❝ သူတို့ ပြန်ပြီ ❞
( ကိုရိုးကွန့် )
သူတို့ ပြန်ပြီ ။
သူတို့ ဆိုသည် မှာ ဆက်ရက်များ ဖြစ်၏ ။
လက်ပံပင် အကိုင်းသည် တုန်ခါ၍ ကျန်ရစ်သည် ။
••••• ••••• •••••
အမေ ဆွမ်းတော် စွန့်ပြီး ကျောခိုင်းလိုက်သည် နှင့် တစ်ပြိုင်နက် မန်ကျည်းပင် ပေါ်သို့ ကျီးနှစ်ကောင်သည် သုတ်ခနဲ ရောက်လာကာ စွပ်ကနဲ ထိုးချီ၍ မန်ကျည်းပင် ပေါ် ပြန်ရောက်သွား၏ ။ လျင်မြန်လိုက်ပါဘိ ။
အမေ ပြန်လှည့်ကြည့်သောအခါ ထန်းလျက်ခဲများ မရှိတော့ပြီ ။ အခွံ နွာပြီးသား ငှက်ပျောသီး နှင့် ဆွမ်းများ သာ ကျန်၏ ။ အမေ အိမ်ထဲဝင် သွားသောအခါ ဒုတိယအချီ သုတ်သွားပြန်သည် ။ မန်ကျည်းကိုင်း ပေါ် ပြန်နား၍ စားကြသည် ။ အိမ်ရှေ့ မှ အိမ်နောက် ရေကပြင်တို့ မရောက် သေးမီ အမေ စွန့်ခဲ့သော ဆွမ်းနှင့် ခဲဖွယ်ဘောဇဉ်များ ကုန်လေပြီ ။ အမေ ဆွမ်းခွက်များကို ဆေးကြောနေစဉ် အစာ ဝသွားပြီဖြစ်သည့် ကျီးနှစ်ကောင်သည် တအာအာ အော်၏ ။
ကျီးများ သည် သည် နေ့ မိုးလင်း ကတည်းက သာနေသည် ။ ကျီး သာ သဖြင့် ဧည့်သည် လာမည် ဟု အမေ တွက်လိုက်သည် ။ နွေရာသီ ကျောင်းပိတ်ရက် ဖြစ်၍ လာစရာ ရှိလျှင် ကျောက်ပန်းတောင်း မှ သမီး လာလျှင် လာပေမည် ။
အမေ ၏ သမီး သည် အလတ်မ ဖြစ်၍ မနှင်းရည် ဟု အမည် တွင်၏ ။ အမေ့ သမီး သည် ကျောက်ပန်းတောင်း တွင် အလယ်တန်းပြဆရာမဖြ စ် သည် ။ အမေ့တွင် သားသမီး သုံးယောက် ရှိသည့် အနက် သည် သမီး သာ အမေ နှင့် အနီးဆုံး ။
အမေ့သားကြီး ကိုအေးချမ်း သည် သရက်မြို့တွင် နေသည် ။ သမဝါယမဝန်ထမ်း တစ်ဦး ဖြစ်သည် ။ တောင်ကြီးမြို့ တွင် သားကြီး တာဝန်ကျစဉ် ရှမ်းအမျိုးသမီး နန်းမြင့်သူ နှင့် အိမ်ထောင်ကျသည် ။ အမေ့ သားကြီး သည် အမေ့မြေးများ ကျောင်းပိတ်သည့် နွေရာသီ ရောက်တိုင်း အမေ့ ထံ မပြန်နိုင်ဘဲ ယောက္ခမများ ရှိရာ တောင်ကြီး သို့လည်း ပြန်ရသေး၏ ။ ယင်းကြောင့် အမေ့ သားကြီး သည် အမေ့ ထံ သို့ နှစ်နှစ် တစ်ကြိမ် လောက်သာ ရောက်သည် ။
သားအငယ်ဆုံး ကိုမိုးနှောင်း ကို အမေ မမျှော်မိပေ ။ မမျှော်မိခြင်းမှာ လာမည် မထင်သော ကြောင့် ဖြစ်၏ ။ သားငယ်သည် ရေနီစက္ကူစက် တွင် တာဝန်ထမ်းဆောင် နေသောကြောင့် အမေ နှင့် အလှမ်းကွာဝေးသည် ။ အင်ဂျင်နီယာတစ်ဦး ဖြစ်သည့် သားငယ် သည် လုပ်ငန်းတာဝန် မြားမြောင်သဖြင့် ခွင့်ရက် ရခဲလှသည် ။ သားငယ်သည် အမေ့ ထံသို့ သုံးနှစ် တစ်ကြိမ်လောက်သာ ရောက်သည် ။
သို့သော် သားငယ် ထံ သို့ အမေ သည် မကြာမကြာ ရောက်သည် ။ အင ယ်ဆုံးသားငယ် ကို အချစ်ဆုံး မို့ ရေနီ အထိ အမေ လိုက်လိုက်သွားသည် ။ သား ကို ချစ်သည့် ဇော ဖြင့်သာ လာရသော်လည်း လုပ်ငန်းများ ကို နောက်ဆံ တင်းနေသော အမေသည် တစ်ခဏသာ နေ၍ ရွာသို့ ပြန်ပြေးသည် ။ လွန်ခဲ့သော နှစ်လ ကမှ အမေ သည် ရေနီ မှ ပြန်လာခဲ့၏ ။
ထို့ကြောင့် သားငယ် ကို အမေ မမျှော်ခြင်း ဖြစ်သည် ။
အမေ့သမီးလတ် သည် အမေ့ ထံသို့ နှစ်တိုင်း လာလေ့ရှိသည် ။ ကျောင်းပိတ်တိုင်း အမေ့ ရွာသို့ လာ၍ အေးရိပ်ခိုကြသည် ။
နွေရာသီ ရောက်ပြီ ။
ရွှေကျီး က လည်း သာသည် ။
သမီးလတ် လာမည် ။
အမေ့ စိတ် က အလိုလို သိသည် ။
••••• ••••• •••••
အမေ့ ရွာသည် ဧရာဝတီမြစ်လယ် မှာ ရှိသည် ။ မြစ် ထဲ က ကျွန်းပေမယ့် ကျွန်းကြီးဖြစ်သည် ။ အမေ့ ရွာမှ မြောက်သို့ သွားသော် ညောင်ဦးမြို့ ရောက်၏ ။ တောင်သို့ သွားသော် ချောက်မြို့ရောက်၏ ။
အမေ့ ရွာသည် ကျွန်းပေါ် တွင် ရှိသောကြောင့် ရွာအရှေ့ဘက် တွင် လည်း ရေကြောင်း ရှိသည် ။ ရွာအနောက်ဘက် တွင် လည်း ရေကြောင်း ရှိသည် ။
သို့သော် ရွာအရှေ့ဘက် မှ ရေကြောင်းသည် ကျဉ်း၍ တိမ်၏ ။ လှေင ယ်များ သာ သွားနိုင်၏ ။ ရွာအနောက်ဘက် မှ ရေကြောင်းသည် ကျယ်သည် ၊ နက်သည် ။ သင်္ဘောကြီးများ နှင့် မော်တော်များ သွားနိုင်သည် ။
သည် နေ့ အမေ ဘာလုပ်လုပ် စိတ်မပါ ။ အလုပ် ထဲတွင် အမေ့ စိတ်မရှိ ။ အမေ့ စိတ်သည် မော်တော်ဆိပ် သို့ ရောက်နေသည် ။ ချောက် မှ ထွက် လာသော မော်တော် သည် အမေ့ ရွာကို ညနေ သုံးနာရီခန့် တွင် ရောက်သ ည် ။ အရာတော်ရွာ တွင် မော်တော်ခရီး ဆုံးသည် ။ အချို့သော မော်တော်တို့ သည် ကျွန်းချောင်း အထိ သွားသည် ။ ကျွန်းချောင်း တွင် ဓာတ်မြေဩဇာစက်ရုံ ရှိသည် ။
အမေ သည် ဆေးရိုးထောင်း နေစဉ် အနောက်ဘက်သို့ မျှော်မိသည် ။ အမေ သည် ပြောင်းဖူးဖက်ဆေးလိပ် လိပ်နေစဉ် မော်တော်သံ ကို နားစွင့် မိသည် ။ နေမွန်းလွဲသော် အမေ မနေနိုင် တော့ပေ ။ တဘက် တစ်ထည် ဆွဲ၍ ခေါင်းပေါင်း ကာ ရွာအပြင် ထွက်သည် ။ လက်ပံပင် အရိပ်အောက် တွင် အမေ ထိုင်သည် ။
ရွာ နှင့် မော်တော်ဆိပ် ကြားတွင် သဲသောင်ပြင်ကြီး ရှိ၏ ။ နေအပူရှိန်ကြောင့် တံလှပ်များ ထနေသည် ။ အမေသည် တံလှပ် ဝေနေသော သဲသောင်ပြင် ကို ငေးစိုက်ကြည့်ရသည် မှာ မျက်စိ ကျိန်းရှာပေမည် ။ သို့သော် အမေ သည် မျက်စိ မမှိတ် ၊ မျက်နှာ မလွှဲ ။
ဟိုး ... ခပ်ဝေးဝေးရှိ သောင်အစွန်း မှ တလူလူ ထွက်နေသော မီးခိုးတန်း ကို အမေ မြင်ရသည် ။ ထန်းခြောက်ပင်ရွာ မှ မော်တော် ထွက် လာပြီ ဟု အမေ ခန့်မှန်းသည် ။ ထို သောင်စွန်းကို ကွေ့လိုက်လျှင် မော်တော် ကို လုံးလုံးလျားလျား မြင်ရတော့မည် ။
မော်တော်ဆိပ် သို့ မူ အမေ မသွား ။ မသေချာ မရေရာဘဲ အမေ စောင့် ရခြင်း ဖြစ်သည် ။ သည်တော့ သည် နေရာမှ နေ၍ အမေ မျှော်တော့မည် ။
မော်တော် သည် တဖြည်းဖြည်း ကြီးလာသည် ။
ထောင့်ကြီးရွာ ဆိပ်ကမ်း နှင့် နီး လာပြီ ။
အမေ့ မျှော်လင့်ချက်တို့ အချည်းနှီး မဖြစ်နိုင် ။
••••• ••••• •••••
“ အရီး ... အရီး ... အစ်ကိုလေး တို့ ပါလာတယ်တော့ ”
မြကြည် က အပြေးအလွှား လာ၍ ပြောသောအခါ ၊ အမေ သည် အတိုင်းမသိ ဝမ်းသာသွားသည် ။ အမေ ထင်သည် က သမီလတ် နှင်းရည် ။ လာတော့ သားငယ် မိုးနှောင်း ။
အမေ့ရုပ်သွင်သည် ချက်ချင်းနုပျိုသွားသည် ။
အမေ သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီး ကို သွားဖြင့် အားရပါးရ ဖိ ကိုက်လိုက်သည် ။ ထဘီ ကို ခပ်တင်းတင်း ပြင်ဝတ်လိုက်သည် ။ တဘက်ကို ကျစ်ကျစ်ပါအောင် ပေါင်းသည် ။ ပြီးတော့ အမေ ပြေးသည် ။ ဖိနပ် မပါသော အမေ့ ခြေထောက်သည် သဲအပူ ကို မမှုတော့ ။
အမေ့ သားသည် နေကာမျက်မှန်ကြီး နှင့် ၊ အမေ့ ချွေးမ သည် အပွင့်လှလှ ခေါက်ထီးလေးနှင့် ၊ အမေ့ မြေးများ သည် ဦးထုပ်တွေ ကိုယ်စီ နှင့် မော်တော်ဆိပ် မှ တက်လာသည် ။ သူတို့ ပစ္စည်းများ ကို အမေ့ အမျိုးများ က ထမ်းပိုး၍ လိုက်လာကြသည် ။
“ လာမယ်ဆို ကြိုပြောရောပေါ့ ငမိုးရယ် ”
“ ကျွန်တော် စာရေးလိုက်တယ်အမေ ရဲ့ ၊ မရဘူးလား ”
စာများ သည် အမေ့ ရွာသို့ တိုက်ရိုက် မရောက်ပေ ။ ချောက် သို့သာ ရောက်၏ ။ ချောက် မှ တစ်ဆင့် လူကြုံ ဖြင့် ပေးပို့ရသည် ။ ယင်းကြောင့် တချို့ စာများ နှောင့်နှေးတတ်၏ ။
“ မရဘူး ။ ငါ က မိနှင်း လာမယ် ထင်ပြီး ထွက်မျှော်နေတာ ”
“ မမနှင်း နဲ့ ကျောက်ပန်းတောင်း မှာ တွေ့ ခဲ့တယ် ။ သူ လဲ စာမေးပွဲအဖြေလွှာတွေ စစ်မပြီးသေး လို့ တဲ့ ။ တစ်ရက် နှစ်ရက် နေပြီးမှ လိုက်လာမတဲ့ ။ သူ့ အိမ်လည်း ခဏပဲ ဝင်ခဲ့ပါတယ် အမေရယ် ။ အမေ နဲ့ တွေ့ချင်လို့ ချက်ချင်းပြေးလာတာ ”
ပြောပြောဆိုဆို ဖြင့် သားငယ် သည် အမေ့ ပခုံး ကို ဖက်သည် ။
“ ငမိုး က လည်း ကလေးကလားကွယ် ၊ ဖယ်ပါ ။ ငါ့ မြေးတွေ ငါ ချီရဦးမယ် ”
အမေ သည် သုံးနှစ်အရွယ် မြေးငယ်မလေး ကို ကောက်ချီလိုက်သည်
“ အို ... အမေရယ် ၊ မလုပ်ပါနဲ့ ။ သူ့ ဘာသာ သူ လျှောက်ပါစေ ၊ အမေ မောမှာ ပေါ့ ”
အမေ့ ချွေးမက ဝင်ဆွဲသည် ။
“ ရပါတယ်အေ ... မောပါဘူး ။ ကလေး ခြေပူပါတယ် ”
ဖိနပ် မပါသော အမေ သည် ဖိနပ် ပါသော မြေးကို ခါးထစ်ခွင် ချီ၍ ရှေ့ မှ ဘောက်ဆတ်ဘောက်ဆတ်ဖြင့် လျှောက်သွားသည် ။
နောက်နှစ်ရက် ကြာသော် အမေ့သမီး နှင်းရည် နှင့် ကလေးလေးယောက်ရောက်လာသည် ။ နှင်းရည် ယောက်ျား မှာ အလုပ်ကိစ္စ ဖြင့် နယ်ထွက် သွားရသဖြင့် ပါ မလာပေ ။
နှင်းရည် ရောက်ပြီး နောက်နေ့ တွင် အမေ့သားကြီး အေးချမ်းတို့ မိသားစု ရောက်လာသည် ။
လေးငါးရက် အတောအတွင်း အမေ့ အိမ်ကြီးသည် သားသမီးများ ၊ ချွေးမများ ၊ မြေးများ ဖြင့် စိုစိုပြည်ပြည် ဖြစ်လာသည် ။
ဤကဲ့သို့ လူစုလူဝေးကြီး ကြုံဆုံဖို့ မှာ အလွန် ခက်ခဲ့လှသည် ။ တစ်ဦးလာသည့် နှစ်တွင် တစ်ဦး က မလာနိုင်သဖြင့် လူစုံတက်စုံ မတွေ့ရပေ ။
ယခုအခါ မချိန်းဆိုဘဲ အကြောင်း မကြားဘဲ သားမြေးများ တစ်စုတစ်ဝေး တွေ့ရသည် ။ အမေ ပျော်သည် ။
“ အဲဒါကြောင့် အခုတလော ရွှေကျီး သာတာနေမှာ ”
တောသူ အမေသည် သူ့ မှတ်ချက်နှင့် သူ ကျီးများ ကို ကျေးဇူ တင်နေသည် ။ ဘူး ထဲမှ ထန်းလျက်ခဲ တစ်ခဲ နှစ်ခဲ ကို ယူ၍ အိမ်ပြင် သို့ ပစ်လိုက်သည် ။ ။
ဘုတ်ဆို ထန်းလျက်ခဲ ကျလာသည် ။
ရွှေကျီး သည် သုတ်ခနဲ ရောက်လာသည် ။
အလျင်အမြန် ကုပ်၍ ပျံတက်သွားသည် ။
••••• ••••• •••••
အမေ သည် သားသမီးများ ကို မြင်တော့ သွားလေသူ ကိုဖိုးခ ကို သတိရသည် ။ အမေ့ ယောက်ျား ကိုဖိုးခ သည် အမေ နှင့် သားသမီးများ ကို စွန့် ခွာ၍ လူ့လောက အပြင်ဘက် ထွက်သွားသည် မှာ နှစ်ပေါင်း ကြာမြင့်ပြီ ။
သားငယ်မိုးနှောင်း လေးနှစ်သား တွင် အမေ့ ခင်ပွန်း သေဆုံးသည် ။
အမေ့ ခင်ပွန်းသည် အရက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးရခြင်း ဖြစ်သည် ။ ဆောင်းတစ်ည တွင် ကိုဖိုးခ သည် အရက်မူးမူး ဖြင့် ကိုင်း ထဲမှ ရွာသို့ ပြန်လာ၏ ။ လမ်းတွင် ပြောင်းဖူးခင်း တွေ့သဖြင့် ဝင်ချိုးသည် ။ ပြောင်းဖူးထုပ် ကို ထမ်းလာစဉ် ညမှောင်မှောင် ၌ ခလုတ်တိုက်၍ ကိုဖိုးခ လဲသည် ။ အရက် အလွန်အကျွံ မူးနေသော ကိုဖိုးခ သည် ပြန် မထနိုင် တော့ပေ ။
အမေ သည် ကိုဖိုးခ ကို စောင့်သေး၏ ။ မီးခွက် မမှုတ် ၊ တံခါးမပိတ် ။ ပြောင်းဖူးဖက်ဆေးလိပ် ကို တထောင်းထောင်း ဖွာသည် ။ ညဉ့်နက် သောအခါ အမေ မစောင့်တော့ ။ ကိုဖိုးခ တစ်ယောက် ကိုင်း ထဲ က တဲမှာ ပင် အိပ်နေပြီ ဟု အမေ ထင်၍ မီးခွက်မှုတ် ၊ တံခါးပိတ်သည် ။
နံနက်လင်းသောအခါ နှင်းမှုန်မှုန် ကြား၌ ပြောင်းဖူးထုပ်က အပေါ်က ကိုဖိုးခ က အောက်က သေနေပြီ ။ အေးစက်၍ တောင့်နေပြီ ။
အမေ သည် သားသမီး သုံးဦး နှင့် မုဆိုးမ ဖြစ်ရသည် ။ ထိုစဉ်က အမေ့ အသက်သည် သုံးဆယ်ကျော် သာ ရှိသေး၏ ။ အမေ နောက်အိမ်ထောင် မပြုတော့ ။ အမေ့ တွင် ဆေးခင်း ရှိသည် ။ ပြောင်းဖူးခင်း ရှိသည် ။ ကြ က်သွန်ခင်း ရှိသည် ။ အမေ ကြိုးစားလုပ်သည် ။ အမေ အပင်ပန်းခံသည် ။ သား သမီးများ ကို ကျောင်းထားသည် ။
သားနှစ်ယောက် ကို ညောင်ဦးမြို့ ရုပ်စုံကျောင်း သို့ ပို့ထားသည် ။ ထို ကျောင်းတွင် အမေ့ဘကြီး ဘုန်းကြီး ရှိသည် ။ ဘုန်းကြီး ဝေယျာဝစ္စများ ကို ဆောက်ရွက်ပေးရင်း ဘုန်းကြီးကျောင်း ၌ နေ၍ ကျောင်းတက်စေသည် ။
အမေ့ သမီးမှာ မူ မိန်းကလေး မို့ အမေ့ အမျိုး အိမ်တွင် ထားသည် ။ အမေ့ အမျိုးများ ညောင်ဦးမြို့ ယွန်းတန်းရပ် တွင် ရှိသည် ။
အမေ ၏ ဇွဲ ၊ အမေ ၏ ကြိုးစားမှုကြောင့် အမေ့ သားသမီးများ ဘွဲ့ ကိုယ်စီရကြသည် ။ အစိုးရ ဝန်ထမ်း အသီးသီး ဖြစ်၍ အမေ နှင့် ဝေးရာသို့ လွင့်ပျံသွားကြသည် ။ အမေ သည် ဘယ်သား ၊ ဘယ်သမီး ထံ သို့မှ လိုက်မနေပေ ။
အမေ သည် ရွာ ကို ချစ်သည် ။ ကိုင်းအလုပ်ကို ခင်တွယ်သည် ။ အမေ သည် သားသမီးများ နှင့် အတူ မနေချင်၍ မဟုတ် ။ အမေ့ လောက် သား သမီး ကို သံယောဇဉ် ကြီးသော ၊ ချစ်ခင်သော မိခင်မျိုး ရှားပါသည် ။
သားသမီးများ က ခေါ်တိုင်း အမေ သည် ဤသို့ ပြောလေ့ရှိ၏ ။
“ မင်းတို့ အဖေ ခေါင်းချ သွားတဲ့ အရပ် က အမေ မခွာဘူး ”
ဪ .... အမေ့ လောက် လင် ကို ချစ်သော မိန်းမ လည်း ရှားပါးပါ၏ ။
••••• ••••• •••••
သားသမီးများ ရောက်လာတိုင်း အမေ ပင်ပန်းရသည် ။ အမေ သည် ဟင်းလျာကောင်းများ ပြေး၍ ရှာသည် အကောင်းဆုံး ဖြစ်အောင် စီမံချက်ပြုတ် ကျွေးမွေးသည် ။ ရပ်ရွာဓလေ့ အတိုင်း ဟိုအမျိုး အိမ် က သည် အမျိုးအိမ်က ထမင်း ဖိတ်ကျွေးလျှင် အမေ မကြိုက်ချင်ပေ ။
“ ညည်းတို့ လာလာ ခေါ်တာနဲ့ ငါ့ သားသမီးတွေ ကို ဝအောင်တောင် ချက်မကျွေးရသေးဘူး အေ ”
“ အရီး က လည်း ကျွန်မတို့ မှာ သည် တစ်နပ်ပဲ ကျွေးရပါသေးတယ် ၊ မပြန်မချင်း အရီးလေး ကျွေးပါလေ ”
“ အို ... အေ ငါ့ မှာ သုံးလေးနှစ် မှ တစ်ကြိမ် ငါ့သားသမီးတွေ ကို ကျွေး ရတာ ကိုယ်ချင်းစာမှ ပေါ့ ”
အမေ ကလည်း သည်လို ပြောတော့ အမေ့ ကို သနားကြသည် ။
အမေ သည် စောစော အိပ်၍ စောစောထလေ့ ရှိသည် ။ ဘုန်းကြီးကျောင်း မှ အုန်းမောင်း ခေါက် လျှင် အမေ နိုးပြီ ။ ဆွမ်းချက်သည် ။ ဘုရားရှိခိုးသည် ။ ရေနွေးအိုး တည်သည် ။ မြေးများ နိုးလာလျှင် သောက်ရန်အတွက် နွားနို့ ညှစ်သည် ။
နွားမကြီး က နို့ချပေးရန် အတွက် နွားလေး ကို ရှေးဦးစွာ အစို့ ခိုင်းရသည် ။ နွားကလေး နို့စို့ နေစဉ် နွားကလေး ကို တအား ဆွဲ၍ ခွဲရသည် ။ ထိုအခါတွင် အမေ နှင့် နွားငယ်သည် အားပြိုင်ရသည် ။ လွန်ဆွဲရသည် ။ အမေ့ မြေးကြီးများ က အမေ့ ဘက်မှ ကူဆွဲ ပေးကြသည် ။ တပျော်တပါး ။
နွားနို့ ညှစ်လျှင် မြေးများ ကို နွား နားသို့ အကပ်မခံပေ ။ နွား လန့်ကာ မြေးများကို ကန်ကျောက်မှာ စိုးရိမ်၍ ဖြစ်သည် ။ ဒူးနှစ်လုံး နှင့် ခွက် ကို ညှပ်၍ အမေ တစ်ယောက်တည်း နွားနို့ ညှစ်သည် ။
နွားနို့ ကျိုပြီးလျှင် အမေ က နွားနို့ ကို ဆား ခတ်၍ သောက်စေချင်သည် ။ သားများ ၊ မြေးများ က သကြား ပါ မှ ကြိုက်သည် ။ ထန်းလျက် သာ ရှိသော အမေသည် သားများ အကြိုက် သကြား ကိုလည်း ဝယ်ထားရသည် ။
အမဲသား ၊ ဝက်သား လုံးဝ မစားသော အမေသည် အသား ကြိုက်သော မြေးများ အတွက် ချက်ပြုတ်ကျွေးမွေးတတ်သည် ။ အမေ စားသည် မှာ ငါး သာ ဖြစ်၏ ။
နေ့လယ်နေ့ခင်း တွင် အမေ ပဲပြုတ်သည် ၊ တစ်ခါတစ်ရံ ပဲနီလေး ပြုတ်၍ တစ်ခါတစ်ရံ ပဲစာဥ ပြုတ်သည် ။ အမေ့ အခင်း မှ ရသော ပဲများ ဖြစ်၏ ။ ပဲပြုတ် ကို ဆီချက်ဆမ်း၍ ဆားဖြူးကာ နေ့လယ်စာ အဖြစ် ရေနွေး ဖြင့် တိုက်ကျွေးသည် ။ အလွန် ဆိမ့်သဖြင့် အမေ့ ချွေးမများ နှင့် မြေးများ အလွန်ကြိုက်သည် ။
တမာရွက်နုများ ကို အမေ ခူးသည် ။ သရက်ကင်းများ ကို လိုက်ကောက်သည် ။ မန်ကျည်းသီးမှည့်များ ပုတ်ခြွေသည် ။ ဥသျှစ်သီးများ ကို တံချူ ဖြင့် ဆွတ်ခူးသည် ။
အမေ့ စိတ် ထဲတွင် သားသမီး နှင့် မြေးများကို ဘာလုပ်ကျွေးရမလဲ ဟု အမြဲ ကြံစည်နေသည် ။ သားများ က တားဖြစ်လျှင် အမေ က -
“ မင်းတို့ မြို့မှာ ဖောဖောသီသီ မစားရပါဘူးကွယ် ၊ ချင့်ချိန် စားရ တော့ ကလေးတွေ ဘယ် အာဟာရဖြစ်မလဲ ။ ရောက်တုန်းရောက်ခိုက် ကျွေးရတာ ” ဟု ပြောတတ်သည် ။
အမေ အိမ်လာလျှင် ချင့်ချိန်စားသုံးနေရသော မိမိတို့ ၏ အိမ်တွင်း စီး ပွားရေး ကို ဖုံးဖိမရသော သား သမီးများ သည် ဘာမျှ ပြန်မပြောနိုင်တော့ ။
အမေ သည် သားသမီးများ ကို ငယ်ငယ် ကလည်း ကျွေး၏ ။
အမေ သည် သားသမီးတို့ ၏ မိသားစုများ ကိုလည်း ကျွေး၏ ။
အမေ့ သားသမီးများ သည် အမေ့ ကို ပြန် ကျွေး နိုင်ပါမလား ။
••••• ••••• •••••
သားမြေးများ ရောက်လာသဖြင့် အမေ့ မှာ ခြေထောက်လည်း မနား ရ ။ ပါးစပ် လည်း မနားရ ။
အမေ ကြွားရပြီ ။
မြေးများ ကို လက်ဆွဲ၍ ဘုန်းကြီးကျောင်း ခေါ်သွားသည် ။ ဒါလေးက တပည့်တော်မ သားကြီး က မွေးတဲ့ မြေးတွေပါ ဘုရား ။ သူ က ဘယ်နှစ်တန်း ၊ သူ က ဘယ်ကျောင်းမှာ နေတာ ဘုရား စသည့်ဖြင့် ပြောရသည် မှာ အမော ။
ဘုန်းကြီးကျောင်း ပြီးလျင် ဦးကြီး ၊ ဦးလေး နှင့် အခြားသော မိဘမောင်ဖွားများ အိမ်သို့ လှည့်ပတ်သည် ။ တစ်အိမ်တက်ဆင်း ပြောသည် ။ ထို အခါတွင် မြေးများ ကို အလှဆုံး ဝတ်ပေးသလို ၊ အမေ သည် လည်း အ ကောင်းဆုံးသော ဝတ်စုံ ကို ဝတ်သည် ။ ပွဲလမ်းသဘင် သွားရန် ဝါသနာ မပါသော အမေ သည် အလှူအတန်းများမှ လွဲ၍ အဝတ်ကောင်းဝတ်သည် မရှိ ။ ဖျင်အင်္ကျီ ၊ ဖျင်လုံချည် နှင့် နေလေ့ရှိသည် ။
သားမြေးများ ရောက်လျှင် အမေ ပြင်ဆင်ပြီ ။
နံ့သာဖြူ ၊ ကရမက် လိမ်းကျံသည် ။ နှုတ်ခမ်း မှ သနပ်ခါး ကို လျှာဖြင့် သပ်သည် ။ မျက်ခုံးမွေး ကြား မှ သနပ်ခါး ကို တံပွတ်တံဖြင့် ဆွဲချသည် ။ နားတောင်း ပေါ်က သနပ်ခါး တို့ ကိုလည်း ပွတ်သပ်သည် ။ ငွေသားရော င်ဆံကေသာ ကို ဆီရွှဲရွှဲ လိမ်း၍ ဘီးဆံပတ် ပတ်သည် ။ ရှန်သား အင်္ကျီ ဝ တ်သည် ။ အညိုနုခံ၍ ပန်းနွယ်များ ယှက်ဖြာနေသော ပါတိတ် ကို ဝတ် သည် ။
အမေ ၏ တွန့်နေသော အရေပြားတို့ ပြန့် စန့်သွားသလို ထင်ရ၏ ။ အ မေ ၏ အိုတွဲနေသော အသားစိုင်တို့ ပြန် တင်းမာသလို ထင်ရ၏ ။ အမေ ၏ ခုံးကြွနေသော သွေးကြောတို့ ပြန် ပြေပြစ်သွား သလို ထင်ရ၏ ။
ခြောက်ဆယ်နီးနီး အလှတွင် ကျက်သရေ စွက်၍ တည်ငြိမ်မှု ကဲလိုက် သောအခါ ရှုမဆုံးတော့ပြီ ။
အမေ က ပြောသည် ။
“ ငါ့ သားတွေက မြို့သူတွေ ယူထားတော့ အမေ ကလည်း လှလှပပ ဝ တ်ထားမှ ပေါ့ ။ တော်ကြာ တော က အဘွားကြီး သား ကြိုက်မိပလေလို့ ချွေးမတွေ ယူကျုံးမရ ဖြစ်မှာ စိုးလို့ ဟေ့ ”
အမေ သည် လူ့သဘော ၊ လူ့မနော ကိုလည်း အလွန်သိသည် ။ သားသ မီးများကို မိမိ အတွက်ဖြင့် ဂုဏ်မငယ်စေလိုပေ ။ ထို့ကြောင့် အမေ သည် သားသမီးများ ထံသို့ အပေး သာ ရှိသည် ။ အယူ မရှိ ။ သားသမီးများ အိမ် သွားလျှင် အမေ သည် လက်ချည်း မသွား ။ ကြက်သွန် ၊ ငရုတ် နှင့် ပဲ အမျိုးမျိုး ပါသွားတတ်သည် ။
သည်တော့ သဘောကောင်းသော အမေ့ ကို ချွေးမများ နှင့် သမက် တို့ က လိုလားကြသည် ။ မြေးများ က ချစ်ကြသည် ။
မြေးတွေ လက်ဆွဲ ၊ သားသမီးများ ခြံရံကာ ရွာလယ်လမ်းမကြီး အတိုင်း အမေ လျှောက်လာ လျှင် အိမ်တိုင်းက ထွက်၍ ငေးကြည့်ရသည် ။ ဤအချိန်သည် အမေ ဂုဏ်ဖော်ရသော အချိန်ဖြစ်သည် ။ မုဆိုးမ ဆို၍ အမေ မျက်နှာ မငယ်ရ ။ အမေ ၏ ကြိုးစားမှု ၊ အမြော်အမြင် ရှိမှုကြောင့် အ မေ့ သားသမီး များ သည် လူ့လောကအ လယ်၌ ပွဲလယ်တင့်ရသည် ။ သားသမီးများ ကြောင့်လည်း အမေ သည် ရွာတွင် မျက်နှာ ပွင့်ရသည် ။
အမေ့ ရွာ တွင် အမေ သည် စံပြမိန်းမ ဖြစ်သည် ။ လင်ယောက်ျားများ သည် မိန်းမများ ပျင်းရိလျှင် အမေ အလုပ် လုပ်ပုံ ကို ပြ၍ ကြိုးစားရန် တိုက်တွန်းတတ်သည် ။ သားသမီးများ ကို ကျောင်း မထားလျှင် အမေ့ ကို လက်ညှိုး ထိုးပြ၍ နမူနာ ယူစေကြသည် ။
ထို့ကြောင့် အမေ ကြွား လျှင် မကဲ့ရဲ့ ကြ ။
အားများ ပင် ကျကြ၏ ။
အမေ့ လို အမေ တွေ ဖြစ်ချင်လာကြ၏ ။
••••• ••••• •••••
“ အမေ ...... ကျွန်တော်တို့ နောက် လေး ငါးရက် လောက် ကြာရင် ပြန်
တော့မယ် ”
“ မင်းတို့ ကလည်း မြန်လိုက်တာကွယ် ”
“ မမြန်ပါဘူး အမေရဲ့ သုံးပတ် တောင် ရှိပြီ ၊ ခွင့် ကလည်း တစ်လ ပဲ ရတယ် ”
အမေ့ မျက်နှာ ညှိုးနွမ်းသွားသည် ။ သားသမီးများ ၊ မြေးများ ကို ကြည့်မဝသေးမီ ခွဲခွာရပေမည် ။ အမေ့ မှာ သားသမီးများ ကို တားပိုင်ခွင့် မရှိပြီ ။ အမေ သည် သားသမီးများ ကို ပညာ အမွေ ပေးခြင်းဖြင့် ခွဲခွာနေရဖို့ ဖန်တီးလေသလား ဟု တွေးမိ၏ ။ သူတို့ တွေ ပညာ တတ်ဖို့ အရေး ဘယ်လောက် အလုပ် လုပ်ခဲ့သည် ကို အမေ သာ အသိဆုံး ။
သူတို့ ကို ပညာတတ် ဖြစ်စေချင်သော အမေ့ ဆန္ဒများ ပြည့်ခဲ့ပြီ ။ အ မေ့ဆန္ဒ ကြောင့်ပင် အမေ့ မှာ သားသမီးများ နှင့် ရှင်ကွဲ ကွဲနေရသည် ။
“ အေးလေ ... ပြန်ကြပေါ့ ၊ နေ့ကောင်းရက်သာလေး ကြည့်လိုက်ဦးမယ် ”
အမေ သည် ဗေဒင်ပြက္ခဒိန် ကြည့်သည် ။ နေ့ကောင်းရက်သာ ရွေးသည် ။ “ ပြန်မယ် ဆိုရင် သန်ဘက်ခါ ပြန်ကြ ။ သန်ဘက်ခါ နေ့ကောင်းတယ် ၊ ဖိန်းနွှဲခါ မကောင်းဘူး ” ဟု အမေ ပြောသည် ။
အမေ့ အလိုမှာ သားသမီးများ ကို ရက်ပို၍ နေစေချင်သေး၏ ။ သို့သော် သွားလမ်းလာလမ်း ဖြောင့်စေရေး အတွက် အမေ သည် အလိုဆန္ဒ ကို ဦးစားမပေး ။ သားသမီး အရေး ကိုသာ အဓိက အလေးထားသော အမေ ဖြစ်၏ ။
“ ချောက် ရောက်ရင် မင်း ဦးလေးအိမ် ဝင်နော် ”
“ ဟုတ်ကဲ့ အမေ ၊ ဦးလေးစော တို့ အိမ်မှာ တစ်ည အိပ်ပြီး ကလေးတွေ ကို လိုက်ပြဦးမယ် ။ ပြီးတော့ ကျောက်ပန်းတောင်း သွားမယ် ၊ နှင်းရည် တို့ အိမ် မှာ အိပ်ပြီး ပုပ္ပားတောင် တက်မယ် ၊ အမေ လည်း ကျောက်ပန်း တောင်း အထိ လိုက်ခဲ့ပါလား ”
“ မလိုက်တော့ပါဘူးကွယ် ။ ဆေးတွေ ၊ ကြက်သွန်တွေ ရောင်းပြီးမှ အမေ လာခဲ့ပါမယ် ”
တကွဲတပြားစီ လာကြသော အမေ့ သားသမီးများ သည် တစ်စုတစ်ဝေး ပြန်ကြတော့မည်မို့ အမေ စိတ်မကောင်း ။ အမေသည် လုပ်ချင်ကိုင်ချင်စိတ် မရှိအောင် စိတ်မှာ နုံးခွေနေ၏ ။ အစားအသောက် လည်း ကောင်းကောင်း မစားနိုင် ၊ ရင်ပြည့် သလို ၊ ရင်ခံ သလို ဖြစ်နေ၏ ။
အမေ သည် စိတ်အား ကို ပြန်တင်းသည် ။ တရားသဘော ကို ပြန်လည်ဆင်ခြင်သည် ။ လုပ်စရာ အမှုကိစ္စများ ကို ကြိုးစား လုပ်ဆောင်သည် ။
သားသမီးများ အတွက် ကြက်သွန် ၊ ငရုတ်များ ထည့်၏ ။ မြေးများ အတွက် ယောထန်းလျက် (ယောနယ်မှ လာသော ထန်းလျက် ) များ ထည့်၏ ။ ငါးစပ်စောင် သုံးထည် ကို တစ်ယောက် တစ်ထည်စီ ပေး၏ ။ သားငယ်မိန်းမ မာလာမြင့် သည် အချုပ်အလုပ် ဝါသနာ ပါသောကြောင့် ချိုက်ကတ်ကြေး ( ချိုက်ရွာ မှ လုပ်သော ကတ်ကြေး ) တစ်လက် ပေး၏ ။
အမေ့ သားသမီးများ တွင် အမေ ပေးလိုက်သော ပစ္စည်းများ ဖြင့် ပြည့်နေ၏ ။
သားသမီးများ က အမေ့ အတွက် ယူလာသော မုန့်ပဲသရေစာများ မှာ မူ မြေးများ ကို ပြန်လည် ကျွေးမွေးလိုက်ရ သဖြင့် သူတို့ ပြန်တော့ ဘာမျှ မကျန် ။ နွားနို့ သောက်သော အမေသည် ဟောလစ် နှင့် နက်စ်ကဖီးပုလင်း တို့ ကို ဘုန်းကြီးကျောင်း သို့ လှူလိုက်သည် ။ စားသောက်စရာ ကောင်းကောင်း ရလျှင် အမေ သည် လှူဖို့ ကို သာ ပထမဆုံး သတိရတတ်သူ ဖြစ်၏ ။
သားသမီးများ ၏ ပစ္စည်းများ အမေ့ တွင် တင်ကျန် မနေခဲ့သော်လည်း အမေ့ ပစ္စည်းများ တစ်ပွေ့တစ်ပိုက် ဖြင့် သားသမီးများ ပြန်ကြ၏ ။ ဆွေမျိုးများ က မော်တော်ဆိပ် သို့ လိုက်ပို့ကြသည် ။ အမေ့ အိမ်ကျယ်ကြီး သည် တစ်ခဏသာ စိုပြည်၍ ပြန်လည် ခြောက်သွေ့သည် ။
အမေ သည် ခံစားလွယ်သည် ။ ဝမ်းနည်းလွယ်သည် ။ ရေနံချပ် ဘက် ကမ်းမှ မော်တော် ခွာ၍ သည် ဘက်သို့ ဦးလှည့်လာသည် နှင့် အမေ မျက်ရည် ကျတော့၏ ။ ခွဲခွာရတိုင်း ငိုသည် မှာ တစ်ကြိမ် တစ်ခါတည်း မဟုတ် ၊ အကြိမ်တိုင်း ။
သားသမီးများ ညောင်ဦး တွင် ကျောင်းထားစဉ် ကလည်း ခွဲခွာရတိုင်း အမေ ငိုသည် ။ သားသမီးများ တက္ကသိုလ် သွားတော့လည်း အမေ ငိုသည် ။ သားသမီးများ ထံ သွားရောက်လည်ပတ် ပြီး ရွာ ပြန်လျှင်လည်း အမေ ငိုသည် ။
မော်တော်ဆိပ် တွင် အမေ့ ကို ရှိခိုးကန်တော့ကြသောအခါ ဆု ကိုပင် ဖြောင့်အောင် မပေးနိုင် ။ မျက်ရည်တွေတွေ ကျနေသည် ။ နှုတ်ခမ်း သည် တုန်ယင်နေသည် ။ စကားသံ တို့သည် အမေ့ ရင်တွင်း၌ ပျောက်ကွယ်နေသည် ။
“ ဓနသုခ ” မော်တော်ပေါ်သို့ သားများ ၊ မြေးများ တက်သွားကြပြီ ။ မျ က်ရည်စ ကို အင်္ကျီလက် များ ဖြင့် တို့သုတ်ရုံ ဖြင့် မရတော့ ။ ဟန်ဆောင် မှု ကင်းသော အမေ သည် ခေါင်းပေါ် မှ တဘက် ကို ဆွဲဖြုတ်၍ မျက်မှာ ပေါ်သို့ အုပ်ကာ တစ်စိမ့်စိမ့် ရှိုက်သည် ။ မတ်တတ်ရပ်နိုင်စွမ်း ပင် မရှိ တော့ဘဲ သဲပြင်ပေါ်တွင် ဆောင့်ကြောင့် ထိုင်သည် ။
သားမြေးများ က လက်ပြသည် ။ မော်တော် ကမ်းမှ ခွာသည် ။ အမေ လက် ပြန် မပြနိုင် ။ တသိမ့်သိမ့် ရှိုက်ငိုဆဲ ။
သံယောဇဉ် ကြီးလွန်းလှသော အမေ ။
သားသမီးများ က ခေါ်တော့လည်း မလိုက်နိုင် ။
သားသမီးများ ကို လည်း မခွဲရက် ၊ မခွာရက်နိုင် ။
••••• ••••• •••••
သူတို့ ပြန်ကြပြီ ။
သူတို့ ဆိုသည် မှာ အမေ ၏ သားသမီးများ ဖြစ်၏ ။
အမေ့ အသည်း နှလုံးတို့ သည် တုန်ခါ၍ ကျန်ရစ်သည် ။
▢ ကိုရိုးကွန့်
📖 သဘင် မဂ္ဂဇင်း
၁၉၈၅ ၊ ဧပြီ
No comments:
Post a Comment