❝ အဖေ သို့မဟုတ် ကျွန်တော့်ဖတ်စာ ❞
( ဧပရယ်နွေ )
အဖေသည် ကျွန်တော့် ဘဝအတွက် ခက်ထန် ကြမ်းတမ်းသော မုန်တိုင်းတစ်စင်းဟု ကျွန်တော် ထင်မြင်ခဲ့ဖူးပါသည် ။ ဒီထင်မြင်ချက်၏ နောက်ဆက်တွဲ အဖြစ် ကျွန်တော် ကိုယ်တိုင်က မုန်တိုင်း ရင်ခွင်ထက်က မငြိမ်သက်သော လှေငယ် တစ်စင်း အဖြစ် ကိုယ့်ကိုယ် ကိုယ် ခံယူထားခဲ့မိပါသည် ။
သို့သော် အဖေသည် ကျွန်တော် ထင်ထားသလို မုန်တိုင်းတစ်စင်း မဟုတ်ခဲ့ ။ ထို့အတူ ကျွန်တော် ကိုယ်တိုင်လည်း ကမ်းကပ်ခွင့် မကြုံခဲ့သော လှေငယ်တစ်စင်း မဟုတ်ခဲ့ ။ ဒါကို ကျွန်တော့် နှလုံးသားဖြင့် မြင်ကြည့် သိခွင့်ရသည့် အခါ၌မူ အဖေသည် ..
••••• ••••• •••••
မိဘနှင့် သားသမီး ကြားမှာ အမှတ်ရစရာ အဖြစ်အပျက်များ ၊ အကြောင်းအရာများ ၊ စကားလုံးများ ၊ အလွမ်းများ ၊ များစွာ များစွာ ရှိနေနိုင်သော်လည်း ကျွန်တော်နှင့် အဖေ့ ကြားမှာတော့ နောင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် အလွယ်တကူ မေ့ပစ်ဖျောက်ဖျက် လွင့်ပြယ် မသွားနိုင်ဘဲ ကျွန်တော့် နှလုံးသားထဲ ကျွန်တော့်သွေး လည်ပတ်မှုတွေထဲ စီးဆင်း ပဲ့တင်ထပ်နေခဲ့မည့် စကားတချို့ ရှိခဲ့ဖူးသည် ။
ဒီစကားတွေကပဲ ကျွန်တော့ ဘဝကြီး တစ်ခုလုံးကို အလှည့်အပြောင်း တစ်ခု ဖြစ်စေခဲ့သည် ဆိုတာကိုတော့ ကျွန်တော် ဝန်ခံရပါလိမ့်မည် ။
သေသေချာချာ ပြန်တွေးကြည့်တော့ အဲဒီအချိန် အဲဒီကာလက ကျွန်တော့် စိတ်ခံစားမှုများသည် အဖေ့ကို ဆန့်ကျင် တုံ့ပြန်လိုက်ဖို့ကိုပဲ ဦးတည်နေခဲ့၏ ။ ဒီလို ကျွန်တော် ဘာကြောင့် ဖြစ်ခဲ့ရသလဲ ။ ခိုင်လုံသည့် အကြောင်းတရားကို ခု ကြီးလာသည့် အခါတွင် မည်မည်ရရ ကျွန်တော် ရှာမတွေ့ ။
အဖေ့အကြောင်း ပြန်တွေးကြည့်မိသောအခါ ကျွန်တော့် အာရုံထဲ ထင်ထင်ရှားရှား ပေါ်လွင်လာခဲ့သည့် ပုံရိပ်က တခြား တစ်ပါးသော အဖေတွေလို သားသား ၊ မီးမီးနှင့် ကလူကျီစယ် ၊ ပြုံးရယ်နှောင်ဖွဲ့ ၊ သံယောဇဉ်ကို တစ်ရစ်ပြီး တစ်ရစ် ရစ်ပတ် ချည်နှောင်စေသော အဖေမျိုး မဟုတ်ခဲ့ ။
အချိန်ပြည့် စိတ်အလို မကျမှုများကို ပိုင်ဆိုင်ထားသူ ၊ ဒေါသခိုး ဝေနေတတ်သည့် မှုန်ကုပ်ကုပ် အကြည့် စူးစူးကို ပိုင်ဆိုင်ထားသူ ။ ခက်ထန်ကြမ်းတမ်းသော စကားလုံးများကို တန်ဆာဆင်၍ ရင်ထဲရှိသည့် အတိုင်း တုတ်ထိုးအိုးပေါက် ဒဲ့ဆိုတတ်သူ ။ ဒေါသကို ဖွားဖက်တော်လို သဘောထား၍ ချိန်ခါမရွေး ပေါက်ကွဲလွယ်သူ ။
ထိုအဖေ …. ၊ အနှီအဖေ … ၊ ကျွန်တော်တို့ အဖေ ဆိုသူ၏ ဂုဏ်ဒြပ်က ဤရွေ့ဤမျှသာပဲလား ။ လူသည် အကောင်းနှင့် အဆိုး ဒွန်တွဲရောယှက် ၊ အသက်ဆက် ရှင်သန်နေကြသူများ ဖြစ်သည်မို့ အဖေ့ ကောင်းကွက်တွေကို ထည့်သွင်း ဖော်ပြမှသာလျှင် ပြီးပြည့်စုံနိုင်ပါလိမ့်မည် ။
တကယ်တော့ အဖေသည် သားသမီးများကို ဘယ်သောအခါမှ ဖွင့်၍ ချစ်တတ်ခဲ့သူ မဟုတ် ။ သားသမီးများ အပေါ် ထားရှိသော ချစ်စိတ်နှင့် သူ၏ သဘောထားကို ဘယ်တော့မှ မြင်အောင် မပြတတ် ။ စကားလုံး အနုအရွတွေကို တန်ဆာဆင်ခြင်းထက် သူ့အပြုအမူများ ၊ သူ့သဘောထားများနှင့် သူ့စိတ်ခံစားမှုများကို မြင်အောင် ကြည့်တတ်မှ သာလျှင် အဖေနှင့် အတူ ထာဝရ ရှင်သန်နေသော ‘ ချစ်စိတ် ’ ကို လှမ်းမြင်နိုင်လိမ့်မည် ထင်သည် ။
“ အလုပ်လုပ်ရတာ အဆင်မပြေပါဘူး အဖေရာ ” ဟု သားသမီး တစ်ယောက်ယောက်ကသာ သူ့ရှေ့မှာ ညည်းညူကြည့်လိုက် ...
“ အဆင်မပြေရင် ထွက်ကွာ ၊ ဘယ်ကောင့်မှ သောက်ဂရုမစိုက်နဲ့ ၊ လူပါးဝတယ် ထင်ရင် ရိုက်သာခွဲခဲ့ ။ ဖြစ်သမျှ ငါရှင်းမယ် ။ ဒီသောက်လုပ် မလုပ်ရလည်း ငါ ကျွေးထားနိုင်တယ် ။ ဘယ်သူ့ မျက်နှာမှ ကြည့်မနေနဲ့ ”
ဒါသည်ပင် ကျွန်တော်တို့ အဖေ အစစ်ပဲ ဖြစ်ပါသည် ။ အဖေ့ စကားများက ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အတွက် အင်အားတစ်ရပ် ဖြစ်စေခဲ့ပါရဲ့ ။ “ ငါတို့ နောက်မှာ အဖေ တစ်ယောက်လုံး ရှိတယ် ” ဟူသည့် အသိက အခက်အခဲ မှန်သမျှကို လွယ်လွင့်တကူ ကျော်လွှားပစ်နိုင်ခဲ့ကြသည် ။
ကျွန်တော့် အထက်က အစ်ကိုတွေ အိမ်ထောင် အသီးသီး ကျကုန်ကြသည့်တိုင် ကိုယ့်ဘဝနှင့် ကိုယ် ၊ ကိုယ့်အကြောင်းနှင့်ကိုယ် ဟူ၍ ဘယ်တော့မှ ဥပေက္ခာ ပြုမထားတတ် ။ အားလုံးကို အိမ်မှာ ခေါ်ထားပြီး ရင်အုပ်မကွာ စောင့်ရှောက်သည် ။ ချွေးမများကို သမီးအရင်းနှင့် မခြား အခွင့်အရေး တန်းတူပေးသည် ။
ဆူစရာ ရှိလျှင်လည်း ဆူသည် ။ ငေါက်စရာ ရှိလျှင် ငေါက်သည် ။ ဆဲစရာ ရှိလျှင်လည်း ပျစ်ပျစ်နှစ်နှစ် တစ်တစ်ခွခွ ဆဲသည် ။ သားတွေ မျက်နှာ တစ်ချက် မပျက် သွားမိစေနှင့် ။ နောက်ဆက်တွဲ ထင်မှတ် မထားသည်များ ချိန်ခါမရွေး ဖြစ်ပွား သွားနိုင်ပါသည် ။ ခမည်း ခမက်များက သူတို့သမီးကို ယောက္ခမ အနိုင်ကျင့်နေသည် ဟူသော ကြားစကား ကြားပြီး ရောက်လာခဲ့လျှင် အဖေက သားလုပ်သူကိုရော ချွေးမဖြစ်သူကိုပါ ရှေ့ တင် ခေါ်ပြီး ရှင်းသည် ။ ဒါမှ မကျေနပ်သေးဟု သူ ထင်လျှင် သားဖြစ်သူကို အထုပ် ထုပ်ခိုင်းပြီး “ ကဲ ... ကျုပ်အိမ် နေရင်တော့ ကျုပ်စည်းကမ်း လိုက်နာရမှာပဲ ။ ကျုပ် အုပ်ချုပ်မှု အောက်မှာ မနေချင်တဲ့သူ ဘယ်သူ့ကိုမှ မတားဘူး ။ ကဲ .. ခင်ဗျားတို့ သမက်ရော ၊ သမီးရော တစ်ခါတည်း ခေါ်သွား ” ဆိုပြီး အတင်း ထည့်လွှတ်တော့သည် ။
ခမည်းခမက်များကလည်း သမီး အပြင် သမက်ကိုပါ တင်ကျွေးထားရမည့် အရေးမို့ သမီး ဖြစ်သူကို ဆုံးမသလို လေပြည်လေး ထိုး၍ လာလမ်းအတိုင်း ပြန်ကြွမြန်းသွားကြသည် ။ ဒါ ကျွန်တော်တို့ အဖေပဲ ဖြစ်ပါသည် ။
မလွှဲသာ မရှောင်သာ အိမ်ခွဲ ဆင်းသွားသည့်တိုင် အထောက်အပံ့ မပျက် ၊ ဝင်ထွက်စားသောက် မပျက် ၊ မလာတာ ကြာလျှင် မျှော်တတ်သလို ရောက်လာပြန်လည်း အော်ဟစ်ဆူပူငေါက်ငမ်းနေတတ်သည် ။ “ ဘယ်လို အဖေမျိုးပါလိမ့် ” ဟု မေးခွန်းထုတ်ကြည့်ခဲ့ဖူးသည် ။ သို့သော် ရင်ထဲကသာ ဖြစ်ပါသည် ။
••••• ••••• •••••
ငယ်ဘဝ၏ အမှတ်တရ များစွာထဲတွင် သန်းခေါင်ယံချိန် လွန်မြောက်မှ ကျင်းပခဲ့သော ထမင်းဝိုင်းကလေးတွေ အကြောင်း အမြဲတမ်း သတိတရ ရှိနေခဲ့ပါသည် ။ မိသားစုလူဦးရေက များသဖြင့် အိမ်မှာ နေ့တိုင်း ဟင်းကောင်း မချက်နိုင်ပါ ။
ဟင်းကောင်းချိန်မှာ ပန်းကန်ထဲ မျက်နှာအပ်၍ ခေါင်းမဖော်စတမ်း လွေးတတ်ကြသော ကျွန်တော်တို့ အငယ် မောင်နှမသုံးယောက်က တစ်ရက်တလေ ဟင်းလေးများ မကောင်းလိုက်နှင့် ပန်းကန်ထဲက ထမင်း တောင်ပို့ မြောက်ပို့နှင့် မျက်နှာတွေ မကောင်းသလို ၊ ကုန်အောင်လည်း မစားကြ ။ ဒီအခါတိုင်း အဖေက ဆေးလိပ်တစ်တိုနှင့် သားသမီးများ၏ အရိပ်အခြည်ကို အကဲခတ် နေလေ့ရှိသည် ။
ကျွန်တော်တို့ အိပ်ပျော်သွားပြီ ၊ ဝင်ထွက်သွား လာနေကျ ဧည့်သည်တွေလည်း စဲပြီ ဆိုတာနှင့် အဖေ နှင့် ကျွန်တော့်အစ်ကို အကြီးတွေလည်း ကြိတ်ကြိတ် ကြိတ်ကြိတ်နှင့် အလုပ်ရှုပ်ကုန်ကြပြီ ။ ပြီးလျှင်တော့ ကျွန်တော်တို့ အငယ် သုံးယောက်ကို မရမက နှိုးခိုင်းတော့သည် ။ အိပ်ရေးမက်သည့် ကျွန်တော်က သုံးယောက်ထဲမှာ နှိုးရ အခက်ဆုံး ။ ရိုးရိုး နှိုးလို့ ရလျှင်ရ ၊ မရလျှင် ရိုက်နှက်ပြီးတော့ကို နှိုးခိုင်းသည် ။ ဒီအခါတိုင်း အဖေက ကြိတ်မာန် ၊ ကြိတ်ဆဲ ၊ ကြိတ်ရိုက်၍ ...
“ မင်းတို့ကွာ လူကြားလိုက်တဲ့ ဖြစ်ခြင်း ၊ တစ်ခွန်း နှစ်ခွန်း နှိုးရင်ထမှပေါ့ ။ အစားအသောက်က အစ ရိုက်နှက်ကျွေးနေရရင် မကောင်းတော့ဘူး ” ဟု အံကြိတ် စကားဆိုသည် ။ အဖေ့ကို ကြောက်စိတ်ကြောင့် အိပ်မှုန်စုံမွှားဖြင့် ထသာလာရသည် ။ မျက်လုံးတွေက ကောင်းကောင်း မဖွင့်နိုင် ။ အချိန်မတော်ကြီးကျမှ အဖေ့ကို နှိုးရကောင်းလားဟု ငြူစူမိသေးပေမဲ့ မဆလာနံ့ သင်းသော ကြက်သားဟင်းရနံ့က ကျွန်တော်တို့ မျက် လုံးတွေကို ပြူးကျယ်လာစေခဲ့ပြီ ။
“ အေး ... အေး စားကြ ၊ စားကြ ။ သန်းခေါင်ကျော်မှ ဟင်းချက်ကျွေးတာ ငါ့သားသမီးတွေကို ဝဝလင်လင် စားစေချင်လို့ပါကွာ ။ စောစောစီးစီး ချက်လို့ ဧည့်သည် ရောက်လာရင် အလိုက်မသိတဲ့ ဧည့်သည်က ဝင်စားဦးမှာ ။ ဒါဆို မင်းတို့လည်း ဝမှာ မဟုတ်ဘူး ။ ဒီအချိန် ထချက်တော့ ဘယ်ဧည့်သည်မှ အိမ်မလာတော့ဘူး ။ ဟုတ်တယ် မဟုတ်လား ” တဲ့ ။
အဖေကတော့ ထုံးစံအတိုင်း ဆေးလိပ် တစ်တို ၊ ရေနွေးကြမ်း တစ်အိုးနှင့် ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေရဲ့ သန်းခေါင်ယံထမင်းဝိုင်းကို ပြုံးတုံ့တုံ့ဖြင့် ကြည်နူးကျေနပ်စွာ ကြည့်နေတတ်သည် ။
ဒါသည်ပင် ကျွန်တော်တို့ အဖေပဲ ဖြစ်ပါ၏ ။
••••• ••••• •••••
ဈေးထဲမှာ ဖွင့်လှစ်ထားသည့် အဖေ့ဆေးကုခန်း နှင့် ဆေးကုန်ကြမ်း အရောင်းဆိုင်ကလေး ထဲမှာ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် နေ့လယ်စာ ထမင်းကိုတော့ အိမ်မှာ ပုံမှန် ပြန်စားတတ်သည် ။ ထမင်းစားပြီးတာနှင့် တစ်ရေးတစ်မော အိပ်တတ်သည်မှာ အဖေ့အကျင့် ။ သူ မအိပ်ခင်မှာ ကျွန်တော်တို့ အငယ်သုံးယောက်ကို တာဝန်ကိုယ်စီ ပေးတတ်သည် ။ ယပ်ခတ်မလား ၊ ဆံပင်ဖြူ နုတ်မလား ၊ နှိပ်ပေးမလား ၊ ဆံပင်ဖြူနုတ်ရာတွင် တစ်ရက်သားက အဖြူရော အနက်ပါ နုတ်မိသည့် အတွက် ကျွန်တော့် မခိုင်းတော့ ။ ကျွန်တော့်ထက် စိတ်ရှည်သည့် ညီမလေးက ဆံပင်ဖြူနုတ် တာဝန် ။ နှိပ်ပေးဖို့ ကျတော့လည်း အစ်ကို့လောက် လက်မသန်သဖြင့် ကျွန်တော် မနှိပ်ရ ။ ဒီတော့ ကျွန်တော့် တာဝန်က အလိုလို ယပ်တောင်ခတ် ။
ဆံပင်ဖြူနုတ်သည့် ညီမလေးက ပင်ရေ ၅ဝ ပြည့်လျှင် သူ့တာဝန် ပြီးပြီ ။ အနှိပ်သည် အစ်ကိုကလည်း သူ အိပ်ချင်လာလျှင် တော်တော့ဟု ပြောပြီး ရပ်ခိုင်းလိုက်သည် ။ အီလည်လည်နှင့် အဖေ့ဘေးမှာ အဖေ မနိုးမချင်း ယပ်ထိုင်ခတ် နေရတာကို စိတ်ပျက်လှသည် ။ တစ်ခါတလေ တစ်မတ်စ ငါးမူးစ ငွေပိုငွေလျှံ ရှိလျှင် ကျွန်တော့်ညီမကို ဆယ်ပြား ၊ ဆယ့်ငါးပြား ပေးပြီး ယပ်တောင် သူ့လက်ထဲ အပ် ၊ အဖေ နိုးလာလျှင် အပေါ့သွားတယ် အဖေဟု အလိမ်ခိုင်းပြီး လစ်ထွက်သည့် အခါလည်း ရှိသည် ။ တစ်ခါတလေ ငွေပိုငွေလျှံ ကလည်း မရှိ ။ မောင်နှမချင်းကလည်း ညှိနှိုင်းလို့ မရ ၊ သူငယ်ချင်းတွေကလည်း ကစားဖို့ လာခေါ် ကြလျှင်တော့ အမေ့လက်ထဲ ယပ်တောင် အပ်ပြီး ခဏလေးပါ အမေရာ ဟု ဆိုကာ မလိမ့်တပတ်အမှုကို ကျူးလွန်သည့် အခါလည်း ကျူးလွန်သည် ။
တစ်ခါတလေကျတော့လည်း အဖေက ကျွန်တော် အဲဒီလို လူလည်ကျတတ်မှန်း သိ၍ ထင်သည် ။ “ အေး ... ငါ မျက်စိဖွင့်ကြည့်လို့ မင်းမရှိဘူး ဆိုတာနဲ့ သေပြီလို့သာ မှတ်လိုက်တော့ ” ဟု ကြိမ်းထားသည့် နေ့မျိုး ဆိုလျှင် အမေ့ကို စစ်ကူတောင်းလို့လည်း မရ ။ ညီမ ဖြစ်သူနှင့် ညှိနှိုင်းလို့ကလည်း အဆင်မပြေ ။ ဖြစ်ချင်ရာ ဖြစ် ကံဆိုးကံကောင်းပဲ သဘောထားပြီး ကျွန်တော် လစ်ထွက်ဖို့ ကြံလျှင် အမေက လေသံဖြင့် “ အေးနော် နင့်အဖေ နိုးလာရင် မလွယ်ဘူး ၊ ငါလည်း ကြောက်တယ် ၊ နင့်ကို သ,တ်မှာနော် ၊ ငါလည်း မဆွဲရဲဘူး ” ဟု အံကြိတ် သတိပေးသော်ငြား ကျွန်တော် နားမဝင်နိုင်ခဲ့ ။
ကံကောင်းထောက်မစွာ အိပ်နေသည့် အဖေ မနိုးခင် အချိန်မီ ပြန်ရောက်လာသည့် အခါလည်း ရှိသည် ။ ကျွန်တော် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကံဆိုးစွာ အဖေ နိုးလာပြီး ကျွန်တော် မရှိမှန်း သိသွားပြီး နီးရာနှင့် ကောက်အဆော်ခံရသည့်အခါလည်း ရှိသည် ။
ကျွန်တော် အရိုက်ခံရသည့် အကြောင်းအရာများစွာထဲမှာ ဟာသနှော၍ လွမ်းမောတမ်းတ ၊ လူစုံလျှင် ပျက်လုံးထုတ် ရယ်ပွဲဖွဲ့ရသည့် အဖြစ်အပျက်ကလေးတွေလည်း ရှိခဲ့ဖူးပါ၏ ။
“ မုန့်လက်ဆောင်းသည် လာတိုင်း မျက်ရည်ဝိုင်း ရသည့် ကျွန်တော် ” ဟုပင် ခေါင်းစဉ်ပေး၍ စာတစ်ပုဒ်ပင် ရေးဖို့ ကောင်းတော့သည် ။ ဈေးသည်မှာ အိမ်ထဲ မရောက်သေး ။ ခြေတုန်တုန် လက်တုန်တုန် ရုပ်ပျက် ဆင်းပျက် ဣန္ဒြေ မဆည်နိုင်အောင် ဖြစ်နေခဲ့သူက ကျွန်တော် ။ အဖေက ကျွန်တော့် အခြေအနေကို အကဲခတ်မိပြီး ..
“ ဟေ့ ကောင် စားရလေလေ ငတ်လေလေ မလုပ်နဲ့ ၊ ကျွေးမှာ ။ မင်းကို အရင် ကျွေးမှာ ၊ ဒေါ်တင်ရွှေ ဒီကောင့် အရင် ပေးလိုက်စမ်းပါဗျာ ” ဟု သတိပေးလိုက်ခါမှ လက်ထဲ ရောက်လာသည့် မုန့်လက်ဆောင်းခွက်က အဖေ့ကို ကြောက်စိတ်ကြောင့်ပဲလား ။ စားချင် သောက်ချင်စိတ်ကို မထိန်းသိမ်းနိုင်သောကြောင့်ပဲလား တဆတ်ဆတ် တုန်ခါနေသော လက်ထဲမှာ မုန့်လက်ဆောင်းတွေ ဖိတ်တစ်ဝက် ၊ စဉ်တစ်ဝက် ။ ဒါမှမဟုတ် ဖန်ခွက်က လက်ထဲ ချော်ပြီး လွတ်ကျသွားပြီ ဆိုရင်တော့ အဲဒီနေ့ ကမ္ဘာပျက်ပြီ ။
အဖေက သူ စိတ်ကောင်း ဝင်နေလျှင် ဆဲဆဲဆိုဆိုဖြင့် နောက်ထပ် မုန့်လက်ဆောင်း တစ်ခွက်ကို အပိုဆောင်း ထပ်မှာပေးတတ်ပြီး သူ စိတ်မကြည်မလင်ဖြစ် နေသည့် အချိန်နှင့် တိုးလျှင်တော့ အဲဒီနေ့ ငတ်ပြီ ။ အဖေ့ ဆီက ဆဲရေးတိုင်းထွာသံနှင့်အတူ ဒေါသလှိုင်းတံပိုး တစ်လုံးပြီး တစ်လုံး ဆင့်လျက် ဘယ်သူ့ကိုမှ ဝယ် မကျွေးတော့ဘဲ ဈေးသည်ကို ပြန်ခိုင်းလိုက်တာမျိုး ကျွန်တော့်အပေါ် ပုံကျနေသည့် ဒေါသကြောင့် ကျန်သည့် ညီအစ်ကို မောင်နှမတွေပါ ဘယ်သူမှ မုန့်လက်ဆောင်း မသောက်ကြရတော့ ။ ပါးစပ်နား ရောက်ခါနီး မှ ပြုတ်ကျသွားရသည့်အတွက် ဘယ်သူကမှ မကြည်လင်ကြ ။
ဒီအကျင့်ဆိုးကြီးက ကျွန်တော့် ငယ်ဘဝ တစ်လျှောက်လုံး စီးမိုးထားပြီး လူပျိုပေါက်အရွယ် ကျမှ ငယ်ကျင့် ပျောက်တော့သည် ။
ကျွန်တော်၏ မရိုးနိုင်သော ဆိုးနည်းများစွာထဲက အဖေ မကြိုက်ဆုံးသော လောင်းကစားကို ကျွန်တော် အကြိုက်ဆုံး ဖြစ်ခဲ့ခြင်းကလည်း ကျွန်တော်နှင့် အဖေ့ ကြားက ပဋိပက္ခကို ပိုမို ကြီးထွားစေခဲ့ပြန်ပါသည် ။
••••• ••••• •••••
လောင်းကစားနှင့် ပတ်သက်လာလျှင် အဖေ့ သဘောက ရှင်းသည် ။ အပျင်းပြေလည်း မလုပ်ရ ။ အပျော်သဘောလည်း မစရ ။ အစရှိ အနောင်နောင် ။ တစ်မတ်ငါးမူးက စပြီး ကိုယ်ကျင့်တရားကိုပါ ပျက်ပြားစေနိုင်သည်မို့ အထူးကြပ်မတ်ထားသည့် ကြားက ကျွန်တော် ကလည်း ကျွန်တော် ။
အဖေဖြင့် မလစ်လိုက်နှင့် ၊ လစ်ဟာနှင့် ကစားဝိုင်း တကာကို ကျွန်တော် ရောက်ပြီ ။ ဒိုးတိုး ၊ ဇယ်တောက် ၊ ဂျင်ပေါက် ၊ ဟောင်စီ ၊ ကစားဝိုင်း မှန်သမျှ ကျွန်တော် မပါလျှင် ပွဲမစည် ။ ကျွန်တော့် အထက်က အစ်ကိုလည်း လောင်းကစား လုပ်တာပါပဲ ။ သူက ဘယ်တော့မှ မမိ ။ အဖေ ထမင်းစားပြန်ချိန် နာရီဝက် တစ်နာရီ အလိုကတည်းက ရှုံးရှုံးနိုင်နိုင် ကစားဝိုင်းကို သံ ယောဇဉ် ဖြတ်သည် ။ ကျွန်တော့်ကိုလည်း လှမ်းသတိ ပေးသည် ။
“ မင်း မတော်သေးဘူးလား ၊ အဖေ ပြန်လာတော့ မှာနော် ၊ မင်း ကိုယ်ဖြစ် ကိုယ်ခံပဲ ”
ကြောက်တတ်လျှင် ရန်ကင်းသည် ။ မသိအောင် ခိုးလုပ်တာချင်း အတူတူ သူရှောင်နိုင် တိမ်းနိုင်သော်လည်း ဝိုင်းကလည်း ကောင်း ၊ ရှုံးမဲ မဲနေမိချိန် မှာတော့ ကစားပိုင်းက မခွာနိုင်ဘဲ အသည်းတထိတ်ထိတ် ရင်တဖိုဖို ရသကို ကျွန်တော်က အမှတ်မရှိ ခံစားတတ်သူလေ ။ ကျွန်တော်တို့ သားအဖတွေ အကြောင်း သိနေခဲ့သူ တစ်ယောက်ယောက်က “ ဟေ့ကောင် ဟိုမှာ မင်းအဖေ မင်းအဖေ ” ဟုသာ စလိုက် ၊ ရှိနေသည့် အနေအထားကနေ မြေပြင်မှာ ပြားပြားမှောက်လျက် အသင့် နေရာယူပြီး ဖြစ်နေခဲ့သည် ။ ကျွန်တော့်ကို ကြည့်ပြီး သူတို့တွေ ရယ်နိုင် မောနိုင်ပေမဲ့ ကျွန်တော်ကတော့ အဖေ့ကို ကြောက်စိတ်ကြောင့် မရယ်မောနိုင်ခဲ့ ။
တကယ့်တကယ် အဖေ ရောက်လာတာကို မြင်၍ သတိပေးချိန်မှာတော့ ကျွန်တော်က နောက်နေတယ် အောက်မေ့ပြီး လှည့်မကြည့် ။ ကုပ်ပေါ်ကို လက်တစ်စုံ ခပ်ကြမ်းကြမ်း ကျလာမှ မော့ကြည့်မိတော့ အဖေ ။ ပြေးချိန် ၊ ရှောင်ချိန် ၊ ပုန်းချိန်ပင် မရလိုက် ။ စိန်ဗေဒါပင် အဘ ခေါ်သွားနိုင်သည့် အဖေ့၏ ပဏာမလက်စွမ်းက ကျွန်တော့်ရဲ့ နားအုံနားရင်းကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေခဲ့သည် ။
“ သွား …. အခုသွား ၊ မင်းကို အိမ်ကျမှ ထပ်သ,တ်မယ် ”
အဲဒီနေ့ အဖို့တော့ မိသားစု ရာသီဥတုဟာ နွေ ခေါင်ခေါင်မှာ ဝေမှောင်အုံ့ကျလို့ ။ ဒီအချိန်မှာ မျှော်လင့်၍ ရနိုင်တာ တစ်ခုပဲရှိသည် ။ အဖေ မလွန်ဆန်နိုင်သည့် ဧည့်သည် ၊ ဆွေမျိုးသားချင်းထဲက ဆွဲမယ့် လွဲမယ့် တစ်စုံတစ်ယောက် အိမ်ကို ရောက်နေတာမျိုးပေါ့ ။ ကျွန်တော် မျှော်လင့်ထားသည့် အခြေအနေမျိုးနှင့် ကွက်တိ ဝင်သွားတာမျိုး ရှိသလို ၊ ဘယ်က ဧည့်သည်မှ ရောက်မလာဘဲ အုတ်ခုံပေါ်တက် တိုင်ကို ဖက်၍ အဖေ့ ရွှေကြိမ်လုံးနှင့် မိတ်ဆွေတွေ ဖြစ်ခဲ့ရသည့် အခါလည်းရှိ၏ ။
ကျွန်တော့် ငယ်ဘဝ၏ နေ့စွဲပေါင်းများစွာတွင် ကျွန်တော်သည် အပြစ် အမျိုးမျိုးကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သူ ။ ကျူးလွန်သည့် အပြစ်အတွက် အဖေ ပေးသည့် ပြစ်ဒဏ်ကို ခံပြီးတိုင်း ခံပြီးတိုင်း နောက်ထပ် ပြစ်မှုတစ်ခုကို ထပ်မံ ကျူးလွန်ဖို့ ဝန်မလေးခဲ့သူ တစ်ယောက်သာ ဖြစ်ခဲ့လေသည် ။
••••• ••••• •••••
သူခိုးသေ၍ မငိုဝံ့ ဆိုသည့် စကားပုံက ကျွန်တော့် အတွက် ထားရှိခဲ့သည့် စကားပုံများ ဖြစ်လေမလား မသိ ။ အိမ်မှာ ပိုက်ဆံ ပျောက်တိုင်း ကျွန်တော်ပဲ အစွပ် စွဲခံရလေ့ ရှိသည် ။ မခိုးဘူးလားဟု မေးလျှင် ခိုးသည်ဟု ကျွန်တော် ဝန်ခံချင်ပါသည် ။ သို့သော် ကျွန်တော့် အဖြစ်က သမဝါယမဆိုင် သူခိုးဖောက်မိသလိုပဲ ။ အားလုံး ဝိုင်းခိုးသမျှ သူခိုးကိုပဲ ပုံချလိုက်ကြ ဆိုသလို ဖြစ်နေတတ်သည် ။
ကျွန်တော့် အနေဖြင့် မလွှဲသာ မရှောင်သာ မိဘ ပိုက်ဆံ ခိုးသော်လည်း ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာ မဟုတ် ။ အင်မတန် သစ္စာရှိသော ၊ သနားကြင်နာစိတ် ရှိသော သူခိုးသာ ဖြစ်သည် ။ အဖေ့ အိတ်ကပ်ထဲက အလစ်နှိုက်ကြည့် ၊ နစ်နစ်နာနာ ဖြစ်သွားစေမည့် ခိုးနည်းမျိုးမဟုတ်ဘဲ တစ်ရာ နှစ်ရာတွေ့လည်း ငါးကျပ် တစ်ဆယ်ထက် ကျွန်တော် ပိုမယူ ။ အဖေတို့ အမေတို့ကို ငဲ့ညှာသည့် စိတ်ကြောင့်လည်း ပါသည် ။ တကယ့် တကယ် အဖေက ဖြစ်ဖြစ် အမေကပဲ ဖြစ်ဖြစ် ပိုက်ဆံ ပျောက်သည်ဟု အသံ ထွက်လာလျှင် အစိတ်သုံးဆယ်ထက် မနည်း ဖြစ်နေတတ်သည် ။
ရပ်ကွက်ဈေးဆိုင်တွေမှာ အမေက တစ်ဖက်လှည့် နှင့် စုံစမ်းတတ်သည် ။ အထူးသဖြင့်တော့ ကျွန်တော် ဘာဝယ်တယ် ၊ ဘာစားတယ် ဆိုတာမျိုး ၊ ဘယ်ကစားဝိုင်းမှာ ဘယ်လောက် ရှုံးသွားတယ် ဆိုတာမျိုး ၊ ကျွန်တော့် အဖြစ်က ခိုးချင်တာလည်း ပျာလို့ ၊ ညံ့လိုက်တာလည်း ချာလို့ ဆိုသလိုမျိုး ။ ကျွန်တော့် အစ်ကိုတွေက လစ်လျှင် လစ်သလို နှိုက်ကြသည် ။ မှင်မောင်းကောင်းသည် ။ လမ်းထဲက ဈေးဆိုင်တွေမှာ တစ်မတ် ၊ ငါးမူး ပင် မသုံး ။ ကျွန်တော်ကျတော့ အကစားကလည်း မက် ၊ အစားကလည်း မက် ဆိုတော့ အားလုံး ကြုံရာလူ ခိုးသမျှ ကျွန်တော်ပဲ သူခိုး အဖြစ် ပေါ်ရသည် ။ နောက်တော့ အိမ်မှာ ဘာပဲ ပျောက်ပျောက် ကျွန်တော့် လက်ချက် ။ ကျွန်တော်သာ တရားခံ ဖြစ်ရသည် ။
အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေတွေ လာလျှင် အမေက “ အင်း ... သင်း အိမ်ခေါ်ရင် ကြည့်ခေါ် နော် ၊ သူက သူခိုး ” ဟု ကျွန်တော့်ကို နှိပ်ကွပ်သည် ။ အဖေကတော့ တစ်မျိုး ။
“ အိမ်တစ်အိမ်မှာ အိမ်တွင်းသူခိုး ရှိနေပြီ ဆိုရင် သေချာတယ် အဲဒီအိမ် ဘယ်တော့မှ မကြီးပွားဘူး ” ဟု ကျွန်တော့်ကို ကြည့်ပြီး ဆိုတတ်သည် ။ ကျွန်တော့်မှာ မခံချင်သော်လည်း ကြိတ်၍ ခံရသည် ။ ကျွန်တော် ဆင်ဆင်ခြင်ခြင်နေသည် ။ ကျွန်တော် မခိုးသော်လည်း အဖေ့ ပိုက်ဆံ ၊ အမေ့ ပိုက်ဆံက ပျောက်မြဲ ပျောက်လျက် ၊ ပျောက်တိုင်းလည်း ကျွန်တော့်ကိုသာ သံသယ မျက်လုံးတွေနှင့် ကြည့်မြဲ ကြည့်လျက် ။
ဒီလောက်တောင် ဖြစ်လှတာ ဆိုပြီး ကျွန်တော် အချီကြီး ကြံစည်ပါတော့သည် ။ ဒီတစ်ခါ ကျွန်တော် ကျူးလွန်တော့မည့် အပြစ်က ကျွန်တော်တို့ သားအဖ နှစ်ယောက်၏ ထိပ်တိုက် တွေ့ဆုံမှုတိုင်းတွင် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံးလည်း ဖြစ်ခဲ့ပါတော့သည် ။ ကျွန်တော် ကျူးလွန်ခဲ့သည့် အပြစ်သည် အဖေ့လို ဒေါသကြီးတတ်သူမျိုး ခွင့်လွှတ်ဖို့ မဆိုထားနှင့် သားသမီးကို အချစ်ကြီး ချစ်တတ်သည့် မိဘမျိုးပင် လွယ်လွယ်ကူကူ ခွင့်လွှတ်နိုင်လိမ့်မည် မထင် ။
••••• ••••• •••••
အဖေသည် သူ၏ တစ်နေ့တာ ဝင်ငွေကို သုံးပုံ ပုံသည် ။ တစ်ပုံက ခွဲရေး ၊ ကွဲရေး ၊ သာရေး ၊ နာရေး ၊ ကျောင်းစရိတ် ၊ စာအုပ်စာတမ်းအတွက် တစ်ပုံက မိသားစုအားလုံး စားဖို့သောက်ဖို့အတွက် အမေ့လက်ကို အပ်သည် ။ နောက်ဆုံးတစ်ပုံကတော့ ဆိုင်မှာ ပြန်ပြီး ရင်းနှီး မြှုပ်နှံဖို့အတွက် မြေစုဘူးကြီး နှစ်လုံးထဲသို့ ထည့်သည် ။
ဒီစုဘူးကြီး နှစ်ဘူးကို ကျွန်တော် ကြံစည်နေသည်မှာ သုံးလေးရက် မကတော့ ။ ညနေ ကျောင်းဆင်းပြီ ဆိုတာနှင့် ကျွန်တော့် ခြေလှမ်းတွေက ဈေးရှိ အဖေ့ ဆိုင်ခန်းလေးဆီ ဦးတည်နေခဲ့သည် ။ အဖေ့ကို ဆိုင်ကူ ပိတ်ပေးရင်း ဒီစုဘူးကြီးတွေ ကျွန်တော့် လက်ထဲ ရောက်လာစေမည့် အကောင်းဆုံး နည်းလမ်းကို ရှာသည် ။ အဖေက ကျွန်တော့် အကြံအစည်ကို ရိပ်မိပုံ မရ ။ မုန့်ဖိုး လိုချင်၍ ဆိုင်လာကူသိမ်းပေးသည်ဟု ထင်ပြီး ဆိုင်ပိတ်ပြီးတာနှင့် မုန့်ဖိုးတစ်ကျပ် တစ်ကျပ် ပေးသည် ။
တစ်ခါတလေ အဖေ့ ဆိုင်ပိတ်ချိန် နောက်ဆုံး တံခါးချပ် သော့ခတ်ပြီးချိန်ကျမှ ကျွန်တော် ရောက်သွား၍ ဘာအကြံမှ မထုတ်လိုက်ရဘဲ ဒီအတိုင်း အိမ်ပြန်ခဲ့ရသည့် နေ့တွေလည်း ရှိသည် ။ သို့သော် တစ်ပတ်ထက် ပို၍ ကျွန်တော် မစောင့်လိုက်ရ ။ ကျွန်တော် နေ့ပေါင်း များစွာ စောင့်စားခဲ့ရသော နေ့တစ်နေ့က အမှန်တကယ် ရောက်လာခဲ့ပြီ ။
“ မင်း ညနေ ဆိုင်သိမ်းရင် ဒီဆေးထုပ် ထည့်လာခဲ့ဖို့ မမေ့နဲ့ ။ ငါက မေ့တတ်လို့ မင်းကို ပြောထားတာနော် ။ ဒါ အရေးကြီးတယ် ။ ညနေ လူနာလာရင် ဝင်ရမယ့် ဆေးတွေ ။ ငါပြောတာ ကြားလား ”
“ ဟုတ်ကဲ့ အဖေ ” ဆိုပြီး ကျွန်တော့် ရင်ထဲ ဒိန်းခနဲ အလုံးကြီး တစ်လုံး ဆောင့်တက်လာခဲ့သည် ။ အဲဒီအချိန်က စလို့ ကျွန်တော့် စိတ်တွေ ဂနာမငြိမ်တော့ ။ ပထမဦးဆုံး လုပ်ရမှာက ဆိုင်ပိတ်ချိန်အထိ ဒီဆေးထပ်ကို အဖေ မေ့နေဖို့ပဲ ဖြစ်သည် ။ ဒီတော့ အဖေ့မြင်ကွင်းထဲ ကနေ ပထမဦးဆုံး ဆေးထုပ်ကို ကျွန်တော် ဖယ်ထားလိုက်သည် ။
အဖေသည် ထုံးစံအတိုင်း ဆိုင်နားနီးချင်းများနှင့် သူ့ဝသီအတိုင်း စကားလက်ဆုံကျနေသည် ။ တချို့ ဆိုင်တွေက အပြင်မှာ ထုတ်ခင်းထားသည့် ပစ္စည်းတွေ သိမ်းနေပြီ ။ ကျွန်တော်တို့ မျက်နှာချင်းဆိုင် တောင်း ဖျာ ဆိုင်ကတော့ ညနေ ဆိုင်သိမ်းခါနီးမှ ကုန်ကား ဝင်လာသဖြင့် တော်တော်နှင့် သိမ်းနိုင်ဦးမည် မဟုတ် ။
“ ကဲ … ငါ့သား ပိတ်ကွာ ၊ ညနေ ငါ လူနာ ချိန်းထားတယ် ”
တော်ပါသေးရဲ့ ။ အဖေက အဖေက ဆေးထုပ်နှင့် ပတ်သက်ပြီး ထပ်သတိမပေးလို့ ။ လျှောက်လမ်း တစ်လျှောက် ကျွန်းထိုးတံခါးတွေ တစ်ချပ်ချင်း လျှောခနဲ ထိုးသွင်း ပိတ်နေစဉ် ကျွန်တော့်ရင်သည် တထိတ်ထိတ် ၊ ခြေလှမ်းတိုင်း တုန်ယင်လျက် ။ အခန့်မသင့်လျှင် တံခါးတွေ လဲပြိုသွားနိုင်သည်မို့ သတိကြီးစွာထား ပိတ်နေရသည် ။
နောက်ဆုံး တံခါးချပ်ကြီးကို ပိတ်၍ သော့ခတ်ပြီးချိန်ကျမှ ကျွန်တော် သက်ပြင်းချနိုင်သည် ။ ကျွန်တော်တို့ သားအဖနှစ်ယောက် အေးအေးလူလူဖြင့် ဈေးဝင်း အပြင်ကို လျှောက်လာခဲ့ကြ၏ ။ ကျွန်တော့် စိတ်ထဲမှာ ဆေးထုပ်ကျန်ခဲ့တဲ့အကြောင်း ပြောပြ အသိပေးဖို့ စကားလုံးတွေကို ရွေးချယ်နေမိသည် ။ စကားလုံးတိုင်း အစီအစဉ်တကျ ဖြစ်ဖို့ ၊ ရှေ့နောက် ညီဖို့ ၊ နောက်ထပ် လိုအပ်ချက် တစ်ခုက အဖေ သံသယ မဝင်ရအောင် ကျွန်တော့် အမူအရာတွေ ပီပြင်နေဖို့ပဲ ဖြစ်သည် ။
ဒီလိုနှင့် စက်ဘီး အပ်ထားသည့် လမ်းမတန်းက ဆိုင်ရှေ့ကို ရောက်လာခဲ့သည် ။ ကျွန်တော် ဖွင့်ပြော သင့်ပြီ ။ သို့သော် ဖွင့်ပြောလိုက်ဖို့ နှုတ်က မရဲ ။ အဖေ့ လက်သီးလား ။ လက်ဝါးလား ခန့်မှန်းရခက်သော ကံဆိုးမိုးမှောင် တစ်ခုခု ကျွန်တော့်အပေါ် အချိန်အခါမရွေး ကျရောက်လာနိုင်သည် ။ သို့သော် ကျွန်တော့်မှာ တွေဝေစဉ်းစားနေဖို့ အချိန် မရှိ ။ ဒီလို အခြေအနေမျိုး ရောက်အောင် ကျွန်တော်ပဲ ဖန်တီးခဲ့တာမဟုတ်လား ။ အိမ် ရောက်မှ ဆိုလျှင် အခြေအနေက ပိုဆိုးကောင်း ဆိုးသွားနိုင်သည် ။ ကျွန်တော့်ကို ဆိုင်ပြန် မသွားခိုင်းဘဲ ကျွန်တော့်အစ်ကို တစ်ယောက်ယောက်ကို သွားခိုင်းလိုက်လျှင် ကျွန်တော် ကြံစည်ထားသမျှ သဲထဲရေသွန် ဖြစ်ရတော့မည် ။ “ အဖေ ” ဟု ခေါ်ရန် အားတင်းပြီး ကျွန်တော် အဖေ့မျက်နှာကို ကြည့်မိစဉ်မှာပဲ အဖေက ...
“ ဟာ .. ဟေ့ကောင် မင်း ဆေးထုပ်တွေရော ပါရဲ့လား ၊ ကြည့်စမ်း .. ကြည့်စမ်း ”
ကျွန်တော် တုန်တုန်လှုပ်လှုပ်ဖြင့် တမင်တကာ ထည့်မလာသော ဆေးထုပ်ကို ပြူးပြဲရှာသည် ။ ရင် တစ်ခုလုံးက ကတုန်ကယင်နှင့် ဗြောင်းဆန်လို့ ။
“ တောက် … မင်းကွာ ၊ အသေအချာ ပြောထားရဲ့နဲ့ ၊ ကျန်ဖြစ်အောင် ကျန်တယ် ။ သွား ပြန်ယူ ။ ဈေးဝင်း မပိတ်ခင် မြန်မြန်သွား ။ ရော့ ... သော့ ၊ တံခါးကိုလည်း သေသေချာချာ ပြန်ပိတ်ခဲ့ ။ ရှိတာလေး သူခိုးလက်စာ မိသွားလို့ ဟုတ်ပေ့ ဖြစ်နေဦးမယ် ။ ဒီမှာ ငါ စက်ဘီး ထားခဲ့မယ် ။ မင်း အထုပ်ယူပြီး အိမ်ကို တန်းတန်းမတ်မတ် ပြန်လာခဲ့ ။ ဟိုဝင် ဒီထွက်တွေ လုပ်မနေနဲ့နော် ။ ဟေ့ကောင် … ငါပြောတာ ကြားလား ”
ကျွန်တော်ပဲ ကံကောင်းတာလား ။ အဖေပဲ ကံဆိုးတာလား ။ အခြေအနေ အရပ်ရပ်က ကွက်တိ ။ ကျည် တစ်ချက် မဖောက်ရဘဲ ဒီပွဲကို ကျွန်တော် သိမ်းနိုင်တော့မည် ။ အထိအခိုက် အဆုံးအရှုံး မရှိဘဲ ကျွန်တော် အောင်ပွဲခံနိုင်တော့မည် ။
အခြေအနေ အရပ်ရပ်ကို သဘာဝကျကျ ၊ ယုတ္တိရှိရှိ ၊ မြေစုဘူးကြီးနှစ်ဘူး အတွင်းရှိ ဘဏ္ဍာ မှန်သမျှ ကျွန်တော့် ရင်ဘတ်ထဲ ထိုးကြိတ်ထည့်သို နိုင်ခဲ့သည် ။ ဒါတောင် ဆိုင်ရှေ့က ဒေါ်စပ်စုက သူ့အလုပ်နှင့်သူ ရှုပ်နေရာက … “ ဟဲ့ ဘာကျန်ခဲ့လို့လဲ ” ဟု လှမ်းမေးနေသေးသည် ။
“ ဆေးထုပ် … ဆေးထုပ် ။ ဒီနေ့ လူနာပေးရမှာ ပြောတယ် ။ အဲဒါ ကျန်ခဲ့လို့ ”
“ အေး .. ယူပြီး မြန်မြန်သွား ။ နောက်ကျလို့ အဆော်ခံရဦးမယ် ”
လက်ထဲ ပိုက်ဆံ ရောက်လာပြီ ဆိုတော့ ကျွန်တော့်မှာ ရန်သူမျိုးငါးပါး ရန်ကလည်း ကြောက်ရသေးသည် ။ ဟိုနေရာ ဒီနေရာ သုံးလေးငါးနေရာထက် မနည်း စဉ်းစားပြီးတော့ အိမ်မကြီးနှင့် အတော်ကလေး ဝေးလံသည့် ရေအိမ်တံစက်မြိတ်သက်ငယ်မိုးကြား တစ်ညတာ ထိုးဝှက်ဖွက်ထားဖို့ စိတ်ကူးကောင်းကို ရလိုက်၏ ။
ဘာပဲဖြစ်ဖြစ် ကိုယ့်အရေးကိစ္စကိုသာ အရေးတကြီး ဖြေရှင်းဖို့ စိတ်ရောက်နေကြသဖြင့် ကျွန်တော် ဝှက်ထားသည့် ပိုက်ဆံထုပ်ကိုလည်း ဘယ်သူမှ စိတ်ဝင်စားကြလိမ့်မည် မဟုတ် ။ တစ်စုံတစ်ယောက် ရေအိမ်သွားတိုင်း ကျွန်တော့်မှာ အထိတ်တလန့်ဖြင့် မယောင်မလည် လိုက်ကြည့်ရသည်မှာ အမော ။ ညီအစ်ကို မောင်နှမထဲက တစ်ယောက်ယောက်ကများ တွေ့ သွားမလား ။ “ ဟာ ဒီမှာ အထုပ် တစ်ထုပ်ဟေ့ ။ ဘာ ထုပ်မှန်း မသိဘူး ” ဟုများ အလန့်တကြား ထအော် လိုက်လေမလား ။
အဲဒီတစ်ညလုံး စိုးတထိတ်ထိတ်ဖြင့် ကျွန်တော် အိပ်စက် မပျော်နိုင်ခဲ့ ။ ကျွန်တော့် အဝတ်အစားထဲက ကောင်းနိုးရာရာ ၊ အဖေ့ပုဆိုး ၊ အင်္ကျီအသစ်စက်စက် ၊ ခရီးဆောင်အိတ်ထဲထည့်၍ မိုးမလင်းခင် ကျွန်တော် လစ်ထွက်လာခဲ့သည် ။
ကျွန်တော်တို့ ညီအစ်ကို အများစုမှာ အိမ်က မပြေးဖူးသည့်သူရယ်လို့ မရှိ ။ ရက်ရှည်လများ မဟုတ်တောင်မှ ငါးရက်တန်သည် ၊ တစ်ပတ်တန်သည် အိမ်မှ ပြေးသည့်သူနှင့် ၊ ထန်ကုန် တစ်လအထိ ပြေးဖူးသည့် သူသာ ရှိပြီး ၊ ထိုခေတ်က ထောင်ဂဏန်းမျှသော ငွေကြေးကိုသာ ခိုးဝှက်ယူငင်၍ ထမင်းတစ်နပ် ၊ နှစ်နပ် အငတ်ဘေးကြုံသည်နှင့် အိမ်ကို ပြန်ပြေးလာတတ်ကြ သည် ။ ကျွန်တော်ကတော့ သူတို့ အားလုံးနှင့် ဆန့်ကျင်ဘက် ၊ ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမ အားလုံး သြချရသည်အထိ အိမ်မှာ ချမ်းသာသမျှ ကုန်သော ငွေ ကြေးဥစ္စာအားလုံးကို သိမ်းကျုံး ခိုးယူ၍ ကျွန်တော် အိမ်မှ ပြေးခဲ့သည် ။
ရန်ကုန် အောင်ဆန်း မှာ နေသည့် အစ်မဝမ်းကွဲ အိမ်မှာ တစ်လလောက် နေပြီး ကျွန်တော် ပျင်းသွားပြန်သည် ။ အစ်မက အိမ်ပြန်ဖို့ တိုက်တွန်းသော်လည်း အဖေ့ဒေါသကို သိထားသဖြင့် ဇွတ်မတိုက်တွန်းရှာ ။ ရွှေမြို့တော်ရန်ကုန်က ကျွန်တော်၏ စိတ်လေလွင့်မှုကို တစ်ခဏသာ ပြေငြိမ်းစေသည်မို့ ကျွန်တော် ခရီးဆန့်ဖို့ ဟန်ပြင်သည် ။ ပုသိမ်မှာ အဖေ့ညီ ဦးလေးစိန်ဝင်း ရှိသည် ။ သူက သောက်သောက်စားစားမို့ ၊ အဖေနှင့် သိပ်အဆင်မပြေ ။ ဦးလေးက ဟေလားဝါးလား ပျော်ပျော်ပါးပါး နေတတ်သူမို့ ကျွန်တော့်ကိုလည်း ဆူဆူပူပူ လုပ်မှာမဟုတ် ။
ယောက်ဖလုပ်သူက ပုသိမ် ရောက်တာနှင့် စီးရမည့်ကား ။ ဆင်းရမည့် မှတ်တိုင်ကို သေသေချာချာ ပြောပြပြီး သင်္ဘောလိုက်တင်ပေးသည် ။ ပုသိမ် ဦးလေးအိမ် ရောက်သည်အထိ ဘာအခက်အခဲမှ မရှိ ။ ဦးလေးက အိမ်မှာ မရှိ ။ ဝမ်းကွဲညီအစ်ကိုမောင်နှမတွေကလည်း ကျောင်းသွား နေကြသဖြင့် အိမ်မှာ အဒေါ်တစ်ယောက်သာ ရှိသည် ။
“ ဦးလေးရော အဒေါ် ” ဆိုတော့ အဒေါ်က “ အငယ် အိမ်သွားတယ် ” ဟု ငေါ့တော့တော့ ဖြေသည် ။ စိတ်ညစ်လို့ ကမ်းပါးလာထိုင်ပါတယ် ။ သပွတ်အူ မျောလာတာနှင့် တိုးနေပါပေါ့လား ဆိုသလိုပင် ။ အဒေါ်က သူ မတိုးချင်ဘဲ တိုးရသော ရာထူးအတွက် ဦးလေးနှင့် အိမ်တွင် စစ်ဖြစ်နေသည့် ကာလနှင့် တည့်တည့် တိုးနေခဲ့သည် ။ ကျဉ်းကျဉ်းကျတ်ကျုတ် ဝန်ထမ်းအိမ်ရာလေး ထဲမှာ ကျွန်တော် ပျင်းရိငြီးငွေ့နေခဲ့သည် ။ ဦးလေး ပြန် ရောက်လာတော့ ကျွန်တော့်ကို အပြစ်တော့ မတင် ။
“ အေးပေါ့ကွာ .. ဒီမှာ တစ်ပတ် ဆယ်ရက် နေပြီးရင် အိမ်ကိုပဲ ပြန်ပါကွာ ။ မင်းအဖေ စိတ်ပူနေလိမ့်မယ် ။ ဒီတစ်ခေါက် ရန်ကုန်သင်္ဘောပတ် ကြုံရင် မင်း လိုက်ခဲ့ ။ ဘူတာကြီး အထိ ငါလိုက်ပို့ပေးမယ် ”
ဦးလေးကို “ ဟုတ်ကဲ့ ” သာ လိုက်ရသည် ။ အိမ်၏ အခြေအနေက ဘာမှန်း မသိ ။ ဘာလိုလိုနှင့် ကျွန်တော် အိမ်က ထွက်လာခဲ့တာလည်း တစ်လခွဲလောက် ရှိနေပြီ ။ ညီအစ်ကိုမောင်နှမဝမ်းကွဲတွေ အဖြူအစိမ်း ကိုယ်စီနှင့် ကျောင်းက ပြန်လာတာ မြင်တော့ ကျွန်တော်လည်း ကျောင်းကို လွမ်းသည် ။ သူငယ်ချင်းတွေကိုလည်း လွမ်းသည် ။ အမေ့ကို သတိရလွမ်းဆွတ်မှုကြောင့် တစ်ယောက်တည်း ရှိနေလျှင် ငိုကြွေးနေမိတတ်သော်လည်း အမေကတော့ ကျွန်တော့်ကို ဘယ်လိုမှ ခွင့်လွှတ်နိုင်လိမ့်မည်မထင် ။
ကျွန်တော် အိမ်က ထွက်ပြေးလာရသည့် အကြောင်းပြချက်ကလည်း ခုချိန်မှာတော့ ရင်ထဲ ရေရေရာရာ မရှိတော့ ။ ကြက်ပျောက်လည်း အောင်နိုင် ၊ ငှက်ပျောက်လည်း အောင်နိုင် ၊ တစ်အိမ်လုံး ဝိုင်းခိုးသမျှ မလည်မဝယ် ခိုးမိသော ကျွန်တော့်သာ သူခိုး အဖြစ် ပုံချကြတာကို မခံချင်၍ အရွဲ့တိုက်သည့်စိတ်ဖြင့် ဒီစုဘူးကြီး နှစ်လုံးကို ကျွန်တော် ဖောက်မိခြင်းသာ ဖြစ်သည် ။
ကျွန်တော့် အတွေးထဲမှာတော့ အဖေ ဒေါသထွက် နေသည့် ပုံသဏ္ဌာန်ကို အမျိုးမျိုး ပုံဖော် တွေးကြည့်နေမိသည် ။ အဖေ ဘယ်လိုမှ ခွင့်လွှတ်နိုင်မှာ မဟုတ် ဟုလည်း ကျွန်တော် ယုံကြည်နေမိသည် ။
ဦးလေး ကိုယ်တိုင် ရထားပေါ် တင်ပေးပြီး အိမ်ကို တန်းတန်းမတ်မတ် ပြန်ဖို့ နားချသည် ။ ဖြူး ရောက်တော့ ကျွန်တော် အိမ်ကို တန်းတန်းမတ်မတ် မပြန်ရဲ ။ ရပ်ကွက်ထိပ် စက်ဝင်းထဲမှာ ဘောလုံး ကစားနေမည့် သူငယ်ချင်း မြင့်လွင်ကို သွားရှာသည် ။ အိမ်အကြောင်း ဒီကောင် ဘာတွေ သိထားလဲ ။ အဖေ ဘာပြောလဲ ။ အမေ ဘာပြောလဲ ။ ကျွန်တော့်အစ်ကိုတွေနှင့် တိုးပြီး ကျွန်တော် မြို့ကို ပြန်ရောက်နေပြီ ဆိုသည့် သတင်းပေါက် ကြားသွားမှာလည်း ကျွန်တော် ကြောက်သည် ။ မြင့်လွင် က ကျွန်တော့်ကို တွေ့တော့ ဘောလုံးကစားနေရာက နေ ပြေးလာသည် ။
“ ဟေ့ကောင် မင်း ဒီနားကို လာရဲသေးတယ်နော် ။ မင်းအဘိုးကြီး တော်တော် ပေါက်ကွဲနေတာဗျ ။ ပြန်ဖို့ မစဉ်းစားနဲ့ ။ မင်းကို အသေဆော်မယ့် သဘော ရှိတယ် ။ မင်းအမေလည်း မင်းစိတ်နဲ့ အိပ်ရာထဲ တစ်ပတ်လောက် လဲသွားသေးတယ် ။ ငါ့သားလေး ပိုက်ဆံလည်း မပါဘူး ။ ဘယ်မှလည်း သွားတတ်လာတတ်တာ မဟုတ်ဘူး ။ ထမင်းတော့ ငတ်ပါပြီ ။ ဒုက္ခတော့ ရောက်ပါပြီ ဆိုပြီးတော့ တငိုငို တရယ်ရယ် ဖြစ်နေတာ ။ ငါတို့ အိမ်ကိုလည်း မင်းအကြောင်း ခဏခဏ လာမေးတယ် ။ မင်း ဘယ်သွားမယ် ပြောသွားလဲ ၊ ဘယ်သူတွေ ပါသွားလဲ ၊ စုံနေတာပါပဲကွာ ။ မင်းအဖေကတော့ မင်း စုဘူးတွေ ဖောက်သွားတာကို မင်းအမေကို အသိမပေးဖို့ တစ်အိမ်လုံးကို ပိတ်ထားတာ ။ မင်းဘကြီးက မင်းအမေကို မကြည့်ရက်လို့ မပူပါနဲ့ ငါ့နှမရယ် ။ ဒီကောင် လူလည်ပါ ။ မငတ်အောင်တော့ ကြံတတ်ဖန်တတ်ပါတယ် လို့ သွယ်ဝိုက်တဲ့ နည်းနဲ့ သတိပေးပေမဲ့ မင်းအမေက နေ့ရှိသရွေ့ မင်းကိစ္စပဲ ပူဆွေးနေတော့ ကြာရင် အိပ်ရာထဲ ဗုံးဗုံးလဲသွားမှာ စိုးလို့ သူ့ယောက်ဖ ၊ မင်းအဖေ တားထားတဲ့ကြားက မင်းစုဘူးတွေ ဖောက်သွားတဲ့ အကြောင်း ၊ နင့်ရွှေမမနှဲ ပိုက်ဆံတောင် အဆစ် ပါသွားသေးတယ် ဆိုမှ မင်းအမေလည်း တစ်ခါတည်း နာလန် ထသွားတော့တာပဲ ။ ဟဲဟဲဟဲ .. မင်းကိုလည်း လုပ်ရက်ပါပေ့ ။ တွေ့ အောင်သာရှာ ။ ရောက်လာရင် တွေ့မယ် ဆိုပြီး ဓားကြိမ်း ကြိမ်းနေတော့တာပဲ ။ မင်းတော့ ဆွဲမယ့် လူလည်း မရှိဘူး ။ မင်း ပြန်ဖို့ မကြိုးစားနဲ့ ၊ အဲ ငါ့အိမ်လည်း မလိုက်နဲ့ ။ မင်း အဘိုးကြီးကို ငါ ကြောက်တယ် ”
မြင့်လွင်က ကျွန်တော့်အိမ် အခြေအနေနှင့်ပတ်သက်ပြီး ဖောက်သည်ချသည် ။ ဖြစ်ချင်ရာဖြစ် အဖေ ပေးသမျှ အပြစ်ကို ခံယူမည်ဟူသော ကျွန်တော့် အတွေး တွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည် ။ လောလောဆယ် ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ။ အထူးသဖြင့် ဒီတစ်ညကို ဘယ်မှာ စတည်းချရမလဲ ဆိုတာကိုပေါ့ ။ နောက်တော့ ကျွန်တော်တို့ လမ်းထဲကနေ မြို့စွန်ရပ်ကွက်ကို ပြောင်းရွှေ့သွားသည့် အောင်ကိုလတ်တို့ မိသားစုကို သွားသတိရသည် ။ သူတို့ တစ်မိသားစုလုံးနှင့်က လူရင်းတွေမို့ ဒီကောင် အိမ်မှာ ရှိမနေလည်း ပြဿနာ မရှိ ။ သူငယ်ချင်း အောင်ကိုလတ် အိမ်ရောက်တော့ သူ့မိဘများကလည်း ကိုယ့် အိမ်ကိုယ် ပြန်ဖို့သာ တိုက်တွန်းကြသည် ။ မိဘချင်းကလည်း ရင်းနှီးကြသည်မို့ လက်ခံထားလျှင် အပြစ် ဖြစ်လိမ့်မည်ဟု ဆိုသည် ။ ကျွန်တော့်သူငယ်ချင်းက “ ဒီကောင် အိမ်ပြန်ရင် အနွှာ ခံရမှာပေါ့ အမေရ ” ဟု ဝင်ပြောတော့ သူ့အမေက “ မိဘနဲ့ သားသမီးပဲကွယ် ။ ရိုက်လည်း ခဏပေါ့ ။ သ,တ်တော့ မပစ်ပါဘူး ။ အေးလေ ... ဘာပဲဖြစ်ဖြစ် ငါ့တူကလည်း လိမ္မာမှပေါ့ကွယ် ။ ဘယ်မိဘပဲ ဖြစ်ဖြစ် ကိုယ့်သားသမီး အိမ်ရောက်ချိန် ပြန်မရောက်ရင် မျှော်တတ် ပူတတ်ကြတယ်ကွယ့် ။ အန်တီလည်း အမေတစ်ယောက်ပဲ ။ မိဘချင်း ကိုယ်ချင်းစာလို့ပါကွယ် ။ ဒီညတော့ အိမ်မှာပဲ အိပ်လိုက် ။ မနက်ကျတော့ ငါ့တူ ကိုယ့်အိမ်ကိုယ် ပြန်ပေါ့ကွယ် ။ အန်တီတို့ လက်ခံထားတာ သိရင် မင်းမိဘတွေက စိတ် ဆိုးကြမှာ ”
ကျွန်တော် အင်းမလုပ် အဲမလုပ်နှင့် သူငယ်ချင်း အမေ ပြောသမျှကိုသာ ငြိမ်ဆိတ်စွာ နားထောင်နေခဲ့မိ၏ ။ အိမ်နှင့်ပတ်သက်၍ ကြားရသည့် သတင်းစကားတွေကလည်း အိမ်ပြန်ရဲစရာ မရှိအောင် ယမ်းပုံမီးကျ ဖြစ်နေကြသည်မို့ ဘာဆက်လုပ်ရမလဲဆိုတာကို တစ်ညလုံး စဉ်းစားနေခဲ့မိသည် ။
မနက်စောစော လူကြီးတွေ မနိုးခင် သူငယ်ချင်းကို နှိုးပြီး မြို့ထဲကို ထွက်လာခဲ့သည် ။ ကျွန်တော့် ပခုံး ပေါ်က ခရီးဆောင်အိတ်ကို မြင်တော့ သူငယ်ချင်းက “ မင်း အိမ်မပြန်ဘူးလား ။ ဘယ်သွားဦးမလို့လဲ ” တဲ့ ။
“ ငါ အိမ်မပြန်ရဲဘူးကွာ ။ အိမ်ပြန်ရင် အဖေက ငါ့ကိုသ,တ်မှာ ” ဆိုတော့ သူငယ်ချင်းက ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေသည် ။ သူလည်း ဘာမှ အကြံမပေး တတ် ။ အတန်ကြာမှ “ ဒါဆို မင်း ဘယ်သွားမလဲ ” ဟု ကျွန်တော့်ကို မေးသည် ။
“ ငါ မန္တလေးကို သွားမယ်ကွာ ။ ငါ့အစ်ကိုကြီး ကျောင်းခေါ်ထားပေးလို့ တစ်နှစ် သွားနေခဲ့တာ မင်း မှတ်မိတယ် မဟုတ်လား ။ အဲဒီမှာ ငါ့သူငယ်ချင်းတွေ ရှိတယ် ။ ပြီးတော့ ငါနဲ့ခင်တဲ့ လူကြီးတွေလည်း ရှိတယ် ။ သူတို့ကို အကူအညီ တောင်းပြီး တစ်ခုခုတော့ လုပ်ရမှာပေါ့ကွာ ။ ဟိုရောက်မှ မီးစဉ်ကြည့် ကရမှာပဲ ”
ကျွန်တော်တို့ ဘူတာကို ရောက်တော့ လက်မှတ်တောင် ရောင်းနေပြီ ။ ဘူတာမှာ သိပ်ကြာကြာ မစောင့်လိုက်ရ ။ ရထားဝင်ချလာသည် ။
နေရစ်တော့ မြို့ကလေးရေ ... ဟု အသံမဲ့ ရေရွတ် နှုတ်ဆက်ခဲ့မိပါပေါ့ ။ ထိုစဉ်က မြို့ကလေးကို ကာလ ရှည်ကြာစွာ ခွဲခွာထားခဲ့ရတော့မည်ဟု ကျွန်တော် ထင်မြင်ခဲ့မိပါ၏ ။ ဒါသည် ကျွန်တော့် အထင်ပဲ ဖြစ်ခဲ့ပါသည် ။
ကိုယ် စီစဉ်ချင်သလို စီစဉ်၍ မရသည့်အထဲမှာ ‘ ဘဝ ’ ဆိုတာ ထိပ်ဆုံးက ပါဝင်ခဲ့ကြောင်း ထိုစဉ်က ကျွန်တော် မသိခဲ့ပါ ။
••••• ••••• •••••
မန္တလေး ရောက်ရင် သူငယ်ချင်းတွေနဲ့ တွေ့မည် ။ မိတ်ဆွေတွေဆီ သွားမည် ။ ပြီးတော့ သူတို့ အကူအညီကို ရယူ၍ ရရာ အလုပ်တစ်ခုခု ဝင်လုပ်မည်ဟူသည့် အတွေးများစွာဖြင့် ကျွန်တော် အိပ်မက် မက်နေခဲ့ပါ သည် ။ သို့သော် ကျွန်တော့် အိပ်မက်တွေကို အခန်းဆက် မက်ခွင့်မပေးခဲ့သူကတော့ အစ်ကိုကြီးပဲ ဖြစ်ပါသည် ။
မန္တလေးကနေ ဗထူးကို အစ်ကိုကြီး အလုပ်တာဝန်နှင့် ပြောင်းသွားခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ယခု ကျွန်တော် ရောက်ရှိနေသည့် ပတ်ဝန်းကျင်မှာ အစ်ကိုကြီးနှင့် မကင်းသော ပတ်ဝန်းကျင်မို့ ကျွန်တော် မန္တလေး ရောက်နေသည့် သတင်းကို သူ့ သူငယ်ချင်းတွေ ဆီကနေ တစ်ဆင့် ရသွားသည် ။ သူက တစ်ဆင့် အိမ်ကို အကြောင်းကြားလိုက်တော့ အဖေက အစ်ကိုလတ်ကို ကျွန်တော့် ခေါ်ဖို့ မန္တလေး လွှတ်လိုက်သည် ။ အစ်ကိုကြီးကလည်း ဗထူး ကနေ မန္တလေးကို အလုပ်တာဝန်နှင့် လိုက်လာခဲ့သည်မို့ ကျွန်တော့်မှာ ပြေးစရာ မြေမရှိတော့ ။
“ ပြန်လိုက်ခဲ့ပါ ငါ့ညီရယ် ။ အဖေက မင်းကို ချစ်ပါတယ် ။ သူ့ဝသီအတိုင်း ဒေါသကြီးတာ တစ်ခုက လွဲရင်ပေါ့ကွာ ။ အခုလည်း အစ်ကိုကြီး ဖြူးကို ဖုန်းဆက်တော့ သစ်တောရုံးက တယ်လီဖုန်း လက်ခံတဲ့သူက မင်း ဆေးရုံ ရောက်နေတယ် ဆိုပြီး အိမ်ကို လာပြောသွားတာ ။ အဖေရော အမေရော ပျာယာခတ်ကုန်ကြတာပဲကွာ ။ ဖုန်းလိုင်းတွေက မကောင်းတော့ အစ်ကို့ဆီ ပြန် ဆက်သွယ်လို့လည်း မရဘူး ။ ဟိုက လူတွေရဲ့ အထင်က ငွေတွေလည်း ပါသွားတော့ လူကို ရိုက်လုတယ် ထင်ကြတာ ။ ချက်ချင်းလိုက်သွား ၊ ရောက်ရောက်ချင်း အခြေအနေ ဘယ်လိုရှိတယ် ဆိုတာ ငါ့ကို ဖုန်းပြန်ဆက် ခိုင်းထားတာ ။ အဖေရော ၊ အမေရော မင်းအတွက် သိပ် စိတ်ပူနေကြတယ် ။ မမိုက်ပါနဲ့ ငါ့ညီရယ် ။ အိမ်ကိုသာ ပြန်လိုက်ခဲ့ပါ ”
ကျွန်တော့်အတွက် စိတ်ပူနေကြသတဲ့လား ။ ကျွန် တော့်ကို အချိုသတ် ခေါ်တာမျိုးရော မဖြစ်နိုင်ဘူးလား ။ အဲဒီလို မယုံသင်္ကာစိတ်တွေကလည်း ကျွန်တော့်ဆီမှာ အပြည့် ။ အထူးသဖြင့်တော့ အဖေ့စိတ်ကို ကျွန်တော် မခန့်မှန်းနိုင်ခဲ့ ။ အစ်ကို နှစ်ယောက်ကတော့ ဘာမှ မဖြစ်စေရဘူး ဆိုတာကို ရဲရဲကြီး အာမခံနေသည် ။
နောက်တော့ ကျွန်တော် ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်၏ ။ ကိုယ်က အပြစ်တစ်ခုကို ကျူးလွန်ပြီးပြီပဲ ။ အပြစ်ပေးခံရဖို့ ဘာကို ကြောက်ရွံ့ နေရမလဲ ။ ရိုက်ချင် ရိုက် ၊ သ,တ်ချင်သ,တ်ပေါ့ ။ ကျွန်တော့်ကို အချိုသတ် ခေါ်တာ ဆိုရင်လည်း နောက်တစ်ကြိမ် အိမ် ထပ်ပြေးရုံပေါ့ ။ အဲဒီလို စိတ်အတွေးတွေနဲ့ ကျွန်တော် အိမ်ပြန်လိုက်ခဲ့သည် ။
တစ်လမ်းလုံးရှိ အိမ်တိုင်းစေ့ နီးပါး ကျွန်တော့်ကို ထွက်ကြည့်နေကြသည် ။ ကျွန်တော့် ခြေလှမ်းတွေက နှေးတုံ့လေးကန်လျက် ။ အိမ်နား ရောက်ခါနီးလေ စိတ် ဖိစီးမှုတွေကို ထမ်းပိုးထားရသောကြောင့် ခြေလှမ်းတိုင်းက အားမပါလေ ဖြစ်ခဲ့ရသည် ။
တစ်လမ်းလုံးက ကျွန်တော်နှင့် အဖေ၏ ထိပ်တိုက် ရင်ဆိုင်ပွဲအပေါ် စိတ်ဝင်တစား ရှိနေခဲ့ကြသည် ။ ကျွန်တော့်ကို ဝိုင်းကြည့်နေသော သူတို့၏ မျက်လုံး အကြည့်များက ကားစင်ဆီ သွားနေသော အပြစ်သား တစ်ယောက်ကို မကြာခင် ကိစ္စပြတ်တော့မှာပါလားဟု ကရုဏာထား သနားနေကြသည့် မျက်လုံး အကြည့်မျိုးတွေ ဟု ကျွန်တော် ဘာသာပြန်၍ နေခဲ့သည် ။
ကျွန်တော် ခြံထဲ ဝင်လာတာကို အဖေ လှမ်းကြည့်နေသည် ။ ကျွန်တော် အဖေ့ကို မမြင်သလို မတွေ့သလို ခေါင်းငုံ့လျှောက်နေလိုက်သည် ။ ကျွန်တော့် ညီအစ်ကိုတော်များ ၊ မရီးများက ခေါင်းရင်းခြေရင်း မမြင်ကွယ်ရာကနေ ချောင်းမြောင်းလို့ ။
ကျွန်တော့် တစ်ကိုယ်လုံး ကတုန်ကယင်နှင့် ။ လှေကားထစ်တွေကိုပင် မနည်း အားယူ တက်နေရသည် ။ အစ်ကိုလတ်က ရထား နောက်ကျကြောင်း ၊ မန္တလေး ကနေ အစ်ကိုကြီး ဗထူးကို ပြန်သွားပြီ ဖြစ်ကြောင်းတွေ အဖေ့ကို လှမ်းပြောနေသည် ။ ကျွန်တော် ခေါင်းကို ငုံ့ ၊ မျက်လွှာကို ချ၍ အဖေ့ အရိပ်အခြည်ကိုသာ နားစွင့်နေမိသည် ။ အဖေ့မျက်နှာကိုလည်း ရဲရဲ မကြည့်ဝံ့ ။ အမေ့ကို စစ်ကူလည်း မတောင်းရဲ ။
ကျွန်တော့် အဖြစ်က ချိန်ခါမရွေး ထပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးတစ်လုံး၏ အနီးဆုံးမှာ ထိုင်နေမိသူ တစ်ယောက်လို အသက်ရှူဖို့ပင် မေ့နေခဲ့သည် ။
“ အဟမ်း ”
ဆတ်ခနဲ တုန်ခါသွားပြီး ဖျတ်ခနဲ အဖေ့ကို မော့ ကြည့်မိသည် ။ အဖေ့ ချောင်းဟန့်သံသည် ဧည့်ခန်း တစ်ခုလုံးကို လွှမ်းခြုံထား၏ ။ အဖေက ကျွန်တော့်ကို စူးစူးနစ်နစ် ကြည့်လျက် ။ ကျွန်တော် မျက်လွှာပြန်ချလိုက်စဉ် မှာပဲ “ မင်း ပြန်လာပြီလားကွ ” တဲ့ ။
“ ဟုတ် … ဟုတ်ကဲ့ အဖေ အဖေ ” ဆိုတော့ “ ပျော်သလားကွ ” တဲ့ ။
ကျွန်တော် ပျော်တယ်လို့ ပြောလိုက်ရမှာလား ။ ဒါမှမဟုတ် “ မပျော်ပါဘူး အဖေရာ ” ဟု အလိုက်သင့်လေး မျှောလိုက်ရမှာလား ။ တော်တော် အဖြေရ ကျပ်တဲ့ အနေအထားမှာ ကျွန်တော့်ရဲ့ ရွှေချထားဖို့ ကောင်းတဲ့ ပါးစပ်က “ ဒီလိုပါပဲ အဖေရယ် ” ဟု ပြောဖြစ်သွားသည် ။ အဖေ အတန်ကြာ တိတ်ဆိတ်သွားသည် ။ ဧည့်ခန်းထဲမှာ ကျွန်တော့် အသက်ရှူသံက လိုအပ်တာထက် ပိုကျယ်လောင်နေသည်ဟု ကျွန်တော်ထင်သည် ။
“ အေးပေါ့ကွာ ၊ ကိုယ် လုပ်ချင်တာ လုပ်ခဲ့ပြီးရင်တော့ ကောင်းကောင်းမွန်မွန် နေပေါ့ ။ ရှေ့ကို ဘာဆက်လုပ်မယ် ဆိုတာလည်း စဉ်းစားထားပေါ့ ။ ကဲ ... သွား သွား ” တဲ့ ။
ကျွန်တော့် တစ်သက်မှာ တစ်ခါမှ မကြားဖူးသော အဖေ့လေသံ ၊ မကြုံခဲ့ မတွေ့ခဲ့ဖူးသော ရင့်ကျက်တည် ငြိမ်မှုနှင့် နူးညံ့သည့်စကားလုံးများကို ကျွန်တော် ကြားနေ ၊ မြင်နေ ၊ တွေ့နေရတာပါလား ။ အဖေ့ရဲ့ ပေါက်ကွဲတတ်သော ဒေါသတွေ ဘယ်ဆီကို ရောက်ရှိနေခဲ့ပါသလဲ ၊ ကျွန်တော် အိပ်မက်များ မက်နေခဲ့တာပါလား ။ မဖြစ်နိုင်ပါ ။ ကျွန်တော် မျှော်လင့်ထားခဲ့သည်က အဖေ့ရဲ့ ဒေါသနဲ့အတူ ပေါက်ကွဲပွင့်ထွက်လာမယ့် စကားလုံး ကြမ်းကြမ်းတွေ ။ ပြီးတော့ ကျွန်တော့် ခန္ဓာကိုယ်ပေါ် အရှိန်နဲ့ လွင့်ကျလာမယ့် ကြိမ်ဒဏ်တွေ ... ။
ကျွန်တော် အရာ အားလုံးအပေါ် မယုံကြည်နိုင်စွာ ဧည့်ခန်းဆောင်ကနေ အိမ်နောက် မီးဖိုဆောင်ဆီ လျှောက်လာစဉ်မှာပဲ အဖေက ...
“ နေပါဦးကွ ၊ ငါ တစ်ခုလောက် မေးစမ်းပါရစေကွာ ” တဲ့ ။
ကျွန်တော့်ရဲ့ လှမ်းလက်စ ခြေလှမ်းတွေ အလိုလို ရပ်တန့်သွားကြသည် ။ အဖေ ဘာများ မေးချင်ပါလိမ့် ဆိုတဲ့ စိတ်အတွေးနဲ့ လှည့်ကြည့်လိုက်မိ၏ ။
“ မင်း အဲဒီ စုဘူးတွေကို ဒေါက်ခနဲ ထိုးဖောက်လိုက်တဲ့ အချိန်မှာ အဖေ့ မျက်နှာလေးကို ကွက်ခနဲ ပြေး မမြင်ဘူးလား ငါ့သားရာ ” တဲ့ ။
ကျွန်တော့် မျက်ဝန်းက မျက်ရည်တွေ ဒလဟော ဆီးသွန်ကျလာခဲ့ပါသည် ။ “ အဖေရယ် ” လို့ ဗလုံးဗထွေး ရေရွတ်မိတဲ့ ကျွန်တော့် အသံထက် ကျွန်တော့် ရှိုက်သံတွေက ပိုလို့များတောင် ကျယ်လောင်နေမလား ။ ကျွန်တော် အဖေ့ နှလုံးသားကို သေသေချာချာ မြင်တွေ့ခွင့် ရလိုက်ပါပြီ ။
ဒါဟာ ကျွန်တော့် တစ်ဘ၀စာလုံး အတွက် ကြီးစွာသော အလှည့်အပြောင်း ဖြစ်စေခဲ့သည့် ကျွန်တော်နှင့် အဖေ့ ကြားက ဂန္ထဝင်မြောက် စကားလုံးတွေ အဖြစ် ကျွန်တော့် နှလုံးသားထဲ ၊ ကျွန်တော့် သွေးလှည့်ပတ်မှုများထဲ ဒီနေ့ထိ စီးဆင်း ပဲ့တင်ထပ်နေခဲ့လေသည် ။
ကျွန်တော် အဖေ့ကို မုန်တိုင်းဟု ထင်ခဲ့သည် ။
တကယ်တော့ အဖေသည် ကျွန်တော့်ဘဝအတွက် လေပြည်ညင်းလေးသာ ဖြစ်ခဲ့ပါသည် ။ ထို့အတူ ကျွန်တော်လည်း ကမ်းမြင်အောင် လမ်းထွင် လှော်ခတ်နိုင်ခဲ့သော လှေတစ်စင်းအပေါ် ရှိနေခဲ့လေသည် ။
▢ ဧပရယ်နွေ
📖 မဟေသီ မဂ္ဂဇင်း
ဇွန် ၊ ၂၀၁၄
No comments:
Post a Comment