❝ ကိတ္တိမသား ❞
( မင်းဝေဟင် )
( ၁ )
ပေါက်ပွင့်တွေ ၊ စိန်ပန်းနီပွင့်တွေ နဲ့ တန်ဆာဆင်ထားတဲ့ ရွာကလေး ရဲ့ နွေ တစ်နေ့ဟာ အနီရောင် ကန့်လန့်ကာကြီး တစ်ချပ်ဖြန့်ခင်းထားသလို အဆုံးအစမဲ့ နီမြန်းနေတယ် ။ ဝန်းကျင် တစ်ခုလုံး အပူဓာတ်တွေ ကူးစက်နေပုံ ကလည်း ရေကန် ထဲက ရေတွေတောင် အခု ချက်ချင်းကြီး ဆူပွက် လာတော့မယ့် အတိုင်း ။ သဲတရှပ်ရှပ် ဖြစ်နေတဲ့ ရွာလယ်လမ်းလေး ကို နေသာထိုင်သာ ရှိသွားအောင် တော့ နွေလေရူး က လည်း ဘယ် လာပြီးတတ်နိုင်ပါမလဲလေ ။ အထက်က ပူ ၊ အောက် က ပူနဲ့ ဘိန်းမုန့် ဖုတ်ခံ ထားရသလို ရွာကလေး ရဲ့ အလယ်ခေါင်တည့်တည့်မှာ တော့ ရာသီဥတု နဲ့ သဟဇာတ မဖြစ်လှစွာ အလှူဗြောသံလေး က ငြိမ့်ငြိမ့်ညောင်းညောင်း သံရှည် ဆွဲလို့ ။
အဲဒီ အလှူဗြောသံ နောက်မှာ ထပ်ကြပ်မကွာ ကပ်ပြီးပါလာတဲ့ အသံ တွေ က တစ်ချီ ၊ တစ်ချီ ဆိုရင် ဗြောသံ ကို တောင် ဖုံးလွှမ်း လောက်အောင် စူးရှနေတယ် ။ ပြေးသူ က ပြေး ၊ အော်သူ က အော် ၊ အသံမျိုးစုံ နောက်ခံ နဲ့ ရွာကလေး ဟာ ရုပ်လုံးကြွ နေတယ် ။ ဘယ်လိုပဲ ခေါ်ခေါ် သူတို့ ခေါ် နေတဲ့ သူ ကတော့ အစအန တောင် မတွေ့ရပါဘူး ။
“ ကိုဆယ်ပြား ရေ ... ကိုဆယ်ပြား ”
“ ဦးဆယ်ပြား ရေ ... ဗျို့ ဦးဆယ်ပြား ”
အရွယ်မျိုးစုံတို့ ရဲ့ ခေါ်သံမျိုးစုံဟာ ဟိုမှ သည် မှ ပဲ့တင်ထပ် နေတယ် ။ ခေါ်သူပေါင်း များစွာ ဆီက ထွက်နေတဲ့ အသံမျိုးစုံ ဟာ ရောထွေး နေတဲ့ အတွက် ပီပီပြင်ပြင် မဟုတ်လှ သလို ၊ ပြေးလွှားနေတဲ့ လူအုပ် ကြောင့် ရွာလယ် လမ်းမကြီး ဟာ လည်း မြင်ကွင်းတွေ မသဲကွဲတော့ဘဲ တစ်ကယ့် လှည်းလမ်းမကြီးအတိုင်း ဖုန်တထောင်းထောင်း ကို ထ လို့ ။
“ ဪ ... ဒုက္ခပါပဲ ။ ဒီအလှူရှင် ဆယ်ပြား နှယ် အလှူတရား နာခါနီးမှ ”
အရီးမြ က သူ့ စကား ကို အဆုံးမသ,တ်ဘဲ ၊ ဟိုသည် အကြည့်တွေ ရွှေ့ လို့ ပျောက်နေတဲ့ ဆယ်ပြား ဆိုတဲ့ လူ ကို တတပ်တအား ကူပြီး ရှာကြည့်တယ် ။
“ ဘယ်လို ဖြစ်တာပါလိမ့် ” ဆိုတဲ့ အတွေး ကို အရီးမြ က ဆက်ပြီး တွေး ကြည့်တော့ အဖြေ ဟာ အရီးမြ ခေါင်းထဲ မှာ အဆင်သင့်ဖြစ်လာတယ် ။
“ ဒီကိစ္စ သာခင့် ကို မေးရင် ပြတ်ပြီပေါ့ ”
အရီးမြ က ဒီလို တွေးရင်း ပျောက်နေတဲ့ အလှူရှင် ကိုဆယ်ပြား ကိုလည်း ကူပြီး ရှာဖို့ အစီအစဉ် မရှိတော့ပါဘူး ။ နဂိုမူလ ရည်ရွယ်ချက် ဖြစ်တဲ့ အလှူအိမ် ကို သွားလို့ တရားနာ ဖို့ ပဲ ပြင် လိုက်တယ် ။ ခြေလှမ်းတွေ ကို ခပ်သုတ်သုတ် ပြင်ရင်း အလှူအိမ် ရောက်မှ သူ့ ရဲ့ မောင် ဖြစ်တဲ့ “ သာခင် ” ကို တိုးတိုးတိတ်တိတ် ကျိတ် မေးလို့ ဆယ်ပြား အကြောင်း စုံစမ်းမယ် လို့ လည်း တွေး လိုက်သေးတယ် ။ သာခင် ဆိုတာက အခြားသူ မှ မဟုတ်တာ ။ အလှူရှင် ဆယ်ပြား ရဲ့ ယောက္ခမ ကိုး ။
မနက်ကြီး က အလှူအိမ် ကို အရီးမြ တစ်ခေါက် ရောက်တယ် ။ ဒီ ကတည်း က အလှူရှင် ဆယ်ပြား ရဲ့ မျက်နှာ သုန်သုန်မှုန်မှုန် နဲ့ မကြည်လင် တဲ့ မျက်ဝန်းတွေ ကို အကဲတော့ ခတ်မိသား ။ အလှူရှင် ကိုဆယ်ပြား ရယ် က အရင်နေ့ ညနေ က မှ သင်္ကန်းစည်း လိုက်တဲ့ သူ့ သား ကိုရင် ကို တွေ တွေကြီး ကြည့်လို့ သက်ပြင်းတွေ ၊ သက်မတွေ တစ်လှေကြီး ခိုးချနေတာ တွေ့ခဲ့ လိုက်တယ်လေ ။
ဒီကတည်း က အရီးမြ က “ ဟဲ့ သာခင် နင့် သမက်ကို ကြည့်ထိန်းဦး ၊ အလှူက ပြီးသေးတာ မဟုတ်ဘူး ။ နေ့လည်မွန်းလွဲ တစ်ချက်တီး ကို တရားနာရေ စက်ချရဦးမှာ ” လို့ မောင် ဖြစ်တဲ့ သာခင် ကို တိတ်တိတ် ကြိတ်မှာ ရသလို ။
“ ဟဲ့ ဆယ်ပြား ရဲ့ ... ဒီ အလှူ က နင့် ရဲ့ အလှူ ဟဲ့ ၊ ထန်းရည်စော် ကလည်း နံလိုက်တာ ၊ ထန်းရည် က သောက် ထားရသေးလား ။ နေ့လည်ကျ အလှူရေစက် ချရမှာ နော် ။ အလှူ ကို ထန်းရည် နဲ့ ရေစက်ချ လို့ မရဘူးဟဲ့ ... ” ဆိုပြီး အခြား အလှူ လာတဲ့ လူတွေ မသိအောင် ပါးစပ် က လည်း ခပ်အုပ်အုပ် ပြောလို့ ၊ ပတ်ဝန်းကျင် ကို ဝေ့ကနဲ တစ်ချက်ကြည့် ။ လူ လစ်လောက်ပြီ ထင်တော့ ဆယ်ပြား ရဲ့ ခေါင်း ကို ဒေါက်ကနဲ တစ်ချက် ခေါက်ချခဲ့သေး တာ ။
အလှူရှင် မို့ လို့ ရှိန် နေစရာ လည်း မလိုဘူးလေ ။ ဆယ်ပြား ဆိုတာက ငယ်ငယ်လေး ကတည်းက ငယ်မွေး ခြံပေါက် ကိုး ။ အဲလို ငယ်မွေးခြံပေါက် မို့လို့ လည်း ဆယ်ပြား အကြောင်း ကို အရီးမြ က ခရေစေ့တွင်းကျ သိ ထားတယ် ။ ကုန်ကုန် ပြောရရင် ဆယ်ပြား ရဲ့ စိတ်ထဲ ဘာတွေ ရှိနေပြီ ဆို တာက အစ ၊ အရီးမြ နဲ့ သူ့ မောင် ဦးသာခင် က သိနေကြ တာလေ ။ ဒါကြောင့် ဒီနေ့ မနက် ဖြစ်နေတဲ့ အလှူရှင် ကိုဆယ်ပြား ရဲ့ မျက်ဝန်းနက်နက်တွေ ၊ အကြည့်စူးစူးတွေ ။
“ အို... ဆယ်ပြား ဖြစ်နေတဲ့ မျက်ဝန်းတွေ က ဒီနေ့ရယ် မှ မဟုတ်ပါ ဘူး ။ ကြာနေပြီ ။ အတော်လေး ကို ကြာနေခဲ့ပါပြီ ... ”
အရီးမြ ရဲ့ နောက်ဆက်တွဲ အတွေးတွေ က ဘာကို စိတ်ပူရမှန်း မသိအောင် တစ်ခုခု ကို စိတ်ပူ လာစေတယ် ။ အလှူတရား နာခါနီးမှ ဆယ်ပြား ရယ် က ပျောက်ရတယ်လို့ ။
“ အို ... နောက်မှ ဖြစ်လာမယ့် ဟာတွေ အသာထား ၊ ဒီနေ့လည် တရားနာ ၊ ရေစက်ချ ပြီးလို့ အလှူလေး ဖြစ်မြောက် သွားရင်ပဲ တော်လှပါပြီ ”
အတွေးစ ကို ဖြတ်လို့ ၊ သဘက်ကလေး ခေါင်းပေါ် တင်ပြီး အလှူအိမ် ဘက် ကို အရီးမြ ခပ်သုတ်သုတ် နှင် တယ် ။ ရှေ့ တူရှူ က ဗြောသံ နဲ့ အနော က်ဘက် ဆီက လူသံတွေ ကတော့ အရီးမြ ရဲ့ အာရုံ နဲ့ အပြိုင် အသံမျိုးစုံ ထွက် နေဆဲပဲ ။
oooooooooooo
( ၂ )
ဒီ အလှူပွဲ ကို လုပ်မယ်လို့ စပြီး ပြောခဲ့တာကလည်း အလှူရှင် ဆယ်ပြား ပါပဲ ။ ဒီတုန်းက အရီးမြ နဲ့ အလှူရှင် ဖြစ်လာမယ့် ဆယ်ပြား ရဲ့ ယောက္ခမ ဦးသာခင် က ပဲ အလှူ အတွက် စီစဉ်စရာ ရှိတာတွေ စီစဉ်လို့ အစစ အရာရာ ဦးဆောင် ပေးခဲ့ရတာ ။ ဦးသာခင် ရဲ့ သမီး ၊ ဆယ်ပြား ရဲ့ မိန်းမ အေးရီ က ငယ်ငယ် ကတည်းက ဘာ တစ်ခု ဖြစ်မြောက်အောင် စီစဉ် တတ်တာမှ မဟုတ်တာ ။ ဦးသာခင် ရဲ့ ဇနီး ဆုံးတော့ ဦးသာခင် ရဲ့ အစ်မ အပျိုကြီး အရီးမြ ကပဲ နှစ်အိမ့်တစ်အိမ် ကူးလို့ အေးရီ ကို စောင့်ရှောက် လာခဲ့ရတာ ။ ဒီနေ့ အထိပဲ ဆိုပါတော့ ။
ဆယ်ပြား ဆိုတာ ကတော့ အေးရီ ထက်တောင် ပိုလို့ ဆိုးပေါ့ ။ ဆယ်ပြား ဆိုတဲ့ နာမည် ရလာတာကို ပဲ ကြည့် ။ အစက သူ့ နာမည် က ဆယ်ပြား မဟုတ်ပါဘူး ။ ငယ်ငယ် ကတည်းက သူများ တွေ လို ဦးနှောက်ဉာဏ်ရည် က မဖွံ့ဖြိုးလေတော့ ကလေးတွေ ကြားထဲ “ ဆယ်ပြား ၊ ဆယ်ပြား ” နဲ့ နောက်ပြောင် ခေါ်လို့ ဘာ ကြာမတုန်း ။ နာမည်အရင်း လှမောင် ဆို က စုန်းစုန်းမြုပ်ကရော ။
ဆယ်ပြား ရဲ့ အဖေ က ဦးသာခင် တို့ အိမ် မှာ သူရင်းငှား လာ လုပ်တော့ ဆယ်ပြား အသက် ရှိလှ ခြောက်နှစ် ၊ ခုနစ်နှစ် ပေါ့ ။ အဲဒီ ကတည်း က ဦးသာခင် တို့ အိမ် ကို ဆယ်ပြား ရောက် လာလိုက်တာ ဆယ်ပြား အဖေ လည်း ဆုံးရော ၊ ပြန်စရာ နေရာ မရှိတဲ့ ဆယ်ပြား ၊ ဆယ်ကျော်သက် အရွယ် မှာ ပဲ ဦးသာခင် အိမ် သောင်တင်ကရော ဆိုပါတော့ ။
အစပိုင်း အရွယ်ကလေးတွေ ရောက်လာတော့ ဆယ်ပြား နဲ့ အေးရီ တစ်ခုခု ဖြစ်သွားမှာ ကို ဦးသာခင် တို့ စိုးရိမ်လိုက်ပုံများ ပြော မနေပါနဲ့ တော့ ။ အရီးမြ ဆိုတာ က ပိုလို့ တောင် ဆိုးပေါ့ ။ အေးရီ က အူတူတူ ၊ အတတ ဆို ပေမယ့် လယ် နဲ့ ချောင်း နဲ့ ဆိုသလို မဟုတ်လား ။ ဆယ်ပြား လို တစ်ကောင်ကြွက် ၊ တစ်မျက်နှာ အပြင် ရူးနှမ်းနှမ်း ကျပ်မပြည့်ကောင် နဲ့ ဘယ် လာ သဘောတူလိမ့်မတုန်း ။ သူတို့ က သာ စွေ့စွေ့ခုန် သဘော မတူကြ ၊ တစ်ခုခု ဖြစ်မှာ ကိုစိုး ရိမ်ကြ ဖြစ်နေကြပေမယ့် ဆယ်ပြား နဲ့ အေးရီ က တော့ အေးဆေးပါပဲ ။
ဆယ်ကျော်သက်တွေ သာ ဖြစ်လာတယ် ။ ဆယ်ပြား က ရွာရိုးကိုးပေါက် မှာ ကလေး တစ်အုပ်နဲ့ လောက်စာလုံး ခေါင်ပုံကဲ ၊ သားရေကွင်းပစ်တမ်း ကစားလို့ အားမရသေး သလို ၊ အေးရီ က လည်း ဟင်းတစ်မယ် မပြော နဲ့ ထမင်းအိုးတ စ်လုံး တောင် ဖြောင့်အောင် မတည်နိုင်သေးပါဘူး ။ ထမင်းအိုး တင် မဟုတ်ပါဘူး ။ အေးရီ တို့ က ဘာ တစ်ခုမှ ကို ဖြောင့်အောင် မလုပ် တတ်တာ ။ တစ်ခုခု လုပ်ခိုင်း ကြည့် ။ ဘာ တစ်ခု မှ ကို ရေရာတယ် မရှိပါ ဘူး ။ “ နေ့ မမြင် ၊ ည ကန်း ၊ မနက် စမ်းတဝါးဝါး ” ဆို သလိုကိုး အေးရီ တို့ က ထူးချွန်တာ ။ ပညာရေး ဘက် တော်သလား ဆိုတော့လည်း ခုနစ်တန်း သုံးခါကျ ဆိုတဲ့ အစား ထဲ မှာ အေးရီ တို့ က ထိပ်ဆုံး က ဖြစ်နေပြန်ရော ။
အဲဒီလို အူတူတူ အတတ အေးရီ နဲ့ ၊ ရူးနှမ်းနှမ်း ဆယ်ပြားတို့ အခြေအနေ က ဘာမှ မထူးခြားပေမယ့် လူကြီး နှစ်ယောက် ကတော့ စိတ် ပူမြဲ ပူ နေကြတုန်းပါပဲ ။ တကယ် လည်း သူတို့ နှစ်ယောက် ကြို တွေးသလို ဆယ်ပြား နဲ့ အေးရီ က တစ်ယောက် နဲ့ တစ်ယောက် ဘာမှ မဖြစ်ခဲ့ကြပါဘူး ။ ဒါပေမဲ့ ... ။
ooooooooooo
( ၃ )
တဖြည်းဖြည်း နဲ့ အလှူပွဲ က နီး လာလေ ၊ ဆယ်ပြား ရဲ့ မျက်ဝန်းတွေ က ပြောင်း ၊ ပြောင်း လာ သလို ၊ စကား ပြောတာတွေ ကလည်း ရှေ့နောက် အစီအငေါ် မတည့်တော့ပါဘူး ။ ဒီ ကတည်းက တစ်ခုခု ဖြစ်ပြီ ဆိုတာ ကို ဦးသာခင် နဲ့ အရီးမြ က ရိပ်စား မိပြီ ။ လူကြီး နှစ်ယောက် က ဘယ်လိုပဲ ရိပ် စားမိ လည်း အလှူအစ်မ ဒေါ်အေးရီ တို့ ကတော့ ပုံ မပျက်ပါပဲ ။ ဘာကိုမှ မတွေးတတ်သလို ၊ ဘာကို မှ လည်း မတွေးပါဘူး ။
“ ကျုပ် က အလှူဒါယိကာ လုပ်ချင်တာဗျ ။ အခုဟာ က .. ဟင်း ” ဆိုပြီး ဆယ်ပြား တို့ အဆုံး မရှိတဲ့ စကားတွေ ပြော လို ပြော ။ တောရောက် တောင်ရောက် စကားတွေ လည်း ပြောလား ပြောနဲ့ ။ ထန်းရည် မူးလာ တဲ့ နေ့ ဆို ပိုလို့ တောင် ဆိုးသေး ။ အဆိုးဆုံးကတော့ တစ်သက်လုံး ကြောက် လာရတဲ့ အရီးမြ ကို တောင်
“ အရီးမြ မိန်းမ တစ်ယောက် က ငါးလ လောက် ဗိုက်ကြီးရင် မွေး ရောလားဗျ ”
ဒီလို မေးခွန်းမျိုး ကို ကျတော့ ဆယ်ပြား တို့ က မေးလိုက်တာ မှ ဖြောင့် လို့ ။ “ ကျုပ် မသိလို့ မေးတာနော် ” ဆိုတဲ့ စကားပုလ္လင်လေး တောင် ပါလိုက်သေး ။ အရီးမြ တို့ ကတော့ ဒီ မေးခွန်းမျိုး ကို ဘယ် လာပြီး ဖြေလိမ့်မလဲ ။ မျက်လုံး ကို ပြူးသထက် ပြူးအောင် လုပ်လို့ “ ငါ့ ကို ဒါတွေ လာ မေးစရာ လားဟဲ့ ” ဆိုတဲ့ တန်ပြန် မေးခွန်း ကို မေး ၊ လက် တစ်ဘက် က လည်း လေ ထဲမှာ ဝဲလို့ ဒေါက်ကနဲ ဆို ဆယ်ပြား ခေါင်း ကို ပူ သွားအောင် ခေါက် ချပြီး မေးခွန်း ကို အစဖျောက် ပစ်လိုက်တာပေါ့ ။
ဒီ ကတည်း က ဘာမှ ပြန်မဖြေပေမယ့် “ တစ်ခုခု ကို ဆယ်ပြား သိနေ သလား ” ဆိုပြီး လွန်ခဲ့တဲ့ ဆယ်နှစ် ဆီကို အရီးမြ ပြေး ပြီး မြင်ယောင် တော့လည်း ၊ အဲဒီ အချိန် က နေ ၊ အခု အချိန် ထိ ဆယ်ပြား တို့ က အရိုးခံ လေ ။ အခု သားလေး ဆယ်နှစ် ပြည့်လို့ သင်္ကန်းစည်း အလှူ လုပ်တော့မယ် ဆိုကာမှ ဆယ်ပြား တို့ ဖောက်လာတဲ့ ရောဂါ ။ ဒီအကြောင်းတွေ ကို ကြိုပြီး မြင်လို့ လွန်ခဲ့တဲ့ ရှစ်နှစ် ၊ သားလေး နှစ်နှစ်သား လောက် အရွယ် က အေးရီ ကို အရီးမြ ပြောခဲ့သေး တာ ။
“ ဟဲ့ ... အေးရီ ၊ ကလေး နောက် တစ်ယောက် လောက် ထပ်ပြီး မွေးပါ ဦးအေ ... ဆယ်ပြား လည်း သမီးလေး တစ်ယောက် လောက်တော့ ထပ်ပြီး လိုချင်ရှာမပေါ့ ” လို့ ပြောတော့ အေးရီ တို့ က ဘာ ပြန် ပြောတယ် မှတ်လဲ ။
“ ကလေး တစ်ယောက် မွေးတယ် ဆိုတာ လွယ်တာ မဟုတ်ဘူး အရီးမြ ရဲ့ ။ ဗိုက် ကြီးရတာ ကို က လွယ်တဲ့ ကိစ္စ မှ မဟုတ်တာ ။ မယုံရင် အရီးမြ ဗိုက်ကြီး ကြည့်ပါလား ” တဲ့ ။
အဲဒီလို ကို ခံပြောတာ ။ အခြား ကိစ္စတွေမှာ သာ အေးရီ တို့ အ,ချင် အ, မယ် ။ ဆေးထိုးဆေးသောက် ကျတော့ အချိန် ကို မှန်လို့ ။ အခု အချိန်ထိ နောက်ထပ်ကလေး ထပ် မရတာပဲ ကြည့် ။ ဒီတော့ အရီးမြ လည်း ဘာ ဆက် ပြောလို့ ရမတုန်း ။ အခုလိုမျိုး လည်း ဆယ်ပြား တို့ က ဖြစ်လာသေး တာ မှ မဟုတ်တာ ။ အရီးမြ ပါးစပ် ပဲ ပိတ် ထားလိုက်တာ ပေါ့ ။ အခု ကျမှ သာ ဘယ်က ဘယ်လို ဖြစ်လာတယ် မသိဘူး ။ ဆယ်ပြား ရယ် လေ .... ။
“ ငါးလ နဲ့ ကလေး မွေးလို့ ရလား ” ပြော လို့ ပြော ။ အဆိုးဆုံး ကတော့ တစ်ခုခု ကို သိနေတဲ့ ပုံကြီး ။
oooooooooooooo
( ၄ )
ဒီလိုနဲ့ ရေစက်ချ တရားနာ ဖို့ အချိန် က နီးကပ် လာတယ် ။ အလှူရှင် ကိုဆယ်ပြား ကို လိုက်ရှာ တဲ့ ရွာ ထဲ က အဖွဲ့ လည်း စိတ်လျှော့မောပန်းစွာ တပ်ခေါက် လာကြတယ် ။ သူတို့ သဘော က ဆယ်ပြား ကို လည်း ရှာ မနေ တော့ဘဲ ၊ ဦးသာခင် ပဲ ရေစက်ခွက် ကိုင်ပေါ့ ။ ဒီလို သဘော ထား လိုက်ကြ တာ ။ အလှူအစ်မ အေးရီ က တောင် အဲဒီလို လွယ်လွယ် သဘောထားလိုက် နိုင်ပေမယ့် မျက်ဝန်းနှစ်စုံ က တော့ အပြင်းအထန် အလုပ် လုပ် နေဆဲပဲ ။
အလှူမဏ္ဍပ် ဆီ ကို ကြွ လာတဲ့ ရွာဦးကျောင်း က ဘုန်းကြီးတွေ တဖြည်းဖြည်း မဏ္ဍပ် ဆီ ကို နီးကပ် လာပေမယ့် ဆယ်ပြား တို့ ကတော့ အရိပ်အယောင်တောင် မတွေ့သေးဘူး ။ ဘုန်းတော်ကြီးတွေ အလှူအိမ် ရောက်ဖို့ ခြံဝိုင်း ထဲ ဝင်တော့မှ ဆယ်ပြား တို့ က ဘွားကနဲ ကို ပေါ် လာခဲ့တာ ။ မိုးကျရွှေကိုယ် သက်တောင့်သက်သာ ပေါ်လာ တာ တော့ ဘယ် ဟုတ်လိမ့်မလဲ ။
ဝိုင်း ထဲ ကို အဝင်လမ်း မန်ကျည်းပင်ကြီး အောက်မှာ ကောက်ရိုးပုံကြီး တစ်ပုံ ရှိတယ် ။ ဘယ် အချိန် ကတည်း က ထန်းရည် မူးပြီး ကောက်ရိုးပုံ ပေါ် တက် အိပ် နေမှန်း မသိတဲ့ အလှူရှင် ဆယ်ပြား က ဘုန်းကြီးတွေ ကြွလာတာ လည်း မြင်ရော ကောက်ရိုးပုံ ပေါ် က လျှောပြီး ဆင်း လိုက်တာ ။ ကျောင်းထိုင်ဘုန်းကြီး ခြေစုံရင်း မှာ ခွေခေါက်ခေါက်လေး ပေါ့ ။ ပြုတ်ကျ လာတယ် ။ လက်အုပ်ကလေး တောင် ချီ ထားလိုက် သေးရဲ့ ။ ထန်းရည် မူးတဲ့ အရှိန် ၊ ကောက်ရိုးပုံ ပေါ် က ပြုတ်ကျလာတဲ့ အ ရှိန် နဲ့ အလှူရှင် ကိုဆယ်ပြား တို့ တော်တော် နဲ့ တောင် ထ , မလာနိုင်ပါဘူး ။ ရွာသား နှစ်ယောက် တွဲ ထူ ပြီး ခေါ်လာ မှ မဏ္ဍပ် ထဲ ကို ဒယီးဒယိုင် ပေါ့ ။ ဝင်လာကြတယ် ။
နဂို က ရေစက်ခွက် ကိုင်ဖို့ ပြင် နေတဲ့ ဦးသာခင် က အလှူရှင် ဆယ်ပြား ရှေ့ ကို ရေစက်ခွက် ထိုးပေးတယ် ။ တရား နာနေတဲ့ အချိန် ထိ ဆယ်ပြား တို့ ကတော့ မဏ္ဍပ် ထဲ မှာ ခွေခွေခေါက်ခေါက် ပေါ့ ။ ကျောင်းထိုင်ဘုန်းကြီး က လည်း အလှူရှင် ရဲ့ အခြေအနေ ကို ရိပ်စားမိ တော့ တရား ကို ခပ်တိုတို ဟောလို့ ရေစက်ချ ဖို့ လုပ်တယ် ။ အဲဒီမှာ တင် ဘယ်သူမှ မထင်မှတ် ထားတဲ့ အလှူရှင် ကိုဆယ်ပြား ရဲ့ မေးမြန်း လျှောက်တင်ခန်း က ပေါ်လာခဲ့တာ ။ နဂို ကတည်း က ဆယ်ပြား ဖြစ်နေရတဲ့ ကြားထဲ ထန်းရည် က ပါ မူးနေလိုက်သေး တော့ ဆယ်ပြား တို့ အသံ က အထစ်ထစ် အငေါ့ငေါ့ ။ အမှားမှား အယွင်းယွင်း ပေါ့ ။ ဒါပေမဲ့ ဆယ်ပြား လျှောက်လိုက်တဲ့ -
“ ဘယ်လိုသော ပုဂ္ဂိုလ် ဟာ အလှူဒါယိကာ မြောက်ပါသလဲ ဘုရား ”
ဆိုတဲ့ လျှောက်ထားချက် ကို ဘုန်းတော်ကြီး က သဘော ပေါက်ပြီး အနှစ်ချုပ် ဟောတယ် ။
ဘုန်းတော်ကြီး ဟောနေတာတွေ ထဲ က တစ်ချို့ က တော့ ဆယ်ပြား နားထဲ ကြား နေရတယ် ။ မဝင်ပါဘူး ။ ဒါပေမဲ့ ဘုန်းတော်ကြီး နောက်ဆုံး ဟောလိုက်တဲ့ စကားလေး ဟာ ငိုက် နေတဲ့ ဆယ်ပြား ရဲ့ ခေါင်း ကို ဆတ်ကနဲ ထောင်သွား စေခဲ့တယ် ။ မှေးနေတဲ့ ဆယ်ပြား ရဲ့ မျက်ဝန်းတွေ ကို ပြူးကျယ် သွားစေခဲ့တယ် ။
“ ကိုယ့် ရဲ့ သား ပဲ ဖြစ်စေ ၊ ကိတ္တိမ သား ပဲ ဖြစ်စေ ရှစ်ဖြာပရိက္ခရာ စုံလင်စွာနဲ့ သင်္ကန်း စည်းလို့ သာသနာ့ ဘောင် ကို သွတ်သွင်း ပေးနိုင်ခဲ့ရင် ဒကာ ဆိုလိုချင်တဲ့ အလှူဒါယိကာ မြောက်ပါပြီ ။ ဒကာဆယ်ပြား လို ကိုယ့် ရဲ့ သား ကို သင်္ကန်းစည်း အလှူပြု ပေးတာ မဟုတ်ရင် တောင်မှ ၊ ကိ တ္တိမသား ဆိုတဲ့ သူတစ်ပါး ရဲ့ သား ကို သင်္ကန်း စည်း ပေး နိုင်ခဲ့ရင် အလှူဒါယိကာ မြောက်ပါပြီ ”
ဘုန်းတော်ကြီး က ဆယ်ပြား နားလည်နိုင် လောက်တဲ့ စကားတွေ သုံးပြီး ၊ အရိုးရှင်းဆုံး ဟောကြားတယ် ။ ဘုန်းကြီး ရဲ့ စကား အဆုံးမှာ ဆယ်ပြားဆ တ်ကနဲ ခေါင်းထောင် လို့ ရေစက်ခွက် ကို ကိုင်တယ် ။ “ ရေစက် ချလို့ ရပါပြီ ဘုရား ” လို့ လည်း ပြောလိုက်တယ် ။ ပြီးတော့ -
“ ကိတ္တိမသား .... ကိတ္တိမသား ” လို့ လည်း ဆယ်ပြား ပါးစပ် ကနေ ခပ် တိုးတိုး နဲ့ အကြိမ်ကြိမ် ရွတ်နေ သေးတယ် ။
ရေစက်ခွက် ကိုင်ထားတဲ့ ဆယ်ပြား ရဲ့ လက်တွေ တဆတ်ဆတ် တုန် နေတာ ကို ဦးသာခင် နဲ့ အရီးမြ က ပြိုင်တူ သတိထား မိကြတယ် ။ ရေစက် ချနေရင်း ဆယ်ပြား က တစ်ချက် ၊ တစ်ချက် သူတို့ နှစ်ယောက် ကို လှမ်းပြီး ကြည့်တယ် ။ တစ်ခု ခု ကို သဘောပေါက် နေတဲ့ မျက်ဝန်းတွေ နဲ့ လေ ။
ဦးသာခင် နဲ့ အရီးမြ ရဲ့ နား ထဲ ဘုန်းတော်ကြီး ရဲ့ ရေစက်ချ တရားတိုင် ပေးတဲ့ အသံ ကို မကြားရ သလို ၊ ရေစက်ချတရား လိုက် ဆိုနေတဲ့ ဆယ်ပြား ရဲ့ အသံ ကို လည်း မကြားရဘူး ။
ဟိုး ... လွန်ခဲ့တဲ့ ဆယ်နှစ် ဆီက နွေတစ်ည ရဲ့ မြင်းခွာသံတွေ ၊ အိမ် ပေါ်ပြေးတက် လာတဲ့ ဓားမြတွေ ။ ပစ္စည်းတွေ ယူပြီး သမီးလေး အေးရီ ကို ဓားစာခံ ခေါ်သွားတဲ့ မြင်ကွင်း ။ ပြီးတော့ .. အဲဒီ ဖြစ်ရပ်တွေ ရဲ့ နောက်ထပ် လေးလ လောက် မှာ ဆယ်ပြား နဲ့ အေးရီ ကို မင်္ဂလာဆောင် ပေးခဲ့တဲ့ မြင်ကွင်း ။ မြင်ကွင်းတွေ က ဦးသာခင် နဲ့ အရီးမြ ရဲ့ အာရုံ မှာ အစီအရီ တစ်ကန့်စီ ၊ တစ်ကန့်စီ ။
အဲဒီ နောက်ဆုံးမှာ သူတို့ နှစ်ယောက် ထပ်တူ ကြားနေရတဲ့ အသံ က တော့ စောစောက ဆယ်ပြား ပါးစပ် က အကြိမ်ကြိမ် ရွတ်နေခဲ့တဲ့ “ ကိတ္တိမသား ” ဆိုတဲ့ ပဲ့တင်သံ တစ်ခု ပဲ ။
ဒီလိုနဲ့ ပဲ ရေစက်ချတရား ပြီးဆုံးသွားတယ် ။ သင်္ကန်းစည်း အလှူကြီး တစ်ခု ဟာ လည်း အောင်မြင်စွာ ပြီးဆုံး သွားပြီ ။ ဦးသာခင် နဲ့ အရီးမြ တို့ နှစ်ယောက် က တော့ ကြောင်စီစီ အကြည့် နဲ့ ဆယ်ပြား ကို ပြိုင်တူ လှမ်း ကြည့်နေ ကြတယ် ။ ဆယ်ပြား ရဲ့ မျက်ဝန်း အစုံက တစ်ခုခု ကို ကျေနပ် နေတဲ့ ပုံ နဲ့ ထူးခြားစွာ ပြုံးယောင်သန်း နေတယ် ။ ဒါပေမဲ့ ... ရေစက်ချတရားဆုံး သွား ကတည်းက ငိုက်ကျ သွားတဲ့ ဆယ်ပြား ရဲ့ ဦးခေါင်း က တော့ ဘယ် တော့ မှ ပြန်ပြီး ထောင် မလာနိုင်တော့ဘူး ။
◾မင်းဝေဟင်
📖 ရွှေအမြုတေ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၀၇
No comments:
Post a Comment