❝ ရွှေလှောင်မှာလား ၊ မြေလှောင်မှာလား ၊ ဆယ်နှစ်ကြာအောင် စောင့်နိုင်ပါရဲ့လား ❞
ထားစရာ နေရာ မရှိလောက် အောင် ငွေတွေ ပိုနေပါသလား ။
ပိုနေတဲ့ ငွေတွေ ကို ရွှေ လှောင် မှာလား ။ မြေ လှောင် မှာလား ။ ကား လှောင်မှာလား ။
ကား ဝယ်ထားပြီး ဈေးကောင်း ရရင် ပြန် ရောင်းမယ် ဆိုတဲ့ ခေတ် ကတော့ အတော်လေး မှေးမှိန် သွားပါပြီ ။
ကား ဘက် က ဟန် ပုံ မ ပေါ် တော့ ရွှေ ဘက် သို့ လည်းကောင်း ၊ မြေဘက် သို့ လည်းကောင်း လှည့် သွားကြပါပြီ ။
ရွှေ နဲ့ မြေ ကရော သင့် မိသားစု စားဖို့ သောက်ဖို့ သုံးဖို့ အမြတ် ( ငွေ ) အလုံအလောက် ရပါသလား ။
ဘာ လုပ်ရင် ကောင်းမလဲ ဆိုတာကို အလေးအနက် စဉ်းစားပါ မိတ်ဆွေ ။
၁၉၉ဝ ပြည့်လွန် နှစ်များ က အလွန် စန်းပွင့်ခဲ့သော အိမ်ခြံမြေ တိုက်တာများ ကို ဝယ်ယူ သိုလှောင် ခဲ့မိသူများ အလွန် အထိနာ ပြာထိုင် သွားခဲ့ဖူးသည် ကို ပြန်လည် မြင်ယောင် ကြည့်လိုက်စမ်းပါဦး ။
ထိုစဉ် က အိမ်ခြံမြေ မှ အိမ်ခြံမြေ ဖြစ်ခဲ့ပါ၏ ။ ပွဲစားများ ဟာ ကျွန်တော်တို့ အောင်လံ လို တောမြို့ကလေး အထိ ဆင်းလာကြပြီး မစားရ ဝခမန်း မက်လုံးများ ပေး၍ ကွင်းဆင်း စည်းရုံး ကြလေသော အခါ တောကုန်သည် ၊ တောပွဲစား ၊ တောအဝယ်တော်လေးများ သည် ရှိစုမဲ့စု အကုန်ထုတ် ၊ မိန်းမရွှေဆွဲကြိုးကလေး ကို သာမက တောရွာများ မှ နှမ်း ၊ မြေပဲ ၊ ဝါ စသည့် ထွက်ကုန်များ ကို ချေးငှားပေါင်နှံ ရောင်းချပြီး အိမ်ခြံမြေများ ကို ဝယ်ယူ စုဆောင်း သိုလှောင် ခဲ့ကြပါကုန်၏ ။ စန်းထ နေသော အိမ်ခြံမြေ ပူဖောင်းကြီး ဝုန်းခနဲ ပေါက်ကွဲ သွားသောအခါ တောသူဌေးကလေးများ ထွေးမရ ၊ အန်မရ အကြွေးစာရင်း ပေါင်းစုံ ရှုပ်ထွေး ပြီး ထွက်ပြေး ရသော ဘဝ သို့ ရောက်သွားကြသည် အထိပါပဲ ။
ဤကား မြေ လှောင်မိလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပါပဲ ။ ဤ အဖြစ် ကို သင်ခန်းစာ ယူပြီး သကာလ ကား ဘက် သို့ လှည့်ကြကုန်၏ ။ ထိုမှ ရွှေ ဘက် သို့ လှည့်ကြကုန်၏ ။ ထိုမှတစ်ဖန် အိမ်ခြံမြေ ဘက် သို့ ဦးတည် လာကြပြန်ကုန်၏ ။
စဉ်းစားပါဦး ။ ငွေတွေ အရမ်း ကို ပိုနေတယ် ။ ထားဖို့ နေရာမရှိ လောက် အောင် ကို ပိုနေတယ် ။ အိမ်ကြီး တစ်အိမ်လုံး တိုက်ကြီး တစ်တိုက်လုံး ဘယ်အခန်း ကြည့် ကြည့် ငွေတွေ နဲ့ ပြည့်နေတယ် ဆို ရင်တော့ တစ်မျိုးပေါ့နော် ။ အဲသည်လို အရမ်းကြီးကို ပိုနေတာမျိုး မဟုတ်ဘဲ အမြတ်ကလေး နည်းနည်း ရ နည်းသလား ဆိုပြီး နားကပ်ကလေး ရောင်း ထည့် ၊ ဆွေမျိုးတွေ ဆီ က ဆွဲ ထည့် ပွဲစား လှည့်တိုင်း လည်ထွက် နေရင်တော့ ။ ရှေ့ မှာ သင်ခန်းစာ ရှိခဲ့ဖူးတယ်နော် ။
ရွှေ လှောင်ပါပြီတဲ့ မြေ လှောင်ပါပြီတဲ့ ၊ လှောင်တယ်ဗျာ ဘာဖြစ်သလဲ ။
ကဲ လှောင်ပါဗျာ ။ လှောင်ပါ ၊ ဒါထက် နှစ်ပေါင်း ဘယ်လောက်များ ကြာအောင် စောင့်နိုင်ပါသလဲ ခင်ဗျာ ။
“ တစ်နှစ်ဗျာ ”
“ အမယ်လေး တစ်နှစ် နဲ့ ဈေး တက် ပါမယ်တဲ့လား ”
“ ငါးနှစ် ဗျာ ”
“ သေချာပါရဲ့လား မိတ်ဆွေ ”
“ ၁၀ နှစ်ဗျာ ”
“ ဒါဆိုရင်တော့ မဆိုးဘူးဗျာ ၊ ၁ဝ နှစ် အောင်း ထားနိုင်တယ် ၊ ၁၀ နှစ် တောင့် ထားနိုင်တယ် ၊ ၁၀ နှစ် တင်းခံနိုင်တယ် ဆိုတာ နည်းတဲ့ သတ္တိ မှ မဟုတ်တာ ”
“ ဈေးတက်အောင် စောင့်နေ တဲ့ ၁၀ နှစ် အတွက် စားဖို့ ပိုက်ဆံ ရှိတယ်လား ”
“ ရှိတာပေါ့ဗျာ ”
“ ဟာ ဒါဆို ကောင်းပါလေ့ ၊ စောင့် နေရတဲ့ ၁၀ နှစ် အတွင်း ထမင်း မငတ်ဘူးပေါ့နော် ”
အဲ အဲ အဲဒီ စောင့်နေရတဲ့ ၁၀ နှစ် အတွင်း ရင်းနှီးထားတဲ့ ငွေပမာဏ ရဲ့ အတိုး ကိုရော ထွက်ကြည့်မိရဲ့လား ။
သိန်းပေါင်း ၁၀,၀၀၀ ( တစ်သောင်း ) ရွှေ နဲ့ မြေ ဝယ်လှောင်ထားတယ် ဆိုပါစို့ ။
သိန်းပေါင်း ၁ဝ,ဝဝဝ ရဲ့ ဆယ်နှစ် အတိုး ဟာ ဘယ်လောက် ရှိပါ သလဲ ။ အနိမ့်ဆုံး နှစ်ကျပ်ခွဲတိုး နဲ့ တွက်ပါ ။ ငွေတစ်သိန်း တစ်လ အတိုးဟာ ၂၅ဝဝ ကျပ် တစ်နှစ် မှာ အတိုး ကျပ်သုံးသောင်း ရှိပါတယ် ။ တစ်သိန်း တစ်နှစ် မှာ သုံးသောင်း ၊ သိန်းပေါင်း ၁ဝ,ဝဝဝ တစ်နှစ် အတိုး ချည်း ကျပ် သိန်းပေါင်း ၃၀၀၀ ရှိပါတယ် ။
အဲသည် နှုန်း အတိုင်း တွက်ရင် ၁၀ နှစ် မှာ သိန်းပေါင်း သုံးသောင်း ဖြစ်သွားပါတယ် ။ အဲသည်တော့ အရင်း သိန်း ၁၀,၀၀၀ နဲ့ ဝယ်ထားတဲ့ ပစ္စည်းဟာ ၁ဝ နှစ် အကြာ မှာ လေးဆ ၊ ငါးဆ လောက် တက်သွား မှ တွက်ခြေ ကိုက်မှာ ဖြစ်ပါတယ် ။
၁၀ နှစ် အကြာ မှာ ငါးဆ တက် ပါမယ်လို့ ဘယ်သူ က အာမခံပါသလဲ ။ အကယ်၍ ငါးဆ တက် မသွားဘူး ဆိုရင် အာမခံတဲ့ လူ က လျော်ကြေး ပေးမှာလား ။
“ ဟာဗျာ ဆရာ မောင်ချမ်းသာ အလွန် ကတ်သီးကတ်သတ် နိုင်တဲ့ လူပါလား ”
အဲဒီလို မတွေးပါနဲ့ မိတ်ဆွေ ။ ဝင်ငွေ တကယ် သေချာတာလေး ကို ပြောပြချင်လို့ပါ ။ ကျွန်တော် မောင်ချမ်းသာ ကို သင်ပေးတဲ့ လူတစ်ယောက် ရှိပါတယ် ။
သူ က
“ ဟေ့ကောင် ငွေတွေ အိပ် မနေစေနဲ့ကွ ၊ ဒီကောင် ကို နှိုးပြီး အတင်းပြေးခိုင်း ”
“ ဟယ် ငါ့လူ ကတော့ လုပ်ပြီ ”
သူ ကား ပြောတဲ့ အတိုင်း လုပ်သူ ဖြစ်ပါ၏ ။
ငွေ ရှိသမျှ အကုန် ဝယ်၍ ဆိုင်ပေါ် တင်ထားရ၏ ။
ထိုမှ ငွေတွေ ပိုလာသော အခါ ကုန်ထုတ်လုပ်ငန်း မှာ လှည့် သုံးပါ၏ ။ ထိုမှ ငွေတွေ ပိုလာပြန်သော အခါ အတိုး နှင့် ချေးပါ၏ ။
“ ဟေ့ကောင် ငချမ်း ၊ ငွေတွေ ယူ သုံးစမ်းပါဦးကွ ”
သူနဲ့ တွေ့တဲ့ အခါ ပြောလေ့ရှိတဲ့ စကား ။
“ အတိုး မပေးရရင် ယူသုံးမယ် ”
“ ဒီလိုတော့ မလုပ်နဲ့ကွာ ၊ အနိမ့်ဆုံး အတိုးတော့ ပေးကွာ ”
ထိုသို့ အတိုး နှင့် ချေးရာမှ ငွေတွေ ပိုနေပြန်သောအခါ
“ လေး ငါးဖြတ် တော့ ဝယ်ထားလိုက်ဦးမယ်ကွာ ”
( အခေါက် ရွှေ ၁၀ကျပ်သား အချောင်း ကို တစ်ဖြတ် ဟု ခေါ်ပါ၏ ) ။
ကျွန်တော့် သူဌေးကလေး ကား စတိုးဆိုင် မှ ဝင်ငွေ ပုံမှန် ရနေပါ၏ ။ ကုန်ထုတ်လုပ်ငန်း မှ ဝင်ငွေ ပုံမှန် ရနေပါ၏ ။ ချေးငွေ အပေါ် မှ ဝင်ငွေ ပုံမှန် ရနေပါ၏ ။
အရမ်း အရမ်း ပိုနေပြီ ဆိုမှ ရွှေ ကို ဝယ်လေ့ ရှိပါ၏ ။
ဤကား တကယ် အလုပ် ဖြစ်နေသော နမူနာ တစ်ခုပေတည်း ။
ကဲ မိတ်ဆွေ
ဝင်ငွေ ပုံမှန် ကို စဉ်းစားမလား ။
ဆယ်နှစ်လောက် စောင့် မှ ( အလွန် အသေချာသော ၊ အဆင်မသင့် လျှင် မွဲသွားနိုင်သော ) အမြတ် ကို စဉ်းစားမလား ။
ခေါင်းအေးအေး နဲ့ အဖန်ဖန် အထပ်ထပ် စဉ်းစားပြီး မှ ဆုံးဖြတ်တော်မူသင့်ကြောင်းပါ ခင်ဗျာ ။
▣ မောင်ချမ်းသာ
📖 မော်ဒန်ဂျာနယ်
No comments:
Post a Comment