❝ သူ့ကုသိုလ်ကံ ❞
( ပီမိုးနင်း )
ကိုထွန်းသည် ရန်ကုန်မြို့၌ နေခဲ့သည်မှာ နှစ်ပေါင်း အစိတ်ကျော်ခဲ့လေပြီ ။ ထိုနှစ်ပေါင်း အစိတ်အတွင်း ပွဲစားကုန်သည် ထီးထမ်းလမ်းလျှောက် အလုပ်များကို လုပ်ခဲ့လေရာ တစ်ခါတစ်ခါ၌ အတော်အတန် ငွေကြေး ရရှိခဲ့၏ ။ အခါများစွာ၌ကား ငွေကြေး ကျပ်သည်သာ များတတ်လေသည် ။
သို့နေခဲ့ရာ ပိုက်ဆံကြေးငွေ အထူးပါးရှားသော ၁၉၃၈ ခုနှစ်၌ “ အကြံကုန် ဂဠုန်ဆားချက် ” ဟူသော စကားကဲ့သို့ မိမိ မကျွမ်းကျင်သော အလုပ် တစ်ခုကို စ၍ လုပ်၏ ။ ထိုအလုပ်ကို မကျွမ်းကျင်သောကြောင့် မိမိ ကိုယ်ကို မိမိ ကျွမ်းကျင်သည်ဟု မှတ်ထင်လေ့ရှိ၏ ။ အကြောင်းမူကား ဆေးများကို တစ်ဖုံလျှင် ငါးမတ် တစ်ကျပ်ခွဲနှင့် ဖော်စပ်ကာ ပုလင်းကလေး တစ်ပုလင်းကို တစ်ကျပ်ခွဲငါးမတ်နှင့် ကြော်ငြာ၍ ရောင်းခြင်းသည် ကျိန်းသေ အမြတ်အစွန်း ရဖို့သာ ရှိသည် ။ အခြား ဆေးကုန်သည်များလည်း အသီးသီး မော်တော်ကား စီး၍ နေရသည် ။ ငါကား ကြော်ငြာများကို အမျိုးမျိုးလည်း ရေးနိုင်၏ ။ ဆေးများကို ဖော်စပ်၏ ။ သတင်းစာများ၌ ကြော်ငြာပြီး ရောင်းလျှင် အမြတ်အစွန်း ဧကန်ရလိမ့်မည် ။ ၎င်းအလုပ်ထက် ကျိန်းသေသော အလုပ် မရှိဟု အောက်မေ့ကာ ပွဲပြ၍ ရသော ငွေကလေး တစ်ရာနှင့် “ အာယုသီဟ လေဆေးကြီး ” ဟု ဖော်စပ်ပြီးလျှင် ရှိသမျှသော ၉၆ ပါးရောဂါတို့ကို ပျောက်သည်ဟု ညွှန်းလေ၏ ။ သို့ဖြစ်သောကြောင့် ဘယ်ရောဂါသည်မှ အဝယ်အခြမ်း မရှိဘဲ အရင်းမြုပ်၍ နေလေ၏ ။
အိမ်လခကလည်း ပူ ၊ စားစရာလည်း မရှိ ၊ ဆေးကို စား၍လည်း မနေနိုင် ၊ အကြီးအကျယ် ဒုက္ခကြီးဖြစ်၍ နေလေ၏ ။ ထိုငွေရင်းတစ်ရာကို ဤတနင်္ဂနွေတစ်ပတ် အတွင်း ပြန်၍ ရလျှင် ရ မရလျှင် ဤအရပ်မှာ ဤအိမ် နှင့် နေနိုင်ဖို့ မရှိ ၊ အရပ်ကိုလည်းမခွာချင် ၊ ၎င်းမှာ အခြွေအရံ မယားတစ်ယောက်နှင့် သားသမီး လေးယောက် ရှိလေ၏ ။
ငွေတစ်ရာကို အဘယ်မှ ရှာ၍ မရ ၊ အသိမိတ်ဆွေ ဟူ၍လည်း အကျွမ်းတဝင် လူယုံ မရှိသူ ဖြစ်လေရာ အဘယ်ကိုမှ လှည့်၍ အားကိုးအားထား မတွေ့ ၊ သို့ ဖြစ်လေရာ ၊ အိမ်တံခါးဝတွင် ပက်လက်ကုလားထိုင်နှင့် ထိုင်ကာ မည်သူ တစ်ယောက် လမ်းမှားပြီး ငွေတစ်ရာ ပေးဖို့ရန် ရောက်လာပါ့မလဲဟု အိမ်ရှေ့ကိုမျှော်ကာ တွေးတောငေးမော၍ နေလေ၏ ။ အဘယ်ကမှ ပေါ်မလာသည်ကိုတွေ့ ရသောအခါများစွာ စိတ်ပျက်လျက် တစ်ကိုယ်လုံး ပျော့၍ ကျသွားလေ၏ ။ သို့ကျ သွားရာ၌ အိမ်ရှေ့တွင် မော်တော်ကားနှင့် ဖြတ်၍ သွားသူများကို မြင်ရသောအခါ ဒင်းတို့တွေ ဘယ်အတွက်ကြောင့် ဒီလို နေနိုင်ပါသလဲဟု တွေးတောပြီး ငါကား မဖြစ်နိုင်ဘူးလားဟု အောက်မေ့လေ၏ ။ သို့ကြည့်၍ နေခိုက်တွင် မဖြစ်နိုင်တော့ပါဘူးဟု အောက်မေ့ကာ အထက် မျက်နှာကြက်ကို ကြည့်လိုက်ရာ ယက်မ တစ်ခုမှ သံချောင်းကြီး ရိုက်၍ ထားသည်ကို မြင်ရလေ၏ ။ ထိုအခါ ဒီသံချောင်းကြီးမှာ ကျိုးတတ်ပြီး ငါ့လည်ပင်းကို ချိတ်လိုက်ရရင် ဒီအပူငြိမ်းချေရဲ့ဟု တွေးလေ၏ ။ အကြောင်းမူကား ငွေကြေးအတွက် ပူသော အပူသည် ရင်မှာ မီးရှို့၍နေပေ၏ ။ ဘယ်ကိုမှ အားမကိုးရသော လောကကြီး၌ နေရခြင်းသည် သုသာန်မှာ နေရသကဲ့သို့ ဖြစ်လေ၏ ။ သွားလာနေကြသည်ကို မြင်ရသည့်အခါ သူတို့မှာတော့ လွန်စွာ အေးချမ်းပါကလား ငါ့မှာသာ ပူနေရတယ် ။ သူတို့မှာ ကိုယ်စီကိုယ်င ပရိယေသန ဝမ်းစာအတွက် တစ်ခုစီ ရှိကြလို့ပဲ ချမ်းသာကြပါပေတယ် ။ ငါ့အတွက်ကား အဘယ်မှာမျှ အလုပ် မရှိ ၊ အခစား ကျွန် အလုပ်သော်မှ ရဖို့ရန် ခက်လှပါကလား စသည်နှင့် တွေးရင်း ငါ၏ ဒုက္ခဟု ပုတီးစိပ် နေလေ၏ ။
သို့အတန်ကြာ နေမိသောအခါ ထီလက်မှတ် ရောင်းသော ထီစာရေး ဘအိုသည် ပြုံးရယ်လျက် ကိုဘိုးထွန်း ဘာငေးနေသလဲ အခု ထီဖွင့်နေပြီ ခင်ဗျား သိရဲ့လားဟု မေးလျက် ဝင်လာလေ၏ ။
ကိုဘိုးထွန်းသည် မိမိ၏ ကံကို ယုံကြည်သူ တစ်ယောက်ဖြစ်လေ၏ ။ ဤသို့ အကျပ်အတည်း အခက်အခဲ ထဲမှာ ငါ ကံကောင်းတတ်တာပဲ ။ ငါ ထီပေါက်တယ်လို့များ သတင်းများရမလားလို့ အောက်မေ့ကာ ပတ်လက် နေရာမှ ထ၍ ထိုင်ပြီး အိတ်ထဲမှ ထီလက်မှတ်ကလေးကို ထုတ်ခါ ကြည့်လေ၏ ။
“ ငါသတင်းစာလည်း မကြည့်ရဘူး ။ ဟေ့ ထီဖွင့်မှန်းလည်း မသိရဘူးကွ ”
ဘအို ။ ။ “ ပေါက်စဉ် စာရင်းတွေ ကျုပ် မှတ်လာခဲ့တယ် ” ဟု ပြောကာ မှတ်၍ ထားသော စက္ကူတစ်ချပ်ကို ထုတ်၍ ကြည့်လေ၏ ။ ထိုစက္ကူမှာ ဒိုင်ယာရီစာအုပ်မှ ဆုတ်ဖြတ်သော စက္ကူအစကလေး ဖြစ်လေ၏ ။ ခဲတံနှင့် မထင်မရှား ရေး၍ထားသော ဂဏန်းတွေကို ထိုစက္ကူ၌ရှိ လေ၏ ။ သို့ကြည့်ရင်း ကိုထွန်း၏ လက်မှတ်ကို ဆတ်ခနဲ ဆွဲ၍ ယူကြည့်ပြီးဟာ ခင်ဗျား ထီ ပေါက်နေပါပကော ၊ ပထမဆုဗျ ဂဏန်းကို တိုက်ကြည့်ကြလေ၏ ။ ထီပေါက်သည်မှာ အမှန်ဖြစ်၍ နေကြောင်း သိရလေ၏ ။ ပိုက်ဆံ မရှိ၍ အလွန်တရာ စိတ်ညစ်၍ နေသော ကိုထွန်းမှာ သိန်းထီပေါက်သည်ဟု သိရသောအခါ ၊ ကရတော့မလို ခုန်ရတော့မလို အရူးလိုလို ဖြစ်၍ သွားလေ၏ ။ မိမိ မျက်စိကို မယုံနိုင်အောင် ရှိလေ၏ ။ ဂဏန်းကို အကြိမ်ကြိမ် တိုက်၍ ကြည့်လေ၏ ။ သို့တိုက်၍ ကြည့်လေရာ မိမိ ပေါက်ဂဏန်းများသည် ဘယ်ကိုမျှ ပျောက်ပျက်၍ မပြေး ၊ ပေါက်ဂဏန်းအတိုင်း ရှိနေသည်ကို တွေ့ရလေ၏ ။ ထိုအခါကျမှ ရင်ထဲ၌ ရှိသော အလုံးကြီး သက်လျောကာ အခုမှ အေးပါလေရောဗျာ ၊ ငါ၌ ပူသမျှတို့သည် လွင့်စင်ပပျောက်လေပြီ စိုးရိမ်ကြောင့်ကြစရာ လုံးလုံးကြီး မရှိတော့ပေ ။ ငါ့သားတွေကို ရှင်ပြုမည် ။ ဘယ်သူနှင့်မျှ မတူအောင် နိပါတ်တော်များ ခင်းကျင်း၍ ပြုမည် စသည်ဖြင့် ပြောလေ၏ ။
“ ဇမ္ဗူမှာ ငါလိုလူ ရှိသေးသလား သိန်း ထီပထမဆု ၊ တစ်ယောက်ထဲ ပေါက်တဲ့ ယောက်ျား ... ”
ဘအို ။ ။ ဒါတော့ ဘဝက ကုသိုလ်ကိုဗျ ကိုထွန်း ။ ဘဝက ကုသိုလ်ပေမယ့် ဒီလို ငွေကြေး ကျပ်တုန်း ငွေကြေး လိုနေတုန်း မျှော်လင့်စရာ မရှိတုန်း လာပြီး အကျိုးပေးတာဟာ ရှားတဲ့ ကုသိုလ်ပေါ့ ။
ကိုထွန်း ထီပေါက်သည် ဆိုသော သတင်းသည် အနှံ့အပြား ကျော်ကြား၍ သွားလေ၏ ။ အသိမိတ်တွေတို့သည် ဝမ်းသာကြောင်းကို ပြောရန် စုရုံး၍ လာကြလေ၏ ။ ငွေကြေး ကျပ်တည်းစဉ်က မတွေ့ရသော မိတ်ဆွေသူငယ်ချင်းတို့သည် ယခုအခါ ရှေးဦးပထမ ရောက်လာကြလေ၏ ။
သူဌေးဦးလွင်က ငွေကို လိုသလောက် ယူ၍ သုံးပါ ဟု စာတစ်စောင်ရေး၍ ပေးလိုက်လေ၏ ။ ထိုစာနှင့် အတူ ချက်စာအုပ် တစ်အုပ်ကို ပေးလိုက်လေ၏ ။ ၎င်း ချက်စာအုပ်က လက်မှတ်များနှင့် ငွေများကို မိမိ၏ ဘဏ်မှ လိုသလောက် ထုတ်၍ ယူရန် ပြောလေ၏ ။ သို့သော်လည်း ငွေတစ်သောင်းထက် မကျော်စေရဟု စကားပါရှိလေသည် ။ သားများကို ရှင်ပြုရန် အရေးကို ရှေးဦးပထမ ဂရုစိုက်လေ၏ ။
သို့အတွက် ငွေနှစ်ထောင်ကို ဘဏ်မှ ထုတ်ပြီးလျှင် ယုံကြည်စိတ်ချရသော ဆွေမျိုးညာတိများကို သားလေးယောက် ရှင်ပြုရန် လွှဲအပ်လေ၏ ။ ထိုရှင်ပြုအခမ်းအနားမှာ လွန်စွာကြီးကျယ်လေ၏ ။ ကိုထွန်းသည် ဆေးဆိုင်ကို ဂရုမစိုက်ပေ ။ ဆင်းရဲသော ဆွေမျိုးတစ်ယောက်အား ပေးလိုက်လေ၏ ။ အိမ်လခပူသော အိမ်ရှင်အားလည်း လခများကို ခြောက်လအတွက် အပိုပေး၍ ထားလေ၏ ။ အကြောင်းမူကား မိမိ ထီပေါက်သော အိမ်ကို ရုတ်တရက် မစွန့်လိုပေ ။ ထိုအိမ်ကို ဝယ်မည် ဟူ၍ပင် အကြုံပြုလေ၏ ။ ရှင်ပြုမင်္ဂလာ အခမ်းအနား ပြီးသောအခါ အလှူအတွက် အိမ်၌ ရှုပ်ပွနေသည်ကို ရှင်းလင်းရန် ရှိလေ၏ ။
ကိုထွန်းသည် ရှုပ်ပွေ၍ နေသော အိမ်ထဲတွင် ထိုမှ ဤမှ လှည့်ပတ်ကာ လျှောက်၍ ကြည့်ရင်း ၊ ငါ့မှာ မိန်းမလည်း မရှိ ၊ သို့အတွက် ဤပစ္စည်းတွေကို ရှင်းလင်းသုတ်သင်ဖို့ရန် အင်မတန် ခက်တာပဲ ။ မလှကို ငါ ရအောင် ကြံလိုက်ရရင် တော်လေမလား ၊ မလှဟာ အလွန်လိမ္မာ တဲ့မိန်းမ ။
ရုပ်ရည်မှာလည်း အသက်သုံးဆယ် ဆိုပေမယ့် အသက် နှစ်ဆယ်အရွယ်ကလေးလို့ ထင်ရတယ် ။ မျိုးရိုးဂုဏ်လည်း ရှိတယ် ၊ သဘောသကာလည်း ကောင်းတယ် ။ အသိမ်းအဆည်း အလုပ်အကိုင်မှာလည်း တော်တယ် ။ အရာရာမှာ လာဘ်မြင်တဲ့မိန်းမ ငါ သူ့ကို ရရင် ဂုဏ်ကျက်သရေ တစ်ခုပဲ ။ အခုအခါ ငါကြံလိုက်ရရင် ဧကံ ရမယ့် ဆဲဆဲပဲ စသည်ဖြင့် တွေးရင်း ကုလားထိုင်စားပွဲ ဖလားစုံကွမ်းအစ် ၊ ထွေးခံ ၊ ပန်းကန် ၊ ရေတကောင်း စသည်တို့၏ အလယ်၌ လျှောက်ကာ တွေး၍ နေလေ၏ ။
သို့တွေး၍ နေခိုက်တွင် မိမိ၏ နောက်၌ ခြေသံကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ မလှ ကိုယ်တိုင် အိမ်ပေါ်ကို တက်၍လာသည်ကို မြင်ရလျက် အတိုင်းမသိ ဝမ်းသာလုံးဆို့၍ သွားလေ၏ ။ အံ့အားလည်းသင့်၍ နေလေ၏ ။
“ ဪ မလှ တစ်ယောက်တည်းလား ”
“ တစ်ယောက်တည်းပါပဲ ”
“ ဘာကိစ္စနဲ့ လာပါသလဲ ၊ အင်မတန် ထူးဆန်းတဲ့ လာပုံပါတကား ”
မလှ ။ ။ မထူးဆန်းပါဘူး ။ တစ်ယောက်နဲ့ တစ်ယောက်အခြားလူမှ မဟုတ်ဘဲ ။ အခု ကိုထွန်း မှာလည်း ဒီအလုပ်တွေကို ကူညီသိမ်းဆည်းမယ့် အဖော် မရှိတာကို ကျွန်မ တွေးပြီး လာတာပဲ ဟု ပစ္စည်းများကို လက်နှင့် ပြရင်းပြောလေ၏ ။
ကိုထွန်း ။ ။ မလှ အတွေးအခေါ် အင်မတန် ရှိပါပေတယ် ။ ဒီလို အရေးထဲမှာ အခုလို သတိရတာ အင်မတန် ကျေးဇူးတင်ပါတယ် ။ ကျုပ်တို့ ဒီဟာတွေကို ဘယ်စလို့ ဘယ်လို လုပ်ရမယ် ဆိုတာ မတွေးတတ်အောင် ရှိတာပဲ ။ မလှတို့လို လူတစ်ယောက် ကြီးကြပ်စီမံမှ ဖြစ်မြောက်မှာပဲ ။
မလှ ။ ။ ဩော် ဒုက္ခ ဒုက္ခ ယောက်ျားများဟာ မိန်းမ မပါလျှင် ဘာမှ နေရာမကျဘူး ။ ဒါကြောင့် သျှောင် ရှိရင် ဆံထုံး ရှိမှ ဖြစ်နိုင်တယ်လို့ ပြောကြတာပဲ ထင်ပါရဲ့ ။
ထွန်း ။ ။ မိန်းမက အိမ်ရှင် ယောက်ျားက အပြင်လူ ဆိုတာကို မလှ တစ်ဆိတ်လောက် အိမ်ရှင်လို သဘောထားပြီး စီမံ လုပ်ကိုင်လိုက်စမ်းပါ ။
မလှ ။ ။ အိမ်ရှင်လို သဘောထားနေဖို့ မဟုတ်ပါဘူးတော် အိမ်ရှင်ပဲ ဆိုလိုက်ပါတော့ ။
ထွန်း ။ ။ အဟုတ်ပဲလား မလှရယ် တကယ် ပြောတာလား ။ တကယ် ပြောတာဖြစ်ရင် ကျုပ်လောက် ကုသိုလ်ကံ ကောင်းတဲ့လူ မိုးအောက်မှာ ရှိမယ် မထင်ပါဘူး ။
“ အဟုတ်ပြောတာပါ ။ အဟုတ်ပါပဲလို့ မှတ်လိုက်ပါ ”
“ ဒီလိုဖြင့် ဝမ်းသာလိုက်တော့မယ် ။ ဝမ်းသာရတော့မှာလား ”
“ ဝမ်းသာပါတော့ ”
ထိုအခါ ကိုဘိုးထွန်းက မလှ၏ လက်ကို ဆွဲကိုင်ကာ နမ်းရှုပ်လေ၏ ။ ထို့နောက် အတန်ကြာမှ လက်ကို လွှတ်လိုက်လေ၏ ။
“ လက်ကို နမ်းလို့ ဘာအရသာ ရှိသလဲ ”
“ ဟုတ်ကဲ့ လူကို နမ်းမှ သေသေချာချာ အရသာ ရှိတာ ။ နို့ပေမဲ့ လူတွေ မြင်မှာ စိုးလို့ လူကို ချမ်းသာပေးလိုက်တယ် ။ လူကိုတော့ကာ တကယ် ပိုင်မှ ။ ကိုင်းလေ အလုပ် ရှိပါသေးတယ် ” ဟု ပြောပြီး အသိမိတ်ဆွေ သူငယ်ချင်းများကို ခေါ်၍ အိမ်၌သုတ်သင်ရှင်းလင်းလေ၏ ။ အောက်၌ ရှင်း၍ ပြီးသောအခါ အဖော်များကို ပြန်ဖို့ရန် ခွင့်ပေးလိုက်လေ၏ ။ မလှသည် ကား ဟိုဟိုဒီဒီ လျှောက်ကာ အိမ်ပေါ်သို့ အမှတ်တမဲ့ တက်သွားလေ၏ ။ သို့ တက်သွားရာ ကိုထွန်း၏ အိပ်ရာခန်းသို့ သွားလေ၏ ။ အိပ်ရာ ရှုပ်နေသည်ကို သပ်ရပ်စွာ ခင်းကျင်း၍ ပေးလေ၏ ။ နောက်အတန်ကြာသောအခါ ကိုထွန်း အိမ်ပေါ်ကို တက်၍ ကြည့်လေ၏ ။ မိမိ၏ အိပ်ရာပေါ်၌ မလှ အိပ်ပျော်သလို နေသည်ကို တွေ့ရလေ၏ ။ ကိုထွန်းသည် လွန်စွာ အံ့အားသင့်လျက် ခြေဖျားထောက်ကာ အပါးသို့ ကပ်သွားလေ၏ ။ မလှ အိပ်၍ နေသည်မှာ တစောင်း ဖြစ်လေ၏ ။ သို့တစောင်း အိပ်၍ နေရာ ညာဘက်ခြေမှာ ကွေးလျက် ဘယ်ဘက်ခြေမှာ ဆန့်လျက် ။ လက်ဝဲဘက်မှာ စောင်းလျက် နေလေ၏ ။
ဘယ်ခြေက ဖြူဝင်းသော တစ်ခေါက်ခွက်သားကလေးနှင့် ခြေသလုံးကလေးများသည် ကိုထွန်း၏ စိတ်ကို နဖားကြိုးတပ်ကာ ဆွဲသည့်အလား မလှ၏ အနားကို ရောက်သောအခါ တစ်ကိုယ်လုံး မလှ ဘက်သို့ ကိုင်းညွတ်၍ သွားလေ၏ ။ စိတ်ကို အနိုင်နိုင် ချုပ်၍ ထားရလေ၏ ။ ထိုကဲ့သို့ မြင်ရသောအခါ ဆင်နှာမောင်းကဲ့သို့ သွယ်ပြောင်းပြေပြစ်သော ဒူးပေါင်သလုံးသားများ၏ ချောမွေ့ခြင်းညက်ညောခြင်းကို ကိုင်တွယ် စမ်းသပ်မိ သကဲ့သို့ အထင်အမြင်ပေါက်လေတော့သတည်း ။ တင်ပါးကလေး ခါးကလေးမှာ အရိုး မရှိ အသားပုံ ပကတိ လုံးအိအိကလေးကို တအား ပွေ့တော့မည့် အလား လက်နှစ်ဖက်ကို ဆန့်ကာ အပါးသို့ ရောက်၍သွားလေ၏ ။ ထို့နောက် ကပျာကယာ ချာလယ်လယ်၍ နောက်ပြန်ပြီးလျှင် ဣတိပိသော ဘဂဝါသမ္မာ သံဗုဒ္ဓေါ ဟူသော ဂါထာကို ရွတ်လိုက်မှ ဘာလိုလို ညာလိုလို ဖြစ်ချင်သော စိတ်သည် ပြေပျောက်၍ သွားလေ၏ ။ နောက်ပြန်၍ လှည့်လိုက်သောအခါ ၊ မလှသည် ခုတင် နံဘေးမှာ ရပ်လျက် ဆံပင်ကို ထုံးပတ်၍ နေလေ၏ ။
“ ကိုထွန်း ခုတင်က ဘာဖြစ်တာလဲ ”
“ မလှ အိပ်နေတာ မြင်ရတော့ကာ ကိုယ့်ကိုကို အစိုးမရသူတစ်ယောက် ဖြစ်၍ သွားရတယ် ။ ဘာကြောင့် အစိုးမရတယ် ဆိုတာတော့ကာ မပြောပါရစေနဲ့တော့ ။ ကိုယ့်ကိုယ်ကို အစိုးမရသူ တစ်ယောက်ဟာ ဖြစ်ချင်တာတွေ ဖြစ်တာပေါ့ ။ မမေးပါနဲ့တော့လေ ၊ အဖြေရ ခက်လွန်းလို့ပါ ”
“ ဒီလိုဖြင့် ကျွန်မ သွားတော့မယ် ” ဟု ပြောပြီး အိမ်ပေါ်မှဆင်း၍ သွားလေ၏ ။ ကိုထွန်းသည် လိုက်၍ သွားလေ၏ ။ သို့သွားရင်း မလှ နေပါဦး ။ မလှ မသွားပါနဲ့ဦး ၊ မလှ စိတ်ဆိုးသလား စသည်ဖြင့် တောင်းပန်သော်လည်း မလှသည် ပြန်၍ မကြည့် ။ ထိုအခါ နောက်မှ နေ၍ လက်ကို ဆွဲပြီး မလှကို ရင်ခွင်ထဲသို့ ပွေ့ယူကာ တအား ဖျစ်ညှစ်လေ၏ ။ ထိုအခါ မလှက ကိုထွန်း၏ ရင်ခွင်မှ ရုန်းထွက်ပြီး ကိုထွန်း၏ ပါးကို လက်ရာနှင့် ပွတ်လိုက်လေ၏ ။ ကိုထွန်း၏ စိတ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်၍သွားလေ၏ ။ မလှ ရယ်မောလျက် “ စိတ်မဆိုးပါနဲ့ ကျွန်မ အလကားလုပ်တာပါ ”
“ နာလိုက်တာ အလကား လုပ်လို့သာ တကယ်များ လုပ်ရင်သွားတွေ ထွက်ကုန်မှာပဲ ” ဟု ပြောကာ မိမိ ပါးကို ပွတ်လေ၏ ။
ထို့နောက် မလှသည် အိမ်ပေါ်မှ ဆင်း၍ သွားလေ၏ ။ ကိုထွန်းလည်း လိုက်၍ သွားလေ၏ ။ သို့သော်လည်း မိမိ ဘာလုပ်လို့ လိုက်၍ သွားသည်ကို မသိပေ ။ မလှ၏ ညို့ဓာတ် ဆွဲဆောင်ရာသို့ လိုက်ပါသကဲ့သို့ သွားလေ၏ ။ အိမ်အောက်မှာ ရှင်း လင်း၍ နေသည်ကို တွေ့ ရသောအခါ ကိုထွန်းက ခုမှ ရှင်းလင်းသွားတော့တာပဲ ။ မိန်းမများက လုပ်မှ ရှင်းရှင်းလင်းလင်း ရှိပေတော့တာပဲ ။ မလှသည်ကား ၎င်း၏ စကားကို နားမထောင် အိမ်ပေါ်မှ ဆင်းကာ မိမိအိမ်သို့ သွားလေ၏ ။ ကိုထွန်းလည်း လိုက်၍ သွားရာ မလှ၏ အိမ်သို့ ရောက်လေ၏ ။ မလှ၏ အိမ်ခန်းမှာ မိမိ ခါတိုင်း ရောက်ရှိခဲ့သည့် အခန်းလို မဟုတ်ပေ ။ ကြီးကျယ်ခမ်းနားစွာ ပြင်၍ ထားသည်ကို တွေ့ ရလေ၏ ။ ကိုထွန်း၏ စိတ်၌ အံ့သြကာ မလှဘဲ ထီများ ပေါက်လေရော့သလား ။ ခါတိုင်း အခန်းနဲ့ မတူပါလား အင်မတန် ကြီးကျယ်ခမ်းနားပါကလားဟု မေးလေ၏ ။ ပီယာနိုကြီး တစ်လုံးကို လှေကားအနီးမှာ မြင်ရလေ၏ ။ ထိုပီယာနိုကို ဖွင့်ပြီး ထိုင်ကာ ဘောလယ် တစ်ပုဒ်ကို တီး၍ စမ်းလေ၏ ။ သို့သော်လည်း ကောင်းစွာ မဖြစ်သဖြင့် ၊ ထပြီး မိမိ၏ အပါး၌ မတ်တတ်ရပ်၍ နေသော မလှအား လက်ကို ဆွဲကာ ပီယာနိုကို တီးရန် အထိုင်ခိုင်းလေ၏ ။ မလှ သည်ကား မငြင်းမဆန်ဘဲ ဝင်ကာ ဘောလယ် ကိုပင် တီးလေ၏ ။ သို့ ဘောလယ်ကို တီးရာမှ အင်္ဂလိပ်တေးများကို လျှောက်၍ တီးလေ၏ ။ ထို့နောက် မြန်မာ တေးကြီးဘွဲ့ကြီးများကို တီးပြန်လေ၏ ။ ကိုထွန်းသည် လွန်စွာ ကြည်နူးလျက် အနီးရှိ ကုလားထိုင်ပေါ်မှ ထိုင်လျက် ၊ ပီယာနို နှိပ်သော မလှ၏ လှပသော လက်ချောင်းကလေးများကို ကြည့်ကာ စိတ်ထဲ၌ ချီးမွမ်း၍ နေလေ၏ ။
ထိုအတွင်း မိမိမှာ များမကြာမီက ငွေကြေးလွန်စွာ ကျပ်တည်းလျက် ၊ အသက်သေလုခမန်း ဖြစ်၍ နေသည်ကို ပြန်၍ တွေးကာ ယခု အခြေအနေနှင့် လွန်စွာ ခြားနားပါကလား ။ ငါ ကုသိုလ်ကံ ထူးလှပေသည် ။ ငါ ငွေကြေး လွန်စွာ ကျပ်တည်းစဉ်က ငါ ဒီအဖြစ်မျိုးကို ရောက်နိုင်မည်ဟု မတွေးမိပေ ၊ ယခုသည်ကား ငါ မတွေးနိုင်သော အဖြစ်မျိုးကို ရောက်၍ နေလေပြီ ၊ ထိုအခါက မော်တော်ကားစီး၍ သွားသူများကို မြင်သည့်အခါ ငါ သူတို့နှင့် မတူနိုင်ပါဘူးဟု တွေးခဲ့မိ၏ ။ ယခုကား ငါသည် မော်တော်ကားကို စီးနိုင်လေပြီ ၊ ပူစရာ ဟူ၍ အဏုမြူမျှ မရှိတော့ပေ ၊ ငါ့မှာ မရှိစဉ်အခါက မည်သူတစ်ဦး တစ် ယောက်မှ ငါ့ကို ကြည့်ရှုမည့်သူ မပေါ်လာပေ ။ ယခုအခါ ခင်မင်သည် ဆိုသော မိတ်ဆွေသည် ရှောင်၍ပင် မရအောင် ရှိလေ၏ ။ ဒီမိတ်ဆွေတွေကို ငါ အလိုမရှိတော့ပေ စသည်ဖြင့် တွေး၍ နေလေ၏ ။ ကိုထွန်းသည် ချက်ချင်း လတ်တလော ဘဝကူးသူ၏ အလား ဆင်းရဲငြိုငြင် ပူပင် မှောင်ကျသော ဘဝမှ ခမ်းနားတောက်ပြောင်သော ဘဝသို့ ရောက်ခဲ့သည်သာမက မိမိ အချစ်ဆုံးသော မိန်းမတစ်ယောက်နှင့် စခန်းသွား နေရသော ဘဝသို့ ရောက်ခဲ့လေ၏ ။
“ ကိုထွန်း ပျော်ရဲ့လား ”
“ ချစ်စရာ အကောင်းဆုံး ဆိုတဲ့ နတ်ကညာ တစ်ပါးက နတ်တူရိယာနဲ့ ဖျော်ဖြေနေတာကို နားစည်းစိမ် ခံနေရသည်မှာ မပျော်ဘဲ နေနိုင်ပမလား ”
“ ရှင့် သားကလေးတွေ အတွက် မပူဘူးလား ”
“ ကျုပ် သားကလေးတွေ အတွက် ဘာ ပူစရာ ရှိသလဲ ။ ငွေကြေးတွေ အများကြီး ရှိတာပဲ ”
“ ငွေအများကြီး ရှိတာနဲ့ ဒီအမိုက်အမဲတွေနဲ့ ဘာဆိုင်သလဲရှင့် ။ ဒီအမိုက်အမဲတွေကို ငွေကြေး အပ်ပြီး စိတ်ချလက်ချ သွားနိုင်ပမလား ”
“ ဒီလိုဆိုရင် မလှတို့ အရှိသားပဲ ၊ ကြည့်နေတော့မှာလား ”
“ ကြည့်မနေပါဘူး ကြည့်မနေပေမဲ့ကာ ပျက်စီးမယ့်လူများကို ဘယ်သူမှ မကယ်နိုင်ဘူး ။ ဒီလိုဖြင့် ငွေကြေး ပေးထားခဲ့လို့ စိတ်မချရ ။ လူယုံကို အပ်သော်လည်း စိတ်မချရ ၊ သေတာထက် ဆိုးတာတော့ မရှိဘူး ။ ကျုပ် သေမယ့် အကောင်တွေကို မွေးထားခဲ့တာ ။ သေဘေးနဲ့တော့ တွေ့ကြမှာပဲ ။ ဆင်းရဲဒုက္ခ တွေ့တတ်မယ့် အကောင်မျိုးကို မွေးတော့ကာ ဆင်းရဲဒုက္ခ တွေ့ချင်တွေ့ မှာပဲ ၊ သတ္တဝါတစ်ဦး အတွက် တစ်ဦးက ပူပင်ကြောင့်ကြ သမျှတွေဟာ အပိုပဲ ” စသည်ဖြင့် ကိုထွန်းက ပြောလေ၏ ။ ကိုထွန်းမှာ မလှနှင့် စကားပြောရသည့် အတွက် ၎င်း၏ စိတ်မှာ သားသမီးများ အတွက်ပင် မပူမပင် ၊ မကြောင့်မကြသော စိတ်များ ပေါ်၍ လာလေ၏ ။ လောကကြီး၌ အဖြစ်အပျက် သဘောတရား ကြည့်ကာ အကုန်အစင် သိ၍ သွားသလို ဖြစ်လေ၏ ။ မိမိ၏ သားသမီးသည် သူ တပါးကို ညှဉ်းဆဲ၍ နေအံ့ ။ မိမိ၏ စိတ်၌ ပူပင်ခြင်း ဖြစ်မည်မဟုတ်ပေ ။ မိမိ၏ သားသမီးသည် အလိုအလျောက် ဖြစ်စေ သူတစ်ပါး နှိပ်စက်၍ ဖြစ်စေ ဒုက္ခဆင်းရဲ တွေ့အံ့ ။ မိမိမှာ အဘယ်ကိစ္စ ရှိအံ့နည်း ဟူသော စိတ်မျိုး ပေါ်ပေါက်၍ လာလေ၏ ။ စင်စစ်အားဖြင့် ထိုအကြောင်းအရာများကို မလှနှင့် အတူ ခဏမျှ ဆွေးနွေးရခြင်း၌ အလင်းဉာဏ်ကို ရဘိသကဲ့သို့ ဖြစ်လေ၏ ။
“ ကိုင်း အောက်ကို ဆင်းကြစို့ ။ ကျွန်မအိမ် ဘယ်လောက်သားနားတယ်ဆိုတာ ရှင် သိရအောင် ” ဟုပြောပြီး ရှေ့က ဆင်း၍ သွားလေ၏ ။ ကိုထွန်းလည်း လိုက်၍ သွားလေ၏ ။ အိမ်လှေကားမှ စ၍ မြင်သမျှ အခမ်းအနားတို့ကို အံ့ဩလေ၏ ။ မလှအိမ် အင်မတန် ကြီးကျယ်နေပါကလား ။ အရင်ကနဲ့ မတူပါကလားဟု တွေးလေ၏ ။ မီးဖိုချောင်၌ အရင်က မြင်ခဲ့သလို အိုးတွေ ခွက် တွေ မီးသွေးတွေ ထင်းတွေ ရှုပ်ပွ၍ မနေတော့ပေ ။ ယခု မြင်ရသည့် မီးဖိုချောင်ကား ပြောင်လက်သန့်ရှင်းသော စားပွဲခန်းကဲ့သို့ ဖြစ်၍နေသည်ကို တွေ့ရလေ၏ ။ မလှ ကလည်း မိမိ၏ မီးဖိုချောင်ကို ကြည့်ကာ တစ်လှည့် ကိုထွန်း ကို ကြည့်ကာ တစ်လှည့် ပြုံးစိစိနှင့် လုပ်၍ နေလေ၏ ။ မလှ ဧကန် ထီပေါက်ပါပြီဟု စိတ်မှာ တွေးမိလေ၏ ။ မလှ သည်ကား တစ်စုံတစ်ရာ မပြောဘဲ မီးဖိုနံရံက ခလုတ်ကို နှိပ်လိုက်ရာ တံခါးအရှင် တစ်ခု ပွင့်၍ သွားလေ၏ ။ ထိုအခါ ကိုထွန်း မှာ သာ၍ပင် အံ့သြလေ၏ ။ ထိုအခန်း၌ ရေပန်းများ နှင့် ကျောက်ရေစည်တစ်ခုကို တွေ့ရလေ၏ ။ မလှသည် ကိုထွန်း၏ မျက်နှာကိုကြည့်ကာ ရှင် အံ့သြသလားဟု မေးလျက် အခန်းတွင်းသို့ ဝင်ပြီး ဒီရေစည်ဟာ ဒီလို အိပ်ပြီး ရေချိုးတယ်ဟု ပြောပြီး ရေစည်ထဲမှာ ဝင်ပြီး အိပ်လေ၏ ။ မလှ၏ မျက်နှာမှာလည်း လွန်စွာ ကျက်သရေ ရှိသော အသွင် ပေါ်၍ နေလေ၏ ။ ကိုထွန်း၏ စိတ်၌ ပစ္စည်းဥစ္စာ ဂုဏ် အခြေအနေဆိုတာ လူကို ကျက်သရေ ရှိအောင် ဆောင်တတ်တာမျိုးပဲဟု တွေးလေ၏ ။ ကိုထွန်း ၏စိတ်၌ ဤမျှလောက် ဂုဏ်ကျက်သရေရှိ၍ ခန်းနားသော အိမ်ပိုင်ရှင် မလှသည် မိမိနှင့် စုံမက်ပေသည် ၊ မိမိသည် လွန်စွာကံကောင်းသူ ဖြစ်၏ ။ မလှသည် နာမည်နှင့် လိုက်အောင် လှသူ ဂုဏ်ကျက်သရေလည်း ရှိသူဖြစ်၏ ။ မလှမှာ အသက်သုံးဆယ် အရွယ်မျှ ရှိသော်လည်း အသက်နှစ်ဆယ်ဟု စိတ်ထဲ၌ မှတ်ထင်ရ၏ ။ အသက်လေးဆယ် အရွယ်ရှိသူ မိမိမှာ ထိုမျှလောက် ကံကောင်းသူမှာ ဟုတ်မှ ဟုတ်ပလားဟု အောက်မေ့လေ၏ ။ ထိုအတွင်း မလှသည် လှပသော လက်ချောင်းဘကလေးများနှင့် ဘုံဘိုင်ကို လှည့်လိုက်ရာ ရေပန်းမှ ရေများ ကျ၍ လာလေ၏ ။ အင်္ကျီပါးမှာ စိုရွှဲ၍ ဇာဘော်လီ၏ ဝါဝင်းသော အသားပေါ်၌ ပန်းပြောက်များ ထင်၍ နေလေ၏ ။ ရင်ဘတ်၌ ဖောင်းကြွ၍ နေသော နေရာများသည်ကား ရေပေါက်များအောက်တွင် တုန်တုန်ရီရီ ဖြစ်၍ နေလေ၏ ။ ပျော့ပျောင်းသော ထဘီမှာလည်း ခါး တင် ပေါင် တို့၌ ကပ်ကာ ၊ ကြော့ရှင်းသော တင်ပါး အခွက်အချိုင့် အဖုအထစ်များကို ရုပ်လုံးပေါ်အောင် ဖော်လေ၏ ။ မလှသည် ဘုံဘိုင်ကို ပြန်၍ ပိတ်လိုက်လေ၏ ။ ကိုထွန်း အိမ်ပေါ်က ဗီရိုပေါ်မှာ အထုပ် တစ်ခုရှိတယ် ၊ သွားယူလိုက်ပါဟု ခိုင်းလေ၏ ။ ကိုထွန်းသည် အိမ်ပေါ်သို့ လျင်မြန်စွာ ပြေးတက်၍ သွားလေရာ ခြေသုံးလှမ်းနှင့် ရောက်၍ သွားသည်ဟု ထင်မှတ်ရလေ၏ ။ ဗီရိုပေါ်က အထုပ်ကို ယူ၍ ဆင်းလာရာ၌လည်း လှေကားနှင့် ခြေ မထိ အောက်မေ့ရလေ၏ ။ ၎င်းအထုပ်ကို လှပသော မလှ အနား၌ ချ၍ ထားလေ၏ ။ မလှက အထုပ် ဖြည်ပြီး ကျွန်မ ဒါတွေ အယူခိုင်းသည့် အတွက် စိတ်ဆိုးသလား ဟု မေးလေ၏ ။ အထုပ်ကို ဖြည်လိုက်သောအခါ သစ်လွင်သော ကတ္တီပါလုံခြည် ပိုးအင်္ကျီ ကတ္တီပါဖိနပ် စသည်များကို တွေ့ရလေ၏ ။
“ ကိုထွန်း စိတ်မဆိုးပါဘူး ၊ ဒါတွေကို ဝတ်မှ မဝတ်ရသေးပဲ ”
“ ဟုတ်တယ် မဝတ်ရသေးဘူး ၊ ဒီကနေ့ပဲ တိုက်က ယူလာပါတယ် ။ ဘာလုပ်လို့လဲ သိရဲ့လား ” ဟု မျက်လွှာကို ချကာ မေးလေ၏ ။ ဒီအဝတ်တွေဟာ မင်္ဂလာဆောင် သတို့သမီးဝတ်ဖို့ အဝတ်ပဲ ။ အခု ကျွန်မ ဝတ်စမ်းကြည့်မလို့ ” ကိုထွန်းသည် ဘာကို ဆိုလိုသည်ဟု သိသော်လည်း မမေးဝံ့အောင် ရှိလေ၏ ။ မလှသည် စိုသော အဝတ်ကို ချွတ်ကာ ထိုအဝတ်များကို လဲလေ၏ ။ ကိုထွန်းသည်ကား မျက်နှာကို လွှဲလျက် နေလေ၏ ။ မလှ ဘက်သို့ မျက်နှာ ပြန်၍ လှည့်လိုက်သောအခါ မလှမှာ ဝတ်ပြီး ဆင်ပြီး ဖြစ်လေ၏ ။ ဝတ်ပြီး ဆင်ပြီး သောအခါ အလွန် ချောမောလှပသည်ကို တွေ့ရလေ၏ ။ ကိုထွန်း သွားရအောင် ဟု လက်ကို ဆန့်တန်း၍ ပေးလိုက်လေ၏ ။ ကိုထွန်းသည် လက်ကို ဆီး၍ ဆုပ်ကိုင်လေ၏ ။
လက်ကို ကိုင်လိုက်သော အရှိန်သည် လျှပ်စစ်ကြိုးကို ကိုင်မိသလို သွက်သွက်ခါ၍ ကိုထွန်း၏ လက်သို့ ကူးစက်လေ၏ ။ ကိုထွန်းသည် ပီတိသောမနဿ ဖြစ်လျက် မျက်လုံးကို မှေး၍ နေလေ၏ ။ ထိုအခိုက် ပြင်းထန်စွာ မြေငလျင် လှုပ်သဖြင့် တိုက်ပြိုကျလေရာ ကိုထွန်း ထိုင်၍ နေသော နေရာအထက်ရှိ သံချောင်းကြီး တပ်၍ ထားသော ယက်မကြီးသည် ပြုတ်၍ ကျပြီးလျှင် ဦးခေါင်း ကို ဖောက်ကာ ကိုထွန်းရော အိပ်မက်ရော ချုပ်ငြိမ်း ကွယ်ပျောက်ရှာလေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၁၉၃၉
No comments:
Post a Comment