❝ ဝိုင်းဆရာ ❞
( နှင်းဆီအောင် )
သူ့ကို ကျွန်တော်တို့က ဝိုင်းဆရာလို့ ခေါ်ခဲ့ကြပါသည် ။
သစ်ခွဲစက်ထဲက လွှဝိုင်းကြီး ၊ သစ်သားတုံးကြီးများ နှင့် သူ့ကို ခွဲမြင်လို့ မရနိုင်ပါ ။ အိပ်တာတောင် သစ်စက်ကြီး၏ တစ်ဖက်စွန်းက ခွဲသားပုံတွေ ကြားမှာ ဖြစ်၏ ။ မြောက်ဘက်နှင့် အရှေ့ဘက်မှာသာ ထရံကာ ထားသည့် နေရာမှာဖြစ်၏ ။
သစ်စက်ကြီး အတွင်း နေ့စဉ် ဝင်ထွက် လုပ်ကိုင်ကြသူ အများစုမှာ ယောက်ျားသားများ အများစု ဖြစ်ကြရာ နေမှုထိုင်မှု ၊ စားမှုသောက်မှုမှ စ၍ အပြောအဆိုအဆုံး အားလုံး အဖုံးအကွယ် သိပ်မရှိ ။ တဝါးဝါး တဟားဟား ရယ်သံများနှင့်အတူ ကြမ်းကြမ်းတမ်းတမ်း ဖရုသဝါစာများ ပူးတွဲ နေတတ်မြဲပင် ။ ကွမ်းတံတွေး ၊ ဆေးလိပ်မီးခိုး နှင့် အရက်နံ့များပါ စက်တဲကြီး အတွင်း နေရာယူထား တတ်ပါသည် ။
ဝိုင်းဆရာသည် ဆေးလိပ်သောက်တတ်သော်ငြား ကွမ်းစားလေ့ မရှိပါ ။ အရက်သောက် မသောက်တော့ သိပ်ကို ငယ်ရွယ်သေးသည့် ကျွန်တော်တို့ မမှန်းဆ နိုင်ခဲ့ကြပါ ။ ဝိုင်းဆရာ ကိုယ်တိုင်က ခန့်မှန်းရ မလွယ်ကူသူမျိုး ဆိုတာတော့ သိခဲ့ပါသည် ။ ကြည့်ရတာ ဖျတ်လတ်ပေါ့ ပါးသည် ။ သို့ပေမယ့် တည်တည်ငြိမ်ငြိမ် ။ အလုပ်ကို မခိုမကပ် လုပ်ကိုင်သည် ။ ဒါပေမဲ့ တိတိကျကျသမား ဖြစ်၏ ။ သူ၏ လက်နက်ကိရိယာများ ကိုင်တွယ်ရာမှာ စနစ်တကျရှိပုံ သစ်သားများကို တိုင်းထွာတွက်ချက်နေပုံ ခါးတစ်ဖက်ထောက် မေးဖျားကို မော့ပြီး စဉ်းစားနေတတ်ပုံ အားလုံးမှာ အခြားသူများနှင့် ကွဲပြားသည့် အရှိန်အဝါ တစ်မျိုး လွှမ်းမိုးနေတတ်ခဲ့သည် ။
ရွေပေါ်စာတွေလို အခွေခွေအလိပ်လိပ် ရှိနေပြီး ရှည်လျားလှသည့် သူ၏ဆံပင်များ ကျောပေါ်မှာ လူး လှိမ့်ယမ်းခါနေပုံများ ... ။
အမြှောင်းထ နေသည့် ကြွက်သားများ အပေါ် ချွေးစ တို့ တလက်လက် တောက်ပနေပုံများ .. ။
မျဉ်းတစ်ကြောင်းလို ဖြောင့်တန်းသည့် နှုတ်ခမ်း တင်းတင်းနှင့် ညီညာသန့်စင်သော သွားများ .. ။
ထူထဲတိရိသည့် မျက်ခုံးအောက်မှ ကြည်လင်ကျယ် ဝန်းသော မျက်ဆန်နက်နက် မျက်လုံးများ ... ကလည်း ကြည့်လို့ ကောင်းလှသည် ။
ထိုဝိုင်းဆရာသည် စကား အလွန်နည်းသူဖြစ်၏ ။
အခြား အလုပ်သမားများနှင့် သူ၏ အကြားမှာ တစ်ခုခုက အမြဲတမ်း ပိုင်းခြား ထားသလို သူက သီးသန့် ဖြစ်နေတတ်ခဲ့သည် ။ ထိုသီးသန့်ဆန်မှုက သူ့ကို အထီးကျန်စေခဲ့ပြီး ယင်းအထီးကျန်မှု ကပင် သူ့ကို ထည်ဝါ ခမ်းနားစေခဲ့ပါသည် ။
သစ်ခွဲစက်ပိုင်ရှင်၏ ထမင်းစားဆောင်တွင် စားသောက်ချိန်များတွင် စားစရာရှိတာ ခပ်သွက်သွက် စားပြီး သူ၏ လွှဝိုင်းကြီးကို မြနေအောင် ထိုင်သ နေတတ်သည် ။ အစားအသောက်ကို အငမ်းမရ မဖြစ်တတ် သလို ၊ ထမင်းဟင်း ခူးခပ် ပြင်ဆင်ပေးသည့် စားဖိုဆောင်မှ မိန်းမသူများကို အခြား အလုပ်သမားများလို အရော တဝင် မရှိ ။ ပိုင်ရှင်၏ သမီးများကိုပင် နှုတ်ဆက် ပြုံးပြ တာမျိုး မလုပ် ။
ဝိုင်းဆရာက မိသားစု မရှိပေမယ့် ကလေးတွေကိုတော့ ချစ်ခင်ပါသည် ။
ကလေးတွေကို မငိုငိုအောင် စတတ်သည့် ကားဆရာကို လိုအပ်သည့် အခါတိုင်း လေသံမာမာဖြင့် ကလေးတွေကိုယ်စား ဟိန်းဟောက်ပစ်တတ်သည် ။
ကွမ်းယာ ပါးစပ်မှာ မပြတ်သလို ၊ မကြားဝံ့မနာသာ စကားလုံးတွေ ပါးစပ်မှာ မပြတ်သူ ထိုကားဆရာကို ကျွန်တော်တို့ ကြောက်ရွံ့မုန်းတီးခဲ့ကြသည်မို့ ဝိုင်းဆရာက သူ့ကို ချဲလျှင် ကျေနပ်အားရ ဖြစ်ခဲ့ကြပါသည် ။
ဝိုင်းဆရာသည် သီတင်းကျွတ်နှင့် တန်ဆောင်တိုင် ရက်များအတွင်း အနီးအပါးမှ ရှိသမျှကလေးတွေဖို့ မီးပုံး လှလှကလေးများ ၊ မီးထွန်းကားလေးများကို စိတ်ရှည် လက်ရှည် ချိုးပေးသလို ၊ ပွဲသုံးဖို့ မုန့်ဖိုးလည်း ပေးတတ် သည် ။ တစ်ခါတလေ သူ့လက်မောင်း ကြွက်သားများ ကို ယီးလေးခိုရင်း ပျော်ခဲ့ရပါသည် ။
လရောင်ဝါဝါလင်းသည့် နွေဦး၏ သာယာသော ညများတွင် ကလေးငယ်တွေကို ကမ္ဘာလိပ်ပုံပြင် ၊ မြွေ မင်းသားနှင့် မထွေးလေး ၊ ရေသူမလေး စသည့် ပုံပြင် တွေ စိတ်ပါလက်ပါ ပြောပြတတ်သေးသည် ။
လရောင် ဝင်းဝင်းထဲတွင် တွဲလျားကျဆင်း နေတတ်သည့် ဆံပင် ခွေခွေလိပ်လိပ်များကြားမှ ဝိုင်းဆရာ၏ မျက်နှာက သလင်းကျောက်ဖြူ ရုပ်တု တစ်ခုလို ထင်လင်း နေတတ်ခဲ့ပြီး ၊ အိမ်မကြီး ပြတင်းမှာ အလင်းတန်း တစ်ခုက ဆလိုက် ထိုးသလို သူ့ကျောကုန်းပေါ် ဖြာဆင်း နေခဲ့တာကို အဖြူအမည်း ရုပ်ရှင် ကြည့်နေတာနှင့် ခပ်ဆင်ဆင် မှတ်မိနေတတ်သည် ။
စက်တဲနားက သစ်ပင်တွေ ပေါ်မှာ ငှက်ကလေး အတွက် အိမ်သေးသေးလေးများ ပုံစံအမျိုးမျိုး ဆောက်ပေးတတ်သည့် ဝိုင်းဆရာက ကျွန်တော်တို့ ကိုလည်း သုံးထပ်သား သစ်သားအိမ်ကလေးတွေ ဆောက်ပေးနေဆဲ ...
“ ဒီအိမ်လေး ချိတ်ထားဖို့ သားတို့မှာ အိမ် မရှိသေးပါဘူး ဦးဦးရယ် ” ဟု ကောင်လေး တစ်ယောက်က သနားစဖွယ် ပြောလိုက်ပါသည် ။ သူ့မှာ အဖေ မရှိပါ ။
ထိုကောင်လေး၏ အမေမှာ စက်တဲထဲ ဝင်လာတတ်ပြီး ကားဆရာလို ၊ သစ်ကုန်သည်လို ပိုက်ဆံ ဖောသီသော ယောက်ျားကြီးတွေ အနား ပွတ်ကာသီကာနှင့် ရယ်မော နောက်ပြောင် ရင်းနှီးစွာ နေတတ်သူပင် ။ အမေတို့ မိန်းမတွေက ထိုမိန်းမရွယ်ကို အကောင်းပြောတာ မကြားစ ဖူး ။ ဝိုင်းဆရာက ထိုမိန်းမရွယ်အား ကင်းပြတ်ရှင်းလင်း စွာ နေတတ်ပေမယ့် ထိုမိန်းမ၏ သားကလေးကိုတော့ ညှာတာကြင်နာမှုနှင့် ဆက်ဆံလေ့ရှိပါသည် ။
“ အိမ်ကလေးကို မင်း မြင်နိုင်တဲ့ နေရာမှာ ထားပေါ့ ။ တစ်နေ့ကျရင် အိမ်အကြီးကြီး ဖန်တီးချင်စိတ် ပေါ်လာချင်ပေါ်လာလိမ့်မယ် ”
ကောင်လေးက စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် အိမ်ကလေးကို ပွေ့ပိုက်လျက် -
“ အမေ့ကို သွားပြဦးမယ် ” ဟု ပြောရင်း ပြေးထွက် သွားခဲ့သည် ။
ကောင်လေး စက်တဲကြီး အပေါက်ဝ အရောက်မှာ ဝင်လာသည့် ကားဆရာက ခြေထိုး ခံလိုက်သဖြင့် ကောင် လေး မေးစေ့မှာ သွေးတွေရဲခနဲ ။
ဝိုင်းဆရာ၏ လက်သီးကြောင့် ကားဆရာ၏ မျက်နှာ ဖူးရောင်ညိုမည်းသွားခဲ့သည် ။ ကားဆရာ တိုက်တဲ့ လက်ဖက်ရည်ကို သောက်ခဲ့ကြသူများ အားလုံး ကား ဆရာအတွက် ထိုဖြစ်ရပ် အတွက် ဘယ်သူမှ ဘာမှဝင် မပါခဲ့ကြပါ ။ ဝိုင်းဆရာက ကလေးကို ထူမ ပေးလိုက်ပြီး ၊ စက်ကြီး အနောက်ဘက်က အုတ်ရေတွင်းမှာ ဆေးကြော သန့်စင် ပေးခဲ့သလို ၊ သူကိုယ်တိုင်လည်း ရေအေးအေး တွေ တစ်ခွက်ပြီး တစ်ခွက် ခေါင်းက လောင်းချ နေခဲ့တာ မျက်လုံးတွေ နီရဲလာသည် အထိပင် ။ စက်တဲကြီးက ကြောက်မက်ဖွယ် ငြိမ်သက်သွားပါသည် ။ လွှစာမှုန့်တွေကြောင့် အရာရာ မရှင်းမလင်း ဖြစ်နေ၍ အိမ်မကြီး အပေါ်ထပ် တံခါးတစ်ချပ် ပွင့်နေခဲ့ပြီး ခန်းဆီး နောက်ကွယ်မှာ သစ်ခွဲစက်ပိုင်ရှင်၏ သမီးအကြီးဆုံး မမ ရပ်နေတာ ဘယ်သူမှ သတိ မထားမိ ။ ထိုပြတင်းပေါက် ခန်းဆီး နောက်ကွယ်မှာ မမ ရပ်နေကျဆိုတာ ကျွန်တော်တို့ ကလေး တစ်သိုက်လုံး သိကြသည် ။ ဘာလို့ဆိုတော့ မမ က ချိုချဉ်တွေ ပစ်ချပေးတတ်လို့ ဖြစ်၏ ။ ဒါပေမဲ့ ထို အချိန်က မမ ရပ်နေပုံမှာ ရပ်နေလို့ ရပ်နေမှန်း မသိသလိုပင် ။ အနီးစပ်ဆုံး ပြောရလျှင် အိပ်မက် မက်နေသူလို -
အခုတလော နဂို စကားနည်းလှသည့် ဝိုင်းဆရာကို ကြည့်ရတာ ပိုလို့သာ အေးစက် မာကျစ်လာသလို ထင်ရသည် ။
လွှဝိုင်းကြီးကို အားနှင့်မာန်နှင့် သွေးနေရာက ဖြုန်းခနဲ ရပ်ကာ အဝေးရောက် အကြည့်များနှင့် လွင့်မျော ငေးဝေနေတတ်၏ ။ နေ့ခင်းဘက်ကြီး မှာပင် သူ့နေရာမှာ မြွေတစ်ကောင်လို ခွေနေတတ်၏ ။ ထမင်းစားဆောင်ကို မှန်မှန်မသွား ။ သူ ဆာလွန်းမှသာ ထမင်းဟင်းတွေ ပုံကာ သူ့နေရာ မှောင်ညို့ညို့မှာ ပြီးစလွယ် စားပစ်လိုက် တတ်သည် ။ ထိုနေရာလေးမှာ ဘယ်တုန်းကမှ မလုပ်ဖူးသည့် ရွေပေါ်ထိုးခြင်း ၊ ကော်ပတ်စားခြင်း အလုပ်များကို ဝိုင်းဆရာ တစ်ယောက်တည်း စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်နေတတ်ခဲ့သည် ။ ဘာလုပ်နေသလဲလို့ ဘယ်သူမှ သွားမကြည့်ဝံ့ ။ မမေးဝံ့ ။ နှုတ်ခမ်းတင်းတင်းစေ့ပိတ် လျက် မျက်လုံးအကြည့် မာမာကို လန့်ကြသည် ။ လန့်နေရင်းကပင် ဝိုင်းဆရာ၏ နေရာ စက်တဲကြီး၏ အမှောင်မိုက်ဆုံး ၊ ခေါင်မိုးအနိမ့်ဆုံးနေရာ ကျဉ်းကျဉ်းလေးမှာ တစ်စုံတစ်ရာ တိတ်ဆိတ်စွာ ရှင်သန် ကြီးထွားလာနေသည်ဟု ထင်ကြ ပြောကြသည် ။
ဝိုင်းဆရာတစ်ယောက် ဘယ်သူ့မှ အဖော်မညှိဘဲ တစ်ယောက်တည်း ပင်ပန်းကြီးစွာ လုပ်ကိုင်နေလျှင် ကျန်သည့် လူတွေက သိသာစွာ တိတ်ဆိရင်း အနှောင့်အယှက် မဖြစ်အောင် အမှား မလုပ်မိအောင် သတိထား နေတတ်ကြသည် ။ သစ်တွေ အတင်အချ လုပ်သည့် အချိန်မှာတောင် အရင်ကလို ကားဆရာနှင့် ဆူဆူညံညံ မပြောဖြစ်ကြ ။ ကားဆရာ ဝယ်လာသည့် လက်ဖက်ရည်ထုပ်တွေက တိုင်မှာ သည်အတိုင်း ချိတ်လို့ ။ ဘယ်သူမှ မသောက်ဖြစ်ကြ ။
ပင်ပန်းလွန်းသည့် အခါတိုင်း ဝိုင်းဆရာက လက်ပေါ်ခေါင်းတင် ပက်လက်လှန်ကာ ဆေးလိပ်ဖွာနေတတ်၏ ။ ဆေးလိပ်မီးခိုးငွေ့တွေ ကြားမှာ ပိတ်ထား ပြန်သည့် ပြတင်းကို မြင်ရသည့်အခါ သူ့မျက်လုံးတွေ မရွေ့တော့ ။ ထိုနေရာမှာ စိုက်နေသည် ။ သိပြီးသား အရာကို စောင့်မျှော်နေသည့် ဟန်ပန် အမူအရာတွေက အထင်းသား ။ မှောင်ရီသန်းချိန် ဝိုင်းဆရာ ဆီ သွားဖို့ ဟန်တပြင်ပြင်နှင့် ကျွန်တော်တို့ကို အမေက မသွားဖြစ်အောင် ဟန့်တား ထိန်းချုပ်သည့် အခါ
“ ဘာလို့လဲ အမေရ …. ၊ ခါတိုင်းလည်း သွားနေကျကို ... ”
“ အခုက ခါတိုင်းလို မဟုတ်ဘူးဟဲ့ ... ” ဟူသော ရှင်းမလိုလိုနှင့် မရှင်းသော အဖြေကို ရပါသည် ။
ဝိုင်းဆရာဆီ သွားခွင့် မရသည့် ကျွန်တော်တို့က ဝိုင်းဆရာ ရောက်လာတတ်သည့် ထနောင်းပင်ကြီး အောက်မှာ ရုံးစုရုံးစုနှင့် ဆော့သလိုလို လုပ်ရင်း စောင့်ကြသည် ။ သူ မရောက်လာပါ ။ ထိုအခါ ဘောလုံးကို သူ့နေရာနား ရောက်အောင် ပစ်ကြသည် ။ ကျွန်တော်တို့ ထင်သလို သူက ဘောလုံး ကောက်ပေးရင်း ထွက်မလာပါ ။ သွား မကောက်ဝံ့သည့် ကျွန်တော်တို့ မှာသာ ဘောလုံး ဆုံးရသည် ။ ပြတင်းပေါက်မှ ချိုချဉ်များ မစားရတော့တာ ကြာပါပြီ ။ အလိုလို နေရင်း ကျွန်တော်တို့ ဝမ်းနည်း နေမိကြသည် ။
သို့နှင့် အမေနှင့် အိမ်နားနီးချင်း တချို့ မရွှင်ပျစွာ ဝတ်ကောင်းစားလှများ ဝတ်စားဆင်ယင်ရသည့် နေ့တစ်နေ့ ရောက်လာပါသည် ။ ထိုနေ့မှာ မမ၏ မင်္ဂလာဆွမ်း ကပ်သောနေ့ ဖြစ်ပါသည် ။ ဆွမ်းကပ်ပြီး နောက်ရက်မှာ မြို့တော်ခန်းမ၌ မင်္ဂလာဧည့်ခံပွဲ ကျင်းပမည် ဖြစ်ကြောင်း လူကြီးတွေ ပြောစကားအရ သိရပါသည် ။
မင်္ဂလာအထိမ်းအမှတ် ရေစက်သွန်းချ နေချိန်ဝယ် မေးစေ့ ကွဲသွားသည့် ကောင်လေး မင်္ဂလာပွဲလာ ဧည့်သည်များ အကြား အတင်းတိုးခွေ့ ဖြတ်ကျော်ကာ သတိုး သားလောင်း ကားဆရာ၏ လက်ကို သေချာမှုပေါင်းစပ် သည့် အားကိုးခြင်းဖြင့် ဆုပ်ကိုင်ကာ -
“ အမေ သွေးတွေ အများကြီး ထွက်နေလို့ ဆေးရုံ တင်ထားတာ သုံးရက်ရှိပြီ ။ အခု သတိမရတော့ဘူး ။ အမေက တစ်ခုခု ဖြစ်ရင် ဦးဦးကို သွားခေါ်လို့ မှာထားတယ် ။ အမေ့ကို လိုက်ကြည့်ပေးပါ ဦးဦးရယ် ။ အမေ သေသွားမှာ ကြောက်လို့ပါ ။ လိုက်ခဲ့ပေးပါ ဦးရယ် … ။ အမေ့ကို လိုက်ကြည့် ပေးပါနော် .. ”
ကျားသစ်တစ်ကောင်၏ လျင်မြန်မှုမျိုးဖြင့် ဝိုင်းဆရာက ကားဆရာ၏ ရင်ဘတ်ကို ဆွဲကိုင် ခါယမ်းလျက် အပြင်ဘက် ခေါ်ထုတ် သွားချိန်မှာ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည် ။ မင်္ဂလာအိမ်မှာ ရုတ်ခြည်းပင် အရာရာ ဆိတ်သုဉ်းပျက်စီးသွားသည် ။ လူတိုင်း အံ့ဩကြရသည်မှာ သတိုးသမီးလောင်း မမ၏ အင်မတန် တည်ငြိမ်အေးဆေးသော အမူအရာကို ဖြစ်၏ ။ မမ က အသာအယာပင် အပေါ်ထပ်သို့ တက်သွားခဲ့သည် ။ ထိုမျက်နှာ၏ အပြုံးကို ကျွန်တော် သေချာစွာ မြင်ခွင့်ရ လိုက်ပါသည် ။ သည့်အတွက် ကျွန်တော် ပျော်သွားမိသည် ။
မင်္ဂလာနေ့၏ ဆည်းဆာပျိုးစ ရှည်မျောမျော အရိပ်မည်းမည်းတို့နှင့်အတူ မေးစေ့ကွဲသည့် ကောင်လေးအမေ၏ သက်မဲ့ခန္ဓာအား ရပ်ကွက်ထဲသို့ သယ်ယူခဲ့ကြရသည် ။ အရပ်နာမှာ စိုးလို့ ဆေးရုံမှာ ကွယ်လွန်သူ၏ ရုပ်အလောင်းကို လမ်းဆုံလမ်းခွမှာ ပြင်ဆင်ရသည့် ထုံးစံအရ လမ်းထိပ်မှာ လေးတိုင်စင် ထိုးကြရသည် ။
မီးမလာသည့် ညထဲ လသာမှန်အိမ် အလင်း အောက်မှာ အခေါင်းစပ် နေသည့် ဝိုင်းဆရာ၏ အရိပ်ကို မြင်ကြရသည့်အခါ အမေနှင့် မိန်းမကြီး တချို့ ဆို့နင့် တိုးတိတ်စွာ ငိုကြွေးကြပါသည် ။ ကားဆရာ ကိုတော့ မြည်တွန် ဆဲရေးကြသည် ။
အခေါင်း လာပို့သည့် ဝိုင်းဆရာက ကောင်လေးကို ယုယညင်သာစွာ ထွေးဖက် လိုက်ပြီး အထုပ် တစ်ထုပ် ပေးခဲ့သည် ။ အဲဒီ အထုပ်ကလေးက အဖိုးတန်သည်ဟု နောက်ပိုင်းမှာ လူတွေ ပြောသံကြားရသည် ။ ဝိုင်းဆရာ ကတော့ ညလွင်ပြင်ထဲ ဖြည်းဖြည်းချင်း တိုးဝင်ပျောက် ကွယ်သွားခဲ့ပါသည် ။
အောက်လင်းဓာတ်မီး အလင်းအောက်မှာ လေးတိုင်စင်၏ အနားစတို့က လေထဲ တဖျပ်ဖျပ် လွင့်နေခဲ့ပြီး ပိုးကောင်ငယ်များ ဝိုင်းအုံနေသည့် မြင်ကွင်းကို တော်တော်နှင့် ဖျောက်ဖျက် မရခဲ့ပါ ။ မှောင်ကြီးမည်းကြီး အခြေအနေမှာ အဲဒီ အလောင်းထားရာ နေရာကလေး ကွက်ပြီး လင်းနေခဲ့တာ ချောက်ချားဖွယ် ကောင်းနေသည် ။ အမေတွေက ကလေးတွေကို အစောကြီး ကတည်းက အိပ်ရာထဲ သွင်းကြသည် ။ ထူးခြားသည်မှာ အဲဒီ ညက ခွေးအူသံ မကြားရပါ ။
မနက်ခင်း နေရောင် ကျဆင်းလာချိန်မှာ မမ အောက်ထပ်သို့ ဆင်းလာပါသည် ။ မမကို မြင်ရတာ ပွင့်ခါစ ပန်းကလေးလို ကြည်ကြည်လင်လင် ။ မနေ့က ဘာမှ မဖြစ်ခဲ့သလို အေးချမ်းစွာ ရှိနေသည် ။ မမက တစ်ခါမှ မသွားဖူးသည့် ဝိုင်းဆရာ၏ နေရာဆီ ဦးတည်ပြီး သွားနေခဲ့သည် ။
ဒါပေမဲ့ ထိုနေရာမှာ ဝိုင်းဆရာ၏ အရိပ်အယောင် တစ်ခုမှ မရှိ ။
တောက်ပြောင်ခံ့ညားလှသည့် အသစ်စက်စက် မင်္ဂလာခန်းဝင် ခုတင်ကြီး တစ်လုံးကိုသာ တွေ့ရသည် ။ ခေါင်းရင်း အကာမှာ ပန်းခက်ပန်းနွယ်များ လှပစွာ ပုံဖော်ထားရုံသာ မက ထွန်းညှိဖို့ လွယ်ကူသည့် မီးအိမ်ကလေးကိုပါ ထည့်သွင်း ဖွဲ့စည်းပေးထားသည် ။ ခုတင်တိုင်တွေက ပန်းနွယ်တွေ အပေါ်ကို နွယ်တက်နေဟန် လက်ရာ မြောက်စွာ တပ်ဆင်ထားသည် ။
ချောမွတ်ဝင်းပြောင်နေသည့် ကျွန်းသားခေါင်းခု နှစ်ခုပေါ်မှာ ကြေးပြောက် စာလုံးဝိုင်းဝိုင်းလေးများနှင့် နာမည်တွေ တွင်းထည့်ထားခဲ့ရာမှ တစ်ခုသော အမည်ကို လတ်လတ်ဆတ်ဆတ် ဖဲ့ထုတ်ထားသော အစအနတို့ တွေ့ရသည် ။
ဟစ်အော်လျက် မမ တစ်ယောက် ခုတင်ပေါ် ကန့်လန့်လဲကျ သွားသည်မှာ ပန်းတစ်ပွင့် ကြွေကျသွားတာ နှင့် အလွန်တူပါသည် ။ မျက်ရည်ပူများနှင့် မမ မျက်လုံးတွေ ချာချာလည်သွားစ အချိန် အရှေ့ဘက် ထရံပေါ်မှာ ချိတ်ဆွဲထားသည့်အရာကြောင့် မမ သည်းချေပျက်သွားသည်ဟု အမေတို့ လူကြီးတွေက ပြောကြသည် ။ ထို အရာမှာ -
အရင်းမှ ဖြတ်ချထားပြီး သပ်ရပ်စွာ စုစည်း ချည်နှောင်ထားသည့် ဝိုင်းဆရာ၏ ကိုယ်ပိုင်ဆံပင် ခွေခွေလိပ် လိပ်များ ဖြစ်၏ ။ ။
⎕ နှင်းဆီအောင်
📖မြန်မာသစ် မဂ္ဂဇင်း
၂၀၁၀ ၊ ဖေဖော်ဝါရီလ
No comments:
Post a Comment