Friday, June 19, 2026

အဖျင်းသီး


❝ အဖျင်းသီး ❞
  ( အယ်ကော် )

ငယ်ကဇာတိ ကြီးအောင်ထိ ပါတယ် ။ ဇာတိကို ပဝတ္တိ လုပ်မရ ဆိုတဲ့ ရှေးက လူကြီးသူမတွေရဲ့ ဆိုရိုးစကားတွေဟာ ဒိဋ္ဌလောကထဲက ရယူထားတဲ့ စကားဖြစ်ပါလိမ့်မယ် ။ ဒီစကား ဘယ်လောက်ထိ မှန်ကန်ကြောင်းကို ဦးကျော်လှအောင်ကို သက်သေပြရမယ်လေ ။ ဦးကျော်လှအောင်က မောင်ကျော်လှအောင် အရွယ်တုန်းက ဘုန်းကြီးကျောင်းသား ဘဝနဲ့ ဖြတ်သန်းလာခဲ့ရသူဖြစ်တယ် ။ ထိုစဉ်က အစိုးရစာသင်ကျောင်း မရှိသေးတော့ ဘုန်းကြီးကျောင်းမှာပဲ နေကြရတာကလား ။

သူ ဘုန်းကြီးကျောင်းသားဘဝက ဘယ်ထိ ကဲလေမလဲဆိုတာ ကြည့်ရင် ဦးကျော် လှအောင်ရဲ့ ငယ်က ဇာတိကို သိနိုင်တယ် ။ သူတို့ဟာ အဖိတ် ၊ ဥပုသ်နေ့တွေမှာ ကျောင်းပိတ်ထားတော့ ဒီနေ့ တွေမှာ လှောင်ပိတ်ထားတဲ့ မျောက်တွေကို လှောင်ချိုင့်က လွှတ်လိုက်သလို ဆော့ကြတာကလား ။

သူများ ဥယျာဉ်ခြံတွေထဲသွား ၊ ဒီခြံထွက်သီးနှံတွေ ကို ခိုးစားကြတယ် ။ ပိုင်ရှင်က သိလို့ ဆရာတော့်ဆီ သွား လျှောက်မိခဲ့ရင် မလွယ်ဘူးသာ မှတ်ပေရော့ ။ ဒီတစ်ခါ အပျော်အပြက် မဟုတ်တော့ဘဲ အမုန်းအမျက်တရားတွေနဲ့ သွားပြီးတော့ သောင်းကျန်းတတ်ကြတယ် ။ သူတို့ဒေသက ရေချိုဒေသမို့ ဥယျာဉ်ခြံ ထွက်သီးနှံတွေလည်း ပေါပါဘိသနဲ့ ။ ရှောက်ချို ၊ ကျွဲကော ၊ နာနတ် ၊ ရှောက် ၊ သံပရာ စတဲ့ သီးနှံတွေ ထွက်တတ်တယ် ။ ဒါနဲ့ သွားသွားခိုးစားတတ်ကြတာ ။ စားစရာ ရှာမရတဲ့ အဆုံးမှာ ကနစိုးပင်က အခေါက်ကို ခွာပြီး စားကြတယ် ။ ကနစိုးအခေါက်က ချဉ်ဖြုံးချဉ်ဖြုံးနဲ့ စားလို့ တစ်မျိုး အရသာရှိတယ်လေ ။

ကျော်လှအောင်တို့အုပ်စု ခြံထဲဝင် သောင်းကျန်းရင် အသာတကြည်သာ နေလိုက် တော့ ၊ မဟုတ်လို့ကတော့ အကုန် ဖျက်ဆီးပစ်လိမ့်မယ် ။ ဆိုပါတော့ ၊ ပိန္နဲသီးခိုးစား တယ် ။ ဒါကို လာတားတယ် ။ ဆရာတော်ကို လျှောက်တယ် ဆိုရင် ဒီခြံပိုင်ရှင်တော့ မလွယ်တော့ဘူး ။ ပိန္နဲပင်ပေါ် တက်ပြီး ရှိတဲ့ ပိန္နဲသီးတွေကို ရှောက်သီးနဲ့ လိုက်လိုက်ထုတယ် ။ ပိန္နဲသီး ဆိုတာက ရှောက်သီးအခွံရဲ့အခိုးဒဏ်ကို မခံနိုင်ဘူး ။ အထုခံ နေရာက မည်းသည်းလာတယ် ။ နောက်တော့ တစ်လုံးလုံး ပုပ်ပါလေရော ။ ဒါနဲ့ ပိန္နဲသီးချိန် ဘုန်းကြီးကျောင်းသားတွေရဲ့ ဒဏ်ကို မခံနိုင်ဘူး ။ ဒီကောင်တွေက ကြံကြံဖန်ဖန် သမားတွေ ။ နာနတ်သီးတွေ မမှည့်ရသေး ဘူး အစိမ်းပဲ ရှိသေးတယ် ၊ ဒါကို ခိုးခူးပြီး စားကြတယ် ။ အစိမ်းဆိုတော့ ဘယ်ချိုလိမ့် မလဲလေ ။ ဒါပေမဲ့ ကိစ္စမရှိ ဘူး ။ သံပရာရည်ညှစ် စားကြတယ် ။ အချဉ်ကို အချဉ်နဲ့ တန်ပြန်လုပ်ပြီး စားကြတယ် ။ မှတ်လောက် သားလောက်ပါပဲ ။ ချဉ်တဲ့ နာနတ်သီးကို သံပရာရည် ညှစ်ထည့်လိုက်ရင် ချိုသွားတာပဲကိုး ။

နောက် ကြံခင်း ဆိုပါတော့ ။ ဒီမှာ ဝင်ခိုးစားတယ် ။ ခိုးစားတာ ကိစ္စမရှိဘူး ။ စားပြီး ကြံဖတ်ကို ကြံခင်းထဲ ထားပစ်ခဲ့ရင် ဒီကြံခင်းဟာ ခဲဝါဆိုတဲ့ ခွေးအရဲ့ နှိပ်စက်ခြင်းကို ခံရတော့တာပဲ ။ ခဲဝါတွေ ကြံခင်း ဝင်ပြီး သောင်းကျန်းတော့တာပဲ ။ ဒီဟာကြောင့်လည်း ကျော်လှအောင်တို့ကို သောင်းကျန်းခွင့် ပါမစ် ပေးထားကြရတာဖြစ်တယ် ။ ဒီလို သောင်းကျန်းလာခဲ့တာ ကျောင်းသား ဘဝကတည်း ကပဲ ။

ဘုန်းကြီးကျောင်းသား ဘဝဆိုတော့ ဘုန်းကြီးက မဆုံးမပေဘူးလား ဆိုတော့ မဆုံးမ ဘယ်နေလိမ့်မလဲ ။ ဆရာတော့် ဆုံးမတဲ့လက် ကြမ်းချက်က ပြင်းပါဘိ ။ နိုင်းလောက်ရှိသည် ။ တိုင်ဖက်ပြီး မေးရင်း ရိုက်ရင်းပဲ ။ ကျောင်းသားကျင့်ဝတ် ဆယ်ပါး ရှိတယ်လေ ။ “ စားဖွယ်သီးမျိုး ၊ တစ်ကြိမ်ခိုး ၊ ထမ်းပိုးဒဏ် သုံးဆယ်ပါ ဘုရား ။ နှစ်ကြိမ်ခြောက် ဆယ် ၊ သုံးကြိမ်ဝယ် ၊ ကျောင်းဝယ် မနေရပါဘုရား ။ ဖိုးထိုက်ခိုးလျှင် ၊ တစ်ကြိမ်ပင် ၊ တိုက်တွင် မနေရပါဘုရား ” ဆိုတာကို ဆရာတော့် ပါးစပ်က ရွတ်ပြီး ဆော်ပလော်တီး တတ်တာ ။ တစ်ခါတည်းနဲ့ ဖြုံသွားလောက်အောင် တီးပစ်တာ ။

ကျောင်းသား မပြောနဲ့ လေ ရွာထဲက ဆံဖြူသွားကျိုး တွေတောင် ခေါ်ပြီး ဆုံးမလို့ ရတဲ့ ခေတ်ကာလပေါ့ ။ ဒီလို ဘဝမှာ ကြီးပြင်းလာရတဲ့ ကျော်လှအောင် ။ ဒီကျော်လှ အောင်မှာ ခွေးမြီးကောက် ကျည်တောက်စွပ်သလိုပါပဲ ။ အရိုက်အနှက်ခံ ၊ နောက်တော့ ဒီအမြီးက ပြန်ကောက်သွားတတ်တဲ့ ကောင်မျိုးပေကိုး ။

ဆရာတော် မရှိတဲ့ ရက်တွေမှာဆိုရင်တော့ တစ်ကျောင်းလုံး လွတ်လပ်ရေးရကြတော့တာပဲ ။ ရွာထဲက တောဝက်လိုက်တဲ့ ပိုက်တွေကို ယူ ၊ ပြီးရင် ကျောင်းနောက်ကျောက တောင်မှာ ပိုက်တန်း ၊ ခွေးတွေကို လိုက်ပြီး သ,တ်တတ်တယ် ။ ဒီလို လူမျိုး ။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ စစ်တိုက်လို့ ခဲမှန်တာနဲ့ ကွဲသူကွဲ ၊ ပြဲသူ ပြဲနဲ့ ။

တစ်နေ့မှာ ဆရာတော်က ရွာနီးချုပ်စပ် တစ်ရွာက အလှူကို ကြွတယ် ။ ဆရာ တော် ကြွလို့ ဘယ်လောက်မှ မကြာဘူး ။ သူလို ကျောင်း သားအကြီးတွေကို ခေါ်ပြီး ယမကာဝိုင်းဖွဲ့တယ် ။ ဆရာ တော်မှ မရှိတာလေ ။ ကြောင် မရှိတော့ ကြွက်က သောင်းကျန်းပေမပေါ့ ။ ကျောင်းပေါ် မှာ ယမကာဝိုင်းဖွဲ့နေစဉ် ဆရာတော်က ကျက်သရေ တိုက်ခန်းကို ပိတ်ဖို့ မေ့ကျန်ခဲ့လို့ ခေါက်ချိုး ပြန်ကြွလာတယ် ။ ဒီချိန်မှာ ကျော်လှအောင်တို့ ဝိုင်းက စည်ကားနေပြီ ။ တစ်ယောက်က ဆရာတော် ပြန်ကြွလာပြီဆိုလိုက်တာနဲ့ ကျော်လှအောင်က တင်္ခဏုပ္ပတ္တိဉာဏ် သုံးလိုက်တယ် ။ ဒီယမကာပုလင်းကို ဘုရား ညောင်ရေအိုးကြား သွင်းပြီး အခြား ပန်းအိုးတစ်အိုးက ကွန်းလင် တစ်ညွန့်ယူပြီး ညောင်ရေအိုးထိုးလိုက်တယ် ။ ပြီးရင် မှင်သေသေနဲ့ နေလိုက်ကြတယ် ။ အဲဒီလောက်ကို သောင်းကျန်းခဲ့တဲ့ ကျော်လှအောင်ပေါ့လေ ။

သူ ကျောင်းက ထွက်လာတယ် ။ ရွာထဲမှာ ရှိတဲ့ ကာလသမီးတွေဟာ ကျော်လှအောင် တောဝါကြောင့် ဝံ့ဝံ့ စားစား မသွားရဲကြဘူး ။ ဒါ ပေမဲ့ ကျော်လှအောင်ကို နိုင်သူ တစ်ယောက်ကတော့ ရှိ တယ် ။ သူတို့ အိမ်နီးနားချင်း ဖြစ်သူ မလှကြိုင် ။ မလှကြိုင် က ကျော်လှအောင်ကို ပက်ပက်စက်စက် ပြောတယ် ။ ဒါပေမဲ့ သူက တဟဲဟဲရယ်ပြီး ငြိမ်ခံတယ် ။ တစ်ခါတစ်ခါ နီးရာကို ဆွဲယူပြီး ကောက်ကက်တီးပစ်တတ်တယ် ။ ဒါကြောင့် ကျော်လှအောင် တစ်ယောက် မလှကြိုင်ကိုဆို ဖျားတယ် ။

နေရာတကာ ဘာကိုမှ လေးလေးပင်ပင် မရှိဘူး ။ အိမ်အလုပ်တွေ ရှိတယ် ။ ရှိ တယ် ဆိုပေမဲ့ သူက လက် ကြောတင်းအောင် မလုပ်ဘူး ။ သူ့သတင်းရနံ့က အထက် အောက် လေညာအရပ်ရော လေဆန်အရပ်ပါ ကျော်လှ အောင်ရဲ့ သတင်းက ပုပ်အဲ့ ဟောင်လှိုင်နေတယ် ။ ရွာထဲ က ကောင်မလေးတွေကို ထား ၊ အခြားရွာက ကောင်မလေးတွေတောင် ကျော်လှ အောင်ဆို ဝေရမဏိကြတယ် ။ ဒီလိုနဲ့ ကျော်လှအောင်ဟာ တစစ ကြီးပြင်းလာတယ် ။ သူ့ကို ယူမယ့် မိန်းကလေး ၊ သူ့ကို သဘောကျတဲ့ မိဘဆိုတာ ရှာမရဘူး ။

နောက်တော့ မိမဲ့ဖမဲ့ တစ်ကောင်ကြွက် ဖြစ်သူ မမြစိန်ကို သူ့အုပ်ထိန်းသူဆီ ပြောဟော တောင်းရမ်းလို့ အကြင် လင်မယားဘဝ ရောက်သွားတယ် ။ ကျော်လှအောင်နဲ့ မမြစိန်ဟာ စရိုက်အားဖြင့် ပြဒါး တစ်လမ်း သံတစ်လမ်းမျိုး ဆိုရမလိုပါပဲ ။ ကျော်လှအောင် ပူလောင်သလောက် မမြစိန် က အေးဆေးတယ် ။ ကျော်လှအောင် ရူးသလောက် မမြစိန်က တည်ငြိမ်တယ် ။ ကျော်လှအောင်ဟာ မမြစိန်ကို ဘယ်လို အပြစ်အနာအဆာ ရှာရှာ ဘယ်တော့မှ ရုန့်ရင်း ကြမ်းတမ်းမှု မရှိဘူး ။ သိပ်ဆိုးဆိုးရွားရွား သောင်းကျန်းလာရင်တော့ တစ်နေရာကို ရှောင်ဖယ်သွားတတ်တယ် ။ ဒါကြောင့်လည်း သူတို့ အိမ်ထောင်ရေးဟာ အသံမထွက်ဘူး ။

လွတ်လပ်ရေး ကြေညာပြီးနောက် အရောင်စုံ ၊ အသွေး စုံ ပါတီအဖွဲ့အစည်းတွေ ပေါ် လာတယ် ။ ဒီစဉ်မှာ ဘာနိုင်ငံရေးအမြင် ၊ ဘာဝါဒရေးရာ သဘောတရားလည်း မရှိဘဲ အစိုးရစစ်တပ်က ခွဲထွက်ပြီး တော်လှန်ရေးအဖွဲ့အဖြစ် တောခိုလာတဲ့အဖွဲ့တစ်ဖွဲ့ဆီ သူဟာ တော်လှန်ရေးရဲဘော် အဖြစ် ဝင်ရောက်တယ် ။ သူ ဝင်ပြီး သိပ်မကြာလိုက်ခင်မှာ သူတို့အဖွဲ့ တစ်ဖွဲ့လုံး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲသူ ရဲဘော်တွေကို အစိုးရက နေထိုင်ဖို့ ရွာချပေးတယ် ။ လုပ်ကိုင်စားသောက်ဖို့ မြေတွေ ခွဲဝေပေးတယ် ။ ဒီလိုနဲ့ ငြိမ်းချမ်းရေး ရဲဘော်တွေဟာ သူတို့အတွက် ပေးတဲ့ မြေတွေကိုရောင်းစားပြီး သူတို့ရဲ့ မွေးရပ်ဇာတိ နေရပ်ရင်းကို ပြန်သွားကြတယ် ။ ဒီစဉ်က ကျော်လှအောင်ဟာ သူတို့ ရဲဘော်တွေဆီက ဈေးပေါပေါနဲ့ ရလိုက်တဲ့ မြေကြီးကို ဥယျာဉ်ခြံမြေ အဖြစ် စိုက်ပျိုးတယ် ။ ဒီက ရလာတဲ့ အကျိုးအမြတ်လေးတွေနဲ့ ကျော်လှအောင်က ရွာထဲရပ်ထဲမှာ ပြောရေးဆိုခွင့်ရှိသူ လူစာရင်းထဲ ဝင်ပါလာတယ် ။

သူတို့ ရွာနီးနားက စီးဆင်းနေတဲ့ မြစ်ရေပြင်ဟာ စဉ်ဆက်မပြတ် စီးဆင်းနေတယ် ။ အဲဒီ ရေစီးထဲမှာ သူဟာ အလိုက်သင့် စီးမျောနေလေရဲ့ ။ မြစ်ရေပြင်က ကြည်လိုက် ၊ နောက်လိုက်နဲ့ ။ ရေကြည်ချိန်လည်း ကျော်လှအောင်မှာ ဟန်ကျပန်ကျ ၊ ရေနောက်ချိန်မှာလည်း ကျော်လှအောင်မှာ ဟန်ကျပန်ကျပါပဲ ။ အဲဒီလို လိုက်ပါစီးမျောရင်း သူ့ရဲ့ခေါင်းပေါ်မှာ ဗျိုင်းအုပ်က အုပ်လိုက် လာခိုနား ကြပြီပေါ့လေ ။

နေမွန်းစောင်းချိန် ရောက်လာပေမဲ့ သူ့စရိုက်ကတော့ ငယ်က ဇာတိ ကြီးအောင်ထိ ပါနေဆဲပါပဲ ။ သူနဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်းဖြစ်သူ မယားကို ကြာကူလီရိုက်လို့ ရွာထဲမှာ ဝင်္ကပါပွဲ ကျင်းပစဉ်မှာ စပ်ပန်းချီ ဆရာက ကာမေသု မိစ္ဆာစာရ သရုပ်ဖော်ကာတွန်းပုံ ရေးဆွဲတဲ့အတွက် ကာတွန်းရေးဆွဲတဲ့ စပ်ပန်းချီဆရာကို ကျော်လှအောင် ငယ်သူငယ်ချင်း ဖြစ်သူက ရိုက်တဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ် ။ ဒီကာတွန်းဟာ ကျော်လှအောင် ဘဝအတွက် မှတ်မှတ်ရရ ကာတွန်းသရုပ်ဖော် ဆိုရပါလိမ့်မယ် ။

ကျော်လှအောင်ဟာ သုရာမေရယကံ ကို ကြိုက်သလို ကာမေသုကံ ကိုလည်း မရှောင်ရှားတတ်သူ ဖြစ်တယ် ။ မုသာဝါဒကံ ကလည်း သူ့အဖော် ပါပဲလေ ။ ငါးရွာစုပေါင်း ကိုးကွယ်တဲ့ ဘုရားမှာ သူဟာ ရာသက်ပန် ဘုရားဂေါပကလူကြီး အဖြစ် ရပ်တည်နေတယ် ။

ဘုရားပွဲတော် ကျင်းပလာတဲ့အခါမှာ ခေါင်းပေါင်းစ တလူလူလွင့်လို့ မြင်ရတာ ထက် ချောင်ကြိုချောင်ကြား မှာ ကုပ်ပြီး ယမကာလုလင် အဖော်သဟဲတွေနဲ့ ခွက်ဆင့် သောက်လို့ တွေ့ရတတ် တယ် ။ ဒီလိုဖြစ်လို့ ဘုရား ကုန်းတော်ပေါ် တက်စဉ်မှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်လို့ ကုန်းတော်ပေါ်ကနေ လိမ့်ကျတာကြောင့် မျက်နှာတစ်ခုလုံး အရေတွေ စုတ်ပြဲသွားဖူးတာလည်း မေ့မရနိုင်လောက်တဲ့ ဖြစ်ရပ်ပေပဲ ။

ဘုရားအတွက် ရန်ပုံငွေ ရှာမလို့ အလှူခံထွက်ကြတယ် ။ ဒီစဉ်မှာ ဂေါပကလူကြီး ဦးကျော်လှအောင် တစ် ယောက် ကျွမ်းစိုက်အောင်ထိ မူးနေလို့ အလှူမခံခဲ့ရဘဲ တပ်ခေါက်ပြန်လာရဖူးတာလည်း ရှိရဲ့ ။ ဒီဟာတွေကြောင့် ဘုရားဟာ ပြောင်ပြောင်ရောင်ရောင် မရှိဘဲ ချုံနွယ်ပိတ်ပေါင်းတွေ ယှက်သန်းလို့ တောအတိလို လို ဖြစ်လာတယ် ။ သူ့အသက်ဟာ ခုနစ်ဆယ်သီသီစွန်းလာခဲ့ပြီ ။ ဘုရားဒကာ ၊ ရပ်မိရပ်ဖ အဖြစ် အသိအမှတ် ပြုခံထားရတဲ့သူ ။ ဒီလူဟာ သူ့ဥယျာဉ်ထဲမှာ ခြံစောင့်နေတဲ့ ခြံစောင့်ရဲ့မိန်းမကို အရွယ်အိုကြီး ဦးကျော်လှအောင်က မိစ္ဆာစာရကံ ကို ကျူးလွန်လို့ ရွာက လူတွေက ဒါလား လူကြီး ၊ ဒါလား လူကြီးလို့ မဲ့ရွဲ့ကြတယ် ။ ဒါပေမဲ့ ဦးကျော်လှအောင်က ဘာမှ လုပ်မထားသလို မျက်နှာမျိုးနဲ့ သွားလာ မပျက် သွားလာလို့ ။

သူ့သား အငယ်ကောင်က ကိုင်းထဲကို ဆင်းသွားချိန် အိမ်မှာ အိမ်စောင့် ထားခဲ့တယ် ။ ညညကျရင် သွား အိပ်ပေးဖို့ကိုပေါ့ ။ အဲဒီလိုနဲ့ သားအိမ်မှာ အိပ်နေစဉ် တစ် ညမှာ အဲ့အိမ်နီးနားက မုဆိုးမ အိမ်တစ်အိမ်ကို ညကြီးမင်းကြီး တက်တယ် ။ ဒီမှာ အိမ်ရှင်မက ကြောက်ကြောက်နဲ့ “ သူခိုး သူခိုး ” လို့ ငယ်သံပါအောင် အော်လိုက်တော့ အိမ်ပေါ်က ခုန်ဆင်းပြေးသွားတဲ့ လူကြီးလူကောင်းကြီးရယ် ပေါ့ ။

အိမ်မှာ အတူနေတဲ့ မြေးမတို့မှာ ဗီဒီယို ပြမလို့ ရုံတွေ ဘာတွေ လုပ်တယ် ။ ရုံဖွင့်မယ့် နေ့ မင်္ဂလာပရိတ်တရား နာကြားကြမလို့ ဆိုပြီး ရွာက လူကြီးသူမတွေကို ဖိတ်ထား တယ် ။ ဒီတရားနာပွဲမှာ ဦးကျော်လှအောင်ကို မလှ ကြိုင်က “ နင့်ပရိတ်အနံ့က နံလှချည်လား ။ ဒီအနံ့ နံလို့ မကောင်းဆိုးရွားတွေ ပြေး လောက်တယ် ” လို့ ပြက်လိုက်တော့ ဧည့်ပရိသတ်တွေ ဝေါခနဲ ပွဲကျသွားတယ် ။ ဒါလည်း သူ့မျက်နှာက ပရစ်မျက်နှာ ပရစ်မျက်နှာပဲ ။

ဗီဒီယိုပြလို့ အဆုံးမှာ လာကြည့်တဲ့သူထဲက အမျိုး သမီးတွေကို မောင်းထုတ် တယ် ။ မိန်းမ မကြည့်ရကားတွေကို ကာလသားတွေနဲ့ ကြည့်ကြတာကလည်း မိုး အလင်းထိပါပဲ ။ တစ်ခါတစ် ခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြေးမဖြစ်သူနဲ့ စကားများရတယ် ။ မြေးမက တစ်ဆင့်စကား ကြားဖူးတယ် ။ သူ့ ဦးဦးက အိမ်မှာ စောင့်အိပ်ဖို့ ပြောထားခဲ့တယ် ။ ဒါနဲ့ အိပ်ရော ။ တစ်ညမှာ ချွေးမအခန်းကို သွားဝင်တယ်တဲ့ ။ ချွေးမက ညကြီးမင်းကြီး ဆင်းပြေး သွားတဲ့ ဖြစ်ရပ်ကလည်း ရှိ ဖူးပေတာကိုး ။ ဒါကြောင့် မြေးမက သူ့အဘိုး ဘယ်လို လူစားဆိုတာကို သိလို့ အဘိုး နဲ့ မြေးမ စကားများကြရတာလေ ။

ဒေါ်မြစိန်က စာသာ မတတ်တာ ဘာသာရေးကိုတော့ အသေရိုသေတဲ့မိန်းမ ။ ဒါနဲ့ မယားကို ဒီလောက်တောင်မှဆိုရင် သီလရှင်သွားဝတ်လိုက် ဆိုတာမျိုးကို မကြာမကြာ ကြားရတတ်တယ် ။ ဝါတွင်းကာလမှာ ရွာက တတ်နိုင်သူတွေဟာ ဥပုသ်ဆွမ်းကျွေးကြတယ် ။ သူတစ်ဥပုသ် ကိုယ်တစ်ဥပုသ် ပုဂ္ဂလိကအလှူရှင် မရှိရင် စုပေါင်းလှူကြပေါ့လေ ။ ဒေါ်မြစိန်က ဥပုသ်ဆွမ်းတစ်နပ်လောက် ကျွေးချင်လို့ တာဝန်ယူလိုက်တယ် ။ “ နင့်ကိုယ်နင် သိပ်ချမ်းသာတယ် ထင်နေတာပေါ့လေ ” ဆိုပြီး မကျေနပ်သံ ထွက်တယ် ။ ဒါပေမဲ့ ဒေါ်မြစိန်က ကျွေးဖြစ်အောင် ကျွေးတယ် ။ ဦးကျော်လှအောင်ဟာ သူ ဥယျာဉ်ထဲမှာ အစောင့်ထားတဲ့သူကို ယမကာဆိုင် ဖွင့်ခိုင်းတယ် ။ မြဂနိုင် ယမကာဆိုင်တဲ့ ။ အဲဒီ ဆိုင်မှာ သူက ယမကာမှီဝဲလို့ ။ ဒေါ်မြစိန် ရေစက်ချချိန်မှာ ဦးကျော်လှအောင်က အရက်ခွက်ကိုင်ပြီး ချီးယား လုပ်နေတယ်လေ ။

နှစ်တိုင်း ကျင်းပမြဲ ဖြစ်တဲ့ ငါးရွာပေါင်းပွဲတော် ကျင်းပဖို့အတွက် ဦးကျော်လှအောင် ဦးဆောင်မှုနဲ့ လုပ်ထားတယ် ။ ဇာတ်ဗလာပွဲ ၊ နောက် လှေပြိုင်ပွဲ ၊ ဘော်လီဘော ၊ ပိုက်ကျော်ခြင်း စတာ တွေပါတယ် ။ အဲဒီလို ပွဲကို စည်စည်ကားကား ကျင်းပလို့ နောက်ဆုံးညမှာ ဇာတ်ဆရာကို ငွေရှင်းဖို့အတွက် ငွေက သူ့လက်ထဲမှာ တစ်ပြားမှ မရှိသေးဘူး ။ ဘုရားရန်ပုံငွေ အတွက် ထီက ရောင်းငွေတွေက မဝင်လာသေးဘူး ။ ပွဲကာလတစ်လျှောက် စားသောက်ထားတဲ့ ပေးစရာ အကြွေးတွေလည်း တစ်ပြားမှ မပေးရသေးဘူး ။ ဧည့်ဝတ်စောင် ဝတ်အတွက် ရှင်းရလင်းရတဲ့ ငွေတွေကလည်း ရှိနေသေးတယ် ။

ဒီလိုနဲ့ ပြဿနာက ဘယ်လိုရှင်းမှာလဲ ။ ဂေါပက ဘဏ္ဍာထိန်းက ဂေါပကအဖွဲ့ ဝင်တွေကို ခွဲဝေချေးထားတဲ့ ငွေတွေ ရှိတယ် ။ စာရင်းအရတော့ ငွေရှိတယ် ။ တကယ့် တကယ်မှာတော့ ဒီငွေ လက်ထဲမှာ မရှိကြဘူး ။ လေးလ တစ်ကြိမ် စာရင်းရှင်းတယ် ။ ရှင်းဆိုပေမဲ့ ငွေကို ပြတယ် ။ ဒါကို ပြန်ချေးယူသွားတယ် ။ ဒီလိုနဲ့ ငွေကတော့ စာရင်းအရ တိုးပွားနေတယ် ။ လက်ထဲမှာတော့ ဗလာနိတ္ထိ ။

ဂေါပကအစည်းအဝေး ခေါ် ဆွေးနွေးကြတယ် ။လောလောဆယ် ငွေချေးဖို့ ကိစ္စ ။ ဘယ်သူက လက်လွှတ်ပြီး ချေးမလဲ ။ တစ်ခုခုတော့ ရုပ်ဝတ္ထုကို ပြထားမှ ရမှာလေ ။ ဒါနဲ့ ဇာတ်ဆရာကို ပေးချေနိုင်ဖို့အတွက် သူ့မှာ ရှိတာတွေ ဥယျာဉ်ခြံမြေ ၊ လယ် ၊ ကိုင်းတွေကို အပေါင်ထားပြီး ချေးယူတယ် ။ တစ်လ ၁၅ ကျပ်တိုး ။ အနည်းဆုံး သုံးလ ချေးရမယ် ဆိုတာ ပါတယ် ။ ခြောက်လအတွင်း မရွေးနိုင်ရင် အဆုံးဆိုတဲ့ ကတိ ဝန်ခံချက်တွေ ပါတယ် ။ ဖြစ်ချင်ရာဖြစ် ဆိုပြီးတော့ ဦးကျော်လှအောင် ယူလိုက်တယ် ။ အဲဒီထဲက တစ်သောင်းလောက် နှိုက်ယူပြီး အန်စာထိုးတယ် ။ သုံးခါလောက် ဆိုတော့ အကုန်ကုန်ရောလေ ။

ဆီးပင်ရင်းမှာ ရောင်းချနေတဲ့ စားသောက်ဆိုင်ကို သွား ၊ အနီတစ်လုံး ယူတယ် ။ သူ့လက်တွဲဖော် အပေါင်း အသင်းတစ်ယောက်နဲ့ သူတို့ နှစ်ယောက်ဟာ ပါလာတဲ့ ပုလင်းကို အပြတ်ရှင်းတယ် ။ နဂိုကတည်းက ရှိနှင့်ပြီးသား အရှိန်ကလည်း မကုန်သေးဘူး ။ ထပ်ပြီးချတယ် ။ တစ်ညလုံး အအေးခံပြီး သောက်လို့ ပုလင်းထဲ ယင်တစ်ကောင် သောက်လောက်တောင် မကျန်တော့ ။

မိုးလင်းတော့ ဂေါပက မဏ္ဍပ်တွင်းမှာ အန်ဖက်ဆို့ပြီး ရုပ်ပျက်ဆင်းပျက်နဲ့ ဦးကျော်လှအောင် တစ်ယောက် ဆန်မကုန် မြေမလေးရလေအောင် မြေကြီးက ခေါင်းခါ ငြင်းဆန်လိုက်တော့တယ် ။

⎕ အယ်ကော်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇွန် ၊ ၂၀၂၀

No comments:

Post a Comment