❝ ကတော်တစ်ပါး ❞
( ၂ )
( ဖူးသစ်မော် )
... လူကြားသူကြား သွားပြီး နာစီခေတ်က ချမ်းသလား သွားလုပ်မနေနဲ့ဦး ၊ ငါနဲ့ အမေပါ ညည်းနဲ့ ရောပြီး ငပေါစာရင်း ဝင်နေဦးမယ် ၊ ဟား ဟား ”
“ ဘယ်သူ့ ကြားမှ ပြောပေါင်တော် ၊ အမေနဲ့ အစ်ကို့ပဲ ပြောတာ … ၊ ဒါလေးများဟွန်း ”
နှုတ်ခမ်းလေး ထော်ကာ အပေါ်ထပ်သို့ ပြေးတက်သွားပြီးမှ သုတ်ခနဲ ပြန်ဆင်းလာသည် ။ ရေခဲသေတ္တာထဲမှ သစ်တော်သီးစိတ်ပန်းကန်ကို ခက်ရင်းသေးလေး တပ်ပြီး လာချပေးသည် ။
“ အစ်ကို သိပ်ကြိုက်တယ် ပြောလို့ စိတ်ထားတာ ၊ အမေက သွားတွေ နာလို့တဲ့ ၊ ငှက်ပျောသီးပဲ စားတယ် ၊ အိမ်ပေါ် တက်တော့မလို့ ၊ အစ်ကို ခိုင်းစရာ ရှိသေးလား ”
“ မရှိပါဘူး ၊ ကျေးဇူးကြီးလှပါပေ့ဗျာ ၊ အခုလို ဘဝမျိုးမှာ ကျန်းမာဝဖြိုး အလှတိုးပါစေ ၊ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ သာလိကာမ ဖြစ်ပါစေ ၊ စကားများ နားငြီး တအားတီး ယောက်ျားကြီးနဲ့ ရပါစေ ”
“ ပေးတဲ့ဆု နှစ်ဆုနဲ့ ပြည့်ပါစေတော် ”
“ သုံးဆုလေ မမရဲ့ ”
“ နောက်ဆုံးဆုတော့ လိုချင်ပေါင် ၊ အစ်ကိုသာ ဗြူတီ ... ဗြူတီ ... အာ ... ဒီနေ့မှ ကျက်ထားတာကို ... အင်း ... အဲ ... ကြူ ယူအီးအီးအန် - ကွင်း ဟုတ်တယ်နော် ၊ ဖြူဖြူဝင်းဝင်း ဗြူတီကွင်းလေး တစ်ပါးနဲ့ မကင်းဝေးဘဲ ညားပါစေ ၊ ပြီးတော့ .. အစ်ကိုက နားငြီးတာ မကြိုက်ဆိုတော့ ... ဟုတ်ပြီ ၊ လှတပတ တအားဝ အအ,မနဲ့ ရပါစေ အဟီး .. ဟီး မှတ်ကရော ”
ကိုမင်းသက် ပြန်နှက်ခွင့် မရလိုက်ဘဲ အပြုံးတစ်ဝက်နှင့် ကျန်ရစ်ခဲ့သည် ။ ဒီကောင်မလေး IQ မသေးပါလားဟု တွေးမိသည် ။ ရုံးတွင် စာဝင်စာထွက် ကိုင်သူ ခင်မျိုးအေး၏ မျက်နှာလေးက အတွေးထဲ ပြေးဝင်လာသည် ။ သူ့အရင်က ဌာနပြောင်းရွှေ့ သွားသူလေး နန်းဥမ္မာ ရှိသေးသည် ။ တစ်ယောက်ပြီး တစ်ယောက် ရင်းနှီးတွေ့ဆုံ ရင်ခုန်ချင် သလိုလို ရှိခဲ့သော်လည်း စိတ်မှာ ရဲရဲ မသဲကွဲလေသဖြင့် တုံဏှိဘာဝေ အဆင့်မှာပဲ တစ်တစ်နေခဲ့သည် ။ နှလုံးသားအရေးနှင့် ပတ်သက်လျှင် ဝန်လေး နှုတ်နှေးတတ်သော ကိုယ့် ကိုယ်ကိုယ်သာ အားမလို အားမရ အပြစ် မြင်ခဲ့တာ ကြာပြီ ။ ခုတော့ ....
••••• ••••• •••••
သူ ဘယ်လောက်ပဲ စောအောင်ထထ တိမ်ပွင့်စံ က သူ့အရင် အမြဲ နိုးထပြီး ဖြစ်နေတတ်သည် ။ သူ့ခန္ဓာကိုယ်ထဲမှာ နှိုးစက်များ ပါလာလေသလား မသိ ။ လှုပ်ရှားလုပ်ကိုင်ပုံတွေကလည်း အသံဗလံတွေ မကြားရအောင် ပိရိသေသပ်လှသည် ။ တစ်ခုပဲ ၊ သူမ ရှိနေသည့် အရပ်ဌာနဆီမှ spelling တွေ ရွတ်ဖတ်နေသံ ကိုတော့ တတွတ်တွတ် ကြားနေရတတ်သည် ။
“ ဘူးယိုမ ၊ ဒီလောက် အစောကြီးထပြီး ဘာတွေ ချက်ပြုတ်နေတာလဲ ၊ တစ်အိမ်လုံးမှ လူက သုံးယောက်တည်း ရှိတာများကွာ ”
“ ဘီ အီး အေ ကေ အက်ဖ် အေ အက်စ် တီ - ဘရိတ်ဖတ်စ် မုန့်ဟင်းခါးဟင်း ရည်ချက်နေတာ ၊ ကြက်ဥ ပြုတ် စိပ်ပြီးပြီ .. ၊ ကြက်သွန်မြိတ် နံနံပင် ကိုက်ပြီးပြီ ၊ ငရုတ်လှော်မှုန့် ရယ်ဒီ ၊ မုန့် ဖတ်က အမေ လူကြုံမှာ ပေးထားတာ ၊ ၇ နာရီ လာပို့မှာတဲ့ ၊ ဒါပြီးရင် ပဲကပ်ကြော်သွားဝယ်မယ် ၊ အစ်ကို မုန့်ဟင်းခါး ကြိုက်လားဟင် ”
“ ညည်းက ... ဟင်းရည်ချက်တတ်လို့လား ”
“ အမေ့ဆီ မေးပြီး မှတ်ထားတာပေါ့ ၊ ဟောဒီမယ် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာလည်း ပါတယ် ၊ ဒါလေးများ ”
“ အား ဟား ... ဘုရား ... ဘုရား ၊ ကောင်းတော့မှာပဲ ”
“ အယ် ... စားဖြင့် မကြည့်သေးဘဲနဲ့ ၊ ဒီကတော့ စားစေချင်လွန်းလို့ ကြိုးစားလိုက်ရတာ ၊ ဘုရား ... ဘုရား ... တဲ့ ၊ ဟွန်း ”
“ ငါက ဘာပြောနေလို့လဲ ၊ အမေ့နည်းရော ၊ စာအုပ်နည်းပါ ပေါင်းချက်မှတော့ ဘုရားတလောက်အောင် ကောင်းတော့မှာပဲလို့ အတိုချုပ် ပြောလိုက်တာ ၊ ငါ့ ညီမလေးကို အထင်သေးပါ့ မလားကွာ ၊ တိမ်ပွင့်စံပါတဲ့ ... ဟွန်း ... ဟွန်း ”
“ သိပါတယ်နော် ... ၊ စကားတတ်တိုင်း လှည့်ပတ် လှောင်နေတာ ၊ ကျွန်မက တောသူကိုး ... ”
တိမ်ပွင့်စံ ဟန်မဆောင် တတ်တာ သိသာသည် ။ ချက်ချင်း မျက်နှာလေး ညှိုးကာ မျက်ရည်လေးတွေ စိမ့်အိုင်လာသည် ။ ကိုမင်းသက် ထိတ်ခနဲ ဖြစ်သွားသည် ။
“ ဪ ... မိစံရယ် ၊ အစ်ကိုက ပျော်လို့ စတာ မသိဘူးလား ၊ ဒီလောက်ကြီး ခံစားဝမ်းနည်းရမှာလား ၊ အစ်ကိုက မင်းလေးပင်ပန်းတကြီး လုပ်ကိုင်နေတာ မကြည့်ရက်လို့ပါ ၊ ငါ့ညီမ လက်ရာဆို ဘာဖြစ်ဖြစ် ဇွတ်ညှစ် မျိုချမှာ ၊ သည်းခံခွင့်လွှတ် တစွတ်စွတ် တွယ်မှာ ၊ စိတ်ချ ၊ လူကဖြင့် သုံးယောက်တည်း ၊ မင်းလေး ပင်ပန်းရတာနဲ့ မတန်ပါဘူး ”
“ ဝယ်စားရတာရော တန်လို့လား ၊ ကျွန်မ ဈေးသွားရင်း ဗိုက်ဆာလို့ လမ်းထိပ်က ဒေါ်ကြီးညိုတို့ ဆိုင် ဝယ်စားမိပါတယ် ၊ မုန့်ဟင်းခါးကတော့ ကောင်းပါ မှာရဲ့ ၊ တစ်ပွဲစားလည်း မဝ ၊ နှစ်ပွဲစားလည်း မဝ ၊ သုံးပွဲအထိ စားလည်း မထူးဘူး ၊ တစ်ပွဲမှ သုံးလေးဇွန်းစာပဲ ရှိတာ ၊ ပိုက်ဆံအပို ကုန်တာပဲ အဖတ်တင်တယ် ၊ ကိုယ့်ဟာကိုယ် ချက်စားတော့ အကုန်အကျ သက်သာပြီး ပိုသန့်ရှင်းတယ် ၊ စားချင်သလောက်စား ဟုတ်ဘူးလား ”
“ နေပါဦး ... ညည်း ဝယ်စားတာ ဘယ်နှပွဲ ”
“ သုံးပွဲလေ ၊ နောက်ဆုံးကျ .. ဟင်းရည်တောင် တောင်းသောက်ခဲ့လိုက်သေးတယ် ”
“ ညည်းလေး ဈေးသွားချိန်ဆို အဲဒီဆိုင်က လူတွေ စည်ပါဘိနဲ့ ”
“ ရောင်းကောင်းတာကိုး ၊ စည်တာပေါ့ ”
“ အဟား ဟား ၊ တစ်ပွဲကို သုံးလေးဇွန်းနှုန်းနဲ့ သုံးပွဲဆက်ချတယ် ၊ ရွာအလှူမှာ စားတာကျနေတာပဲ ၊ လူတွေက ညည်းကို ကြည့်ပြီး ကျိတ်ရယ်နေကြမှာ မရှက်ဘူးလားဟင် ”
“ ရှက်ပေါင်တော် ... ၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားတာပဲ ”
“ အေး ၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ရှက်စရာ ကောင်းတာတွေ အများကြီး ရှိတယ် ဂျမ်းတောမရဲ့ ၊ လူက အပျိုကြီးဖားဖား ဖြစ်နေပြီ .. ၊ ယောက်ျားလေး ဆိုလည်း ထားပါတော့ ၊ မိစံ .. မိစံ ၊ အမေသာ သိလိုက်ရင်တော့ကွာ ”
“ အမေသိရင် ဘာဖြစ်လဲဟင် ၊ အမေက အဲလို စားတာ မကြိုက်ဘူးလား ၊ ကျွန်မကလေ ... ကျွန်မက ”
“ ဘာဖြစ်လဲ ... ပြောလေ ”
“ ဘာဖြစ်ရမလဲ အစ်ကိုရဲ့ ၊ အမေ မကြိုက်တာ လုပ်မိတော့ ကျွန်မ အလကားကောင်မ ဖြစ်ပြီပေါ့ ၊ အမေက သမီး ဈေးသွားရင်း ဗိုက်ဆာရင် ကြိုက်တာဝယ်စား ၊ ဗိုက်အဆာ မခံနဲ့ ပြောထားလို့ အဲဒီတစ်ခါပဲ စားခဲ့တာ ... ခုတော့ ... အဟင့် ... အီး ... ဟီး ... ”
ကိုမင်းသက် ကြောင်တက်တက် ဖြစ်သွားပြန်သည် ။ မရွှေချောက ဟင်းရည်အိုးကို ထိုင်မွှေလိုက် ၊ တအီးအီး ငိုလိုက်ဖြင့် သူ့နှာခေါင်းကို ထမီအောက်နားစဆွဲကာ ရှီးခနဲသုတ်လိုက်သေးသည် ။ ကိုမင်းသက်က တစ်သျှူးထုပ် ပြေးယူပေးလိုက်ရသည် ။
“ ရော့ ၊ တစ်သျှူးနဲ့ သုတ် ၊ ထမီစကြီး ဆွဲဆွဲသုတ် မနေနဲ့ ၊ နေပါဦး ၊ ဘာကိစ္စ ဝါးလုံးကွဲကြီး ထငိုလိုက်ရတာလဲ ၊ ငါပြောတာက တစ်မျိုး ၊ နင်က တွေးချင်ရာဆွဲ တွေးပစ်လိုက်တော့တာပဲ ၊ အမေသာ သိရင် ဘယ်လောက် ရယ်လိုက်မလဲ ပြောမလို့ တိတ်ပါတော့ ၊ ပါးကွက်ကျားကြီးက ပင်လယ်ကွေ့ မြေပုံ ဖြစ်နေပြီ ၊ သူ့ကိုယ်သူ ချာတိတ်မလေးများ မှတ်နေလား မသိဘူး ”
“ မမှတ်လို့ပေါ့ ၊ မှတ်ရင် ငိုပါ့မလား ”
“ ဟား ဟား ၊ ပြောလိုက်ရင်လည်း တလွဲချည်းပဲ ၊ တော်ပါတော့ မမရဲ့ ၊ မျက်ရည်ပေါက်တွေက မြန်လိုက်တာ ၊ ဖရဲသီးလုံးလောက် ရှိတယ် ၊ မင်းသမီးတွေတောင် ဒီလောက်မြန်မြန် မငိုနိုင်ဘူး ၊ နင့်ပါးကွက်တွေ သွားပြင်လိုက်ဦး ၊ အမေ မြင်ရင် လန့်သွားဦးမယ် ”
“ အင်း ၊ ဟုတ်တယ် ၊ ခဏလေးနော် ... ပလိစ် ပလိစ် ”
အမေ နိုးတော့ သုံး ယောက်သား ဝိုင်းဖွဲ့စားကြသည် ။
“ တော်တော် ကောင်းတယ်နော် ... အမေ ၊ ကြက်ဥပြုတ်နဲ့ ပဲကပ်ကြော်က ၊ မုန့်ဖတ်ကလေးကလည်း အိနေတာပဲ ”
“ မုန့်ဟင်းခါးဆိုတာ ဟင်းရည်ကောင်းမှ အားလုံးကောင်းတာ ၊ သမီးလေးက တော်တယ် ၊ အမေ တစ်ခါ ပြောပြရုံနဲ့ ချက်တတ်တယ် ”
“ ဘုရားတလောက် အောင်ကို ကောင်းတာ ၊ ကျွန်တော်ကတော့ ငါးပွဲလောက်ကို ဆွဲပစ်မှာ ၊ သူ့ထက် ကောင်းတာတောင် သူ့လောက် မကောင်းတော့ဘူး ”
တိမ်ပွင်စံက မျက်နှာ ရဲရဲလေးဖြင့် အမေ မမြင်အောင် မျက်စောင်းခဲပြသည် ။ ပြီးတော့ သူ့ပန်းကန်ကို အမြန် လက်စသပ်ပြီး ထပြေးသည် ။
“ ဟိတ် ၊ ငါ .. ဘာမှ မပြောဘူးနော် ၊ ကိုယ့်ဘာသာ ကြိုက်သလောက်စား ၊ အဟား ဟား ၊ အကယ်ဒမီ ဂျမ်းတောမ ”
“ သိပ်မစပါနဲ့ သားရယ် ၊ သမီးလေး ရှက်နေပါ့မယ် ”
သူတို့ နှစ်ယောက်၏ ပွင့်လင်းရင်းနှီးမှုကို အမေ ပီတိဖြစ်နေပုံရသည် ။ ကိုမင်းသက် မနက်က အကြောင်းတွေ ပြောပြတော့ အမေ ရယ်သည် ။ ရယ်သံတွေကြောင့် တိမ်ပွင့်စံ မလုံမလဲ ပြန်ဝင်လာသည် ။
“ အစ်ကိုနော် ၊ ကျွန်မ အကြောင်းတွေ .. ပြောနေတာ ”
“ အမယ် ၊ ကိုယ့်ဘာသာ ထပြေးပြီး မလုံဖြစ်နေတာ ၊ တိမ်ပွင့်စံမမအကြောင်း မပါဘူးဟ ၊ ဂျမ်းတောမလေး အကြောင်း ပြောနေတာ ”
“ ကဲပါ … သမီးရယ် ၊ ညည်းအစ်ကိုက ချစ်လို့ စတာပါ ၊ ဝအောင် စားဦးလေ သမီးရဲ့ ”
“ နောက်မှ ထပ်စားမယ် အမေ ၊ ဆိုင်ပြေး ဖွင့်လိုက်ဦးမယ် ”
“ အေး ... အေး ၊ ဖောက်သည်တွေက လာကြတော့မှာကိုး ၊ သားက ဘယ်နေ့ ရုံးပြန်တက်ရမှာလဲ ”
“ လာမယ့် တနင်္လာနေ့ အမေ ၊ ပြန်တက်ရင်လည်း ရက်ပိုင်းအတွင်း စာရင်းစစ်အဖွဲ့နဲ့ နယ်ဆင်းရမှာ သေချာတယ် ၊ ခုတော့ အမေ့အတွက် မပူရတော့ပါဘူးနော် ”
“ မပူရပါဘူး သားရယ် ၊ မိစံလေးက သား မြင်တဲ့ အတိုင်းပဲ ၊ အစစအရာရာ စိတ်ချရတဲ့ သမီးလေး ၊ အမေ့ကိုလည်း သိပ်ဂရုစိုက်တာ ၊ သူ ကြာကြာ မမြင်လိုက်ရတာနဲ့ လိုက်ရှာတော့တာပဲ တမေမေနဲ့ ၊ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မိဘမဲ့ရှာခဲ့တော့ ခမျာ မိဘမေတ္တာ ငတ်ရှာပေမပေါ့ ။ ရေစက်ပါလို့ အမေတို့နဲ့ ဆုံဆည်းလာရတာ ၊ အမေဖြင့် တစ်ချက်မှကို မပျင်းရဘူး ၊ သူ့ရယ်နေရတာနဲ့ပဲ ၊ အဟင်းဟင်း ”
အိမ်ရှေ့လမ်းပေါ် ဖြတ်သွားဖြတ်လာ တချို့နှင့် တိမ်ပွင့်စံတို့ အပြန်အလှန် နှုတ်ဆက်သံတွေ မကြာမကြာ ပြေးဝင်လာသည် ။ ဒီကောင်မလေး မိတ်သစ်ဆွေသစ်တွေတောင် အတော် တိုးပွားနေပါလား ။ ဖတ်စရာစာအုပ် တစ်အုပ်ကို ဆွဲကာ ဆိုင်ခန်းနောက် မန်ကျည်းပင်ရိပ် အောက်က ခုံတန်းလျားဆီ ထွက်လာခဲ့သည် ။ အမေ့ ထန်းလက်ကုလားထိုင်လေးကိုပါ အရိပ်လုံသော အပင် ခြေနားသို့ ရွှေ့ပေးလိုက်သည် ။
ကုန်စိမ်းတောင်းရွက် အမျိုးသမီး တစ်ယောက်က စာအုပ်ဆိုင် ရှေ့နားတွင် သူ့ တောင်းကို ချပြီး အနီးအနားရှိ အိမ်ရှင်မတွေ ကြားအောင် ဗျိုးဟစ်နေသည် ။ ပြီးတော့ တိမ်ပွင့်စံနှင့် စာရင်းရှင်းနေသည် ။
“ စာအုပ် ပြန်တွေ့ပြီ ညီမလေးရေ ၊ အစ်မမောင် ပေါ့ ၊ သူ့သူငယ်ချင်း တစ်ယောက်ဆီ လက်ဆင့်ကမ်းပြီး မေ့နေသတဲ့ ညကမှ လိုက် တောင်းခိုင်းရတယ် ၊ တစ်ပတ်တောင်ကျော်နေပြီထင်တယ် ၊ စာရင်းကြည့်ပေးပါဦး ”
“ တစ်ပတ် မကျော်သေးပါဘူး အစ်မရဲ့ ၊ ခြောက်ရက်ပါ ၊ တစ်ရာလျှော့ပြီး ငါးရာ ပေးပေါ့ ”
“ ချဉ်ပေါင်ရွက်နဲ့ မျှစ် ပါတယ် ၊ ရုံးပတီသီး ၊ ခရမ်းခေါင်းသီးလေးတွေနဲ့ ချက်ပါလား ညီမလေး ”
“ ဒီနေ့ ဟင်းရည် ချက်ပြီးသား ရှိတယ် ၊ ညနေ အတွက် ပဲသီးနဲ့ အာလူးသီးလေး နှပ်မယ် ၊ မျှစ်ကလေးနည်းနည်း အပိုပေးခဲ့ ”
“ ရုံးပတီသီးနဲ့ ခရမ်းသီးလေးပါ ရောနှပ် ၊ သိပ်ကောင်းတာ ၊ လတ်လတ်ဆတ်ဆတ် ကလေးတွေ ”
“ နည်းနည်းစီပဲ အစ်မ ၊ ဒါတောင် အစ်ကို ပြန်ရောက်နေလို့ ၊ အမေနဲ့ ကျွန်မဆို ကုန်မှာ မဟုတ်ဘူး ၊ သုံးရာဖိုးလောက် တော်ပြီ ၊ အစ်မက နှစ်ရာ ထပ်ပေး ၊ စာအုပ်ဖိုးနဲ့ ကိုက်ရောနော် ၊ စာအုပ်သစ်တွေ ရှိတယ် ... အစ်မ ”
“ မောင်လေးက သရဲစာအုပ်တဲ့ ၊ ဒေဝတာ ဆိုလား ”
“ ဒေဝတာ မနေ့က ငှားထားတာ ပြန်မဝင်သေးဘူး ၊ ဟောဒီမယ် ဖွားလောက်ကြီးနဲ့ ဒေဝစကြာ ရှိတယ် ၊ သရဲတွေပဲ ၊ ကောင်းပါ့ ”
“ ညီမလေး ကောင်းမယ် ထင်တာသာ ပေးလိုက် ၊ အဲဒီလိုင်းတွေ အစ်မ မသိဘူး ၊ သျှင်မတို့ ၊ ပုညခင်တို့ပဲ ကြိုက်တယ် ၊ အသစ်ရှိ လား ”
“ အမယ် ... အစ်မ မဖတ်ဖူးသေးလို့ ၊ မြို့ပေါ်မှာတော့ လရောင်ကျူးရင့် ခေတ်ထနေတာ ၊ မရရင် သေမတတ်ဘဲ ၊ ဖတ်ကြည့်ပါလား ၊ သူကမှ တကယ့်စူပါ ဘက်ဆဲလား အစ်မရဲ့ ”
“ အောင်မလေး ငါ့ညီမပဲ အပြောကောင်း ၊ ခဏလေး ဈေးရောင်းပေးလိုက်ဦးမယ် ”
ကိုမင်းသက် စာအုပ်ထဲ ဈာန်မဝင်နိုင် ။ တိမ်ပွင့်စံ စကားသံလေးတွေနောက် လိမ့်ပါနေသည် ။ တစ်ချက် တစ်ချက်လည်း ပြုံးမိရသည် ။ တိမ်ပွင့်စံက စာအုပ်ဖိုးနှင့် ဖလှယ်လိုက်သည့် အသီးအရွက်ကလေးတွေကို အိမ်ထဲ ပြေးဝင်ကာ သိမ်းဆည်း သည် ။ ချာတိတ်အုပ်စု တစ်စု ရောက်လာသည် ။ တစ် ယောက်တစ်ပေါက် ဆူညံ ပွက်ရိုက်နေသည် ။
“ ဟဲ့ ထွန်းကျော် ငှားတဲ့ စာအုပ် ပါမလာဘူးလား ၊ အဲဒီကောင်ဟာလေ စာအုပ်တစ်အုပ် ငှားရင် စာလုံးပေါင်း ဖတ်နေလား မသိဘူး ၊ အမြဲ ရက်ကြာတယ် ၊ လာအပ်တော့လည်း အပြည့် မရှင်းချင်ဘူး ၊ ပြောလိုက်စမ်း … နင်တို့အကောင်ကို ၊ ငါးရက်ထက် ပိုကြာလာရင် အိမ်ထိ လိုက်ကြမ်းမှာလို့ ၊ အရင်တစ်ခါ ပြောလိုက်တာကို မမှတ်ဘူး ”
“ ထွန်းကျော် မှော်ထဲ လိုက်သွားတာ မစံရဲ့ ၊ နောက် တစ်ရက် နှစ်ရက်ဆို ပြန်လာတော့မှာပါ ၊ ပြောလိုက်မယ် ”
“ အေး ၊ သေချာပြောလိုက် ၊ ဟိုအကောင် ငတိုး ၊ ဘယ်လိုင်းတွေ တက်ကိုင်နေ တာလဲ ၊ ဆင်းခဲ့စမ်း ၊ ဟော ဒီမယ် နင့်လိုင်းတွေ ပုံလို့ ၊ နတ်ရွာမိုး ၊ သိုးဆောင်း အသစ်တွေ ၊ အဲဒါတွေက တကယ့်ဟဲဗီးတွေ ၊ အစာမကြေရင် ဆေးစားလို့ ရတယ် ။ စာ မကြေရင် ဆေးမရှိဘူး ၊ နင် ရူးသွားမနော် ”
“ ဟာဗျာ ၊ အစ်မက အလုံးကြီးတွေနဲ့ တကယ်ထုတာ ၊ ပင်လယ်ဝံပုလွေ ဆိုလို့ ကြည့်တာပါ ၊ အစ်မ ဖတ်ဖူးလား ”
“ အမေရိကန်စာရေး ဆရာ ဂျက်လန်ဒန်ရဲ့ ဘာသာပြန်ဝတ္ထု ဟဲ့ ၊ တကယ့် စာပေသမားတွေမှ ဖတ်နိုင်တာ ၊ နင်လို အကောင် ဖတ်နိုင်ရင် ဖတ်လေ ၊ နားမလည် ပါးမလည်နဲ့ မကောင်းဘူး ပြောလို့ကတော့ အသေပဲ ”
ကိုမင်းသက် မျက်လုံးပြူး သွားသည် ။
“ အမေ ၊ ကျွန်တော့် စာအုပ်တွေ သပ်သပ်သိမ်းထားတာ ၊ ဒီကောင်မလေး ဆိုင်တင် ငှားနေတာ ထင်တယ် ၊ အမေတင်ခိုင်းတာလား ”
“ အမေ မသိပါဘူး သားရယ် ၊ သူ့ဘာသာ ယူဖတ်နေတာတော့ သိတယ် ၊ နားမလည်ရင် မေးတယ် ၊ ခေါ်မေးကြည့်လေ ”
ချာတိတ်အုပ်စု ပြန် ထွက်သွားမှ လှမ်းခေါ်လိုက်သည် ။
“ အစ်ကို ဘာခိုင်းဖို့လဲဟင် ”
“ သီးသန့်ထားတဲ့ အစ်ကို့ရှေးဟောင်းစာအုပ်တွေ ဆိုင်တင် ငှားနေတာလား ၊ ပျောက်ရှကုန်ရင် ဘယ်လို လုပ်မလဲ ”
“ ပျောက်ရင် အလျှော် တောင်းပြီး ပြန်ဝယ်မှာပေါ့ ၊ အစ်ကို့ ရှေးဟောင်းစာအုပ်တွေ အခု ပြန်ထုတ်နေပြီ ၊ အရောင်းဆိုင်မှာ တွေ့တယ် ၊ အစ်ကို ဖတ်ပြီးသားတွေပဲဟာ ၊ ဖတ်ချင်တဲ့ သူတွေ ဖတ်ခွင့်ရရင် ကုသိုလ်လည်း ရ ဝမ်းလည်း ဝတာပေါ့ ၊ ခွန်အားရှိတဲ့ စာတွေ များများ ဖတ်မှ လူတွေ တိုးတက်မှာဆို အစ်ကိုပဲ ပြောပြီးတော့ ”
“ အင် ”
သူ ဘာ ပြန်ပြောရမှန်းတောင် မသိ ။ အမေက တခွိခွိ ရယ်သည် ။
“ ဒီစာအုပ်တွေ တင်ငှားရင် အစ်ကို သဘောကျ မှာပဲ ဆိုပြီး တင်ထားတာ ၊ အစ်ကို့ကို ပြောဖို့တောင် ဘယ်လို မေ့သွားလိုက်မှန်း မသိဘူး ၊ ဟို .. အစ်ကို မကြိုက်ရင် ပြန်သိမ်းလိုက်မယ်နော် ”
“ ကဲပါကွာ ပြန်သိမ်း မနေပါနဲ့တော့ ၊ ငါ့ညီမ ပြောတာမှန်ပါတယ် ၊ အစ်ကိုက စာအုပ်တွေပေါ် သံယောဇဉ် ကြီးပြီး ပိတ်ဆို့ထားသလို ဖြစ်နေတယ် ၊ အင်း ၊ ကြာရင် အစ်ကိုတောင် ညည်းကို လိုက်မမီလောက်ဘူး ထင်တာပဲ ”
“ ဂျမ်းတောမက အစ်ကို့တော့ ဘယ်မီပါ့မလဲ ၊ ကျော်ဖို့ဆို ဝေလာဝေးပေါ့ ။ အစ်ကို့ကို ပြောရဦးမယ် ၊ ဟို ဘက်လမ်းထဲက ဦးကြီးဘကျော် ဆိုတာလေ ၊ အစ်ကို သိလား ၊ အဝေးပြေးကား ရှိတဲ့ အိမ်ကြီးကလေ ”
“ အင်း ၊ သိတာပေါ့ ”
“ အဲဒီဦးကြီး စာအုပ် ငှားသွားတာ ကြာနေပြီ ၊ ဟိုလေ ဘသန်း ... ဓမ် ... ဓမ် ... အဲ ... ”
“ ဘသန်း ... ဓမ္မိက ”
“ အင်း ဟုတ်တယ် ၊ ဘာသာပြန်တဲ့ ရဲဘော်ရဲသော်မသေ ”
“ အဲဒီစာအုပ်က စာရွက်တွေတောင် ကြွပ်ဆတ်နေပြီ မမရဲ့ ၊ လူအများ ကိုင်လို့ မဖြစ်တော့ဘူး ၊ အဲဒါမျိုးကျ တင်မငှားနဲ့ ၊ ပြန်သိမ်း ”
“ ဟုတ်ကဲ့ ၊ အဲဒီစာအုပ် လာမအပ်လို့ ဦးကြီး ဘကျော်ဆီ စာရေးပြီး ပို့လိုက်တယ် ”
“ ဟေ ၊ ဘယ်လိုများ ရေးလိုက်လဲ ”
“ စာအုပ်ရက်ကြာနေပြီ ၊ ဒီနေ့ အမြန်လာအပ်ပါ ၊ မလာရင် ရပ်ကွက်ရုံး တိုင်ပြီး ရှင်းရပါလိမ့်မယ် ... ဦးကြီးရှင့် လို့ ရေးလိုက်တာ ”
“ ဟား ဟား ၊ လုပ်လိုက်ပေတော့ကွာ ၊ အဲဒီ ဘိုးတော်ကြီးက လူ့ခွစာကြီး မိစံရဲ့ ၊ အမေတို့ အစ်ကိုတို့ အနေနဲ့ ဝင်ရှင်းရရင်မကောင်းဘူး ၊ မျက်နှာပူတယ် ၊ ရှင်းရခက်တယ် ၊ ညည်းအနေ အထားနဲ့ ညည်း တတ်သိသလောက်သာ ချပေတော့ ၊ သိပ်လက်ပေါက်ကတ်လာရင်တော့ အစ်ကို ဝင်ရှင်းမယ် ”
“ အစ်ကို မဝင်ပါနဲ့ ၊ ကျွန်မဘာသာ ရှင်းနိုင်ပါ တယ် ”
“ စကားအပြောအဆို ဂရုစိုက်နော် သမီး ၊ မရိုင်းစေနဲ့ ”
“ ဟုတ်ကဲ့အမေ ”
“ တော်တော်အသက် ရှည်မယ့် ဘိုးတော်ကြီး ၊ ပြောနေတုန်း လာပါပြီဗျာ ၊ ဟော ဟိုမှာ ”
“ အဲ ... ဟုတ်တယ် ”
ဦးဘကျော်၏ ဆိုင်ကယ်ကို လှမ်းမြင်လိုက်ရသည် ။ စာအုပ်ဆိုင်ဆီ တည့်တည့် ဝင်လာသည် ။ ကိုမင်းသက်တို့ သားအမိနှစ်ယောက် ဆိုင်နောက်ဘက် မျက်ကွယ်တွင် ငြိမ်နေလိုက်ကြသည် ။
“ စာတစ်တန် ပေတစ်တန်နဲ့ ကလေးမ ၊ ဘကျော် လာပါပြီ ၊ အံမယ် ဒီနေ့မှ လာမရှင်းရင် ရပ်ကွက်ရုံး ကနေ ခေါ်ရှင်းမယ် ဆိုပါလား ၊ ညည်းက မနေ့တစ်နေ့ကမှ ဒီအိမ်ကို ရောက်လာပြီး ဘကျော်အကြောင်း မသိသေးဘူးကိုး ”
“ ရှင် .. ဦးကြီး အကြောင်းက ဘာလဲဟင် ၊ ဟို ထောင်ထွက်လူမိုက်လို မျိုးလား ၊ ရွာက အမေဖွားစိန် ပြောတာတော့ ခဏခဏ ကြားဖူးတယ် ၊ တူကြီးရင်ပေ လူကြီးရင်တေသတဲ့ ၊ မတေပါနဲ့တော့ ဦးကြီးရယ် ၊ ဒီအသက်အရွယ် ရောက်မှတော့ သံသရာစခန်း ပါအောင် ဘာဝနာကမ္မဋ္ဌာန်လေး ဘာလေး လုပ်နိုင်မှ တော်ရုံကျတာ ဦးကြီးရဲ့ ”
“ ဟေ ... ဘယ်လို ပြောလိုက်တယ် ”
“ ကျွန်မ ပြောတာ ဒီလို ဦးကြီးရဲ့ ၊ ကျွန်မတို့ ရွာမှာ လူမိုက်ဇော်ကြီး ဆိုတာရှိတယ် ၊ အရက်သောက် ၊ ဖဲရိုက် ၊ ကြက်တိုက် ၊ လူရိုက်နဲ့ အချုပ်ထောင်ကို ခြင် ထောင်လို သဘောထားပြီး ဝင်လိုက်ထွက်လိုက်ပဲ ၊ ဇော် ကြီးက သူသိပ်မကြည်မလင် ဖြစ်လာရင် မရိုက်ခင် ကြုံးဝါးသေးသတဲ့ ၊ ဟင်း ... ဟင်း ဇော်ကြီးအကြောင်း မသိသေးဘူး ထင်တယ်တဲ့ ၊ ဦးကြီး ကလည်း ဘကျော် အကြောင်း မသိသေးဘူးကိုး ဆိုတော့ ရွာက လူမိုက်ဇော်ကြီးလိုများ ... ”
“ တော် …. တော်ပါတော့ မယ်မင်းကြီးမ ၊ ညည်းနဲ့ တွေ့မှပဲ ငါလည်း လူမိုက် ထောင်ထွက် ဖြစ်ရတော့တယ် ၊ ဘကျော် ပြောတာက ဒီရပ်ကွက်ထဲမှာ လူအများက ရိုသေလေးစား ခံရတဲ့သူ ၊ သိက္ခာသမာဓိ ရှိတဲ့သူ ၊ ဒါကို ပြောတာဟဲ့ ”
“ ဟုတ်ကဲ့ ၊ ကျွန်မ စကား မှားရင် ကန်တော့နော် ၊ ဦးကြီးငှားတဲ့စာအုပ် ပါမလာဘူးလား ... ဟင် ”
“ အဲဒီ စာအုပ်ပျောက်လို့ ရှာရင်း ကြာနေတာကွ ၊ ဘကျော်အိမ်က ကားသမားတွေ ၊ အလုပ်သမားတွေ အဝင်အထွက် များတော့ ဘယ်ကောင် ဆွဲချသွားမှန်း မသိလိုက်ဘူး ၊ မေးလိုက်ရတာလည်း အာပေါက်နေပြီ ၊ စာအုပ်ဖိုးပဲ လျှော်ရတော့မှာပေါ့ ”
“ ဒုက္ခပါပဲ ဦးကြီးရယ် ၊ အဲဒီစာအုပ်က အစ်ကိုမင်းသက် ကျောင်းသားဘဝကတည်းက သူ မြတ်နိုးလို့ စုလာတဲ့စာအုပ် ၊ အစ်ကို့ကို အသိမပေးဘဲ ဆိုင်တင် ငှားလိုက်မိတာ ၊ အစ်ကို သိရင် အဆူခံရ အရိုက်ခံရဦးမယ် ၊ စိတ်ညစ်လိုက်တာ ”
“ ညည်း ဒီအရွယ်ကြီးကို ရိုက်ရမှာလား ”
“ သူ ရိုက်ချင်ရင် ရိုက်မှာပေါ့ ဦးကြီးရဲ့ ၊ ကျွန်မတော့ တောစာထိပ်ပေါက် မျောက်ခေါင်းနွားနင်း ဖြစ်ပါပြီ ”
“ မျောက်ခေါင်း ဆင်နင်းပါဟဲ့ ၊ ညည်း ကျမှ နွားနင်းနေ ”
“ ကျွန်မတို့ ရွာမှာ ဆင်မှ မရှိတာ ၊ ဒီမြို့ပေါ်လည်း မရှိဘူး ”
“ ကဲ ကဲ ၊ တော်ပါတော့ ၊ ညည်းနဲ့ စကားပြောရတာ ငါပါ ဂျာလည် ရိုက်ရိုက်သွားတယ် ၊ စာအုပ်ဖိုးက ဘယ်လောက်ကျလဲ ”
“ ဟုတ်ကဲ့ ၊ ရက်တွက်ခက ဒီနေ့အထိ နှစ်ဆယ့်လေးရက် ဆိုတော့ လေးရက်ခ လျှော့လိုက်မယ် ၊ အဲဒါက နှစ်ထောင် ”
“ စာအုပ်ဖိုးပဲ ယူလေ ”
“ မဖြစ်လို့ ဦးကြီးရဲ့ ၊ ကျွန်မက စာအုပ်ငှားတာလေ ၊ ရောင်းနေတာမှ မဟုတ်တာ ၊ ငှားခ မရရင် ဆိုင်ပြုတ်မယ် ၊ စာအုပ်ဖိုး ပြန်မစုနိုင်ရင် အသစ်လည်း မတင်နိုင်တော့ဘူး ”
“ ကဲ ၊ ထားပါတော့ ၊ ငှားခ နှစ်ထောင် ၊ စာအုပ်ဖိုး ကရော ”
“ စာအုပ်ဖိုးက ငါးထောင်ပါ ဦးကြီး ”
“ ညည်း စာအုပ်က အဟောင်းကြီးလေ ၊ မူလတန်ဖိုး တစ်ဆယ် ၊ ငါ သေချာ မှတ်မိတယ် ”
“ ဒီခေတ်မှာ ငွေတစ်ဆယ်နဲ့ ဘောပင်တစ်ချောင်းတောင် မရဘူး ၊ ကလေးဖတ် ကာတွန်းစာအုပ်ကလေးတွေတောင် တစ်ထောင်ကျော် ဝယ်ရတယ် ဦးကြီး ၊ စာအုပ်က ရှားပါးစာအုပ် ၊ ဒီစာအုပ်မျိုး ပျောက်ရင် အစားထိုးလို့ မရဘူး ၊ ခေတ်ပေါ်စာအုပ်တွေသာ အလွယ်တကူ ဝယ်လို့ရတာ ၊ ဒီစာအုပ် ပျောက်တာ အစ်ကိုသာ သိရင် ဘယ်လောက် နှမြောလိုက်မလဲ ၊ သူ မြတ်နိုးလို့ ထိန်းသိမ်းလာတာ နှစ်တွေကြာလှပေါ့ ၊ ဦးကြီးက ရက်ပိုင်းလေးတောင် မထိန်းသိမ်းနိုင်လို့ ပျောက်တာ ၊ ဒီစာအုပ်မျိုး အခု ပြန်ထုတ်ရင် ငါးထောင်ထက် ပိုရင် ပိုမယ် ၊ မလျော့ဘူး ၊ ဒါကြောင့် မူရင်းတန်ဖိုးကို ငါးထောင် သတ်မှတ်ထားတာ ၊ ဒီ ရိုးရိုး အချစ်ဝတ္ထုအုပ်တွေ ဆိုရင် နှစ်ထောင် ”
“ ကဲ ၊ စာအုပ်ဖိုး ငါးထောင်ပဲထား ၊ ရက်တွက်ခ လျှော့လိုက် ”
“ မဖြစ်လို့ပါ ဦးကြီးရယ် ၊ အစ်ကိုက သူ့စာအုပ်တွေကို ငွေနဲ့ တန်ဖိုး ဖြတ်ရင် လက်သီးနဲ့တောင် ထထိုးလိမ့်မယ် ၊ ဦးကြီးကိုယ်တိုင် လာရှင်းလို့ .. ဒီလောက်ပဲ တောင်းတာ ၊ အစ်ကိုဖြတ် ထားတဲ့ တန်ဖိုးတွေပါ ပေါင်းတောင်းရင် တစ်သောင်းတောင် ကျော်မှာ ”
“ ပြောစမ်းပါဦး ၊ ဘာ တန်ဖိုးတွေလဲ ”
“ အစ်ကိုက သူ့စာအုပ် တစ်အုပ်ထဲမှာ ရေးထားတာတွေ့တယ် ၊ ဟိုလေ ... ရှားပါးမှုတန်ဖိုး တဲ့ ၊ ထိန်းသိမ်းမှုတန်ဖိုး တဲ့ ၊ အဲ ... စာအုပ်က ပေးတဲ့ ရသတန်ဖိုး ... တဲ့ ၊ နောက် မြတ်နိုးမှုတန်ဖိုး တဲ့ ၊ အဲဒီဟာက ဈေးအကြီးဆုံးပဲ ၊ အခု ဦးကြီး ကိုယ်တိုင်လာတဲ့ အတွက် အားနာလို့ အဲဒီ တန်ဖိုးတွေ ထည့်မပေါင်းတာ ၊ ရပ်ကွက်ရုံးအထိ ရောက် ရရင်တော့ အကုန် ထည့်ပေါင်းရတော့မှာ ”
“ ကဲ ... မယ်မင်း ကြီးမ ၊ ငါ့ကို ခြိမ်းခြောက် မနေပါနဲ့နော် ၊ ငွေက အရေးမကြီးဘူး ၊ ဂုဏ်သိက္ခာက အရေးကြီးတယ် ၊ ဟောဒီမယ် ခုနစ်ထောင် ၊ ကျေနပ်တယ်နော် ”
“ ဖြစ်နိုင်ရင် ကျွန်မက စာအုပ်ပဲ ပြန်လိုချင်တာ ၊ မလွှဲသာလို့ ငွေ လက်ခံရတာ ၊ အစ်ကို့ကို ဘယ်လို ပြောရမှန်းတောင် မသိသေးဘူး ၊ ဆိုင်တင် ငှားမိတာကိုက ကျွန်မ အပြစ်ပါ ဦးကြီးရယ် ”
“ ဒီမယ် ၊ ညည်း ကျေနပ်အောင် ငါ ရှင်းပြီးပြီနော် ၊ နေပါဦး ၊ ဆရာမ ဒေါ်တင်တင်မင်း မှာ သားနှစ်ယောက်ပဲ ရှိတာပါ ၊ အကြီးကောင် မင်းထက်က အိမ်ထောင်ကျသွားပြီ ၊ ညည်းက ဘယ်လို ရောက်လာပြီး မောင်မင်းသက်ညီမ ဖြစ်နေရတာလဲ ”
“ အမေက မွေးတော့ အမေ့သမီးလေ ၊ အစ်ကို့ထက် ကြီးရင် အစ်မ ၊ ငယ်တော့ ညီမပေါ့ ၊ ဟိုရှေးရှေး တုန်းကလိုဆို နှမလို့ ခေါ်တယ် ၊ ခုခေတ်ကျမှ ညီမ ဖြစ်လာကြတာ ၊ ဦးကြီးက စာကြီးပေကြီးတွေ ဖတ်ပြီး ပညာရှိ သတိဖြစ်ခဲ ဆိုသလို နေမှာပေါ့ ၊ အသက် ကြီးလာရင်လည်း သတိမေ့တတ်တာပဲ ၊ သက်ကြီးရွယ်အိုတွေ မှတ်ဉာဏ်ကောင်းအောင် စားရမယ့် အစားအစာတွေ လေ့ကျင့်ခန်းတွေအကြောင်း ပါတဲ့ မဂ္ဂဇင်း ရှိတယ်ဦးကြီး ၊ ဖတ်မလားဟင် ”
“ ဟေ ... အေးပါ ... အေးပါ ၊ အခု မအားသေးလို့နော် ၊ ငါသွားပါရစေတော့ ၊ ကြာရင် ငါ ရူးလောက်တယ် ၊ တောသူမို့သာပဲ ၊ ဒါနဲ့ ညည်း နာမည်က ... ”
“ တိမ်ပွင့်စံပါ ... ဦးကြီး ”
“ ဘယ်လို တိမ်ပွင့်စံ ... ဟုတ်လား ”
“ ဟုတ်ကဲ့ ၊ ကျွန်မ သူငယ်ချင်းက ဝဠာမိုးမြင့် ”
ဘကျော်ကြီး အတော် ဖျားသွားဟန် တူသည် ။ ဆိုင်ကယ်ပေါ် အမြန် ခွကာ ဝူးခနဲ လစ်ပြေးတော့သည် ။
အသံမထွက်အောင် ကျိတ်ရယ်နေကြရသည့် ကိုမင်းသက်တို့ သားအမိမှာ ခုမှ လွတ်လပ်စွာ ရယ်မောနိုင်ကြသည် ။
••••• ••••• •••••
ကိုမင်းသက် ရုံးပြန်တက်ပြီး တစ်ပတ်အတွင်း စာရင်းစစ်အဖွဲ့နှင့်အတူ နယ်ဆင်းရသည် ။ ထိုခရီးစဉ် မပြီးဆုံးမီ အရေးပေါ် ဖုန်းဝင်လာသဖြင့် မန္တလေး သို့ ခွဲထွက်ခဲ့ရပြန်သည် ။ မန္တလေးတွင် ဌာနပြောင်းသွားသူလေး နန်းဥမ္မာ နှင့် ပြန်ဆုံမိသည် ။ သူမက မန္တလေး ဇာတိမို့ အိမ်ကို အလည်ခေါ်သည် ။ ဟိုနား ဒီနား အပျော်သွားဖို့ ဒိတ်လုပ်သည် ။ မျှော်လင့်မျက်ဝန်းလေးတွေကို ပြန်မြင်ရသည် ။ ကိုမင်းသက်က ပရိယာယ်သုံးပြီး အလိုက်သင့် ဆက်ဆံနေရသည် ။ သူ့တွင် အရင်ကလို ရင်ခုန်လှုပ်ရှားမှု မရှိတော့ ။ ခုလို ခရီးထွက် နေရတော့မှ သူ့ ရင်ထဲတွင် တိမ်ပွင့်စံလေး ခိုဝင်ဖက်တွယ်နေကြောင်း အံ့သြစွာ ရှာဖွေတွေ့ရှိ လိုက်ရသည် ။
တိမ်ပွင့်စံ၏ ကလေးဆန်သော အမူအရာနှင့် စကားသံလေးတွေက သူ့ရင်ကို နွေးထွေးအေးချမ်းစေသည် ။ လွတ်လပ်ပျော်ရွှင်စေသည် ။ အထူးသဖြင့် အမေ့ ဘဝင်နှလုံးကို သိမ်းကျုံးထွေးပွေ့ ပျော်ရွှင်ချမ်းမြေ့မှု ပေးစွမ်းနိုင်သူမှာ တိမ်ပွင့်စံ မှတစ်ပါး တခြား မရှိနိုင်တော့ပါ ။ သူ့ ခရီးစဉ်တွေ ပြီးဆုံးလို့ အိမ်ပြန်ရောက်တော့ အမေက တခုတ်တရ ဆွေးနွေးလာသည် ။ သူ့ အိမ်ထောင်ရေးကိစ္စကို အမေ စိတ်မအေး ဖြစ်နေပုံရသည် ။
“ မင်းအသက် သုံးဆယ်ကျော်ပြီ မင်းသက် ၊ အရွယ် လွန်သွားရင် မကောင်းဘူး ၊ အမေ မသေခင် မိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်း မြင်သွားချင်တယ် ... ၊ မင်း အလုပ်ထဲမှာ ချစ်သူတွေ ဘာတွေ ရှိနေရင်လည်း ပြော ၊ အေး ၊ မင်းအစ်ကို ယူတဲ့ မိန်းမမျိုးတော့ ကုဋေကြွယ် သူဌေးသမီး ဖြစ်နေပါစေ ၊ အမေ အတူ မနေနိုင်ဘူးနော် ၊ ကြိုပြောထားတာ ”
( ရှေ့လ ဆက်ရန် )
▢ ဖူးသစ်မော်
📖 ရယ်စရာ မဂ္ဂဇင်း
ဧပြီလ ၊ ၂၀၁၅
No comments:
Post a Comment