( မြယမင်းသူ - နည်းပညာ )
၁ ။
“ အီး ... ဟီး ... ဟီး ”
စူးသော်လည်း အသံက တိမ်သည် ။ ငိုသံ မကျယ်လှ ။ ကွန်ပျူတာတွင် ၂၀၁၅ အော်တိုကပ်နှင့် အလုပ်ရှုပ်နေသော ကျွန်မ မောက်ပေါ်က လက်ကို ခဏတန့်၍ နားစွင့်ဖြစ်၏ ။ ဆူဆူညံညံ ကလေးအုပ် ဆော့ကစားသံက ခုမှ နားထဲ သဲသဲကွဲကွဲ ကျွန်မ ကြားမိသည် ။ စာကြည့်တိုက် ရှေ့မှာ ကလေးအုပ်က ကစားစရာမျိုးစုံနှင့် ညနေတိုင်း ဆော့ကစားကြသည်ကို ကျွန်မက စိတ်မရှည်ချင်ပေ ။ ကျောင်းက အပြန် မောမောနှင့် အိမ်ဝင်၍ တော်တော်နှင့် မရ ။ ဆိုင်ကယ်ကို ရပ်ပြီး ဟွန်းတတီတီ တီးမှ လူစုကို ရှဲပေးသည့်အခါ ကျွန်မ စိတ်မရှည်စွာ မကြာခဏ အော်ငေါက်သည်ထိ ဒေါသ ဖြစ်ရသည် ။ အဖေ ရှိလျှင်မူ မအော်ရဲ ။ အဖေက သည်ကလေးအုပ်စုကို ကျွန်မ အော်လျှင် မကြိုက် ။ ကျွန်မအား ပြန်ငေါက်လေတော့ သည်အုပ်စုက ကျွန်မအား မကြောက်ပါလေ ။ သူတို့ ကစားစရာ အရုပ်နှယ် ကျွန်မအား သဘောထားလေလား မသိ ။ သောက်ရေအိုးမှ ရေအိုးကို ဂလုံဂလွမ် မြည်အောင်လှပ်၍ အမောပြေ သောက်ကြသေးသည် ။ ပြီးလျှင် ဂျာနယ်အဟောင်းပုံကို မွှေကြဖွကြ ၊ မင်းသမီး မင်းသားပုံတွေ ကြည့်ကြနှင့် အားရအောင် ဖွပြီးသည့်အခါ လမ်းပေါ် ကစားဝိုင်း ပြန်ဖွဲ့ ကြပြန်သည် ။
အဖေကမူ သည်မျောက် လောင်းများကို ပြုံးပြုံးကြီး ကြည့်၍ ကျေနပ်သည့်တိုင် ကျွန်မက ထိုမျှ ခန္တီပါရမီ မရှိ ။ ခု သည်အုပ်စုထဲ အပုလေး ဘယ်ချိန်က ရောက်လေပြီ မသိ ။
“ အီး ... အိ ... ဟင့် ... အဟင့် ”
ကျိတ်ငို ကျိတ်ရှိုက်သံက အပုလေးငိုသံဟု ကျွန်မ အသိတရားက ဆုံးဖြတ်ပြီးချိန်၌ ကွန်ပျူတာ ရှေ့မှ ထ , ဖြစ်လိုက်မိပြီ ။
••••• ••••• •••••
၂ ။
မိသားစု နည်းသော ကျွန်မတို့ အိမ်တွင် အပုလေး ရောက်ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်တတ်သေးပါလေ ။ အဖေ့ အဆက်အသွယ်နှင့် အပုလေး ကျွန်မတို့အိမ် ရောက်လာခြင်းလည်း ဖြစ်ပါလေ၏ ။ ရွာမှ ပြည်နယ်တွေဘက် အလုပ်ထွက်လုပ်ရင်း တိုင်းရင်းသူ တစ်ယောက်နှင့် အိမ်ထောင်ကျသော ဆွေမျိုး မကင်းသည့် အစ်ကို့သမီး ဖြစ်၏ ။
တိုင်းရင်းသူသွေး ပါ သောကြောင့် အပုလေးက အသားဖြူဖွေး၏ ။ ၄ နှစ်ဆိုသော အသက်နှင့် စာလျှင်မူ ဖွံ့ဖြိုးမှု အားနည်းသည် ။ အပုလေးမိခင်နှင့် ဖခင်သည် အိပ်ပျော်နေသော အပုလေးကို တောင်ယာထဲတွင် တစ် ယောက်တည်း ထားခဲ့၍ မနက်အစောကြီး ထပြီး လုပ်ငန်းခွင် ဝင်ကြရှာသည်ဟု အကြမ်းဖျင်းသာ ကျွန်မ သိရသည် ။
လေးနှစ်ကျော်ပြီ ဖြစ်သော အပုလေး ပညာရေးအတွက် သူတို့ အနီးတွင် ကျောင်းမရှိပါလေ ။ သို့အတွက် အကူအညီ တောင်းလာသည့်အခါ အဖေက အပုလေးကို ကျောင်းထားပေး ၊ မွေးစားပေးဖို့ အလွယ်ပင် လက်သင့်ခံခဲ့သည် ။ ကျွန်မ အတွက် အဖော်ရသည်မို့ ထူးထူးခြားခြားတော့ မခံစားမိ ။ အပုလေး ရောက်လျှင် ကျွန်မ အိပ်ရာတွင် သိပ်ရန် အဖေ အရေးဆိုသည်ကိုလည်း မငြင်းဆန်မိ ။ အကြောင်းမူကား အပုလေးက ကောင်မလေး ဖြစ်နေခြင်းကြောင့်ဖြစ်သည် ။
••••• ••••• •••••
၃ ။
ရွာမှ အရောင်းအဝယ် သွားသည့် လူကြုံနှင့် အပုလေးအား မိုးဖွဲဖွဲ ကျသောနေ့တွင် သူမ အဖေအမေက ထည့် ပေးလိုက်ရာ အပုလေးသည် ကျွန်မတို့ အိမ်သို့ ရောက်လာခဲ့လေသည် ။ အမေနှင့် ကျွန်မက အပုလေးအား စကားစမည် ပြောသည့်တိုင် အဖေ ကမူ တစ်ခွန်းမျှ မဟ ။ ဖတ်လက်စ စာအုပ်ကို လဲလျောင်းရင်း ဆက်ဖတ်နေခဲ့၏ ။
အပုလေးကား အစက ကျွန်မတို့ မေးသမျှကို မဖြေ ။ ခေါင်းကိုသာ အတွင် ငုံ့နေရှာ၏ ။ နားမလည်သည်တော့ မဟုတ် ၊ အဖေက ဗမာ ဖြစ်သောကြောင့် အပုလေး ကျွန်မတို့ ပြောသည်ကို ကောင်းကောင်း နားလည်နိုင်ပါသည် ။
ခေါင်းညိတ် ၊ ခေါင်းခါ အပုလေး မကြာခဏ လုပ်ပြ နေသည်မှာ နားလည်၍ ဖြစ်သည် ။ ရံဖန်ရံခါ အပုလေး ပြန်ပြောသည့် တိုင်းရင်းသား စကားကိုမူ အမေရော ၊ ကျွန်မပါ နားမလည်ပါပေ ။
အပုလေးသည် ကျွန်မတို့နှင့် စကားပြောနေရာက စာဖတ်နေသော အဖေ့အား ခိုးခိုးကြည့်၏ ။ စာအုပ်စင်ပေါ် က စာအုပ်များစွာကို ဝိုင်း လည်နေသော မျက်ဝန်းများနှင့် ငေးရှာသည် ။ TV ကိုမူ မကြည့် ။ မကြာခဏ ရောက်ရောက်သွားသည့် အပုလေး အကြည့်များက အဖေ့ဆီကိုသာ တရစ်ဝဲဝဲနှင့် ။
အဝတ်ကလေး သုံးစုံမျှသာ ပါသော အထုပ်ကလေးကိုမူ အပုလေးက ရင်ခွင်ထဲက မချ ။ ကျွန်မက ရေချိုးရန် နေရာကို ပြရ၏ ။ ရေလောင်းအိမ်သာ သုံးစွဲနည်းကို သင်၏ ။ ကျွန်မနှင့် အတူ အိပ်ရမည့် အိပ်ရာကို ပြသည် ။ စင်ပေါ်မှ စာအုပ်များကို ယူကြည့်လို့ရကြောင်း အသိပေး၏ ။ ကြောင်အိမ်ထဲတွင် ထည့်ထားသော ဟင်းများကို အချိန်မရွေး ယူစားလို့ ရကြောင်း ပြောဖြစ်၏ ။
သို့နှင့် အပုလေးမှာ ထိုနေ့က စ၍ ကျွန်မတို့ အိမ်သူ ဖြစ်သွားလေတော့၏ ။
••••• ••••• •••••
၄ ။
အပုလေးနှင့် ကျွန်မ၏ ဦးဆုံးည အတွေ့အကြုံမှာ ညဦးပိုင်းတွင် ပြဿနာ မရှိ ။ ကျွန်မနှင့် အပုလေး ထမင်း အတူ စားကြသည် ။ TV က လာသည့် ဇာတ်ကားများကို ကြည့်သည် ။ အဖေက အိမ်တွင် နေ့ရောညပါ အနေနည်းသူ ဖြစ်ပါသည် ။
နေ့ခင်းက ရေချိုးခဲ့သော အပုလေးက ညနေပိုင်းတွင် ရေတစ်ခါ ချိုးသောအခါ အပုလေး တစ်နေ့ ရေနှစ်ကြိမ် ချိုးသည်ကို ကျွန်မ သတိပြုမိပြန်၏ ။ အိပ်ရာဝင်ခါနီး ကျွန်မ ဘုရားကို ဦးချသည် ကိုလည်း အပုလေး ရပ်ငေး ၏ ။
“ အပုလေး လာလေ ”
ကျွန်မခေါ်သံ အဆုံးမှာ အပုလေး အစက ဦးခေါင်းကို ယမ်းခါ၏ ။ ခဏနေမှ ကျွန်မ မျက်နှာ တစ်ချက် ကြည့်ပြီး နံဘေးမှာဝင် ပုဆစ်တုပ်ကာ ဦးချ၏ ။ ဤသည်ကို အဖေ ဘယ်အချိန်က ရောက်၍ ကြည့်နေမှန်း မသိ ။ ထမင်းစားခါနီးတိုင်း ပန်းကန်ရှေ့ချ၍ “ အာမန် ” ဆိုသည့် အပုလေး စကားကို ကျွန်မ နားမလည်ခဲ့တာ အမှန် ။
“ နောက်ကလေးကို အဲလို မလုပ်နဲ့ ”
အဖေ့အသံ နည်းနည်း မာသည်ဟု ကျွန်မ ထင်မိလေ၏ ။
“ အဖေကလည်း ဘုရား ရှိခိုးဦးချခိုင်းတာကို ”
“ တော် ”
ကျွန်မတို့ နှစ်ယောက်လုံး အိပ်ရာပေါ် ရောက်သည် အထိ စကား မပြောဖြစ်ကြတော့ ။ ကျွန်မလည်း မည် သည့်အချိန် အိပ်ပျော်သွား မှန်းပင် မသိ ။ တစ်ရေးနိုးတော့ နံဘေးမှာ အပုလေးကို စမ်းကြည့်ရာ အပုလေးကား ကျွန်မဘေးမှာ မရှိပါလေပြီ ။
ခေါင်းနားပန်းကြီးစွာ ကျွန်မ အိပ်ရာက လူးလဲထ ဖြစ်သည် ။ မီးကို ဖွင့်သည် ။ မိန်းခုံနားက အိမ်မီးအားလုံးကို ဖွင့်ချလိုက်သည် ။ သည် တော့မှ ဗီရိုကို မှီ၍ မတ်မတ်ရပ်ကာ အသံတစ်ချက်မျှ မထွက်လေဘဲ မျက်ရည်တွေတွေ ကျနေသော အပုလေးကို မြင်ရတော့သည် ။
ကျွန်မ ငယ်ငယ်က အဖေ အကြာကြီး ပြန်မလာသည့် နေ့ရက်တွေတွင် ဖြစ်တတ်သည့် ခံစားမှုများက ဝေဒနာအသစ်လို ဖြစ်ကာ အပုလေးကို စာနာစွာဖြင့် ရင်ခွင်တွင်း ထွေးပွေ့လိုက်မိသည် ။
“ မငိုနဲ့နော် အပုလေး ၊ လာ ပြန်အိပ်မယ်နော် ”
ထိုညက ကျွန်မ ရင်ခွင်တွင်း ကိုယ်လုံးလေး တုန်ရုံ ရှိုက်ရင်း အပုလေး အိပ်ပျော်သွားခဲ့ရှာပါသည် ။
••••• ••••• •••••
၅ ။
ကျွန်မနှင့် အပုလေး ရင်းနှီးကျွမ်းဝင်နေသည့်တိုင် အဖေနှင့် အပုလေး ဆက်ဆံရေးက ကျဲကျဲပါးပါး ရှိလှ၏ ။ အဖေက အပြင်မှာ အနေများသည့်တိုင် ကျွန်မက အပုလေး အခြေအနေကို ဓာတ်ပုံများဖြင့် Viber မှ ပို့ပေးဖြစ်ခဲ့သည် ။
“ ကလေးက အဖေ့ကို ကြောက်နေတာ ၊ ခဏခဏ ခိုးခိုးကြည့်တယ် ”
ထိုသို့ ကျွန်မ စာပို့လျှင် အဖေ့ဆီက ပြန်စာက “ ငါသိတယ် ” မျှသာ တိုတိုဖြစ်၏ ။
“ Father ကလေးနဲ့ ရင်းနှီးမှုယူပါ ” ဟူ ကျွန်မ စာပို့ သောအခါ ပြန်စာမလာ တော့ ။ သို့သော် အိမ်ခဏ ဝင်လာသည့် အခါများတွင် အဖေ အပုလေးအား စ , ပြီး မိတ်ဖွဲ့ ပုံက ပညာသားပါလှသည် ။
“ ဟေ့ လာ ”
အဖေ့ခေါ်သံ အဆုံးမှာ အပုလေး ကျွန်မဆီ အားကိုးတကြီး ကြည့်တော့ မမြင်ယောင် ပြုပြီး ပြုံးဖြစ်သည် ။
“ ဈေးဆိုင်က ဆေးလိပ် ဝယ်ပေး ၊ ရူဘီ တစ်ရာဖိုး ”
အပုလေး အဖေ့ရှေ့ မရဲတရဲလှမ်းရင်း ခေါင်းကုတ်တာ ကျွန်မ မြင်ရသည့်တိုင် မရယ်ရက်ပါလေ ။ အဖေက စာရွက်ပေါ်တွင် ရူဘီတစ်ရာဖိုးဟု ရေးပြီး တစ်ရာတန် နှစ်ရွက်ကို ပေးတာ မြင်ရပြီ ။
“ ဆိုင်ရှင်ကို စာရွက်နဲ့ ပိုက်ဆံပေး ၊ တစ်ရာက ဆေးလိပ်ဖိုး ၊ ဒီတစ်ရွက်က ညည်း မုန့်ဝယ်စားခဲ့ ”
အပုလေးကား စာရွက်နှင့် ငွေနှစ်ရာ ယူပြီး အိမ်က ထွက်ခါနီးတွင် ကျွန်မအား အားကိုးတကြီး ကြည့်ရှာပါသေးသည် ။ အပုလေး ပြန်မလာမချင်း အဆင်မှ ပြေပါ့မလား ဆိုသည့် စိတ်က ကျွန်မအား အတော်ကြီး နှိပ်စက်လွန်းလှပါ၏ ။ ၁၅ မိနစ်ခန့်ကြာမှ အပုလေး အိမ်ဝပေါ်ချလာတော့သည် ။
အဖေ့ရှေ့မှာ အပုလေး ယို့ယို့လေး ရပ်၍ ဆေးလိပ်များကိုပေး၏ ။ အပုလေးကား မုန့်ဝယ် မစား ၊ ဆေးလိပ်ချည်း နှစ်ရာဖိုး ဝယ်ချလာခဲ့လေပြီ ။
“ ဒီတစ်ရာက ညည်း မုန့် ဝယ်စားဖို့လေ ”
အပုလေး ခေါင်းညိတ်ပြ၏ ။ နားလည်သည့်ဟန် ။
“ ဘာလို့ ဝယ်မစားတာတုံး ၊ မဆာဘူးလား ”
အပုလေး ခေါင်းယမ်းပြ၏ ။
“ ငါ့ဖို့ ပိုဝယ်လာတာလား ”
အပုလေး ခေါင်းညိတ်ပြ၏ ။ အဖေ့ မေးခွန်းတွေက မရပ်သေး ။
“ ညည်း အဘိုးနဲ့အဘွား ရော ရှိသေးလား ”
အပုလေး ခေါင်းခါပြန်၏ ။
“ ညည်း အဖေနဲ့ အမေကို လွမ်းသလား ”
အပုလေး ခေါင်းညိတ် ပြန်ပါသည် ။
“ ပြန်မလား ၊ ဘဘ လိုက်ပို့ပေးမယ် ”
ဒီ စကားအဆုံးမှာ ကျွန်မ အသက်အောင့်ပြီး အပုလေးအဖြေကို စောင့်နေရပါပြီ ။ အပုလေး မျက်ရည်လေးတွေ ဝိုင်းကာ အကြာကြီး စဉ်းစားနေစဉ် ကျွန်မ နားရွက်ပင် မခတ်ရဲပါပေ ။ ယမ်းလိုက် ခါလိုက်သော အပုလေး ခေါင်းအငဲ့မှာ မျက်ရည်တွေ ပါးပေါ် ပြုတ်ကျလာသည့်အခါ ကျွန်မ မကြည့်ရက်တော့ ။
“ Father တော်လောက်ပြီ ”
ကျွန်မ သတိပေးသံကို အဖေကား ဂရုမစိုက် ။
“ ညည်းတို့ဆီမှာ ဘာတွေပေါလဲ ”
အဖေ့စကားအဆုံးမှာ အပု လေး ခပ်တွေတွေ စဉ်းစားပြီးမှ ဂျာနယ်ပုံဆီ လျှောက်တော့ ကျွန်မ စိတ်ဝင်စားမှုက အထွတ်အထိပ် ရောက်လေပြီ ။
••••• ••••• •••••
၆ ။
အပုလေး ဂျာနယ်ပုံထဲက ရွေးလာသော ဂျာနယ်ကို အဖေ့ရှေ့မှာ ဖြန့်ကာပြ၏ ။ နိုင်ငံတကာရေးရာ ဂျာနယ် ။ ထိုအထဲမှ သေနတ်လွယ် ထားသူများ၏ ပုံမျိုးစုံကို လက်ကလေးဖြင့် ထောက် ကာ ထောက်ကာ ပြပါလေပြီ ။ စစ်သားများ တင်ထား သည့် ကားပုံများ ၊ တင့်ကားပုံများကို ပြ၏ ။ မြို့နယ်နိမိတ် အစပ်တွင် နေကာ တက္ကသိုလ် ကျောင်းသူဘဝ ရောက်သည်အထိ တင့်ကားအား ကျွန်မ အပြင်မှာ မမြင်ဖူးပါလေ ။ အပုလေးက မြင်ဖူးဟန် ရှိလေသည် ။
သည်တစ်ခါ မျက်ရည် ဝဲသွားရသူက အပုလေး လည်း မဟုတ် ၊ ကျွန်မလည်း မဟုတ် ၊ အဖေ ဖြစ်လေ၏ ။ အဖေကား သူ့အတတ်နှင့် သူ စူး ၊ သူ့လက်သီးနှင့် သူ အရှိုက်ထိကာ ဘာစကားမျှ မမေးနိုင်ဘဲ ငူငိုင်ကြီး ငေး၍သာ နေရှာပါလေတော့၏ ။
••••• ••••• •••••
၇ ။
အိမ်မှ လူများနှင့် ခေါင်းယမ်းခေါင်းခါ လုပ်ကာ တေမိမြုံဝိ လုပ်နေတတ်သော အပုလေးကား လကြာလာသည်နှင့်အမျှ အဖော်အပေါင်းတွေ ရလာတော့၏ ။ ဘေးနားအိမ်က ပါကျဲ က အဆိုးဆုံး ဖြစ်၏ ။ ကစားစရာမျိုးစုံနှင့် အပုလေးအား မြှူဆွယ်၏ ။ မကြာခဏ အိမ်ပြင် ခေါ်ထုတ်၏ ။ ညနေစောင်းတိုင်း အိမ်ရှေ့တွင် ကလေးအုပ်က ဆူလှညံလှသည့်အခါ အပုလေးကား ရွယ်တူများနှင့် အသံထွက်ကာ ပျော်ရွှင်စွာ ကစား၏ ။ “ မပြေးနဲ့ ” ၊ “ ငါ့ပေး ” ၊ “ လိုက်လိုက် ” စသည်ဖြင့် အပုလေး စကားသံ ညံပါလေပြီ ။
သို့သော် အလစ်မပေးရဲ ၊ ကလေးဆိုသည်မှာ ဆော့ ကစားရင်း တည့်ရှုနေရာက ထ , ရန်ဖြစ်ချင် ဖြစ်တတ် သည် ။ လျင်သူလည်း ပါ၏ ။ လက်မြန်သူက ဦးအောင်လုပ်တတ်ရာ အပုလေးချည်း ခံရတာ များလေ၏ ။ ကျွန်မ အလစ်မပေးရဲ ။ စာလုပ်ရသည်မှာ စိတ်မဖြောင့် ။
ခုလည်း အပုလေး ငိုသံ နားထဲ အစွဲမှာ ကျွန်မ ထ , ရပ်ပါလေပြီ ။
••••• ••••• •••••
၈ ။
အပုလေးက လက်ကို ဆုပ်နှယ်၍ ဝင်းနံရံ အခြေမှာ ရှိုက်ကာ နေပါ၏ ။ စိတ်မြန်သော ကျွန်မ ဒေါပွစွာ မေးမိပါပြီ ။
“ ဘာဖြစ်တာလဲ ”
အပုလေး မဖြေပါ ။ ကျွန်မအား မော့၍သာ ကြည့်ပါလေ၏ ။
“ ပြစမ်း ”
ကျွန်မ လက်ကို ဆွဲယူ ကြည့်သည့်အခါ သွေးစို့နေသော လက်သည်းရာကို မြင်ရစဉ် ကလေးအုပ်ဘက် လှည့်၍ ဒေါသကြီးစွာ ကျွန်မ အော်မိ၏ ။
“ ဒါ ဘယ်သူ လုပ်တာလဲ ”
ကလေးအုပ်က မဖြေ ။ ကျွန်မအား စေ့စေ့စူးစူး ကြည့်ကာ ကိုယ့်ကစားစရာ ကိုယ် ကောက်၍ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြတော့သည် ။
“ လာခဲ့ ”
အပုလေးအား ဆတ်ဆတ်ပါအောင် ဆွဲပြီး ဒဏ်ရာတွေကို ရေဆေးပေးရင်း ...
“ နင်က အိမ်က လူတွေနဲ့ကျ စကားတစ်ခွန်းက နှစ်ခွန်း ပြောတာ မဟုတ်ဘူး ၊ နင့်ဟာတွေနဲ့ နင်ကျ အသံတွေ ထွက်လိုက်တာ အစုံ ”
ကျွန်မ မြည်တွန်သံများ ကြားမှာ အပုလေး မရှိုက်ရဲ ၊ မငိုရဲတော့ ။
အံဆွဲထဲက အရက်ပြန် ပုလင်းကို ယူ၍ ဂွမ်းစနဲ့ သုတ်တော့ အပုလေး မျက်နှာ ရှုံ့တွသွားတာကို မြင်မှ ကျွန်မ ဒေါပွတာ ပြေပျောက်သလို ရှိရပါလေပြီ ။
“ အပုလေး ငါ့ကိုကြည့် ”
ကျွန်မစကား အဆုံးမှာ အပုလေး မျက်ရည်စ မျက်ဝန်းများဖြင့် ကျွန်မအား မော့ ကြည့်သည် ။
“ နောက်တစ်ခါ ပြောမရ ၊ ဆိုမရ ဆော့နေရင် နင့်ကို ငါ တောင်ပေါ်ပြန်ပို့မယ် ”
ကျွန်မစကား အဆုံးမှာ အပုလေး မျက်ဝန်းတွေ ဝိုင်းစက်ပြူးကျယ်သွားပါလေ၏ ။ ပြီးတော့ မျက်ဝန်းတွင် တစ်စ တစ်စ ချင်းနင်းလာသော အကြောက်တရား ။ ထို အကြောက်တရား နောက်က တစ်စတစ်စ ချင်းနင်းလာ သည့် စိုးရွံ့တုန်လှုပ်မှု ။
••••• ••••• •••••
၉ ။
ကလေးတစ်ယောက်အား ခြိမ်းခြောက်မိသည့် ကျွန်မ နောင်တများကား ... ။ မျက်ရည် မသွေ့သော ပါးပြင်ဖြင့် အိပ်စက်နေသည့် အပု လေး အိပ်မက်များအား ချောင်းကြည့်ရန် ကျွန်မ သတ္တိတွေ မည်မျှ ကြာအောင် မွေးရဦးမည်လဲ မသိနိုင်တော့ ။
⎕ မြယမင်းသူ ၊ နည်းပညာ ၊
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
မတ် ၊ ၂၀၁၈
No comments:
Post a Comment