Tuesday, June 2, 2026

လေသေနတ်နဲ့ ဆင်ဖမ်းမယ့်လူ


❝ လေသေနတ်နဲ့ ဆင်ဖမ်းမယ့်လူ ❞
         ( နီဟိန်းမော် )

ဒီလက်ဖက်ရည်ဆိုင်လေးက ဆင်ခြေဖုံးရပ်ကွက် အစွန်ဘက် လမ်းမပေါ်တွင် ရှိသည် ။ လက်ဖက်ရည်ဆိုင်၏ အနီးတွင် ဒိုင်နာကားဂိတ် တစ်ခု ရှိပြီး ဒီဆိုင်လေးက ကားဂိတ်ကိုမှီခို၍ ဖွင့်ထားသောဆိုင် ဖြစ်သည် ။ ကားဂိတ်က ဖွင့်တာလည်း သိပ်မကြာ ၊ ကားကလည်း နာရီဝက် တစ်စီးလောက်သာ ထွက်သောဂိတ် ဖြစ်၍ လူမစည်လှ ။ ကားဒရိုင်ဘာ ၊ စပယ်ယာတွေနှင့် ခရီးသည်အချို့သာ ဖြိုးဖြိုးဖြောက်ဖြောက် ရှိနေတတ်သည် ။ လက်ဖက်ရည်ဆိုင်ကလည်း သိပ်ကြီးကြီး မဟုတ် ၊ စားပွဲဝိုင်းလေး ငါးခြောက်ဝိုင်းသာဆံ့သော ဆိုင်လေး ဖြစ်သည် ။ ဆိုင်အခင်းအကျင်း ကလည်း သားသားနားနား မဟုတ်လှ ၊ မျောတိုင်ထောင် ၊ ဓနိမိုး ၊ မြေအခင်းတွင် ဝါးကို အစိတ်စိတ်ခွဲပြီး နနွင်းမကင်းပုံကွက် ပတ်လည် ကာခြင်းသာ ဖြစ်သည် ။ လက်ဖက်ရည်ဆိုင်ဟု ဝိဂြိုဟ် ပြုရလောက်သည့် ကက်ဆက် မရှိ ၊ ဆောင်းဘောက် မရှိ ၊ ရုပ်မြင်သံကြား ဗီစီဒီ မရှိ ၊ ဆူညံသံ ဆို၍ အသက် လေးဆယ်ကျော် ဆိုင်ပိုင်ရှင် အပျိုကြီးနှင့် လက်ဖက်ရည် အဖျော်ဆရာ ရွှေညာသားတို့၏ တစ်ယောက်တစ်ခွန်း အော်သံကိုသာ တစ်ခါတစ်ရံ ကြားနိုင်လေသည် ။ ဆိုင်၏ အပေါက်ဝတွင် ချထားသော စာရေးစားပွဲခုံ အဟောင်းလေးသည်သာ ဒီဆိုင်လေး၏ ငွေရှင်းကောင်တာ ၊ ဒီဆိုင်လေး၏ မုန့်နှင့် ဆေးလိပ်တင်ရာ ခုံဖြစ်သည် ။ စားပွဲထိုး သီးသန့် မရှိဘဲ ဆိုင်ရှင်အပျိုကြီး ကိုယ်တိုင် ဒါမဟုတ် အဖျော်ဆရာ ရွှေညာသား ကိုယ်တိုင် စားပွဲထိုးလုပ်ရင်းဖြင့် ဆိုင်၏ တစ်နေ့တာကို ဖြတ်သန်းနေခြင်း ဖြစ်သည် ။ ဆိုင်၏ အခင်းအကျင်းက မည်သို့ပင်ဖြစ်စေ ဆိုင်၏ နာမည် ဆိုင်းဘုတ်ကိုတော့ ဒီဆိုင်လေး၏ ဖောက်သည်ပန်းချီ ဆရာ၏ စုတ်ချက်တို့ဖြင့် ကမ္ပည်းတင် ထားနိုင်ခဲ့သည် ။ ဆိုင်းဘုတ်ရေးဖို့ အတွက် ပန်းချီဆရာကို အခကြေးငွေ တစ်ပြားတစ်ချပ်မှ ပေးရန် မလိုဘဲ သူ့ဆေးဘူး ၊ သူ့ စုတ်တံ ၊ သူ့ပစ္စည်းများဖြင့်သာ သူ့ စိတ်ကြိုက် ရေးပေးခဲ့ခြင်းဖြစ်သည် ။ ဆိုင်လေး၏ နာမည် ပေးရန်အတွက် ပန်းချီဆရာ အပါအဝင် လူလေးဦး အကြိတ်အနယ် ငြင်းခုံကြရင်း နောက်ဆုံး သူတို့လေးယောက် စိတ်ကျေနပ်သည့် နာမည်တစ်ခုကို သဘောတူ ပေးခဲ့ကြခြင်း ဖြစ်သည် ။

“ ရိုဟွန်းကဖေး ” တဲ့ ၊ ဆိုင်ရှင်အပျိုကြီးက ဆိုင်နာမည်ကို ဘာအဓိပ္ပာယ်မှန်း မသိ ။ ကြိုက်သည် မကြိုက်သည်လည်း မပြော ။ သူ့ပစ္စည်းနှင့်သူ ရေးပေးတာကိုပဲ ကျေးဇူးတင်နေပုံပေါက်သည် ။ နောက်ပြီး ပန်းချီဆရာ ပြောခဲ့သည့် “ ဒီဆိုင် နာမည်က ပါရီမှာ ရှိတဲ့ ကမ္ဘာကျော် ကဖေးဆိုင်ရဲ့ နာမည် ။ ပါရီ ဆိုတာက အိန္ဒြာကျော်ဇင် ကြော်ငြာမှာ ပါတဲ့ မျှော်စင်ကြီး ရှိတဲ့ မြို့ပဲ ။ အဲဒီ ဆိုင်မှာ ကမ္ဘာကျော် အနုပညာရှင်တွေ ထိုင်ကြတာ ” ဆိုသည့် စကားနှင့်ပဲ သူ ကျေနပ်လှပြီ ။ ရွှေညာသား ကလည်း သူကြိုက်သည့် အိန္ဒြာကျော်ဇင် ကြော်ငြာဆို ကတည်းက စိတ်ထဲမှာ ကြိုက်ပြီးသား ။ ပြီးတော့ ဆိုင်နာမည် ကလည်း ခပ်ဆန်းဆန်း မဟုတ်လား ။ သူတို့ လေးယောက်ကလည်း ဒီဆိုင်နာမည် ပေးပြီးမှ ဆိုင်လေးကို ပိုပြီး သဘောကျလာပုံ ရသည် ။ ဆိုင်သို့ တစ်နေ့တစ်ခေါက် ပုံမှန် ရောက်လာတတ်သည် ။ သူတို့ ဆိုင်လာသည့် အချိန်က ညနေ ခပ်စောင်းစောင်း ။ ဆိုင်မှာ လူသူရှင်းချိန် ။ ကားဂိတ်လည်း သိမ်းချိန်မို့ ခရီးသည်တွေရော ကားသမားတွေပါ မရှိကြတော့ ။ တစ်ခါတစ်ရံ လူရှင်းသူရှင်း လမ်းမပေါ် လမ်းလျှောက် ထွက်တတ်သည့် လူတချို့တလေသာ ဆိုင်ထဲ ဝင်ထိုင်တတ်သည် ။ ဆိုင်မှာတော့ သူတို့ လေးယောက်သာ ပုံမှန် ။ သူတို့ လေးယောက် ဆိုတာက ပန်းချီဆရာ ၊ ဒဿနိကနည်းပြဆရာ ၊ ကဗျာဆရာနှင့် ဘာသာပြန်စာရေး ဆရာတို့ ဖြစ်ကြသည် ။ ပန်းချီဆရာက အသားညိုညို ၊ ခန္ဓာကိုယ် ခပ်ဖိုင့်ဖိုင့်နှင့် ဆံပင်ရှည်ကို နောက်တွင် စုစည်းထားပြီး မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးများကိုပါ အရှည် ထားတတ်သူ ဖြစ်သည် ။ ကွမ်းကို အဆက်မပြတ် ဝါးနေတတ်ပြီး ကွမ်းတံတွေး မထွေးဘဲ မျိုချတတ်သူ ဖြစ်သည် ။ ဒဿနိက နည်းပြဆရာ ကတော့ အသား ဖြူဖြူ ၊ ပိန်ပိန်ပါးပါးနှင့် စကားကို ခပ်လေးလေး ပြောတတ်သူ ဖြစ်ပြီး သူ့ရဲ့ အမှတ်အသားက လည်ကတုံးအင်္ကျီအဖြူပင် ဖြစ်သည် ။ ကဗျာဆရာ ကတော့ သူတို့ထဲမှာ ခန္ဓာကိုယ် အကြုံလှီဆုံးနှင့် အသား ခပ်လတ်လတ် ၊ ဆံပင်ရှည်ကို အမြဲ ဖြန့်ချထားပြီး လက်ကြားမှာ ဆေးပေါ့လိပ် တစ်လိပ်ကို အမြဲ ညှပ်ထား တတ်သူ ။ ဘာသာပြန် စာရေးဆရာ ကတော့ သူတို့ထဲမှာ အသပ်ရပ်ဆုံး နေတတ်ပြီး သူတို့ လေးယောက် သောက် သမျှ လက်ဖက်ရည်ဖိုးကို ဒိုင်ခံ ရှင်းတတ်သူလည်း ဖြစ်သည် ။

ခန္ဓာကိုယ် အချိုးအစားနှင့် ပုံသဏ္ဌာန် အခင်းအကျင်း မတူသော သူတို့မှာ လွယ်ထားသော လွယ်အိတ် တစ်လုံးစီ ရှိခြင်း ၊ လက်ဖက်ရည် ရိုးရိုးကိုသာ အမြဲသောက်ခြင်း ၊ တစ်ယောက် မလာလျှင် တစ်ယောက်က မျှော်နေတတ်ကြခြင်းတို့ကတော့ သူတို့ လေးယောက်ရဲ့ တူညီမှုများ ဖြစ်သည် ။ တစ်ခါတစ်ရံမှအပ သူတို့ လေးယောက်စလုံး ညနေတိုင်း ဒီဆိုင်လေးမှာ ဆုံကြပြီး သူတို့ ရင်ထဲမှာ ရှိသော အရာများကို စကားလုံးများ အဖြစ် ဖောက်ခွဲပစ်ကြသည် ။ နေ့စဉ်နှင့်အမျှ သူတို့ ပြောသော စကားတို့ကို ဆိုင်ရှင်အပျိုကြီး ရွှေညာသားနှင့် လက်ဖက်ရည်ဆိုင် လာထိုင်သူ မည်သူမျှ နားမလည်နိုင်ကြသလို သူတို့ကိုလည်း မည်သူမျှ နားမလည်နိုင်ကြ ။ ဆိုင်ရှင်အပျိုကြီး နှင့် ရွှေညာသားတို့ ကတော့ သူတို့၏ ပုံမှန် ဖောက်သည်များကို သူတို့ နားမလည်သော ဘာသာ စကားများကို ပြောဆိုတတ်သူများ အဖြစ် တလေးတစား အထင်တကြီး ရှိနေတတ်ပြီး သူတို့ တောင်းသမျှ ရေနွေးကို တစ်အိုးပြီး တစ်အိုး ဒိုင်ခံချပေးရင်း မညည်းမညူ ရှိနေတတ်သည် ။ အမြဲလိုလို ဆိုင်ပိတ်ချိန်မှ ထပြန်လေ့ ရှိပြီး နေ့စဉ်နေ့တိုင်း ပြောစရာ ၊ ငြင်းခုံစရာစကားများ မကုန်ဆုံးနိုင်အောင် ရှိနေတတ်သော သူတို့နှင့် သူတို့ ပြောသော ရီယယ်လစ်ဇင်း ၊ ကျူးဗစ်ဇင်း ၊ ပေါ့အတ် ၊ အတ်ဘစတရက် ၊ ဆာရီယာလစ်ဇင်း စသော ပန်းချီကား များ ။ ပလေတိုး အရစ္စတိုတယ် ၊ မိုင်လေးတပ်ဂိုဏ်း ၊ ဒေကား စသော ဒဿနိကကဝိများ ။ သရုပ်မှန် ၊ ခေတ်စမ်း ၊ စာပေသစ် ၊ တော်လှန်ကဗျာ ၊ မော်ဒန် ၊ ပို့စ်မော်ဒန် ၊ ကွန်ဆက်ချူရယ် ပိုအက်တရီ ၊ အယ်လ်ပီ စသောကဗျာဝါဒများ ၊ တတိယလှိုင်း ၊ မဟာပေါက်ကွဲမှု ၊ ကမ္ဘာပြားဖြစ်စဉ် စသော အိုင်တီ စကားလုံးများကို နားမလည်စွာ ရင်းနှီးခဲ့ရသည် ။ အဖျော်ဆရာ ရွှေညာသား ကတော့ သူ့ဆရာများ ကြိုက်တတ်သော လက်ဖက်ရည်ကျကျကို အလိုက်သင့် ဖျော်ပေးပြီးသည်နှင့် သူတို့ တစ်ခါတစ်ရံ ယူလာတတ်သော သူတို့ နာမည်ပါ စာအုပ်တချို့ကို ဟိုလှန်ဒီလှန် လုပ်ကြည့်ရင်း သူတို့ ဝိုင်းနားမှာ မယောင်မလည် ရှိနေတတ်သည် ။ ကြာတော့ သူသည်ပင်လျှင် ဂေါ်ဂင် ၊ ပီကာဆို ၊ ရေနွား ၊ ဒီဂါး မှစ ဂျက် လန်ဒန် ၊ ဂေါ်ဂီ ၊ ရှေ့မာ့စ်ဟေနေး အလယ် ပီတာဒရက်ကား ဖရန်စစ်ဖူးကူးယားမား ၊ တော်ဖလာ အဆုံး နာမည်များကို အညာက သူ့ အမျိုးတွေထက်ပင် ရင်းနှီးလာခဲ့သည် ။ တစ်ခါတစ်ရံ သူတို့ စကားပြော နေစဉ်မှာ အခြားသူများ လက်ဖက်ရည် လာသောက်မှာပင် စိုးရိမ်ချင်ချင် ။ သူ နားမလည်သော ဘာသာစကားများပေမယ့် နားထောင်လို့ ခပ်ကောင်းကောင်းမို့ ဒီအချိန်မျိုးမှာ လက်ဖက်ရည် ထဖျော်ပေးရမှာ အင်တင်တင် ဖြစ်မိ တတ်သည် ။ ဒီစကားဝိုင်းမှာ သူတို့ ရွာက လူကြီးတွေ အလှူ ၊ သံဃာစင်ပေါ်မှာ ပြောခဲ့သည့် စကားများကို ဒဿနဆရာဆီက တစ်ခါတစ်ရံ ကြားတတ်သလို တစ်ခါတစ်ရံ ကဗျာဆရာ ထထရွတ်တတ်သည့် သူ အဓိပ္ပာယ် မသိသည့် ကဗျာများ ၊ သူ လုံးဝ မကြားဖူးတဲ့ စကားလုံးတွေပါ အသစ်ကြားနိုင်လို့ သူကတော့ သဘောခပ်ကျကျ ။ ဒီဆရာတွေ ကိုလည်း ရွာကလူကြီးတွေ ထက်ပင် အပုံကြီး လေးစားခဲ့တာအမှန် ။

တစ်ညနေခင်းတော့ ဆိုင်ကို ကဗျာဆရာ အရင် ရောက်နှင့်နေသည် ။ ရွှေညာသား ဖျော်ပေးသည့် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း လက်ထဲမှ ဆေးပေါ့လိပ်ကို တရစပ် ဖွာနေသည်မှာ သူကိုယ်တိုင် မီးခိုးတွေ ကြားမှာ နစ်မြုပ်လို့ ။ သိပ်မကြာခင် ရှေ့ဆင့်နောက်ဆင့် နောက်သုံးယောက် ထပ်ရောက် လာကြပြီး စားပွဲပေါ်သို့ လွယ်အိတ်တွေကို ပစ်တင်ကာ သူတို့၏ ရင်ထဲတွင် ပိတ်လှောင်အောင့်စုနေသည့် စကားလုံးများကို ကိုယ်စီကိုယ်င တရစပ် ဖောက်ထုတ်ပစ်နေကြတော့သည် ။ ရွှေညာသား ကတော့ ထုံးစံအတိုင်း လက်ဖက်ရည် သုံးခွက်ကို ဖျော်လျက် သူတို့ရှေ့မှာ ချပြီးတော့မှ သူတို့နှင့် မလှမ်းမကမ်း ခုံမှာ ထိုင်ချလိုက်သည် ။ သူတို့ ပြောသော စကားတွေက သူ့ နားထဲသို့ အရှိန်ပြင်းပြင်း တိုးဝင်လာခဲ့သည် ။ ပထမတော့ စကားသံက ခပ်တိုးတိုး ၊ နောက်တော့ သူတို့ လီဗာအကုန် နင်းကြပြီ ။ နျူကလီးယား ပါသည် ။ အက် ( ဖ ) ၁၆ ပါသည် ။ ပြောက်ကျားစစ် ဆိုတာ ပါသည် ။ အီရတ်ပါသည် ။ အာရပ် - အစ္စရေး ပါသည် ။ လက်ဖက်ရည်ဆိုင်လေးနှင့် မဆံ့သော စကားလုံးများ၏ ပေါက်ကွဲလွင့်စဉ်မှုကြားထဲ ရွှေညာသား ပိတ်မိနေတော့သည် ။ သူတို့ ပြောစကားကို နားထောင်ရင်း အပေါ်ကို မော့ကြည့် ၊ တောင်ကြည့် ၊ မြောက်ကြည့် နှင့် ရွှေညာသား သက်ပြင်းချသည် ။ “ ဟူး ” တကယ့် လူတွေပဲ ။ သူတို့သည် ကမ္ဘာကြီး တစ်ခုလုံးကို သူတို့စားပွဲဝိုင်းပေါ် ရွှေ့ထားလေသည် ။ သူတို့ နှလုံးသားနှင့် ဦးနှောက် ကို ပေါင်းစပ်ရင်း ယုံကြည်ချက်ကို လေတွေ အဖြစ် ဖောက်ခွဲပစ်နေကြသည် ။ သူတို့ ခါတိုင်းလို တစ်ယောက်နှင့် တစ်ယောက် မငြင်းခုံနိုင်ကြဘဲ ကမ္ဘာကြီးက သူတို့ကို ဖိထားလေသည် ။ အီရတ်က ဖိထားလေသည် ။ ကုလသမဂ္ဂက ဖိထားလေသည် ။ ရွှေညာသားကတော့ သူ နားမလည်သော စကားလုံးများကြား ဖင်တကြွကြွ ။ တယ်တော်တဲ့ လူတွေ ၊ တယ်တော်တဲ့ လူတွေလို့ စိတ်ထဲမှ ရေရွတ်ရင်း ခေါင်းတညိတ်ညိတ် ။ သူတို့ လေးယောက်၏ စကားလုံး အရှိန်က အမြင့်ဆုံး ရောက်နေချိန်တွင် အပျိုကြီး၏ စကားသံက အရှိန်ကို တန့်ပစ်လိုက်သည် ။

“ ကဲ .. ဆရာတို့ရေ .. စကားကောင်း နေတုန်း ဖြတ်ပြောရတာ အားနာပါတယ် ။ မနက်ဖြန်ဆိုင်မှာ အရုဏ် ဆွမ်းကပ်မှာမို့လို့ ဆရာတို့ အားလုံး လာကြပါ ။ ခုတော့ ကျွန်မကို ကူညီပြီး ဘုန်းကြီး ပင့်ပေးပါဦး ။ အညာသားကိုပါ ခေါ်သွားလေ ” ဒီလိုဆိုတော့လည်း သူတို့ လွယ်အိတ်ကိုယ်စီ ပြန်လွယ်လို့ ။ “ ကဲ .. ရွှေညာသား လာ ၊ ငါတို့ ဘုန်းကြီး လိုက်ပင့်ပေးမယ် ” ဟု ဆိုဖော်ရကြသည် ။ ရွှေညာသားကလည်း “ ဟုတ်ကဲ့ .. ဆရာ ” ဆိုပြီး သူတို့ နောက်က ခပ်ယို့ယို့လေး လိုက်သွားရဲ့ ။ လက်ဖက်ရည်ဆိုင်ရှေ့လမ်းက ညာဘက်ကို တည့်တည့်လျှောက်သွားလျှင် ရထားသံလမ်း ရှိသည် ။ သံလမ်းရဲ့ ဟိုဘက်မှာ ဘုန်းကြီးကျောင်းတွေ ရှိသည် ။ သူတို့ လေးယောက်က ရှေ့က ခုနပြောလက်စ စကားတွေ ဆက်ပြောလို့ ရွှေညာသားကလည်း နောက်က ခပ်ကုပ်ကုပ် နားစွင့်လို့ ... ။

⎕ နီဟိန်းမော်
📖ချယ်ရီ မဂ္ဂဇင်း
     ၂၀၀၇ ၊ ဇူလိုင်လ

No comments:

Post a Comment