❝ မင်းတို့ ဉာဏ် တစ်ထွာတစ်မိုက်ရယ်နဲ့ ❞
( ကြူးနှစ် )
မိုးဇော် က ကံတရား ပို့ချရာ အတိုင်း ရန်ကုန်မြို့တော် မှာ တက္ကစီဒရိုင်ဘာ လုပ်စား နေရပေတဲ့ စာဖတ်ဝါသနာ ကြီးလှတဲ့ စာကြမ်းပိုး တစ်ယောက် ပါ ။ ကံကောင်းတာ တစ်ခု က မိုးဇော် မောင်း တဲ့ ( တိုယိုတာ ကော်ရိုလာဗင် ) ကားကလေး ဟာ သူ့ ဦးလေး ပိုင်တဲ့ ကားမို့ ‘ အုံနာကြေး ’ သက်သာပါတယ် ။ တစ်နေ့ တစ်ကြိမ် အုံနာကြေး မသွင်းနိုင်ရင်လည်း သုံးလေးရက် တစ်ပတ် ပေးသွင်းလို့ ရပါတယ် ။ မိုးဇော် ကံဆိုးတာကတော့ မြို့တော် မှာ တက္ကစီ စီးရေ ကလည်း လိုတာ ထက် ပို များလာ ၊ ကားတွေ ထူထပ်သိပ်သည်းပြီး Traffic Jam လို ဖြစ်လာတော့ ကားခေါက်ရေ နည်းလာတာပါ ။ တက္ကစီ ဆွဲရတဲ့ ခေါက်ရေ နည်း လာတော့ ဝင်ငွေ လည်း လျော့ကျ လာတာဟာ အကြောင်းအကျိုး ဆက်စပ်မှုပါပဲ ၊ မရှောင်လွှဲနိုင်တဲ့ ပြဿနာ ဆိုပါတော့ ။
မိုးဇော် က တခြား အလုပ် တစ်ခု ပြောင်း လုပ်ဖို့ စိတ်ကူး ကြည့်ပေတဲ့ လက်ရှိ အလုပ် က တခြား အလုပ်တွေ ထက် ဝင်ငွေ အခွင့်အရေး သာ သလို ဖြစ်နေပါတယ် ။ “ ထိုင်နေ အကောင်းသား ၊ ထသွား မှ ကျိုးမှန်းသိ ” ဆိုတာလို ဒီ တက္ကစီကို လက်လွှတ်ပြီး တခြား အလုပ် ပြောင်းခါမှ အခြေအနေ မဟန် ရင် ‘ မျောက်သစ်ကိုင်းလွတ် ’ ဖြစ်သွားမှာ သူ ဖတ်ဖူးတဲ့ စာ တစ်ပုဒ်ထဲ က ( ဆုပ်မိ ဆုပ်ရာ မလွတ်စေနဲ့ ) ဆိုတဲ့ နီတိစကား ကို မိုးဇော် က အမြဲ သတိရနေတယ် ။ ဆုပ်မိ ဆုပ်ရာ ... ဆုပ်လို့သာ ထားလိုက် မြွေဆိုးခေါင်းကြီး ဖြစ်နေပါစေ ။ အနည်းဆုံး အဲဒီ မြွေ ဟာ သူ့ ခေါင်း သူ မလှုပ်နိုင်တော့တာမို့ မလွတ်တမ်း ဆုပ်ထားတဲ့ လက်ကို မကိုက်နိုင်တော့ပါဘူး ။ အဲသဟာကြောင့် သူ့ တက္ကစီကားကလေး ကိုပဲ သံယောဇဉ် ကြီးကြီး နဲ့ မောင်းနေပါတယ် ။ ဘုရားပေး သလောက် တော့ ရမှာပဲ လို့ နှလုံးသွင်းတယ် ။
ဒီတော့ ... စာပေဗဟုသုတ ကို အသုံးချတတ်တဲ့ မိုးဇော် က ကံချည်း ပဲ အားမကိုးဘူး ။ ကံချည်းပဲ ဆရာ မတင်ဘူး ။ “ အတ္တာဟိ အတ္တနော နာထော ” ဆိုတာ လို မိမိ ရဲ့ လုံ့လဝီရိယ နဲ့ ဉာဏ်စွမ်းဉာဏ်စ ကို သာ ပင်တိုင် အားပြုတယ် ။ သူ က လက်တွေ့ ကျကျ တွေးခေါ်ပြီး လက်တွေ့ ကျတဲ့နည်း ကို သုံးတာပေါ့ ။
သူ က ကျန်းမာရေး ကို အထူး ဂရုစိုက်တယ် ။ ကားစောစော ထွက်ပြီး နောက်ကျမှ သိမ်းတယ် ။ ကွမ်းယာ ၊ ဆေးလိပ် ၊ အရက် စတဲ့ အဖြုန်း ဝါသနာ တွေ ကို ရှောင်တယ် ။ လောင်းကစား ဆိုရင်တော့ သူ က “ မစင်ဘင်ပုပ် ” လို တောင် စက်ဆုပ်တာ ။ သူ တာဝန်ယူ တာဝန်ခံ ထားရတဲ့ ပါးစပ်ပေါက် က သူ အပါအဝင် ၄ ယောက် ရှိတယ် ။ သူတို့ လင်မယား ရယ် ။ ပြီးတော့ သိန်းဂဏန်းကျော် တဲ့ အိမ်လခ ။ မသုံး မဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်စက ။ အဲသည် အရေးကိစ္စတွေ ကို နေ့စဉ်နေ့တိုင်း ၊ လစဉ်လတိုင်း ပြေပြေလည်လည် ရှင်းလင်းနိုင်အောင် မိုးဇော် အားစိုက်ခွန်စိုက် သတိကြီး ကြီး နဲ့ ကြိုးစားနေရတယ် ။ စောစောက ပြောသလို မိုးဇော် ကို ကံတရား က မျက်နှာသာ သိပ် မပေးချင်ဘူး ။ တက္ကစီတွေ ဖောင်းပွ နေတယ် ။ ရန်ကုန် မြို့တွင်းလမ်း တွေ ပိတ်ဆို့ကျပ်ညပ် နေကြတယ် ။
ကိစ္စ မရှိဘူး ။ မိုးဇော် ကတော့ ဝင်ငွေ ရအောင် အစွမ်းကုန် ပြူးပြဲ ရှာမှာပဲ ။ ခရီးသည် စောင့်ရင်း တက္ကစီစတင်း ( Stand ) မှာ ကားရပ် ထားတဲ့အခါ မိုးဇော် ဂျာနယ် ဖတ်မယ် ။ ဒါမှမဟုတ် ကြီးပွားအောင်မြင်ရေး ကျမ်းစာအုပ်ကလေး တစ်အုပ်တလေ ကို “ ဘဝ အတွက် ထွက်ပေါက် တွေ့ နိုးနိုး မျှော်လင့်ချက်နဲ့ ” သဲကြီးမဲကြီး ဖတ်မယ် ။ ဝတ္ထုတွေ မဖတ်ပါဘူး ။ ဘာ လုပ်မှာလဲ ။ ဝတ္ထု ကို လူလေလူပျင်းတွေ ပဲ ဖတ်ကြတာ ။
နို့ပေတဲ့ ... သူ့ လူပျိုဘဝ ကတော့ ဝတ္ထုတွေ မျိုးစုံအောင် ဖတ်ခဲ့သပေါ့ ။
ဝတ္ထု အတိုအရှည် ၊ ဘာသာပြန်ဝတ္ထု အမျိုးစုံ အကုန် လျှောက်ဖတ်ခဲ့တာ ပဲ ။ ကမ္ဘာ မှာ အရှည်ဆုံး နဲ့ အကောင်းဆုံး လို့ ပြောကြတဲ့ ‘ စစ်နှင့်ငြိမ်းချမ်းရေး ’ ဝတ္ထုကြီး ကို တောင် ငါးရက် နဲ့ ငါးည တိုင်တိုင် အချိန်ကုန်ခံ ၊ အညောင်း အချိခံ ၊ ဇက်ကြောတက်ခံ ပြီး ဖတ်ခဲ့သေးတာပဲ ။ တကယ်တမ်း ကျတော့ ဝတ္ထု တွေ က သူ့ ဘဝ ကို ဘယ်လိုမှ အထောက်အပံ့ အကူအညီ မပေးခဲ့ပါဘူး ။ ( အဲ ... ) ခဏတစ်ဖြုတ် တော့ အပျင်းပြေသပေါ့ ။
အခု ... တက္ကစီဒရိုင်ဘာ ဘဝ ရောက်မှ ဝတ္ထု မဖတ်ဖြစ်တော့ပါဘူး ။ ဂျာနယ်တွေ ပဲ ဖတ်တယ် ။ ဂျာနယ် တောင် အားကစားဂျာနယ်တွေ မဖတ်ဘူး ။ အားကစားဂျာနယ် ဆိုတာ နောက်ဆုံးတော့ ဘောလုံးပွဲလောင်းကစား သမားတွေ ရဲ့ လက်စွဲခန့်မှန်း တစ် ( Tip ) သက်သက် လို့ပဲ မိုးဇော် ထင်တယ် ။ နိုင်ငံရေးတွေ ဦးစားပေး ဖော်ပြတဲ့ ဂျာနယ်မျိုး ကို လည်း မိုးဇော် မုန်းတယ် ။ လူ့လောကကြီး က သူ့ အလိုလို ရှုပ်ထွေး ပြီးသား ။ နိုင်ငံရေးသမားတွေ နဲ့ နိုင်ငံရေးဝါဒတွေ ကြောင့် လူ့လောကကြီး ဟာ ‘ အမယ်ဘုတ်ကဲ့ သူ့ချည် ခင် ’ ဆိုတာလို ရှင်း မရအောင် ရှုပ်လာရတယ် လို့ မိုးဇော် ပြတ်ပြတ်သားသား ပြောရဲတယ် ။
မိုးဇော် အသည်းစွဲအောင် ကြိုက်တဲ့ ဂျာနယ်တွေ က တော့ ဂမ္ဘီရ တို့ ၊ မှုခင်း တို့ ကို ဦးစားပေး ဖော်ပြတဲ့ ဂျာနယ်တွေပါပဲ ။ ဒီ ဂျာနယ်တွေ ဖတ်ရတာ အချိန်ဖြုန်း လို့ ကောင်းတယ် ။ ကတ်သီးကတ်သတ် ၊ ပေါက်ပေါက်ရှာရှာ ဗဟုသုတတွေ လည်း ရတဲ့အခါ ရ သပေါ့ ။ အနည်းဆုံး အပျင်းပြေတဲ့ အရသာ ရလိုက်တာ က တော့ အမြတ်ပါပဲ ။ သူ က ဝယ် ဖတ်ပြီးတာနဲ့ တစ်ယောက် ယောက် ကို ပေးပစ်လိုက်ကရော ။ ဂျာနယ်အဟောင်းတွေ သိမ်း မထားပေါင် ။ အလေးချိန် နဲ့ ပြန် ရောင်းစားလို့ မှ မရတော့တာ ။ ‘ ဘော်တယ်မာစတာ ’ လို့ ခေါ်တဲ့ ဒန်အိုးဒန်ခွက် ၊ စက္ကူ ၊ ပုလင်း အရောင်းအဝယ် လုပ်တဲ့ ကု,လား တွေက ဂျာနယ် မပြောနဲ့ သတင်းစာအဟောင်း တောင် မဝယ်ကြတော့ဘူး ။ “ ဈေးကွက် ပျက်သွားပြီ အာကိုဂျီး ” လို့ ကု,လားကလေး တစ်ယောက် က မိုးဇော် ကို သတင်း ပေးခဲ့ဖူးတယ်လေ ။
ဘယ်လို မဆို ... မိုးဇော် ဟာ ဘဏ် မှာ လည်း ငွေအပ် မထားနိုင် ။ မယား ကို လည်း ငါးကျပ်သား ရွှေဆွဲကြိုးကြီး ဆင် မထားနိုင်ပေတဲ့ လက်ရှိ ဘဝ ကို ကျေနပ်တယ် ။ အိမ်လခ နဲ့ အုံနာကြေး ကို တော့ သူ အသာကလေး ရှာနိုင်တယ် ။ မိသားစု စားဖို့သောက်ဖို့ ၊ သုံးဖို့စွဲဖို့ ကတော့ ကံပေး သမျှပဲ ။ သောင်း ချီပြီး ငွေဝင်တဲ့ နေ့ဆို အသားငါး ဆီပြန်ဟင်း နှစ်ခွက် စားနိုင်မယ် ။ ထောင်ဂဏန်း ပဲ ဝင်ရင်တော့ ဆီပြန်ဟင်း တစ်ခွက်ပဲ ပါလိမ့်မယ် ။
ဒီကနေ့ တော့ အခြေအနေ သိပ်မဆိုးလှပါဘူး ။ ညနေ ၃ နာရီ လောက် မှာ အုံနာကြေး ပေးဖို့ အပြင် သူ့ အတွက် အိတ်ဝင် သပိတ်ဝင် ငါးထောင် လောက်တော့ ရနေပြီ ။ ညနေ ၆ နာရီ မထိုးခင် နောက်ထပ် ငါးထောင် ထပ် ရဖို့လိုတယ် ။ ငါးထောင် ထက် ပိုရင်တော့ အတိုင်းထက် အလွန် တံခွန် နဲ့ ကုက္ကားပေါ့လေ ။
“ ဟော ... ရှေ့မှာ ပါစင်ဂျာ ” ဆိုပြီး မိုးဇော် ပါးစပ် က အသံမြည်လုလု ရင်ထဲ မှာ အချက်ပေးသံ ပေါ်လာတယ် ။ သင်္ဃန်းကျွန်းမြို့နယ် ဇဝနကွေ့ နား မှာ လမ်းဘေး က နေ လူ တစ်ယောက်က လက်ပြ ပြီး တားတယ် ။ မိုးဇော် က ကား ကို အရှိန် လျှော့ပြီး စက် မသတ်ဘဲ ရပ်လိုက်တယ် ။
“ သာကေတ ... ရှုခင်းသာ ဘက် လိုက်မလား ”
ကား တားတဲ့ သူ က မိုးဇော် ထက် ငယ်ပါတယ် ။ အသက် အစိတ် လောက် ပဲရှိမယ် ။ ကော်လာကတုံး ရှပ်အဖြူလက်ရှည် နဲ့တစ်ပတ်နွမ်း ပလေကတ် ပုဆိုး ဝတ်ထားတယ် ။ ဘဲနှုတ်သီးဦးထုပ် အနီရောင် ကို လည်း ဆောင်းထား လိုက်သေးတယ် ။ အသံ က နုညက်လှပေတဲ့ မျက်နှာ က တော့ ညိုတိုတို နဲ့ ရုပ်ကြမ်းကြမ်း ထဲ ကပဲ ။
ဈေးစကား ပြောကြ ၊ အလျှော့အတင်း လုပ်ကြရင်း နောက်ဆုံးမှာ မိုးဇော် က အလုပ် ဖြစ်အောင် ညှိလိုက်တော့မှ အပေးအယူ မျှသွားတယ် ။ ကားငှား တဲ့ လူရွယ် က နောက်ဘက်ကို လှည့်ပြီး လက်ပြ လိုက်တော့ ဘတ်စ်ကား မှတ်တိုင် က ခရီးသည် နားနေဆောင် တစ်ဖက်ရပ်ရုံကလေး ထဲမှာ ထိုင်နေ ကြတဲ့ လူရွယ် နှစ်ယောက် ဖြုန်းခနဲ ထလာကြတယ် ။ မိုးဇော် ရဲ့ နား ထဲမှာ အချက်ပေး ခေါင်းလောင်းသံ မြည်လာပြီ ။ သတိထား မှ .. ။
ခုတစ်လော မသမာသူတွေ က ခရီးသည် ယောင် ဆောင်ပြီး တက္ကစီ သမားတွေ ကို ဒုက္ခပေးနေတဲ့ သတင်းတွေ က နေ့စဉ် သတင်းစာတွေ မှာ ကော ဂျာနယ်တွေ မှာ ပါ ကြိုကြား ကြိုကြား ပါနေတာ မဟုတ်လား ။ တစ်ခုတော့ ရှိပါရဲ့ ။ အဲသလို မှုခင်းမျိုး က ညဘက်တွေ မှာသာ အဖြစ် များတာ ။ ခုလို နေ့ခင်းကြောင်တောင်ကြီး မှာ တော့ ဖြစ်ခေါင့်ဖြစ်ခဲပဲ ။ ပြောလို့ တော့ မရဘူး ။ အကုသိုလ် ဒုစရိုက် ဖိစီး နေတဲ့ လူမိုက် တစ်ယော က်အဖို့ နေ့ရယ် ညရယ် ခွဲခြား နေမှာ မဟုတ်ဘူး ။ နေ့ခင်းကြောင်တောင် ပတ်ဝန်းကျင် မျက်လုံး ပေါင်း အထောင်အသောင်း ကြားမှာတောင် လက်ရဲဇက်ရဲ ခါးပိုက်နှိုက် .. ။ ဆွဲကြိုးဖြတ် ပြေး လုပ်နေကြတာ မဟုတ်လား ။
ခရီးသည် ၃ ယောက် က တစ်ရွယ်တည်း လိုလို ၊ တစ်ပုံစံတည်း လိုလို ထင်ရတယ် ။ နှစ်ယောက် က ဘဲနှုတ်သီးဦးထုပ်တွေ နဲ့ ။ သူ့ ဘေးမှာ ထိုင် တဲ့ သူ ကို မိုးဇော် အကဲခတ် လိုက်တော့ အကြောပြိုင်းပြိုင်း ညိုမောင်းမောင်း လက်ဖျံတွေ ပေါ်မှာ ဘာ ရုပ်မှန်း မသိတဲ့ ဆေးမင်ကြောင်ရုပ်တွေ နဲ့ ။ အဲသလို ဆေးမင်ကြောင်ရုပ် ရှိတဲ့ လူတွေ ရဲ့ စရိုက် ကို မိုးဇော် က နောကြေ ပြီးသားပါ ။ မိုးဇော် ကိုယ်တိုင် ခိုးရာပါပစ္စည်း တစ်ခု ကို မသိ နားမလည်ဘဲ လက်ခံမိလို့ ထောင်ကြီးချုပ် မှာ ၆ လ လောက် အကျဉ်းကျ ဖူးတယ် ။ ၆ လ အတွင်းမှာ သူတို့ အခေါ် “ ကျောင်းတော်ကြီး ” ရဲ့ ပညာဗဟုသုတွေ တစ်သက်စာ ရခဲ့တာ ပေါ့ ။ ပြီးတော့မှ တရားခံအစစ် မိတာနဲ့ မိုးဇော် ပြန်လွတ် လာတယ် ။ ( အဖိုး နည်း လည်း မဝယ်နဲ့ ။ အမျိုး နည်း လည်း မကျယ်နဲ့ ) ဆိုတဲ့ စကားပုံ ကို မိုးဇော် ထောင် က လွတ်မှပဲ ပြန် သတိရမိတော့တယ် ။
လောလောဆယ် မှာတော့ ဘယ်နည်းနဲ့ မှ သူတော်ကောင်းတွေ မဖြစ် နိုင်တဲ့ လူ သုံးယောက်ကို ကားပေါ် တင်မိနေပြီ ။ သူတို့ အချင်းချင်း ပြောနေ ကြတဲ့ “ ဘန်း ” စကားတွေ ကနေ သူတို့ ဟာ ကျောင်းတော်ကြီးပြန်တွေ ဆို တာ မိုးဇော် ဆက်စပ် အဖြေ ထုတ် လိုက်ပြီ ။ ဘုရား ... ဘုရား... ဒီကောင် တွေ မှာ လက်နက်ပုန်း ပါလာကြမှာ က တော့ ကျိန်းသေပဲ ။
“ ကားဆရာ ရေ ... ရှုခင်းသာ ဘက် မသွားနဲ့ဦးဗျာ ။ ခုမှပဲ အရေးကြီး တာ တစ်ခု သတိရ လာတယ် ။ ကျွန်တော်တို့ ရွာသာကြီး ဘက် ကို အရင် သွားရအောင် ”
လို့ ကားနောက်ခန်း မှာ ထိုင်လိုက်လာတဲ့ ၊ သူ့ ကား ကို လက်ပြ တားခဲ့ တဲ့ ပုဂ္ဂိုလ် က ပြုံးပြုံးရယ်ရယ် နဲ့ ပြော လိုက်တယ် ။ မိုးဇော် က သူ ဖတ်ဖူး ၊ မှတ်ဖူး တဲ့ စာ တစ်ပုဒ် ကို ပြေး သတိရတယ် ။ ဒီကောင် ရယ်ပုံ က ( ဘီလူး သွား ကို လဖြဲတည်း ) ဆိုတဲ့ ရှင်ဥတ္တမကျော် ရဲ့ စာသား လို ပဲ ၊ ကျက်သရေ မရှိလိုက်တာ ။
“ ရွာသာကြီး ဘက် ဆိုရင်တော့ တက္ကစီခ က ခု ပြောထားတဲ့ ဈေးရဲ့ နှစ်ဆ ပဲ ” လို့ မိုးဇော် က ခပ်တည်တည် ပြော လိုက်တာ ကို ဟို ပုဂ္ဂိုလ် ( ၃ ) ယောက် စလုံး က အလွယ်တကူ သဘောတူ လိုက်ကြတယ် ။ အဲဒါကို က ... ပိုပြီး မသင်္ကာစရာ ဖြစ်နေတော့တာပေါ့ ။ ၂ ဆ တောင်းလိုက်တာ ကို ဈေးမဆစ် ကတည်း ကို က သဘာဝ မကျတော့ဘူး ။ ဒီကောင်တွေ ရွာသာကြီး ဘက် ခေါ် သွားပြီး လူပြတ်တဲ့ နေရာ ရောက်ရင် သူ့ ကို ဒုက္ခပေးတော့မှာ “ ဒက်ရှူးဝါး ” Dead-Sure ဖြစ်နေပြီး ။
“ ရွာသာကြီး ဘယ်နားလဲ ဆရာတို့ ”
မိုးဇော် က ဟန် မပျက်အောင် အသံ ကို ထိန်းပြီးမေးတယ် ။
“ မောင်းသာ မောင်းပါဗျာ ၊ ရောက်ခါနီး တော့ ပြောမှာပေါ့ ”
လို့ သူ့ ဘေး က ပုဂ္ဂိုလ် က အသံအောအောကြီး နဲ့ ပြောတော့ မိုးဇော် ကြက်သီး ဖြန်းခနဲ ထ လာတယ် ။ သေချာပြီ ... ၊ ဒီကောင်တွေ မရိုးတာ သေချာပြီ ။ ဒီကောင်တွေ က အနည်းဆုံး သူ့ မှာ ပါတဲ့ ငွေအားလုံး နဲ့ လက်ကိုင် ဖုန်း ကို လုမှာပဲ ။ လက်က နာရီ ကို လည်း ချမ်းသာ ပေးမယ် မထင်ဘူး ။ အလု ခံ ရရင်တော့ ဘဝ မပျက်တောင် တော်တော် ကသီလင်တ ဖြစ်သွားမယ် ။ အလု ခံ ရတာ ကို ရဲဆီမှာ တိုင်ချက် ဖွင့်ရင်လည်း အချိန်ကုန် လူပန်း ဖြစ်ရဦးမယ် ။ ကားအုံနာ ကို ပြောပြရင်လည်း အုံနာ က ဆဲမှာ ။
“ မင်း ငတုံးပဲ ၊ ငတုံး မို့ ခံရတာ ။ တက္ကစီ မောင်းနေပြီး လျှင် မှ မလျှင်ဘဲ မိုးဇော် ရာ ”
လို့ လှိမ့်ပြီး ဆူတော့မှာ ။
ကဲ ... ငါ ဘယ်လို လုပ်ရမလဲ ။
မိုးဇော် ချွေးဒီးဒီး ကျနေတာကို မသုတ်နိုင်ဘဲ ၊ ကား ကို လည်း ထိန်း မောင်းရင်း လွတ်လမ်း ကို ကြံဆ ရှာဖွေတယ် ။ စဉ်းစားရင်း ခေါင်း ထဲ မှာ ဆို့ ပိတ်လာပြီး အမှောင် ကျသွား သလိုပဲ ။ ပြီးတော့ အမှောင်ထုကြီး ထဲမှာ အလင်းရောင် တစ်ချက် ဒိုင်းခနဲ ပွင့်သွားတယ် ။
ဘာသာပြန် ဝတ္ထုတို တစ်ပုဒ် ကို သူ ဖျတ်ခနဲ သတိရတယ် ။ အကြမ်းဖက်သမားဝရမ်းပြေး တစ်ယောက် ဟာ ရဲတွေ ဖမ်း မမိအောင် ထွက်ပြေး နေတယ် ။ နောက်ဆုံး ဝရမ်းပြေး ဟာ ... မီးရထားဘူတာရုံ က လူအုပ်ကြီး ထဲမှာ ကိုယ်ယောင် ဖျောက် နိုင်ခဲ့တယ် ။ ဥပဒေသ က တော့ ရာဇဝတ်ကောင် တစ်ကောင် ဟာ လူအုပ်ကြီး ထဲမှာ ပုန်းနေတာ ဟာ အလုံခြုံဆုံးပဲ ... တဲ့ ။
ရှေ့ မှာ က ဈေး တစ်ဈေး ။ ထုံးစံအတိုင်း ပလက်ဖောင်း ပေါ် မှာ သာမက လမ်းအစပ် မှာ ပါ ဈေးသည် ကော ဈေးဝယ် ပါ ကျိတ်ကျိတ်တိုး နေတယ် ။ ဆိုက်ကား တွေ ၊ စက်ဘီး တွေ ကလည်း ဘဲ ( လ် ) သံ တညံညံ နဲ့ ရွေ့လျားနေ ကြတယ် ။
“ ဟေ့လူ ... ဘယ် မောင်းလာတာတုံးဗျ ... ”
လို့ နောက် က ပုဂ္ဂိုလ် တစ်ယောက် က ငေါက်ခနဲ အော်တယ် ။ မိုးဇော် ဂရုမစိုက်ပါဘူး ။ ဟွန်း ကို အဆက်မပြတ် နှိပ်ရာက လူအုပ် ကြားထဲ မောင်းဝင်ရင်း “ ဒက်စတော့ ” ဘရိတ် အုပ်လိုက်ပြီ ။ ကား ရပ်တာ နဲ့ မိုးဇော် က တံခါးဖွင့် အပြင် ထွက်ပြီး လူတွေ ကြားမှာ ရပ် နေလိုက်တယ် ။ “ စိတ် မရှိကြပါနဲ့ဗျာ ၊ ကား က လီဗာကြိုး ပြတ်သွားပြီဗျ ။ ဆက် မောင်း လို့ မရတော့ဘူး ။ တခြား တက္ကစီ တစ်စီး စီး ပြောင်း ငှားကြပေါ့ဗျာ ... ”
ကျောင်းတော်ကြီး ပြန် ပုဂ္ဂိုလ် သုံးယောက် စူပွ စူပွ နဲ့ ကား ပေါ် က ဆင်း ၊ တံခါးတွေ ကို မတရား ဆောင့် ပိတ်ပစ်ခဲ့ကြတယ် ။ မိုးဇော် က ပင့်သက်ရှိုက် ရင်း ပဝါ ကို ထုတ် ၊ နဖူး က ချွေးတွေ ကို သုတ် နေလိုက်တယ် ။ သူ့ မျက်နှာ က ငါးသလောက် ပြုံးကလေး ပြုံးလို့ ။
◾ ကြူးနှစ်
📖 ကလျာ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၅
No comments:
Post a Comment