❝ အပင်မှား သစ်ရွက် ❞
( နတ်စောင်း - ကျိုက်ထို )
စာချုပ်ကို စိုက်ကြည့်နေသော်လည်း ကျွန်မ အမြင်မှာ ဝေဝါးနေ၏ ။ အချိန်မီ လှမ်းပိတ်လိုက်သော်ငြား မျက်ရည် တစ်စက်က မျက်ဝန်းတံခါးကို တွန်းဖွင့် ထွက်ခွာသွားသည် ။ ဘောပင်ကိုင်ထားသည့် တဆတ်ဆတ် တုန်ယင်နေသော လက်ပေါ် မျက်ရည်စက် ပြုတ်ကျသွားသည်ကို တရားသူကြီး မြင်သွားဟန်ရှိသည် ။
“ ကွာရှင်းမယ့် ကိစ္စကို နှစ်ယောက်စလုံး သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးကြပြီလား ”
မောင်က ဟုတ်ကဲ့ ဟု ခပ်သွက်သွက် ပြန်ဖြေသည် ။
မောင့်ဘက်ကို ကျွန်မ စောင်းငဲ့ကြည့်လိုက်တော့ မောင့်လက်ထဲက စာချုပ်၏ မောင့်နာမည် အပေါ်နားမှာ လက်မှတ်တောင် ထိုးပြီးနေလေပြီ ။ ကျွန်မ လက်ထဲက စာချုပ်နှင့် လက်မှတ် လဲထိုးဖို့ စောင့်ဆိုင်းနေသည့် မောင့်မျက်နှာမှာ ဒီလို အပြုံးမျိုး ကျွန်မနှင့်အတူ နေထိုင်သည့် ကာလအတွင်း ဘုရားစူး မမြင်ဖူးခဲ့ ။
ဤမျှလောက် မောင် စိတ်ပင်ပန်းခဲ့မှန်း ကြိုသိခွင့်ရခဲ့ပါလျှင် ကဗျာစာအုပ် မိတ်ဆက်ပွဲသို့ သွားခဲ့မိမှာ မဟုတ်ချေ ။ ထိုနေ့သည် ကျွန်မသူငယ်ချင်း ရိုးဂုဏ်၏ ကဗျာစာအုပ် မိတ်ဆက်ပွဲနေ့ ဖြစ်သည် ။
••••• ••••• •••••
အဲဒီနေ့ စာအုပ်မိတ်ဆက်ပွဲသို့ မောင်လည်း ရောက်လာခဲ့၏ ။ ကျွန်မ မျှော်လင့်ခဲ့သလို မောင် ရောက်လာသည့်အတွက် ကျွန်မ အပျော်တွေ မဖုံးနိုင် မဖိနိုင် ။ ထင်မှတ်မထားဘဲ ကျွန်မတို့စားပွဲ၏ ထိုင်ခုံ အလွတ်ဆီသို့ မောင့်ကို နေရာ လာချပေးသည့် သူငယ်ချင်း ရိုးဂုဏ် ကို ကျိတ်ပြီး ကျေးဇူးတင်နေခဲ့မိသည် ။
မောင်နှင့် ကျွန်မ မကြာခဏ ဆုံခဲ့ဖူးသည် ။ ကဗျာတွေကို ချစ်သော ၊ မြတ်နိုးသော ကျွန်မနှင့် ကဗျာဆရာ အပေါင်းအသင်း များသော မောင် ကဗျာစာအုပ်မိတ်ဆက်ပွဲလိုမျိုး ၊ ကဗျာဆိုင်ရာ ဆွေးနွေးပွဲလိုမျိုးများ၌ မကြာခဏ ဆုံမိကြသည်မှာ သိပ်တော့ မဆန်းချေ ။
မောင်နှင့် ကျွန်မ သိပ်ပြီး ရင်းနှီးကျွမ်းဝင်သည် မဟုတ်သော်လည်း မိတ်ဆွေအဆင့်တော့ ဝင်သည် ။ အွန်လိုင်း ပေါ်တွင်လည်း မကြာခဏ စကားပြောဖြစ်သည် ။ သို့သော် ကျွန်မ မောင့်ကို တိတ်တခိုး ချစ်နေခဲ့သည်ကိုတော့ မောင် မရိပ်မိခဲ့ ။
သူငယ်ချင်း ရိုးဂုဏ်၏ ကဗျာတွေကို ဂုဏ်ပြုရွတ်ဆိုကြသည့် ကဗျာဆရာများစွာတို့၏ ကဗျာရွတ်သံများကို မောင့်အနားမှ နေ၍ နားဆင်ခွင့် ရ၍လား မသိ ပို၍ ချိုမြိန်နေခဲ့သည် ။ မောင်နှင့် ကျွန်မ တူညီမှု တစ်ခုတော့ ရှိသည် ။ ကဗျာတွေကို ချစ်တတ်သော်လည်း ကဗျာတွေတော့ နှစ်ယောက်စလုံး မရေးတတ် ၊ ခံစားနှစ်သက်ရုံသက်သက် ။
စာအုပ်မိတ်ဆက်ပွဲ ပြီး၍ တော်တော်များများ ပြန်သွားကြသော်လည်း ကျွန်မ မောင့် အနားမှ မပြန်ချင်သေး ။ ကျွန်မကို မိန်းမသားမို့ ရိုးဂုဏ် က ပြန်စေချင်ခဲ့၏ ။ သူတို့ သူငယ်ချင်းများ အောင်ပွဲ အထိမ်းအမှတ် သောက်စား ကြဦးမည် ။
“ ဟိုလေ ကိုနှင်းသစ်ပင် က ဆယ်မိုင်ကုန်းဘက်မှာ နေတာ မဟုတ်လား ။ နွေရွက် လည်း ရှစ်မိုင်ဘက် ပြန်မှာဆိုတော့ ကိုနှင်းသစ်ပင် ကားနဲ့ လမ်းကြုံ လိုက်ခဲ့မယ်လေ ၊ ရတယ် မဟုတ်လားဟင် ။ဒီနေ့ နွေရွက် ကားမယူလာခဲ့လို့ပါ ”
“ ဪ ဟုတ်ကဲ့ ရတာတော့ ရပါတယ် ။ ဒါပေမဲ့လေ ဒီမှာက ...”
“ နွေရွက် စောင့်နေပါ့မယ် ”
ဤသို့ဖြင့် မောင့်အပါး အချိန်ရသရွေ့ ကျွန်မ ခိုကပ် နေခဲ့သည် ။ သူတို့ဝိုင်း သိမ်း တော့ ညရှစ်နာရီပင် ကျော်နေခဲ့ပြီ ။ အဲဒီညက မောင် တော်တော် မူးသွားခဲ့သည်ထင်၏ ။ ကားမောင်းဖို့ပင် မဖြစ်နိုင်တော့၍ မောင့်ကားကို ကျွန်မ မောင်းခဲ့ရသည် ။ အိမ်က ဒရိုင်ဘာဖြင့် မောင့် အိမ် အရောက် ပြန်မောင်းပို့ခိုင်းမည့်အကြောင်း ရိုးဂုဏ်ကို ပြောပြခဲ့သည် ။
သို့သော် လမ်းတစ်ဝက် ရောက်တော့ ကျွန်မ အတွေး တွေ ပြောင်းသွားသည် ။ မောင့်ကို ပိုင်ဆိုင်လိုသည့်စိတ်ဖြင့် ကားကို ဟိုတယ်တစ်ခုဆီသို့ ဦးတည်မောင်းနှင်ခဲ့သည်ကို မူးပြီး အိပ်ပျော်နေသည့် မောင် လုံးဝ မသိခဲ့ပါချေ ။
မောင် အမူးပြေပြီး နိုးလာတော့ တုန်လှုပ်ချောက်ချားနေသည့် မောင့် အသွင်သဏ္ဌာန်ကို ကျွန်မ ပထမဆုံးအကြိမ် မြင်ဖူးခဲ့သည် ။
“ မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ဒီကိစ္စ လုံးဝ မဖြစ်နိုင်ဘူး ။ ငါ ငါ ဘယ်လောက် မူးမူး အိုကွာ ငါ့အကြောင်း ငါ အသိဆုံး ။ မင်းကို ငါ စိတ်နဲ့ တောင် ပြစ်မှားမိမှာ မဟုတ်ဘူး ။ ဒါ မင်း မင်း သက်သက် ယုတ်မာတာ မဟုတ်လား ။ မင်းနဲ့ ငါ ဘာမှ မဖြစ်ခဲ့နိုင်ဘူး ။ ဟင့်အင်း မဖြစ်နိုင်ဘူး ၊ မဖြစ်နိုင်ဘူး ”
“ ပြောရက်လိုက်တာ ရှင် ”
ကျွန်မ စိတ်မကောင်းစွာနှင့်ပင် မောင့်ကို လက်လွတ် မခံလိုသည့် စိတ်ဖြင့် မာယာ မျက်ရည်များ ခြွေချပစ်ခဲ့ သည် ။ အဲဒီနေ့က စပြီး မောင်၏ ကြည်လင်ဝင်းပသည့် မျက်နှာကို ကျွန်မ မမြင်ရတော့ချေ ။ မင်္ဂလာဦးနေ့မှ စ၍ ကျွန်မနှင့် လာမအိပ် ။ နေ့စဉ် နေ့တိုင်း တမှိုင်မှိုင်တတွေတွေ ဖြစ်နေသည့် မောင့်ကြောင့် မောင့်ကို ပိုင်ဆိုင်ရလျှင် ပျော်ရွှင်ရမည်ဟု ထင်ခဲ့မိသော ကျွန်မ မှားခဲ့ပြီလားဟု အတွေးစဝင်ခဲ့၏ ။
နေ့ရက် တော်တော်များ များ၌ အိမ်ပြင်ပမှာ ကားတစ်စီးဖြင့်သာ လည်ပတ်၍ မောင် အချိန်ဖြုန်းခဲ့သည် ။ တချို့ညများဆို အိမ်၌ပင် ပြန် မအိပ် ။ မေးကြည့်လျှင်လည်း သူငယ်ချင်းတွေနှင့် သွားအိပ်သည်ဟုသာ တိုတိုတုတ်တုတ် ဖြေတတ်သည် ။ အိမ်ထောင် ရေးသုခ ဆိုတာ ဘာလဲဟု ကျွန်မကိုယ် ကျွန်မ ပြန်မေးယူခဲ့ရသည် ။
ကျွန်မ မောင့်ကို ချစ်သည် ။ ချစ်ခဲ့သလောက် ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားခဲ့သလို ပိုင်ဆိုင်ခွင့်လည်း ရခဲ့၏ ။ သို့သော် ရယူပိုင်ဆိုင်နိုင်ခြင်းနှင့် ချစ်ခြင်း၏ ပျော်ရွှင်မှုသုခ ဆိုတာ တိုက်ရိုက် အချိုးမကျမှန်း မောင်၏ ဖယ်ခွာရှောင်ကြဉ်မှုကြောင့် ကျွန်မ သိခဲ့ရသည် ။
တစ်နေ့ ထုံးစံအတိုင်း မောင် ညဉ့်နက်မှ ပြန်လာသည် ။ ပြီးနောက် သူ့အခန်းအတွင်းသို့ ဝင်သွားခဲ့သည် ။ ကျွန်မတို့နှစ်ယောက်၏ အိမ်ထောင်ရေး ပြဿနာကို မဖြစ်မနေ အဖြေရှာမယ်ဟု ကျွန်မ ဆုံးဖြတ်ထားသည့် အတိုင်း မောင့်အခန်းအတွင်းသို့ လိုက်ဝင်သွားခဲ့သည် ။
ကျွန်မ ဝင်သွားတာ သိလောက်ပေမဲ့ မောင် ကျွန်မကို လှည့်မကြည့် ။ ပြတင်းတံခါးမှာ ရပ်၍ အပြင်ဘက်သို့ မောင် ငေးနေခဲ့၏ ။ ကျွန်မ မောင့်ကို အနောက်ကနေ သိုင်းဖက်လိုက်သည် ။ မောင် ပြန်မရုန်းခဲ့ ။
“ မောင့်ကို နွေရွက် အရမ်းချစ်တယ်မောင် ၊ နွေရွက်ကိုကြည့်ပါဦး ၊ နွေရွက် မလှလို့လားဟင် ။ နွေရွက်ကို ချစ်နေတဲ့ ကောင်လေးတွေ အများကြီး ရှိပါလျက်နဲ့ မောင့်ကို နွေရွက် ရွေးချယ်ခဲ့တယ် ။ မောင် လက်မခံနိုင်စရာ နွေရွက် မှာ ဘယ်လို အပြစ်တွေများ ရှိနေခဲ့လို့လဲ မောင်ရယ် ”
မောင့်ဆီမှ ရှိုက်သံတစ်ချက် ထွက်လာခဲ့သောအခါ ကျွန်မ အရမ်း တုန်လှုပ်သွားခဲ့သည် ။ မောင့်ကို ဆွဲလှည့်ကြည့်လိုက်သောအခါ မောင် မျက်ဝန်းမှ မျက်ရည်များ သွင်သွင်စီးကျနေသည်ကို ကျွန်မ တွေ့လိုက်ရသည် ။
ယောကျ်ားတန်မဲ့ မျက်ရည်ကျနေသည့် မောင့် ကို ကျွန်မ အရမ်း အံ့သြသွား ခဲ့သည် ။
“ ဟင် မောင် မောင်ငိုနေတယ် ။ ဘာကြောင့်လဲ ၊ ဘာကြောင့်လဲ မောင်ရယ် ။ ယောက်ျားတန်မဲ့ ငိုနေရလောက်အောင် နွေရွက်နဲ့ လက်ထပ်ခဲ့ရတာ မောင် ဒီလောက်တောင် စိတ်ထိခိုက် နေရတာလားဟင် ၊ ပြောစမ်းပါဦး မောင်ရယ် ”
မောင့် လက်မောင်းနှစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲလှုပ်ခါပစ်လိုက်တော့ မောင့် နှုတ်ခမ်းက မဲ့ပြုံး တစ်ချက် ထွက်ကျလာခဲ့သည် ။
“ ကောင်းပြီလေ မင်း အရမ်းသိချင်နေတော့လည်း ငါ ပြောပြရတော့မှာပေါ့ ။ ငါ့မှာ ငါ့အသက်လို ချစ်ရတဲ့ ချစ်သူ ရှိတယ် ”
“ ဘာ မောင့်မှာ ချစ်သူ ရှိတယ် ဟုတ်လား ၊ မဖြစ်နိုင် တာ ။ မောင့်မှာ ချစ်သူရှိတယ်လို့ နွေရွက် တစ်ခါမှ မကြားဖူးခဲ့ပါဘူး ”
“ မင်း မကြားဖူးဘူး ဆိုတာ ဖြစ်နိုင်ပါတယ် ။ မင်းမှ မဟုတ်ပါဘူး ၊ ငါတို့ ချစ်သူ နှစ်ဦးက လွဲပြီး ဘယ်သူကမှ မသိအောင် ဖုံးဖုံးဖိဖိ နေခဲ့ကြလို့ပဲ ။ အဲဒါ ဘာလို့လဲဆိုတော့ ငါတို့ ချစ်ခြင်းဟာ ပတ်ဝန်းကျင်ကို လွယ်လွယ်ပေးသိလို့ မရတဲ့ ချစ်ခြင်းဖြစ်နေလို့ပဲ ။ ငါတို့ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အသက်လို ချစ်တယ် ။ ချစ်သူနဲ့ ကွေကွင်းရတဲ့ ဒုက္ခ ၊ မချစ်မနှစ်သက်သောသူနဲ့ ပေါင်းသင်းနေထိုင်ရတဲ့ ဒုက္ခ ဒါတွေကို မင်း မခံစားဖူးတော့ မင်း နားလည်မှာမဟုတ်ပါဘူး ။ ငါ့မှာ အဲဒီ ဒုက္ခ နှစ်မျိုးစလုံး တစ်ပြိုင်နက် ခံစားနေရတယ် ။ ဒါကြောင့် ငါ စိတ်ဆင်းရဲသောက ရောက်နေရတာပဲ ”
ကျွန်မ ခေါင်းထဲ ချာချာ လည် သွားခဲ့ရသည် ။ ကျွန်မ နှင့် အတူတူ နေထိုင်ရခြင်း သည် မချစ်မနှစ်သက်သော သူနှင့် နေထိုင်ရသော ဒုက္ခ ဖြစ်သည်တဲ့ ။ မောင့်မှာ အသက်လို ချစ်ရသောချစ်သူ ရှိနေခဲ့သည်တဲ့ ။
ကျွန်မချစ်သော မောင် စိတ်ဆင်းရဲစွာ ငိုကြွေးနေသည်ကို မြင်နေရသည့် ကျွန်မ ပျော်ရွှင်နိုင်မည်တဲ့လား ။ မောင်၏ ပျော်ရွှင်မှုတွေကို အရည်ဖျော်ချပြီး ကျွန်မ လိုချင်သော ဘဝကို အတင်း ပုံသွင်းရယူခဲ့သည့် ကျွန်မ တရားပါ၏လော ။ မောင် ကြေကွဲငိုကြွေးနေတာ ကျွန်မ မမြင်ရက်ခဲ့ပါ ။
“ မောင့်ကို တစ်ခုလပ် ဘဝအနေနဲ့ မောင့်ချစ်သူက ချစ်နိုင်ပါ့ဦးမလား ”
မောင် အဲဒီတုန်းက ကျွန်မကို ပြန်ကြည့်ခဲ့သည့် အကြည့် ကျွန်မ ဒီနေ့အထိ မမေ့နိုင်သေးပေ ။ ဝေခွဲရ ခက်စွာ အံ့သြနေသည့် အကြည့်မျိုး ။
“ ကောင်းပြီလေ ၊ မောင့် ချစ်သူကို အိမ်လာခိုင်းလိုက် ပါ ။ နွေရွက် သူနဲ့ စကားပြောကြည့်မယ် ။ မောင့်ကို သူ ချစ်နေသေးတာ မှန်ရင်တော့ မောင်တို့ နှစ်ယောက် စိတ်ချမ်းသာဖို့အတွက် နွေရွက် ကွာရှင်းပေးပါ့မယ် ”
“ ဟင် ဒါ ဒါတော့ မဖြစ်နိုင်ဘူး ။ သူ့ကို မင်းနဲ့ ပေးတွေ့ဖို့ မဖြစ်နိုင်ဘူး ”
“ ဘာလို့လဲ မောင် ၊ နွေရွက်တောင် ကွာရှင်းပေးဖို့ထိ စဉ်းစားပေးထားတာလေ ။ သူ မောင့်ကို ချစ်နိုင်သေးတာ မှန်ရင်တော့ လာတွေ့ရဲရ မှာပေါ့ ”
“ ကျွတ် ဟာကွာ ။ အိုကေလေ ၊ မင်း သူနဲ့ စကားပြောပြီးရင် ငါ့ကို ကွာရှင်းပေးမယ်ဆိုတာ တကယ် သေချာလား ”
မောင့် စကားကြောင့် ကျွန်မအသည်းတွေ ကျဉ်စက်နှင့် အတို့ ခံရသလို နာနာကျင် ကျင် ခံစားခဲ့ရသည် ။ကျွန်မ အသံကို အတတ်နိုင်ဆုံး မတုန်မိအောင် ထိန်းချုပ်ရင်း လေးလေးနက်နက် ပြန်ပြောခဲ့သည် ။
“ မနက်ဖြန် သူ့ကို လာခိုင်းလိုက်ပါ ။ နွေရွက် မောင့်ကို ကွာရှင်းပေးပါ့မယ် ”
ကျေနပ်သွားဟန် ရှိသည့် မောင့်မျက်နှာကို ကျွန်မ ဆက်ကြည့်နေနိုင်ခဲ့စွမ်း မရှိခဲ့ပါ ။ မောင့် အခန်းတွင်းမှ လှည့်ထွက်ခဲ့၏ ။
နောက်တစ်နေ့ ကျွန်မ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည် ။ ပညာဂုဏ် ၊ အလှဂုဏ် ပြည့်စုံပြီးသား ကျွန်မကို ကျော်လွန်၍ အသက်လို ချစ်ရပါသည်ဆိုသော မောင့်ချစ်သူသည် ဘယ်လိုပုံမျိုးလဲဟု ကျွန်မ စိတ်ကူးနှင့် ပုံဖော်ကြည့်ခဲ့သည် ။ ကျွန်မ သူနှင့် ရင်ဆိုင်ဖို့ ပြောရမည့် စကားများကို ကြိုတင်စိတ်ကူးထားခဲ့သည် ။ အကယ်၍ မောင့် အပေါ် တကယ်ချစ်နိုင်သည် မှန်လျှင်တော့ မောင့်ကို ပေးထားသည့် ကတိအတိုင်း ကွာရှင်းပေးဖို့ ဆုံးဖြတ်ထားပြီးသားပါ ။
ခြံဝင်းထဲသို့ ကားဝင်လာသည့် အသံ ကြားသောအခါ မောင်က ကျွန်မ ရှိရာ ဧည့်ခန်း အတွင်းသို့ လာ၍ ကျွန်မ ဘေးခုံ၌ လာဝင်ထိုင်ပြီး ပြောသည် ။ သူ ရောက်လာပြီဟူ၍ ။ ကျွန်မ ခြေထောက်ကို တမင်တကာ ချိတ်ထားလိုက်ပြီး အကြည့်ကို လွှဲနေခဲ့လိုက်သည် ။ အရိပ်တစ်ခုက ကျွန်မ ရှေ့တည့်တည့် ဆိုဖာပေါ် ဝင်ထိုင်လိုက်သည်ကို တည့်တည့် ကြည့်မနေခဲ့သော်လည်း မျက်လုံးထောင့်မှ လှမ်းမြင်ခဲ့လိုက်သည် ။
ပထမဆုံး စသုံးမည့် ထိုးစစ်စကားနှင့်အတူ တိုက်ပွဲဝင်ဖို့ မျက်နှာတည့်တည့် ပြန်ထားလိုက်သောအခါ ကျွန်မ တုန်လှုပ်မှုတွေက အလုံပိတ် အခန်းထဲ ပစ်ပေါက်လိုက်သည့် အသံတစ်ခုပမာ ပဲ့တင်ထပ်မှုပေါင်း များစွာဖြင့် ။
နားမလည်နိုင်စွာဖြင့် မောင့်ကို လှည့်ကြည့်လိုက်သောအခါ မောင်က လေးလေးနက်နက် ပြောသည် ။
“ ငါတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အသက်လို ချစ်ရပါတယ် ။ တစ်ခုလပ်ဘဝ ဆိုလည်း သူ ငါ့ကို ချစ်နေဦးမယ် ဆိုတာ ငါ ရဲရဲကြီး အာမခံပါတယ် ”
ဖြစ်နိုင်ခဲ့လျှင် အဲဒီတုန်းက သူတို့ အရှေ့၌ အမှုန်သေး သေးလေး တစ်မှုန်အဖြစ် ကျွန်မ လေထဲ လွင့်စဉ် ကွယ်ပျောက် သွားချင်မိခဲ့သည် ။ ထိုးစစ်ဆင်ရန် စီစဉ်အကွက်ချထားသည့် စကားလုံးတွေသည်လည်း မြေပြင်ပေါ် နားနေသည့် ငှက်အုပ်ကြားထဲသို့ ခဲလုံးဖြင့် ပစ်ပေါက်လိုက်သလို လွင့်စဉ် ထွက်ပြေးကုန်ကြ၏ ။
ကျွန်မ အားရအောင် ငိုကြွေးခဲ့ပြီးမှ စကားတစ်ခွန်းသာ ပြောနိုင်ခဲ့သည် ။
“ မောင့်ကို မနက်ဖြန် ကွာရှင်းပေးပါ့မယ် ”
••••• ••••• •••••
ထပ် မငိုမိအောင် အတတ်နိုင်ဆုံး အားတင်း၍ စာချုပ်ပေါ် ကျွန်မ လက်မှတ် ရေးထိုးလိုက်သည် ။ ပြီး နောက် မောင့်လက်ထဲက စာချုပ်နှင့် လဲယူ၍ လက်မှတ် ထပ်ထိုးပေးလိုက်သည် ။ အရာအားလုံး ပြီးဆုံးခဲ့ပါပြီ ။ မောင်တို့ချစ်သူနှစ်ဦး အသက်ထက်ဆုံး ချစ်သွားနိုင်ပါစေ ဟုလည်း ရင်ထဲမှလှိုက်လှိုက်လှဲလှဲ ဆုတောင်း ပေးလိုက်သည် ။
တရားရုံးမှ အပြန်လမ်းသည် မောင်တို့ ချစ်သူနှစ်ဦး အတွက် လွတ်မြောက်ရာလမ်း ဖြစ်ပေလိမ့်မည် ။ ကျွန်မ အဖို့တော့ အပျိုရည်မပျက်သေးသည့် တစ်ခုလပ်မိန်းမသား တစ်ဦး မငိုမိအောင် ထိန်းထားရသည့် အားတင်းထားရာ လမ်းပင် ။ တစ်စောင်စီ ခွဲဝေ ယူလာသည့် ကျွန်မ လက်ထဲမှ ကွာရှင်းစာချုပ်ကို ပြန်ဖြန့် ကြည့်မိတော့ အသိသက်သေ နေရာ၌ ဝင်၍ လက်မှတ်ရေးထိုးထားသည့် မောင့်ချစ်သူ၏ နာမည်ကို အမှတ်မထင် သွားကြည့်မိသည် ။
မောင့်ချစ်သူ၏ နာမည်မှာ မောင်မြတ်စိုး ဖြစ်ပါသည် ။
⎕ နတ်စောင်း ၊ ကျိုက်ထို ၊
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
၂၀၁၇ ၊ ဇွန်
No comments:
Post a Comment