Thursday, June 11, 2026

မယားရိုက်သူ

❝ မယားရိုက်သူ ❞
     ( ပီမိုးနင်း )

ဘိုင်စကယ်သမားကလေးတစ်ယောက် အိမ်ရှေ့ ခြံဝင်းတံခါးမှ ဝင်၍ လာပြီး လမ်းနံဘေး မြက်ခင်းပေါ်၌ ဘိုင်စကယ်ကို လက်လွှတ်စံပယ် တုံးလုံးလှဲခဲ့ပြီး အိမ်ဘက်သို့ ပြေးခဲ့လေ၏ ။

အချိန်မှာ ခြောက်နာရီသာသာကလေး ဖြစ်သဖြင့် ဝတ်လုံတော်ရကတော် ဒေါ်မိကြီးသည် ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်နေရာမှ ရှေ့ကို ယိမ်းကာ အားယူ၍ ကြည့်လေ၏ ။ ဝတ်လုံတော်ရမင်း ဦးဖေဆင်၏ အစ်ကို ဆေးဆရာဝန်ဦးအောင်သန်းသည် မတ်တတ်ရပ်ကာ ဝရန်တာကို ဘေးတိုက်မှီလျက် ဆေးပြင်းလိပ်ကြီးကို ဖွာ၍နေလေ၏ ။

“ ဟိုဟာအောင်ဖိုးမဟုတ်လား ” ဟု ဝတ်လုံတော်ရကတော်ကြီးက မိမိ၏ ခဲအို ဒေါက်တာအောင်သန်း ကို ပြောလေ၏ ။ ထို့နောက် စကားဆက်ကာ “ အင်း ... ဟုတ်ပါတယ် ၊ ဒီသူငယ် ဘာကိစ္စ ဝင်လာပါလိမ့်မလဲ ၊ သူ လာလေ့ မရှိပါဘူး ” ဟု ပြောလေ၏ ။

“ ဘိုင်စကယ် တစ်ခုခု ဖြစ်လို့လား ၊ တာယာပေါက်လို့ ထင်ပါရဲ့”

“ မဟုတ်ဘူး ၊ ဘိုင်စကယ်ပေါက်တာနဲ့ ဒီကို ဘာလုပ်လာရမလဲ ”

“ အင်ဖလေတာများ ငှားချင်လို့လားမှ မသိဘဲ ။ အောင်ဖိုးတဲ့လား ၊ ဝန်ထောက် ဦးငြိမ်းသားလား တူလား ။ ဦးငြိမ်းအိမ်မှာ မြင်ဖူးသလိုလိုပဲ ”

“ တူပါ … တူအရင်းပါပဲ ။ ဒီသူငယ် မငယ်ဘူး ၊ အသက်နှစ်ဆယ် ကျော်ပြီ ။ ကလေးလိုပဲ ။ ဘာဖြစ်ဖြစ် စကားပြောလည်းပဲ ဟုတ်တယ်ထင် တာပဲ ၊ ဦးငြိမ်းက သူ့ကို ရူးပေါပေါမို့ သားသမီးလည်း မရှိတာနဲ့ အင်မတန် ချစ်တဲ့ပုံပါပဲ ။ အင်မတန် အလိုလိုက်ထားတာပဲ ။ တစ်ခုခု ဖြစ်လာပြီ ထင်တယ် ။ ခဏ ခဏ ဒုက္ခတွေ့တဲ့သူငယ် ။ မီးရထားခိုးစီးလို့ အဖမ်းခံရလား ခံရရဲ့ ၊ အိမ်နားက ကပြားတွေ မွေးထားတဲ့ ကြက်ကို ဖမ်းပြီး အဖော်တွေနဲ့ ကန်တော်ကြီးသွားချက်စားလို့ ကြက်ပိုင်ရှင်ကို တောင်းပန်ပြီး လျော်လား လျော်ရရဲ့ ။ ဂျူဗလီဟောပွဲတစ်ခုမှာ လည်း တိတ်တိတ်ခိုးဝင်လို့ အဖမ်းခံရပြီ ။ တစ်ခုခု ဖြစ်ရင် ဘာမှ မပြောတတ် မဆိုတတ် ။ ဒါနဲ့ ကြမ်းပိုး လုပ်ချင် လိုက်တာလွန်လို့ ။ ဘာမဆို သူမသိတာ မရှိဘူး ။ သိတာ မှန်သမျှလည်း တစ်ခုမှ မဟုတ်ဘူး ။ သူ့ဦးကြီး ကိုသာ အံ့သြစရာကောင်းတာပဲ ။ တော်တော်လည်း သည်းညည်းခံနိုင်တဲ့ ဦးကြီးပါ ကိုကြီးရယ် ။ ( တစ်ယောက်တည်းပေကိုး ဟု ပြောကာ ) ဒေါက်တာသည် ဆေးလိပ်တိုကို လွှင့်၍ပစ်လိုက်လေ၏ ။ ဒေါက်တာ၏ မျက်လုံးများမှာ ဓာတ်မီးရောင်ကြောင့်ပေလားမသိ ။ တိုး၍ တောက်ပလာသည်ဟု မှတ်ထင်ရလေ၏ ။ ဒေါက်တာသည် ရယ်စရာ အလုပ်များ၌ လွန်စွာဝါသနာကြီးသူ တစ်ယောက် ဖြစ်လေ၏ ။

“ ဆိုးတာတော့လည်း မဟုတ်ပါဘူး ၊ သနားစရာ ကောင်းတာပါပဲ ။ အစစအရာရာမှာ ခွကျတဲ့ သူငယ်ပဲ ။ ကျောင်းမှာလည်း ကောင်းကောင်း မနေဘူး ၊ လည်နေတာပဲ ၊ ကြီးလို့ လူကြီးများ မရှိရင် အတော်ဒုက္ခများမယ့် သူငယ်ပဲ ။ ပညာကလေးကလည်းအတော်သား ။ ဘိလပ် ကျောင်းသား ရှစ်တန်း ၊ လိမ္မာရင် သုံးနိုင်တာပေါ့ ”

“ အင်း … တချို့လည်း အသိအလိမ္မာ နှေးတတ်တယ် ။ သိတဲ့အခါကျတော့ ပိုသိတတ်တာမျိုးပဲ ”

“ အခုလိုပုံတော့ အသိဉာဏ်တိုးပုံ မရပါဘူး ။ လူ ပြောရင် ယုံတတ်တာက အင်မတန် ခက်တာပဲ ”

“ အင်း .. ဟော အောက်မှာ ဘာလုပ်နေပါလိမ့် ၊ တက်လာပြီ သူပါပဲ ” ဟု ဆရာဝန်က ပြောလေ၏ ။ ဆွယ်တာအင်္ကျီကို ဝတ်လျက် ကက်ဦးထုပ်ကို ကိုင်ကာ ဆံပင်ဖိုးရိုးဖားရားနှင့် အိမ်ပေါ်ထပ်သို့ ရောက်၍ လာလေ၏ ။

“ ကျွန်တော် ဒေါက်တာကို မြင်လို့ ဝင်လာတာပဲ ၊ ဒေါက်တာ မာရဲ့လား … ဟဲ ... ဟဲ ” ဟု ပြောကာ ဦးထုပ်ကို လက်နှစ်ဖက်နှင့် လိမ်ဖျစ်ရင်း နှုတ်ဆက်လေ၏ ။ ဝတ်လုံတော်ရကတော်ကြီးသည် ပက်လက်ကုလားထိုင်၌ ပက်လက်နေရာမှာ ထိုင်ပြန်လေ၏ ။

“ မာပါ့မောင် ဘာကိစ္စများလဲကွယ် ၊ မောင်ကော မာရဲ့မဟုတ်လား ၊ ထိုင်လေကွယ် ” ဟု ပြောကာ ဝတ်လုံကတော်က ကုလားထိုင် တစ်ခုကို ပြလေ၏ ။

“ မာပါတယ် ဒေါက်တာ ၊ လူတော့ မာပါတယ် ၊ ဒီကိုယ်ကတော့ ကျွန်တော့်ထက် မာတဲ့လူ မရှိပါဘူး ၊ ဒေါက်တာ စမ်းကြည့်စမ်း ” ဟု ဆွယ်တာအင်္ကျီလက်ကို ပင့်၍ ပြလေ၏ ။

“ အင်း … ကိုယ်ကတော့ မာဟန်ပါပဲ ၊ နို့ဘာက မမာတာလဲ ”

“ ဆရာမြင်ရင် မရိပ်မိဘူးလား ”

“ ဘယ့်နှယ် ရိပ်မိနိုင်မလဲကွဲ့ ၊ စိတ်နောက်ရင်တော့ အတော်ကြာမှ အကဲခတ်နိုင်တော့မပေါ့ ”

အောင်ဖိုးသည် ဝတ်လုံတော်ရကတော်ကြီးကို ကြည့်ကာ ရှက်သလိုလို ပြုံး၍ နေလေ၏ ။

“ အင့်ဟင် ဘာဖြစ်လာတာတုန်းကွဲ  ၊ ငါ့လူကိစ္စ အရေးကြီးတာတော့ ရှိပြီထင်တယ် ”

အောင်ဖိုးသည် ဝတ်လုံကတော်ဘက်သို့သာ မကြာမကြာ လှမ်း၍ ပြုံးပြီး “ ဒေါ်ဒေါ်ကလည်း ဝတ်လုံတော်ရကတော်ကြီးလုပ်ပြီး တယ် အတာကိုး ၊ ဒေါ်ဒေါ် သွားပါ ၊ ဒီမှာ မနေပါနဲ့ ” ဟု ပြောပြီး ရယ်လေ၏ ။

“ အလို .. အင်း ... အင်း … အေးကွယ် ၊ သွားပါ့မယ် ၊ မေးချင်တာ မေးပါ ၊ တိရစ္ဆာန်ကလေး နင် ဘာဖြစ် လာတာလဲ ၊ လူဖြင့် လူမွေးပေါက်မယ်မကြံသေးဘူး ၊ ဒီဟာ ဆေးရုံမှတ်လို့လား ” ဟု ရပ်ကာ နေလေ၏ ။ ဆရာဝန်က “ အေးဟယ် သွားလိုက်ပါဦး ၊ ကိုင်း .. ဘာမေးချင်လဲ ”

“ မေးဆို အရှည်ကြီး ဒေါက်တာရဲ့ ”

“ အင်း … တယ်ရှည်သလား ၊ မင်းဦးလေးက မင်း ဒီလိုရောဂါရတာတွေအတွက် မချဘူးလား ”

“ ဘာရောဂါလဲ ဒေါက်တာရဲ့ ၊ အောင်မယ် ကျွန်တော်လား ရောဂါရမယ့်အကောင် ၊ ကျွန်တော့်ကိုလည်း မချဝံ့ပါဘူး ”

“ ကိုင်း … ကိုင်း … ဒါဖြင့်ပြော ”

“ အခုကာလ ဒေါက်တာများဟာ ကိုယ်ရောဂါဟာသာ မဟုတ် ၊ စိတ်ရောဂါပါ ကုကြတယ်လို့ သတင်းစာများထဲမှာ ဖတ်ရလို့ ကျွန်တော် စိတ်အကြောင်းမေးချင်လို့ပါ ”

“ အင်း …. ဆိုစမ်းပါဦး ၊ မင်းစိတ် ဘယ်လိုဖြစ်နေသလဲ ”

“ သူ စိတ်နောက်နေတာပေါ့ ၊ ဆရာမကလေး စိန်းမေက သူ့ကို မကြိုက်လို့ ” ဟု ဝတ်လုံတော်ရကတော် အခန်းတွင်းမှ လှမ်း၍ပြောလိုက်လေ၏ ။

“ ဒေါ်ဒေါ်ကလည်း ဟုတ်တာတွေ ပြောနေပါပြီ ” ဟု အိမ်အတွင်းဘက်သို့ ကြည့်ကာ ပြန်၍ ပြောလိုက်လေ၏ ။ ထို့နောက် ဆရာဝန်ကို ကြည့်ကာ စကားဆက်၍ ပြောသည်မှာ “ ကျွန်တော် လူတော့ မာပါတယ် ၊ စိတ်က ဘယ်လိုဖြစ်နေမှန်း မသိဘူး ”

“ ဟုတ်တယ် မြင်ရုံနဲ့ သိပါတယ် ၊ မင်း ကိုယ် ကျန်းမာသလောက် စိတ်ကျန်းမာရင် အင်မတန် စွမ်းတဲ့ ယောက်ျားဖြစ်မှာပဲ ” ဟု ဆရာဝန်က တည်တည်ကြီး ပြောလေ၏ ။ ဆရာဝန်သည်ကား ငယ်စဉ်က ပါခဲ့သော နောက်တတ်သော ဝါသနာ မကုန်သေးသူဖြစ်ရာ အောင်ဖိုးနှင့် အတွေ့မှာ ထိုဝါသနာကို ပြန်၍ နှိုးလိုသော စိတ်များ ပေါ်ပေါက်လာလေ၏ ။

အောင်ဖိုးသည် ဒေါက်တာဘက်သို့ တိမ်းကာ နားစိုက်၍ထောင်လေ၏ ။ ဒေါက်တာသည် ဝတ်လုံတော်ရကတော် ထိုင်သွားသော ကုလားထိုင်မှာ ထိုင်လျက်ရှိနေလေ၏ ။

“ ဆိုင်ကို အနာလစ်ဇစ် ခေါ်တဲ့ စိတ်ပညာ အတတ်မျိုးနဲ့ ဒေါက်တာ ကုသလား ”

“ အေး … ဆိုပါတော့ ၊ ဆိုင်ကို အနာလစ် ခေါ်ပြီး ညာစားနေတဲ့ လူညာတွေလည်း အမေရိက ၊ ဥရောပမှာ အများကြီး ရှိတာပဲ ။ အန်ကယ်တော့ ညာတာ မဟုတ်ပါ ဘူး ၊ သည်နည်းအတိုင်းပါပဲ ”

အောင်ဖိုးသည် ရင်ဘတ်ဆွယ်တာ အကြား၌ ထိုးထားသော ပဝါဖြူကိုထုတ်ကာ နဖူးလည်ပင်းက ချွေးများကို သုတ်လေ၏ ။

“ ဒေါက်တာ ဒီနည်းမျိုးနဲ့ ကုရင် ဘယ်လောက် အခယူမလဲ ”

“ လူလိုက်လို့ပါပဲ ၊ တစ်ရာကိုးဆယ်ပေါ့ ။ မင်းကို တော့ လျှော့ပြီး ယူတာပေါ့ ။ တခြားလူမှ မဟုတ်ဘဲ ။ အခု မင်းမှာ ဘယ်လောက်ပါသလဲ ”

“ အခုတော့ ငါးကျပ်ပါတယ် ဒေါက်တာရဲ့ ၊ ဒါလည်း ဘိုင်စကယ် ပြင်ခ ပေးမလို့ပါ ”

“ အေး … အေး မင်းဖြစ်ပုံကိုသာ ပြော ၊ အခုတော့ အရေးမကြီးပါ ဘူး ။ မင်းမှာ ဘယ်လို စိတ်ရောဂါလဲ ။ ဘယ်လိုစိတ်မှာ ဖြစ်နေသလဲ ။ ‘ ဆိုင်ကိုလိုဂျီအရ ’ ‘ ကွန်ပလိုက် ’ လို့ခေါ်တယ် ။ ‘ ကွန်ပလိုက် ’ ဆိုတာ စိတ်ရော ဂါရဲ့ အမြစ်ပဲ ။ ကြာရင် ကိုယ်မှာ ရောဂါကူးတတ်တာမျိုး ၊ ဒီအမြစ်ကို ဖြုတ်မှ ချမ်းသာတယ် ၊ ဒီအမြစ်ကို မဖြုတ်သမျှ အဘယ် ဆေးနဲ့မှ ကုလို့မရဘူး ။ သွေးသား ရောဂါ ၊ ကိုယ်၌ ရောက်တဲ့အခါကျတောင် သွေးသားနဲ့ ဆိုင်တဲ့ ဆေးနဲ့ ကုလို့ မရဘူး ။ ဒီအမြစ်ကို ထုတ်ပယ်မှ ပျောက်တာပဲ ”

“ အဲဒါ ကျွန်တော် နားမလည်ဘူးဆရာ ၊ တစ်ဆိတ် အမိန့်ရှိပါဦး ”

“ အေးလကွယ် ။ မင်းအကြောင်း မင်းမသိဘူး ၊ ဆရာသိပါပြီ ၊ သူ့နာမည်ပြောစမ်း ”

“ ဘယ်သူ့နာမည်လဲ ဆရာရဲ့ ”

“ မိန်းကလေး နာမည်ပေါ့ကွဲ့  ၊ ဘယ်သူ့နာမည်လို့ မင်းကထင်သလဲ ”

“ ဒီအမြစ်ဟာ မိန်းမနဲ့ပတ်သက်မှ ဖြစ်သလား ”

“ အများအားဖြင့် ဒီက စတာပဲ ။ ‘ မိန်းမဖျက် ပြည်ပျက် ’  တယ်လို့ ပြောကြတယ် မဟုတ်လား ။ ပြည်မပျက်မီ လူတွေကစပြီး ပျက်ရတာပဲ ”

“ မစိန်မေတဲ့ ဆရာရဲ့  ။ ကိုင်း ... မကြားဝံ့ ဆေးဆရာ ၊ မမြင်ဝံ့ ရှေ့နေ ဆိုတာကိုး ဆရာရဲ့ ။ ပြောရတော့မှာပေါ့ ” ဟု ပြောပြီး ဝတ်လုံတော်ရကတော်ကြီး ရှိနေသော အတွင်းဘက်သို့စောင်းငဲ့ကာ လှမ်း၍ ကြည့်လေ၏ ။

“ ဘာအလုပ် လုပ်သလဲ ”

“ အင်္ဂလိပ်ကျောင်းဆရာမကလေး ဒေါက်တာရဲ့ ”

“ တော်တော်ချောသလား ”

“ ချောဆို ရန်ကုန်မြို့မှာ မရှိပါဘူး ”

“ နို့ အခုဘယ်မှာလဲ ”

“ ရန်ကုန်မှာ ”

“ အသက်ဘယ်လောက် ”

“ ဆယ့်ရှစ်နှစ်သာသာ ”

“ အင်း … ဒီလိုဖြင့်ဟုတ်ပြီ ၊ ကိုင်း ... ဟိုအကောင့် နာမည်က ဘယ်သူတဲ့တုန်း ”

“ ဆရာ သူ့ပြန်မပြောနဲ့နော် ”

“ ပြောရင် ဆရာ့စည်းကမ်းပျက်ရာ ကျမှာပေါ့ကွဲ့ ၊ ဆရာဆိုတာ မိမိ လူမမာများအကြောင်းကို မပြောကောင်း ဘူး ”

“ ဟိုအကောင်က ရုပ်ရှင်မင်းသား ၊ ပြောမယ်လေ ၊ အကုန်ပဲပြောမယ် မောင်မောင်ထွေး ဆိုတဲ့အကောင်ပေါ့ ”

“ အင်း .. ဒီလိုဖြင့် ရောဂါ မငယ်ဘူး ၊ ကြီးတယ် ၊ ခပ်ကျပ်ကျပ်ပဲ ”

ဓာတ်မီးတိုင်များမှာ ပိုးကောင်တွေ မီးနင်းပွဲကျင်းပ၍ နေလေ၏ ။ မော်တော်ကားများသည် ရိပ်ခနဲ ဝီခနဲ ဝဲခနဲ မြည်ကာ ဖြတ်သန်း၍သွား ကြလေ၏ ။ အဝေးမှ ပီယာနိုတစ်ခုသည် နှုတ်သီးကိုအနှက်ခံရသော သုနက္ခော ပမာ ဂိန် ... ဂိန်မြည်၍ နေလေ၏ ။

နောက် ဆယ်မိနစ်လောက်ကြာသောအခါ ဒေါက်တာက “ ဒီမင်းသားကို ဆရာမကလေးက ကြိုက်ပလား ” ဟု မေးလေ၏ ။

“ ဒါတော့ မသိဘူး ဒေါက်တာရဲ့ ၊ ဒီအကောင့် ဓာတ်ပုံတွေကိုတော့ ဆရာမက ကျွန်တော့်ကို ခဏ ခဏ ပြတာပဲ ။ ပြီးတော့လည်း ဒီအကောင့် အကြောင်းကို ကျွန်တော်နဲ့ တွေ့တိုင်း ပြောတယ် ၊ စာတွေလည်း ပြတယ် ၊ ကြိုက်လို့ပဲလား ၊ အားနာလို့ပဲ လက်ခံသလား ။ သေသေချာချာ မပြောတတ်ဘူး ။ ဆရာမက တစ်ဖက်သားကို အင်မတန် အားနာတတ်တယ် ”

“ မင်းကိုတော့ အားမနာဘူးလား ”

“ ကျောင်းနေဖက် ဖြစ်နေတယ် ဒေါက်တာရဲ့ ဒီတော့ အားမနာဘူး ။ လူနိုင်လို ကျနေတာပေါ့ ”

“ မင်းက နိုင်တာလား ”

“ သူက နိုင်တာပါ ၊ ဟိုအကောင်ကတော့ သူစိမ်းပဲ ၊ အခုမှ သိတာပါ ”

“ အေးကွယ် ၊နောက်ပေါ်တဲ့ရွှေကြာင် မျိုးပေါ့ ။ ဒီလိုဖြင့် မင်းက သာပြီး ရင်းနှီးတာပေါ့ ”

“ ကျွန်တော်က ဆန်ရင်းသားပါ ။ သူက ဆန်ကွဲ ပါ ။ ကြံအဖျားသား နွားစားတဲ့အစာ ”

“ မင်းက ကြံအရင်း စားပေါ့ ၊ ကိုက်ရင် ရွှေသွား ထပ်စိုက်ရမှာစိုးလို့ ထင်ပါရဲ့ ၊ ဓာတ်ပုံတွေ များသလား ”

“ အမျိုးမျိုးပါပဲ ”

“ ဒါတွေ ဘာလုပ်သလဲ ”

“ ဘောင်သွင်းပြီး သူ့အိပ်ရာခန်းထဲမှာ ချိတ်ထားတယ် ”

“ အားလုံးပဲလား ”

“ နှစ်ခုတော့ ဆုတ်ပစ်လိုက်တယ် ၊ ကျွန်တော့် ရှေ့မှာပဲ ဆုတ်ပြီး လွှင့်ပစ်လိုက်တယ် ။ ဒီတစ်ချက်ကြောင့် ကျွန်တော့်အပေါ်မှာ စိတ်မကုန်ဘူး ဆိုတာ သိရတာပေါ့ ဆရာရဲ့ ” ဟု ပက်လက်ကုလားထိုင် လက်တင်ကို လက်သီးနှင့်ထုကာ ပြောလေ၏ ။

“ အင်း … အရင်က မင်းနဲ့ ဘယ်လိုဖြစ်ဖူးသလဲ ”

“ ကျွန်တော်နဲ့တော့ ဘာမှမဖြစ်ဖူးပါဘူး ၊ ချစ်ကြတာပါပဲ ။ ကျွန်တော်ကလည်း အများကြီး သစ္စာစောင့်ပါတယ် ။ လက်ဖျားနဲ့တောင် မထိမိပါဘူး ။ အရင်တစ်ခါတော့ လက်ကို ဆွဲကစားလိုက်မိပါရဲ့ ။ သူက ကျွန်တော့်ပါးကို ရိုက်လိုက်တယ် ။ သူတို့အိမ်က ခံတမာကတော် မစုက နင့်ကို ချစ်လို့ ကစားတာတဲ့ ။ မိန်းမများ တော်ရုံတန်ရုံ ချစ်လို့ ပါးမရိုက်ဘူးတဲ့ ၊ ဟုတ်သလား ဒေါက်တာရဲ့ ”

“ အင်း ဒါလည်း ဟုတ်ပါရဲ့ ၊ ဟိုအကောင့်ဓာတ်ပုံကို ဆုတ်ပစ်တာကလည်း သက်သေတစ်ခုပဲ ”

“ ဟုတ်တယ်ဆရာ ၊ အောင်မယ် အဲဒီ ဆုတ်ပစ်တဲ့ ဓာတ်ပုံတွေထဲမှာ ဟိုအကောင်က အငြိမ့်မင်းသမီးကို ဖက်လို့ ၊ တစ်ခုက ပွေ့လို့ ဆရာရဲ့ ။ ဒီတင် ကျွန်တော်က အသာရသွားတာပေါ့ ။ ဟိုအကောင်က သစ္စာဖောက်တာလို ဖြစ်နေတာပဲ ”

“ အင်း .. အင်း ဒီတစ်ချက် မင်းက သာတယ် ၊ ဒါမျိုးမှာ မင်းကပိုပြီး တည်တာပေါ့ ၊ ဒီလိုအချက်မှာ မင်းက ပိုင်အောင် စလိုက်ရမှာ ။ ဒါထက် ဆရာမမှာ မိဘရှိသလား ၊ သူ့အဖေက ဘာလုပ်သလဲ ”

“ တစ်ပေးတဲ့အလုပ်ကို လုပ်တယ် ”

“ ဘာတစ်ပေးသလဲ ”

“ မြင်းပွဲတစ် ဒေါက်တာရဲ့ ”

“ တစ်ပေးတဲ့လူ သမီးကို ရုပ်ရှင်မင်းသားနဲ့ မင်းနဲ့ ပြိုင်လုနေရတာပေါ့ ။ ဒါနဲ့ စိတ်ရောဂါ ဖြစ်တာပဲ ။ ကောင်းပြီး မပြောပါနဲ့ ”

“ ကျွန်တော် နဂိုက စိတ်ရင်းကောင်းပါတယ် ။ သို့သော်လည်း ဒီလို အကောင်တစ်ကောင်နဲ့ ပြိုင်ပြီး မိန်းမ တစ်ယောက်ကိုလုရတာ မခံချင်သလို ဖြစ်နေပါတယ် ဒေါက်တာ ။ ဒီလိုအခါကျတော့ မခံချစ်တဲ့စိတ် ဖြစ်ပြီး တစ်ခါတည်း ဘာဖြစ်ဖြစ် ဆိုပြီး ဖိုးသူတော်သာ လုပ်ပစ် လိုက်ချင်တာပဲ ။ ကျွန်တော်က မခံချင်ရင် ဘယ်လိုဖြစ်ဖြစ်ဆိုပြီး စွန့်တယ်လို့ ပြောတာပါ ။ ဘုရားမျက်နှာ ထောက်လို့ အခုလို ခံနေရတာပါ ”

ဒေါက်တာသည် နောက်သို့ လှည့်ကာ ပါးစပ်ကို ပိတ်လျက် ထူးခြားသော အသံတစ်ခုကို ချုပ်၍ ထားရလေ၏ ။

“ ဒီဆရာမကလေးဟာ မင်းနဲ့ ပထမတွေ့တဲ့ ရည်းစားလား ”

“ ပထမ မဟုတ်ပါဘူး ။ ကျွန်တော့်မှာ ငယ်ရည်းစားများလည်း ရှိပါသေးတယ် ။ သို့သော်လည်း ကြီးလာမှ တွေ့တဲ့ အထဲမှာတော့ သူ ပထမပဲ ”

“ မင်းမှာ အခု အပုံကြီး အရေးကြီးနေတယ် ။ မင်းလို လူတစ်ယောက်ကို တွေ့ဖူးဖူးတယ် ။ မင်း ငါ့ဆီကို လာတာ ကံကောင်းတာပဲ ။ မင်း တော်တော် သတိရှိတဲ့ ယောက်ျားပဲ ။ အချစ်နဲ့တရား ရောစပ်ပြီး ဖိုးသူတော်လုပ်ချင်တဲ့ စိတ်တောင်ပေါက်ရင် ဝေဒနာအပြင်ကို ရောက်တဲ့ လက္ခဏာပဲ ။ ဟိုလူမှာတော့ ဝေဒနာအပြင်ကို ရောက်ပြီးနောက် တဖြည်းဖြည်း မေ့မေ့လျော့လျော့နဲ့ ပျောက်သွားသလို ဖြစ်သွားတယ် ။ စင်စစ်တော့ မပျောက်ဘူး ။ တကယ်ဖြစ်တာက ငုတ်သွားတာ ။ ‘ ကွန်ပလိုက် ’ ဆိုတာ ဒီလိုအငုတ်မှာ ဖမ်းတာမျိုးပဲ ။ အဲဟိုလူ ဒီလို အငုတ်မှာ စိတ်ငယ်ပြီး ‘ နိုက်ထရစ် အက်စစ် ’ ငရဲမီးသောက်ပြီး သေတော့မလို လုပ်နေတုန်း နောက်ဖေးသွားတော့ မည်း နေတာ မြင်ရမှ ပုလင်းကို မသင်္ကာလို့ သေသေချာချာ ပြန်ကြည့်တော့ ငရဲမီး မဟုတ် ။ မင်ရေတွေ ဖြစ်တာတွေ့ရ လို့ ချမ်းသာသွားတယ် ။ ပုလင်းကို ပြန်မကြည့်မိရင် ကိစ္စတုံး ပွဲချင်းပြီးသေဖို့ ။ ပူလှချည့်ရဲ့ လောင်လှချည်ရဲ့ ။ လူးတောင်နေမှာကလားကွဲ့ ။ မင်း စိတ်ပညာစာတွေ ဖတ်ဖူးတယ်ထင်တယ် ”

“ ကျွန်တော် ဦးကြီးစာအုပ်ကို ဖတ်ကြည့်မိပါတယ် ။ ‘ ကွန်ပလိုက် ’ ဆိုတဲ့စကားအကြောင်း အရင်က ကြားဖူးတာနဲ့ စာအုပ်ထဲတွေ့ တော့ သေသေချာချာဖတ် ပြီး အချစ်က စရင် ၉၆ ပါးက စုန်းတစ္ဆေ ဘီလူးပူးတဲ့ ရောဂါမျိုးတွေပါ ဖြစ်တတ်တယ်ဆိုလို့ ။ ကျွန်တော် ဆရာ့ဆီ လာတာပါပဲ ။ စိတ်ထဲမှာလည်း လေးလေးပြီး အရင်ကနဲ့ မတူတာ တနင်္ဂနွေတစ်ပတ်လောက် ရှိနေပြီ ဆရာရဲ့ ၊ ကယ်ပါဦး ၊ ကျွန်တော်ဖြင့် သိပ်ကြောက်တာပဲ ”

“ ဟိုအကောင်တုန်းက ဝမ်းဗိုက်ကို ပြွန်နဲ့ စုပ်ယူရသေးတယ် ။ ဖင်ချူပြွန်သုံးခုနဲ့ ဖြန်းခနဲ ဖြန်းခနဲ ကွဲတာပဲ ”

“ ပြောစမ်းပါဆရာ ဘယ့်နှယ်လုပ်ရမလဲ ”

“ ဒီသူငယ်မ ဘယ်လို သူငယ်မမျိုးလဲ ”

“ ပုံပန်းကတော့ သိပ်အမူပါတယ် ဒေါက်တာရဲ့ ၊ ကျွန်တော့်ဟာမို့ ကျွန်တော် ပြောတာ မဟုတ်ဘူး ၊ မြန်မာပြည်မှာ ရှားပါတယ် ။ အစစအရာရာ ရုပ်ရော ၊ အလိမ္မာရော ၊ ပညာရော စိတ်နေသဘောထားပုံရော ယောက်ျားမှန်ရင် ထန်းပင်နဲ့ ထန်းသမားလို ဖြစ်လောက်ပါတယ် ”

“ ထန်းပင်နဲ့ ထန်းသမားလို ဆိုတာက ဘာလဲကွဲ့ ” 

“ အို ... ဆရာကလည်း မသိဟန်ဆောင်နေပြန်ပါ ပြီ ။ ဒီလောက် ပြောရိပ်မိရောပေါ့ ဒေါက်တာရဲ့ ။ ထန်းသမားနဲ့ ထန်းပင်ဆိုတာ ‘ မြင် - ယှဉ် - ဖက် - တက် ’ ပေါ့ ဆရာရဲ့ ”

“ ဟဲ့ ... အလို .. ပြောစမ်းပါဦးလကွဲ့ ၊ နားမလည်သေးလို့ပါ ”

“ အို ... ဆရာ့နှယ် ထန်းသမား ထန်းပင်ကိုမြင်တော့ ယှဉ်ပြီး ဖက်တက် ၊ အပေါ်ရောက် ထန်းရည် သောက်တာပေါ့ ”

" “ ဪ … ဒီလိုလား ၊ မင်းဆရာမက ထန်းရည် ထွက်သလား ”

“ ထန်းရည်တော့ မထွက်ပါဘူး ။ ဥပမာ ပြောတာပါ ။ ကျွန်တော် ဖြစ်ရပုံကို ပြောတာပါပဲ ။ ကျွန်တော် သူ့ကို မြင်ရင် အနားကပ်ပြီး ဟင်း .. ဟင်း ”

“ အင်း … အနားကပ်ပြီး ဘာဖြစ်သလဲ ”

“ အနားကပ်ပြီး ဖက်ထားချင်တာပေါ့ ဆရာရဲ့ ၊ ဒေါက်တာကလည်း ပျိုရာက အိုလာမှ သိရောပေါ့ ”

“ အေးဟေ ၊ ဟုတ်လိုက်တာ ၊ နို့ .. တက်ဆိုတာ ဘယ်လိုလဲ ”

“ ကြီးမှီ ၊ ငယ်ချီ ဆိုတာလိုပေါ့ ဆရာရဲ့ ၊ ကျွန်တော်က ငယ်တယ် ၊ သူက ကြီးတယ် ၊ ဒီတော့ အချီခံရအောင် ဖက်တက်လိုက်ချင်တာ ပြောတာပါ ”

“ တော်သေးရဲ့ တော်သေးရဲ့ ၊ ဆရာက အသည်းနှလုံးတုန်သွားလို့ ။ ကြီးမှီ ငယ်ချီ ဆိုတာ မင်းက ငယ်ရင် သူက ကြီးလို့ မှီရမှာကို ပြောတာကွဲ့  ။ မင်းပြောတာက တစ်မျိုးဖြစ်နေတယ် ”

“ နို့ ကျွန်တော်က ငယ်တော့ သူချီမှာ မဟုတ်လား ဆရာရဲ့  ၊ ဘယ်က တစ်မျိုးဖြစ်မှာလဲ ”

“ ဟင် … အေး ဒါလည်း ဟုတ်တယ် ၊ ကိုင်း .. ပြောပါဦးကွယ် ”

“ ပြီးတော့ ကောင်းသော သွားခြင်း ၊ ကောင်းသော လာခြင်းနဲ့ ပြည့်စုံပါတယ် ။ ကျွန်တော် ပြောလိုတာက ဆင်လိုပါပဲ ”

“ ဪ … ထိုးတတ်သလား ”

“ မဟုတ်ပါဘူး ဒေါက်တာရဲ့ ၊ ဆင်များ သွားသလို ပြောတာပါ ”

“ ဘယ်လို ဆင်များ သွားသလဲ ”

“ မုန်ယိုပြီး သွားတာပေါ့ ။ ဆရာက ဆေးသာ တတ်တာကိုး ။ ဒါမျိုးကျတော့ သိပ်ရိုးတာပဲ ”

“ ဪ … မင်းဆရာမက မုန်ယိုသလား နေပါဦးကွဲ့ ၊ မုန်ယိုတော့ ဘယ်လိုနေသလဲ ”

အောင်ဖိုးသည် လက်ခုပ်တီးကာ အံ့သြသော လက္ခဏာကို ပြပြီး

“ မုန်ယို ဆိုတာ ဣန္ဒြေကြီးတာ မဟုတ်လား ဆရာရဲ့ ။ မျက်နှာထားမှန်ပြီး ရှေ့ကို ဆင်များလို စိုက်ကြည့်ပြီးသွားတာပေါ့ ။ နံဘေးတွေ နောက်တွေကို မကြည့်ဘူး ။ ဘုန်းကြီးဘဝကလာတာနဲ့ တူတာပဲ ။ ဆံပင်ကလည်း အင်မတန်ကောင်းတယ် ။ ပိတုန်းရောင် ဆိုတာ သူမှ အစစ် ။ ဆီမလိမ်းဘဲ နေပူထဲလျှောက်သွားရင် အမျှင်ကလေးတွေက ဝင်းလက် ၊ ပြာဝါ ၊ ရွှေစဝါ ပွင့်အရောင်လို မိန်းမမြတ်ဟတ္ထနီအစစ် ။ သျှတ္တရကျမ်းနဲ့ ညီတယ် မညီတယ် ဆိုတာ ကျွန်တော် ကြည့်ပြီးမှ လေးရွက်စင်ကို ကောက်လိုက်တာပါ ”

“ ဆံထုံးကြီးရဲ့လား ”

“ ဟင့်အင် ၊ ဖဲစီးကြိုးလိပ်ပြာတောင် ဖွတ်မြီး ”

“ အင်း တော်သေးရဲ့ ဆိုဦး ၊ သူ ဘာလုပ်တတ်သလဲ ”

“ မိန်းမအတတ် မှန်သမျှ အကုန် လုပ်တတ်တာပဲ ၊ အချုပ်အလုပ် အထိုးအပေါက် အကုန်ပါပဲ ”

“ အရက်ကော ”

“ ဟာ … ဒေါက်တာကလည်း မဟုတ်တာ ၊ မိန်းမကလေး အရက်သောက်ပါ့မလား ”

“ မဟုတ်ဘူးလဘွဲ့  ၊ ရက်ကန်းရက်တတ်သလား မေးတာပါ ”

“ ဒါတော့ ရှေးဆန်လို့ မသင်ထားဘူး ”

“ ကျွန်တော် ကိုယ်တိုင်ကလည်း ရက်ကန်းဆိုတာ အညောင်းမိတတ်လို့ တယ်ပြီး သဘောမကျတာနဲ့ သင်ဖို့လည်း မပြောပါဘူး ”

“ တခြား အတတ်တွေက မင်း သင်ခိုင်းတာလား ”

“ မခိုင်းရပါဘူး ၊ သူ့ပါရမီနဲ့ အလိုလို တတ်ချင်စိတ် ဖြစ်ပြီး မြင်ရုံနဲ့ တတ်တာတွေပါ ”

“ မြင်ရုံနဲ့ တတ်တတ်သလား ”

“ ဟုတ်ကဲ့ ၊ တတ်တတ်လို့ပေါ့ ”

“ ဟိုရုပ်ရှင်မင်းသားကိုလည်း မြင်ရုံနဲ့ တတ်တာလား ”

အောင်ဖိုးသည် စဉ်းစား၍နေပြီးမှ “ ဆရာ ဘာပြောတာလဲ ”

“ ဟိုအကောင်ကို ကြိုက်တာပြောတာပါ ။ မင်း မခံချင်အောင် ဟိုအကောင်အကြောင်းတွေ ခဏခဏ မပြောဘူးလား ”

“ ဟုတ်လိုက်တာ ဆရာရယ် ၊ ဒါကြောင့် ကျွန်တော် အခု ဆရာ့ဆီ လာတာပါပဲ ”

“ မင်း ရိုက်စမ်းကြည့်ပြီးပလား ”

“ ဘာကို ရိုက်တာလဲဆရာ ၊ မစိန်မေကလေးကိုလား ”

“ အေးလေ ရိုက်ရတာမျိုးပဲ ” ဟု ဆရာက ရိုးရိုးအံ့သြဟန်နှင့် ပြောလေ၏ ။

“ စိန်မေကို ရိုက်ရမယ်လား ”

“ မင်း ဖိုးသူတော် ဖြစ်ချင်စိတ်ပေါ်လောက်အောင် စွဲလို့မှ သူ့ကို ရိုက်မစမ်းဘူး ဆိုရင် ဟုတ်နိုင်ရဲ့လား ၊ မင်း တကယ် မရိုက်ဘူးလား ”

“ ဆရာက လှောင်နေတာလား ” ဟု ပြောကာ ခုခံသော အမူအရာနှင့် မိမိကိုယ်ကိုမတ်စေလျက် ဆရာကို ကြည့်နေလေ၏ ။

“ ငါက မင်းကို လှောင်နေရမျာလားကွဲ့  ၊ အောင်မယ်မင်း လူလေး ”

“ မတော်တာ ဆရာနှယ် ၊ ချစ်တဲ့ရည်းစားကို ရိုက်ရမယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး ။ မြင်လည်း မမြင်ဖူးဘူး ”

“ အဲဒါတွေကြောင့် ဖြစ်လွယ်ပျက်လွယ် ဖြစ်ကြတာပေါ့ကွဲ့ ။ ‘ နွားနဲ့ မယား မသနားကောင်း ’ ဆိုတဲ့ စကားဟာ အလကားစကား မှတ်သလား ။ ဒါမှ မယားစွဲ ဆေး ‘ မယားနေစ ကြောင်သေမှ ’ တဲ့ ။ ဒါမှ မက်ဆေး ။ ရိုက်ရင် ငိုရော ။ မိန်းမ ဆိုတာ မျက်ရည်ကလေးနဲ့ ငိုရ နွဲ့ရတာမှာ အသားယူတာ ။ နောက်ဆုံးပေါ်တဲ့ ‘ ဆိုင်ကော် လော်ဂျီ ’  စိတ်ပညာကျမ်း အဆို ။ ဒါတွေကို မသိကြလို့ ၊ ညားကြ ၊ ကွာကြ ၊ ကွဲကြ ဖြစ်ကုန်ကြတာပေါ့ ။ ဥရောပတိုင်းသားများဟာ အင်မတန် မိန်းမကို အလိုလိုက်တယ် မဟုတ်လား ။ အလိုလိုက်လို့ မကြာမကြာ နောက်ယောက်ျားနဲ့ တွေ့ပြီး ကွာကြရတယ် မဟုတ်လား ။ မင်း သတင်းစာများ ဖတ်ရဲ့လား ၊ အခု ဥရောပရဲ့ အမေရိက ။ လင်ကွာ မယားကွာ ရုံးတွေမှာ အလုပ်များအားကြီးလို့ အလုပ်နည်းအောင် ၊ အကွာအရှင်းနည်းတဲ့နည်းကို ကြံကြပါ ။ မကြံရင် ခက်ကုန်ကြပါတော့မယ် ။ လူတွေဟာ အိမ်ထောင်နဲ့နေကြတော့မှာ မဟုတ် ။ တိရစ္ဆာန်များလို ဖြစ်ကုန်ကြတော့မယ် ။ နိုင်ငံပေါင်းချုပ်အသင်းက တောင်းပန်သည့်အတွက် အမေရိကန် စိတ်ပညာအသင်း ကြီးများက စုံစမ်းရှာကြံကြသတဲ့ ။ ရှာကြံကြတာနဲ့ အဲ … အခု ဆရာ ပြောတဲ့နည်းကို တွေ့၍ အမေရိကန်မှာ ရိုက်ကုန်ကြပတဲ့ ။ အကွာအရှင်း များလည်း လျော့သွားပြီလို့ ကြား ရတယ် ။ နားလည်ပလား ၊ မင်းရောဂါဟာ မင်းကြိုက်တဲ့ မိန်းမ၏ ဖက်လဲ နမ်းရှုံ့ခြင်းကို ခံရမှ အမြစ်ပြတ်မှာ ။ စိတ်ရောဂါမှာ စိတ်နှလုံးကို မြန်မြန်ထိပြီး ဒိန်းဒိန်းမြည်အောင် ဆောင့်လိုက်မှ စင်စင်ကြီးပျောက်တာ ၊ ဆရာမကို မင်း အခုလို မရိုက်ဘဲ လွှတ်ထားရင် မျက်ရည်နဲ့ မနွဲ့ရ မမူရလို့ မင်းကို ဖက်ချင် ရက်ချင်စိတ် မပေါ်ဘဲနေတာ ။ ဟိုအကောင် ရုပ်ရှင်သမားက ဒီပွိုင့်ကို နားလည်လို့ လက်ချက်ဦးရင် မင်း ဒီဘဝမှာ ‘ စိတ္တသွက်ချာပါဒ ’ ဆိုတဲ့ ရောဂါနဲ့ ဆုံးရှုံးဖို့ရှိ တော့တာပဲ ”

“ ကျွန်တော် တစ်ခါမှ မကြားဖူးခဲ့သေးဘူး ။ ဘယ်သူရိုက်တာမှလည်း မမြင်ဖူးသေးဘူး ”

“ အို … မင်း တယ်ညံ့တဲ့လူကိုး ။ လူမြင်အောင် ရိုက်ကြတာ မဟုတ်ဘူးကွဲ့ ။ ပြီးတော့လည်း ဒီဆေးနည်း မြန်မာပြည်ကိုနှံ့အောင် မရောက်သေးဘူး ။ မင်းမှ ကံထူးလို့ ဆရာနဲ့ တွေ့ရလို့ လူတိုင်းကိုလည်း သွားမပြောနဲ့ဦး ၊ သွားပြောရင် ဆရာ စားလမ်းတစ်ခု ပိတ်သွားမှာစိုးလို့ ပြောတာ ”

“ နို့ အကြင် လင်နှင့် မယား ဖြစ်မှာပေါ့ဆရာရဲ့ ၊ ရည်းစားကို ရိုက်လို့ ဖြစ်ပါ့မလား ”

“ ရည်းစားဘဝက စပြီး စွဲရမှ နောင်အစဉ် ထင်းပုံ ခေါင်းချ မြဲတာ ။ မြန်မြန်လည်း ကြိုက်မှာ ။ အခု မကြိုက် တကြိုက် ဖြစ်နေတယ် ။ ဟိုအကောင်က တစ်ဖက် ၊ မင်းက တစ်ဖက် ဖြစ်နေတယ် ။ ဒီလို နေခိုက်မှာ လက်ချက်ဦးသူ ရမှာပဲ ။ ရိုက်ရင် ငို မျက်ရည်ကျရော ။ အဲသည်တော့ အသာ ပွေ့ယူပြီး ကျောကလေးသပ် မျက်ရည်ကလေး သုတ်ပေးပြီး ချော့ ၊ သည်တော့ အဟင့် .. အဟဲ့နဲ့ မူရော နွဲ့ရောကွဲ့ ။ အဲဒီလို မူရ ချွဲရတာမှ မိန်းမဆိုတာ အရသာခံတာ ၊ ယောက်ျား ယူတာဟာ ဒါအတွက် ယူတာ ၊ ဆိုးမယ် နွဲ့မယ် ဆိုတဲ့ စိတ်နဲ့ ယူကြတာ ၊ သမီး ရည်းစား ဖြစ်ခိုက်မှာမှ သာပြီး ရိုက်ပေးရတာ ။ စပါးမွှေ ၊ မယားတေ ၊ စီးလားမြင်း ၊ ရည်းစားပုလင်း ၊ တချို့များ ပုလင်းနဲ့ ဦးခေါင်း နှက်ပေးရတယ် ။ သေအောင် ပေါက်ပြဲသွားအောင်လည်း မလုပ်နဲ့နော် ။ ပုလင်းနဲ့ နှက်တဲ့ ယောက်ျား တကယ်ရက်ရောမှ သတ္တိ ၊ ဗျတ္တိနဲ့ ယောက်ျား ၊ ယောက်ျားပီသတဲ့ ယောက်ျား ၊ ငါ့ယောက်ျား တကယ် ရက်ရောပါလား ၊ ဘာမှ ကြောက်ခြင်း ၊ လန့်ခြင်း မရှိ ၊ ထင်သလိုလုပ်မယ့်ယောက်ျားပါကလားလို့ တွေးပြီး သာပြီး ချစ်တာ ၊ ရွတ်တိရွတ်ထိုးမှ သဘောကျတာ ၊ အခု မင်း အသက် ဘယ်လောက်လဲ ”

“ ရှေ့လကျရင် ၁၇ နှစ်ထဲမှာ ”

“ ဒါတောင် ဒီအကြောင်း မင်း မသိသေးဘဲကိုးကွဲ့ ၊ ပါတာနီကုံး ၊ တာတွေ ၊ ကျောက်မြောင်း အဲဒီလို ဆင်းရဲတဲ့ မြန်မာရပ်ကွက်တွေ မင်း သွားကြည့် ၊ လင်မယားတွေ ခဏခဏ ရန်ဖြစ်တာ မယားဆံပင်ကို ဆွဲပြီး နရင်းအုပ်တာ ၊ အဲဒီလိုဟာတွေကို မင်း ခဏခဏ မြင်ရလိမ့်မယ် ။ အဲဒီလို အရိုက်ခံရတဲ့ မိန်းမတွေဟာ သူတို့ ယောက်ျားတွေကို ဘယ်လောက် ချစ်သလဲ ၊ ပဲပြုတ်တောင် ရောင်းကျွေးကြရသေးတယ် ။ နေ့ခင်းမှာ ရိုက် ၊ ညကျ မိန်းမက လင်ကျောခိုင်းပြီး တစောင်းကလေး ခွေနေရောကွဲ့ ။ အဲ ... သည်တော့ လင်က အသာ ခြေကိုလိမ်ချိတ်ဆွဲလိုက်တော့ မိန်းမက ဖယ်ပါ ဆိုပြီး ငိုသံပါလေးနဲ့ တံတောင်ဆစ်နဲ့ တွက်လိုက်ရောကွဲ့ ၊ သည်တော့ ထပ်ပြီး တစ်ခါ ခြေက လိမ်ချိတ်ပြီး ဆွဲလိုက်ပြန်ရောကွဲ့ ။ အဲဒါနဲ့ ပြီးတာပါပဲ ။ သည်တော့မှ အချစ်နာလန်ထပြီး တစ်ညလုံး မအိပ်တော့ပါဘူးကွယ် ။ ရိုက်တဲ့ လင်ရဲ့လည်ပင်းကို တစ်ခါတည်း ဖက်ထားတော့တာပဲ ။ မိုးလင်းအားကြီးကျတော့မှ ထပြီး မီးဖိုထဲဝင် ပဲပြုတ်ကလေး ဘာကလေးလုပ် အသံတွေ ဘာတွေ ကျယ်လို့ ၊ ပြီးတော့ ညက အိပ်ပျက်လို့ အိပ်ရာထဲမှာ ဇိမ်ဆွဲ နေတဲ့ ငနဲ ထံ လာပြီး ကျုပ် သွားဦးမယ်နော် ၊ မောင် အိပ်ပျက်မှာ စိုးလို့ ထမင်းပါ ချက်ထားခဲ့ပြီ ။ စိတ်ချ ဝအောင်အိပ်လိုက် ၊ ခေါင်းတွေ ဘာတွေ ကိုက်မယ် ဆိုတဲ့ စကားမျိုးကလေးများ ပြောပြီး ပဲပြုတ်တောင်း ခေါင်းပေါ်တင် ပဲပြုတ် ... ပဲပြုတ် ဆိုပြီး ကိုယ်ဝန်ရှိတဲ့ မိန်းမများလည်း ကော့လန် ကော့လန်နဲ့ လက်ကလေး ပစ်ကာ ပစ်ကာ သွားရှာရတာကလားကွဲ့ ။ အဲဒီ လူစုတွေက အမေရိကန်စိတ်ပညာဆရာတွေ မကြံမီက နားလည်နေကြတာ သိလား ”

“ အရင်တစ်ခါ သမ္မန်ပြတာ ကိုရွှေကြီးတော့ သူ့ မယားကိုရိုက်စမ်း ထင်ပါရဲ့ ၊ ဂါတ်ထဲ ရောက်သွားတယ် ”

“ ဒါက မူးလို့ရမ်းတာ ၊ ဒါမျိုးက တစ်မျိုးပဲ ၊ မရိုက်ရင် မချစ်လို့ဆိုတာ ပုံသေမှတ် ၊ မရိုက်ရင် မိန်းမကလည်း မချစ်ဖူးဘဲ ၊ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့ စကားဟာ ဒါကို ဆိုလိုတာ ”

“ တစ်ခါ တစ်ခါတော့လည်း ရိုက်စရာ အကောင်းသား ။ ကျွန်တော် တစ်ခါမှ စမ်းမကြည့်သေးဘူး ။ ဒီလိုဖြင့် စမ်းဦးမယ် ၊ ဆရာ တကယ် ပြောတာနော် ၊ ကျွန်တော်က တကယ် စမ်းမှာ ”

“ ဘာမှ စမ်းဖို့မလိုဘူး ၊ လက်တွေ့ စိတ်သာချ ။ သိပ်လည်း မချနဲ့နော် ။ ဟန်ကိုယ့်ဖို့ ဆိုတာ ဒါကို ပြောတာ သိပလား ။ အရင် ရန်ကုန်မှာ ပန်းချီဆရာ တစ်ယောက် သူ့မယားကို အိမ်မှာမတွေ့လို့ မယားခေါင်းအုံးပေါ် စာရေးသွားသတဲ့ ။ အဲဒီ စာက “ မင်း တင်ပါးကလေး နာရအောင်သာ ပြင်ထားပေတော့ ” ဆိုတဲ့ စာတဲ့ ။ မိန်းမက ဒီစာကို တွေ့တော့ အားရလွန်းလို့ ဟိုပြော ဒီပြော သူ့ ယောက်ျားက ဒီလို စာရေးသွားတယ်ဆိုတာ ပြောလို့ မဆုံးဘူးတဲ့ ”

အောင်ဖိုးသည် အတန်ကြာ စဉ်းစားပြီး “ ဟုတ်လိမ့်မယ်ဆရာ ။ သူ ကျွန်တော့်ကို ငယ်သူငယ်ချင်းမို့ ချစ်တာတော့ အမှန်ပဲ ။ နို့ပေမယ့် ဟို အကောင်ကလည်း မရမက ပိုးနေတော့ သနားတာနဲ့ အားနာပြီး ဘယ်ဘက် လိုက်ရမှန်းမသိ ‘ အမယ့်မြင် ငိုချင်ချင် ၊ ပဲလဝါမြင် ရယ်ချင်ချင် ’ ဆိုတာလို ဖြစ်နေတာပဲ ။ အစဉ်းစားကြီးနေတယ် ဆရာရဲ့ ” ဟု ပြောလေ၏ ။

“ အဲဒီလို နေခိုက်မှာ ဟိုအကောင်က အရိုက်ဦးသွားရင် မင်းရူးပြီး ကျန်ရစ်မှာပဲ ။ ငါ ပြောတာကို ဆက်ဆက် လုပ် ။ ဒါထက်ကောင်းတဲ့ ဆေး မရှိဘူး သိလား ”

“ ချမယ် ဆရာ ။ သူ့ တင်ပါးဖောင်းဖောင်းကလေးကို အညိုအမည်းစွဲအောင် ချလိုက်မယ် ၊ ဒီအချက် တစ်ချက် ကျွန်တော် လစ်ဟင်းနေလို့ ဒီလောက် ကြာနေတာပဲ ။ သိပြီ သိပြီ ။ ဒါပဲ ဒါပဲ ”

“ အဲဒါပဲ မိန်းမဆိုတာ စိတ်ဘယ်တော့မှ မကုန်ဘူး ။ ရှေးရှေးလူတွေ အရိုင်းအစိုင်း ဖြစ်တုန်းက စိတ်မျိုး ။ သည်တော့ မယားကို တကယ် ချစ်သူ မှန်ရင် ရိုက်ရမယ် ။ မရိုက်ရင် မချစ် ။ သည်တော့ မိန်းမကလည်း ပြန်ပြီး အချစ်ပြယ်တော့တာပဲ ။ သြစတြေးလျ ၊ ဟန်ဂေရီပြည်များမှာ ခဏခဏ အရိုက်ခံရတဲ့မိန်းမဟာ မိန်းမထဲမှာ အမော်ပဲ ။ ညည်းယောက်ျား ညည်းကို တစ်လ ဘယ်နှခါ ရိုက်သလဲ ၊ ငါ့ယောက်ျားဖြင့် တနင်္ဂနွေ တစ်ပတ် တစ်ခါ နှစ်ခါတော့ ရိုက်တာပဲဟု ပြောသည့်အခါ တစ်ခါမှ အရိုက် မခံရတဲ့ မိန်းမမှာ မျက်နှာကလေး ငယ်ပြီး အောက်ကျနောက်ကျ ဖြစ်နေရတာပဲ ။ သည်တော့ တမင် အရိုက်ခံရအောင် တခြားယောက်ျား တစ်ယောက်ယောက်နဲ့ မြောက်မထားသလို လင်ငယ်နေသလိုလို အထင်ခံရအောင် ဉာဏ်ဆင်ကြရသတဲ့ ”

အောင်ဖိုးလည်း ဒေါက်တာကို ကျေးဇူးတင်လှသဖြင့် လက်အုပ်ချီကာ ဦးချပြီး ထွက်သွားလေ၏ ။

ဒေါက်တာနှင့် ဝတ်လုံတော်ရကတော်လည်း ရယ်မောလျက် ကျန်ရစ်ကြလေ၏ ။ ဝတ်လုံကတော်က အရူးကို သွားလှောင်လို့ နောင် တကယ် လုပ်နေမှဖြင့် ရှင် ကိစ္စများနေဦးမယ် ဟု ပြောလေ၏ ။

••••• ••••• •••••

တစ်နေ့သ၌ ဆရာမ ကျောင်းမှ အပြန်တွင် လမ်းမှာ တွေ့ကြရာ ဒေါက်တာ ပြောလိုက်သော စကားများကို တွေးမိလေ၏ ။ အခုအနေ တစ်နေရာရာကို ခေါ်သွားပြီး ချရရင် ကောင်းမှာပဲဟု တွေးမိလေ၏ ။ ထိုအခါမှာ အောင်ဖိုးသည် အော်စတင်ကားကလေးကို မောင်းနှင်လာသော အခါ ဖြစ်၏ ။

“ ဆရာမ အိမ်ကိုလား တက် ၊ ကျွန်တော် လိုက်ပို့မယ် ”

ဆရာမမှာ ကြို့ကုန်း၌ နေသူဖြစ်လေရာ ရထားကို တိုးဝှေ့စီးရမည်ထက် အော်စတင်ကားကလေးနှင့် သွားရလျှင် ကောင်းမှာပဲဟု အောက်မေ့ကာ တက်စီးလေ၏ ။

အောင်ဖိုးသည်ကား တော်လှပြီ ။ ငါ့အကြံ ပိုင်ပြီ ၊ ကြခတ်ဝါးကိုင်ပြီး ငနဲမတင်ပါးကလေးကို ချမယ် ၊ ဒါမှ မပိုင်ရင် ဖူးစာဘက် မဆိုင်လို့ပဲ ၊ သင်း ဟိုအကောင်ကို တကယ်ကြိုက်တာလား ၊ ငါ မခံချင်အောင် တမင်လုပ်တာလားမသိဘူး ။ ယနေ့တော့ အပိုင်ကို သိမ်းမယ် ဟု တွေးလေ၏ ။

ကားသည် ရန်ကုန်အနောက်ပိုင်းသို့ ရောက်သော အခါ ကန်တော်မင်ဘက်သို့ ကွေ့လေ၏ ။

“ ဟဲ့ ... အောင်ဖိုး ဘယ်ကိုလဲ ၊ ကြို့ကုန်းကိုလေ ။ ဘယ်အရူးထသွားမလို့လဲ ”

အောင်ဖိုးသည် စကားပြန်၍ မပြော ၊ မကြားသလို သွားလေ၏ ။

“ ရပ်ရင် ဘယ်ကို မောင်းတာလဲ ၊ ငါ အရမ်း အော်လိမ့်မယ်နော် ”

“ အော်ရုံမကလို့ ဟစ်ဟစ် ၊ ဘယ်သူတားလို့မှ ရမယ် မထင်နဲ့ ”

“ ဘာပြောတယ် ၊ ဘယ်ကိုလဲ ၊ ကြို့ကုန်း ပြောတာ ၊ အခု ကန်တော်မင်ကို ဘာလုပ်မလို့လဲ ”

အောင်ဖိုးသည် စကားမဖက်လုပ် မပြောဘဲ တွင်တွင်ကြီးသာ တစ်ဟုန်တည်း မောင်းလေ၏ ။

“ ကောင်းပြီ .. မောင်းသွားချင်ရာသွား ၊ နင် ဘယ်သွားမယ်ဆိုတာ နင်သိရဲ့လား ”

“ သိသိ မသိသိ ၊ ဘာမှမဆိုင်ဘူး ”

“ နင် ဘာဖြစ်လာသလဲ ၊ ငါ့ကို ဘယ့်နှယ်လုပ်မလို့လဲ ”

“ ဆေးဆရာဝန်နဲ့ တွေ့ပြီးလို့ ငါသိရပြီ အစ်မ ၊ အေးအေးသာလိုက်ခဲ့ ၊ သိရမယ် ”

“ ဆေးဆရာဝန်နဲ့ တွေ့တာ ဘာဆိုင်သလဲ ”

“ ဟေ့ ဆရာမ ၊ ခံလာခဲ့တာ ကြာပြီ ၊ ရိသဲ့သဲ့လုပ်ခဲ့တာတွေ ၊ ယနေ့ညနေ တွေ့ရောပေါ့ ။ ဘယ်လို လူစားဆိုတာ ပြမလို့ခေါ်တာ ”

“ အလို … ဘယ်လိုလူစားပါလိမ့် ” ဟု ပြောကာ ဆရာမ၏မျက်နှာသည် ဖြူရော်ရော် ဖြစ်၍ သွားလေ၏ ။

“ ဘာတွေဆိုတာ တာမွေဘက် ရောက်ရင် သိရောပေါ့ ”

“ တာမွေမှာ နင်က ငါ့ကို ဘယ့်နှယ်လုပ်မှာလဲ ”

“ တာမွေကျတော့ ဘယ်လောက်ချစ်တယ်ဆိုတာ ပြမလို့ ၊ သိပြီလား ဆရာမရဲ့ ”

“ အလိုလေးတော် … ချစ်ပြမှာက နောက် ၊ ကားမှောက်လို့ ဇက်ကြိုးမှာက အခု ၊ ဟဲ့ အောင်ဖိုးရဲ့ နင် အရူးထသလား ”

“ ချစ်တာဟာ ရူးတာ တစ်မျိုးပဲ ၊ တေတေနိတ် ”

တာမွေအနီး ထူထပ်သော တောချုံတွေ ၊ ခြံတွေ ၊ ဝါးရုံတွေ ၊ ပိတ်ဆို့နေသော လမ်းကြောင်းတစ်ခု၌ ကား ရပ်လေ၏ ။

အောင်ဖိုးသည် ကားပေါ်မှ ဆင်းပြီး ဆရာမကို ကြည့်ကာ မြန်မြန်ဆင်းဟု အာဏာသံနှင့် ပြောလေ၏ ။

“ ဘာလို့ဆင်းရမလဲ ၊ အခု ကြို့ကုန်းကို အရောက် ပို့ ”

“ ဆင်းဆို ဆင်း ၊ ဆွဲထုတ်ရမလား ၊ မဆင်း သိရောပေါ့ ၊ ဟား ဟား ”

“ နင်ငါ့ကို လက်ဖျားနဲ့ ထိဝံ့ရင် ထိစမ်း ၊ ဘယ်လို ကောင်မမှတ်သလဲ ”

အောင်ဖိုးသည် ဆရာမ၏ ခက်တရော်သော မျက်နှာထားကိုမြင်လျှင် လန့်သလို ဖြစ်သော်လည်း စိတ်ကို ပြန်တင်းလေ၏ ။

“ မြို့ထဲရပ်ထဲ လူသူထဲမှာ ဒီလိုမျက်နှာထားနဲ့ရပေမယ့် ဒီချုံတောထဲမှာ မရဘူး မှတ်လိုက်ပါ ။ ဆင်းမလား ၊ ဆွဲချရမလား ”

“ နင် ရူးနေသလား ၊ ဘာဖြစ်သလဲ ”

“ ရူးရင် ဘယ်သူ့ကြောင့် ဆိုတာ မသိဘူးလား ၊ ဆရာဝန်က သေသေချာချာ ပြောလိုက်တယ် ။ ခင်ဗျား အထဲမှာ ရှိတဲ့ တောစိတ် အရိုင်းစိတ်ကို ပျောက်အောင် လုပ်ပေးမလို့ သိလား ၊ ဆရာဝန်က ပြောလိုက်တယ် ”

“ ဘာတောစိတ်လဲ ၊ နင်က ငါ့ကို မျောက်လို့ ဆိုချင်သလား ၊ ဆရာဝန်နဲ့ ဘာဆိုင်သလဲ ”

ဆရာမသည် ခက်ထန်သော မျက်နှာထားနှင့် နေရာမှာ မထဘဲနေလေရာ အောင်ဖိုးမှာ အခက်တွေ့၍ နေလေ၏ ။ ဆွဲချရမှာ ခက်၍ နေ၏ ။ အင်္ကျီကို ကိုင်ဆွဲလျှင် ဝိုင်သားမို့ ပါးသောကြောင့် စုတ်ပြတ်သွားမှာ စိုး၏ ။ ဖဲထဘီ ကြက်သွေးရောင်ကို ဆွဲချရလျှင် မတော်တဆ ပြုတ်ကျမှာစိုး၏ ။ ဆံပင်ကို ဆွဲလျှင်လည်း ဆံထုံး ပျက်သွားမှာ ကြောက်၏ ။ တစ်အောင့်မျှ ချီတုံချတုံဖြစ်ပြီး “ ဆင်းလေ ဆွဲချရမလား ” ဟု ပြောပြီး လက်မောင်းကို ကိုင်လေရာ အလွန်နူးညံ့သည်ကို တွေ့ရသောကြောင့် ပခုံးမှ ပြုတ်ပြက်ကျွတ်ထွက်၍ လာလေမလားဟု တွေးကြောက်ကာ ပြန်၍လွှတ်ပြီး“ ထွက်ပါဗျာ ၊ မြန်မြန် ” ဟု ပြောလေ၏ ။

“ ဘာလုပ်ထွက်ရမှာလဲ ၊ ပြောလေ ”

“ ချ ... ချ ... ချမလို့ ”

“ ဘာပြောတယ် ”

“ အထဲမှာ နေရာကျဉ်းတယ် ၊ မရိုက်သာဘူးဗျာ့ ”

ဆရာမသည် ဒေါထလျက် ကားပေါ်မှ လျင်မြန်စွာ ခုန်ဆင်းပြီး

“  ကိုင်း ... အောင်ဖိုး ၊ ကိုင်း ... ချဦးလေ ရိုက်မယ်ဆို ၊ ရိုက်လေ ... ရိုက်လေ နင်က ငါ့ကို ရိုက်မလို့ဆို အားရပလား ၊ မရိုက်တတ်ဘူးလား ။ ဟောဒီလို ရိုက်ဟဲ့ .. ရိုက်ဟဲ့ ”

“ နင် ဘာလုပ်ချင်သလဲ လာခဲ့ ၊ ထိစမ်း ဘာပြုလို့ ငါ့ကိုနင်ရိုက်မှာလဲ ”

“ မရိုက်ရင် မဖြစ်လို့ပေါ့ ၊ ဆရာဝန်အမိန့် ၊ ရိုက်မှ ဖြစ်မတဲ့ ”

“ ဘာဖြစ်လို့လဲ ၊ လာလေ ရိုက်လေ ” ဟုပြောကာ ဆရာမသည် မတ်မတ်ကြီး ဒရိန်ပြသလို ရပ်လျက် အောင်ဖိုးကို စိန်းစိန်းကြည့်နေလေ၏ ။

အောင်ဖိုးသည် ကြောက်၍ လာ၏ ။ သို့သော်လည်း စိတ်တင်းပြီး ကြခတ်ကိုင်းတစ်ကိုင်းကို ပြေး၍ တအားဆွဲရာ အကိုင်းပြုတ်၍ ထွက်ပြီး နောက်ကျွမ်း ထိုးကာ မြေပေါ်၌ သုံးလေးပတ် လိမ့်၍ သွားလေ၏ ။ မိုးက အောက် မြေက အထက် ဖြစ်၍သွား၏ ။

ဆရာမသည် ကျားသစ်ပမာ ၊ အောင်ဖိုး မျက်နှာရော ၊ လည်ပင်းရော ၊ ရင်ဘတ် ၊ ခြေလက်တွေရော ကျားသစ်ခဲသလို လက်သည်းရော သွားရော ပေါင်းစပ်ကာ ကုတ်ခြစ် ၊ ကိုက်ခဲ ၊ လိမ်ဖဲ့ ထုရိုက်ခြင်းများကို ပြုလေ၏ ။ အောင်ဖိုးမှာ ပါးစပ်ထဲ၌ သဲမြေတွေ အပြည့်နှင့် စကားပြန်၍ မပြောနိုင်အောင် သဲမြေပျော့ထဲတွင် ဖင်ဘူးတောင်း ထောင်လျက် တော်တော့ ဒီလောက် လုပ်ရရင် တော်နော် ၊ တော်ဆိုတာ မတော်ဘူးလား ၊ သိပ်လုပ်လိုက်ရင် ဒုက္ခဖြစ် သွားချင်သလားဟု အောက်မှာ မှောက်ခုန်ပြားလျက် နေရာမှ ခွ၍ စီးကာ ၊ ထုရိုက် ၊ ကုတ်ခြစ် ၊ ဖြဲဆုပ် ၊ ကိုက်ခဲ နေသော ဆရာမကို ပြောလေ၏ ။ ဆရာမလည်း ဝါးကိုင်းကို ရလေ၏ ။

“ ကိုင်း … ချဦးလေ ၊ ရိုက်မယ်ဆို ရိုက်လေ ။ နင်က ငါ့ကို ရိုက်မလို့ဆို အားရပလား ၊ မရိုက်တတ်ဘူးလား ၊ ဟောဒီလို ရိုက် ၊ ရိုက်ဟဲ့ ရိုက်ဦး ၊ ဟင် ... အောင်ဖိုး ရိုက်လို့ ကောင်းရဲ့လား ” ဟု မေးကာ မေးကာ ဝါးကိုင်း နှင့် အထပ်ထပ် တရွှစ်ရွှစ် မည်အောင် ရိုက်လေလျှင် အောင်ဖိုးသည် မှောက်ခုံနေရာမှ လူးထကာ မြေပေါ်၌ တံတောင်ဆစ်နှင့် ထောက်ကာ ခပ်လန်လန်ထိုင်၍ လက်တစ်ဖက်နှင့် ကာလေ၏ ။ ဆရာမသည်ကား ဦးခေါင်း ၊ မျက်နှာ ၊ ပခုံး ၊ လက် စသည်များကို အထပ်ထပ်ချလေ၍ တော်လေ တော်လေ ဟူ၍သာ အော်ရင်း လက်နှင့်သာ ကာရလေ၏ ။ ဆရာမက မရပ်ဘဲ ကြောက်ပလား ငါ့ကို ကြောက်ပလားဟဲ့ အောင်ဖိုးရဲ့ ။ နောက်တစ်ခါ ဒီလို လုပ်ဦးမလားဟု မေး၍ ရိုက်လေ၏ ။ အောင်ဖိုး၏ နှုတ်ခမ်းများမှာ သွေးစို့၍ လာလေ၏ ။ ပိုးရှပ်အင်္ကျီမှာ အမြွာအမြွာ ဖြစ်လေ၏ ။

ထို့နောက် ရပ်ကာ ထလေ ရိုက်ဦးလေ ၊ ရိုက်မလို့ ဆို ဟု ပြောလေ၏ ။

အောင်ဖိုးသည် ကြိုးစား၍ ထရာ ဆူးချုံတစ်ခုက အတင်းဆွဲ၍ ထားလေ၏ ။ တစ်ကိုယ်လုံးမှာ သဲတွေ ၊ ရွံ့တွေ ၊ သစ်ရွက်တွေ ပေရေ ကပ်တွယ်လျက် နေကြလေ၏ ။

ထသောအခါ ဆရာမမှာ ကားကို စက်နှိုးလျက်နေလေ၏ ။

“ ဆရာမ ... ဆရာမ ၊ လာပါဦး ... လာပါဦး ၊ သွားတော့မှာလား ၊ အမယ်လေးဗျာ့ ခါးကျိုးသွားပါပြီဗျာ ” ဟု ပြောကာ ခါးကို လက်တစ်ဖက်နှင့် နှိပ်လေ၏ ။

ကားကလေးသည် ခုန်ဆွ ခုန်ဆွနှင့် သွားလေ၏ ။

အောင်ဖိုးသည် ခါးကို နှိပ်လျက် ထပြီး ဆရာမ ... ဆရာမ မသွားပါနဲ့ဦး ၊ ပစ်မသွားပါနဲ့ ၊ ဘယ့်နဲ့ ပြန်ရမလဲ ၊ ခါးကျိုးနေလို့ပါဟု ခါးကို လက်တစ်ဖက်နှင့် နှိပ်ရင်း အော်လေ၏ ။ ကားကလေးသည်ကား ဝေးလျက် လမ်းကွေ့တွင် ပျောက်ကွယ်၍ သွားလေတော့သတည်း ။

အောင်ဖိုးသည် လမ်းနံဘေးမှာ ထိုင်ချပြန်လေ၏ ။ အတန်ကြာလျှင် ကြိုးစား၍ ထပြီး နံဘေးလယ်ကွင်းကို ဆင်ပြီး မိမိကိုယ်ကို ဆေးကြော သုတ်သင်လေ၏ ။ နှုတ်ခမ်းက သွေးများသည် လတ်ဆတ်စွာ ထွက်ကြလေ၏ ။ ဖိနပ်တစ်ဖက် မရှိတော့ချေ ။ ဖောင်တိန်ပင်လည်း ပျောက် ၊ လက်ပတ်နာရီလည်းကွဲ ၊ ဆံပင်ထဲမှာတော့ သဲ ၊ တစ်ကိုယ်လုံး လူရုပ်မပေါ်အောင် ဖြစ်၍ နေလေ၏ ။ ဒဏ်ရာများမှာ ဟိုကနာ ၊ ဒီကနာ တစ်နေရာတည်း မဟုတ် အနှံ့အပြား ဖြစ်၍ နေလေ၏ ။

ဆေးကြောသုတ်သင်ပြီး၍ တာပေါ်ကို ပြန်တက်ပြီး အရိုက်ခံရသောနေရာကို သွား၍ ဖောင်တိန်ပင်ကို ရှာလေ၏ ။ မတွေ့ ရမီ ကားသံကို ကြားရလေ၏ ။ ကားရပ်ပြီး ကားပေါ်မှ ဆင်းကာ အောင်ဖိုး ... အောင်ဖိုး ဘယ်မှာလဲ ၊ နာသွားသလားဟု ပြောသော အသံကို ကြားရသဖြင့် ကြည့်လေရာ ဖောင်း၍နေသော မျက်ခွံက ဖုံးသဖြင့် မျက်လုံးတစ်ဖက်မှာ ကောင်းစွာမမြင်ဘဲ ဝေလျက်နေလေ၏ ။

“ အောင်ဖိုး ဪ … ဟိုမှာလား ၊ ဘယ့်နှယ်နေသလဲ ၊ အများကြီး နာသလား ၊ ငါ့ကို စိတ်ဆိုးအောင် နင်က လုပ်တာကိုးဟဲ့ ၊ ကောင်းတယ် ဒီလိုဖြစ်တာ ၊ ငါက သနားလို့ ပြန်လာတယ် ၊ ဘယ့်နှယ်နေသလဲ ခေါင်းမှာ ဘုတွေ ဒစ်တွေ ဖြစ်ကုန်ပြီ ။ ဖြစ်တာပဲ ကောင်းတယ် ၊ ကြပ်ကြပ်ရူး လူများ မြှောက်ပေးတိုင်း ”

“ တစ်ကိုယ်လုံး ကြေကုန်ပြီ ”

“ အကုန်ကြေသွားပလား ။ ဘာမှ မကျန်တော့ဘူးလား ”

“ ဆူးတွေလည်း ပြည့်လို့ ။ နှုတ်ခမ်းလည်း ပဲ့သွားပြီး လျှာလည်း ပြတ်မလို့ဘဲ ။ လည်ချောင်းထဲမှာလည်း သဲချည်းပဲ ။ အိမ်တောင် မပြန်ဝံ့တော့ဘူး ” ဟု ပြောကာ ထိုင်လျက် ဆရာမကို မကြည့်ဘဲ မျက်ရည်သုတ်ကာ တစ်မျက်နှာလုံး လေးလံသော ဘောလုံးလို ရှုံ့နေလေ၏ ။

ဆရာမမှာ တကယ် သနား၍ လာသဖြင့် အပါး၌ ယှဉ်၍ ထိုင်ပြီး လက်ကိုင်ပဝါကလေးနှင့် သွေးထွက်သော နှုတ်ခမ်းကို တို့၍ပေးလေ၏ ။ ဆရာမမှာကား တစ်စုံတစ်ရာ မဖြစ်သလို အဝတ်အစားများနှင့် ဆံထုံးမှာ ရုံးရင်းဆန်ခတ်ဖြစ်ခြင်း၏ အမှတ်လက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ ။

“ အိမ်ကျရင် ဘယ့်နှယ် ပြောရမလဲ မသိဘူး ”

“ ကားမှောက်တယ်လို့ ပြောတာပေါ့ ။ အေးဟယ် ... ငါက ဒီလောက် နာအောင် မလုပ်ချင်ပါဘူး ၊ ငါလည်း ဘာလုပ်မိမှန်း မသိဘူး ၊ နင်က ဒေါသထွက်အောင် လုပ်တာကိုး ”

“ ကားကလည်း အကောင်းကြီး ၊ ပြီးတော့လည်း ဒဏ်ရာတွေက များအားကြီးလို့ ကားမှောက်ရုံနဲ့ ဒီလောက်ဖြစ်ရသလားလို့ မေးကြမှာပဲ ”

“ ဒီလိုဖြင့် ငါရိုက်တယ်လို့ပဲ ပြောလိုက် ”

“ ဘယ်လူက ယုံမှာလဲ ”

“ ဟင် ဖိနပ်တစ်ဖက်ကော ” ဟု ပြောကာ ဆရာမသည် သဲထဲမှာ ဦးခေါင်းကို မြှုပ်ပုံးသလို တစ်ပိုင်း မြှုပ်နေသော ဖိနပ်ကို တွေ့ရလေ၏ ။

ဆရာမသည် အပါးကို တိုးကပ်လျက် အောင်ဖိုး ၏ လည်ပင်းကို ညင်သာစွာ လက်မောင်းတစ်ဖက်နှင့် ဖက်လေ၏ ။ အောင်ဖိုး၏ ဦးခေါင်းကို လက်တစ်ဖက် နှင့် ကိုင်ကာ မိမိ၏ ရင်ဘတ်ပေါ်သို တင်လေ၏ ။

“ မုန်းလို့ လုပ်တာ မဟုတ်ပါဘူးဟယ် ”

“ မမုန်းရင် ချစ်သလား ”

“ ချစ်တာပေါ့ ”

“ တကယ်လား ”

“ တကယ်ပါဟဲ့ ”

“ ဟိုအကောင်ကော ”

“ ဟိုအကောင် အလကား ”

“ ဒီလိုဖြင့် အခုဖြစ်တာ ဘယ်သူ့မှ မပြောနဲ့နော် ”

“ မပြောပါဘူး စိတ်သာချပါ ”

“ နို့ အရင်က ချစ်တာလား ၊ ခုမှလား ”

“ အရင်က နည်းနည်း ၊ အခု များတယ် ”

“ ဘာဖြစ်လို့လဲ ”

“ အို … ချစ်ပါတယ်ဆို ပြီးရော့ပေါ့ ၊ သနားလို့ ၊ ပြီးတော့လည်း နင်က ငါ့ကို တကယ်ချစ်တယ် မဟုတ်လား ၊ ဒါကြောင့်လည်းပဲ …. ”

“ တကယ် မချစ်ရင် ရိုက်ပါ့မလား ”

“ လာလာချည်သေး ၊ မကြောက်သေးဘူးလား ”

“ ကြောက်ပါပြီ ဆရာမရယ် ၊ ကြောက်လှပါပြီ ”

နောက်တစ်နေ့ အောင်ဖိုးနှင့် ဆရာမ ကားကလေးတစ်စင်းနဲ့ ပြည်ဘက်ကို ထွက်ပြေးကြပြီ ဟူသော သတင်းကို ကြားကြရလေ၏ ။

နောက်တစ်လလောက် ကြာသောအခါ ဒေါက်တာ ဦးအောင်သန်း၏ အိမ်သို့ အောင်ဖိုး ရောက်၍သွားလေ၏ ။

“ ဘယ်နဲ့ တူမောင် ၊ အန်ကယ် ပြောတဲ့အတိုင်း လုပ်လိုက်တာ နေရာမကျဘူးလား ”

“ ကျလို့ လာပြီး ကျေးဇူးတင်တာပါ ဒေါက်တာရဲ့ ၊ ဆရာနဲ့ တွေ့ လို့ စွန့်မိတာနဲ့ ဖြစ်သွားတာပါပဲ ”

“ တော်တော် ချလိုက်သလား ”

“ ချဆို ဘာပြောစရာရှိမလဲ ဒေါက်တာရဲ့ ”

“ သတိထား သတိထား ၊ နောင် လက်လွန်မနော် ၊ တော်ရုံလုပ်မှပေါ့ကွယ် ၊ ကြောက်ရုံ ရိုသေရုံပေါ့ ၊ အရမ်း လုပ်ရတာမျိုးမှ မဟုတ်ဘဲ ”

အောင်ဖိုးသည် ဆိတ်ငြိမ်စွာ နေလေ၏ ။ ဒေါက်တာမှာကား အများကြီး စဉ်းစား၍ နေရလေသတည်း ။

အောင်ဖိုးသည် ဆရာ၏ နည်းကြောင့် ဆရာမကို ရခြင်းမဟုတ် ။ ကျောင်းပြေးမည့် အကြံနှင့် လာရင်းဖြစ်လေ၏ ။ သို့သော်လည်း ဆရာ့စကားကို ယုံ၍ စွန့်မိသောကြောင့် ဆရာမ၏ စိတ်မှာ သနားချစ် ချစ်ဖို့ အကြောင်း ဖြစ်ပေါ်ရကြောင်း သတိရသဖြင့် ဆရာ့အား ငွေအစိတ် ကန်တော့ပြီး ပြန်ခဲ့လေ၏ ။

▢  ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၃၃ 

No comments:

Post a Comment