❝ ဘဝကို ဖွင့်ဆိုမှာ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁ ။
လက်တွင်းမှ နှမ်းစေ့ကလေးများသည် လက်ကို လွှဲယမ်းလိုက်တိုင်းသာ လက်ခွကြားမှ နေပြီး ဖျောခနဲဖျောခနဲ ထွက်ကျကုန်လေသည် ။ ထွန်ရေးဖြင့် မွနေသော စိမ်းရင့်ရောင် ထွန်ကျစ်စာများမှာ ဖြတ်သန်းသွားသည့် ထွန်ကြောင်းနောက်၌ တဖွားဖွား ထကျန်ခဲ့၏ ။ ဆက်ရက်ခေါင်းဖြူ ခေါင်းညိုကလေးများသည် ထွန်ကြောင်း နောက်ဝယ် တကျည်ကျည် တကျာကျာဖြင့် အော်မြည် ဆူညံကြရင်း ပိုးကောင်ကလေးများကို ကောက်စားနေကြသည် ။ တချို့မှာမူ ဘညိန်း၏ လက်မှ ကြဲပက်သွန်ထုတ်လိုက်သော နှမ်းစေ့ကလေးများကို လိုက်လံကောက်ယူနေကြ၏ ။
“ တောက် ”
ဘညိန်းက ဆူညံအော်ဟစ်နေသော ဆက်ရက်များကို ကြည့်ကာ တက်ခေါက်လိုက်ပြီး
“ ဆူလည်း ဆူနိုင်ပါပေ့ကွာ ၊ အေးအေးဆေးဆေးများ စားပါသောက်ပါတော့လား ။ ပြီးတော့ ရန်က ဖြစ်လိုက်ရသေး ”
ဘညိန်း၏ ရှေ့တွင် ဆက်ရက်ဖိုနှင့် ဆက်ရက်မသည် အလိုမကျစရာ တွေ့ကြရော့ထင်ရဲ့ ။ ဆက်ရက်ဖိုသည် မြေပြင်ပေါ်သို့ ပက်လက်လန်နေသော ဆက်ရက်မ၏ အတောင်ကို ခြေဖြင့် နင်းဖိထားကာ ခေါင်း ၊ လည်ပင်း စသည်များကို ထိုးဆိတ်ရင်း အော်မြည်နေခိုက်တွင် ဆက်ရက်မ ကလည်း အလျှော့မပေးဘဲ ပြန်လှန် ရန်တွေ့သည်မှာ အခြား ဆက်ရက်များ၏ အသံကိုပင် ကဲမိုးလျက် လယ်တော တစ်ခုလုံးပင် ကျွက်ကျွက်ညံနေလေတော့သည် ။
‘ ဆက်ရက်တသောသော ၊ နှမ်းတဖျောဖျော ’
နှမ်းကြဲချိန်၌ ဆက်ရက်ကို ရှောင်၍ မလွတ်နိုင်ပါပေ ။ ဘညိန်းက ရှေ့မှ ကြဲသွားသည်ကို ကိုဆေးရိုးက ထွန်ကြောင်းဖြင့် လိုက်လံအုပ်ပေးသည် ။ ဆက်ရက်များမှာ ထွန်ရောက်လာလျှင် ဘေးသို့ ရှဲသွားကြ ပြီး ၊ ထွန်လွန်သွားလျှင် ပြန်လည်စုရုံးကာ နှမ်းစေ့ကလေးများကို ကောက်ယူကြပြန်၏ ။
“ အဖေမောရင် ကျုပ် မောင်းမယ်လေ ”
ဘညိန်းက လယ်တစ်ကွက်ကို ကြဲအပြီးတွင် စိတ်တောင်းကို ရင်ဝယ်ပိုက်ကာ ကန်သင်းပေါ်တွင် ရပ်ပြီး ကိုဆေးရိုးကို လှမ်းပြောလိုက်ရာ
“ နေပါစေကွာ မမောပါဘူး ”
မမောပါဘူးဟုသာ ဆိုသော်လည်း ကိုဆေးရိုး၏ အသံက တုန်နေ၏ ။ ပါးစပ်မှာလည်း ဟပြဲနေလေပြီ ။
“ အဖေ့ပါးစပ်က ပြောတော့ မမောဘူး ဆိုတယ် ၊ လူကတော့ ဟောဟဲလိုက်နေပါပေါ့လား ”
“ အဟင်း .... အဟင်း ”
ကိုဆေးရိုးက လှိုက်မောသော ဝမ်းခေါင်းသံကြီးဖြင့် ရယ်မောယောင်ပြုကာ ထွန်ကြောင်းကို နောက် တစ်စပ် အတွက် အသစ် စရန် ကန်သင်းထောင့်မှ တုံ့ကွေးလိုက်လေ၏ ။
“ ကဲ … နားပါဦး အဖေရာ ”
ဘညိန်းက ကန်သင်းပေါ်မှ ဆင်းလာပြီး ထမ်းပိုးတုံးကို တွန်းထားလိုက်ရာ
“ ဒီတစ်စပ်အုပ်ပြီးမှ နားမယ် လူလေးရာ ၊ ဖယ်စမ်းပါဦး ”
“ ဒါဖြင့် ကျုပ်မောင်းမယ် ”
“ နေပါစေကွာ ၊ အေးအေး ထိုင်နေစမ်းပါ ”
ဘညိန်းက ပြောမရတော့သဖြင့် ပေါက်ပင်ရိပ်သို့ ရွှေ့ပြောင်းသွားပြီး နှမ်းတောင်းကို ခမောက်နှင့် အုပ်ထားကာ မြောင်းပေါင်၏ တောင်ဘက်ဘေးသို့ ဆင်းသွားလေသည် ။
ကိုဆေးရိုး ပြောသော “ ဒီတစ်စပ် အုပ်ပြီးမှ ” ဆိုသော စကားမှ ‘ အုပ်သည် ’ ဆိုခြင်းမှာ ထွန်ရေးထဲတွင် ကြဲထားသော နှမ်းစေ့များကို ဆက်ရက် ၊ စာ ၊ ခို ၊ ချိုး စသော ကျေးငှက်များ ကောက်ယူ မစားစေနိုင်ရန်နှင့် မြေပေါ်တွင် တင်နေပါက အစိုဓာတ်နှင့် ဝေးကွာပြီး နှမ်းစေ့များ အလဟဿ မဖြစ်ကုန်စေရန်အတွက် နှမ်းစေ့များကို ထွန်ရေးဖြင့် လိုက်လံဖို့ပေးခြင်းဖြစ်ပေ၏ ။ ယင်းသို့ အုပ်ပေးရာ၌ သုံးသွားထွန်ဖြင့် အုပ်ပေးခြင်းမှာ အစိုလည်း သိပ်မမြဲလှသလို ရုတ်တရက် ခြောက်သွားမှာကိုလည်း မစိုးရပေ ။ ထွန်သွား လုံးဝမပါဘဲ တုံးရိုက်သော အုပ်နည်းမှာကား အစိုမြဲ၏ ။ သို့ရာတွင် မိုးဝေးချိန်၌ ကောင်းသလောက် မိုးနီးသောကာလမှာမူ အစို ကိုက်ပြီး နှမ်းစေ့တွေ ပုပ်ကုန်တတ်ပေသည် ။ သို့ကြောင့်လည်း အများအားဖြင့် သုံးသွားနှင့် အုပ်ကြခြင်းဖြစ်ပေ၏ ။
••••• ••••• •••••
၂ ။
ပေါက်ပင်ရိပ်မှ မြောင်းပေါင်၏ တောင်ဘက်ရှိ လယ်ကွင်းထဲသို့ ဆင်းလာမိလျှင်ပင် ဘညိန်း၏ နားထဲမှာ တဒေါက်ဒေါက်နှင့် ဓားသံများကို ကြားလိုက်ရသည် ။ အသံမှာ သစ်ပင်ကို ခုတ်နေသော အသံ ဖြစ်သည့်ပြင် ၊ ဓားသံကို နားထောင်ခြင်းအားဖြင့် ‘ ဓားစာ ’ ကို ကျယ်ကျယ်မထားဘဲ ခုတ်နေမှန်း သိသာနေ၏ ။ ဓားသံ လာရာသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ၌ ညောင်ကိုင်း တစ်ခုကို လှမ်းဆွဲပြီး ခုတ်ထစ်နေသည့် လုံမငယ်တစ်ယောက်ကို တွေ့ရသည် ။ လယ်ကွင်းထဲသို့ လှမ်းကြည့်လိုက်သောအခါမှာမူ နွားတစ်ရှဉ်းနှင့် တဖားဖား ထွန်နေသော လူတစ်ယောက်ကို မြင်ရ၏ ။ အဝေးမှာသာ ပျားပန်းခတ်သလို ရှုပ်ယှက်ခတ်နေသော လူများကို ကျယ်ပြန့်သော လယ်ကွင်းကြီးထဲ၌ မှုန်ရေးရေး မြင်နိုင်ပေသည် ။
“ ငွေရီ ... ”
“ အို ... အမေ့ ... ”
ညောင်ကိုင်းကိုသာ သဲသဲမဲမဲနှင့် ခြေဖျားထောက်ပြီး လှမ်းခုတ်နေခိုက်တွင် အမှတ်တမဲ့ ခေါ်လိုက်သောကြောင့် ငွေရီမှာ လန့်ပြီး အော်လိုက်မိ၏ ။
“ လန့်လိုက်တာ ဘညိန်းရာ ”
“ ဟီး ဟီး ... အဟီး ... ”
ဘညိန်း မပွင့်မလင်းနှင့် ရယ်ရာက ရှေ့သို့ တိုးသွားပြီး
“ မမောဘူးလား ငွေရီ ၊ နားပါဦးလား ” ဟု ပြောလိုက်ရာ ၊ ငွေရီက “ မောတိုင်းသာ နားရရင် ငတ်သေမှာပဲဟေ့ ” ဟူ၍ ပြန်ပြောလိုက်သည် ။
“ ပေး ပေး ၊ နင့် ကြည့်ရတာ မသက်သာလိုက်တာ ငွေရီရာ ၊ ငါ ခုတ်ပေးပါ့မယ် ”
ဘညိန်းက ပြောပြောဆိုဆိုနှင့် ငွေရီ၏ လက်တွင်းမှ ဓားကို ဆွဲယူလိုက်၏ ။ တဒင်္ဂအားဖြင့် လက်ဖျားချင်း ခတ်မိသွားရာ ဘညိန်း၏ ရင်ထဲ၌ သိမ့်ခနဲခါ သွားရသည့်နည်းတူ ငွေရီ၏ မျက်နှာကလေးမှာ ရှက်သွေးများ တရှိန်ရှိန် တက်သွားလေ၏ ။ ငွေရီက သူ၏ မျက်နှာနှင့်တစ်ထွာခန့် အဝေးတွင် တည်ရှိသော ဘညိန်း၏ ရင်အုပ်ကျယ်ကြီးကို မထင်မမှတ်နှင့် ကြည့်နေမိ၏ ။
မျက်လုံးက အဓိပ္ပာယ်မဲ့သော အကြည့်ကို ဆောင်နေသော်လည်း ရင်ထဲမှာမူ လှိုင်းထန်သော အဏ္ဏဝါနှယ် အတွေးရ အစဉ်းစားရ ကျပ်ခြင်းများက မုန်တိုင်း ခြယ်လျက် ရှိနေသည် ။ ငွေရီက ကွမ်းတစ်ယာညက် အတွင်းတွင် ဘညိန်း ဘာကိုပြောတော့မည် ဆိုသည်ကို သိ၏ ။ လွန်ခဲ့သော သင်္ကြန်တွင်းတုန်းက ငွေရီတို့၏ ပုရပိုက်တန်းရွာသို့ ဘညိန်းက သူငယ်ချင်းတစ်သိုက်နှင့် ရောက်ရှိလာကာ တလင်းထဲသို့ ငွေရီ ကောက်ရိုးနုတ်ရန် အသွားတွင် လိုက်လံပြီး မေတ္တာမျှဖို့ တောင်းပန်ခဲ့ဖူးသော်လည်း ၊ ဘညိန်းမှာ ငွေရီ ထံမှ တိကျသော အဖြေကို မရခဲ့ ။ ယခုမူ ပြန်လည် တွေ့ဆုံရပါပြီ ။ သူ ဘာမေးတော့မည်ဆိုသည်ကို သိထားရသောကြောင့် ငွေရီမှာ တံတွေး နင်သလို ရင်ကျပ်သလို ဖြစ်နေရတော့သည် ။
ငွေရီမှာ ဖြေစရာ ရှာမတွေ့တိုင်း အနှောင့်အယှက် ပြုမည့်သူကို ရှာမိ၏ ။ သို့သော်လည်း အရိပ်အယောင်သော်မျှ မမြင်ရ ။ ဟိုတစ်ခေါ်လောက်မှာတော့ အဖေ ရှိပါသည် ။ သူကလည်း သိမည် မဟုတ် ။ သူ့နွားနှစ်ကောင်နှင့်သာ တဟင်းဟင်းတဟဲဟဲ လုပ်နေရုံ သာမက ၊ ဘညိန်းကို မြင်သောကြောင့်လည်း ဘာမျှ သံသယဖြစ်မည် မဟုတ်သောကြောင့် အလုပ်ပျက်ခံပြီး လျှောက်လာလိမ့်မည်မဟုတ် ။
ငွေရီ အတွေးရ ကျပ် ၊ အဖြေရ ခက်နေစဉ်မှာပင် ဘညိန်းက ငွေရီ၏ ခုတ်လက်စ ညောင်ကိုင်းကို ခပ်ဆတ်ဆတ်ကလေး ခုတ်ချလိုက်ရာ တစ်ချက်တည်းနှင့် ပြတ်သွားလေသည် ။
“ ကဲ … ”
ဘညိန်းက ဓါးကို လက်တစ်ဖက်မှ ကိုင်ပြီး ညောင်ပင်ကို ခပ်နွဲ့နွဲ့မှီတွဲကာ စကားစလိုက်သည်နှင့် တစ်ပြိုင်နက် ငွေရီမှာ ရင်ထဲက ဖိုသွားရ၏ ။ မျက်လုံးကလေး ဝိုင်းဝိုင်းလည်သွားအောင် ကစားရင်းက တစ်ချက်သာ မော့ကြည့်ပြီး ပြန်ငုံ့ထားမိ၏ ။
“ ကဲ ငွေရီ ၊ သင်္ကြန်တွင်းတုန်းက ငါ ပြောတာကို မေ့သွားပြီလား ၊ မမေ့သေးရင်လည်း အဖြေပေးပါတော့ဟာ ”
ငွေရီက ဘာမျှ အဖြေ မပေးတတ် ၊ ခေါင်းကို အတွင်ငုံ့ပြီး လက်နှစ်ဖက်ကို ပွတ်ချေနေမိသည် ။
“ ငွေရီ … ငွေရီ ၊ နင် ဒီလိုပဲ ငါ့ကို နှိပ်စက်တော့မှာလားဟင် ”
ဘညိန်းက မမျိုနိုင် မသိပ်နိုင် ဗလုံးဗထွေးနှင့် ထပ်ဆင့် လောလိုက်သော်လည်း ငွေရီမှာ ရှက်ရွံ့သော မျက်နှာဖြင့် လက်ချောင်းကလေးများကိုသာ မဲပြီး ချိုးနေ၏ ။ ဘညိန်းမှာ ငွေရီ၏ နားသယ်ဆံစပ်မှ မေးဖျားသို့ စီးဆင်းသွားသော ချွေးစီးကြောင်းကလေးကို ငေးငံ့ကြည့်နေရာက မေးဖျားမှသည် ငွေရီ၏ တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်မိ၏ ။ ကျော့ရှင်းသော လည်တိုင်ကလေးမှာ ချွေးစို့နေကာ ၊ ချပ်ရပ်တင်းနေသော ပင်နီအင်္ကျီက ကိုယ်ခန္ဓာ၏ ကျစ်လျစ်ပြေပြစ်ခြင်းကို ဖော်ပြနေပေသည် ။ ဖျင်ကြမ်းလုံချည်မှာ ချွေး ဖြင့် ရွှဲနေသောကြောင့် ကပ်နေပြန်ရာ ဘညိန်းမှာ သူ့ မျက်စိအောက်မှ မြင်ကွင်းအတွက် အသက်ရှူ မှားလာရတော့၏ ။
“ ပြောပါတော့ ငွေရီရယ် …. မချစ်ဘူးလားဟင် ”
ငွေရီက ပါးစပ်ကို ကြိုးစားပြီး လှုပ်ကြည့်၏ ။ ပါးစပ်က ဖွင့်မရချေ ။ သည်အခိုက်မှာပင် သူ၏ လက်ဖျားကလေးကို ယုယစွာ ကိုင်တွယ်လိုက်ခြင်း ခံရသောကြောင့် မျက်နှာမထားတတ်အောင် ပူထူသွား ရကာ
“ အို လွှတ်ပါ ၊ အဖေ မြင်သွားပါလိမ့်မယ် ” ဟု တုန်ရီခြောက်ကပ်သော အသံဖြင့် မနည်းညှစ်ထုတ်ပြီး ပြောလိုက်ရာ
“ ပြောရင် လွှတ်မယ်ဟာ ၊ ပြောပါ ငွေရီရာ ချစ်သလားဟင် ”
ငွေရီကား မလှုပ်
“ မချစ်ဘူးလားဟင် ”
ဘာကိုမျှ မဖြေ ။ တလူးလူးတလွန့်လွန့်နှင့်သာ ရုန်းကန်နေသောကြောင့် ဘညိန်းမှာ မချင့်မရဲ ဖြစ်လာရကာ ဓားကိုလွှတ်ချပြီး ပခုံးကလေးကို လှမ်းကိုင် လိုက်စဉ်မှာပင်
“ လူလေးရေ … ဟေး လူလေး ၊ မြန်မြန်လာပါဟ ၊ ဓားယူခဲ့ပါဟ ” ဟူသော ကိုဆေးရိုး၏ မရှူနိုင် မရှိုက်နိုင် အော်လိုက်သံနှင့်အတူ နွားတစ်ကောင်၏ သေကောင်ပေါင်းလဲ အော်သံမျိုးကိုပါ ရောနှော ကြားလိုက်ရသောကြောင့် ဘညိန်းမှာ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွား၏ ။ မျက်လုံးကပါ ဝိုင်းသွားရပြီး မြောင်းပေါင်ပေါ်သို့ ပြေးတက်ကာ ပေါက်ပင်ရင်းမှ ဓားမတိုကလေးကို ကောက်ယူလျက် လယ်ကွက်ထဲသို့ ခုန်ဆင်းသွားသည်တွင် ၊ ခြေမကိုင်မိ လက်မကိုင်မိနှင့် ထမ်းပိုးတုံးဆီ ပြေးလိုက် ၊ ထွန်တုံးဆီသို့ ပြန်ပြေးလာလိုက် ဖြစ်နေသော ကိုဆေးရိုးကို မြင်ရသည် ။
ထွန်သန် နှစ်ခုကြားသို့ ခြေနှစ်ချောင်းလုံး ပစ်ဝင်ကာ တုံးလုံးလဲပြီး ငယ်သံပါအောင် အော်နေသော အတိုင်ဘက်မှ ကျောက်နီ ကိုပါ မြင်ရသဖြင့် ရှေ့သို့ ပြေးသွားပြီး ထွန်သန်နှစ်ခုကို ဖမ်းတုပ်ထားသည့် နေရာမှ လျှော်ချက်ကို ဖြတ်ပစ်လိုက်လေ၏ ။ ထွန်သန် နှစ်ချောင်းမှာ လျှော်ချက် ပြုတ်သွားသဖြင့် ကားခနဲ ဖြစ်သွားကာ ၊ ထမ်းပိုးအောက်ရှိ ကန့်လန့်ပေါ်တွင် တင်နေရာက မြေပေါ်သို့ ပြုတ်ကျသွားမှ ကျောက်နီမှာ လူးလဲပြီး ထနိုင်တော့၏ ။
ဘညိန်း၏ ရင်ထဲတွင် တုန်နေသည် ။ ကျောက်နီကို ကြည့်ပြီး မျက်ရည်လည်လာမိသည် ။ ကျောက်နီမှာ မျက်လုံးကြီး ပြူးထွက်နေပြီး တစ်ကိုယ်လုံးမှာ တဆတ် ဆတ်တုန်နေသည် ။
“ ကျောက်နီ … ကျောက်နီ ... ”
ဘညိန်းက ငိုသံပါကြီးဖြင့် ခေါ်ပြီး ကျောက်နီ၏ ခေါင်းကို ပွတ်ပေးလိုက်ရာ ကျောက်နီက ‘ ဂူး ’ ခနဲ တစ် ချက်မြည်လျက် နားရွက်ကို ဆင့်ထောင်ထားလိုက်၏ ။
ကျောက်နီ၏ ဖြစ်ရပုံမှာ ၊ ကန်သင်းထောင့်တစ်ခုသို့ အရောက်တွင် နောက်သို့ တံတောင်ဆစ်ချိုးပြီး ပြန်အကွေ့၌ သူက အတိုင်ဘက်ကမို့ အသာကလေး နောက်ဆုတ်ပေးသည် ။ သို့ရာတွင် အလှည့်နွားက အလှည့် နှေးနေစဉ်တွင် ၊ ကျောက်နီက မြန်မြန် ဆုတ်လိုက်သောအခါ အားလွန်ပြီး နောက်ခြေနှစ်ချောင်းက ထွန်သန်တွင်းသို့ ဝင်သွားပြီး အလှည့်နွား၏ အားကို မခံနိုင်ဘဲ လဲသွားရာ လည်ပင်းက ထမ်းပိုးတွင်းမှာ ၊ ခြေက ထွန်သန်တွင်းမှာ ဖြစ်သွားသောကြောင့် တစ်ကိုယ်လုံးကို လိမ်ချိုးထားသလို ဖြစ်သွားရလေသည် ။
အဘယ်မျှ ကြောက်လန့်တုန်လှုပ်နေသည်ကိုမူ ငယ်သံပါအောင် အော်သောအသံနှင့် တဆတ်ဆတ် တုန်နေခြင်းများက ဖော်ပြနေကာ ၊ အဘယ်မျှ ခံရခက်ကြောင်းကိုမူကား ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးအစုံက သက်သေခံနေပေ၏ ။
“ တော်ပါသေးရဲ့ကွာ ၊ အဆင်မသင့်လို့သာ နောက်ခြေနှစ်ချောင်း ကျိုးသွားရင် တို့တော့ အငတ်ပဲ ”
ကိုဆေးရိုးက ကျောက်နီ၏ ခြေထောက်များကို ဆုပ်နယ် စမ်းသပ်ကြည့်ရင်း ပြောရာက “ ကဲ လူလေး ၊ သွားရအောင်ဟေ့ ” ဟု တစ်ဆက်တည်း ပြောကာ ထွန်တုံးကို ထမ်းပိုးတုံးပေါ်သို့ ပြောင်းပြန်လှည့်တင်လိုက် လေသည် ။
ဘညိန်းက ရေဘူး ၊ ထမင်းကြမ်းပခြုပ် ၊ ဓားမ စသည်များကို တောင်းထဲသို့ ထည့်ပြီး ထမ်းကာ ကိုဆေးရိုး နောက်မှ လိုက်လာ၏ ။ ဟိုဘက်ရှိ လယ်ကွက်တွင်းမှာမူ တင်ကျီးနှင့် ဝန်ပိုငှက်ကြီးများသည် အရုပ်ကြီးများလို ရပ်နေကြကာ ဖွေးဖွေးလှုပ်နေသော ဝေသာလီ ဗျိုင်းအုပ်သည် မြေပြင်ကို ပြေးလွှားထိုးဆိတ်နေသည်ကို မြင်ရခြင်းအားဖြင့် ရေသွင်းနေကြောင်း သိရပေ၏ ။
••••• ••••• •••••
၃ ။
ဘညိန်းမှာ ကျောပြင်ကို မီးဖုတ်ထားသော လှံမြမြနှင့် ထိုးလိုက်သည့်နှယ် ပူလောင်လာသော နေကိုပင် ဂရုမထားနိုင် ၊ ငွေရီကိုများ မြင်ရဦးလေမည်လားဟု လှည့်ကြည့်၏ ။ အရိပ်ကလေးသော်မျှ မမြင်ရသောကြောင့် သက်မကို ရှိုက်ချလိုက်မိသည် ။
ဘဝ ဆိုသည်မှာ လွမ်းပင်ရိပ်၌ ငိုမောကာ လွမ်းကဗျာဖွဲ့သီနေခြင်း မဟုတ် ။ ချစ်သစ္စာကို မဏ္ဍိုင်ထားပြီး ချစ်အားသန်နေခြင်းသည်လည်း ဘဝမဟုတ် ။ ချစ်ထုံးကို မနှောင်သာမီပင် ဘဝ၏ ရပ်တည်နေရေးအတွက် ပေါ်ပေါက်သော မီးတို့ကို ငြိမ်းရခြင်းသည် ဘဝပါကလား ဟူ၍ မသိသေးသော်လည်း လက်တွေ့ ကား ခံစားနေရပေပြီ ။
နွားနှစ်ကောင်နှင့် ကိုဆေးရိုးမှာ လယ်ကွင်းထဲရှိ လှည်းလမ်းအတိုင်း လွန်သွားကြပြီ ဖြစ်သောကြောင့် ဘညိန်းမှာ ဖြတ်လမ်းက လိုက်ရန်အတွက် မြောင်း၏ မြောက်ဘက်ရှိ ကိုသာဇံ၏ လယ်ကွက်ထဲသို့ ဖြတ်ဆင်းလိုက်သည် ။
“ အို … အို … ကျွတ် ”
တောင်ပို့ရှိသော မြေပြောင်ပြောင် ကုန်းကလေးပေါ်သို့ လယ်ကွက်ထဲမှ တက်လိုက်မိသည်နှင့်တစ်ပြိုင်နက် ပြန့်ကျဲနေသော သုံးဘက်ချွန် ‘ ဆူးလေဆူး ’ များကို နင်းမိသောကြောင့် အော်မိကာ ၊ ပထမ နင်းမိ၍ ဆူးစူးသော ခြေထောက် ကို ဖွထားရန်အတွက် နောက်တစ်ဖက်ကို မြေပေါ်သို့ ချလိုက်ပြန်၏ ။
“ အလို … အလို ၊ အင်းဟင်း ... ”
အကူအပံ့အဖြစ် ရပ်တည်ရန် ရည်မှန်းသော ခြေထောက်ကိုပါ ဆူးလေဆူးများက ပြွတ်သိပ်စူးဝင်ကြပြန်သည် ။
“ ဟယ် …. ဒါလောက်စူးချင်တာ စူးဟ ”
ဘညိန်းက ဆူးတွေကို ကုန်းပြီး နုတ်မနေတော့ပါ ။ ဆူးစူးနေသော ခြေဖဝါးကို အခြား ခြေထောက် တစ်ခုနှင့် ပွတ်သပ်ပစ်လိုက်ခြင်းအားဖြင့် ဆူးတွေကို ခြွေပစ်ကာ မြေနှင့် ဖဝါးပွတ်တိုက်ပြီး လျှောက်သွားလေ၏ ။ လျှောက်သွားသော ခြေလှမ်းတိုင်း၌ ဆူး မစူးသည့် အခါလည်း ရှိပါ၏ ။ ဆူးစူးလျှင် ခြေထောက်ချင်း ပွတ်ပစ်လိုက်ကာ ဆက်လက်လျှောက်သွားလေ၏ ။ ထို့ကြောင့် ဘဝဆိုသည်မှာ လွမ်းခြင်း ၊ ဆွေးခြင်းကြောင့်သာ မဆိုထားနှင့် ၊ ကြမ်းတမ်းခက်မာသော ဘဝမုန်တိုင်း၏ ရိုက်ပုတ်ခြင်းကို ခံရသော အခါမှာပင် ငိုဖို့ ညည်းညူဖို့ မဟုတ်ပေ ။ မသိသယောင် ၊ မခံစားရသယောင်နှင့် ခိုင်ခိုင်ကြီး လျှောက်သွားရခြင်းသည်သာ ဘဝမည်ပေသည်တကား ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment