Wednesday, June 3, 2026

ဥယျာဉ်မှူး


❝ ဥယျာဉ်မှူး ❞

ဆရာမငြိမ်းအိစံကို ပရဟိတလုပ်သူ လူငယ်တစ်ယောက်အဖြစ် ကျွန်တော် စတင် သိကျွမ်းခဲ့တယ် ။ ပရဟိတလုပ်သူ လူငယ်တွေက မော်ဒန်ဂျာနယ် အထက်မြန်မာနိုင်ငံရုံးခန်းမှာ စခန်းတစ်ထောက် လာနားလေ့ရှိတယ် ။

မော်ဒန်က သတင်းထောက်တွေလည်း ဆရာမ ငြိမ်းအိစံနဲ့ အတူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ စာသင်ဖက်တွေမို့ ဂျာနယ်တိုက်မှာ ဆရာမကို မကြာခဏ တွေ့ရတယ် ။

အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ဖူးကြတဲ့သူတွေ ဆုံတွေ့ပြီး လူမှုရေး အလုပ်တွေ လက်တွဲလုပ်တဲ့ မန္တလေးအိုင်ဗီအဖွဲ့ လေးခု ဆုံတော့ ဆရာမ ငြိမ်းအိစံကို တွေ့ရပြန်တယ် ။

သူက အမေရိကန်ပြည်ထောင်စု မေရီလန်းတက္ကသိုလ်မှာ အင်္ဂလိပ်စာသင်ကြားရေးနည်းစနစ် လေ့လာဆည်းပူးခဲ့သူ ဖြစ်တယ် ။

နံနက်ပိုင်း မန္တလေးတောင်ပေါ်မှာ ကျွန်တော်နဲ့ လမ်းလျှောက်ဖက် ကိုအောင်ကိုလတ် တည်ထောင်ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ ပညာသင်ကျောင်းကြီးမှာ ဆရာမ ငြိမ်းအိစံက ဒုတိယကျောင်းအုပ် ဖြစ်နေပြန်တယ် ။

ကျောင်းအုပ်နဲ့ ဘာသာရပ်သင် ဆရာတွေက နိုင်ငံခြားသားတွေ ။ သူတို့ ကျောင်းကိစ္စ တိုင်ပင် ဆွေးနွေးကြတော့ ဆရာမ ငြိမ်းအိစံနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ ကြပြန်ရော ။ တစ်ညနေမှာတော့ မော်ဒန်ဂျာနယ်တိုက်မှာ သူနဲ့ ထိုင်ပြီး စကားစမြည် ပြောဖြစ်ကြတယ် ။

သူ လုပ်နေတဲ့ အလုပ်တွေ အမျိုးစုံ ခုရက်ပိုင်းမှာ ဘယ်အလုပ်ကို သူ အားစိုက် လုပ်ဖြစ်နေသလဲ ဆိုတဲ့ အကြောင်းက စကြတယ် ။ ( သူက သူ့ကိုယ်သူ မန္တလေးသူတွေ သုံးလေ့ရှိတဲ့ နာမ်စား ကျွန်တော်နဲ့ ပြောပြီး စာရေးသူနဲ့ ရင်းနှီး ခင်မင်ပြီးသားမို့ ဦးလို့ ခေါ်လေ့ရှိတယ် ။ )

“ အိမ်က ပညာရေးကို အားပေးတယ် ။ ကျွန်တော်ကလည်း စာဆို အကုန် စိတ်ဝင်စားတာလေ ။ သင်ကြားရေးနဲ့ ပတ်သက်တဲ့ဟာ ( အင်္ဂလိပ်စာ သင်ကြားရေး အရည်အချင်းပြည့်ကြောင်း အမေရိကန် ပြည်ထောင်စု ၊ အော်ရီဂွန်ပြည်နယ် တက္ကသိုလ်နဲ့ မေရီလန်း တက္ကသိုလ်တို့က အသိအမှတ်ပြု လက်မှတ် ) ရလာတော့ စီးပွားလည်း ရှာရမယ် ။ ကုသိုလ်ရေးရာ လုပ်ရမယ် ။ ကိုယ့်အချိန်တွေက ချမ်းသာတဲ့ လူတွေ အတွက်ချည်း မဖြစ်ရဘူး ။ ဆင်းရဲတဲ့ သူတွေ အတွက်လည်း ဖြစ်ရမယ် ဆိုပြီးတော့ ပရဟိတ လုပ်တာပါ ”

“ ချမ်းသာတဲ့ လူတွေအတွက် ဆိုတာက ဆရာမက ဝိုင်းတွေမှာ သင်ပေးတာ ”

“ သင်ပေးတယ် ၊ အဲဒါနဲ့ပဲ ကျွန်တော် အချိန် မကုန်ချင်ဘူး ၊ အစတုန်းကတော့ ပရဟိတအတွက် အချိန် မပေးနိုင်ဘူး ၊ တဖြည်းဖြည်းချင်းနဲ့ များသွားတာပေါ့ ”

ဆရာမ ငြိမ်းအိစံက ပြောရင်း ရယ်တယ် ။

“ အဲဒီ balance ( ချိန်ကိုက်မှု ) ကတော့ ညှိရတယ် ”

“ အိမ်ကတော့ စီးပွားလည်း ရှာစေချင်မှာပေါ့ ”

သူ ရယ်မောတယ် ။

“ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ပိုင်းက ဆိုရင် volunteer ( စေတနာ့ဝန်ထမ်း ပရဟိတ ) ဘက်မှာ များလိုက်တော့ ကျွန်တော်ရဲ့ စာသင်ချိန်တွေ လျှော့လိုက်တယ် ၊ ဝင်ငွေက အရမ်း လျော့သွားတယ် ”

“ အိမ်ကတော့ သိပ်ကြည်မှာ မဟုတ်ဘူး ”

ဆရာမ ရယ်ပြန်တယ် ။ ကျွန်တော်က သူ ဘွဲ့ရခဲ့တဲ့ ခုနှစ်သက္ကရာဇ်တွေကို မေးပါတယ် ။

“ ၂၀၀၂ ခုမှာ B.A. ( hons: ) , ၂၀၀၅ မှာ M.A. ( Credit ) ရတယ် ၊ English Major နဲ့ပဲ ”

“ ဘွဲ့မရခင် ကတည်းက စာသင်နေတာ မဟုတ်လား ”

“ ပိုက်ဆံ မရဘဲ စာသင်နေတာက တက္ကသိုလ် ကတည်းက ၊ အတန်းဖော် သူငယ်ချင်းတွေကို စာပြန်ရှင်းပြတာ ။ သူတို့က ကျွန်တော့်အိမ်ကို လာကြတယ် ။ ကျွန်တော်က အိမ်က ထမင်းကျွေးပြီး ရှင်းတာ ။ အဲဒီလိုနဲ့ စိတ်ဝင်စားလာပြီး မာစတာ နောက်ဆုံးနှစ် ရောက်တော့ မူကြိုကျောင်းလေးတစ်ကျောင်းကို အင်္ဂလိပ် စကားပြော စသင်တာ ”

“ ပရဟိတ စလုပ်ဖြစ်တာက ... ”

“ ပရဟိတ စလုပ်ဖြစ်တာက ဝိုင်အမ်စီအေနဲ့ အောင်ပင်လယ် ဘက်မှာ ၂၀၀၆ က စသင်ဖြစ်တာ ။ သူတို့ အလကား သင်ပြပေးတဲ့ ကျောင်းလေးမှာ English သင်ပေးတာ ”

“ Gardeners ( ဥယျာဉ်မှူးများ ) ဖြစ်လာပုံ ပြောပါဦး ”

“ ကျွန်တော် ကလေးတွေကို စာသင်ပေးတယ် ။ အိုင်အယ်လ်ဘီစီတို့ ဘာတို့ တက်နေတဲ့ ကလေးတွေ ၊ ဒီကလေးတွေနဲ့ နေ့စဉ် တွေ့နေရတယ် ။ အိမ် နားမှာနေတဲ့ ကလေးတွေ ကိုလည်း နေ့စဉ် တွေ့နေရတယ် ။ ကလေးချင်း တခြားစီပဲ ၊ အိမ်နားက ကလေးတွေက ဆဲမယ် ၊ ဆိုမယ် ။ ဒီကလေးတွေကို ဟဲ့ ... မဆဲနဲ့လို့ သွားပြောလို့ မရဘူး ။ အဲဒီတော့ ကိုယ့်ရပ်ကွက်ထဲမှာ စာသင်မယ် ၊ သွားရမယ့် ပြဿနာလည်း မတက်တော့ဘူး ။ ဒါကြောင့် အိမ်နား ရပ်ကွက်မှာ စာစသင်တာ ”

“ သင်နေတဲ့ နေရာက .. ”

“ သာသနာ့ ဇောတိကာရုံ စာသင်တိုက် ၊ ဘကကျောင်း ၊ သင်ကြတော့ ကိုသန်းနိုင်ဦး ၊ ကိုစိုးထွန်းကြည် ၊ ကိုစိုးထက် ၊ ကိုလှိုင်ထွန်းဦး တို့လည်း ဝင်ကူကြတယ် ။ ရပ်ကွက်ထဲက ဘွဲ့ရတွေလည်း ရှိတယ် ။ သင်ကြပါလား ဆိုတော့ မသင်တတ်ဘူးတဲ့ ။ ဒါပေမဲ့ လက်တွဲခေါ်တော့ သူတို့လည်း သင်တတ် သွားတယ် ”

“ အကျိုးတွေက ... ”

“ ကလေးတွေက ကိုယ့်ရှေ့ဆို မဆဲတော့ဘူး ။ ရပ်ကွက်ထဲမှာ ဆရာ ၊ ဆရာမတွေ ရံသွားလိုက်တော့ ပေါက်လွှတ်ပဲစား မဆဲတော့ဘူး ၊ ရိုသေလေးစားတယ် ”

“ သင်နည်းစတိုင်ကကော ”

“ သမားရိုးကျနဲ့ မတူဘူး ၊ ကလေးတွေကို စာသင်ခန်းထဲက အပြင် ထုတ်တယ် ။ ဘုန်းကြီးကတော့ နင်တို့ စာသင်တာ ကစားနေကြတဲ့ အတိုင်းပဲတဲ့ ။ ကလေးတွေက ကျွန်တော်တို့ သင်တာကို ပျော်တယ် ၊ စိတ်ဝင်စားတယ် ”

“ နောက်ထပ် ချဲ့ထွင်ဖြစ်တာက ”

“ ကံတက်ကုန်း ၊ နောက် စစ်ကိုင်းရွှေသမား ၊ အိုင်ဘီအီးစီ ၊ ကမ္ဘောဇ ဘုန်းကြီးကျောင်းတွေ ၊ ပြီးတော့ ရဲဘော်စု ရပ်ကွက်ထဲက ရခိုင်ဘုန်းကြီးကျောင်း ၊ အဲဒါကျ ကလေးတွေက ဆက်သွယ်လာတာ ။ သူတို့ ကျောင်းမနေနိုင်လို့ သင်ပေးလှည့်ပါ ၊ ကျောင်းထားပေးပါတဲ့ ”

“ ကျောင်းထားပေးပါ ဆိုတဲ့အကြောင်း ပြောပါဦး ”

“ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးတာ သုံးနှစ် ရှိပြီ ။ ဘုန်းကြီးကျောင်းမှာ မြင်နေကျ ကလေးတွေ မတွေ့လို့ ဘယ်ရောက်ကုန်ပြီလဲ မေးတော့ တစ်နှစ် ကုန်ကျမယ့် ကျောင်းစရိတ် ငါးထောင် ( ကျပ် ၅၀၀၀ ) မတတ်နိုင်လို့ ဆက်မနေတော့ဘူးတဲ့ ။ ငါးထောင် ဆိုတာ ကိုယ့် မုန့်ဖိုးထဲက စုရင် ရတဲ့ငွေပဲ ။ သူ့ကို တစ်သက်လုံး မထားနိုင်တောင်မှ တစ်တန်းတော့ တက်သွားနိုင်တယ် ၊ ထားကြမယ်ပေါ့ ”

ဆရာမ ငြိမ်းအိစံ ပြောပြနေပုံက တက်တက်ကြွကြွ ရှိလှတယ် ။

“ သူငယ်ချင်းတွေကို ပြောပြတော့ သူလည်း ပါမယ် ၊ ကိုယ်လည်း ပါမယ်နဲ့ ပထမနှစ်က ကျောင်းသား ၅၀ ၊ ဒုတိယနှစ်ကျတော့ ၁၉၈ ဦး ၊ မနှစ်က ၅ဝ၉ ဦး ထားပေးတယ် ”

“ ဆရာမတို့က အလှူရှင်ကို ဂုဏ်ပြုလွှာ ပေးတယ်နော် ”

“ ဟုတ်တယ် ၊ သူ ကျောင်းထားပေးတဲ့ ကလေးရဲ့ ဓာတ်ပုံနဲ့ ဒီကလေးကို ဘယ်သူက ကျောင်းထားပေးတာပါ ဆိုတာမျိုး ဂုဏ်ပြုလွှာ ထုတ်ပေးတာ ၊ ဂုဏ်ပြုလွှာက အိတ်စိုက်လေ ၊ အလှူရှင်လှူတဲ့ ငါးထောင်ကို ကျောင်းအတွက် အပြည့် လှူလိုက်တာ ၊ ကလေး ငါးရာကျော် ဓာတ်ပုံရိုက်ရတာ မလွယ်ဘူး ”

သူက ပြောရင်း ရယ်တယ် ။

“ ကျွန်တော်တို့ အဖွဲ့မှာ ကင်မရာအပိုင်က ရှိတာ မဟုတ်ဘူး ၊ ကျောင်းကိုသွား ၊ ကလေးကို ခေါ်ရိုက်ရတာ ”

“ ဆရာမတို့ ရန်ပုံငွေ စုပုံက .. ”

“ Gardeners မှာ ပါတဲ့သူတွေ တစ်လကို ကျပ် ၁၅ဝဝ စီ စုကြတယ် ။ အဲဒီလို သတ်မှတ်ပေမယ့် ပိုထည့်သူတွေ ရှိတယ် ။ ဒါကိုစုပြီး ဂုဏ်ပြုလွှာတို့ ၊ ကလေးတွေ ဆုပေးတာတို့ သုံးတယ် ”

“ ဆရာမတို့ နွေရာသီမှာလည်း အင်္ဂလိပ်စာ သင်တာ ရှိတယ်နော် ”

“ ဟုတ်တယ် ၊ အောင်ပန်းမှာ ၂၀၁၀ က စတယ် ။ ၂၀၁၁ မှာ အောင်ပန်း နဲ့ အနီးအနားက ရွာတွေရယ် ၊ ဘုတ်ပြင်းရယ် သွားတယ် ။ တက်တဲ့ ကလေးတွေက free တက်ရတယ် ။ စာအုပ်ကစ free ပဲ ။ ငါးရာ ( ကျပ် ၅၀ဝ ) ကျော် ကျပေမယ့် အလှူရှင်တွေ ဆီက ငါးရာနဲ့ပဲ လက်ခံတယ် ။ အလှူရှင်တွေကလည်း အုပ် ၁ဝဝ ၊ အုပ် ၂ဝဝ လှူကြပါတယ် ”

“ လုပ်ခဲ့တဲ့ထဲမှာ ကြည်နူးစရာတွေထဲက သတိရနေတာ တစ်ခုလောက် ပြောပြစမ်းပါ ”

“ ကိုယ် အတန်းထဲ ဝင်သွားတာနဲ့ ကလေးတွေက လက်ခုပ်တီးပြီး ကိုယ် စာသင်မှာကို အားရဝမ်းသာ ကြိုဆိုကြတာကို ကျွန်တော် အရမ်း သဘောကျတယ် ။ ကျွန်တော် စာသင်တာလေးကို ကြိုက်တယ် ဆိုတာကို ကြည်နူးတယ် ”

“ အိမ်က ဝေဖန်တာကော ”

“ ကလေးတွေကို လေ့လာရေးခရီး ခေါ်သွားတာမျိုး အိမ်က မကြိုက်ဘူး ။ တစ်ခုခု ဖြစ်သွားရင် နင် ဘယ်လို ပေးဆပ်မှာလဲ မေးတယ် ။ အဲဒီလိုမျိုး ကြောက် နေရင် ဒီမှာပဲ နေတော့ ။ အပြင် မထွက်နဲ့တော့ ။ ဒါလည်း မဖြစ်နိုင်ဘူး ။ ကလေးတွေ ကားပေါ်က ပြုတ်မကျအောင်တော့ ကျွန်တော် ပြောနိုင်တယ် ။ ကားကြီး မှောက်တာတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး ။ ဒါလောက်တော့ rick ( စွန့်စားမှု ) ယူရမှာပဲ ”

“ စိတ်မကောင်းစရာ ကြုံခဲ့ရတာ ... ”

“ ကျွန်တော် မင်းကွန်း ကိုလည်း သွားသင်ပေးတယ် ။ အဲဒီမှာ ကလေးတစ်ယောက် တွေ့တယ် ။ ကလေးက ရေထမ်း နေရတာ ။ ကျောင်းနေချင်ပါရက်နဲ့ မနေနိုင်ဘူး ။ ပုံမှန်အားဖြင့် ကျွန်တော်တို့ ကူတာက ငါးထောင် ၊ ဒီကလေးမှာ အဝတ်အစား ဝယ်ရမယ် ၊ စာအုပ်တွေ ဝယ်ရမယ် ။ တစ်သောင်းခွဲ ဆိုရင်တော့ လောက်တယ် ။ ကျွန်တော်နဲ့အတူ နိုင်ငံခြားသား တစ်ယောက်က လေ့လာဖို့ လိုက်လာတယ် ။ သူက နှစ်ယောက်စာ သုံးသောင်း ( ကျပ် ၃၀,၀၀၀ ) လှူမယ် ။ သူတို့ ရှေ့တင်ပဲ ပြောတာ ။ ကျောင်းအပ်ကာလ မဟုတ်သေးတော့ ဒီငွေကို ကျောင်းအပ်ကာလ အထိ ကျွန်တော် သိမ်းထားပါ ။ ကျောင်းဖွင့်ပြီ ဆိုမှ ကျွန်တော်က ထုတ်ပေးပါလို့ အလှူရှင်က ပြောတယ် ”

ဆရာမက စကား ခဏရပ်တယ် ။

“ ရပ်ကွက်ထဲကျ ဘယ်လို ဖြစ်သွားလဲ ဆိုတော့ နိုင်ငံခြားသားက သိန်း ၃ဝဝ ပေးခဲ့တာ ဖြစ်သွားတယ် ။ ကျောင်းအပ်ကာလ ရောက်တော့ ကျောင်းအပ်ပေးတယ် ။ အဖြူအစိမ်း ဝယ်ပေးတယ် ။ ကလေးမိဘက နောက်ထပ် ငွေငါးသောင်း ( ကျပ် ၅၀,၀၀၀ ) လောက် လိုချင်သေးတယ်တဲ့ ။ ကျွန်တော်က ဘာလုပ်ဖို့ လိုတာလဲ ။ ခုလည်း အဝတ်အစား လိုတာ ပေးပြီးပြီလို့ ၊ သူက ဘာပြောလဲ ဆိုတော့ အဲဒီလို မပေးရင် ကလေးကို ကျောင်းထုတ်ပစ်လိုက်မယ်တဲ့ ။ ခုလိုမျိုး ခြိမ်းခြောက်လာတော့ ကလေးလေး အတွက် စိတ်မကောင်းပေမယ့် မတတ်နိုင်ဘူးလို့ ပြောခဲ့ဖူးတာပေါ့ ”

ဆရာမ ငြိမ်းအိစံ မျက်နှာပေါ်မှာ စိတ်မချမ်းမြေ့တဲ့ အရိပ်အယောင် ပေါ်နေတယ် ။

“ မိဘနဲ့ ကျွန်တော်တို့က အတူတူ ရုန်းမှ ရမှာ ။ ကျွန်တော်တို့က အမြဲတမ်း support ( ထောက်ပံ့မှု ) ပေးဖို့ဟာ မလွယ်ဘူး ။ ကျွန်တော်တို့ချည်း ရေလောင်းပြီး မိဘက ခူးစားနေလို့လည်း မဖြစ်သေးဘူး ”

“ ဆရာမ ငယ်ဘဝလည်း ပြောပြပါဦး ”

“ ကျွန်တော့်ကို ဝက်လက်မှာ မွေးတယ် ။ အဖေက ဖြူးဇာတိ ဆိုတော့ ငါးလသမီး ကနေ ရှစ်နှစ်သမီး အထိ ဖြူးမြို့မှာ ၊ နှစ်တန်းအထိ တက်ခဲ့တာ ။ သုံးတန်းကစပြီး မန္တလေး ပြောင်းခဲ့တာ ခုထိပဲ ”

“ ကျောင်းနေတာကော ”

“ ကျွန်တော်က ကျောင်းပေါင်းစုံ ၊ ကျွန်တော်က ဒီကျောင်းကို မကြိုက်ဘူးဆို နေ့တစ်ဝက်နဲ့ ပြောင်းတာ ၊ ××× ကျောင်းမှာတုန်းက ကျောင်းတက်ချိန်မှာ ဆရာမက မလာဘူး ၊ ကျောင်းသား ၊ ကျောင်းသူတွေက အပြင်ထွက် နေကြတယ် ။ ကျွန်တော် နေ့တစ်ဝက်နဲ့ ကျောင်းထွက်လိုက်တယ် ”

သူက ဟက်ဟက်ပက်ပက် ရယ်တယ် ။

“ ကျွန်တော် ဒီကျောင်းက စည်းကမ်းမရှိဘူး ထင် ထွက်တာပဲ ”

“ ဘယ်နှကျောင်းလောက် ပြောင်းခဲ့လဲ ”

ဆရာမငြိမ်းအိစံက သူ နေခဲ့တဲ့ ကျောင်းတွေကို လက်ချိုးရေတယ် ။

“ ခုနစ်ကျောင်း ၊ ရှစ်ကျောင်းလောက်တော့ ဆယ်တန်း မအောင်ခင် ထွက်ခဲ့တယ် ”

သူက ပြောရင်း ရယ်တယ် ။

“ အဲဒါလောက် ကျောင်းတွေ ပြောင်းနေတာ စိတ်လေမသွားဘူးလား ”

“ ငယ်ငယ်ကတည်းက ပညာတတ် တစ်ယောက် ဖြစ်ချင်တဲ့ ဦးတည်ချက် ရှိခဲ့တယ် ။ ပညာတတ် ဖြစ်မှ လူရာဝင်မယ်လို့ ထင်တာ ။ ကျွန်တော့်အမေက တစ်လျှောက်လုံး ဒါကို train ( လေ့ကျင့် ) ပေးလာခဲ့တာ ။ အမေက ကျောင်းဆရာမ ၊ ပညာဆိုတာ ကိုယ်သေတဲ့ အထိ ကိုယ် ပိုင်ဆိုင်တယ် ဆိုတဲ့ concept ( အယူအဆ ) အရမ်းထည့်တာ ”

“ ဒီလိုနဲ့ပဲ ဒီအခြေအနေကို ရောက်လာခဲ့တာပေါ့နော် ”

ဆရာမ ငြိမ်းအိစံက ဟက်ဟက်ပက်ပက် ရယ်မောပါတယ် ။

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

No comments:

Post a Comment