ။

“ ဦးကျီး ဘာလုပ်လို့ ချမ်းသာလာတာလဲ ဘလေး ရဲ့ ” ဟု မေးလိုက်သဖြင့် ဘလေးလည်း ဖြေစရာ ရသွားပုံပင် ။

“ ဒီလိုကွ ၊ ထောင်ကျနေ ကတည်းက ကိုကျီးရဲ့ မိန်းမ မဘိန်ဟာ ပြောင်ပြောင်ရောင်ရောင် ဖြစ်လာတယ် ။ ပြောသံ ကြားရတာတော့ ကိုကျီးဟာ ထောင်ထဲမှာ ငွေရှာနိုင်တယ် ဆိုပဲ ”

“ ထောင်ကျပါတယ် ဆိုမှ ဘယ်လို ငွေရှာလို့ ရမှာလဲ ဘလေးရယ် ”

“ မင်းမှာလည်း ကျောင်း ဆရာ လုပ်နေပြီး တော်တော် အ , ပါလားဟ ။ ထောင်ထဲ ရောက်တော့လည်း ကိုကျီးက လူမိုက် ဆက်လုပ်တာပေါ့ ။ အချုပ်ထဲမှာလည်း တန်းစီး ချက်ချင်း ဖြစ်တာပဲ ။ သူ့ ဇကလည်း မသေးဘူးလေကွာ ။ ထောင်ထဲ ရောက်တော့လည်း ဝင်တဲ့ နေ့မှာပဲ တန်းစီးလုပ်တဲ့ ကောင်ကို နှံလိုက်တယ် ။ မကြာပါဘူး ၊ သူ့တပည့်တွေပါ ထောင်ကျတော့ အဖွဲ့ လိုက်ကြီး ဖြစ်သွားတယ် ။ ဝင်လာတဲ့ကောင်တွေကို နွှာတာပေါ့ကွာ ။ ပိုက်ဆံ မပေးရင် ၊ လူသစ်တွေကို နည်းအမျိုးမျိုး နဲ့ ပညာပေး ။ ထောင်တွင်း ဓားပြ ဆက်တိုက်တာပေါ့ ။ သူက ရတဲ့ ပိုက်ဆံနဲ့ မိန်းမ ဆီ ပြန်ပေးတယ်လေ ။ မဘိန် တို့များ ကံကောင်းချက် ။ ထောင်ကျနေတဲ့ ယောက်ျား ရဲ့ လုပ်စာ စားရတယ်ကွာ ။ ထောင်အာဏာပိုင်တွေ အတွက်လည်း ကိုကျီးက ရွှေဥ တစ်နေ့ တစ်လုံး ဥတဲ့ ငန်းကြီး လုပ်ပေးတာပေါ့ ”

“ ဒါနဲ့ ဘလေး ပြောတော့ အရင် အလုပ်တွေ မလုပ်တော့ဘူးဆို ။ အခုပဲ လူကောင်း ဖြစ်နေပြီဆို ”

“ အေး .. လူကောင်း ဖြစ်မဖြစ်တော့ မသိပါဘူးကွာ ။ ထောင်က ပြုပြင်ပေးလို့ ပြောင်းသွားတာတော့ အမှန်ပဲ ။ ကိုကျီးက စုမိဆောင်းမိ အတော်လေး ဖြစ်လာတော့မှ ထောင်က လွတ်လာတာ ။ ဒါတောင် သူက မထွက်ချင်လို့ ထောင်သက်တမ်းတိုးတဲ့ အနေနဲ့ လူရိုက်မှုတွေ ဘာတွေ လုပ်သေးတယ် ။ အပြင်မှာ နေရင် စီးပွားလမ်းက ဒီလောက် ဖြောင့်ချင်မှ ဖြောင့်မှာလေ ။ ကိုကျီး အပြင် ရောက်တော့ သူ့မိန်းမက ကားတွေ ဘာတွေ ဝယ်ပြီးနေပြီ ။ နွားတွေလည်း ဝယ်ထားလိုက်တာများကွာ အကောင် ရာချီလို့ ။ လယ်တွေလည်း မနည်းကြီး ပိုင်သွားတယ် ”

“ ဒါဖြင့် အခု မိုးကြိုးပစ် မှာပဲ ဦးကျီး နေတာပေါ့ ဘလေး ”

“ အေးကွ ၊ မိုးကြိုးပစ်မှာ သူဌေး ဖြစ်နေတယ် ။ ရွာနဲ့ ပေါက်ခေါင်းကို ဆွဲတာ သူ့ ကားတွေချည်းပဲလေ ။ ရွာက ဥက္ကဋ္ဌ ဦးဖိုးသာခေါင် ဆုံးတော့ သူက ရွာဥက္ကဋ္ဌ ဖြစ် လာတယ်ကွ ”

ဘလေး ပြောပုံအရ ကျောင်းတံခါးတွေ ပိတ်ပြီး ထောင်တံခါးတွေ ကျယ်ကျယ် ဖွင့်ရမည့်ပုံပင် ။ အိမ်ပြန်ခါနီး နှုတ်ဆက်တော့ အရီးလေးက ထိုင်လျက်သားက ပြန်နှုတ်ဆက်သည် ။ မုန့်ထုပ်လေးကို တစ်ဖက်က ကိုင်ထားပြီး အားသည့်လက် တစ်ဖက်က ဝှေ့ကာ နှုတ်ဆက်သဖြင့် ရွှေဆွဲကြိုးကြီးက တလှုပ်လှုပ်ဖြင့် မုန့်ထုပ်ကလေးကို ထိပ်ပုတ်ခေါင်းပုတ် လုပ်နေလေ၏ ။

⎕ ကိုစက်ဖေ
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     စက်တင်ဘာ ၊ ၂၀၁၉

No comments:

Post a Comment