Tuesday, June 9, 2026

အရူး ... မောင်ကိုကို


❝ အရူး ... မောင်ကိုကို ❞
( မောင်ကိုကို - အမရပူရ )

ကျွန်တော် အရူးဆာဗေးလုပ်ကြည့်၏ ။

ကျွန်တော်သည် ဆရာဒဂုံတာရာ ရှိရာ ရှမ်းပြည်နယ်၏ မြို့ကလေး တစ်မြို့သို့ ပြေး၏ ။ သစ်ခွပန်းတွေ ဝါထိန်လို့ ။ ချယ်ရီကော်ဖီဆိုင်က စီညံလို့ ။ ဆရာဒဂုံတာရာက အေးချမ်းလို့ ။

“ ဆရာ ဆရာတို့ မြို့မှာ အရူးရှိလား ”

“ ကျွန်တော်က အပြင်မထွက်ဘူးဗျ ၊ အိမ်မှာပဲ ရေဒီယိုတစ်လုံးနဲ့ နေထိုင်တာ ၊ တူမများကတော့ သိမယ် ၊ ရန်သူမရှိ မုန်းသူမရှိ ဆိုပေမယ့် မြို့တစ်မြို့မှာ အရူးတော့ ရှိမှ လှတာဗျ ”

ဆရာ ဒဂုံတာရာက သိမ်မွေ့သည် ။

ကျွန်တော်က ဆရာအံ့မောင် ရှိရာ အညာမြို့တစ်မြို့သို့ ပြေး၏ ။

“ ဆရာတို့ မြို့မှာ အရူးရှိသလား ”

“ ပူတယ်ဗျ ယောက်ျားအရူးတွေက အင်္ကျီတုံးလုံးနဲ့ဗျ ”

ကျွန်တော်က နီရင့်ရင့် ရှိသော မြို့သို့ပြေး၏ ။

“ အရူးဗေကင်စီ ဖြစ်ပြီလား ”

“ နိုး .... အရူးက မြို့စ်မှာ ဖူးလ်ပဲ ”

“ ကဗျာဆရာ အိုအောင် ထံသို့ ပြေး၏ ။ ”

“ အိုအောင်ရေ ဘယ်လိုလဲ ”

“ ဘယ်လိုလဲဆိုတာ ဘာကို ပြောတာလဲ ”

“ ဟိုကွာ မင်းတို့ မြို့မှာ အရူး ရှိသလားလို့ပါ ”

“ ပေါမှ ပေါဗျာ ”

ပတ္တမြားမြေက ကဗျာဆရာ မောင်ကျော်စွာထံ ပြေး၏ ။

“ မင်းတို့ မြို့က အေးမြတော့ အရူးတော့ မရှိလောက်ဘူး ”

“ မဆိုင်ပါဘူးဗျာ ၊ အေးလည်း ရူးတာပါပဲ ၊ ကျွန်တော့် စာအုပ်အငှား ဆိုင်ရှေ့ကို မကြာခင် ရောက်လာလိမ့်မယ် ၊ ခင်ဗျား စောင့်ကြည်နေ ”

ကျွန်တော်လည်း ကဗျာဆရာ ဥက္ကာကျော် ရှိသော မြို့သို့ ပြေး၏ ။

“ အုတ်ကား ဒီမှာ အရူးရှိလား ”

“ ဝစ်သောက် မရှိဘူး ၊ အကုန် လိုင်စင်တွေနဲ့ ကျုပ်တောင် လိုင်စင် လုပ်မလို့  ၊ ဒါပေမဲ့ ဂျာနယ်လစ်တွေများတဲ့ မြို့မှာ လာမရူးချင်နဲ့ဗျ ၊ သူတို့က ဂျာနယ်ပေါ်တင်လိုက်ကြမှာ ”

ဒါဆို ... အိုကေပြီ ။

အနော်ရထာလမ်းဘေးက ကုတ်အင်္ကျီအရှည်ကြီး ဝယ်ဝတ်ကြည့်၏ ။ အိတ်ထောင်တွေ များများပါသော ဘောင်းဘီ ပွပွကြီး ဝယ်လိုက်၏ ။ ဝတ်ကြည့်သည် ။ လည်ပင်းမှာ ပုတီးကြီးကြီး ဆွဲလိုက်၏ ။ ရွှေဘုံသာလမ်းက ငွေစက္ကူအဟောင်းတွေ ဝယ်ပြီး ကုတ်အင်္ကျီရင်ဘတ်မှာ ချိတ်ဆွဲလိုက်၏ ။

ဆောင်းပါးတွေ ၊ အက်ဆေးတွေ ၊ အတိုတွေ အစတွေ ရေးနေရန် မလိုအပ်တော့ပါ ။

စာမူ ဘယ်တော့ပါမလဲ ။စာမူခ ဘယ်လောက်ရမလဲ ။ ဘယ်လို ထုတ်ရမလဲ ။

မလိုအပ်တော့ပါ ။

လုံးချင်းဝတ္ထု မဟုတ်တော့ လုံးခနဲ ခဲခနဲ မရ ။ ဟိုဝင်ရေး ၊ သည် ဝင်ရေး ၊ သည်လို အတိုအစလေးတွေနှင့်ပင် ရှင်သန်နေရသည် ။

ပျင်းပြီဟေ့ ။

ပြောင်းပြီပေါ့ ။

ဘဝကို အပြောင်းအလဲ မလုပ်လျှင် ကျဆုံးသွားနိုင်းသည် ။

မကျဆုံးခင်မှာ ဘဝကို အမြန် ပြောင်းလဲပစ်လိုက်ပါ ။ ကျွန်တော်ကတော့ ပြောင်းပြီ ။

ကျွန်တော့် ခေါင်းကို ကွက်ကျား ရိတ်လိုက်သည် ။

လောင်းကုတ် ၊ ဘောင်းဘီပွပွကြီး ဝတ်တာ သာယာအေးချမ်းသည့် မြို့ကလေးသို့ ကျွန်တော် ဝင်ချသွားပါပြီ ။ ဒယ်အိုးဟောင်းကို ဂီတာလုပ်ပြီး တီးလို့ ။ မောင်ကိုကို ရူးပြီ ။ လူတွေဆီ message ပို့ချင်သော မောင်ကိုကို ။ အခုတော့ လူတွေနှင့် တိုက်ရိုက် တွေ့ခွင့်ရပြီ ။ ကြားခံ စာမျက်နှာ မလိုတော့ ။ တိုက်ရိုက် ပါဖောင်းမင့်စ် လုပ်ခွင့်ရပါပြီ ။

“ မေဘရနီလို
ငွေပန်ချီတောင်
လက်မှိုင်ချရသကိုး
အိုး မမမိုး
ဟိုးဟိုးဟိုး
ဟေးဟေးဟေး
ဟားဟားဟား ”

ကီးတွေကို ကြိုက်သလို ချိန်းလို့ ရသည် ။ မည်သည့် စတန့်ဒတ်မှ မလို ။

တွေ ဖျက်ပစ်လိုက်ပါ ။

ကို ကျွန်တော် ဖော်ထုတ်ပြီ ။

ခေါ် ကြုံရာကျပန်း ဖြစ်ချင်သလို ဖြစ်ခြင်းကို အခုမှ လွတ်လွတ်လပ်လပ် ဖော်ထုတ် ဖွင့်ချခွင့် ရတော့၏ ။

“ ငါ့ဘော်ဒါက ဘောစိ
ငါ့ ချစ်သူက ချောအိ
ငါ့ဘဝက ထော၏
ကောင်မလေးတွေကို ရောကြည့်
လူကြီးတွေကို ကောကြည့်
ငါနေတာက တောဘိ ”

ကျွန်တော် ဆိုချင်ရာ ဆိုပစ်လိုက်၏ ။

“ တို့ မြို့ကို အရူးအသစ် ရောက်လာပြီဟေ့ ၊ မြို့ကလေးတော့ စိုပြည်သွားပြီ ”

မြို့ကလေးထဲမှာ ကျွန်တော် တစ်မုဟုတ်ချင်း နာမည်ကျော်သွားပြီ ။ ကျွန်တော် ပါဖောင်းမင့်စ် ဆက်လုပ်သည် ။

အစီအစဉ်မဲ့ တင်ပြမှုပါ ။

Random performance.

မိန်းမကြီးတစ်ယောက်က တစ်ထောင်တန် အသစ်ကျပ်ချွတ်ကလေး လာပေးသည် ။ ထောင်မလဲ သဲကော် ။

ကျွန်တော် ရုပ်တည်ကြီး လုပ်လိုက်၏ ။

မိန်းမကြီးရှေ့မှာ အတောင့်လိုက် ရပ်လို့ ။

“ ကျက်သရေ တက်နေ တိုးပါစေ ၊ ရတနာ စိန်ကျောက်နဲ့ ဇယ်တောက်နိုင်ပါစေ ”

မိန်မကြီးက ပြုံးဖြီးဖြီး ဖြစ်သွား၏ ။ ကျွန်တော့် အသည်းနှလုံးက ပြုံးဖြီးဖြီး ။ ကျွန်တော့် မျက်နှာ ရုပ်တည်ကြီး ။

နောက်ထပ် မိန်းမကြီးက နောက်ထပ် တစ်ထောင်တန် အသစ်ကျပ်ချွတ် ။

သာယာ အေးချမ်းသော မြို့ကလေးထဲမှာ ကျွန်တော်တို့ အရောင်းအဝယ် ဖြစ်ကြပြီ ။

လူမှန်လျှင် ရောင်းစရာ ရှိပြီ ။

မောင်ကိုကို မှာလည်း ရောင်းစရာရှိပြီ ။

အရင်လို အက်ဆေး လိုလို ၊ ဝတ္ထုတို လိုလို ရောရောထွေးထွေး ပုံသဏ္ဍာန်နှင့် စာမူအတို အစတွေ မဟုတ်တော့ပါ ။ အလုံးအဖန် ပါဖောင်းမင့်စ် ။

Random Performance.

နောက်ထပ် တစ်ထောင်တန် အသစ်ကျပ်ချွတ် ။

“ ကျက်သရေ တက်နေလို တိုးတက်ပါစေ ”

“ ကျန်သေးတယ်လေ စိန် ရွှေ ငွေ ”

ကျွန်တော် ရုပ်တည်ကြီး လုပ်လိုက်၏ ။

“ စိန်ရွှေငွေ ရတနာများ ဒီရေအလား တိုးပွားပါစေသတည်း ”

“ ဒီအရူးက ကောင်းတွေ ၊ အညွန့်တွေ ၊ အသစ်တွေ ၊ အတိုးတွေ ၊ အပွားတွေ ၊ အဖူးတွေ ၊ အသီးတွေချည်း ပြောတာတော့ ။ တို့မြို့ကလေးတော့ နိမိတ်ကောင်းပြီ ”

မောင်ကိုကို၏ Original သည် optimist ဖြစ်ပါသည် ။

မောင်ကိုကို ရူးသွားတော့လည်း ...

မောင်ကိုကို ရူးသွားတော့လည်း ...

မောင်ကိုကို ရူးသွားတော့လည်း ...

မောင်ကိုကိုသည် optimist ဖြစ်ပါသည် ။

“ မေဘဏီလို
ငွေပန်းချီတောင်
လက်မှိုင်ချရသကိုး
အိုး မမမိုး
ဟိုး ဟိုး ဟိုး ဟား ဟားဟား ”

“ ဝါကာ ဝါကာ ဟေး ဟေ့
ဒီမှာ ဒီမှာ
စိန်ရွှေရတနာ ဟေးဟေ့ ”

ကျွန်တော်လည်း ပျော်နေသည် ။ မြို့ကလေး၏ မြို့သူမြို့သားတွေလည်း ပျော်နေသည် ။

“ ဝါကာ ဝါကာ အေးအေ့
ပျော်စရာ ပျော်စရာ ဟေးဟေ့ ”

ကျွန်တော်၏ ဘောင်းဘီအိတ်ထောင်တွေထဲမှာတော့ ငွေစက္ကူအသစ်တွေ ။ ကျွန်တော် လွယ်ပိုးထားသည့် ပတ္တူအိတ်ကြီးထဲမှာ ပန်းသီးတွေ ၊ နဂါးမောက်သီးတွေ ၊ ချောကလက်တွေ ၊ ကိုကာကိုလာအချိုရည်ဘူးတွေ ပေါမှ ပေါ ။ ပြည့်မှ ပြည့် ။လျှံမှ လျှံ ။

ကျွန်တော်က အချိုမုန့်တွေ အသီးတွေကို ကလေးများအား ဝေငှသည် ။ သက်ကြီးရွယ်အိုများအား ပေးသည် ။ ပိုက်ဆံ အကြွေလဲပြီး ကလေးတွေကို ပေးကမ်းသည် ။

“ အရူးကြီး လာပြီဟေ့ ပိုက်ဆံတွေ ရတော့မယ် ”

သာယာအေးချမ်းသော မြို့ကလေးထဲမျာ ပျော်ရွှင်မှုအသံများ တိုးပွားစီညံလာသည် ။

မြို့ကလေးသည် သာယာအေးချမ်းရာမှ ပျော်ရွှင်လာသည် ။တက်ကြွလာသည် ။ လှုပ်ရှားလာသည် ။ လူသားနှင့် လူသား ဆက်နွယ်နေမှုသည် လောက လှပရမည် ။ ငြိမ်းချမ်းရမည် ။ ပျော်ရွှင်ရမည် ။ မဟုတ်ဘူးလား ။

ကျွန်တော်သည် လူသား၏ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို ဖန်တီးပေးသော အရူးတစ်ယောက်၏ ဘဝထဲမှ ပီတိဖြင့် တုန်ယင်နေပါသည် ။

လက်ဖက်ရည်ဆိုင် တော်တော်များများသို့ ကျွန်တော် ရောက်သည် ။

“ ဆိုင်ပေါက်ဝမှာ အရူး ရပ်နေပြီဟေ့ ၊ ဒီနေ့ အကြီးအကျယ်ရောင်းကောင်းပြီ ”

ဆိုင်ရှင် တရုတ်ကြီးက လက်ဖက်ရည်ပါဆယ်ထုပ်ကြီး လာပေးသည် ။ ဆိုင်ရှင်တရုတ်မကြီးက ဝတ်သားပေါက်စီ ၊ ကြက်သားပေါက်စီ လာပေးသည် ။

“ အနီရောင် အပြောက် ပါတာက ကြက်သားနော် ”

အရူးတစ်ယောက် အပေါ်မှာ လူတွေက ဘာလို့ လူသားဆန်တာပါလိမ့် ။ ဘာလို့ စေ့စပ်သေချာ တိကျနေပါလိမ့် ။

လူသား အချင်းချင်း စာနာထောက်ထားမှု ၊ လူသားအချင်းချင်း စေတနာသဒ္ဓါတရား အားကောင်းမှု ။ လူသားအချင်းချင်း တာဝန်သိတက်မှု ၊ တာဝန်ယူတက်မှုတွေကို ဤမြို့ကလေးထဲမှာ ကျွန်တော် တိုက်ရိုက် ပူနွေး ရင်ခုန်နေရ၏ ။

အွန်လိုင်းမီဒီယာ ၊ ပုံနှိပ်မီဒီယာ ၊ ကျွန်တော် မသိပါ ။ ကျွန်တော် လူသားများ နှင့် နဖူးတွေ့ ဒူးတွေ့ တွေ့နေရသည် ။ ပါဖောင်းမင့်စ်တွေ ဆက်လုပ်နေသည် ။ ငွေစက္ကူအသစ်တွေ ရနေသည်မှာ ၅ ထောင်တန် အသစ်ကလေးတောင် ပါလာလိုက်သေး၏ ။

တစ်လတစ်ခါ ဤမြို့မှ လျှို့ဝှက်စွာ ထွက်ခွာမိသည် ။ ကျွန်တော်သည် အခြားမြို့၏ ဘဏ်တိုက် တစ်ခုမှ ကျွန်တော့် အိမ်သို့ ငွေပို့ ပေးနေ၏ ။

တစ်ညနေစောင်းတွင် ကျွန်တော်သည် လမ်းပေါ်မှာ မဂ္ဂဇင်းစာအုပ် တစ်အုပ်နှင့် ခလုတ်တိုက်မိ၏ ။ ကျွန်တော် ကောက်ယူခဲ့သည် ။ ကျွန်တော် နားနေ အိပ်စက်ရာ ဇရပ်ကြီးပေါ် ရောက်တော့ ကျောဆန့်လိုက်သည် ။ ကျွန်တော် စာမဖတ်တာ ကြာပြီ ။ ဖယောင်းတိုင် အထုပ်ကြီး ထွန်း၏ ။ လက်ထဲမှ ပန်းသီးလည်း လွတ်ကျသွား၏ ။ ပန်းချီသရုပ်ဖော်က မောင်နိုး ။ ကျွန်တော်၏ ဆံပင်မွေးတွေ ထောင်သွားသည် ။ ဒါ ဘယ်လို ဖြစ်တာလဲ ။ အဲဒါ ဘယ်က မောင်ကိုကို လဲ ။ မောင်ကိုကို ဒီမှာ တကယ် ရူးပြီ ။ ရူးပြီဟေ့ မောင်ကိုကို ။

▢  မောင်ကိုကို ( အမရပူရ )
📖 ပေဖူးလွှာ မဂ္ဂဇင်း
၂၀၁၀
📖 ကျွန်တော်၏ မေမေ နှင့် အခြား ဝတ္တုတိုများ

No comments:

Post a Comment