❝ လင်ယူမယ် ❞
( ပီမိုးနင်း )
သိန်းတင့်သည် အပျိုဖြစ်တော့မည်ဆဲဆဲ ကိုယ်လုံးကိုယ်ထည် စိုပြည်ထူထဲ၍ လာလေ၏ ။ ဒီကောင်မကလေး ကြီးရင် အတော်ချောမှာပဲ ဟူ၍ မျက်စိ ကျ၍ နေသော ငနဲကြီးငယ်တို့သည်ကား သိန်းတင့် အရွယ်ရောက်အောင် မနည်းကြီး အောင့်၍ စောင့်နေကြစဉ် ဗြုန်းဆို လုံးလုံးကျစ်ကျစ်နှင့် ချစ်စဖွယ် ( အပျို ) ဟူသော နာမည်သို့ ဝင်လာခဲ့လေ၏ ။ သဘာဝအားဖြင့် ဖြစ်ပေါ်လျက်ရှိ သော ရုပ်လက္ခဏာအင်္ဂါကို ကြည့်လျှင် မိန်းမများသည် ယောက်ျားများထက် ပို၍ ချော့မွေ့၏ လှပ၏ လုံးကျစ် ကြွဖောင်း မြင်လို့လည်း ကောင်းကြလေ၏ ။ ထိုသို့သော ကောင်းခြင်းကို ကောင်းတာကို ကြည့်တတ်၍ ကောင်းတာနှင့် မွေ့လျော်တတ်သော အကြင်ယောက်ျားများသည် သိန်းတင့် ကဲ့သို့ မျှစ်စို့ပေါက်ကြီးသဖွယ် ငရံ့လုံး ကိုယ်ထည်ကို အဘယ်ကြောင့် မကြည့်လို မမြင်လို မတွေ့လိုဘဲ နေကြမည်နည်း ။ နတ်သဒ္ဓါ တမျှ အရသာ ထူးချွန်လှသည့် အစားအစာကို စားရာ၌ တင်းတိမ်နိုင်ဖွယ်ရာ ရှိသော်လည်း မျက်လုံးနှင့် ပဏာရအောင် ဖြစ်ပေါ်၍ နေသော ရုပ်ရည်အဆင်းကို ကြည့်ရာ၌ကား တင်းတိမ် အားရနိုင်ဖွယ်ရာ မရှိ ကြည့်ပြီး ငြိပြီး အထိကြီး ထိလိုကြပေလိမ့်မည်ကား မလွဲရာသော အကြောင်းပင်ဖြစ်၏ ။
ကာလသားပိုင်း မှန်သမျှ တဟားဟား တသောသောနှင့် စကားပြောကြရာတွင် သိန်းတင့် မပါရင် မပြီးသလောက် ဖြစ်၍ နေ၏ ။ သို့ဖြစ်၍လည်း သိန်းတင့်မှာ ကြော်ငြာခ ပိုက်ဆံမကုန်ဘဲနှင့် အရမ်းမဲ့ နာမည်ကျော်၍ နေ၏ ။ နာမည်ကျော်သည့်အတိုင်းလည်း အပျိုဖြစ်သည်နှင့်တစ်ပြိုင်နက် ချစ်ပါ သနားပါ ကြိုက်ပါ စသည်ဖြင့် အောက်ကျို့၍ ရေးကြသည့် လူပျိုပေါင်း သောင်းခြောက်ထောင် ထံမှ လျှောက်လွှာတွေ တပုံ တခေါင်းကြီး ရောက်၍လာလေ၏ ။ အလုပ်ရှားသော ခေတ်ကြီးနှင့် လခကောင်းသော အလုပ်တစ်ခု လစ်လပ်သည်နှင့် လျှောက်လွှာပေါင်း တောင်ပုံရာပုံဖြစ်၍ နေသည့်အလား သိန်းတင့်တည်း ဟူသော ( နယူးဘေကင်စီ ) အလုပ်သစ် နေရာတွင်လျှောက်သူ ( ကန်ဒီဒိတ် ) တွေ မှိုလိုပေါ၍ ဥသျှစ်တစ်တင်း နှမ်းတစ်တင်း ဟူသော သိုက်စကားနှင့် များများကြီး ဖီလာဖြစ်၍နေတော့၏ ။
လျှောက်ထားသူပါ ပိုးသူပန်းသူ မှန်းသူတို့ အထဲတွင် ကြမ်းပိုးတေလေ လူပွေလူလွင့် က စ၍ ကျောင်းသား လူပျိုအရည်အချင်း ပိုမိုပြောင်တင်း ဘီအေအမ်အေ မြို့ အုပ်မင်းပေါက်စ ပေါက်ကရ လူတွေ အထိ ပါဝင်၍ နေ၏ ။
အလုပ်ကတစ်ခု လျှောက်သူတွေ စု၍နေသည့် အခါ အလုပ်ရှင်တို့ မည်သည် သွေးကြီးတတ်စမြဲ ဖြစ်ရကာ သိန်းတင့်သည်လည်း အလှသွေး ကြီးကာ လျှောက်လွှာ ရှိသမျှကို ပယ်ကာ ဆုတ်ဖြဲ မီးပုံတွင် တာဝန်လွှဲလိုက်လေ၏ ။
သိန်းတင့်၏ မောင်နှမအစ်ကိုများသည်လည်း နှမငယ်ချောကလေးအတွက် သွေးတစ်မျိုးဖြစ် ကြီး၍နေကြ၏ ။ သွေးကြီးသည့်တိုင်အောင်လည်း လူများ အမုန်းမခံရဘဲ ခေါ်သူ ပြောသူ မိတ်ဖွဲ့လိုသူ များဖြင့် များမြောင်၍ နေ၏ ။ သိန်းညွန့်၏ မိခင်ဖခင်တို့မှာလည်း သိန်းတင့် အတွက် မျက်စိမပွင့်အောင် ခေါင်းထောင်၍ နေကြလေ၏ ။ အစ်မကြီး နှစ်ယောက်မှာလည်း သိန်းတင့်ကို ရွှေလို ဥပြီး အထူးအရေးပေးကာ သိန်းသိန်း ဟူ၍ လည်းကောင်း ၊ တင့်တင့် ဟူ၍ လည်းကောင်း ၊ တင့် ဟူ၍လည်ကောင်း ချစ်စနိုးနှင့် အမျိုးမျိုး ခေါ်ဝေါ်ယုယ ပြုစုကြရုံမျှမက သိန်းတင့်ကို မျက်စိအောက်က အပျောက်မခံကြဘဲ စောင့်ရှောက်လျက်ရှိကြ၏ ။ အိမ်ဦး ဧည့်ခန်းတွင်ပင် သိန်းတင့် အား မနေစေ၍ အတွင်းခန်းတွင် လိုက်ကာဖြင့် ကွယ်၍ အိမ်တွင်းပုန်း သဖွယ် ချယ်လှယ်၍ ထားကြကုန်၏ ။
ဥပုသ်စောင့် ဘုရားသွား တစ်ခါတစ်ရံများ သိန်းတင့်လမ်းသွားဖို့ အကြောင်းပေါ်လျှင် အစ်မရော မောင်ပါ မိဘပါ မကျန် ဝန်းရံ၍ လိုက်ကြရလေ၏ ။ မောင် ရှာ၍ ရသမျှ ၊ အစ်မ ရှာ၍ ရသမျှ ၊ မိဘ ရှာ၍ ရသမျှ သိန်းတင့် အပေါ်သို့သာ ဖို့ကြကုန်၏ ။ တစ်အိမ်သားလုံး ဝိုင်း၍ ချစ်ခြင်း ခင်ခြင်း ယုယပြုစုခြင်းကို ခံရသော သိန်းတင့် သည် အလိုလို စိတ်နှလုံးအေးချမ်းလျက် နေရခြင်း ၊ ထိုင်ရခြင်း၌ ငြီးငွေ့ ပျင်းရိခြင်း မရှိဘဲ ၊ အမြဲ ရွှင်ပျ၍ နေရ ရှာလေရာ ရည်းစားထားဖို့ ၊ လင်ယူဖို့ စသော ကိစ္စများမှာ စိတ်ကူးတွင်းသို့ တစ်ခါဖူးမျှ ချဉ်းနင်းဝင်ရောက်၍ ခလောက်မဆန်နိုင်ကြချေ ။
••••• ••••• •••••
( ၂ )
“ တင့်ရေ ”
“ ရှင် … မမ ဘာကိစ္စရှိလို့လဲ ”
“ ငါ့ညီမကို ဘယ်ယောက်ျားက စာပေးပေး ဘယ်တော့မှ လက်မခံနဲ့နော် ၊ ရည်းစားထားတာလည်း မကောင်းဘူး ၊ လင်ယူတာလည်း မကောင်းဘူး ၊ ရည်းစား ထားရင် နာမည်လည်းပျက်တယ် ၊ စိတ်လည်း ညစ်ရတယ် ။ အတည်မကြံတဲ့ လူနဲ့ တွေ့ရင်လည်း ပြီးပါရော ။ လင်ယူရင် လင့်အလို လိုက်ရတာနဲ့ချည်း ဘဝဆုံးရတတ်တယ် ။ ဘာမှ မကောင်းတာမဟုတ်ဘူး ။ တော်တော်ကြာ ကလေးမွေးရတဲ့ဒုက္ခ ၊ ကလေးရော လင်ပါ ပြုစုရတဲ့ဒုက္ခ ဆိုတာတွေဟာ တစ်မျိုးပြီး တစ်မျိုး ဒုက္ခ ချင်း မိုးမွှန်နေတာဘဲ ။ ကြည့်ပါလား ဟိုအိမ်က မတင်အေးကလေးဟာ ရည်းစားနောက် လိုက်လို့ တစ်လမှ မကြာသေးဘူး သူ့လင် အလုပ်ပြုတ်တာနဲ့ ဆေးလိပ် လိပ်ကျွေးနေရပြီ အရင်ကများဖြင့် မီးဖိုချောင်တောင် ဝင်တဲ့ဟာ မဟုတ်ဘူး ။ ပြီးတော့ ခင်လှကလေးကော ကလေးတစ်ယောက်နဲ့ မုဆိုးမဖြစ်နေပြီ ။ အေးခင် ကော သူ့လင်က အရက်သောက် မြင်းလောင်းနဲ့ အိမ်က ပါသွားတဲ့ လက်ဝတ် လက်စားတွေ ကုန်တဲ့အပြင် လင်က ရိုက်လိုက်တာ ဆိုတာလဲ အရမ်းကျနေတာပဲတဲ့ ။ ဒါတင်က ရိုးလား ၊ မယ်ရရန် ဆိုတဲ့ ဟိုကု,လားကြီးသမီးဟာ အီစွပ်နဲ့ ရလို့ ကလေးမျက်နှာမြင်ပြီး ဆုံးပါပကော ။ ဟို အနောက်တန်းက သန်းသန်းတို့ အိမ်မှာ ဆေးလိပ်လိပ် တဲ့ အမာကော ဘကြွား ဆိုတဲ့ ပျံကျအကောင် တစ်ကောင် နဲ့ လိုက်သွားတာ အခုတော့ မကောင်းတဲ့ အတန်း ရောက်နေသတဲ့ ၊ အိုဘယ်သူမှ ကောင်းတယ်လို့ မကြားရပါဘူး ညီမရယ် လင်များတော့ ဘယ်တော့မှ စိတ်ကူးမထည့်ချင်ပါနဲ့ ”
“ ဘယ်တော့မှ မယူပါဘူး မမရဲ့ ၊ တင့်တင့်က သာပြီး ကြောက်သေးတယ် ” ဟု ပြောရင်း ပြောရင်း ကြက်သီးထ၍ လာကာ စေ့စေ့တွေးရင်း တရေးရေး ကြောက်ရွံ့ တုန်လှုပ်၍ နေစဉ် တစ်ဖက်ခန်းမှ လည်းကောင်းတို့ ပြောစကားကို ကြားရသော မောင်ဘကြီးနှင့် အငယ်တို့လည်း ရောက်လာကာ “ ဟုတ်တယ်ဟ မမ ပြောတာတွေဟာ မှန်တာချည်းပဲ ၊ ငါ့နှမမှာ ဘာမှပူစရာ မရှိဘူး ။ အဝတ်အစားလည်း လိုလေသေး မရှိအောင် ပြည့်စုံနေပြီ လက်ဝတ်လက်စားလည်း စိန်တစ်ဆင်စာ ရှိတယ် ။ တစ်သက်လုံး ဘာမှ မလုပ်ဘဲနဲ့ တို့တစ်တွေ လုပ်စာကို အေးအေးကလေး စားနေ ” စသည်ဖြင့် အိမ်ရှိ လူကုန် မိဖရော ၊ အစ်ကိုရော ၊ အစ်မရော ပြောကြသံကို ဖန်ဖန်ခါခါ ကြား၍သာနေရလေရာ သိန်းတင့်မှာ လင်ယူလိုခြင်း မျိုးစေ့ကိုပင် ရှာ၍ မရနိုင်အောင် ဖြစ်၍ လာလေ၏ ။
တစ်နေ့ထက်တစ်နေ့ ယောက်ျား ဆိုလျှင် ကြောက်၍လာလေ၏ ။ မိမိ၏ အရိုးအသားကို ကြိတ်ဝါးစားမျို တအားကို ဖျစ်ညှစ် ယောက်ျား ဆိုတာ ရက်ရက်စက်စက် သက်သက်မဲ့ လိုက်ပြီး သူ့အကြိုက်ကို မလိုက် မနေရအောင် အာဏာပြင်းပြင်းနဲ့ မညှာမတာ စားမည့် သတ္တဝါမျိုးပဲလား စသည်ဖြင့် အမျိုးမျိုးသော တွေးတော ကြောက် ရွံ့ခြင်းတို့သည်ကား ထမင်းလုံး တစ္ဆေခြောက်သည်ထက် ပင် ဆိုးဝါးပိုမို အလိုလို သွေးလန့်လျက် ယောက်ျား ဆိုလျှင် မကြည့်ဝံ့သလောက် ကြောက်လန့်၍ နေလေ၏ ။
ယင်းသို့ လန့်ရင်းထိတ်ရင်းဖြင့် အပျို ဖြစ်လာသည်မှာ ၃ နှစ်ကျော်မျှ ကြာရှိ၍ လာခဲ့၏ ။ အသက်လည်း ဆယ့်ခုနစ်ကျော်၍ ကိုယ်ရေကာယ အစွမ်းကုန် ပြည့်ဖြိုးသော သမယသို့ ကျရောက်ခဲ့၏ ။ အချိန်ရှိခိုက် လုံ့လစိုက်၍ ကြံသူတွေလည်း အားလျှော့သူ လျှော့ အားသန်သူ သန် နှင့် သိန်းတင့်ကို သိမ်း၍ အညွန့်အဖူးကို ကွန့်မြူးခြယ်လှယ် လောကကို နိဗ္ဗာန်ဖြစ်အောင် ရည်ရွယ်သူတို့မှာ အရေအတွက် အားဖြင့် ယခင်ကထက် တိုးတက်လျက် ရှိလေ၏ ။
သီလရှင် ရသေ့မနှင့် ကမ္မဋ္ဌာန်းတရားကျပြီး လောကကြီးကို တံထွေးခွက်လောက် ရွံရှာပါတယ် ဆိုသည့် အပျိုကြီးငယ်များကိုပင် လင်ယူချင်လာလောက်အောင် ဆွယ်နိုင်ဖြားယောင်းနိုင်သော အောင်သွယ် နာမည်ရကြီးများပင် သိန်းတင့် ကျလျှင် လက်လျှော့ကြရ၏ ။ စည်းစိမ်ဥစ္စာတို့နှင့် ပြည့်စုံသဖြင့်လည်း သိန်းတင့် အား ပစ္စည်းနှင့် မျှား၍ မရ သဘောကောင်းပါတယ် ။ ညည်းအလို လိုက်ပါလိမ့်မယ်ဟု ပြော၍ မျှားသော်လည်း မိဖ မောင်ဖွား အစ်မများထက် ပိုနိုင်ရန် ခဲယဉ်း၍ သွား ရည်မယို ကလေးမွေးမှာ တစ်ခုတည်းနှင့်ပင် လင်ဆိုရင် ကြောက်ပါပြီ ဟူသော ပိုင်းဖြတ်ချက် တစ်ခု နှင့်သာ ခုခံ ပြောဆိုခြင်းဖြင့် သိန်းတင့်ကို ကြံသမျှ ကျွမ်းပြန်၍ ကျကြ ကုန်၏ ။ သိန်းတင့်သည် လင်မယူပါဘူး ဟု တင်းမာနေခိုက် တစ်နေ့သော ညဉ့်၌ သိန်းတင့်အား လင်မယူရန် ခြောက်လန့်တားမြစ်လေ့ရှိသော နှစ်ဆယ်ရွယ် အစ်မ လုပ်သူ သန်းမြင့်သည် မိမိ၏ ရည်းစားနောက်သို့ လိုက်၍ မကြာမီ နှမ လင်မယူအောင် အာဘောင်အာရင်း ခပ်ပြင်းပြင်းနှင့် ပြောလေ့ရှိသော အစ်ကိုကြီးထွန်းတင် သည် အိမ်နားနီးချင်း တင်တင်ကို သုတ်၍သွားလေ၏ ။
သိန်းတင့်သည် အစ်ကို မယားရသည်ကို ဝမ်းမနည်းလှသော်လည်း အစ်မ လင်ရသည်ကိုမူ တွေး၍ သနားကာ အစ်မ ခိုးရာလိုက်သော ညဉ့်၌ အိပ်၍မျှ မပျော် အတော်ကြီး စိုးရိမ်၍ ပစ်လိုက်လေ၏ ။ အဘိုးကြီး အမယ်ကြီးမှာ သားနှင့် သမီးအတွက် ဒေါသထွက်ကာ စိတ်ပျက်ကာနှင့် မြည်တွန်တောက်တီးရင်း တစ်နှစ်ထဲ နှစ်မင်္ဂလာပြုခြင်းမှာ မသင့်လျော်ဟူသော ဗမာ အစဉ်အလာကို မလွန်ဆန်လို၍ ကျန် သားတစ်ယောက်နှင့် သမီးတစ်ယောက်ကိုပါ စပ်ဟပ်၍ ပေးစားလိုက်လေ၏ ။
ယင်းသို့ အစီစီအရီရီ လင်ယူခြင်း ၊ မယားယူခြင်း ကိစ္စကို ပြီးစီးသွားပြီ အိမ်လိုက်ကြသည့်အခါ သိန်းတင့် တစ်ယောက်သာ အိမ်မှ ကျန်၍နေလေသတည်း ။
••••• ••••• •••••
( ၃ )
သိန်းတင့်၏ စိတ်၌ အစ်မနှစ်ယောက်ဖြင့် ဒုက္ခကြီး တွေ့ နေတော့မည်ဟု စိတ်မကောင်း ဖြစ်၍နေစဉ် တစ်နေ့၌ အစ်မတစ်ယောက်နှင့် လင်ဖြစ်သူတို့သည် တရွှင်ရွှင်နှင့် ပြင်ဆင်ကာ စုံတွဲခုတ်၍ အိမ်သို့ ရောက်လာကြလေ၏ ။ အစ်မနှင့် ခဲအိုတို့ကို မြင်သည့်အခါ အစ်မ လုပ်သူမှာ မိမိ ထင်သလို မဟုတ်ဘဲ အရေမလျော့ အသားမလျော့နှင့် ဖျော့တော့သော အစ်မ၏ အသားအရေသည် စိုပြေ၍ လာသလိုလိုပင် မှတ်ထင်ရလေ၏ ။ မျက်နှာမှာလည်း တရွှင်ရွှင်နှင့် ကြည်လင်၍ နေသည်ကို တွေ့ ရလေရာ သိန်းတင့်မှာ အမြင်နှင့် အထင် ကွာခြားလျက် ကြက် သေသေကာ အံ့အားသင့်၍ နေမိ၏ ။
အစ်မကြီးသည် ညီမ ရှိရာသို့ ပြုံးတုံးတုံးနှင့် ရောက်လာကာ ပွေ့ဖက်နှုတ်ဆက် ရှေးကထက် ချစ်ယောင်နှင့် မျက်နှာထားမှာမူကား ကြောင်တောင်တောင် ဖြစ်၍ နေလေ၏ ။ သိန်းတင့်မှာ စကားများများ မပြောနိုင်ဘဲ အစ်မ၏ ကိုယ်လုံးကို အစအဆုံးအကဲခတ်၍ ကြည့်လေ၏ ။ ရှေ့က ကျစ်လျစ်သော ရင်သားများသည် စားသောက်၍ ကောင်းရော့သလားမသိ ကားကားပွင့်ပွင့် မြင့်တက်၍ လာသည်ကို တွေ့ရလေ၏ ။ လုံးကျစ်တင်းမာသော တင်သားသည်လည်း ကားထွက်၍လာသည်ဟု မှတ်ထင်ရလေ၏ ။ အနံ့အသက်တို့မှာလည်း ရှေးကနှင့် မတူ ယောက်ျားစော်ရနံ့ တစ်မျိုးသည် အစ်မ ထံမှ ထိုးထွက်ဝှေ့ယမ်းသွားသည်ဟု သတိထားမိလိုက်လေ၏ ။
ထိုသို့စဉ်းစား တွေးတောနေစဉ် သန်းမြင့်သည် လက်တွင်ပါလာသော အထုပ်ကို ဖြေကာ မိမိတို့ လင်မယား ညားစက ခပ်ရွှင်ရွှင် ရိုက်ထားသော ဓာတ်ပုံကို ထုတ်၍ လှမ်းပေးလိုက်လေ၏ ။ ဓာတ်ပုံကို မြင်ခြင်းဖြင့် အစ်မ လင်ယူခြင်း၌ စိတ်ပျက်သည့် လက္ခဏာ စိုးစိမျှ မရှိပါကလား ဟု ဉာဏ်ကစား၍လာရကား အစ်မ မျက်နှာကို ကြည့်ပြီး
“ မမ ကတော့ လင်ရလို့ ပျော်နေတယ်ပေါ့လေ ”
“ ပျော်တယ်ရယ်လို့ မဟုတ်ပါဘူး ၊ ညီမရယ် ရပြန်တော့လည်း အဆင်သင့်သလို နေသွားရတာပေါ့ ” ဟု ရယ်ရယ်မောမောနှင့် ရှေးက လင်ယူတာ မကောင်းဘူး ဟု ပြောခဲ့မိသည်တို့ကို တွေးတောရင်း ပြောလိုက်မိလေ၏ ။
“ အောင်မယ် မပျော်ရင် မမ ဝလာပါ့မလား အခု အရင်ကနဲ့မတူဘူး ။ အဆီအသားတွေ တိုးပြီး တစ်မျိုး ကျက်သရေရှိလာတယ် ။ မမ လိမ်မပြောစမ်းပါနဲ့ မှန်မှန် ပြောစမ်းပါ ” ဟု တစာစာ တောင်းပန် မေးမြန်းရကား မဖြေ မပြီးသော ကိစ္စဖြစ်သည်နှင့် ညီမ ကိုလည်း လင်သားယူ စေလိုသော ဆန္ဒ မရှိသည့်အလျောက် ညှိုးငယ်သော ပုံပန်းကို ပြောင်းလဲလိုက်ပြီး “ လင်ယူတာ မှားတာပါပဲ ညီမရယ် ။ မမတို့ အကုသိုလ် ဖိစီးလို့ ဝိပါကဝဋ် မကင်းလို့ လင်ရတာပါ ။ တစ်ယောက်တည်း နေတာထက် ကောင်းတာ ဘာရှိဦးမလဲ ညီမရယ် ” စသည်ဖြင့် ယုံလောက်အောင် ပြောပြလျှင် အရိုင်းမကလေး သိန်းတင့်မှာ ဟုတ်စနိုး ထင်ကာ အစ်မကိုပင် သနား၍ နေလေ၏ ။
“ ဒါဖြင့် မမကို တစ်ခုမေးမယ် ပြောမလား ”
“ ပြောတာပေါ့ မေးသာမေးပါ … တင့်ရယ် ”
“ မမယောက်ျားနဲ့ ကျွန်မကို ဘယ်သူ့ ချစ်သလဲ မှန်မှန်ပြောနော် ” ဟု လက်ညှိုးကလေး တငေါက်ငေါက်နှင့် ခပ်ချွဲချွဲကလေးနွဲ့ပြီး မေးရှာလေလျှင် အစ်မ လုပ်သူမှာ စပ်ဖြီးဖြီး လုပ်ပြီး အရုပ်လို ငြိမ်၍ နေလေ၏ ။ သိန်းတင့် မေးသောမေးခွန်းသည် ဘီအေအမ်အေ မေးခွန်းထက် လည်းကောင်း ၊ ပထမကျော် မေးခွန်းထက် လည်းကောင်း ခက်ခဲ၍ နေသည်ကို တွေ့ရလေ၏ ။ ထိုသို့ခဲယဉ်းခြင်း နှင့် ပက်ပင်းပါ တွေ့ကြုံရသည့်အခါ ငါ ဘယ်သူ့ကို ပိုပြီး ချစ်ပါလိမ့်မလဲဟု ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိပြန်လေ၏ ။ ညီမကို ချစ်ရခြင်း၌ ဆား မပါသော ဟင်းပမာ လေးလေးပင်ပင် မရှိ လင်ချစ်နှင့် စာနာ၍ ကြည့်လိုက်လျှင် သိသိသာသာကြီး ခြားနား၍ နေသည်ကို တွေ့ရလေ၏ ။ လင့်ချစ်မှာ တဏှာတည်းဟူသော စွဲလမ်း တပ်မက်ခြင်းအားဖြင့် ရောစပ်မွှေနှောက်လျက် ရှိရကား ပင်လယ်ရေလှိုင်းသဖွယ် တစ်ရှိန်တည်း တစ်ဟုန်တည်း အချစ်ဓာတ်ရှိန်ကို တိုးပွားမြင့်မောက် တွန်းထိုး၍ မြှောက်နိုင်ပြီးလျှင် လှုပ်ရှားမရှိ ပကတိ ငြိမ်သက်သော ကန်ရေ ပမာ ၅၂၈ မေတ္တာတည်းဟူသော ညီအစ်မ မောင်နှမတို့၏ အချစ်မှာ မလျော့မတိုး အသည်းနှင့် နှလုံးကို မရိုးနိုင် မရွနိုင် မဆွနိုင်သောကြောင့် အားချင်း မတူ လောကရှိ လူ ဟူသမျှ တဏှာဘက်သို့သာ အားပြုကြရိုး ဓမ္မတာ ဖြစ်တော့သတည်း ။
ယင်းသို့ တဏှာဖြင့် ဖက်စပ်လျက် ချစ်ခင်တွယ်တာရသော လင်ထက် ညီမ အပေါ်တွင် အချစ်တွေ လျော့ကြောင်း ကောင်းကောင်းကြီး သတိပါသမှုလည်း ညီမကို ညှာတာသနားသောစိတ်ဖြင့်
“ လင်ကို ချစ်တယ် ဆိုတာဟာ ညီမထက် မပိုနိုင်ပါဘူး တင့်ရယ် ။ သူတို့ဟာ သူစိမ်းပြင်ပြင်တွေပဲ ။ ဝတ္တရား မို့သာ ချစ်နေကြရတာပါ ။ ဝဋ်မကင်းလို့ လင်ယူမိတယ်လို့ အောက်မေ့မိပါတယ် ညီမရယ် ။ တစ်ယောက်တည်း အေးအေး အပျိုကြီး လုပ်နေတာဟာ အအေးဆုံးပဲလို့ မှတ်ပါနော် ” စသည်ဖြင့် လင်မယူတရားဖြင့် နားချခဲ့ပြီး ပြန်သွားလေ၏ ။
••••• ••••• •••••
( ၄ )
အစ်မနှင့် အစ်ကိုများ ကိုယ်ဆီကိုယ်ငှ လွတ်ရာ ကျွတ်ရာ လင်တွေ မယားတွေနှင့် တစ်အိုးစီ တစ်အိမ်စီ ခွဲခွာ၍ သွားကြသဖြင့် အိမ်တွင် မိအိုဖအိုနှင့် သိန်းတင့် သာလျှင် ရှိတော့၏ ။ သမီးကလေးကို ရိုးလှသဖြင့် အိမ်ထဲမှ အိမ်ပြင်သို့ပင် မထွက်စေဘဲ ဈေးဝယ်ဈေးသွား ကိစ္စကလေးများကိုမှ မိဖအိုများမှာ မခိုင်းဝံ့ မခိုင်းရဲဘဲ ကိုယ်တိုင် ကြဲ၍ နေကြရကုန်၏ ။ အိမ်ထဲတွင် သမီးပျိုကလေး တစ်ယောက်တည်း ကျန်ရစ်ခဲ့၍လည်း မလျော်ရကား မအေ မရှိလျှင် ဖအေမှ ဖအေ မရှိလျှင် မအေရှိမှ ဆိုသလို ဖြစ်ရကား အိုမင်းသော မိဘနှစ်ဖြာမှာ သမီးအတွက် ဝိတက်ဝိစာရ မှီခို၍ များပြားလာသည်ကို တွေ့ရမြင်ရသော သိန်းတင့်မှာ မိဘများ မိမိကို စောင့်ရှောက်ငဲ့ညှာရခြင်းအတွက် ဒုက္ခသောက များပြားလှပေပြီ ဟု စိတ်မချမ်းသာခြင်း ဖြစ်၍လာလေ၏ ။
ယခင်က အိမ်တွင် လူများသဖြင့် စိတ်အေးလက်အေးနှင့် ဥပုသ်သီတင်းကလေး စောင့်ထိန်းပြီး ဘုရားသွား ကျောင်းတက်နေခဲ့ရသော်လည်း ယခုမှာ သမီးပျို အတွက် မိမိတို့မှာ ချုပ်ချယ်လျက် ရှိသဖြင့် ဘုရားဝေး တရားဝေး နှင့် သံယောဇဉ်ဘေးငြိမှန်း မသိ ငြိနေလေပြီ တကားဟု တစ်ခါတစ်ရံ ကြွင်းကျန်နေသော အမျိုးသမီးကို နေရာချထားလိုသော ဆန္ဒပင် အဘိုးအို အမယ်အိုတို့မှာ ပေါ်ပေါက်၍ လာကြ၏ ။
သမီးတော့ နေရာချထားမှာ အေးမှာပါပဲ ဟု ကျီစယ်သလိုလိုနှင့် မိဘများက ပြောစ ပြုလာလေ၏ ။ ယင်းသို့ ကျီစယ်တိုင်းလည်း ( အောင်မယ် ဘာပြုလို့ ယူရ မှာလဲ ) “ အမေတို့ ဥပုသ်ကြီးစောင့်ချင်ရင် တင့်လေ မမတို့ ကိုကိုတို့ အိမ်ကို တစ်လှည့်စီသွားနေမှာပေါ့ ” ဟု ပြန်၍ ပြောတတ်၏ ။
ကျီစယ်သော စကားများသည် မကြာမီအတွင်း အကယ်ဖြစ်၍ လာတော့၏ ။ အကြောင်းမူကား သိန်းတင့်သည် ချစ်ခင်လှစွာသော မိအိုဖအိုတို့ကို မိမိအတွက် ဒုက္ခသောကများကာ လောကုတ္တရာ ခရီးလမ်း ပိတ်ဆို့လျက် ရှိသည်ကို မကျေနပ်နိုင်သောကြောင့်တည်း ။
အဘိုးကြီး ၊ အမယ်ကြီးမှာ မိမိတို့ ကောင်းမှုပြုထားသည့် ဇရပ်သို့ ထွက်၍ ဥပုသ်ရက်ရှည်ဖြင့် အရိုးထုတ်ရန် သွားကြလျှင်ပင် သိန်းတင့်လည်း အစ်ကို အိမ်သို့ ပြောင်းရွှေ့ နေထိုင်ရလေ၏ ။
▬ အစ်ကို့ အိမ်တွင်
အစ်ကို့အိမ်သို့ ရောက်ကာစတွင် အစ်ကိုရော ယောက်မရော အရေးပေးကြသဖြင့် အတော်ကလေး စိတ်အေးချမ်းသာယာစွာဖြင့် စားလား သောက်လား နေထိုင် ရရှာ၏ ။ သို့သော် တစ်လမျှ မကြာခင် အေးချမ်းစွာနေရသော သိန်းတင့်မှာ မီးဖိုချောင်နှင့် မိတ်ဖွဲ့၍ နေရလေ၏ ။ ယောက်မ မယ်စိန် သည်ကား အားအားရှိတိုင်း လင်နှင့်သာ ရွှင်ပြီးလျှင် တွင်တွင်ကြီး လမ်းသလားပြီး အစေခံ မငှားရဘဲနှင့် အချောင် အစေခံရနေပြီ ဟူသော သဘောထားနှင့် အာဏာ လျှာဏာတွေပင် တစ်စထက် တစ်စ ပြ၍ လာလေ၏ ။
အိမ်ထောင် မကျကြစဉ်က အစ်ကြီး ရှာရသရွေ့ ညီမဖို့ ဆိုသော စကားများသည် သဲထဲတွင် ကျင်ငယ်စွန့်သည့် အလား ခန်းခြောက်၍ သွားရုံတွင်မက မယားသြဇာ နှင့် မယားပြောတာလောက်သာ နာခံ၍ နေရသော အစ်ကိုကြီး၏ ဖြစ်ပုံကိုပင်ကြည့်ကာ သာ၍ပင် စိတ်မကောင်း ဖြစ်ရရှာသော သိန်းတင့်မှာ တစ်မျိုးတစ်ဖုံ အားငယ်စ ပြု၍ လာလေ၏ ။
အစ်ကိုကြီး လခထုတ်၍ လာသည့်အခါ ငွေ တစ်ရာ အနက်မှ ၉၅ ကျပ်ကို မယားကို အပ်ပြီး ငွေ ၅ ကျပ်ကို တိုးတိုးတိတ်တိတ် ညီမကလေး မုန့်စားဖို့ဟု မီးဖိုချောင်တွင် ကြိတ်၍ ပေးသည့်အခါ သိန်းတင့်မှာ မျက်ရည်ကလေးများ ရစ်ဝဲလာကာ ဆို့လောက်အောင် ဝမ်းနည်း၍ သွားမိလေ၏ ။
ထိုတွင်မကသေးသည့် ရွှေယောက်မသည်ကား မိမိ စားသောက်နေထိုင်သည်ကိုပင် အနှစ်ချို့ မသထာသည့် အလား ချွေတာရေး အကြောင်းပြုကာ ( ဘယ်သူနဲ့ ယူပါလား ဘယ်ဝါနှင့်ယူပါလား ) ဟူသော စကားများကိုပင် သုံးစွဲကာ လင်ပေးစားခြင်းဖြင့် အိမ်မှ နှင်ထုတ်ရန် ကြံစည်နေသည်ကို တွေ့ရကား စိတ်ပျက်ပျက်နှင့် အစ်မ အိမ်သို့ ထွက်ခဲ့လေ၏ ။
▬ အစ်မ အိမ်တွင်
“ ငါ့ညီမ ဘာမှ အားမငယ်နဲ့ အေးအေးသာနေ ဘာမှ မလုပ်နဲ့ ငါ့ညီမ တစ်ယောက်အတွက်တော့ အစ်မ အငတ်ခံပြီး ကျွေးမယ် ” စသော အားပေးစကားများဖြင့် သန်းမြင့်သည် ညီမသိန်းတင့်ကို အိမ်တွင် အရေးပေးကာ ထား၏ ။ သိန်းတင့် သည်ကား အစ်ကိုထက် စာလျှင် အစ်မက ပို၍ မိမိ အပေါ်တွင် ချစ်ခင်သည်ဟု အယူရှိကာ ဝမ်းသာအားတက်နှင့် အစ်မ၏ မျက်နှာကို ကြည့်ခြင်းဖြင့်လျှင် ရွှင်ပျ၍ နေရလေ၏ ။
ခဲအို မောင်ကြိုင်သည် လှပသော ခယ်မ သိန်းတင့် ကို အတော် အရေးပေးကာ စားစရာ ၊ ဝတ်စရာများ ဝယ်လာသည့်အခါ ဒါက မသိန်းတင့်ဖို့ ဟု ခွဲခြားသော စေတနာဖြင့် ပေးကမ်းလေ့ရှိပေ၏ ။ ထိုတွင်မက တစ်ခါတစ်ရံ ..
“ မသန်းမြင့်ရေ ”
“ ရှင် ”
“ ဈေးဝယ်များသွားရင် မင်းကိုယ်တိုင် သွားပါကွယ် ။ မသိန်းတင့်ကို မလွှတ်ပါနဲ့ ။ သူ့သဘောရှိသလို အေးအေး နေပါစေ ” ဟု သိန်းတင့် ကြားအောင် ပြောလေ့ ရှိ၏ ။ ထိုသို့ လင်ဖြစ်သူက စိတ်ကောင်းနှလုံးကောင်း စကားကောင်းဖြင့် ပြောသံကို ကြားရသည့်အခါ ဝမ်းသာခြင်းကြီးမက ဝမ်းသာလှသော အစ်မသည် ညီမအား “ ကိုကြိုင်ဟာ အင်မတန် သမစိတ္တ မျှတတယ် တင့်ရဲ့ ။ ဘယ့်နှယ်လဲ အစ်ကို့အိမ် နေတာထက် မအေးချမ်းဘူးလား ။ ယောက်မနဲ့ ခဲအိုဟာ ဆီနဲ့ ရေလောက် သဘောထားချင်းကွာတယ် ညီမ ” ရဲ့ဟု ပြောပြန်ရာ သိန်းတင့်မှာ ခဲအိုရော အစ်မရော တော်ပါပေသည်ဟု ကျေးဇူးတင်၍ မဆုံး ဖြစ်၍နေလေ၏ ။
သိန်းတင့်ကို လိုချင်သူများမှာ ယခုထက်တိုင် များမြောက်လျက် ရှိသေး၏ ။ ရှိသည့် အတိုင်းလည်း ကြောင်းလမ်းခြင်း ပြုကြ၏ ။ ယင်းသို့ ကြောင်းလမ်းသော စကားများကို မောင်ကြိုင်အား ပြောကြားသည့်အခါ
“ အို ဘာပြုလို့ လင်ယူရမှာလဲ ၊ သူ နေနိုင် တစ်သက်လုံးနေပစေ နောက်ကို ငါမကြားချင်ဘူး ” ဟု မယားအား မာန်၍လိုက်လေ၏ ။
မောင်ကြိုင်သည် ယောက်ျားဖြစ်၏ ။ သာမန် ယောက်ျားဖြစ်၏ ။ ထူးခြားသော ယောက်ျားမဟုတ် ကာမဂုဏ် အရှုပ်တရားကို အရုပ်ကစားသလို ကစားချင်သော စိတ်သည် သိန်းတင့်တည်းဟူသော ခယ်မ အပျို၏ ရူပါရုံကြောင့် လွှားခနဲ ဘွားခနဲဖြစ်ပေါ်၍ လာပေ၏ ။ ထိုအခါ ဖောက်ပြန်သော အကြံသည် ကိန်းအောင်းခိုဝင် ကျုံးသွင်းချင်၍ နေရကား တစ်နေ့သ၌ မယား ဈေးသွားခိုက်တွင် အလုပ်မှ ပြန်လာကာ လူမမာဟန်ဖြင့် အိမ်တွင်းသို့ ရောက်လာလေ၏ ။
အိမ်တွင်းသို့ ရောက်သည်နှင့် တညည်းညည်း တညူညူဖြင့် တကယ့် လူမမာကြီးသဖွယ် အိပ်ခန်းသို့ ဝင်ကာ လှဲပြီး အမယ်လေး ဘာလေးနှင့် အော်၍ နေလေ၏ ။
မီးဖိုချောင်မှ ဟယ် ... ဆိုသော အသံကို ကြားရ၍ ရိုးသားသော စိတ်ဖြင့် ပူပန်ခြင်းဖြစ်ကာ သိန်းတင့်သည် ချက်ချင်းထွက်လာပြီး အခန်းပေါက်ဝမှ နေ၍
“ ကိုကြိုင် ဘာဖြစ်တာလဲ ၊ ဘာပြုလို့လဲ ” ဟု စိုးရိမ်သံနှင့် မေးလေလျှင် မောင်ကြိုင်သည်ကား တုန်လှုပ်သောအသံနှင့် ညည်း၍သာ နေလေလျှင် အတွင်းသို့ ဝင်ကာ ...
“ ဖျားလို့လား ဟင် ” ဟု မေးလေ၏ ။
“ ချမ်းလိုက်တာ လွန်နေတာပဲ ” ဟု ပြောရင်း သိန်းတင့်ကို ကြည့်၍ နေလေ၏ ။ သိန်းတင့်သည်ကား အဘယ် ရန်မီးကိုမျှ မမြင်မတွေးတတ်ဘဲ စောင်ကို ဆွဲကာ လွှမ်းခြုံ၍ ပေးလေလျှင် မောင်ကြိုင်သည် သိန်းတင့်ကို မက်မောသော မျက်လုံးနှစ်လုံးဖြင့် စိုက်ကာကြည့်ရင်း သိန်းတင့်၏ လက်တစ်ဖက်ကို မသိမသာ ဆွဲကိုင်ပြီး
“ ကျုပ်အသားကို စမ်းကြည့်စမ်းပါဦး တင့်ရဲ့ ” ဟု ပြောရင်း မိမိ၏ နဖူးကို စမ်းသပ်စေလေလျှင် သိန်းတင့်သည် အထူးအံ့သြ၍ သွားလေ၏ ။ အကြောင်းမူကား အသားများသည် မပူမနွေး ချွေးတွေနှင့် အေးနေသော ကြောင့်တည်း ။ ထိုအခါ သိန်းတင့်မှာ ထိတွေ့သော လက် အရှိန်ဖြင့် ကြက်သီးတွေထကာ ရွံ့ကြောက်စိုးထိတ်၍ လာသည်နှင့် မိမိ၏ လက်ကို အတင်းရုန်းသော်လည်း မောင်ကြိုင်သည် မလွှတ်ဘဲ ရုတ်တရက်ထ၍ထိုင်ပြီး ...
“ သိန်း မင်း ကျုပ်ကို မချစ်ဘူးလား ” ဟု မေးကာ အစာကိုတွေ့၍ လွေ့ရမ်းမွှေ့ဖမ်းတော့မည် တကဲကဲနှင့် စူးရှသောမျက်နှာဖြင့် အစာမာန် ထ၍နေသည့် ကျားရဲပမာ သိန်းတင့် ကို မက်မက်မောမောကြီး ငေးစိုက်၍ ကြည့်နေလေ၏ ။
သိန်းတင့်မှာ နောက်မဆုတ် ရှေ့မတိုး အမျိုးမျိုး ထိတ်လန့်လျက် ဆတ်ဆတ်ခါတုန်လှုပ်သော ကိုယ်လုံးကလေးမှာ နတ်ဝင်သည့်ပမာ ပရမ်းပတာဖြစ်၍ နေလေ၏ ။ အစ်ကိုရင်း ပမာတမျှ ချစ်ခင်အားကိုး၍ လာခဲ့သော ခဲအိုသည် အရဲပိုကာ အယုတ်မာတရားနှင့် ဘောက်မဲ့ကြောင့် မဟုတ်တာများ ကြံရက်ပါလိမ့်မလဲဟု ဝမ်းနည်းခြင်း ပြင်းပြလျက် မျက်ရည်ပေါက်ကြီးငယ်တို့သည်ကား ကြည်လင်သော မျက်လုံးကို ညှိုးနွမ်းအောင် ပိတ်ဖုံးကာ တဖြာဖြာ တသွန်သွန် နယ်ကျွံ၍ ဆင်းကြကုန်၏ ။
ကာမစိတ်ဓာတ်အားသည် မောင်ကြိုင်၏ နှလုံးသားကို တင်းမာ ခက်ထန်ဗြောင်းဆန်အောင် လုပ်၍နေလေရာ ကြမ်းချင်သောစိတ် ၊ ရမ်းချင်သောစိတ် ၊ ဖမ်းချင်သောစိတ်တို့သည် တစ်စက္ကန့်အတွင်း အတင်းရော ၊ အဓမ္မရော တသောတပွက်ပွက် ရုန်းကန်၍ ထွက်လာသည်နှင့် တစ်ပြိုင်နက် ...
“ ကျုပ် ချစ်လို့ပါ သိန်းရဲ့ ၊ ကိုကို့ကို ချစ်ပါကွယ် ” ဟု သွက်လက်ချက်ချာစွာ ပြောရင်း နူးညံ့သော ကျောသားကို လက်ဝါးဖြင့် ဖြန့်အုပ်၍ အားကုန်ထုတ်ကာ ဆွဲယူလိုက်သည်တွင်
“ ဘာလုပ်တာလဲ ကိုကို မကောင်းဘူး ” ဟု ပြောကာ ငိုမဲ့မဲ့နှင့် အတင်းရုန်းကန်၍ အခန်းတွင်းမှ ထွက်ပြေးလေလျှင် တော်သလင်းခွေးပမာ ကြံရာ မရအောင် ကာမ ဂုဏ်နှောင်ဖွဲ့ ဆင်ကန်းကြီး တောတိုး သကဲ့သို့ သဘော ဆိုးခဲ့သော မောင်ကြိုင်မှာ ဘာသာမပြတ် နောက်ထပ် တစ်ဖန် ပြေးထွက်ခဲ့ပြန်ရာတွင် မယားလုပ်သူ ပြန်လာသည်နှင့် မျက်နှာပိုးသပ်ကာ နေမကောင်းသည့်ဟန်နှင့် ချောင်းခြောက်ကလေး မဆိုးချင် ဆိုးချင်နှင့် ဆိုးကာ အိမ်တွင်းသို့ ပြန်ဝင်သွားလေ၏ ။
“ ကိုကြိုင် ဘာပြုလို့လဲ ” ဟု မယားလုပ်သူမှာ စိုးရိမ်သည့်လက္ခဏာဖြင့် မေးရှာလေ၏ ။ မောင်ကြိုင် သည်ကား ခုတင်ပေါ်တွင် ပစ်လှဲကာ စောင်ကြီးတစ်ထည်ကို ခြေဆုံးခေါင်းဆုံးခြုံကာ တဟီးဟီးနှင့် ညည်း၍ နေလေ၏ ။ မယား မသန်းမြင့် မှာ လင်ဖြစ်ပုံကိုကြည့်ကာ ...
“ ပြောစမ်းပါဦး ဘာဖြစ်လို့လဲ ” ဟု မေးရင်း အသားများကို စမ်းသပ်၍ ကြည့်လေ၏ ။
“ ကျုပ် ဘယ့်နှယ်ဖြစ်မှန်း မသိဘူး ၊ မသန်းမြင့်ရဲ့ အမယ်လေး … အမလေး ” ဟု တကယ့်နှစ်ရှည်လများ လူမမာကြီး ကဲ့သို့ ညည်းညူ၍နေရာ မသန်းမြင့်မှာ ကွမ်းရွက်ရည်ကျိုရန် မီးဖိုသို့ ထွက်ခဲ့လေ၏ ။
မီးဖိုချောင်တွင် မသိန်းတင့်မှာ မိမိ၏ အဖြစ်အပျက်တွေ တွေးမိတိုင်း ဝမ်းနည်းကာ ရှိုက်ကြီးတငင် ငိုကြွေး၍ နေလေ၏ ။ မသန်းမြင့်သည် ကွမ်းရွက်များကို ကိုင်ကာ မီးဖိုချောင်တွင်းသို့ ခြေနင်းမိသည်နှင့် တစ်ပြိုင်နက် ညီမကလေး တရှိုက်ရှိုက် ငိုသံကို ကြားရကား
“ ဘာဖြစ်လို့လဲ ညီမရဲ့ ဘာပြုလို့လဲ ပြောစမ်းပါဦး ဘာဝမ်းနည်းစရာ ရှိလို့တုန်း ” ဟု ပျာပျာသလဲ မေးမြန်းလျှင်
သိန်းတင့်သည် မျက်ရည်ဖြင့် စိုရွှဲလျက်ရှိသော မျက်နှာကလေးကို မော့ကာ အစ်မကို ကြည့်ပြီး “ မမ ဈေးသွားတုန်း ကိုကြိုင်က တင့်ကို ဘာလေး ညာလေးနဲ့ စကားပြောတယ် ။ ဘာကောင်းသလဲ ” ဟု ပြောရင်းပင် ဒေါသံကလေးပါကာ “ မနေဘူး သွားမယ် ၊ ဘယ်သူမှ မကောင်းဘူး ” ဟု အော်ကာ ထိုင်ရာမှ ထလေ၏ ။
အစ်မ လုပ်သူမှာလည်း မသက်သာသော ကြားရချက်ကြောင့် ခေါင်းထက်တွင် မြွေဆိပ်ခဲသည့်အလား မူးခနဲမိုက်ခနဲ ဖြစ်ကာ ဘာမပြော ညာမပြောနှင့် လင်ဆီသို့ ပြေးပြီး
“ ကိုကြိုင် ရှင် ... သိန်းတင့်ကို ဘာလုပ်သလဲ ” ဟု ဒေါသံနှင့်မေးလေ၏ ။
မောင်ကြိုင်မှာ ဘုမသိဘမသိ အံ့သြသောမျက်နှာ ထားဖြင့် ရုတ်ခြည်းထ၍ ထိုင်ကာ “ ဘာလဲ မသန်း ၊ ဘာပြုလို့လဲ အမယ်လေး … ကျုပ် သေရတော့မလောက် ဖြစ်နေရတဲ့အထဲ ဘာများ နှောင့်ယှက်ကြတာလဲ ” ဟု ပြောရင်း မောကြီးပန်းကြီးဟန်နှင့် “ အမယ်လေး … အမယ်လေး ” နှင့် ပြန်၍ လဲကျသွားလေ၏ ။
လင်အမူအရာကို မြင်ရပြန်သောအခါ မသန်းမြင့် မှာ သနားကရုဏာ နှိပ်နယ်၍ ပေးလေ၏ ။
“ မင့်ညီမကို ငါနှမကလေး အရင်းလို သဘောထားပြီး ပြုစုခဲ့သမျှ ငါ့အရှက်ကွဲသို့ ဖြစ်ပါပကောလား မသန်းမြင့်ရယ် ၊ အိမ်မှာ မနေချင် မနေချင်ဘူးပေါ့ကွယ် ။ ကျုပ် အားကြီး ရှက်တာပဲ ၊ ကျုပ် မနေဘူးသွားမယ် ” ဟု ပြောကာ တစ်ဖန်လူးလဲကာ ထပြီး သွားတော့မည် တကဲကဲနှင့် ရှိနေရာ သန်းမြင့်မှာ မနေနိုင်မထိုင်နိုင် ဖြစ်ကာ “ ကျွန်မ သူ့ကို မထားပါဘူး ။ ရှင် မသွားပါနဲ့ ကိုကြိုင် ကျွန်မ သူပြောတာလဲ မယုံပါဘူး ” ဟု ပြောကာ ချော့မော့၍ ဆွဲထားပြီး ဗျာများလျက် ညီမ ဘက်သို့ ထွက်ခဲ့ပြန်လေ၏ ။
“ ညည်း မနေချင်ရင် မနေချင်တော့ဘူးလို့ ပြောပါလား ၊ ဘယ်သူက တားထားမှာလဲ ၊ အခုတော့ ကိုကြိုင်ကို အရှက်ကွဲ အထင်လွဲအောင် လိမ်ပြီး စွပ်စွဲတာ ဘာကောင်းသလဲ ” ဟု ရန်တွေ့လေလျှင် သိန်းတင့်မှာ မိမိ၏ အစ်မသည် စင်စစ်သော်ကား မိမိ အပေါ်တွင်
“ သူ့လင်လောက်မှ မချစ်ပါကလား ” ဟု သတိတရား ရကာ ဝမ်းနည်းနည်းနှင့် မိမိ ပစ္စည်းအထုပ်များ ကို ယူကာ အိမ်မှ ဆင်းသက် သွားလေသတည်း ။
••••• ••••• •••••
( ၅ )
မိဘနှင့် နေလျှင် မိဘကို ဒုက္ခပေးရာကျတော့မည် ။ အစ်ကိုနှင့်နေလျှင် ယောက်မ၏ အညဉ်းဆဲနှင့် အစေခံ ဖြစ်ရတော့မည် ။ ခဲအိုအစ်မနှင့် နေလျှင် ခဲအို ရမ်းကားသဖြင့် အဖမ်းများခံရချေက အခြေမလှ ဖြစ်ရတော့မည် ၊ အခြားသူစိမ်းတို့နှင့်နေလျှင် လူမလေး ခွေးမခန့်နှင့် အမြူအမြိုက် ခံရတော့မည် ၊ တစ်ကိုယ်တည်းနေက သာ၍ပင် မလျှော် ။ အလော်မာဘက်သူတို့ ကျော့ကွင်းတွင် အမိဖမ်းခြင်းကို ခံကာ ဘဝကို ဆုံးရတော့ မည်ဟူသော အတွေးအတောတို့သည် တစ်မျိုးပြီး တစ်မျိုး သိန်းတင့်၏ ဦးနှောက်တွင်းသို့ ဝင်ရောက်၍ လာကြကုန်၏ ။
လင်ကို ပြုစုရခြင်း၏ ဒုက္ခ ၊ မိန်းမတို့ ဓမ္မတာ လင်ယူက မွေးဖွားရခြင်း၏ ဒုက္ခ ၊ ကံမကောင်း၍ လင်ဆိုးနှင့် ညားရက တဖားဖား တကားကား ဒုက္ခများရသည့် အချက်အလက်တို့မှာ ကံအကြောင်းနှင့် ဓမ္မတာ အကြောင်းသာ ဖြစ်၍ မိန်းမ ဟူ၍ ဖြစ်လာရသော ဘဝ၌ ခွေးဘဝသည် မစင်စားရဖို့ ဖြစ်သကဲ့သို့ ကြောက်ရွံ့ တွေးတော ရှောင်ရှားဖို့ မရှိ ရဲရဲဝံ့ဝံ့ ခံဖို့သာလျှင် ရှိတော့၏ ဟု ပိုင်းဖြတ်ခြင်းပြုသည်နှင့် ငါဘာလုပ်နေမလဲဟု ရှေ့ရေး အမေးတစ်ခု ထွက်၍ လာလေ၏ ။
“ လင်ယူမယ် ” ဟူသော အဖြေစကား သုံးလုံးသည် ဘွင်းဘွင်းကြီး ရဲရဲကြီး ထွက်၍ လာလေ၏ ။ လင်ယူခြင်း ဖြင့်သာလျှင် မိမိ၏ ရန်သူများကို တွန်းလှန်ဖြိုဖျက်နိုင်သည် လင်သာလျှင်အားကိုးရာ ဖြစ်တော့မည် ။ လင်သာလျှင် တင့်တယ်ရသည့် မိန်းမဘဝသည် လင်မရှိဘဲ နေခြင်းဖြင့် တွေ့ရသော ဒုက္ခကို ဘယ်သူ့ အားကိုး၍ သက်သာရာရချိမ့်မည်နည်း ။ စသည်ဖြင့် လင်ယူဖို့ အကြောင်းတရားများသည်ကား တဖွားဖွား တဝေဝေ ဦးနှောက်ကို မွှေ၍ နေလေ၏ ။
ယခုမှာ သိန်းတင့်သည် မိဘများ သီလဆောက်တည်ရာ ဇရပ်သို့ ရောက်၍ နေလေ၏ ။ ထိုဇရပ် ဤဇရပ်သည်ကား မြို့ထဲ ရွာထဲ လူထဲတွင် မဟုတ် ရဟန်းဘုန်းကြီး အသီးသီးတို့၏ သီတင်းသုံးရာ ကျောင်းကန်တို့နှင့် နီးစွာသော နေရာတွင်ရှိရကား သိန်းတင့်တည်း ဟူသော ဒကာမချောကလေးဖြင့် ကျက်သရေရှိ၍ နေသော ဇရပ်သို့ ငယ်ရွယ်ပျိုမြစ်တရားကို ချစ်သည့် ဘုန်းငယ် ၊ ရဟန်းငယ်တို့သည် တရားကို ရမယ်ရှာကာ အလည်လာစ ပြုကြပြန်လေ၏ ။
ဇရပ်သို့ ရောက်သည့်အခါ ( လင်သေကုန်ရှုံး တရား ) ( လူမုန်းကြွေးတင်တရား )( လင်ကုန်ရှုံး တစ်သက်လုံးမှောက်တရား ) ( ငါးမည်ရွှေကြာ တရား ) စသည်ဖြင့် ဝတ္ထုရုပ်ရှင်နာမည်တွေကို တပ်ဆင်လျက် ခပ်ယဉ်ယဉ် ရွှင်ရွှင်ယာဉ်လှည်း သဘင်ဆင်ကြသည်ကို သိန်းတင့်မှာ အားနာပါးနာနှင့် တရားနာ၍နေရလေ၏ ။ တစ်ပါးပြီး တစ်ပါး ဘယ်အချက် ဘယ်အတွက်ကြောင့်များဟူ၍ မသိ ၊ ရှေးက ဇရပ် အနားသို့မျှ မသီခဲ့ဘူးသော ကိုယ်တော်များပင် တစ်နေ့လုံး မထ ဓမ္မအဆန်းတွေကိုပါ မထတန်း ဟောစပြုလေ၏ ။
အပျိုကြီးတို့ လင်မယူ ယူမယ့် ယူတော့ ဘုန်းကြီး လူထွက်ဟူသော စကား အတိုအထွာကလေးသည် တစ်ခါတစ်ခါ သိန်းတင့် ဆီသို့ ပြေး၍ လာလေ၏ ။ ဘုန်းကြီးသည် ယောက်ျားဖြစ်၏ ။ သို့၍လည်း ဒကာမတို့နှင့် မှောက်မှားကြရပါကလားဟု တွေးမိပြန်လေ၏ ။ ထိုအခါ ပြေး၍ မလွတ် ယောက်ျားဝဋ် မကင်းသော မိန်းမဘဝသည် လင်မယူသ၍ မအေးတော့ဘူးဟု အောက်မေ့ကာ လင်ဆာမကလေး တစ်ယောက် ဖြစ်မှန်း မသိ ဖြစ်၍ လာလေ၏ ။
ကံအားလျော်စွာ နှစ်ရှည်လများ အပျိုဖြစ်စက ချိန်မှန်းကြံစည်၍ လာခဲ့သော တစ်ရပ်တည်းနေသူ ဘသော် သည် ဘီအေအောင်သည့် ဂုဏ်ကလေးကို ဘမ်းပြကာ သိန်းတင့် ရှိရာ ဇရပ်သို့ ရောက်၍ လာလေ၏ ။ လင် ယူမယ် ဟူသော ပိုင်းဖြတ်ချက်နှင့် မိမိ၏ စိတ်ကို လွတ်လပ်ခွင့်ပေးထားသော သိန်းတင့်သည် ဘသော်၏ ပျိုရွယ် ထက်သန်သော ကိုယ်ဟန်မျက်နှာထားကို ကြည့်ကာ သဘောကျ၍ လာလေ၏ ။ သဘောကျခြင်းသည် သိန်းတင့်၏ မျက်နှာချော မျက်နှာလှကလေးကို အရွှင်ဓာတ် အကြည်ဓာတ် လျှမ်းစေ သန်းစေ ရကား ဘသော်သည် အကဲခတ်မိကာ လူကြီးများ အလစ်တွင် ရဲရဲကြီး ဝင်၍ သွားလေ၏ ။
“ သိန်းရဲ့ ကျုပ်တော့ ချစ်လို့ လာခဲ့တာပဲ ၊ စကားလည်း ရှည်ရှည် မပြောပါရစေနဲ့တော့ ။ ကျုပ်လည်း ဘီအေ အောင်လို့ မယားတစ်ယောက်တော့ ၊ အေးချမ်းအောင် ထားနိုင်ပါပြီ ” ဟု ပြောကာ သိန်းတင့်၏ အနီးသို့ တရွေ့ရွေ့ ချဉ်းကပ်ကာသွားလေ၏ ။ သိန်းတင့်သည် ဘာကိုမျှ မပြောဘဲ ကြောင်တောင်တောင်ကလေး ကြည့်ပြီး တွေဝေ၍နေလေ၏ ။
“ ကျုပ် မသိန်းတင့်ကို ချစ်တယ် ၊ ငယ်ငယ် ကတည်းက စပြီး ချစ်တဲ့ အချစ်ပါ ။ ကျုပ်ကို မချစ်ဘူးဆိုရင်တော့ အခုပဲ သ,တ်သေလိုက်တော့မယ် ” ဟု ပြောကာ လက်တွင် ပါလာသော လက်သည်းလှီးသော ဓားကလေးကို ဖွင့်ပြီး ထိုးတော့မည် ပြုရာ သိန်းတင့်မှာ တဆတ်ဆတ်ခါအောင် တုန်လှုပ်ထိတ်လန့်လျက် ဓားကို ဆွဲလုပြီး ..
“ ကိုဘသော် ကိုဘသော် သိန်းချစ်ပါတယ် ” ဟု ပြောလျှင် ဘသော်သည် တစ်ခါတည်း ဝမ်းသာလာကာ ဘာဖြစ်ဖြစ် ဆိုပြီး ပွေ့ဖက်၍လိုက်စဉ် ဇရပ်၏ ရှေ့မှ ...
“ ဒကာမကလေး … ဒကာမကလေး ” နှင့် တစာစာ အော်၍ ခေါ်နေသော ဦးပဉ္စင်း တစ်ပါး၏ အသံကို ကြားရကား တရားနာရဦးတော့မည်ကို ကြောက်လန့်၍ တစ်ကြောင်း ၊ မိဘများ သိကာ လျှာရှည်နေကြမည်ကို စိုး၍ တစ်ကြောင်း နောက်ဖေးပေါက်မှ နေ၍ တိတ်တိတ်ကလေး နှစ်ယောက်သား ထွက်၍ ပြေးကြလေသတည်း ။
▢ ပီမိုးနင်း
📖 ကဝိတံခွန် မဂ္ဂဇင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၃ )
No comments:
Post a Comment