❝ ခါးကျိုးနေသော တံတားကလေး ❞
( လင်္ကာရည်ကျော် )
( ၁ )
၁၉၇၆ ခုနှစ်
စက်ဘီးကလေးကို ခဲလုံး ထူပြောသော တာရိုးလမ်း ပေါ်မှ နုန်းမြေနုညက်သော ရပ်ကွက်တွင်း သွားလမ်းသို့ သူ ကွေ့ချလိုက်သည် ။
သည်ရပ်ကွက်က ကွက်သစ် ။
သူနေသည့် ရွာက မြို့မတဲကြီးကုန်းရွာ ။ ရွာ ဟု ပြော သော်လည်း မြန်အောင်မြို့သို့ ဆိုက်သည့် ဟင်္သာတ လော်ကယ်ရထားက သူတို့ ရွာထိပ် ဝေဠုဝန်ဘုန်းကြီးကျောင်းနားမှာ ဆိုက်တာ ဖြစ်၍ မြန်အောင်မြို့နှင့် ဆက်လုနီးပါး ဖြစ်သည် ။ သူတို့ ရွာနှင့် မြန်အောင်မြို့ကို ဆက်ပေးထားတာက သည်ကွက်သစ် ဖြစ်သည် ။
သူတို့ ရွာကို ကားဝင်၍ မရ ။ လှည်းလမ်း ခပ်ကျယ်ကျယ် ရှိသော်လည်း ရွာထိပ် ဝေဠုဝန်ဘုန်းကြီးကျောင်း ကို ပတ်၍ ဝင်လာရမည့် လမ်းပေါ်မှာ ဝါးရုံတောက ထူထပ်စွာပိတ်ဆီး၍ နေသည် ။ လှည်း ပတ်ဝင်သည့် လမ်း ကတော့ နွေဆိုလျှင် သဲ ၊ မိုးဆိုလျှင် နုန်းမြေ ထူလွန်းသဖြင့် ကားဘီး မရုန်းနိုင် ။ တစ်ရွာလုံးမှာလည်း ကား မပြောနှင့် ဆိုင်ကယ်တောင် တစ်စီးမှ မရှိတာ ဆိုတော့ စိတ်ပူစရာ မလို ။
ကွက်သစ် ထဲမှာလည်း ရှိပုံမပေါ် ။
ကွက်သစ် တစ်ခုလုံး မြေသားလမ်းချည်းသာဖြစ်သည် ။ အဲသည်ကနေ တာရိုးကို ကျော်ပြီး မြန်အောင်မြို့ ထဲ အဝင်လမ်းကျမှ ကတ္တရာကို စတွေ့ ရမည် ။ အဲသည် ကတ္တရာလမ်းကလည်း လှည်းတက် မောင်းတာက ခပ်များများ ဆိုတော့ နွားချေးတွေ ထာဝရ ပြန့်ကျဲနေသည် ။
သူက ၉ တန်း ဖြေထားသော ကျောင်းသားကလေးပါ ။ အသက်က ၁၄ နှစ် ။ တကယ်တော့ သူနေတာ ရန်ကုန်မြို့မှာဖြစ်သည် ။ ရန်ကုန်မှာသာ နေလျှင် သူ စက်ဘီး စီးတက်စရာကို အကြောင်း မရှိ ။
သို့သော် သူက မြန်အောင်သားလည်း ဖြစ်နေပြန်သည် ။
သူ့အဘိုးက မြို့မ တဲကြီးကုန်းကျေးရွာ၏ သူကြီး ဖြစ်ခဲ့ဖူးသည် ။ သူ့အဖေက သူကြီးသား ဖြစ်သော်လည်း ဒုတိယကမ္ဘာစစ် အတွင်းမှာ ကြီးပြင်းရသူမို့ အထက်တန်း ပညာ သင်ခွင့် မရလိုက် ။ ငယ်ငယ်ကလေးနှင့် တပ်ထဲဝင်ပြီး စစ်သား ဖြစ်လာသည် ။ အဲသည်နောက် တိုက်ပွဲ ထူးချွန်သဖြင့် အရာရှိ ဖြစ်လာသည် ။
သူ့မမွေးခင်ကလေးမှာ ပါလီမန်အစိုးရနှင့် တပ်မ တော်ကြား တင်းမာမှုတွေ စဖြစ်လာတော့ အိမ်မှာ တစ်ယောက်တည်း နေခဲ့ရမှာ ချောက်ချားနေသော သူ့ အမေက သူ့အဖေ၏ ဇာတိမြို့ မတဲကြီးကုန်းရွာမှာ သူ့ကို လာမွေးတော့ သူ မြန်အောင်သား ဖြစ်လာသည် ။
ပြီးတော့ သူက ရွာမှာ နေနေသည့် အဒေါ် အပျိုကြီး၏ အသည်းကျော် ဖြစ်လာသည် ။ သည်တော့ ရန်ကုန် မှာ အနေ ကြာလင့်ကစား ကျောင်းပိတ်ရက်တွေမှာ သူ ဒီရွာကလေးမှာ လာနေလေ့ ရှိသည် ။
ဒါနှင့်ပဲ သူ စက်ဘီး စီးတတ်သွားရော ။
ကွက်သစ်မှာ လမ်းတစ်လမ်းနှင့် တစ်လမ်းကြား အိမ်နှစ်လုံး ကြားမှ ဖြတ်ကူးသော ဖြတ်လမ်းကလေး နှစ်ခု ရှိသည် ။ အဲသည် နှစ်ခုကို ဖြတ်လျှင် လမ်းမကြီးဆီကို စောစော ရောက်တာ သူသိသည် ။ အဲသည် ဖြတ်လမ်းက လေးတွေကို သိဖို့ သူ အိမ်အလုံးရေကို ရေတွက်စရာမလို ။ အာရုံနှင့် သိသည် ။ သည်နေရာ ရောက်လျှင် ညာကွေ့ချလိုက် ။ တံတောင်လောက်သာ ရှည်သော သစ်သားပြားကလေး လေးပြားကို သီထားသည့် တံတားကလေးပေါ် ဖြတ်မိသည် ။ တံတား ဆိုတာကလည်း ဗွက်ရှိ၍ သာချထားတာ ။ တကယ်တော့ တံတောင် ပတ်လည်လောက်ရှိ တာပါ ။ အဲဒါကို ဖြတ်မိလျှင် သူ လမ်းမမှားဘူး ဆိုတာ သေချာသည်ပေါ့ ။ နောက် ဘယ်ဘက်ကွေ့၍ မြေလမ်းကလေးအတိုင်း ခဏဆက်နင်း ။ ညာထပ် ကွေ့ချလိုက် ။ နောက်ထပ် အဲသလို တံတားကလေး တစ်ခုနှင့် ဖြတ်လမ်းတွေ့မည် ။ စောစောက တံတားနှင့် မတူတာ တစ်ခု တည်း ။ တတိယမြောက်သစ်သားချောင်းကလေးက ကျိုးနေသည် ။ ခါးကျိုးနေသော တံတားကလေးပေါ့ ။
••••• ••••• •••••
( ၂ )
၁၉၈၆ ခုနှစ်
မမျှော်လင့်ဘဲ ဆယ်တန်းကို ထူးချွန်စွာ အောင်ပြီး သူ ဆေးကျောင်း တက်ခွင့်ရခဲ့သဖြင့် ရွာဆီ သိပ်မပြန်ဖြစ် တော့တာ ဆယ်နှစ်ကြာခဲ့သည် ။ ကြားထဲမှာ ညီဝမ်းကွဲ နာရေးကြောင့် ရောက်သေးသော်လည်း စက်ဘီး မစီးဖြစ် ။
သည်တစ်ခေါက်တော့ ဆရာဝန် ဖြစ်ခါစ နယ်အနှံ့ အပြား လျှောက်သွားရခါနီးကလေးဖြစ်၍ ရွာမှာ သုံးလေးရက် နေကာ စက်ဘီး လျှောက်စီးဖြစ်သည် ။
အံ့ဩစရာ ကောင်းတာက ဘာမှ မပြောင်းလဲတာပါ ။ မြို့ကလည်း ဒီအတိုင်း ၊ ရွာကလည်း ဒီအတိုင်း ၊ ကွက်သစ်ကလည်း ဒီအတိုင်း ။ ရွာထိပ်ကနေ သူတို့အိမ် အထိ အိမ်ဆယ်လုံးလောက်ပဲ လျှပ်စစ်မီး ရတာတောင် ပြောင်းလဲ မသွား ။
ကွက်သစ်ထဲကို ဖြတ်၍ သူစက်ဘီး စီးတော့လည်း ဘယ်သူမှ လမ်းညွှန်စရာ မလို ။
ခါးကျိုးနေသော တံတားကလေးပင် သည်အတိုင်း ။ ဆိုရှယ်လစ်စနစ် အောက်တွင် ဆယ်စုနှစ်ပေါင်း များစွာ အိပ်မောကျနေသော မြန်အောင်မြို့နှင့် သူ့ ရွာကလေးကို သူ သနားပါသည် ။
လူတွေကသာ သနားဖို့ ကောင်းသေး ။
စပါးပေါ်လျှင် အစိုးရဒိုင်ကို အစိုးရ ဖြတ်သည့် ဈေးနှင့် သွင်းနေရသော လယ်သမားတို့ ဘဝမှာ သူမွေးခါစ တော်လှန်ရေးကောင်စီက ဝါဒဖြန့် ထုတ်ဝေသော လမ်းစဉ်ဂျာနယ် ထဲက ပါသည့်စာသား “ ကျောမွဲတို့ ဘဝမှ ပြောရဲသည့် ဘဝသို့ ရောက်ပြီ ” ဆိုသည့် စကားနှင့်တော့ ပြဒါး တစ်လမ်း သံတစ်လမ်း ။
အလယ်အလတ်တန်းစားဟု သမုတ်သည့် စာရေးစာချီ ၊ ပညာတတ်များ ပင်လျှင် နေပူကျဲတဲကြီးတွင် ခါးကျိုးနေသော တံတားကလေးကို ဖြတ်၍ စက်ဘီးနင်း ပြီး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် တစ်ခွက်ကို နှစ်ယောက်ခွဲ သောက်နေကြရရှာလေသည် ။
••••• ••••• •••••
( ၃ )
၁၉၉၆ ခုနှစ်
ဘဝမှာ မမျှော်လင့်တာတွေ အများကြီး ထပ်ဖြစ်သည် ။
ပထမစစ်ဗိုလ် ။
နောက် အရပ်ဘက် ဆရာဝန် ။
နောက် ဘွဲ့လွန် သင်တန်းသား ။
နောက် အထူးကုဆရာဝန် ။
မကြာခင် နိုင်ငံခြားပါ ပညာတော်သင် သွားရတော့ မည် ။ ဟိုခေတ်က စကားနှင့် ပြောလျှင် ဘိလပ်ပြန် ဆရာဝန် ဖြစ်ခါနီး ဆဲဆဲပေါ့ ။ လူကတော့ အိမ်ထောင်ကျပြီး ဇနီး ၊ သမီးနှင့် သားတို့ကို သူတို့ဇာတိမြို့ ပြန်ပို့ထားရသည်အထိ စီးပွားရေး ၊ လူမှုရေး အခြေအနေတွေ ချည့်နဲ့၍ နေသည် ။
စစ်အစိုးရခေတ် မှာလည်း လယ်သမားနှင့် ပညာတတ် လူလတ်တန်းစားတို့ နာလန်မထူနိုင်ကြသေး ။
တိုင်းပြည် မှာတော့ ချမ်းသာသူတွေ အများကြီး ပေါ်လာသည် ။ ကမ္ဘာ့နံပါတ် ချိတ်သူတွေတောင် ရှိလာသည်ဟု ဆိုသည် ။ နိုင်ငံ့ခေါင်းဆောင် တစ်ဦးက အဲသည် လူတွေ၏ စီးပွားရေး လုပ်ငန်းတွေကို လက်ညှိုးထိုးပြ၍ တိုင်းပြည် တိုးတက်လာပြီ ဟု သက်သေထူသည် ။ မြန်အောင် မှာတော့ အဲဒါမျိုး တစ်ယောက်မှ မရှိပါ ။
မြန်အောင်မြို့ကလေးကတော့ ဘာမှကို မပြောင်းလဲ ။
သူက ဝေဠုဝန်ဂိုဏ်းချုပ် ဆရာတော်အဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် ဘိုလေးဘုန်းကြီး ရန်ကုန်မှာ လာဆေးကုပြီး ပြန်တာကို စောင့်ရှောက်ရင်း လိုက်လာ တာပါ ။
တစ်ညပဲ အိပ် ဖြစ်သော်လည်း စက်ဘီး တစ်ပတ်တော့ ထွက်စီးဖြစ်သည် ။
အံ့သြစရာ ။
သူတစ်ချက်မှ လမ်းမမှား ။
အိမ်တွေ ၊ လမ်းတွေ ဘာမှ ပြောင်းလဲ မသွား ။ သစ်ပင်တွေ ကတော့ သိသိသာသာ နည်းသွားသည် ။
နေက ပို၍ ပူလာသည် ။
ကွက်သစ် ထဲကို ဖြတ်တော့ တံတားကလေး နှစ်ခုက အရင်အတိုင်း ။ ဒုတိယတံတားကလေးကလည်း ခါးကျိုးနေမြဲ ။
••••• ••••• •••••
( ၄ )
၂၀၀၉ ခုနှစ်
နောက် ၁၃ နှစ် အကြာမှာ သူ့ဘဝ တော်တော် ပြောင်းလဲခဲ့ပြီ ။ စီးပွားရေးက အရင်နှင့် စာလျှင် မဆိုးတော့ သော်လည်း မိသားစုကတော့ ခွဲနေနေရတုန်း ။
ဘွဲ့တွေ အများကြီး ရပြီး ပါမောက္ခကြီး တစ်ဦးတော့ ဖြစ်နေပြီ ။ သို့သော် မြေလတ်ဒေသတွင် အသစ်ဖွင့်သည့် တက္ကသိုလ်ကို ပို့ထားခံရတာ သုံးနှစ်ကျော်ပြီမို့ ဆိုင်ကယ်စီး ဘဝက တက်မလာသေး ။
အထူးခြားဆုံး တိုးတက်မှုကတော့ သူတစ်သက်လုံး ဖြစ်ချင်ခဲ့သည့် စာရေးဆရာဘဝ ရောက်ခဲ့ပြီး ပထမဦးဆုံး ဝတ္ထုရှည်က အမျိုးသားစာပေဆု ရခဲ့ခြင်းပဲ ဖြစ်သည် ။
မွေးရပ်မြေကတော့ ဂုဏ်ယူကြရှာသည် ။ သည်နှစ်မှာ မြန်အောင် ကို ပြန်လာ၍ စာပေ ဟောပြောပေးဖို့ သူ့ကို ဖိတ်သည် ။
မြို့၏ တစ်ခုတည်းသော ရုပ်ရှင်ရုံမှာ ဟောရမတဲ့ ။
အဲသည်မှာ သူ့တစ်သက် ဘာအပြောင်းအလဲမှ မရှိခဲ့ဘူးဟု ထင်သည့် မြို့ကလေး၏ ပြောင်းလဲမှု တစ်ခုကို သူ သတိထားမိသွားသည် ။
ရုပ်ရှင်ရုံ မရှိတော့တာပါ ။
အဲသည် ရုပ်ရှင်ရုံက သူ ငယ်ငယ်က တစ်ပတ်တစ်ခါ ကားသစ်လဲတိုင်း သွားကြည့်နေကျ ရုပ်ရှင်ရုံပါ ။ ယခု ဒီအတိုင်း ပိတ်ထားသတဲ့ ။ ဘာကားမှလည်း မပြတော့ဘူးတဲ့ ။
အဲဒါက လွဲလို့တော့ မြို့ကလေးက ဒီအတိုင်းပါပဲ ။ သစ်ပင်တွေတော့ တစ်ပင်မှ မရှိတော့ ။ နေကြီးက ချစ်ချစ်တောက် ပူ၍ ကတ္တရာလမ်းတွေပင် ပျော်နေ အိနေသည် ။
သူ့အသက်က ငါးဆယ်နီးနီး ရှိနေပြီ ဖြစ်သော်လည်း အစဉ်အလာ မပျက် သူစက်ဘီး ပတ်စီးသည် ။
တစ်ချက်မှ လမ်းမမှား ။
ခါးကျိုးနေသည့် တံတားကလေးကလည်း ရှိနေမြဲ ။
••••• ••••• •••••
( ၅ )
၂၀၁၄ ခုနှစ်
သူ့အသက်က ငါးဆယ် ကျော်ခဲ့ပြီ ။
သူ့ဘာသာရပ်မှာ တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်း ဆရာဝန် အားလုံးထဲမှာ အမြင့်ဆုံး အဆင့်လည်း ရောက်ခဲ့ပြီ ။
လူလတ်တန်းစား ဘဝက မတက်နိုင်သေးသော်လည်း နေရေး ၊ စားရေး ၊ ကလေးတွေ ပညာရေးတို့ကို ပူပင်နေရမျိုး မရှိတော့ ။
တာဝန်တွေကတော့ ဖိစီးလာသည် ။
မွေးရပ်မြေကို မရောက်နိုင်တော့ ။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ မြန်အောင် က ဧရာဝတီတိုင်းဒေသကြီး အစိုးရ လက်အောက်ကို ရောက်သွားသည် ။
ဦးလေးတွေ အဒေါ်တွေက ရှိနေဆဲမို့ သတင်းတွေကတော့ ကြားရသည် ။ ကြားရသည်ဆိုတာက ဘာမှ မပြောင်းလဲတာကို ကြားနေရတာပါ ။
ဒေသကြီးအစိုးရတွေ ပေါ်လာသော်လည်း ဒေသတွေ တိုးတက်ရေးကို ဗဟိုအစိုးရက လုပ်နေတာလား ၊ အဲသည် အစိုးရတွေက လုပ်နေတာလား သူ သေသေချာချာ မသိ ။ သေချာတာက သူ အနောက်နိုင်ငံများမှာ လေ့လာခဲ့သည့် ဖက်ဒရယ်လို မျိုးတော့ မဟုတ်သေးဘူး ထင်သည် ။
သူ့ ရွာက လယ်သမားရွာ ။ ခုထိလည်း ကားမဝင် နိုင်သေး ။
ဧရာဝတီတိုင်း နေရာ တချို့မှာတော့ လယ်သမားတွေ ၊ အင်းသမားတွေ ဆီက မကျေနပ်သံတွေ ကြားနေရသည် ။ မြေတွေ ၊ ရေတွေ အသိမ်းခံရသတဲ့ ။ နောက်တော့ ဝန်ကြီးချုပ်က ရှင်းပေးသည် ကြားရသည် ။ သူလည်း စစ်ဗိုလ်ဟောင်းပဲတဲ့ ။ သို့သော် လယ်သမားတွေနှင့်တော့ သဟဇာတ ဖြစ်ဟန် တူသည် ။ နောက်တော့ ဗဟိုအစိုးရ မှာ ပြည်ထောင်စုဝန်ကြီး ဖြစ်သွားသည် ။ နောင် အဖမ်းခံရသည်တဲ့ ။ အလွဲသုံးစားမှုတဲ့ ။ နောက်တော့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုပါ ပါသွားလေသည် ။
မြန်အောင်နှင့် မြို့မတဲကြီးကုန်းရွာက လူတွေဘဝ ကတော့ ဒုံရင်းသာ ။ ခေတ်အဆက်ဆက်မှာ ဘာမှ တိုးတက်လာခဲ့တာ မရှိ ။ သူ့ ဒေသက ရုပ်ရှင်မင်းသား တစ်ယောက် ၊ ဆရာဝန်စာရေးဆရာ တစ်ယောက် ထွက်တာလောက်ကို ဂုဏ်ယူ၍ တသသ ပြောနေကြရရှာသည် ။
သူလည်း မရောက်ဖြစ်တော့ ။
ရောက်ဖြစ်လျှင်တော့ စက်ဘီး ပတ်စီးဖြစ်ဦးမည် ။
လမ်းတွေလည်း မှတ်မိနေဦးမည်ဟု သူ ယုံကြည်သည် ။
ခါးကျိုးနေသော တံတားကလေးလည်း ရှိနေဦးပါလေ ။ ။
⎕ လင်္ကာရည်ကျော်
📖 ကလျာ မဂ္ဂဇင်း
၂ဝ၁၅ ၊ ဇန်နဝါရီလ
No comments:
Post a Comment