Tuesday, June 9, 2026

ဣတိပိသော

❝ ဣတိပိသော ❞ 
     ( ပီမိုးနင်း )

ဖွားခင်သည် လသာသာ အိမ်ရှေ့မောင်းတင်းကုပ် အပြင်ဘက်နားရှိ ကွပ်ပျစ်ပေါ်၌ ထိုင်ကာ လမ်းဘက်ကို မျှော်ရင်း ဆေးပေါ့လိပ်ကို ဖွာလျက် တစ်ခါတစ်ခါ ငေးစိုက်တွေးတောထင်ချင်မြင်ချင်ရာတွေကို ထင်မြင်၍ နေလေ၏ ။

ထိုအခါ တန်ဆောင်မုန်းလရာသီ ဖြစ်လေရာ အိမ်ရှေ့အိမ်မှ လျင်မြန်သော မောင်းထောင်းသံနှင့် မွှေးကြိုင်သင်းပျံ့ရာ ကောက်လှော်နံ့သည် ဖွားခင်၏ နှာခေါင်းဝကို တိုက်ရိုက်ဝင်လာ၍ ရင်ဝမှ နွေးခနဲ ဖြစ်အောင် ၊ အတိတ်ဇာတ်ကို ပြန်နှိုးလေ၏ ။ အကြောင်းမူကား ယခုထက်တိုင် အိမ်သို့ ပြန်၍မရောက်လာ ၊ တောင်ရွာက မယ်ညှာတို့ ညီအစ်မ အိမ်မှာ ပလဲနံပသင့်၍ နေသည်ဟု မိမိ၏ စိတ်၌ ထင်မြင်ရသော ၊ လင်ယောက်ျားဖြစ်သူ မောင်ပုံ နှင့်တွေ့စဉ်က ဤလရာသီ ဤအခါဖြစ်လေ၏ ။

ထိုအခါ၌ သမီးရည်းစားတို့ ဘာဝ မုန့်ဆန်းလှိုင်းများအတူ နင်းကြလျက် အရီးဖြစ်သူ အဒေါ်ဖားဥက လှော် မောင်ပုံနှင့် မိမိက ယခု ကြားရသော မောင်းထောင်းသံမျိုး ကဲ့သို့ ၊ သွက်သွက်လက်လက် ထောင်းပြီး လသာသာတွင် ရိုင်ပတ်ကို မိမိတို့ အိမ်ရှေ့မှာ ခင်းပြီး သင်းပျံ့ နွေးပူသော မုန့်ဆန်းချိုချိုကို မြုံ့ရင်း ပျော်ပျော်ပါးပါး ရယ်မော စကားပြောဆိုကြလေ၏ ။

ကောက်လှိုင်းများကို နင်းခိုက်မှာ ခဏခဏ ခြေချော်၍ ကျသဖြင့် မောင်ပုံက ခါးကိုဖက်ကာ အပျက်အပျက်နှင့် တစ်ချက်နှစ်ချက် ပါးကို ပုတ်သလို မှုတ်သလို လုပ်ဖူးလေ၏ ။ မုန့်ဆန်းထောင်းရာ၌ ခြေချင်း ၊ လက်ချင်း ထိခြင်းထပ်ခြင်း ၊ ပူးကပ်ကာ မောင်းကို ကန်ကြောက်၍ မြှောက်ခြင်းများကို ပြုလုပ်ရာ၌ မောင်းတိုင် လက်ရင်းကို ကိုင်သော မောင်ပုံ၏ ကားသော လက်နှစ်ဖက်အကြား ရင်ခွင်အနားသို့ ကျရောက်၍ နေသည့်အခါ ဖွားခင်၏ ရင်ဝမှာ တရှိန်ရှိန် တနွေးနွေးမို့ ဆောင်းဦး ပေါက်စ မြောက်လေသည် အေးရမှန်း မသိ ၊ အချစ် ဆိုသည့် သားမွေးစောင်ကြီး၏ လွှမ်းခြုံခြင်းကို ခံ၍ နေရလေရာ မောင်းထောင်းရခြင်း၌ အနည်းငယ်မျှ မောခြင်း ၊ ပန်းခြင်းကို မသိရှိခဲ့ရပေ ။

ထိုပုံသဏ္ဌာန်များကို ပြန်၍ ထင်မြင်ရသောအခါ ၊ ယခုနှင့် အဘယ်မျှလောက် ခြားနားလှသည်ကို သိရလေ၏ ။ မိုးဦးကျစ ချုန်းစထစ်စ အနောက်တောင်လေကလေး ကြွစမှာ ကောင်းကင်၏ ဆိတ်ငြိမ်သာယာခြင်းသည် နှစ်သိမ့်ချမ်းမြေ့ခြင်းကို ဖြစ်စေခဲ့ပြီးနောက် ၊ မိုးလယ် ၊ မိုးနှောင်းအခါ လောင်းသွန်းရွာသဲ ၊ မစဲဘဲ စွေရာ၌ ငြိုငြင်ခြင်းကို သည်းထန်စေသည့်အလား အချစ်၏ တွေ့စကြုံစ မိုးဦးကျစ၌ ကြည်နူးချမ်းမြေ့ အတွေ့သာယာ အဘယ်အခါ ငြီးငွေ့နိုင်ဖွယ်ရာ မရှိသော အဖြစ်မျိုးနှင့် ချစ်ပြီးကြိုက်ပြီး တွေ့ကြပြီးနောက် အရှိန်ပျောက်ကာ မပူမနွေး အေးစက်စက် ဖြစ်သောအခါ၌ တွေ့ရသော အခြေအနေ၏ ဆိုးညံ့ခြင်းသည် သဘောသွား တူလှပေသည်တကားဟု ဆင်ခြင်ကာ ဟိုအခါက ဟိုလို နေရလျှင် အတော်လေသားဟု အောက်မေ့လေ၏ ။

ထိုအခါ၌ တွေ့မှ တွေ့ရ ပေါင်းမှ ပေါင်းရပါ့မလား ၊ ပြည်ပန်းညို ချိုချင်ရက်ကယ်နှင့် မတော်တဆ , ဆားဝင်၍ ဖျက်လိမ့်မလားစသည်ဖြင့် ပူပင်ကာ တစ်ယောက်ကို တစ်ယောက် စိတ်မချ ၊ တစ်နေ့မျှ မောင်ပုံ မပေါ်လာရင် တော်ရာမှာ ဘယ်အလော်မာမများနှင့် ပျော်ရပါးရလို့ မအားဘဲ နေပါလိမ့်မလဲ ။ “ ပျို့မောင်လေး မယ်မယုံ သုံးပုံတစ်ပုံ ” ဆိုတာလို ဖြစ်ကာ “ ရည်းစား တစ်ထောင် ၊ လင်ကောင် တစ်ယောက် ” ဆိုတာလို ရည်းစားတွေ များဖို့ များဖြစ်မှဖြင့် တံထွေးခွက်မှာ ပက်လက်မျောမှာပါ ကလား ။ မကွေမကွင်း အခုလို နေရင်းက ချောချောမောမော သေမင်းမခွဲ လူမခွဲဘဲ မြဲမြံကြီး ပေါင်းရဖို့ရန် ၊ ဧကန်မှ တွေ့ကြရပါ့မလား ။ ပေါင်းများ ပေါင်းရလျှင် လူ့ဘဝမှာ အဘယ်လို စည်းစိမ် သုခနဲ့မှ တူမယ် မဟုတ်ပါဘူး စသည် ဖြင့် တွေ့ဖူးသမျှတွေကို ပြန်၍ စဉ်းစားမိလေ၏ ။ ထိုအခါ က ယခုလို အငယ်အနှောင်းတွေနှင့် ဖယ်စောင်းကာ အပျော်လိုက်နေသူကို တငိုက်ငိုက် အိမ်မှ မျှော်ကာ ၊ အခုလို တငူငူစောင့်ရမည့် အရေးကို မတွေးမိခဲ့ပေ ။ ယခု တွေ့ကြုံလျက် ပူပင်စွာ ခံစားရမည့်သောကအပူ ဆိုတာ အဘယ်ပုံနေမည်ကို မတွေး မထင်ခဲ့ပေ ။ သို့တွေးတောရင်း တမျှော်မျှော် နေရာမှ မောင်ပုံ အရိပ်အယောင်မျှ မမြင်ရသောအခါ ဪ ... ယောက်ျားများဟာ အင်မတန်မှ ရက်စက်ပါကလား ။ ယောက်ျားတိုင်း တွေ့ကြရင် ဒီလိုပဲ ဖြစ်တတ်ကြတယ် ထင်ပါရဲ့ ။ ကိုပုံ ဟာ ငါ့ကို မချစ်လို့တော့ မဟုတ်ပါဘူး ။ အပျော်အပါး သဘောထားပြီး မယ်ညာတို့ ညီအစ်မ နှစ်ယောက်နဲ့ စကားလက်ဆုံ ကျနေတာပါပဲ ။ နို့ပေမဲ့ တစ်စတစ်စ ဒီလိုကစပြီး နောင်တကယ် ဖြစ်မှာကို စိုးရတာပဲ စသည်ဖြင့် ကြောင့်ကြပူပင်လေ၏ ။

ဖွားခင်နှင့် မောင်ပုံမှာ အကြောင်းပါကြသည်မှာ လေးနှစ်ကျော် ငါးနှစ်ခန့် ကြာသော်လည်းသားသမီး မရ ၊ နှစ်ယောက်စလုံးမှာ မောင်နှမ အပျိုလူပျို ဖြစ်၍ နေကြလေ၏ ။

မယ်ညှာတို့ ညီအစ်မမှာ မောင်ပုံနှင့် အသိဖြစ်ကြသည်မှာ မကြာသေးချေ ။ ၎င်းညီအစ်မ နှစ်ယောက်မှာ တောင်ရွာ၌ အတော်နာမည်ကြီးသူများ ဖြစ်ကြလျက် ၎င်းတို့အား အခြားရွာသူရွာသားများက အလည်တွေဟု ခေါ်ကြလေ၏ ။

ထိုသို့ အခေါ်ခံရသည်မှာ အခြားကြောင့် မဟုတ် ၊ မြို့ဆန်လျက် အနေအထိုင်မှာ အများနှင့် မတူ ၊ ပိုမို သားနား ရုပ်ရည်များကလည်း သနားကမားတွေ ဖြစ်ကြခြင်းကြောင့်ပေတည်း ။

ထို့ပြင် ၎င်းတို့မှာ အရပ်ရပ်ကို အရောင်းအဝယ် အကြံအစည်နှင့် ပေါက်ရောက်နှံ့စပ်သူများ ဖြစ်ကြသဖြင့် စိတ်နေသဘောထား ၊ အနေအထိုင် အသုံးအနှုန်းမှ စ၍ အများထက် မြင့်ပုံရသဖြင့် လိုရာမရ ရရာမလို ၊ ဒယ်ကြီးအိုကို မှန်နေတာတွေ ၊ ငှက်ပျောတုံး ပေါင်ရမှာတွေ စသည်ဖြင့် မဲ့ကာရွဲ့ကာ ကဲ့ရဲ့တတ်သည့် ထုံးစံအတိုင်း အများ အပြောအဆိုကို ခံ၍ နေကြရလေ၏ ။

ဖွားခင်မှာ ၎င်းသားနားသော ညီအစ်မနှစ်ယောက်ကို လွန်စွာ ကြောက်လေ၏ ။ အကြောင်းမူကား မောင်ပုံမှာ ရပ်ရွာ၌အသားနားဆုံးသော စပါးပွဲစား လူထက် လူသွက် ၊ လူစလူနကောင်းသူ တစ်ယောက်ဖြစ်ရာ မတော်တဆ မယ်ညှာတို့ညီအစ်မနှစ်ယောက် အနက် တစ်ယောက်ယောက်က အမိအရ ကြံကာ ဇွတ်အတင်း ကြောင်တောင်နှိုက်ချေက ၊ မောင်ပုံ မှာ ပုံ၍ ကျမည်ဟု တွေးတော စိတ်မချ ဖြစ်လေ၏ ။ မယ်ညှာနှင့် မယ်သာတို့ မှာလည်း အများ မှတ်ထင်ပြောဆိုကြသည့် အတိုင်း များစွာပင် စိတ်မချဖွယ်ရာ ကောင်းသူများ ဖြစ်ကြသည့်ပြင် ၊ မောင်ပုံ ကိုယ်တိုင်ကလည်း ၎င်းတို့၏ အိမ်သို့ တစ်နေ့မျှမရောက်ဘဲ မနေနိုင် ။ စပါးကိစ္စနှင့် သွားလာရာ၌ စားချိန် သောက်ချိန် လမ်းကြုံသည့်အခါ ၊ ညီအစ်မ နှစ်ယောက်က ထမင်းပွဲ ရှေ့ရောက် ကျွေးကြသည်ကို လည်းကောင်း ၊ တစ်နေကုန် တစ်နေခန်း သုံးယောက်သား ကြည်ဖြူ ရယ်မော ၊ တသောသော ပြောဆိုနေကြသည်များကို လည်းကောင်း ၊ ဖွားခင် နားဆတ်ဆတ် ကြားရလေ၏ ။

ထိုပြင်မှ တပါးလည်း မောင်ပုံ၏ စိတ်မှာ နဝံပီယံ အစွဲသန်၍နေသော အမှတ်လက္ခဏာတို့ကို မိန်းမတို့၏ သိတတ်သောသဘာဝအတိုင်း ဖွားခင်မှာ အသိအမြင် ပေါက်၍ နေခဲ့သည်မှာ အတော်ကြာခဲ့သဖြင့် ကိုယ်စိတ် နှစ်ပါးမှာပင် ညှိုးကြုံစပြုလေရာ အခါများစွာ ဖွားခင်သည် မှန်ထဲ၌ မိမိကိုယ်ကို ကြည့်ပြီး ရှေးကနှင့် မတူ ခြားနားခြင်းကို ဆင်ခြင်မိလေ၏ ။

အရင်ကနှင့် မတူ ယခုလို ခြားနားခြင်းသည် မည်သူကြောင့် ဖြစ်ပါသလဲ ။ သူ့ကြောင့် ဖြစ်ရတာပဲ ။ ဒီလိုဖြစ်သည် အတွက် သူကလည်း ပိုပြီး စိတ်ပျက်မှာပဲ ။

ဟိုကောင်မတွေကတော့ သူတို့မှာ အလုပ်မရှိ အကိုင်မရှိ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းပြီး နေရတာပဲ ။ ဒီမှာတော့ကာ အပျိုမလုပ်ဘဲ ရိုးရိုးသားသား အအိုပီပီ နေရတော့ သူတို့လို သပ်သပ်ရပ်ရပ်တော့ ဘယ်မှာ ရှိနိုင်ပါ့မတုန်းစသည်ဖြင့် တစ်ကိုယ်တည်း မိမိ၏ အသွင်ပြောင်းလဲ ဆုတ်ယုတ်ခြင်းအတွက် ဆင်ခြေဆင်လက် ပေး၍ နေလေ၏ ။

သို့နေခိုက်တွင် မောင်ပုံ ပေါ်၍လာပြီး အိမ်သို့ဝင် ရောက်လာရာ ထိုင်ရာမှ ထပြီး ဆီး၍ နှုတ်ဆက်မေးမြန်းခြင်းများကိုမှ မပြုဘဲ အိမ်ပေါ်ကို တက်၍ သွားလေ၏ ။ မောင်ပုံလည်း ဇနီးသည်ဖြစ်သူ မကျေမချမ်းဖြစ်၍ နေသည်ကို သိသဖြင့် စကားမပြောဘဲ အပေါ်အင်္ကျီကို ချွတ်၍ ချိတ်ပြီး ခေါင်းပေါင်းကို ဆတ်ချိုပေါ်၌ လွှားတင်ပြီးနောက် အိမ်ခေါင်းရင်း ခွေးကတက်မှာ တင်ပျဉ်ချိတ် ကာထိုင်လျက် ငေးမောတွေးတောပုံနှင့်နေလေ၏ ။ ဖွားခင်လည်း အိပ်ရာထဲသို့ ဝင်ပြီး မျက်လုံးများကို မှိတ်ကာ တစောင်းခွေ၍ နေလေ၏ ။ အတန်ကြာသောအခါမှ မောင်ပုံက “ ဟေ့ ဖွားခင် ဘာချက်သလဲ ” ဟု မေးလေ၏ ။

“ ဖွင့်ကြည့်ပါလားရှင့် ၊ အစောကြီးက ခူးခပ်ထားတယ် ။ စားဖို့ သောက်ဖို့များတောင် အခုမှ သတိရတော့တာပဲ ။ ဝလင်နေထင်ပါရဲ့ ”

“ ဟေ့ ဖွားခင် ။ အေးအေးနေစမ်းဟေ့ ။ ဒါကြောင့် ငါအိမ်ပြန်မလာချင်တာ ၊ အိမ် ဆိုတာ သာသာယာယာရှိမှ မရှိရင်လာဘ်ပိတ်တာပဲ ”

“ ရှင်သာ သာသာယာယာနေပါ ။ ကျုပ်မှာ မသာယာနိုင်ဘူး ။ အခု တော်တော်သာယာလာခဲ့ပြီ မဟုတ်လား ”

“ တော်ပါကွယ် ။ ဟေ့ ငါတောင်းပန်တယ် ။ မင်း ပြောတဲ့စကားတွေဟာ တစ်ခုမှ မဟုတ်ဘူး ”

“ မဟုတ်ဘူး ဟုတ်တယ်ဆိုတာ ရှင်သာ သိမှာပဲ ။ အိမ်နဲ့ရာနဲ့ သားနဲ့မယားနဲ့ နေတာရှင့် ။ ရှင် လူပျိုမဟုတ်ဘူး ”

“ ဒါ မင်းပြောဖို့ မလိုဘူး ငါသိတယ် ။ ဘယ်လူမဆို သိတာပဲ ” ဟု ပြောပြီး ထမင်းပွဲကို ဝင်၍ ထိုင်လေ၏ ။ အမဲခြောက်ဖုတ်ဆီဆမ်း သရက်ကင်းနှင့် ငါးပိလိမ္မာ ၊ ပဲကြီးနှင့် ဆူးပုတ်ရွက်ကြော်ချက်ကလေး ထမင်းအေးအေးနှင့် တစ်လုတ်နှစ်လုတ် စားဟန်ပြုပြီး ထမင်းပွဲကို နေရာ၌ ပြန်၍ အုပ်ဆိုင်းထားလေ၏ ။ ထို့နောက် ပြောင်းဖူးဖက်လိပ်ကို ညှိ၍ဖွာရင်း အိမ်ခေါင်းရင်းက ဘန်းအနီး၌ တရုတ်ခေါင်းအုံးနီနီကလေးကို ချကာအုံးလျက် ပက်လက်နေလေ၏ ။

အတန်ကြာသောအခါ ဖွားခင် အခန်းထဲမှ ထွက်လာပြီး မောင်ပုံကို ကြည့်ကာ မောပန်းလာတာပေါ့လေ ။ ထမင်းများတောင် မစားနိုင်အောင် ဖြစ်နေမှပဲ ဟု ပြောရင်း ထမင်းပွဲကို သိမ်း၍ မီးဖိုချောင်ထဲသို့ ပို့လေ၏ ။

မောင်ပုံ သည်ကား ၊ စကား မပြော လှေကားရင်း၌ ချ၍ ထားသော မှေးမှိန်သော လက်ဆွဲမီးအိမ်၏ မီးရောင်တွင် မသာမယာ လှုပ်ရှားသော အရိပ်များကို ကြည့်လျက် နားမကြားသလို နေလေ၏ ။

စင်စစ်မှာလည်း ဖွားခင်၏ စကားကို သေသေချာချာနားမထောင် မိအောင် ၎င်း၏ စိတ်မှာ ပြန့်လွင့်ကစား၍ နေလေ၏ ။ မယ်ညှာ၏ မျက်နှာသည် ၎င်း၏ မျက်နှာပေါ်၌ မထင်မရှား စီး၍နေလေ၏ ။

ဒင်းတို့ ညီအစ်မ ငါ့ကို ဆေးတွေ ဝါးတွေနဲ့များ လုပ်သလား ။ ငါတစ်နေ့မှ မသွားဘဲ မနေနိုင်ပါကလား စသည်ဖြင့် တွေးလေ၏ ။ ဖွားခင်၏ စကားများသည် အနာကို ထိုးဆွသော တုတ်နှင့်တူလေ၏ ။ အိမ်ကို ပြန်၍လာသည့် အခါတိုင်း ထိုစကားမျိုးတွေကို ကြားမည်ကို သိသဖြင့် အိမ်မှာ ၎င်းပြောသည့်အတိုင်း အဟုတ်တကယ် မသာမယာ ဖြစ်၍ နေလေ၏ ။ သို့သော်လည်း ထိုအရေးမျိုး၌ အဘယ်ယောက်ျားသည် အဘယ်မည်သော ဇနီးမယားအား ဝန်ခံခြင်းပြုပါမည်နည်း ။

ထိုကဲ့သို့ သူ့အိမ်က ပူလေလေ အခြားသို့ ကပ်လေလေ အိမ်ကို မုန်းလေလေ ၊ အခြားကို ခင်လေလေ ဖြစ်၍လာလေ၏ ။

မယ်ညှာ သည်ကား ရပ်ရွာ၌ မည်သူနှင့်မျှ မနှိုင်းသာအောင် ခြားနားသူ ဖြစ်လေ၏ ။ အရပ်မှာရေ ၎င်းမှာ ဆီအပေါ်ရေကြည်ဖြစ်လေရာ စိတ်နေသဘောထားပုံ ၌လည်းကောင်း ၊ ဆက်ဆံပေါင်းသင်းရာ၌လည်းကောင်း မတူကွဲပြားခြင်း ဖြစ်၍နေရုံမက ရွာ၌ ရှိသော မိန်းမဟူသမျှတို့၏ စကားများကို လည်းကောင်း ၊ အထင်အမြင်ကို လည်းကောင်း ဂရုမစိုက် ထင်ရာကို လုပ်ရုံမက ၊ ကြောင်တောင်နှိုက်ရန်သော်မှ ဦးလေးမည့် လက္ခဏာ မရှိသော အမျိုးသမီးစားဖြစ်လေ၏ ။

သို့သော်လည်း အပြင်အပ ဂုဏ်သိက္ခာသည် အခါများစွာအတော်ပင် မြဲမြံသော ရွှေရေပွတ်အမျိုးနှင့် တူလေရာ အတွင်းသားနှင့် မခြားသလို မှတ်ထင်ရ လောက်အောင် ၊ အသားအရောင် ခိုင်လုံကောင်းမွန်သဖြင့် မောင်ပုံ ကလည်း ကလေးကလား စကားအမူအရာတို့ကို မပြောဝံ့ ၊ မယ်ညှာ ကိုယ်တိုင်ကလည်း ထုတ်ဖွင့်၍ မဖော် ၊ တစ်ယောက်ကို တစ်ယောက် မတွေ့ဘဲ မနေနိုင်သော အမူအရာကိုသာ သိသိသာသာ ပြဝံ့ကြလေ၏ ။

ထိုအမူအရာမျိုးနှင့် ပတ်သက်ရာ၌ အနက် သဘောကောက်ယူခြင်း အလုပ်မှာ ၊ လွယ်ကူလျက် ခက်လေ၏ ။ ငြင်းပယ်ရန်အကြောင်းအချက်တို့သည်လည်း ပေါများခိုင်လုံ၏ ။

စိတ်ရင်း အရှိကို ဝန်ခံခြင်းပြုဖို့ရန်မှာလည်း အကြောင်းအချက်တွေ ထင်ရှားပြီး ဖြစ်လေ၏ ။ ထိုနီးစပ် ခင်မင်ခြင်းမျိုးသည် များစွာသော လူကုံထံ မိန်းမ ၊ ယောက်ျားတို့မှာ ရှိတတ်လေ၏ ။ ဖွားခင် မှာမူ သိလျက် ကြိတ်ကာ အတော်ကြာ လျစ်လျူရှုရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံး မတတ်နိုင်တော့သဖြင့် အထက်ပါ စကားမျိုးကို စ၍ ပြောသည်မှာ လေးငါးရက်မျှ ကြာခဲ့လေ၏ ။ သို့အခြေအတင် ပြောကြရာ၌ ရေနွေးအိုး ဆူပွက်သည့်အလား ၊ နှုတ်သီးမှ တစီစီ မြည်ခြင်း ၊ အဖုံးမှာ ကြွခနဲ အနည်းငယ်ဖြစ်ခြင်း အဖြစ်သို့ မရောက်ကြချေ ။ သို့သော် ကွဲခြင်း မဖြစ်စေဖို့ရန် နှစ်ယောက်စလုံးကပင် သတိထားကြလေ၏ ။ အကြောင်းမူကား ပေါက်ကွဲလောက်အောင် လက်ဆုပ်လက်ကိုင် ဟူ၍ တစ်စုံတစ်ရာ ပေါ်ပေါက်ခြ င်းမရှိ ။ ရယ်မောစကားပြော၍ နေခြင်း အလုပ်မှာ တစ်နေ့ပင် ကုန်စေကာမူ ထိုအလုပ်သက်သက်၌ ကြီးလေးသောအပြစ်ကို မြင်ဖို့ရန် ခက်လေရာ ၊ သိသာ သိစေ မမြင်စေနဲ့ ဟူသော စကားမျိုး ဖြစ်၍ နေတတ်လေ၏ ။

တစ်နေ့တခြား ထိုနည်းဖြင့် ကြိတ်ကာ ဖွားခင်မှာ အတွင်းဆွေး ဆွေး၍ နေခဲ့သည်မှာ ငါးလကျော် ခြောက်လခန့် ကြာ၍ သွားလေ၏ ။ မောင်ပုံ မှာလည်း အိမ်သည် တစ်နေ့ထက်တစ်နေ့ ပူလာလျက် မယ်ညှာ၏ အိမ်မှာသာ အေးချမ်းသာယာသည် မှတ်ထင်လေ၏ ။ မိမိ၏ အိမ်မှာ ရင်ကွဲဇရပ်ဟောင်းကြီး သုသာန်ဇရပ်အိုကြီးနှင့် တူလျက် မယ်ညှာ၏ အိမ်မှာ သာယာသော ဘုံဗိမာန်နှင့် တူလေ၏ ။ ဖွားခင်၏ မျက်နှာမှာ အုံ့ဆိုင်းသော မိုးနှင့် တူလျက် မယ်ညှာ၏ မျက်နှာမှာ သာယာသော နေအရုဏ်နှင့် တူလေ၏ ။ နောက်ဆုံး၌ မောင်ပုံမှာ အိမ်ကိုပင် တစ်ခါတစ်ခါမျှသာ ပြန်လေတော့သတည်း ။

သို့နေခြင်းမှာ မယ်ညှာနှင့် တစ်စုံတရာ တရင်းတနှီး ဖြစ်ခြင်းကြောင့်မဟုတ် အိမ်မှာ ပူလွန်းသည် အောက်မေ့ကာ မယ်ညှာ အိမ်ခေါင်းရင်းရှိ အသိမိတ်ဆွေ တစ်ဦး အိမ်မှာ အိပ်လေ့ရှိလေ၏ ။ ထိုဖြစ်ပျက်ပုံမျိုးများမှာ အတော်ပင် ထူးဆန်း၏ ။ အဘယ်ကြောင့်ဆိုသော် မယ်ညှာ ဖြစ်ပုံမှာ မစားရ အညှော်ခံဖြစ်လေ၏ ။ တစ်ယောက်နှင့် တစ်ယောက် မတွေ့ဘဲလည်း မနေနိုင် ၊ တစ်စုံတစ်ရာလည်း ပိုမို၍ မဖြစ်မပျက်ဝံ့ကြ ။ ဖွားခင် သဘောသေးငယ် အားကြီးသဖြင့် အိမ်မှာ မနေနိုင်သော အနေမျိုးသို့ ရောက်ရလေ၏ ။

ထိုအရေး၌ အချို့က ဖွားခင်ကို အပြစ်တင်ကြ၏ ။ အချို့ကလည်း အဟုတ်တကယ် မောင်ပုံနှင့် မယ်ညှာ တိတ်တိတ်ပုန်း ညား၍ နေသည်ဟု စွဲမှတ်ကြလေ၏ ။ ဖွားခင် မှာကား တစ်နေ့ထက်တစ်နေ့ အသားအရေ အသွင်အပြင်ပါ ယိုယွင်းစ ပြုလေတော့သတည်း ။ အကြောင်းမူကား ဖွားခင်၏ စိတ်၌ အဟုတ်တကယ် မယ်ညှာနှင့် မောင်ပုံကို စွပ်စွဲ၍ ထားလေ၏ ။ ထိုစွပ်စွဲခြင်း မှာ မှားနေသည်ဟု မဆိုနိုင်ပေ ။ အကြောင်းမူကား ကိုယ်ပင် မပါစေကာမူ ၎င်းတို့၏ စိတ်မှာ ပေါင်းသင်းပြီး ဖြစ်၍နေလေ၏ ။

ဖွားခင်၏ စိတ်ငြိုငြင်လောင်ကျွမ်းသွေ့ခြောက် ခြင်းသည် အသွင်အပြင်ကို ကူးစက်လေရာ မောင်ပုံ၏ မျက်စိ၌ ဖွားခင်သည် ဘီလူးသဘက် ပမာ ဖြစ်စ, ပြုလေ ၏ ။ မယ်ညှာ မဟုတ် မတရားအစွဲ အထင်ခံရသူကလေး တစ်ယောက်၏ အနေဖြင့် သနားစရာ ရုပ်အသွင်ပေါ် လျက် မက်မော ယိမ်းညွှတ်သော မောင်ပုံ၏ စိတ်သည် ဖွားခင်နှင့် ဝေးသလောက် မယ်ညှာနှင့် နှီးရင်းခြင်းအဖြစ်သို့ ရောက်လေ၏ ။

တစ်နေ့သ၌ ဖွားခင်သည် မိုးဦးကျအခါ အဖော် တစ်ယောက် နှစ်ယောက်နှင့် ရွာပြင်ဘက် တောထဲသို့ စိတ်ပြေလက်ပျောက်ဆိုသလို လည်ပတ်ရင်း ရောက်၍ သွားလေ၏ ။

သို့ရောက်၍သွားရာ တဲတစ်ခု၏ အနီးသို့ ရောက်သဖြင့် ဝင်၍သွားကြရာ အသက်ခြောက်ဆယ် အရွယ်ခန့် ၊ ဆံပင်ဖြူတွေ ဦးခေါင်း၌ ပွလျက် ရှုပ်ပွ၍နေသော မိန်းမကြီးတစ်ယောက် ဘန့်ဘွေးဖက်ဆေးလိပ်များ လိပ်၍ နေသည်ကို တွေ့ ရသဖြင့် စကားလက်ဆုံကျ၍ နေကြလေ ၏ ။

ထိုမိန်းမကြီးမှာ တစ်ရွာလုံး အသိအမှတ်ပြု၍ ထားသော စုန်းမကြီး ဒေါ်အိုး ဖြစ်လေ၏ ။ ၎င်းကို စုန်းမကြီး ဟု အရပ်က စွဲကြသည့်အတိုင်း အသွင်အပြင်မှာလည်း တူလေ၏ ။ ဒေါ်အိုးကလည်း မိမိကိုယ်ကို စုန်း မဟုတ်ပါ ဟူ၍ ခုခံပြောဆို ငြင်းဆန်ခြင်းကို မပြုပေ ။ သို့ငြင်းဆန်ခြင်း မပြုခြင်း၏ ထင်ရှားသော အကျိုးစီးပွားများမှာ ၎င်း၏ ခြံ၌ စိုက်ပျိုးထားသော အပင်အရွက် အသီးအပွင့်များကို မည်သူမျှ လက်ဖျားနှင့် မထိဝံ့သဖြင့် လုံးလုံးကြီး စိတ်ချရလျက် ၎င်း၏ အိမ်မှာ အနှောင့်ယှက် ကင်းခြင်း ဖြစ်လေသည် ။ ၎င်း၏ ကြက်ငှက် ဝက်ဘဲများ မှာလည်း အထိန်းအစောင့် ဟူ၍ ခွေးတစ်ကောင် ကြောင်တစ်ကောင်မှမလိုအောင် စိတ်ချရလေ၏ ။

ဒေါ်အိုးသည် ဖွားခင်ကို သေချာစွာစိုက်လျက် ကြည့်ရာ ဖွားခင်၏ စိတ်မှာ ထိတ်လန့်သလိုလို ဖြစ်၍ သွားလေ၏ ။ ၎င်း၏ စူးရှသော မျက်လုံးများသည် အူအသည်းအတွင်းကို ဖောက်ထွင်း၍ရှာဖွေကာ နုတ်ယူစားသောက်ချင်သည်ဟု ထက်မြက်လေ၏ ။ မှတ်ထင်ရလေအောင် မိန်းမကြီးသည် ဖွားခင် ကြောက်ရွံ့မှန်းကို သိသောအခါ “ မကြောက်ပါနဲ့ ၊ ဘာကြောက်စရာ ရှိသလဲ ။ အဘွား ကိုက်မစားပါဘူး ။ ဘာဖြစ်သလဲ အရင်က အင်မတန်လှတယ် ။ အခု အဘွား ကောင်းကောင်းတောင် မမှတ်မိဘူး ။ ညည်း မယ်လုံရဲ့သမီး မဟုတ်လား ” ဟု မေးလေ၏ ။

“ ဟုတ်ပါတယ် ” ဟု ဖွားခင်က ပြန်ပြောလေ၏ ။ အဖော်တစ်ယောက်က ၊ “ အရင်ကနဲ့ ဘယ်တူမလဲ ဘွားရဲ့ ။ သူ့ယောက်ျားက တစ်မျိုး ဖြစ်နေတာပဲ ”

“ ဘယ်လို တစ်မျိုးဖြစ်နေသလဲ ” ဟု ပြောကာ ဇကာထဲရှိ ဆန်များထဲမှ လုံးတီးများကို ပိန်ကြုံသော လက်ချောင်းများနှင့် ရွေး၍နေလေ၏ ။

ဖွားခင်  ။  ။ “ အဘွား ဒီလိုဟာမျိုးကို မတတ်နိုင်ဘူးလား ”

“ ဘယ်လိုဟာမျိုးလဲ ”

“ ကျွန်မယောက်ျား ဖောက်ပြန်ပြီး တစ်မျိုးဖြစ်နေတယ်ဘွားရဲ့ ။ ကျွန်မဆီကို တစ်ခါတစ်ခါမှ လာတော့တယ် ။ တခြားမှာချည့်ပဲ ”

“ အင်း တယ်ဆိုးတာကိုး ။ ငါ့မြေး မိန်းမချောပဲ ။ ဒါတောင် ယောက်ျားက တစ်မျိုးဖြစ်သေးသလား ။ အခု ပိန်ပါးနေမှ သာပြီး ချောသေးတာပဲ ။ ကိုယ်ရည်စစ်သွားသလို ဘာပြုလို့ ဒီသူငယ်က ဖောက်ပြန်ရတာတုံး ”

“ ဘယ်ပြောတတ်မလဲ ဘွားရဲ့ ။ သူ့မှာ တခြား မက်မောစရာတွေနဲ့ တွေ့နေလို့ ဖြစ်မှာပေါ့ ။ အဘွား သူ့ကို ကျွန်မဆီပြန်ရောက်အောင် ကြံပေးနိုင်ရင် ကျွန်မကျေးဇူး မမေ့ပါဘူး ။

အမယ်ကြီးသည် ကြင်နာသော မျက်နှာထားနှင့် အတန်ငယ်ကြာစွာ ဖွားခင်ကို စိုက်၍ ကြည့်နေလေ၏ ။ ထို့နောက် ဖွားခင်၏ လက်ကို ဆွဲပြီး မီးဖိုဘက်သို့ ခေါ် သွားလေ၏ ။ ထို့နောက် နားနားသို့ကပ်ကာ တီးတိုးပြောလေ၏ ။ ၎င်းပြောသော စကားမှာ ကြီးကျယ်သော စကား မဟုတ် ။ မိမိထံကို တိတ်တဆိတ် လူသူ မသိဘဲ တစ်ယောက်တည်း လာရန် ဖြစ်လေ၏ ။

ဖွားခင်သည် ဒေါ်အိုး ထံမှ ရွာထဲကို ပြန်လာသော အခါ များစွာ အားတက်၍လာလေ၏ ။

သို့သော်လည်း နောက် သုံးလေးရက် ကြာစွာ အမယ်ကြီး ထံသို့ သွားပြီးသောအခါ စိတ်လက်ပို၍ မကြည်သာသော အသွင်ကို အိမ်နီးပါးချင်းများ တွေ့ရှိရလေ၏ ။ အမယ်ကြီး၏ နည်းလမ်းများမှာ စိတ်မကျေမနပ်ဖွယ် ဖြစ်လေသလားဟု တွေးဖွယ်ရာ ရှိလေ၏ ။ မောင်ပုံ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိ ၊ ဖွားခင်နှင့် ပိုမို၍ ကိုယ်ရောစိတ်ရော မေးသလို ဖြစ်၍ နေလေ၏ ။ မောင်ပုံ မှာကား များစွာ ဂရုစိုက်ဟန် မရှိ ၊ ငါ့ကို မဟုတ်ဘဲနဲ့ စွပ်စွဲတဲ့ ကောင်မ ဒင်းဘာသာ ဖြစ်ဖြစ်ဟု အောက်မေ့ကာ လျစ်လျူရှု၍ နေလေ၏ ။

သို့သော်လည်း မဟုတ် ဟူသော စကားမှာ မှန်သော်လည်း စိတ်၌ ဟုတ်၍ နေသည်လို မောင်ပုံသည် မစဉ်းစားဘဲ အပြစ်ကို ဖွားခင်၏ အပေါ်၌သာ ချပုံ၍ ထားလေ၏ ။

မောင်ပုံမှာ မယားကိုလည်း ရက်ရက်စက်စက် စွန့်ပစ်နိုင်သော သတ္တိရှိသူ မဟုတ် လွင့်ပါး၍ အခြားသို့ ရောက်သော စိတ်ကိုလည်း သိမ်းဆည်းခြင်း မပြုနိုင် ။ အတန်ကြာသောအခါ တမင် ဖွားခင်ကို အရွဲ့တိုက်သလိုလို လုပ်၍ နေလေ၏ ။

သို့နေခိုက်တွင် ယနေ့သည် မောင်ပုံ အိမ်ကို ပြန်၍ လာသောအခါ ဖွားခင်ကို မတွေ့သဖြင့် ၎င်းအကြောင်းကို မတွေးမတောဘဲ ရေမိုးချိုးပြီး အိပ်ရာကို ဝင်လေ၏ ။

သို့နေရာ မပေါ်လာတော့သည်ကို သိရသောအခါ ထိတ်လန့်သလို စိုးရိမ်သလို ဖြစ်၍ လာလေ၏ ။ အိပ်ရာမှ ထ၍ အပြင်ဘက်သို့ ကြည့်လတ်သော်လည်း ဖွားခင်၏ အရိပ်အယောင်ကို မတွေ့ မမြင်ရတော့ချေ ။ သို့ဖြစ်လေရာ အိမ်ရှေ့အိမ်နောက် နေရာ အနှံ့အပြား ကြည့်ရှုလေ၏ ။ ဖွားခင် အဘယ်ကို သွားပါလိမ့်မလဲ ၊ ဒင်း ဒီလို ရဲစွမ်းသတ္တိ မရှိ ။ အားကိုးရာ ဟူ၍လည်း သူ့မှာ မမြင် ၊ အဘယ်ကို သွားပါလိမ့်မလဲဟု တွေးတောကာ စိုးရိမ်စ ပြုလေ၏ ။

၎င်း၏ စိတ်၌ ဖွားခင်မှာ အိမ်မှာ စားဖို့ ဝတ်ဖို့ အတွက် ပူစရာပင်စရာ မရှိဘဲ နေရလျှင် အဘယ်ကိုမှ သွားမှာ မဟုတ် ။ အခြား အားကိုးလည်း မရှိ ။ ဒင်း ဒီလို ရဲစွမ်းသတ္တိ မရှိ ။ အားကိုးဟူ၍လည်း မရှိ ၊ ဒင်း ငါထား သလို နေရမှာပဲဟု သဘောထားကာ ပေါ့ပေါ့ဆဆ ထင်သလို နေခြင်းဖြစ်ခဲ့လေရာ ယခုလို မိမိ မတွေးမမျှော်သော နည်းအတိုင်း အဟုတ်တကယ် ပျောက်ကွယ်၍ သွားသည်ကို တွေ့ရသောအခါ များစွာပင် စိုးရိမ်ကြောင့်ကြခြင်းဖြစ်၍ သွားလေတော့သတည်း ။

ထိုညဉ့်မှာ အိပ်၍ မပျော်တော့ပေ ။ အိမ်နီးပါးချင်း များအား မေးသော်လည်း မည်သူမျှ မမြင်မသိ ဖွားခင် အဘယ်ကိုသွားသည်ဟု မည်သူမျှ မပြောနိုင်ဘဲ နေလေ၏ ။

ထိုအခါများစွာ ထိတ်လန့်ခြင်းဖြစ်လေ၏ ။ ဖွားခင် သည် မိမိကိုယ်ကို သ,တ်၍သေသည်ဟု မှတ်ထင်ခြင်းမရှိခဲ့ပေ ။ သို့သော်လည်း ယခု ပျောက်ကွယ်ပုံမှာ များစွာ ထူးဆန်းလေ၏ ။ သို့ဖြစ်သောကြောင့် အဖော်များကို ခေါ်၍ လိုက်လံရှာဖွေကြလေ၏ ။ ဖွားခင် သွားတတ် လာတတ်သော အိမ်များကိုသွားရောက် စုံစမ်းလေ၏ ။ သို့စုံစမ်းရာ၌လည်း မတွေ့ မရှိရ ။ သတင်းအစအနကိုမျှ မကြားရသဖြင့် မောင်ပုံမှာ များစွာစိတ်ပူစပြုလေ၏ ။

လူသတ္တဝါတို့မှာ ချစ်ခင်နီးစပ်သူများနှင့် အတူနေကြရသည့် အခိုက်အတန့်များ သို့အတူနေရခြင်း၏ ချမ်းမြေ့သာယာအနှစ်သာရရှိခြင်းများ အကြောင်းကို တွေးတောစဉ်းစား သတိထားလေ့ မရှိကြပေ ။ မျက်နှာလွှဲကာ ပျောက်ကွယ်ရာသို့ရောက်သောအခါ လူတို့မှာ တစ်မျိုးတမည် ဖြစ်တတ်ကြသည်ကား ဓမ္မတာသဘောတရားသာ ဖြစ်လေ၏ ။

ထိုနည်းတူစွာ မောင်ပုံမှာ ငါ မဟုတ်လို့ ဤကဲ့သို့ ဖြစ်တာပဲ မတော်တဆ မိမိ ကိုယ်ကို တစ်ဆုံးတစ်စ ပြုမိချေက ငါ၏တာဝန် မကင်းဖြစ်ပေတော့မည် ။ ငါ့ကြောင့် ဖြစ်ရတာပါပဲ ။ ဘယ်လိုများ ဖြစ်ပါလိမ့်မလဲ ။ သူ ဒီလို လုပ်မည့် အကြောင်းကို တင်ကြိုပြီး သိရရင် ငါ သူ့ကို ဒီလောက် လျစ်လျူရှုမိမည်မဟုတ် ။ ငါ့အတွက် သူ့ခမျာမှာ အတော်ပင်သောက အပူရောက်ရှာသဖြင့် ယခုလို အိမ်၌ပင် မနေသာအောင် ထွက်ခွာ၍ သွားရပေတာပဲ ဟူ၍ အောက်မေ့ကာ နောင်တရစ ပြုလေ၏ ။

ဖွားခင်မှာ အခြားသူ တစ်စုံတစ်ယောက်နှင့် တိတ်တဆိတ်ထွက်ပြေးမည့် အစားထဲက မဟုတ်ကြောင်းကို မောင်ပုံ စိတ်ချလက်ချ ယုံကြည်ခဲ့လေ၏ ။ ထိုညဉ့်၌ကား ငါ့ကို အရွဲ့တိုက်ပြီး တမင်သက်သက် တစ်ယောက်ယောက်နဲ့ လိုက်သွားတယ်ထင်ပါရဲ့ ။ လိုက်စရာလည်း သူနဲ့ ရင်းရင်းနှီးနှီးဆိုလို့ တစ်ယောက်တလေမျှ မတွေ့ မရှိရ ၊ လူနဲ့လိုက်ခြင်း မဟုတ် ။ နတ်များ ဆောင်ယူကာ ဝှက်ကွယ်၍လည်း မထားနိုင် ၊ အသိမိတ်ဆွေတစ်ဦးဦးက ငါ့ကို လှောင်ပြောင်ရန် အကြံဖြင့် ဖွားခင်နှင့် တိုင်ပင် ကာ ဖွားခင်ကို လျှို့ဝှက်၍ ထားလေသလား ဟူ၍လည်း တွေးတောလေ၏ ။

နောက်တစ်နေ့ မအိပ်ဘဲ မိုးလင်းသောအခါ ချောင်းကမ်းပါးသို့ မောင်ပုံ ရောက်၍ သွားလေ၏ ။ ချောင်းမှာ တောင်ကျချောင်းဖြစ်သဖြင့် တောင်ပေါ်က ကျသော သစ်များဝါးများကို ဆောင်ယူကာ လေလျှံသော ရေများသည် အလယ်၌ ဖောင်းကြွလျက် ဧရာဝတီမြစ်မကြီးဘက်သို့ ဒုန်းစိုင်း၍ သွားကြလေ၏ ။

မောင်ပုံသည် ကမ်းပါး၌ ထိုင်ကာ ရေများကို ကြည့်၍ နေလေ၏ ။ ဒီလိုရေထဲမှာ ပါ၍သွားရင်လည်း အလောင်းကိုတောင် ပြန်၍ ရဖို့ရန် အခက်သားပေကလား ဟု တွေးလေ၏ ။ သို့ထိုင်ကာ မှိုင်းဝေသော မျက်လုံးများနှင့် ချောင်းရေများကိုသာ ငေးမော၍ ကြည့်နေခိုက်တွင် မိမိ၏ ဦးခေါင်းဘက်ရှိ သပြေကိုင်းကြီးများမှာ လှုပ်ရှားပြီးလျှင် သပြေသီးနီညိုညိုကြီးများသည် ဦးခေါင်းထက် ပခုံးထက်သို့ ကျလေ၏ ။ သို့ကျရာ ရှပ် အင်္ကျီအဖြူပေါ်မှာ သွေးရောင်သွေးစက်များကဲ့သို့ အနီရောင်များ စွန်းကွက်သည်ကို တွေ့ရှိရလေ၏ ။ ထို အစွန်းအကွက်များကို မြင်ရသောအခါ ရင်ထဲမှာ တုန်လှုပ်၍ သွားလေ၏ ။ အကြောင်းမူကား ထိုသွေး၏ အဆင်းအရောင် စွန်းကွက်ခြင်းသည် သေခြင်းကို ပြသော နိမိတ်ဆိုးကြီးပင် ဖြစ်လေရော့သလား စသည်ဖြင့် တွေးတော ကြောက်ရွံ့လေ၏ ။

ထိုနေရာမှထကာ လျှောက်၍ သွားရာတွင် တစ်ခုသော ကမ်းပါးအငူ၌ ဖြူသော အရာတစ်ခု လှုပ်ရှား၍ နေသည်ကို ခပ်လှမ်းလှမ်းမှ တွေ့မြင်ရသဖြင့် ခပ်မြန်မြန် သွား၍ ကြည့်လေရာ မောင်ပုံသည် ထိတ်လန့်တကြား စိုက်ကာကြည့်ရင်း ကြက်သေသေ၍ နေလေတော့သတည်း ။ အကြောင်းမူကား မြေ၌ပုံလျက် လေထဲတွင် အစွန်းအစကလေးတွေ လှုပ်ရှား၍ နေသော အရာသည် အခြားမဟုတ် သိုးမွေးစောင် အဖြူကလေး ဖြစ်၍နေလေ သတည်း ။ ထိုသိုးမွေးစောင်မှာ ဖွားခင်၏ စောင်ဖြစ်သည် ကိုလည်း မြင်လျှင်မြင်ချင်း သိရလေ၏ ။

မောင်ပုံသည် စောင်ကလေးကို ကောက်၍ ယူပြီး ချောင်းကမ်းပါး တစ်လျှောက် ပြေး၍ ကြည့်လေ၏ ။ အမယ်လေး ဖွားခင်ရဲ့ … ဖွားခင်ရဲ့ လုပ်ရက်လေခြင်းကွဲ့ ။ ဒီလို လုပ်မယ်လို့ ငါမထင်မိပါကလား အမိုက်မကြီးရဲ့ စသည်ဖြင့် တောက်တီးမြည်တမ်းရင်း ချောင်းကမ်းပါးစွန်း၌ ရပ်ကာ ရင်ကိုနှိပ်ကာ ဆံပင်များကို ဆွဲကိုင်ကာ လက်ဖျားကို ဆန့်ကာ မျက်နှာကို လက်ဝါးများနှင့် အုပ်ကာ ငိုကြွေးမြည်တမ်းစပြုလေ၏ ။

ထိုအခိုက်တွင် ရွာသူရွာသားများ မောင်ပုံ ထံ ပြေး၍ လာကြလေ၏ ။ မကြာမီ အကြောင်းရင်းကို သိကြရလေ၏ ။ ဖွားခင် ရေထဲဆင်း သေပြီ ဟူသော သတင်းသည် လေပွေပမာ ပျံ့လွင့်၍ သွားလေတော့သတည်း ။

ထိုအကြောင်းနှင့် ပတ်သက်၍ အမျိုးမျိုး ပြောကြ တွေးကြလေ၏ ။ မယ်ညှာတို့ ညီအစ်မ အပေါ်၌ အထက် ထက်ကပင် ကဲ့ရဲ့ပြောဆိုချင်သော စိတ်ရှိ ရင်းဖြစ်၍ နေခဲ့သူတို့မှာ ငိုချင်ရက်လက်တို့ ဆိုဘိအလား မယ်ညှာတို့ ညီအစ်မက မောင်ပုံကို မြှူကြ ၊ မြှိုက်ကြသည့်အတွက် ဖွားခင် ရေထဲကို ဆင်းသေကြောင်း ၊ မောင်ပုံမှာ ရှာဖွေရ သမျှကို မယ်ညှာတို့ ညီအစ်မကိုသာ ပေးရသည့်အတွက် ငွေသုံးထောင်ခင်းလောက် ကုန်ကျဆုံးပါးကြောင်း စသည်ဖြင့် ပြောကြလေ၏ ။

မောင်ပုံမှာ မယ်ညှာတို့ ညီအစ်မကို မုန်းစပြုလာလေ၏ ။ ၎င်းတို့ကြောင့်သာ ငါ့မိန်းမ သေရသည်ဟု တွေးလေ၏ ။ ၎င်းတို့ ညီအစ်မနှစ်ယောက် အပေါ်၌ ကျရောက်သော စွဲလမ်းခြင်းသည် အလိုလို ကွယ်ပျောက်၍ သွားလေ၏ ။ အကယ်၍ ဖွားခင် သေသဖြင့် မယ်ညှာ နှင့် ညားချေက ဖွားခင် မသေခင်ကပင် အမှန် ညား၍ နေကြသည်ဟု အရပ်က ပြောမည်ဖြစ်ရာ မယ်ညှာ ကိုယ်တိုင်ကလည်း ထိုအထင်မျိုး ခံရမည်ကိုတွေးကာ ရှောင်ရှားလိုသော စိတ်ဖြစ်ပေါ်၍ နေလေ၏ ။ အကယ်၍ ဖွားခင်မှာ ရိုးရိုးသားသား ၉၆ ပါးရောဂါ ဝေဒနာဖြင့် သေဆုံးခြင်းဖြစ်ချေက မယ်ညှာနှင့် မောင်ပုံမှာ ပိုမို နီးစပ်ခြင်း ဖြစ်ဖွယ်ရာရှိလေ၏ ။ ယခု ဖြစ်ပျက်ပုံမှာကား ထိုကဲ့သို့ မဟုတ်ချေ ။ ဤအကြောင်းကို ထောက်သော် လူ သတ္တဝါတို့သည် အခါများစွာ မိမိတို့၏ စိတ်အကြောင်းကို မိမိတို့ ကိုယ်တိုင် ကောင်းစွာ မသိကြကြောင်း သိသာလေ၏ ။

မောင်ပုံသည် မယ်ညှာတို့၏ အိမ်သို့ မသွားတော့ချေ ။ ရပ်ရွာက မကြည်ဖြူ ၊ သေသူ အပေါ်၌ မေတ္တာစူးကြလျက် အကြီးအကျယ် ပုတ်ခတ်၍ ထားခြင်းခံရသူ ညီအစ်မနှစ်ယောက်ထံ အဘယ်နည်းနှင့် သွားနိုင်ပါမည်နည်း ။ ထို့အပြင် မောင်ပုံသည် ဖွားခင် အပေါ်၌ မေတ္တာဓာတ် ပျက်ပြယ်ခြင်းကြောင့် လေလွင့်ခဲ့ခြင်း မဟုတ် ။ လူသတ္တဝါတို့မှာ တစ်ခါတစ်ခါ ဖောက်ပြန်တတ်သော အလေ့အတိုင်း ဖြစ်ခဲ့၍ ဖွားခင် မရှိမှ တကယ်စွဲသော အချစ်သည် ပြင်းထန်သော အရှိန်နှင့်တက်ပေါ်ကာ မောင်ပုံ၏ နှလုံးကို အတင်းဗလက္ကာယ ရမ်းခြင်းပြု လေ၏ ။ ထိုသို့ပွေ့ ရမ်းခြင်းကို ခံရလေရာ နောက်က လွန် ခဲ့သော အဖြစ်အပျက်တို့ကို ပြန်လှန်တွေးတောလျက် ယူကြုံးမရ ဖြစ်ပြီးလျှင် တလည်လည် အရူးပမာ ချောင်းရိုး ကို လျှောက်ကာ ဖွားခင်၏ နာမည်ကို တ,ခေါ်လျက် နေထွက်မှ နေဝင်အချိန် အထိကို ကုန်လွန်စေလေတော့ သတည်း ။

ထိုကဲ့သို့နေရာ တနင်္ဂနွေတစ်ပတ်မျှ ကြာသော အခါ ၊ ဒေါ်အိုးနှင့် ချောင်းကမ်းပါး၌ တွေ့သဖြင့် ဒေါ်အိုး က တရားချလျက် အားပေးရင်း မောင်ပုံ အတွက် မိမိထံ ကိုပင် ဖွားခင် လာရောက်ပြီး ဆေးဝါးများ စီမံပေးဖို့ရန် တောင်းပန်ကြောင်း မိမိလည်း တတ်သိသော နည်းများနှင့် စီမံခဲ့ရာ ဖွားခင်မှာ အလျင်လို အားကြီးပြီး စိတ်လျှော့သည့်အတွက် ဤကဲ့သို့ ဖြစ်ပျက်ကြောင်း ပြောလေ၏ ။ သို့ပြောရာ၌ မောင်ပုံက “ အဘွား ဒီအတတ်မျိုး တွေကို တတ်ရင် ကျွန်တော့်မိန်းမ ဘယ်မှာနေတယ်ဆိုတာများ မသိနိုင်ဘူးလား ” ဟု မေးလေ၏ ။

“ သိပါသော်ကော လူကလေးရယ် မင်းမိန်းမနဲ့ အဘွား အင်မတန် ချစ်တာကလား ။ မသေမီက ခဏခဏ မင်း မသိဘဲ အဘွားဆီကို မင်းအတွက်နဲ့ ပတ်သက် ပြီး ရောက်ခဲ့ရလို့ ထင်ပါရဲ့ ။ အခုတောင် ဆက်ပြီး လာတုန်းပဲ ”

မောင်ပုံသည် အံ့သြလျက် အမယ်ကြီး၏ လက်များကို ဆွဲကိုင်ကာ “ ဟုတ်လား အဘွားရဲ့ ဒီလိုဖြင့် ကျွန်တော်မြင်ပါရစေ ။ အဘွား တဲကိုကျွန်တော် လာပြီး စောင့်ပါရစေ ။ ကျွန်တော့်မိန်းမ ဘယ်ပုံနေတယ် ဆိုတာ မြင်ရရင် အလွမ်းကလေးတော့နည်းနည်း ပြေမှာပါပဲ အဘွားရဲ့ ။ ဘယ်လိုပုံပန်းနဲ့ လာပါသလဲ ။ ကျွန်တော့် မိန်းမ မကောင်းဆိုးဝါးကြီး ဖြစ်နေမယ်လို့တော့ ကျွန်တော် မထင်ဘူး ”

“ မကောင်းဆိုးဝါးရယ်လို့ မဟုတ်ပါဘူး ။ ဘွားတို့ ပညာမျက်စိနဲ့ ကြည့်တော့ အစိမ်းသဏ္ဌာန်ပဲ ။ လှလှပပ မြင်ရတာကိုး ။ ပန်းတွေ မှန်တွေနဲ့ ။ မင်းတို့ ကာလ ရုပ်ရှင်မင်းသမီးကလေးများ ဥစ္စာစောင့်ပုံ ဝတ်ဆင်ထားသလို ပါပဲ ။ လှက လှနဲ့ ။ မင်းမြင်ရင်အခုထက် ပိုပြီး ရူးသွားမှာသာ ဘွားစိုးရိမ်တာပဲ ”

“ မရူးပါဘူး ဘွားရယ် ။ ကျွန်တော်ကို ပြနိုင်ရင် ပြစမ်းပါ ” ဟု ရှိခိုးဦးတင်တောင်းပန်လေ၏ ။

အမယ်ကြီးက မိမိမှာ အတတ်နှင့် ခေါ်၍ မရကြောင်း ၊ သူ့ဘာသာ အရင်က လာလေ့ရှိတဲ့ အစွဲကြောင့်သာ လာ၍နေကြောင်း ၊ မောင်ပုံ ကံကောင်းရင်လည်း တွေ့ရမည်ဖြစ်ကြောင်း ၊ သို့အတွက် လာရဲလျှင် လာ၍ စောင့်လျှင် သူလာခိုက်နှင့် ကြုံက တွေ့မြင်ရမည်ဖြစ်ကြောင်း ၊ မိမိ အမှန် အာမမခံနိုင်ကြောင်း ပြော၍ သွားလေ၏ ။

ထိုညဉ့် ညလသာသာ ကိုးနာရီအချိန်လောက်မှာ မောင်ပုံသည် ဒေါ်အိုး၏ ခြံထဲသို့ ရောက်၍ သွားလေ၏ ။ လရောင်မှာ ဘော်ရောင်ကလေးတွေကို ရက်ကန်း ရှည်သလို အထက်ကောင်းကင်မှ ခြံအတွင်းသို့ လင်းလျက် ရိုက်ဆင်းပြီးလျှင် ငှက်ပျောပင်တို့၏ အကြား ကွက်ကြည့်ကွက်ကြား သစ်လွင်တောက်ပသော သင်ဖျာများကို ခင်း၍ထားသည်နှင့် တူလေ၏ ။

ဒေါ်အိုးသည် မိမိ၏ အိမ်ကလေးထဲ၌ မီးတိုင်နှင့် ဆေးပေါ့လိပ်ကိုသာ လိပ်လျက်နေလေ၏ ။ မောင်ပုံအား မင်း အိမ်ရှေ့ဝက်မလွတ် အုံးပင် သုံးပင် အကြားမှာသာ ထိုင်စောင့်နေ ၊ သူလာရင်လည်း မင်း မြင်ရမှာပဲ ။ ထိတ်လန့်ပြီး တစ်ခုခု ဖြစ်ရင်တော့ အဘွား တာဝန်မချနဲ့နော်ဟု ပြော၍ ထားသဖြင့် မောင်ပုံမှာ အုန်းပင်များ အကြားမှ စောင့်၍ နေလေ၏ ။

သို့အတန်ကြာစွာ စောင့်၍ နေရာတွင် မိုးသက်လေကလေး ကျ၍လာလျက် ပန်းပင်သစ်ပင်တို့၏ အကြိုအကြားမှ လေချွန်နတ်သားပမာ လတ်ဆတ်သော လေသည် ပျော်ရွှင်မြူးထူးလျက် လေချွန်၍ လာလေ၏ ။ အေးသောလေသည် ရင်ထဲတွင် စိမ့်ဝင်ကာ ကြက်သီးများ ထ၍လာလေ၏ ။ လေသံမှ တစ်ပါး အခြား မည်သည့် အသံကိုမျှ မကြားရ ။ ထိုနေရာ၏ ရိပ်ငြိမ်ခြင်းသည် အစိမ်းတစ္ဆေ ဤပထဝီမြေမှ မခွာနိုင်သေးသည့် နာနာဘာဝတွေ ပျော်ရွှင်မြူးတူးဖွယ်ရာ အထူးသင့်လျော်သော နေရာဖြစ်လေ၏ ။

သို့နေခိုက်တွင် မနီးမဝေး တဲတစ်ခုမှ ခွေးတစ်ကောင်၏ ငြိုငြင်စွာ အူသောအသံသည် မောင်ပုံ၏ ဦးခေါင်းကို အဆမတန်ကြီးမားခြင်း ဖြစ်စေလေ၏ ။

ဧကန်ဒါပဲ ၊ ဖွားခင် လာတာ ထင်ပါရဲ့ ၊ ဘယ်လိုများ လာပါလိမ့်မလဲ ။ နာနာဘာဝတို့ ဘာဝ ကြောက်မက်ဖွယ် သဏ္ဌာန်ကိုဆောင်ကာ ထဘီကို စောက်ထိုးဝတ်လျက် တလားကြီးခါးထက်မှာ တင်၍ ဒရောသောပါးများ လာလေမလား ။ ငါ့ကို စိတ်နာလျက် သေလေရာ မပေါ်လာဘဲများ နေလေမလား ။ သို့မဟုတ် ငါ့ကို ထိတ်လန့်အောင် ခြောက်လှန့်ပြီး လိပ်ပြာကို နှုတ်ကာ သူ့နောက်ကို အပါ ခေါ်လေမလား ။ အဘယ်လိုသဏ္ဌာန်ကို ဆောင်ပါလိမ့်မလဲ ။ ဒင်း ဘယ်လိုပဲ ခြောက်လှန့်စေ ကာမူ ငါ မကြောက် ဒင်း ငါ့မယား - ငါ မလွှတ်ဘူး ၊ အမိဖမ်းမယ် ။ အမှန်သာ လာပါစေ စသည်ဖြင့် စိတ်၌ တင်းလေ၏ ။

သို့ပင် တင်းစေကာမူ ကြောက်သောစိတ်သည်ကား ထိတ်လန့်ကာ မိမိ၏ ကိုယ်ခန္ဓာအတွင်း၌ မနေ ၊ ကိုယ်ခန္ဓာအပြင်သို့ ရောက်၍ နေသည်ဟု မှတ်ထင်ရလေ၏ ။

အနည်းငယ်မျှသော အသံတို့သည် ထိတ်လန့်ခြင်းကို ဖြစ်စေလေ၏ ။ ကင်းလိပ်ချော ၊ ပုတ်သင် ၊ မြေကြွက် စသည့် ညဉ့်မှာ ထွက်ကာ မြေမှာ ဝပ်ထွား မြေ၌ ကျက်စားသော ပိုးမွှားတို့သည် အမှိုက်သစ်ရွက်စသည်တို့ကို တိုးဝှေ့၍ သွားသည့် အခါတိုင်း ဖွားခင် လား ဟု ထိတ်ခနဲ ဖြစ်ကာ ရင်မှာ ဖိုလျက် ကြားရာဘက်သို့ လှမ်းကာ ကြည့်ရလေ၏ ။ အကြောက်ကို တတ်နိုင်သမျှ အစွမ်းကုန် ပယ်ပျောက်ကာ စွန့်စား၍ စောင့်ရခြင်းဖြစ်လေ၏ ။

ဖွားခင် ပေါ်၍ လာလျှင် အတင်း ဖက်ကာ မိမိ၌ မယ်ညှာနှင့် တစ်စုံတစ်ရာ မဖြစ်ကြောင်းကို ပြောမည် ။ မိမိ၏ လျစ်လျူရှုခြင်း အပြစ်ကို ဝန်ချကာ တောင်းပန်မည် ။ စကားတစ်လုံးမျှ အနီးကပ်ကာ ပြောရပြီး အမျှတန်း ဝေရလျှင်ကျေနပ်ပြီဟု အရူးပမာ ၊ မျှော်လင့်ထင်မြင်ဖွယ်ရာ မဟုတ်သော အရာတို့ကိုသာ ထင်မြင်လင့်မျှော် နှလုံးအတွင်းမှ ဖွားခင်ကို တသလျက် ခေါ်၍နေလေ၏ ။ အခုအနေများ ပေါ်လာရင် အားရပါးရ ပြေးပြီးဖက်မယ် ။ ဒင်း ချက်ချင်း ပျောက်ကွယ်၍ မပြေးနိုင်အောင် ဟောဒီ ချည်မန်းကွင်းနှင့် စွပ်၍ ဖမ်းမည်ဟု အောက်မေ့ကာ ရှပ်အင်္ကျီအိတ်တွင်းရှိ ချည်မန်းကွင်းကို လက်နှင့် ကိုင်စမ်းလေ၏ ။ မသေမီက ပေါ့လျော့ကာ လျစ်လျူပြုမိသည့် အတွက် ယူကြုံးမရ ဖြစ်ကာ အရူးပမာ ပေါ်လာနိုးနှင့် မျှော်ကိုးတောင့်တလျက် ပူပြင်းစွာ ရင်ဝ၌ မီးတောက်၍ နေရလေတော့သတည်း ။

သို့နေခိုက်တွင် မိမိ၏ နောက်နားမှ ရှပ်တိုက်သော အသံလိုလို ကြားရသဖြင့် ထိတ်ခနဲဖြစ်ကာ နောက်သို့ ပြန်၍ လှည့်လိုက်ရာမြင်ရသော သဏ္ဌာန်ကို ကြက်သေသေလျက် ကျောက်တိုင်ပမာကြည့်၍နေလေ၏ ။

မိမိ မြင်ရသော သဏ္ဌာန်မှာ မယုံကြည်နိုင်အောင် ရှိလေ၏ ။ မထင်မရှား ၊ မိုးဖွဲ့ကလေးများ၏ အတွင်း မလင်းမမှိန် မြူတိမ်ကို ဆင်ပြန်သည်ဟု မှတ်ထင်ရသော မတ်တတ်ရပ်လျက် ကျောခိုင်း၍ နေသော ဆံပင်ဖားလျားနှင့် သဏ္ဌာန်သည် ဖွားခင်၏ သဏ္ဌာန် အမှန်ဖြစ်၍ နေလေ ၏ ။ ထိုသဏ္ဌာန်မှ မသိမသာ မှိုင်းပြည့်သော မီးပုံးသည် ယိမ်းရမ်းလျက်နေသည့်ပမာ ဝဲယာတိမ်း၍ နေလေ၏ ။ ရှည်လျားသော ဆံပင်များမှာ လေထဲတွင် လွင့်ခါလှုပ်ကာ လရောင်တွင် ပြိုးပြိုးပျက်ပျက်နေလေ၏ ။

မောင်ပုံမှာ စိတ်ကိုပင် တင်းသော်ငြားလည်း အကြောက်သည် လွှမ်းမိုး၍ လာလေ၏ ။ ၎င်းလွှမ်းမိုးသော အကြောက်ကို ခုခံတွန်းလှန်ကာ ဒင်း ငါ့မယား ဘာကြောက်ရမလဲ ၊ ဒင်းငါ့ကို ကြောက်လို့ မျက်နှာမှ မပြ ၊ ကျောခိုင်းလျက် နေသည်ကို ငါ ဘယ်အတွက် ကြောက်ရမှာတုန်းဟု အားတင်းလေ၏ ။ မတော်တဆ ကွယ်ပျောက်၍သွားမှာကို စိုးသဖြင့် ပြေး၍ ဘက်ရ ကောင်းမလား ၊ အခုလို အသာ ကြည့်နေရ ကောင်းမလားဟု စဉ်းစား၍ နေလေ၏ ။ တစ်မိနစ်ခန့် ကြာ၍ သွားလေ၏ ။ အံ့ဖွယ်သော သဏ္ဌာန်မှာ မပျောက်မကွယ် ရပ်လျက်သာ နေသဖြင့် ရဲ၍ လာလေ၏ ။ ဖွားခင် အမှန်ဖြစ်၏ ၊ ခါး၏ အကျ တင်ပါးကလေးများ၏ အကြွ ၊ ဖြောင့်စင်းသော အရပ် ၊ မတ်စွာရပ်သော အမူအရာ ၊ ဆံပင်ရှည်လျားပုံ စသည်တို့မှာ ဖွားခင် အစစ်ဖြစ်ကြောင်း အနည်းငယ်မျှ မခြားမနား ထပ်တူထပ်မျှ ထင်ရှားသိသာစေလေ၏ ။

မောင်ပုံ၏ ရင်ဝမှာ တဒိန်းဒိန်း မြည်လျက် ကတုန်ကယင် ဖြစ်၍ နေလေ၏ ။ ဖွားခင် အစစ်ပါပဲ ။ ငါ့မိန်းမ ပါပဲ ၊ ပို၍လှပကြော့ရှင်း ရုပ်ရှင်မင်းသမီးကလေး ဥစ္စာစောင့် အသွင် ဖန်တီးဆင်သသည့် အသွင်လို အင်မတန်မှ ကြော့ရှင်းလှပခြင်းမျှသာ ခြားနားပါပေသည်တကား ။ ဒင်း ငါ့ကို ဘာများပြောချင်မှာချင်လို့ ဒီလောက်ကြာကြာ ပြ၍ နေပါလိမ့်မလဲ ။ သူ့ခေါင်းမှာ ဝေ၍ နေသော ပျဉ်းမပန်းတွေ စံပယ်ပန်းတွေက အဟုတ်တကယ် ပန်း အစစ်တွေ ထင်ပါရဲ့ ။ မွှေးပုံက လတ်ဆတ်လှပါကလား ၊ ဖွားခင် ဖွားခင် မင်း ငါ့ကို စိတ်နာလို့ ကျောခိုင်းတာလား စသည်ဖြင့် စိတ်ထဲမှာ အသံမထွက်ဘဲ ပြော၍နေလေ၏ ။

သို့ မောင်ပုံသည် ခြေလှမ်းကို ကြဲကြဲလှမ်းလျက် ၎င်းသဏ္ဌာန်၏ နံဘေးဘက် ခပ်လှမ်းလှမ်းသို့ သွားလေရာ သဏ္ဌာန်သည် ခပ်ဖြည်းဖြည်း လှည့်၍ ကြည့်ကာ မျက်တောင်မခတ်ဘဲ နေလေ၏ ။ ၎င်း၏ မျက်လုံးများမှာ မောင်ပုံ၏ မျက်နှာကို စူးစိုက်လျက်နေလေ၏ ။ မောင်ပုံသည် စူးစိုက်လျက် ကြည့်၍သာ နေလေ၏ ။

“ ဟုတ်ပါတယ် ။ ငါ့မိန်းမပါပဲ ။ ငါ ဘဲ့နှယ်လုပ်ရပါ့မလဲ ။ လှမ်း၍ ခေါ်ရ ကောင်းမလား ။ ပြေး၍ ဖက်ရ ကောင်းမလား ။ ဒင်း ဒီကလောက် ကြာကြာ နေတာဟာ ။ ဧကံ အမိခံချင်လို့ပဲ ဟု အောက်မေ့ပြီး ရှပ်အင်္ကျီအိတ်ထဲ၌ ရှိသော ပရိတ်ချည်ကို နှိုက်ရင်း တစ်ဟုန်တည်း ပြေးကာ ဖက်လေ၏ ။ ဂွမ်းပုံကို ဖက်ရသည်နှ င့်တူသည်ဟု အများ ပြောကြသော်လည်း ယခု ဖက်မိခြင်းမှ ဂွမ်းပုံနှင့် မတူ အသက်ရှင်စဉ်က ပွေ့ကိုင်တွေ့ထိရခြင်းထက် ပိုမိုနူးညံ့ခြင်းသာ ခြားနားသည်ကို တွေ့ရှိရလေ၏ ။ လည်ပင်းကို ပရိတ်ချည်နှင့်ပတ်ရင်း “ ဖွားခင် ဖွားခင် မင်းမဟုတ်လား ” ဟု တုန်လှုပ်သော အသံနှင့် ခေါ်ရင်း မျက်နှာကို ကပ်ကာ ကြည့်လေ၏ ။

ဖွားခင်သည် စကားပြန်၍ မပြော ၊ ရုန်းပြန်လျက်သာ နေပြီးနောက် အတန်ငယ်ကြာသောအခါ မောင်ပုံ၏ ရင်ခွင်ကို မှီလျက် မြောမေ့သလို လည်ပင်းများက ပျော့နေလေ၏ ။

“ မပြေးနဲ့နော် ၊ ပျောက်မသွားနဲ့နော် ဖွားခင် .. ဖွားခင် .. ။ ဟေ့ ... ဟေ့ ... ။ အမယ်လေး ဘယ့်နှယ် ဟာလဲ ။ ဟင် အလို ... တကယ်မိပြီ ... ကိုင်း ဘယ့်နှယ် ရှိစ ” ဟု တုန်လှုပ်သော အသံနှင့် ပြောရင်း တအား ပွေ့ယူကာ မျက်နှာချင်း ကပ်၍ထားလေ၏ ။ မွှေးကြိုင်သော ပန်းနံ့ ၊ နံ့သာနံ့တို့ကို တအားရှူရိုက်၍ ယူလေ၏ ။ ဖွားခင် ရင်ခွင်မှာ ကြွချီကြွချီ နွေးခနဲ နွေးခနဲ နေသည်များကို သိရလေ၏ ။

ဖွားခင်သည် မျက်လုံးများကို ဖွင့်ပြီး ပြူးလျက် ၊ မောင်ပုံ၏မျက်နှာကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေ၏ ။

“ လွှတ်ပါ … လွှတ်ပါ ။ သွားမယ် သွားမယ် ။ အမယ်လေး .. ပူလှချည်ရဲ့ ။ လွှတ်ပါ ... လွှတ်ပါ ။ သွားရတော့မယ် ။ ဟိုက လာကုန်ပြီ ... လာကုန်ပြီ ကိုပုံ လွှတ် လွှတ် ” ဟုပြောပြီး သွားကို ဖြဲလျက် လျှာကို ထုတ်လေရာ လျှာကြီး တစ်ထွာလောက် ထွက်၍ လာပြီး အရပ်သည် မိမိကို မိုးလုခမန်း ဖြစ်လာသဖြင့် မောင်ပုံသည် လွှတ်ပြီး “ အမယ်လေး အဘွားရဲ့ ” ဟု အော်ရင်း အိမ်ကုတ်ထဲကို ပြေး၍ ဝင်လေ၏ ။ အမယ်ကြီးသည်ကား ထွက်၍ မလာပေ ။ အိမ်ကို အဝင်တွင် နောက်မှ နေ၍ ခါးကို ဆွဲလေ၏ ။ မောင်ပုံသည် နောက်ကို လှည့်၍ မကြည့်ဘဲ ကြောက်အားလန့်အားနှင့် “ ဣတိပိသော ဣတိပိသော ။ အီးသောသော အီးသောသော ” စသည်ဖြင့် ဘာကိုရွတ်ရမှန်း မသိ ရွတ်ရင်း တအား ရုန်း ပြေးဝင်ရာ တစ်စုံတစ်ယောက်ကို တိုက်မိပြီး အရှိန်နှင့် ထိုး၍ လဲရာ မြောမေ့၍ သွားလေတော့သတည်း ။

သတိရ၍ လာသောအခါ ကိုပုံ သတိရပလား ဟု မေးသော သာယာသော အသံကို ကြားရသဖြင့် မော်၍ ကြည့်ရာ ပန်းတွေ ဝေလျက် ပြုံးသော မျက်နှာနှင့် မိမိကို ပွေ့လျက် မိမိ၏ မျက်နှာကို စိုက်ကာ ကြည့်၍ နေသော ဖွားခင်၏ မျက်နှာကို မြင်ရသဖြင့် ယီးတီးယားတား ဖြစ်၍ နေလေ၏ ။ ထို့နောက်မှ ဖွားခင် သေကြောင်း သတိရပြီး အိပ်မက်၍ နေသလား မှတ်ထင်ကာ မျက်နှာကို လက်နှင့် ပွတ်လျက် လူး၍ထလေ၏ ။

အဘွားကြီးသည် မှောင်ရိပ်မှ တင်းတိမ်ကြီး ခြုံလျက် ထွက်၍လာပြီး မီးတိုင်မှာ ဆေးလိပ်ကို ညှိပြီး ဆောင့်ကြောင့်ထိုင်လျက် “ ဘယ့်နှယ်လဲ အဘွားချည်မန်းကွင်း မစွမ်းဘူးလား ။ အစိမ်းတစ္ဆေကို လက်ရမိတဲ့ ချည်မန်းကွင်း ” ဟု ပြောလျက် ပြုံးရယ်၍ နေလေ၏ ။

အကြောင်းကုန်စင်သော မောင်ပုံက ပြုံးလျက်နေသော ဖွားခင်၏ လက်များကို ကိုင်တွယ်စမ်းသပ်၍ မသင်္ကာသော အမူအရာနှင့် ကြည့်ပြန်လေ၏ ။

“ မဟုတ်ပါဘူး ဟေ့ ဖွားခင် ။ မင်း တကယ်ပဲ မဟုတ်လား ။ ခုတင်က လျှာကြီး ဘယ်ရောက်သွားသလဲ ”

“ ခုတင်က လျှာ ဒါပေါ့ ” ဟု ပြောရင်း လျှာကို ထုတ်၍ ပြလေ၏ ။ လျှာမှာ ရိုးရိုးလျှာ ဖြစ်လေရာ ကြောက်စရာ မရှိသည်ကို တွေ့ရလျှင် “ ခုတင်ကတော့ အရှည်ကြီးပါ ကလား ” ဟု မေးလေ၏ ။

“ ကိုပုံ စိတ်ထင်လို့ပါ ၊ ကြောက်နေခိုက်မို့ ထင်ပါ တယ် ။ ဒီလျှာပါပဲ ”

“ ပရိတ်ကြိုးတွေကော ”

“ ဒီမှာလေ ” ဟု ပြောကာ ဖွားခင်က အင်္ကျီအိတ်ထဲမှ ထုတ်၍ ပြလေ၏ ။ မောင်ပုံသည် စိုက်ကာ ကြည့်နေ ပြီး “ ဟင် ... အလကား တမင် နောက်တာ ငါက အဟုတ်များ သေသလားလို့ ချီး ... ” ဟု ပြောပြီး အံကြိတ်ကာ ဖွားခင်ကို တအားပွေ့ယူပြီး “ မင်း သိပ် ဉာဏ်များတဲ့ကောင်မ ၊ သူများကို တမင်ဒုက္ခပေးတာ ပဲ ... ” ဟု ပြောလေရာ ဖွားခင်က “ ကျုပ် ဉာဏ်များတာ မဟုတ်ဘူးရှင့် ။ ရှင် နောင်တရအောင်လို့ ၊ ဟောဒီက အဘွားကပေးတဲ့ ဉာဏ်ပါ ။ သွားပါ ၊ မလာပါနဲ့ ။ ရှင့် ကောင်မတွေဆီကိုသာ သွားပါ ။ ကျုပ်ဒီမှာ အဘွားနဲ့ပဲ နေပါတော့မယ် ။ လွှတ်ပါ ” ဟု ပြောပြီး မရုန်းဘဲ နေလေ၏ ။

“ ဘယ်က ကောင်မတွေဆီကို သွားရမလဲ ။ ဟောဒီကကောင်မမှ ကောင်မ ၊ လာ အိမ်ကို ပြန်မယ် ”

အိုး ။  ။ “ အောင်မယ် ဒီလိုနဲ့ ပေးနိုင်ရိုးလား မောင်ရယ် ရေအဆုံး ကုန်းတစ်ဝက်တဲ့ ။ အခု အဘွား ရေထဲ ဆယ်ယူရတာ ဘာမှတ်သလဲ ။ မင်း မိန်းမလည်း မဟုတ်တော့ဘူး အဘွားရဲ့သမီး ။ မင်း လူကြီးစုံရာနဲ့ တောင်းယူမှ ပေးစားနိုင်မယ် ။ အခုအတောအတွင်းမှာ ကျုပ်သမီးကို လက်ဖျားနဲ့ မထိပါနဲ့ ” ဟု ပြောလေ၏ ။

မောင်ပုံမှာ မယုံသလို ဖြစ်၍ နေလေ၏ ။

အိုး ။  ။ “ မယုံမရှိနဲ့မောင် အဟုတ် ပြောတာ ။ အဘွားက ရေချိုးပြီး ချောင်းက အတက်မှာ မင်းမိန်းမ ရေထဲ ခုန်ချမယ်လို့ အားယူနေခိုက် အပါး ရောက်သွားလို့ ။ ရေထဲ ခုန်အချနဲ့ ၊ အချမှာ ထဘီလှမ်းဆွဲထားလိုက်သည့် အတွက် လက်မတင်ကလေးမှာ ချမ်းသာရတာ ၊ အဘွားသာ ရေချိုး မသွားရင် မင်းမိန်းမ အခု လောက်ကြာ ပင်လယ်ဝမှာပဲ နေမလား ။ ငါးတွေစာ ဖြစ်နေမလားပဲ ” ဟု အကျိုးအကြောင်းကို သေချာစွာ ပြော၍ပြလေ၏ ။

ထိုအခါ ဒီလိုဖြင့် ကြာကြာ မဆိုင်းနိုင်ဘူး ။ သပိတ် သွတ်မလို့ ရှာထားတဲ့ ငွေငါးဆယ် ဟောဒီမှာ ပါတယ် ။ အဘွား ဒါပဲ ယူပါဦး ။ နောက်မှ ထပ်ပြီး ကန်တော့ပါဦးမယ် ဟု ပြော၍ ငွေများကို ပေးလေ၏ ။ အမယ်ကြီးလည်း ငွေစက္ကူများကို ယူပြီးမှ ကိုင်း ... ဒီလိုဖြင့် အဘွားသမီးကို အဘွားက ပြန်ပြီး လက်ဖွဲ့ ရတာပေါ့ ဟု ပြောကာ ငွေ ငါးဆယ်ကို ဖွားခင်၏ လက်ထဲသို့ အတင်း ထည့်လေရာ ဖွားခင်က ငြင်းဆန်သော်လည်း မရသဖြင့် ယူ၍ ထားရလေတော့သတည်း ။

နောက်တစ်နေ့ မောင်ပုံသည် ဒေါ်အိုး မွေးစားသော ကိတ္တိမသမီးတစ်ယောက်နှင့် အကြောင်းပါသည် ဟူသော သတင်းသည် ပျံ့နှံ့၍ သွားလေရာ တစ်ရွာလုံးမှာ အံ့သြ၍ နေကြလေ၏ ။

▢  ပီမိုးနင်း
📖 ကဝိတံခွန် မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၃၃ 

No comments:

Post a Comment