❝ တောင်ဇလပ်နီနီ ❞
ညနေစောင်းတာ နဲ့ ချင်းတောင်တန်း မှာ အအေးဓာတ် က ပို လာတယ် ။ ကျွန်တော် ရောက်နေတာ က ကန်ပက်လက်မြို့ ရဲ့ အထက်နား ၊ တောင်စောင်း တစ်နေရာ မှာ ရှိတဲ့ Pine Wood Villa ထင်းရှူးတော ရိပ်သာ ဆိုတဲ့ ဟိုတယ်ကလေး မှာပါ ။
ဟိုတယ် ရှေ့က ဆင်ခြေလျှော လမ်းကလေး ဘေးမှာ သစ်ခွတွေ စိုက်ထားတယ် ။ ရာသီ က အေးမြတော့ သစ်ခွပန်းရောင်စုံ က ရွှန်းစိုပြီး အရောင်အသွေး ပိုလှတယ် ။
ဟိုတယ် ရှေ့ က လမ်း ကွေ့ကွေ့ကောက်ကောက် က နတ်မတောင် ( ဝိတိုရိယတောင် ) ဆီ ကို ဦးတည် နေတယ် ။ လမ်းဘေး မှာတော့ ချယ်ရီတွေ ပွင့်နေပြီ ။ တောင်ဇလပ်ပန်း နီနီတွေ ပွင့် နေပြီ ။
ထင်းရှူးတောရိပ်သာ ဟိုတယ် က ထင်းရှူးသားတွေနဲ့ ဆောက် ထားပြီး မြက်ရိုင်း သက်ငယ်တွေ မိုးထားတယ် ။ ဟိုတယ် အဝင် တံခါးထိပ် မှာ နွားနောက်ချို တစ်ခု ချိတ် ထားပါတယ် ။
ဟိုတယ်ရှေ့ပိုင်း ဧည့်ဆောင် မှာ ဟိုတယ်ပိုင်ရှင် ဒေါ်မြမိုးအေး နဲ့ ထိုင်ပြီး ကျွန်တော် စကား ပြော နေတယ် ။ သူ့ ကို လူအများ က ဒေါ်မိုးမိုး လို့ အသိ များတယ် ။ အဲဒီ နေ့ က ကျောင်းပိတ်ရက် မို့ ဒေါ်မိုးမိုး နဲ့ အတူ သမီးအငယ် မယဉ်မင်းမွန် လည်း ရှိနေပါတယ် ။
ရာသီဥတု က အေး တာကြောင့် ဒေါ်မိုးမိုး က လယ်သာဂျာကင်ညို ကို ဝတ်ပြီး သိုးမွေးခေါင်းစွပ် ကို ဆောင်း ထားတယ် ။ ချင်းထဘီ ထူထူ ကို ဝတ်ထားတယ် ။
ဧည့်ဆောင် ထဲ မှာမို့ ကျွန်တော်တို့ ထိုင် နေတဲ့ ဆက်တီဆိုဖာ နဲ့ မလှမ်းမကမ်း က စားပွဲ မှာ ဧည့်သည် တစ်စု ဝီစကီပုလင်း ဖွင့်ပြီး နွားနောက်သား အရသာ ကို ခံစားနေတယ် ။ နတ်မတောင် ပေါ် က ဆင်းလာခါစ ပြင်သစ်ဧည့်သည် တစ်စု တော့ ဧည့်ခန်း ထဲ မှာ ဖြတ်သွားဖြတ်လာ ။
ကျွန်တော် က လူတွေ ၊ ဘဝတွေ ၊ စွန့်စားခန်းတွေ ၊ စီးပွားရေးလုပ်ငန်းတွေ ကို စိတ်ဝင်စားသူမို့ ရောက်ရာ အရပ် မှာ တွေ့တဲ့ သူတွေ ရဲ့ ဘဝ အကြောင်း ကို မေးပါတယ် ။
“ ကျွန်မ ဆော မှာ မွေးတယ် ။ အဲဒီတုန်း က ကျွန်မ မိဘတွေ နေတဲ့ ကန်ပက်လက် မှာ ဆရာဝန်တွေ ဘာတွေ မရှိလို့ ဆော သွား မွေးရတာ ”
“ မိဘတွေ က ဘာ အလုပ် လုပ်တာလဲ ”
“ မိဘတွေ က သမဝါယမ ဦးစီးရုံး မှာ လုပ်တာ ။ လက်နှိပ်စက် ပထမစာရေး ပေါ့ ။ အဖေ က ဦးမြမောင် ၊ အမေ က ဒေါ်ဌေးကြည် ။ အမေ က တောသူ ၊ အဖေ့ ဇာတိ ကတော့ ကန်ပက်လက် လို့ ပြောရမှာပေါ့ ။ မောင်နှမလေး ယောက်မှာ ကျွန်မ က အကြီးဆုံး ”
“ ကျောင်းနေတော့ ကော ”
“ ကျောင်း နေတာ ကန်ပက်လက် မှာ ။ ရှစ်တန်း အထိ နေတယ် ။ ရှစ်တန်း တစ်နှစ် ကျတယ် ။ နောက် တစ်နှစ် ဆက် တက်နေတုန်းမှာ ရှစ်ဆယ့်ရှစ် အရေးအခင်း ဖြစ်တယ် ။ ကျောင်းတွေ ဘာတွေ ပိတ်လိုက်တယ် ။ အသက် က ကြီးလာပြီး ကျောင်း မနေချင်တော့ဘူး ”
“ ကျောင်း ထွက်ပြီး ဘာလုပ်သလဲ ”
“ ဗြူတီပါလာ သင်တန်း တက်ချင်တယ် လို့ အဖေ့ ကို ပူဆာတာပေါ့ ။ ချောက် ( မြို့ ) က သင်တန်း တစ်ခု မှာ အဖေ က အပ်ပေးတယ် ။ သင်တန်း ဆင်းလာတော့ ကန်ပက်လက် မှာ ပဲ မိုးမဉ္ဇူ လှရိပ်မြုံ ကို ဖွင့်တယ် ”
“ အဆင်ပြေရဲ့လား ”
“ အလှပြင်ဆိုင် ဖွင့်တော့ လာတော့ လာကြပါတယ် ၊ ဒါပေမဲ့ ပစ္စည်းတွေ က ဈေးတအား ကြီးတော့ ကိုယ်ဘက တောင်းရမှာ အားနာတယ် ။ ဒီမှာ က လူ နည်းတော့ အလုပ် မဖြစ်ဘူး ။ ကန်ပက်လက် မှာ အလှူမင်္ဂလာဆောင် က လည်း တစ်နှစ်မှ တစ်ခါ နှစ်ခါ ပဲ ရှိတာ ။ စီးပွား မဖြစ်ဘူး ”
“ မိန်းကလေးတွေ က ဆံပင် မပြင်ကြဘူးလား ”
“ ပြင်တော့ ပြင်တယ် ။ တစ်ခါတလေပဲ ။ အလှပြင်ဆိုင် ဖွင့်လို့ သိပ် မကြာဘူး ။ အဖေတို့ က ကျွန်မ ကို ယောက်ျား ပေးစားတာပေါ့ ။ ကျွန်မ အမျိုးသား က ကားသမား ။ မြို့နယ် သမဝါယမ အသင်း မှာ ကားမောင်းတာ ။ နောက်တော့ သမ က ထွက်ပြီး နတ်မတောင် အမျိုးသားဥယျာဉ် က ကား ကို မောင်းတယ် ”
“ ဒေါ်မိုး က အလှပြင်ဆိုင် ဆက် လုပ်နေတယ်ပေါ့ ”
“ အလှပြင်ဆိုင် က အလုပ် မဖြစ်ဘူး ။ ဒါနဲ့ ကျွန်မတို့ လက်ဖက်ရည်ဆိုင် ဖွင့်တယ် ။ ရွှေတောင်တန်း လက်ဖက်ရည်ဆိုင် ။ မုန့်တွေ ဘာတွေလဲ ကိုယ့် ဟာ ကိုယ် လုပ်တယ် ”
“ အမျိုးသား ကတော့ ကား ပဲ ဆက် မောင်းတာလား ”
“ ဟုတ်တယ် ။ အဲဒီတုန်းက ကန်ပက်လက်မြို့ မှာ ကားပိုင် မရှိသေးဘူး ။ ကိုယ့်ယောက်ျား က ကားသမား ။ ကား ဝယ်ချင်တယ် ။ ကိုယ့်ရှိတဲ့ ပိုက်ဆံ နဲ့ ကား မဝယ်နိုင်ဘူး ၊ ဒါနဲ့ ကန်ပက်လက် မှာ ပိုက်ဆံ လိုက် ချေးတယ် ။ ချေးပြီး နစ်ဆန်းကယ်ရီ ယာလေး တစ်စီး ထောင်လိုက်တယ် ။ ကား ဝယ်တာ ၁၅ သိန်း ။ အဆင်ပြေတော့ တစ်နှစ် နဲ့ အရင်း ကျေသွားတယ် ”
“ ဘယ်နှခုနှစ်လောက်ကလဲ ”
ဘယ်နှခုနှစ်ပါလိမ့် ဆိုပြီး ဒေါ်မိုးမိုး စဉ်းစားနေတာ တော်တော် ကြာတယ် ။
“ ထားလိုက်ပါတော့ ” လို့ ကျွန်တော် က စကားစ ဖြတ်ပြီး သူ့ ခင်ပွန်း အမည် မေးတော့ ဦးမြင့်သန်း လို့ ပြောတယ် ။
“ ဦးမြင့်သန်း က ကားကြီး ပဲ မောင်းချင်တယ် တဲ့ ။ ဒါနဲ့ ငွေ ထပ် ဖြည့်ပြီး tipper ( ဝန်တင်ကက်အိမ် တစ်ဖက်စွန်း ကို မြှင့်တင် သွန်ချနိုင်တဲ့ ထရပ်ကား ) ကြီး တစ်စီး ဝယ်တယ် ။ အဆင်ပြေချင်တော့ ဒီ နားက ကျောက်ထုမြို့မှာ လေယာဉ်ကွင်း ချဲ့တယ် ။ အလုပ် ရတယ် ။ တစ်နေ့ တစ်နေ့ အခေါက်ရေ များများ သူ ကြိုးစား ပြီး လုပ်တာပေါ့ ။ လုပ်တဲ့ အချိန် ကျတော့ အကြွေး လည်း ကျေ သွားတယ် ။ အကြွေး ကျေတဲ့ အပြင် ကိုယ့် လက် ထဲမှာ ပိုက်ဆံ လည်း ရှိလာတာပေါ့ ”
ကျွန်တော် က စကား မထောက်ဘဲ သူ ပြောတာ ကို နားထောင်တယ် ။ သူ က စကား နားပြီး ဆက် ပြောပါတယ် ။
“ ပိုက်ဆံ ရှိတော့ ဘာလုပ်မှာလဲ ။ စီးပွား ပဲ ထပ်ချဲ့ကြမယ် ။ နတ်မတောင် ကို ဧည့်သည်တွေ လာမှာ များမှာ ဘာညာ ဆိုပြီး ဒါကြီး ( ထင်းရှူးတော ရိပ်သာ ဟိုတယ် ) ထ ဆောက်ပစ်တာ ”
သူ ပြောနေဆဲမှာပဲ နတ်မတောင် တက်ပြီး ပြန်လာတဲ့ ပြင်သစ်လူမျိုး အဖွဲ့ တစ်ဖွဲ့ ဂျစ်ကား သုံးစီး နဲ့ ပြန် ရောက်လာပြီး ဟိုတယ်ဧည့်ဆောင် ထဲ ကို ဝင်လာတယ် ။
ဒေါ်မိုးမိုး က ကျွန်တော် နဲ့ စကား ပြောနေရာ မှ ခေတ္တ ထပြီး ပြင်သစ်တွေ ကို ရေနွေးကြမ်း ပူပူ တိုက်တယ် ။ အပြင် မှာ နှင်းမှုန်တွေ တဖွဲဖွဲ ကျပြီး အေးနေပြီ ။ ပြင်သစ်တွေ က ရေနွေးကြမ်း ကို သဘောကျပုံ ရတယ် ။
ဒေါ်မိုးမိုး က ကျွန်တော် ရှိရာ ဆက်တီခုံ ကို ပြန် လာ ထိုင်ပြီး ပြောလက်စ စကား ကို ဆက်ပြောတယ် ။
“ အမျိုးသား ရဲ့ ကားလုပ်ငန်း က မကောင်းတော့ ကား ကို ရောင်းပစ်တယ် ။ ဟိုတယ်လုပ်ငန်း ထဲပဲ ထည့်တယ် ။ သူ က ဒီအပေါ် ( ဟိုတယ် ) ရောက်ရင် ကျွန်မ က အောက် ( လက်ဖက်ရည်ဆိုင် ) မှာ ၊ သူ က အောက်မှာ စောင့်ရင် ကျွန်မ က အပေါ် လာတယ် ။ အပေါ် နဲ့ အောက် တစ်ယောက် တစ်လှည့်စီပေါ့ ”
“ ဘဝ မှာ ပျော်စရာ ကောင်းတဲ့ အချိန်ကာလလေးတွေ ကြုံခဲ့ရမှာပေါ့ ”
ကျွန်တော့် အမေး ကို ဒေါ်မိုးမိုး က ရယ်ပြီးပဲ တုံ့ပြန်တယ် ။
“ သတိ မထားမိဘူး ” လို့ ပြောပြီး ထပ်ရယ်တယ် ။
“ ကျွန်မ ဘဝ က အခက်အခဲ ကြား ကပဲ ထွက်လာတာ ။ ကိုယ့်အား ကိုယ် ကိုးပြီး တက်လာတာ ။ ငွေ ဆိုလည်း အဖေအမေ က ကူညီပါတယ် ။ ဒါပေမဲ့ လိုတဲ့ အခါ လိုက် ချေးရတာပေါ့ ”
“ အတိုး နဲ့ လား ”
“ အတိုး နဲ့ ။ ပစ္စည်း မပါရင် လေးကျပ် ၊ ငါးကျပ်တိုး ”
“ ပြန် ဆပ်ရမဲ့ အချိန် ရောက်နေပြီ ။ ကိုယ် က ငွေ မလည်လို့ အခက်အခဲ ကြုံရဖူးလား ”
“ ကြုံဖူးတယ် ။ ဒါပေမဲ့ အမျိုးတွေ ဆိုတော့ တအားကြီး တော့ မပူရဘူးပေါ့ ။ ကြွေးအေး လို့ပဲ ပြောရမှာပေါ့ ။ တစ်ခါတလေ ဟိုဟာ ဒီဟာ ဖြစ်လို့ ဆိုပြီး ဧည့်သည် က booking တင်ထား ပြီးမှ မဝင်ဘူး ၊ ပျက်ကုန်တယ် ။ မျှော်မှန်းထားသလိုပဲ ငွေ က မဝင် ၊ ကြိုတင် လုပ်ထားရတဲ့ ကိစ္စတွေ အတွက် ငွေတွေ က ကုန်ထားတာ ”
အဲဒီ အချိန်မှာ သမီးငယ်လေး တစ်ယောက် က ဒေါ်မိုးမိုး ရဲ့ ရင်ခွင် ကို တိုးဝှေ့ ဝင်လာတယ် ။
“ သားသမီး ဘယ်နှယောက် ရှိလဲ ”
“ သုံးယောက် ။ အကြီးဆုံး သမီး က ကိုးတန်း ၊ သားသား က ခြောက်တန်း ၊ သမီး အငယ်ဆုံး က နှစ်တန်း ။ သူတို့က ဒီမှာ မနေဘူး ။ ကျွန်မ အမျိုးသား ရဲ့ အစ်မ က ဆော မှာ ။ အထက်တန်းပြ ဆရာမ ၊ ကလေးတွေ က အဲဒီမှာ နေတာ ”
“ ကလေးတွေ နဲ့ ဘယ်အခါ မှ တွေ့ရသလဲ ”
“ စနေ တနင်္ဂနွေ ဆိုရင် ကျွန်မ သူတို့ ကို ဆိုင်ကယ် နဲ့ သွား ခေါ်ပြီး အတူ နေတယ် ”
“ ကလေးတွေ ကြီးလာရင် ဘာဖြစ်လာစေချင်လဲ ”
“ ကိုယ် က ပညာ မတတ်တော့ ကလေးတွေ ကို တတ်စေချင်တာပေါ့ ။ သမီးအကြီး ကို လည်း ပြောထားတယ် ၊ ဆယ်တန်း အောင်ပြီးရင် စပီကင်တွေ ဘာတွေ သင်ပြီးရင် အမေ့ ဟိုတယ်လုပ်ငန်း မှာ ကူပါလို့ ”
ဟိုတယ် မှာ တည်းတဲ့ ဧည့်သည်တွေ ကို ထမင်းပြင် ကျွေးဖို့ တာဝန် ဒေါ်မိုးမိုး မှာ ရှိနေတာမို့ ကျွန်တော်တို့ စကားဝိုင်း ကို ရပ်နားလိုက်ကြတယ် ။
▢ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment