❝ အနီးကွင်း ❞
( နှင်းဝေငြိမ်း )
အိမ်မှာ အခုတလော မှတ်မှတ်ရရ လွန်ခဲ့သော ခြောက်လလောက်က စပြီး ကျွန်မစိတ်ကို အပင်ပန်းဆုံး ကိစ္စမှာ အမေ့ကို ပြန်အော်ပြောနေရခြင်းပင် ဖြစ်သည် ။ အင်မတန် နားလေးပြီး နားကြပ်တပ်ရမှာ ကြောက်သော အမေသည် နားကြပ်တွေကို အပျက်ခံပြီး မကြာခဏ ဝှက်ထားတတ်သောကြောင့် နားကြပ်ကိုယ်စား အမေကြား လောက်အောင် အော်ပြောကြခြင်းဖြင့် ကျွန်မတို့အိမ်၏ တစ်နေ့တာသည် ခပ်ကျယ်ကျယ် အသံများဖြင့် နိုးထ , လာရလေ၏ ။
“ မအော်ချင်ရင် စာရေးပြောပေါ့ ၊ ဘာခက်လို့လဲ ”
ထိုစကားကို ကျွန်မ အစ်ကိုလတ်က ပြောသည် ။ သူ လာလျှင် အမေ့ကို စကားပြောရင်း စာရွက်ထုတ်သည် ။ ဘော့ပင်နှင့် ရေးပြသည် ။ အမေက တပြုံးပြုံးနှင့် ခေါင်းညိတ်လိုက် ၊ ရယ်လိုက် ၊ အကျယ်ကြီးပြန်အော်ပြောလိုက် ၊ ပါးစပ်ကလေး ပိတ်လိုက်နှင့် သူ့သားလတ်က ငွေတစ်သောင်းကို စာအိတ်ထဲထည့်၍ လက်ဆယ်ဖြာယှက်ကာ ရှိခိုးလေသောအခါ ပေးလိုက်သည့် ဆုခြွေမှတ်တမ်းက တစ်မျက်နှာမက အံ့မခန်းပါပင် ။
“ ကိုင်း ... ငါ့ကျတော့ ဘာလို့ရလဲ ၊ နင်တို့ကိုက ရိုင်းနေတာပါဟာ ၊ အမေကို ပြန်ပြောရင် အကုသိုလ်ဖြစ်တယ်နော် ၊ ငရဲက မနေဘူး ”
“ ဒါက အစ်ကိုက ခဏလာတာ ၊ ကျွန်မတို့ကို အမေက နိုင်ကို နိုင်တာ ၊ မယုံရင် တစ်ညလောက် အိပ်ကြည့် ”
“ အိပ်စရာ မလိုပါဘူး ၊ နောက်တစ်ပတ် ငါ့အိမ်ပို့လိုက် ”
“ အမေ လိုက်မယ်ဆို ပို့ပေးမယ် ”
တကယ့်ကို ပြောလည်း ပြောချင်စရာ ဖြစ်ပုံများရယ် ။ ကျွန်မ မျက်စိရှေ့တင် အမေက သူ့သားကို ကျန်းမာပါစေ ၊ ချမ်းသာပါစေ ဆုခြွေနေတာများ လမင်းမျက်နှာ ပြုံးကြည်သာလှပါသည် ။ ကျွန်မကတော့ အမေ့ကို အံ့သြတကြီး ကြည့်ရင်း အစ်ကို့ မျက်နှာထိ မျက်နှာထားကြား အနေခက်အောင် ဝမ်းနည်းနေရလေသည် ။ အမေ့ကို ကျွန်မက ခေါ်မထား ချင်လို့ ၊ မိဘကျေးဇူး မဆပ်ချင်လို့ ကျွန်မက ပြဿနာ ရှာသည်ဟု အစ်ကိုက မျက်လုံးအရ ၊ အမူအရာက နိမိတ်ပုံ ထင်ဟပ်သည် ။ ကျွန်မ အဖြစ်ကို သိသူက လမ်းထိပ်မှာ နေသည့် ကျွန်မအထက် တစ်ယောက်ကျော်က အစ်မ ဖြစ်သည် ။
“ ဟဲ့ .. ထည့်လိုက် ၊ ဒါမှ သိမှာ ”
ကျွန်မက အစ်ကို့ကို အမေ့ အိုက်တင်များ ပြောပြရင်း ၊ ညီအစ်မနှစ်ယောက် ရယ်မိရင်း အစ်မက မျက်စ ပစ်သည် ။ ထိုအချိန်မျိုးမှာ ကျွန်မ အိမ်၏ အိမ်ဦးခန်း ကျဉ်းကျဉ်းလေးက ဘုရား စင်မှာ ဖယောင်းတိုင်တုတ် တုတ်ကို အစောင်းလိုက် မီး ထွန်းနေသော အမေ့ကို မျက် ခြည်မပြတ် ကြည့်နေရပြီး အမေ မီးထွန်းပြီးတာနှင့် မီး လောင်လု ဖယောင်းတိုင် အစောင်းကို ပြေးတည့်ဖို့ ကျွန်မ အသင့်ပြင်ထားပါ သည် ။ ကျွန်မအစ်မ ကတော့ အမေက သူ့ဆေးတွေပျောက်လို့ ဘယ်သူ ခိုးသလဲ အဖြေကို အိမ်အပေါ် တက်လာပြီး ဟိုအိတ်နှိုက် ၊ ဒီအိတ်ဖွရင်း ရှာပေးနေရပါသည် ။ ဆေးထုပ် တွေ့သည်နှင့် အစ်မက အော်ပြောသည် ။ အမေက မျက်လုံးလေး ကလယ်လယ် ။
“ တွေ့ပြီ ၊ ဒီဆေး မဟုတ်လား ၊ ဒါ အမေ ဝှက်ထားတာလေ ”
ခြင်းတောင်း တစ်ခုလုံးကို စားပွဲအောက် ဝှက်ထားပြီး ထိုခြင်းတောင်းထဲမှ ဘူးသုံး ဘူးလောက်ကို သားရေပင် နှင့် နာနာပတ်ကာ ဆေးထုပ်ကို ထပ်၍ သားရေပင်နှင့် စည်း၍ ထားသောအခါ ဘယ်ဘူးထဲ ဘယ်လို ရောက်သွားမှန်း မသိဘဲ ဆေးပျောက်မှုက နေ့တစ်နေ့၏ ပစ္စည်းပျောက် စာရင်းဝင်သွားရလေ၏ ။ ဆေးမပျောက်လျှင် ပိုက်ဆံ ပျောက် ၊ ပိုက်ဆံမပျောက် လျှင် ထဘီပျောက် ။
“ ဟုတ်လား ၊ မသိပါဘူးအေ ၊ အသက်ကြီးပြီ ဆိုတော့ သတိမကောင်းဘူး ”
ဒါက စိတ်ကောင်းဝင်ချိန်လေး ပြောသည့် စကား ။ စိတ်တိုနေချိန်မှာတော့ ကျွန်မတို့ ညီအစ်မကို မျက်စောင်း တထိုးထိုးနှင့် ခပ်မာမာ ပြန်ချေပသည် ။
“ ဟဲ့ ဝှက်ထားစရာလား ၊ဘယ်သူ ခိုးလဲမှ မသိတာ ”
“ ဟာ ခိုးစရာလား ၊ ဒီဆေးတွေ အမေ ခဏခဏ ဝှက်တော့ ဘယ်သူ ရှာတွေ့မှာလဲ ။ မဝှက်ပါနဲ့ ပြောလည်း မရဘူး ။ အမေ တစ်ယောက်နဲ့ စိတ်ညစ်တော့တာပဲ ”
မျက်စိမျက်နှာ ပျက်နေသော အစ်မကို သေချာစိုက်ကြည့်ပြီး ခပ်မာမာ ပြောသည် ။
“ ညစ်လည်း ငါက ညည်းတို့အိမ် မနေပါဘူး ။ ဆင်းမှာပါ ”
ဒါက အမေ့၏ နေ့စဉ် စိတ်အခြေအနေနှင့် ကျွန်မတို့ ညီအစ်မ တစ်လှည့်စီ ပြောနေရသော စကားတွေဖြစ်ခဲ့သည် မှာ တစ်နှစ် ၊ နှစ်နှစ်လောက် ရှိခဲ့ပြီဖြစ်ပါသည် ။ ချော့တစ်ခါ ခြောက်တစ်လှည့်နှင့် အောက်မဆင်းရေး ၊ တစ် ယောက်တည်း အပြင်မသွား ရေးကို မျက်ခြည်မပြတ် ကြည့်ရှု ပြောနေသည့်ကြားမှပင် တစ်အိမ်လုံး အိပ်မောကျနေချိန်မျိုး မိုးလင်းခါစများမှာ သော့ကို မရမက ဖွင့် ထွက်ထွက်သွား၍ ကျွန်မက သော့ဝှက်လျှင် စိတ်ဆိုးတတ်သည် ။ သော့တစ်စုံ အပိုလုပ်ပြီး အစ်မ အိမ်သို့ ပို့ထားရသည် ။ မတော်တဆ သော့ကို ပြန်ဝှက်ပြီး ရှာမတွေ့လျှင် မခက်ပေဘူးလားဟု အတွေးနှင့် အိမ်သော့ကို အပိုနှစ်စုံလုပ်ပြီး အစ်မနှင့် ကျွန်မ သိမ်းထားရပါသည် ။ အမေ့ကို ချော့မော့ပြီး ပစ္စည်းတွေ မမက်မောဖို့နှင့် တရားထိုင်ဖို့ တွင်တွင်ပြောလျှင် “ မမက်ပါဘူး ” ဟု ပြောရင်း ငါးမိနစ်လောက် ကြာတာနှင့် ပိုက်ဆံပျောက်တတ်ပြန်သည် ။
“ အခုပဲ ငါ့ပိုက်ဆံအိတ် ရှိသေးတယ် ။ ခိုးပြီ ၊ သေချာ တယ် ... ဟိုကောင်မလေး ခိုး တာ ... ဟိုကောင်မလေး ” ဟု မရှိသည့် ဇာတ်ကောင် ကောင်မလေးကို အစားထိုး တော့သည် ။ တတွတ်တွတ် နှင့် သူခိုးစွပ်စွဲခံရပါများတော့ ကျွန်မသားက တစ်ခါသားမှာ အော်ငိုတော့သည် ။ သူက လူပျိုပေါက်အရွယ်မှာ သူ့သိက္ခာကို ချလေခြင်းဟု ပြန်အော်သည် ။
“ အဘွား ... အဘွားက သားကိုပဲ ပြောနေတယ် ။ အမေ လုပ်ဦး ”
ကြားက ဖျန်ဖြေရသူမှာ ကျွန်မ ဖြစ်ပြီး “ ဟဲ့ တိုးတိုး ၊ တိုးတိုး ”နှင့် တားယူရသည် ။ ကျွန်မများ ရုံးက ပြန်လာတာနှင့် တံခါး ဖွင့်ဖွင့်ချင်း ရင်ဝကို ပိတ်ဆောင့်လိုက်သလို အဘွား နှင့် မြေး ပြဿနာတက်နေပြီ ဆိုလျှင် တခြား မတွေးပါနှင့် ၊ အဘွားက မြေးကို သူခိုးစွပ်စွဲနေခြင်းကြောင့်ဆိုတာ မလွဲဧကန် ဖြစ်နေတတ်ပါသည် ။ ကျွန်မ ကတော့ ရိုးအီနေသော ဇာတ်လမ်းကို မသန်းတို့ ဝင်ကူပြန်ပါသည် ။ အမေ့ ဘယ်လောက် ပျောက်နေတာလဲ ဟု မေးလျှင် “ တစ်သောင်း ” ဟု ဖြေသည် ။ အမယ်လေး တစ်သောင်းတောင်ဟု အံ့ဩပြီး သားကို ပြန်မေးရာ တစ်ထောင်တန်ကို လက်ဖက်ရည် ဝယ်ခိုင်းပြီး ဘယ်နား ချထားမှန်း မသိဘဲ သူ့ကို စွပ်စွဲနေတာဟု ရှင်းပြရင်း သားက “ သား အခွေ သွားဝယ်မယ် ” ဟု ပြောလည်း ပြော ၊ ဖိနပ်ထိုး စီးပြီး လှေကားအတိုင်း လွတ်ရာ ကျွတ်ရာ ပြေးဆင်းတော့သည် ။ ထိုတစ်နေ့ အဖို့ကတော့ မနက်ကတည်းက အဘွားကို ထိန်းထားရသော သားက သူ့ဂျူတီချိန် ပြီးပြီဟု ဆိုကာ ကျွန်မတို့ သားအမိကို သူခိုးဖမ်းပွဲကြား ထားခဲ့တော့သည် ။ ကျွန်မကတော့ ရိုးအီနေပြီ ဖြစ်သည့် မရှိဇာတ်ကောင်သူခိုးမှာ ကျွန်မဖြစ်လိုက် ၊ သားဖြစ်လိုက်ပေါ့ဟု စိတ်ကို အမောပြေအောင် ရေတစ်ခွက် ပြေးသောက်၍ အိတ်ထဲမှ ပိုက်ဆံတစ်ထောင်တန် တစ်ရွက် ထုတ်ကာ “ ဒီမှာတွေ့ပြီ အမေ ” ဟု ဟိုရှာဒီရှာ လုပ်ပြီး ပေးလိုက်စဉ် ဝမ်းသာသွားသည့် မျက်နှာလေးနှင့် ကမန်းကတန်း လှမ်းယူကာ ချွေးခံအိတ်ထဲ သူ့ကိုယ်ကို တစ်ပတ်လှည့် ကွယ်ပြီး ဝှက်ပါတော့သည် ။
“ အမယ်လေး တော်ပါသေးရဲ့ ၊ ကျွန်မ ပိုက်ဆံတစ်သောင်း ပြန်တွေ့ပြီ ။ အစ်မ ဘယ်က ရှာတွေ့တာလဲ ၊ ကျေးဇူးတင်ပါတယ်အစ်မရယ် ”
အမေ့ တစ်ထောင်ကို နောက်မှ ရှာဖို့ တွေးပြီး ကိစ္စ တစ်ခု ပြီးဖို့ ကျွန်မ ကြိုးစားရပါသည် ။ ခပ်ကုန်းကုန်းခါး ကို ပိုကုန်းပြီး ပိုက်ဆံတစ် ထောင်ကို လက်ထဲကျစ်ကျစ် ဆုပ်၍ ထိုင်နေကျ ဆိုဖာထောင့်မှာ ပြေးထိုင်ကာ ချွေးခံအိတ်ထဲ ကမန်းကတန်း ထည့်၍ ကျွန်မကို “ အစ်မ ” ချည်း တွင်တွင် ခေါ်ပြန်သည် ။ ကျွန်မ က အမေ့ကို ဘယ့်နှယ်မှ ပြော၍ မရသည့်အဆုံး “ ရပြီနော် ၊ ငြိမ်ငြိမ်နေ ၊ ဘုရားရှိခိုးနေ ၊ သမီး ထမင်းချက်ဦးမယ် ”
အမေကြားအောင် အော်ပြောရင်း ညစာ ထမင်းချက်ဖို့ ပြင်ရပါသည် ။
“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ၊ ဟို ကောင်လေး မမြင်အောင် သိမ်းရမယ် ”
“ အဲဒါ ဘယ်ကောင်လေးမှ မဟုတ်ဘူး ။ အမေ့မြေး ... အမေ့မြေး ”
“ ဟုတ်လား ၊ အေးဟယ် အသက်တွေက ကြီးတော့ သိပ်မသိတော့ပါဘူး ”
အဝတ်လဲရင်းနှင့် ရုတ် တရက် အော်ရယ်နေသော ကျွန်မကို အမေက နားမလည်သလို ကြည့်နေပြန်၏ ။ ကျွန်မ ရယ်တော့ သူပါ ပြုံးစိစိနှင့် လိုက်ရယ်သည် ။ ကျွန်မအမေက သူ့ဝှက်ဖဲကို အသေ ဆုပ်ကိုင်ထားသည်လေ ။ တစ်ခုခု လွဲချော်သွားတာနှင့် “ အသက်က ကြီးတော့ ” ဆိုတာလေးနှင့် သူ လုပ်သမျှ ၊ လွဲသမျှ ကာကာဖာဖာလေး ပြုတတ်သည့် အမေမို့ ဘယ်မှာ သတိမေ့သည်ဟု ပြောနိုင်ပါမည်နည်း ။ ကျွန်မက ထမင်း ပြေးချက်ရင်း အမေ့ကို စာနှင့် ရေးပြဖို့ ကတ်ပြားတစ်ခုပေါ် မှာ သွားရေးဖို့ ပြင်သည့်အခါ အမေက ဘာပြောမည် ထင်ပါသလဲ ။
” ဟဲ့ ကြားပါတယ် ၊ စာတစ်တန် ပေတစ်ဖွဲ့ လာ မလုပ်နဲ့ ၊ လူမြင်မကောင်းဘူး ”
ဘုရားရေ … သူ့သားက ရေးပြတော့လည်း အကောင်းသားပါလား ။ သေချာဖတ်သည် ။
အသံထွက်ရင် မောမှာ စိုးသည့် အစ်ကိုလတ်က အသံတိတ် လက်နဲ့ ဟန်နဲ့ ပြောတော့ သဘောတွေ ကျနေတတ်သည့် အမေက ကျွန်မတို့ကိုကျတော့ စာရေး မခံပါ ။ သူ အော်ပြောနေကျ အတိုင်း အော်ပြောသည် ။ စာရေးလျှင် တလွဲဖတ်သည် ။ မျက်စိမှ မကောင်းတာဟု ဆင်ခြေပေးသည် ။ ရုပ်မြင် သံကြားက တရားလာ၍ အကျယ်ကြီး ဖွင့်ပေးထားကာ ဘယ်ဆရာတော်ဟု ပြောပြလျှင် ဆယ့်လေးငါးမိနစ် တရားနှင့် အိပ်တတ်သေးသည် ။
“ ကျယ်လိုက်တာ တိုးတိုးဖွင့် ကြားပါတယ် ”
“ ဒီတရားတွေ ငါသိပြီးသား ၊ ခဏခဏ နာနေကျ ”
“ ဘာမှ မကြားရတော့ဘူး ၊ အသံတွေဆူနေပြီ ”
တစ်ခါတလေ စိတ်ရင်းအတိုင်း တီဗွီရှေ့ ထိုင်ပြီး တရားနာရင်း ဆရာတော်တွေကို ဦးချနေရင်း စိတ်လိုလက်ရ တရားနာနေချိန်မှာ အမေက သူ့အသက် ၊ သူ့အရွယ် ၊ သူ့တရားနှင့် သူ ပျော်မွေ့ဖွယ် ကောင်းသူ ဖြစ်နေတတ်ပြီး ခါတစ်ရံ ထိုကဲ့သို့ သူ့အသံကိုပင် ဆူညံသံအဖြစ် မကြားနိုင်လောက်အောင် တီဗွီထ , ပိတ်ခိုင်းပါသည် ။ ခါတလေမှာတော့ တီဗွီရှေ့တည့်တည့်မှာ မြန်မာဇာတ်လမ်းတွေ ကြည့်နေရင်း အိပ်ငိုက်နေရာ အသာလေး အသံတိုးပြီး ကျွန်မက တရားတော်ဖွင့် ပေးထားလိုက်ရသည် ။ နေ့လယ် တစ်ရေးတစ်မောနိုးလာချိန်၌ “ ဟဲ့ ... ဟိုလူ ကြမ်းက ဘုန်းကြီးဝတ်သွား တာလား ” ဟု ထ , လုပ်တော့ သည် ။ ကျွန်မမှာ ကမန်းကတန်း တီဗွီရှေ့ ပြေး လက်အုပ်ချီရင်း ဘုရား တ , မိသည် ။ တီဗွီချန်နယ် ပြန်ပြေး ပြောင်းရင်း အော်ပြောရသည် ။
“ အမေ အဲဒါ တိပိဋက ဆရာတော်ကြီး ၊ တိပိဋက ဆရာတော်ကြီး ”
“ ဟင် ... ရုပ်ရှင်ပြနေတာမဟုတ်ဘူးလား ”
ထိုအခါ ငိုအားထက် ရယ်အားသန် တီဗွီချန်နယ် ပြောင်းမိသည့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိတော့သည် ။ အမေ ကတော့ ခုနက ငါ ကြည့်နေတဲ့ လူကြမ်း ဘာဖြစ်သွားသလဲ ဒီဇိုင်းနှင့် ခပ်ဆဆ ပြန်မေးသည် ။ ကိုယ်နှင့် ကာထားမိသော တီဗွီကို ဖယ်ချိန် ရုပ်ရှင်ထဲက လူကြမ်းက ပေါ်လာချိန် ကွက်တိဖြစ်လို့ကတော့ အမေက တီဗွီကို လက်တစ်ထွာ ၊ တစ်မိုက်အကွာကနေ ရပ်ကြည့်ရင်း ပြန်မေးသည်လေ ။
“ လူဆိုးကောင်က တရားပွဲသွားတာလား ၊ ခုနက ဆရာတော်ရော ”
“ မဟုတ်ဘူး ၊ ခုနက ဆရာတော်က တကယ့် တရားဟောနေတာ ။ အခုက လူကြမ်းက တရားမနာဘူး ။ လူကြမ်းက မတရားတွေပဲ နာနေတာ ”
ကျွန်မလည်း လက်တခါခါ ၊ ခေါင်းတခါခါနှင့် အိမ်အလုံပိတ်ပြီး အသံမြှင့် အော်ပြောပေမဲ့ အမေက အံ့သြတကြီးနှင့် ကြားသွားပြီး ကျယ်လိုက်တာ ၊ တိုးတိုး ဖွင့်ပါ ။ ဒီတရားတွေ ငါ သိပြီးသား ” တဲ့လေ ။
ခဏ နေရင်တော့ ဘုရားရှိခိုးပါလေပြီ ။ ထုံးစံအတိုင်း လူရှိရှိ ၊ မရှိရှိ ဖယောင်းတိုင်ထွန်းလွန်း၍ မီးရေးထင်းရေးဖြစ်မှာ စိုးပြီး ငယ်သူငယ်ချင်းတစ်ယောက် က ထိုင်းကဝယ်လာသည့် ကော်ဖယောင်းတိုင်ကို လျှပ်စစ်ဓာတ်ခဲ ထည့်ထွန်းခိုင်းသည် ။ ဒါမျိုးက မီးထွန်းတာ စိတ်ချရသတဲ့လေ ။
ဝမ်းသာအားရပင် အမေ့ကို “ ဒီလိုလေး ဖွင့်ရတယ် အမေ ၊ အမေ ထွန်းပြီးရင် ဒီလိုလေးပိတ် ၊ မီးခြစ် မလိုဘူး ” ဟု ပြထားပြီး သေသေချာချာ ဖွင့်ပြရာ အမေက သဘောတွေကျပြီး ဖွင့်လိုက် ပိတ်လိုက် လုပ်ကြည့်သည် ။ အခြေအနေ ကောင်းပြီ ဆိုတာနှင့် ကျွန်မက ဖယောင်းတိုင် ထုပ်တွေ အသာသိမ်းထားလိုက်သည့်အဖြစ်မှာ အလွန်ဆုံး နှစ်ရက် ၊ သုံးရက်သာ ခံပြီး တစ်ညမှာတော့ ကျွန်မ ဘုရားရှိခိုးမည် အပြင်မှာ လျှပ်စစ်ဖယောင်းတိုင်တွေ မီးကျွမ်းနေတော့သည် ။ နှမြောလိုက်တာ ဆိုတာ မပြောပါနှင့်တော့ ။ ဒါပေမဲ့ အမေ့ကို ပိုနှမြောမိသော သမီးတစ်ယောက်မို့ စိတ်မချမ်းသာစွာပဲ မီးကျွမ်း လျှပ်စစ်ဖယောင်းတိုင်တွေကို ဖယ်ထားလိုက်ရတော့သည် ။ ထုံးစံအတိုင်း ဖယောင်းတိုင် အစစ်တွေသာ ပြန်ထွန်း နေသမျှ မပြောဝံ့ဘဲ ကြည့်နေရသည် ။
“ ရိုးရိုးပဲ ထွန်းပါစေ ၊ မီးမလောင်အောင်သာ စောင့် ကြည့် ”
မောင်တွေ ၊ အစ်ကိုတွေက ဤတာဝန်ကို ကျွန်မကိုပဲ ပြန်ပေးပါသည် ။ ကျွန်မက အမေ့ကို ကြည့်ရှုဖို့ ကလေး မလေး တစ်ယောက်လောက် ခေါ်ထားချင်ပေမဲ့ သားလူပျိုပေါက်ရှိသည့် အိမ်မို့ ကျွန်မဘက်က မည်သည့်အကြောင်းကြောင့်မျှ မလိုလားသလို သားကလည်း လက်မခံ ။ အိမ်အကူ ကံမကောင်း၍ ခံရပေါင်း များ၍ ရိုးနေပြီက တစ်ကြောင်း ၊ အမေ့ကို စိတ်မရှည်၍ အဝတ်ပင် လာ မလျှော်တော့သော ကလေးမလေးတွေကို သင်ခန်းစာယူ၍ တစ်ကြောင်း “ ဟာ ... မခေါ်နဲ့ ၊ သားတို့အိမ်က ကျဉ်းကျဉ်းလေး ။ အဘွားကို သား ထိန်းမယ် ” ဟု ပြောလာ၏ ။
စဉ်းစားကြည့်လေ သူ ပြောတာ မှန်သလိုလိုမို့ ရုံးသွား ၊ နယ်သွားတာနှင့် စားဖို့သောက်ဖို့ အိမ်ရှေ့ခန်းမှာ အုပ်ဆိုင်းထားခဲ့ပြီး သားကျောင်းသွားချိန် လမ်းထိပ်က အစ်မကြီးက လာစောင့် ပေးရင်း အမေ့ကို ကလေးလို ကြည့်နေရင်းက ထိုကိစ္စများ ပေါ်ပေါက် နေတတ်၏ ။ ကျွန်မက အမေ့ကို တရားနှင့် ပျော်မွေ့ စေချင်လွန်း၍ ယောက်မလေး ကန်တော့ထားသော တရားခွေကို နား ကြပ်လေးနှင့်တပ် ဖွင့်ပေးကာ နားနာလွန်း၍ ပြန်ဖြုတ်ပြီး ထို တရားခွေလေးကိုလည်း နာ တစ်ချက် ၊ မနာတစ်ချက်နှင့် ပုတီးပဲ တွင်တွင် စိပ်နေတတ် ပါသည် ။ ဘယ်လို အခြေ အနေမျိုးမှာပဲဖြစ်ဖြစ် အမေစိတ်ချမ်းသာအောင် ထားပေမဲ့ အမေက အလိုမကျသော အခါများမှာ သူ့သားအငယ် အိမ် ပို့ခိုင်းပါသည် ။ အစ်မက “ အင်းနော် ၊ ဟိုမှာ ကောင်းကောင်း နေနော် အမေ ” ဟု မှာလိုက်ပေမဲ့ ငါးရက်မြောက်လောက်မှာ မောင်လေးဆီက ဖုန်းဝင်လာပါသည် ။
“ အမေက အတင်းပြန်မယ်တဲ့ မမလေး ၊ အိမ်မှာလည်း ကောင်မလေးတွေကို ရန်လုပ်နေတယ် ။ မြေးတွေနဲ့ အဘွား စိတ်ကောက်ကြပြန်ပြီ ”
သိလိုက်ပါပြီ ။ ဟိုအိမ်မှာ အဖော် ကောင်မလေးနှစ် ယောက်ခေါ်ထား၍ မောင် လေးတို့ မိသားစုအတွက်က သူစိမ်း ရှိနေရာ လွယ်မည့် သဘော မဆောင်ပါ ။ သူစိမ်း ကလေးမလေး နှစ်ယောက်ကို တစ်ချိန်လုံး လိုက်အကဲခတ် နေပြီး မယုံသင်္ကာ ဖြစ်နေ သောကြောင့် ရယ်စရာကနေ ငိုစရာလို ဖြစ်လာကြသည် ။ ကလေးတွေက မောင်လေး ကို ကြောက်၍သာ မပြောပေမဲ့ အမေ့ကို အောက်ဆင်းမှာစိုးပြီး သော့တွေ ဝှက်ထားရာမှ အမေ ငိုလေတော့သည် ။ မပျော်ဘဲ ပြန်မည် ဖြစ်လာ၏ ။
“ ငါ့ကို သူတို့က သော့ခတ်ထားတာ ။ အခု ဘယ်လို ပြန်မလဲ ။ ငါ့အိမ် ငါပြန်ချင် တယ် ၊ ပြန်ပို့ ” နှင့် သူ့အထုပ် ကလေးတွေ တပြင်ပြင် လုပ် သည် ဆိုပဲ ။
အထုပ်ကလေးတွေကို တစ်စစီ ထုပ်ပြီး လေး ၊ ငါး ထုပ်ကို ကျစ်ကျစ်ပါအောင် စည်းထားတာများ မနည်း ဖြည် ( ဖြေ ) ယူရသည် အထိသန်မာနေခြင်းမှာလည်း သမားရိုးကျတော့ မဆန်လှ ပါ ။ အသက် ကိုးဆယ်အရွယ် ဆိုတာ နှေးနှေးကွေးကွေး ရှိရမှာပေမဲ့ ဆံပင်တွေက အနက်တချို့ ပြန်ပေါက်လာပြီး စားလည်း စားနိုင် ၊ အိပ်လည်း အိပ်နိုင်ပြီး သတိမေ့ မေ့သွားတတ်တာလွဲ၍ ဘေးအကူနှင့် တွဲလျှင်တောင် အမေက မကြိုက်ချင်သောအခါ သူ ပြန်ချင်တာ မပြန်ရ၍ ခြောက်ထပ်တိုက် ဝရန်တာ ကနေ ငုံ့ငုံ့ကြည့်ပြီး အိမ်ပြန်မယ်ချည်း ပြောလွန်း၍ မောင် လေး မိသားစုက ကြောက်ကြောက်နှင့် ပြန်ပို့ပါသည် ။ ယောက်မကလည်း သူ့မိဘလို ဘယ်လို သဘောထားထား ယောက္ခမက မိဘမှ မဟုတ်ဘဲ ၊ ကျွန်မတို့ လောက်တော့ သည်းခံနိုင် စွမ်းမရှိနိုင်ဟု ကျွန်မတို့ လက်ခံရပါမည် ။ ချွေးမက စ , သလို “ အမေက သူ့ပစ္စည်းတွေ အတင်းဝှက်တာ ၊ ဥစ္စာခြောက်နေတယ် ” ဟု ရယ်ပြီး ပြောပေမဲ့ ကျွန်မမှာ မခံစားနိုင်ဘဲ တစ်ညလုံး မအိပ်နိုင်ဘဲ မျက်ရည်တွေ လှိမ့်ကျနေမိတော့သည် ။
••••• ••••• •••••
နောက်ရက်တွေမှာ အမေက ဘာလို့ ဒီလိုဖြစ်ဖြစ် နေရတာလဲဆိုပြီး စိတ်မချမ်းသာလွန်း၍ အမျိုးအဆွေ နီးစပ်ရာ ဆရာဝန်တွေဆီ တိုင်ပင်မေးမြန်းလည်း ဒီအဖြေ ။ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အသိအကျွမ်းတွေမေးလည်း ဒီအဖြေ တစ်ခုတည်းသာ ထွက်လာပါသည် ။
“ ဒီအသက်အရွယ်မှာ ဒီလိုပဲ ဖြစ်တတ်တာများတယ် ။ အဘွား အသက်ရှည်ရှည်နဲ့ ကျန်းမာနေတာပဲ ဝမ်းသာပါ ။ သူ ပြောချင်သလို ပြောပါစေ ၊ လုပ်ချင်ရာ လုပ်ပါစေ ။ ဒါ ငယ်စိတ်ပေါ်တာ ။ သူငယ် ပြန်တာ မဟုတ်ဘူးနော် ”
ငယ်မူပြန်တာနှင့် သူငယ်ပြန်တာကိုပင် ကျွန်မတို့က ခွဲခြား မသိလောက်အောင် တစ်နေ့နှင့် တစ်နေ့ အမေနှင့် ချာလပတ်လည်နေရာ ကိုယ်ပင် ခုငို ၊ ခုရယ်နှင့် အမေက တစ်ခုခု မဖြစ်ဘဲ ကိုယ်ပဲ ဖြစ်သွားနိုင်လေသည် အထိပင် ။ ညဘက် အမေ့ကို ငုတ်တုတ်ထိုင် စောင့်ရင်း ၊ အိပ်ငိုက်ရင်း မိုးလင်းခါနီး တွေ ၊ ညလယ်တွေမှာမှ အိပ်ရ၍ လူက မူးနောက်ပြာဝေနေတတ်ရင်း ရုံးတက် ၊ ပြန်လာ ၊ စာရေး ၊ စာဖတ် ၊ ဟင်းချက် ၊ အဝတ်လျှော် ၊ အိမ်အလုပ်လုပ် ၊ အမေ တစ်နေ့လုံး ဖြစ်ပျက်သမျှကို ကျွန်မကို ဖုန်းတစ်လုံးနှင့် ကြိုပြောထား၍ သိနှင့်နေပြီး အစ်မ ဖြစ်သူက ဘယ်သို့ဘယ်ပုံ ပြောသောအခါ ဂျာအေး သူ့အမေရိုက် ပုံပြင်လိုပင် ဒီဘူတာပဲ ဆိုက်ရပြန်လေသည် ။
“ ဒီနေ့တော့ လမ်းထိပ်မှာ ထမင်းသွားဝယ်ပြီး အကြွေးနှစ်ရာ ပါလာတယ် ။ ပြီးတော့ သူ့ကို နင်က နှင်ချလို့ ဆင်းလာတာတဲ့ ”
“ ဒီနေ့တော့ အင်္ကျီထုပ် ပျောက်တယ် ”
“ ဒီနေ့တော့ နေပြည်တော်က သားကြီးနဲ့ စကားပြောရလို့တဲ့ ပျော်နေလေရဲ့ ”
“ ဒီနေ့တော့ အိမ်ရှေ့ တိုက်ခန်းက မိန်းမက သူ့အိမ်ကို ကြည့်လို့တဲ့ ကန့်လန့်ကာ ပိတ်ခိုင်းထားတယ် ”
“ ဒီနေ့တော့ ဘုရားပို့ခိုင်း တယ် ”
“ ဒီနေ့တော့ ဆေးခန်း သွားဦးမယ်တဲ့ ” ဟု ပြောရင်း ရယ်ကြ ၊ ပြောရင်း စိတ်တိုကြနှင့် အမေက အပြုံးပင် မပျက် ။ သူမှားတာ လုပ်ထားလျှင် ငြိမ်နေရှာ၏ ။ ကျွန်မများ ခရီးသွားပြီ ဆိုလျှင် ကျွန်မအစ်မ နှင့် ကျွန်မသားခမျာ ငိုမတတ် ၊ ရယ်မတတ် ။ ဤသို့ ဤပုံ တိုင်ကြတောကြနှင့်ပင် ။ အမေက သူ့ဆံပင်တွေ ပြန်နက်လာတာ ဘာဖြစ်လို့လဲဟု မေးမြဲ ။ အစား စားတာ များပြီး ဝမ်းတွေ သွားချသည့်အခါ ထဘီလေး မ , ပြီး ရေချိုးခန်း ထ , ပြေးလျှင် အမေ့လုံချည်ကို အတင်းချော့မော့ ချွတ်ခိုင်းပြီး ချော်မလဲအောင် မနည်းထိန်းပေးရပြန်သည် ။ ဒါမျိုးဖြစ်လျှင် “ အားနာလိုက်တာ ၊ အားနာလိုက်တာ ” ဟု တွင်တွင် ပြောတတ်၏ ။ မျက်လုံးလေး ကလယ်ကလယ်နှင့် တိုက်သမျှ ဆေးသောက်ရှာပြန်သည် ။ ရေချိုးပေး ၊ သနပ်ခါး လူးပေးလျှင် ငြိမ်နေပြီး ပြုသမျှ နုရှာပြန်သည် ။
“ ဒါ အမေ့သမီးတွေ အားနာစရာမလိုဘူး ။ ချွတ် ... ချွတ် ရေချိုးပေးမယ် ”
အမေ နေမကောင်းချင်တာနဲ့ ကျွန်မတို့မှာ မျက်ကလဲ ဆန်ပြာ ဖြစ်ကာ သူ စားထား သမျှ ဒီလို ဖြစ်တာနှင့် ညီ အစ်မတွေ ရန်ဖြစ်တော့သည် ။
“ အစ်မက ဘာလို့ကျွေးတာလဲ ၊ အခု ဖြစ်ပြီလေ ”
“ ဟဲ့ ... နင်က ဒီသရက်သီးတွေ ကျွေးတာကိုး ”နှင့် ငြင်းကြတော့သည် ။
“ ဟာ ... အမေက စားမယ်ချည်း လုပ်နေတာ ၊ တားလို့မှ မရတာ ”
“ မရရင် ဝှက်ထားပေါ့ ၊ အသက် ၉ဝ နဲ့ တည့်တာ ကျွေးလေ ”
“ နင့်အမေက မနိုင်စိန်ပါ ဆို ” နှင့် ပြီးလိုက်ကြရပြန်လေသည် ။ တစ်ရက်တလေများ ဟိုဘက်အိမ် ၊ ဒီဘက်အိမ် ရှိသမျှ လူအကုန် အဆူခံကြရသည် ။
“ ဟဲ့ … ဟိုကလေးက ရော အဘွားကို မတားဘူးလား ”
“ အဘွားက သားတို့ လစ်တုန်း နောက်ဖေးမှာ သွားစားတာ ။ ငါးပိရည်လည်း စားပြီး သွေးတိုးရော ”
“ ဝှက်ထားလေ ဝှက်ထားမှပေါ့ ”
ကိုင်း ... ဘယ့်နှယ်ရှိစ ဟု အမေး အပြုလုပ်ချင်ပေမဲ့ ကျန်းမာနေတော့ လှစ်ခနဲ လူ လစ်တာနှင့် သံဘာဂျာတံခါး တွန်းဖွင့်ပြီး သော့ပစ်ထည့် ကာ အောက်ဆင်းသွားတတ် သော ကျွန်မ အမေကို သူ့စိတ် သူ့အလို အတိုင်း မလိုက်ဘဲ တင်းတင်းကျပ်ကျပ် တားမြစ်သည့်နေ့မျိုး ဆိုလျှင် အမေ နေမကောင်းသလိုလို ဖြစ်လာတတ်၍ ကျွန်မတို့ကပဲ လျှော့ရပါသည် ။
“ စိတ်ချမ်းသာသလို နေပါစေတော့ ၊ ပြောချင်ရာ ပြောပါစေ ။ အန္တရာယ်မဖြစ်ရင် ပြီးရော ”
တကယ်တမ်း စိတ်လေးအေးချမ်းနေလျှင်တော့ ဘုရားရှိခိုး ၊ မေတ္တာပို့ ၊ ရေ ချမ်းကပ် ၊ ပန်းကပ်နှင့် လက်ရှိ အရွယ်အတိုင်း သတိနှင့် တရားနှင့် အမေ့ကို စိတ်ချမ်းသာစွာ မြင်ရပြန်သည် ။ လွန်ခဲ့သော သုံးရက်လောက်က ကျွန်မဈေးသွားတုန်း ဒန်အိုးထဲမှာ ရေနည်းနည်းပဲ ထည့်ထားတာ မသိဘဲ မီးခလုတ် ဖွင့်ချပြီး ရေနွေးအိုး တည်နေသတဲ့လေ ။ အိုးက တူးပြီး မီးကျွမ်းခါနီး ကျွန်မ ရောက်အလာ ညှော်လိုက်တာ ညှော်လိုက်တာနှင့် အော်ပြီး မီး ခလုတ် ပြေးပိတ်မှ အမေက အိမ်ရှေ့ခန်းကနေ သတိရ သွားသည် ။ နှလုံးတုန်တုန်နှင့် မီးခလုတ်တွေ ပိတ်ပြီးမှ အသက်ဝဝ ရှူရဲသည် ။
“ အမေ့ကို မီးခလုတ်တွေ ၊ ပလတ်တွေ မကိုင်နဲ့ ဆိုမှ မီးလောင် ၊ ဓာတ်လိုက်ရင် ဘယ်လို လုပ်မလဲ ”
မောသံပေါက်နေသော ကျွန်မက ငိုမတတ် ပြောရင်း စိတ်တိုနေသောအခါ အမေက ကျွန်မ ထက်ပင် ပိုဒေါသဖြစ် ပြပြီး သူ့နဖူး သူ ရိုက်၍ ငိုချလိုက်တော့သည် ။ ဒါမျိုး နှစ်ခါ ၊ သုံးခါ ဖြစ်လာ၍ အမျိုးအဆွေ ကြားလျှင် ပတ်ဝန်းကျင် သိလျှင် ထက် ကိုယ့် အမေကြီး မျက်ရည်ကျတာ ရင်ပူလွန်း၍ ပါးစပ်ပိတ် နေပြီး စိတ်မချမ်းမသာ ဖြစ်ပြီး အမေ့ ငယ်မူပြန်စိတ်ကို တရားထိုင် ၊ တရားကျင့်ရုံမှ လွဲ၍ သမာဓိ တည်နေမှ ဆိုတာကို အချိန်ယူ ပြောပြလျှင် တစ်ပတ်လောက်တော့ ဟုတ်နေပြန်ပါသည် ။ နောက်တစ်ပတ်မှာတော့ မဟုတ်တော့ ပြန်ပေ ။
“ အမေ့မှာ စုထားတဲ့ ပိုက်ဆံတွေရှိတယ်လေ ၊ အိမ်လည်းရှိတယ် ။ ဆေးကုဖို့လည်း ပိုက်ဆံတွေ ရှိပါတယ် ။ သားသမီးတွေလည်း ရှိနေတာပဲ အမေ ။ အမေ အခု ကျန်းမာနေတုန်း လှူသာလှူပါ ”
“ ဟုတ်လား ၊ အေး ... အေး ဒါဆို လှူမယ် ။ ဗားကရာတောရက ဆရာတော်ကို လှူမယ် ”
အမိန့်ရတာနှင့် ချက်ချင်း အလှူလုပ်ရသော ကျွန်မတို့မှာ သတိကောင်းလျှင် လှူဖို့ပြင်ပြီး သတိ လွတ်လျှင် အထုပ်ပြင်ထားသည့် အမေ့ကို အိမ်ကနေ ပျောက်သွားမှာ စိုးရတာလည်း တစ်မျိုး ပူရပြန်သည် ။ မိတ်ဆွေတွေက လည်ပင်းမှာ နာမည်လိပ်စာ တပ်ထားပေးဟု ပြောသည် ။ ကျွန်မအမေလား ဒီလို ရမှာ ။ လည်ပင်းဆွဲပေးလျှင် ဖြုတ်ပစ်သည် ။ ငါးထောင်တန်ကို ငါးကျပ်ဆို ပြီး မုန့်ဆိုင် ပေးပစ်ခဲ့၍ ဆိုင်ရှင်က ပြန်ပေးရသည် ။ မုန့်ဆိုင်ကို မြေးနှင့် အတူ ဆင်းချင် ဆင်း ၊ မဆင်းဘဲ သူ့ဘာသာ သူ ဆင်းလျှင် နောက်က တစ်ယောက်လိုက်ပေတော့ ။
“ ဆင်းလိုက် ၊ တက်လိုက်နဲ့ အမေရယ် ၊ လူမြင် မကောင်းပါဘူး ။ စားချင်တာ ဝယ်ပေးပါ့မယ် ။ မဆင်းပါနဲ့ ချော်လဲမှာ စိုးလွန်းလို့ပါ ”
ပြောသလောက် ၊ မော သလောက် သူ့အရိုးလေး သူ သယ်ပြီး ဆင်းနိုင်နေသမျှ တော့ မြင်သမျှ သူတွေ အား လုံးကရော ၊ လမ်းထဲလူတွေ ကပါ ပြောကြပါသည် ။
“ ဆင်းနိုင်လို့ ဆင်းတာ ဆင်းပါစေ ၊ အစ်မတို့ကသာ မောမှာ အဘွားက တောက် တောက်တောက်တောက်နဲ့ ဘာရောဂါမှ မရှိဘူးလေ ” ဟု ပြောပေမဲ့ လစ်တုန်း တက္ကစီ ငှားပြီး သူ့ချွေးမအိမ် ထွက်သွားဖူး၍ ရင်တုန်ပန်းတုန် လိုက်ရှာရတာလည်း ရှိဖူးပါသည် ။
“ အစ်မတို့က နှင်ချလိုက်လို့ အဘွားက ဆင်းလာပြီတဲ့ ” ဟု ရယ်ကြပြောကြ ၊ ရယ်မောကြချိန်များမှာ ကျွန်မက ရယ်သာရယ်နေ ရင်း စိတ်မကောင်း အလွန်ဖြစ်ရပါသည် ။ နေမကောင်း ၊ ထိုင်မကောင်းချင်သလို ဝမ်းနည်းနေမိပါသည် ။ အမေ့ကို ဒီလိုပဲ ကြည့်နေရတော့မှာလားဟု ပူမိသည် ။ ကျွန်မ အမေက သားတွေနှင့် ဆုံလျှင် သားဟု ခေါ်တတ်ပေမဲ့ ကျွန်မတို့ ညီအစ်မကိုတော့ နာမည်ပဲ ခေါ်ပြီး ကျွန်မကို တစ်ခါတလေ နှစ်ကိုယ်တောင် ခွဲပစ်လိုက်တာကလည်း ပိုတောင် ထိတ်လန့်ရင်မောစရာ ။ အိပ်ပျော်နေတုန်း ကျွန်မကို လာနှိုးရာ လန့်ပြီး ငေါက်ခနဲ ထ , ထိုင်မိတော့သည် ။
“ ဟိုမှာ အိမ်ထဲကို မိန်းမ တစ်ယောက် ဝင်သွားတယ် ”
“ ဟင် ဘယ်သူလဲ အမေ ”
“ စာရေးဆရာမလေ ၊ စာရေးဆရာမ ။ သူက တို့အိမ်မှာ လာလာ အိပ်တယ်လေ ။ ညည်းဘေးမှာ လာအိပ်နေတာ မြင်သားပဲ ။ မပြောချင်လို့ ”
သေချာတာပေါ့ ။ ကျွန်မကို နှစ်ယောက် ထင်ပြီး တစ် ယောက်က သူစိမ်း ၊ တစ် ယောက်က ဆွေမျိုး ဖြစ်နေ လျှင် ဘယ်လိုမှ ပြဿနာမရှိ နိုင်ပေမဲ့ တစ်ခါတစ်ခါ ကျွန်မတို့ အပေါ်ထပ်မှ လူငယ်တွေ ဆင်းတာတက်တာ များလာလျှင် အမေ သိပ်စိတ်အထာမကျတော့ဘဲ ညဘက် “ ဟဲ့ လူတစ်ယောက် တံခါးခေါက်တယ်သိလား ၊ ဖွင့်မပေးနဲ့နော် ၊ ဓားပြလား မသိဘူး ” ဟု များ ထ , ပြောလိုက်လျှင် ကျွန်မတို့ သားအမိ အူကြောင်ကြောင်နှင့် အိပ်မရတော့ဘဲ အမေ့ပုံရိပ်ယောင် တွေကြား ဗျာများရင်း မနက် လေးနာရီလောက်မှ အိပ်ရ သည့် အခါမျိုးတွေ များလာ တတ်ပြန်သည် ။ အမေက တော့ မိုးလင်း စားသောက်ပြီး ကောင်းကောင်း အိပ်ငိုက်ရင်း အိပ်ပျော်သွားတတ်ပေမဲ့ ကျွန်မကတော့ နေ့စဉ် အလုပ်တွေကြား အသက်ပြင်းပြင်း ရှူရင်း ဘုရားတောင် ဖြောင့်အောင် မရှိခိုးနိုင်တော့ဘဲ တစ်မအေတည်း မအေရင်း ကလေးလို တဟင်ဟင် ၊ တပြုပြုနှင့် တစ်ရက် ကုန်သွား ပြန်တော့သည် ။ ကျွန်မ အစ်မလည်း ထိုနည်းလည်းကောင်း ။ ဘုရား ... ဘုရား ကျွန်မရော ။ အမေ့ဖြစ်တည်မှုကို နောက်ကြောင်းပြန် စဉ်းစားလိုက်ရာ အဖြေက ရှင်းရှင်းလေး တွေ့ ပါသည် ။
••••• ••••• •••••
တရားအသိ လုပ်ရမယ့် အရွယ်ကောင်းမှာ ကျွန်မ အမေခမျာ မုဆိုးမတေးကို ခပ်အေးအေး မသီနိုင်ခဲ့ဘဲ သားသမီးမြေးမြစ်တွေနဲ့အတူ လူမှုလောကဓံ ၊ စီးပွားရေး ၊ နေရေးထိုင်ရေးလောကဓံတွေကြား စိတ်ကိုမထားတတ်ဘဲ ပူပန်ကြောင့်ကြလွန်းသော သံယောဇဉ် အပူမီးတွေက အမေ ဒီအရွယ် အထိ အသက်ရှည်ကျန်းမာခြင်းကိုသာ ပေး၍ တရားနှင့် ပျော်မွေ့ဖို့ သတိလွတ်လွတ်သွားတတ်ရခြင်း၏ အဓိက တရားခံ ဖြစ်နေပါတော့သည် ။ ကျွန်မတို့ရော အမေ့ကိုသာ တွေးပြီး ကိုယ့် အနီးကွင်းကို ကိုယ် မေ့နေသည် ။
ထိုနေ့လို ရက်မျိုးတွေမှာ ကျွန်မက အိမ်မှာ ဆန် ၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် မည်မျှပြည့်စုံပါစေ ရေ ၊ မီး ပစ္စည်းပစ္စယ ဘယ်လောက် ကောင်းပေ့ညွန့်ပေ့ ရှိနေပါစေ စိတ်ထဲ နေမကောင်း ၊ ထိုင်မကောင်း ဝမ်းနည်းအားငယ် စိတ် ဖြစ်ရင်း အမေ့ကို သနားနေမိပါသည် ။ ဘုရားသာ တွင်တွင် မ , ပြီး အမေ့သတိကို ပြန်ကပ်စေချင်လှပါသည် ။
သိပ်မကြာတော့မည့် ဆယ်စုနှစ် အလွန်ဆုံး နှစ်ကာလအပိုင်းအခြားမှာ အမေနှင့် သံသရာခရီးက အနီးကွင်း ဖြစ်နေပြီ ။ တရား အသိကို ဆုပ်ကိုင်ထားမှသာ ဆိုသည့် နှလုံးသွင်းစိတ် ရှိစေချင်လှပါသည် ။ အမေက အဆင်းလှခြင်း ၊ အသက်ရှည်ခြင်း ၊ အနာရောဂါကင်းခြင်း ၊ သီလ ကောင်းခြင်းတွေအပြင် ဘယ်လောက်ပဲ ပြည့်စုံ ပြည့်စုံ ဝိပဿနာတရားကို အပြည့် အဝ ရရှိခံစား ကျင့်ကြံအား ထုတ်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားရပါဦးမည် ။
ထို့အတွက်လည်း အမေက အဝေးကွင်းက သားတွေ လောက် အနီးကွင်းက ကျွန်မတို့ ညီအစ်မ မိသားစုကို စိတ်တိုင်းမကျလျှင်လည်း ကျေကျေနပ်နပ် ရယ်မောရုံမှ တစ်ပါး အခြား မရှိပါချေ ။
••••• ••••• •••••
မည်သို့ပင် ဖြစ်စေ အသက် ၉ဝ ကျော် အမေက သနပ်ခါးလေး လူးပြီး ဘုရားရှိခိုး ၊ ရေချမ်းကပ်ရင်း အသံကျယ်ကျယ်နှင့် ဘုရားစာတွေ ဂုဏ်တော်တွေ ရွတ်နေလျှင် စိတ်အချမ်းသာဆုံးမှာ ကျွန်မတို့မှ လွဲ၍ မည်သူတွေများ ဖြစ်နိုင်ပါဦးမည်နည်း ။
⎕ နှင်းဝေငြိမ်း
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၈
No comments:
Post a Comment