Thursday, March 13, 2025

ဖူးချင်သေးသည့် ဘုရားများ


 

❝ ဖူးချင်သေးသည့် ဘုရားများ ❞
      ( အဏ္ဏဝါစိုးမိုး )
  
ကိုအဏ္ဏဝါ သည် သူ့ အဖေ မကျန်းမာ ၊ အသည်းအသန် ဖြစ်နေပြီ လို့ သိရသော အခါ မြန်မာပြည် ကို ပြန်လာခဲ့ပါသည် ။ အဖေ ၏ အခြေအနေ သည် အရိုးပေါ် အရေတင်ပြီး ချောင်း တဟွပ်ဟွပ် ဆိုးနေတာ တွေ့လိုက်ရသည် ။ ငွေကြေး မတတ် နိုင်သည့် ပင်စင်စား သားကြီး အိမ် မှာ ဝေဒနာ ကို ကြိတ်မှိတ် ခံစား နေရတာ တွေ့ လိုက်ရသည် ။ ငွေကြေး တတ်နိုင်သည့် ကိုအဏ္ဏဝါ ရောက် လာတော့မှ ကျွမ်းကျင် သည့် သမားတော်ကြီး နဲ့ ပြ ကြည့်သောအခါ အဆုတ်ကင်ဆာ ဟု အဖြေ ထွက်လာ တော့သည် ။

ကိုအဏ္ဏဝါ စိတ်ဓာတ် ကျသွားသည် ။ မျှော်လင့်ချက် မရှိတော့ဘူး ။ နောက်ထပ် အသက်ရှင် လျက် နေရလျှင် ခြောက်လ အများဆုံးပဲဆိုတာ သိလိုက်သည် ။ ဘာ လုပ်ကြလျှင် ကောင်းမလဲ ဆိုတာ မိသားစု တိုင်ပင် ကြသည် ။ ရောဂါပျောက် စေချင်သည့် စေတနာဖြင့် အကုန်အကျ ခံပြီး မကုသတော့ရန် ဆုံးဖြတ် လိုက်ကြ သည် ။ ဝေဒနာ မခံစားရအောင် နှင့် သက်သောင့်သက်သာ အသက်ထွက် သွားအောင် သာ အကုန်အကျ ခံကြစို့လို့ သဘောတူ ဆုံးဖြတ်လိုက်ကြသည် ။

ကိုအဏ္ဏဝါ သည် သူ့ ဇာတိတောရွာ မှာ လယ်လုပ် နေသည့် သူ့ အဒေါ် ကို သတိရလာသည် ။ အဒေါ် သည် ကိုအဏ္ဏဝါ အဖေ ၏ နှမအငယ်ဆုံး နှင့် တစ်ဦး တည်းသော နှမ လည်း ဖြစ်သည် ။ ကိုအဏ္ဏဝါ ကို ချီပိုး ထိန်းကျောင်းခဲ့ သူလည်း ဖြစ်သည် ။ အတိအကျ ပြောရလျှင် ကိုအဏ္ဏဝါ ကို အလွန် ချစ်သော အဒေါ်ဖြစ်သည် ။ ကိုအဏ္ဏဝါ ကို သာမက သူ့အစ်ကို ( ကိုအဏ္ဏဝါ ၏ အဖေ ) လူမမာ ကို လည်း အလွန် ချစ်ကြောက် ရိုသေသူ ဖြစ်သည် ။ တောသူ လယ်သမား ပီပီ အလွန်ရိုးသည် ။ တစ်နေ့ ကို ထမင်းနှစ်နပ် စားရပြီး တစ်လ မှာ တစ်ကြိမ် ဘုန်းကြီးကျောင်း ကို ဆွမ်း တစ်ပွဲ ပို့နိုင်လျှင် လူ့ ဘဝ မှာ လူ ဖြစ်ရကျိုး နပ်ပြီလို့ ယုံကြည် လက်ခံထားသူ ဖြစ်သည် ။ ကိုအဏ္ဏဝါ ၏ အဒေါ် ယောက်ျား ဦးလေး သည် လည်း ဒီလို လူမျိုးပင် ဖြစ်သည် ။ ရန်ကုန်မြို့ ဆိုတာ ဘယ်အနား မှာ ရှိမှန်း မသိ ။ ရွှေတိဂုံဘုရား ဆိုတာ စေတီ လား ၊ ရုပ်ပွားတော် လား ခွဲခြားပြီး မသိသူတွေ ဖြစ်သည် ။

အဖေ ၏ အခြေအနေ သည် နောက်ဆုံး အခြေအနေ ဖြစ်နေပြီး သေမည့် နေ့ ကို စောင့်နေရသည့် အချိန် ဖြစ်သည် ။ အဖေ သည် လည်း သူ့ နှမ ကို တွေ့ ချင် ပေလိမ့်မည် ။ အဒေါ် သည်လည်း အဖေ ဒီလို ဖြစ်နေပြီ ဆိုတာကို သိလျှင် ရန်ကုန် ကို လာပြီး သူ့အစ်ကို ကို နောက်ဆုံး အနေဖြင့် ကြည့်ချင် မြင်ချင် ပေလိမ့်မည် ဟု ကိုအဏ္ဏဝါ  တွေးမိသည် ။ မိသားစု ရန်ကုန် ကို လိုက်လာကြရန် လမ်းစရိတ် တင်ပို့လိုက်မည် ဟု ကိုအဏ္ဏဝါ ဆုံးဖြတ်လိုက်သည် ။

တစ်ပတ် ဆယ်ရက်ခန့် အကြာ မှာ ဦးလေး ၊ အဒေါ် နှင့် သူတို့ သားအငယ်ကောင် တို့ ကိုအဏ္ဏဝါ ၏ အဖေ နေထိုင်ရာ သာကေတမြို့ ကို ရောက်လာကြသည် ။ ကိုအဏ္ဏဝါ ၏ အဒေါ် သည် သူ့ အစ်ကို ၏ ရုပ်လက္ခဏာ ကို ကြည့်ပြီး စိတ်ထိခိုက် သွားဟန် တူသည် ။ ရှိုက်ကြီးတငင် အားရအောင် ငိုလိုက်သည် ။ လူမမာ ၏ အခြေအနေ က မျက်တွင်း ဟောက်ပက် ဖြစ်နေသည် ။ မကြာခဏ ချောင်းဆိုးသည် ။ ခက်ခဲစွာ အသက်ရှူ နေရသည် ။ ကုသလို့ မရနိုင်တော့ဘူး ၊ သေမည့်နေ့ ကို စောင့်နေရပြီ ဆိုတာ ကို သိသွား၍ ဝမ်းနည်းပြီး ငိုခြင်း ဖြစ်သည် ။

လူမမာ ၏ အခြေအနေ သည် တစ်နေ့ ရွှေ ၊ တစ်နေ့ ငွေ လို့ ပြောရမလို ဖြစ်နေသည် ။ သူ့ နှမ မိသားစု ရောက်လာ တော့မှ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာ ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ရွှင်ရွှင်ပျပျ ပြန်ဖြစ်လာသည် ။ အသုဘ သင်္ဂြိုဟ်ရန် လာသည့် ကိုအဏ္ဏဝါ ၏ အဒေါ် မိသားစု ဟာ လယ်သမား ချောင်းသမား တွေ ဖြစ်လို့ ရန်ကုန်မှာ ကြာကြာ နေလို့လည်း မဖြစ် ၊ လူမမာ က လည်း မသေနိုင် ၊ မသေသေးဘူး ထင်ပြီး ရွာပြန် သွားလို့ မသင်္ဂြိုဟ်လိုက်ရမှာ ကို လည်း စိုးရိမ်သည် ။ ဘာဆက် လုပ်ရမှန်းမသိ ဖြစ်နေကြသည် ။

ကိုအဏ္ဏဝါ ၏ မူလ အစီအစဉ် အရ ကတော့ အသုဘ ရက်လည် ပြီးမှ တော က ဧည့်သည်တွေ ကို ရန်ကုန်မြို့တွင်း မှာ ဘုရားဖူး လိုက်ပို့ပြီး ရွာ ပြန်ခိုင်း၍ ဇာတ်လမ်း သိမ်းရန် ဖြစ်သည် ။ အခုတော့ ကိုအဏ္ဏဝါ ၏ အဖေ က သူ့ နှမ နှင့် ယောက်ဖ ကို ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး ရယ်ရယ်မောမော ပြန် ဖြစ်နေ၍ ဘာ ဆက်လုပ် ရမှန်း မသိ ဖြစ်နေကြသည် ။ ရွာ မှာ ပစ်ထားခဲ့ရသည့် အလုပ်တွေ ကို သတိရ နေကြသည် ။ မနယ်ရသေးသည့် စပါးတွေ တလင်း မှာ ပုံထားခဲ့ရသည် ။ အချိန်မီ မသိမ်းနိုင်လျှင် တလင်း မှာ အစို့ ပေါက်ကုန်မည် ဖြစ်သည် ။ အချိန်မီ စပါး သိမ်းနိုင်ရန် ရွာ ပြန်ချင် နေကြသည် ။

ကိုအဏ္ဏဝါ ၏ အဖေ ကိုယ်တိုင် က သူ့ နှမ မိသားစု ကို ဘုရားစုံ ဖူးစေချင်သည် ။ အဖေ ရွှင်ပျလန်းဆန်း နေသည့် နေ့ တစ်နေ့ မှာ ရန်ကုန်မြို့တွင်း က ရှိသမျှ ဘုရားတွေ ကို ကိုအဏ္ဏဝါ ကိုယ်တိုင် လိုက်ပို့သည် ။ တန်ခိုးကြီးဘုရားတွေ အပြင် ဘုရားပုစုခရု နှင့် မယ်လမု ပါ မကျန် ဘုရား အကုန် စုံအောင် ဖူးခိုင်း လိုက်သည် ။ တောသူတောင်သား မိသားစုတွေ အကြီးအကျယ် ကျေနပ် သွားကြသည် ။ လူမမာ ကိုလည်း ကျေးဇူး တင်ကြသည် ။ ကိုအဏ္ဏဝါ ကို လည်း ကျေးဇူး တင်ကြသည် ။

လူမမာ က လည်း တော်တော် နဲ့ သေဦးမည့် လက္ခဏာ မတွေ့ ရသည့် အပြင် ဘုရားတွေ လည်း စုံအောင် ဖူးပြီးပြီ ဖြစ်လို့ ပြန်ချင်နေကြပြီ ဖြစ်သည် ။ တလင်း မှာ ပုံထားသည့် စပါးတွေ နေလောင် ကုန်တော့မည် ၊ အစို့ပေါက် ကုန်တော့မည် ဟု ပြောလာကြ၍ လူမမာ ၏ ခွင့်ပြုချက်ဖြင့် ပြန်ခိုင်း လိုက်ရတော့သည် ။ ရွာ က လာကြစဉ် က မသာ သင်္ဂြိုဟ်ဖို့ လာခဲ့ကြတာ ဖြစ်လို့ ကမန်းကတန်း ထွက်လာ ရတာ နဲ့ တောရွာ လက်ဆောင် ဘာပစ္စည်း မှတောင် ယူမလာနိုင်ခဲ့ဘူး ဟု ဆိုသည် ။ အပြန် အတွက် လမ်းစရိတ် ကို လည်း ကိုအဏ္ဏဝါ ကပင် စိုက်ထုတ်ပေးလိုက်ရသည် ။ ဒါပေမဲ့ ကိုအဏ္ဏဝါ ကျေနပ်အောင် မြှောက်မြှောက်ပင့်ပင့် စကား တစ်ခွန်း တော့ ပြောဖော်ရပါသည် ။

“ ငါတို့ လယ်သမား ဆိုပေမယ့် နင့် လောက် ဆန်ကောင်း မစားနိုင်ဘူး မောင်စိုး ရဲ့ ။ ရွာ မှာ ဆိုရင် ငါတို့ ဒီလောက် ထမင်း မစားနိုင်ကြဘူး ။ ရန်ကုန် မှာ ထမင်းစားလို့ အရမ်း ကောင်းတာပဲ ။ ထမင်း ကောင်းတော့ ဘာဟင်း နဲ့ စားစား ဝင်တယ် ”

လူမမာ က လည်း သူ့ နှမ မိသားစု ပြန်သွားပြီး နောက်နေ့ က စပြီး ရောဂါ သည်း လာတော့သည် ။ အသက်ရှူ ကျပ်လာသည် ။ အမော ဖောက်လာသည် ။ အစာ ရေစာ မဝင် ဖြစ်လာသည် ။ အခြေအနေ သည် တစ်နေ့ ထက် တစ်နေ့ ဆုတ်ယုတ် ကျဆင်း လာနေ၍ ဆရာဝန် ကို ပင့်ပြီး ပြကြည့်ရာ ဆရာဝန် က ခေါင်းခါသည် ။ အလွန်ဆုံး ခံလျှင် တစ်ပတ် ဆယ်ရက်ပဲ ဟု ပြောသည် ။ ဆရာဝန် ပြောသည့် အတိုင်း ပင် တစ်ပတ်ခန့် အကြာ မှာ ကိုအဏ္ဏဝါ အဖေ ကွယ်လွန်ပါသည် ။

အဖေ ကွယ်လွန်သွားပြီ ဆိုတော့ အဝေးပြေးဂိတ် ကို သွားပြီး ဒီနေ့ ညနေ ထွက်မည့် ကားဖြင့် စာတိုလေး တစ်စောင် ရေးပို့လိုက်သည် ။ ( နတ်တော်လဆန်း ၂ ရက် ၊ နံနက် ၁ဝ နာရီ မှာ အဖေ ကွယ်လွန်သည် ။ သုံးရက်ထားမည် ) မနက်ဖြန် နံနက်တွင် ဒီ စာ ရွာ ကို ရောက်သွားမည် ဖြစ်သည် ။ မနက်ဖြန် ညနေ ထွက်မည့် ကား ဖြင့် လိုက်လာနိုင်ကြမည် ဆိုပါက သန်ဘက်ခါ နံနက်တွင် ရန်ကုန် ကို ရောက် လာကြမည် ဖြစ်သည် ။ သန်ဘက်ခါ နေ့လယ် ၂ နာရီ မှ အသုဘ ချမည် ဖြစ်၍ အလောင်း ကို မီနိုင်သေးသည် ။

အသုဘ ချပြီးသည် အထိ တော က မိသားစု ရောက်မလာ ကြသောအခါ မအားမလပ်၍ မလာနိုင်ကြတော့ဘူး ဟု ထင်ခဲ့မိသည် ။ သို့သော် နောက်နေ့ မှာ ကိုအဏ္ဏဝါ ၏ အဒေါ် နှင့် ဦးလေး အပါအဝင် ဆွေမျိုးအုပ်စု ဆယ်ယောက် တိတိ အူယားဖားယား ရောက် လာကြသည် ။ အိမ်ပေါ် ရောက်တာ နဲ့ အထုပ်တွေ ကို ပစ်ချ ပြီး အော်ငိုကြသည် ။

“ ညီအစ်ကို မောင်နှမတွေ လာအောင်တောင် မစောင့်ခဲ့တော့ဘူးလား အစ်ကို ရဲ့ ... ဟဲ့ ဟဲ့ ... အဲ့ ၊ ငါ့နှမ ရွာ ကိုပြန်ရင် လိုက်ခဲ့မယ်ဆို ”

“ မြို့ဦးတောင် ဘုရားပွဲ ကျင်းပရင် ရွာ ကို လာမယ်ဆိုလို့ ငါ မျှော်နေတယ် လေ ။ အခုတော့ ငါ့ ကိုတောင် မစောင့်တော့ပါလားဟဲ့ လှအေး ရဲ့ ၊ နှစ်ပေါင်း နှစ်ဆယ် လောက် ကြာအောင် မတွေ့ ရတဲ့ နင့်ကို တွေ့ ချင်မြင်ချင်လို့ နားက နားကပ် ကို ချွတ် ပေါင်ပြီး လမ်းစရိတ် လုပ်လာခဲ့တယ် ။ နင် က ငါ့ ကို မစောင့်ဘဲ သွားပြီပေါ့ ဟော ... ဟော့ ... ဟီး ... အီး ”

“ ရွာက ဒေါ်လှခင် ထုပ်တဲ့ ကောက်ညှင်းထုပ် စားချင်တယ် ဆိုလို့ ဝယ်လာမလို့ လုပ်ထားပြီး မှ မစားနိုင်တော့တဲ့ ဘဝ ဆိုတာ သိလို့ ဝယ်မလာခဲ့တော့ ဘူး အစ်ကို ရဲ့ ... ဟဲ့ ... အဲ့ ... အဲ့ ”

ကိုအဏ္ဏဝါ ၏ ကြီးတော်ကြီး ( အဖေ့ အစ်မဝမ်းကွဲ ) နှင့် အဒေါ်တို့ တစ်လှည့်စီ အော်ငိုကြတာကို ကြားရခြင်း ဖြင့် နားကပ် ပေါင်ပြီး လမ်းစရိတ် လုပ်လာတယ် ၊ အဖေ စားချင်တယ် ဆိုတဲ့ ဒေါ်လှခင် ကောက်ညှင်းထုပ် မဝယ်ဖြစ်ခဲ့ ၊ ရန်ကုန် က အသုဘ ကို သွားမည့် သူတွေ များလွန်းလို့ ကားလက်မှတ် တစ်ပြိုင်တည်း မရ ဖြစ်ခဲ့ရတာတွေ အကုန် ပေါ်လွင် နေသည် ။ အသုဘ လာဖို့အတွက် ရွှေပေါင်ပြီး လမ်းစရိတ် လုပ်လာခဲ့ကြရသည် ဆို၍ ကိုအဏ္ဏဝါ  ဘာလုပ်ရမည် ဆိုတာ သဘောပေါက် သွားသည် ။

အသုဘ ရက်လည် ပြီးမှ ပြန်ကြမည့် ဧည့်သည်တွေ ဖြစ်လို့ နေ့တိုင်း ဆွမ်းသွတ် အလှူ လုပ် နေသလို ချက်ပြုတ် ကျွေးမွေး နေရတော့သည် ။ ရန်ကုန် ကို ရောက်လာ ကြသည့် နေ့မှာ တစ်ယောက် ကို ငါးမိနစ်လောက်စီ ပြောငို ပြီးတဲ့ အချိန်က စပြီး ရပ် အကြောင်း ၊ ရွာ အကြောင်း ၊ ရှေးဟောင်းနှောင်းဖြစ်တွေနှင့် စပါး အကြောင်း ၊ ပဲ ပြောင်း နှမ်းဝါ အကြောင်းတွေ ပြောပြီး စားလိုက်ကြ ၊ အိပ်လိုက်ကြ နေကြတာ ပျော်စရာ ကောင်းသည် ။

ဆွမ်းသွတ်တဲ့ နေ့ မှာ ပင့်သံဃာ ဆယ်ပါး အတွက် နဝကမ္မ နဲ့ သင်္ကန်းအလှူ ပါဝင်ကြဦးမလား လို့ မေးတော့ မကြားယောင် ဆောင်နေကြသည် ။ ဆွမ်းကွမ်း ချက်ပြုတ် နေရလို့ အလုပ် များချင်ယောင် ဆောင် နေကြသည် ။ ကြက်သွန် အခွံနွှာ ၊ ငရုတ်သီး ကူထောင်း နေကြသည့် အုပ်စု က ရန်ကုန် မှာ အနေ ကြာ နေလျှင် ရွှေပေါင် ထားခဲ့သည့် ကိစ္စ ဟာ လဝက်တိုး မက ၊ တစ်လတိုး ပေးရမည် ဖြစ်ကြောင်း ပြောနေကြသည် ။

အလှူ ပြီးလို့ ဧည့်သည်တွေ ပြန်ကြရတော့မည် ဆိုတော့ ကိုအဏ္ဏဝါ က ဘုရားစုံ လိုက် ပို့ပြန်သည် ။ အဖေ မသေမီက ရန်ကုန် ကို ရောက်ဖူးပြီးဖြစ်သည့် အဒေါ် နှင့် ဦးလေး လင်မယား က ခရီးလမ်းညွှန် ပုံစံဖြင့် မရောက်ဖူးသူတွေကို ရှင်းပြနေသည် ။ အတော့် ကို ပျော်ရွှင်နေတာ တွေ့ ရသည် ။ အခုမှ ရန်ကုန်မြို့ ကို ရောက်ဖူးသူတွေ ကလည်း ရန်ကုန်မြို့ ကို ရောက်ဖူးရုံ သာမက ဘုရားစုံ ဖူးရလို့ ကိုအဏ္ဏဝါ ၏ အဖေ ကွယ်လွန်သူ ကို ကျေးဇူးတင်ကြောင်း ပြောကြသည် ။

“ ငါတို့ လည်း လှအေး သေလို့သာ ရန်ကုန် ကို ရောက်ဖူးတော့တယ် ။ ဒီ ဘဝ မှာ ရွှေတိဂုံဘုရားကြီး ကို မဖူးရတော့ဘူး လို့ ထင်နေတာ ။ လှအေး ရဲ့ ကျေးဇူးကြောင့် ဖူးရပြီ ”

မြို့တွင်း က ဘုရားစုံ ဖူးပြီး ပြန်တော့ ကိုအဏ္ဏဝါ က စေတနာ လွန်ပြီး ပဲခူး ကို နေ့ချင်းပြန် ပို့ပေးပြီး ရွှေဆံတော်စေတီ နှင့် ရွှေသာလျောင်းရုပ်ပွားတော်ကြီး ကို ဖူးစေပါသည် ။ ဘုရားကြီး ရွှေသင်္ကန်း ကပ်လှူရန် အလှူခံပုံး ထဲကို ကျပ်တန် တစ်ရွက်စီ ထည့်လှူကြတာ တွေ့ ရသည် ။ အလှူ ထည့်တော့မည် ဆိုလျှင် ပိုက်ဆံနှိုက် တာ အတော် ကြာကြသည် ။ ထဘီ ကို ဖြေရသေးသည် ။ အပေါ် အင်္ကျီ ရဲ့ အောက် က ဘော်လီချွေးခံအင်္ကျီ အိတ်ထဲမှာ တွယ်ချိတ် နဲ့ ပိတ်ထည့် ထားသည့် ပိုက်ဆံအလိပ် ကို ဖြေရသည် ။ အလိပ် ထဲက အရွက် အသေးဆုံး နဲ့ တန်ဖိုးအနည်းဆုံး ကို မျက်ခွံ ရှုံ့ မှေးပြီး ရွေးရတာ ကြာ နေတတ်သည် ။ ဝမ်းသာအားရ ပြော ကြသည် ။

“ ငါ့မောင် မောင်လှအေး ရဲ့ ကျေးဇူးကြောင့် ကုသိုလ် လည်း ရ ၊ ဝမ်း လည်း ဝ ဖြစ်ရတယ် ။ ငါ့မောင် ကောင်းရာ သုဂတိ ရောက်ပါစေလို့ မေတ္တာပို့ ဆုတောင်းခဲ့တယ် ဟေ့ ... ”

အသုဘ လာကြသည့် ဆွေမျိုးတွေ ရွာ ပြန်ကြတော့မည် ဆိုတော့ အပြန် စရိတ် အားလုံး အတွက် ကုန်ကျငွေ သုံးထောင်ခန့် ကို အသုဘ တာဝန်ခံ ကိုအဏ္ဏဝါ က တာဝန် ယူ လိုက်ရသည် ။ ရွာ ပြန် ရောက်လျှင် နားကပ် ရွေးစရာ ပိုက်ဆံ မရှိသည့် ကြီးတော်ကြီး အတွက် ငွေတစ်ထောင် သီးသန့် ပေးလိုက်ရသေးသည် ။ ကိုအဏ္ဏဝါ ၏ ဇနီး မဖြူတုတ် ကတော့ စာရင်း တွက်သည် ။

“ အသုဘစရိတ် ထက် အသုဘ လာပို့သူတွေရဲ့ စရိတ် က ပိုများတယ် ”

အခြေအနေ အရပ်ရပ် ကို အကဲခတ်မိဟန် တူသည့် ကိုအဏ္ဏဝါ ၏ အမေ က သူ့ ယောက်မ မိသားစု ကို စေတနာ ပါလေဟန် အသံဖြင့် နွားမုန်းခြံထုတ် လုပ်ကြည့်သည် ။

“ နင်တို့ လည်း လာရ ၊ ပြန်ရ နဲ့ ဒုက္ခ ရောက်ပါတယ် ။ ငါ့ အလှည့် ကျရင် တော့ မလာကြပါနဲ့တော့ကွယ် ။ အကုန်အကျ လည်း များပါတယ် ”

“ ဟဲ့ ... မကျေးဥ ၊ နင် ဘယ်လို စကား ပြောတာလဲ ။ နင် ဟာ ငါ့ ယောက်မ ဆိုပေမယ့် ငါ့ ညီမ ဆိုရင် မမှားဘူး ။ လှအေး မရှိတော့လို့ နင့် ကို အရေးမစိုက် တော့ဘူးလို့ ငါတို့ အပြော မခံနိုင်ဘူးဟေ့ ”

ကိုအဏ္ဏဝါ ၏ အမေ ပါးစပ်ပိတ် သွားသည် ။ ရန်ကုန် မှာနေကြသည့် ကိုအဏ္ဏဝါ တို့ မိသားစု ထဲက တစ်ယောက် ယောက် သေတိုင်း အသုဘ ပို့ဖို့ လာကြတော့မှာ သေချာသည် ။ ဆွေစိတ်မျိုးစိတ် ဖြင့် အသုဘ ပို့ချင်တာ ကို လာမပို့နဲ့ လို့ ပြော မဖြစ်သည့် အတွက် ဘာမှ မပြောဘဲ နေလိုက်ရတော့သည် ။

ကိုအဏ္ဏဝါ ၏ အဖေ သေပြီး ( ၇ ) နှစ် ကြာပြီး မှ ကိုအဏ္ဏဝါ ၏ အမေ သေပါသည် ။ သေပြီ ဆိုတော့ ဝတ္တရား အရ ရွာ က ဆွေမျိုးတွေ ကို အကြောင်း ကြားရသည် ။ လမ်းပန်း ဆက်သွယ်ရေး ကလည်း ပိုမို ကောင်းမွန် နေပြီ ဖြစ်လို့ နောက်တစ်နေ့ မိုးလင်းတာ နဲ့ ရောက်လာကြပြီး အလောင်းမီကြသည် ။ အသုဘ လိုက် ပို့နိုင်ကြသည် ။ အသုဘ ချပြီးတဲ့ ညနေ က စပြီး ဧည့်သည်တွေ နှင့် အိမ်ရှင် တွေ ဟာ သေသူတွေ အကြောင်း ၊ မသေသေးသူတွေ အကြောင်း ၊ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောပြီး တဝါးဝါး ၊ တဟားဟား ဖြင့် စားလိုက်ကြ ၊ အိပ်လိုက်ကြ ၊ ပျော်နေကြသည် ။

အသုဘရက်လည် ပြီးလို့ ပြန်ကြတော့မည် ဆိုတော့ ကိုအဏ္ဏဝါ ၏ အဒေါ် က ဒီ အနီးအနား မှာ မဖူးရသေးတဲ့ ဘုရား ဘာဘုရား ကျန်သေးလဲ ဟု မေးလာ သည် ။ သန်လျင် ၊ ကျောက်တန်း ရေလယ်ဘုရား ကို သွားမလားလို့ မေးတော့ သွားမည်ဆို၍ လိုက် ပို့ရပြန်သည် ။ ရန်ကုန်မြို့ အနီးအနား မှာ ဖူးစရာ ဘုရား မရှိတော့ သော်လည်း ရွာကို မပြန်သေး ဟုဆိုသည် ။ စပါးသိမ်းပြီးခဲ့ပြီ ဖြစ်လို့ ရန်ကုန် မှာ အေးအေးဆေးဆေး နေလို့ရသည် ဟု ဆိုပါသည် ။ ကိုအဏ္ဏဝါ ၏ သမီးတွေ ထဲက တစ်ယောက် က နောက်ပြောင် ပြီး ပြောသည် ။

“ ဘွားဘွားလေး ကျိုက်ထီးရိုး ကို တစ်ညအိပ် သွားပါလား ”

“ ဟယ် ... တစ်ညအိပ် ဆိုရင်တော့ သွားချင်တယ် သမီးရယ် ၊ ဘွားလေး က အဝေးကြီး ထင်လို့ မပြောတာ ။ ဟဲ့ ... မောင်စိုး ၊ ကျိုက်ထီးရိုးဘုရား ပို့ပေးစမ်း ”

ကဲ ... ဘာတတ်နိုင်မလဲ ၊ ကျိုက်ထီးရိုးဘုရား ကို ပို့ပေးရတော့သည် ။ ကျိုက်ထီးရိုးတောင်ပေါ် တက်ပြီး ကျိုက်ထီးရိုး ကို ဖူးပြီးပြီ ဖြစ်လို့ သူတို့ ဘဝ မှာ သေပျော်ပြီ ဟု ဆိုသည် ။ သူတို့ ရွာ မှာ ကျိုက်ထီးရိုးဘုရား ဖူးဖူးသူ မရှိသလောက် ရှားသည် ဟု ဂုဏ်ယူ ပြောဆိုနေသည် ။

ထုံးစံအတိုင်း အသုဘ ပို့သူတွေ အတွက် ရွာအပြန် လမ်းစရိတ် ကို ကိုအဏ္ဏဝါ  ကပင် ကုန်ကျ ခံလိုက်ရ ပြန်သည် ။ ဧည့်သည်တွေ ပြန်ကြမည့် နေ့က ကားဂိတ်ကို ဆင်းခါနီး မှာ ကိုအဏ္ဏဝါ ကို ကျေးဇူးတင်စကား ပြောသည် ။

“ ကျေးဇူးတင်တယ် မောင်စိုး ရယ် ၊ နင့် အဖေ နဲ့ အမေ သေလို့သာ ငါတို့ လည်း ရန်ကုန် ကို ရောက်ဖူးပြီး ဘုရားစုံ ဖူးရတော့တယ် ။ မန္တလေး က မဟာမြတ်မုနိ နဲ့ ပုဂံ ကဘုရားတွေ ကို ဖူးချင်သေးတယ်ကွယ် ”

အတော် စိတ်ပျက် နေပုံရသည့် ကိုအဏ္ဏဝါ ၏ ဇနီး မဖြူတုတ် က ကိုအဏ္ဏဝါ ကို မျက်စောင်းထိုး ကြည့်သည် ။ ဒီတစ်ခါ ရှင့် အလှည့်ပဲ လို့ ပြောချင်ပုံ ရသည် ။ ကိုအဏ္ဏဝါ အသားတွေ ပူပြီး အဖျား တက်ချင်သလို ဖြစ်သွားသည် ။

▣  အဏ္ဏဝါစိုးမိုး
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဒီဇင်ဘာလ ၊ ၂၀၀၃ ခုနှစ်

No comments:

Post a Comment