❝ အတ္ထုပ္ပတ္တိ တစ်ခု၏ အိမ် ❞
( မောင်သူ )
ညဘက်တွင် သူ့အတွက် အိပ်စက်နားနေရာဖြစ်သောထိုစာသင်ခန်းငယ်လေးကို လှည့်ပတ် ကြည့်နေမိသည် ။ ရှေ့တည့်တည့်တွင် အစိမ်းနုရောင် အထပ်သား သင်ပုန်း ။ ဝဲဘက်ဘေးမှာ သောက်ရေအိုးစင် ၊ ယာဘက် ဘေးမှာ ဆရာ့စားပွဲ ။ ထိုစားပွဲပေါ်၌ ရေညှိရောင် ဖန်သား ပန်းအိုးငယ် တစ်လုံး ရှိနေသည် ။ ပန်းအိုးထဲတွင် ပန်းခုနစ်ပွင့် ရှစ်ပွင့်ခန့် ကိုလည်း ထိုးစိုက်ထားပါသည် ။ ထိုအခန်းသို့ သူရောက်စ လေးငါးရက်လောက်မှာ ညညဆိုလျှင် ပျင်းပျင်းရှိသည်နှင့် မနီးမဝေး ကျောင်းသား ထိုင်ခုံ တစ်နေရာမှ ထိုင်ကာ ထိုပန်းပွင့်ကလေးများကို ငေးကြည့်နေရင်းမှာပင် အခန်းထဲ၌ သူ တစ်ယောက်တည်း မဟုတ်တော့သလို ခံစားမှု တစ်ခု ဖြစ်ထွန်းလာပါသည် ။ အနီးအနားတွင် အတူ ရှိနေသော သက်မဲ့ အရာဝတ္ထုတစ်ခုသည်လည်း အဖော် တစ်ဦးလို ဖြစ်နေပါပေါ့လားဟု တအံ့တသြလည်း ဖြစ်ရပြန်သည် ။ တစ်ရက်မှာ တော့ ပန်းပွင့်လေး တစ်ပွင့်ကို လက်ဖြင့် ထိကိုင်ကြည့် လိုက်မိသည် ။ သည်တော့မှ စက္ကူပန်းတွေ ဖြစ်နေတာကို တွေ့ ရသည် ။ သူသည် ရုတ်တရက် အိပ်မက်မှ လန့်နိုးလာသူ တစ်ယောက်လို ဖြစ်သွားပြီးသည်၏ နောက်၌ ...
ထိုညမှ စ၍ ပန်းပွင့်များကို သူ ထိုင်မကြည့်ဖြစ်တော့ပါပေ ။
သည် စာသင်ခန်းလေးသို့ စတင် ရောက်လာသည့် နေ့က သူ့တွင် ပါလာသော ထင်းရှူးသေတ္တာကို ကြည့်ပြီး အခန်းပိုင်ရှင် ကိုအောင်မင်းက “ လာပြီ .. လာပြီ ။ သူရဲအောင်စိန်ရဲ့ ပုလဲအရောင်မမှိန် ဇာတ်အဖွဲ့ကြီး လာပြီ ” ဟု ရယ်မော ပြောဆိုခဲ့သည်ကိုလည်း တွေးမိသွားသည် ။ တစ်ဆက်တည်းမှာပင် သုံးဘီးကား တစ်စီး ၊ ဖျာလိပ် တစ်လိပ် ၊ သေတ္တာ တစ်လုံး ၊ လူ တစ်ယောက် ကိုလည်း မြင်ယောင်လာသည် ။ ထိုမြင်ကွင်း ကိုတော့ ပြင်ပတွင် သူ မြင်ခဲ့ခြင်း မဟုတ်ပါ ။ ဝတ္ထုတို တစ်ပုဒ်ထဲမှာပဲ ဖြစ်သည် ။
‘ ဘဝတစ်ခုကို သုံးဘီးတစ်စီး ပေါ်တင်၍ ... ’ ဟု ဝတ္ထုဆရာက ဖွဲ့ပါသည် ။ ထိုဝတ္ထု၏ အမည်မှာ ‘ ချစ်လှစွာသောအိမ် ’ ဖြစ်သည် ။ ၁၉၈ဝ ပြည့်နှစ် မတိုင်မီ ‘ မိုးဝေ စာပေမဂ္ဂဇင်း ’ မှ ဖြစ်သည် ။ ထိုတစ်လတည်း၌ပင် ကြူးနှစ်၏ ‘ အိမ် ’ ဝတ္ထုတို တစ်ပုဒ်လည်း အတူ ပါလာခဲ့သည်ကို မှတ်မိနေပါသည် ။ အိမ် ဆိုသည်ကို ဖွဲ့နွဲ့ ကြခြင်းပင် ။ ‘ မောင်ရန်ပိုင် ’ ၏ ‘ ချစ်လှစွာသောအိမ် ’ တွင် ယနေ့တိုင် သူ့ရင်ထဲ ‘ ကျန် ’ နေခဲ့သော ‘ ကတ် ’ တစ်ခု ရှိသည် ။
ညက သူငယ်ချင်း အိမ်တွင် အိပ်ဖြစ်သည် ။ မနက် မိုးလင်း၍ အသိဝင်ချိန်တွင် ခြေသံ တရှပ်ရှပ်ကို စကြားရသည် ။ မျက်စိ ဖွင့်ကြည့်တော့ သူငယ်ချင်းမိန်းမ တံမြက်စည်း လှည်းနေသည် ။ တစ်ခန်းလုံး လှည်းကျင်းပြီးပြီ ။ တံမြက်စည်းလှည်းခတ်ရာ လမ်းကြောင်းက သူ့အိပ်ရာ အနီးအနား အရောက်မှာ ရပ်တန့် ရပ်တန့် သွားကြသည် ။ သူ အိပ်နေသော အနီးအနားကိုပဲ ကွေ့ပတ် လှည်းခတ်နေသည် ။ ထိုဝတ္ထုထဲတွင် နေအိမ်နှင့် အတည်တကျ မနေထိုင် ၊ ခြေသလုံးအိမ်တိုင် လှည့်လည် သွားလာကြသော ဂျစ်ပစီများကို အားကျသည်ဟု မောင်ရန်ပိုင် က ဆိုထားပါသည် ။ ( မနေ့တစ်နေ့က လက်ဖက်ရည်ဆိုင်မှာ ဆုံမိ၍ မေးကြည့်တော့ ယခု အားမကျတော့ပါဟု ဆိုသည် ။ )
သူ့အနေဖြင့် ပြောရလျှင် ဂျစ်ပစီတို့၏ နေထိုင်မှု ဘဝမှာ ကြိုက်တာ တစ်ခု ရှိသည် ။ ဂျစ်ပစီတို့တွင် နေအိမ်နှင့် ပတ်သက်သော ၊ နေရပ်ဒေသနှင့် ပတ်သက်သော သံယောဇဉ် မရှိခြင်းကိုပင် ။ သို့သော် ဂျစ်ပစီတို့သည် တစ်နေရာမှ တစ်နေရာ သွားလာရာ၌ ခေတ္တနားသော ‘ ယာယီအိမ် ’ ကလေးများတော့ ရှိနိုင်ကောင်းသည် ထင်ပါသည် ။
လေမှာပျံဝဲနေနိုင်ဖို့ အတောင်ပါသော ငှက်ကလေးများပင် အစဉ်အမြဲ ဝဲပျံနေနိုင်ကြသည်မှ မဟုတ်ဘဲ ။ ဆက်၍ ကျောက်ခေတ် ကမ္ဘာဦး လူသားတို့ နေထိုင်ကြသော သဘာဝကျောက်ဂူများအကြောင်း ။ ဆက်၍ လှေတစ်စီး ၊ လူတစ်ယောက် ၊ ခွေးတစ်ကောင် ။ ဆောင်းဝင်းလတ်၏ ရှုမဝမဂ္ဂဇင်းဝတ္ထုရှည် ‘ လှေကလေး ’ ။ ထို ‘ ရွေ့လျားအိမ် ’ လေးမှ ဆလုံလူငယ်လေး၏ လွမ်းမောဖွယ် ဘဝ တစ်ခုကိုလည်း အောက်မေ့မိပြန်သည် ။ သည့် နောက် အိမ်အိုအိမ်ဟောင်း တစ်လုံး ။ ထိုအိမ်ကတော့ ဝတ္ထုထဲက အိမ်မဟုတ် ။ ပန်းချီကားထဲက အိမ် ။ အနည်းငယ် ယိမ်းယိုင်နေသယောင် ရှိသည် ။ အိမ်အမိုး ဓနိပျစ် အဆန်များကို အနုစိတ် ခြယ်မှုန်းထားသည် ။ ရဲရဲရေးခြစ်ထားသော ဝါးထရံကွက်များက ကြွနေသည် ။ မင်ခြစ် ၊ အဖြူအမည်း ။ ၁၉၇ဝ အလွန် ‘ မိုးဝေ စာပေမဂ္ဂဇင်း ’ မှ ထိုစဉ်က စာတည်းအဖွဲ့သည် တစ်လလျှင် ပန်းချီကား နှစ်ကား သုံးကားလောက်ကို မဂ္ဂဇင်းစာမျက်နှာများပေါ် မှာ ပုံနှိပ်ဖော်ပြခဲ့သည် ။ ( စာတည်းအဖွဲ့မှာ ကိုအောင်မော် ၊ ကိုသန်းအုန်း ၊ ကိုညိုသစ် တို့ ဖြစ်ကြသည် ။ ) ပန်းချီ ခင်မင်း ( မူးသာ ) က သူ၏ ထိုရေးချက်ကို ‘ အမေ့အိမ် ’ ဟု အမည်ပေးထားသည် ။
သူသည် ဗိုလ်တထောင် သန်လျက်စွန်းမှ အမေ့အိမ်လေးကို သတိရလာပါသည် ။ “ ဖျက် ... ဖျက် ။ ဒီအိမ်တွေကိုပါ ဖျက် ။ လေးအိမ်စုကို ရှင်းပစ် ” လူကြီးတစ်ယောက် ခါးထောက်လျက် လက်ညှိုး တထိုးထိုးဖြင့် ပြောနေသည် ။ သူ့အမေ ထားရစ်ခဲ့သော အောက်မေ့ဖွယ်အိမ် လေးကို သူ့ရှေ့မှာ ဖျက်နေကြသည် ။ သူ ငယ်ငယ်က အိမ်ရှေ့မှာ ဝါးခြမ်းစိတ်လေးများဖြင့် အိမ်ဆောက်တမ်း ကစားနေစဉ် သူငယ်ချင်း တစ်ယောက် ခြေထောက်ဖြင့် ကန်၍ ထွက်ပြေးသွားသည့် အခါက ၊ ကမ်းနားသဲပုံမှာ သူ လုပ်ထားသော သဲအိမ်ကို သူငယ်ချင်း တစ်ယောက် ခြေဖြင့် တက်နင်း ထွက်ပြေးသွားသည့်အခါက သူ ဒေါသတကြီး နောက်မှ ပြေးလိုက်သွားခဲ့ဖူးသည် ။ တစ်နေ့ညက အနောက်အိမ် တစ်ခြမ်း မီးလောင်သည် ။ သူ့အိမ်သို့ ဓနိတစ်စပင် မီးကူးမခံခဲ့ရသော်လည်း အိမ်အဖျက်ခံနေရသည် ။ သူသည် ဘာမျှ မပြောဆိုဘဲ ရပ်ကြည့်နေရသည် ။ ကျွန်တော့် နှလုံးအိမ်ကို မီးမြှိုက်လိုက်ကြပြီ ။ သူ ဝမ်းနည်းနေသလား ၊ ဒေါသဖြစ်နေလား မသိ ။ သူ့စိတ်ကို ထုံဆေးပေးပြီး ခွဲစိတ်နေကြသည် ။ ထို အမေ့အိမ်လေးသည် ဓနိမိုး ၊ ဝါးထရံကာ ၊ ပျဉ်ခင်းအိမ်ငယ်လေးပါ ။ သူတို့ ဤနေရာ ရောက်စက ဓနိမိုး ၊ ဓနိကာ ၊ ဝါးကြမ်းခင်း တစ်ဖက်ယပ် တဲထိုး၍ နေခဲ့ကြသည် ။ အဖေလည်း ရှိသေးသည် ။ ထိုစဉ်က သူသည် မူလတန်းပြ ကျောင်းဆရာလေး ။ တစ်နေ့မှာ ကျောင်းသားမိဘ တစ်ယောက်က မေးဖူးသည် ။ “ ဆရာတို့ သားအမိ သားအဖ သုံးယောက်စလုံး အလုပ် သွားကြတာ ဆိုတော့ အိမ်ကို တံခါးပိတ် သော့ခတ်ခဲ့ရမှာပေါ့နော် ” ။ တစ်ချက်မျှ သူ တွေသွားပြီး “ ကျွန် တော်တို့ အိမ်မှာ တံခါးမရှိဘူး ” ဟု ပြောလိုက်သည် ။ ကျောင်းသားမိဘသည် တဟားဟား ရယ်မောရင်း “ ဆရာက အေးအေးလေးနဲ့ တော်တော် နောက်တတ်သားပဲ ” ဟု ဆိုသည် ။ သူတို့ အိမ်မှာ တကယ်ပဲ တံခါးမရှိပေ ။ သူတို့ အိမ်မှ လူကုန် အပြင်ထွက်လျှင် အိမ်ပေါက်ဝမှာ အရံအတား အဖြစ် ကျူထရံသေးသေးလေးတစ်ချပ် အသာ ထောင်ခဲ့သည်ပဲ ဖြစ်သည် ။
“ သွားကြသွားကြ ။ တစ်ယောက်မှ မနေကြနဲ့ ။ အားလုံး အလကားပဲ ။ ငါ လူတွေနဲ့ မနေချင်တော့ဘူး ။ ခွေးတွေပဲ မွေးထားမယ် ”
တစ်ဖက်ခန်းက ကိုအောင်မင်း၏ ဆူပူအော်ဟစ်သံ အပိုင်းအစများ စာသင်ခန်းလေး ထဲသို့ လွင့်စဉ်လာသည် ။ ကိုအောင်မင်း မူးနေပြီ ။ တူနှင့် တူမတို့ကို အော်နေခြင်း ဖြစ်သည် ။ ကြားရတတ်သော အသံများ ။
“ နင်တို့ အဒေါ် ငါ့ကို ပစ်သွားတယ် ။ ငါ နောက် အိမ်ထောင် မပြုဘူး ။ သားသမီးတွေကြောင့် ။ အဲဒါ မိဘမေတ္တာ ။ နားလည်ကြလား ။ ငါ အရက်သောက်ချင်လို့ သောက်နေတာ မဟုတ်ဘူး ”
နံရံကို လက်သီးနှင့် ထိုးလိုက်သံလိုလို ဝုန်းခနဲ ကြားလိုက်ရသည် ။ သည့်နောက် ပန်းကန်များ ၊ ဖန်ခွက်များ ပစ်ပေါက်ခွဲလိုက်သံများ ဆက်ကြားရသည် ။
သူသည် ထိုင်ခုံတွင် တောင့်တောင့်ကြီး သေနေသူလို ထိုင်နေမိရာမှ သတိဝင်လာသည် ။ ခုမှ တောင့်တင်းနေသော အကြောအခြင်များ ပြေသွားသလို ၊ ရပ်ဆိုင်းနေသော သွေးများ လှည့်ပတ် ပူနွေးလာသလို ၊ ဆာလောင်မွတ်သိပ်မှုတစ်ခုခု ပြေပျောက် သွားသလိုလို ပေါ့ပါးသွားသည် ။ သည်တော့မှ သူလည်း မတ်တတ်ထပြီး ရပ်ဖြစ်သည် ။ အခန်းထဲမှာ နှစ်ခေါက် သုံးခေါက် လျှောက်မိသည် ။ ပြီးတော့ ပြတင်းပေါက်ဘက်လျှောက်ခဲ့သည် ။ ပြတင်းပေါင်ပေါ် လက်ထောက်ကာ အပြင်သို့ ငေးလိုက်သည် ။ မြင်ကွင်းတွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ။ ဆိုင်မှ သီချင်းသံသဲ့သဲ့က ပျံ့လွင့်လာသည် ။ ကဗျာဆရာ ရွှေညာခိုင်စိုး လက်ဖက်ရည်ဆိုင်ဖွင့်စဉ်က ‘ ဒုတိယအိမ် ’ ဟု အမည်ပေးခဲ့သည် ။ ကျွန်တော်တို့ အနေများဆုံးဟာ မိမိအိမ် ပြီးလျှင် လက်ဖက်ရည်ဆိုင်ပဲ မဟုတ်လားဟုလည်း ပြောပြသည် ။ သူ့အနေနှင့်ကတော့ လက်ဖက်ရည်ဆိုင်သည်သာ ‘ ပထမအိမ် ’ ဖြစ်သည် ။ မျက်စိနှစ်လုံး ပွင့်သည်နှင့် ပထမဆုံး အာသီသသည် လက်ဖက်ရည်ဆိုင် ထိုင်ချင်ခြင်းပဲ ဖြစ်သည် ။ နံနက်ခင်းမှာတော့ အဖော်မပါ တစ်ယောက်တည်း ထိုင်ချင်တာ ဖြစ်သည် ။ မျက်နှာသစ်ပြီးသည်နှင့် ကိုယ်လက်သန့် ရေမိုးချိုး လက်ဖက်ရည်ဆိုင်ထွက် ။ နေ့တစ်နေ့ကို ကျက်သရေမင်္ဂလာရှိစွာ ဖွင့်လှစ်လိုက်တာပဲ ဖြစ်သည် ။ လက်ဖက်ရည်ဆိုင် ထိုင်ရင်း တစ်နေ့တာကို စဉ်းစား ။ လက်ဖက်ရည် တစ်ခွက်မှ တစ်နေ့တာ လှုပ်ရှားဖို့ အင်အားတို့ ရရှိခဲ့ ။
တစ်ချိန်က ဒေါပုံသင်္ဘောကျင်း လမ်းထိပ်တွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိခဲ့ဖူးသည် ။ အဆောက်အအုံငယ် တစ်ခု ဆောက်နေသည်ကို တွေ့ရ၍ မေးကြည့် တော့ လက်ဖက်ရည်ဆိုင်ဟု သိရသည် ။ တဖြည်းဖြည်း ပုံပေါ်လာသော ထိုလက်ဖက်ရည်ဆိုင်ကို ဖြတ်သွားဖြတ်လာကြည့်ကာ ပီတိဖြစ်ရသည် ။ သွပ်မိုး ၊ ဝါးကာ ၊ ပျဉ်ခင်း ။ ကြသောင်းဝါးကြီးများကို ထက်ဝက်ခြမ်းကာ အခုံးကို အပြင်ဘက်ထား ။ အရောင်တင်ဆီ သုတ်ထားသဖြင့် အဝေးမှ လှမ်းကြည့်လျှင် ဝါဝင်းပြောင်တင်း ကြွရွ လှပနေသည် ။ ဝါးများ တစ်လုံးနှင့် တစ်လုံး ထိကပ်၍ အလုံးလိုက် ထောင်ထားဟန် ။ တစ်နေ့တွင် လက်သမားများ အလုပ်လုပ်နေတာ သူ ရပ်ကြည့်နေစဉ် ဆိုင်ရှင်က အထဲဝင်ဖို့ ဖိတ်ခေါ်ကာ မုန့်နှင့်ရေနွေးကြမ်းဖြင့် ဧည့်ခံ၍ စကားစမြည် ပြောသည် ။ ဆိုင်ကို “ ဝါးအရိပ် ” ဟု အမည်ပေးထားကြောင်း ၊ ဒီနေရာမှာ ကောင်တာ စားပွဲ ၊ ဒီနေရာမှာ ဆောင်းဘောက်စ် ၊ မီးကို ဒီလိုဆင်၍ ထိုင်ခုံများကို ဒီလိုနေရာချမည် ၊ မုန့် ဘယ်နှစ်မျိုးလုပ်မည် ၊ အလုပ်သမား ဘယ်နှစ်ယောက် ထားမည် ၊ သုံးမည့် လက်ဖက်ခြောက်က ဘာ စသည်ဖြင့် စိတ်ကူးကို ပြောပြ သည် ။ လက်ဖက်ရည်ဆိုင်သစ်တစ်ဆိုင် မွေးဖွားလာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည် ။ ကမ္ဘာမြေပေါ်မှာ လက်ဖက်ရည်ဆိုင်တို့ဖြင့် စည်ကားနေပါစေ ။ ပြီးတော့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ဆိုတာရှိသည် ။ အလုပ်သမားလေး ထမင်းစား နေသောကြောင့် ဆိုင်ရှင် ကိုယ်တိုင် စားပွဲထ ထိုးသည် ။ ငွေရှင်းလိုက်တော့ သောက်လက်စ ပန်းကန်လုံးကို ထားကာ ပန်းကန်ပြား သိမ်းသည် ။ မုန့်ဖြည့်သည် ။ ရိုကျိုးမှုဖြင့် ဆေးလိပ်မီး တောင်းသူက တောင်း၍ ရိုကျိုးမှုဖြင့် မီးပေးသူက ပေးသည် ။ ရေနွေးတစ်အိုးဖြင့် တစ်နေကုန် ထိုင်သူများကို ရေနွေးနှစ်အိုး ထပ်ဖြည့်ပေးသည် ။ “ မင်း ညက အိပ်ရေး ပျက်တယ် ။ ငါ ဝင်လိုက်မယ် သွားအိပ် ” ဟု အလုပ်သမားလေး တစ်ယောက်က အလုပ်သမားလေး တစ်ယောက်ကို ပြောသည် ။ “ ကျွန်တော့်ကို ပေးမယ့် စာမူ လက်ဖက်ရည်ဆိုင်မှာ ပေးခဲ့ရတယ် ” ဟု ကိုဝင်းမောင် က ပြောသည် ။
“ ဆရာပိုင်ကို ……….. က မှာသွားတယ် ။ ဒီလို ….. ” ဟု ဆိုင်ရှင်က ပြန်ပြောပြသည် ။ အရောင်းအဝယ် ဟူသော ကျဉ်းမြောင်းသည့် ဘောင်ကို ချိုးဖျက်လိုက်ကြသည် ။ ထိုအခါ လှပသော လက်ဖက်ရည်ဆိုင် ဆက်ဆံရေးက ပုံပေါ်လာသည် ။
သူ့အဖို့တော့ လက်ဖက်ရည်ဆိုင်သည် ဘဝအလွမ်း ၊ ဘဝအမောတို့ ဖြေရာ နေရာဖြစ်သည် ။ စာဖတ်ခန်း တစ်ခု ဖြစ်သည် ။ စာပေအနုပညာ ဖန်တီးထုတ်လုပ်ရာ စတူဒီယိုလေး တစ်ခုလည်း ဖြစ်နေပြန်သည် ။ ပူပြင်းသော နွေနေ့ခင်းများမှာ ပျင်းရိငြီးငွေ့ဖွယ် ခြောက်သွေ့သော မြင်ကွင်းများကို ငေးကြည့်ရင်း လက်ဖက်ရည်ဆိုင်၏ အေးချမ်းသော အရိပ်ကို ခိုခွင့်ရသည် ။ ကြွေရွက်ခြောက် လေးတွေကို ဝှေ့ယမ်း ဆွဲခေါ်သွားသော လေပွေ တစ်ခုကို မြင်နိုင်သည် ။ လေမိုးကျ၍ အပြင်မှာ သစ်ပင်များ ယိမ်းလှုပ်နေတာကို ငေးကြည့်ရင်း လက်ဖက်ရည်ဆိုင်၏ နွေးထွေးလုံခြုံမှုကို ခံစားရသည် ။ ထူထပ်သိပ်သည်းသော မိုးစက်ပေါက်များအောက်မှာ လေကိုဆန်လျက် ထီးတစ်လက်ဖြင့် ဖြတ်သန်းနေသော အမျိုးသမီးတစ်ယောက်ကို မြင်နိုင်သည် ။ အကြောင်းမသိခင်တော့ သူ့ကို အထူးတဆန်းလို ဖြစ်နေတတ်သည် ။ ဆိုင်ဝင်ပေါက်ဝ စားပွဲမှ လမ်းဘက်သို့ စားပွဲပေါ် မေးဖျားလက်ထောက် ငေး၍ ကြည့်နေတတ်သော သူ့ကို အလုပ်သမား တစ်ယောက်က “ အစ်ကို ဘယ်သူ့ကို စောင့်နေတာလဲ ဟင် ” ဟု မေးဖူးသည် ။ သူ ခေါင်းခါပြလိုက်သည် ။ တစ်စုံတစ်ယောက်ကို ဆိုတာထက် တစ်စုံတစ်ခုကို သူ စောင့်နေတာတော့ ဖြစ်နိုင်ပါသည် ။
သည်နောက်ပိုင်း သူ ထိုင်နေကျ လက်ဖက်ရည်ဆိုင် ကတော့ မီးရထားသံလမ်း ဘေးက မြေစိုက် လက်ဖက်ရည်ဆိုင်လေးပင် ။ လက်ဖက်ရည် အထူးမကောင်း သော်လည်း နေရာထိုင်ခင်း အထူးကောင်းသည် ။ ကျယ်ဝန်းပြန့်ပြောသည် ။ မီးရထားသံလမ်း တစ်ဖက်တစ်ချက် ခွ၍ မြေပြင်တွင် စားပွဲခုံများ နေရာချထားသည် ။ အမိုးတစ်ခုရှိသည် ။ ဆိုင်းဘုတ် မရှိ ။ ရပ်ကွက်ထဲမှာတော့ ‘ ဒေါ်ညီအစ်မ ’ ဆိုင် ဆိုလျှင် အားလုံး သိကြသည် ။ ထိုဆိုင်၌ စထိုင်သော ရက်က အကြောင်းကိုလည်း မှတ်မိနေသည် ။ ဘယ်လို သောက်မလဲ မေးတော့ ပုံမှန်ဟု သူပြောလိုက်သည် ။ တစ်ခါမျှ မသောက်ဖူးသေးသော ဆိုင်ထိုင်လျှင် ဖျော်လက် မသိသေးသဖြင့် ပုံမှန်ပဲ မှာသည် ။ အာရုံကျ၍ နောက်ရက်များမှာ ဆက်ထိုင်ဖြစ်လျှင်တော့ လိုသလို ပြင်မှာသည် ။ လက်ဖက်ရည်ဆိုင်များကလည်း တစ်ဆိုင်နှင့် တစ်ဆိုင် မတူကြ ။ တစ်ဆိုင်က ကျစိမ့်သည် သောက်မရအောင် ခါးနေတတ်၍ တစ်ဆိုင်က ကျစိမ့်သည် ချိုရဲနေပြန်သည် ။ သူ ဟိုယခင်ကတော့ လက်ဖက်ရည် ဆိုလျှင် အချိုပေါ့ပေါ့ကျကျ သောက်သည် ။ အခု နောက်ပိုင်း ကျန်းမာရေး အခြေအနေအရ ကျကျ သောက်မရတော့ ။ ထိုအခါ လက်ဖက်ရည် မှာရသည်မှာ အဆင် မပြေ ။ ချိုပေါ့ မှာတော့ ကျ လာသည် ။ ကျပေါ့ မှာတော့ ချို လာသည် ။ ချိုပေါ့ ကျပေါ့မှာတော့ နှစ်ခွက်လား အမေး ခံရသည် ။ တစ်ခါတုန်းက သန်လျက်စွန်းမှာ ချိုပေါ့ ကျပေါ့ သောက်သော ငယ်သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးသည် ။ ထိုစဉ်က သူသည် “ သိန်းဝင်းရာ ၊ ရေပဲ သောက်ပါတော့ကွာ ” ဟု ပြောခဲ့ဖူးသည် ။ မြေစိုက် လက်ဖက်ရည်ဆိုင်လေး၏ ပထမဆုံး လက်ဖက်ရည်ခွက်က အကျတော်ပြီး နည်းနည်း ချိုနေသည် ။ ရေနွေးရောမည် ဟု ကြည့်လိုက်တော့ ရေနွေးတွေက ခါးနေသည် ။ ထို့ကြောင့် သောက်ရေအိုးစင်က ရေတစ်ခွက် သွားခပ်ပြီး ရေနည်းနည်း ရောလိုက်သည် ။ သူက လက်ဖက်ရည်ကို အအေးခံပြီး သောက်သူ ဖြစ်သည် ။ သူငယ်ချင်း တစ်ယောက် တိုက်သော ရေခဲစိမ်လက်ဖက်ရည် သောက်ပြီး ကတည်းက လက်ဖက်ရည်ခွက်ထဲ ရေခဲစိမ်လိုက်တော့ အချို လုံးဝ ပျောက်သွားပြီး လုံးဝ စိမ့်သွားသည် ။ သူ့ အကြိုက်မှာ လက်ဖက်ရည် စိမ့်စိမ့်လေး ။ သူ့ လုပ်ပုံ ကိုင်ပုံကို အစအဆုံး လိုက်ကြည့်နေသော ဆိုင်ရှင်အမျိုးသမီးကြီးနှင့် အဖော် အမျိုးသမီးကြီးတို့ အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည် ။ သည်အချိန်မှာပဲ စားပွဲ တစ်ခုမှ မိန်းမကြီးတစ်ယောက် ထထွက်သွားသည် ။ လမ်းပေါ် ရောက်သွားပြီ ဖြစ်သော ထိုမိန်းမကြီးကို လှမ်းကြည့်လိုက် ပြီး ဆိုင်ရှင်က “ အဲဒီ အရူးမပေါ့ ။ ဆိုင်ရှေ့ ရောက်ရင် ရေနွေး သုံးလေးခွက်လောက်တော့ ဝင်ဝင် သောက်သွား တတ်တယ် ” ဟု အဖော်အမျိုးသမီးကို ပြောသည် ။ ဆက်၍ “ အင်း ... ကျွန်မတို့ ဆိုင်က အရူးတွေ ပျော်တယ် ” ဟု ပြောလိုက်တော့ သူ့မှာ မလုံမလဲ ဖြစ်ရသေးသည် ။
တစ်နေ့တွင် သူတစ်ယောက်တည်း အေးအေးလူလူ ထိုင်နေစဉ် လူတစ်ယောက် သူ့စားပွဲ အနီးသို့ ရောက်လာသည် ။ ထိုင်ခွင့်ပြုပါပြောတော့ သူ ခေါင်းညိတ်ပြလိုက်သည် ။ ခွေးခြေပုပေါ် ထိုင်ပြီးသည်နောက် “ အစ်ကိုက စာရေးဆရာလား ” ဟု မေးသည် ။ “ ဆိုပါတော့ဗျာ ” ဟု လွယ်လွယ်ပဲ သူ ဖြေလိုက်သည် ။ “ ထင်တယ် ။ ဒီမှာ အစ်ကို စာတွေ ထိုင် ရေးရေးနေတာ တွေ့ နေတာကြာပြီ ။ အစ်ကိုနဲ့ စကားပြောချင်တာလည်း ကြာပြီ ။ ဒါပေမဲ့ အစ်ကိုကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ” ဟု ဆိုသည် ။ “ ကျွန်တော့် နာမည် ဆက်အောင်ပါ ” ဟု လည်း ဆိုသည် ။ ပြီးတော့ “ မိတ်ဖြစ်ဆွေဖြစ်ပေါ့ ” ဟု ဆိုကာ သူ့အတွက် လက်ဖက်ရည်ဖိုး ရှင်းသွားသည် ။ လူက မွန်မွန်ရည်ရည် ။ သူ့အောက် နည်းနည်း ငယ်မည် ။ ပြောတာတွေ ကောင်းသည် ။ အင်္ဂလိပ်စကားလုံးအချို့ညှပ်ပြောရာ၌ အသံထွက်ကောင်းသည် ။ ပညာတတ် တစ်ယောက် ဖြစ်ပုံရတယ်ဟု သူမှတ်ချက် ပြုမိသည် ။ နောင်များ၌လည်း တစ်ပတ်လျှင် နှစ်ရက်သုံးရက် ဆိုသလို ဆိုင်မှာ ဆုံဖြစ်ကာ စကားပြောဖြစ်သည် ။ သုံး လေး ငါးခါလောက် ဆုံမိပြီးမှ ကိုဆက်အောင်၏ အခြေအနေကို ရိပ်စားမိသည် ။ တစ်ခါက “ မီးပွိုင့်ကလည်း ကြာလိုက်တာဗျာ ။ ဒါနဲ့ ကျွန်တော်လည်း အဓိဋ္ဌာန်ပြု လိုက်တယ် ။ စိမ်းပါစေ ။ တစ် ၊ နှစ် ၊ သုံးလည်း ဆိုရော စိမ်းသွားပါလေရောဗျာ ” ဟုပြောတော့ သူ ရယ်ချင်စိတ်ကို မြိုသိပ်ထားရသည် ။ “ အေးဗျာ ... လှည်းတန်းပွိုင့်က ဒီလိုပါပဲ ” ဟု အလိုက်သင့် ပြောလိုက်တော့ “ အစ်ကို ကလည်း ကျွန်တော် ပြောတာ သေသေချာချာ နားမထောင်ဘူး ။ ဘယ်ကလာ လှည်းတန်း ဟုတ်ရမှာလဲ ။ မြေနီကုန်း ကို ပြောတာ ” ဆိုမှ သူလည်း ရော၍ ရယ်ချလိုက် ရတော့သည် ။ နောက်ပိုင်းမှာတော့ ကိုဆက်အောင်၏ ဘဝမှတ်တမ်းမှ မေ့မရသော စာမျက်နှာကို ဖတ်ရှုခွင့် ရခဲ့သည် ။ သူ မမေးဘဲနှင့် ပြောလာခြင်းဖြစ်သည် ။ ကိုဆက်အောင်သည် သက်မွေးတက္ကသိုလ် တစ်ခုတွင် ပညာသင်ဖူးသည် ။ နောက်ဆုံးနှစ် အရောက်တွင် အိမ်ထောင်ကျသည် ။ စိတ်ရောဂါ အထူးကုဆေးရုံ ပြရသည် ။ အိမ်ထောင်ပြိုကွဲသည် ။ ကျောင်းမပြီးခဲ့ ။ သမီးငယ် တစ်ယောက် ရှိသည် ။ အမေနှင့် ပါသွားသည် ။ ယခု စတုတ္ထတန်းသို့ ရောက်ပြီ ။ ကိုဆက်အောင် မကြာမကြာ သွားတွေ့ သည် ။ ယနေ့တိုင် ဆရာဝန်ညွှန်ကြားသော ဆေးများ သောက်နေရသည် ။ ကိုဆက်အောင် တစ်ခါတစ်ရံ စကားလွတ် သွားတတ်သည်မှ လွဲ၍ သူလိုကိုယ်လိုပင် ။ အိမ်ထောင်ရေး အကြောင်း ပြောရာ၌ စိတ်များ လှုပ်ရှားလာကာ နှုတ်ခမ်း တဆတ်ဆတ်နှင့် အသံတွေ တုန်ယင်လာသည် ။ မျက်လုံးအိမ် ကျယ်လာပြီး မျက်နှာကြီး မာလာသည် ။ ‘ စိတ်ဝေဒနာ ’ ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို မြင်နေရသည် ။ ထိုအခါမျိုးမှာ ကိုဆက် အောင်သည် ကရုဏာသက်ဖွယ် ကောင်းနေပြန်သည် ။ တစ်ခါကလည်း မိန်းကလေးငယ် တစ်ယောက် သူတို့ စားပွဲနား လာရပ်သည် ။ ကိုဆက်အောင်သည် မိန်းကလေးငယ်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး “ သမီးလေး အရွယ်ပဲ ” ဟု ဆိုသည် ။ “ သမီးလေးနဲ့ တူလိုက်တာ ။ ဘုရား .. ဘုရား ၊ သမီးလေး ဒီဘဝမျိုး မရောက်ပါစေနဲ့ ” ဟု ရေရွတ်သည် ။ နှစ်ဆယ်တန်တစ်ရွက် ထုတ်ပေးလိုက်သည် ။ ကိုဆက်အောင်က ကဗျာလည်း ရေးသည်ဟု ဆိုသည် ။ “ ကျွန်တော် ကဗျာတွေ ရေးထားတယ် ” ဟုဆိုကာ ပြတတ်သေးသည် ။ ကိုဆက်အောင်၏ ကဗျာ များစွာမှ ‘ တစ်ရက်အလွမ်း ’ ဟူသော ခေါင်းစဉ် လေးကိုတော့ သူ မှတ်မိနေသည် ။ သမီးလေး အတွက်ဟု ဆိုကာ ကဗျာတွေ ရွတ်ပြသေးသည် ။ ‘ အရုပ်ကလေး ၊ လွယ်အိတ်ကလေး ’ စသည်တို့ ဖြစ်သည် ။
လွယ်အိတ်လေး
လွယ်အိတ်လေး
လွယ်အိတ်လေး
ပခုံးပေါ်တင်
စာသင်ခန်းကိုဝင်
လွယ်အိတ်လေး
ပခုံးပေါ်ချ
သမီးတို့ စာသင်ကြ ။
ဤသို့ စကားကောင်း ပြောနေရာမှ “ အစ်ကို့ကို ပြောရဦးမယ် ။ ညက ကျွန်တော် နတ်သမီးလေးတွေကို အိပ်မက်မက်တယ် ။ မရိုသေ့စကား အစ်ကိုရယ် ” ဟု လည်း ပြောဖူးသေးသည် ။ ကိုဆက်အောင်သည် ဇနီး ၊ သမီးတို့နှင့် အတူ နေရလျှင် လူကောင်း ပကတိ ဖြစ်သွားနိုင်သည်ဟု သူ ထင်မိသည် ။ ယခုတော့ စိတ်တွေ အလေအလွင့် များနေသည် ။
တစ်နေ့၌ အတူ ထိုင်နေစဉ် ကိုဆက်အောင်က ခပ်ဝေးဝေးမှ လျှောက်လာနေသူ လူတစ်ယောက်ကို ပြသည် ။ “ သူ့ကို အစ်ကိုသိလား ” ။ ရပ်ကွက်အတွင်းရှိ စေတီလေး အနီးနားတစ်ဝိုက်တွင် တွေ့ ရတတ်သူ ။ မြွေအရေခွံ ခရီးဆောင်အိတ်ကြီးကို လွယ်လျက် လျှောက်သွား နေတတ်သူ ။ စိတ်မူမှန် မဟုတ်ကြောင်း မြင်သည်နှင့် သိနိုင်သူ ။ ကိုသက်အောင်သည် ထိုလူကို ထာဝရ ခရီးသည်ကြီးဟု အမည် ပေးထားပြီး ထိုလူ၏ ကိုယ်ရေး ရာဇဝင်ကို ပြောပြနေရာမှ အနီးနား အရောက်တွင် နာမည်ကို လှမ်းခေါ်လိုက်သည် ။ ရုတ်တရက်မို့ သူတားချိန် မရလိုက် ။ သူတို့ ဝိုင်းထဲ ထိုလူ ဝင်ထိုင်သည် ။ သူလည်း ရှက်သလို ဖြစ်သွားပြီး အနီးအနားက စားပွဲဝိုင်းများကို ဝေ့ဝဲကြည့်မိသည် ။ ကိုဆက်အောင်က စမူဆာ ကျွေးသည် ။ ထိုလူသည် စမူဆာ တစ်ခုကို ကောက်ယူ လိုက်ပြီး မှောက်လိုက် လှန်လိုက် အပြန်ပြန် အလှန်လှန် ကြည့်သည် ။ သည့်နောက် စမူဆာ ထောင့်စွန်းများကို နှစ်ပတ် သုံးပတ် လှည့်ပတ် ကြည့်နေသည် ။ ထိုလူ ဘာလုပ်မလဲဟု သူကြည့်နေသည် ။ အချဉ်ခွက်ကို ကိုင်တော့မှ သူ သဘောပေါက် သွားသည် ။ “ ထောင့်စွန်း တစ်ခုကို ကိုက်လိုက်လေဗျာ ။ အပေါက် ဖြစ်သွားမှာပေါ့ ” ဟု ပြောလိုက်မှ အဆင်ပြေ သွားသည် ။ ထိုလူ စားနေပုံမှာ မြိန်ရေ ရှက်ရေရှိသည် ။ ဆာနေပုံလည်း ရသည် ။ စားနေရင်းမှ မနက်တုန်းက အကြော်တစ်ခု ဝယ်စားရာ ငါးဆယ်တန် ပြန်မအမ်းကြောင်း ပြောပြနေသည် ။ “ ပိုက်ဆံ သုံးဆယ် လောက်တော့ ယူပါစေဗျာ ။ ခင်ဗျားထက် အခြေအနေ ဆိုးလို့ ဖြစ်မှာပေါ့ ” ဟု ကိုဆက်အောင်က ရယ်သလို မောသလို ဝင်ပြောသည် ။
လက်ဖက်ရည်ဆိုင်မှာ အထိုင်ကြာ၍ ပျင်းရိငြီးငွေ့ လာပါက အကြောင်းတိုက်ဆိုင်လျှင်ဟာသပြကွက်လေးများကိုလည်း ကြည့်ရတတ် သေးသည် ။ ငွေရှင်းဖို့ စားပွဲ ဝိုင်းတစ်ခုမှ လှမ်းခေါ်လိုက်သည် ။ အလုပ်သမားလေး ပြေးလာသည် ။ ဝိုင်းထဲမှ လူတစ်ယောက်က ထုတ်ပေးသော ပိုက်ဆံကို လှမ်းယူမည် အလုပ် ၊ နောက် တစ်ယောက်က “ မယူနဲ့ မယူနဲ့ ။ ဒီက .. ယူ ” ဟု ငွေစက္ကူ တစ်ရွက် ထိုးပေးတော့ ဘယ်ဟာ ယူရမည် မသိဘဲ အလုပ်သမားလေး ကြောင်အအ ဖြစ်သွားသည် ။ တစ်ယောက်က အလုပ်သမားလေး လက်ကို ဆွဲ၍ လက်ထဲ ထိုးထည့်လိုက်သည် ။ အလုပ်သမားလေး ထိုဝိုင်းမှ လှည့်အထွက် နောက်တစ်ယောက်က “ ဒီက ယူစမ်းပါကွာ ” ဟုဆိုကာ ကျန် လက်တစ်ဖက်ထဲ ပိုက်ဆံ အတင်း ထိုးထည့် လိုက်ပြန်သည် ။ အလုပ်သမားလေးသည် စားပွဲဝိုင်းကို ကျောပေး မိပြီးမှ လက်တစ်ဖက်စီတွင် ငွေစက္ကူရွက်များ ကိုင်လျက် အူကြောင်ကြောင် ဖြစ်သွား ပြန်သည် ။ ထိုစဉ် တစ်ယောက်က သူ့ပိုက်ဆံကို အလုပ်သမားလေး လက်ထဲမှ ပြန်ဆွဲယူကာ ကောင်တာသို့ ပြေးသွားသည် ။ ဒါလောက်တောင် ပေးချင်နေကြရင်လည်း ပေးစမ်းဗျာဟု သူ့စိတ်ကူး ထဲမှာ ပြောနေလိုက်သည် ။
စားပွဲဝိုင်း တစ်ခုတွင် လေးဆယ်ကျော် လူပျိုကြီး တစ်ယောက်တည်း ထိုင်နေသည် ။ ခါတိုင်းတော့ သူ့ အဖော် ပွဲစားများနှင့်အတူ ထိုင်လေ့ရှိသည် ။ ယနေ့ ညနေ အဖော်ကွဲနေသည် ။ အလုပ်ပိတ်ရက်လည်း ဖြစ်နေသည် ။ လူပျိုကြီး ထိုင်နေသည်မှာ အတော်ကြာပြီ ။ လည်တဆန့်ဆန့်ဖြင့် ဟိုမျှော်သည်မျှော် လုပ်နေသည် ။ ခဏနေတော့ စားပွဲပေါ်က အထုပ်လေး ဆွဲကာ ထသည် ။ ပြီးတော့ ပြန်ထိုင်သည် ။ ပြန်ထသည် ။ ခြေလှမ်း လေး ငါးခြောက်လှမ်းမျှ လှမ်းကာ အပြင်ထွက်တော့မည်ကဲ့သို့ လုပ်ပြီးမှ လူလွတ်နေသော စားပွဲတစ်ခု၌ ဝင်ထိုင်ပြန်သည် ။ ရေနွေး တစ်ခွက် နှစ်ခွက် သောက်သည် ။ ထိုရာမှ ထသည် ။ ဖြည်းဖြည်းလှုပ်လှုပ်သွားကာ စားပွဲ တစ်ခုနား အရောက် လူနှစ်ယောက်နှင့် ရပ်စကားပြောသည် ။ ဆိုင်က အမိုးအကာမဲ့ မီးရထားသံလမ်းဘေး မြေပြင်တွင် ခုံများ ချခင်းထားသောကြောင့် သူ့အဖို့ ကြည့်ရသည်မှာ မြင်ကွင်းကျယ် ဖြစ်နေသည် ။ လူပျိုကြီး ရထားလမ်းပေါ် ရောက်သွားပြန်သည် ။ သံလမ်းဇလီ ဖားတုံးများပေါ် တစ်လှမ်းချင်း လှမ်းရင်း တောင်ဘက် လျှောက်လိုက် ၊ မြောက်ဘက်လျှောက်လိုက် ခေါက်တုံ့ ခေါက်ပြန် လုပ်နေသည် ။ ဆိုင်အစွန်သို့ ရောက်လျှင် ရပ်သွားကာ တစ်ခုခု စဉ်းစားဟန် ကောင်းကင်ကို မော့ကြည့်လိုက် ၊ မြေကြီးကို ငုံ့ကြည့်လိုက်လည်း လုပ်နေလိုက်သေးသည် ။ ဟော ... ဆိုင်အစွန် ကနေ အပြင်ကို ဝါးတစ်ရိုက်လောက် လွန်သွားပြီ ။ လမ်းပေါ် ရောက်သွားပြီ ။ ဒီတစ်ခါ တကယ် ပြန်တော့မယ် ထင်ပါရဲ့ ။ မပြန် ။ ပြန်လှည့်လာသည် ။ ပြန်ပါတော့ဗျာ ... ပြန်ပါတော့ ။ သူ စိတ်ထဲကနေ လှမ်းပြောလိုက်သည် ။
ဗိုလ်တထောင်မှ သူ ပြောင်းလာပြီးသည့်နောက်၌ ထိုလက်ဖက်ရည်ဆိုင်လေးနှင့် သူ ဝေးခဲ့ရပါသည် ။ လွန်ခဲ့သော နှစ်များက ပုဇွန်တောင်ပန်းခြံထောင့်တွင် မိုးလင်းပေါက် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိခဲ့ဖူးသည် ။ ဆိုင်အမည်မှာ လွတ်လပ်ရေးကဖီး ဖြစ်သည် ။ အမည် ဆိုင်းဘုတ်တွင် တိမ်ဖြူများ ကြားမှ ပျံသန်းနေသော လေယာဉ်ပျံတစ်စင်း၏ ပုံကိုလည်း ရေးဆွဲထားသည် ။ လွတ်လပ်ရေးနှင့် လေယာဉ်ပျံ ဘယ်လို သက်ဆိုင်သလဲ ဆိုတာကိုတော့ သူလည်း မစဉ်းစားတတ်ခဲ့ ။ လွတ်လပ်ရေးကဖီးဟု ဆိုလိုက်လျှင် ယောင်ဝါးဝါး ဖြစ်သွားကြသည် ။ လေယာဉ်ပျံဆိုင် ဆိုမှ သိကြသည် ။ တစ်နေ့မှာ တော့ ထိုဆိုင်တွင် ညဦးမှ စ၍ ရပ်ကွက် အနီးအနားမှ လူများ ၊ လမ်းသွားလမ်းလာများ ထိုင်ကြသည် ။ ညဉ့်နက် လာ၍ ထိုလူများ တဖြည်းဖြည်း ပါးသွားပြီးနောက် ဆိုက်ကားသမားများ ၊ သုံးဘီးကားသမားများ ရောက် လာကြသည် ။ အတွင်းထောင့် စားပွဲတစ်ခုတွင် လူငယ် လေးနှစ်ယောက် နံရံကပ်ပြီး ငြိမ်သက် နေကြသည်မှာ ကြာပြီ ။ သူတို့၏ လှုပ်ရှားမှုများက နှေးကွေးလေးလံ လွန်းနေသည် ။ မနက် သုံးနာရီလောက်မှာ လူဆယ်ယောက် အုပ်စုတစ်စု ဝင်လာသည် ။ ကစားဝိုင်း တစ်ခု သိမ်းလာပုံရသည် ။ ဖဲအကြောင်းများ ပြောနေကြသည် ။ လေးနာရီကျော်အချိန်လောက် အမျိုးသမီးငယ် တစ်ယောက်နှင့် လူငယ်သုံးယောက်တို့ ဆိုင်ထဲ ဝင်လာကြပြန်သည် ။ ခုမှ အိပ်တန်းတက်မှာလား ငှက်ကလေးရေ ။ ထိုခဏ၌ ဆိုင်၏ အလယ်တွင် ဘိလိယက်ခုံ ။ တုတ်တံ နှင့် ဘောလုံးလေး သုံးလုံးက ခုံပေါ်မှာ ။ စောစောပိုင်းက ကစားသွားခဲ့ကြပုံ ။ ထိုခုံအနီးမှာ ဆိုင်ရှင်က ရပ်လျက် ။ ခန်းဆီးစ တပ်ထားသော ဝင်ပေါက်ဝ ဘေးတွင် ကောင်တာစားပွဲ ။ အထက်မှာ နံရံကပ်နာရီ ။ ပြတ်ပြတ်သားသား မမြင်ရသော်လည်း နာရီလက်တံများကို မှန်းဆကြည့်ရသည်မှာ သန်းခေါင်ကျော် ။ နံရံကပ် မီးအိမ်သုံးလုံး ။ အခန်းအလယ် မျက်နှာကြက်တွင် ချိတ်ဆွဲထားသော မီးအိမ်ကြီး တစ်လုံး ။ ဝင်ပေါက်ဝစားပွဲတွင် ဦးထုပ် ဆောင်းထားသော ယောက်ျား တစ်ယောက် နှင့် အမျိုးသမီး တစ်ယောက်စုံတွဲ ။ သူတို့နှင့် ကပ်လျက် စားပွဲတွင် တစ်ယောက်ထီးတည်း ထိုင်နေသူတစ်ဦး ။ စုံတွဲကို ကျောပေးသော အနေအထားဖြင့် စားပွဲပေါ် မျက်နှာမှောက်ချထားသည် ။ သူတို့နှင့် ထောင့်ဖြတ် သည်ဘက် အစွန်တောင့် စားပွဲတွင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ။ စားပွဲပေါ် မေးတင်ကာ တစ်ခုခု ကစားနေဟန် ။ ကျန်စားပွဲများတွင် လူမရှိ ။ စားပွဲပေါ်တွင် ပုလင်းနှင့် ဖန်ခွက်များ ။ စားပွဲ များသည် လေးထောင့် ။ စားပွဲနှင့် ပရိဘောဂတို့ အစိမ်း ၊ မျက်နှာကြက်မှာ အစိမ်းပုပ် ။ ကြမ်းပြင်သည် အလယ် ဗဟိုက လင်းအားကောင်းသော မီးအိမ်ကြီးကြောင့် လိမ္မော်နီ ၊ လိမ္မော်ဝါ ။ နံရံက ကြက်သွေးနီညစ်ညစ် ၊ ဒီမြင်ကွင်းတွေကို ငါ ဘယ်နေရာက ကြည့်နေတာလဲ ။ သူ့ ကိုယ်သူ ရှာဖွေမိသည် ။ အခန်းထဲမှာ သူမရှိ ။ ငါ ဘယ်မှာလဲ ၊ ငါဘယ်မှာလဲ ။ သူ အသိ ဝင်လာချိန်တွင် အရှေ့မိုးကောင်းကင်၏ အလင်းနုကိုပင် လက်ဖက်ရည်ဆိုင်၏ ပြတင်းမှတစ်ဆင့် မြင်တွေ့ နေရပြီ ဖြစ်သည် ။ သည်တော့မှ သူမြင်မက်ခဲ့သည်မှာ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး၏ ညကဖေး ( The Night Cafe ) ဖြစ်ကြောင်း သူမှတ်မိလာသည် ။ သီအို ထံ ဗန်ဂိုးရေးသော စာတွင် “ ငါ့ရဲ့ ညကဖေး ဆိုတဲ့ ကားမှာ ကဖေး ဆိုတာဟာ မင်း ကိုယ်မင်း ဖျက်ဆီးနိုင်တဲ့ နေရာမျိုး ၊ ရူးသွပ်သွားစေနိုင်တယ် ။ ပြီးတော့ ပြစ်မှုကျူးလွန်စေတဲ့ နေရာမျိုး ဆိုတာကို ဖော်ထုတ်နိုင်ဖို့ ငါကြိုးစားထားတာပဲ ” ဟု ရေးသားထားသည်ကိုလည်း ဗန်ဂိုးအတ္ထုပ္ပတ္တိ စာအုပ် တစ်နေရာ၌ ဖတ်ခဲ့ဖူးသည်ကိုပါ သတိရလာသည် ။
ညကဖေး ။ လွတ်လပ်ရေးကဖီး ။ စိတ်အာရုံရိပ်မှာ တစ်ခုပြီး တစ်ခု ပျောက်သွားသည် ။ သူ ရပ်နေသော စာသင်ခန်း ပြတင်းရှေ့မှ လက်ဖက်ရည်ဆိုင်လေးပင် ဘယ်အချိန်က သိမ်းသွားသည် မသိလိုက် ။ ကိုအောင်မင်း အခန်းဘက် မှလည်း ဘာသံမျှ မကြားရတော့ ။ အိပ်သွား ပြီထင်သည် ။ ဤ စာသင်ခန်းလေးသည် ရပ်ကွက်နှင့်လည်း ဝေးသဖြင့် ဆိတ်ငြိမ်သည် ။ အနီးအနားဝန်းကျင်တွင် ဂိုဒေါင်များ ၊ ရုံးဌာန အဆောက်အအုံများသာ ရှိသည် ။ သည်ကနေ့ ညနေ ကိုသီလလတ် ၊ မမွှေးတို့ စံပယ်ဖြူမဂ္ဂဇင်း လုပ်စဉ်က တာဝန်ခံအယ်ဒီတာ ကိုစိုးမြင့်အောင် နှင့် ရေကျော်လမ်းမကြီး မှာ တွေ့သည်။ ပျာပျာပျာပျာနှင့် လမ်းကူးလာသော ကိုစိုးမြင့်အောင် ကို သူ လက်လှမ်းဆွဲလိုက်သည် ။ ရေကျော်မှ သူငယ်ချင်းများ၏ အဆက်အသွယ်ဖြင့် အခန်းလိုက်ရှာနေတာဟု ပြောသည် ။ “ ခင်ဗျားက ကျွန်တော်တို့ မဂ္ဂဇင်းမှာ နေစရာအိမ် ရေးခဲ့တော့ ကျွန်တော်ကလည်း နေစရာအခန်း ဆိုပြီး တစ်ပုဒ်လောက် ရေးဦးမှာ ” ဟု နောက်သွားသေးသည် ။
သူသည် ပြတင်းတံခါးချပ်ကို ပိတ်လိုက်သည် ။ စာသင်ခန်း နောက်နားရှိ ဝါးပက်လက်ကုလားထိုင်လေး ရှိရာသို့ လျှောက်လာခဲ့သည် ။ အနားရောက်တော့ ချက်ချင်း မထိုင်လိုက်သေးဘဲ ရပ်ကြည့် နေမိသည် ။ ကုလားထိုင်အခင်းသည် အသေမဟုတ် ။ ဝါးခြမ်းကို ဘေးနှစ်ဖက်က ကြိုးဖြင့် ဖောက်သီချည်နှောင်ထားသည် ။ ရုတ်တရက် ကြည့်လိုက်လျှင် ပတ္တလားရွက်ကို ခင်းထားသည်လား ထင်မှတ်ရသည် ။ တစ်ခါမှာတော့ သူသည် ပျင်းပျင်းရှိသည်နှင့် ဝါးခြမ်းများကို လက်ဖြင့် ခေါက်၍ ဂီတသံစဉ် တေးသွားတစ်ခု ဖော်ကျူးဖို့ ကြိုးစား ကြည့်ဖူးသည် ။ ( နားထောင်လို့ ဖြစ်ပါသည် ။ ) ပက်လက်ကုလားထိုင်ပေါ် အသာ ထိုင်လိုက်သည် ။ ဘယ်ညာ အနည်းငယ် လှုပ်သွားသည် ။ ဝါးကုလားထိုင်လေးက အိုဟောင်း၍ နေပြီပဲ ။ ဤကုလားထိုင်လေးသည် မူလက သည်အခန်းတွင် ရှိမနေ ။ သူရောက်သည့် နေ့ ကမှ ကိုအောင်မင်း လာပေးသွားခြင်း ဖြစ်သည် ။ ကောင်းပါသည် ။ သူ့အတွက် သက်သောင့်သက်သာဖြင့် တွေးနေနိုင်သည် မဟုတ်လား ။ “ ဝယ်တုန်းက ကျောအခင်းက အသေပေါ့ဗျာ ။ ကျွန်တော့် လက်ထဲ ရောက်တော့မှ ကျွန်တော့် စိတ်ကူးနဲ့ ကျွန်တော် ကိုယ့်စိတ်ကြိုက် ကိုယ် လုပ်ယူတာ ” ဟု ကိုအောင်မင်း ပြောဖူးသည် ။ သူ သည်အခန်း ရောက်စရက်များ၌ ကိုအောင်မင်းသည် မကြာမကြာ ရောက်လာတတ်ကာ စကားစမြည် ပြောလေ့ရှိသည် ။ “ ခင်ဗျား တစ်ယောက်တည်း ပျင်းနေမှာ စိုးလို့ ” ဟု ဆိုသည် ။ “ တစ်ယောက်တည်းက မပျင်း ဘူးဗျ ။ စကားတွေ အများကြီး နားထောင်ရမှာနဲ့ စကားတွေ အများကြီး ပြောရမှာကိုပဲ ပျင်းတာ ” ဟု သူ ပြန်ပြောတော့ ကိုအောင်မင်း မျက်လုံး ဝိုင်းသွားသည် ။ ထိုနေ့မှ စ၍ ကိုအောင်မင်း စကားကြာကြာ လာမပြောတော့ ။ ညညဆိုလျှင် လှေကားမှ တက်လာမည် ။ ခြေသံ ကြားရမည် ။ သူ့အခန်းရှေ့ အရောက်မှာ ခြေသံ ရပ်သွားမည် ။ တံခါးကို အသာ တွန်းဖွင့်ကာ ကျွီခနဲ မြည်သံနှင့် အတူ တံခါးနှစ်ရွက်ကြားမှ ကိုအောင်မင်း မျက်နှာကြီး ပေါ်လာမည် ။ “ ဩ ... ရောက်နေပြီလား ” ဟု ဆိုမည် ။ ပြီးတော့ တံခါးပြန်စေ့ကာ သူ့အခန်းဘက် သူ ဆက် လျှောက်သွားမည် ။
လေပြင်းပြင်းလေး တစ်ချက် အတိုးမှာ တံခါဟ သွားသည် ။ သူသည် ဝါးပက်လက်ကုလားထိုင်လေးပေါ်တွင် ထိုင်လျက် တံခါးပေါက်သို့ အကြည့်ရောက် သွားသည် ။ တံခါးပေါက် အပေါ်တန်းတွင် အအေးစုပ်သော ပလတ်စတစ် ပိုက်ပြွန်ငယ်များဖြင့် ပြုလုပ်ထားသည့် အရုပ်အိမ်ငယ်လေးတစ်လုံး ချိတ်ဆွဲထားသည် ။ စီစဉ်သူကတော့ သူ ကိုယ်တိုင်ပါပဲ ။ သည်အခန်း ရောက်ပြီး နောက်တစ်နေ့၌ လမ်းတွင် တွေ့၍ ဝယ်လာခဲ့ခြင်း ဖြစ်သည် ။ ဤအခန်းသို့ သူ ရောက်သည်မှာ နှစ်ပတ်ပင် မပြည့်တတ်သေး ။ ယခင်က ကြုံသလို အိပ်ခဲ့ရသည် ။ ဤအခန်းသို့ မရောက်မီ ရက်ပိုင်းက ဖြစ်ရပ် တစ်ခုကိုလည်း သူ ကောင်းကောင်း မှတ်မိနေသည် ။ ထိုညက အိပ်စရာ အဆင်မပြေခဲ့ ။ အစပထမတော့ သူ့ စိတ်မှာ ပျာယာခတ် သွားခဲ့သေးသည် ။ နောက်တော့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ အချိန်ရသရွေ့ ထိုင်ဖို့ စိတ်ကူးရသည် ။ နီးရာ လက်ဖက်ရည်ဆိုင်မှာပဲ ဝင်ထိုင် လိုက်သည် ။ ဆိုင်ထဲသို့ မဝင်တော့ဘဲ ဆိုင်ရှေ့မျက်နှာစာ ခုံတစ်ခုံမှာ ထိုင်သည် ။ အင်း ... ကျောမှီစရာတော့ရပြီ ။ ယခုအချိန်တွင် သူ့အဖို့ လိုအပ်သည်မှာ ကျောခင်းစရာ တစ်နေရာပဲ ဖြစ်သည် ။ တကယ်တော့ ဘဝ ဆိုသည်မှာ လူတစ်ယောက် အတွက် စားမှု ၊ နေမှုသည် နှစ်ခုပဲ ဖြစ်ပါသည် ။ နေမှု ဆိုသည်တွင်လည်း သွပ်မိုး ဖြစ်ချင် ဖြစ်မည် ၊ ဓနိမိုး ဖြစ်ချင် ဖြစ်မည် ၊ အုတ်နံရံ ဖြစ်ချင် ဖြစ်မည် ၊ ပျဉ်ကာ ဖြစ်ချင် ဖြစ်မည် ၊ သလွန်ညောင်စောင်း ပေါ်က ပန်းမွေ့ရာ ဖြစ်ချင် ဖြစ်မည် ၊ ဖျာပင် မခင်းနိုင်သော ကြမ်းခုနစ်ချောင်း ဖြစ်ချင် ဖြစ်မည် ၊ လျှပ်စစ်မီး ဖြစ်ချင် ဖြစ်မည် ၊ ဖယောင်းတိုင် ဖြစ်ချင် ဖြစ်မည် ။ မည်သို့ပင် ဖြစ်စေ အဓိကမှာ တစ်နေ့တာ ကိုယ်စိတ်ပင်ပန်းခဲ့သမျှ အေးအေးလူလူ အိပ်စက် အနားယူဖို့ပင် ။ အမေ့အိမ်တုန်းက ညဉ့်နက် သန်းခေါင် ပြန်ချင်သည့် အချိန်မှပြန် ။ အမေကတော့ အိပ်ရာပြင် ခြင်ထောင် ထောင်ပေးထားပြီးသား ။ တစ်ခါတစ်ရံ မအိပ်ချင် သေးလည်း ၊ အိပ်မပျော် သေးလည်း အိပ်ရာပေါ်မှ ခြင်ထောင်အမိုးဖြူဖြူကိုငေးရင်း အတွေး တွေ လွင့်ဝေနိုင်သေးသည် ။ အိပ်ရာမှ နိုးသည့် အခါမှာလည်း မထချင်သေးလျှင် သည်ခြင်ထောင် အမိုးဖြူဖြူ ကိုပဲ ငေးနေ တွေးနေဦးမည်လား ။ ရသည် ။ ပျင်းလောက်အောင် နေပေတော့ ။ ယခုတော့ သူ့မှာ နံနက် အိပ်ရာမှ နိုးသည်နှင့် ဒီည ဘယ်မှာ အိပ်ရမလဲ ဆိုသည့် အတွေးက ခေါင်းထဲ အရင်ရောက်လာသည် ။ ယခုည အတွက်တော့ အိပ်ဖို့ဆိုတာ စိတ်လျှော့လိုက်ပါပြီ ။ “ အစ်မ …. မနက် စောစော ထရမှာမို့ ကျွန်တော် အိပ်တော့မယ် ” ။ ဆိုင်အလုပ်သမားလေး အထပ်ခိုးပေါ်တက်သွားသည် ။ ဗာဒံရွက်ကြွေ တစ်ရွက် သူ့အနား ကြွေကျလာသည် ။ သူ့ရှေ့ အစွန်မှာ ဗာဒံပင်ပင် တစ်ပင် ရှိနေသည် ။ ဗာဒံပင်ခြေရင်း တွင် ဂမုန်း ၊ ရွက်လှ ပန်းအိုးငယ်များ ရှိနေသည် ။ ဗာဒံပင်စည်တွင် ဖယောင်းပန်းတစ်ပင် ရစ်နွယ်နေသည် ။ ပန်းအိုးများနှင့် ကပ်လျက် ဟိုဘက်မှာ လူသွားပလက်ဖောင်း ။ ပလက်ဖောင်း ပြီးတော့ ကားလမ်းမကျယ်ကြီး ။ တစ်ဖက် လူသွားစင်္ကြံ ဘေးမှာတော့ အလုပ်ရုံတစ်ရုံ၏ အုတ်တံတိုင်းရှည်ကြီး ရှိနေသည် ။ သူ ရုတ်တရက် ကောင်းကင်ပေါ် မော့ကြည့်လိုက်မိသည် ။ ကြယ်စုံသော ည ။ နက်ပြာရောင် နောက်ခံကား ။ ကြည်ပြာရောင် နောက်ခံကား ။ ပြာ၍ လင်းနေသော ကောင်းကင်တွင် ကြယ်များ ပြိုးပြက် လင်းလက်နေတာ တွေ့ရသည် ။ ကြယ်တို့ တောက်ပနေပုံမှာ သဘာဝလွန် ။ နေဝင်ပြီးစ ညဦးကောင်းကင်အလင်း ။ ထိုကောင်းကင် အောက်မှာ ကဖေးဆိုင် တစ်ဆိုင် ။ အပြင်သို့ အမိုးတစ်ခု ထုတ်ထားသည် ။ အမိုးတွင် မီးအိမ်တစ်လုံး ချိတ်ဆွဲ ။ ဆိုင်ရှေ့ပိုင်း တစ်ခုလုံး လိမ္မော်ဝါအလင်း ။ စားပွဲခုံဝိုင်း ( စက်ဝိုင်းပုံ ) စားပွဲများ ။ ထိုင်နေသူ အချို့ ။ ဆိုင်ရှေ့ ကျောက်ကြမ်းခင်းလမ်းပေါ်မှာ လမ်းလျှောက်နေသူ အချို့ ။ ထိုင်နေသူများရော ၊ လမ်းလျှောက်နေသူများပါ အေးအေးချမ်းချမ်း ရှိသည် ။ လမ်း၏ တစ်ဖက်ရှိ အိမ်မြင့်များ မှောင်ရိပ်ကျ ။ အိမ်ခန်းတို့မှ မီးရောင်အလင်း ပြတင်းများမှ မမြင်ရ ။ အမည်းတွင် အဖြူ လေးထောင့်ကွက်များ ။ ဗန်ဂိုး၏ ‘ ကဖေးဆိုင်ည စာမျက်နှာ ’ ( Cafe Tarrace at Night ) ပန်းချီကားကို သူ သတိရလာသည် ။ ဗန်ဂိုး၏ ကဖေးဆိုင် ပန်းချီနှစ်ခုကို သူနှိုင်းယှဉ် ကြည့်နေမိသည် ။ ဆန့်ကျင်ဘက် သဘောများကို တွေ့ ရသည် ။ အတွင်းနှင့် အပြင် ။ လေးထောင့်နှင့် အဝိုင်း ။ မငြိမ်းချမ်းခြင်းနှင့် ငြိမ်းချမ်းခြင်း ။ မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် မျှော်လင့်ချက်ရှိခြင်း ။ သည်ညကို လွန်မြောက်နိုင်သည်ဟု သူ ထင်လာသည် ။ ထိုစဉ် လက်ဖက်ရည်ဆိုင်မှ ဖွင့်နေသော ခေတ်ပေါ် သီချင်း ရပ်သွားသည် ။ အခွေပြောင်းဖွင့်သည် ။ ရှေ့မှ လူငယ်ပိုင်း ထပြန်သွားသည် ။ ဟိုတစ်လောက ပေါက်သွားသည် ဆိုသော ၊ မြန်မာသံ ဆိုသော သီချင်းများ ။ သူ့ နားထဲမှာတော့ ဒေါင် ဒေါင် ဒေါင်ဒေါင် ဒေါင် ဒေါင် .. ဆိုတာတွေကိုပဲ ကြားနေရသည် ။ တောခြောက်သံ ဆိုတာ ဒါမျိုးထင်ရဲ့ ။ “ ဘယ်လိုလဲကွ ” ဆိုင်အလုပ် သမားလေးကို သူ လှမ်းမေးလိုက်သည် ။ “ ဒါ ဧည့်နှင် … သီချင်းလေ ။ ဆိုင်သိမ်း သီချင်းပေါ့ ” ဟု ပြန်ဖြေသည် ။ ကောင်တာမှ ဆိုင်ရှင်က “ ထိုင်ပါ ... ညီရာ ၊ ချက်ချင်း မသိမ်းသေးပါဘူး ။ ဖြည်းဖြည်းချင်း သိမ်းသွားမှာပါ ” ဟု လှမ်းပြောသည် ။ ဆိုင်အလုပ်သမားလေး စားပွဲများပေါ်က တစ်သျှူးဘူးနှင့် အချဉ်ခွက်များ လိုက်သိမ်းနေသည် ။ ကတ္တရာလမ်းမကြီးပေါ်တွင် ယာဉ်အသွားအလာ တစ်စတစ်စ ကျဲပါးလာသည် ။ အလင်းရောင် မပျောက်မီ အိပ်တန်းအရောက် ပြန်တတ်ကြသော ငှက်ငယ်တို့လည်း ယခုအချိန် ဆိုလျှင် နွေးထွေးလုံခြုံရာ နေရာအသီးသီးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေကြရော့မည် ။ သူကတော့ မအိပ်ချင်အောင် လက်ဖက်ရည်ကျကျ တစ်ခွက် သောက်ထားသည် ။
သည်အချိန်မှာပင် သူသည် အမေရိကန် ပန်းချီဆရာကြီး ‘ အင်ဒရူးဝိုင်းယက် ’ ၏ ကမ္ဘာကျော် ‘ ခရစ္စတီနာ၏ ကမ္ဘာ ’ ပန်းချီကားကို အောက်မေ့မိလိုက်ပါသည် ။ ခန္ဓာကိုယ် အောက်ပိုင်း မစွမ်းမသန်ရှာသော မိန်းကလေး တစ်ယောက်သည် မြက်ရိုင်းပင်ရှည်တွေကြားမှာ တရွတ်တိုက် သွားနေသည် ။ ရောဂါသည်မလေး သွားလိုသော ‘ အိမ် ’ မှာ အလှမ်းကွာဝေးလွန်းနေသည် ။ ထိုမိန်းကလေးသည် ခေတ္တ အမောဖြေ နေရာမှ အိမ်ဆီသို့ လှမ်းမျှော် ကြည့်နေသည် ။ ကျောပေးထားသော အနေအထားပင် ဖြစ်သော်လည်း ထိုမိန်းကလေး၏ သန်စွမ်းသော မျက်လုံးများကို သူ မြင်နေရပါသည် ။ သူသည် သူခင်းသော လမ်းမှာ သူလျှောက်ရင်း ခလုတ်ကန်သင်းတို့ကို တိုက်မိခိုက်မိ၍ လဲပြိုကျသွးသည့် အခါများ မကြခဏ ရှိတတ်သည် ။ ထိုအခါမျိုး၌ လမ်းဆက်လျှောက်ချင်စိတ် မရှိတော့ ။ သည်အခါမျိုးတွင် သူသည် ခရစ္စတီနာ ၏ ကမ္ဘာပန်းချီကား ကို သတိရလာတတ်သည် ။ သူသည် ပန်းချီဆရာကြီး အင်ဒရူးဝိုင်ယက် ၏ အနုပညာကို လေးစားသော အားဖြင့် မိန်းကလေးငယ် မျှသာဖြစ်သော ၊ ရောဂါသည် မျှသာဖြစ်သော ခရစ္စတီနာလေး ကို ရှက်အားနာသောအားဖြင့် လဲရာမှ ထ၍ လမ်းဆက်လျှောက်ဖြစ်ခဲ့ပါသည် ။ သူသည် ဘဝတွင် မောပန်းစရာ ကြုံလည့် အခါတိုင်း သူ့စိတ်အာရုံ အနက်ရှိုင်းဆုံး တစ်နေရာတွင် သိမ်းဆည်းထားသော ခရစ္စတီနာ၏ ကမ္ဘာ ပန်းချီကားကို အတွေးထဲမှာ ပြန်လည် ပုံဖော်ကာ ခံစားကြည့်မြဲ ဖြစ်ပါသည် ။ သည်အခါ ခရစ္စတီနာလေးသည် သူ့အနားမှာ အကောင်းဆုံး အဖော် တစ်ယောက်လည်း ဖြစ်နေပြန်ပါသေးသည် ။
သူ မတ်တတ် ရပ်လိုက်သည် ။ လွယ်အိတ်ကို ကောက်လွယ်လိုက်သည် ။ ကဲ .. ဒီတစ်ညတော့ လမ်းပေါ်မှာပေါ့ ။ အထက်ပုဇွန်တောင် လမ်းမကြီး အတိုင်း လျှောက်ခဲ့သည် ။ သာကေတတံတားကို ဖြတ်ပြီး သည်တွင် ဟိုဘက် ပလက်ဖောင်း၌ ဓာတ်ဆီဆိုင် တစ်ဆိုင် တွေ့ ရသည် ။ အိမ်တန်းများအဆုံး လက်ဝဲဘက်ကွင်းပြင်ထဲ သစ်လုံးရှည်ပုံများ တွေ့ ရသည် ။ လမ်းမီးများ မရှိ ။ ပလက်ဖောင်း ဘေးမှာ မတ်တတ် အိပ်နေကြသော သစ်ပင်တန်းများ အောက်မှ သူ ဖြတ်လျှောက်လာခဲ့သည် ။ စက်ဆန်း ကိုးလမ်းထိပ် အရောက်တွင် လမ်းမီးတိုင်များ ခပ်ကျဲကျဲ တွေ့လာရသည် ။
“ အစ်ကိုကြီး .. အစ်ကို ”
အသံက အနောက်မှ လာသည် ။ သူ လှည့်ကြည့် လိုက်သည် ။ အံ့သြသလိုလည်း ဖြစ်သွားသည် ။ မိန်းမငယ် တစ်ယောက် ။ သူ့ဆီသို့ လျှောက်လာသည် ။ သူ့အနီး အရောက် သူလည်း ယောင်ယမ်း၍ နောက်တစ်လှမ်း ဆုတ်လိုက်မိသည် ။ ထိုမိန်းမငယ် ကိုလည်း စူးစမ်းကြည့် နေမိသည် ။ ဆံပင်တိုတို ၊ မျက်နှာဝိုင်းဝိုင်း ၊ အရပ်နိမ့်နိမ့် ၊ အိတ်တစ်လုံး လွယ်ထား ။ အပြင်အဆင်က အသက်အရွယ်ကို ခန့်မှန်းရ ခက်စေသည် ။ မိန်းမငယ်ကလည်း သူ့ကို ငေးမောကြည့်နေသည် ။
မျက်လွှာချလိုက်ကာ ..
“ ကျွန်မ ဘာလဲဆိုတာ ဦး သိမှာပါ ”
အသံက ခပ်တိုးတိုး ထွက်လာသည် ။
“ ကျွန်မ အရိုင်းအစိုင်းတွေနဲ့ တွေ့ လို့ ထွက်ပြေး လာခဲ့တာ ။ ပြီးတော့ ကျွန်မ ရက်ဆက်လည်း ပင်ပန်းထားတယ် ”
စကားကို ခဏနားသည် ။
“ ကျွန်မ ရိုးရိုးသားသားပါ ”
“ ငါကရော မရိုးမသား မဖြစ်နိုင်ဘူးလား ”
သူ မေးသည် ။
“ ဦးကို ကျွန်မ အဝေးကြီး ကတည်းက မြင်ပြီးသားပါ ။ ကျွန်မရဲ့ အတွေ့ အကြုံအရ မမှားနိုင်ပါဘူး ”
“ ဒီတော့ နင် ဘာဖြစ်ချင်သလဲ ၊ ပြော ”
“ ဖြစ်နိုင်မယ် ဆိုရင် ဦးအိမ်မှာ ဒီည ခဏနားချင် ... ”
သူ စဉ်းစားနေသည် ။
“ အိမ် .. ဟုတ်လား ”
တစ်ယောက်တည်း ပြောသလိုမျိုး သူ့နှုတ်မှ ထွက် သွားသည် ။
“ ဟုတ်တယ်လေ .. ဦးရဲ့အိမ် ။ အင်း .. ဦး နေတဲ့ အိမ်ပေါ့ ”
မိန်းမငယ်၏ မျက်လုံးထဲမှာ ရေနစ်နေသည် ။
“ ကဲ ... လာ .. ချာတိတ်မ ”
သူတို့ ခြေလှမ်း စလိုက်ကြသည် ။ အရုဏ်ဦးသို့ လမ်းလျှောက်ရင်း လမ်း၌ ခရစ္စတီနာ၏ ကမ္ဘာ ပန်းချီကား အကြောင်း သူမကို ပြောပြရပါဦးမည် ။
☐ မောင်သူ
📖ရနံ့သစ် မဂ္ဂဇင်း
၂၀၀၄ ၊ ဇွန်လ
No comments:
Post a Comment