❝ ကံ့ကူဆံ လက်ရေးများ ❞
⎕ မောင်စိုးရ ( မလှိုင် )
လွန်ခဲ့သော နှစ် ၅ဝ ခန့် ကျွန်တော် ဘုန်းကြီး ကျောင်းသား အရွယ်တုန်းကပေါ့ ။ ကျွန်တော် နေတဲ့ ရွာက ဖျောက်ဆိပ်ကုန်း ။ ကျွန်တော် စာသင်တဲ့ ကျောင်းက ဖျောက်ဆိပ်ကုန်းတောင်ကျောင်း ။ ကျောင်းထိုင် ဆရာတော် တစ်ပါး ၊ ခန်းနေ ဦးပဉ္ဇင်း တစ်ပါး ၊ ကိုရင်ကြီး ငါးပါး ၊ ကျောင်းသား ဆယ်ယောက်နဲ့ ကပ္ပိယ အဖိုးကြီး နှစ်ယောက် ရှိတယ် ။ ဖွဲ့စည်းပုံအင်အား သိပ်မများလှပါဘူး ။ ဒါပေမဲ့ ဝါတွင်းကာလ ရောက်လာတော့ ဖွဲ့စည်းပုံက ဖောင်းပွလာတယ် ။ ဝါတွင်းမှာ ဘုရားဆွမ်းလောင်းပွဲတွေက ပေါတယ် ။ ဘုရားဆွမ်းလောင်းပွဲတွေက ဆွမ်း နဲ့ဟင်းလျာတွေ အလျှံပယ် ရကြတယ်လေ ။
ကျောင်းသားကိုရင်တွေ သပိတ်လွယ် ဆွမ်းဟင်း ဆိုင်းထမ်းပြီး ဘုရားဆွမ်းလောင်းပွဲတွေ လှည့်လိုက်ရ တာ သိပ်ပျော်စရာ ကောင်းတယ် ။ ကျေးရွာ ဆွမ်းလောင်း ပွဲတွေက ဝက် ၊ ကြက် ၊ အမဲထက် ညံ့တဲ့ ဆွမ်းဟင်းလျာ မလောင်းကြဘူး ။ ကျောင်းသားကိုရင်တွေ ပါးစပ်စိုစို လျှာမြက်မြက်နဲ့ အဝအလန်း စားကြရတဲ့ ကာလပေါ့ ။
ဘုန်းတော်ကြီးကျောင်း အုပ်ချုပ်ပုံ စနစ်ကတော့ အထက်မှအောက် အဆင့်ဆင့် ကွပ်ကဲ ကြီးကြပ်ရတဲ့ တစ်ဖက်သတ် စနစ်ပေါ့ ။ တင်းကြပ်ပြင်းထန်ပါတယ် ။ အားလုံးလွှမ်းခြုံတဲ့ အမြင့်ဆုံး အာဏာကိုတော့ ကျောင်းထိုင်ဆရာ တစ်ပါးတည်းက ဆုပ်ကိုင်ထားတယ် ။ အာဏာ ခွဲဝေသုံးစွဲမှု သတ်သတ်မှတ်မှတ် မရှိပါဘူး ။ ဦးပဉ္စင်း က ဦးပဉ္စင်း သိက္ခာပုဒ်နဲ့ အညီ ၊ ကိုရင်တွေကလည်း ကိုရင် ကျင့်ဝတ်နဲ့ အညီ ၊ ကျောင်းသားတွေ ကလည်း ကျောင်းတွင်း ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ ကျင့်ကြံနေထိုင်ကြရတယ် ။ ပြစ်ဒဏ်တွေကတော့ ရေဒဏ် ၊ သဲဒဏ် ၊ မြက်ပေါက်မြက်ရှင်း လုပ်ရတဲ့ဒဏ် ၊ အပြင်းထန်ဆုံးပြစ်ဒဏ်ကတော့ ဝမ်းလျားမှောက် ထန်းပလပ်ပြားနဲ့ တရစပ် အရိုက်ခံရတဲ့ ပြစ်ဒဏ်ပါပဲ ။
ဒီပြစ်ဒဏ်တွေကို အများဆုံး ခံရသူတွေကတော့ ကျောင်းဖွဲ့စည်းပုံမှာ အနိမ့်ဆုံးအဆင့်မှာရှိတဲ့ ကျောင်းသားလူငယ်တွေပဲ ဖြစ်တယ် ။ ကျောင်းရဲ့ အဓိက ဝေယျာဝစ္စ အလုပ်ကြမ်းတွေ အများဆုံး လုပ်ရသူတွေလည်း ကျောင်းသားတွေပါပဲ ။ နံနက်ပိုင်းမှာ ဆွမ်းခံ ၊ ဆွမ်းအိုးယူ ထွက်ကြရတယ် ။ မိုင်ဝက်လောက်နီးနီး ခရီးကို လှည့် ပတ် ဆွမ်းခံကြတယ် ။
နေ့လယ်ပိုင်း ဆွမ်းစား ပြီးချိန်မှာတော့ ကျောင်းသားတွေ စာသင်စာအံ လုပ်ကြရတယ် ။ “ သဗ္ဗေသတ္တာ အဝေရာဟောန္တု ” အစချီတဲ့ မေတ္တာပို့စာတွေ သစ်သား သင်ပုန်းနက် ပေါ်မှာ ကံ့ကူဆံနဲ့ လက်ရေးလှ ရေးပြီး ဘုန်းတော်ကြီး ဘုရားကို ပြကြရတယ် ။ စာတွေကိုလည်း အာဂုံ ဆောင်ပြန်ပြရတယ် ။ ညနေခင်း ကျတော့ အလှည့်ကျ ကျောင်းသားတွေ ရွာထဲကို သွားပြီး တစ်အိမ်တက်ဆင်း “ ဆန် ၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် ချည်ဝင် ဗိုင်းတောင့် ကောင်းမှုပြုပါဗျို့ ” လို့ ရွတ်ဆိုလျက် အလှူခံကြရသေးတယ် ။
ကျွန်တော်တို့တွေကို တိုက်ရိုက် ကွပ်ကဲအုပ်ချုပ်သူ များကတော့ ကိုရင်ကြီး ငါးပါးပေါ့ ။ ဆိုးသလား ကြမ်းသလား မမေးနဲ့ ။ သူ့နေရာနဲ့ သူ တစ်ဗိုလ်တစ်မင်း အဆဲ တစ်ခွန်း လက်သီး တစ်ချက်ပဲ ။ ကျောင်းသားတွေက အလုပ်လည်း မနားတမ်း လုပ်ရ ၊ အနိုင်ကျင့် ဗိုလ်ကျတာ ကိုလည်း ခံရတယ် ။ အားချင်းမတူ လူချင်းမမျှ လို့သာ ကြောက်လို့ ခံနေရတယ် ဘယ်မှာ ကျေနပ်ကြမလဲ ။ ဆရာတော်ဘုန်းကြီးရဲ့ ကြားနေကျ သြဝါဒစကား ကတော့ ကိုရင်တွေ ရှင်ကျင့်ဝတ်နဲ့အညီ ကျင့်ကြံနေထိုင်ကြ စသဖြင့် အမြဲ ဆုံးမ သွန်သင်ပါတယ် ။ ဒါပေမဲ့ ကွယ်ရာရောက်ပြီ ဆိုရင်လား ဒီကိုရင်တွေ အဲဒီ ရှင်ကျင့်ဝတ်ကြီး ခွစီးပြီး ငါ့မြင်း ငါစိုင်း စစ်ကိုင်း ရောက်ရောက် ထင်ရာ ကြဲတော့တာပဲ ။
ကိုရင်ငါးပါးထဲမှာ ကိုရင်လူပိန် ( ကိုရင်ဘွဲ့ ရှင်သောဘိတ ) က အသန်ဆုံး အလျင်ဆုံး ။ သူက အုန်းပင်တက် ချန်ပီယံ ။ လျင်လိုက် မြန်လိုက်ပုံက ရှဉ့်လေး တစ်ကောင် လိုပါပဲ ။ စကားကတော့ နည်းနည်း မဟုတ်ဘူး ၊ တော်တော်များလေး ထစ်တယ် ။ အားလုံးက သူ့ကို “ ထစ်အ ” လို့ ခေါ်ကြတယ် ။
“ ဟေ့ ... ဟေ့ ... ဒီ ... ဒီ ... ဒီနေ့ ဘုန်း ... ဘုန်း ... ဖ ... ဖရား ... မိတ် ... မိတ် .. မိတ်ထီလာကို ကြွ ... ကြွလိမ့် ... မယ် ... ည ... ည ... ညမှာ ... ဒို ... ဒို့ ... ကြက် ... ကြက် ... ကြက်သားဟင်းနဲ့ အုန်း ... အုန်း ... အုန်း ... ထ ... ထ ... ထမင်းချက် ... ချက် ... ချက်စားကြရအောင် ”
“ ထစ်အ ” ကိုရင်လူပိန် ရဲ့ အကြံပြုချက်ကို ကိုရင်တွေ အားလုံး တစ်ခဲနက် ထောက်ခံ လိုက်ကြတယ် ။
“ အလွန့်အလွန်ကို သင့်မြတ်တဲ့ အကြံအစည်ပါပဲ ” တဲ့လေ ။
“ ခင်ဗျားတို့ ညမှာ အုန်းထမင်း ချက်ရင် ကျုပ်တို့ ကျောင်းသားတွေပဲ စားရမှာပေါ့ ။ ခင်ဗျားတို့ ကိုရင်တွေ ညထမင်း မစားရဘူးလေ ”
ကျောင်းသားတွေ ထဲမှာ အငယ်ဆုံး ဖြစ်တဲ့ ကျွန်တော်က အာရဲလျှာရဲ ပြောလိုက်တော့ ပူခနဲ ခေါင်းတစ်ချက် အခေါက် ခံလိုက်ရတယ် ။ ဘယ်သူ ဟုတ်လိမ့် မတုံး “ ကိုငသန့် ” ပေါ့ ။ ကျွန်တော်တို့ ကျောင်းသားတွေ ရဲ့ ခေါင်းဆောင် ၊ ခေါင်းဆောင်ဆိုတာက ကျွန်တော်တို့ ကျောင်းသားတွေက ရွေးထားတာ မဟုတ်ပါဘူး ။ သူ့ဘာသာသူ ခန့်ထားတာပါ ။ သူ့ရဲ့မာကျောတဲ့ လက်သီး တစ်လုံးကို တွင်တွင်ကြီး သုံးပြီး ခေါင်းဆောင် တက်လုပ်တာပါ ။ ကျွန်တော်တို့ ကျောင်းသားငယ်တွေက သူ့ဗလကို မီအောင် ကြီးလာတဲ့အခါ သူ့ကို ဖြုတ်ချပစ်မှာပါ ။ ဒါ ကျောင်းသားအားလုံးရဲ့ ဆန္ဒ ၊ “ နေသေးသပ ချုံထဲက ၊ ချိုသွေးလို့ တမြမြ ” ပဲ ။
“ ဒါဆို ကိုရင်လူပိန်က ညကျရင် အုန်းသီး တက်ချလိုက် ။ ကြက်ကို ကျုပ် တာဝန်ယူမယ် ”
ကိုငသန့်က ကြက်ခိုး သိပ်လျင်တယ် ၊ သိပ်ပိရိတယ် ။ “ ကတော့ ... ကတော့ ” တစ်ချက် မမြည်စေရဘူး ၊ တောင်ပံတစ်ချက် မခတ်စေရဘူး ။
“ တာဝန်ယူတယ် ဆိုရင် ကိစ္စပြီးနော် ၊ ကြားလား ငသန့် ၊ တို့က ကိုရင်တွေ ဆိုတော့ ဒါလုပ်လို့ မရဘူး ”
အကြီးဆုံးကိုရင်ကြီး ကိုသြဘာသ က ရှင်ကျင့်ဝတ်ကို လေးစားလိုက်နာလေဟန် မြွက်ကြားလိုက်တာ ဖြစ် တယ် ။ နားထောင်လို့တော့ အကောင်းသား ။ ကျွန်တော်က ကိုငသန့် နဲ့ ဝေးရာကို ထသွားပြီး ...
“ ဆန်တွေ ၊ ဆီတွေ ၊ ငရုတ် ၊ ကြက်သွန်တွေက ကျုပ်တို့ ကျောင်းသားတွေ အလှူခံထားတာ ၊ ကျုပ်တို့ ကျောင်းသားတွေ စားဖို့အတွက်ပါ အုန်းထမင်းထည့် ချက်ပေးရမယ် ”
“ တယ်လေ ... ဒီဖိုးခင်သား လျှာတော်တော် ရှည်တယ် ... ငါ ထတီးလိုက်ရ ”
တခြား ကျောင်းက ကျောင်းသား ကိုရင်တွေနဲ့ ရိုက်ကြနှက်ကြတဲ့ ရန်ပွဲတွေမှာ အသတ် ၊ အပုတ် ၊ အထိုး အကြိတ် ၊ အဖက်အလှဲ အလွန် သန်သော ကိုရင်လှိုင်မြ က ကျွန်တော့်ကို အဖေနာမည် ခေါ်ဆဲပြီး ဟောက်လိုက်တာဖြစ်တယ် ။
“ ကျုပ်တို့ ကျောင်းသားတွေ အုန်းထမင်း မစားရရင်တော့ ဘုန်းကြီးဘုရားကို လျှောက်မှာပဲ ”
ကျွန်တော့်သူငယ်ချင်း စိုးပိုင် ကလည်း လူသာ ပုတယ် သတ္တိမခေဘူး ။
“ ဟေ့ကောင် ... အောင်ဘသား စိုးပိုင် ၊ လျှာမရှည် နဲ့ စားရမယ် ၊ မင်းတို့ ကျောင်းသားတွေ အန်ထွက်အောင် စားရမယ် ကျေနပ်ပြီလား ။ ကဲ “ ထစ်အ ” “ လူပိန် ” နဲ့ “ ငသန့် ” မင်းတို့ လုပ်ငန်း စကြတော့လေ ”
ကိုရင်ကြီး ရှင်သြဘာသသည် ဗိုက်ထဲမှာ မီးလောင် နေဟန်တူသည် ။ အုန်းထမင်း စီမံချက်ကို ချက်ချင်း အကောင်အထည် ဖော်ရန် ညွှန်ကြားလိုက်တယ် ။
“ ဦး ... ဦး ... ဦးဇင်းအေး ... ရွာ ... ရွာထဲ … မ … မကြွသေး .. သေး .. ဘူး ”
“ ဟေ့ကောင် ... ထစ်အ အသံကြီးက ထစ်လဲ ထစ် သြလဲ ဩ ဦးဇင်းအေး ကြားသွားတော့မှာပဲ ။ သူ့ … အခန်းထဲ သူ စာကြည့်နေတာကွာ ။ မင်းတို့ကို ထွက်ကြည့်နေတာ မဟုတ်ဘူး ။ သွား ... သွား ... မြန်မြန် သွား ... အုန်းသီး သုံးလုံးလောက် ချလိုက် ”
ကိုရင်သြဘာသ က ကိုရင်လူပိန် ကို ပြောပြီးနောက် “ ဟေ့ ... ငသန့် မင်းလည်း သွားတော့လေကွာ ” လို့ ပြောလိုက်ပြန်တယ် ။
“ ကျုပ် အလုပ်က မှောင်မှ လုပ်လို့ ရမှာလေဗျာ ၊ ကိုရင်ကြီး သိပ်ဆာနေပြီ ထင်တယ် ”
ကိုငသန့် က စပ်ဖြီးဖြီး မျက်နှာနဲ့ ပြန်ပြောလိုက်တယ် ။
••••• ••••• •••••
ထိုညက သူတို့တစ်တွေ အုန်းထမင်း ချက်စား ဖြစ်ပါတယ် ။ ဦးဇင်းအေး ရွာထဲ ကြွသွားပြီးနောက် မှောင်ရီလည်း ပျိုးရော ကိုငသန့် ရွာထဲ ထွက်သွားပြီး မုဆိုးမကြီး ဒေါ်ချက်ကြီးရဲ့ ဝပ်နေတဲ့ ကြက်မကြီး ခိုးချလာတယ် ။ ကိုရင်လူပိန် ကလည်း အုန်းသီး သုံးလုံး တက်ချပြီးလေပြီ ။
ဦးဇင်းအေးက သူ့ဒကာမကြီး မကျန်းမမာ ဖြစ်နေတာကို စောင့်ရှောက်နေရမှာ ဆိုတော့ သန်းခေါင်ကျော် လောက်မှ ကျောင်းကို ပြန်ရောက်လာမှာ ဖြစ်တယ် ။ ဦးပဉ္စင်းအေး ပြန်မရောက်ခင်မှာပင် သူတို့တစ်တွေ အုန်းထမင်း ချက်ပြုတ်စားသောက်ပြီး လက်စလက်န မကျန်အောင် ရှင်းလင်းပြီး ဖြစ်အောင် ဆောင်ရွက်နိုင်ကြပါပေတယ် ။
ဒါပေမဲ့ မတရားပါဘူးဗျာ ။ သူတို့ ကိုရင်တွေ နဲ့ ကိုငသန့် တို့ကတော့ ကြက်ပေါင်တွေ ကြက်အဖီ အသားကောင်း ဟူသမျှ အားလုံး စားပစ်လိုက်ပြီး ကျုပ်တို့ ကျောင်းသားတွေ အတွက်ကျတော့ ကြက်ခြေထောက် ၊ ကြက်တောင်ပံ အရိုးဟင်းနှင့် အုန်းထမင်း နည်းနည်းလေးပဲ ချန်ပေးထားတယ် ။ ချန်ပေးတာတောင် ဟုတ်တယ် မထင်ဘူး ။ သူတို့ စားလို့ မကုန်လို့ ကျန်တာနဲ့ တူပါရဲ့ ။ ကျုပ်တို့ ကျောင်းသားတွေ မလောက်မင စားကြရတယ် ။ ကိုငသန့် ကတော့ ကြက်ခိုးပေးတဲ့သူ ကိုး ။ သူကတော့ ကိုရင်တွေနဲ့ တန်းတူညီမျှ စားရတာ ၊ ကျုပ်တို့ ကျတော့ လှည့်မကြည့်ဘူး ။
ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန် ၊ ငရုတ် ရှာပေးရပြီး ကျုပ်တို့ ကျောင်းသားတွေ ကျတော့ ခွေးကျွေး ၊ ဝက်ကျွေး ကျွေးတယ် ။ ကိုငသန့်က ကျောင်းသား အချင်းချင်း ကြီးနိုင်ငယ်ညှဉ်း သိပ်ဗိုလ်ကျသူ ။ ကိုရင်တွေ ဗိုလ်ကျတာ ခံနိုင်သေးတယ် ။ သူတို့က သင်္ကန်းဝတ် အဆင့် မတူလို့ ၊ ကိုငသန့်က ကျုပ်တို့လို ကျောင်းသားပဲလေ ။ ဇာတ်တူသား မစားသင့်ဘူး ။
ဘုန်းကြီးကျောင်းရဲ့ ဆွမ်းစားပုံ နည်းစနစ်ကလည်း အစဉ်အလာအရ ခေါက်ရိုးကျိုး နေတဲ့ စနစ် ။ ပထမဆုံး ဘုန်းကြီးဘုရား နဲ့ ဦးပဉ္စင်းအေးတို့က အရင် ဖုန်းပေးကြ တယ် ။ ပြီးမှ ဘုန်းကြီးပွဲကျကို ကိုရင်တွေ ဘုဉ်းပေး ကြရတယ် ။ နောက်ဆုံးမှ ကျောင်းသားတွေက ကိုရင်တွေရဲ့ ပွဲကျကို စားကြရတယ် ။ ကျောင်းသားတွေရဲ့ ထမင်းဝိုင်းမှာ ကိုငသန့် က နံပါတ်တစ် နေရာက ထိုင်ပြီးနောက် ကျန်ကျောင်းသားတွေက လက်ဝဲရစ် ကြီးစဉ်ငယ်လိုက် စားကြရတယ် ။ ကျုပ်က အငယ်ဆုံး ဆိုတော့ နောက်ဆုံးကပေါ့ ။
ကိုရင်တွေ စားပြီး ပွဲကျမှ အသားဟင်းက ၄ ၊ ၅ ၊ ၆ ဖတ်လောက်ပဲ ကျန်တယ် ဆိုပါစို့ ။ ကိုငသန့် က အကောင်းဆုံး အသားတုံး ဟင်းဖတ်ကို ခပ်ယူပြီးနောက် လက်ဝဲရစ် ကြီးစဉ်ငယ်လိုက် ကျောင်းသားတွေက တစ်တုံးစီ ဆယ်ယူကြရပါတယ် ။ နံပါတ်စဉ် ၇ ကျောင်းသား အလှည့်ရောက်တော့ အသားတုံးက မကျန်တော့ဘူး ။ ဟင်းအနှစ် တစ်ဇွန်း နှစ်ဇွန်းလောက်ပဲ ခပ်ယူ စားနိုင်တော့တယ် ။ နောက်ဆုံး ကျောင်းသား အဖို့တော့ ဟင်းအကပ်အသတ် လူးစားစရာတောင် ကောင်းကောင်း မကျန်တော့ဘူး ။ စားပြီး ကျန်ပန်းကန်ခွက်ရောက်တွေ ဆွမ်းချိုင့် ဆွမ်းအုပ်တွေ သပိတ်တွေ ကျတော့ ဆေးကြ ကြောကြ ၊ သိမ်းဆည်းကြတဲ့ အလုပ်ကို ကျောင်းသားတွေပဲ လုပ်ကြရတယ် ။
ဒီတော့ ကျုပ်တို့ ကျောင်းသားငယ်တွေက အနီးကပ် ဗိုလ်ကျတဲ့ ကိုငသန့် ကို မုန်းကြတာပေါ့ ။ ချောင်းရိုက်ဖို့ ကြံစည်ကြတာ အကြိမ်ကြိမ် ။ ဒါပေမဲ့ မမြောက်ပါဘူး ။ ကလေးတွေ ဆိုတော့ သတ္တိမရှိကြဘူး ။ အကြောက်တရားက အသားကျ အနယ်ထိုင် နေပြီလေ ။ ကိုငသန့် ကလည်း သူ့အထက်က ကိုရင်တွေကို ခြေရာ တိုင်းချင် အာခံချင်တာပဲ ။ တကယ်တော့ သူ့အသက်က တချို့ကိုရင်တွေ ထက်တောင် ကြီးသေးတယ် ။ သူ ကိုရင် မဖြစ်သေးတာ ကတော့ စာနောက်ကျနေလို့ ထင်တယ် ။ မင်္ဂလသုတ်တောင် မတက်နိုင်သေးဘူး ။ သင်ပုန်းကြီး ပြီးရုံပဲ ရှိသေးတယ် ။ လူကောင်ကသာ ထွားတာ ဦးနှောက်က ဖြုတ်ဦးနှောက် ။
ကိုရင်တွေ ကရော ဦးပဉ္စင်းရဲ့ အခွင့်အလမ်းတွေ ကို မျှော်မှန်းနေပြီလား ။ ဦးပဉ္စင်းကရော ကျောင်းထိုင် ဆရာတော် ဖြစ်ချင်နေပြီလား ။ ဒါတွေကို ကျုပ် အခု အသက်ကြီးမှ တွေးမိတာပါ ။ ဒီလို ဖြစ်ရပ်မျိုးတွေက တွေ့ရဖန် များနေပြီလေ ။ ငယ်ငယ်တုန်းကတော့ ကျောင်းသားကြီးရင် ကိုရင့်ရန်သူ ၊ ကိုရင်ကြီးရင် ဦးပဉ္စင်းရန်သူ ၊ ဦးပဉ္စင်းကြီးရင် ဘုန်းကြီးရန်သူတဲ့ ၊ ရပ်ရွာထဲ ပြောကြတဲ့ သက်ကြီးစကား သက်ငယ်ကြားပါ ။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ ။
••••• ••••• •••••
မိုးတစ်ဖြိုက်နှစ်ဖြိုက်လောက် ရွာပြီးစ မိုးဦးကာလ ၊ သရက်သီးတွေ ရင့်မှည့်တဲ့ အချိန်ပေါ့ ။ ဥပုသ်နေ့ မတိုင်မီ အဖိတ်နေ့ တစ်နေ့မှာ ကိုရင်ကြီး သြဘာသ ဦးဆောင်ပြီး ကိုရင်ကျောင်းသားတွေ ကနုတံ ခုတ်ဖို့ တောထဲကို ထွက်ခဲ့ကြတယ် ။ ဒီ တောထွက်ကြရတဲ့ အခါမှာ ကျုပ်တို့ ကျောင်းသား ကိုရင်တွေ အလွန်ပျော်ကြတယ် ။ ကျင့်ဝတ်တွေ စည်းကမ်းတွေနဲ့ အနေအထိုင် ကျဉ်းကျပ်တဲ့ ဝန်းကျင်ဟောင်း ၊ သိုးနေတဲ့ အနံ့ဆိုးတွေနဲ့ အသက်ရှူ ကျပ်နေတဲ့ ဝန်းကျင်က လွင်ပြင်ကျယ် လွတ်လပ်ဝန်းကျင်ကို ထွက်လာကြရတော့ ပျော်မြူးကြတာပေါ့ ။
ရိုးကြိုရိုးကြား ချောင်ကြိုချောင်ကြား ရှိုမြောင်ကမ်းပါးတွေကို တက်လိုက်ဆင်းလိုက် သွားကြပြီး ကနုတံ လုပ်ဖို့ ဆူးကျင်သား ရှာခုတ်ရတာ မောလည်းမော ၊ ခိုက် မိတိုက်မိလည်း ရှိကြရဲ့ ။ ဒါပေမဲ့ ကျုပ်တို့တစ်တွေ သိပ်ကို ပျော်ကြပါတယ် ။ လူငယ်ဘဝ လွတ်လပ်လေကို တစ်ဝကြီး ရှူရှိုက်ရတာ ပျော်စရာပေါ့ ။
ဆွမ်းစားပြီး နေ့လယ်ခင်း လောက်ကတည်းက ထွက်လာခဲ့ကြတာ ဆိုတော့ ကျုပ်တို့ ဝမ်းဗိုက်တွေ ဆာလွန်းလို့ ပူဟိုက်နေပြီ ။
“ ခုနေများ စားလိုက်ရရင် ဆန်တစ်စိတ်နဲ့ ဆိတ်တစ်ကောင်ချက်တောင် လောက်မယ် မထင်ဘူးဟေ့ ”
ကိုရင်ကြီးသြဘာသ က မောမောနဲ့ ပြောလိုက်တယ် ။ ရွာမြောက်ဘက်က ဘုံသရက်ပင်ကြီးကို ရောက်တော့ ကျုပ်တို့ ဆူးကျင်သားစည်းတွေကို ဝုန်းခနဲပစ်ချပြီး နားလိုက်ကြတယ် ။ အဲဒီနှစ်က ဘုံသရက်ပင်ကြီး ပြွက်နေအောင် သီးတယ် ။ ခေါင်ဖျားနားက ကိုင်းတွေမှာဆို တချို့ သရက်သီးတွေ ဝင်းမှည့်နေကြပြီ ။ အောက်နားကိုင်းတွေက သရက်သီးတွေက ရွမ်းပြင်းတွေပေါ့ ။
“ တို့ ... သရက်ပင်ပေါ် တက်ပြီး သရက်သီးဆွတ် စားကြရအောင် ”
ကိုရင်သြဘာသက သရက်ပင်ပေါ် မော့ကြည့်ပြီး ပြောလိုက်တယ် ။
“ ညနေခင်းကြီး သရက်သီးစားရင် ကိုရင်လိင်ကျ ကုန်မှာပေါ့ ”
လိင်ကျတယ် ဆိုတာ ဘာမှန်း မသိပေမဲ့ ကျုပ်က လူလည် လုပ်ပြီး ပြောလိုက်တော့ ကိုရင်ကြီးဩဘာသ ဆတ်ဆတ်ခါ ဒေါပွသွားတယ် ။
“ ဟေ့ကောင် ... ဖိုးခင် ... လျှာမရှည်နဲ့ ဒါ ကျောင်း မဟုတ်ဘူးကွ ။ ဒီမှာ ဘာလိင်တွေ ဘာကျင့်ဝတ်တွေမှ မရှိဘူး ”
ကိုရင်သြဘာသ သိပ်ရိုင်းတယ် ။ ကျုပ်နာမည် “ ဖိုးနီ ” ကို မခေါ်ဘူး ။ ကျုပ်အဖေ နာမည် “ ဖိုးခင် ” လို့ပဲ အမြဲခေါ်တယ် ။
ကိုငသန့် ဆိုတဲ့ ငတုံးကြီး ကလည်း လူတွင်ကျယ် လုပ်ပြန်ပြီ ။
“ ဟေ့ကောင်တွေ ဂင်တို နဲ့ ဖိုးထောင် မင်းတို့ နှစ်ယောက် သရက်ပင် မှီပြီး တစ်ယောက် အပေါ် တစ်ယောက် တက်ပြီး ဆင့်ရပ်ကြ ၊ ကိုရင်တွေ မင်းတို့ အပေါ် ကနေ ခွဆုံကို လှမ်းဆွဲတက်မယ် ”
သရက်ပင် ပင်စည်ကြီးက လုံးပတ်လည်း တုတ်တယ် ။ ခွဆုံ ကလည်း အမြင့်ကြီး ၊ လူနှစ်ရပ် ကျော်ကျော်လောက်ရှိတယ် ။
“ အံမယ် ... ကျုပ်တို့ ကျောင်းသားတွေလည်း တက်ပြီး သရက်သီး စားမှာပေါ့ဗျ ”
ဖိုးထောင်က ငြင်းဆန်သံနဲ့ ခံပက်တယ် ။
“ ရတယ်လေ ။ စားရမှာပေါ့ ။ တို့ ကိုရင်တွေ တက်ပြီးတော့ မင်းတို့ တက်ခဲ့ကြပေါ့ ”
ကိုငသန့်က အမြဲတမ်း သူ့ ကိုရင်တွေ ဘက်က ချည့်ပဲ ။ ဒါကြောင့် ကျောင်သားတွေက သူ့ကို မုန်းတာ ။ ကိုရင်တွေ ကိုလည်း မုန်းတာပါပဲ ။ ဗလချင်းမတူ ၊ အဆင့်ချင်း မတူလို့သာ သူတို့ ပြုသမျှ နုနေရတာ ။
ဂင်တို က သရက်ပင် မှီပြီး ရပ်လိုက်တယ် ။ ဖိုးထောင် က ဂင်တိုရဲ့ ပခုံးပေါ် တက်ပြီး သရက်ပင်ကို မှီပြီး ရပ်လိုက်ပြန်တယ် ။ ကိုငသန့် နဲ့ ကိုရင်တွေ သူတို့ နှစ်ယောက် ပေါ်မှတစ်ဆင့် သရက်ပင် ခွဆုံကို လှမ်းကိုင်ကြီး တက်သွားကြလေပြီ ။ သူတို့ ပြီးမှ ကျောင်းသားတွေ တက်ကြရတယ် ။ လှေကား လုပ်ပေးတဲ့ ဂင်တို နဲ့ ဖိုးထောင်တို့ နှစ်ယောက်ကတော့ သရက်ပင်ပေါ် မတက်နိုင်တော့ဘူးပေါ့ ။ အောက်ကပဲ စောင့်နေကြတယ် ။ ကျုပ်တို့ကပဲ သူတို့ အတွက် သရက်သီးတွေ ဆွတ်ချပေးရမယ် ။
မတရားပါဘူးဗျာ ။ ကိုငသန့် နဲ့ ကိုရင်တွေ အကြီး မပီသကြပါဘူး ။ သူတို့တွေ ကျုပ်တို့ ကျောင်းသားတွေရဲ့ ပခုံးပေါ် နင်းပြီး သရက်ပင်ပေါ် တက်ကြတာလေ ။ ခေါင်ဖျားမှာ သီးနေတဲ့ ၊ မှည့်ဝင်းနေတဲ့ သရက်သီးတွေကို တစ်ဝကြီး စားရတာတောင် မဝကြသေးဘူး ။ ခေါင်ဖျား ကိုင်းတွေမှာ သူတို့ လက်လှမ်းမှီတဲ့ အသီးမှည့်တွေ ကုန်တော့ အောက်ဘက်ကို ဆင်းလာကြပြီး ကျုပ်တို့ ကျောင်းသားတွေ ဆွတ်စားနေတဲ့ ရွမ်းပြင်း သရက်သီးတွေကိုပါ ဆွတ်စားကြတယ် ။ ကျုပ်တို့ ကျောင်းသား ၆ ယောက် တစ်ယောက် တစ်လုံးသာ စား ကြရတယ် ။ ဂင်တို နဲ့ ဖိုးထောင် အတွက် သရက်သီး ရွမ်းပြင်းနှစ်လုံးလောက်ပဲ ချပေးရသေးတယ် ။ ကျုပ်တို့ လက်လှမ်းမီတဲ့ သရက်သီး ရွမ်းပြင်းတွေ ကုန်ပြီ ။ ကိုငသန့် နဲ့ ကိုရင်တွေက အောက်ကိုင်းတွေ အထိ ဆင်းပြီး ဆွတ် စားကြတာကိုး ။
ကျုပ်တို့ ကျောင်းသားတွေ တစ်ယောက် နဲ့ တစ်ယောက် တိုင်ပင်ထား သလိုပဲ ။ အားလုံး သရက်ပင်ပေါ်က ဆင်းလိုက်ကြတယ် ။ ဖိုးထောင် ကလည်း သရက်ပင် ပင်စည်ကြီးကို ကပ်ပြီး ရပ်ပေးကြတယ် ။ ကျုပ်တို့ အားလုံး အောက်ကို ရောက်တော့ ကိုယ့် ဆူးကျင်သား စည်းကို ထမ်းပြီး တစ်ခါတည်း လစ်ပြေးတော့တာပဲ ။ နောက်က အော်သံတွေ တကြော်ကြော် ကြားရတယ် ။
“ ဟေ့ကောင်တွေ နေကြဦးလေကွာ ။ တို့ကို စောင့်ကြဦးလေ ။ တို့ ဘယ်လို ဆင်းရမလဲ ။ ဟေ့ ဂင်တို နဲ့ ဖိုးထောင် နေဦးလေ ၊ တို့ကိုရင်တွေ ဆင်းဖို့ လှေကားလုပ်ပေးဦး ”
ကျုပ်တို့က လှည့်တောင် မကြည့်ဘူး ။
“ အေးပါလေကွာ ၊ ပြေးနှင့်ကြဦးပေါ့ ။ ကျောင်းရောက်ရင် မင်းတို့ကောင်တွေ သိမယ် ”
အလကား ပြောတာ ၊ သူတို့ ကျုပ်တို့ကို မလုပ်ရဲပါဘူး ။ သူတို့ ကျောင်းကို ဘယ်ပုံစံနဲ့ ပြန်ရောက်လာကြမလဲ ။ တရားခံပုံစံနှင့် ကုပ်ကုပ်ကလေး ပြန်လာကြရမှာလေ ။
သေချာတယ် ။ သရက်ပင်ကြီးရဲ့ ပင်စည်လုံးကြီး ကနေ လှေကား မပါဘဲ သူတို့ ဘယ်လိုမှ ဆင်းတတ်မှာ မဟုတ်ဘူး ။ အနိမ့် အနိမ့်ဆုံး ကိုင်းဖျားကနေ ခုန်ချကြရတော့မှာပဲ ။ သရက်ပင်အောက်ခြေ ယာကွက်က ပြောင်းခင်း ကျွတ်လေ ။ ထိုးထိုးထောင်ထောင် ပြောင်းရိုးငုတ်တွေ အပြည့် ၊ ဓားသွားလှံသွားတွေလို ချွန်ထက်နေ တယ် ။ နဖူးကွဲ ဒူးပြဲ မျက်နှာ အညိုအမည်း အပွန်းအရှတွေနဲ့ ထိုက်တန်တဲ့ ဆုလာဘ်တွေ သူတို့ မတောင်းဘဲ ရကြတော့မယ် ။
မနက်ဖြန် ရေချိုဘူတာ ဘုရားဆွမ်းလောင်း ရှိတယ် ။ ဒီလိုဒဏ်ရာ ဒဏ်ချက်တွေနဲ့ မျက်နှာပြ မလှတဲ့ သူတို့တစ်တွေ ဘုန်းကြီးဘုရားက လိုက်ခွင့်ပြုမတဲ့လား ။ သနားတော့ သနားပါတယ် ။ မတတ်နိုင်ဘူးလေ ။ ကျုပ်တို့တစ်တွေ ဘုန်းကြီးကျောင်းသားပေါက်စန အညံ့စားလေးတွေ မဟုတ်လား ။ ခံရဖန် များတော့လည်း မနိုင်နိုင်ရာ ဖမ်းကိုက်ရုံက လွဲလို့ ဘာများ တတ်နိုင်ဦးမှာလဲ ။
လွန်ခဲ့တဲ့ နှစ် ၅ဝ လောက်က ကျေးရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဖြစ်ခဲ့တဲ့ ရယ်စရာမောစရာ ဖြစ်ရပ်လေး တစ်ခုပါ ။ ခုခေတ် ဘုန်းကြီးကျောင်းတွေမှာတော့ ဒါမျိုးလေးတွေ ရှိတော့မည် မထင်ပါ ။ ။
⎕ မောင်စိုးရ ( မလှိုင် )
📖Faces မဂ္ဂဇင်း
၂၀၁၅ ၊ ဇန်နဝါရီလ
No comments:
Post a Comment