Monday, June 29, 2026

ဘယ်ဆီ ဘယ်ဝယ်

❝ ဘယ်ဆီ ဘယ်ဝယ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

သီးကုန်းရွာဘက်သို့ မျှော်လိုက်လျှင် စိမ်းမှောင်သော တောတန်းနှင့် မိုးတိမ်များကြား၌ မျဉ်းသားထားသလို လင်းစိုနေလေ၏ ။ အရှေ့ဆီသို့ ကြည့်လိုက်လျှင် မည်းချိတ်နေသော မိုးသားနှင့် စိမ်းညို့ညို့ တောတန်းတို့ ရောစပ်နေကာ ၊ တစ်ခါတစ်ရံ၌ ဧရာဝတီမြစ်ထဲ၌ ကူးသန်းသွားလာနေသော မော်တော်နှင့် သင်္ဘောတို့၏ မီးခိုးတန်းကိုလည်း တောအုပ်၏ နောက်ဘက်မှာ မြင်ရတတ်လေ၏ ။

နေသည် တိမ်သားများကို တိုးထွက်ရန် အားယူနေချေသည် ။ တိမ်ထဲမှ နေသည်ပင်လျှင် ကိုဆေးရိုး အတွက် ပူလှချေသည်ဟု ထင်မှတ်နေ၏ ။ ကိုဆေးရိုး၏ မျက်နှာ တစ်ပြင်လုံးတွင် သနပ်ခါးခွက်ထဲ မှောက်လျက်လဲခဲ့သော ကလေးငယ်လို နံ့သာရောင် ရွှံ့စက်များဖြင့် ပြောက်ကြဲနေလေသည် ။

“ တယ် … ဒီနွားဟာ သေတော့မှာပဲ ”

အလှည့်ဘက်မှ နွားကြီးသည် ကန်သင်းကို ကပ်ကွေ့ရင်း ကန်သင်းပေါ်ရှိ မြက်ပင်ကလေးများကို လျှာကြီးထုတ်လျက် လှမ်းဟပ်ရာက ငေါက်သံနှင့်အတူ ကျောပေါ်ဝဲလာသော နှင်တံကြီးကို မြင်လိုက်ရသဖြင့် ကျောကြီးကို ကော့ကာ ထိုးကွေ့ လိုက်လေ၏ ။ ရေထဲ၌ နွားနှစ်ကောင်၏ ခြေရှစ်ချောင်း သက်သံ တက်သံသည် ကိုဆေးရိုး၏ နားတွင်း၌ ဆူညံနေလေသည် ။ လေသည် တဟူးဟူး တိုက်လျက်ရှိသည် ။ ခေါင်းပေါ်၌ကား မိုးတိမ်များသည် မြောက်အရပ်သို့ လျင်မြန်စွာ လွင့်ပါနေကြ၏ ။

ကောင်းသော လက္ခဏာတော့ မဟုတ်ပေ ။ မိုးတစ် ပြိုက်ခန့် ရွာချအပြီး၌ ယခုလို လေတဟူးဟူး တိုက်နေလျှင် မိုးဝေးတတ်သည် ။ လေတိုက်ပုံ မပြတ်မလပ် ပြင်းထန်လွန်းသောကြောင့်လည်း ရွှံ့စက်ဖြင့် ခြယ်ကျံထားသော မျက်နှာမှာ တင်းလာပေ၏ ။ ကျောပြင်ကြီးမှာ ပူစပ်ပူလောင် ဖြစ်နေလေပြီ ။ ကိုဆေးရိုးသည် နွားနှစ်ကောင်ကို တဟင်းဟင်း အသံပေးလျက် ၊ ခွဲကြောင်းအဟောင်းနှစ်ခုကြားသို့ ရောက်သွားလျှင် ၊ မှတ်တိုင်အဟောင်းကို ဆွဲနုတ်ကာ ထွန်သန်ပေါ်သို့ ပစ်တင်လိုက်သည် ။ ထွန်ကြောင်း ကောက်မသွားစေရန် ကြိုးကို ထိန်းကိုင်ပေးထားလျက် ထွန်သွားတွင် ငြိပါလာသော အမှိုက်များကို ခြေဖြင့်တွန်းချ၏ ။ အခဲလိုက် တက်လာသော ရွှံ့တုံးများကို ထိုးချပစ်သည် ။

ထွန်ကြောင်းအသစ်နှင့် အဟောင်း ခွဲခြားနိုင်ရန် မှတ်တိုင်သစ် စိုက်ရမည့် နေရာတွင် ထွန်သန်ပေါ်မှာ ကန့်လန့်ဖြတ်တပ်ထားသည့် တုတ်ချောင်းကလေးကို ဆွဲယူစိုက်လိုက်၏ ။ သည်ကြားထဲမှာပင် ပူစပ်ကာ အရေခွံ တင်းနေသည့် ကျောပြင်ကြီးကို ရေဖြင့် ကုန်းကာ ကုန်းကာ ဆွတ်လိုက်ပြန်ပေသည် ။ ထွန်တုံး၏ နောက်ပိုင်း၌ ရေသည် ဝါကျင်နောက်ကျိကာ အမြှုပ် များ ထကျန်ခဲ့၏ ။ ထွန်ချေးစာများသည် ရေပြင်ထဲသို့ ခေါင်းဖော် ကြည့်နေကြသည် ။

နွားနှစ်ကောင်သည် အမြီး တယမ်းယမ်း စားမြုံ တခတ်ခတ်ဖြင့် ထွန်ကို ဆွဲယူ ရုန်းကန် နေလေသည် ။ နွားမြီး ခတ်လိုက်တိုင်း ခတ်လိုက်တိုင်း ကိုဆေးရိုး မျက်နှာပေါ်သို့ လည်းကောင်း ၊ ရင်ဘတ်ပေါ်သို့ လည်းကောင်း ရွှံ့စက်များ ရောက်ရှိလာလေ၏ ။

တဖြည်းဖြည်းနှင့် ထွန်ရေးသည် တစ်စပ် ပြည့်သွားလေသည် ။ နောက်ဆုံး ထွန်ကြောင်းသည် ကန်သင်းတစ်လျှောက် ကပ်၍ အဆုံးသတ်ရပေမည် ။ ထွန်ဆဲ လယ်ကွက်၏ အောက်၌ ရက်သားမျှသာ ရှိသေးသော ပျိုးခင်းက ရှိနေ၏ ။ အလှည့်ဘက်က နွားညိုကြီးမှာ ဣန္ဒြေပျက်စရာ အကြောင်းတစ်ရပ်နှင့် ရင်ဆိုင်ရတော့သည် ။ သူသည် အလှည့်ဘက်မှ ဖြစ်သော ကြောင့် အမြဲတမ်း ကန်သင်းပေါင်များပေါ်က လျှောက်ရသည် ။ အတိုင်ဘက်က နွားသည် အကျင့် မရှိလျှင် ကန်သင်းပေါ်မှာလျှောက်လျက် ဝန်ကို လည်းကောင်း ၊ ထွန်ကို လည်းကောင်း မရုန်းတတ်ပေ ။ နွားညိုကြီးကား မည်ကဲ့သို့သော ကန်သင်းမျိုးကိုမဆို လျှောက်တတ်သော်လည်း သည်ကန်သင်းကျမှ ဂနာမငြိမ်တော့ချေ ။

ကန်သင်းထက်၌ မြက်ပင်များ မရှိပေ ။ ရွှံ့စေးနှင့် အမှိုက်များ ရောထွေးလျက် သရွတ်ကိုင်သလို မွမ်းမံ ထားသောကြောင့် ချောပြောင်နေပေသည် ။ နွားညိုကြီးသည် ကန်သင်းပေါ်၌ လေးငါးချက် နင်းမိပြီးလျှင် လယ်ကွက်ထဲသို့ ဖဲ့ဆင်းလိုက်၏ ။ လေးငါးလှမ်းခန့် သွားမိလျှင် သခင်က ကြိုးကို ဆွဲလိုက်၍ နှာနုမှာ ပူထူလာလျှင် ကြိုးလျှော့စေရန်အတွက် ကန်သင်းပေါ်သို့ တက်လိုက်ရပြန်သည် ။ သို့ရာတွင် နွားညိုကြီးသည် သုံးလေးလှမ်းမျှသာ ကန်သင်းထက်က လျှောက်ပြီး အောက်သို့ ပြန်ဆင်းပြန်လေ၏ ။

“ တယ် …. ဒီနွားညိုကြီး သေတော့မှာပဲ ”

ကိုဆေးရိုးသည် စူးစူးဝါးဝါး အော်လိုက်ကာ နှင်တံဖြင့် ရွယ်မိုးလိုက်သည် ။ နွားညိုကြီးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကန်သင်းပေါ်သို့ ပြေးတက်သွား၏ ။ ချောမွတ်နေသော ကန်သင်းမြေပြင်ထဲသို့ နွားညိုကြီး၏ ခွာများ နစ်၍နစ်၍ ဝင်သွားသည် ။ ထို့ကြောင့်လည်း နွားညိုကြီးသည် အောက်သို့ ထိုးဆင်းလိုက်ပြန်၏ ။

“ တယ် … ဒီနွား သေတော့မှာပဲ ။ ဒီကန်သင်းပေါ်ကို မတက်ချင်ရအောင် နင့်အမေ့လင် မှတ်နေသလား ဟေ ”

နွားညိုကြီးမှာ အလုပ်၌ ခိုကတ်တတ်သော နွား မဟုတ်ရကား ကိုဆေးရိုးမှာ နွားညိုကြီးကို ရုတ်တရက် ရိုက်နှက်ရန် ဝန်လေးနေသောကြောင့် မရိုက်ဘဲ ဆဲခြင်းဖြစ်ပေ၏ ။ သူ ဆဲလိုက်လျှင် နွားညိုကြီးမှာ ထိတ်ထိတ်ပျာပျာဖြင့် ကန်သင်းပေါ်သို့ ပြေးတက် သွားပြန်စဉ် “ ဟေ့ မောင်ဆေးရိုး ” ဟူသော အသံတစ်သံသည် ကိုဆေးရိုး၏ ကျောဘက် ခပ်လှမ်းလှမ်း တစ် နေရာမှ ထွက်ပေါ်လာ၏ ။

ကိုဆေးရိုးသည် နွားညိုကြီး ပြန်မဆင်းနိုင်အောင် အလှည့်ဘက်က ကြိုးကို ခပ်တောင့်တောင့် ကိုင်ထားရင်း လှည့်ကြည့်သည် ။ လယ်တစ်ပွဲကျော်မှ ကိုအောင်သာသည် ကိုဆေးရိုးဘက်သို့ လျှောက်လာ၏ ။

“ ကိုအောင်သာ ၊ ပျိုးစုံပြီလားဗျို့ ”

ကိုအောင်သာက “ မစုံသေးပါဘူးကွာ ၊ တစ်နေ့ကမှ ကြဲရပါတယ် ” ဟု ပြန်ဖြေရင်း နွားညိုကြီး ဆင်းချည်တက်ချည်လုပ်နေသော ကန်သင်းပေါင်အတိုင်း လျှောက်လာသည် ။ နေရောင် မလက်သော်လည်း ကိုအောင်သာ၏ မည်းပြောင်သော ပခုံးသားနှင့် လက်မောင်းတို့မှာ ပြောင်လက်နေ၏ ။ သူသည် ငန်းပြားတူးရွင်းကို ပခုံးမှာ ထမ်းကာ ဘူးသီးခြောက် ရေဘူးနှင့် ထမင်းထည့်သော ပခြုပ်ကို တူးရွင်းရိုးမှာ လျှိုထားသည် ။ ကိုအောင်သာသည် ကန်သင်းအလယ်သို့ ရောက်လျှင် အောက်သို့ တစ်ချက် ငုံ့ကြည့်ရာက ကိုဆေးရိုးကို လှမ်းကြည့်သည် ။

“ ဘယ်နှစပ် ရပြီလဲကွ ”

“ တစ်စပ်ပဲ ရပါသေးတယ်ဗျာ ”

ကိုဆေးရိုးသည် ‘ ကန်ကြိုး ’ ကို ပူး၍ ထွန်ကိုင်းမှာ ချည်လျက် နွားနှစ်ကောင်ကို ရေထဲမှာ ရပ်တန့်ထားခဲ့ကာ ကန်သင်းပေါ်သို့ တက်လာ၏ ။ ကိုအောင်သာ၏ ရှေ့တွင် ရပ်လိုက်ပြီး နားရွက်ကြားမှ ဆေးပေါ့လိပ်တိုကလေးကို ဖြုတ်ယူကာ မီးညှိရာက ပြန်ဖြေ၏ ။

“ ငါတို့တောင် လယ်ထဲကို မရောက်သေးခင် မင်းက တစ်စပ်တောင် ရနှင့်နေပြီပဲကွဲ့ ဆေးရိုးရ ”

ကိုအောင်သာက မိမိ၏ ခြေထောက်ဆီသို့ အဓိပ္ပာယ်ပါပါ ငုံ့ကြည့်ပြီးနောက် ကိုဆေးရိုးကို မော့ကြည့်ကာ ဆက်ပြောပြန်၏ ။

“ ဝီရိယတော့ ကောင်းပါရဲ့ ၊ သောက်သုံးမကျတာက ခက်လှသကွာ ”

“ ဘာလဲဗျ ၊ ခင်ဗျားက စောစောစီးစီး ”

ကိုဆေးရိုးက ဆေးလိပ်မီးခိုးကြားမှာ ပြုံး၍ မေးသည် ။ ကိုအောင်သာ၏ မျက်လုံးက လက်ယာဘက်သို့ ဝေ့စောင်းသွား၏ ။ တစ်ဖက် လယ်ကွက် အတွင်းဝယ် အစိမ်းနုရောင် လွှမ်းနေသည် ။ စိမ်းနုရောင် ကောက်ပင်ကလေးများသည် လေအမြူး၌ လှိုင်းတွန့်ကလေးများ ထနေကာ လှိုင်းတွန့်စိမ်းနုနုကလေးများ သည် တစ်ခုနောက်သို့ တစ်ခု ပြေးလိုက်သွားကြ၏ ။ လှိုင်းတွန့်နုနုကလေးတွေ ကန်သင်းနှင့် တွေ့ဆုံ ပျောက်ကွယ်သွားကြလျှင် ကိုအောင်သာ၏ မျက်လုံးများသည် ပျိုးခင်းထဲမှ ဖယ်၍ ကိုဆေးရိုးထံ ပြန်ရောက်လာသည် ။

“ ဘာရမလဲကွ ၊ ဒါ ပျိုးခင်း မဟုတ်လားကွ ”

“ အင်း ... အဲဒါဘာဖြစ်လဲ ”

“ ဒါကကောကွာ ”

ကိုအောင်သာက ကန်သင်းပေါ်မှ နွားညိုကြီး၏ ခွာရာများကို လက်ညှိုးထိုးပြလိုက်၏ ။ ကိုဆေးရိုးမှာ ရုတ်တရက်မူ အဓိပ္ပာယ်ကို ရှာမရသလို ဖြစ်နေပြီးမှ ရှက်ဟန်သို့ ပြောင်းလွဲသွားသည် ။

“ ဟာ … ကြည့်စမ်း ၊ စိတ်က လယ်ထိပ်မှာ ဗျိုင်းထောင်ထားတဲ့ ဆီကို ရောက်နေလို့ဗျို့ ၊ ပျိုးခင်း ကန်သင်းမှန်း သိလို့လား မသိဘူး ၊ နွားညိုကြီးဟာ ကောင်းကောင်း မတက်ချင်ဘူး ”

“ ဒါဖြင့် နွားကမှ မင့်ထက် လိမ္မာပါသေးကလား ကိုဆေးရိုးရ ”

ကိုအောင်သာက ဟားတိုက် ရယ်မောလိုက်သည် ။ ကိုဆေးရိုးမှာ နားရွက်ကလေးစွင့်လျက် စားမြုံ့ပြန်နေသော နွားညိုကြီးကို ကျေနပ်စွာ လှည့်ကြည့်နေ၏ ။

“ တကယ်ပါဗျာ အံ့ရော ၊ ပျိုးခင်းကို ကျုပ် သတိ မထားမိဘူးဗျာ ။ ကျုပ်က ဆဲဆိုပြီး နကန်နဲ့ ရွယ်လိုက်ရင် ခဏတော့ ကန်သင်းပေါ် တက်သွားပါရဲ့ ၊ အဲ သုံးလေးလှမ်း လှမ်းသွားပြီး ပြန်ဆင်းတာပဲဗျာ ”

“ အေးပေါ့ ၊ ဒါကြောင့် နွားက မင်းထက် လိမ္မာတယ်လို့ ”

“ ဟုတ်တယ်ဗျာ ၊ ဟုတ်တယ် … ကဲ ”

ကိုဆေးရိုးက လျှောချကာ ရယ်မောလိုက်သည် ။ ကိုအောင်သာက “ လယ်လုပ်တာဖြင့် အိုသေတော့မယ် ... ဟင်း ” ဟု ဆိုလျက် မတ်တတ်ရပ်လိုက်၏ ။

“ သွားတော့မလားဗျ ”

“ သွားဦးမဟေ့ ၊ မနေ့ညနေတုန်းက ရေထုတ်ထားတာ အခုမနက်မှ ရေပြန်သွင်းရမယ် ။ နေမြင့်နေရင် ချိုးကောက် ၊ ဆက်ရက်ကောက်တာနဲ့ပဲ ပျိုးထပ် ထောင်နေရဦးမယ် ”

ကိုအောင်သာက သူ၏ ကြဲပြီးကာစ ပျိုးခင်းကို ရည်ရွယ်ပြောလိုက်ခြင်းဖြစ်၏ ။ ပျိုးခင်း၏ သမန်းပြင်မှာ တင်းနေသည့် အတွက် စပါးစေ့များ နစ်မြုပ်သွားခြင်း မရှိပေ ။ လယ်ကွက်ထဲသို့ မကြဲမီက အညှောင့်ဖောက်ထားသော စပါးစေ့ ဆိုလျှင်တော့ တစ်ညအိပ်ပြီး နောက်တစ်နေ့ ရေထုတ်ပစ်လိုက်ပါက အပင်ကလေးများ စိမ်းလာတော့သည် ။ ချိုး ၊ ခိုနှင့် ဆက်ရက်တို့၏ ရန်ကို မကြောက်ရတော့ချေ ။ အစိမ်းကြဲ ဆိုလျှင်ကား နှစ်ညသိပ်ပြီးမှ ရေထုတ်ပစ်ရသည် ။ ရေထုတ်ရာမှာလည်း နေဝင်မှ ထုတ်ဝံ့ပြီး နေမထွက်မီ ရေပြန်သွင်းရသည် ။ ရေဟောင်း ၂ ကြိမ် ထုတ်ပြီး ရေသစ် ၂ ကြိမ် သွင်းပြီးမှသာ ချိုးနှင့် ခိုတို့ ကောက်ယူမည့် ဘေးမှ လွတ်အောင် အပင် ဖြစ်လာတော့သည် ။

ကိုအောင်သာ၏ ပျိုးခင်းမှာ ယခု အညှောက်ပေါက်သာသာမျှသာ ရှိဦးမည် ဖြစ်သောကြောင့် ကိုအောင်သာမှာ ဖင်ပူအောင်မျှ မထိုင်ဘဲ ထပြေးခြင်း ဖြစ်၏ ။

“ သွားမနေပါနဲ့ဗျာ ၊ နေ ဒါလောက် နေမြင့်မှ ကုန်ရောပေါ့ဗျာ ”

“ ကုန်ပါစေကွာ .. ကုန်ပါစေ ၊ မင့်ပျိုးခင်းသာ အချီး ( အချေး ) မဆွဲပါစေနဲ့ ”

ကိုအောင်သာက နောက်သို့ လှည့်မကြည့်ဘဲ ခပ်သုတ်သုတ်လှမ်းကာ ပြောသွားလေသည် ။ ကိုအောင်သာ ပြောမှ ကိုဆေးရိုးက သူ၏ နွားလိမ္မာကြီး တက်ချည်ဆင်းချည် လုပ်ခဲ့သော ကန်သင်းကို ငုံ့ကြည့်ကာ စစ်ဆေးနေမိ၏ ။ မှန်ပေသည် ။ ကိုအောင်သာ ပြောသလိုပင် သည်ကန်သင်းကို သည်အတိုင်း ထားပါက ပျိုးတွေ အချေးဆွဲကုန်ပေတော့မည် ။ အချေးဆွဲသည် ဆိုခြင်းမှာ ဒေသအလိုက် သုံးနှုန်းသော စကားတစ်ရပ် ဖြစ်၏ ။ ပျိုးခင်းထဲမှ ပျိုးပင်များကို နုတ်ယူသော အခါတွင် ရွှံ့နှင့် ညွန် ( နွံ ) များ အခဲလိုက် အုံလိုက် ကပ်ပါလာခြင်းကို ခေါ်ပေသည် ။

ပျိုးခင်း ထောင်ရာတွင် ပျိုးခင်းအထက်မှ လယ်ကွက် အမြင့် မရှိသော နေရာများကို ရွေးချယ် ထောင်လေ့ရှိကြ၏ ။ သို့ရာတွင် တစ်နေရာတည်းတွင် နှစ်စဉ် နှစ်ဆက် ပျိုးထောင်နေပါကလည်း ပျိုးပင်များ ညံ့ဖျင်းလာပေသည် ။ မြင့်သော လယ်ကွက်များ ပျိုးခင်းဘေးတွင် ရှိလျှင် ပျိုးခင်းထဲသို့ ရေများ စိမ့်ဝင်၏ ။ လမ်းပေါ်က မြေသည် လမ်းဘေးက မြေထက် မာခြင်းမှာ လမ်းပေါ်က မြေကို လူနင်းများသောကြောင့် ဖြစ်သည့် နည်းတူ ရေဖြတ်သန်းသွားဖန် များသောအခါ ရေဖြတ်သန်းသော နေရာမှ မြေသည် မာကျစ်လာလေသည် ။

ထိုမာသော သမန်းသည် ပျိုးနုတ်သမားကို လက်ဦး နှောင့်ယှက်လေ၏ ။ ကိုဆေးရိုးတို့ ဒေသထုံးစံအားဖြင့် ကောက်စိုက်သမ တစ်ယောက်သည် နေ့စား ဖြစ်၍ အလုပ် တွင်ကျယ်ခြင်း မတွင်ကျယ်ခြင်းနှင့် လုပ်သားနှင့် ဘာမျှ မဆိုင်ပေ ။ သာမန် ရွက်ကြမ်းရေကျို စိုက်တတ်လည်း တစ်နေ့ကို ငါးမတ် တစ်ကျပ်ခွဲရ၏ ။ လျှပ်ပြက်သလို မြန်သော ကောက်စိုက်သမသည်လည်း ရွက်ကြမ်းရေကျိုသမားများ၏ နှုန်းအတိုင်းသာ ရ၏ ။ ပျိုးနုတ်သမားမှာကား ထိုသို့ မဟုတ်ပေ ။ ပျိုးနုတ်သမားသည် နေ့စား မဟုတ်ပေ ။ ပျိုး တစ်ရာလျှင် ခုနစ်ဆယ့်ငါးပြား ၊ ပြားရှစ်ဆယ် စသည်ဖြင့် သတ်မှတ်ကာ စွမ်းအားအလိုက် လုပ်ခ ရရှိကြသည် ။ လူကလည်း တော်၍ နှီးကလည်း ကောင်း ၊ ပျိုးခင်းကလည်း ကောင်းလျှင် နေမထွက်မီမှ မွန်းတိမ်းသာသာအထိ ပျိုးစည်း ငါးရာကျော် ရနိုင်ပေသည် ။ လူကလည်း ယောင်ဝါးဝါး ၊ အရေးထဲမှာ နှီးကလည်း ခဏခဏ ပြတ်သည့်ပြင် အချေးဆွဲသော ပျိုးခင်းလည်း ဖြစ်ပါက မိုးလင်းမှ မွန်းတည့်အထိ တစ်ရာရအောင် နုတ်ဖို့ အရေးတွင် သေချင်စော်နံလေသည် ။

နုတ်တတ်သော ပျိုးနုတ်သမား တစ်ယောက်သည် ပျိုးပင်ကို ညာလက်က အခြေမှ ဖမ်း၍ ဘယ်လက်က အပင်ကို ထိန်းပြီး လက်ဝဲပခုံးနှင့် ပျိုးဖျားရိုက်ရုံကလေး မျှနှင့် ၊ ယမ်းလိုက်ရုံနှင့် ပျိုးပင်သည် သမန်းပြင်မှ လွတ်သွား၏ ။ နှစ်ကြိမ်မျှ ဆွဲလျှင် တစ်ဖတ် ၊ လေးကြိမ် ၊ ငါးကြိမ်မျှ ဆွဲလိုက်လျှင် ဒေသအလိုက် သတ်မှတ်ထားသော အရွယ်အစားရှိသည့် ပျိုးတစ်ဆုပ်ရလာသည် ။ ထိုတစ်ဆုပ်စာ ပျိုးပင်များကို ခါးလယ်မှ စုကိုင်ကာ ရေပြင်ပေါ်သို့ သုံးကြိမ်ထက် မပိုဘဲ ဆောင့်လိုက်ပါလျှင် ပျိုးမြစ်များသည် ပုလဲလုံးလို ဖွေးကာ နှမငယ်၏ သွားအလှလို ချစ်စရာကောင်းလာပေ၏ ။

သို့ရာတွင် ပျိုးခင်း၏ ကန်သင်းများကို လုံခြုံအောင် မပြုလုပ်သူ တစ်ယောက်၏ ပျိုးခင်းထဲမှ ပျိုးသည် ပျိုးဖျားနှင့် ပခုံးနှင့် ထိရုံမျှနှင့် ၊ ယမ်းရုံဖြင့် ကျွတ်မလာပေ ။ ဒူးတုပ်ထိုင်ချထားသော ပျိုးနုတ်သမား ဖင်ကြွလာအောင် ၊ အီးထွက်လာအောင် ဆွဲရလေသည် ။ ပျိုးတစ်ဆုပ် ရပါမည့်အကြောင်း သေမင်း နှင့် နပန်းချချင်စိတ် ပေါ်လာအောင် အားစိုက်လိုက်ပြီး သည့်နောက်ပိုင်းတွင် ပျိုးပင်ကို ခါးလယ်မှ ကိုင်ပြီး ရေပြင်နှင့် ပျိုးပင်၏ ဖင်ကို ကိုင်ဆောင့်သော်လည်း ပျိုးမြစ်များသည် တောင်ပေါ်သား၏ သွားလို မည်းနေ၏ ။ အကြင် အချေးဆွဲသော ပျိုးမြစ်သည် ပိန်းဥ စားဆဲ ကလေးတစ်ယောက်၏ သွားလိုလည်း အချေးများ ငြိတွယ်နေလေ၏ ။

တစ်ဆုပ် ၊ နှစ်ဆုပ် ၊ သုံးဆုပ် ။ ဆယ်ဆုပ်စာ အထိတော့ သည်းညည်းခံနိုင်ကြပါသေးသည် ။ ပျိုးခင်း တစ်ခင်းလုံး အချေးဆွဲလာသော အခါတွင် ပျိုးနုတ်သမား၏ လက်သည် ငှက်ရေချိုးသလို ဗြန်းဗြန်းဗြန်းဗြန်းနှင့် အသံ မထွက်လာတော့ပေ ။ ဗျိုင်းအောက်ကြီး ငါးရှာသလို ဇွက်ခနဲ ဇွက်ခနဲ တစ်ချက်ချင်းသာ နုတ် လာရာက ကျောကို ပူသော နေကိုလည်း ပူသည် ထင်လာ၏ ။ ဆေးလိပ်သောက်ချင်လာသည် ။ သမ်းဝေလာသည် ။ ထို့ထက် ပိုဆိုးသော အရာမှာ မိမိ နုတ်ခဲ့ရာ လမ်းကြောင်းကို လည်ပြန်လှည့်ကြည့်လိုက်သော ကာလ၌ နည်းပါးသော ပျိုးဆုပ်ကလေးများကိုသာ မြင်ရခြင်းပင် ။

“ ဒီကောင်က ငါနဲ့ မနိုင်ရင်ကာ ဖြစ်နေလို့ပါကွာ ၊ နည်းနည်းပါးပါး သည်းညည်းခံလိုက်ကြပါ ”

ပျိုးခင်းညံ့သော အချို့လယ်သမားသည် စည်းခေါင်းကို လာဘ်ထိုးထားလျှင် ပျိုးနုတ်စည်းကို အုပ်ချုပ်သော စည်းခေါင်း၏ ပါးစပ်မှ ထွက်လာတတ်သော စကားဖြစ်၏ ။ သို့ရာတွင် ပျိုးနုတ်သမားများမှာ ပါးစပ်နှင့် ဝမ်းချ၍ ဝမ်းကျသူများ မဟုတ်ပေ ။ တညီတညွတ်တည်း အချိန်မကုန်မီ ထပြန်သွားတတ်ကြ၏ ။ ခပ်ပေါပေါ လူတစ်ယောက်ကို ဝိုင်းနောက်လား နောက်နေတတ်ကြ၏ ။

ပျိုးခင်းရှင်မှာ လိုချင်သော ပျိုးကိုလည်း အချိန်မီ မရတော့ပေ ။ ပျိုးခင်းထဲတွင်လည်း အဖျားပြတ်နေသော ပျိုးခင်းငုတ်များနှင့် ရေထဲတွင် မျောနေသော ပျိုးပြတ်များက စိတ်မချမ်းသာအောင် ဖန်တီးနေလေသည် ။ အချိန်မီရရန်နှင့် အပျက်အစီး နည်းပါးရန် နည်းလမ်းကား ကျွမ်းကျင်သူများကို ဈေးနှုန်းပိုပေးကာ လက်ရွေးငှားရမ်းခြင်းပေတည်း ။

အမှန်တော့ အချေးဆွဲသော ပျိုးခင်း၏ ဒုက္ခကား ပျိုးနုတ်သူကို ပျိုးတစ်ရာလျှင် တစ်မတ် ငါးမူး ပိုပေး ရုံနှင့် ပြေလည်သွားခြင်း မရှိသေးပေ ။ ပျိုးခင်းများထဲမှ ပျိုးဆုပ်များကို စိုက်ခင်းများထဲသို့ ထမ်းပိုး၍ တစ်သွယ် ၊ စွတ်ဖားနှင့် ဆွဲ၍ တစ်နည်း ၊ လက်ဆင့်ကမ်း၍ တစ်သွယ် ပို့ပေးသည့် အခါမှာလည်း ပျိုးဆုပ်က လေးလံနေသောကြောင့် ခရီးမရောက်ပေ ။ လူနှင့် နွားမှာ ပို၍ ပင်ပန်းသည် ။ အချိန်ကုန်သည် ။

အချေးဆွဲသော ပျိုး၏ ဒုက္ခကား သည်မျှသာလော ။ မဟုတ်သေးပေ ။ ကောက်စိုက်မကလည်း လေးလံသော ပျိုးစည်းကြီးများကို သယ်မ ကိုင်တွယ်ရသောကြောင့် ဆဲ၏ ။ ပျိုးကောင်းတစ်ဆုပ်ကို ကိုင်တွယ်လုပ်ကိုင်ရပါက ပြီးစီးမည့် အချိန်၏ နှစ်ဆမျှ ကြာသော အချိန်ကို အချေးဆွဲသော ပျိုးက ဖြုန်းတီးလေသည် ။ ထို့ကြောင့် တစ်ကျိပ်စိုက် လယ်တစ်ကွက်ကို တစ်ကျိပ်နှစ်ယောက် မချမိပါက အချိန်မီ မပြီးစီးရုံသာမက ကောက်စိုက်စည်းခေါင်းနှင့် လည်းကောင်း ၊ ကောက်စိုက်သမများနှင့် လည်းကောင်း ပြင်းပြင်းထန်ထန် ရန်ပွားရချေ၏ ။

စကား မများချင်သော ကောက်စိုက်သမများဆိုလျှင် ပေးထားသောလူနှင့် စိုက်ကွက် ညီမျှစေရန် လက်ကွက် ကြဲကြဲ စိုက်ပစ်တတ်သည် ။ သည်နည်းမှာ တလင်းသိမ်းချိန်ကျလျှင် လယ်ရှင်မှာသာ ထိသော နည်းဖြစ်၏ ။ သို့ကြောင့်လည်း ရိုးသားသော လယ်သမားတိုင်းက ပျိုးခင်းကို ဂရုဓမ္မ ပြုကြခြင်းဖြစ်သည် ။

ကိုဆေးရိုးသည်လည်း သူ၏ ပျိုးခင်းကို ကန်သင်း အင်္ဂတေ ကိုင်သည်နှင့်မခြား ချောမွေ့နေအောင် လုပ်ဆောင်ထားခဲ့ပေ၏ ။ သို့ရာတွင် သိလျက်နှင့် ဝိပါက်ကြမ္မာငင်ခြင်းသာ ဖြစ်ပေသည် ။ ကန်သင်း လုံခြုံမှ ပျိုးကောင်းမည်ကို သိလျက်နှင့် အခြားနေရာသို့ စိတ်စောနေသောကြောင့် ပဲ့ရွဲ့ကုန်သော ကန်သင်းကို ချက်ချင်းပင် ပြန်လည် ဖာထေးနေရလေ၏ ။

“ ဟေ့ ... လူကို မုန်းရင် လူကို လာပြီး လုပ်ကြပါလားကွ ... ဟေ ၊ မအေ ... တွေ ၊ ခွေးသားတွေ ”

ကိုအောင်သာ၏ အသံ ဖြစ်ပေသည် ။ ကိုဆေးရိုးသည် ရွှံ့တုံး တစ်တုံးကို နွားခြေရာခွက်ထဲသို့ ပစ်ချလိုက်ကာ ခဏ ခါးဆန့်ပြီး မျှော်ကြည့်သည် ။ ကိုအောင်သာသည် မိမိ၏ လယ်ကန်သင်းပေါ်တွင် ရပ်နေပြီး သံကုန်ဟစ်၍ ဆဲနေ၏ ။ သူသည် အောက်သို့ ငုံ့ကြည့်လိုက် ၊ ခေါင်းထောင်ကာ အရပ်လေးမျက်နှာသို့ လှည့်ကြည့်လိုက်ကာ ဆဲလိုက်နှင့် ဒေါသမီး လောင် နေသည် ။

“ သတ္တိရှိရင် လူကို လာလုပ်ကြပါလားကွ ၊ ဒီ ပျိုးခင်းက နင်တို့ကို ဘယ့်နှယ်လုပ်လို့လဲ ဟေ … ငါ x x x သားတွေရ ”

“ ကိုအောင်သာ ၊ ဗျို့ … ကိုအောင်သာ ၊ ဘာဖြစ်လို့လဲ ”

ကိုဆေးရိုးက သံကုန်ဟစ်၍ မေးမှ ကိုအောင်သာ က တစ်ချက်လှမ်းကြည့်၏ ။

“ ဆေးရိုးရေ … ခဏ လာပါဦးကွာ ”

ကိုအောင်သာသည် ခေါင်းငိုက်စိုက်ချကာ ငြိမ်သက်စွာ ရပ်နေ၏ ။ ကိုဆေးရိုးသည် ဆေးလိပ်တိုကလေးကို ကောက်ယူလျက် ပြေးသွားလေသည် ။

“ ဘာဖြစ်လို့လဲဟင် ”

“ ဒီမှာကြည့်ပါဦးကွာ ”

ကိုဆေးရိုးက ကိုအောင်သာ လက်ညှိုးညွှန်ရာ လယ်ကွက်ထဲသို့ ငုံ့ကြည့်လိုက်၏ ။ သမန်းပြင်ထက်တွင် အညှောက်ဖွေးဖွေးနှင့် စပါးစေ့ကလေးများ ဖုံးလွှမ်းနေရမည့်အစား ကြီးမားသော စွပ်ကြောင်းကြီးများသာ ရှုပ်ယှက်ခတ် ထင်နေ၏ ။ အညှောက်ပြူခါစ စပါး အနည်းငယ်မျှကိုသာ ကန်သင်းဘေးတွင် တွေ့ရ သည် ။

“ အင်း ... ”

ကိုဆေးရိုးမှာ သမန်းပြင်ကြီးကို ငေးကြည့်နေမိ၏ ။

“ လုပ်ရက်ကြတယ်ကွာ လုပ်ရက်ကြတယ် ”

ကိုအောင်သာသည် ဒေါသနှင့် ဝမ်းနည်းခြင်းတို့ ရောယှက်လျက် အော်လိုက်ပြီးလျှင်

“ အပင်ပေါက် ညီအောင်လို့ဟေ့ ... ရေတောင် သွင်းမကြဲဘူး ၊ ရေသွင်းကြဲတာက လေတိုက်တာနဲ့ ဘာနဲ့ စုချင်တဲ့ နေရာက စုနေတတ်လို့ ရေမသွင်းဘဲ မျက်မြင် ကြဲထားတာကွ ၊ လုပ်ကြပေါ့ကွာ ဟင်း ”

“ ဒါဟာ ကြဲပြီးတဲ့ ညလား ၊ နောက်ညလား ၊ တစ်ညညမှာ ဝင်လုပ်တာ ဖြစ်မှာပဲ ”

“ ဒါပေါ့ကွာ ၊ အနားမှာ ထန်းရွက်ခြောက်တွေကလည်း ပေါက ပေါပါဘိသနဲ့ ၊ ထန်းရွက်ခြောက်ကလေး တစ်ခု ယူလာ ၊ ဒီထဲကျမှ ထန်းရွက်ပေါ်မှာ မြေကြီးခဲ ဖြစ်ဖြစ် ၊ ရွှံ့ ဖြစ်ဖြစ် တင်ပြီး လေးငါးခေါက်လောက် လျှောက်ဆွဲရင် ပြီးတာပဲဥစ္စာ ”

ကိုအောင်သာသည် မျက်နှာလွှဲလျက် တစ်လုံးချင်း ပြောနေကာ ဆို့နစ်နေ၏ ။

“ ဘယ်လောက်လဲ ၊ ကိုးတင်းလား ”

“ ဟုတ်တယ် ၊ တလင်းသွင်းတုန်းက ဖိုးဆယ်တို့ဆီက မျိုးဖို့ သက်သက် ဝယ်ထားတာကွ ”

“ အင်း …. ဒီလိုလုပ်ဖို့တော့ မကောင်းပါဘူးဗျာ ”

ကိုဆေးရိုးက ညည်းညူလျက် သူ့လယ်ကွက် ဆီသို့ လှမ်းကြည့်လိုက်သည် ။ နွားနှစ်ကောင်မှာ အေးဆေးစွာပင် ရပ်နေကြသည်ကို မြင်ရမှ ခေါင်းငုံ့ လိုက်ကာ “ ကျုပ်ဆီမှာတော့ မျိုးထဲက မြီးတုံး တစ်ဆယ်လောက် ကျန်သေးတယ် ။ အဲဒါကိုပဲ ယူပေတော့ ” ဟု ပြောလိုက်လေ၏ ။

“ သိမယ် သိမယ် ၊ အောင်သာ အကြောင်းကို သိစေ့မယ် ”

ကိုအောင်သာသည် ကိုဆေးရိုး ပြောစကားကို စိတ်မဝင်စားသည့်အလား အောက်ဘက်သို့ စိန်းစိန်း ကြည့်ကာ ကြုံးဝါးလိုက်သောကြောင့် ကိုဆေးရိုးက ကိုအောင်သာ၏ ပခုံးကို ပုတ်လိုက်ပြီး မေးသည် ။

“ ပြီးတာ ပြီးပါစေတော့ ကိုအောင်သာ ၊ ဟိုလူကို ထင် ၊ ဒီလူကို ထင် လုပ်မနေပါနဲ့ ။ ဘာလဲ ခင်ဗျားက ထွန်းရကို ယိုးနေသလား ဟုတ်လား ”

“ ဒင်းပဲဖြစ်မှာပဲ ၊ ဒင့်အလှည့် မဟုတ်ဘဲနဲ့ ငါ့ ‘ ရင်းတား ’ ကို တက်ဖျက်တာကို ပြောမိလို့ ဘိန်းစားဉာဏ်နဲ့ ငါ့ပျိုးခင်းကို ဖျက်တာ ဖြစ်မှာပဲ ”

“ ဒီလို မလုပ်နဲ့လေ ၊ ခင်ဗျား ထွန်းရကို ထင်ရင် မှားလိမ့်မယ် ။ ခင်ဗျားကော ခင်ဗျာ့အထက်က ရင်းတားတွေကို တက်မဖျက်ဖူးဘူးလား ။ အဲဒီလူတွေက လာလုပ်တာကော မဖြစ်နိုင်ဘူးလား ။ ကဲဗျာ ခင်ဗျာ့ လယ်ထဲက မြက်ကို ဝင်ခိုးတာမိလို့ ဆဲဆိုလွှတ်လိုက်တဲ့ အကောင်တွေကကော လာလုပ်ချင်လုပ်မှာပေါ့ ။ ခင်ဗျာ့လို ဆိုရင် ကျုပ် ခက်ရောပေါ့ ”

မှောင်ရိပ်မှ ချောင်းရိုက်သော သူရဲဘောကြောင်သည့်အလုပ်မှာ စက်ဆုပ်ဖွယ်ပင်ဖြစ်၏ ။ မည်သို့မျှ ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း မရှိရုံသာမက ခုခံရန် အခွင့်အရေးလည်း မရှိသော အကျဉ်းသား ရာပေါင်းများစွာ၏ အစာထဲသို့ အဆိပ်ကို တိတ်တိတ်ထည့်ပြီး ကျွေးသ,တ်သူများပင် လူ့လောက၌ ရှိခဲ့သေးလျှင် ၊ ကြဲပြီးစ ပျိုးခင်းကို ထန်းရွက်ပေါ် ခဲတင်၍ ဆွဲဖျက်ခြင်းမှာ မဆန်းပေ ။

သူတစ်ပါးထက် တစ်ထွာပိုသည် ဆိုသော နိုင်ငံရေးသမားများပင် လူအချို့ကို မုန်းရုံနှင့် ရပ်ကွက်ကို မီးရှို့ကာ ၊ မှောင်ရိပ်မှ သေနတ်ဖြင့် ပစ်နေသေးလျှင် ၊ တစ်နှစ်လုံးနေမှ သတင်းစာ ဆယ်စောင် ပြည့်အောင် မဖတ်ဖူးသူများ၏ ပြုမူချက်အတွက် အပြစ်တင်စရာ မဟုတ်ပေ ။ လူကို အပြစ်တင်ဖွယ် မမြင်သော်လည်း အကျင့်အကြံမှာ စက်ဆုပ်ဖွယ်ကောင်းအောင် သိမ်ဖျင်းပေသည် ။

ကိုဆေးရိုးမှာ သူ့လယ်ကွက် ထိပ်ရှိ တောအုပ်ကလေးကို အမှတ်မထင် ငေးကြည့်နေမိ၏ ။ ထိုတောအုပ်ကလေးကို ကိုဆေးရိုး ပိုင်ဆိုင်ခွင့် ရှိသည်ဟု မြေယာကော်မတီက အသိအမှတ်ပြုထားသည် ။ သို့ရာတွင် ကိုဆေးရိုး မပိုင်ပေ ။

••••• ••••• •••••

“ ဟင်း ... ဟင်း .... ဟင်း ... ဟင်း ”

အဖျားတက်နေသူ၏ ညည်းတွားသံလို ကိုဆေးရိုး၏ အသံက ထွက်ပေါ်နေ၏ ။ နွားနှစ်ကောင်၏ အားကြိုးမာန်တက် ရုန်းကန်မှုကြောင့် ရေသံဖြင့်လည်း ညံနေသည် ။ ကိုဆေးရိုးသည် နွားကြီးနှစ်ကောင်ကို နှေးကွေးသည်ဟု ထင်ကာ နှင်တံ တမြှောက်တည်း မြှောက်ကာ မောင်းနှင်နေ၏ ။

ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ဖူးသော အခွင့်အရေးကို ရသောကြောင့် ကိုဆေးရိုးမှာ ကြွတက်နေသည် ။ စိတ်နှင့်အတူ ကိုယ်ကပါ မြူးတူးနေ၏ ။ မကျီးဒန်နှင့် အိမ်ထောင်ကျပြီးနောက် လယ်ရှင်ထံမှ လယ်မြေ ခံယူကာ လယ်လုပ်လာသည်မှာ အနှစ်နှစ်ဆယ် ပြည့်တော့မည် ။ စပါးထွက် နည်းသည် ဆိုကာ ဘယ်တော့များ မြေရှင်က ပြန်လည် သိမ်းပိုက်သွားမည်နည်း ဟူ၍ ပူပန်ခဲ့ရသည် ။ ကဆုန်လဆန်းတိုင်း လက်ဆောင်ပဏ္ဏာဖြင့် လယ်ရှင်ထံ ခစားခဲ့ရ၏ ။

ဒီနှစ်မှ စ၍ မပူရပြီ ။ အို .. နောင်ကိုလည်း ပူပန်ရန် မလိုတော့ ။ မိမိ၏ ချွေးနှင့် ရင်းထားရသော လယ်ထွက်စပါးကို မိမိသာ ပိုင်တော့သည် မဟုတ်လား ။ ထိုစပါးထဲမှ လယ်ခွန်တော်၏ နှစ်ဆနှင့် ညီမျှသော တန်ဖိုးရှိသည့် စပါး မဖြစ်စလောက်ကိုသာ လယ်ရှင်သို့ ပေးရတော့မည် ။

“ ကြိတ်လိုက်ပါလား သားရဲ့ ”

ကိုဆေးရိုးက ကြိတ်လိုက်ပါလားဟု ဆိုမှ အလှည့်ဘက်မှ စာဥကြီးမှာ တုံ့နှေးသွားသည် ။

“ တယ် ဒီသားကြီးဟာ အရိုက်ခံရတော့မှာပဲ ”

ကိုဆေးရိုးက နှင်တံဖြင့် စာဥကြီးကို တို့လိုက်သည် ။ စာဥကြီးသည် သွားတော့သွားပါ၏ ။ သွက်လက်ခြင်း မရှိတော့ပေ ။ လက်ဝဲခြေ တစ်ဖက်သည် ထော့ကျိုး ထော့ကျိုး ဖြစ်လာသည် ။

“ တယ် … ဒီရွှေဝါဟာ နာချင်ပြန်ပြီလား ”

စာဥကြီးကို မာန်မဲနေဆဲမှာပင် အတိုင်ဘက်မှ နွားဝါကလေးမှာ တုံ့ခနဲရပ်သွားသဖြင့် ၊ ကိုဆေးရိုးက ခပ်ဆဆကလေး ရိုက်ပေးလိုက်၏ ။ နွားဝါကလေးသည် တစ်လှမ်းမျှသာ လှမ်းပြီး ရေထဲသို့ ဝပ်ချလိုက်တော့သည် ။ ကတ်သော အလေ့အထ မရှိသော နွားများမို့ ကိုဆေးရိုးမှာ ထပ်မံ ရိုက်နှက်ခြင်း မပြုတော့ဘဲ ‘ ကန်ကြိုး ’ အစုံကို ထွန်ဦးသို့ ပစ်လိုက်ပြီး ထမ်းပိုးကို ဖြုတ်ရန် ဘေးဘက်သို့ ပန်းထွက်လိုက်ရာ “ အမယ်လေးဗျ ” ဟု အော်ကာ ဖင်ထိုင်လျက် လဲကျသွားလေ၏ ။

ထောင်၍ထားသော ဓားသွားကို တက်နင်းလိုက်မိသည်ဟု ထင်လိုက်ရသည် ။ လူနှင့် နွားနှစ်ကောင်၏ ဘေးတစ်ဝိုက် ရေပြင်မှာ သွေးချင်းချင်း နီနေ၏ ။

“ အဖေ ... အဖေ ၊ ဘာဖြစ်လို့လဲဟင် ”

ဘညိန်းသည် နှမ်းခင်းထဲမှ ပြေးတက်ကာ ကိုဆေးရိုးထံ ပြေးဆင်းလာရာ ၊ ချက်ချင်းပင် ‘ အား ’ ခနဲ အော်ကာ လဲကျသွားသည် ။ ရေထဲမှထိုင်လျက် ခြေကို မြှောက်ကြည့်လိုက်ရာ ခြေဖဝါးမှာ ဟက်တက်ကြီး ကွဲနေ၏ ။ ဘညိန်းသည် စမ်းနင်းကာ ကိုဆေးရိုး ထံ အရောက်သွားသည် ။ နွားနှစ်ကောင်ကိုလည်း အသည်းတယားယားနှင့်ပင် ကန်သင်းပေါ် ရောက်အောင် တင်ခဲ့ရသည် ။ နွားနှစ်ကောင်၏ ခွာရှစ်လုံးနှင့် အတက်ကလေးများမှာ ဓားဖြင့် မွှန်းထားသည့်ပမာ မြင်မကောင်းပေ ။

ထိုစဉ်က ရေသွင်းပြီးသား လယ်ကွက်အားလုံးမှ ရေများကို ထုတ်ပစ်ကာ အန္တရာယ်ကို ရှာဖွေကြရာ ယခု တောဖြစ်နေသော ထိပ်ဆုံး လယ်ကွက်ထဲမှ ပုလင်းကွဲများကို တွေ့ရသည် ။ မြေကြီး ခြောက်သွေ့သည် အထိ စောင့်ဆိုင်းပြီး ပေါက်တူးဖြင့် ပေါက်ကာ ကောက်ယူသော်လည်း မကုန်စင်ခဲ့ပေ ။

ထိုနှစ်က သားအဖ နှစ်ယောက်လုံး လဲနေသည့်ပြင် လူငှား ၊ နွားငှားဖြင့် လယ်လုပ်ရသည့် တိုင်အောင် လယ်ကွက် အားလုံးတွင် ပုလင်းကွဲ မကြဲပေသော ရန်သူကိုပင် ကျေးဇူးတင်မိသေး၏ ။ အကယ်မူ အခဲမကြေစရာပင် ။ သို့ရာတွင် မည်သူ့ကို အခဲမကြေမည်နည်း ။ မူလ မြေရှင်ကိုလား ၊ သို့ဖြစ်လျှင် မိမိအား မနာလိုသော သူများသည် ကိုဆေးရိုး၏ ပတ်ဝန်းကျင်မှာ မရှိတော့ဘူးလား ။ မုန်းတီးနေသော သူတွေရော မရှိတော့ဘူးလား ။

ကိုဆေးရိုးသည် သူ၏ တောဖြစ်နေသော လယ်ကွက်ကလေးမှသည် မျက်လုံးအစုံကို ကိုအောင်သာ၏ ပျိုးခင်းဆီသို့ ရွှေ့ပြောင်းခဲ့၏ ။ စပါးစေ့ကလေးများသည် ရွှံ့ထဲတွင် နစ်ကာ ပုပ်စပြုနေပေပြီ ။ ထို့နောက် ကိုဆေးရိုးက ကိုအောင်သာကို မော့ကြည့် ပြန်သည် ။ ကိုအောင်သာသည် အံကို ကြိတ်၍ လက်သီးကို ဆုပ်ထား၏ ။

“ ငါ မကြေဘူးဟေ့ ၊ သိစေ့မယ်ကွနော် … အောင်သာရဲ့အကြောင်း ကောင်းကောင်းသိစေ့မယ် ။ ဘယ်တော့မှ မကြေဘူး ”

ကိုအောင်သာသည် ကိုဆေးရိုး၏ ဖျောင်းဖျစကားကို မည်သို့မျှ နားမဝင်နိုင်ဘဲ အရပ်လေးမျက်နှာသို့ ကြည့်ကာ ကြုံးဝါးနေချေသည် ။ ကိုအောင်သာ သည် မည်သူ့ကို ကြုံးဝါးနေလေသနည်း ။ သူ၏ ပျိုးခင်းကို ထန်းရွက်ဖြင့် ဆွဲဖျက်သူကိုလော ၊ သည် သိမ်ဖျင်းသော စရိုက်မျိုးကို အားပေးအားမြှောက် သဘောဖြင့် ဆက်လက် ကျင့်သုံးနေသူများကိုလော ၊ သို့တည်းမဟုတ် သည်အပြုအမူမျိုးကို ပပျောက်အောင် ၊ လူတွေ ရှောင်ကြဉ်အောင် လုပ်မပေးနိုင်သူကိုလော ။

ကိုဆေးရိုးကတော့ မသိပေ ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး‌ ပေါင်းချုပ်

No comments:

Post a Comment